အခန်း (၁၇)
Vol. 2 Ch. 17
ယွမ်လော့ရီမှာ ဒုတိယအစ်ကို၏ စကားများကြောင့် အနည်းငယ် စိတ်ချမ်းသာရာ ရသွား၏။
သူမ၏အစ်ကိုမှာ ပုံမှန်အားဖြင့် ခံမှန်းရခက်သော လူတစ်ယောက် ဖြစ်သည်။ အမြဲလိုလို သွေးဆာသည့်အပြုံးဖြင့် ပြုံးနေတတ်ပြီး ပြဇာတ်ထဲမှ မင်းသားတစ်ဦးကဲ့သို့ လိုတာထက်ပိုသော အမူအရာပြကာ ရှည်လျား ထွေပြားသော စကားများကိုလည်း တစ်ယောက်တည်း ရွတ်ဆိုတတ်သည့်အပြင် သူ၏ မျက်လုံးများမှာမူ အလွန်အေးစက်စက်နိုင်လေ၏။ စိတ်ခံစားချက် ကင်းမဲ့သူအဖြစ် မွေးဖွားလာခဲ့သဖြင့် အခြားသူများနှင့် မတူဘဲ စာနာနားလည်နိုင်စွမ်းလည်း မရှိချေ။
သို့သော် သူ သူမအား အမှန်တကယ် ထိခိုက်နာကျင်အောင် လုပ်လိမ့်မည်မဟုတ်သည်ကို ယွမ်လော့ရီ သိသည်။
အခန်းထဲတွင် ယွမ်ဖာ့သည် ယွမ်လော့ရီအား လှဲခိုင်းပြီးနောက် စောင်ခြုံပေးလိုက်ကာ
"ဖျောက်”
သူ လက်ဖျောက်တစ်ချက် တီးလိုက်သည်နှင့် အခန်းမီးများ မှောင်ကျသွား လေ၏။
လရောင်မှာ အခန်းအတွင်းသို့ လျှံကျလာပြီ။
ယွမ်ဖာ့မှာ ခုတင်ဘေး၌ အရိပ်မည်းကြီးတစ်ခုအဖြစ် မတ်တပ်ရပ်နေသည်မှာ မြွေကြီးတစ်ကောင်နှင့် တူနေလေသည်။
ငယ်စဉ်က ယွမ်လော့ရီ အိပ်မက်ဆိုးများ မက်သဖြင့် မအိပ်ရဲဘဲ ရှိခဲ့လျှင် ယွမ်ဖာ့က သူမ ပြန်လည်အိပ်ပျော်သည်အထိ ခုတင်ဘေးတွင် ဤကဲ့သို့ စောင့်ကြပ်ပေးခဲ့ဖူး၏။
ယခုလည်း ယွမ်ဖာ့က ယွမ်လော့ရီ အိပ်မက်ဆိုးများကြောင့် ထပ်မံ ကြောက်ရွံ့နေခြင်းဟု ထင်မှတ်နေသည်။
သို့သော် ယွမ်လော့ရီအား အမှန်တကယ် ထိတ်လန့်စေခဲ့သည်မှာ အရိပ်ထဲတွင် ပုန်းအောင်းနေသော ရန်သူများပင်။
ယွမ်မိသားစု တစ်ခုလုံးအား ပျက်စီးစေနိုင်သော စွမ်းအားမှာ မည်ကဲ့သို့သော စွမ်းအားမျိုး ဖြစ်မည်နည်း။
မှတ်ဉာဏ်အပိုင်းအစများအရ သူမ ၁၈ နှစ်အရွယ်တွင် သမီးတု အဖြစ် ဖော်ထုတ်ခံခဲ့ရပြီး ဖေဖေယွမ်က သူမအား မောင်းထုတ်ခဲ့သည်။
ထို့နောက် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရ၏။
သို့သော် ယွမ်လော့ရီ ထိုအခြေအနေကို ဖြစ်ပေါ်စေသော အကြောင်းရင်းခံနှင့် အကျိုးဆက်များကို မမြင်ခဲ့ရပေ။
လူအများက မကောင်းဆိုးဝါးဆိုသည်မှာ အသေးစိတ် အချက်အလက်များထဲတွင်သာ ပုန်းအောင်းတတ်သည်ဟု ဆိုကြပေရာ ထိုကောက်ကျစ်သော တရားခံသည်လည်း ဤမှတ်ဉာဏ်အပိုင်းအစများထဲတွင် ပုန်းနေနိုင်၏။
ယွမ်လော့ရီသာ ယွမ်မိသားစု၏ ကြေကွဲဖွယ် အဆုံးသတ်အား ပြောင်းလဲနိုင်ကောင်း ပြောင်းလဲပေးနိုင်လိမ့်မည်။
သူမ တစ်ဦးတည်းသာလျှင် ၎င်းကို ပြောင်းလဲနိုင်မည်ဖြစ်သည်။
ထိုအရာမှာ သူမ ဒုတိယအကြိမ်အဖြစ် ယွမ်လော့ရီ ဘဝသို့ ရောက်ရှိလာရခြင်း၏ အကြောင်းရင်း ဖြစ်ပေလိမ့်မည်။
ယွမ်လော့ရီသည် မျက်လုံးများကို မှိတ်ကာ အသက်ရှူနှုန်းကို ညှိယူလိုက်ပြီး တဖြေးဖြေး အိပ်ပျော်သွားခဲ့သည်။
သူမ အိပ်ပျော်သည့်အခါတိုင်း နောက်ထပ်မှတ်ဉာဏ်အပိုင်းအစများကို မြင်တွေ့ရတတ်၏။ ဘဝပေါင်း 99ခုမှ မှတ်ဉာဏ်များမှာ ရောထွေးနေပြီး ကျပန်းပေါ်လာတတ်သည်။
သူမ လိုအပ်သော မှတ်ဉာဏ်အပိုင်းအစများသာ ဆုပ်ကိုင်ထားရန် လိုအပ်၏။
နောက်ဆုံး၌ သူမ မြင်လိုက်ရလေသညါ။
သူမ၏ ၁၈ နှစ်အရွယ် တရားရုံး တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။
သူမနောက်တွင် သတင်းထောက်များနှင့် သူမရှေ့တွင် တရားသူကြီး သုံးဦး ရှိနေလေသည်။
"ဘုန်း!"
တူတံရိုက်သံ ထွက်ပေါ်လာ၏။
"တရားရုံးရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်အရ တရားခံ ယွမ်လော့ရီက လူသတ်မှု ပြစ်ဒဏ် ထင်ရှားတာကြောင့် ချက်ချင်းကွပ်မျက်တဲ့ သေဒဏ် ချမှတ်စေ”
ယွမ်လော့ရီ အလွန်ရှုပ်ထွေးသွားသည်။
သူမ ဘယ်သူ့ကို သတ်ခဲ့လို့လဲ။
မဖြစ်နိုင်ချေ။ သူမ မည်သူ့ကိုမျှ သတ်မည်မဟုတ်ပေ။ ဤသည်မှာ တရားစီရင်ရေး အမှားတစ်ခုပင်။
ဒါဆို ဘယ်သူ သေသွားတာလဲ။
အဲဒါအပြင် ဘယ်သူက သူမကို မတရား စွပ်စွဲခဲ့တာလဲ။
ယွမ်လော့ရီ အသေးစိတ် အချက်အလက်များကို ပိုမို မြင်လိုသော်လည်း ထိုမှတ်ဉာဏ်အပိုင်းအစသည် ထိုနေရာတွင်သာ ရုတ်တရက် ပြီးဆုံးသွားသည်။
သူမ၏ ပြန်လည်မွေးဖွားခြင်း သံသရာမှ အခြားအပိုင်းအစများမှာ သူမရှေ့တွင် တရွေ့ရွေ့ ပေါ်လာကာ ရုတ်တရက် ပူလာပြီး ခန္ဓာကိုယ်ရှိ နေရာတိုင်း နာကျင်လာလေ၏။
ဤသည်မှာ မှောင်မိုက်သော အလယ်ခေတ်ပင်။
လူများက အော်ဟစ်နေကြ၏။
"သူက စုန်းမတစ်ယောက်ပဲ၊ ကံဆိုးမှုတွေ ယူလာလိမ့်မယ် မီးရှို့သတ် မြန်မြန် မီးရှို့”
သူမအား လက်ဝါးကပ်တိုင်တွင် ချည်နှောင်ထားပြီး မီးလျှံများ တောက်လောင်နေကာ ရဲရဲတောက်နေသော အနီရောင်မီးတောက်များသည် သူမ၏ သွယ်လျနေသော ခန္ဓာကိုယ်ကို ဝါးမျိုနေသည်။
အရှင်လတ်လတ် မီးရှို့ခံရခြင်း၏ ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုမှာ နာကျင်ခြင်းထက် ကျော်လွန်၏။
ကောင်းကင်သို့ အော်ဟစ်သံတစ်ခု ပေါက်ကွဲထွက်လာချိန်၌ ယွမ်လော့ရီ လန့်နိုးသွားသည်။ ယွမ်ဖာ့က သူမအား လှုပ်နိုးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ယွမ်ဖာ့၏ ရေခဲတမျှ အေးစက်နေသော လက်မှာ သူမ၏ နဖူးပေါ်တွင် ဖိထားလျက် အပူအချို့အား ဖယ်ဖျောက်ပေးနေလေသည်။
“မင်း အိပ်မက်ဆိုးတွေ မက်နေတာ"
ယွမ်လော့ရီမှာ လက်တွေ့နှင့် အိပ်မက်များကို ခွဲခြားသိမြင်ရန် အချိန်အနည်းငယ် ယူခဲ့ရသည်။
ဘဝပေါင်း 99ခုမှ မှတ်ဉာဏ်များမှာ သူမအား ကျွမ်းကျင်မှုများစွာကို သင်ပေးခဲ့သော်လည်း ၎င်းတို့သည် ပြန်လည်မွေးဖွားခြင်း သံသရာ၏ ဆင်းရဲဒုက္ခများကို ဤနည်းဖြင့် ပြသခဲ့ခြင်းပင်။
အငတ်ဘေး၊ ဖျားနာမှုကြောင့် သေဆုံးခြင်းနှင့် ယခုအခါ ယွမ်လော့ရီသည် အရှင်လတ်လတ် မီးရှို့ခံရခြင်းကိုလည်း မရှောင်လွဲနိုင်ခဲ့ချေ။
သူမ ထထိုင်လိုက်ပြီး နာရီ တစ်ချက် ကြည့်လိုက်သောအခါ နံနက် ၂ နာရီ ဖြစ်နေချေပြီ။
ယွမ်ဖာ့၏ ဆဲလ်ဖုန်းသည် စားပွဲပေါ်တွင် ရှိပြီး ဂိမ်းမှာ ဆက်လက် လည်ပတ်နေကာ ရဲတိုက်များနှင့် မြို့များအား တိုက်ခိုက်ရန် စစ်တပ်များ စေလွှတ်ရန် တိုက်တွန်းသည့် သူ၏ အသင်းဖော်များထံမှ မက်ဆေ့ချ်များ တစ်ခုပြီးတစ်ခု ပေါ်လာနေသည်။
၎င်းဘေးတွင် မုန့်ထုပ်ခွံများ ရှုပ်ပွနေသောကြောင့် သူ ဂိမ်းကစားနေရင်း မုန့်စားနေခဲ့ခြင်းဖြစ်မည်။
"ကိုကိုက သမီးရဲ့ မုန့်တွေ အကုန်နီးပါး စားထားတာပဲ ဈေးကြီးတာလေးတွေ၊ အို တချို့ဆို လစ်မစ်တက် အက်ဒစ်ရှင်ထုပ် လေးတွေ”
“ညီမလေး ငြိုငြင်မနေနဲ့နော် ကိုကို က နာရီနဲ့ ဈေးယူတဲ့ ရှေ့နေ တစ်ယောက်ပါ၊ မင်း အိပ်နေတုန်း စောင့်ရှောက်ပေးရတာက ညဆိုင်း အလုပ်လေ မုန့်လေးနည်းနည်း နဲ့ ဂုဏ်သရေရှိတဲ့ ကိုကို့လိုလူက မင်းအတွက် အစေခံလုပ်နေရတာကိုကွာ၊ ဒါမျိုးက တခြားသူတွေ အိပ်မက်ပဲ မက်ရဲကြတာနော် ဒါကြောင့် မကျေမနပ်မဖြစ်နဲ့နော် ဟုတ်ပြီလား”
ယွမ်ဖာ့၏ စကားများမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသော်လည်း ယုတ္တိမရှိဘူး ဟုလည်း ခံစားနေရသည်။
ဥပမာအားဖြင့် ဆိုရလျှင် ယွမ်ဖာ့မှာ အလုပ်လုပ်နေခြင်း မဟုတ်ဘဲ ဂိမ်းကစားနေခဲ့ခြင်းပင်။
သို့သော် နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ ယွမ်လော့ရီအား ရှေ့နေများနှင့် အထူးသဖြင့် ယွမ်ဖာ့ ကဲ့သို့ မသမာသောသူများနှင့် အချေအတင် မပြောဘဲနေခြင်းမှာ အကောင်းဆုံးဟု သင်ကြားပေးခဲ့၏။
ယွမ်ဖာ့ဆိုသူမှာ အပြစ်မဲ့သားကောင်အဖြစ် ဟန်ဆောင်နေစဉ်၌ပင် သင့်အား အမြဲတစေ အပြစ်ရှိနေသကဲ့သို့ ခံစားစေနိုင်သူပင်။
ယွမ်လော့ရီ ပြန်လှဲချလိုက်သည်။
သူမ အဆင်ပြေနေသည်ကို မြင်သောအခါ၌ ယွမ်ဖာ့သည် ဆိုဖာပေါ်တွင် ပြန်ထိုင်၍ ဂိမ်းဆက်ကစားနေ၏။
မှောင်မည်းနေသော အခန်းထဲတွင် ဖုန်းမျက်နှာပြင်မှ အလင်းသည် သူ၏မျက်နှာအား ရောင်ပြန်ဟပ် နေသည်။
အဆုံးအဖြတ်တိုက်ပွဲကြီးထဲသို့ ရောက်ရှိနေသော်လည်း အလွန်တည်ငြိမ်နေပြီး သူ၏ ကျဉ်းမြောင်းသော မြေခွေးမျက်လုံးများထဲတွင် လှိုင်းထန်မှု တစ်စက်မျှ မရှိချေ။
ယွမ်ဖာ့တွင် အမြဲတစေ အလွန် ဆင်ခြင်တုံတရားရှိပြီး စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ရှုပ်ထွေးထိတ်လန့်ခြင်း လုံးဝမရှိသူ ဖြစ်နေသည်။
သူ၏ အေးစက်မှုမှာ ယွမ်လော့ရီအပေါ်တွင် သက်ရောက်မှုရှိပြီး သူမလည်း တဖြည်းဖြည်း ငြိမ်သက်သွားကာ မျက်လုံးများ မှိတ်၍ တစ်ဖန် ပြန်အိပ်ပျော်သွားစေ၏။
အခြေအနေများမှာ လုံးဝ ထွက်ပေါက်မရှိခြင်း မဟုတ်ပေ။
Star Galaxy အလယ်တန်းကျောင်း၌ မကြာမီ ကျောင်းဝင်းပွဲ အမျိုးမျိုး ကို စတင်ထုတ်လွှင့်တော့မည်ဖြစ်ပြီး ယွမ်လော့ရီမှာ ပါဝင်ရန် အရည်အချင်းပြည့်မီလေသည်။
စနစ်၏အကူအညီဖြင့် ဖောလိုဝါးများ ဆက်လက်ရရှိခြင်းနှင့် သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ခြင်းဖြင့် သူမသည် အဖြစ်မှန်ကို ပြန်လည်ဖော်ထုတ်ရန်နှင့် ထိုကောက်ကျစ်သော လူသတ်သမားကို ရှာဖွေတွေ့ရှိရန် တဖြေးဖြေးပြန်လည် ကြိုးစားလာနိုင်၏။
စနစ်တွင် ဆန္ဒပြည့်ဝစေသည့် လုပ်ဆောင်ချက် လည်း ရှိရာ ၎င်းကို အသက်သွင်းလိုက်သည်နှင့် များစွာ အထောက်အကူ ဖြစ်လိမ့်မည်။
နောက်တစ်နေ့ နံနက်တွင် ပြတင်းပေါက်အပြင်ဘက်၌ ငှက်များ ဆူညံစွာ အော်နေကြသည်။ ယွမ်လော့ရီသည် မူးဝေထိုင်းမှိုင်းစွာ နိုးထလာ၏။
ယွမ်ဖာ့ ထွက်ခွာသွားပြီ ဖြစ်သော်လည်း သူထိုင်ခဲ့သောနေရာတွင် တစ်မီတာကျော် မြင့်သော နှင်းဖြူရောင် ယုန်အရုပ်ကြီးတစ်ရုပ် ကို ချန်ထားခဲ့သည်။
ထိုအရုပ် လည်ပင်းတွင် အနက်ရောင် လည်စည်းလေး ချည်ထား၏။
ယွမ်ဖာ့မှ ယွမ်လော့ရီအား ၁၁ နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ခြင်းပေ။
အရုပ်သည် ကျိန်စာများနှင့် နာကျင်မှုအားလုံးကို ဖယ်ရှားပေးနိုင်သော မှော်ဆန်သည့် အရုပ် တစ်ရုပ်ဖြစ်သည်ဟု ယွမ်ဖာ့က ပြောခဲ့သည်။
ထိုအချိန်က ယွမ်လော့ရီ အတော်လေး ကလေးဆန်သည် ဟု ခံစားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် သူမ ၃ နှစ်အရွယ် မဟုတ်တော့သောကြောင့် ထိုသို့သော မုသားမျိုးကို ယုံကြည်မည် မဟုတ်ပေ။
သို့သော် ယခု ယွမ်လော့ရီက ၎င်းမှာ မှော်ဆန်သော ယုန်တစ်ရုပ် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ခံစားရသည်။
အဘယ်ကြောင့်ဆိုသော် သူမ ပြန်အိပ်ပျော်ပြီးနောက် နောက်ထပ် "အိပ်မက်ဆိုးများ" မမက်တော့သောကြောင့်ပင်။
ပုံမှန်အတိုင်းပင် မျက်နှာသစ်ပြီးနောက် ယွမ်လော့ရီသည် ကားထဲသို့ ဝင်ကာ Star Galaxy အလယ်တန်းကျောင်း သို့ ဦးတည်လိုက်သည်။
ကျောင်းသားများမှာ တက်ကြွ လန်းဆန်းနေကြ၏။
သူငယ်ချင်းများနှင့် စကားပြောခြင်း၊ နောက်ပြောင်ခြင်းများ ပြုလုပ်နေကြကာ အိမ်စာ၊ ဂိမ်းများနှင့် သူတို့၏ ပထမဆုံး ဖြူစင်သော ချစ်ကြိုက်မှုများအကြောင်း ဆွေးနွေးနေကြသည်။
သူမ၏ ကျောင်းလွယ်အိတ်ဖြင့် လူအုပ်ကြား လျှောက်သွားနေသော ယွမ်လော့ရီမှာမူ ထူးခြားနေပြီး ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ပြည့်နေ၏။
သူမ ပြောင်းလဲသွားချေပြီ။
ထိုမှတ်ဉာဏ်အပိုင်းအစများကို မြင်တွေ့ပြီးနောက် သူမ ဘဝကို လွတ်လပ်စွာ ပျော်မွေ့နိုင်တော့မည် မဟုတ်ပေ။
ယခုအခါ သူမ အနာဂတ်ကို ပြောင်းလဲလိုသည်။
Star Galaxy အလယ်တန်းကျောင်း၌ ယနေ့ အထူးတလည် စည်ကားနေ၏။
ဓာတ်ပုံဆရာများစွာ ရောက်ရှိလာကြပြီး ကျောင်းဝင်းတစ်လျှောက် ကေဘယ်ကြိုးများဖြင့် ချိတ်ဆက်ထားကာ တန်ဖိုး သန်းပေါင်းများစွာရှိသော ကင်မရာများကိုလည်း ချိန်ညှိနေကြသည်။
အနီးနားတွင် ဆံပင်အနီရောင်ဖြင့် ကျောင်းသားနှစ်ဦးသည် အီတလီဘာသာစကားဖြင့် စိတ်လှုပ်ရှားစွာ စကားပြောနေကြ၏။
"ကျောင်းရဲ့ campus variety show စတော့မယ် မင်း ပါမှာလား"
"မေ့လိုက်တော့ ငါ့တရုတ်စကား ပြောက သိပ်မကောင်းဘူး ပြီးတော့ ဖျော်ဖြေရေးလောကမှာလည်း အဆက်အသွယ် မရှိဘူး"
"မှန်တယ်၊ အာ တရုတ်စကားမှာ အသံလေးသံ ဘာလို့ ရှိနေရတာလဲ သင်ရတာ အရမ်းခက်တာပဲ"
ယွမ်လော့ရီသည် အီတလီဘာသာစကားကို တစ်ခါမျှ မလေ့လာခဲ့ဖူးသော်လည်း သူမ ထိုစကားများ၏ အချို့အပိုင်းများ နားလည်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဘဝတစ်ခုတွင် အီတလီ၌ ဖိနပ်ချုပ်သမား တစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့်ပင်။
အီတလီကျောင်းသားများအား ကျော်ဖြတ်ပြီးနောက် ယွမ်လော့ရီ နှင့် ယွမ်အောင်းတို့ နှစ်ယောက်သား စာသင်ဆောင်ရှေ့သို့ လျှောက်သွားကြလေ၏။
အဆောင်တစ်ခုလုံးသည် ရှေးဟောင်းပုံစံ ဖြင့် တည်ဆောက်ထားပြီး မြင့်မားသော လေယာဉ် အတောင်ပျံကဲ့သို့ အမိုးစွန်းများ၊ စနစ်တကျ စီစဉ်ထားသော အမိုးကြွေပြားများ၊ ရှုပ်ထွေးစွာ ထွင်းထုထားသော ဇာပုံသဏ္ဌာန် ပြတင်းပေါက်များနှင့် ဝင်ပေါက်တွင် မတ်မတ်ရပ်နေသော ကျောက်သား ချီလင် ရုပ်ကြီးနှစ်ရုပ် ရှိလေသည်။
ဤ ခမ်းနားထည်ဝါသော စာသင်ဆောင်သည် ယွမ်လော့ရီအား ကျောင်းရောက်ခြင်းထက် တရားရုံးသို့ တက်ရောက်ရန် ရောက်လာသည်ဟု ခံစားရစေ၏။
ကျောင်းအုပ်ကြီးသည် ခေါင်းလောင်းသံကိုပင် "ဧကရာဇ် နန်းတက်ခြင်းသီချင်း" သို့ ပြောင်းလဲပစ်ခဲ့ပြီး ၎င်းသည် လူတိုင်း၏ စာကြိုးစားလိုစိတ်ကို လှုံ့ဆော်ပေးလိမ့်မည်ဟု ဆိုခဲ့သည်။
သို့သော် အမှန်တကယ်တွင် လွန်လွန်ကျူးကျူး ခမ်းနားထည်ဝါမှုက ကျောင်းသားများ၏ ရှက်ရွံ့စိတ် ကိုသာ ဖြစ်ပေါ်စေခဲ့၏။
"တိန်...ကလင်...ကလင်”
သတိပေးခေါင်းလောင်းသံ မြည်လာခဲ့သည်။ အခြားကျောင်းသားများ အလျင်အမြန် ပြေးလွှားသွားကြသော်လည်း ယွမ်လော့ရီမှာ အတန်း D သို့ ဖြည်းညှင်းစွာ လျှောက်ဝင်သွားခဲ့လေသည်။