← Chapters

အခန်း (၁၈၆-၁၉၀)

Vol. 13 Ch. 186-190

အခန်း (၁၈၆-၁၉၀)

Vol. 13 Ch. 186-190

Chapter 186

ဟန်ထန်းကြွယ်သည် သူ၏လှိုဏ်ဂူသို့ပြန်ကာ ကျင့်ကြံဆင့်ချိပ်ပိတ်ခံထားရသော ယဲ့ပေကို ငုံကြည့်လိုက်သည်။

"လှိုဏ်ဂူထဲမှာ နေခဲ့တော့...ငါက မင်းရဲ့ဦးလေးကွမ်နဲ့အတူ တောင်အောက်ကိုဆင်းပြီးတော့...မင်းကို အနိုင်ကျင့်ခဲ့တဲ့ သိုင်းပညာခန်းမကို ကူညီပြီးဖယ်ရှားပေးမယ်"

ဟန်ထန်းကြွယ်က ညွှန်ကြားလိုက်၏။

"ဆရာ ဒီလိုလုပ်လို့မရဘူး"

ယဲ့ပေ၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားကာ သူက ပျာပျာသလဲ ပြောဆိုသည်။

"ဆရာ အဲ့ဒီနေရာကို လုံးဝသွားလို့မရဘူး..အဲ့ဒီသိုင်းပညာခန်းမကလူတွေက တကယ့်ကို အစွမ်းထက်တယ်"

"ဟမ့်...ငါ စိတ်ပိုင်းဖြတ်ပြီးပြီ....ဘာမှ ထပ်ပြီးပြောနေစရာ မလိုတော့ဘူး"

ဟန်ထန်းကြွယ်က အေးစက်တင်းမာစွာပြောဆိုလေသည်။

"တကယ်လို့ အဲ့ဒီသိုင်းပညာခန်းမကလူတွေက မင်းပြောသလိုမျိုး အရမ်းသန်မာအားကောင်းတယ်ဆိုရင်တောင် ဘာမှကြောက်နေဖို့မလိုဘူး...ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာ ငါက မင်းရဲ့ဦးလေးကွမ်နဲ့ အတူသွားမှာ...သူက ကအခုလတ်တလောမှာ ကြမ္မာကောင်းတစ်ခုကို ရထားပြီးတော့ သိုင်းအရှင်နယ်ပယ်ကို ရောက်သွားပြီ...တကယ်လို့ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခုဖြစ်မလာဘူးဆိုရင် မင်းရဲ့ဦးလေးကွမ်က ငါ့ကို ကူညီပေးလိမ့်မယ်"

"ဆရာသခင်...ကျေးဇူးပြုပြီးတော့ ကျွန်တော် အကြံပေးတာကို နားထောင်ပေးပါ...သိုင်းအရှင်တစ်ယောက်တောင် အဲ့ဒီနေရာကိုရောက်ရင် အသုံးဝင်မှာမဟုတ်ဘူး"

ယဲ့ပေက အလေးအနက်ထားသောလေသံဖြင့် စိတ်လှုပ်ရှားစွာ သတိပေးသည်။

"ပြီးတော့ အဲ့ဒီသိုင်းပညာခန်းမရဲ့တည်နေရာကို ကျွန်တော်က ခုထိ ဆရာ့ကို ပြောမပြရသေးဘူးလေ"

"ဟမ့်...အဲ့ဒါက ဘယ်နေရာမှာရှိတာလဲဆိုတာ ငါ သိထားပြီးပြီ...မင်း ပြောပြစရာ မလိုဘူး"

ဟန်ထန်းကြွယ်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

ယဲ့ပေသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

"ဘယ်လို....ဆရာက ဘယ်လိုလုပ်ပြီးတော့ သိတာလဲ"

"မင်းရဲ့အကာအကွယ်ရတနာပေါ်မှာ ငါ့ရဲ့အရှိန်အဝါတွေရှိနေတယ်....ငါ ဒါကို ပြင်ဆင်ထားတာက တကယ်လို့ မင်း အန္တရာယ်နဲ့တွေ့ရင် ငါ လာပြီးကယ်တင်ပေးနိုင်အောင်လို့ပဲ...ဒါကြောင့် မင်း ရောက်ခဲ့တဲ့နေရာတိုင်းကို ငါ ရှင်းရှင်းလင်းလင်းသိတယ်"

ဟန်ထန်းကြွယ်က ရှင်းပြသည်။

"ဘယ်လို...."

ယဲ့ပေ၏မျက်နှာ ရှုံမဲ့သွားသည်။ သူသည် သိုင်းပညာခန်းမ၏တည်နေရာကို သူ၏ဆရာအား ပြောမပြဘဲ ထိန်းသိမ်းထားလိုသော်လည်း သူ မမျှော်လင့်ဘဲ....

ယဲ့ပေကို ထပ်မံ၍အာရုံမစိုက်တော့ဘဲ ဟန်ထန်းကြွယ်သည် အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲကာ ထွက်ခွာခဲ့တော့သည်။ သူသည် မကြာမီမှာပင် ကွမ်ယွင်ဖန်းနှင့်တွေ့ဆုံကာ ပင်ကျင်းမြို့သို့ ဦးတည်၍ သွားခဲ့လေ၏။

"လူအိုကြီးဟန်...ငါ မင်းရဲ့ဓားပျံကို စီးရလိမ့်မယ်...ငါ ကျင့်ကြံနေတဲ့အချိန်မှာ မင်းက ဓားပျံကိုထိန်းချုပ်ထားပေးပါ"

ကွမ်ယွင်ဖန်းက မထွက်ခွာမီအချိန်တွင် ပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ ကျင့်ကြံဆင့်ချိုးဖျက်ထားတာ မကြာသေးတော့ ငါ့ရဲ့အရှိန်အဝါက မတည်ငြိမ်သေးဘူး...ငါ ဒါကို ထိန်းညှိဖို့ လိုအပ်တယ်"

"ကောင်းပြီလေ...မင်း ဆက်ပြီးကျင့်ကြံနေလို့ရတယ်"

ဟန်ထန်းကြွယ်က တုံ့ပြန်ပြောဆိုလိုက်၏။

ကွမ်ယွင်ဖန်း၏ သိုင်းအရှင်နယ်ပယ်အရှိန်အဝါကိုကြည့်ပြီး သူ၏စိတ်နှလုံးသားအတွင်း၌ မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေကာ ဤခရီးကိုသွားရန်အတွက် ပို၍စိတ်အားထက်သန်နေသည်။

အကယ်၍ သူသည်လည်း ကံကြမ္မာကောင်းတချို့ကိုရရှိပါက သူ ဆန္ဒရှိသည့်အတိုင်း သိုင်းအရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

"ဒါပေမယ့် ငါတို့ အဲ့ဒီစီနီယာဆီကို မသွားခင်...အရင်ဆုံး ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကို ဖြေရှင်းဖို့လိုအပ်တယ်"

ဟန်ထန်းကြွယ်က ပြောဆိုသည်။

"မင်း ဒီလောက်ထိ အလောတကြီး ဖြေရှင်းရအောင်...အဲ့ဒီကိစ္စက ဘယ်လောက်ထိ အရေးကြီးနေလို့လဲ"

ကွမ်ယွင်ဖန်းက ဇဝေဇဝါဖြစ်စွာဖြင့် မေးမြန်းသည်။

ထိုစကားကိုကြားချိန်တွင် ဟန်ထန်းကြွယ်၏မျက်နှာအမူအယာ သုန်မှုန်သွားကာ သူထံမှနေ၍ ဒေါသအငွေ့အသက်များ ထွက်ပေါ်လာသည်။

"ပင်ကျင်းမြို့ထဲမှာ ငါ့ရဲ့တပည့်ကို ခြိမ်းခြောက်ငွေညှစ်နေတဲ့ အရှက်မဲ့တဲ့ကောင်တချို့ရှိနေတယ်...ဘယ်လိုလုပ်ပြီးတော့ ငါ ဒေါသမထွက်ဘဲနေမှာလဲ"

"ငါ သိပြီ"

ကွမ်ယွင်ဖန်းသည် ခေါင်းညိတ်ပြကာ မည်သည့်စကားမျှ မပြောဆိုတော့ချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ဟန်ထန်းကြွယ်၏စိတ်နေစိတ်ထားကို သိရှိပြီးလေပြီ။ သူ ဆုံးဖြတ်ပြီးသော တစ်စုံတစ်ခုကို မည်သူမျှ ဟန့်တား၍မရဘဲ အထူးသဖြင့် သူ၏ချစ်မြတ်နိုးသောတပည့်နှင့် ပတ်သတ်သောကိစ္စပင်။

"ဒါပေမယ့်..."

ဟန်ထန်းကြွယ်သည် ယဲ့ပေ၏စိတ်လှုပ်ရှားနေသောအမူအယာကို တွေးတောမိချိန်တွင် သူ၏သတိကို မပေါ့ဆဝံ့ချေ။

"အဲ့ဒီလူတွေက အရမ်းသန်မာအားကောင်းတယ်လို့ ငါ့တပည့်က ပြောထားတယ်...တကယ်လို့ ငါ မမျှော်လင့်တဲ့ အခက်အခဲနဲ့ ကြုံတွေ့ရမယ်ဆိုရင် ငါ မင်းကို အကူအညီတောင်းရလိမ့်မယ်"

ထိုစကားကိုကြားချိန်တွင် ကွမ်ယွင်ဖန်းသည် အနည်းငယ် စိတ်ကြီးဝင်သွားသကဲ့သို့ ခံစားမိလေ၏။

သာမာန်အားဖြင့် အလွန်မာနထောင်လွှားသော ဟန်ထန်းကြွယ်သည် တခြားသူများကို တစ်ကြိမ်တစ်ခါမျှ ဦးညွှတ်ဆက်ဆံသူမရှိချေ။ သို့ရာတွင် ယခုချိန်၌ ထိုကဲ့သို့လူစားမျိုးသည် သူ့ထံမှနေ၍ အကူအညီတောင်းခံနေသည်။

သိုင်းအရှင်တစ်ယောက်၏စွမ်းအားသည် အမှန်တကယ်ကို ကွဲပြားခြားနားပေ၏။ ဟန်ထန်းကြွယ်ကဲ့သို့ ခေါင်းမာသူတစ်ယောက်ပင်လျှင် နက်နဲသိမ်မွေ့သောခွန်အားနှင့် ရင်ဆိုင်ရချိန်တွင် တခြားသူများထံမှ အကူအညီတောင်းခံရသည်။

"ကောင်းပြီလေ...တကယ်လို့ မင်း မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုရှိလာမယ်ဆိုရင်...ငါ ကူညီပေးမယ်"

ကွမ်ယွင်ဖန်းက တုံ့ပြန်ကာ ဟန်ထန်းကြွယ်၏အကူအညီတောင်းခံမှုကို ငြင်းဆန်ခြင်းမပြုချေ။ သူသည် သူ၏ရင်ဘတ်ကို ဂုဏ်ယူဝံ့ကြွားစွာပုတ်ကာ ပြောဆိုသည်။

"မင်း လိုအပ်တဲ့အချိန်ကျရင် ငါ့ကိုအသိပေးပါ"

"မင်း လိုလိုလားလားကူညီပေးမယ်ဆိုတာအတွက် ကျေးဇူးတင်ပါတယ်"

ဟန်ထန်းကြွယ်က အနည်းငယ် ဦးညွှတ်လိုက်သည်။ သူ၏ခြေထောက်အောက်မှ အလင်းတန်းတစ်တန်း မြင့်တက်လာခြင်းနှင့်အတူ သူ၏ဓားသည် သုံးကျန်းခန့်အလျားရှိသောဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုဓားသည် ကြယ်ပျံတစ်စင်းအလား အဝေးသို့ဦးတည်၍ ပျံသန်းသွားတော့သည်။

ဓား၏ထိပ်၌ ပလ္လင်ခွေထိုင်နေသော ကွမ်ယွင်ဖန်းသည် သူ၏မျက်လုံးကိုစုံမှိတ်ကာ သိုင်းအရှင်နယ်ပယ်သို့ ဝင်ရောက်သည်မှာမကြာသေးသော သူ၏ကျင့်ကြံဆင့်ကို ကျစ်လစ်သိပ်သည်းအောင် ပြုလုပ်နေခဲ့သည်။

ဟန်ထန်းကြွယ်၏သိုင်းဘိုးဘေးနယ်ပယ်ကျင့်ကြံဆင့်ဖြင့် မိုင်ထောင်ချီခရီးကိုသွားရန် အချိန်များစွာ မကြာမြင့်ခဲ့ချေ။

သူတို့သည် ယမန်နေ့ နေဝင်ရီတရောအချိန်မှ စတင်ထွက်ခွာခဲ့ပြီး နောက်တစ်နေ့ မနက်မိုးသောက်အချိန်တွင် သိုင်းပညာခန်းမ၏အထက်သို့ ရောက်ရှိနေလေပြီ။

"ဒီနေရာပဲ"

ဟန်ထန်းကြွယ်က အေးစက်စက်လေသံဖြင့် ပြောဆိုကာ သူ၏မျက်လုံးအကြည့်သည် အောက်ရှိသိုင်းပညာခန်းမငယ်လေးထံ၌ အခိုင်အမာကျရောက်နေသည်။

"အင်း...မင်း အရင်သွားပြီး ဖြေရှင်းလိုက်...ငါ ဒီနေရာမှာ စောင့်နေမယ်...တကယ်လို့ ငါ လှုပ်ရှားဖို့လိုအပ်တယ်ဆိုရင် ငါ့ကို အသိပေးပါ"

ကွမ်ယွင်ဖန်းက တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။

သူသည် မျက်လုံးဖွင့်ကြည့်ခြင်းမပြုဘဲ သူ၏စိတ်ကို ကျင့်ကြံရာတွင်သာ အာရုံစူးစိုက်ထားသည်။

"ကောင်းပြီလေ လူအိုကြီးကွမ်...မင်း ဒီနေရာမှာ ခဏလောက် စောင့်နေလိုက်အုံး...ငါ သူတို့ကို ဖြေရှင်းပြီးတာနဲ့ ပြန်လာခဲ့မယ်"

ဟန်ထန်းကြွယ်က စကားပြောဆိုရင်း သူ၏ဓားကို ယူဆောင်လိုက်၏။ ထို့နောက် သူသည် ထိုဓားပျံကို သိုင်းပညာခန်းမ၏နောက်ရှိ မြေရိုင်းတစ်ကွက်ထံသို့ဦးတည်၍ ထိုးဆင်းလိုက်သည်။

သူသည် အရှေ့တံခါးမကြီး၌ မဆင်းသက်ခြင်းမှာ သူ သတိကြီးစွာထားပြီး ရန်သူများကို အသိပေးလိုက်သကဲ့သို့ မဖြစ်စေလိုသောကြောင့်ပင်။

သူသည် ဤသိုင်းပညာခန်းမကို အရင်ဆုံး စူးစမ်းလေ့လာလိုသည်။

အချိန်တခဏခန့် ကြည့်ရှုပြီးနောက် ဟန်ထန်းကြွယ်သည် သူ၏သတိထားနေမှုကို အနည်းငယ်လျှော့ချလိုက်၏။

ကြည့်ရသည်မှာ....သာမာန်ထက် ကျော်လွန်နေသည့်အရာမျိုး ရှိမနေပုံပင်။

ဤနေရာတွင် မည်သည့်အရှိန်အဝါမျှ ရှိမနေရုံသာမက သိုင်းပညာခန်းမ၏နံဘေးပတ်လည်တွင် မည်သည့်ဝင်္ကပါကိုမျှလည်း သူ မမြင်တွေ့မိချေ။

"ဟမ့်...ခြောက်လှန့်နေတဲ့ကောင်တွေပဲဖြစ်မယ်.."

"နိမ့်ကျတဲ့လူလိမ်တစ်သိုက်က ငါ့ရဲ့တပည့်ကို ခြိမ်းခြောက်အကြပ်ကိုင်ဝံ့တယ်....မင်းတို့ကို ငါ့ရဲ့ဓားနဲ့ အဆုံးသတ်ပေးမယ်"

ဒေါသများဖြင့်ပြည့်နှက်နေသော ဟန်ထန်းကြွယ်က လေထုအတွင်းသို့ ခုန်တက်လိုက်သည်။

သူ ပျံသန်းလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် သူ၏သိုင်းဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်စွမ်းအား ပွင့်အံ့ထွက်လာသည်။ သူ၏လက်ဝါးကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ သူ၏လက်အတွင်းရှိဓားမှနေ၍ တဝီဝီမြည်သံများ ထွက်ပေါ်လာပေ၏။

ကြီးမားသောအေးစိမ်းမှုလှိုင်းတစ်ရပ်နှင့် အတူယှဥ်တွဲ၍ ဓားအလင်းတန်းများ ပြန့်ကြဲသွားကာ သူ၏ဓားသည် လေထုအတွင်း၌ ကြီးမားသောနောက်ချန်ပုံရိပ်ကို ချန်ထားကာ သိုင်းပညာခန်းမထံဦးတည်ကာ ခုတ်ပိုင်းလိုက်သည်။

ဟန်ထန်းကြွယ်သည် ဓားချက်တစ်ချက်တည်းဖြင့် သိုင်းပညာခန်းမတစ်ခုလုံးကို ထက်ခြမ်းခွဲလိုသည်မှာ သိသာထင်ရှားသည်။

တစ်ချိန်တည်းမှာပင် မိုးကောင်းကင်ယံအတွင်း၌ ပလ္လင်ခွေထိုင်နေသော ကွမ်ယွင်ဖန်းသည် ကျင့်ကြံနေရာမှ သူ၏စိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဟန်ထန်းကြွယ် တစ်ယောက်တည်း သွားခိုင်းလိုက်ခြင်းသည် မကောင်းလှဟု သူ ခံစားမိသည်။

သူ၏စိတ်နေသဘောထားသည် အနည်းငယ်ဟိတ်ဟန်များနေပုံရကာ သူသည် သိုင်းအရှင်နယ်ပယ်သို့ချိုးဖျက်ဝင်ရောက်ပြီးနောက် အနည်းငယ်ပြောင်းလဲသွားပုံရသည်။

ထို့ပြင် သူ၏ကျင့်ကြံဆင့် ကျစ်လစ်သိပ်သည်းစေရန် သူ အချိန်မရွေးလုပ်ဆောင်နိုင်ပေ၏။ ဤကိစ္စကို သူ အနည်းငယ်စောင့်ဆိုင်းလိုက်ပါကလည်း များစွာကွဲပြားခြားနားမှုရှိမည်မဟုတ်ချေ။

အတွေးတစ်ချက်နှင့်အတူ သူ၏မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

အမ်...

ဤနေရာကိုကြည့်ရသည်မှာ မည်သည်ကြောင့် ရင်းနှီးကျွမ်းဝင်နေသနည်း...

သူသည် အောက်သို့ငုံကြည့်ကာ သူ၏အကြည့်ကို ပတ်ဝန်းကျင်အား ဝေ့ဝိုက်လိုက်စဥ်တွင် သိုင်းပညာခန်းမငယ်လေးက ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာသည်။

"ဟမ်..."

"ငါတို့က စီနီယာရဲ့နေရာကို ရောက်နေပြီလား"

ကွမ်ယွင်ဖန်းက အံ့အားတသင့် ရေရွတ်လိုက်၏။

"ငါ သိသလောက်တော့ လူအိုကြီးဟန်ကို ငါ လိပ်စာ မပြောရသေးပါဘူး...ဘယ်လိုလုပ်ပြီးတော့ သူက ဒီနေရာကို ရောက်လာတာလဲ"

သူ ဝေခွဲရခက်နေစဥ်မှာပင် တစ်စုံတစ်ခုကို အာရုံခံလိုက်မိသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ကွေးယွမ်ဖန်းသည် အလျှင်အမြန် အာရုံစူးစိုက်၍ကြည့်လိုက်ရာ ဟန်ထန်းကြွယ်သည် သွေးနီရောင်သန်းသောမျက်လုံးတစ်စုံဖြင့် သိုင်းပညာခန်းမကို ထက်ခြမ်းခွဲရန်အတွက် သူ၏ဓားကိုမြှောက်လိုက်သည်အား မြင်တွေ့မိလေ၏။

"အိုး...မလုပ်နဲ့"

ကွမ်ယွင်ဖန်း၏စိတ်နှလုံးသား ယမ်းခါသွားကာ ဤအချိန်အခိုင်အတန့်တွင် သူ၏နှလုံးသည် သူ၏ရင်ဘတ်အတွင်းမှ ခုန်ထွက်တော့လုမတတ်ပင်။

Chapter 187

ကွမ်ယွင်ဖန်းသည် သူ သေဆုံးသွားတော့လုမတတ် ခံစားမိလေ၏။ သူ၏နှလုံးသည် သူ၏လည်မျိုအတွင်းမှ ခုန်ထွက်သွားလုမတတ် သူ ခံစားနေရကာ သူ၏သိုင်းအရှင်နယ်ပယ် ကျင့်ကြံဆင့်၏စွမ်းအားကို အားကုန်ဖြန့်ကျက်လိုက်သည်။ ထို့နောက် သူသည် မကြုံစဖူးအရှိန်နှုန်းဖြင့် ဟန်ထန်းကြွယ်ရှိနေသောနေရာသို့ ဦးတည်၍ရွေ့လျားခဲ့သည်။

"မြန်မြန်..."

"မြန်မြန်လေး..."

သူ အရှိန်ဖြင့်ရှေ့သို့ ပျံသန်းနေစဥ်တွင် သူ၏ပါးစပ်မှနေ၍ ဆုတောင်းနေခဲ့ကာ သူ ခြေတစ်လှမ်းနောက်ကျသွားမည်ကို စိုးရိမ်ထိတ်လန့်နေမိသည်။

"သေစမ်း.."

ဟန်ထန်းကြွယ်သည် ဤဓားချက်ကို ခုတ်ပိုင်းလိုက်ခြင်းနှင့်အတူ သူ၏ဒေါသများအားလုံးကိုဖွင့်ထုတ်ကာ သူ၏မျက်လုံးအတွင်း၌ ရေခဲတမျှအေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။

ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်တွင် ပို၍တောက်ပပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဓားချီတစ်လှိုင်း ထွက်ပေါ်လာသည်။

ဤဓားချီသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေ၏။

ရုတ်ချည်းဆိုသလိုပင် ထိုဓားချီသည် ဟန်ထန်းကြွယ်၏ဓားချီကို ကြေမွှပျက်စီးသွားစေကာ လေထုအတွင်း၌ ပျက်ပြယ်သွားစေသည်။

"ဘယ်သူလဲ..."

"ငါ့ရဲ့အစီအစဥ်ကို ဘယ်သူဖျက်ဆီးတာလဲ"

သူ၏ဓားချီကို ပိတ်ဆို့ဟန့်တားခြင်းခံလိုက်ရသဖြင့် ဟန်ထန်းကြွယ် အလွန်အမင်း ဒေါသထွက်သွားသည်။ သူသည် ဒေါသတကြီးဖြင့် နံဘေးပတ်ဝန်းကိုကြည့်လိုက်ရာ ထိုလူသည် ကွမ်ယွင်ဖန်းဖြစ်နေသည်ကို တွေ့မြင်မိသဖြင့် သူ အံ့အားသင့်တုန်လှုပ်သွားသည်။

သူ၏အစီအစဥ်ကို မည်သည်ကြောင့် ဖျက်ဆီးခဲ့သည်ကို သူ ကွမ်ယွင်ဖန်းအားမေးမြန်းရန် ဟန်ပြင်လိုက်၏။ သို့ရာတွင် ကွမ်ယွင်ဖန်းသည် ဒေါသတကြီးဖြင့် သူ့ထံတိုးဝင်လာကာ သူ၏မျက်နှာအား လက်သီးဖြင့်ထိုးနှက်လိုက်ငည်ကို သူ မြင်တွေ့မိလေ၏။

"ဘုန်း...."

ဟန်ထန်းကြွယ်သည် ကွမ်ယွင်ဖန်း၏ယခုလက်ရှိတိုက်ခိုက်မှုကို အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်ခြင်းမရှိချေ။ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာကာ နောက်သို့လွင့်ထွက်သွားပြီး သူ မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိတော့သည်။

"မင်း...မင်း ဒါက ဘာလုပ်တာလဲ"

မြေပြင်ပေါ်မှတွားသွားထပြီးနောက် ဟန်ထန်းကြွယ်က တင်းမာခက်ထန်သောမျက်နှာနှင့် ဒေါသတကြီးမေးမြန်းလိုက်သည်။

သို့ရာတွင် သူ၏အသံ ကျရောက်မသွားမီမှာပင် ဒေါသူပုန်ထနေသော ကွမ်ယွင်ဖန်း၏လက်အတွင်းမှ ဓားရှည်မှ ဓားချီတစ်လှိုင်းထွက်ပေါ်လာကာ သူ့ထံဦးတည်၍ ခုတ်ပိုင်းလေသည်။

ထိုဓားချီကိုကြည့်ပြီး ဟန်ထန်းကြွယ်သည် ကြောက်ရွံတုန်လှုပ်သွားကာ သူ၏ခန္ဓာကိုယ်ဖျတ်ခနဲရွေ့လျားသွားပြီး သူ ရှောင်တိမ်းလိုက်၏။

ဝှစ်....

သူ၏ဓားချီသည် ပစ်မှတ်ကိုလွဲချော်သွားသဖြင့် ကွမ်ယွင်ဖန်း ပို၍ပင်ဒေါသထွက်သွားသည်။ သူ၏လက်ကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ရေခဲတမျှအေးစက်သောဓားချီတစ်လှိုင်းက ရှေ့သို့ထပ်မံ၍ တိုးဝင်သွားတော့သည်။

ထိုအေးစက်စက်ဓားချီများသည် ဟန်ထန်းကြွယ်၏ခေါင်းအနီးမှကပ်၍ဖြတ်သန်းသွားကာ သူ၏ခေါင်းကို ခုတ်ပိုင်းမိတော့လုမတတ်ပင်။

သို့ရာတွင် ကွမ်ယွင်ဖန်းသည် သူ့အားအလွတ်ပေးရန် ရည်ရွယ်ချက်ရှိပုံမရချေ။ သူ၏မျက်နှာ နီမြန်းနေကာ ဟန်ထန်းကြွယ်အား တိုက်ခိုက်ရန်အတွက် နောက်ထပ်ဓားချက်တစ်ချက်ကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင်..

ဟန်ထန်းကြွယ်သည် ကစဥ့်ကလျားဖြစ်သည်အထိ ရှောင်တိမ်းနေရကာ သူ့ကိုကြည့်ရသည်မှာ စိတ်ဆင်းရဲဖွယ်ကောင်းသည်အထိ ဆိုးဆိုးရွားရွားစုတ်ပြတ်နေသည်။

"လူအိုကြီးကွမ်...ငါတို့ကြားမှာ နားလည်မှုလွဲမှားတာတချို့ရှိနေပုံပဲ...မင်း ဘာဖြစ်နေတာလဲ"

ဟန်ထန်းကြွယ်သည် ကြေကွဲဝမ်းနည်းစွာဖြင့်ငိုယိုကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"နားလည်မှုလွဲမှားတာလား"

"မင်းရဲ့မိသားစုတစ်စုလုံးကို ဒချိပြီးတော့မှ..ငါက နားလည်မှုလွဲသွားတယ်လို့ ပြောရမှာလား"

ကွမ်ယွင်ဖန်းသည် ညစ်ညမ်းစွာကျိန်ဆဲကာ နောက်ထပ်ဓားချီတစ်လှိုင်းကို ထုတ်လွှက်ရင်း ကျယ်လောင်စွာ အော်ဟစ်လေသည်။

"နတ်ဆိုးအိုကြီးဟန်ထန်းကြွယ်...ငါ မင်းကို မေးပါရစေ...ငါ သိုင်းအရှင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာကို မင်း မနာလိုဖြစ်နေလို့ ငါ ဒုက္ခရောက်အောင် မင်း တမင်သက်သက်ကြိုးစားခဲ့တာလား"

"မင်းကို ဒုက္ခရောက်အောင် လုပ်တာလား"

ဟန်ထန်းကြွယ်သည် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားသည်။ သူသည် ကွမ်ယွင်ဖန်း၏တိုက်ခိုက်မှုကို ကိုးရိုးကားရားရှောင်တိမ်းကာ သူက အော်ဟစ်လိုက်၏။

"မင်း မှားနေပြီထင်တယ်....မင်း ဒုက္ခရောက်အောင် ငါ ဘာလုပ်မိလို့လဲ"

"ဟမ့်....ခုထိ ဝန်မခံသေးဘူးလား"

ကွမ်ယွင်ဖန်း၏တိုက်ခိုက်မှုများသည် အညှာအတာကင်းမဲ့ကာ သူက မှုန်တေတေလေသံဖြင့် အော်ငေါက်လေသည်။

"နတ်ဆိုးအိုကြီး ဟန်ထန်းကြွယ်...ငါ ကွမ်ယွင်ဖန်းက မင်းကို နားလည်မှုလွဲနေတာ ဟုတ်မဟုတ် မင်း တွေးကြည့်စမ်း....ဒီနှစ်ထောင်ပေါင်းများစွာအတွင်းမှာ ငါက မင်းကို အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်လို့ အမြဲတမ်းမြင်ခဲ့တယ်...မင်းက ဒီလောက်ထိ ရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့သူဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး....ငါက မင်းအပေါ်ကို ကြင်နာစိတ်နဲ့ တွေးပေးခဲ့တယ်...ဒါပေမယ့် မင်းက မနာလိုစိတ်တွေလွန်ကဲပြီးတော့ ငါ ဒုက္ခရောက်အောင်လုပ်မယ်လို့ ထင်မထားမိဘူး"

ကွမ်ယွင်ဖန်း၏ စူးရှသောစကားလုံးများကို ကြားချိန်တွင် ဟန်ထန်းကြွယ်သည် မျက်ရည်ကျလုမတက် ခံစားလိုက်ရသည်။

အစောပိုင်းကထိ အဆင်ပြေနေခဲ့သော ကွမ်ယွမ်ဖန်းသည် မည်သည်ကြောင့် ရုတ်တရက်ကြီး ရန်လိုစိတ်ပြင်းထန်လာသည်ကို သူ မဖော်ထုတ်နိုင်ချေ။

"အခု ဘာတွေဖြစ်နေတာလဲ...ငါတို့ အေးအေးဆေးဆေး စကားပြောပြီးတော့ ဖြေရှင်းကြရအောင်"

ဟန်ထန်းကြွယ်က အော်ဟစ်လိုက်၏။

"အေးအေးဆေးဆေး စကားပြောမှာလား"

"ငါ့မှာ မင်းနဲ့ ဘာစကားမှပြောစရာမရှိဘူး"

ကွမ်ယွင်ဖန်းက ဒေါသတကြီးအော်ငေါက်ကာ တုံ့ပြန်သည်။

"မင်း...ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ငါ တကယ်မသိဘူး"

ဟန်ထန်းကြွယ်သည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ကာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းကို အပြစ်ပြုမိစေတဲ့ ဘယ်လိုကိစ္စမျိုးကို ငါ ကျူးလွန်ခဲ့မိလို့လဲ...ငါ့ကို ပြောပြစမ်းပါ"

"ကောင်းတယ်...ကောင်းတယ်...မင်းက မသိချင်ယောင်ဆောင်နေမှတော့ ငါ မင်းကို ပြောင်ပြောင်တင်းတင်းပဲ ပြောရတော့မှာပေါ့"

ကွမ်ယွင်ဖန်းသည် အနီးရှိသိုင်းပညာခန်းမကို လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။

"ငါ မင်းကို မေးပါရစေ...ငါက ဒီသိုင်းပညာခန်းမကနေ အခွင့်အရေးကောင်းကြီးတစ်ခုရပြီးတော့ ဒါက ငါ့ရဲ့ကျေးဇူးရှင်ရှိနေတဲ့နေရာလို့ မင်းကို ရှင်းရှင်းလင်းလင်း ပြောပြထားတယ်...ဒါတောင်မှ မင်းက မင်းရဲ့ဓားနဲ့ ဒီနေရာကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်...တကယ်လို့ ဒါက မနာလိုတာကြောင့်မဟုတ်ရင် တခြားဘာရှိသေးလဲ...မင်း သေလမ်းရှာနေရင်တောင် ငါ့ကိုပါ ဆွဲမထည့်သင့်ဘူး"

ထိုစကားကိုကြားပြီးနောက်....

ဟန်ထန်းကြွယ်သည် ​ဆွံ့အကာ ကြက်သေသေသွားတော့သည်။ သူ၏အသံ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားကာ သူက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။

"ဒီနေရာက မင်းကို အခွင့်အရေးကောင်းကြီးပေးခဲ့တဲ့ စီနီယာရဲ့အိမ်လို့ မင်း ပြောလိုက်တာလား"

"တခြား ဘာဖြစ်နိုင်သေးလို့လဲ"

ကွမ်ယွင်ဖန်းသည် ကျိန်ဆဲသည့်အဆင့်ရောကါသည်အထိ အလွန်ဒေါသူပုန်ထသွားသည်။ သိုင်းပညာခန်းမကိုတစ်ချက်စောင်းငဲ့ကြည့်ပြီးနောက် အတွင်း၌ မည်သည့်လှုပ်ရှားမှုမျိုးမျှမရှိသည်ကို မြင်တွေ့မိသဖြင့် သူ စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။

ကျေးဇူးတင်စရာကောင်းသည်မှာ.....

အတွင်းမှလူများ ဤကိစ္စကို ယခုထိတိုင် သတိမပြုမိသေးသဖြင့် သူ ကျေးဇူးတင်ရပေမည်။

ထိုသို့မဟုတ်ပါက သူတို့ထံတွင် အသက်ဆယ်ချောင်းရှိနေလျှင်ပင် သူတို့သေဆုံးရန်အတွက် လုံလောက်မည်မဟုတ်ချေ။

ကွမ်ယွင်ဖန်း၏အတည်ပြုစကားကိုကြားချိန်တွင် ဟန်ထန်းကြွယ်၏စိတ်အတွင်းသို့ မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့်အလားပင်။

သူသည် ယဲ့ပေ၏မှော်ရတနာပေါ်တွင်ရှိနေသော အရှိန်အဝါမှတဆင့် ပင်ကျင်းမြို့အတွင်း၌ ယဲ့ပေရောက်ရှိခဲ့သောနေရာသည် ဤနေရာတစ်ခုတည်းသာရှိနေသည်။ ထို့ကြောင့် ဤသည်မှာ သူ၏တပည့်ကို ခြိမ်းခြောက်အကြပ်ကိုင်ရန် ကြိုးပမ်းခဲ့သည့်နေရာမဟုတ်လော...

မည်သည်ကြောင့်....

မည်သည်ကြောင့် ဤနေရာသည် ကွမ်ယွင်ဖန်းကို အခွင့်အရေးပေးခဲ့သော စီနီယာ၏နေရာ ဖြစ်သွားခဲ့သနည်း...

"မင်း အမှတ်များမှားနေတာလား"

ဟန်ထန်းကြွယ်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။

"ငါက အမှတ်မှားစရာလား"

ကွမ်ယွင်ဖန်းသည် ဒေါသထွက်သွားလေ၏။ သူ ဟန်ထန်းကြွယ်ကို ဆက်လက်၍ အော်ငေါက်ရန်ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏လက်အတွင်းမှဓားရှည်ကိုသိမ်းဆည်းကာ သူ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။

ထို့နောက်တွင် ကောက်ရိုးဖိနပ်ကို ဝတ်ဆင်ထားပြီး သူ၏ပခုံးပေါ်တွင် ပေါက်ပြားတစ်လက်ကိုထမ်းထားသော အဖိုးအိုတစ်ယောက်သည် ရှေ့မှနေ၍ လျှောက်လှမ်းလာပေ၏။ သူတို့နှစ်ယောက်အား ဖြတ်လျှောက်သွားစဥ်တွင် ထိုအဖိုးအိုသည် သူတို့အား အဓိပ္ပါယ်ပါသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ သူ၏ပေါက်ပြားကိုထမ်းပြီး ရှေ့ရှိမြေရိုင်းထံသို့ အလုပ်လုပ်ကိုင်ရန် သွားလေသည်။

"သိုင်း...သိုင်းအရှင်လား.."

ထိုအဖိုးအိုကိုကြည့်ပြီး ဟန်ထန်းကြွယ်သည် သူ၏လည်မျိုအတွင်း၌ ငါးရိုးတစ်ချောင်း စူးနေသည့်အလား ခံစားလိုက်ရသည်။ သူသည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ စကားတစ်ခွန်းကိုပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။

သို့ရာတွင် သူ ထိတ်လန့်တုန်လှုပ်နေရာမှ ပြန်လည်ကောင်းမွန်မလာသေးမီမှာပင် သံဂေါ်ပြားတစ်လက်ကိုထမ်းလာသော တခြားအဖိုးအိုတစ်ယောက် လျှောက်လှမ်းလာသည်ကို သူ တွေ့မြင်မိသည်။ ထိုအဖိုးအိုသည်လည်း မြေရိုင်းထံသို့ အလုပ်လုပ်ကိုင်ရန်မသွားမီ သူတို့အား အဓိပ္ပါယ်ပါသောအကြည့်မျိုးဖြင့် စောင်းငဲ့၍ကြည့်သွားလေ၏။

ဒါက....

ဟန်ထန်းကြွယ်သည် ပို၍ထိတ်လန့်တုန်လှုပ်သွားသဖြင့် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏စကားသံ တုန်တုန်ရီရီဖြစ်သွားတော့သည်။

သူ စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် တခြားအဖိုးအိုတစ်ယောက်သည်လည်း ထွန်ခြစ်တစ်ချောင်းကိုထမ်းလာကာ မြေရိုင်းထံသို့ အလုပ်လုပ်ကိုင်ရန်အတွက် သူတို့ရှေ့မှဖြတ်သန်းသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။

"နောက်...နောက်ထပ် သိုင်းအရှင်တစ်ယောက်လား"

သိုင်းအရှင်သုံးယောက်သည် သူတို့၏ရှေ့မှ ဖြတ်လျှောက်သွားပြီးနောက် ဟန်ထန်းကြွယ်သည် သူ၏ခန္ဓာကိုယ်မှ ချွေးတဒီးဒီးကျလာသည်ကို ခံစားမိလေ၏။

မည်သည့်အချိန်မှစ၍ သိုင်းအရှင်များသည် ဤမျှထိ ပေါများသွားခဲ့သနည်း။

ထို့ပြင် သူတို့သည် လယ်ယာအလုပ်ကို အတူတကွ လုပ်ဆောင်နေကြသလော....

ထိုအချိန်မှာပင် အနံ့ဆိုးတစ်ခုနှင့် အတူယှဥ်တွဲ၍ ကလောင်ကလောင်အသံများ ရှေ့မှထွက်ပေါ်လာသည်။ ထို့နောက် အသက်လေးဆယ်အရွယ်ခန့်လူတစ်ယောက်သည် မိလ္လာပုံးများကိုထမ်း၍ လျှောက်လှမ်းလာပေ၏။

"ငါ့ကိုမပြောစမ်းနဲ့...သူကလည်း..."

ဟန်ထန်းကြွယ်၏မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားသည်။

တိကျသေချာစွာပင် ထိုမိလ္လာပုံးသယ်ဆောင်သူသည် သူတို့အား ဖြတ်လျှောက်သွားစဥ်တွင် တစ်ဖက်လူထံမှလာသော နက်နဲသိမ်မွေ့သည့်အရှိန်အဝါကို သူ အာရုံခံမိသည်။

အို ဘုရားရေ....

သူ၏စိတ်အတွင်းမှနေ၍ အော်ဟစ်လိုက်မိသည်။

ဤနေရာတွင် မည်သို့ ဖြစ်ပျက်နေသနည်း...

သိုင်းအရှင်များသည် ခွေးများအလား အလွန်ပေါများနေသလော....

မြေရိုင်းပေါ်တွင် အလုပ်လုပ်ကိုင်နေသော ယခင်လူသုံးယောက်ကို ဘေးဖယ်ထားလျှင်ပင် နောက်ဆုံးတစ်ယောက်သည် မိလ္လာသယ်ဆောင်သူဖြစ်နေသည်။ သူ တခြားကမ္ဘာလောကသို့ ရောက်ရှိသွားသည့်အလား ပြင်းထန်သည့်ခံစားချက်မျိုး ရရှိလာသည်။

ဟန်ထန်းကြွယ်သည် ထိတ်လန့်တုန်လှုပ်ပြီး ဆွံ့အနေသော်လည်း ကွမ်ယွင်ဖန်းသည် အကြွင်းမဲ့တည်ငြိမ်နေသည်ကို သူ ခံစားမိသည်။ ကွမ်ယွင်ဖန်းကို ကြည့်ရသည်မှာ ဤကိစ္စများအားလုံးကို သိနှင့်ပြီးသားဖြစ်ပုံရသည်။

သူ၏ထိတ်လန့်တုန်လှုပ်နေသောစိတ်ကို ထိန်းသိမ်း၍ မေးမြန်းရန် ဟန်ပြင်လိုက်စဥ်မှာပင် ရှေ့၌ပျင်းတိပျင်းရွဲဖြင့် လတ်လျားလတ်လျားသွားလာနေသော ခွေးတစ်ကောင်ကို သူ တွေ့မြင်မိသည်။ ထိုခွေးသည် သူတို့ကိုစောင်းငဲ့ကြည့်ပြီး သူ၏နောက်ခြေထောက်ကိုမြှောက်ကာ မိလ္လာကျင်း၏နံဘေးတွင် ဆီးသွားပြီးနောက်မှ အဝေးသို့ထွက်သွားသည်။

"ဂေ့..."

ထိတ်လန့်တုန်လှုပ်မှုလှိုင်းများ တစ်ခုပြီးတစ်ခု ရိုက်ခတ်လာခြင်းကြောင့် နောက်ဆုံး၌ ဟန်ထန်းကြွယ်သည် အသက်ပင်မရှုနိုင်တော့ချေ။

"ခွေးတစ်ကောင်..."

"ခွေးတစ်ကောင်ကပင် နတ်ဆိုးအရှင် ဖြစ်နေသလော...."

Chapter 188

ဟန်ထန်းကြွယ်သည် ထိတ်လန့်တုန်လှုပ်သွားကာ အချိန်တခဏကြာသည့်တိုင် စကားမပြောနိုင်တော့ချေ။ သူ၏စိတ်ကို တည်ငြိမ်အောင်ပြုလုပ်ရန် အချိန်အတော်ကြာ ယူခဲ့ရပေ၏။

"မဟုတ်ဘူး...ဒါက မဟုတ်သေးဘူး"

သို့ရာတွင် ဤသည်မှာ ခွေးတစ်ကောင်မဟုတ်ဘဲ နတ်ဆိုးသားရဲများကြားတွင် အစွမ်းထက်သော ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေဖြစ်ကြောင်း သူ ရုတ်တရက် သိရှိနားလည်သွားသည်။

နတ်ဆိုးအရှင်အဆင့်ရှိသော ကောင်းကင်ဝါးမျိုဝံပုလွေ....

ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်အတွင်း၌ပင် ဤသည်မှာ အဓိကထောက်တိုင်ကြီးကဲ့သို့ တည်ရှိမှုကြီးတစ်ခုဖြစ်သည်။

ထိုသားရဲ၏လည်ပင်းပတ်လည်တွင် ကြိုးတစ်ချောင်းဖြင့် ထိန်းချည်ထားလေရာ ခွေးတစ်ကောင်ကိုမွေးထားသည်နှင့် တူညီနေသည်မဟုတ်လော....

ဤသို့ ပြုလုပ်နိုင်သူမှာ မည်သူဖြစ်သနည်း...

သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏ခေါင်းကိုတိမ်းစောင်းကာ ဝူယုံဟုန်တို့လူစုကိုကြည့်ပြီး မေးမြန်းလိုက်၏။

"သူတို့က ဘယ့်သူအတွက် အလုပ်လုပ်နေတာလဲ"

"မင်း ဘယ်လိုထင်လဲ"

ကွမ်ယွင်ဖန်းသည် ထိုသို့ပြောဆိုလိုက်သော်လည်း အဖြေသည် အလွန်သိသာထင်ရှားနေပြီဖြစ်သောကြောင့် ဟန်ထန်းကြွယ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

သိုင်းအရှင်များသည် မြေရိုင်းများခုတ်ထွင်ရှင်းလင်းနေကြသည်။

သိုင်းအရှင်တစ်ယောက်သည် မိလ္လာများ သယ်ဆောင်နေသည်။

ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်ဝင် နတ်ဆိုးအရှင်တစ်ကောင်ကို ခွေးတစ်ကောင်ကဲ့သို့ အသုံးပြုထားသည်။

ဖူး....

ဤကဲ့သို့ ဆက်တိုက်ထိတ်လန့်တုန်လှုပ်မှုများကြောင့် ဟန်ထန်းကြွယ်သည် သူ၏ခေါင်းတစ်ခေါင်းလုံး ဗလာကျင်းသွားသကဲ့သို့ ခံစားနေရကာ အသက်ရှုရန်ကိုပင် ခက်ခဲစပြုလာသည်။

တစ်ချိန်တည်းမှာပင် သူ၏တပည့်ကိုအနိုင်ကျင့်ခဲ့သူနှင့် ကွမ်ယွင်ဖန်းကို အခွင့်အရေးကောင်းကြီးပေးခဲ့သူသည် တူညီသောလူတစ်ယောက်သာဖြစ်နေကြောင်း သူ ရုတ်တရက် သိနားလည်သွားသည်။

ထို့ပြင် ထိုလူသည် အစစ်အမှန်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

ဤသည်မှာ သူ၏တပည့်ယဲ့ပေသည် ချဲ့ကားပြောဆိုခဲ့ခြင်းမဟုတ်ဟု ဆိုလိုနေခြင်းဖြစ်သည်။

ထို့ပြင် သူသည် ဒေါသတကြီးဖြင့် ထိုကဲ့သို့ပုဂ္ဂိုလ်တစ်ယောက်၏နေအိမ်ကို သူ၏ဓားဖြင့် ခုတ်ပိုင်းခဲ့သလော....

ထိုအကြောင်းကိုတွေးတောရင်း သူ၏နောက်ကျော၌ ချွေးများရွှဲနစ်လာကာ သူ၏ခြေထောက်များ ပျော့ခွေသွားပြီး လက်စားချေရန်ဟူသော သူ၏စိတ်ဆန္ဒပျောက်ဆုံးသွားတော့သည်။

ဟန်ထန်းကြွယ်သည် သွေးဆူသောစိတ်နေသဘောထားရှိကာ မည်သည့်ကိစ္စကိုမဆို သူ၏ဓားစွမ်းရည်ဖြင့် အစဥ်အမြဲ အကြောက်အလန့်ကင်းစွာ လုပ်ဆောင်လေ့ရှိသူဖြစ်သည်။

သို့ရာတွင် အရာရာတိုင်းအတွက် အချိန်နှင့်နေရာ ရှိနေသည်။

သိုင်းအရှင်တစ်ယောက်ပင်လျှင် ထိုပုဂ္ဂိုလ်အတွက် မိလ္လာများ သယ်ဆောင်ပေးနေလေရာ သူ့ကဲ့သို့ သိုင်းဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်သည် ထိုလူ၏သွားကြားတွင် ညပ်နေရန်ပင် အရည်အချင်းရှိနိုင်ပါသလော....

တစ်ချိန်တည်းမှာပင် ကွမ်ယွင်ဖန်းသည် မည်သည်ကြောင့် သူ့အားဟန့်တားခဲ့သည်ကို နောက်ဆုံး၌ သူ နားလည်သဘောပေါက်သွားလေပြီ။ ကွမ်ယွင်ဖန်းသည် အတိတ်မှခင်မင်ရင်းနှီးခဲ့မှုကိုပင် ထောက်ထားခြင်းမရှိဘဲ သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့လေ၏။

"လူအိုကြီးကွမ်....ငါ..."

သူသည် ကိုးရိုးကားရားအမူအယာဖြင့် ကွမ်ယွင်ဖန်းကို ကြည့်လိုက်သည်။

"ဟမ့်...မင်း ငါ့ကို ဘာစကားမှမပြောနဲ့"

ကွမ်ယွင်ဖန်းက အော်ငေါက်လေသည်။

"ခုဏက ငါ မင်းကို သနားစိတ်ဝင်သွားလို့ မင်းကို တစ်ခါတည်းမသတ်ခဲ့တာပဲ...မင်း ကံကောင်းသွားတယ်"

"ငါ...."

ဟန်ထန်းကြွယ်သည် ဤအချိန်အခိုက်အတန့်တွင် မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။ သူသည် ကြီးမားသောပြဿနာတစ်ခုကို ဖြစ်ပွားစေခဲ့ကြောင်း သူ သိနားလည်ထားသဖြင့် ဖျော့တော့တော့လေသံဖြင့် မေးမြန်းလိုက်သည်။

"ဒါဆိုရင် ငါတို့ အခုဘာလုပ်သင့်လဲ"

"ဘာလုပ်သင့်လဲ...ဟုတ်လား"

"ဟမ့်....ငါတို့ ဒီနေရာမှာ ရုတ်ရုတ်သဲသဲ လုပ်ခဲ့တာကို သူတို့ဘာမှမသိလောက်ဘူးလို့ မင်း တကယ်ကြီးထင်နေတာလား"

ကွမ်ယွင်ဖန်းက အော်ဟစ်လိုက်၏။

ဟန်ထန်းကြွယ်သည် နာကြင်ကြေကွဲစွာဖြင့် သူ၏ခေါင်းကို အောက်သို့ငုံကာ စကားတစ်ခွန်းမျှ ထပ်မဆိုဝံ့တော့ချေ။

"တပည့်လေး...ခုဏက အပြင်ကနေကြားရတဲ့ ရုတ်ရုတ်သဲသဲ ဆူညံသံတွေက ဘာဖြစ်တာလဲ"

အစောပိုင်းကမှနိုးလာကာ မျက်နှာသစ်နေသောရီဖုန်းက စားပွဲခုံကိုသုတ်နေသော ကျုံးချင်ကို မေးမြန်းလေသည်။

"ဆရာသခင်....ခဏလောက်စောင့်ပါအုံး...ကျွန်တော် အပြင်ကိုထွက်ပြီးတော့ တစ်ချက်ကြည့်လိုက်မယ်"

ကျုံးချင်သည် သူ လုပ်ဆောင်နေသောအလုပ်ကို ရပ်တန့်ကာ ပြင်ပသို့ထွက်လိုက်သည်။

ကျုံးချင်ကိုမြင်တွေ့ချိန်တွင် ကွမ်ယွင်ဖန်း၏နှလုံးခုန်နှုန်း လျှင်မြန်သွားပေ၏။

တိကျသေချာစွာပင်....

ဆရာကြီးသည် သူတို့ကြား၌ ဖြစ်ပျက်ခဲ့သမျှ ကိစ္စများကို သိရှိပြီးဖြစ်သဖြင့် သူ၏တပည့်ကို စေလွှတ်လိုက်ခြင်းဖြစ်ပေမည်။

မသိလိုက်မသိဘာသာဖြင့် သူ၏ခန္ဓာကိုယ်ကို အလျှင်အမြန် ကိုင်းညွှတ်ကာ အလွန်အမင်း ရိုသေလေးစားမှုကို ပြသလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ကြက်သေသေနေသော ဟန်ထန်းကြွယ်ကိုကြည့်ကာ အဓိပ္ပါယ်ပါသောအချက်ပေးမှုတစ်ခုကို ပြုလုပ်လိုက်၏။

သို့ရာတွင် ဟန်ထန်းကြွယ်သည် ဇဝေဇဝါဖြစ်နေဆဲပင်။

ကောင်ငယ်လေးတစ်ယောက်...

သူ မည်သည့်အရာကို ကြောက်နေရမည်နည်း....

ကွမ်ယွင်ဖန်းသည် အကြောက်လွန်နေသည်မဟုတ်လော...ထိုကောင်လေးကိုကြည့်ရသည်မှာ မည်သည့်ကျင့်ကြံဆင့်အခြေခံမျှပင် ရှိပုံမရချေ။

"လူအိုကြီးကွမ်...မင်း ဘာလို့အပိုတွေ လုပ်နေတာလဲ....သူက ကောင်ငယ်လေးတစ်ယောက်ပဲလေ...."

ဟန်ထန်းကြွယ်က တီးတိုးပြောဆိုလိုက်သော်လည်း သူ၏စကား အဆုံးမသတ်သေးမီမှာပင် ကွမ်ယွင်ဖန်းက ခက်ထန်တင်းမာစွာဖြင့် သူ့ကို ကြားဖြတ်ဟန့်တားလေသည်။

"ပါးစပ်ပိတ်ထားစမ်း..."

"မင်း ဘာသိလို့လဲ...သူ ဘယ်သူလဲဆိုတာ မင်း သိလို့လား"

"သူက ဘယ်သူလဲ"

ဟန်ထန်းကြွယ်က မေးမြန်းသည်။

"သူက ဆရာကြီးရဲ့တပည့်ပဲ...သူ့မှာ ဘာကျင့်ကြံဆင့်အခြေခံမှမရှိဘူးလို့ မင်း ထင်နေတာလား..ဒါက ဘာလို့လဲဆိုရင် မင်းရဲ့ကျင့်ကြံဆင့်က ဒါကိုမြင်နိုင်ဖို့အတွက် အရမ်းနိမ့်နေလို့ပဲ...မင်း သိထားရမှာက သူ့ရဲ့သာမာန်ကာလျှံကာ ဓားချက်တွေက ငါ့ကို မိုင်ထောင်နဲ့ချီပြီး လိုက်သတ်နေခဲ့တဲ့ ဟေးကျင်းကို သေဆုံးသွားစေခဲ့တယ်ဆိုတာပဲ"

ကွမ်ယွမ်ဖန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဘာ...."

ထိုစကားကိုကြားချိန်တွင် ဟန်ထန်းကြွယ်၏စိတ်နှလုံးသားတစ်ခုလုံး ချက်ချင်းထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် ဟေးကျင်း၏ခွန်အားကို ကောင်းစွာသိရှိထားပေ၏။ ဟေးကျင်းသည် သိုင်းအရှင်နယ်ပယ်သို့ ခြေလှမ်းတစ်ဝက်ချထားနိုင်သူဖြစ်ကာ ဟန်ထန်းကြွယ်ထက် ပို၍သန်မာအားကောင်းသူပင်။ သို့ရာတွင် ထိုကောင်လေးသည် ဟေးကျင်းကို သာမာန်ကာလျှံကာခုတ်ပိုင်း၍ သတ်ဖြတ်ခဲ့သလော။

ထိုသို့ဆိုပါက သူ့အား ခုတ်ပိုင်းရန်လည်း လွန်စွာလွယ်ကူမည်မဟုတ်လော...

ဟန်ထန်းကြွယ်သည် အသိစိတ်ပြန်ဝင်လာချိန်တွင် ကွမ်ယွင်ဖန်းကဲ့သို့ပင် သူ၏ခေါင်းကို အလျှင်အမြန်ငုံလိုက်ကာ သူ၏နှလုံး ကဆုန်စိုင်းခုန်ပေါက်သွားသည်။

ကျုံးချင်သည် မျက်မှောင်ကြုတ်ကာ သူ၏အကြည့်သည် ထိုလူနှစ်ယောက်ထံသို့ စူးစိုက်၍ကျရောက်သွားကာ သူတို့ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် ကွမ်ယွင်ဖန်းနှင့်ဟန်ထန်းကြွယ်တို့သည် သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိပြီး သူတို့၏ခန္ဓာကိုယ်များ အနည်းငယ်တုန်ရီသွားသည်။

"မင်းတို့နှစ်ယောက် တိုက်ခိုက်နေကြတာလား"

ကျုံးချင်သည် ဖရိုဖရဲဖြစ်နေသော ဟန်ထန်းကြွယ်နှင့် ဘိုသီဘတ်သီဖြစ်နေသော ကွမ်ယွင်ဖန်းတို့ကိုကြည့်ကာ မေးမြန်းလိုက်သည်။

သူတို့နှစ်ယောက်သည် ပို၍ပင်ထိတ်လန့်ကြောက်ရွံသွားကာ သူတို့သည် အချိန်အတော်ကြာသည်အထိ ဆွံအနေကြပြီး နောက်ဆုံးမှသာ သူတို့၏ခေါင်းများကို ညိတ်လိုက်ကြသည်။

"မင်းက တကယ့်ကို ပြုပြင်ပေးလို့မရတဲ့လူပဲ"

ကျုံးချင်က မျက်မှောင်ကြုတ်ကာ ကွမ်ယွင်ဖန်းကို ဒေါသတကြီးကြည့်လိုက်၏။

"အရင်တစ်ကြိမ်တုန်းက မင်း ဒီနေရာကိုလာပြီးတော့ တိုက်ခိုက်ခဲ့တယ်...ဒီတစ်ကြိမ်လည်း မင်း ထပ်ဖြစ်နေပြန်ပြီ"

ထိုစကားများသည် ကွမ်ယွင်ဖန်း၏စိတ်နှလုံးသားအတွင်းသို့ စူးဝင်သွားကာ သူ့အား မျက်ရည်များ စီးကျစေလုမတတ်ပင်။ သူသည် ဟန်ထန်းကြွယ်ကို ရှစ်စိတ်ခန့်ပိုင်းပစ်နိုင်ရန် ဆန္ဒရှိနေခဲ့သည်။

"အမ်...မင်းတို့ကြောင့် ငါ့ရဲ့သိုင်းပညာခန်းမက အမိုးနှစ်ချပ် ပျက်စီးသွားတာပါလား"

ထိုအချိန်မှာပင် ကျုံးချင်၏ဒေါသတကြီးအော်ဟစ်သံက ထပ်မံ၍ထွက်ပေါ်လာသည်။

ကွမ်ယွင်ဖန်းသည် တစ်ချက်ကြည့်ပြီးနောက် သူ၏နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။

ဤသည်က အမှန်ပင်။

သူသည် ဟန်ထန်းကြွယ်၏ဓားချီများအားလုံးကို ပိတ်ဆို့ဟန့်တားလိုက်သော်လည်း ယိုစိမ့်သွားသော ဓားချီစွမ်းအားများကို အပြည့်အဝ တားဆီးနိုင်ခဲ့ခြင်းမရှိချေ။

ခေါင်မိုးနှစ်ချပ် ကျိုးပဲ့သွားခြင်းသည် ကိစ္စငယ်လေးတစ်ရပ်ပင်။

သို့ရာတွင် ဆရာကြီးကို အပြစ်ပြုခဲ့မိသည်မှာ အစစ်အမှန်ပြဿနာကြီးတစ်ရပ်ဖြစ်သည်။

"ကောင်းတယ်...မင်းတို့နှစ်ယောက် ဒီနေရာမှာ ခဏစောင့်နေကြအုံး...မင်းတို့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါ့ရဲ့ဆရာကို သွားမေးလိုက်အုံးမယ်"

ကျုံးချင်သည် သူတို့ကို စူးစူးဝါးဝါးကြည့်ကာ သိုင်းပညာခန်းမထံသို့ဦးတည်၍ လျှောက်လှမ်းသွားလေသည်။ တစ်ချိန်တည်းမှာပင် သူသည် ဝူယုံဟုန်တို့လူစုကိုကြည့်ပြီး အော်ဟစ်လိုက်၏။

"ဦးလေးဝူ...သူတို့ကို စောင့်ကြည့်ပေးထားအုံး...ထွက်ပြေးမသွားစေနဲ့...ငါက ဆရာကို သွားပြောလိုက်အုံးမယ်"

"နားလည်ပြီ"

ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်တို့သည် လုပ်ဆောင်နေသော ကိစ္စများကို ချက်ချင်းရပ်တန့်ကာ ပေါက်ပြားများနှင့်တူရွင်းများကို ဝှေ့ယမ်းပြီး သူတို့၏အနီးသို့ ခြိမ်းခြောက်လိုဟန်ဖြင့်ချဥ်းကပ်လာကာ သူတို့ကို စူးစူးဝါးဝါးစိုက်ကြည့်နေကြသည်။

"ဒါ...ဒါက..."

ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

သိုင်းအရှင်သုံးယောက်၏ ခြိမ်းခြောက်သောကိုယ်နေဟန်ထားကိုကြည့်ပြီး သူတို့နှစ်ယောက်သည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံသွားပေ၏။

ထို့ပြင် ထိုသိုင်းအရှင်များ၏လက်အတွင်းမှ ပေါက်ပြားနှင့်တူရွင်းများသည် သာမာန်ပစ္စည်းများမဟုတ်ဘဲ အနိမ့်ဆုံးအနေဖြင့် သူတော်စင်အဆင့်ပစ္စည်းများဖြစ်နေကြောင်း သူတို့ ရှာဖွေတွေ့ရှိမိသည်။

ဟူး....

သူတို့နှစ်ယောက်သည် လေအေးများရှိုက်သွင်းလိုက်ကြကာ မသိစိတ်မှနေ၍ ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။ သူတော်စင်အဆင့်ပစ္စည်းများကို လယ်ယာလုပ်ကိုင်ရန်အတွက် အသုံးပြုနေသဖြင့် ဤသည်မှာ မည်ကဲ့သို့ကမ္ဘာခြားနေသည့် နေရာမျိုးဖြစ်သနည်း။

ဘုန်း...

သူတို့နှစ်ယောက် မသိမသာ နောက်ဆုတ်လိုက်စဥ်မှာပင် ကျယ်လောင်သောအသံတစ်သံက သူတို့၏နောက်မှ ထွက်ပေါ်လာသည်။

သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။

သူတို့ နောက်သို့လှည့်ကြည့်လိုက်ရာ သူတို့၏လမ်းကြောင်းကို ပိတ်ဆို့ထားသော မိလ္လာပုံးနှစ်ပုံးကို တွေ့မြင်မိသည်။ မိလ္လာသယ်ဆောင်သူသည် ရက်စက်ကြမ်းကြုတ်သောအမူအယာဖြင့် သူတို့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

သူတို့၏ဆုတ်ခွာလမ်းကြောင်းများအားလုံး လုံးလုံးလျားလျား ပြတ်တောက်သွားလေပြီ။

Chapter 189

သိုင်းအရှင်လေးယောက်ထံမှ ထုတ်လွှတ်ထားသောဖိအားသည် သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များကို တုန်ရီသွားစေကာ ထိတ်လန့်ကြောက်ရွံမှုကြောင့် အော်ဟစ်ငိုယိုလုနီးပါး ဖြစ်သွားစေခဲ့သည်။ သူတို့၏နှလုံးများ ကဆုန်စိုင်းခုန်ပေါက်နေသည်မှာ သူတို့၏ရင်ဘတ်များအတွင်းမှ ထွက်ကျသွားတော့လုမတတ်ပင်။

"စီနီယာတို့...ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားကြပါ...ငါတို့ ထွက်မပြေးပါဘူး...စိတ်အေးအေးထား...စိတ်အေးအေးထားပါ"

ကွမ်ယွင်ဖန်းသည် အလျှင်အမြန် အားတင်း၍ဖျစ်ညှစ်ပြုံးကာ ထိုလူလေးယောက်၏ဒေါသများ သူတို့ပေါ်သို့ ကျရောက်လာမည်ကို စိုးရိမ်သဖြင့် စိတ်အေးအေးထားရန် ပြောဆိုလိုက်၏။

သိုင်းအရှင်လေးယောက်၏စူးစူးဝါးဝါး စိုက်ကြည့်နေမှုအောက်၌ သူတို့၏ခန္ဓာကိုယ်များ၌ ချွေးစေးများဖြင့် ရွှဲနစ်နေစဥ်တွင် ကျုံးချင်သည် သိုင်းပညာခန်းမအတွင်းသို့ ပြန်လည်ရောက်ရှိသွားလေပြီ။

"ဆရာသခင်..."

"ဘာဖြစ်တာလဲ"

ရီဖုန်းက မေးမြန်းသည်။

"ဒါက အရင်ရက်က ရောက်လာခဲ့တဲ့ ကွမ်ယွင်ဖန်းပါ...သူက ကျွန်တော်တို့ သိုင်းပညာခန်းမနားမှာ ရန်ပွဲတစ်ခု ထပ်ဖြစ်ခဲ့တယ်...ဒါတင်မကဘူး...သူတို့ကြောင့် ကျွန်တော်တို့သိုင်းပညာခန်းမရဲ့ခေါင်မိုးအုတ်ချပ်နှစ်ချပ် ကျိုးပဲ့သွားတယ်"

"ဘာ..."

ရီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ကွမ်ယွင်ဖန်းသည် မဆိုးလှသောလူစားမျိုးဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ဤလူသည် ပြဿနာရှာသူတစ်ယောက်ဖြစ်နေပြီး သူ၏သိုင်းပညာခန်းမအနီးတွင် ထပ်မံ၍ရန်ဖြစ်ခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် ရီဖုန်းသည် ကွမ်ယွင်ဖန်းအပေါ်မနှစ်သက်မှုများ ကြီးထွားလာပေ၏။

"တပည့်...အဲ့ဒီကိုပြန်သွားပြီးတော့ သူတို့ကို ဝေးနိုင်သမျှဝေးအောင် မောင်းထုတ်လိုက်စမ်း...ပြီးတော့..."

ရီဖုန်းက အံ့ကြိတ်ပြီး ပြောဆိုသည်။

"ကျိုးပဲ့သွားတဲ့ ခေါင်မိုးအုတ်ချပ်တွေအတွက် လျော်ကြေးပေးဖို့ သူတို့ကို ပြောလိုက်စမ်း...သူတို့ကို ဘာမျက်နှာသာမှမပေးနဲ့"

"ဟုတ်ကဲ့....ကျွန်တော် နားလည်ပါပြီ ဆရာသခင်"

ကျုံးချင်၏မျက်နှာ သုန်မှုန်သွားကာ သူက ပြင်ပသို့ ပြန်၍လျှောက်လှမ်းသွားသည်။

ယခုချိန်၌ သူ၏ဆရာသခင် ဒေါသထွက်နေသည်မှာ သိသာထင်ရှားလှ၏။

ကျုံးချင်သည် အေးစက်စက်မျက်နှာအမူအယာဖြင့် ချဥ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ ကွမ်ယွင်ဖန်းနှင့်ဟန်ထန်းကြွယ်တို့၏ နှလုံးခုန်နှုန်းများ လျှင်မြန်သွားသည်။ သူတို့သည် ဘေးဒုက္ခကြီးတစ်ခုနှင့် ကြုံတွေ့ရတော့မည်ကို သူတို့နှစ်ယောက်လုံး သိနားလည်ထားသည်။

"ငါ့ရဲ့ဆရာက ဒီကိစ္စကို အရမ်းဒေါသထွက်နေတယ်"

ကျုံးချင်က သုန်မှုန်နေသောမျက်နှာနှင့် ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်၏စိတ်နှလုံးသားများ လေးလံသွားသည်။

"ပြီးတော့...ကျိုးပဲ့သွားတဲ့ ခေါင်မိုးအုတ်ချပ်တွေအတွက် မင်းတို့ အလျော်ပေးရမယ်လို့ ပြောလိုက်တယ်"

ကျုံးချင်က ဖြည့်စွက်၍ပြောဆိုသည်။

"ငါတို့က ဘယ်လိုလျော်ကြေးပေးရမှာလဲ"

ကွေးယွင်ဖန်းက သူ၏ချွေးများကိုသုတ်ကာ အလျှင်အမြန်မေးမြန်းလိုက်၏။

"မင်းတို့ ဘယ်လိုလျော်ကြေးမျိုး ပေးနိုင်လဲဆိုတာ ငါ့ကို ပြောနိုင်တယ်"

ကျုံးချင်က ခွန်းတုံ့ပြန်လေသည်။

ကွမ်ယွင်ဖန်းသည် ချက်ချင်းဆိုသလိုပင် အသိစိတ်လွတ်ကင်းသွားတော့သည်။

ခေါင်မိုးအုတ်ချပ်နှစ်ချပ် ကျိုးပဲ့သွားသည်မှာ တန်ဖိုးအရကြည့်ပါက သာမာန်လူများအတွက်ဆိုလျှင် ရွှေပြားနှစ်ပြားခန့်သာ တန်ကြေးရှိသည်။

သို့ရာတွင် ယနေ့ကိစ္စသည် ခေါင်မိုးအုတ်ချပ်နှစ်ချပ် ကျိုးပဲ့သွားရုံကဲ့သို့ ရိုးရှင်းခြင်းမရှိချေ။

ထိုအကြောင်းကိုတွေးတောရင်း ကွမ်ယွင်ဖန်းသည် အံ့တင်းတင်းကြိတ်ကာ သူ၏လက်အတွင်းမှဓားရှည်ကို လက်ကမ်းပေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူ့ကဲ့သို့ ဓားသမားတစ်ယောက်အတွက် အဖိုးတန်ဆုံးအရာမှာ သူ၏လက်အတွင်းမှဓားပင်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဟန်ထန်းကြွယ်သည်လည်း ဆိုးဆိုးရွားရွားအမူအယာဖြင့် သူ၏လက်အတွင်းရှိဓားကို လက်ကမ်းပေးလိုက်၏။

"ဒီဓားစုတ်တွေကို ငါက ဘာလုပ်ရမှာလဲ"

ကျုံးချင်က အထင်အမြင်သေးစွာ ပြောဆိုသည်။

"ငါတို့သိုင်းပညာခန်းမရဲ့နောက်ဖေးမှာ ဒီလိုမျိုးဟာတွေ အပုံလိုက်ရှိတယ်"

အမ်...

ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်သည် ထပ်မံ၍ စိတ်ရှုပ်ထွေးသွားသည်။

ဤသည်မှာ အမှန်ပင်။

ဝူယုံဟုန်တို့လူစုထံတွင် ရှိနေသောပစ္စည်းများအားလုံးသည် သူတော်စင်အဆင့်များပင်။ ဤဓားများသည် မည်သည်ကြောင့် သူတို့၏အမြင်အာရုံကို ဖမ်းစားနိုင်မည်နည်း။

သူတို့ မည်သို့ပြုလုပ်ရမည်နည်း....

ယခုလက်ရှိချိန်တွင် သူတို့၏ဓားများထက် အဖိုးတန်သောအရာဟူ၍ သူတို့ထံတွင် မရှိချေ။

ကျုံးချင်၏စိတ်မရှည်သောအမူအယာ ကြီးထွားလာသည်ကိုကြည့်ပြီး ကွမ်ယွင်ဖန်းက အလျင်စလို ပြောဆိုလိုက်၏။

"ဒေါသမထွက်ပါနဲ့...ငါတို့ကို တစ်လအချိန်ပေးပါ..ငါတို့ ဒီလျော်ကြေးကို သေချာပေါက် လာပေးပါ့မယ်"

"ဟုတ်တယ်...ငါတို့ကို တစ်လပဲအချိန်ပေးပါ...ငါတို့ ဆက်ဆက်ပြန်လာပေးပါ့မယ်"

ဟန်ထန်းကြွယ်ကလည်း သံယောင်လိုက်၍ ပြောဆိုသည်။

"တစ်လလား"

ကျုံးချင်က မျက်မှောင်ကြုတ်လိုက်သည်။

ခေါင်မိုးအုတ်ချပ်နှစ်ချပ်အတွက် သူတို့သည် တစ်လလုံးအချိန်ယူရန် လိုအပ်သလော....

သူတို့နှစ်ယောက်သည် သားသားနားနား ဝတ်ဆင်ထားသော်လည်း မည်သည်ကြောင့် အလွန်ဆင်းရဲမွဲတေနေသနည်း....

ကျုံးချင် တိတ်ဆိတ်နေဆဲဖြစ်သည်ကိုကြည့်ပြီး သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီပြီး ထိတ်လန်တုန်လှုပ်သွားကာ မည်ကဲ့သို့ ဆက်လုပ်ရမည်ကို မသိတော့ချေ။

"ကောင်းပြီလေ....ငါ မင်းတို့ကို အခွင့်အရေးတစ်ကြိမ်ပေးလိုက်မယ်...ဒါပေမယ့် တကယ်လို့ မင်းတို့လိမ်မယ်ဆိုရင် မင်းတို့ ငါနဲ့ ထပ်မတွေ့စေနဲ့"

အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးနောက် ကျုံးချင်သည် နောက်ဆုံး၌ ကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။

"ငါတို့ မလုပ်ဝံ့ပါဘူး...ငါတို့ မလုပ်ဝံ့ပါဘူး"

သူတို့နှစ်ယောက်လုံး ပျာပျာသလဲ သဘောတူညီလိုက်ကြ၏။

"သွားတော့...ထွက်သွားကြစမ်း"

ကျုံးချင်က စိတ်မရှည်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ကွမ်ယွင်ဖန်းနှင့်ဟန်ထန်းကြွယ်တို့၏မျက်နှာများပေါ်တွင် စိတ်သက်သာရာရသွားသော အမူအယာမျိုးထင်ဟပ်လာကာ သူတို့သည် ချက်ချင်းထွက်ခွာခဲ့တော့သည်။

သိုင်းပညာခန်းမနှင့်ဝေးကွာသောနေရာသို့ ရောက်ရှိလာချိန်တွင် သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြ၏။

"ကံကောင်းလို့ ဘာမှမဖြစ်ခဲ့ဘူး"

ဟန်ထန်းကြွယ်က ထိတ်လန့်ကြောက်ရွံမှုအပြည့်ဖြင့် ပြောဆိုသည်။

သို့ရာတွင် သူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် ကွမ်ယွင်ဖန်းထံမှ နာကျည်းမုန်းတီးသောအကြည့်တစ်ချက်က သူ့ထံသို့ ပျံ့လွင့်လာသည်။

"ဘာမှမဖြစ်ခဲ့ဘူးတဲ့လား...ဟမ့်..."

"မင်းက ဒီလောက်ထိ ပေါ့ပေါ့လေးပြောနိုင်သေးတယ်....ငါက အဲ့ဒီလူနဲ့ ဆက်ဆံရေးကောင်းရဖို့ ကြိုးစားခဲ့တယ်...ဒါပေမယ့် မင်းက ဓားချက်တစ်ချက်တည်းနဲ့ ဒါကို ဖျက်ဆီးလိုက်တယ်...အခု ငါတို့ အကြွေးတင်နေပြီ...ဒါတောင် မင်းက ဘာမှမဖြစ်ဘူးလို့ ပြောထွက်တာလား"

"ငါ ဘာရည်ရွယ်ချက်နဲ့မှ ဒါကို ပြောလိုက်တာ မဟုတ်ပါဘူး"

ဟန်ထန်းကြွယ်၏မျက်နှာပေါ်တွင် အေးစက်စက်ချွေးများ ယိုစီးကျနေသည်။ သူ၏လက်ကို ပျာပျာသလဲဝှေ့ယမ်းပြီး ပြေရာပြေကြောင်း ပြောဆိုလိုက်၏။

"စိတ်အေးအေးထား...စိတ်အေးအေးထားပါ...."

"ယီးပဲ...မင်းပဲစိတ်အေးအေးထားစမ်း..."

ကွမ်ယွင်ဖန်း၏လက်အတွင်းမှ ဓားချီတစ်လှိုင်းထွက်ပေါ်လာကာ သူက ဟန်ထန်းကြွယ်ကိုဦးတည်၍ ခုတ်ပိုင်းလိုက်သည်။

"စိတ်အေးအေးထား....စိတ်အေးအေး....စိတ်အေးအေးထားပါ...အား....."

ဟန်ထန်းကြွယ်သည် ရှောင်တိမ်းပြီး ချက်ချင်းထွက်ပြေးသွားကာ ကွမ်ယွင်ဖန်းသည် ဖနောင့်ပေါက်၍ အော်ဟစ်ဆဲဆိုနေလေ၏။ သူတို့နှစ်ယောက်သည် အလင်းတန်းများအဖြစ် ပျံသန်းသွားကာ မကြာမီမှာပင် မြင်ကွင်းမှပျောက်ကွယ်သွားတော့သည်။

သူတို့ ထွက်ခွာသွားပြီးနောက် ကျုံးချင်သည် ဤကိစ္စကို ရီဖုန်းထံ သတင်းပို့ကာ ကျိုးပဲ့သွားသောခေါင်မိုးအုတ်ချပ်များနေရာတွင် အရံထားသောအုတ်ချပ်များဖြင့် အစားထိုးလိုက်၏။

ရီဖုန်းသည် ဤကိစ္စကို ထပ်မံ၍ မပြောဆိုတော့ချေ။ သူ၏မနက်ခင်းလဖက်ရည်ကို တစ်ငုံငုံကာ သူ၏အိပ်ယာအောက်တွင် ဝှက်ထားသော ရွှေပြားများထည့်ထားသည့် အိုးအကြောင်းကို တွေးတောလိုက်သည်။

ယခုလက်တလောတွင် ထိုအိုးအတွင်းမှရွှေပြားများ တစ်ကြိမ်ထက်တစ်ကြိမ် ပို၍လျော့နည်းသွားသည်။ သူခိုးတစ်ယောက်ရှိနေမည်ဟု သံသယရှိသဖြင့် သူသည် ထိုရွှေအိုးကို နေရာအသစ်တစ်ခုသို့ ရွှေ့ပြောင်းထားကာ သူ၏ရွှေပြားများ ထပ်မံ၍ပျောက်မသွားစေရန် ကာကွယ်ဟန့်တားလိုက်၏။

စိတ်သက်သာရာရသွားပြီးနောက် သူသည် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းရန် ဟန်ပြင်လိုက်စဥ်မှာပင် တံခါး၏ပြင်ပမှနေ၍ အော်ဟစ်သံများနှင့်ဆဲဆိုသံများ ထွက်ပေါ်လာသည်ကို သူ သတိပြုမိသွားသည်။

ရီဖုန်းသည် ပြင်ပသို့ထွက်ကြည့်လိုက်ရာ ရီဟုန်ဆောင်ကြာမြိုင်မှ မိန်းကလေးအမြောက်အများကို တွေ့မြင်မိသည်။

"မင်းတို့ ဒီနေရာကို ဘာလာလုပ်ကြတာလဲ...ဖဲလာကစားကြတာလား"

ရီဖုန်းက ရယ်မောကာ မေးမြန်းလိုက်၏။

"ဖဲကစားတာလား...ရီဖုန်း...ငါ နင့်ကို မေးပါရစေ...နင်တို့သိုင်းပညာခန်းမမှာ လုပမ်ဝေလို့ခေါ်တဲ့လူရှိလား"

ခေါင်းဆောင်မိန်းကလေးသည် သူမ၏တင်ပါးများကို ရေမြွေတစ်ကောင်ကဲ့သို့ယမ်းခါပြီး သူမက ရီဖုန်းကို လက်ညှိုးထိုး၍ မေးမြန်းသည်။

"လုပမ်ဝေလား"

ရီဖုန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူက ဇဝေဇဝါဖြင့် ပြောဆိုလိုက်သည်။

"ဘာ လုပမ်ဝေလဲ...မင်းတို့ နေရာမှားလာကြတာလား"

"ဒါက လုပမ်ဝေဆိုတာ သေချာတယ်...ဘယ်လိုမှ မမှားနိုင်ဘူး"

သူမက အခိုင်အမာ ပြောဆိုသည်။

"အမှန်ပဲ...သူ့ရဲ့မျိုးရိုးနာမည်ကလု...သူက အိပ်ယာပေါ်မှာ အရမ်းထင်ရှားကျော်ကြားတာကြောင့် သူ့ရဲ့နာမည်က လုပမ်ဝေလို့ခေါ်တယ်လို့ ပြောခဲ့တာ...ငါတို့ ဒါကို သေချာပေါက် မမေ့ဘူး"

တခြားမိန်းကလေးငယ်တစ်ယောက်ကလည်း ဝင်ရောက်ပြောဆိုလေ၏။

"အမှန်ပဲ...တကယ်လို့ သူ ပြာဖြစ်သွားရင်တောင် ငါတို့ သူ့ကို မှတ်မိတယ်"

တခြားမိန်းကလေးများသည်လည်း ကျယ်လောင်စွာ အော်ဟစ်ပြောဆိုကာ သိုင်းပညာခန်းမအတွင်းသို့ အတင်းအကြပ်ဝင်ရန် ကြိုးပမ်းလိုက်ကြသည်။

"နေကြပါဦး"

ရီဖုန်းသည် သူမတို့ကို အလျှင်အမြန်ဟန့်တားကာ ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

"မိန်းကလေးတို့...အရမ်းကြီး ဒေါသထွက်မနေကြပါနဲ့...ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အရင်ဆုံး ငါ့ကို တိတိကျကျ ပြောပြကြပါလား"

"ကောင်းပြီလေ...ငါ နင့်ကို ရှင်းရှင်းလင်းလင်း ပြောပြမယ်"

ခေါင်းဆောင်မိန်းကလေးက ဒေါသတကြီး ပြောဆိုသည်။

"အဲ့ဒီလုပမ်ဝေက ငါတို့ရီဟုန်ဆောင်ကြာမြိုင်မှာ ဘာအခကြေးငွေမှမပေးဘဲနဲ့ ရက်တွေအကြာကြီး သောက်စားသွားခဲ့တယ်...သူက နင့်ရဲ့သိုင်းပညာခန်းမကလူလို့ပြောပြီးတော့ ခုနစ်ရက်အတွင်းမှာ ငွေလာပေးမယ်လို့ ငါတို့ကိုပြောသွားတယ်...နင့်ကြောင့် ငါတို့က သူ့ကို ယုံကြည်ခဲ့တယ်...ဒါပေမယ့် ဘယ်သူက ထင်မိမှာလဲ...အချိန်ခုနစ်ရက်စေ့သွားတဲ့အထိ သူက ပေါ်မလာခဲ့ဘူး"

"ဒါက အမှန်ပဲ...အစပထမတော့ သူက ရက်ရောသလိုမျိုး ပြုမူခဲ့တယ်...ဒါပေမယ့် အခုကြည့်ကြည့်တော့မှ သူက ဒီလိုလူစားမျိုးဖြစ်နေတယ်...သူက မိန်းကလေး ခုနစ်ယောက် ရှစ်ယောက်လောက်ကို တစ်ချိန်တည်း ခေါ်ခဲ့တယ်..စက်ဆုပ်ဖို့ကောင်းလိုက်တာ...တကယ်လို့ နင့်မှာ ပိုက်ဆံမရှိဘူးဆိုလည်း လက်ဖွာတဲ့သူတစ်ယောက်လိုမျိုး ဟန်မဆောင်နဲ့လေ"

"ဟမ့်....အလကားဒချိဖို့ ကြိုးစားခဲ့တာ...အရှက်ကိုမရှိဘူး"

"လုပ်ငန်းတစ်ခုကိုလုပ်ရတာ လွယ်တယ်လို့ နင်ထင်လား...ဒီခေတ်ကြီးထဲမှာတောင် အချောင်သမားတွေ ရှိနေတုန်းပဲ...ရီဖုန်း...ငါ နင့်ကို ပြောလိုက်မယ်...ငါတို့ကို လမ်းပိတ်မထားနဲ့...သူ့ဆီက ငွေတောင်းလို့ရအောင် သူ့ကို မြန်မြန်ထုတ်ပေးစမ်း"

"အမှန်ပဲ...သူ့ကို ခုချက်ချင်း အပြင်ကိုခေါ်ထုတ်လိုက်စမ်းပါ"

မိန်းကလေးတစ်စုသည် စကားပြောဆိုရင်း သူတို့၏ဒေါသများ တဖန်ပြန်၍ မြင့်တက်လာသည်။ သူတို့၏စကားလုံးများအတွင်းတွင် လုပမ်ဝေအပေါ် မုန်းတီးမှုများနှင့် ပြည့်နှက်နေပေ၏။

ရီဖုန်းသည် ညိုမည်းနေသော မျက်နှာအမူအယာနှင့် အလောတကြီး ရှင်းပြလိုက်သည်။

"မိန်းကလေးတို့...မင်းတို့ ဖြစ်ခဲ့တာတွေအတွက် ငါ ကိုယ်ချင်းစာမိပေမယ့်....ငါတို့ သိုင်းပညာခန်းမမှာ လုပမ်ဝေဆိုတဲ့လူ တကယ်မရှိဘူး"

"မဖြစ်နိုင်ဘူး...သူက နင့်ရဲ့သိုင်းပညာခန်းမကလူလို့ သေချာပြောခဲ့တယ်"

"အမှန်ပဲ...နင် သူ့ကို ဖွက်ထားတာပဲဖြစ်မယ်"

"ဒီနေရာမှာ တကယ်မရှိပါဘူး...."

ရီဖုန်းက စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။ သို့ရာတွင် သူ၏စကား အဆုံးမသတ်သေးမီမှာပင် အနက်ရောင်အရိပ်တစ်ရိပ်သည် ထွက်ပြေးလိုသည့်အလား မီးခိုးငွေ့တစ်ခုကဲ့သို့ တိုးထွက်သွားသည်။

Chapter 190

ဤအနက်ရောင်အရိပ်ကိုမြင်တွေ့ချိန်တွင် ရီဟုန်ဆောင်ကြာမြိုင်မှ မိန်းကလေးများ ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

သူတို့သည် ထိုပုံရိပ်ကို လက်ညှိုးညွှန်ကာ စတင်၍အော်ဟစ်လိုက်ကြတော့သည်။

"သူပဲ...အဲ့ဒါက သူပဲ"

"ဟုတ်တယ်...အဲ့ဒါက သူပဲ...မြန်မြန် သူ့ကိုဖမ်းကြစမ်း"

"လုပမ်ဝေ...မပြေးနဲ့"

သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ်လူသည် ငါးရှဥ့်တစ်ကောင်အလား အတားအဆီးများအားလုံးကို ရှောင်ထွက်သွားကာ လမ်းမကြီးပေါ်သို့ လစ်ပြေးသွားသည်။

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် ကြက်သေသေနေလေ၏။

သူ အသိစိတ်ပြန်ဝင်စဥ်တွင် သူ အလွန်ဒေါသထွက်သွားသည်။

ယခုကြည့်ကြည့်တော့မှ လုပမ်ဝေဟူသည်မှာ ချေးထုပ်အရိုးစုကောင်ကြီး ဖြစ်နေသလော...

ယခုလက်တလောတွင် ချေးထုပ်အရိုးစုသည် သူ့အား လွယ်လင့်တကူ ငြိမ်းငြိမ်းချမ်းချမ်းနေခွင့် ပေးထားသည်ဟု သူ တွေးထင်ခဲ့သည်။ ထိုချေးထုပ်ကြီးသည် သူ့အတွက် ပြဿနာများ ပို၍ပို၍ များပြားလာအောင် စုဆောင်းနေမည်ဟု မည်သူက တွေးထင်မိမည်နည်း...

"ခွေးမသား...ငါ မင်းကို သတ်မယ်"

ဒေါသတကြီးဖြင့် ရီဖုန်းသည် သူ၏ဖိနပ်ကိုချွတ်ကာ အရိုးစုကို ပစ်ပေါက်လိုက်၏။

အနက်ရောင်ဝတ်ရုံဝတ်ပုံရိပ်သည် သူ၏ခြေထောက်များကို ခုန်ပေါက်ကာ အရိပ်အယောင်ပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။

လုပမ်ဝေကို မဖမ်းနိုင်သဖြင့် မိန်းကလေးများသည် ရီဖုန်းထံမှ ငွေကြေးများ တောင်းခံကြလေ၏။

အကယ်၍ သူ ငွေမပေးပါက သူ့ကိုအရေခွံခွာမည့်ပုံရှိသည့် မိန်းကလေးများကိုကြည့်ပြီး ရီဖုန်းသည် အံ့တင်းတင်းကြိတ်ကာ တွန့်ဆုတ်စွာဖြင့် သူ၏ရွှေအိုးကို ထုတ်ယူလိုက်သည်။

ထိုအိုးအတွင်းမှတစ်ဝက်နီးပါးသည် တစ်ချီတည်းဖြင့် ကုန်ဆုံးသွားလေပြီ။

ဤကိစ္စသည် မကောင်းလှချေ။

သူ၏စိတ်နှလုံးသားကို နာကျင်စေသည်။

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် အရိုးစုကို သူ၏စိတ်အတွင်းမှနေ၍ သေဒဏ်စီရင်လိုက်၏။

ရီဟုန်ဆောင်ကြာမြိုင်မှ မိန်းကလေးများကို ပြန်လွှတ်ပြီးနောက် ရီဖုန်းသည် ဖိနပ်တစ်ဖက်တည်းသာစီး၍ အတွင်းခန်းထဲသို့ ပြေးဝင်လာသည်။ ယခင်ထက် များစွာပို၍ပေါ့ပါးသွားသော သူ၏ရွှေအိုးကို ချိန်ဆကြည့်ကာ သူ ပို၍တွေးတောလေလေ သူ ပို၍ဒေါသထွက်လာလေလေပင်။

သောက်ချေးပဲ...

သူသည် အမြဲတစေ အလွန်ခြိုးခြံချွေတာကာ ဝိုင်အရက်ဝယ်ယူရာတွင်ပင် ဆိုင်သုံးဆိုင်ရှိစျေးနှုန်းများကို နှိုင်းယှဥ်လေ့ရှိသည်။ သို့ရာတွင် သူ ချွေတာသမျှကို ချေးထုပ်တိရစ္ဆာန်ကောင်ကြီးသည် ရမ်းရမ်းကားကား ဖြုန်းတီးခဲ့လေ၏။

အဆုံးစွန်ဆုံးထိ ဒေါသထွက်နေမှုကို သူ လေထုအတွင်းသို့ ဖွင့်ထုတ်ရန်သာ တတ်နိုင်တော့သည်။

ကန်ချက်တစ်ချက်နှင့်အတူ သူ၏တခြားဖိနပ်တစ်ဖက် လွင့်ထွက်သွားသည်။

ဝှီး....

တိုက်ဆိုင်စွာဖြင့် ထိုဖိနပ်သည် ကျောက်ပြားအောက်ရှိ အက်ကွဲကြောင်းအတွင်းသို့ တိုးဝင်သွားသည်။

ထိုအက်ကွဲကြောင်းအတွင်းတွင် ကင်းခြေမျှားတစ်ကောင်ရှိနေကာ ရုတ်တရက်ပျံ့လွင့်လာသောဖိနပ်ကြောင့် သူ၏ခြေထောက်နှစ်ချောင်း ဆုံးရှုံးသွားခဲ့သည်။

"ဟော..."

"ဟော..."

"ဟော..."

"ဟောဟဲ..."

"ဟောဟဲ..."

"ငါ့ရဲ့နှလုံးသား....ငါ့ရဲ့နှလုံးသားငယ်လေး...ဟောဟဲ....ဟောဟဲ..."

ကင်းခြေမျှားသည် သူ၏ရင်ဘတ်ကို သူ၏ခြေထောက်များဖြင့်ပုတ်ကာ ပြင်းထန်စွာဟောဟဲထိုးနေပြီး နောက်ဆုံးမှသာ သူ၏စိတ် ပြန်လည်တည်ငြိမ်သွားသည်။

ထို့နောက် သူ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပေ၏။

ဤသည်က မည်ကဲ့သို့ သောက်ချေးဘဝမျိုးဖြစ်သနည်း...

သူ၏ကြွင်းကျန်သော ခြေထောက်အနည်းငယ်ကိုကြည့်ကာ နာကျင်ကြေကွဲစွာမြည်တမ်းရင်း သူ၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

သိုလှောင်လက်စွပ်အတွင်းမှ ထွက်လာပြီးနောက် သူ သေချင်ယောင်ဆောင်ပြီး လှည့်စားခဲ့သည်။ သို့ရာတွင် ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောနေရာမျိုးသို့ သူ ရောက်ရှိနေမည်ဟု တစိုးတစိမျှပင် မျှော်လင့်မထားမိချေ။

နတ်ဆိုးဘိုးဘေးများ နတ်ဆိုးအရှင်များနှင့် ညီမျှသောအရှိန်အဝါများ ရံဖန်ရံခါထွက်ပေါ်လာသည်ကို သူ သည်းခံ၍စောင့်ဆိုင်းခဲ့ရသည်။ ထိုသူများ ထွက်ခွာသွားပြီးနောက် သူ ထွက်ပြေးခဲ့သော်လည်း ဤနေရာတစ်ခုလုံးတွင် ကြောက်မက်ဖွယ်စွမ်းအားအတက်အကျလှိုင်းများ ပျံ့နှံ့နေသည်ကို သူ ရှာဖွေတွေ့ရှိမိလေ၏။

ပေအနည်းငယ်ခန့် ပြေးလွှားခဲ့ရုံမျှဖြင့် သူ၏ခြေထောက်ရှစ်ချောင်း ဆုံးရှုံးသွားခဲ့သည်။

သူ ထွက်ပြေးလွတ်မြောက်ရန်အတွက် မျှော်လင့်ချက်မရှိတော့သည်ကို သိရှိမိသဖြင့် ကျောက်ပြားများအကြားမှ ဤအက်ကွဲကြောင်းအတွင်းသို့ တွားသွား၍ပြန်ဝင်ခဲ့ကာ အသက်ရှင်သန်ရန် တစ်ရက်ပြီးတစ်ရက် ရုန်းကန်ခဲ့ရသည်။

သို့ရာတွင် အရာအားလုံးသည် ဤအတိုင်းဆက်၍ ကံဆိုးမိုးမှောင်ကျနေမည်မဟုတ်ချေ။

သူ၏အသက်ကို ကောင်းမွန်စွာ ဖက်တွယ်ထားရပေမည်။

သူ မသေဆုံးသေးသရွေ့ အသက်ရှင်သန်နိုင်ရန်အတွက် အမြဲတမ်းမျှော်လင့်ချက်ရှိနေသည်။

ထိုအချိန်မှာပင် အနီရောင်အလင်းတန်းတစ်တန်းသည် မိုးကုတ်စက်ဝိုင်းအတွင်း၌ ထွက်ပေါ်လာကာ မိုးကောင်းကင်ယံ၏တစ်ဝက်ခန့်ကို လင်းထိန်သွားစေသည်။ ထိုအလင်းတန်းအကြား၌ ပုံရိပ်ယောင်တစ်ခုရှိနေပုံရကာ ကောင်းကင်နှင့်မြေပြင်၏ ဤဖောက်လွဲဖောက်ပြန်ဖြစ်မှုကြောင့် လူတိုင်းထိတ်လန့်တုန်လှုပ်သွားသည်။

"ဘာတွေဖြစ်နေတာလဲ..."

မြေရိုင်းပေါ်တွင် အလုပ်လုပ်ကိုင်နေသော ဝူယုံဟုန်က ခေါင်းမော့ကြည့်လိုက်၏။

"ဒါက မြေပြင်ပေါ်ကို တိုးထွက်လာတဲ့ သူတော်စင်တစ်ယောက်ရဲ့လှိုဏ်ဂူ ဒါမှမဟုတ် ပြိုင်ဘက်ကင်းရတနာတစ်ခု မွေးဖွားလာတာပဲဖြစ်မယ်"

ချူးရှစ်ခွမ်းက စိတ်အားထက်သန်စွာဖြင့် ပြောဆိုသည်။

"ငါတို့ ဘာလုပ်သင့်လဲ"

စွန်းကျူးကဲက မေးမြန်းသည်။

ထို့နောက် သူတို့နှစ်ယောက်သည် ဝူယုံဟုန်ကို ကြည့်လိုက်ကြ၏။

အချိန်အနည်းငယ်ခန့်စဥ်းစားချင့်ချိန်ပြီးနောက် ဝူယုံဟုန်က ပြောဆိုသည်။

"တကယ်လို့ ဒါက အရင်ကဆိုရင်...ငါတို့က ပျော်ပျော်ရွှင်ရွှင်နဲ့ သွားရလိမ့်မယ်...ဒါပေမယ့် အခုချိန်မှာ ငါတို့က ဆရာကြီးရဲ့နောက်ကို လိုက်နေမှတော့ မလိုအပ်တော့ဘူး"

"ဒါပေမယ့် အကျိုးအမြတ်တွေ ပိုပြီးရလာတာက ဘာထိခိုက်မှုမှ မရှိနိုင်ဘူးလေ...ဟုတ်တယ်မလား"

"ဒါက အမှန်ပဲ"

ချူးရှစ်ခွမ်းနှင့်စွန်းကျုးကဲတို့သည် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ စိတ်အားထက်သန်နေကြသည်။

"ဟူး..."

ဝူယုံဟုန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"ဒီကိစ္စနဲ့ပတ်သတ်ရင် မိလ္လာသယ်တဲ့ကောင်တောင် မင်းတို့နှစ်ယောက်ထက် ဥာဏ်ပိုကောင်းတယ်"

ထိုစကားကိုကြားချိန်တွင် ချူးရှစ်ခွမ်းနှင့်စွန်းကျူးကဲတို့သည် လှမ်းကြည့်လိုက်ရာ လုသရှန်းသည် မိလ္လာသယ်သည့်အလုပ်ကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နေဆဲဖြစ်ပြီး မိုးကောင်းကင်ရှိအတိတ်နိမိတ်များကို လုံးလုံးလျားလျားလျစ်လျှူရှုထားကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။

"ဆရာကြီးရဲ့နောက်ကိုလိုက်တာက ဘယ်လှိုဏ်ဂူ ဒါမှမဟုတ် ဘယ်ရတနာအတွက်မဆို တိုက်ခိုက်လုယက်နေတာထက် ပိုကောင်းတယ်ဆိုတာ သူ နားလည်သဘောပေါက်တယ်"

ဝူယုံဟုန်သည် သူတို့နှစ်ယောက်ကို ပြစ်တင်ရှုတ်ချလိုက်၏။

ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး နောက်ဆုံး၌ အသိစိတ်ပြန်ဝင်လာသည်။

သူတို့၏မျက်နှာများပေါ်၌ ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

ဤသည်မှာ အမှန်ပင်။

မည်သည့်ရတနာသည် ဆရာကြီး၏နောက်သို့လိုက်သည်ထက် ပို၍ကောင်းမွန်နိုင်မည်နည်း...

"တခြားသူတွေ တိုက်ခိုက်ကြပါစေ...ဟား ဟား ဟား..."

"အမှန်ပဲ...ဟား ဟား ဟား...ငါတို့အတွက် ထပ်ပြီးမလိုအပ်တော့ဘူး"

ချူးရှစ်ခွမ်းနှင့်စွန်းကျူးကဲတို့သည် အကြည့်ချင်းဖလှယ်လိုက်ကာ အလွန်မောက်မာဝံ့ကြွားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

ထူးဆန်းသော မိုးကောင်းကင်အတိတ်နိမိတ်များသည် သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့လေ၏။

ချင်ရှန်းဂိုဏ်း....

လုချင်ရှန်းသည် ထိပ်ဆုံး၌ထိုင်နေကာ ကျူးယွမ်၏သတင်းပို့မှုကို နားထောင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

"ဆရာဦးလေးကို သတင်းပို့ပါတယ်....အခြေအနေကို အတည်ပြုပြီးပါပြီ...ဒါက ပင်ကျင်းမြို့ထဲမှာ လွန်ခဲ့တဲ့နှစ်တစ်သန်းလောက်အကြာက ကြွင်းကျန်ခဲ့တဲ့ သိုင်းသူတော်စင်ကျန်းယုရဲ့လှိုဏ်ဂူပဲဖြစ်မယ်...ဒီကိစ္စကြောင့် နန်ရှားနယ်မြေတခွင်လုံး ရုတ်ရုတ်သဲသဲဖြစ်လာပြီးတော့ မရေမတွက်နိုင်တဲ့အင်အားစုတွေ အပြေးရောက်လာကြတယ်"

"အခုလက်ရှိချိန်ထိ ရောက်လာတဲ့သူတွေထဲမှာ နာမည်ကျော်ကြားသူတွေက...နှင်းလေအိမ်တော်ရဲ့ပဉ္စမသခင်လေး...တိမ်တိုက်လေပြေတောင်ကြားရဲ့ သူတော်စင်မိန်းမပျို ယွင်ရှန်းချွယ်...တကယ်တော့ မိုးကောင်းကင်ဓားဂိုဏ်းရဲ့ အသစ်ထွက်ပေါ်လာတဲ့ ပါရမီရှင်အမျိုးသမီးတပည့် ဖန်ရှင်းအာလည်းပါတယ်"

"ဒါတောင်မှ နာမည်မထင်ရှားတဲ့ တခြားအစွမ်းထက်ကျင့်ကြံသူတွေအများကြီး ရှိနေသေးတယ်"

"သူတော်စင်မိန်းမပျိုယွင်ရှန်းချွယ်က ငါတို့ရဲ့ချင်ရှန်းဂိုဏ်းကို လွန်ခဲ့တဲ့တစ်ရက်လောက်တုန်းက စကားပါးလိုက်တယ်....အကြောင်းအရင်းကတော့ ငါတို့ရဲ့ချင်ရှန်းဂိုဏ်းက နယ်မြေခံဖြစ်နေတာကြောင့် သူ့ကိုကူညီပေးဖို့ပဲ...သူက ငါတို့ကို တိမ်တိုက်လေပြေတောင်ကြားနဲ့ အပြည့်အဝပူးပေါင်းစေချင်တယ်...တကယ်လို့ ငါတို့က ဒီလှိုဏ်ဂူကို လုံခြုံအောင်ထားနိုင်ရင် အကျိုးအမြတ်ရဲ့နှစ်ဆယ်ရာခိုင်နှုန်းကိုပေးမယ်လို့ သူက ကတိပေးခဲ့တယ်"

"ကျေးဇူးပြုပြီးတော့ ဘိုးလေးက ဆုံးဖြတ်ချက်ချပေးပါ"

ထိုစကားကိုကြားပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော လုချင်ရှန်းသည် ဖြည်းညှင်းစွာ အသက်ရှုထုတ်လိုက်၏။

"ဒါက အသေးအမွှားကိစ္စမဟုတ်ဘူး...ပင်ကျင်းတစ်မြို့လုံးကို ကြီးမားတဲ့စုပ်ဝဲကြီးအဖြစ် ပြောင်းလဲသွားစေနိုင်တယ်...တကယ်လို့ ငါတို့က သတိလက်လွတ်နေမိရင် သိုင်းသူတော်စင်တစ်ယောက်ရဲ့သင်္ချိုင်းဂူဆိုတဲ့ ဆွဲဆောင်နိုင်မှုကြီးအောက်မှာ ငါတို့ဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံရနိုင်တယ်"

"ဒါကြောင့် ငါက ဒီကိစ္စကိုဆုံးဖြတ်ချက်မချခင် အရင်ဆုံး ဆရာကြီးနဲ့တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တယ်"

"ဟုတ်ကဲ့....ဒီလိုပဲ ကောင်းပါတယ်"

ထိုစကားကိုကြားချိန်တွင် ကျူးယွမ်က ငြင်းဆန်ခြင်းမပြုဘဲ သဘောတူညီလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လုချင်ရှန်းသည် သိုင်းပညာခန်းမထံသို့ ရောက်ရှိသွားတော့သည်။

"ဆရာကြီး...ငါ မင်းအတွက် ဝိုင်ကောင်းတချို့ယူလာတယ်"

လုချင်ရှန်းက အပြုံးနှင့်ပြောဆိုသည်။

"အိုး..."

ရီဖုန်းသည် ထိုဝိုင်အရက်အိုးကိုယူကာ အနံခံကြည့်ပြီးနောက် ပြုံးလိုက်သည်။

"ဒီဝိုင်အရက်ကမဆိုးဘူး...လူအိုကြီးချင်ရှန်း မင်းက ငါ့အကြိုက်ကို သိနေတုန်းပဲ"

ထို့နောက် သူတို့နှစ်ယောက်သား ထွေရာလေးပါး စကားစမြည်ပြောဆိုကြသည်။

"ပင်ကျင်းမြို့က ခုလတ်တလောအချိန်မှာ မငြိမ်းချမ်းတော့ဘူး...ဟူး"

ယခင်ထက်ပို၍ သက်ဝင်လှုပ်ရှားနေသော လမ်းများကိုကြည့်ပြီး ရီဖုန်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းရှိုက်ကာ လုချင်ရှန်းကို ကြည့်လိုက်၏။

"ကောင်းကင်ဘုံအတိတ်နိမိတ်တွေက လှိုဏ်ဂူတစ်ဂူထွက်ပေါ်လာတာကြောင့်လို့ ငါ ကြားထားတယ်...မင်း ဘယ်လိုထင်လဲ"

ထိုစကားကိုကြားချိန်တွင် လုချင်ရှန်းသည် သူ၏စိတ်အတွင်းမှနေ၍ အနည်းငယ် အံ့အားသင့်တုန်လှုပ်သွားသည်။

သူ၏လာရင်းရည်ရွယ်ချက်ကို ဆရာကြီးသည် ကြိုသိနေခဲ့သဖြင့် သူ အံ့အားသင့်သွားခဲ့သည်။ သူက နာခံရို့ကျိုးစွာဖြင့် ပြောဆိုလိုက်၏။

"ဆရာကြီးက ရယ်စရာပြောနေပြန်ပြီ...ငါက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆရာကြီးရဲအမြင်ကို ပိုပြီးစိတ်ဝင်စားတယ်"

"ဒီသက်ဝင်လှုပ်ရှားတဲ့ မြင်ကွင်းတွေကိုကြည့်ရတာ ငါ့အတွက် အပျင်းပြေစေပြီးတော့ စကားစမြည်ပြောနေရုံပဲလေ...ဒီလှိုဏ်ဂူလေးအတွက်ကိုများ လူတွေအများကြီး ရောက်လာကြတယ်"

ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းကာ ရယ်မောရင်းပြောဆိုသည်။

လုချင်ရှန်းက ခေါင်းညိတ်လိုက်သည်။

သူ မျှော်လင့်ထားသကဲ့သို့ပင် ဆရာကြီးသည် ဤလှိုဏ်ဂူမျိုးအပေါ်၌ အထင်အမြင်သေးနေပေ၏။ သူသည် သက်ဝင်လှုပ်ရှားသောမြင်ကွင်းများကို စောင့်ကြည့်ရန်ကိုသာ စိတ်ဝင်စားသည်။

သို့ရာတွင် ဆရာကြီးသည် ထိုကိစ္စကို လျစ်လျှူရှုထားနိုင်သော်လည်း သူ ထိုသို့ပြုလုပ်နိုင်စွမ်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ သူ၏လက်အောက်၌ ဂိုဏ်းတစ်ဂိုဏ်းလုံးရှိနေသည်။ အနည်းငယ်တွေဝေတုံ့ဆိုင်းနေပြီးနောက် သူက မေးမြန်းလိုက်၏။

"တကယ်တော့ ဆရာကြီးကို ရိုးရိုးသားသား ပြောပြရရင် ငါ တစ်ချက်သွားကြည့်ဖို့ စဥ်းစားထားတယ်...ဆရာကြီး ဘယ်လိုသဘောရလဲ"

"မင်းကလား"

ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလေသည်။

ထိုအခြင်းအရာကိုကြည့်ပြီး လုချင်ရှန်း၏စိတ်နှလုံးသား တုန်ရီသွားကာ အလျင်စလို မေးမြန်းလိုက်သည်။

"ဆရာကြီးက ဘာကိုဆိုလိုချင်တာလဲ"

All Chapters