အခန်း (၁၈၁-၁၈၅)
Vol. 13 Ch. 181-185
Chapter 181
"ဒါက ဘာတွေလဲ"
လုသရှန်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏လက်ညှိုးကိုဆန့်တန်းကာ ထိုအရာကိုသူ၏လက်ချောင်းထိပ်ဖြင့် အနည်းငယ်ကော်ယူကာ ဂရုတစိုက် လေ့လာဆန်းစစ်လိုက်၏။
ထို့နောက် သူသည် ထိုအရာအနီးသို့ကပ်၍ အနံ့ခံမကြည့်ဘဲ မနေနိုင်တော့ချေ။
သို့ရာတွင် သူ နလပိန်းတုံးဖြစ်နေဆဲပင်။
သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့သဖြင့် သူ၏ခေါင်းကို မိလ္လာကျင်းအတွင်းမှပြူထွက်ကာ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး တခြားမည်သည့်တစ်ယောက်ကိုမျှ မတွေ့မြင်မိချေ။ သူ၏လက်ချောင်းကို ကူကယ်ရာမဲ့စွာဖြင့် သူ၏ပါးစပ်ထံသို့ ရွေ့လျားလိုက်၏။
ထို့နောက် လျှပ်ပြက်သကဲ့သို့ လျှင်မြန်သောအရှိန်ဖြင့် သူ၏လျှာကိုထုတ်လိုက်သည်။
သူ၏လျှာကို ဆန့်ထုတ်လိုက်သော အချိန်အခိုက်အတန့်တွင် သူ၏စိတ်အတွင်း၌ မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသည့်အလား ခံစားမိကာ သူ၏မျက်လုံးများ ကျွတ်ထွက်လုမတတ်ပင်။
"ဒါက...ဆေးအနည်အနှစ်တွေလား"
"မဟုတ်...မဟုတ်ဘူး...ဒါက ဆေးအနည်အနှစ်တွေ မဟုတ်ဘူး"
လုသရှန်းက သူ၏ခေါင်းကို တဖန်ထပ်၍ခါယမ်းလိုက်၏။ ဤနေရာရှိဆေးများ၏အာနိသင်သည် ကိုးဆယ်ရာခိုင်နှုန်း ဆုံးရှုံးပြီးဖြစ်သည်မှာ သိသာထင်ရှားသည်။ မည်သည်ကြောင့် ထိုအရာများသည် ဆေးအနည်အနှစ်များ ဖြစ်နိုင်မည်နည်း။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရုတ်တရက် သူ နားလည်သဘောပေါက်သွားသည်။
"ကြည့်ရတာတော့...ကြည့်ရတာတော့ ဒါတွေက ဆေးအကြွင်းအကျန်တွေများလား"
အမှန်တရားကို စမ်းသပ်ရန်အတွက် လေ့ကျင့်ခြင်းသည်သာ တစ်ခုတည်းသောမှတ်ကျောက်ဟူသော ယုံကြည်ချက်ကိုကိုင်ဆွဲကာ သူသည် ထိုအရာကို သူ၏လျှာဖြင့် ထပ်မံ၍ထိတို့လိုက်၏။
"ရှူး..."
ထိုအရာကို လျက်ကြည့်ပြီးနောက် သူသည် လေအေးတစ်ချက် ထပ်မံ၍ရှိုက်သွင်းလိုက်သည်။
ဤသည်မှာ အမှန်တကယ်ကို ဆေးအကြွင်းအကျန်များပင်။
ဤနေရာတွင် ဆေးအကြွင်းအကျန်တစ်ပုံတည်းသာမကဘဲ မိလ္လာကျင်းတစ်ကျင်းလုံးအနှံ့ ဆေးအကြွင်းအကျန်များကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။
ခရမ်းမြက်ပင်ကဲ့သို့ဆေးပင်များသည် ဤဆေးအကြွင်းအကျန်များကို အစာအာဟာရများအဖြစ်အသုံးပြုကာ ရှင်သန်ကြီးထွားလာသည်မှာ သိသာထင်ရှားလှ၏။
အမှန်အားဖြင့်...
ဤသည်မှာ သူ့အတွက် ထိတ်လန့်တုန်လှုပ်စရာအကောင်းဆုံးအချက် မဟုတ်သေးချေ။ သူ ထိတ်လန့်တုန်လှုပ်ဆုံးအချက်မှာ ဆေးအကြွင်းအကျန်များသည် အာနိသင်ကိုးဆယ်ရာခိုင်နှုန်း ဆုံးရှုံးသွားသည့်တိုင် ဘုရင်အဆင့် သို့မဟုတ် ဧကရာဇ်အဆင့် ဆေးများနှင့်တန်းတူအဆင့်တွင် ရှိနေခြင်းပင်။
တခြားစကား ပြောင်းဆိုရလျှင် နန်ရှား၏နံပါတ်တစ်ဆေးပညာရှင်ဖြစ်သော သူ သန့်စင်သောဆေးများသည် ဤမိလ္လာကျင်းအတွင်းမှ ဆေးအကြွင်းအကျန်များနှင့် ယှဥ်ပြိုင်နိုင်ရုံမျှအဆင့်သာရှိသည်။
သို့ရာတွင် သူ စိတ်ပျက်သွားခြင်းမရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏မျက်လုံးများအတွင်းတွင် အရူးအမူးစွဲလန်းမှုများဖြင့် ပြည့်နှက်နေသည်။ သူ၏လက်များကိုဖြန့်၍ မိလ္လာကျင်းအတွင်း၌ မတ်တတ်ရပ်ကာ စိတ်လှုပ်ရှားမှုမျက်ရည်များက သူ၏မျက်နှာပေါ်၌ ယိုစီးကျနေသည်။
"အံ့အားသင့်စရာ မရှိတော့ဘူး...ဆရာကြီးက ငါ့ကို မမျှမတမဆက်ဆံတော့ဘူးလို့ ပြောခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ဒါက ဒီလိုကြောင့်ကိုး...ဒီလိုကြောင့် ဖြစ်နေတာပဲ"
"ငါ့ရဲ့ဇွဲလုံလကြောင့် အကျိုးပေးမှုတွေရှိလာပြီ...ငါ လုသရှန်းက နောက်ဆုံးတော့ တခြားလူတွေရဲ့အထက်မှာ ရပ်တည်နိုင်တော့မယ်"
လုသရှန်းသည် သူ၏ခေါင်းကိုမော့ကာ သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အော်ဟစ်လိုက်၏။
ဆေးအကြွင်းအကျန်များသည်ပင် ဘုရင်အဆင့်ဆေးများဖြင့် နှိုင်းယှဥ်နိုင်သည်။ ထို့ကြောင့် ဖော်စပ်ပြီးစီးသွားသောဆေးများသည် မည်သည့်အဆင့်၌ရှိနေမည်ကို သူ တွေးတောကြည့်နိုင်ရန် လွန်စွာခက်ခဲသည်။
ဤမိလ္လာကျင်းသည် သူ့ကဲ့သို့ ဆေးပညာရှင်တစ်ယောက်အတွက် လွန်စွာအရေးပါသည်။
ရီဖုန်းသည် သူတော်စင်အဆင့်ပစ္စည်းတစ်ခုကို သူ့အားတိုက်ရိုက်ပေးသည်ထက်ပင် ဤကိစ္စသည် သူ့အတွက် များစွာပို၍အကျိုးကျေးဇူးရရှိသည်။
အကြောင်းအရင်းမှာ ဤဆေးအကြွင်းအကျန်များမှတဆင့် သူသည် ဆေးပညာဆိုင်ရာဗဟုသုတများကို ရရှိနိုင်ကာ ကြီးမားသောထိုးထွင်းသိမြင်နိုင်မှုကိုလည်း ရရှိနိုင်ပေမည်။
ဤကံကြမ္မာကောင်းကြီးကြောင့် ဆေးပညာရပ်အပေါ် သူ၏အောင်မြင်မှုသည် နန်ရှား၏နံပါတ်တစ်ဆေးပညာရှင်ဟူရုံမျှဖြင့် အကန့်အသတ်ရှိတော့မည်မဟုတ်ချေ။
"အဲ့ဒီကောင် ဘာလုပ်နေတာလဲ"
အဝေးမှကြည့်နေသော ရီဖုန်းသည် မိလ္လာကျင်းအတွင်းသို့ လုသရှန်းခုန်ဆင်းသွားသည်ကို မြင်တွေ့ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။
ထိုလူသည် အလုပ်လုပ်ကိုင်ရာတွင် ထူးချွန်သော်လည်း စိတ်ပိုင်းဆိုင်ရာ ပုံမှန်ဖြစ်ပုံမရချေ။
ရီဖုန်းသည် သူ၏ခေါင်းကိုခါယမ်းရင်း လုသရှန်းကို ထပ်မံ၍မကြည့်လိုတော့သဖြင့် သိုင်းပညာခန်းမသို့ပြန်ကာ လက်ရေးလှစာလုံးရေးသားခြင်းကို ဆက်လက်၍လေ့ကျင့်လိုက်တော့သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏စွဲလမ်းမှု့အမူအကျင့်အရ ပထမဆုံးတာဝန်မှပညာရပ်လေးခုကို ပြီးဆုံးအောင်ပြုလုပ်သည်က ပို၍သက်တောင့်သက်သာဖြစ်မည်ဟု သူ ခံစားမိသည်။
သူ၏လက်တစ်ဖက်ဖြင့် စုတ်တံကိုကိုင်ကာ တခြားလက်တစ်ဖက်ဖြင့် အသားချောင်းကို ကိုင်လိုက်၏။ သူ၏စိတ် လန်းဆန်းစေရန်အတွက် အသားချောင်းတစ်ကိုက်ကိုကိုက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် လုသရှန်း၏အစောပိုင်းက အပြုအမူကို ပြန်အမှတ်ရမိသဖြင့် ရီဖုန်းသည် စားချင်စိတ်ပျောက်ဆုံးသွားကာ ထိုအရာကို မြေပြင်ပေါ်သို့ ပစ်ချလိုက်တော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ခွေးသည် မျက်တောင်တစ်ခတ်စာအချိန်မှာပင် ရောက်ရှိလာကာ ထိုအသားချောင်းကို သူ၏လျှာဖြင့် လျက်လိုက်သည်။
ရီဖုန်းသည် မျက်လုံးတစ်ချက် လှန်ကြည့်ပြီးနောက် သူ၏လက်ရေးလှစာလုံးရေးသားခြင်းကို ဆက်လက်၍လေ့ကျင့်လိုက်တော့သည်။
...
မြင့်မားသောတောင်တစ်လုံး၏ထိပ်၌ မြူခိုးများ ရစ်သိုင်းလွှမ်းခြုံနေသည်။
ခန်းမဆောင်တစ်ခုအတွင်း၌ ဓားနှင့်တူသောမျက်ခုံးမွှေးရှိသည့် တာအိုပညာရှင်အိုကြီးတစ်ယောက်သည် ပလ္လင်ခွေထိုင်နေကာ သူ့ရှေ့၌ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဒူးထောက်နေပေ၏။
"ဆရာသခင်...ကျွန်တော်က သဘာဝရတနာနှစ်ခုကိုပဲ စုဆောင်းနိုင်သေးတယ်....ဆရာသခင်မှာ တခြားသဘာဝရတနာရှိရင် တပည့်ကို ပေးသနားပါအုံး"
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် စိတ်လောကြီးစွာဖြင့်ပြောဆိုကာ သူ၏လေသံတွင် တောင်းပန်မှုအရိပ်အယောင်မျိုး ပါဝင်နေသည်။
"ယဲ့ပေ...မင်း ငါ့ကို အရင်ပြောပြစမ်း...ဘာလို့ မင်း သဘာဝရတနာတွေ လိုအပ်နေတာလဲ"
တာအိုပညာရှင်အိုကြီးက မျက်မှောင်ကြုတ်၍ သူ၏တပည့်ကို ပြောဆိုသည်။
"သဘာဝရတနာတွေက ကောင်းကင်နဲ့မြေပြင်ကြားကနေ အလိုအလျောက် မွေးဖွားလာတာ..သဘာဝမှော်ရတနာလို့ သတ်မှတ်သရွေ့...အဲ့ဒီရတနာတွေမှာ အသုံးဝင်မှုကိုယ်စီရှိနေတယ်...ဒီလိုအဖိုးတန်ရှားပါးတဲ့ ရတနာမျိုးကို မင်းက တောင်းဆိုလာမှတော့ ငါ့ကို ရှင်းပြချက်ပေးသင့်တယ် မဟုတ်လား"
မြေပြင်ပေါ်၌ ဒူးထောက်နေသူမှာ ယဲ့ပေပင်။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော တုန်လှုပ်ချောက်ချားဖွယ်လူ၏ ရိုက်နှက်ခြင်းကိုခံရပြီးနောက် သူသည် နေရာအနှံ့အပြားမှနေ၍ သဘာဝရတနာများကို စုဆောင်းရှာဖွေရသည်။ အချိန်များစွာ ကုန်ဆုံးခဲ့သည့်တိုင် သူသည် သဘာဝရတနာနှစ်ခုကိုသာ ရှာဖွေနိုင်ခဲ့သဖြင့် သူ၏ဆရာသခင်ဖြစ်သူ ဟန်ထန်းကြွယ်ကို တောင်းပန်ရုံမှတပါး တခြားရွေးချယ်စရာမရှိတော့ချေ။
"ဟမ်..."
ယဲ့ပေ တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်သည်ကိုကြည့်ပြီး ဟန်ထန်းကြွယ်၏အသံ ထပ်မံ၍ထွက်ပေါ်လာသည်။
"ဆရာသခင်...ကျွန်တော် ဒီကိစ္စကို ပြောပြလို့မဖြစ်ဘူး"
ယဲ့ပေသည် မျက်မှောင်ကြုတ်ကာ သူ၏ခေါင်းကို အောက်သို့ငုံထားပြီး ပြောဆိုသည်။
"မင်း ဘာလို့မပြောနိုင်တာလဲ"
ဟန်ထန်းကြွယ်က ထပ်မံ၍မေးမြန်းသည်။
"ဒါက ကျွန်တော် ပြောမပြချင်တာမဟုတ်ဘူး...ဒါပေမယ့်...."
ယဲ့ပေ၏မျက်နှာပေါ်၌ အခက်တွေ့နေသော အမူအယာမျိုး ထင်ဟပ်နေသည်။ သူ့ဆရာသခင်၏ဒေါသကြီးမှုကိုသာမက သူ့အားအလွန်အမင်းချစ်မြတ်နိုးသဖြင့် ကျင့်ကြံနည်းစနစ်များကိုပင် မချွင်းမချန်သင်ကြားပေးထားကြောင်း သူ ကောင်းစွာသိရှိထားသည်။ အကယ်၍ အနက်ရောင်ဝတ်စုံဝတ်လူ၏ခြိမ်းခြောက်မှုကိုသာ သူ၏ဆရာသခင်သိရှိသွားပါက အကြောင်းအရင်းကို ဂရုစိုက်မစိုက်မည်မှာ သေချာပေါက်ပင်။ သူသည် တစ်ဖက်လူ၏အဆင့်အတန်းကို သိရှိလျှင်ပင် သူ၏ဓားကိုကိုင်ဆွဲ၍ တရားမျှတမှုကိုရှာဖွေရန် သွားပေလိမ့်မည်။
သို့ရာတွင် အကယ်၍ သူ၏ဆရာသခင်သည် အနက်ရောင်ဝတ်စုံဝတ်လူကို သွားရောက်ရှာဖွေပါက မည်သည့်နည်းဖြင့်ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။
ထို့ပြင် ထိုအနက်ရောင်ဝတ်စုံဝတ်လူထက်ပို၍ လျှို့ဝှက်ဆန်းကြယ်သော လူငယ်ရှိနေသည်။
သူ၏ဆရာသခင်ကို သိုင်းပညာခန်းမအတွင်း၌ ဝမ်းနည်းဖွယ်ရာ သေဆုံးသွားသည်ကို သူ မမြင်တွေ့လိုသဖြင့် သူ၏စိတ်ကိုတင်းကာ ဆက်လက်၍ပြောဆိုလိုက်၏။
"ဆရာသခင်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ခွင့်လွှတ်ပေးပါ...ကျွန်တော် တကယ့်ကို ပြောမရလို့ပါ"
"ငါ့အတွက်ကြောင့်လား"
ဟန်ထန်းကြွယ်၏လေသံ တင်းမာသွားသည်။
"ဒါက ငါ့အတွက်ကြောင့်လို့တော့ မင်း ငါ့ကို မပြောနဲ့"
"ဆရာသခင်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ခွင့်လွှတ်ပေးပါ...ကျွန်တော် တကယ့်ကို ပြောမရလို့ပါ"
ယဲ့ပေသည် ခေါင်းမာမာနှင့် ငြင်းဆန်နေဆဲပင်။
"ကောင်းတယ်...အရမ်းကောင်းတယ်"
"မင်းတောင် အာခံတတ်လာပြီပဲ"
ဟန်ထန်းကြွယ်သည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်ပြီးနောက် သူ၏သိုင်းဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်စွမ်းအားကို ထုတ်လွှတ်ကာ ယဲ့ပေကိုဖိနှိပ်လိုက်သည်။
"ခရက်...."
ယဲ့ပေ၏ခြေထောက်အောက်ရှိကျောက်ပြားသည် သူ ပြင်းထန်သောဖိအားကို တောင့်ခံရသဖြင့် ကြေမွှပျက်စီးသွားသည့်တိုင် သူသည် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"ဆရာသခင်....ကျေးဇူးပြုပြီးတော့ ထပ်မမေးပါနဲ့တော့...ကျွန်တော် တကယ့်ကို ပြောလို့မရဘူး"
"ခုထိ ပြောမရတုန်းပဲလား"
ဟန်ထန်းကြွယ်သည် သူ၏လက်ကိုဝှေ့ယမ်းကာ သူ၏မူလဘူတချီဖြင့် ဤနေရာပတ်ဝန်းကျင်တဝိုက်ကို လွှမ်းခြုံလိုက်သည်။ သူသည် ယဲ့ပေကို ကျောက်နံရံကြီးတစ်ခုထံသို့ ပြင်းပြင်းထန်ထန် ပစ်ပေါက်လေသည်။ ယဲ့ပေသည် ကျောက်နံရံနှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိကာ အောက်သို့ပြုတ်ကျလာသည်။
ထို့နောက် ယဲ့ပေသည် ခြိမ်းခြောက်လိုသောအမူအယာဖြင့် ချဥ်းကပ်သွားကာ အေးစက်တင်းမာစွာပြောဆိုသည်။
"တကယ်လို့ မင်း စကားပြောဖို့ ငြင်းဆန်နေအုံးမယ်ဆိုရင်...ငါ မင်းရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီးတော့ မင်းနဲ့ငါကြားက ဆရာတပည့်ဆက်ဆံရေးကို ရပ်စဲလိုက်တော့မယ်...သဘာဝရတနာတွေ တောင်းဆိုဖို့ကတော့ မင်း နည်းနည်းလေးတောင် ထပ်ပြီးမစဥ်းစားနဲ့"
ထိုစကားနှင့်အတူ ဟန်ထန်းကြွယ်၏လက်မှနေ၍ မူလဘူတချီများ တလိမ့်လိမ့်ထလာသည်။
"ဆရာသခင်....ဘာလို့ ကျွန်တော်ကို ဒီလိုမျိုးဖိအားပေးနေတာလဲ"
ယဲ့ပေသည် နာကျင်ရှုံမဲ့နေသော မျက်နှာအမူအယာဖြင့် ပြောဆိုလေ၏။
ဟန်ထန်းကြွယ်၏မျက်နှာသည် အေးစက်တင်းမာနေဆဲပင်။ ယဲ့ပေ စကားမပြောဆိုသေးသည်ကိုကြည့်ပြီး ဟန်ထန်းကြွယ်သည် သူ၏လက်ဝါးကို သူ၏မျက်ခုံးပေါ်သို့ တင်လိုက်သည်။
ယဲ့ပေ အကျပ်အတည်းတွေ့နေသည်ကို သူ မည်သည်ကြောင့် မမြင်ဘဲနေမည်နည်း....
အကယ်၍ ဤနည်းလမ်းကိုသာ အသုံးမပြုပါက မည်သည့်နည်းဖြင့် သူ ယဲ့ပေ ပြောထွက်လာစေရန် ဖိအားပေးနိုင်မည်နည်း....
တိကျသေချာစွာပင်....
ထိုအခြင်းအရာကို မြင်တွေ့ချိန်တွင် ယဲ့ပေ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သောအမူအယာများ ချက်ချင်းထင်ဟပ်လာကာ အလျှင်အမြန် အော်ဟစ်လိုက်၏။
"ကျွန်တော် ပြောပြမယ်"
ထိုစကားကိုကြားချိန်တွင် ဟန်ထန်းကြွယ်သည် သူ၏လက်ကို ဖြည်းညှင်းစွာအောက်သို့ချကာ ယဲ့ပေကို စူးစိုက်၍ကြည့်လိုက်သည်။
"ဒါပေမယ့် ဆရာသခင်...ဒီစကားတွေကို စိတ်တည်ငြိမ်အောင်ထားပြီးတော့ နားထောင်ပေးပါ....အဲ့ဒီကိစ္စက တကယ်တော့ ကျွန်တော်ကြောင့် ဖြစ်လာတာပါ...အရင်ဆုံးမှားခဲ့တဲ့လူက ကျွန်တော်ပဲ...ပြီးတော့ သူတို့ရဲ့စွမ်းအားတွေက အရမ်းနက်နဲသိမ်မွေ့တယ်....ဆရာသခင်တောင် သူတို့ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး"
ယဲ့ပေက အလျင်စလို သတိပေးလေသည်။
သူသည် သိုင်းပညာခန်းမ၌ ဖြစ်ပျက်ခဲ့သမျှ ကိစ္စများနှင့် နောက်ပိုင်းတွင် အနက်ရောင်ဝတ်စုံဝတ်လူနှင့် ဆုံတွေ့ခဲ့ရသည်အထိ အရာရာတိုင်းကို ပြောပြလိုက်၏။
သို့ရာတွင် သူ၏စကား အဆုံးသတ်ပြီးနောက် ဟန်ထန်းကြွယ်၏မျက်နှာအမူအယာကို တစ်ချက်ကြည့်လိုက်မိစဥ်တွင် ယဲ့ပေသည် သူ ကံဆိုးမိုးမှောင်ကျတော့မည်ဟု တိတ်တဆိတ်တွေးတောလိုက်မိသည်။
တိကျသေချာစွာပင် ဟန်ထန်းကြွယ်သည် ချက်ချင်းဒေါသူပုန်ထသွားလေ၏။
"ဒီကိစ္စကို ဘယ်လိုလုပ်ပြီးတော့ ခွင့်ပြုနိုင်မှာလဲ"
"သူတို့ကို သတ်ဖို့အတွက် ငါနဲ့အတူ လိုက်ခဲ့စမ်း"
တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် အတူယှဥ်တွဲ၍ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော ဓားပျံတစ်စင်းသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံ့လွင့်သွားသည်။ ဟန်ထျန်းကြွယ်သည် ထိုဓားပျံပေါ်သို့ခြေချကာ တစ်ချိန်တည်းမှာပင် ယဲ့ပေကိုဖမ်းဆုပ်၍ တောင်ပေါ်မှဆင်းခဲ့တော့သည်။
Chapter 182
"ဆရာသခင် ဒီလိုလုပ်လို့မရဘူး...ဆရာ ဒီလိုလုပ်လို့မရဘူး"
ယဲ့ပေသည် စိုးရိမ်ပူပန်တကြီးအော်ဟစ်ကာ သူ၏စိတ်နှလုံးသားတစ်ခုလုံး ရှုပ်ထွေးပွေလီသော ခံစားချက်များနှင့် ပြည့်နှက်နေသည်။
ဤကိစ္စကို သူ ထုတ်မပြောသင့်သည်အား သူ သိရှိသည်။
အကြောင်းအရင်းမှာ သူ၏ဆရာသခင်သည် သွေးဆူတတ်သော စိတ်နေသဘောထားရှိရုံသာမက အကြောက်အလန့်ကင်းပြီး အဆင်အခြင်မဲ့သူအဖြစ်လည်း နာမည်ကျော်ကြားသူတစ်ယောက်ပင်။
အမှန်အားဖြင့် သူ ထိုကဲ့သို့ အဆင်အခြင်မဲ့မှုကြောင့်လည်း သူ့ထံတွင် ထူးခြားသောပါရမီအရည်အချင်းမရှိသည့်တိုင် ကြီးမားစွာအောင်မြင်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ အတိတ်တွင်ဆိုပါက သူသည် ဟန်ထန်းကြွယ်၏စိတ်သဘောအတိုင်း လိုက်ပါသွားမိမည်မှာ သေချာပေါက်ပင်။ သို့ရာတွင် ဤတစ်ကြိမ်တွင်မူ လုံးလုံးလျားလျား ကွဲပြားခြားနားနေပေ၏။
သိုင်းပညာခန်းမရှိ လူငယ်လေးနှင့်အနက်ရောင်ဝတ်စုံဝတ်လူတို့သည် သိုင်းအင်ပါယာထက်ကျော်လွန်သော တည်ရှိမှုကြီးများဖြစ်နိုင်ကြောင်း ယဲ့ပေက ခန့်မှန်းမိသည်။
ဤကဲ့သို့ ကြီးမားသောစွမ်းအားရှိသူများကို သိုင်းဘိုးဘေးနယ်ပယ်မျှသာရှိသော သူ၏ဆရာသခင် သွားရောက်တိုက်ခိုက်ပါက သေလမ်းရှာဖွေခြင်းသာမဟုတ်လော...
"ဆရာသခင်..."
ဟန်ထန်းကြွယ်သည် သူ၏သတိပေးစကားကို အရေးမစိုက်သည်အားကြည့်ပြီး ယဲ့ပေ၏မျက်နှာ ဖြူရော်သွားသည်။ ထို့နောက် သူသည် ဖြူရော်နေသောမျက်နှာနှင့် စိမ်းပြာရောင်အလင်းတန်းများ ဖြာထွက်နေသောဓားကို သူ၏လည်ပင်းပေါ်သို့ ဖိနှိပ်လိုက်၏။
"တပည့်...မင်း...."
ထိုမြင်ကွင်းကိုကြည့်ပြီး ဟန်ထန်းကြွယ်၏ဓားပျံ လေထု၏အလယ်မှာပင် ရပ်တန့်သွားသည်။
"ဆရာသခင်....ကျေးဇူးပြုပြီးတော့ ဒီတပည့်ရဲ့အကြံပေးမှုကို နားထောင်ပါအုံး...ကျွန်တော်တို့က သူတို့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး...ပြီးတော့ သူတို့နဲ့အဆင့်တူမှာ ရှိဖို့ဆိုတာတောင် မနီးစပ်ဘူး"
ယဲ့ပေက စိုးရိမ်ပူပန်စွာ ပြောဆိုသည်။
"ပြီးတော့ အဲ့ဒီကိစ္စက သူတို့ရဲ့အပြစ်မဟုတ်ဘူး...အရင်ဆုံး ပြဿနာရှာခဲ့တဲ့သူက ကျွန်တော်ပဲ...ဆရာက ကျွန်တော်ကို သဘာဝစိတ်ဝိညာဥ်ရတနာ မပေးနိုင်ရင်တောင် ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်ပဲ ဖြေရှင်းဖို့ လွှတ်ထားပေးလို့မရဘူးလား"
"မင်း..."
ဟန်ထန်းကြွယ်သည် လေးလံစွာသက်ပြင်းတစ်ချက်ရှိုက်၍ သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းပြီးနောက် ယဲ့ပေ၏ကျင့်ကြံဆင့်ကို ချိပ်ပိတ်လိုက်၏။
"ဆရာသခင်...ဒါက..."
ယဲ့ပေ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ဟန်ထန်းကြွယ်သည် သူ၏လက်ကိုဝှေ့ယမ်းပြီး ကြားဖြတ်ဟန့်တားကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်းရဲ့ကျင့်ကြံဆင့်ကို ငါ ချိပ်ပိတ်လိုက်ပေမယ့် ဒီနေ့ မင်းရဲ့အကြံပေးမှုကို ငါ နားထောင်မယ်"
"ဒါပေမယ့် ငါ့ရဲ့ဓားလမ်းစဥ်ကို မင်းသိသားပဲ...ငါ သိုင်းအရှင်နယ်ပယ်ကိုရောက်တာနဲ့ မင်း ငါနဲ့အတူ တောင်အောက်ကိုဆင်းရမယ်"
ထိုသို့ပြောဆိုပြီးနောက် ဟန်ထန်းကြွယ်သည် သူ၏ဓားကိုဆွဲကိုင်ကာ ထွက်ခွာသွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ယဲ့ပေသည် သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ခေါင်းကို ခါယမ်းလိုက်၏။
သူ၏ဆရာသခင်ထံတွင် 'ဓားအရူး'ဟူသော နာမည်ပြောင်ရှိပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ဓားလမ်းစဥ်ကိုရှာဖွေရင်း သေဆုံးရန်သာ ဆန္ဒရှိသည်။ ထို့ကြောင့် သူ၏ဆရာသခင်အား ယနေ့တွင် နောက်သို့ခြေတစ်လှမ်းဆုတ်ရန် လုပ်ကိုင်ရသည်မှာ လွယ်ကူသောကိစ္စမဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏ကျင့်ကြံဆင့်ကို ချိပ်ပိတ်ထားသဖြင့် နန်ရှား၏တောင်ပိုင်းအကျဆုံးနေရာတွင် ရောက်ရှိနေသော သူသည် သိုင်းပညာခန်းမနှင့် မိုင်ထောင်သောင်းချီ၍ဝေးကွာသောနေရာ၌ ရှိနေသည်။ သူ ထိုနေရာသို့သွားနိုင်ရန် နည်းလမ်းမရှိချေ။
ဟန်ထန်းကြွယ်သည် သိုင်းအရှင်နယ်ပယ်သို့ အလျှင်အမြန် ချိုးဖျက်ဝင်ရောက်ခြင်း မပြုနိုင်ရန်ကို သူ မျှော်လင့်ရုံသာ တတ်နိုင်တော့သည်။
...
"ဓားအလင်းက အလျားလိုက် ကျောက်စိမ်းနဂါးပေါ်မှာ အေးစက်စက်ရောင်ပြန်ဟပ်နေတယ်..."
"ညအချိန်မှာ စိတ်လန်းဆန်းပြီးတော့ ကြည်လင်တယ်"
"ဒီကဗျာက ဘာမှမထူးခြားပေမယ့်...ဘယ်လောက်တောင်ကောင်းမွန်တဲ့ လက်ရေးလှစာလုံးတွေလဲ"
သိုင်းပညာခန်းမအတွင်း၌ ရီဖုန်းသည် သူ၏စုတ်တံကိုချပြီးနောက် သူ၏လက်ရေးလှစာလုံးများကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။
"ရက်တွေကိုရေတွက်ကြည့်ရင်...ဒီအချိန်က ငါ့ရဲ့အတိတ်ဘဝမှာဆိုရင် နှစ်သစ်ကူးနေ့ဝန်းကျင်မှာပဲ"
ပြတင်းပေါက်၏ပြင်ပရှိ အေးစက်စက်အငွေ့အသက်များကိုကြည့်ပြီး ရီဖုန်းက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ငါက နှစ်သစ်ကူးနေ့အတွက် တခြားကာရန်တူနှစ်ကြောင်းစပ်ကဗျာကို ရေးစပ်ရမယ်"
ရီဖုန်းသည် အနီရောင်စာရွက်လိပ်နှစ်လိပ်ကို ထုတ်ယူကာ ရေးသားပြီးနောက် စိတ်ကျေနပ်မှုရရှိသွားပုံဖြင့် ခေါင်းညိတ်လေသည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"တပည့်လေး....အခု မင်း နေကောင်းနေပြီ....လေးလံထိုင်းမှိုင်းနေတာတွေကို ရပ်လိုက်တော့...ဒီစာလိပ်တွေကို တံခါးဝမှာ မြန်မြန်သွားကပ်လိုက်စမ်း"
"ဟုတ်ကဲ့ပါ ဆရာသခင်"
ကျုံးချင်သည် ကြီးမားပြီးပွယောင်းသည့် ဝါဂွမ်းအနွေးထည်ကြီးကို ဝတ်ဆင်ထားကာ ပျင်းရိစွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်ပြီး ရီဖုန်း၏စာလိပ်များကို ပြင်ပသို့ယူဆောင်သွားသည်။
ထိုစာလိပ်များကိုကပ်ပြီးနောက် သူသည် ရီဖုန်း၏နံဘေးသို့ ပြန်လည်ရောက်ရှိလာသည်။
"တပည့်လေး...အခု မင်းရဲ့ဒဏ်ရာတွေလည်း ပြန်ကောင်းသွားပြီ...သိုင်းပညာရပ်တွေကို ဝီရီယရှိရှိ လေ့ကျင့်တော့"
ကျုံးချင်ကိုကြည့်ပြီး ရီဖုန်းက အပြုံးနှင့်ပြောဆိုလိုက်၏။
"ပြီးတော့ ငါ မင်းကို သိပ်မကြာသေးခင်က ဓားတစ်ချောင်းပေးထားတယ်...ဒါပေမယ့် ကြည့်ရတာတော့ ငါ မင်းကို ခုထိ ဘာဓားနည်းစနစ်မှ သင်မပေးရသေးပုံပဲ"
"ဟုတ်ပါတယ် ဆရာသခင်.."
ကျုံးချင်သည် သူ၏ဓားရှည်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ နာခံရို့ကျိုးစွာဖြင့် ခေါင်းညိတ်ပြလေသည်။
"ငါ့ရဲ့ဓားနည်းစနစ်က နတ်ဘုရားနဲ့ယှဥ်ပြိုင်နိုင်တဲ့အဆင့်ကို ရောက်နေတာကြောင့် ငါက ပုံစံသုံးမျိုးအဖြစ် အကျဥ်းချုံးထားတယ်....ဒီနေ့ ငါ မင်းကို အဲ့ဒီပုံစံသုံးမျိုးကို သင်ပေးမယ်"
ရီဖုန်းက နူးညံညင်သာစွာပြောဆိုကာ သူ၏စုတ်တံကို အောက်သို့ချလိုက်သည်။
"ဆရာသခင်...အဲ့ဒီပုံစံသုံးမျိုးက ဘာလဲဆိုတာ ကျွန်တော် မေးလို့ရမလား"
ကျုံးချင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
"ထိုး...ခုတ်...ဖြတ်..."
ရီဖုန်းက ရယ်မောလိုက်၏။
"မှတ်ထားပါ...ဓားနည်းစနစ်ရဲ့ပြောင်းလဲမှုတွေအားလုံးက ဒီပုံစံသုံးမျိုးကနေပဲ ဆင်းသက်လာတာ...မင်း ဒီပုံစံတွေကို ကောင်းကောင်းလေ့ကျင့်နိုင်သရွေ့ မင်းလက်ထဲမှာရှိတဲ့ဓားက ချောချောမွေ့မွေ့ လှုပ်ရှားနိုင်လိမ့်မယ်"
ထိုစကားကိုပြောဆိုပြီးနောက် ရီဖုန်းသည် ဓားရှည်ကိုယူကာ ပုံစံသုံးမျိုးကို ကျုံးချင်အတွက် သရုပ်ပြလိုက်သည်။
ထို့နောက် ဓားကိုရွှမ်းခနဲတစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူသည် ဓားကို ကျုံးချင်ထံ ပြန်ပေးလေသည်။
"ဒီနေ့ကနေစပြီးတော့...အဲ့ဒီပုံစံသုံးမျိူးကို လေ့ကျင့်ပါ"
"ဟုတ်ကဲ့ပါ ဆရာသခင်"
ကျုံးချင်က ခေါင်းကုတ်လိုက်သည်။ ရီဖုန်းသည် မည်သည်ကြောင့် ဤသာမည်ညောင်ညဖြစ်ပုံရသော ပုံစံများကို လေ့ကျင့်စေလိုကြောင်း သူမသိရှိချေ။ သို့ရာတွင် ရီဖုန်း၏စကားကို သူ ချွင်းချက်မရှိ နာခံရပေမည်။
ဆောင်းဦးရာသီ တဖြည်းဖြည်းကုန်ဆုံးကာ....
ဆောင်းရာသီသို့ ရောက်ရှိလာလေပြီ။
ပြင်ပတွင် ဘဲမွှေးများနှင့်တူညီသော နှင်းပွင့်များ ကျဆင်းနေသည်။
နေ့ရက်များ ပုံမှန်အတိုင်း ဖြတ်သန်းနေသည်။
ဝူယုံဟုန်တို့သုံးယောက်သည် မြေလွတ်မြေရိုင်းကို ခုတ်ထွင်ရှင်းလင်းနေကြဆဲပင်။ ဤအချိန်အတောအတွင်းတွင် သူတို့သည် ရာသီဥတုဒဏ်ကြောင့် မြေကွက်၏တစ်ဝက်ခန့်ကိုသာ ခုတ်ထွင်ရှင်းလင်းနိုင်ခဲ့သည်။
သူတို့၏နှေးကွေးသော တိုးတက်မှုဖြစ်စဥ်ကြောင့် လုသရှန်း၏မိလ္လာများ သယ်ဆောင်ခြင်းသည် ပို၍လွယ်ကူလာကာ သာမာန်အားဖြင့် မွန်းလွဲပိုင်းမရောက်မီ ပြီးဆုံးသွားလေ့ရှိသည်။
ဝေခွဲရခက်စေသောအချက်တစ်ချက်မှာ သူသည် နေ့လည်ပိုင်းတွင် အနားယူနိုင်သော်လည်း မိလ္လာကျင်းအတွင်း၌ မှောင်ချိန်အထိနေနေကာ သူ၏အသက်ရှုသံများအားတွင် တီးတိုးရေရွတ်ပြီး နားမလည်နိုင်သောအသံများကို ရံဖန်ရံခါ အော်ဟစ်နေသည်။
ကျုံးချင်သည် သူ၏ဓားရှည်ကိုဝှေ့ယမ်းကာ ထိုး ခုတ် ဖြတ်ဟူသော ပုံစံသုံးမျိုးကို နေ့စဥ်ရက်ဆက် လေ့ကျင့်နေခဲ့သည်။
သို့ရာတွင် အရိုးစုသည် ပြဿနာတချို့ရှာနေပုံရပြီး အိပ်ယာအောက်တွင် ရီဖုန်းသိမ်းဆည်းထားသော ရွှေပြားများ ရံဖန်ရံခါ ပျောက်ဆုံးနေသည်။
အမှန်အားဖြင့် ရီဖုန်းသည် လက်ရေးလှလေ့ကျင့်ရာ၌ စိတ်နှစ်ထားသဖြင့် ထိုကိစ္စများကို အရေးစိုက်နေရန် အချိန်မရှိချေ။
တခြားကာရန်တူနှစ်ကြောင်းစပ်ကဗျာတစ်ပုဒ်ကို ရေးသားပြီးနောက် ရင်းနှီးကျွမ်းဝင်သောအသံတစ်သံက သူ၏စိတ်အတွင်း၌ မြည်ဟီးလာသည်။
"ဒင်...လက်ခံသူကို ဂုဏ်ပြုပါတယ်...မင်းရဲ့လက်ရေးလှပညာရပ်က နတ်ဘုရားနဲ့ယှဥ်ပြိုင်နိုင်တဲ့အဆင့်ကို ရောက်သွားပါပြီ"
"နောက်ဆုံးတော့ အောင်မြင်သွားပြီ"
ရီဖုန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ သူ အသစ်စက်စက်ရေးသားထားသော ကဗျာစာလိပ်ကို ကြည့်လိုက်သည်။ ရီဖုန်းသည် ကျုံးချင်ကို အော်ခေါ်လိုက်၏။
"တပည့်လေး...တံခါးဝက စာလိပ်တွေကို ခွာပြီးတော့ ဒီအသစ်တစ်ခုနဲ့ အစားထိုးလိုက်အုံး"
"ဟုတ်ကဲ့ပါ ဆရာသခင်"
ကျုံးချင်သည် ဓားရှည်ကိုသိမ်းဆည်းကာ ကဗျာစာလိပ်ဟောင်းများကိုခွာကာ အသစ်များကိုကပ်လိုက်သည်။
"ဆရာ့ရဲ့လက်ရေးလှစာလုံးတွေက အရမ်းလှတာပဲ"
ကျုံးချင်သည် လက်ခုပ်တီးကာ အတွင်းသို့ပြန်ဝင်ရန်အတွက် သူ့ခြေထောက်အောက်ရှိ နှင်းများပေါ်သို့ ခြေဆောင့်နင်းလိုက်၏။
"ဘုန်း..."
ရုတ်တရက် မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိရသော အရိပ်တစ်ရိပ်သည် ကျုံးချင်၏ခြေထောက်ရှေ့သို့ ကျရောက်လာသည်။
ထိုလူသည် အသက်ကိုပင်ပင်ပန်းပန်းရှုနေရပြီး သူ၏ပါးစပ်မှ သွေးများယိုစီးကျလာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
ကျုံးချင်သည် ကြက်သေသေသွားလေ၏။
သူ မည်သည့်မေးခွန်းမျှ မမေးရသေးမီမှာပင် ကြီးမားသောဓားတစ်လက်ကို ကိုင်ဆောင်ထားသည့် လူတစ်ယောက်သည် မလှမ်းမကမ်းအကွာအဝေးမှနေ၍ ချဥ်းကပ်လာကာ ဒဏ်ရာရရှိထားသောလူကို အထက်စီးမှနေ၍ ငုံကြည့်လိုက်သည်။
"ဟေးကျင်း...မင်းက မိုင်ထောင်နဲ့ချီပြီး ဝေးလာတာတောင် ငါ့ကိုလိုက်ဖမ်းနေတုန်းပဲ...ဘာလို့လဲ"
ဒဏ်ရာရထားသောလူကြီး၏ မျက်နှာပေါ်တွင် မလိုလားမှုများနှင့် ပြည့်နှက်နေကာ သူက အော်ဟစ်လေသည်။
"ငါက နန်ရှားမှာ အတော်ဆုံးဓားသမားဆိုတာကို သက်သေပြချင်တာပဲ"
ဟေးကျင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်း အဲ့ဒါကို သက်သေပြပြီးပြီလေ...ဘာလို့ ငါ့ကို သတ်ဖြတ်ဖို့ ကြံစည်နေတာလဲ"
ဒဏ်ရာရနေသောလူက အော်ဟစ်လိုက်သည်။
"အကြောင်းအရင်းကတော့ ငါ့ရဲ့ဓားအောက်မှာ ဘယ်တုန်းကမှ အသက်ရှင်ကျန်ရစ်တဲ့သူ မရှိစေရဘူး...ဒါကြောင့် မင်း သေရမယ်"
ဟေးကျင်းသည် အေးစက်စက်လေသံဖြင့်ပြောဆိုကာ နှင်းများပေါ်သို့ခြေချ၍ချဥ်းကပ်လာပြီး သူ၏ဓားကို အောက်သို့ခုတ်ပိုင်းရန်အတွက် မြှောက်လိုက်၏။
"ရပ်လိုက်စမ်း"
ရုတ်တရက် ကျုံးချင်၏မျက်နှာ နီမြန်းသွားကာ ဒဏ်ရာရထားသူ၏ရှေ့တွင် မတ်တတ်ရပ်ပြီး အော်ဟစ်လိုက်သည်။
"ငါတို့သိုင်းပညာခန်းမရဲ့တံခါးရှေ့မှာ တိုက်ခိုက်ဖို့ကို ခွင့်မပြုဘူး"
ဟေးကျင်းသည် ကျုံးချင်ကို တစ်ချက်မျှသာကြည့်ပြီး လျစ်လျှူရှုထားကာ အော်ဟစ်ကြုံးဝါးသံတစ်သံနှင့်အတူ သူ၏ဓားကြီးကို မြှောက်လေသည်။
"မြန်မြန်ပြေးတော့"
ဒဏ်ရာရထားသောလူသည် ကျုံးချင်ကိုကြည့်ကာ အသည်းအသန် အော်ဟစ်လိုက်သည်။
သို့ရာတွင် ဟေးကျင်း၏ဓားကြီးသည် ကျုံးချင်၏ခေါင်းထက်သို့ ရောက်ရှိနေလေပြီ။
ထိုဓားချက်သည် အကန့်အသတ်မရှိသောဖိအားကိုသယ်ဆောင်လာကာ အောက်သို့ပြင်းပြင်းထန်ထန် ကျဆင်းလာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဒဏ်ရာရထားသောလူကြီး၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ အကြောင်းအရင်းမှာ ဤဓားချက်ဖြတ်သန်းသွားပါက မည်သည့်အရာမျှ ကြွင်းကျန်မည်မဟုတ်သောကြောင့်ပင်။
မည်မျှထိ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသနည်း...
သူ မသေဆုံးမီ သူ့ရှေ့ရှိကလေးတစ်ယောက်ကို ပါဝင်ပတ်သတ်စေမိခဲ့သည်။
သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။
"ဒေါင်..."
သို့သော် ထိုအချိန်မှာပင် ဒေါင်ခနဲအသံတစ်သံက သူ၏နားအတွင်း၌ မြည်ဟီးလာသည်။ သူသည် ရုတ်တရက် သူ၏မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ သူ့ရှေ့ရှိကောင်လေးသည် ထိုဓားချက်ကို ပိတ်ဆို့ဟန့်တားထားကြောင်း သူ မြင်တွေ့လိုက်ရသည်။
ဘုန်း...
ကြီးမားသောတုန်ခါသံကြီးနှင့်အတူ ဟေးကျင်း၏ဓားကြီးသည် မြေကြီးအတွင်းသို့ ပေဝက်ခန့် နစ်မြုပ်သွားတော့သည်။
"ငါ့ရဲ့သိုင်းပညာခန်းမ တံခါးရှေ့မှာ မတိုက်ခိုက်ရဘူးလို့ ငါ မင်းကို ပြောထားတယ်လေ....မင်း ဘာလို့နားမထောင်တာလဲ"
ကျုံးချင်၏မျက်နှာသည် နီမြန်းနေကာ သူသည် စိတ်မကြည်မသာဖြင့် အော်ဟစ်လိုက်၏။
Chapter 183
ဟန့်တားလိုက်သလော....
ဤမြင်ကွင်းသည် ဒဏ်ရာရထားသောလူကို ကြက်သေသေသွားစေသည်။ သူ၏လည်မျိုအတွင်း၌ ငါးရိုးတစ်ချောင်းစူးသွားသည့်အလား သူ ခံစားလိုက်ရကာ စကားတစ်ခွန်းမျှ မပြောဆိုနိုင်တော့ချေ။
ဤသည်မှာ ဟေးကျင်းပင်။
သူ့အား မိုင်ထောင်နှင့်ချီ၍ လိုက်လံသတ်ဖြတ်နေသော ပြိုင်ဘက်ကင်းဓားနတ်ဆိုးသည် သိုင်းအရှင်နယ်ပယ်သို့ ခြေတစ်လှမ်းချထားနိုင်သူပင်။ သို့ရာတွင် ဟေးကျင်း၏ဘဝတွင် အလွန်တန်ဖိုးထားသော သူ၏အဖိုးတန်ရတနာဓားသည် ဤကောင်ငယ်လေး၏ဓားချက်တစ်ချက်တည်းဖြင့် လွင့်ထွက်သွားခဲ့သလော...
ဤသည်မှာ မည်ကဲ့သို့ မှော်အတတ်မျိုးဖြစ်သနည်း...
ဟေးကျင်းသည်လည်း ကြက်သေသေလုနီးပါးဖြစ်နေကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှု တုန်လှုပ်ချောက်ချားမှုတို့ဖြင့် ပြည့်နှက်နေပြီး သူ့ရှေ့ရှိ ကောင်ငယ်လေးကို စူးစိုက်၍ကြည့်နေသည်။
ဤပိန်သေးသေးခန္ဓာကိုယ်ပိုင်ရှင်ထံမှနေ၍ အလွန်ကြီးမားသောစွမ်းအားများ ပွင့်အံ့ထွက်လာကာ သူ၏ဓားကို လွင့်ထွက်သွားစေရုံသာမက သူ၏လက်မှအရိုးများအားလုံးကိုပင် ကျိုးပဲ့သွားစေသည်။
သို့သော် မကြာမီမှာပင် သူ၏မျက်နှာပေါ်တွင် ကြီးမားသောရှက်ရွံမှုများဖြင့် ပြည့်နှက်သွားလေ၏။
ဓားသမားတစ်ယောက်အတွက် အကြီးမားဆုံးအရှက်ရစရာမှာ တစ်စုံတစ်ယောက်၏လက်ချက်ဖြင့် သူ၏လက်အတွင်းမှဓား လွင့်ထွက်သွားခြင်းပင်။
ဤကဲ့သို့ အရှက်ရမှုမျိုး...
သူ သေသွားသည့်တိုင် ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မည်မဟုတ်ချေ။
သူသည် ဤကောင်ငယ်လေး၏ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်သည့်တိုင် အလွန်အမင်း အရှက်ရခဲ့မှုကြောင့် သူသည် ဤကောင်ငယ်လေးကို သူ၏ဓားအောက်၌ ပြင်းပြင်းထန်ထန် သတ်ဖြတ်လိုခဲ့သည်။
ရူးသွပ်မှုများ သူ၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားခြင်းနှင့်အတူ သူ၏ဓားရှည်ထံ တဟုန်ထိုးပြေး၍ မြေကြီးအတွင်းမှဆွဲထုတ်ရန်ရည်ရွယ်ပြီး ဓားရိုးကိုဆုပ်ကိုင်လိုက်၏။
"အမ်..."
သို့ရာတွင် သူ၏ခွန်အားကို ထုတ်ဖော်လိုက်ချိန်တွင် သူ၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားသည်။ အကြောင်းအရင်းမှာ သူ၏ဓားကို ပြင်ပသို့ ဆွဲထုတ်နိုင်စွမ်း မရှိသောကြောင့်ပင်။
ထိုကိစ္စကို ယုံကြည်လက်ခံရန် ငြင်းဆန်ပြီး သူသည် အားကုန်အသုံးပြု၍ နောက်တစ်ဖန် ကြိုးစားလိုက်သည်။
ဤတစ်ကြိမ်တွင် သူ၏ခွန်အား တစိုးတစိမျှမကျန်သည်အထိ အသုံးပြုထားသော်လည်း မြေပြင်အတွင်း၌ စိုက်ဝင်နေသောဓားသည် အနည်းငယ်မျှပင် ကြွတက်မလာချေ။
ဤသည်မှာ မည်သည်....မည်သည့်ကြောင့် ဖြစ်နိုင်မည်နည်း....
နောက်ဆုံး၌ ဟေးကျင်း၏စိတ်နှလုံးသားအတွင်းတွင် ဒီရေအလား လှိုင်းထန်နေကာ သူ၏မျက်လုံးများ ကျွတ်ထွက်လုမတတ်ပင်။
ဤတစ်ကြိမ်တွင် သူသည် အမှန်တကယ် ထိတ်လန့်ကြောင်ရွံသွားကာ နောက်ဆုတ်ရန်ရည်ရွယ်ချက်သည် ပထမဆုံးအကြိမ်အဖြစ် သူ၏စိတ်နှလုံးသားအတွင်း၌ ထွက်ပေါ်လာသည်။
သို့ရာတွင် သူ ထွက်ခွာရန် ဟန်ပြင်လိုက်စဥ်မှာပင် ထိုကောင်လေး၏မျက်နှာသည် နီမြန်းနေကာ သူ့အား ဒေါသတကြီးစူးစိုက်ကြည့်နေသည်ကို သူ မြင်တွေ့မိလေ၏။
"ကျေးဇူးမသိတတ်တဲ့ ငတုံးကောင်...ငါ မင်းကို ရပ်ဖို့ပြောခဲ့ပေမယ့် မင်းက ခေါင်းမာမာနဲ့ တိုက်ခိုက်ခဲ့တယ်....အခုထိ မင်းက ဓားကိုဆွဲထုတ်ပြီးတော့ ငါ့ကို တိုက်ခိုက်ချင်တုန်းပဲလား...ငါ အခု အရမ်းဒေါသထွက်သွားပြီ...ကြည့်ရတာတော့ ငါ မင်းကို သင်ခန်းစာတစ်ခု ပေးမှရမယ့်ပုံပဲ"
ထိုစကားကိုပြောဆိုရင်း ကျုံးချင်သည် သူ၏ဆေဘာဓားကိုမြှောက်ပြီး ဟေးကျင်းကို ခုတ်ပိုင်းလိုက်သည်။
ဤသည်မှာ မည်သည့်တန်ဆာဆင်ခြင်းမျှမရှိ ခွန်အားများစွာစိုက်ထုတ်ထားခြင်းလည်း ရှိပုံမရသော အလွန်ရိုးရှင်းသည့် ဓားချက်တစ်ချက်ဖြစ်သော်လည်း ဟေးကျင်းအား ကြီးမားသောအန္တရာယ်အငွေ့အသက်ကို ခံစားရစေသည်။ သူသည် အဝေးသို့တိမ်းရှောင်ကာ အပိုဓားတစ်လက်ကို အလျှင်အမြန်ဆွဲထုတ်ကာ ပိတ်ဆို့ဟန့်တားလိုက်၏။
ဒေါင်....
ကြည်လင်ပြတ်သားသော အသံတစ်သံသည် ဟေးကျင်း၏ဓားမှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ သူ၏ဓားတစ်ခြမ်းကို ရိုက်ခတ်မိသွားကာ သူ၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။ သူ၏မျက်လုံးအတွင်း၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေကာ ကျုံးချင်ကို စူးစိုက်၍ကြည့်လိုက်၏။
"အခုချက်ချင်း ထွက်သွားစမ်း"
ကျုံးချင်သည် သူ၏ဆေဘာဓားကို ပြန်သိမ်းကာ အော်ဟစ်လေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဟေးကျင်းသည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသည့်အလား ခံစားမိသည်။ သူ၏ဓားများကိုပင် ထပ်မံ၍အရေးမစိုက်နိုင်တော့ဘဲ တွားသွားထကာ အနီးရှိလမ်းကြားတစ်ခုအတွင်းသို့ နောက်ဆုတ်လိုက်သည်။ သို့ရာတွင် သူ ပြေးရန်ဟန်ပြင်လိုက်စဥ်တွင် သူ၏ခြေထောက်များ ပြင်းပြင်းထန်ထန် ယိမ်းယိုင်နေပေ၏။
တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးအတွင်း၌ သွေးနီရောင်အကြောများဖြင့် ပြည့်နှက်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်တုန် တုန်ခါသွားသည်။
"ဆေဘာ...စိတ်ဆန္ဒ..."
"ဒီလောက်ထိ အစွမ်းထက်တဲ့ ဆေဘာစိတ်ဆန္ဒမျိုး..."
ဟေးကျင်းသည် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများနှင့်မရီးဒါန်းများကို စစ်ဆေးလိုက်ရာ ပြင်းထန်သော ဆေဘာစိတ်ဆန္ဒကြောင့် ထိုအရာများ ကြေမွှပျက်စီးသွားသည်ကို သူ သိရှိလိုက်ရသည်။
"ဒါက...ဒါက ဘယ်လိုနေရာမျိုးလဲ"
ဟေးကျင်းသည် မလိုလားမှုကိုခံစားရင်း နှင်းများအကြား၌ အလျှင်အမြန်ပြိုလဲကျသွားကာ အသက်အရိပ်အယောင်များအားလုံး ဆုံးရှုံးသွားတော့သည်။
ဒဏ်ရာရထားသောသူသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အလွန်ထိတ်လန့်တုန်လှုပ်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။ သူ စကားပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
အကြောင်းအရင်းမှာ သူသည် မြေကြီးအတွင်း၌နစ်ဝင်နေသော ဓားကြီးမှအရှိန်အဝါများ ပျက်ပြယ်သွားသည်ကို သတိပြုမိသွားသောကြောင့်ပင်။
ဤအရှိန်အဝါသည် ဟေးကျင်း ပိုင်ဆိုင်သောအရာဖြစ်သည်ကို သူ ကောင်းစွာခွဲခြားသိမြင်ထားသည်။
ထို့ကြောင့် ဤအရှိန်အဝါ ပျောက်ကွယ်သွားခြင်းမှာ ဟေးကျင်းသေဆုံးသွားပြီဟု ဆိုလိုခြင်းပင်။
သူ၏ရှေ့ရှိလူငယ်လေးသည် ဟေးကျင်းကို သတ်ဖြတ်လိုက်ခြင်းဖြစ်သလော....
သူ မှန်းဆ၍ မရတော့ချေ။
ထိုအချိန်မှာပင် ကျုံးချင်သည် ပျောက်ကွယ်သွားသောပုံရိပ်ကို တစ်ချက်ကြည့်ကာ နှာတစ်ချက်မှုတ်လိုက်၏။
"ဟမ့်...စကားနားမထောင်တဲ့သူတွေကို သင်ခန်းစာကောင်းကောင်းပေးရမယ်...ဒါမှ အဲ့ဒီကောင်တွေက ငါ့ရဲ့သိုင်းပညာခန်းမဝံခါးဝမှာ လာပြီးပြဿနာရှာဝံ့တော့မှာ မဟုတ်ဘူး"
ထိုစကားများသည် ဒဏ်ရာရထားသူ၏အတွေးများကို ချက်ချင်းအတည်ပြုလိုက်သကဲ့သို့ပင်။
ကြည့်ရသည်မှာ ပြိုင်ဘက်ကင်းဓားနတ်ဆိုးဟေးကျင်းသည် ဤကောင်ငယ်လေး၏လှုပ်ရှားမှုနှစ်ခုတည်းဖြင့် အမှန်တကယ်ကို သတ်ဖြတ်ခြင်းခံလိုက်ရပုံပင်။
အမှန်အားဖြင့် သူ ပို၍ထိတ်လန့်တုန်လှုပ်နေသောအချက်မှာ သူသည် ဤနေရာတွင် ရှိနေသည့်တိုင် ထိုကောင်လေးသည် ဟေးကျင်းကို မည်ကဲ့သို့သတ်ဖြတ်လိုက်ကြောင်း သူ သတိမပြုမိခြင်းဖြစ်သည်။
သူသည် အစပထမတွင် ထိတ်လန့်တုန်လှုပ်နေရာမှ သူ၏ဒဏ်ရာရနေသောခန္ဓာကိုယ်ကို အလျှင်အမြန် ထောက်ကန်၍မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်၏။
"ညီငယ်လေး..."
"မဟုတ်ဘူး...စီနီယာ..."
သို့ရာတွင် ဒဏ်ရာရနေသောလူသည် သူ၏အမှားကို ချက်ချင်းသိနားလည်သွားသည်။ ဤလူငယ်သည် ဂျူနီယာတစ်ယောက် မဖြစ်နိုင်ဘဲ နှစ်ပေါင်းများစွာ ကျင့်ကြံထားသော နက်နဲသိမ်မွေ့သည်အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်သည်။ ထို့ကြောင့် သူ၏စကားများကို အလျှင်အမြန် ပြောင်းလဲလိုက်၏။
"စီနီယာ...ငါ့ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...ဒီဂျူနီယာရဲ့နာမည်က ကွမ်ယွင်ဖန်းပါ"
"အင်း...ခင်ဗျား အဆင်ပြေရဲ့လား"
ကျုံးချင်သည် ကွမ်ယွင်ဖန်းကို စောင်းငဲ့ကြည့်ကာ ပြောဆိုသည်။
"ပြီးတော့ ကျုပ်က ဘာစီနီယာမှမဟုတ်ဘူး...ကျုပ်ရဲ့နာမည်က ကျုံးချင်"
"စီနီယာက အရမ်းယဥ်ကျေးတာပဲ...မင်းရဲ့ မိုးထိအောင်မြင့်မားတဲ့ ကျင့်ကြံဆင့်နယ်ပယ်နဲ့ ဒီဂျူနီယာက မင်းကို စီနီယာလို့ခေါ်သင့်ပါတယ်"
ကွမ်ယွင်ဖန်းက ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"ကျင့်ကြံတာလား..."
ကျုံးချင်သည် ထူးဆန်းသောအကြည့်ဖြင့် ကွမ်ယွင်ဖန်းကို ထပ်မံ၍ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ခင်ဗျား မှားနေပြီ...ကျုပ်ဆီမှာ ဘာကျင့်ကြံမှုမှမရှိဘူး...ကျုပ်က သာမာန်သေမျိုးတစ်ယောက်ပဲ"
"သေမျိုးလား"
ကွမ်ယွင်ဖန်း အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
ဟေးကျင်းကို လှုပ်ရှားမှုနှစ်ခုတည်းဖြင့် သတ်ဖြတ်ခဲ့သူသည် သာမာန်သေမျိုးတစ်ယောက် ဖြစ်နေသလော...
အကယ်၍ သူ့အား သေသည်အထိရိုက်နှက်လျှင်ပင် သူ ဤကိစ္စကို ယုံကြည်မည်မဟုတ်ချေ။
ဤကိစ္စမျိုးကို စွမ်းဆောင်နိုင်သူသည် အနိမ့်ဆုံးအနေဖြင့် သိုင်းအရှင်အဆင့်၌ ရှိနေပေမည်။
သို့ရာတွင် ဤစီနီယာသည် သူ့ကိုယ်သူ သေမျိုးတစ်ယောက်ဟု အခိုင်အမာပြောဆိုနေသောကြောင့် ကွမ်ယွင်ဖန်းသည် အပြစ်မပြုဝံ့ချေ။
"အော် ဒါနဲ့...ခင်ဗျားရဲ့ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ...ကျုပ်ရဲ့ဆရာသခင်ကို တစ်ချက်ကြည့်ခိုင်းဖို့ အထဲကိုဝင်ချင်လား....သူက ဘယ်လိုကုသရမယ်ဆိုတာကို သိတယ်"
ကျုံးချင်သည် ကွမ်ယွင်ဖန်း၏ဒဏ်ရာများကိုကြည့်ကာ နူးညံညင်သာစွာ မေးမြန်းလိုက်သည်။
"ဆရာသခင်...."
"မင်းမှာ ဆရာသခင် ရှိသေးတာလား"
ဤစကားသည် ကွမ်ယွင်ဖန်း၏အောက်မေးရိုးများ ပြုတ်ကျလုမတတ် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ရီသွားစေသည်။
ဤစီနီယာထံတွင် အမှန်တကယ်ကိုပင် ဆရာသခင်တစ်ယောက် ရှိနေသလော....
အကယ်၍ စီနီယာ၏ခွန်အားသည် အနိမ့်ဆုံးသိုင်းအရှင်အဆင့်တွင် ရှိနေပါက သူ့ဆရာသခင်၏ကျင့်ကြံဆင့်သည် မည်သည့်နယ်ပယ်၌ ရှိနေနိုင်သနည်း....
သူ၏စိတ်နှလုံးသားအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
သို့ရာတွင် ကျုံးချင်သည် မျက်မှောင်ကြုတ်ကာ ယဥ်ကျေးသိမ်မွေ့မှုမရှိသောလေသံဖြင့် တုံ့ပြန်မေးမြန်းလိုက်သည်။
"ကျုပ်မှာ ဆရာသခင်တစ်ယောက်ရှိတာ ဘာထူးဆန်းနေလို့လဲ"
"မဟုတ်ဘူး...မဟုတ်ဘူး...ငါ ဒီလိုမျိုးဆိုလိုတာ မဟုတ်ပါဘူး...ငါက အံ့အား....အံ့အားသင့်သွားရုံ သက်သက်ပါ"
ကွေးယွင်ဖန်းသည် သူ၏လက်ကို အလျင်စလိုဝှေ့ယမ်းကာ ရှင်းပြလေသည်။ ကျုံးချင်၏အကြည့် နူးညံပျော့ပျောင်းသွားသည်ကိုကြည့်ပြီး သူ စိတ်သက်သာရာရသွားကာ တိတ်တဆိတ်ကျိတ်၍ သက်ပြင်းရှိုက်လိုက်သည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ...အထဲကို လိုက်ခဲ့တော့...မင်းရဲ့ဒဏ်ရာတွေကို ငါ့ရဲ့ဆရာ တစ်ချက်ကြည့်ပေးလိမ့်မယ်"
ကျုံးချင်သည် ဤထူးဆန်းသောလူကို ခေါ်ဆောင်၍ သိုင်းပညာခန်းမအတွင်းသို့ ဝင်ခဲ့တော့သည်။
ကွမ်ယွင်ဖန်းသည် ခေါင်းညိတ်ပြကာ သူ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး သူက ကျုံးချင်၏နောက်သို့လိုက်ပါသွားလေ၏။
သို့ရာတွင် သူ ခြေတစ်လှမ်းလှမ်းပြီးချိန်မှာပင် ဆတ်ခနဲရပ်တန့်သွားသည်။
ဒါ...
ဒါက ဘာလဲ...
ယခုလက်ရှိချိန်တွင် သူ၏မျက်လုံးအကြည့်သည် အဝင်ဝရှိ ကဗျာစာလိပ်တစ်တွဲထံတွင်သာ အခိုင်အမာကျရောက်နေပြီး သူ၏မျက်လုံးသူငယ်အိမ်များသည် ဟရာလေးသာ ကျန်ရှိသည်အထိ ကျဥ်းမြောင်းသွားသည်။
အကြောင်းအရင်းမှာ ထိုစာလိပ်ပေါ်ရှိစာလုံးများတွင် ကြီးမားသောဓားစိတ်ဆန္ဒများ ပါဝင်နေသည်ကို သူ ခံစားမိသောကြောင့်ပင်။
အထူးသဖြင့် တစ်ခုတည်းသော ဒေါင်လိုက်စုတ်ချက်ဖြစ်သည်။ ဤသည်မှာ ကောင်းကင်ဘုံဓားတစ်စင်း ဆင်းသက်လာသည့်အလား ကြီးမားသောဖိအားနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါရှိနေသည်။
သူ၏မျက်လုံးအတွင်း၌ ဤအရာသည် ရုတ်တရက် ကြီးမားကျယ်ပြန့်လာကာ နီးကပ်သထက် ပို၍နီးကပ်စွာ ကြည့်မိချိန်တွင်....
"မင်း ဘာတွေမှိုင်တွေနေတာလဲ"
ထိုအချိန်မှာပင် ကျုံးချင်၏အသံ ထွက်ပေါ်လာသည်။ သို့မှသာလျှင် ကွေးယွင်ဖန်း အသိပြန်ဝင်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်စက်ချွေးများ ရွှဲနစ်နေသည်ကို တွေ့လိုက်ရသည်။ သူ ကူကယ်ရာမဲ့ဖြစ်သွားကာ သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဤသိုင်းပညာခန်းမသည် မည်ကဲ့သို့နေရာမျိုး ဖြစ်သနည်း...
ဤနေရာတွင် သေမျိုးဟု အခိုင်အမာပြောဆိုနေသော လျှို့ဝှက်ဆန်းကြယ်သော ကောင်ငယ်လေးတစ်ယောက် ရှိနေရုံသာမက တံခါးဝ၌ကပ်ထားသော ကဗျာစာလိပ်များအတွင်း၌ပင် အစွမ်းထက်သောဓားစိတ်ဆန္ဒတစ်ရပ် ပါဝင်နေသည်။
အကယ်၍ ဤစာလုံးများအားလုံးကို သူ ပြီးစီးအောင်ဖတ်ရှုနိုင်ပါက ဓားပညာအပေါ်တွင် သူ၏လေ့လာဆင်ခြင်နိုင်မှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားမည်ဟုပင် သူ ခံစားမိသည်။
ရလဒ်အနေဖြင့် ဤကောင်လေး ပြောဆိုနေသော ဆရာသခင်ဆိုသူကို သူ တွေ့ချင်စိတ် အလွန်ပြင်းပြလာသည်။
ဤသိုင်းပညာခန်းမအပေါ် သူ၏သဘောထားသည် ယခင်ထက်ပို၍ ရိုသေလေးစားလာပေ၏။
Chapter 184
ကျုံးချင်၏နောက်မှနေ၍ ကွမ်ယွင်ဖန်းသည် တုန်တုန်ရီရီဖြင့် သိုင်းပညာခန်းမအတွင်းသို့ လျှောက်လှမ်းဝင်ခဲ့သည်။
လမ်းတလျှောက်လုံး၌ သူ အလွန်စိတ်လှုပ်ရှားနေကာ သူ၏နှလုံးသား ရင်ဘတ်အတွင်းမှ ခုန်ထွက်လုမတတ်ပင်။
နောက်ဆုံး၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသကဲ့သို့ ခံစားမိသည်။
တံခါးဝမှနေ၍ ပထမခြေလှမ်းလှမ်းစဥ်အချိန်မှစ၍ သူ၏မျက်လုံးဖြင့် မြင်မိသမျှအရာရာတိုင်းသည် ရတနာတစ်ပါးပင်။
ခန်းမကြီးအတွင်း၌ ချိတ်ဆွဲထားသော ကြေးမုံများ နံရံနှစ်ဘက်ပေါ်ရှိပန်းချီစာလိပ်များ သာမာန်ကာလျှံကာပစ်ထားသော အနက်ရောင်ထီးတစ်လက် မီးဖိုအတွင်းရှိမီးပုလဲ ဝါးတန်းတစ်တန်းပေါ်တွင်လှမ်းထားသော အဝတ်စုတ်....
သူ ရူးသွပ်သွားတော့မည့် အလားပင်။
သူ ရတနာတစ်ခုကို တွေ့မြင်မိသည့်အချိန်တိုင်း သူ၏ခန္ဓာကိုယ်အနည်းငယ်ကျုံသွားသည်ကို သူတစ်ယောက်တည်းသာသိသည်။ ဤခန်းမကို ဖြတ်လျှောက်လာစဥ်တွင် သူသည် မြေပြင်ပေါ်၌ တွားသွားရလုနီးပါးပင်။
"ဆရာ...ကျွန်တော် လူတစ်ယောက်ကို ခေါ်လာတယ်"
ကျုံးချင်က နူးညံညင်သာစွာ ပြောဆိုသည်။
ကျုံးချင်၏စကားများသည် ကွမ်ယွင်ဖန်းအား ချက်ချင်းဆိုသလိုပင် အံ့အားသင့်တုန်လှုပ်သွားစေသည်။ သူသည် အလျှင်အမြန်ခေါင်းမော့ကာ ရှေ့သို့ကြည့်လိုက်၏။
လူငယ်တစ်ယောက်က သူ၏အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာသည်။
ထိုလူငယ်သည် အစွန်းအထင်းမရှိသော အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သူ့ထံ၌ နူးညံသိမ်မွေ့ပြီး ကျက်သရေရှိသောအရှိန်အဝါရှိနေသည်။ သူ၏လက်ယာဘက်လက်အတွင်း၌ စုတ်တံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ခုံစောင်းတစ်ခု၏နောက်၌ မတ်တတ်ရပ်နေသည်။ သူ၏မျက်နှာပေါ်ရှိ ခပ်ဖျော့ဖျော့အပြုံးကိုကြည့်မိရုံဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှသေမျိုးလောက၏အထက်တွင်ရှိသည်ဟု အရှိန်အဝါမျိုး ထွက်ပေါ်နေသည်ကို ခံစားမိစေသည်။
ဤလူသည်....
ကျုံးချင်၏ဆရာသခင်ဖြစ်သလော....
တိကျသေချာစွာပင်...
သာလွန်ထူးကဲပေ၏။
ကျုံးချင်ကဲ့သို့ပင် ထိုလူငယ်ကို သူ ထွင်းဖောက်မမြင်နိုင်သဖြင့် လူငယ်၏ကျင့်ကြံဆင့်နယ်ပယ်ကိုလည်း သူ မသိရှိချေ။
တစ်ချိန်တည်းမှာပင် ကျုံးချင်သည် သိုင်းပညာခန်းမ၏အဝင်ဝရှေ့တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရီဖုန်းအား ပြောပြလိုက်သည်။
ရီဖုန်းသည် အသိအမှတ်ပြုပုံဖြင့် ကျုံးချင်ကို ခေါင်းညိတ်ပြကာ ကွမ်ယွင်ဖန်းကိုကြည့်၍ ပြုံးပြလေသည်။
"ထိုင်ပါဦး"
"ဟုတ်ကဲ့"
ကွမ်ယွင်ဖန်းက ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ၏နံဘေးတွင် ခွေးခြေခုံတစ်လုံးရှိနေသော်လည်း သူ မထိုင်ဝံ့ချေ။
ရုတ်တရက်...
သူ၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
သူသည် စုတ်ချက်များဖြင့် ပြည့်နှက်နေသော ဆန်စက္ကူကိုမြင်ပြီးနောက် သူ၏မျက်လုံးများ အကြောသေသွားသည့်အလား စူးစိုက်၍ကြည့်နေမိသည်။
သူ၏နှလုံး ကဆုန်စိုင်းခုန်ပေါက်သွားသည်။
ဤဆန်စက္ကူများပေါ်ရှိ လက်ရေးလက်သားတွင် သူ့အား ထိတ်လန့်တုန်လှုပ်သွားစေသောအရာများ ချွင်းချက်မရှိ ပါဝင်နေသည်။
ဤသည်မှာ ပုံမှန်စာတစ်ပုဒ်ကို ရေးသားထားခြင်းဖြစ်သော်လည်း ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ် ပါဝင်နေသည်။
ထက်ရှသောဓားသွားများဖြင့်တူသည့် စာလုံးများတွင် ပြင်းထန်သောဓားစိတ်ဆန္ဒများ ရောယှက်နေပေ၏။
ထို့နောက် မတူကွဲပြားသောစာလုံးပုံစံများကို သူ မြင်တွေ့လိုက်ရကာ ဓားစိတ်ဆန္ဒ တာအိုသဘောတရား သိုင်းစိတ်ဆန္ဒ လူအများ၏စိတ်ကိုတည်ငြိမ်စေသောအရာ သို့မဟုတ် လူအများ၏သွေးများကိုဆူပွက်စေသောအရာတို့ တစ်ခုမဟုတ်တစ်ခု ပါဝင်နေသည်။
ထို့ထက်ပို၍ သူ့အား ထိတ်လန့်တုန်လှုပ်စေသည်မှာ မတူကွဲပြားသော စာလုံးပုံစံများဖြင့် ပြည့်နှက်နေသော ထိုဆန်စက္ကူများသည် ကြမ်းပြင်ပေါ် ခုံစောင်းပေါ်နှင့် ရီဖုန်း၏ခြေထောက်အောက်မှာပင် ပြန့်ကျဲနေကာ ထိုအရာများသည် အသုံးမဝင်သောအမှိုက်များအလားပင်။
"ဆရာကြီးရဲ့လက်ရေးလှစာလုံးတွေက အရမ်းကောင်းတာပဲ...တကယ့်ကို အံ့အားသင့်စရာကောင်းတယ်"
ကွမ်ယွင်ဖန်းသည် ထပ်မံ၍မျိုသိပ်မထားနိုင်တော့သဖြင့် သူ၏ကြည်ညိုလေးစားမှုကို ထုတ်ဖော်ပြောဆိုလိုက်၏။
"မင်းလည်း လက်ရေးလှစာလုံးတွေကို နားလည်တာလား"
ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် ကွမ်ယွင်ဖန်းကို အံ့အားတသင့်ကြည့်ကာ မေးမြန်းလေသည်။
"နည်းနည်းလောက်ပါပဲ...နည်းနည်းပါပဲ"
ကွမ်ယွင်ဖန်းသည် အလျင်စလိုဦးညွှတ်ကာ ပြောဆိုသည်။
"ဒါပေမယ့် ငါ့ရဲ့အဆင့်က ဆရာကြီးရဲ့ရှေ့မှာ ထုတ်ပြောဖို့တောင် မထိုက်တန်ပါဘူး"
"ဟား ဟား ဟား...အရမ်းယဥ်ကျေးမနေပါနဲ့...စကားမစပ် မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"
ရီဖုန်းသည် အလွန်စိတ်လှုပ်ရှားပေ၏။ သူသည် လက်ရေးလှပညာရှင်တစ်ယောက်နှင့် ဆုံတွေ့ရမည်ဟု မျှော်လင့်မထားမိချေ။
"ကွမ်ယွင်ဖန်း..."
ကွမ်ယွင်ဖန်းက အလျင်စလို တုံ့ပြန်ပြောဆိုသည်။
"ကွမ်ယွင်ဖန်း....နာမည်ကောင်းလေးတစ်ခုပဲ"
ရီဖုန်းက ခေါင်းညိတ်ပြကာ ဆန်စက္ကူအသစ်တစ်ရွက်ပေါ်တွင် ကွမ်ယွင်ဖန်းဟူသော စာလုံးသုံးလုံးကို ချရေးလိုက်သည်။ ထို့နောက် သူသည် ထိုစာရွက်ကို ကွမ်ယွင်ဖန်းထံသို့ အပြုံးနှင့်လက်ကမ်းပေးလိုက်၏။
"ဒီစာလုံးသုံးလုံးကို မင်း ဘယ်လိုထင်လဲ"
ကွမ်ယွင်ဖန်းသည် ထိုဆန်စက္ကူကို သူ၏လက်နှစ်ဖက်ဖြင့် တရိုတသေယူဆောင်ပြီးနောက် သူ၏မျက်နှာထံသို့ တိုးဝင်လာသော အားကောင်းသည့်ဓားစိတ်ဆန္ဒကို ခံစားမိသည်။
"ကောင်းတယ်...ကောင်းတယ်...အရမ်းကောင်းတယ်"
ကွမ်ယွင်ဖန်းသည် ဆန်စက္ကူကို သူ၏လက်ဖြင့်ကိုင်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားခြင်းကြောင့် တောက်ပနေပေ၏။ သူ၏ကိုယ်ပိုင်နာမည်ကိုရေးသားချိန်တွင် ဤကဲ့သို့အကျိုးသက်ရောက်မှုမျိုးရှိလာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
ရီဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူ့အား ချီးမွမ်းခံရချိန်တိုင်း သူ အလွန်စိတ်လှုပ်ရှားမိသည်။ ထို့ကြောင့် သူက ပြောဆိုလေသည်။
"တကယ်လို့ မင်း ဒါကိုကြိုက်တယ်ဆိုရင် ငါ မင်းကို ပေးမယ်"
"ဘယ်လို...."
"ဒါက ငါ့ကို ပေးတာလား..."
ကွမ်ယွင်ဖန်း၏နှလုံးခုန်နှုန်းများ ပြင်းထန်သွားကာ သူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူသည် မယုံကြည်နိုင်ဖြစ်သွားကာ ပျော်ရွှင်မှုများပြည့်နှက်နေသောမျက်နှာနှင့် ရီဖုန်းကိုကြည့်လိုက်သည်။
"ဒါက စာလုံးလေးနည်းနည်းပဲကို...ဘာကိစ္စကြီးမှ မဟုတ်ဘူး"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ် စီနီယာ"
ကွမ်ယွင်ဖန်းသည် ဆန်စက္ကူကို ကိုင်ထားကာ စိတ်လှုပ်ရှားခြင်းကြောင့် သူ၏မျက်နှာပေါ်၌ မျက်ရည်များ ယိုစီးကျလာသည်။ သူ၏ခန္ဓာကိုယ်တုန်ရီနေကာ သူသည် ရီဖုန်း၏ရှေ့၌ဒူးထောက်ရန် ဟန်ပြင်လိုက်သည်။
ထိုအခြင်းအရာကိုကြည့်ပြီး ရီဖုန်းသည် ကွမ်ယွင်ဖန်းကိုကူညီ၍ အလျှင်အမြန်ဆွဲထူလိုက်သည်။ ထို့နောက် မျက်ရည်များရစ်ဝဲနေသော ကွမ်ယွင်ဖန်း၏မျက်လုံးတစ်စုံကိုကြည့်ကာ သူ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။ ဤလူသည် လက်ရေးလှပညာရပ်ကို အမှန်တကယ် ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပေမည်။
ထိုလူသည် ဒဏ်ရာရရှိထားသည်ကို သူ အမှတ်ရသွားသဖြင့် အပြုံးနှင့်ပြောဆိုလိုက်၏။
"ငါ မင်းရဲ့ဒဏ်ရာတွေကို တစ်ချက်ကြည့်ပေးရမလား"
"ဆရာကြီးကို ဒီကိစ္စအတွက်နဲ့ ငါက ဘယ်လိုလုပ်ပြီးတော့ ဒုက္ခပေးနိုင်မှာလဲ"
ကွေးယွင်ဖန်းက အံ့အားတသင့် ပြောဆိုသည်။
"တွေ့ဆုံရတယ်ဆိုတာ ကံကြမ္မာကြောင့်ပါ...ဒါက ဘယ်လိုလုပ်ပြီးတော့ ဒုက္ခဖြစ်မှာလဲ"
ရီဖုန်းက နူးညံညင်သာစွာ ပြုံးလိုက်၏။
"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ် ဆရာကြီး"
ကွေးယွင်ဖန်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ယနေ့တွင် သူသည် အသက်ရှင်သန်နိုင်ခဲ့ရုံသာမက ဤကဲ့သို့အခွင့်အရေးကောင်းများကိုလည်း ရရှိနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
သူသည် ရီဖုန်း၏အနီးသို့ချဥ်းကပ်သွားကာ ရိုသေလေးစားစွာဖြင့် ထပ်မံ၍ပြောဆိုလိုက်သည်။
"ဒါပေမယ့် ဆရာကြီး....ငါ့ရဲ့ဒဏ်ရာတွေကို ကုသဖို့မလွယ်မှာ ငါ စိုးရိမ်မိတယ်"
"မင်း အတွေးလွန်နေပြီ"
ရီဖုန်းသည် မျက်စိစွေ၍ ကွမ်ယွင်ဖန်းကိုကြည့်ကာ ပြောဆိုလိုက်၏။
"ဒါက အပေါ်ယံဒဏ်ရာလေးပဲလေ...ဒါကိုကုသဖို့ ဘယ်လောက်ခက်ခဲမှာမလို့လဲ"
"အပေါ်ယံဒဏ်ရာလား..."
ကွမ်ယွင်ဖန်းသည် မယုံကြည်နိုင်မှုကြောင့် သူ၏နုတ်ခမ်းများ ပွင့်ဟသွားကာ ရီဖုန်းကို ကြည့်လိုက်သည်။
ကြည့်ရသည်မှာ သူ၏ခန္ဓာကိုယ်ပေါ်၌ ဓားဒဏ်ရာတစ်ခုသာ ရှိပုံရသော်လည်း အမှန်အားဖြင့် ဟေးကျင်း၏ဓားချီကြောင့် သူ၏မရီးဒါန်းများနှင့် ကိုယ်တွင်းအင်္ဂါတချို့ ပျက်စီးသွားခဲ့သည်။ သို့ရာတွင် ဤလူသည် အပေါ်ယံဒဏ်ရာသက်သက်ဟု ပြောဆိုနေသလော။
ဤလူသည် သူ၏ခန္ဓာကိုယ်တွင်းရှိ အခြေအနေကို ထွင်းဖောက်မမြင်သလော သို့မဟုတ် ထိုလူ၏အမြင်အရ သူ၏ဒဏ်ရာများသည် အမှန်တကယ်ကိုပင် အသေးအမွှားများ ဖြစ်နေသလော....
သူ ပို၍အံ့အားသင့်သွားသည်မှာ ရီဖုန်းသည် ကျုံးချင်ကို ဆေးပင်တချို့အား ထုထောင်း၍ယူဆောင်လာရန် ညွှန်ကြားလိုက်သောကြောင့်ပင်။
"ဒါကို ဒဏ်ရာပေါ်မှာလိမ်းလိုက်...မင်း မြန်မြန်ပြန်ကောင်းသွားလိမ့်မယ်"
စကားပြောဆိုရင်း ရီဖုန်းသည် ဆေးကိုယူကာ ကွမ်ယွင်ဖန်း၏ဒဏ်ရာပေါ်၌ လိမ်းလိုက်သည်။
ဤမျှထိ သာမာန်ကာလျှံကာ နိုင်သလော...
ကွမ်ယွင်ဖန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဤှလူ၏အရည်အချင်းများသည် သာလွန်ထူးကဲသည်ကို သူ ဝန်ခံသော်လည်း ကုသခြင်းနှင့်ပတ်သက်၍ နားလည်မှုလွဲမှားခြင်းတချို့ ရှိနေသလော။
သို့ရာတွင် ဤသံသယများ ကြီးထွားမလာမီမှာပင် အပူစီးကြောင်းတစ်ခုသည် ဒဏ်ရာမှတဆင့် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ခံစားမိသဖြင့် သူ ထိတ်လန့်တုန်လှုပ်သွားသည်။ ဤအရာသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ကြွင်းကျန်သော ဓားချီများကို ချေဖျက်လိုက်ရုံသာမက သူ၏ပျက်စီးသွားသော မရီးဒါန်းများနှင့်ခန္ဓာကိုယ်တွင်းအင်္ဂါများကို အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် ပြန်လည်ပြုပြင်ပေးနေသည်။
"အို..."
ဤသက်တောင့်သက်သာရှိသော ခံစားချက်ကြောင့် ကွမ်ယွင်ဖန်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။
ဤသည်က မည်ကဲ့သို့ မှော်အတတ်ပညာမျိုးဖြစ်သနည်း...အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
အချိန်တခဏအတွင်းမှာပင် ရီဖုန်းကိုကြည့်သော သူ၏အကြည့်များအတွင်း၌ ပို၍ရိုသေလေးစားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူသည် ရီဖုန်းကို အလျှင်အမြန်ဦးညွှတ်အရိုအသေပြုကာ ကျေးဇူးတင်စွာဖြင့် ပြောဆိုလိုက်၏။
"စီနီယာရဲ့အရည်အချင်းတွေက တကယ့်ကို သာလွန်ထူးကဲတာပဲ..စီနီယာရဲ့အရည်အချင်းတွေက မှော်ဆန်ရုံတင်မကဘူး...စီနီယာမှာ သက်ရှိတွေအားလုံးကို ကယ်တင်မယ့် စိတ်နှလုံးသားမျိုးရှိနေပြီးတော့ ငါ့လိုဂျူနီယာတစ်ယောက်ကိုတောင် ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်"
"မှော်ဆန်တဲ့ အရည်အချင်းလား"
ရီဖုန်းသည် ကွမ်ယွင်ဖန်းကို တစ်ချက်ကြည့်ကာ သူ၏ခေါင်းကိုခါယမ်းပြီး အပြုံးနှင့်ပြောဆိုသည်။
"မင်း မှားနေပြီလို့ ငါထင်တယ်...ငါ့မှာ ဘာမှော်ဆန်တဲ့အရည်အချင်းမျိုးမှ မရှိဘူး...ငါက သာမာန်သေမျိုးတစ်ယောက်ပဲ"
"သာမာန်သေမျိုးတစ်ယောက်လား"
ကွမ်ယွင်ဖန်းက ဇဝေဇဝါဖြစ်သွားသည်။
ဟေးကျင်းကို သတ်ဖြတ်ခဲ့သော ဤလူ၏တပည့်သည် သာမာန်သေမျိုးတစ်ယောက်ဟု ပြောဆိုသည်ကို သူ လက်သင့်ခံနိုင်သေးသည်။ သို့ရာတွင် ယခုလက်ရှိချိန်၌ မှော်ဆန်သောအရည်အချင်းမျိုးရှိသည့် ဤဆရာကြီးသည်လည်း သူ့ကိုယ်သူ သာမာန်သေမျိုးတစ်ယောက်ဟု ပြောဆိုနေသလော။
"စီနီယာ...မင်းက အရမ်းနှိမ့်ချလွန်းနေပြီ...မင်းမှာ မှော်ဆန်တဲ့အရည်အချင်းတွေ ဖုံးကွယ်မရအောင် သိသိသာသာကြီးရှိနေတာကို ဘာလို့ခုလောက်ထိ သိုသိုသိပ်သိပ်နေနေတာလဲ"
နောက်ဆုံး၌ သူ၏စိတ်အတွင်းရှိသံသယများကို ထုတ်ဖော်၍ မေးမြန်းလိုက်တော့သည်။
"ငါ့မှာ ဘာမှော်ဆန်တဲ့အရည်အချင်းမှမရှိဘူး...ငါက တကယ့်ကို သာမာန်သေမျိုးလေးတစ်ယောက်ပဲ"
ရီဖုန်းသည် ကွမ်ယွင်ဖန်းကို စောင်းငဲ့၍ကြည့်လိုက်သည်။ သူသည် ဝူယုံဟုန်ကဲ့သို့ ရူးကြောင်ကြောင်ဖြစ်နေသူတစ်ယောက်ကို ထပ်မံ၍တွေ့ရပြန်သလောဟု သူ သိချင်နေမိသည်။
ကွမ်ယွင်ဖန်းသည် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားလေ၏။
ဤကဲ့သို့ အစွမ်းထက်သောပုဂ္ဂိုလ်တစ်ယောက်သည် မည်သည်ကြောင့် သာမာန်သေမျိုးတစ်ယောက်ကဲ့သို့ အယောင်ဆောင်လိုသည်ကို သူ နားမလည်နိုင်ချေ။
"ဆရာကြီး..."
"ဆရာကြီး...ငါတို့ ဒီနေ့အတွက် အလုပ်တွေအားလုံး လုပ်ပြီးသွားပြီ...ငါတို့ စကားစမြည်ပြောကြစို့"
ထိုအချိန်မှာပင် စကားသံများက တံခါး၏ပြင်ပမှ ထွက်ပေါ်လာသည်။
ထို့နောက် ကွမ်ယွင်ဖန်း၏အံ့အားသင့်နေသော အကြည့်အောက်တွင် ရွှံများပေကျံနေသော လူအိုကြီးတချို့က အခန်းအတွင်းသို့ဝင်လာသည်။
Chapter 185
ဤလူအိုကြီးများသည် သူတို့ကိုယ်သူတို့ ကောင်းစွာဖုံးကွယ်ထားသော်လည်း ကွမ်ယွင်ဖန်းသည် အကြည့်တစ်ချက်ဖြင့်ပင် သူတို့သည် သိုင်းအရှင်များဖြစ်ကြောင်း ပြောနိုင်သည်။ သူသည် အထူးသီးသန့်ကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံထားမိသည့်အချက်ကို ကျေးဇူးတင်ရပေမည်။
သူ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်မိသည်။
သာမာန်အားဖြင့် ရှာဖွေတွေ့နိုင်ရန်ခက်ခဲသော ဤမွန်းစတားအိုကြီးများသည် မည်သည်ကြောင့် ဤနေရာတွင် အစုလိုက်အပြုံလိုက် စုဝေးနေသနည်း။
သူသည် သိုင်းဘိုးဘေးနယ်ပယ် အလယ်အလတ်ဆင့်တွင်သာ ရှိသေးသဖြင့် သိုင်းအရှင်များကို မြင်တွေ့ချိန်တွင် သူ လျစ်လျှူရှုမထားဝံ့ချေ။ သူသည် အလျှင်အမြန်ဦးညွှတ်အရိုအသေပြုကာ နှုတ်ဆက်လိုက်၏။
"စီနီယာသုံးယောက်ကို အရိုအသေပြုပါတယ်"
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်တို့သုံးယောက်သည် အသစ်ရောက်လာသူကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့အားလုံး၏မျက်နှာအမူအယာများသည် ကွမ်ယွင်ဖန်းကို အထူအပါးနားမလည်သောကောင်ဟု ပြောဆိုလို့သည့်အလားပင်။
သူတို့၏လက်များကို တစ်ချက်ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"မင်း မှားနေပြီ...ငါတို့သုံးယောက်က ဘာစီနီယာတွေမှမဟုတ်ဘူး...ငါတို့က သာမာန်သေမျိုးတွေပဲ"
ကွမ်ယွင်ဖန်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။
ဘာ...
သူတို့သည်လည်း သာမာန်သေမျိုးများဟု ဆိုလိုက်သလော...
သံသယအပြည့်ဖြင့် သူသည် ထပ်မံ၍မေးမြန်းရန် ဟန်ပြင်လိုက်သော်လည်း ဝူယုံဟုန်သည် နံဘေးဘက်မှနေ၍ သူ့အားစူးစူးဝါးဝါး ကြည့်နေသည်ကို သူ မြင်တွေ့မိသည်။
ထိုအခြင်းအရာကိုကြည့်ပြီး ကွမ်ယွင်ဖန်းသည် သူ၏ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်သည်။ သူသည် သူ၏စိတ်နှလုံးသားအတွင်းမှ သံသယများကို ယာယီဖိနှိပ်ကာ နောက်ပိုင်းကျမှ ရှင်းရှင်းလင်းလင်းမေးမြန်းရန် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေလိုက်တော့သည်။
"အော်...မင်းတို့သုံးယောက် ရောက်လာပြီလား"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"မင်းတို့ ဒီနေ့ရောက်လာတာ ငါ့ကို တစ်ခုခုရေးပေးစေချင်လို့လား"
"မလိုဘူး...မလိုအပ်ပါဘူး ဆရာကြီး"
"ဟုတ်တယ်....ဟုတ်တယ်...ဒါက အမှန်ပဲ...ငါတို့က ဒီနေ့ ဆရာကြီးကို ဒုက္ခမပေးတော့ပါဘူး"
"အမှန်ပဲ...ငါက မင်းဆီကနေ လက်ရေးလှစာလုံးတွေနဲ့ပန်းချီကားတွေ ယူသွားခဲ့တာကိုတောင်...ခုထိ ငါ သေချာမကြည့်ရသေးဘူး"
ဝူယုံဟုန်တို့သုံးယောက်သည် သူတို့၏လက်များကို ပျာပျာသလဲဝှေ့ယမ်းကာ ရီဖုန်း၏ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ကြ၏။
"ကောင်းပြီလေ"
ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဝူယုံဟုန်တို့သုံးယောက်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်တော့သည်။
ရီဖုန်းအတွက် အလုပ်လုပ်ပေးနေစဥ် အတောအတွင်းတွင် သူတို့သည် ကံကြမ္မာဟုခေါ်ဆိုသောအရာကို တွေ့ကြုံခဲ့ရသည်။ သူတို့တစ်ယောက်ချင်းစီသည် အစွမ်းထက်သောသိုင်းပညာစိတ်ဆန္ဒနှင့်တာအိုသဘောတရားများပါဝင်နေသော လက်ရေးလှစာရွက်များနှင့်ပန်းချီကားများကို ရရှိခဲ့ကြလေ၏။
မူလက ဤကဲ့သို့ရတနာများကို သူတို့သည်ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြသည်။
သို့ရာတွင် စိတ်ပျက်ဖွယ်ကောင်းသည်မှာ ဆရာကြီး၏လက်ရေးလှစာလုံးများတွင် ပါဝင်နေသော တာအိုသဘောတရားများသည် အလွန်နက်နဲသိမ်မွေ့နေခြင်းပင်။ သူတို့သည် ကဗျာ၏ပထမအပိုဒ်ကိုပင် အပြည့်အဝနားမလည်နိုင်သေးသဖြင့် ကြွင်းကျန်သောအရာများသည် သူတို့၏ဘဝတသက်တာလုံး လေ့လာဆင်ခြင်နေရန်လုံလောက်သည်။ အကယ်၍ သူတို့ ထပ်မံ၍ယူလိုက်ပါက အလွန်အကျွံလေ့လာခြင်းကြောင့် သူတို့၏စိတ်ပိုင်းဆိုင်ရာများ ဖောက်ပြန်လာခြင်းကို ခံစားရပေမည်။
နံဘေးရှိ ကွမ်ယွင်ဖန်းသည် ပြောစရာစကား ဆွံ့အနေပေ၏။
ဝူယုံဟုန်တို့၏စကားလုံးများအတွင်းမှ အဓိပ္ပါယ်ကို သူ သိသိသာသာ နားလည်သဘောပေါက်သည်။
သူတို့သည် အကျိုးကျေးဇူးများစွာ ရရှိပြီးဖြစ်သဖြင့် ထပ်မံ၍မကိုင်တွယ်နိုင်တော့သောအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းဖြစ်သည်။
သူ၏မျက်လုံးများတွင် ရုတ်တရက် ပူလောင်ပြင်းပြသော အငွေ့အသက်များ ထင်ဟပ်လာသည်။
ထို့ကြောင့် သိုင်းပညာခန်းမအတွင်းမှ ထွက်လာပြီးနောက် သူသည် ဝူယုံဟုန်တို့နောက်သို့ အလျှင်အမြန် အမှီလိုက်သွားခဲ့သည်။
"စီနီယာ...စီနီယာတို့..."
သူသည် ပျာပျာသလဲ အော်ခေါ်ကာ သူ၏သိုလှောင်လက်စွပ်အတွင်းမှ ဝိုင်အရက်အိုးများကိုထုတ်ကာ သူတို့ထံသို့ ပေးလိုက်သည်။
"မဆိုးဘူး...မင်းက ဥာဏ်ကောင်းသားပဲ"
ဝူယုံဟုန်တို့သုံးယောက်သည် ဝိုင်အရက်အိုးများကိုသိမ်းဆည်းကာ ကွမ်ယွင်ဖန်းကို ပြုံးပြလိုက်ကြ၏။
"စီနီယာတို့က ရယ်စရာပြောနေပြန်ပြီ"
ကွမ်ယွင်ဖန်းသည် ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုကာ သူ၏စိတ်နှလုံးသားအတွင်းရှိ ပထမဆုံးမေးခွန်းကို မေးမြန်းလိုက်သည်။
"စီနီယာတို့...ငါ မေးချင်တာက..အဲ့ဒီစီနီယာက သူ့ကိုယ်သူ သာမာန်သေမျိုးလို့ ပြောနေတဲ့အပြင် မင်းတို့ကပါ ဘာလို့ အဲ့ဒီလို ပြောနေတာလဲ"
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်တို့သုံးယောက်သည် ကွမ်ယွင်ဖန်းကို ငတုံးတစ်ကောင်အလားကြည့်ကာ သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။
ကွမ်ယွင်ဖန်းသည် ဒေါသမထွက်ဝံ့ဘဲ ထပ်မံ၍ အလျှင်အမြန် မေးမြန်းလိုက်သည်။
"စီနီယာတို့...ကျေးဇူးပြုပြီးတော့ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပေးပါလား"
"မင်းက အရမ်းနုံအတာပဲ"
ဝူယုံဟုန်က သင်ပြပေးသောလေသံမျိုးဖြင့် ပြောဆိုသည်။
"အမှန်အတိုင်းပြောရရင် ကျင့်ကြံဆင့်အခြေခံပဲဖြစ်ဖြစ် စိတ်အခြေအနေပဲဖြစ်ဖြစ် ဆရာကြီးက ရိုးရှင်းမှုကိုပြန်ရောက်တဲ့အဆင့်မျိုးမှာရှိနေတာ အချိန်အတော်ကြာနေပြီ....သူက သာမာန်သေမျိုးဘဝကို အတွေ့အကြုံယူဖို့အတွက် ဒီမြို့ငယ်လေးကို ရောက်လာခဲ့တာပဲ..သူက သူ့ကိုယ်သူ သာမာန်သေမျိုးတစ်ယောက်လို့ အမှန်တကယ် မြင်နေရုံတင်မကဘူး သေမျိုးတွေလုပ်ဆောင်သလိုမျိုး အရာရာတိုင်းကို သူက လုပ်ဆောင်တယ်...ဒါကြောင့် ငါတို့ကလည်း သူနဲ့အတူတူ ပူးပေါင်းဆောင်ရွက်တာက သဘာဝကျတဲ့ကိစ္စပဲလေ"
"ငါ သိပြီ"
ကွမ်ယွင်ဖန်းသည် ရုတ်တရက် နားလည်သဘောပေါက်သွားကာ အစောပိုင်းက သူ၏အဆင်အခြင်မဲ့မှုကို ပြန်လည်တွေးတောမိသည်။ သူ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံသွားသော အမူအယာမျိုး ထင်ဟပ်လာပေ၏။
သူသည် ဆရာကြီးကို အပြစ်ပြုမိလုနီးပါးပင်။
သူသည် ကျေးဇူးတင်သောအကြည့်ဖြင့် ဝူယုံဟုန်ကို ကြည့်လိုက်သည်။
"ဒါနဲ့...စီနီယာတို့...ဆရာကြီးရဲ့ကျင့်ကြံဆင့်နယ်ပယ်က ဘယ်အဆင့်မှာရှိနေလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား"
သူက ထပ်မံ၍ မေးမြန်းသည်။
"မင်း ဘယ်လိုထင်လဲ"
စွန်းကျူးကဲက ပျင်းတိပျင်းရွဲလေသံဖြင့် ပြောဆိုသည်။
"သိုင်းသူတော်စင်လား"
သူက အရဲကိုး၍ ပြောဆိုလိုက်သည်။
စွန်းကျူးကဲနှင့်တခြားလူများ၏မျက်နှာများပေါ်တွင် အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ဖြစ်နိုင်တာတော့ သိုင်းအင်ပါယာတစ်ယောက်လား"
ကွမ်ယွင်ဖန်းက မယုံကြည်နိုင်သောလေသံဖြင့် မေးမြန်းသည်။
သို့ရာတွင် ဝူယုံဟုန်သည် သူ၏ခေါင်းကိုခါယမ်းပြီး ကွမ်ယွင်ဖန်း၏ပခုံးကိုပုတ်ကာ သက်ပြင်းရှိုက်လိုက်သည်။
"ဟူး...လူငယ်လေး...ငါတို့က မင်းနဲ့စကားပြောဖို့ တကယ့်ကိုစိတ်မဝင်စားတော့ဘူး...ဘယ်လိုပဲဖြစ်ဖြစ် မင်းက အမြင်ကျဥ်းလွန်းတယ်"
"အရမ်းအမြင်ကျဥ်းတာလား"
ကွမ်ယွင်ဖန်းသည် သူ၏စိတ်နှလုံးသားအတွင်းသို့ မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့်အလား ခံစားလိုက်ရသည်။
"ဖြစ်နိုင်တာတော့...."
"ဖြစ်နိုင်တာတော့...."
သူ၏စကားမဆုံးသေးမီမှာပင် ဝူယုံဟုန်တို့လူစုက ကြားဖြတ်ပြောဆိုသည်။
"မင်း ဒီလောက်အများကြီးသိထားရင် လုံလောက်ပြီ...ဒီနေ့ မင်း ဒီနေရာကိုရောက်လာတာက မင်းရဲ့ကံကြမ္မာကောင်းကြီးပဲ...မင်း ဒါကို တန်ဖိုးထားပါ"
ထိုသို့ပြောဆိုပြီးနောက် သူတို့သုံးယောက်သည် နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။
သို့ရာတွင် ကွမ်ယွင်ဖန်းသည် လက်လျှော့ရန်ဆန္ဒမရှိသဖြင့် သူတို့နောက်သို့ အလျှင်အမြန်အမှီလိုက်ကာ ထပ်မံ၍မေးမြန်းလိုက်၏။
"မင်းတို့က ဆရာကြီးရဲ့ဘေးမှာနေနေတာ အချိန်အတော်ကြာပြီလား"
"အမှန်ပဲ"
ဝူယုံဟုန်တို့လူစုသည် ဂုဏ်ယူဝင့်ကြွားမှုကြောင့် မသိမသာဖြင့် သူတို့၏ရင်ဘတ်များကိုကော့ကာ မောက်မာသောလေသံဖြင့် ပြောဆိုသည်။
"ငါတို့က ဆရာကြီးရဲ့အနားမှာနေတာ ကြာလှပြီ"
ထိုစကားကိုကြားချိန်တွင် ကွမ်ယွင်ဖန်း၏မျက်နှာပေါ်၌ မနာလိုအားကျသောအမူအယာမျိုး ထင်ဟပ်လာကာ သူက ထပ်မံ၍မေးမြန်းလိုက်သည်။
"ဒါဆိုရင် စီနီယာတို့...ငါ ဘယ်လိုလုပ်ရင် ဆရာကြီးရဲ့ဘေးမှာ နေခွင့်ရနိုင်မလဲဆိုတာ ငါ့ကို သင်ကြားပေးနိုင်မလား"
"မင်းကလား"
ဝူယုံဟုန်တို့သည် ကွမ်ယွင်ဖန်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။
"မြေသြဇာသယ်တဲ့သူတောင် သိုင်းအရှင်နယ်ပယ်ကို ရောက်သွားပြီလို့ ငါ ကြားထားတယ်...မင်းလည်း နည်းလမ်းတစ်ခု ရှာကြည့်ပေါ့"
သူတို့သုံးယောက်သည် ချာခနဲနောက်လှည့်ကာ ထွက်ခွာခဲ့တော့သည်။
ကွမ်ယွင်ဖန်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နေရာမှာပင် မတ်တတ်ရပ်ပြီး ကျန်နေခဲ့သည်။
မြေသြဇာသယ်ဆောင်သူပင်လျှင် သိုင်းအရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သလော....
သူ၏မျက်လုံးအတွင်းမှ ပူပြင်းတောက်လောင်သောအခိုးအငွေ့များ ဖြာထွက်လာသည်။ သူသည် ဤဆရာကြီး၏နံဘေးတွင်နေနိုင်ရန် နည်းလမ်းတစ်လမ်းကိုရှာဖွေရန် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အခိုင်အမာဆုံးဖြတ်ချက်ချလိုက်၏။
သို့ရာတွင် ယခုလက်ရှိချိန်တွင် သူ၏လှိုဏ်ဂူသို့ အချိန်တခဏခန့် ပြန်ရပေမည်။ အရင်ဦးဆုံး ဆရာကြီး သူ့အားပေးလိုက်သည့် စာလုံးသုံးလုံးကို လေ့လာဆင်ခြင်ပြီးနောက် သိုင်းအရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးမှ သူ ဤနေရာသို့ ပြန်လာရပေမည်။
ထိုသို့ တွေးတောပြီးနောက် ကွမ်ယွင်ဖန်းသည် အဝေးသို့ ပျံသန်းခဲ့တော့သည်။
နန်ရှားလှိုဏ်ဂူသို့ ပြန်ရောက်ပြီးနောက် သူသည် တံခါးပိတ်နေကာ ပြင်ပသို့မထွက်တော့ဘဲ ရီဖုန်း သူ့အားပေးအပ်လိုက်သော စာလုံးသုံးလုံးကိုသာ လေ့လာဆင်ခြင်ပြီး သူ၏အချိန်များကို ကုန်ဆုံးစေခဲ့တော့သည်။ နောက်ဆုံး၌ သုံးရက်ကြာပြီးနောက် သူသည် သိုင်းအရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေ၏။
လှိုဏ်ဂူမှထွက်လာပြီးနောက် သူသည် ပင်ကျင်းမြို့သို့ ထပ်မံ၍သွားတော့မည့် အချိန်မှာပင် အဝေးမှနေ၍ အလင်းတန်းတစ်တန်းဖြတ်သန်းလာသည်ကို သူ မြင်တွေ့မိသည်။
"ဟန်ထန်းကြွယ်လား...."
ကွမ်ယွင်ဖန်းသည် အံ့အားသင့်သွားကာ သူ၏မိတ်ဆွေဟောင်းကြီးကို မြင်တွေ့ရသဖြင့် သူက အပြုံးနှင့် ဆီးကြိုနှုတ်ဆက်လိုက်သည်။
"အမ်...ကွမ်ယွင်ဖန်း...ဘယ်လိုလုပ်ပြီးတော့ မင်း မသေသေးတာလဲ"
ဟန်ထန်းကြွယ်သည် ကွမ်ယွင်ဖန်းကိုကြည့်ကာ အံ့အားတသင့် မေးမြန်းလိုက်၏။
"ဟေးကျင်းက မင်းကို လိုက်သတ်နေတယ်လို့ ငါ ကြားထားတယ်...ငါက မင်းကို ကူညီဖို့လာခဲ့တာ....ဒါပေမယ့် မင်းက မင်းရဲ့လှိုဏ်ဂူမှာ ဘေးကင်းကင်းနဲ့ ဘယ်လိုလုပ်ပြီးရှိနေတာလဲ"
"မိတ်ဆွေကြီးက အရမ်းကြင်နာတတ်တာပဲ...ဒါပေမယ့် မင်း ငါ့ကို ကူညီပေးဖို့ မလိုအပ်တော့ဘူး"
ကွမ်ယွင်ဖန်းက မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။
"ငါက သိုင်းအရှင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီးပြီ"
ထိုစကားကိုပြောဆိုရင်း သူ၏အရှိန်အဝါများကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဟန်ထန်းကြွယ်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ အံ့အားတသင့် မေးမြန်းလိုက်၏။
"အရင်က မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က ငါ့ထက်နိမ့်တယ်မဟုတ်ဘူးလား...ဘယ်လိုလုပ်ပြီးတော့ မင်းက သိုင်းအရှင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားနိုင်တာလဲ...ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး"
ကွမ်ယွင်ဖန်းက ရယ်မော၍ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ခုလတ်တလောအချိန်မှာ ငါက ကံကြမ္မာကောင်းကြီးတစ်ခုကို ရရှိထားတယ်"
"ဘာကံကြမ္မာကောင်းကြီးလဲ"
ဟန်ထန်းကြွယ်က အလျင်စလို မေးမြန်းလေသည်။
"ကြည့်လိုက်အုံး"
ကွေးယွင်ဖန်းသည် ဆန်စက္ကူတစ်ရွက်ကိုထုတ်ယူလိုက်ရာ ရုတ်တရက် အစွမ်းထက်သောဓားစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာသည်။
"ဒီလောက်တောင် အစွမ်းထက်တဲ့ ဓားစိတ်ဆန္ဒမျိုး...မင်း ဒါကို ဘယ်နေရာကရလာတာလဲ"
ဟန်ထန်းကြွယ်က ပင့်သက်ရှိုက်ကာ ကွမ်ယွင်ဖန်းကို မနာလိုအားကျမှုများပြည့်နှက်နေသော အကြည့်ဖြင့်ကြည့်ပြီး စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။
"ဒါက ငါ့ကို ဆရာကြီးတစ်ယောက်က လက်ဆောင်ပေးထားတာပဲ...ငါက အခု သူ့ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ သွားနေတာပဲ"
ကွမ်ယွင်ဖန်းက လေးစားကြည်ညိုမှုများပြည့်နှက်နေသောမျက်နှာနှင့် ပြောဆိုသည်။ သူ့မိတ်ဆွေဟောင်းကြီး၏ မနာလိုအားကျမှုများပြည့်နှက်နေသော မျက်နှာကိုကြည့်ပြီး သူက မေးမြန်းလိုက်၏။
"မင်း ငါနဲ့အတူ လိုက်မလား"
"ဒါက ဖြစ်နိုင်လို့လား"
ဟန်ထန်းကြွယ်၏မျက်လုံးများ တောက်ပသွားကာ ချက်ချင်းဆိုသလိုပင် သူ၏စိတ် လှုပ်ရှားသွားသည်။
"အဲ့ဒီစီနီယာက ငါတို့လိုဂျူနီယာတွေကို မငြိုမငြင်ဘဲနဲ့ ကူညီပေးတယ်...တကယ်လို့ ငါတို့က လေးစားရိုသေမှုကိုပြသပြီးတော့ သွားမယ်ဆိုရင်....ငါတို့က စီနီယာရဲ့နောက်လိုက် မဖြစ်နိုင်ရင်တောင် ငါတို့အတွက် ကံကြမ္မာကောင်းတချို့ ရနိုင်မယ်လို့ ငါ ခံစားမိတယ်"
ကွမ်ယွင်ဖန်းက ပြောဆိုသည်။
"ကောင်းတယ်"
ဟန်ထန်းကြွယ်သည် ချက်ချင်းသဘောတူညီလိုက်ကာ စိတ်လှုပ်ရှားမှုကြောင့် သူ၏ခန္ဓာကိုယ်တုန်ရီသွားပေ၏။ သူသည် ကွေးယွမ်ဖန်း၏ဆန်စက္ကူပေါ်မှ ဓားစိတ်ဆန္ဒကို ရှင်းရှင်းလင်းလင်း မြင်တွေ့ပြီးဖြစ်သည်။ သူသည် သိုင်းအရှင်နယ်ပယ်သို့ ချိုးဖျက်ရာတွင် အတားအဆီးတချို့နှင့် ရင်ဆိုင်နေရခြင်းကြောင့် ဤကဲ့သို့အခွင့်အရေးကောင်းကြီးကို ရယူနိုင်ရန် သူ စိတ်မရှည်တော့ချေ။
"ဒါနဲ့...မင်းပြောတဲ့စီနီယာက ဘယ်နေရာမှာရှိနေတာလဲ"
"ပင်ကျင်းမြို့..."
"ပင်ကျင်းမြို့လား..."
ဟန်ထန်းကြွယ်၏မျက်လုံးများတောက်ပသွားကာ သူ၏နုတ်ခမ်းထောင့် မြင့်တက်သွားပြီး အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဒါဆိုရင် ပိုတောင်ကောင်းသွားပြီ...ငါ အခုသွားနေတာကလည်း ငါ့တပည့်ကို အနိုင်ကျင့်ခဲ့တဲ့ ပင်ကျင်းမြို့ထဲက လူရမ်းကားတစ်ယောက်ကို လက်စားချေဖို့ပဲ...အဲ့ဒီနေရာကိုသွားပြီးတော့ တစ်ချက်တည်းနဲ့ ကိစ္စနှစ်ခုပြတ်သွားအောင်လုပ်ကြစို့"