အခန်း (၁၆)
Vol. 2 Ch. 16
ယွမ်ဖာ့မှာ ငယ်စဉ်ကတည်းကပင် သူ့ကိုယ်သူ သာမန်လူတစ်ယောက်မဟုတ်သည်ကို သိခဲ့၏။ သူ၏ ညီအစ်ကိုလေးယောက်မှာလည်း သာမန်မဟုတ်ကြသည်ကို သူသိသော်လည်း သူတို့ကမူ သာမန်လူများကဲ့သို့ ဟန်ဆောင်နေထိုင်ခြင်းကို နှစ်ခြိုက်ကြပြီး ယွမ်ဖာ့ကတော့ ထိုသို့ဟန်ဆောင်ခြင်းကို မနှစ်မြို့ပေ။
သာမန်လူတို့သည် သွေးမြင်လျှင် ကြောက်လန့်ကြ၏။ သူကမူ စိတ်လှုပ်ရှားတတ်သည်။
သာမန်လူတို့သည် သူတစ်ပါး နာကျင်နေသည်ကို မြင်လျှင် သနားကြင်နာစိတ် ဖြစ်ပေါ်ကြ၏။ သူကမူ ဘာကိုမျှ မခံစားရပေ။
သာမန်လူတို့သည် အချစ်ကို တောင့်တကြသည်။ အချစ်ခံရခြင်းကို မြတ်နိုးကြသည်။ သူကမူ အချစ်ဟူသည်မှာ အဘယ်အရာဖြစ်သည်ကို မသိချေ။
ယွမ်ဖာ့သည် ဤအချက်ကို အလွန်ပင် ဂုဏ်ယူနေမိ၏။ ကောင်းကင်ဘုံက သူ့အား ပြိုင်ဘက်ကင်းသည့် ဉာဏ်ရည်ကို ပေးသနားထားပြီး လူ့စိတ်ခံစားချက်များကို ပြန်လည်ရုတ်သိမ်းသွားခြင်းမှာ အလွန်တရားမျှတသည်ဟု သူယူဆမိပေသည်။
ကလေးငါးယောက်အနက် အကြီးဆုံးဖြစ်သူ ယွမ်အောင်းသည် ဟန်ဆောင်ရာ၌ အကောင်းဆုံးပင်ဖြစ်၏။ သူသည် ယဉ်ကျေးစွာပြုံးပြခြင်း၊ မိဘများကို ရိုသေခြင်း၊ အားနည်းသူအပေါ် သဘောထားကြီးစွာဖြင့် လူကြီးလူကောင်းဆန်ဆန် ဆက်ဆံခြင်းတို့ကို ပြုလုပ်နိုင်ပြီး သူသာ ဆန္ဒရှိမည်ဆိုလျှင် လူတိုင်းက သူ့ကို နှစ်သက်လာအောင် ပြုလုပ်နိုင်စွမ်းရှိသည်။
သို့သော် ထိုအချက်များက ယွမ်အောင်း၏ ရက်စက်ကြမ်းကြုတ်သည့် ဗီဇကို ဖုံးကွယ်ထားနိုင်ခြင်းတော့ မရှိပေ။ ယွမ်ဖာ့က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိသည့်အခါတိုင်း သူသည် ယွမ်ဖာ့၏ခေါင်းကို ရေခဲတမျှအေးစက်နေသော ရေထဲသို့ နှစ်ထားခဲ့သည်။
ယွမ်ဖာ့၏ အဆုတ်ထဲသို့ ရေများ ဝင်ရောက်လာပြီး လည်ချောင်းထဲတွင်လည်း ငံ့သောအရသာတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ သူ့အစ်ကိုက သူ့အား သတ်နိုင်သည်ကို သိလိုက်ရပြီး နောက်တစ်ကြိမ် သူ့ကို မဆွမိအောင် နေရမည်ဟု သူဆုံးဖြတ်လိုက်၏။
သို့ရာတွင် ယွမ်အောင်းသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ အကြောင်းရင်းမှာ ယွမ်မိသားစုမှ ဆဋ္ဌမမြောက်ရင်သွေးလေးဖြစ်သည့် ယွမ်လော့ရီအမည်ရှိ မိန်းကလေးတစ်ဦးကို ကြိုဆိုလိုက်သည့်အခါတွင် ဖြစ်၏။
အစပိုင်းတွင် ယွမ်ဖာ့က ဤမိန်းကလေးသည်လည်း သူတို့ကဲ့သို့ပင် အလွန်မြင့်မားသော ဉာဏ်ရည်ရှိပြီး စိတ်ခံစားချက်ကင်းမဲ့နေလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ထိုကလေးငယ်၏ ငိုသံက အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်၏။
သူမမှာ ငိုနိုင်လေသည်။ သူမ၌ စိတ်ခံစားချက်များရှိသည်။
မေမေယွမ်က ယွမ်လော့ရီကို ယွမ်အောင်း၏ လက်ထဲသို့ ထည့်ပေးရင်း ပြောခဲ့သည်။
“ဒီကလေးက အရမ်းနုတယ်၊ သူ့ကို မင်း ကောင်းကောင်းကာကွယ်စောင့်ရှောက်ပေးရမယ်နော်"
ထိုအချိန်မှစ၍ ယွမ်အောင်း၏ မှိုင်းညို့နေသော မျက်ဝန်းများထဲတွင် အလင်းရောင်များ ဖြစ်ပေါ်လာခဲ့သည်။ သူသည် ပြုံးနိုင်လာခဲ့၏။ တစ်ခါတစ်ရံတွင် ယွမ်ဖာ့သည် ယွမ်အောင်း၌ သာမန်လူများကဲ့သို့ စိတ်ခံစားချက်များ ရှိလာသည်ဟုပင် ထင်မှတ်မိလာစေသည်။
ထိုကလေးမလေးမှာ သူတို့ကဲ့သို့ ပြဿနာရှိသော လူများကို ကုသရန် အထူးဖော်စပ်ထားသည့် ဆေးတစ်ခွက်နှင့်တူပေ၏။ ယွမ်ဖာ့သည် ဤအကြောင်းကို အလွန်သိချင်စိတ်ပြင်းပြခဲ့သော်လည်း ယွမ်အောင်းက ယွမ်လော့ရီအနားသို့ ကပ်ခွင့်မပေးခဲ့ပေ။ ထို့ကြောင့် ယွမ်ဖာ့မှာ သူမကို ခိုးထုတ်လာခဲ့သည်။
သူမက ကျယ်လောင်စွာငိုပြီး ယွမ်ဖာ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။
မကြာမီပင် ယွမ်အောင်းသည် ငိုသံနောက်သို့ လိုက်လာပြီး သူတို့ကို ရှာတွေ့သွားခဲ့သည်။ ထိုတစ်ကြိမ်မှာ ယွမ်ဖာ့အတွက် သေခြင်းတရားနှင့် အနီးစပ်ဆုံးဖြစ်ခဲ့သည့် အခိုက်အတန့်ပင်ဖြစ်၏။
ယွမ်ဖာ့မှာ သူ့ညီမလေးအနားသို့ ဘယ်တော့မှ ထပ်မံချဉ်းကပ်နိုင်တော့မည်မဟုတ်ဟု ထင်မှတ်ခဲ့သော်လည်း ကောင်းကင်ဘုံက မကြာမီမှာပင် သူ့အား အခွင့်အရေးတစ်ခု ပေးခဲ့ပြန်သည်။
ယွမ်အောင်း နိုင်ငံခြားသို့ သွားရတော့မည်ဖြစ်သည်။ သုံးနှစ်အရွယ် ယွမ်လော့ရီသည် ခွဲခွာခြင်း၏ အဓိပ္ပာယ်ကို နားမလည်သေးပေ။ သူမက ပြုံးလျက် လက်သေးသေးလေးကို မြှောက်ကာ ယွမ်အောင်း၏ အဝတ်စကို ဆွဲထားခဲ့သော်လည်း သူက အတင်းရုန်းထွက်လိုက်သည်။ ခရီးဆောင်သေတ္တာကို ဆွဲကာ ပြတ်သားစွာပင် လှည့်ထွက်သွားခဲ့၏။
ညနေစောင်းသည့်အခါ အစ်ကိုကြီးယွမ်အောင်း အချိန်မီ ပြန်မလာခဲ့ပေ။ ယွမ်လော့ရီသည် နေရာအနှံ့ သူ့ကို လိုက်ရှာသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ သူမသည် တံခါးဝတွင် ထိုင်စောင့်နေခဲ့ရာမှ မှောင်စပြုလာသည်အထိ သူမသည် ထိုနေရာတွင်ပင် ရှိနေခဲ့၏။
ယွမ်ဖာ့က သူမအနားသို့ ချဉ်းကပ်ရင်း ပြောလိုက်သည်။
"ဆက်မစောင့်နဲ့တော့ သူပြန်မလာတော့ဘူး"
ယွမ်လော့ရီ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ လျှံတက်လာ၏။
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့မှမဟုတ်ဘူး သူပြန်မလာတော့ဘူး၊ မင်း စွန့်ပစ်ခံလိုက်ရပြီ"
"အစ်ကိုကြီးက သမီးကို စွန့်ပစ်မှာမဟုတ်ဘူး"
"ဒါပေမဲ့ မင်း အခု စွန့်ပစ်ခံလိုက်ရပြီလေ ဒီနေ့ကစပြီး မင်းကို ကိုကိုက စောင့်ရှောက်မယ်"
"မလိုချင်ပါဘူး"
"မင်းမှာ ရွေးချယ်ခွင့်မရှိဘူး"
ယွမ်လော့ရီက ကျယ်လောင်စွာ ငိုချလိုက်သည်။ သုံးနှစ်အရွယ် သူမ၏ ကိုယ်လုံးလေးမှာ အလွန်သေးငယ်လှ၏။ သူမသည် နူးညံ့သောခေါင်းအုံးလေးတစ်ခုအလား တုန်ယင်လျက် ဘောလုံးလေးတစ်လုံးကဲ့သို့ ကွေးကွေးလေးဖြစ်နေသည်။
ယွမ်ဖာ့သည် သူမကို အေးစက်စွာ ကြည့်နေခဲ့၏။ သူ့နှလုံးသားထဲ၌ လှိုင်းဂယက် အနည်းငယ်မျှပင် မထခဲ့ချေ။ သူ၏ လူသားဆန်သော စိတ်ခံစားချက်များမှာ အလွန်ပင် သေသပ်စွာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ယွမ်လော့ရီသည် သူ့ကို ကုသနိုင်စွမ်းမရှိပေ။
နောက်ပိုင်းနေ့ရက်များတွင် ယွမ်ဖာ့လုပ်နိုင်သမျှမှာ ယွမ်လော့ရီကို အချိန်မှန် ထမင်းကျွေးပြီး သူမအသက်ရှင်နေသေးကြောင်း အတည်ပြုရန်သာ ဖြစ်သည်။ ကျန်အချိန်များတွင်မူ ယွမ်ဖာ့သည် သူ၏ကိုယ်ပိုင်ကိစ္စများကိုသာ လုပ်ဆောင်နေခဲ့၏။
ကလေးမလေး၏ ငိုသံသည် ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ သူမသည် နေရာအနှံ့ အစ်ကိုယွမ်အောင်းကို လိုက်လံရှာဖွေနေဆဲဖြစ်သည်။
သို့သော် ယွမ်ဖာ့သည် အခြေအနေများက အကောင်းဘက်သို့ ဦးတည်နေသည်ဟု ခံစားမိ၏။ ဥပမာအားဖြင့် သူသည် ငိုသံကို ကျင့်သားရလာခဲ့ပြီး ထိုအသံက သူ့ကို စိတ်မတိုစေတော့ပေ။ ဤစိတ်ခံစားချက်ပြင်းထန်သည့် သတ္တဝါလေးကို သူသည်းခံနိုင်စွမ်းရှိလာခဲ့သည်။
ယွမ်ဖာ့သည် သူ့ကိုယ်သူ အနားပေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် ယွမ်လော့ရီကို အိမ်အကူလက်ထဲသို့ အပ်ခဲ့ပြီး ငါးရက်ဆက်တိုက် အပြင်ထွက်လည်ကာ လွတ်လွတ်လပ်လပ်ဖြင့် သွားလာနေခဲ့၏။ ညဘက်တွင် ရံဖန်ရံခါကြားရသော ငိုသံသာမရှိပါက သူသည် ယွမ်လော့ရီဆိုသော ဖြစ်တည်မှုကိုပင် လုံးဝမေ့လျော့သွားလောက်ပေသည်။
ယွမ်အောင်းနှင့် နှိုင်းယှဉ်လျှင် သူသည် အစ်ကိုကောင်းတစ်ယောက် မဟုတ်သည်မှာ သေချာ၏။
တစ်ညတွင် ယွမ်လော့ရီမှာ ထုံးစံအတိုင်း ငိုပြန်သည်။ ယခင်ကထက် ပို၍ဝမ်းနည်းနေပြီး ယွမ်ဖာ့နားမလည်နိုင်သော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့၏။
သူသည် တစ်လူးလူး တစ်လွန့်လွန့်ဖြင့် အိပ်မပျော်နိုင်ဖြစ်လာ၏။ စိတ်တိုလာသဖြင့် အိပ်ရာမှထကာ ယွမ်လော့ရီ၏ အခန်းသို့ လျှောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
လရောင်ကို နောက်ခံထားလျက် သူရပ်နေသည့်ပုံရိပ်မှာ အမည်းရောင်အရိပ်ထင်နေ၏။
"မင်း ငိုတာ ရပ်လို့ရမလား"
ယွမ်ဖာ့သည် သူရုတ်တရက်ပေါ်လာခြင်းက ညီမလေးကို ကြောက်လန့်သွားစေမည် သို့မဟုတ် ပို၍ကျယ်လောင်စွာ ငိုစေမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူမက ထိုသို့မဖြစ်ခဲ့ချေ။ သူမ၏ မျက်လုံးဝိုင်းကြီးများက ယွမ်ဖာ့ကို စိုက်ကြည့်နေခဲ့သည်။ ယိုင်နဲ့နဲ့ဖြင့် သူမသည် သူ့ထံသို့ ပြေးလာခဲ့ပြီး ရင်ခွင်ထဲသို့ တိုးဝင်လာ၏။ သူမ၏ ကိုယ်လုံးလေးမှာ တုန်ယင်နေခဲ့သည်။
ရှိုက်သံများကြားမှ ယွမ်လော့ရီက ပြောလာသည်။
"ကိုကိုလည်း ပြန်မလာတော့ဘူးလို့ သမီးထင်နေတာ"
ထိုညက ယွမ်လော့ရီ၏ နှပ်ရည်များနှင့် မျက်ရည်များက ယွမ်ဖာ့၏ ရှပ်အင်္ကျီပေါ်တွင် ပေကျံသွားခဲ့သော်လည်း ပထမဆုံးအကြိမ်အဖြစ် သူမကို တွန်းထုတ်ပစ်လိုသည့်စိတ်ကို သူထိန်းချုပ်ထားနိုင်ခဲ့၏။
သတင်းကောင်းမှာ သူ့၌ လူသားဆန်မှု အနည်းငယ်တော့ ကျန်ရှိနေသေးဟန်တူသည်။ သူ၏ အေးစက်သောနှလုံးသားထဲ၌ ရုတ်တရက်ခံစားလိုက်ရသည့် နွေးထွေးမှုသည် အမှန်တကယ်ပင် ဖြစ်ပေ၏။
သတင်းဆိုးမှာမူ သူ၏ အားလပ်ရက် ကုန်ဆုံးသွားပြီဖြစ်သည်။ သူ မရှိလျှင် ဤရှုပ်ပွနေသော ညီမလေးမှာ မျက်ရည်ခမ်းခြောက်ကာ သေသွားနိုင်ပေသည်။
ယွမ်ဖာ့သည် ယွမ်အောင်းကို အနည်းငယ် ပို၍နားလည်လာခဲ့၏။ ဤသို့ ဖြူစင်သည့်သက်ရှိလေးတစ်ယောက်၏ မှီခိုအားကိုးခြင်းကို ခံရခြင်းမှာ အမှန်တကယ်ပင် လှပသော အရာတစ်ခုဖြစ်ပေမည်။
ယွမ်လော့ရီကို အတန်ကြာ စောင့်ရှောက်ပြီးနောက် ယွမ်ဖာ့သည် သူ၏ တတိယညီ ယွမ်ရုံကလည်း ယွမ်လော့ရီအပေါ် စိတ်ဝင်စားလာသည်ကို သတိပြုမိခဲ့သည်။ သူသည် အနားတွင် တဝဲလည်လည်လုပ်ကာ ချဉ်းကပ်ရန် အခွင့်အရေးကို ရှာဖွေနေခဲ့၏။
ယွမ်ဖာ့သည် မဆိုင်းမတွပင် သူ့ကို ရိုက်နှက်ပစ်လိုက်သည်။ သူတို့နှစ်ယောက်စလုံးသည် သူတို့မှာ နှလုံးသားမရှိသူများဖြစ်ကြောင်း သိကြသော်လည်း ယွမ်ဖာ့က ညီမလေးကို စောင့်ရှောက်ရန်အတွက် သူသာလျှင် ပို၍သင့်တော်ပြီး ယွမ်ရုံသည် အရည်အချင်းမပြည့်မီသေးဟု ယူဆထားသည်။
ယွမ်ရုံကလည်း ထိုသို့ပင် တွေးနေသည်မှာ ထင်ရှား၏။ သူသည် လက်မလျှော့သည့်အပြင် ယွမ်ဖာ့ကို အနိုင်ယူရန်ပင် ကြိုးစားခဲ့သည်။
ကံမကောင်းစွာဖြင့် ဆယ့်သုံးနှစ်ပြည့်ပြီးနောက် ယွမ်ဖာ့၏ အရပ်သည် ရှည်ထွက်လာခဲ့သော်လည်း သူ၏ တတိယညီမှာမူ ပုသေးသေးပင် ရှိနေဆဲပင်။ သူသည် ယွမ်ဖာ့ကို လုံးဝမယှဉ်နိုင်ပေ။
ဤရန်ပွဲအပြီးတွင် ယွမ်ဖာ့သည် အတိတ်က ယွမ်အောင်းက သူ့ကို အဘယ်ကြောင့် အညှာအတာကင်းမဲ့စွာ ရိုက်နှက်ခဲ့သည်ကို နားလည်သွားခဲ့၏။ ထိုအရာသည် ဗီဇစိတ်သက်သက်သာ ဖြစ်ပေသည်။ ယွမ်ဖာ့သည်လည်း သူ၏ တတိယညီကို ရက်စက်စွာ ရိုက်နှက်ခဲ့ပြီး သူ့ခွန်အားကို လုံးဝမထိန်းချုပ်နိုင်ခဲ့ပေ။
ယွမ်ဖာ့သည် သူ့ညီမလေး မြင်သွားပါက စိတ်ဒဏ်ရာရသွားမည်ကို အလွန်စိုးရိမ်သဖြင့် သူ၏ တတိယညီကို ထောင့်တစ်နေရာသို့ပင် ကြင်နာစွာ ဆွဲခေါ်သွားပြီးမှ ရိုက်နှက်ခဲ့သေးသည်။
အာ ညီမလေးတစ်ယောက်ရှိတာက သူ့ကို ပိုပိုပြီး ကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်လာစေပါ့လား။
ယွမ်လော့ရီက သူ့ကို နေရာအနှံ့ ငိုသံလေးစွက်ကာ လိုက်ရှာနေသည့်အခါ ယွမ်ဖာ့ သူ၏ တတိယညီကို ရိုက်နှက်နေခြင်းမှ ရပ်တန့်လိုက်သည်။ သူသည် သူ၏ အဖြူရောင်ရှပ်အင်္ကျီကို ခါလိုက်ပြီး ယွမ်လော့ရီကို ပွေ့ချီကာ ထွက်ခွာသွားခဲ့၏။
သူ ယွမ်လော့ရီကို ပွေ့ချီထားသမျှ ကာလပတ်လုံး သူမသည် ချက်ချင်း တိတ်ဆိတ်သွားပြီး ငိုယိုခြင်းကို ရပ်တန့်သွားလေသည်။
ဤအချက်ကိုတော့ ယွမ်ဖာ့ အတော်လေး သဘောကျမိလေ၏။
ယခုတော့ တစ်ဆယ့်တစ်နှစ်အရွယ် ယွမ်လော့ရီသည် ယွမ်ဖာ့၏ ရင်ခွင်ထဲတွင် ခွေခွေလေး လဲလျောင်းနေ၏။ သူမ၏ မျက်လုံးဝိုင်းကြီးများက သူ့ကို စိုက်ကြည့်နေပုံမှာ သူမ သုံးနှစ်သမီးအရွယ်ကအတိုင်းပင်။ ထိုမျက်ဝန်းများထဲတွင် ယွမ်ဖာ့ကို ဆက်လက်ဆွဲဆောင်နေသည့် နူးညံ့သိမ်မွေ့သော ခံစားချက်တစ်ခုရှိနေပြီး တစ်ခါတစ်ရံတွင် သူ့၌ နူးညံ့ကြင်နာစိတ်ကို ဖြစ်ပေါ်စေသည်။
သို့သော် ထူးဆန်းသည်မှာ ယွမ်လော့ရီသည် ယခင်က ကဲ့သို့ တိတ်ဆိတ်မသွားပေ။ သူမမှာ အမှောင်ထုထံမှ ဝါးမြိုခံရတော့မည့်အလား တုန်ယင်နေဆဲဖြစ်သည်။
ယွမ်ဖာ့သည် သူမ၏ မျက်နှာကို သေချာစူးစိုက်ကြည့်သော်လည်း သူမ ဘာကိုစဉ်းစားနေသည်ကိုမူ မဖော်ထုတ်နိုင်ခဲ့ပေ။
သူသည် ယွမ်လော့ရီကို စိတ်ငြိမ်သွားစေရန် အရှင်းလင်းဆုံးနည်းလမ်းကို သုံးရန် ဆုံးဖြတ်လိုက်သည်။ သူ့ လက်ဖဝါးကြီးက သူမ၏ မျက်နှာကို အုပ်မိုးလိုက်ရာ ထူထဲသော မျက်တောင်များက သူ့ လက်ဖဝါးကို လာရောက်ပွတ်တိုက်သွားသည်။
ယွမ်ဖာ့က ပြောလိုက်၏။
“အိပ်တော့၊ ကိုကို မင်းကို စောင့်ကြည့်ပေးနေမယ်"
ယွမ်လော့ရီက ပြောသည်။
"သမီး အိပ်မက်ဆိုးတွေ ထပ်မက်ရင်ရော"
ယွမ်ဖာ့က ပြန်ပြော၏။
"ဒါဆို ကိုကိုက မင်းရဲ့အိပ်မက်ဆိုးထဲကို ဝင်လာပြီး ကြောက်စရာအရာအားလုံးကို ချစ်စရာဖြစ်သွားအောင် လုပ်ပေးမယ်လေ၊ မင်းသိပါတယ် ကိုကိုက မျက်လှည့်ပညာတော်တဲ့သူလေ"
"မင်း ငယ်ငယ်တုန်းက တစ်ယောက်ယောက် ထွက်သွားပြီဆိုရင် သူတို့သေပြီလို့ထင်ပြီး မရပ်မနားငိုတတ်တယ်လေ အဲဒါကြောင့် ကိုကိုက ခဏ ခဏ ပုန်းနေတတ်တယ်၊ ကိုကိုသေပြီလို့ မင်းထင်နေတဲ့အချိန်ကျမှ ကိုကိုက ပြန်ထွက်လာရင် မင်းက ပျော်ပြီး ရယ်တတ်တယ် မဟုတ်လား"
"မင်းရဲ့ အိပ်မက်ဆိုးထဲမှာလည်း ကိုကိုက သေသွားတာမဟုတ်ဘဲ ပုန်းနေတာ ဖြစ်နိုင်တာပဲ၊ ဒီတစ်ခါ မင်းအိပ်ပျော်သွားရင် ကိုကိုက ထွက်လာပြီး မင်းကို လာတွေ့မှာပေါ့"
ယွမ်လော့ရီက မေးလိုက်သည်။
"မျက်လှည့်လိုမျိုးလား"
ယွမ်ဖာ့က ပြန်ဖြေ၏။
"ဟုတ်တယ် မျက်လှည့်လိုမျိုးပဲ၊ ဝမ်းနည်းမှုတွေက ပျော်ရွှင်စရာဇာတ်သိမ်းတစ်ခုအတွက် လမ်းခင်းပေးနေရုံပဲ”