အခန်း (၂၀)
Vol. 2 Ch. 20
စုရွှင်း၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားတော့သည်။
"ဪ နင် တော်တော်သိတာပဲ ဒါပေမဲ့ နင့်လျှို့ဝှက်ချက်ကို ငါလည်းသိတယ်"
သူမ ယွမ်လော့ရီ၏ အနားသို့ ပိုတိုးကပ်လာပြီး
"နင် ရေချိုးခန်းထဲမှာ ဝန်ခံစကားပြောနေတဲ့ တစ်ခေါက်တုန်းက ငါက နင့်ဘေးမှာရှိတဲ့ အခန်းထဲမှာ အန်နေခဲ့တာ၊ နင်က ဆိုးဟန်ဆောင်နေတဲ့ မိန်းကလေး ပြီးတော့ ငါက ဖြူစင်ဟန်ဆောင်တဲ့သူ၊ ငါတို့ သူငယ်ချင်းဖွဲ့ကြမလား နင် အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေတာ သနားစရာကောင်းတယ်၊ ငါက နင့်ကို မိန်းကလေးအုပ်စုနဲ့ အဆင်ပြေအောင် ကူညီပေးမယ် အတူတူ သန့်စင်ခန်း သွားမယ် လှုပ်ရှားမှုတွေ အတူတူလုပ်မယ် နားချိန်တွေမှာ စကားပြောလို့ရအောင်ရော၊ အဲကျ နင့်မှာ စကားပြောဖော် ရှိလာလိမ့်မယ်"
"ငါ အတန်း A မှာ ဘေးဖယ်ခံထားရတာရဲ့ အများစုက နင် လှုံ့ဆော်လို့ ဖြစ်ခဲ့တာ"
“ဟုတ်တယ်လေ အဲဒါကြောင့် လူတိုင်း နင့်ကို ပြန်လက်ခံလာအောင် လုပ်နိုင်စွမ်း ငါ့မှာရှိတယ်ဆိုတာ နင်သိတယ် ဟုတ်၊ ကောင်လေးတွေရော ကောင်မလေးတွေရော အကုန်လုံးက ငါ့ကို သဘောကျကြတယ် ပြီးတော့ ဒီစွမ်းရည်ပြပွဲမှာ ငါတို့ပေါင်းပြီး အခြားလူတွေကို ဖြုတ်ချကြမယ်လေ၊ ငါက ပထမ နင်ကတော့ ဒုတိယပေါ့ ဘယ်လိုလဲ ငါတို့နှစ်ယောက်စလုံးအတွက် အဆင်ပြေတဲ့ သဘောတူညီချက် ဟုတ်တယ်မလား”
ယွမ်လော့ရီက သူမ၏ သော့ချိတ်ကို ပြန်ဆွဲယူလိုက်ပြီးနောက်
"ငါ ငြင်းတယ်"
စုရွှင်းက အလွန် ဒေါသထွက်သွားသည်။
"ပထမနေရာအတွက် ငါနဲ့ ဆက်ပြိုင်ချင်သေးတာလား၊ နင် အရမ်း ဆိုးဆိုးရွားရွား ရှုံးလိမ့်မယ်”
ယွမ်လော့ရီ : "ရှုံးမှာက နင်ပဲ”
စုရွှင်း : "ရယ်စရာပဲ နင် ငါ့ကို တစ်ခါ ရှုံးဖူးပြီးပြီလေ"
ယွမ်လော့ရီက ပြုံး၍
"အရမ်းကောင်းတဲ့ ခံစားချက်ပဲ”
စုရွှင်းက အံ့ဩသင့်သွားသည်။ ယွမ်လော့ရီမှ ဤသို့ ပြန်ဖြေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဝါဂွမ်းကို ထိုးနေရသကဲ့သို့ အရာမထင်ချေ။ အခြားသူအပေါ်၌ ထိခိုက်မှု မဖြစ်သစေဘဲ ကိုယ်တိုင်သာ ရယ်စရာ ဖြစ်သွားရ၏။
သူမ ယွမ်လော့ရီအား လက်ညှိုးထိုး၍
"ဒီနေ့ ငါ့ကို ငြင်းလိုက်တဲ့အတွက် နင် နောင်တရစေရမယ်"
ယွမ်လော့ရီ : "ငါ နင့်ကို ဆယ်ကြိမ်ထက်မနည်း ငြင်းဖူးတာပဲ တစ်ကြိမ်မှ နောင်တ မရခဲ့ဖူးဘူး”
စုရွှင်းသည် တံခါးဝသို့ ခြေဆောင့်သွားပြီးနောက် ထွက်သွားခါနီးတွင် လှည့်လာကာ
"နင် ငါ့အကြောင်း လိုက်ပြောရင်တောင် ငါက ကြာပန်းဖြူလေးအယောင်ဆောင်နေတဲ့ သူပါလို့ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး အဲဒါကြောင့် အဲလိုမျိုး မလုပ်ဖို့ အကြံပေးချင်တယ်"
ယွမ်လော့ရီက တိုက်ရိုက် ပြန်ချေပလိုက်သည်။
"နင် ငါ့အကြောင်း သတင်းဖြန့်ရင်တောင် ငါက အယောင်ဆောင်ပြီး ဆိုး နေတဲ့သူပါလို့ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး၊ နင် သိလား နင့်ရဲ့ အခုလို ပုံစံက အယောင်ဆောင် အပြုံးထက် နင်နဲ့ ပိုလိုက်တယ် အမြဲတမ်း ဟန်ဆောင်နေရတာ မပင်ပန်းဘူးလား"
စုရွှင်းမှာ အပြင်သို့ ထွက်သွားပြီး တံခါးကို ပြင်းထန်စွာ ဆောင့်ပိတ်လိုက်၏။ ယွမ်လော့ရီ၏ စကားကို သူမ မချေပနိုင်ခဲ့ချေ။
ယွမ်လော့ရီ ခံစားရသည်မှာ မိုးရွာချလိုက်ခြင်းနှင့်တူပြီး ရင်ထဲတွင် စုပြုံနေသော စိတ်အနှောင့်အယှက်များအားလုံးကို ဆေးကြောပေးလိုက်သကဲ့သို့ပင်။
အတန်း Aတွင် ရှိနေစဉ်က စုရွှင်းမှာ နောက်ကွယ်မှ အနှောင့်အယှက် ပေးနေခြင်း နှင့် ဆရာမစုထံမှ ပစ်မှတ်ထားခံနေရသည်ကို သိခဲ့ရသည်။
သို့သော် အတန်း A ကို စွန့်ခွာရန် ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အတန်း A သည် ဂုဏ်ပုဒ် ကို ကိုယ်စားပြုပြီး အဆင့်လျှော့ချခံရခြင်းမှာ အလွန် ရှက်စရာ ကောင်းမည်ဟု ထင်သောကြောင့် ဖြစ်၏။
ယခု ယွမ်လော့ရီ သိလိုက်ရသည်မှာ လူတစ်ဦးက ဂုဏ်ပုဒ်များ ကို ဂရုမစိုက်တော့သည့်အခါ၌ ပို၍ ပျော်ရွှင်သောဘဝကို ရရှိနိုင်ပေလိမ့်မည်။
ထို့အပြင် အောင်မြင်ရန် လမ်းကြောင်း တစ်ခုထက်မက ရှိသေးသည်။ အတန်းA မှ ထွက်ခွာခြင်းသည် ကျရှုံးခြင်း မဟုတ်ချေ။
"ပြိုင်ပွဲဝင်များ စင်မြင့်ပေါ်သို့ ကြွပါ"
ယွမ်လော့ရီသည် စင်ပေါ်သို့ တတ်လာခဲ့သည်။ စင်မြင့်ရှိ မီးများမှာ မျက်လုံးကျိန်းစရာ ကောင်း၏။ ပြိုင်ပွဲဝင်မည့် ကလေးများမှာ တန်းစီ ရပ်နေကြသည်။ အချို့မှာ စိတ်လှုပ်ရှားနေ၏။ အချို့မှာမူ ပျော်ရွှင်နေကြပြီး အချို့မှာ ယုံကြည်မှု အပြည့်ဖြင့် ရှိနေကြသည်။
စင်အောက်ရှိ ပရိသတ်များမှာ ဆူညံနေကြ၏။
သတင်းထောက်များသည် အခမ်းအနားတွင် အလုအယက်ဖြင့် သတင်းယူနေကြသည်။
တစ်ဖက်တွင် ကြီးမားသော ဖန်သားပြင် ရှိပြီး စာတန်းများရှည်ကြီးများမှာ ၎င်း အပေါ်တွင် ရှိနေ၏။
ရွေ့လျားနေသော စာတန်းများကို ကြည့်ရင်းဖြင့် ယွမ်လော့ရီသည် အလွန် ငြိမ်သက်နေသော စာတန်းတစ်ခု ကို သတိပြုမိသွားသည်။
စာတန်းမှာ "မင်းနဲ့ သက်ဆိုင်တာကို ပြန်ရလိမ့်မယ်" ဟုဖြစ်၏။
အစ်ကိုကြီး ယွမ်အောင်း ၏ လက်ချက်ပင်။ ယနေ့ မအားလပ်သဖြင့် ကိုယ်တိုင် မလာရောက်နိုင်သော်လည်း ညီမလေး၏ တိုးတက်မှုကို အဝေးမှနေ၍ အချိန်ပြည့် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
အနည်းငယ် စိတ်လှုပ်ရှားနေသော ယွမ်လော့ရီမှာ ချက်ချင်းပင် သိသိသာသာ ငြိမ်သက်သွား၏။
ယခုဘဝတွင် အရာအားလုံး ပြောင်းလဲသွားချေပြီ။
သူမ ယွမ်မိသားစု၏ သေခြင်းတရား ကို ပြောင်းလဲပေးမည်။
စင်မြင့်ပေါ်တွင် ရပ်နေရခြင်းမှာ ထို ဆုံးဖြတ်ချက်ကြောင့်ပင်ဖြစ်၏။
အပေါ်သို့ ကြည့်လျှင် ကြီးမားသော ဖန်သားပြင်ပေါ်ရှိ စာတန်းများ ကို မြင်ရသည်။
အင်တာနက်အသုံးပြုသူများ၏ အဆက်မပြတ် လှောင်ပြောင်ကြသော မှတ်ချက်များက ကြည့်ရှုသူများကို စိတ်အနှောင့်အယှက်ဖြစ်စေ၏။
စင်အောက်သို့ ကြည့်လျှင် ပရိသတ် တစ်ဦးချင်းစီ၏ မျက်နှာများကို မြင်နေရသည်။
တစ်ဦးစီချင်းစီမှ မတူညီသော မျက်နှာအမူအရာများ ရှိနေကြ၏။
အချို့မှာ စိတ်လှုပ်ရှားနေကြပြီး၊ အချို့ ရယ်မောနေကြကာ၊ အချို့ မျက်လုံးများမှာ မှေးစင်း၍ တစ်ဝက်တပျက် အိပ်ပျော် နေကြသည်။ အချို့မှာမူ လျှို့ဝှက်စွာ အိမ်စာခိုးလုပ်နေကြ၏။
စင်ပေါ်ရှိမီးများမှာ တီဗီတွင် မြင်ရသည်ထက် ပို၍ မျက်စိကျိန်းစေသည်။ တေးဂီတမှာလည်း နားကွဲမတတ် ဆူညံနေ၏။ ကွင်းပြင်တွင် ကနေသည့် အကထက် ပို၍ပင် ကျယ်လောင်နေသည်။
အမျိုးသမီး အစီအစဉ်မှူး တစ်ဦးမှာ စင်မြင့်အလယ်သို့ လျှောက်လာလေ၏။ သူမသည် လှပသော ချည်ဖျင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ ခန္ဓာကိုယ်မှာ ဆွဲဆောင်မှုနှင့် ကျက်သရေအပြည့်ရှိပြီး လမ်းလျှောက်လာသည်မှာ နွေဦးလေညှင်းနှင့်အတူ ယိမ်းနွဲ့နေသော မိုးမခပင်ပျိုကဲ့သို့ပင်။
ချည်ဖျင်ဂါဝန်၏ ပေါင်ခြမ်းမှ အဖြူရောင် ခြေတံရှည်များ ထွက်ပေါ်နေခြင်းမှာ စွဲမက်ဖွယ်ကောင်းလွန်းသည်။
သူမ အမည်မှာ နာလန် ဖြစ်ပြီး နာမည်ကျော် အစီအစဉ်မှူးတစ်ဦးလည်း ဖြစ်၏။
သူမက အသံကျယ်ကျယ်ဖြင့်
"ကြွရောက်လာကြသော လူကြီးမင်းတို့အကုန်လုံး မင်္ဂလာနံနက်ခင်းပါရှင့်၊ Star Galaxy အလယ်တန်းကျောင်း ရဲ့ စွမ်းရည်ပြပွဲကြီး တရားဝင် စတင်ပါပြီရှင့်၊ အခု ကျောင်းအုပ်ကြီးကို အဖွင့်စကားပြောရန် ဖိတ်ခေါ်ပါတယ်"
ကျောင်းအုပ်ကြီးမှ စင်မြင့်ပေါ်သို့ တက်လာပြီး မိုက်ခရိုဖုန်းကို ဆုပ်ကိုင်ကာ
"အဟမ်း အားလုံး မင်္ဂလာပါ ငါ အကျဥ်းချုံးပြီး ပြောပါမယ်"
ခေါင်းဆောင်များမှ ကတိပေးလျှင် မယုံရ ဆိုသကဲ့သို့ ကျောင်းအုပ်ကြီးသည်လည်း လုံးဝ အကျဥ်းချုံး မပြောခဲ့ပေ။
၁၅ မိနစ် ကြာ မရပ်မနား စကားပြောနေခဲ့သည်။
ဘဝ၊ အိမ်မက်များ၊ ငယ်စဉ်က မည်မျှ အံ့သြဖွယ်ကောင်းခဲ့သည်၊ ပထမဆုံး အချစ်မှာ ဆင်းရဲသောကြောင့် သူ့အား ထားခဲ့ပြီး နောက်ပိုင်းတွင် ပြန်လာရန် တောင်းပန်ခဲ့ပုံနှင့် ပြန်ငြင်းဆိုခဲ့သည်ကို နောင်တရပုံများ ပြောပြနေခဲ့သည်။
ဘေးမှ နာလန် မှာ အလွန် စိတ်မသက်မသာ ဖြစ်နေပြီး မျက်နှာပေါ်တွင် အပြုံးကို ထိန်းထားရ၏။
မှတ်ချက်များ ပေါက်ကွဲထွက်လာပြီး ကင်မရာကို ပြိုင်ပွဲဝင်များဘက်သို့ ပြောင်းရန် တောင်းဆိုနေကြသည်။
လူများမှာ ဆံပင်ပြောင်နေသည့် အဘိုးကြီး၏ လွန်ခဲ့သည့်ရာစုနှစ်က အချစ်ဇာတ်လမ်း ကို မပြောစေချင်တော့ပေ။
ယွမ်လော့ရီကမူ စိတ်ဝင်တစား နားထောင်နေသည်။
ပြောပါဦး၊ ဆက်ပြော။
ကျောင်းအုပ်ကြီးနှင့် အချစ်ဦးတို့ကြား အဆုံးသတ်ပုံကို သူမ တကယ် သိချင်မိ၏။
အတန်းထဲတွင် ယွမ်လော့ရီမှ ဆရာများ ပြောသည့် စာအုပ်ထဲရှိ အကြောင်းအရာများကို မှတ်မိမည် မဟုတ်သော်လည်း ဆရာများ ပြောခဲ့သော ကြွားလုံးများနှင့် အချစ်ဇာတ်လမ်းများအားလုံးကို တစ်လုံးချင်းစီ ပြန်ရွတ်ဆိုနိုင်၏။
စင်နောက်မှ ဒါရိုက်တာကျန်းသည် ဆိုင်းဘုတ်တစ်ခုကို ကိုင်မြှောက်လိုက်သည်။
ဆိုင်းဘုတ်တွင် "ကြည့်ရှုသူ အရေအတွက် ကျဆင်းနေပြီ ရပ်လိုက်ပါ"
ကျောင်းအုပ်ကြီးမှာ မြင်လိုက်ပြီးနောက် သူ့ လည်ချောင်းက်ုရှင်းကာ
“ကောင်းပြီ ကျောင်းသားတို့ ဒီမှာ ရပ်လိုက်ပါတော့မယ်"
ဒါရိုက်တာကျန်းမှ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်၏။
ကျောင်းအုပ်ကြီးမှာ ဆင်းသွားသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြန်လှည့်လာ၍ မိုက်ခရိုဖုန်းကို ဆွဲကိုင်ကာ
“ဪ ငါ စကားနှစ်ခွန်း ထပ်ပြောဦးမယ် နှစ်ခွန်းပဲနော်”
“ငါ မင်းတို့ အရွယ်တုန်းက ခြေတစ်ဖက်က ကျောင်းစာနဲ့ အလုပ်များနေပြီး နောက်တစ်ဖက်က စီးပွားရေး စတင်နေပြီ၊ ကလေးတို့ မင်းတို့လည်း ဒီလို ဇွဲလုံ့လရှိတဲ့ စိတ်ဓာတ် ရှိရမယ် ဘာလို့လဲဆိုတော့..."
ကျောင်းအုပ်ကြီးသည် ကဗျာဆန်ဆန် စတင်ပြောဆိုပြန်သည်။ သူ၏ ကြွားလိုစိတ်သည် အမြဲတစေ ပေါများနေ၏။
ဒါရိုက်တာကျန်းသည် ဆိုင်းဘုတ်ကို ပစ်ချကာ စိတ်ပျက်အားငယ်စွာဖြင့် နဖူးကို အုပ်ထားလိုက်သည်။
သို့သော် ဒါရိုက်တာ ကျန်းမှာ သာမန်လူ မဟုတ်ပေ။ သူသည် အလွန်ရေပန်းစားသော variety show များစွာကို ဒါရိုက်တာလုပ်ခဲ့ဖူးသူပင်။
ခက်ခဲသော ရုတ်တရက် အခြေအနေများစွာကို ကိုင်တွယ်ဖြေရှင်းခဲ့ရပြီး ဖျော်ဖြေသူများ ကင်မရာအချိန် ခိုးယူခြင်းသည်လည်း အဖြစ်များသော အခြေအနေဖြစ်၏။
သူ၏ ဉာဏ်ဖြင့် ကျောင်းအုပ်ကြီးကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည်။ ဒါရိုက်တာကျန်းမှ
"ကျောင်းအုပ်ကြီးရဲ့ မိုက်ကြိုးကို ဖြုတ်လိုက်”
ဝန်ထမ်းတစ်ဦးသည် အနက်ရောင်ဝါယာကြိုး ကို ဖမ်းဆုပ်ပြီး ပြင်းထန်စွာ ဆွဲဖြတ်လိုက်သည်။ ကျောင်းအုပ်ကြီး၏ အသံမှာ ပျောက်ကွယ်သွားသည်။ သူ မိုက်ခရိုဖုန်းကို ရှုပ်ထွေးစွာ ခေါက်လိုက်သော်လည်း တုံ့ပြန်မှု မရှိပေ။
သူ စင်မြင့်ပေါ်မှ ထွက်ခွာရန်မှ တစ်ခြား ရွေးချယ်စရာ မရှိတော့ချေ။
ဒါရိုက်တာကျန်းက ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်၏။ အကောင်းဆုံး အကြံအစည်များမှာ ရိုးရှင်းသော ဖြေရှင်းချက်များ ကို မကြာခဏ လိုအပ်သည်။
နာလန်မှာ ဒါရိုက်တာကျန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွား၏။
သူမသည် သူမ၏ ပရော်ဖက်ရှင်နယ် အပြုံးကို ပြန်ပြုံးကာ
“ကြည့်ရှူနေတဲ့ လူကြီးမင်းတို့ရှင့် မိုက်ခရိုဖုန်းက ချို့ယွင်းသွားပုံရတယ် အခု ကျွန်မတို့တွေ ကင်မရာကို ပြိုင်ပွဲဝင်များဘက်ကို ပြန်လှည့်လိုက်ကြရအောင်"