← Chapters

အခန်း (၁၉၆-၂၀၀)

Vol. 14 Ch. 196-200

အခန်း (၁၉၆-၂၀၀)

Vol. 14 Ch. 196-200

Chapter 196

"ဘိုးဘေး...ပြဿနာကြီးဖြစ်နေပြီ"

ချင်ရှန်းဂိုဏ်း၌ လုချင်ရှန်း တံခါးပိတ်ကျင့်ကြံနေစဥ် ကျူးယွမ်က စိုးရိမ်ပူပန်တကြီးပြေးလာကာ ပြောဆိုသည်။

"ကျင်းယုရဲ့သင်္ချိုင်းဂူမှာ တစ်ခုခုဖြစ်နေပြီ...အဲ့ဒီနေရာက ပြန်ပြေးလာတဲ့လူတွေရဲ့ အဆိုအရတော့ သူတို့ထဲက ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော် သေသွားပြီ"

"ဘာ..."

"ဖြစ်နိုင်တာတော့ ဆရာကြီးရဲ့နိမိတ်ဖတ်တာက မှန်ကန်နေပြီများလား"

လုချင်ရှန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် တီးတိုးရေရွတ်ကာ ကျင်းယု၏သင်္ချိုင်းဂူထံသို့ အပြေးသွားလိုက်၏။

ကျင်းယု၏သင်္ချိုင်းဂူသို့ ရောက်ရှိစဥ်တွင် သူ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။

သူ့ရှေ့ရှိမြင်ကွင်းကို အလွန်စိတ်မချမ်းမြေ့ဖွယ်ရာဟုသာ ဖော်ပြနိုင်သည်။

အစွမ်းထက်ကျင့်ကြံသူအမြောက်အများ ပျောက်ကွယ်သွားကာ ခြေလက်များပြတ်သွားခြင်း သို့မဟုတ် မျက်နှာများမည်းနက်နေခြင်း သို့မဟုတ် ကျင့်ကြံဆင့်များလျော့ကျသွားခြင်း စသဖြင့် တစ်ခုမဟုတ်တစ်ခုဖြစ်နေသူတချို့သာ မြေပြင်ပေါ်၌လဲကျ၍ ကျန်နေခဲ့သည်။ တချို့သည် အသက်ကိုဖက်တွယ်ထားနိုင်ရုံမျှ သေလုမျောပါးအ​ခြေအနေပင်...

သူတို့ လွတ်မြောက်လာရသောအကြောင်းအရင်းမှာ မတော်တဆကိစ္စဖြစ်ပွားချိန်၌ သူတို့သည် ဝင်ပေါက်၌သာ ရှိနေသေးသောကြောင့်ဖြစ်သည်။

သို့ရာတွင် ခန်းမ၏နက်ရှိုင်းသောနေရာသို့ ဝင်သွားသော တစ်ဦးတစ်ယောက်မျှ ပြင်ပသို့ပြန်ထွက်လာသည်ကို မမြင်တွေ့နိုင်ချေ။

"ဒီနေရာမှာ ဘာတွေအတိအကျ ဖြစ်သွားခဲ့တာလဲ"

လုချင်ရှန်း၏မျက်လုံးများ ပြူးကျယ်သွားကာ တီးတိုးရေရွတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဤနေရာသို့လာရန် အရည်အချင်းပြည့်မီသူများသည် သိုင်းဘုရင်အဆင့်တွင်ရှိကာ ဤလူများအကြားတွင် သိုင်းဧကရာဇ်နှင့်သိုင်းဘိုးဘေးများလည်း ရှားပါးခြင်းမရှိချေ။

သို့ရာတွင် မည်သည်ကြောင့် လူနည်းစုသာ ကြွင်းကျန်တော့သနည်း....

"ဘုန်း...."

ထိုအချိန်မှာပင် ကျောက်တံခါးမှနေ၍ လူရိပ်အမြောက်အများ တိုးထွက်လာသည်။ သူတို့သည် အဓိကအင်အားစုသုံးစုမှ လူများပင်။

"ဝေါင်း...."

သို့ရာတွင် သူတို့ ပြင်ပသို့ရောက်လုဆဲဆဲအချိန်တွင် အနက်ရောင်ပုံရိပ်တစ်ရိပ်သည် ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များနှင့် အတူယှဥ်တွဲ၍ သူတို့အား လိုက်လံဖမ်းဆီးနေလေ၏။ ထိုပုံရိပ်ယောင်ကြီးသည် ကြီးမားသောမေးရိုးကြီးကိုဖွင့်ဟ၍ ကိုက်လိုက်သည်။

"သခင်မလေး....ဂရုစိုက်ပါ"

ယွင်ရှန်းချွယ်သည် နောက်ဆုံးကျန်ရှိနေသောတစ်ယောက် ဖြစ်သည်ကိုကြည့်ပြီး ဦးလေးလင်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ သူ၏သိုင်းအရှင်နယ်ပယ် ကျင့်ကြံဆင့်စွမ်းအား ပွင့်အံ့ထွက်လာကာ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်၏။

သို့ရာတွင် ဤလက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရသသည့်တိုင် အနက်ရောင်ပုံရိပ်ယောင်သည် တစိုးတစိမျှ ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။ ထိုအစား ထိုပုံရိပ်ယောင်ကြီးသည် ကြီးမားသောမေးရိုးကြီးကိုဖွင့်ဟကာ ဦးလေးလင်း၏လက်ကို ကိုက်ချလိုက်သည်။

"အား...."

ဦးလေးလင်းသည် စူးရှနာကျင်စွာအော်ဟစ်ကာ သူ၏ခန္ဓာကိုယ်တစ်ဝက်ခန့် စုတ်ပြတ်သတ်သွားသည်။

"ဦးလေးလင်း...."

ယွင်ရှန်းချွယ်၏မျက်လုံးအတွင်းမှ မျက်ရည်များ စီးကျလာသည်။ သူမသည် အင်အားကုန်သုံးပြီး ဦးလေးလင်းကို နောက်သို့ပြန်ဆွဲလိုက်၏။

မြေပေါ်သို့ကျရောက်လာပြီးနောက် ဂိုဏ်းသုံးဂိုဏ်းမှလူများအားလုံး၏မျက်နှာများ သေလုမတတ်ဖြူရော်နေကာ ရစ်ဝဲနေသောထိတ်လန့်ကြောက်ရွံမှုများနှင့်အတူ သက်ပြင်းရှိုက်လိုက်ကြသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး လုချင်ရှန်း အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

ဦးလေးလင်း၏ခန္ဓာကိုယ်တစ်ဝက် စုတ်ပြတ်သတ်သွားသည့်အပြင် သီဝူကျင်း၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက်အဖြစ် ဒဏ်ရာရသွားကာ ဖန်ရှင်းအာ၏နောက်လိုက် အကြီးအကဲလုံသည် ခြေတစ်ချောင်းပြတ်သွားပေ၏။

တစ်ခုသိထားရသည်မှာ ဤလူသုံးယောက်လုံးသည် သိုင်းအရှင်နယ်ပယ် ကျင့်ကြံသူများပင်။

ယွင်ရှန်းချွယ်တို့ လူငယ်တစ်စုသည် အနည်းငယ်ပို၍ အခြေအနေကောင်းမွန်သော်လည်း သူတို့အားလုံးသည်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသည်။

သူတို့၏အသက်များ ရှင်သန်နေရသောအကြောင်းအရင်းမှာ ဤသိုင်းအရှင်များ၏ကာကွယ်ပေးထားမှုများကြောင့်ဖြစ်ကြောင်း သိသာထင်ရှားသည်။

"ဟူး...."

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် လုချင်ရှန်း၏နောက်ကျောတပြင်လုံး ချွေးများဖြင့်ရွှဲနစ်နေကာ သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

"ဆရာကြီးရဲ့နိမိတ်ဖတ်မှုက တကယ့်ကို တိကျမှန်ကန်နေတာပါလား"

"ကံကောင်းလို့...ငါ ကံကောင်းပြီးတော့ ဆရာကြီးကို အရင်ကြိုမေးမိလို့သာပဲ...မဟုတ်ရင် ငါလည်း သေကြေပျက်စီးသွားနိုင်တယ်"

"ဆရာကြီး...သူက တကယ့်ကို ဆရာကြီးပဲ"

ထိုသို့ရေရွတ်ပြီးနောက် သူသည် ဦးလေးလင်း၏ဒဏ်ရာများကို ကုသပေးရန်အတွက် အလျှင်အမြန် အပြေးသွားလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ၏ချင်ရှန်းဂိုဏ်းနှင့် တိမ်တိုက်လေပြေတောင်ကြားတို့၏အကြားတွင် ဆက်ဆံရေးကောင်းရှိသည်။ ဤှကဲ့သို့ ကိစ္စမျိုးဖြစ်လာသဖြင့် သူ နံဘေးမှနေ၍ မဆိုင်သူတစ်ယောက်အလား မတ်တတ်ရပ်၍ကြည့်မနေနိုင်ချေ။

ဦးလေးလင်း၏ဒဏ်ရာအခြေအနေ တည်ငြိမ်သွားစေရန်အတွက် အချိန်အတော်ကြာ ယူလိုက်ရသည်။

ထိုအခြင်းအရာကိုကြည့်ပြီး လုချင်ရှန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"ဘာလို့ ဒီလောက်ထိ အင်အားစိုက်ထုတ်နေကြတာလဲ....တကယ်လို့ မင်းတို့ အစောကြီးကတည်းက ငါ့ရဲ့စကားကိုနားထောင်ပြီးတော့ ဒီအရှုပ်အထွေးထဲကို ပါဝင်မပတ်သက်ဘူးဆိုရင်...ပိုကောင်းမှာ မဟုတ်ဘူးလား"

ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး မော့ကြည့်လိုက်ကြ၏။

"ဒါဆိုရင် ရှင်က အထဲမှာအန္တရာယ်တွေ ရှိနေတယ်ဆိုတာ ကြိုသိနေခဲ့တာလား"

ယွင်ရှန်းချွယ်က မေးမြန်းလိုက်ကာ သူမ၏လေသံတွင် စွပ်စွဲပြစ်တင်လိုသော အရိပ်အယောင်မျိုး ရောယှက်နေသည်။

လုချင်ရှန်းက စိတ်ကသိကအောက်ဖြင့် ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"အမှန်ပဲ...ဒီထဲမှာ အန္တရာယ်တွေရှိနေတယ်ဆိုတာ ငါသိတယ်...ဒါကြောင့် ငါ ဒီကိစ္စမှာပါဝင်ဖို့ ဆန္ဒမရှိခဲ့တာပဲ...ဒါပေမယ့် ငါ မင်းတို့ကို ကြိုပြီးသတိပေးခဲ့တယ်လေ"

ယွင်ရှန်းချွယ်က သူမ၏လျှာကိုကိုက်လိုက်သည်။ ဤှသည်မှာ သူမအား ဆွံ့အသွားစေကာ သူမသည် စကားတစ်လုံး၏တစ်ဝက်ကိုပင် ပြောနိုင်စွမ်းမရှိတော့ချေ။

အ​ကြောင်းအရင်းမှာ လုချင်ရှန်းသည် သူမတို့အား သတိပေးခဲ့သည်မှာ အမှန်ဖြစ်နေသောကြောင့်ပင်။ သို့ရာတွင် သူမသည် လုချင်ရှန်း၏စကားကိုပယ်ချခဲ့ကာ ထိုအချိန်တုန်းက လှောင်ပြောင်ရယ်မောစရာတစ်ခုဟုပင် တွေးတောခဲ့သည်။

ယခု ပြန်ကြည့်ပါက....

လှောင်ပြောင်ရယ်မောဖွယ်ကောင်းသောတစ်ယောက်မှာ လုချင်ရှန်းမဟုတ်ဘဲ သူမတို့ဖြစ်နေသည်။

အကြောင်းအရင်းမှာ အကယ်၍ သူမတို့သည် ထိုအချိန်တုန်းက လုချင်ရှန်း၏စကားကို နားထောင်ခဲ့ပါက ဤမျှထိကြီးမားသော ထိခိုက်နာကျင်မှုကို သူမတို့ ခံစားရမည်မဟုတ်သောကြောင့်ပင်။

အထူးသဖြင့် ဦးလေးလင်းပင်။

သူ၏အသက်ကို ကယ်တင်နိုင်ခဲ့သည့်တိုင် သူသည် ခန္ဓာကိုယ်တစ်ဝက်နီးပါး မသန်မစွမ်းဖြစ်သွားလေပြီ။

"ဟူး...."

"အခုချိန်မှ ဒီစကားတွေပြောနေလို့ ဘာအကြောင်းထူးတော့မှာလဲ"

ဦးလေးလင်းက နာကျင်ကြေကွဲနေသော မျက်နှာအမူအယာနှင့် ပြောဆိုသည်။ သူ ဤသို့ပြောဆိုလိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် နောင်တများဖြင့် ပြည့်နှက်နေပေ၏။

ယွင်ရှန်းအာ၏မျက်နှာအမူအယာ သုန်မှုန်သွားသော်လည်း ရုတ်တရက် သူမသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံရသည်။ သူမသည် ဇဝေဇဝါဖြစ်နေဟန်ဖြင့် ချင်ရှန်းဘိုးဘေးကိုမော့ကြည့်ကာ မေးမြန်းလိုက်သည်။

"ဒါပေမယ့် ဒီထဲမှာအန္တရာယ်ရှိတယ်ဆိုတာ ရှင် ဘယ်လိုလုပ်ပြီးတော့ သိတာလဲ"

"စီနီယာတစ်ယောက်က ငါ့ကို ပြောထားလို့ပဲ"

လုချင်ရှန်းက ပြောဆိုကာ သူ၏မျက်လုံးအတွင်း၌ ရိုသေလေးစားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

"အဲ့ဒါက ဘယ်သူလဲ"

ယွင်ရှန်းချွယ်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။

လုချန်ရှန်းသည် တောင်းပန်သည့်အပြုံးမျိုးပြုံးကာ ထွက်ခွာသွားတော့သည်။ သူသည် ဤကိစ္စနှင့်ပတ်သက်၍ ထပ်မံ၍ပြောဆိုရန် မလိုလားသည်မှာ သိသာထင်ရှားလှ၏။

လုချင်ရှန်း၏ထွက်ခွာသွားသော နောက်ကျောပြင်ကိုကြည့်ပြီး ယွင်ရှန်းချွယ်က မေးမြန်းသည်။

"ဦးလေးလင်း ဒါကိုယုံလား"

"သူ ပြောသမျှထဲမှာ ဆယ်ပုံပုံရင် ရှစ်ပုံ ကိုးပုံလောက်ယုံတယ်"

ဦးလေးလင်း၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူက တုံ့ပြန်ပြောဆိုသည်။

"ဒါဆိုရင် ဘယ်သူဖြစ်နိုင်လဲ"

ယွင်ရှန်းချွယ်ထံတွင် ဇဝေဇဝါဖြစ်မှုများနှင့် ပြည့်နှက်နေသော်လည်း လုချင်ရှန်းသည် ထွက်ခွာသွားလေပြီ။

သူတို့လူစုသည် ပြန်လည်သက်သာလာကြပြီးနောက် ကျောက်တံခါးအတွင်းမှထွက်လာသော အသံများကို ကြားနေသော်လည်း မည်သူမျှ နောက်တစ်ကြိမ် ထပ်မကြိုးစားဝံ့တော့ချေ။ သူတို့အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာခဲ့တော့သည်။

ဤနေရာရှိ သတင်းများသည် ပျံ့နှံ့သွားပြီးနောက် ကျင့်ကြံသူအမြောက်အများ ပင်ကျင်းမြို့သို့ ပို၍ရောက်ရှိလာသည်။

အဓိကဂိုဏ်းသုံးဂိုဏ်းသည်လည်း ချွင်းချက်မရှိချေ။

တိမ်တိုက်လေပြေတောင်ကြားအတွင်း၌....

"အကြီးအကဲယင်မူနဲ့အကြီးအကဲယင်စန်းတို့က ပင်ကျင်းမြို့ကို အမြန်ဆုံးသွားပါ...ငါတို့က ဒီသူတော်စင်အဆင့်ရတနာသုံးခုကို တိမ်တိုက်လေပြေတောင်ကြားအတွက် ရမှဖြစ်မယ်"

လူကြီးတစ်ယောက်က သူ့နောက်ရှိ အကြီးအကဲနှစ်ယောက်ကို ညွှန်ကြားလိုက်၏။

မိုးကောင်းကင်ဓားဂိုဏ်း၏ နက်ရှိုင်းသောတစ်နေရာ၌....

သိပ်သည်းသောအရှိန်အဝါများရှိသည့် လူရိပ်နှစ်ရိပ်သည် သူတို့၏ဓားပျံများကိုစီးနင်း၍ ထွက်ခွာလာချိန်တွင် ဓားအလင်းတန်းနှစ်တန်း ပျံ့လွင့်သွားသည်။

နှင်းလေအိမ်တော်၌...

"စက်ယန္တရားတွေ မရှိတော့တာကြောင့် ကြွင်းကျန်နေတာက လူတွေအကြားက ယှဥ်ပြိုင်ပွဲပဲ...ငါတို့နှင်းလေအိမ်တော်အတွက် အဲ့ဒီသူတော်စင်အဆင့်ရတနာတွေကို ရမှဖြစ်မယ်"

ဆံဖြူအကြီးအကဲတစ်ယောက်က တည်ငြိမ်အေးဆေးစွာဖြင့် သူ၏လက်အောက်ငယ်သားများထံသို့ အသံပေးပို့လေသည်။

ရုတ်ချည်းဆိုသလိုပင် ပင်ကျင်းမြို့တစ်မြို့လုံး ပျားပန်းခပ်သမျှ သက်ဝင်လှုပ်ရှားသွားသည်။

အကြောင်းအရင်းမှာ လူတိုင်းသည် သူတို့၏စိတ်နှလုံးသားအတွင်း၌ ရှင်းရှင်းလင်းလင်း သိနားလည်ထားသည်။

သူတို့သည် ကြီးမားသော မတော်တဆမှုကြီးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း သင်္ချိုင်းဂူအတွင်းရှိ စက်ယန္တရားများသည် တစ်ချိန်ချိန်တွင် အလိုအလျောက်စွမ်းအားများ ပျက်ပြယ်သွားပေမည်။ ထိုအချိန်ကျပါက သူတော်စင်အဆင့်ရတနာများပေါ်ရှိ ယင်ချီများလည်း ပျက်ပြယ်သွားမည်ဖြစ်ရာ ထိုရတနာများကို ရယူရန်အတွက် အင်အားစိုက်ထုတ်ရန် လိုတော့မည်မဟုတ်ချေ။

သို့ရာတွင်....

ထိုစက်ယန္တရားများ၏စွမ်းအားများ ပျက်ပြယ်မသွားမီ မည်သို့မျှ လှုပ်ရှားမှုမပြုဝံ့သည့်အပြင် ထိုရတနာများကို ယူဆောင်ရန်ကိုလည်း စိုးရိမ်ပူပန်နေသည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ပြင်းအားရှိသော စက်ယန္တရားများ၏စွမ်းအားကို ဖယ်ရှားနိုင်ရန် အရည်အချင်းသည် လူတိုင်းထံတွင်ရှိနေရန်မှာ မဖြစ်နိုင်ချေ။

"ချေးထုပ်ကြီး....သောက်ကျိုးမပေးတဲ့ဟာကြီး..."

သိုင်းပညာခန်းမအတွင်း၌ ရီဖုန်းသည် အရိုးစုကို သစ်ခြောက်ပင်၌ ကြိုးများဖြင့်ချည်ကာ သူ့အားကြာပွတ်ဖြင့် တစ်ချက်ပြီးတစ်ချက် ရိုက်နေလေ၏။

"သောက်ချေးထုပ် ကပ်ပါးရပ်ပါးကောင်....ငါ မင်းရဲ့ သောက်ခြေထောက်ကို လျှောက်သွားခိုင်းလို့လား...မင်းရဲ့ဖင်ကိုပဲ အယိုးခံလိုက်...ဒီနေ့ ငါ မင်းကို သေအောင်ရိုက်သတ်မယ်"

ရီဖုန်းသည် သူ၏ဒေါသများကို ဖွင့်ထုတ်သည့်အနေဖြင့် ဆဲရေးတိုင်းထွာနေသည်။

သူသည် ကြာပွတ်ဖြင့်ရိုက်နှင်နေရင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့်ရွှဲနစ်နေမှသာ နောက်ဆုံး၌ ရီဖုန်းသည် ရပ်တန့်လိုက်တော့သည်။

"ချင်...ချင်...မြန်မြန်လာအုံး"

ရီဖုန်း ထွက်သွားသည်ကိုကြည့်ပြီး အရိုးစုသည် အားအင်ချည့်နဲ့စွာဖြင့် အသံပေးပို့လိုက်၏။

"အကိုကြီး...ဘာကိစ္စရှိလို့လဲ"

"မြန်မြန်လေး...အကိုကြီးကို ကြိုးမြန်မြန်ဖြည်ပေးစမ်း...ငါ မင်းကို ငွေရမယ့်နေရာကို ခေါ်သွားမယ်"

အရိုးစုက စိတ်လှုပ်ရှားစွာဖြင့် အလောတကြီးပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ်...ငွေကြေးဆိုတာက ဘေးအန္တရာယ်ကြားကနေ ဖြစ်လာတာ...တကယ်လို့ ငါတို့ညီအကိုတွေ ငွေရှာနိုင်မယ်ဆိုရင် ငါတို့ ဘာလို့ ခုလိုမျိုးရိုက်နှက်ခံနေရမှာလဲ"

"အကိုကြီး...ဘယ်နေရာမှာ ငွေသွားရှာမှာလဲ"

အောင်းချင်က နူးညံညင်သာစွာ ​မေးမြန်းသည်။

"ဘာမှမစိုးရိမ်နဲ့.....ငါ နေရာကို သိထားပြီးပြီ"

အရိုးစုက ရွှင်မြူးစွာ ပြောဆိုသည်။

"ကောင်းပြီလေ...ဒါပေမယ့် တကယ်လို့ အန္တရာယ်နဲ့တွေ့လာရင် အကိုကြီးက ငါ့ကိုကာကွယ်ပေးရမယ်"

အောင်းချင်သည် အရိုးစုကိုကူညီကာ ကြိုးဖြည်ပေးရင်း ပြောဆိုလိုက်၏။

ကြိုး​ပြေသွားပြီးနောက် အရိုးစုသည် အောင်းချင်ကို ခေါ်ဆောင်ကာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

အချိန်တခဏကြာပြီးနောက် သူတို့သည် ပင်ကျင်းမြို့၏ပြင်ပသို့ ရောက်ရှိလာခဲ့သည်။

"ကြည့်လိုက်စမ်း....အဲ့ဒီထဲမှာ ရွှေပြားတွေအများကြီးရှိနေတယ်"

အရိုးစုက ပြောဆိုကာ ရှေ့မှဦးဆောင်ပြီး ကျောက်တံခါးအတွင်းသို့ လျှောက်လှမ်းဝင်လိုက်သည်။

"အကိုကြီး...အဲ့ဒီနေရာမှာ အန္တရာယ်တွေ ရှိနေပုံပဲ"

အောင်းချင်သည် အရိုးစုအနီးသို့ အလျှင်အမြန်တိုးကာ အတွင်းတွင် ရံဖန်ရံခါလွင့်မျောနေသော ပုံရိပ်ယောင်များကိုကြည့်ပြီး သူ၏ခန္ဓာကိုယ်တုန်ရီနေကာ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်၏။

"ဘာကိစ္စကြီးမှ မဟုတ်ဘူး...အကိုကြီးရဲ့နောက်ကိုလိုက်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး"

အရိုးစုသည် ကြီးမားသောဝံပုလွေတစ်ကောင်အသွင်သို့ ပြောင်းလဲထားသော အနက်ရောင်ပုံရိပ်ယောင်တစ်ခုကို သာမာန်ကာလျှံကာချေမွှဖျက်ဆီးကာ အောင်းချင်ကို အတွင်းသို့ ခေါ်ဆောင်သွားလေသည်။

Chapter 197

သူတို့နှစ်ယောက်သည် စင်္ကြန်လမ်းအတိုင်း အတားအဆီးမရှိ လျှောက်လှမ်းသွားလေသည်။

"အကိုကြီး...ဒီနေရာမှာ ရွှေပြားတွေရှိတယ်ဆိုတာကို ဘယ်လိုလုပ်ပြီးတော့ သိတာလဲ"

အရိုးစု၏နောက်မှ လိုက်ပါနေစဥ်တွင် အောင်းချင်က ဇဝေဇဝါဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။

"ဒီလောကကြီးအတွင်းမှာ မင်းရဲ့အကိုကြီး မသိတဲ့အရာဆိုလို့ ဘာမှမရှိဘူး"

အရိုးစုက သူ၏ရင်ဘတ်ကိုပုတ်၍ ပြောဆိုသည်။

"ဒါက အမှန်ပဲ....ငါ့ရဲ့အကိုကြီးက ဘယ်သူမလို့လဲ...အကိုကြီးရဲ့တည်ရှိမှုသက်သက်နဲ့ ထောင်နဲ့ချီတဲ့ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တယ်"

အောင်းချင်က ခေါင်းညိတ်ပြကာ အလိုက်သင့် မြှောက်ပင့်ဖားယားလိုက်၏။

အရိုးစုသည် အလွန်ပီတိဖြစ်သွားကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြသော်လည်း အလေးအနက်ထားသောလေသံဖြင့် သတိပေးသည်။

"ချင်...ကိစ္စက ဒီလိုဆိုပေမယ့်...ငါတို့က လူသားပဲဖြစ်ဖြစ် ခွေးပဲဖြစ်ဖြစ်...ငါတို့ကိုယ်ငါတို့ နှိမ့်ချပြီးတော့ သိုသိုသိပ်သိပ်နေရမယ်"

"အကိုကြီးရဲ့သင်ကြားပေးမှုက အမှန်ပါပဲ...ငါက ဒါကို စိတ်ထဲမှာ သေချာမှတ်ထားပါ့မယ်"

လမ်းတလျှောက်လုံး စကားစမြည်ပြောဆိုလာပြီးနောက် သူတို့သည် နောက်ဆုံး၌ စင်္ကြန်လမ်းကိုဖြတ်ကျော်ပြီး အတွင်းဘက်အကျဆုံးခန်းမအတွင်းသို့ ရောက်ရှိလာခဲ့သည်။

"ဟား ဟား ဟား...ချင်...မင်းနဲ့ငါ ချမ်းသာသွားပြီ"

အရိုးစုသည် အကြည့်တစ်ချက်ဖြင့်ပင် ယဇ်ပလ္လင်၏နောက်တွင် တောင်ငယ်တစ်လုံးစာခန့်နီးပါး စုပုံနေသော ရွှေပြားများကိုကြည့်ပြီး စိတ်လှုပ်ရှားသောလေသံဖြင့် အော်ဟစ်လိုက်၏။

"ဂုဏ်ပြုပါတယ် အကိုကြီး....ဂုဏ်ပြုပါတယ် အကိုကြီး"

အောင်းချင်သည် ထပ်တူထပ်မျှစိတ်လှုပ်ရှားသွားကာ သူ၏အသံ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ရွှေပြားများမှဖြာထွက်နေသည့် တောက်ပသောအလင်းတန်းများအောက်တွင် ညီအကိုနှစ်ယောက်သည် တခြားအရာများအားလုံးကို လျစ်လျှူရှုသွားသည်။

"သွားကြစို့...အကိုကြီးက ဒီရတနာတွေကို သိမ်းလိုက်မယ်"

အရိုးစုက ယဇ်ပလ္လင်ထံသို့ အပြေးသွားလိုက်၏။

"ဝုန်း...."

ခြေလှမ်းနှစ်လှမ်းခန့်လျှောက်လှမ်းပြီးနောက် လေထုအလယ်၌ မျောလွင့်နေသော သူတော်စင်အဆင့်ရတနာသုံးခုသည် ရုတ်တရက် တုန်ခါသွားကာ အနက်ရောင်မြူခိုးအလွှာများ လွှမ်းခြုံသွားသည်။

ထို့နောက် ထိုရတနာများ လှုပ်ရှားသွားတော့သည်။

ပထမဆုံးလှုပ်ရှားလာသည်မှာ သူတော်စင်အဆင့် ကောင်းကင်ရစ်နှောင်ကြိုးဖြစ်ပြီး အရိုးစု၏ခေါင်းထိပ်ကို ချက်ချင်းရစ်ပတ်လိုက်၏။

"မြက်ပင်တစ်ပင်ကများ...ငါ ရတနာတွေယူမှာကို တားဆီးဝံ့တာလား"

အရိုးစုသည် စိတ်မရှည်စွာဖြင့် သူ၏လက်ကိုဆန့်တန်း၍ ထိုကြိုးကိုဖမ်းဆုပ်ကာ တစ်ဝက်စီဖြတ်တောက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် လေတိမ်တိုက်တောင်ဝှေးနှင့် နတ်ဘုရားနတ်ဆိုးကတ်ကြေးတို့သည် တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

"သောက်ချေးပဲ...ပြီးကိုမပြီးနိုင်တော့ဘူး"

ထို့နောက် လက်သီးတစ်ချက် ပွင့်အံ့ထွက်လာသည်။

"ဒေါင်...ဒေါင်"အသံနှစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ လေတိမ်တိုက်တောင်ဝှေးသည် တစ်ဝက်သာကျန်ရှိတော့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။

"ပြီးတော့...ဒီသောက်ကတ်ကြေး..."

အရိုးစုသည် ထိုကတ်ကြေးကို သူ့လက်ဖြင့်ဆုပ်ကိုင်ကာ သံအပိုင်းအစတစ်ခုကဲ့သို့လိမ်ချိုးပြီး ထောင့်တစ်နေရာသို့ လွှင့်ပစ်လိုက်သည်။

"ဖွီ....အမှိုက်တွေက လမ်းလာပိတ်ဝံ့နေသေးတယ်"

အောင်းချင်သည် မြေပြင်ပေါ်ရှိ အပျက်အစီးများကိုကြည့်ပြီး တံတွေးထွေးကာ ဟိတ်ဟန်ပါပါဖြင့် အရိုးစု၏နောက်သို့ အမှီလိုက်ပါသွားလေ၏။

"ဘုန်း....ဘုန်း..."

သို့ရာတွင် သူတို့နှစ်ယောက်သည် ယဇ်ပလ္လင်၏အလယ်သို့ လျှောက်လှမ်းလာစဥ်မှာပင် ထိုနေရာမှနေ၍ နားအူလုမတတ် တုန်ခါသံကြီးထွက်ပေါ်လာကာ အလင်းတိုင်လုံးများက မြေပြင်မှနေ၍ တိုးထွက်လာသည်။

အကျပ်အတည်းသည် တိတ်တဆိတ် ချဥ်းကပ်လာလေပြီ။

"အကိုကြီး...ဒီနေရာမှာ ဝင်္ကပါတစ်ခုရှိနေပုံပဲ"

အောင်းချင်၏အမွှေးများ ထိုးထိုးထောင်ထောင်ဖြစ်သွားကာ သူသည် မသိလိုက်မသိဘာသာဖြင့် အရိုးစု၏အနီးသို့ ပို၍နီးကပ်အောင်တိုးသွားပြီး ပြောဆိုသည်။

"ဒီဝင်္ကပါကိုကြည့်ရတာ အရမ်းအစွမ်းထက်မယ့်ပုံပဲ...ကြည့်ရတာတော့ ဒါကို လွယ်လင့်တကူ ချိုးဖျက်နိုင်မယ့်ပုံမရဘူး...အကိုကြီးမှာ အကြံဥာဏ်ကောင်း တစ်ခုတစ်လေများ ရှိနေလား"

"အော်...."

"ဒါက တကယ့်ကို ချိုးဖျက်ဖို့ မလွယ်ကူဘူး...ဘာလို့လဲဆိုရင် ငါက ဝင်္ကပါတွေရဲ့အကြောင်းကို ကောင်းကောင်းနားမလည်လို့ပဲ"

အရိုးစုက သူ၏ခေါင်းကိုကုတ်ကာ ပြောဆိုလိုက်၏။

"ဒါဆိုရင် အကိုကြီး...မင်းမှာ တခြားနည်းလမ်းတစ်ခုတစ်လေ မရှိတော့ဘူးလား"

အောင်းချင်က မေးမြန်းသည်။

"ဒါက ငါ့မှာဘာနည်းလမ်းမှမရှိဘူးလို့ ပြောချင်တာမဟုတ်ဘူး"

စကားပြောဆိုနေရင်း အရိုးစုသည် သူ၏လက်ကိုမြှောက်ကာ အောက်သို့ဆောင့်ရိုက်ချလိုက်သည်။

"ဘုန်း..."

တုန်ခါသံတစ်သံနှင့်အတူ ထိုလက်ဝါးရိုက်ချက်၏အောက်တွင် ယဇ်ပလ္လင်တစ်ခုလုံး အက်ကွဲသွားသည်။ အစောပိုင်းက ထွက်ပေါ်နေသော တုန်ခါမှုများသည်လည်း ချက်ချင်းပျောက်ကွယ်သွားကာ အလင်းတိုင်လုံးများသည်လည်း ပျက်ပြယ်သွားလေပြီ။

"အံ့အားသင့်စရာပဲ"

အောင်းချင်သည် ပြောစရာစကားမဲ့သွားကာ လေးစားကြည်ညိုခြင်းကြောင့် အံ့အားတသင့်ရေရွတ်လိုက်ရုံသာ တတ်နိုင်တော့သည်။

သူတို့နှစ်ယောက်သည် နောက်ဆုံး၌ ယဇ်ပလ္လင်၏နောက်သို့ ရောက်ရှိခဲ့ကြလေ၏။

"ဟား ဟား ဟား...နောက်ဆုံးတော့ ငါ ချမ်းသာပြီ"

"ရီဟုန်ဆောင်ကြာမြိုင်က ကောင်မလေးတွေ....ငါ့ကို စောင့်နေကြစမ်း...ဒီတစ်ကြိမ်တော့ ငါက မင်းတို့ရဲ့နေရာတစ်နေရာလုံးကို ကြိုမှာပစ်မယ်"

အရိုးစုသည် စိတ်လှုပ်ရှားစွာဖြင့်ရယ်မောကာ ရွှေပြားများကို သူ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်ရုံ၏အောက်ရှိ အရိုးစုထံမှနေ၍ တဟားဟားရယ်မောသံကြီး ထွက်ပေါ်လာသည်။

"ချင်...ဒီရွှေပြားတွေအားလုံးကို အိတ်တွေထဲထည့်စမ်း...တစ်ပြားတစ်ချပ်မှ မကျန်ခဲ့စေနဲ့"

အနက်ရောင်ဝတ်ရုံအောက်မှနေ၍ အိတ်များကို လက်တစ်ဆုပ်ခန့် ထုတ်ယူကာ အရိုးစုက သတိပေးသည်။

"ငါ သိပါပြီ အကိုကြီး"

အောင်းချင်သည် ထိုအိတ်များကိုယူကာ ရွှေပြားများကို သူ၏လက်များဖြင့် အရူးအမူးတွန်းကာ ထည့်လိုက်သည်။

ကျယ်လောင်သောရယ်မောသံများနှင့် အတူယှဥ်တွဲ၍ ရွှေပြားများအားလုံးကို အိတ်များအတွင်းသို့ ထည့်ပြီးလေပြီ။

"အမ်....ဒီပစ္စည်းလေးတွေကြည့်ရတာ နည်းနည်းတော့ အရသာရှိမယ့်ပုံပဲ"

ရွှေပြားများကို ထုပ်ပိုးသိမ်းဆည်းပြီးနောက် အရိုးစုသည် နံဘေးဘက်ရှိ ဆေးလုံးများကိုကြည့်ကာ လက်တစ်ဆုပ်စာဆုပ်ယူ၍ အောင်းချင်၏ပါးစပ်အတွင်းသို့ ခွံကျွေးလိုက်၏။

"ဒီအရသာက တကယ်မဆိုးဘူး"

အောင်းချင်က ထောက်ခံလိုက်သည်။

"ဒီလိုဆိုရင်ရော...ငါ့မှာ အပိုအိတ်နှစ်အိတ်ရှိသေးတယ်...ဒါတွေကို ခွေးစာအနေနဲ့ မင်း နှစ်အိတ်လောက် ထုပ်ပိုးပြီးတော့ ယူသွားချင်လား"

အရိုးစုက မေးမြန်းသည်။

"ကျေးဇူးတင်ပါတယ် အကိုကြီး"

အောင်းချင်က ကျေးဇူးတင်စွာ ပြောဆိုသည်။

"ငါတို့ညီအကိုတွေကြားမှာ ဒီလိုစကားမျိုးတွေ ပြောနေစရာလား"

နောက်ထပ်တစ်ကြိမ် အလုပ်ရှုပ်သွားပြီးနောက် ယူဆောင်လာသမျှ အိတ်များအားလုံး ပြည့်နှက်သွားလေပြီ။

"ကျန်တဲ့ပစ္စည်းတွေကို ဘာလုပ်လိုက်ရမလဲ"

အောင်းချင်က ထပ်မံ၍ မေးမြန်းလေ၏။

"ဒီစာအုပ်တွေ...ကျင့်ကြံနည်းစနစ်တွေ...."

"အဲ့ဒါတွေကို မီးရှို့လိုက်မယ်...ဒါတွေက သုံးစားမရတဲ့ အညံ့စားနည်းစနစ်တွေ..တကယ်လို့ ဒါတွေကို အပြင်ထုတ်သွားလို့...ဒီလိုမျိုး အနိမ့်စားကျင့်ကြံနည်းစနစ်တွေကို လေ့ကျင့်မိမယ်ဆိုရင်...လူတွေအတွက် ထိခိုက်နစ်နာစရာပဲ ဖြစ်လာလိမ့်မယ်"

အရိုးစုသည် ဂရုတစိုက် စဥ်းစားချင့်ချိန်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် သူ၏အဖြူရောင်လက်ချောင်းရိုးများမှ အလင်းရောင်တောက်ပလာခြင်းနှင့်အတူ မီးပွားများဖြာထွက်လာပြီး မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။

"အော် အကိုကြီး...ဒီနေရာမှာ နောက်ထပ် ကျောက်တံခါးတစ်ချပ်ရှိနေတုန်းပဲ...ဒီထဲမှာ ပိုများတဲ့ရတနာတွေများ ရှိနေနိုင်မလား"

အောင်းချင်က ထပ်မံ၍ အံ့အားတသင့် ရေရွတ်သည်။

"အင်း...အဲ့ဒီအထဲမှာလား...သေနေတဲ့ကောင်တစ်ကောင်နဲ့ အမှိုက်တချို့ကလွဲလို့ ရွှေပြားတစ်ပြားတောင် ရှိမနေဘူး...ထားလိုက်တော့...သွားကြစို့"

အရိုးစုသည် တည်ငြိမ်စွာ ပြောဆိုပြီး အိတ်ခုနစ်အိတ် ရှစ်အိတ်ကိုသယ်ဆောင်ကာ ပြင်ပသို့ ထွက်လာခဲ့တော့သည်။

အောင်းချင်သည်လည်း အိတ်အနည်းငယ်ကို ဆွဲယူကာ နောက်မှနေ၍ ကမန်းကတန်း လိုက်ပါသွားလေ၏။

Chapter 198

ပင်ကျင်းမြို့....

အပေါ်ယံ၌ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ကျောက်တံခါးအတွင်းရှိ လှုပ်ရှားမှုများကို စူးစမ်းရန်အတွက် ကင်းထောက်တချို့ စေလွှက်ထားသည်မှလွဲ၍ သင်္ချိုင်းဂူ၏အနီးတဝိုက်တွင် မည်သည့်ပုံရိပ်မျှ မရှိသလောက်နီးပါးပင်။ ကြည့်ရသည်မှာ သူတို့သည် ယခင်တစ်ကြိမ်က ဖြစ်ပျက်ခဲ့သော ကိစ္စများကို ထိတ်လန့်ကြောက်ရွံနေဆဲဖြစ်ပုံရသည်။

သို့ရာတွင် အပေါ်ယံမျက်နှာပြင်၏အောက်၌ လေနှင့်တိမ်တိုက်များ လူးလွန့်နေသည့်အလား လှုပ်ရှားနေကြ၏။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ပို၍ပို၍ ရောက်ရှိလာကာ ပင်ကျင်းမြို့အတွင်း၌ ပုန်းအောင်းနေကြသည်။ သူတို့သည် ရတနာများကို သွားရောက်ယူဆောင်ခြင်းမပြုမီ စက်ယန္တရားများမှစွမ်းအားများ ကုန်ဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ချင်ရှန်းဂိုဏ်း...

လုရှင်ရှန်းနှင့်ယွင်ရှန်းချွယ်တို့သည် မဟာခန်းမအတွင်း၌ ထိုင်နေသည်။

"မိန်းကလေးယွင်...ငါ့ရဲ့ချင်ရှန်းဂိုဏ်းမှာနေရတာ အဆင်ပြေရဲ့လား"

ချင်ရှန်းဘိုးဘေးက နူးညံညင်သာစွာ မေးမြန်းသည်။

သေမင်းခံတွင်းဝမှ လွတ်မြောက်လာပြီးနောက် ယွင်ရှန်းချွယ်၏မောက်မာဝံ့ကြွားမှုတချို့ လျော့ပါးသွားလေပြီ။ သူမက ချင်ရှန်းဘိုးဘေးထံဦးတည်၍ အနည်းငယ်ဦးညွှတ်ပြကာ ပြောဆိုသည်။

"အတိတ်က ရန်ငြိုးရန်စတွေကို ဆုပ်ကိုင်မထားတဲ့အတွက် အကြီးအကဲလုကို ကျေးဇူးတင်ပါတယ်...အရင်တစ်ကြိမ်တုန်းက မလေးမစား ပြုမူခဲ့မိတဲ့အတွက်လည်း ကျွန်မက တောင်းပန်ပါတယ်...တကယ်လို့ အဲ့ဒီအချိန်တုန်းက ရှင့်ရဲ့အကြံပေးမှုကိုသာ နားထောင်ခဲ့မယ်ဆိုရင်...ဦးလေးလင်းက ဒီလိုပုံစံမျိုးနဲ့ အဆုံးသတ်ရမှာ မဟုတ်ဘူး...."

ထိုစကားကိုပြောဆိုရင်း ယွင်ရှန်းချွယ်၏မျက်နှာအမူအယာ သုန်မှုန်သွားကာ သူမကိုကြည့်ရသည်မှာ အလွန်ကြေကွဲဝမ်းနည်းနေပုံရသည်။

"ဘာမှားနေလို့လဲ....အကြီးအကဲလင်းရဲ့အခြေအနေက ဆိုးရွားနေလို့လား"

ချင်ရှန်းဘိုးဘေးက အလျင်စလို မေးမြန်းသည်။

"အင်း..."

ယွင်ရှန်းချွယ်က ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"ကျွန်မတို့က လူတစ်ယောက်ကိုလွှတ်ပြီးတော့ သူ့ကို တိမ်တိုက်လေပြေတောင်ကြားဆီ အချိန်မီပြန်ပို့ခဲ့ပေမယ့်...ပုံရိပ်ယောင်သားရဲကြောင့် ရခဲ့တဲ့ သူ့ရဲ့ဒဏ်ရာတွေက ကျွန်မတို့မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်...ဦးလေးလင်းက အသက်ရှင်သန်နိုင်ခဲ့ပေမယ့်...သူ့ရဲ့ကျင့်ကြံဆင့်က သိုင်းအရှင်နယ်ပယ်ကနေ သိုင်းဧကရာဇ်နယ်ပယ်ထိ လျော့ကျသွားတယ်...သူ့ရဲ့ဘဝမှာ ကျင့်ကြံဆင့်ထပ်ပြီးမြှင့်တင်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး"

လုချင်ရှန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် သူ၏ပါးစပ်ကို ဖွင့်ဟပြီးနောက် မည်သည့်အရာကို ပြောဆိုရမည်အား မသိသဖြင့် ပြန်ပိတ်လိုက်သည်။

သိုင်းအရှင်နယ်ပယ်မှနေ၍ သိုင်းဧကရာဇ်နယ်ပယ်သို့ တိုက်ရိုက်ပြုတ်ကျသွားခြင်းသည် မသန်မစွမ်းဖြစ်သွားသည်နှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။

သူ ထိုကိစ္စကို ပို၍တွေးတောမိလေလေ ရီဖုန်းအပေါ် ပို၍အထင်ကြီးလေးစားလာသကဲ့သို့ ခံစားမိလေလေပင်။

အကယ်၍ ဆရာကြီး၏ကြိုတင်သတိပေးမှုကြောင့်သာ မဟုတ်ပါက....

သူ လုချင်ရှန်းသည်လည်း ကြီးမားသော ဒုက္ခအတွင်းသို့ ကျရောက်နေပေလိမ့်မည်။

လူတိုင်းသည် သင်္ချိုင်းဂူအတွင်း၌ ဘေးအန္တရာယ်များရှိနေသည်ကို သိရှိထားကြသည်။ သို့ရာတွင် သူ့အား ရီဖုန်း ပြောဆိုလိုက်သောစကားများအရ သင်္ချိုင်းဂူအတွင်းရှိ ဘေးအန္တရာယ်များသည် လူအများ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေကြောင်း သူ့ကို သတိပေးခဲ့ခြင်းပင်။

ထို့ပြင် လက်တွေ့ဖြစ်ရပ်မှန်သည်လည်း ထိုသို့ဖြစ်လာခဲ့သည်။

"အကြီးအကဲလု...တကယ်တော့ ကျွန်မ ဒီတစ်ကြိမ်လာခဲ့တာက...သင်္ချိုင်းဂူထဲမှာ အန္တရာယ်တွေရှိနေတာကို ကြိုတင်ပြီးနိမိတ်ဖတ်နိုင်တဲ့အထိ အစွမ်းထက်တဲ့လူက ဘယ်သူလဲဆိုတာကို မေးချင်လို့လဲ"

အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ယွင်ရှန်းချွယ်က မေးမြန်းလိုက်၏။

သူမသည် ချင်ရှန်းဘိုးဘေး ပြောပြခဲ့သော ပုဂ္ဂိုလ်နှင့်ပတ်သက်၍ အလွန်သိချင်စိတ်ပြင်းပြနေသည်။

"မိန်းကလေးယွင်...ဆရာကြီးက သာမာန်ဘဝကို ခံယူထားပြီးတော့ သေမျိုးလောကကို အတွေ့အကြုံယူနေတာ...သူ့ကိုနှောက်ယှက်တာမျိုးကို မနှစ်သက်ဘူး"

လုချင်ရှန်းက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။

"ဒါကြောင့် ငါ တောင်းပန်ပါတယ်...ငါ မင်းကို ပြောမပြနိုင်ဘူး"

"ဟုတ်ကဲ့...ကောင်းပါပြီ"

ယွင်ရှန်းချယ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ပြီးတော့ ဆရာကြီးကို လျှို့ဝှက်ပြီးတော့ မစုံစမ်းဖို့ ငါက မိန်းကလေးယွင်ကို အကြံပေးချင်တယ်...တိမ်တိုက်လေပြေတောင်ကြားက အရမ်းအစွမ်းထက်တယ်ဆိုတာ ငါသိပေမယ့်...တကယ်လို့ မင်းတို့က ဆရာကြီး စိတ်မကြည်မသာဖြစ်အောင် နှောက်ယှက်မိမယ်ဆိုရင်...ဆရာကြီးရဲ့ဒေါသကို တိမ်တိုက်လေပြေတောင်ကြားက တောင့်မခံနိုင်မှာကို ငါ စိုးရိမ်မိတယ်"

လုချင်ရှန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူက တည်ကြည်လေးနက်စွာ သတိပေးလေ၏။

ယွင်ရှန်းချွယ်သည် ဒေါသထွက်သွားခြင်း မရှိသော်လည်း အလွန်အံ့အားသင့်သွားသည်။

ကြည့်ရသည်မှာ ချင်ရှန်းဘိုးဘေးသည် သူမ တွေးထင်ထားသည်ထက် များစွာပို၍အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်၏အကြောင်းကို ပြောဆိုနေသည့်အလားပင်။

ထိုသို့မဟုတ်ပါက လုချင်ရှန်းကဲ့သို့ သိုင်းအရှင်တစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ဤကဲ့သို့စကားများကို ပြောဆိုမည်မဟုတ်ချေ။

သူမက ခေါင်းညိတ်ပြလိုက်သည်။ လုချင်ရှန်းသည် ထိုအကြောင်းကို ပြောဆိုရန် ဆန္ဒမရှိသောကြောင့် သူမသည် ထပ်မံ၍မမေးမြန်းတော့ဘဲ စကားလမ်း​ကြောင်းပြောင်းကာ ပြောဆိုလိုက်၏။

"အကြီးအကဲလု....တိမ်တိုက်လေပြေတောင်ကြားက တခြားသိုင်းအရှင်နှစ်ယောက်က ဒီနေရာကိုလာတဲ့ လမ်းခရီးမှာရောက်နေပြီ...ကျွန်မတို့ရဲ့ရည်ရွယ်ချက်က သူတော်စင်အဆင့်ရတနာတွေနဲ့ တခြားအရင်းအမြစ်တွေကို ရယူနိူင်ဖို့ပဲ...အခုချိန်မှာ သင်္ချိုင်းဂူထဲမှာရှိတဲ့ အန္တရာယ်တွေလည်း မရှိတော့ဘူး...ကျွန်မတို့က တခြားအင်အားစုတွေနဲ့ ယှဥ်ပြိုင်ဖို့ပဲ လိုတော့တယ်...ဒါကြောင့် ကျွန်မက ရှင့်ကို တိမ်တိုက်လေပြေတောင်ကြားနဲ့ပူးပေါင်းဖို့ ထပ်ပြီးဖိတ်ခေါ်ချင်တယ်...ရှင် ဘယ်လိုသဘောရလဲ"

"ဘယ်လိုပဲဖြစ်ဖြစ် သူတော်စင်အဆင့်ရတနာတွေအပြင် ပင်မခန်းမထဲက ယဇ်ပလ္လင်နားမှာ တခြားအရင်းအမြစ်တွေ အများကြီးရှိနေတယ်ဆိုတာ ရှင်လည်း ကြားထားမှာပါ...ဒါတွေက ရှင့်ရဲ့ချင်ရှန်းဂိုဏ်းအတွက်လည်း အရမ်းအရေးပါမှာပဲလေ....ဟုတ်တယ်မလား"

ထိုစကားကိုကြားချိန်တွင် လုချင်ရှန်းသည် အတွေးများအတွင်းသို့ နစ်မြောသွားတော့သည်။

ရိုးရိုးသားသားဝန်ခံရလျှင် သူ အမှန်တကယ်ကို စိတ်လှုပ်ရှားနေပေ၏။

အကြောင်းအရင်းမှာ ဘေးအန္တရာယ်များ အမှန်တကယ် ပျောက်ကွယ်သွားပြီးဖြစ်ပါက ဆရာကြီး၏စကားများ အမှန်ဖြစ်သွားခဲ့လေပြီ။ ဤသည်မှာ သင်္ချိုင်းဂူအတွင်း၌ ကြီးကြီးမားမားအန္တရာယ်မရှိတော့ဟု ဆိုလိုနေခြင်းပင်။

သို့ရာတွင် သူသည် ချက်ချင်းသဘောတူညီခြင်းမပြုဘဲ ထိုကိစ္စနှင့်ပတ်သတ်ပြီး စဥ်းစားတွေးတောကာ ပြောဆိုလိုက်၏။

"မိန်းကလေးယွင်...ဒီလိုဆိုရင်ရော....ဘယ်လိုပဲဖြစ်ဖြစ် သင်္ချိုင်းဂူထဲက စက်ယန္တရားတွေရဲ့စွမ်းအားတွေ ကုန်ဆုံးသွားဖို့က အချိန်တချို့တော့ လိုအပ်နေတုန်းပဲ....ဘယ်သူကမှလည်း ဒီကိစ္စကို အလျင်စလို လှုပ်ရှားမှာမဟုတ်ဘူး...ဒါကြောင့် ငါ ဆုံးဖြတ်ချက်မချခင် ငါ့ကို တစ်ရက် နှစ်ရက်လောက် စဥ်းစားခွင့်ပြုပါဦး"

"ကောင်းပြီလေ....ကျွန်မက ရှင့်ဆီက သတင်းစကားကို စောင့်နေပါ့မယ်"

ယွင်ရှန်းချွယ်က မတ်တတ်ထရပ်ကာ ထွက်ခွာခဲ့တော့သည်။

"ငါ သွားရမလား...မသွားရဘူးလား"

ယွင်ရှန်းချွယ် ထွက်ခွာသွားပြီးနောက် လုချင်ရှန်းသည် သူ၏မျက်လုံးကိုစုံမှိတ်ကာ စဥ်းစားတွေးတောလိုက်သည်။ ထို့နောက် သူသည် ဆုံးဖြတ်ချင်မချမီ ဆရာကြီးအား သွားရောက်မေးမြန်းရန် စိတ်ပိုင်းဖြတ်လိုက်၏။

"ဒင်..."

"လက်ရေးလှစာလုံးပညာရပ်မှာ နတ်ဘုရားနဲ့ယှဥ်ပြိုင်နိုင်တဲ့အဆင့်ကို ရောက်ရှိသွားတဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်"

သိုင်းပညာခန်းမအတွင်း၌ ရီဖုန်းသည် သူ၏စုတ်တံကို အောက်သို့ချပြီးနောက် သူ၏စိတ်အတွင်း၌ အသံတစ်သံကို ကြားလိုက်ရသည်။ သူ၏မျက်နှာပေါ်၌ စိတ်ကျေနပ်မှုရရှိသွားသောအပြုံးမျိုး ထင်ဟပ်လာသည်။

ဇီသာ စစ်တုရင် လက်ရေးလှနှင့်ပန်းချီဟူသော ပညာရပ်နယ်ပယ်လေးမျိုးတွင် စစ်တုရင်မှလွဲ၍ ကျန်သုံးမျိုးသည် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်သို့ ရောက်ရှိသွားလေပြီ။

သူ၏စစ်တုရင်စွမ်းရည်ကို နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်သို့ မြှင့်တင်နိုင်သည်နှင့် ဇီသာ စစ်တုရင် လက်ရေးလှ ပန်းချီတို့နှင့် ပတ်သတ်သောတာဝန်ကို သူ ပြီးမြောက်အောင်မြင်သွားပြီဟု ယူဆနိုင်သည်။

အမှန်အားဖြင့်...

သူသည် ဤတာဝန်များကို ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ခြင်းသည် သိုင်းပညာခန်းမကို ဆက်လက်၍ထိန်းသိမ်းထားနိုင်ရန်အတွက်ပင်။ စနစ်မှပေးမည့် ဆုလာဘ်အတွက်မူ သူ အနည်းငယ်မျှပင် မျှော်လင့်ချက်မထားချေ။

တောင်တစ်လုံး....

ဟမ့်..

ဤအရာကိုတွေးတောကြည့်ရုံဖြင့်ပင် သူ့အား ခေါင်းအနည်းငယ်ကိုက်သွားစေသည်။

အကြောင်းအရင်းမှာ စိတ်အနှောက်အယှက်ဖြစ်ဖွယ် အရိုးစုတစ်ခုတည်းကပင် သူ့အတွက် အလွန်ဒုက္ခများနေလေပြီ။ အကယ်၍ အလားတူ တခြားတစ်ခု ထပ်ရောက်လာပါက သူ မည်သည့်အချိန်တွင် နှလုံးထဖောက်မည်ကို မည်သူ သိနိုင်မည်နည်း။

ထိုအချိန်မှာပင် လုချင်ရှန်း၏အသံက တံခါး၏ပြင်ပမှနေ၍ ထွက်ပေါ်လာသည်။

လုချင်ရှန်းသည် ယခင်တစ်ကြိမ်ကထက် ပို၍ကောင်းမွန်ပုံရသော ဝိုင်အရက်အိုးအမြောက်အများကို သယ်ဆောင်လာသည်အား သူ မြင်တွေ့မိလေ၏။

"လူအိုကြီး...ဒီနေရာကို မင်း လာချင်တဲ့အချိန် လာခဲ့စမ်းပါ....ဘာလို့ တခြားအရာတွေ ယူယူလာတာလဲ"

ရီဖုန်းသည် အပြုံးနှင့်ပြောဆိုလိုက်သော်လည်း သူ၏လက်များကမူ ဝိုင်အရက်အိုးများကို အလျှင်အမြန်ယူဆောင်ပြီးလေပြီ။

"ဆရာကြီးက ဘယ်လိုပြောလိုက်တာလဲ...ဒါတွေအားလုံးက ငါ လုပ်သင့်တဲ့ကိစ္စတွေပါ...နောက်ဆုံးတစ်ကြိမ်တုန်းက သတိပေးလိုက်မှုအတွက် ငါက ဆရာကြီးကို ကျေးဇူးတင်ရမယ်"

လုချင်ရှန်းက ကျေးဇူးတင်စွာဖြင့် ပြောဆိုသည်။

"နောက်ဆုံးတစ်ကြိမ်တုန်းက ငါ့ ဘာကို သတိပေးမိပါလိမ့်"

ရီဖုန်းသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားလေ၏။

ထိုအခြင်းအရာကိုကြည့်ပြီး လုချင်ရှန်း ထိတ်လန့်တုန်လှုပ်သွားသည်။ သိုင်းသူတော်စင်၏သင်္ချိုင်းဂူနှင့်ပတ်သတ်၍ ဆရာကြီးသည် အနည်းငယ်မျှပင် စိတ်ထဲရှိပုံမရချေ။

ထို့ကြောင့် သူက ရှင်းပြလိုက်သည်။

"ငါတို့ နောက်ဆုံးတစ်ကြိမ်တုန်းက ရှေးဟောင်းသင်္ချိုင်းဂူအကြောင်းကို ပြောခဲ့တယ်လေ...ဆရာကြီး နိမိတ်ဖတ်ထားသလိုပဲ အဲ့ဒီနေရာမှာ ပြဿနာကြီးတွေ ဖြစ်ပွားပြီးတော့ လူတွေအများကြီး သေသွားခဲ့တယ်...ဆရာကြီးရဲ့သတိပေးမှုကို ကျေးဇူးတင်ရမယ်....ငါ မသွားခဲ့တာကြောင့် ငါ့ရဲ့အသက်ကို ထိန်းသိမ်းထားနိုင်ခဲ့တယ်"

"အော်...ဒါဆိုရင် အဲ့ဒီကိစ္စလား...ဒါက ငါ မျှော်လင့်ထားသလိုပါပဲ"

ရီဖုန်းက ရယ်မောကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ အမှန်အားဖြင့် ဤသည်မှာ စဥ်းစားတွေးတောရန်လိုအပ်သော ကိစ္စတစ်ခုမဟုတ်ချေ။ မည်သည်ကြောင့် ကျင့်ကြံသူတစ်ယောက်၏သင်္ချိုင်းဂူတွင် ဘေးအန္တရာယ်မရှိဘဲနေမည်နည်း။

ရီဖုန်း၏အရေးမစိုက်သော အမူအယာကိုကြည့်ပြီး လုချင်ရှန်းသည် ပို၍ပင်ကြည်ညိုလေးစားသွားပေ၏။

ဖြစ်နိုင်သည်မှာ ဆရာကြီးတစ်ယောက်တည်းကသာ ဤစကားမျိုးကို အလွန်တည်ငြိမ်စွာ ပြောဆိုနိုင်ပေမည်။

"အင်း....ဆရာကြီး...တကယ်တော့ ငါ ဒီတစ်ကြိမ်လာခဲ့တာက အဲ့ဒီသင်္ချိုင်းဂူနဲ့ပတ်သတ်ပြီးတော့ ထပ်ပြီးမေးမြန်းချင်လို့ပဲ....သင်္ချိုင်းဂူထဲမှာ အန္တရာယ်တွေ ဖြစ်ပြီးသွားပြီဆိုမှတော့....တကယ်လို့ တစ်ယောက်ယောက်က ထပ်ဝင်မယ်ဆိုရင် အန္တရာယ်ကြီးကြီးမားမား မရှိနိုင်တော့ဘူးမဟုတ်လား"

လုချင်ရှန်းက ထပ်မံ၍ မေးမြန်းသည်။

"မင်းက အဲ့ဒီထဲကို ဝင်ချင်နေတုန်းပဲလား"

ရီဖုန်းက အံ့အားသင့်စွာဖြင့် လုချင်ရှန်းကို ကြည့်လိုက်သည်။

လုချင်ရှန်းက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ယွင်ရှန်းချွယ် ယူဆောင်လာသော သတင်းများအရ သင်္ချိုင်းဂူအတွင်းတွင် သူတော်စင်အဆင့်ရတနာများအပြင် ဆေးလုံးများနှင့်ကျင့်ကြံနည်းစနစ်အမြောက်အများ ရှိနေသည်။ ဤအရာများသည် သူ့အတွက် များစွာအသုံးမဝင်သော်လည်း ဂိုဏ်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် မရှိမဖြစ်လိုအပ်သော အရင်းအမြစ်များဖြစ်နေခဲ့သည်။

"ဟူး...မင်း..."

လုချင်ရှန်းသည် ထိုသို့ပြုလုပ်ရန် အမှန်တကယ်ရည်ရွယ်ထားသည်ကိုကြည့်ပြီး ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ရီဖုန်း သက်ပြင်းချလိုက်သည်ကိုကြည့်ပြီး လုချင်ရှန်း၏စိတ်နှလုံးသားတင်းကြပ်သွားကာ သူက ပျာပျာသလဲ မေးမြန်းလိုက်၏။

"ဆရာကြီး သက်ပြင်းချလိုက်တာက ဘာကိုဆိုလိုချင်တာလဲ"

Chapter 199

"ငါ ဘာကို ဆိုလိုရမှာလဲ"

"မင်း အဲ့ဒီသင်္ချိုင်းဂူထဲကို သွားလို့မရဘူး"

ရီဖုန်းက မျက်လုံးလှန်၍ လုချင်ရှန်းကိုကြည့်ကာ သတိပေးစကား ပြောဆိုသည်။

"ဘေးအန္တရာယ်တွေက တစ်ကြိမ်ဖြစ်သွားပြီပေမယ့်...အန္တရာယ်တွေ ထပ်မရှိနိုင်တော့ဘူးဆိုတာ မင်း သေချာပြောနိုင်လား"

"ဆရာကြီး...အဲ့ဒီသင်္ချိုင်းဂူထဲမှာ အန္တရာယ်တွေရှိနေတုန်းပဲလို့ ဆိုလိုတာလား"

လုချင်ရှန်းက မေးမြန်းသည်။

"တခြား ဘာအကြောင်းရှိနေနိုင်မှာလဲ"

ရီဖုန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"အဲ့ဒီနေရာမှာ ဘာအန္တရာယ်တွေရှိနေသေးလဲဆိုတာ ငါ အတိအကျမပြောနိုင်ပေမယ့်...တကယ်လို့ မင်း ဝင်သွားတာနဲ့ မင်း သေရမှာသေချာတယ်"

တခြားမည်သည့်အန္တရာယ်များ စောင့်ကြိုနေသည်ကို သူ မသိရှိသော်လည်း အကယ်၍ ကျောက်တုံးတစ်တုံး ပြုတ်ကျလာပြီး လုချင်ရှန်း၏ခေါင်းကို ရိုက်ခတ်မိရုံသက်သက်ဖြင့်ပင် ဤလူအိုကြီး အသက်ပျောက်သွားပေမည်။

ကောင်းမွန်သော လူအိုကြီးသည် မည်သည်ကြောင့် ဤမျှထိခေါင်းမာပြီး ရူးသွပ်မိုက်မဲသည်ကို သူ နားလည်သဘောပေါက်ခြင်းမရှိချေ။

ထိုသင်္ချိုင်းဂူအနီးတဝိုက်၌ အလွန်ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည့်တိုင် သင်္ချိုင်းကုန်းသို့ ခြေတစ်လှမ်းလှမ်းနေပြီဖြစ်သော သူ့ကဲ့သို့ လူအိုကြီးတစ်ယောက်သည် ဝင်ရောက်ရန်အတွက် စိတ်အားထက်သန်နေသည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းပေ၏။

ရီဖုန်း၏စကားများကြောင့် လုချင်ရှန်း၏မျက်နှာ ဖြူရော်သွားသည်။

အထူးသဖြင့် 'အသက်ပျောက်မှာ သေချာတယ်'ဟူသော စကားစုသည် သူ့အား အေးစက်စက်ချွေးများဖြင့် ရွှဲနစ်သွားစေသည်။

လုချင်ရှန်း အတွေးလွန်နေသည်ကိုကြည့်ပြီး ရီဖုန်းသည် လူအိုကြီးကို ထိုနေရာအတွင်းသို့ မဝင်ရောက်ရန် ထပ်မံ၍သတိပေးလိုက်သည်။

"လူအိုကြီး...အဲ့ဒီအကြောင်း စဥ်းစားနေတာကို ရပ်လိုက်တော့...တကယ်လို့ အဲ့ဒီထဲမှာ ဘာအန္တရာယ်မှမရှိရင်တောင် မင်း ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး...ဘာလို့လဲဆိုတော့ တခြားသူတွေက အရာအားလုံးကို ယူသွားပြီးပြီမလို့ပဲ"

"တခြားသူတွေ ယူသွားတာကြောင့် ဘာအကျိုးအမြတ်မှ မကျန်တော့ဘူးလား"

လုချင်ရှန်းက အံ့အားတသင့် ရေရွတ်လိုက်၏။

"ဆရာကြီးက ဘာကိုဆိုလိုချင်တာလဲ"

"ငါ တိတိကျကျ ပြောပြီးပြီလေ...ငါက တခြား ဘာကိုဆိုလိုချင်တာ ရှိအုံးမှာလဲ"

ရီဖုန်း၏မျက်လုံးများ ကလယ်ကလယ်ဖြစ်သွားသည်။

ဤှသည်မှာ သိသာထင်ရှားသောကိစ္စပင်။ ဤကဲ့သို့ သင်္ချိုင်းဂူမျိုးထံသို့သွားပါက လုချင်ရှန်းကဲ့သို့ အရိုးအိုအိတ်ကြီးမဆိုထားနှင့် ကျင့်ကြံသူများပင်လျှင် မည်မျှထိများများ သေဆုံးသွားသည်ကို မည်သူမျှမသိနိုင်ချေ။ လူအိုကြီးတစ်ယောက်ဖြစ်သော သူသည် ထိုနေရာသို့ မြန်မြန်ရောက်အောင် သို့မဟုတ် တခြားသူများထက် ပို၍ကောင်းမွန်စွာ တိုက်ခိုက်နိုင်သော အရည်အရည်မျိုး သူ့ထံတွင် မည်သို့ရှိနေနိုင်မည်နည်း။

"ငါ နားလည်ပြီ...ဆရာကြီးရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

လုချင်ရှန်းက ရီဖုန်းကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။ ဝိုင်အရက်အနည်းငယ်ခန့် သောက်သုံးပြီးနောက် သူသည် ချင်ရှန်းဂိုဏ်းသို့ အလျှင်အမြန် ပြန်ခဲ့တော့သည်။

သူ ပြန်ရောက်သွားသည်နှင့် မကြာမီမှာပင် ယွင်ရှန်းချွယ်သည် အစွမ်းထက်သော အရှိန်အဝါများရှိသည့် အကြီးအကဲနှစ်ယောက်ကို ခေါ်ဆောင်ပြီး ရောက်ရှိလာပေ၏။

"လူအိုကြီးဝူ...ကျွန်မ ရှင့်ကို မိတ်ဆက်ပေးပါရစေ...သူတို့နှစ်ယောက်က ကျွန်မတို့ တိမ်တိုက်လေပြေတောင်ကြားက အကြီးအကဲယန်မူနဲ့အကြီးအကဲယန်စန်းတို့ပဲ"

ယွင်ရှန်းချွယ်က ပြောဆိုသည်။

"အကြီးအကဲနှစ်ယောက်ကို ကြိုဆိုပါတယ်"

လုချင်ရှန်းက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့၏အရှိန်အဝါများအရ အကဲဖြတ်ကြည့်ပါက ဤလူနှစ်ယောက်သည် ယွင်ရှန်းချွယ် ပြောဆိုခဲ့သော သိုင်းအရှင်နှစ်ယောက်ဖြစ်ပေမည်။

သူတို့နှစ်ယောက်သည် လုချင်ရှန်းကို စောင်းငဲ့၍ကြည့်ပြီးနောက် သူသည် သိုင်းအရှင်တစ်ဝက်အဆင့်နယ်ပယ်၌ ရှိနေသည်ကို မြင်တွေ့သဖြင့် အနည်းငယ်အံ့အားသင့်သွားကြသည်။ ထို့​ကြောင့် သူတို့သည် သူ့အား လျှော့မတွက်ဝံ့တော့ဘဲ တုံ့ပြန်၍ခေါင်းညိတ်ပြလိုက်ကြ၏။

ထိုင်ခုံများ၌ ထိုင်ချပြီးနောက် ယွင်ရှန်းချွယ်က လိုရင်းအချက်ကို တန်းတန်းမတ်မတ် ပြောဆိုသည်။

"လူအိုကြီးလု...ရှင် စဥ်းစားပြီးပြီလား...ရှင်က ကျွန်မတို့ရဲ့ တိမ်တိုက်လေပြေတောင်ကြားနဲ့ ပူးပေါင်းသရွေ့ သိုင်းအရှင်နှစ်ယောက်နဲ့ ရှင့်ရဲ့သိုင်းအရှင်တစ်ဝက်ခွန်အားနဲ့ဆိုရင်...ဒီရတနာတွေကို လွယ်လွယ်လေးယူနိုင်လိမ့်မယ်"

ထိုစကားကိုကြားချိန်တွင် လုချင်ရှန်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရီဖုန်း၏စကားများသည် သူ၏စိတ်အတွင်း၌ ပဲ့တင်ထပ်နေဆဲပင်။ သက်ပြင်းတစ်ချက်ရှိုက်က သူက ပြောဆိုလိုက်သည်။

"ဟူး...မိန်းကလေးယွင် တောင်းပန်ပါတယ်...ငါ ဒီကိစ္စကို သဘောတူနိုင်မှာမဟုတ်ဘူး"

သိုင်းအရှင်နှစ်ယောက်သည် မျက်မှောင်ကြုတ်လိုက်ကြ၏။

ယွင်ရှန်းချွယ်ကလည်း မယုံကြည်နိုင်စွာဖြင့် ကြည့်လေသည်။ လုချင်ရှန်းသည် ဤပူးပေါင်းမှုကို ငြင်းဆန်နေဆဲဖြစ်မည်ဟု သူမ မျှော်လင့်မထားမိချေ။

သို့ရာတွင် နောက်ဆုံးတစ်ကြိမ်က သင်ခန်းစာရရှိထားသဖြင့် သူမသည် ဒေါသထွက်သွားခြင်းမရှိချေ။ ထိုအစား သူမက မေးမြန်းလိုက်သည်။

"လူအိုကြီးလု...အကြောင်းပြချက်ကို ပြောပြပေးနိုင်မလား"

လုချင်ရှန်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ခေါင်းမော့၍ပြောဆိုသည်။

"အဲ့ဒီရတနာတွေက ငါ့ကိုဆွဲဆောင်နိုင်တာတော့ အမှန်ပဲ..ဒါပေမယ့် အဲ့ဒါတွေက ငါ့ရဲ့အသက်ကိုရင်းပြီး စွန့်စားဖို့အတွက် မလုံလောက်ဘူး"

ယွင်ရှန်းချွယ်သည် အံ့အားသင့်သွားသဖြင့် သူမ၏အနီရောင်နုတ်ခမ်းများပွင့်ဟသွားကာ အံ့အားတသင့် ပြောဆိုလေသည်။

"ရှင်ဆိုလိုတာက သင်္ချိုင်းဂူထဲမှာ....."

"အမှန်ပဲ"

လုချင်ရှန်းက တုံ့ပြန်ပြောဆိုလိုက်၏။

"အဲ့ဒီသင်္ချိုင်းဂူထဲမှာ ကြီးမားတဲ့အန္တရာယ်တွေ ရှိနေတုန်းပဲ"

စကားပြောဆိုနေရင်း သူသည် ရီဖုန်း၏စကားများကို ပြန်အမှတ်ရသွားသည်။

"သေရမှာ သေချာတယ်"

သူက ထပ်မံ၍ ပြောဆိုသည်။

"တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင်...အဲ့ဒီနေရာမှာ စောင့်ကြိုနေမယ့် အန္တရာယ်တွေက အရင်ထက်ပိုပြီးတော့ တုန်လှုပ်ချောက်ချားဖို့ ကောင်းလိမ့်မယ်"

ယွင်ရှန်းချွယ်က ကြက်သေသေသွားသည်။

ယခင်အန္တရာယ်များပင်လျှင် အဓိကဂိုဏ်းကြီးသုံးဂိုဏ်းမှ သိုင်းအရှင်များ၏အသက်များကို နှုတ်ယူသွားလုနီးပါးပင်။ အကယ်၍ နောင်လာမည့်အန္တရာယ်များသည် ပို၍ဆိုးရွားလာမည်ဆိုပါက အတွင်းသို့ဝင်ရောက်သွားသော သိုင်းအရှင်များသည် အသက်ရှင်ရက်ပြန်ထွက်လာနိုင်မည်မဟုတ်ဟု ဆိုလိုသည်မဟုတ်လော။

"ဒါက အဲ့ဒီလူဆီက နောက်ထပ်နိမိတ်ဖတ်မှုတစ်ခုလား"

ယွင်ရှန်းချွယ်က တည်ကြည်လေးနက်စွာဖြင့် မေးမြန်းလိုက်၏။

"အမှန်ပဲ"

လုချင်ရှန်းက အလေးအနက်ထား၍ ခေါင်းညိတ်ပြသည်။

"ဘာနိမိတ်ဖတ်တာလဲ...အဓိပ္ပါယ်မရှိတာတွေ...နောက်ဆုံးတစ်ကြိမ် မတော်တဆဖြစ်ရပ်က တိုက်ဆိုင်တာပဲ...ဒီတစ်ကြိမ်မှာ သိုင်းအရှင်နှစ်ယောက်တောင် ရှိနေတယ်...ဘယ်လိုလုပ်ပြီးတော့ ဒီသင်္ချိုင်းဂူငယ်လေးကို မကိုင်တွယ်နိုင်ဘဲ နေမှာလဲ"

ယွင်ရှန်းချွယ်သည် လုချင်ရှန်းကိုကြည့်ကာ သိုင်းအရှင်နှစ်ယောက်ပင်လျှင် မလုံလောက်သေးသလောဟု မေးမြန်းလိုက်သည်။

ထိုအခြင်းအရာကိုကြည့်ပြီး လုချင်ရှန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"ဒါက လုံလောက်တာပဲဖြစ်ဖြစ် မလုံလောက်တာပဲဖြစ်ဖြစ် မဆိုင်တဲ့ကိစ္စပဲ....တကယ်တော့ ဘာအန္တရာယ်မှမရှိရင်တောင် ငါတို့သွားတာက ဘာအကျိုးမှရှိမှာမဟုတ်ဘူး"

"ရှင် ဘာကိုဆိုလိုတာလဲ"

ယွင်ရှန်းချွယ်က အလျှင်အမြန် မေးမြန်းသည်။

"အကြောင်းအရင်းကတော့...."

လုချင်ရှန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"သင်္ချိုင်းဂူထဲမှာရှိတဲ့ ရတနာတွေအားလုံးကို တခြားသူတွေက ယူဆောင်သွားပြီ"

"ဘာ..."

ယွင်ရှန်းချွယ်သည် ထိတ်လန့်တကြားအော်ဟစ်ကာ မယုံကြည်နိုင်မှုဖြင့် တီးတိုးရေရွတ်လိုက်၏။

"ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"

"ဟမ့်....အပိုချဲ့ကားပြောနေတဲ့ အန္တရာယ်တွေ"

နံဘေးတွင်ရှိနေသော ယန်မူက တိုက်ရိုက်ပယ်ချလေသည်။

"မင်းရဲ့သွားကြားက ဖြတ်ပြီးထွက်လာသမျှ အရာအားလုံး အလိမ်အညာတွေချည်းပဲ...သင်္ချိုင်းဂူထဲမှာရှိတဲ့ စက်ယန္တရားတွေအားလုံး အသက်ဝင်သွားပြီးပြီ...ဒီစက်ယန္တရားတွေရဲ့စွမ်းအားတွေ မကုန်ခမ်းသရွေ့တော့ ဘယ်သူမှ မဝင်ရောက်နိုင်ဘူး...ခုချိန်မှာ အထဲကိုဝင်သွားရင် သိုင်းအရှင်တွေတောင်မှ သေလမ်းကို ရှာတာပဲ...အထဲက ရတနာတွေကို တခြားသူတွေ ယူသွားတာတဲ့လား...လုံးဝအဓိပ္ပါယ်မရှိတာတွေ.."

"ကောင်းပြီလေ...ငါ ကြင်နာလိုက်တဲ့ရည်ရွယ်ချက်က မကောင်းတဲ့စိတ်သဘောမျိုး မင်းတို့က မြင်နေပုံရတယ်...ငါ ထပ်ပြီး ဘာမှမပြောတော့ဘူး"

လုချင်ရှန်း၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေကာ သူသည် မတ်တတ်ထရပ်ပြီး ထွက်ခွာခဲ့တော့သည်။

သူသည် ယွင်ရှန်းချွယ်ကို ဖြတ်လျှောက်သွားစဥ်တွင် သူ တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"မိန်းကလေးယွင်...အရင်သင်ခန်းစာကို မင်း မှတ်ထားဖို့ ငါ မျှော်လင့်တယ်...ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကြားက ဆက်ဆံရေးကိုထောက်ပြီးတော့ ငါ စကားကုန်ပြောခဲ့ပြီးပြီ...ငါ့ကို ယုံမယုံဆိုတာကတော့ မင်းအပေါ်မှာပဲမူတည်တယ်"

ထိုသို့ပြောဆိုပြီးနောက် လုချင်ရှန်းသည် တိုက်ရိုက်ထွက်ခွာခဲ့တော့လေ၏။

"ဟမ့်....တကယ်လို့ မင်း မပူးပေါင်းချင်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောလေ...ဒါပေမယ့် ပေါက်ကရဆင်ခြေတွေတော့ လျှောက်မပြောစမ်းနဲ့"

လုချင်ရှန်း ထွက်ခွာသွားသည်ကိုကြည့်ပြီး သိုင်းအရှင်နှစ်ယောက်က အထင်အမြင်သေးစွာဖြင့် သရော်တော်တော် ပြောဆိုလိုက်သည်။

"သခင်မလေး...အဲ့ဒီလုချင်ရှန်းကို မေ့လိုက်တော့...နောက်ကျမှ ငါတို့သုံးယောက်ပဲ သွားကြမယ်...ငါတို့နှစ်ယောက်ရှိနေရင် ငါတို့က မင်း ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးနိုင်ပြီးတော့ ရတနာတွေကိုရယူနိုင်မှာ သေချာပေါက်ပဲ"

သို့ရာတွင် သူတို့သည် ယွင်ရှန်းချွယ်၏တုံပြန်စကားကိုကြားချိန်တွင် အံ့အားသင့်သွားသည်။

"မဟုတ်ဘူး....ကျွန်မတို့ မသွားတော့ဘူး"

ယွင်ရှန်းချွယ်က ပြောဆိုသည်။

သိုင်းအရှင်နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"သခင်မလေး...မင်းက လုချင်ရှန်း ချဲ့ကားပြောဆိုတဲ့စကားတွေကို ယုံကြည်နေတာတော့ မဟုတ်လောက်ပါဘူးနော်...ဒါက သူတော်စင်အဆင့်ပစ္စည်းသုံးခုနော်"

"သူ ချဲ့ကားပြောနေတာမဟုတ်ဘူး"

ယွင်ရှန်းချွယ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"အရင်သင်ခန်းစာက အရမ်းခါးသည်းလွန်းတယ်...တကယ်လို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်မှာ ဦးလေးလင်းကသာ ကျွန်မကို မကယ်ခဲ့ဘူးဆိုရင်...ကျွန်မ ယွင်ရှန်းချွယ်က အဲ့ဒီသင်္ချိုင်းဂူရဲ့ နောက်ထပ်သရဲတစ္ဆေတစ်ကောင် ဖြစ်နေလောက်ပြီ"

သူမသည် တူညီသောအမှားမျိုးကို ထပ်မံ၍ကျူးလွန်မည်မဟုတ်ချေ။

"သခင်မလေး...မင်းက ဘယ်လိုဖြစ်ပြီးတော့ လုချင်ရှန်းရဲ့ပေါက်ကရစကားတွေကို ယုံကြည်နေတာလဲ...အဲ့ဒါတွေက သူတော်စင်အဆင့်ပစ္စည်းသုံးခုလေ...မင်းက ဒါတွေကို ဒီအတိုင်းလက်လျှော့လိုက်တော့မှာလား"

ယန်မူက ဒေါသတကြီး အော်ဟစ်လိုက်၏။

"သခင်မလေးက သွားဖို့ငြင်းဆန်နေမှတော့...ငါတို့နှစ်ယောက်ပဲ သွားတော့မယ်"

"မရဘူး....ရှင်တို့ သွားလို့မရဘူး"

ယွင်ရှန်းချွယ်က အလျှင်အမြန် ကန့်ကွက်လိုက်သည်။

"သခင်မလေးက ငါတို့ကို ဟန့်တားလို့မရမှာကို ငါတို့ စိုးရိမ်မိတယ်...ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး သူတော်စင်အဆင့်ပစ္စည်းတစ်ခုကို ရအောင်ယူလာခဲ့ဖို့ မင်းရဲ့အဖေက ငါတို့ကို တင်းတင်းကြပ်ကြပ် အမိန့်ပေးထားတယ်"

ယန်မူက ပြတ်ပြတ်သားသား ပြောဆိုသည်။

"ကောင်းပြီလေ...တကယ်လို့ ရှင်တို့သွားမယ်ဆိုရင်...ကျွန်မက ရှင်တို့ရဲ့ရှေ့မှာပဲ သတ်သေလိုက်မယ်"

ရုတ်တရက် ယွင်ရှန်းချွယ်၏မျက်နှာပေါ်တွင် အေးစက်စက်အရိပ်အယောင်များ ထင်ဟပ်လာကာ သူမ၏ဓားကို သူမ၏လည်ပင်းပေါ်သို့တင်လိုက်သည်။ ထို့နောက် သူမက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။

"အကြီးအကဲတို့ ကျွန်မကို ယုံကြည်ကြပါ.. ကျွန်မ ဒီလိုလုပ်တာက ရှင်တို့ ကောင်းဖို့အတွက်ပဲ...ရှင်တို့က ကျွန်မအတွက်တော့ မိသားစုနဲ့အတူတူပဲ...ဦးလေးလင်း ဖြစ်ခဲ့တဲ့ကိစ္စမျိုး ထပ်ပြီးဖြစ်မှာကို ကျွန်မ မမြင်ချင်တော့ဘူး...တကယ်လို့ ကျွန်မရဲ့အဖေက တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်...ကျွန်မ သူ့ကို ရှင်းပြလိုက်မယ်"

"မင်း..."

"ဟူး..."

"မိုက်မဲလိုက်တဲ့ ကောင်မလေး...."

ယန်မူနှင့်ယန်စန်းတို့သည် လေးလံစွာ သက်ပြင်းရှိုက်ကာ သူတို့၏မျက်နှာများပေါ်တွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။

သူတို့သည် ယွင်ရှန်းချွယ်၏စိတ်နေသဘောထားကို အလွန်ကောင်းစွာ သိရှိထားသည်။ သူမတို့သည် ယခုချိန်၌ သူမ၏အဆင်အခြင်မဲ့မှုကို ဟန့်တားနိုင်စွမ်းရှိသော်လည်း သူမကို အစဥ်အမြဲ စောင့်ကြည့်နေနိုင်မည်မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သွားပါက သူတို့ ရှင်းပြရန် ပို၍ပင်ခက်ခဲသွားပေမည်။

Chapter 200

"တင်...တောင်...တောင်...."

ဇီသာသံများက လေထုအတွင်း၌ မျောလွင့်နေသည်။

စနစ်မှတာဝန်၏ အကျိုးသက်ရောက်မှုကြောင့် ရီဖုန်းသည် ယခုလတ်တလောအချိန်တွင် ဇီသာတီးခတ်ရာ၌ ထပ်မံ၍မွေ့လျော်နေသည်။

တစ်ခါတလေ၌ လူအများသည် ထိုအတိုင်းပင်....

ဝါသနာတစ်ခုကိုဖြစ်စေ တခြားအရာတစ်ခုခုကိုဖြစ်စေ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကို အချိန်အတော်ကြာ အသုံးမပြုဘဲနေပါက တဖြည်းဖြည်းမေ့လျော့သွားပေမည်။

ယခုချိန်တွင် ထိုအရာကို တဖန်ပြန်၍ကောက်ကိုင်မိချိန်တွင် ဇီသာအပေါ် ရီဖုန်း၏ချစ်မြတ်နိုးမှုများ ပြန်လည်နိုးကြွားလာခဲ့သည်။

ဇီသာ စစ်တုရင် လက်ရေးလှနှင့်ပန်းချီ ပညာရပ်လေးမျိုးတွင် ရီဖုန်းစိတ်ဝင်စားသည့် တစ်ခုတည်းသောအရာမှာ ဇီသာတီးခတ်ခြင်းပင်။ ထို့ကြောင့် သူ၏ဇီသာစွမ်းရည်သည် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သော အဆင့်သို့ ရောက်ရှိသည့်တိုင် ရီဖုန်းသည် နေ့စဥ်နေ့တိုင်း အနည်းငယ်တီးခတ်နေဆဲပင်။

တခြား မည်သည့်အကြောင်းအရင်းမျှမရှိသော်လည်း စိတ်ဝင်စားမှုသက်သက်နှင့် သူ၏စိတ်ဓာတ် တက်ကြွလာစေရန်အတွက် ဖြစ်သည်။

ရီဖုန်းအပြင် လှေကားထစ်များ၏အောက်၌ ပရိသတ်များဖြင့် ပြည့်နှက်နေသည်။

ပေါင်းပင်ရှင်းသူ မြေဆွသူ မြေတူးသူ မြေသြဇာသယ်ဆောင်သူ ဘေးအိမ်ရှိလူအိုကြီးဝမ် လမ်းတစ်ဖက်ရှိ အမဲသားခေါက်ဆွဲဆိုင်ပိုင်ရှင် ဝက်သားရောင်းသော သူ၏အိမ်နီးနားချင်းကျုူး မျက်စောင်းထိုးမျက်နှာချေဆိုင်မှဟွာကျီး တို့အပြင် တခြားလူပေါင်းများစွာ ရှိနေပေ၏။

ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် ရီဖုန်း၏ဇီသာတေးသံအတွင်း၌ နစ်မြောနေသည်။

ထိုအချိန်မှာပင် သီချင်းတစ်ပုဒ် ပြီးဆုံးသွားလေပြီ။

လူအုပ်ကြီးသည် ဤတေးသံအတွင်း၌ မွေ့လျော်နေဆဲပင်။

"ဟူး...ဆရာကြီးရဲ့ဇီသာစွမ်းရည်က အရမ်းအဆင့်မြင့်တာပဲ...ဒီအထဲမှာ တာအိုသဘောတရားတွေပါနေတယ်...ငါတို့လိုကျင့်ကြံဆင့်နယ်ပယ်နဲ့တောင် ဒီတေးသံရဲ့ တစ်သောင်းပုံတစ်ပုံကို မဖမ်းဆုပ်နိုင်ဘူး"

ဝူယုံဟုန်က အံ့အားတသင့် ရေရွတ်လိုက်သည်။

"အမှန်ပဲ...တကယ်လို့ ငါတို့ရဲ့ကျင့်ကြံဆင့်တွေက ခုထက် နည်းနည်းလောက်သာ နိမ့်နေမယ်ဆိုရင်...ငါတို့က ဒီသီချင်းကို နားထောင်ပြီးရင်....နားထောင်လို့ကောင်းတယ်ဆိုတာကိုပဲ သိမယ်....ဒါပေမယ့် ဒီအရာရဲ့အဓိပ္ပါယ်ကို နားလည်သဘောပေါက်မှာ မဟုတ်ဘူး"

စွန်းကျူးကဲသည်လည်း တူညီသောစိတ်ခံစားချက်ဖြင့် သက်ပြင်းရှိုက်လိုက်၏။

" 'သာမာန်လမ်းကလေး'သီချင်းကို ထပ်ပြီးတီးခတ်ပါအုံး"

လှေကားထစ်များအောက်ရှိ လူများထံမှ လေးစားကြည်ညိုစွာ ပြောနေကြသော အသံများကိုကြားချိန်တွင် ရီဖုန်းက ပြုံးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတီးခတ်သည့် ဇီသာတေးသံကို ဤမျှထိများပြားသောလူများ ကြိုက်နှစ်သက်ကြခြင်းသည် အလွန်စိတ်ကျေနပ်ဖွယ်ကောင်းပေ၏။

ထို့နောက် 'သာမာန်လမ်းကလေး'တေးသံက နူးညံညင်သာစွာ ပျံ့လွင့်လာသည်။

ဤသီချင်းသည် ရီဖုန်း နေ့စဥ်နေ့တိုင်းတီးခတ်သော သီချင်းတစ်ပုဒ်ပင်။

တခြား မည်သည့်အကြောင်းအရင်းမျှမရှိဘဲ သူ ကြိုက်နှစ်သက်သောကြောင့်ဖြစ်သည်။

အထူးသဖြင့် ဤသီချင်းအတွင်းရှိ အစစ်အမှန်အဓိပ္ပါယ်သည် ဤနေရာရှိ သူ၏ဘဝနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေသည်။

ဤနေရာသို့ ကူးပြောင်းလာခဲ့ပြီးနောက် ဒယိမ်းဒယိုင် လျှောက်လှမ်းလာခဲ့သည့်တလေတလျှောက် သူသည် ကြောက်ရွံခြင်း မျှော်လင့်ချက်တို့ဖြင့် ဤလောကကြီးကို တွေ့မြင်နိုင်ရန် စိတ်ကူးယဥ်ခဲ့သည်။ သူသည် အပြာရောင်ဖီးနစ်ဓားကို သူ၏လက်အတွင်း၌ကိုင်ဆောင်၍ လောကကြီး၏အဆုံးထိ လှည့်လည်သွားလာလိုခဲ့ပေ၏။

ဤအသုံးမကျသောစနစ်သည် သူ၏စိတ်ကူးယဥ်မှုများကို ကြေမွှပျက်စီးသွားစေကာ သူ့အား ဤသိုင်းပညာခန်းမအတွင်း၌သာ ဖြစ်လိုရာဖြစ်ပစ်ထားသည်ကို သူ အလွန်အမင်း မလိုလားခဲ့ချေ။

သို့ရာတွင် ပြန်တွေးကြည့်ပါက ဘဝဆိုသည်မှာ ဤအတိုင်းသာ မဟုတ်လော...

ဤသည်မှာ သာမာန်လောကတစ်ခု မဟုတ်သည့်တိုင် အစွမ်းထက်ကျင့်ကြံသူများသည်လည်း အသက်အိုမင်းခြင်းကြောင့်ဖြစ်စေ သို့မဟုတ် တခြားသူတစ်ယောက်၏ဓားဖြင့် ခေါင်းဖြတ်ခံရခြင်းကြောင့်ဖြစ်စေ သေဆုံးနေကြရသည်။

ထိုအရာများထက်ပို၍ သာမာန်ဘဝဖြင့် သာမာန်လူတစ်ယောက်ကဲ့သို့ နေထိုင်ခြင်းသည် ပို၍သက်တောင့်သက်သာရှိပေမည်။ သူ လွတ်လပ်ပေါ့ပါးစွာဖြင့် အထိန်းအကွပ်မဲ့စွာ နေထိုင်နိုင်ခြင်းကလည်း ကောင်းမွန်သောကိစ္စပင်။

"သောက်ချေးပဲ"

"ကံကောင်းပြီးတော့ ငါက ကောင်းကောင်းပုန်းအောင်းနိုင်ခဲ့လို့သာပဲ...မဟုတ်ရင် ငါ သေသွားနိုင်တယ်"

ထိုအချိန်မှာပင် မြေကြီးအတွင်းမှ တိုးထွက်လာသော ယုဝမ်ကျီးသည် လမ်းတစ်ဖက်ခြမ်း၌ လမ်းလျှောက်နေသည်။ သူသည် နှစ်ကြိမ်ခန့်ဆဲဆိုပြီးနောက် သိုင်းပညာခန်းမ၏ဝင်ပေါက်တွင် လူအများစုဝေးနေသည်ကို တွေ့မြင်မိသည်။

သက်ဝင်လှုပ်ရှားနေသောမြင်ကွင်းကိုကြည့်ပြီး သူ စပ်စုချင်စိတ်ဖြင့် ထိုနေရာသို့ တိတ်တဆိတ်လျှောက်လှမ်းလာခဲ့သည်။

"အမ်...ငါက အမှုမဲ့အမှတ်မဲ့နဲ့ ဒီနေရာကို ရောက်လာခဲ့တယ်...အခုကြည့်ကြည့်တော့မှ အသုံးမကျတဲ့အရှုံးသမား ဖြစ်နေတာပါလား"

ယုဝမ်ကျီးသည် မျက်လုံးစုံမှိတ်ပြီး ဇီသာတီးခတ်ရာ၌ စျာန်ဝင်နေသည့် ရီဖုန်းကိုကြည့်ကာ အထင်အမြင်သေးစွာဖြင့် ရေရွတ်လိုက်၏။

သို့ရာတွင် ဇီသာတေးသံသည် သူ၏နားအတွင်းသို့ ဝင်ရောက်လာချိန်၌ သူ အံ့အားသင့်တုန်လှုပ်သွားသည်။

ဤတေးသံသည် မည်သည်ကြောင့် အလွန်နားဝင်ချိုနေရသနည်း။

ထို့အပြင် ဤသီချင်းသည် အံ့အားသင့်ဖွယ်ကောင်းပုံရသည်။ ကျင့်ကြံသူတစ်ယောက်ဖြစ်သော သူသည် ဤသီချင်းကိုနားထောင်ချိန်၌ သူ၏စိတ်အခြေအနေပင် တည်ငြိမ်အေးချမ်းသွားသည်။

မသိလိုက်မသိဘာသာဖြင့် သူသည်လည်း ထိုတေးသံအတွင်း၌ နက်ရှိုင်းစွာနစ်မြောသွားသည်။

အချိန်အလွန့်အလွန်ကြာပြီးနောက် ထိုဇီသာတေးသံသည် နောက်ဆုံး၌ တဖြည်းဖြည်းရပ်တန့်သွားလေပြီ။

လှေကားထစ်အောက်ရှိ လူအများသည် ရီဖုန်းကို ကျေးဇူးတင်သောအကြည့်ဖြင့်ကြည့်ကာ ပို၍ပင်စိတ်လှုပ်ရှားသွားကြသည်။

ဤတေးသံကိုအလွန်ကောင်းသည်ဟု တွေးတောကာ လက်ခုပ်လက်ဝါးတီးနေသော လူတချို့လည်းရှိနေသည်။

"ကျွတ် ကျွတ်...ဒီအရှုံးသမားက တခြားဘာတစ်ခုမှ မထူးချွန်ပေမယ့် ဒီဂီတတူရိယာအစုတ်ကို တီးခတ်တဲ့နေရာမှာတော့ သူက တစ်ခုခုပဲလို့ ငါ ပြောနိုင်တယ်"

ထောင့်တစ်နေရာတွင်ရှိနေသော ယုဝမ်ကျီးသည် အသိအမှတ်မပြုဘဲ မနေနိုင်တော့ချေ။

သူသည် ဤအမှိုက်ကောင်ရီဖုန်းကို အထင်အမြင်သေးသော်လည်း ဤသီချင်းကို မဝေဖန်နိုင်ပေ။ သူ အဝေးသို့ထွက်ခွာခဲ့သည့်တိုင် ဤတေးသံသည် သူ၏စိတ်အတွင်း၌ ပဲ့တင်ထပ်နေဆဲပင်။

"ယုဝမ်ကျီး...နင်က ဒီနေရာကို ရောက်နေတာပါလား"

ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်က ဖျတ်ခနဲပျံသန်းလာကာ ယုဝမ်ကျီး၏ရှေ့၌ ရပ်တန့်လိုက်၏။

ဤသည်မှာ ဖန်ရှင်းအာပင်။

ထိုအခြင်းအရာကိုကြည့်ပြီး....

ယုဝမ်ကျီး၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။ သူ၏မျက်နှာပေါ်တွင် ရှက်ရွံသောအမူအယာများ ထင်ဟပ်လာကာ သူသည် ဖန်ရှင်းအာကို စေ့စေ့မကြည့်ဝံ့ချေ။

"ဟီး ဟီး...ဟုတ်တယ်...ငါ ဒီရောက်နေတာ..."

သူ ချင်ရှန်းဂိုဏ်းသို့မပြန်ဘဲ လမ်းများပေါ်တွင် လှည့်ပတ်သွားလာနေသော အကြောင်းအရင်းမှာ သူ ဖန်ရှင်းအာကို ရှောင်လိုသောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ ထိုအချိန်တုန်းက သူသည် မြေကမ္ဘာတံခါးကိုဖွင့်ရန်သွားမည်ဟု ကျိန်ဆိုခဲ့သော်လည်း ထိုအစား သူသည် မြေကြီးအတွင်း၌ ရက်ပေါင်းများစွာကြာသဘ်အထိ ပုန်းအောင်းနေခဲ့သည်။

သူသည် ဤကိစ္စအတွက် ဖန်ရှင်းအာကို မျက်နှာမပြဝံ့တော့ချေ။

"နင်က ငါ့ကို တကယ်အံ့အားသင့်စေခဲ့တယ်...နင်က မြေကမ္ဘာတံခါးကို ဖွင့်နိုင်ရုံတင်မကဘူး...ကောင်းကင်တံခါးကို ဖွင့်ပြီးချိန်မှာတောင် နင်က ဘာထိခိုက်ဒဏ်ရာမှမရဘဲ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့တယ်"

မျက်နှာလွှားဇာအောက်မှ ထွက်ပေါ်လာသော ဖန်ရှင်းအာ၏အသံတွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။

"အမ်...."

"ကောင်းကင်တံခါးလား...."

"ငါက ကောင်းကင်တံခါးကို ဖွင့်နိုင်ခဲ့တာလား"

ယုဝမ်ကျီး၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေကာ သူက မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။

"ဖြစ်နိုင်တာတော့ ဒါကိုဖွင့်ခဲ့တာ နင် မဟုတ်တာများလား"

ဖန်ရှင်းအာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ယုဝမ်ကျီး၏မျက်လုံးများ ဂဏမငြိမ်ဖြစ်သွားကာ သူသည် ဖန်ရှင်းအာ၏စကားများအတွင်းမှ သွယ်ဝိုက်သောအဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားသည်။ ကောင်းကင်တံခါးသည် မသိနိုင်သောအကြောင်းအရင်းတစ်ခုကြောင့် ပွင့်သွားခဲ့ကာ ဖန်ရှင်းအာသည် သူ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မှားယွင်း၍ယူဆနေခြင်းဖြစ်ပေမည်။

"အာ...ဟုတ်တယ်...ဟုတ်တယ်....ငါ့ရဲ့ဆိုးရွားတဲ့ မှတ်ဥာဏ်ကို ကြည့်ပါအုံး...ဒါကို ဖွင့်ခဲ့တဲ့လူက ငါပဲလေ...ဟား ဟား ဟား...."

မည်သို့ပင်ဆိုစေကာမူ သူသည် ဖန်ရှင်းအာကို မျက်နှာမပြဝံ့သောကြောင့် ဤစကားအတိုင်းသာ သံယောင်လိုက်ရပေမည်။

"ဒါပေမယ့် ကောင်းကင်တံခါးကို ဖွင့်ပြီးတဲ့နောက်မှာ...နင် ဘာလို့ ငါ့ကို လာမရှာတာလဲ"

ဖန်ရှင်းအာက နူးညံညင်သာစွာ မေးမြန်းသည်။

"ဖြစ်နိုင်တာတော့ နင်က ဆုလာဘ်ကို မလိုချင်တော့တာများလား"

"ငါက ဘာလို့ မင်းကို လာရှာရမှာလဲ....ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့အားလုံး အလုပ်ရှုပ်နေကြတာလေ.....ဒါက ကောင်းကင်တံခါးကိုဖွင့်ရုံ အသေးအမွှားကိစ္စလေးပဲ...ဘာလို့ ငါက ဆုလာဘ်ကို တောင်းဆိုနေရမှာလဲ...ဟုတ်တယ်မလား"

ထိုသို့ပြောဆိုလိုက်သည့်တိုင် သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်စိတ်လှုပ်ရှားနေသည်။

မျက်နှာလွှားဇာအောက်ရှိ ဖန်ရှင်းအာ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူမရှေ့၌ ယခုရှိနေသော ယုဝမ်ကျီးသည် သူမ သိရှိခဲ့သောတစ်ယောက်နှင့် အနည်းငယ်ကွဲပြားခြားနားနေသည်။

သူ၏အရှက်မဲ့သောစိတ်နေသဘောထားဖြင့်ဆိုပါက ကောင်းကင်တံခါးကိုဖွင့်ပြီးသည့်နောက် သူသည် ဟန်ရေးပြရန်အတွက် သူမဆီသို့ ရောက်လာရမည်မဟုတ်လော....

ဤသည်က သူမအား သူ့အပေါ် အမြင်သစ်နှင့်ကြည့်မိသွားစေသည်။

"ဒီလိုဆိုမှတော့....ခုချိန်ကစပြီးတော့ နင် ငါ့နောက်ကိုလိုက်ခဲ့အုံးမှာလား"

ဖန်ရှင်းအာ၏အကြည့် အနည်းငယ်ရွေ့လျားသွားကာ သူမက နူးညံညင်သာစွာ ပြောဆိုသည်။

"ဟား ဟား...ဒီလိုဆိုပေမယ့် ဒါက ကောင်းပါ့မလား"

ယုဝမ်ကျီးသည် သူ့ကိုယ်သူ ယုံကြည်ချက်မရှိချေ။ အကြောင်းအရင်းမှာ ကောင်းကင်တံခါးပွင့်သွားခြင်းသည် သူနှင့်လားလားမျှမသက်ဆိုင်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိရှိထားသောကြောင့်ပင်။

"ဘာလဲ...နင်က ငါ့ရဲ့လူ မဖြစ်ချင်တော့တာလား"

ဖန်ရှင်းအာသည် သံလွင်ခက်ကမ်းသည့်အနေဖြင့် သူမ၏သွယ်လျလျလက်လေးနှင့် ယုဝမ်ကျီး၏မေးစေ့ကိုကိုင်ကာ အနည်းငယ်မြှောက်လိုက်၏။

ဖန်ရှင်းအာ၏လုပ်ရပ်ကြောင့် ယုဝမ်ကျီး၏စိတ် ချက်ချင်းဆိုသလိုပင် ပူလောင်ပြင်းပြသွားသည်။

ဖန်ရှင်းအာကိုကြည့်သော သူ၏မျက်လုံးများအတွင်း၌ စွဲလမ်းမှုများနှင့် ပြည့်နှက်နေသည်။ သူ အလိမ်ပေါ်သွားမည် မပေါ်သွားမည်ကို ဂရုမစိုက်တော့ဘဲ သူမနှင့်အတူ ထွက်ခွာခဲ့တော့သည်။

အချိန်များ တိတ်တဆိတ်ဖြင့် ကုန်ဆုံးသွားလေပြီ။

အင်အားစုများအားလုံးသည် ကျင်းယု၏သင်္ချိုင်းဂူကို စောင့်ကြည့်နေကြဆဲပင်။

အချိန်အတော်ကြာပြီးနောက် အတွင်းရှိစက်ယန္တရားများမှ စွမ်းအားများ ကုန်ခမ်းသွားပုံရကာ ထိတ်လန့်တုန်လှုပ်ဖွယ် အနက်ရောင်မြူခိုးပုံရိပ်ယောင်များကိုလည်း တွေ့မြင်ရခြင်းမရှိတော့ချေ။

နေ့တစ်ဝက်ခန့်ကြာပြီးနောက် ဤသင်္ချိုင်းဂူအတွင်းသို့ တဖန်ပြန်၍ဝင်ရောက်နိုင်တော့မည်ဟု လူအများက ခန့်မှန်းထားကြသည်။

ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် ကျောက်တံခါးကြီးရှေ့၌ ကျင့်ကြံသူအမြောက်အများနှင့် ပြည့်နှက်နေသည်။

လူတိုင်း၏မျက်နှာများပေါ်တွင် အခိုင်အမာယုံကြည်ချက်ရှိသော အရိပ်အယောင်များနှင့်ပြည့်နှက်နေကာ အတွင်းရှိရတနာများကိုရယူရန် စိတ်ပိုင်းဖြတ်ထားကြလေ၏။

All Chapters