← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

ယွမ်လော့ရီ အနေဖြင့် စုရွှင်းမှာ ထူးဆန်းသော ကောင်မလေးတစ်ယောက်ဟု အမြဲ ထင်ခဲ့မိသည်။

သူမမှာ မြင်ရသူအဖို့ လှပပြီး ချစ်စရာကောင်းသော်လည်း အမှန်တကယ်တွင် ဟန်ဆောင်မှုများပြီး စိတ်တို၊ ဒေါသထွက်တတ်သူပင်။

ကျောင်းစတက်သည့် ပထမနေ့မှစ၍ စုရွှင်းက ယွမ်လော့ရီ နှင့် မကြာခဏ စကားပြောရန် ကြိုးစားခဲ့သည်။

တစ်ခါတစ်ရံ သူမသည် ဒေါင်းတစ်ကောင်ကဲ့သို့ မာနကြီးစွာ ပြုမူတတ်၏။

သူ မည်မျှ ချစ်စရာကောင်းကြောင်း၊ လူမည်မျှ နှစ်သက်ကြောင်းနှင့် နောင်တွင် စူပါစတား တစ်ဦး ဖြစ်လာလိမ့်မည်ဟု ကြွားဝါလေ့ရှိရာ ယွမ်လော့ရီက သူမကို မည်သည့်အခါမျှ ကျော်ဖြတ်နိုင်မည် မဟုတ်ကြောင်း ရည်ညွှန်းနေခြင်းပင်။

အခြားတစ်ဖက်တွင်မူ စိတ်တို၍ဒေါသထွက်နေသော ကြောင်တစ်ကောင်ကဲ့သို့ ပြုမူကာ ယွမ်လော့ရီအား သူနှင့် သူငယ်ချင်းဖြစ်ရန် ဖိအားပေးလာသည်။

စုရွှင်း၏ ချဉ်းကပ်မှုများကို ယွမ်လော့ရီက ချက်ချင်း ငြင်းပယ်ခဲ့ သောကြောင့် အတန်းA ရှိ မိန်းကလေးများသည် ယွမ်လော့ရီ နှင့် စကားမပြောဘဲ နေခဲ့ကြ၏။

ယခု ယွမ်လော့ရီ အတန်းD သို့ ပြောင်းရွှေ့လာခဲ့လေသည်။

စုရွှင်း ငြိမ်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယွမ်လော့ရီ နှင့် စကားပြောရန် ဆက်လက် ကြိုးစားနေဆဲပင်။

စုရွှင်းသည် စင်္ကြံလမ်းရှိ အမှိုက်ပုံးကို ဆက်လက် ကန်ကျောက်နေသည်ကို မြင်လျှင် ယွမ်လော့ရီမှာမူ တိတ်ဆိတ်စွာ လှည့်ထွက်သွား၏။

ယခု ည ၈ နာရီ ရှိလေပြီ။

ယွိဟွား၏ အကူအညီဖြင့် အိမ်စာအားလုံးကို နောက်ဆုံး၌ ပြီးစီးသွားခဲ့သည်။

လက်ရေးများမှာ အနည်းငယ် ရှုပ်ပွနေသော်လည်း စစ်ဆေးမှု အောင်မြင်ရန် လုံလောက်လေ၏။

ယွိဟွား : "ငါ အိမ်ပြန်တော့မယ် နှုတ်ဆက်ပါတယ်"

ယွမ်လော့ရီ : "ကောင်းပြီ မနက်ဖြန်မှတွေ့ကြမယ်"

နှစ်ဦးစလုံး ပုဂ္ဂလိကကျောင်း အဝင်ဝ၌ လမ်းခွဲခဲ့ကြသည်။

ခဏအကြာတွင် ယွမ်လော့ရီ ရှေ့၌ ဆီဒင်ကားတစ်စီး ရပ်လာ၏။ သူမအား လာကြိုသည်မှာ သူမ၏ အစ်ကိုကြီးပင်။

ကားထဲတွင် ထိုင်လျက် ယွမ်လော့ရီ က

"အစ်ကိုကြီး သမီး Star Galaxy အလယ်တန်းကျောင်း ရဲ့ campus variety show မှာ ပါလို့ ရလား"

ယွမ်အောင်းက အံ့ဩသွားသည်။ ညီမလေးမှာ လှုပ်ရှားမှုများတွင် ပါဝင်ရသည်ကို မနှစ်သက်သည့်အပြင် အမြဲ တိတ်ဆိတ်သည့် ကလေးတစ်ဦး ဖြစ်ခဲ့သည်။

မိသားစု စုဝေးပွဲများတွင်ပင် သူမ ထောင့်တစ်နေရာတွင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီး စားသောက်လေ့ရှိ၏။

“ယွမ်စစ်လို အနာဂတ်မှာ ကြယ်ပွင့် တစ်ဦး ဖြစ်ချင်လို့လား"

ယွမ်လော့ရီက ခေါင်းခါပြီး

"အခြားအကြောင်းရင်းပါ”

"ကိုကို့ ကို ပြောပြလို့ မရဘူးလား"

"ဟင့်အင်း”

variety show တွင် ပါဝင်ခြင်းသည် သြဇာလွှမ်းမိုးမှုကို ရရှိရန်၊ အဆင့်မြှင့်တင်ရန်နှင့် ယွမ်မိသားစု ပျက်စီးရခြင်း လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ဖြစ်သည်။

သို့သော် စနစ်၏ စွမ်းအားအောက်တွင် ယွမ်အောင်း အား ဤအရာအားလုံးကို ထုတ်ဖော်ပြောဆိုရန် မတတ်နိုင်ပေ။

ယွမ်အောင်းက အကြည့်လွှဲလိုက်ပြီး တွေးနေမိ၏။

ခဏအကြာတွင် သူ ရယ်မောလိုက်ပြီး

"ကောင်းပြီ မင်း ပါချင်ရင် ပါနိုင်တယ်"

"ဖေဖေ သဘောတူပါ့မလား"

"မင်း အခြေအနေကို ရှင်းပြရင် အဖေက သဘောတူလိမ့်မယ်"

"ဒါပေမဲ့ သမီးက အခု အတန်းD ကို ရောက်နေပြီလေ၊ variety show မှာ ပါဝင်ရင် စာသင်တာကို ထိခိုက်စေပြီး ယွမ်မိသားစုကို မျက်နှာပျက်စေ လိမ့်မယ်"

"စိတ်မပူနဲ့ အဖေက အဆင့်တွေကို ဂရုစိုက်မှာမဟုတ်ဘူး သူက အလွတ်ကျက် ပညာရေးစနစ်ကို အမြဲတမ်း ရှုတ်ချခဲ့တဲ့သူလေ၊ မဟုတ်ရင် သူ့ရဲ့ အင်အားနဲ့ မင်းကို အတန်းA မှာ ဆက်သင်ဖို့ အလွယ်တကူ အတင်းအကြပ် လုပ်မှာပေါ့"

"အာ... အဲလိုကိုး..."

"အဖေက မင်းကို တင်းကြပ်တာက ယွမ်မိသားစုက အမြဲတမ်း ရာထူးမြင့်တွေ မလို့ ပြီးတော့ မြင့်လာလေလေ အေးစက်လေလေ ဖြစ်လို့ပဲ၊ ကလေးဘဝတုန်းက ဒီအတွက် ကြီးမားတဲ့ လျော်ကြေးပေးခဲ့ရဖူးတယ် ဒါကြောင့်ပဲ သူ မင်းကို အားကြီးတဲ့သူ ဖြစ်စေချင်တာ"

နှစ်သိမ့်ပေးသည့်အလား ယွမ်အောင်းသည် ယွမ်လော့ရီ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး

"ဒါ့အပြင် မင်းက ယွမ်မိသားစုရဲ့ မာန တစ်ခုအမြဲဖြစ်ခဲ့တာ၊ ကိုကို အရမ်းတန်ဖိုးထားရတဲ့ ညီမလေး…မင်းမှာ ထူးခြားတဲ့ အရည်အချင်းရှိတယ်၊ ကြယ်တွေလို လင်းလက်ချင်တယ် ဆိုရင် ဘယ်အရာကမှ မင်းကို တားဆီးနိုင်မှာ မဟုတ်ဘူး"

"မင်း ဘာလို့ ရုတ်တရက် variety show မှာ ပါဝင်ချင်တယ်ဆိုတာ ကိုကို မသိပေမဲ့ မင်းရဲ့ လက်သေးသေးလေးတွေ က မင်းရဲ့ ပန်းတိုင်ကို မြဲမြဲ ဆုပ်ကိုင်နိုင်မယ် ဆိုတာ ကိုကိုယုံတယ်"

အစ်ကိုကြီး၏ စကားများကို ကြားရသောအခါ ယွမ်လော့ရီ ၏ စိတ်အခြေအနေမှာ သိသိသာသာ ကောင်းသွား၏။ တစ်စုံတစ်ဦးက ယုံကြည်ပေးခြင်းမှာ ကောင်းလွန်းပေသည်။

မသိစိတ်ဖြင့် သူမ ယွမ်အောင်း၏ လက်ကို ဆုပ်ကိုင်လိုက်ရာ လက်မှာ အရိုးများသာ ရှိပြီး အနည်းငယ် အေးစက်နေသည် ကို ခံစားလိုက်ရသည်။

ထို့အပြင် သူမ၏ လက်သေးသေးလေးများဖြင့် သေခြင်းတရားမှ အစ်ကိုကြီးအား ဆွဲထုတ်ရန် ဆုံးဖြတ်လိုက်၏။

အဆိပ်ပြင်းသော မြွေတစ်ကောင်သည် သတ်လိုစိတ်ကို ကျော်လွန်ပြီး ဟမ်းစတား တစ်ကောင်အား ကာကွယ်ရန် ရွေးချယ်သကဲ့သို့ပင်၊ ဟမ်းစတားသည်လည်း ထွက်ပြေးလိုစိတ်ကို ကျော်လွန်ပြီး ဤနူးညံ့သော မြွေများကို ကာကွယ်ရန် ရွေးချယ်လိုက်ခြင်းပင်။

နောက်တစ်နေ့ နံနက်တွင် ကျောင်းဂိတ်၌ လူအများအပြား စုဝေးနေသည်ကို ယွမ်လော့ရီ မြင်လိုက်ရသည်။

သတင်းထောက်များက ကျောင်းသားများကို အင်တာဗျူးရန် ရပ်တန့်နေကြ၏။

ယွမ်လော့ရီ တံခါးဖွင့်ပြီး ကားပေါ်မှ ဆင်းလိုက်သည်နှင့် မရေမတွက်နိုင်သော ကင်မရာဖလက်ရ်ှမီးများ ထွက်ပေါ်လာပြီး သတင်းထောက်များ ဝိုင်းအုံလာကြသည်။

"ဝိုး ကျောင်းသား ကျွန်တော်တို့ အင်တာဗျူးလို့ ရမလား"

"ဒီ campus variety showက ပြိုင်ပွဲဝင်များလား ဘာလို့ဆို အရမ်းလှလို့လေ”

"ချန်ပီယံဆု ရရှိဖို့‌ရော ယုံကြည်မှုရှိလား"

ကားမောင်းသူ ရှောင်ဖုန်းသည် ကားထဲမှ အလျင်အမြန် ထွက်လာသည်။ ဤအခိုက်အတန့်တွင် ရှောင်ဖုန်းမှာ သက်တော်စောင့်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ကုတ်အင်္ကျီကို ချွတ်ကာ ယွမ်လော့ရီအား ကာကွယ်ပေးရ၏။

"ကျွန်တော်တို့ သခင်မလေးက ကျောင်းတက်နေတာပါ အင်တာဗျူးတာမျိုး လက်မခံပါဘူး၊ လမ်းဖယ်ပေးပါ”

ရှောင်ဖုန်း၏ ကြွက်သားများမှာ အချည်းနှီး မဟုတ်ပေ။ သတင်းထောက်များမှာ ကြောက်ရွံ့သွားကြသည်။ ယွမ်လော့ရီ၏ နောက်ခံမှာ သာမန်မဟုတ်သည်ကို သိရှိထားသောကြောင့် မချင့်မရဲဖြင့်သာ လမ်းခွဲသွားကြလေ၏။

ယခင်က စနစ်သည် ယွမ်လော့ရီ ၏ ဆွဲဆောင်မှုတန်ဖိုးကို တစ်ပြိုင်နက်တည်း အများဆုံး တိုးမြှင့်ပေးခဲ့သည်။ ယခုမှသာ ယွမ်လော့ရီ ထို စွမ်းအားကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။

သတင်းထောက်များကို ဖြတ်ကျော်ပြီးနောက် ယွမ်လော့ရီ ကျောင်းဝင်းထဲသို့ ဝင်ရောက်လာချိန်တွင် သူမကို စိုက်ကြည့်နေသော ကျောင်းသားများ သိသိသာသာ ပိုများလာသည်ဟု ခံစားရသည်။

ကျောင်းသားများမှာ ယွမ်လော့ရီအား စိုက်ကြည့်နေကြပြီး သူတို့၏ အမူအရာများ မထင်မရှားဖြစ်နေ၏။

ဆယ်စက္ကန့်ကျော်ကြာပြီးနောက် သူတို့၏ အပြုအမူများမှာ ရိုင်းစိုင်းနေကြောင်း သတိပြုမိသွားကြသည်။

ထို့နောက် ချက်ချင်း အကြည့်လွှဲကာ ထွက်ပြေးသွားကြ၏။

တစ်ဖက်တွင် သူတို့သည် ယွမ်လော့ရီ၏ ဆွဲဆောင်မှုကြောင့် မသိစိတ်မှ ဆွဲဆောင်ခံနေရသည်။

အခြားတစ်ဖက်တွင်မူ ရှင်သန်လိုစိတ်က ‘စိုက်ကြည့်တာ ရပ်လိုက် မဟုတ်ရင် ယွမ်လော့ရီ က လူသတ်ပွဲ ဆင်နွှဲပြစ်လိမ့်မယ်’ဟု အော်ဟစ်နေကြသည်။

ယွမ်လော့ရီမှာ ဤအရာကို အကျွမ်းတဝင်ရှိနေလေပြီ ဖြစ်သောကြောင့် ဂရုမစိုက်တော့ပေ။

Star Galaxy အလယ်တန်းကျောင်း တွင် လူတိုင်းသည် သူမကို ကြောက်ရွံ့ကြပေလိမ့်မည် သို့မဟုတ် ရန်စကြပေလိမ့်မည်။

နားချိန်အတွင်း အတန်းA မှ ကျောင်းသားများမှာ ပျော်ရွှင်စွာ ရယ်မောနေကြသည်။ သို့သော် ယွမ်လော့ရီမှာ သူမ၏ ထိုင်ခုံတွင် တစ်ယောက်တည်း ထိုင်နေခဲ့ရ၏။ သူတို့ ပို၍ ဆူညံလေလေ သူမ ပို၍ အထီးကျန်လေလေ ဖြစ်သည်။

ယခုမူ မတူတော့ပေ။

ယွမ်လော့ရီသည် အတန်းA မှ ထွက်ခွာပြီး အတန်းD သို့ ဝင်ရောက်ခဲ့ကာ ယွိဟွား နှင့် သူငယ်ချင်းဖြစ်ခဲ့သည်။

သူမ၏ နေ့ရက်ကောင်းများ စတင်နေပြီ ဖြစ်၏။

ပုံမှန်အတိုင်းပင် ယွမ်လော့ရီ သည် စာသင်ခန်းသို့ မသွားဘဲ

"အရသာရှိသော မုန့်ဆိုင်" ဘက်သို့ လှည့်သွားလိုက်သည်။

အတန်းလစ်နိုင်သော်လည်း အစားအသောက်တော့ လစ်၍မရ‌ချေ။

နာနတ်သီး ကပ်ကိတ်တစ်ခုကို ယွမ်လော့ရီ စားပြီးသောအခါ၌ ကျောင်းအုပ်ကြီး ရောက်လာသည်။

ဆံပင် ဖရိုဖရဲဖြင့် အလျင်စလို ပြေးလာနေပြီး အမြန် လျှောက်နေသောကြောင့် သူ၏ မျက်မှန်မှာ လွင့်ထွက်မတတ်ဖြစ်နေ၏။

"ယွမ်လော့ရီ ဖွင့်ပွဲအခမ်းအနားက စတော့မယ် ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"

“မုန့် စားနေတာ အဲအခမ်းအနားက မသွားလို့ မရဘူးလား"

ကျောင်းအုပ်ကြီးသည် ယွမ်လော့ရီ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီးနောက်

“မရဘူး သွားရမယ် မြန်မြန်လာ နောက်ကျနေပြီ”

ယွမ်လော့ရီမှာ သူမ၏ ပျော်ရွှင်စရာ မုန့်စားချိန်ကို စွန့်လွှတ်ခဲ့ရပြီး ကျောင်းဘတ်စ်ကားထဲသို့ ဝင်ခဲ့ရကာ ဖွင့်ပွဲအခမ်းအနားရှိရာထံ အလျင်စလို လိုက်သွားရလေသည်။

ဘတ်စ်ကားပေါ်ရှိ ကျောင်းသားများမှာ ယွမ်လော့ရီ ကို မြင်သောအခါ၌ အလွန် စိတ်လှုပ်ရှားနေကြ၏။

သူတို့သည် အတန်းC မှ ဖြစ်ကြပြီး ယွမ်လော့ရီအား အကြောက်ဆုံးသူများပင်။

ယွမ်လော့ရီ စိတ်အခြေအနေမကောင်းဖြစ်နေသောအခါ၌ ပြန်လည် ပျော်လာရန်အတွက် အတန်းC မှ ကျောင်းသားတစ်ဦးကို ကျပန်း ရွေးချယ်ပြီး ဒေါသပုံချစရာ အဖြစ် အသုံးပြုတတ်သည်ဟု ယုံကြည်ကြ၏။

ယခုအခါ ကောင်းကောင်း မစားရသေးသောကြောင့် ယွမ်လော့ရီ စိတ်အခြေအနေမကောင်းဖြစ်နေသည်မှာ ထင်ရှားပေသည်။

၎င်းက သူတို့အား ကြီးမားသော ရန်သူ နှင့် ရင်ဆိုင်နေရသကဲ့သို့ အလွန် စိတ်လှုပ်ရှားစေ၏။

သို့သော် ယွမ်လော့ရီထံမှ ပြင်းထန်သော ဆွဲဆောင်မှုများ ထုတ်လွှင့်နေသည်။ ၎င်းက အတန်းC မှ ကျောင်းသားများ၏ စိတ်ကို ပြင်းထန်စွာ ပဋိပက္ခ ဖြစ်စေခြင်းပင်။

တစ်ခဏတာတွင် သူတို့သည် ယွမ်လော့ရီအား ချစ်စရာကောင်းသည်ဟု ယူဆကြပြီး နောက်တစ်ခဏတွင်မူ သူမအား ထူးဆန်းပြီး ကြောက်စရာကောင်းသည်ဟု ယူဆကြပြန်သည်။

"ဘုန်း! ဘုန်း! ဘုန်း!"

ကောင်လေးများသည် သူတို့၏ ခေါင်းများကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ကြပြီး စိတ်လွင့်နေခြင်းမှ ကာကွယ်ရန် ကြိုးစားနေကြ၏။

နောက်ဆုံးတွင် ကျောင်းဘတ်စ်ကားမှာ အခမ်းအနားနေရာသို့ ရောက်ရှိလာပြီး ကျောင်းသားများသည် အသက်ဘေးမှ ထွက်ပြေးသည့်အလား ပြန့်ကျဲသွားကြသည်။

ဆံပင်ကောက်ကောက်နှင့် မိန်းကလေးတစ်ဦးတည်းသာ ခဏမျှ တုံ့ဆိုင်းပြီး ယွမ်လော့ရီ ကို လက်ပြ နှုတ်ဆက်လေ၏။

ယွမ်လော့ရီလည်း သူမအား ပြန်လည် လက်ပြလိုက်ရာ ထိုမိန်းကလေးသည် တစ်စုံတစ်ခု ပြောချင်ဟန်ဖြင့် တုံ့ဆိုင်းနေပုံရသည်။

သို့သော် အတန်းC မှ အခြားမိန်းကလေးများက သူမကို လှမ်းခေါ်သောအခါ၌ ထွက်သွားရန် မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ကျောင်းအုပ်ကြီးက ယွမ်လော့ရီကို ပါဝင်သူများအတွက် စောင့်ဆိုင်းခန်းသို့ လိုက်ပို့ကာ အလျင်အမြန် ထွက်ခွာသွားလေ၏။

ယွမ်လော့ရီက ခန်းမကြီးထဲသို့ ကြည့်လိုက်ရာ လူများဖြင့် ပြည့်ကျပ်နေသည်။

ရှေ့ဆုံးတန်းတွင် အဆင့်မြင့် ကင်မရာများ တပ်ဆင်ထားပြီး သတင်းထောက်များနှင့် ဓာတ်ပုံဆရာများ ၊ အလယ်နှင့် နောက်တန်းများတွင် အခမ်းအနားကို လာရောက်ကြည့်ရှုကြသည့် ကျောင်းသားများ ရှိနေပြီး ထိုင်ခုံများကို စနစ်တကျ စီစဉ်ထား၏။

"ကလောင်!"

ရုတ်တရက် အခန်းတံခါး တွန်းဖွင့်လိုက်ပြီး စုရွှင်းသည် တံခါးဝတွင် ပေါ်လာသည်။

"ယွမ်လော့ရီ နောက်ဆုံးတော့ ရောက်လာပြီပေါ့ ငါ နင့်ကို စောင့်နေခဲ့တာ"

သူမ အတွင်းသို့ လျှောက်ဝင်လာပြီး သူမ၏ အိတ်ကပ်ထဲမှ အဖြူရောင် ဟမ်းစတား ဆွဲသီး တစ်ခုကို ထုတ်လိုက်ပြီးနောက်

"ဒါ နင့်ဟာလား၊ ငါ ပုဂ္ဂလိကကျောင်းရဲ့ စင်္ကြံလမ်းမှာ မနေ့က တွေ့ခဲ့တာ"

ထိုအခါမှ ယွမ်လော့ရီက သူမ တစ်ခုခု ပျောက်ကျသွားသည်ကို သတိပြုမိပြီး ပြန်ယူရန် ရှေ့သို့ တိုးလိုက်သောအခါ၌ စုရွှင်း သည် တမင်တကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး အကွာအဝေးတစ်ခု ဖန်တီးကာ ဆွဲသီးကို သူမ၏ လက်ညှိုးပတ်လည်တွင် လှည့်၍ ပြုံးရယ်လျက်

"ငါ နင့်ကို ပြန်ပေးမယ် ဒါပေမဲ့ နင် ငါ့အတွက် မေးခွန်းတစ်ခုကို အရင်ဆုံး ဖြေပေးရမယ်၊ မနေ့က ပုဂ္ဂလိကကျောင်းမှာ နင် အဲဒါကို မြင်ခဲ့တယ် မဟုတ်လား"

"နင် အန် တာ၊ လက်ဆောင်တွေလွှင့်ပစ်တာ ပြီးတော့ အမှိုက်ပုံးကို ကန်တာကို ပြောတာလား ဟုတ်တယ် ငါ မြင်ခဲ့တယ်"

All Chapters