အခန်း (၂၀၆-၂၁၀)
Vol. 14 Ch. 206-210
Chapter 206
မိုးကောင်းကင်ဓားဂိုဏ်းနှင့်နှင်းလေအိမ်တော်တို့သည် ဇီသာတေးသွားများကို ဖန်ရှင်းအာနှင့်ချောင်ရှန်းတို့ထံ ပေးပို့ခဲ့သည်။
သူတို့သည် အကောင်းဆုံးဇီသာတေးသွားတချို့ကိုရွေးထုတ်ခဲ့ကြပြီး အလှည့်ကျကြိုးစားခဲ့ကြသည်။ သို့ရာတွင် သူတို့၏ရလဒ်များသည် စိတ်ကျေနပ်အားရဖွယ်မရှိချေ။
သီဝူကျင်းနှင့်ချန်ကျင်းခုန်းတို့ထံတွင် အခွင့်အရေးမကျန်ရှိတော့ဘဲ ဖန်ရှင်းအာနှင့်ချောင်ရှန်းတို့ထံတွင် အခွင့်အရေးတစ်ကြိမ်စီသာ ကျန်ရှိတော့သည်။
သူတို့နှစ်ယောက်၏မျက်နှာအမူအယာများ ပျက်ယွင်းနေသည်။ လုံလောက်သောယုံကြည်ချက်ခိုင်မာမှုမရှိဘဲ သူတို့သည် ထပ်မံ၍မကြိုးစားဝံ့ချေ။
အခြေအနေသည် တဖြည်းဖြည်း ကျဥ်းထဲကျပ်ထဲသို့ ရောက်ရှိလာလေပြီ။
အကြောင်းအရင်းမှာ လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် လက်ရှိနေရာ၌ရှိနေသော ကျင့်ကြံသူအားလုံးနီးပါး ကြိုးစားခဲ့ကြလေ၏။ သို့ရာတွင် အစမှအဆုံးတိုင် ကျင်းယု စိတ်ကျေနပ်မှုရရှိရန် မဆိုထားနှင့် သူ၏မျက်လုံးကို ဖွင့်ကြည့်စေရန်ပင် မည်သူမျှစွမ်းဆောင်နိုင်ခြင်းမရှိချေ။
"စီနီယာကျင်းယုကို အရိုအသေပြုပါတယ်...ကျေးဇူးပြုပြီးတော့ ကျွန်မကို ကြိုးစားခွင့်ပြုပါ"
သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အဖြူရောင်လူရိပ်တစ်ရိပ်သည် နူးညံညင်သာစွာဖြင့် ကျင်းယုကို အရိုအသေပြုကာ မြေပြင်ပေါ်၌ထိုင်ချလိုက်သည်ကို လူတိုင်းတွေ့မြင်မိပေ၏။
"အမ်...."
"ရှုချင်းဟော်...တကယ့်ကို ရှုချင်းဟော် ဖြစ်နေတာပါလား"
"ဘုရားရေ...သူက ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ရောက်လာတာလဲ"
လူအုပ်အကြားမှနေ၍ အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာကာ ကျင့်ကြံသူအများစုသည် ဝက်နှင့်တူသော အကြည့်များဖြင့် သူမကို စူးစိုက်ကြည့်နေကြ၏။
"ဒီမိန်းမက တကယ့်ကိုရောက်လာတာပဲ...သောက်ချေးပဲ"
ဖန်ရှင်းအာနှင့်ချောင်ရှန်းတို့၏မျက်နှာများပေါ်၌ တည်ကြည်လေးနက်သောအမူအယာများ ထင်ဟပ်လာသည်။
ရှုချင်းဟော်သည် အမှန်တကယ်ကို သူမ၏နာမည်နှင့် ကိုက်ညီမှုရှိသည်။ သူမသည် လက်ရေးလှ ဇီသာနှင့်ပန်းချီပညာရပ်တို့ကို အဆင့်မြင့်မားစွာ တတ်မြောက်ထားလေ၏။
ထိုမျှသာမက သူမကို နန်ရှားနယ်မြေတခွင်လုံးရှိ လူငယ်မျိုးဆက်သစ်များကြားတွင် နံပါတ်တစ်ပါရမီရှင်ဟုလည်း လူအများက အသိအမှတ်ပြုထားကြသည်။ သူမသည် ငယ်ရွယ်သောအသက်အရွယ်ကတည်းက သိုင်းအရှင်နယ်ပယ်ကို ချိူးဖျက်ဝင်ရောက်နိုင်ခဲ့သူဖြစ်သည်။
ထို့ပြင် သူမသည် နန်ရှားနယ်မြေ၏နံပါတ်တစ်ဂိုဏ်းဖြစ်သော နတ်ဆိုးအသံဂိုဏ်း၏သူတော်စင်မိန်းမပျိုလည်းဖြစ်ပေ၏။
သူမအား မရေမတွက်နိုင်သောရောင်ဝါများနှင့် ကောင်းချီးပေးခြင်းခံရသည့် မိန်းကလေးတစ်ယောက်ဟု ဆိုနိုင်သည်။
သူမ၏ရောက်ရှိလာမှုသည် အခြေအနေကို ပြောင်းလဲသွားစေမည်မှာ သိသာထင်ရှားလှ၏။
အကြောင်းအရင်းမှာ ကျင်းယု၏အမွေအနှစ်ကို ဆက်ခံနိုင်ရန် သူမထံတွင် ကြီးမားသောအခွင့်အရေးရှိနေကြောင်း လူတိုင်း သိရှိနေသောကြောင့်ပင်။
"တောင်..."
ရှေးဟောင်းဇီသာ၏ကြိုးများ လှုပ်ခတ်သွားခြင်းနှင့်အတူ သာယာနာပျော်ဖွယ်တေးသံက ပျံ့လွင့်လာသည်။
သူမ၏တေးသံစတင်သည်နှင့် လူအမြောက်အများသည် မသိလိုက်မသိဘာသာဖြင့် ငြိမ်ကျသွားကာ တချို့လူများ၏မျက်နှာများပေါ်တွင် ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ရှုချင်းဟော်နှင့် နှိုင်းယှဥ်ပါက သူတို့၏ဇီသာတေးသံနှင့်စွမ်းရည်သည် တူညီသောအဆင့်မျိုး၌ ရှိမနေချေ။
ပြောရမည်ဆိုလျှင်...
ရှုချင်းဟော်သည် သူမ၏နာမည်ဂုဏ်သတင်းနှင့် ထိုက်တန်ပေ၏။
နောက်ဆုံး၌ သူမ၏တေးသံ တစတစ အဆုံးသတ်သွားလေပြီ။ သူမ၏လှပသောမျက်နှာလေးကိုမော့၍ ကျင်းယုထံသို့ ကြည့်လိုက်သည်။
တခြားလူများကလည်း ကျင်းယုထံသို့ ကြည့်လိုက်ကြသည်။
ထို့နောက် ဇီသာစင်ပေါ်တွင်ထိုင်နေသော ကျင်းယုသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သောကြောင့် လူတိုင်းအံ့အားသင့်သွားသည်။
"အရမ်းကောင်းတယ်..."
"ဒါပေမယ့် မလုံလောက်သေးဘူး"
ဤအတိုချုပ်မှတ်ချက်စကားများကို ပြောဆိုပြီးနောက် ကျင်းယုက သူ၏မျက်လုံးများကို တဖန်ပြန်၍မှိတ်လိုက်သည်။
"အမ်..."
"ဒါက မလုံလောက်သေးဘူးလား"
"အိုး ဘုရားရေ...ဒီအမွေအနှစ်ကိုဆက်ခံနိုင်ဖို့ ဘယ်လိုလုပ်ရမှာလဲ"
ကျင်းယုသည် ရှုချင်းဟော်၏တေးသံကို မလုံလောက်သေးဟုပြောဆိုသည်ကိုကြည့်ပြီး လူအုပ်ကြီးက အံ့အားတသင့်အော်ဟစ်လိုက်ကြ၏။ အနည်းဆုံးအနေဖြင့် ယခင်ရက်အနည်းငယ်အတွင်းတွင် ရှုချင်းဟော်သည်သာ ကျင်းယုကို မျက်လုံးဖွင့်ကြည့်စေရန် လုပ်ဆောင်နိုင်ခဲ့သည့် ပထမဆုံးလူပင်။
ရှုချင်းဟော်၏မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားသော်လည်း သူမ၏လှပသောမျက်နှာလေး အမူအယာပျက်ယွင်းသွားခြင်းမရှိချေ။ သူမသည် မတ်တတ်ထရပ်ပြီး ကျင်းယုကို လေးနက်စွာဦးညွှတ်အရိုအသေပြုကာ နံဘေးတစ်ဖက်သို့ ဆုတ်ခွာလိုက်၏။
"သူတော်စင်မိန်းမပျို...ဒီအတိုင်းသာဆို ငါတို့ ဘာဆက်လုပ်ကြမလဲ"
ချန်ကျင်းခုန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ရှုချင်းဟော်က သူ့ရဲ့အမွေအနှစ်ကို မဆက်ခံနိုင်ဘူးဆိုပေမယ့် သူ့မှာ အခွင့်အရေးကြီးကြီးမားမား ရှိနေတဲ့ပုံပဲ....ငါတို့က နည်းလမ်းတစ်ခုကို အမြန်ဆုံးစဥ်းစားတွေးတောရလိမ့်မယ်"
ဖန်ရှင်းအာက မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။ သူမသည် ရုတ်တရက် ယုဝမ်ကျီးပျောက်ဆုံးနေသည်ကို သတိပြုမိသွားသည်။
"သူ ဘယ်မှာလဲ"
ဖန်ရှင်းအာက မေးမြန်းလိုက်၏။
"သူ ခုဏကတော့ ဒီနေရာမှာပါပဲ"
ချန်ကျင်းခုန်းသည်လည်း မျက်မှောင်ကြုတ်လိုက်သည်။ အစောပိုင်းက သူ၏စိတ်အာရုံသည် ဇီချင်းဟွာထံတွင်သာ ရှိနေသည်မှာ သိသာထင်ရှားသည်။ ထို့ကြောင့် သူသည် ယုဝမ်ကျီး ပျောက်ကွယ်သွားသည်ကို သတိမပြုမိချေ။
ထိုအချိန်တွင် ယုဝမ်ကျီးသည် ပင်ကျင်းမြို့အတွင်းသို့ ရောက်ရှိနေလေပြီ။
"ဇီသာတေးသွား...ဇီသာတေးသွား..."
သူသည် တီးတိုးရေရွတ်ရင်း သိုင်းပညာခန်းမ၏တံခါးရှေ့သို့ ရောက်ရှိသွားသည်။
တိကျသေချာစွာပင်....
သိုင်းပညာခန်းမငယ်လေး၏ရှေ့၌ ထပ်မံ၍ လူများပြည့်သိပ်နေကာ လှေကားထစ်ပေါ်တွင်ထိုင်၍ ရီဖုန်း ဇီသာတီးခတ်နေသည်ကို တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြလေ၏။
"'သာမာန်လမ်းကလေး'သီချင်းကို တီးခတ်ပေးမယ်"
ရီဖုန်းသည် သီချင်းတစ်ပုဒ်ပြီးဆုံးချိန်တိုင်း လူအုပ်ကြီးကိုကြည့်၍ ပြုံးပြသည်။
အကြောင်းအရင်းမှာ သူ့ထံ၌ ပရိတ်သတ်များရှိနေသဖြင့် သူ ဤနေရာတွင်ထိုင်၍ နေ့စဥ်နေ့တိုင်း ဇီသာတီးခတ်သည်မှာ အလေ့အထတစ်ခုကဲ့သို့ ဖြစ်နေလေပြီ။ ထို့ပြင် သူသည် နေ့စဥ်နေ့တိုင်း 'သာမာန်လမ်းကလေး'သီချင်းကိုတီးခတ်ရန် မေ့လျော့ခြင်းမရှိချေ။
"တောင်....တောင်...တောင်..."
ဇီသာသံထွက်ပေါ်လာသည်နှင့် အောက်ရှိလူအုပ်ကြီးသည် သူတို့၏မျက်လုံးများကို မှိတ်လိုက်ကြသည်။
ယုဝမ်ကျီးသည် ထောင့်တစ်ထောင့်မှနေ၍ ခေါင်းငိုက်စိုက်ဖြင့်နားထောင်နေရင်း မချီးမွမ်းဘဲမနေနိုင်တော့ချေ။
"ဒီကောင်လေးက တကယ့်ကို ကောင်းကောင်းတီးခတ်နိုင်တာပဲ...ငါ့ရဲ့အမြင်အရ သူ တီးခတ်တာက ရှုချင်းဟော်ထက်တောင် ပိုကောင်းသေးတယ်...ဒီတေးသွားကို ကူးချလိုက်ရင် ငါက သူတော်စင်ရဲ့အမွေအနှစ်ကိုရဖို့ မျှော်လင့်ချက်ရှိလာနိုင်တယ်....ဟား ဟား ဟား"
ဤသည်မှာ အမှန်ပင်။
ယုဝမ်ကျီး ဤနေရာသို့ ရောက်ရှိလာသော အကြောင်းအရင်းမှ ယခင်တစ်ကြိမ်က သူ ဖြတ်သွားရင်း ရီဖုန်းတီးခတ်နေသောတေးသံကို အမှတ်ရမိသောကြောင့်ပင်။ ထို့ကြောင့် သူသည် ဤတေးသံကိုကူးရေးကာ ကျင်းယု၏သင်္ချိုင်းဂူ၌ သူ၏ကံကြမ္မာကို စမ်းသပ်လိုသည်။
နောက်ဆုံး၌ ရီဖုန်း၏လက်ချောင်းများအောက်ရှိ ဇီသာကြိုးများ ငြိမ်သက်သွားချိန်တွင် ယုဝမ်ကျီးသည် သီချင်းတစ်ပုဒ်လုံးကို ကူးယူ၍ပြီးစီးသွားလေပြီ။
"ဟမ့်...ဒီကောင်တီးခတ်နေတာ ဘာဂီတတူရိယာလဲဆိုတာ ငါ မသိပေမယ့်...ဇီသာနဲ့တီးခတ်ရင်လည်း အကျိုးသက်ရောက်မှုက အတူတူပဲဖြစ်မယ်"
ယုဝမ်ကျီးသည် ဝမ်းသာအားရဖြင့် တေးသွားစာရွက်ကိုသိမ်းဆည်းကာ မြို့တံခါးထံသို့ ကမန်းကတန်း ထွက်ခွာခဲ့တော့သည်။
သူ့၏အနီးမှ မိလ္လာသယ်ဆောင်သူတစ်ယောက်က ဖြတ်သန်းသွားသည်။
ယုဝမ်ကျီးက မျက်မှောင်ကြုတ်ကာ ထိုမိလ္လာသယ်ဆောင်သူကိုကြည့်ပြီး အော်ဟစ်လိုက်၏။
"ဟိတ်...နိမ့်ကျတဲ့သေမျိုးကောင်...ဒီနေရာကနေ ဒီသခင်လေးဖြတ်သွားနေတာကို မင်း မမြင်ဘူးလား...မြန်မြန် လမ်းဖယ်ပေးစမ်း"
သို့ရာတွင် ထိုမိလ္လာသယ်ဆောင်သူ၏မျက်လုံးအတွင်းမှ ရွှေရောင်အလင်းတန်းများ ရုတ်တရက်ဖြာထွက်လာသဖြင့် သူ အံ့အားသင့်သွားသည်။ ထိုလူသည် ယုဝမ်ကျီးကို လည်ပင်းမှဆုပ်ကိုင်ကာ သူ၏ခေါင်းကို မိလ္လာပုံးအတွင်းသို့နှစ်လေသည်။
နောက်ထပ်ရိုက်နှက်ပြီးနောက် သူသည် ယုဝမ်ကျီးကို ရေမြောင်းအတွင်းသို့ပစ်ချကာ တိတ်တဆိတ်ထွက်သွားတော့သည်။
"သောက်ချေးပဲ...သောက်ချေးပဲ...အဲ့ဒီမိလ္လာသယ်တဲ့လူက ဘယ်သူမလို့ ဒီလောက်ထိအစွမ်းထက်နေတာလဲ"
ယုဝမ်ကျီးသည် ဖူးယောင်နေသောမျက်နှာနှင့် ရေမြောင်းအတွင်းမှကုန်းတက်လာကာ သူ၏လက်အတွင်းရှိ တေးသွားစာရွက်ကို ကြည့်လိုက်၏။ သူသည် ချက်ချင်းဆိုသလိုပင် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ဟူး...ကံကောင်းလို့ တေးသွားစာရွက်က ဘာမှဖြစ်မသွားဘူး"
"ဟမ့်...မိလ္လာသယ်တဲ့ကောင်...မင်း ဘယ်သူပဲဖြစ်နေနေ ဒီသခင်လေးက မင်းကို နောင်တစ်ချိန်မှာ အရှင်မထားဘူး"
ယုဝမ်ကျီးသည် သူ၏အဝတ်အစားများကို အလျှင်အမြန်လဲလှယ်ကာ မြို့တံခါးထံသို့ တဟုန်ထိုး အပြေးသွားလိုက်တော့သည်။
"နင် ဘယ်ကိုသွားနေတာလဲ"
ယုဝမ်ကျီးထံမှ အနံ့ဆိုးခပ်ဖျော့ဖျော့ရနေကာ ဤနေရာသို့ပြန်ရောက်လာသည်ကို မြင်တွေ့ချိန်တွင် ဖန်ရှင်းအာက မျက်မှောင်ကြုတ်၍မေးမြန်းသည်။
"ငါက အရင်တုန်းက ငါရေးစပ်ခဲ့ဖူးတဲ့ တေးသွားစာရွက်ကို ပြန်ယူနေတာပါ...လမ်းမှာ ပြဿနာလေးနည်းနည်းရှိလို့ အပြေးပြန်လာခဲ့ရတယ်"
ယုဝမ်ကျီးက ဝေ့လည်ကြောင်ပတ်ပြောဆိုသည်။
"နင် ရေးစပ်ထားတဲ့တေးသွားလား"
ဖန်ရှင်းအာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ယုဝမ်ကျီးသည် ဇီသာအနည်းငယ် တီးခတ်တတ်သည်ကို သူမ သိရှိထားသော်လည်း သူသည် သီချင်းများကို ရေးစပ်သီကုံးနိုင်သည်ကိုမူ သူမ မသိရှိချေ။
"အိုး...ညီအကိုယုက ကြိုးစားကြည့်တော့မလို့လား"
"သူ့မှာ တကယ့်ကို အခွင့်အရေးတစ်ခု ရှိနေနိုင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် သူက ကောင်းကင်တံခါးကို ဖွင့်ခဲ့တဲ့လူတစ်ယောက်လေ"
"ညီအကိုယု...မြန်မြန်လေး ကြိုးစားကြည့်စမ်းပါ"
ထိုစကားကိုကြားချိန်တွင် လူတိုင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
"ဟား ဟား ဟား...စီနီယာတို့က အရမ်းကြင်နာတတ်တာပဲ...ဒါဆိုရင်တော့ ငါ တစ်ကြိမ်လောက်ကြိုးစားကြည့်မယ်"
ယုဝမ်ကျီးက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အပြုံးနှင့်ပြောဆိုသည်။
"နင် လုပ်နိုင်တာ သေချာလား"
ဖန်ရှင်းအာကိုကြည့်ရသည်မှာ ယုံကြည်ပုံမရချေ။
"သူတော်စင်မိန်းမပျို...သူ့ကို ကြိုးစားခွင့်ပြုလိုက်ရင်လည်း ဘာဆုံးရှုံးမှုမှ ရှိမှာမဟုတ်ဘူး"
နံဘေးတွင်ရှိနေသော ချန်ကျင်းခုန်းက ဝင်ရောက်ပြောဆိုသည်။
ဖန်ရှင်းအာသည် အချိန်တခဏခန့် တွေဝေစဥ်းစားနေပြီးနောက် ယုဝမ်ကျီးကိုကြည့်ကာ ပြောဆိုလိုက်၏။
"ဒါဆိုရင်လည်း ဆက်လုပ်ပါ"
"ကောင်းပြီလေ...ရှင်းအာ...ငါ မင်းကို သေချာပေါက်စိတ်မပျက်စေရဘူး"
ယုဝမ်ကျီးသည် သူ၏အဝတ်အစားများကို သပ်ရပ်အောင်လုပ်ကာ သူ၏သိုလှောင်အိတ်အတွင်းမှ ဇီသာတစ်ခုကိုထုတ်၍ အလယ်ဗဟို၌ ပလ္လင်ခွေထိုင်လိုက်သည်။
ဤနေရာသို့လာရာ လမ်းတလျှောက်တွင် သူသည် ထိုတေးသွားကို အလွတ်ကျက်မှတ်ခဲ့သည်။ သူ၏မှတ်ဥာဏ်များကိုအမှီပြု၍ သူ၏လက်များကို ဇီသာကြိုးပေါ်သို့တင်လိုက်သည်။
"တောင်...တောင်....တောင်....တောင်...."
'သာမာန်လမ်းကလေး'သီချင်း၏ အဖွင့်တေးသွားက ပျံ့လွင့်လာသည်။
"အမ်...."
ထိုအဖွင့်တေးသွားကိုကြားချိန်တွင် နံဘေးတွင်ထိုင်နေသော ရှုချင်းဟော်သည် ချက်ချင်းဆိုသလိုပင် ယုဝမ်ကျီးကို ကြည့်လိုက်၏။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ဇီသာစင်ပေါ်၌ထိုင်နေသော ကျင်းယုက ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်လိုက်သည်။
***note...ရှေ့မှာလည်းnoteရေးခဲ့ပါတယ်...ရီဖုန်းတီးတာက ဇီသာကိုမှ ဂစ်တာပုံစံလေးပါ***
Chapter 207
"အိုး...ကောင်းလိုက်တဲ့တေးသံ.."
"မြန်မြန်...ကြည့်လိုက်ကြအုံး...သိုင်းသူတော်စင်က သူ့ရဲ့မျက်လုံးကိုဖွင့်လိုက်ပြီ"
ထိုမြင်ကွင်းကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသူများသည် အံ့အားတသင့်ရေရွတ်လိုက်ကြကာ မယုံကြည်နိုင်သောအကြည့်များက ယုဝမ်ကျီးထံသို့ စူးစိုက်၍ကျရောက်လာသည်။
"မဖြစ်နိုင်ဘူး..."
ဖန်ရှင်းအာသည် ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် မျက်နှာလွှားဇာနောက်ရှိ သူမ၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် လူတိုင်းနီးပါး နေမထိထိုင်မသာ ဖြစ်သွားကြသည်။
အကြောင်းအရင်းမှာ ရှုချင်းဟော်ပင်လျှင် သူမ၏တင်ဆက်မှုပြီးဆုံးချိန်မှသာ ကျင်းယုသည် သူ၏မျက်လုံးကိုဖွင့်၍ ချီးမွမ်းစကားပြောဆိုခဲ့သည်။
သို့ရာတွင် ယုဝမ်ကျီးကိုမူ သူ အဖွင့်တေးသွားစတင်တီးခတ်သည်နှင့် ကျင်းယုသည် မျက်လုံးဖွင့်ကြည့်ခဲ့လေ၏။
ကြည့်ရသည်မှာ သိုင်းသူတော်စင်၏အမွေအနှစ်ကို ယုဝမ်ကျီး ရရှိသွားနိုင်ဖွယ်ရှိသည်။
ထို့နောက် လူအုပ်ကြီး၏ စိတ်ဖိစီးနေသော မျှော်လင့်စောင့်စားမှုများကြားတွင် ဇီသာတေးသံသည် အဆုံးသတ်သို့ ရောက်ရှိလုဆဲဆဲ ဖြစ်နေလေပြီ။
ဇီသာစင်ပေါ်ရှိ ကျင်းယုသည် အလွန်အမင်းစိတ်လှုပ်ရှားနေကာ သူ၏မျက်လုံးအကြည့်သည် ယုဝမ်ကျီးထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။
နောက်ဆုံး၌ ယုဝမ်ကျီး၏တီးခတ်မှု အဆုံးသတ်သွားချိန်တွင် ကျင်းယု၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများဖြာထွက်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထုအတွင်းသို့ မြင့်တက်သွားသည်။
"ကောင်းတယ်...ကောင်းတယ်...အရမ်းကောင်းတယ်"
"ဒီတေးသွားမျိုးက ကောင်းကင်ဘုံမှာပဲ ရှိနေနိုင်တယ်"
"မင်းက အရမ်းထူးချွန်တယ်...ဒီသူတော်စင်ရဲ့ နောက်ဆုံးအတားအဆီးကို ချိုးဖျက်ဖို့ မင်းက ကူညီပေးနိုင်လောက်တယ်"
ထိုသို့ပြောဆိုပြီးနောက် ကျင်းယုသည် စူးရှသောအကြည့်ဖြင့် ယုဝမ်ကျီးကိုကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"နောက်ထပ်ကတော့..ငါ့ရဲ့အမွေအနှစ်ကို မင်းဆီ ငါ လွှဲပြောင်းပေးမယ်"
"အမ်...."
"ဘာ...."
"သိုင်းသူတော်စင်ရဲ့အမွေအနှစ်က တကယ့်ကို....."
ကျင်းယု၏စကားကြောင့် လူအုပ်ကြီးတစ်စုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ယုဝမ်ကျီးသည်လည်း ကြက်သေသေလုနီးပါး ဖြစ်နေလေ၏။ သူသည် စိတ်လှုပ်ရှားမှုနှင့်စိတ်အားထက်သန်မှုတို့မှ အသိပြန်ဝင်လာချိန်တွင် အရူးတစ်ယောက်အလား အော်ဟစ်လိုက်သည်။
"သူတော်စင်ရဲ့အမွေအနှစ်...သူတော်စင်ရဲ့အမွေအနှစ်...ဟား ဟား ဟား...ငါ ယုဝမ်ကျီးက သူတော်စင်ရဲ့အမွေအနှစ်ကို တကယ်ကြီးရခဲ့ပြီ"
"ညီအကိုယု...ဂုဏ်ပြုပါတယ်...ဂုဏ်ပြုပါတယ်"
"ညီအကိုယုပ တကယ့်ကို ထူးချွန်တဲ့လူပဲ...မင်းက အရင်ဆုံးကောင်းကင်တံခါးကို ဖွင့်နိုင်ခဲ့တယ်...အခုလည်း မင်းက သိုင်းသူတော်စင်ရဲ့အမွေအနှစ်ကို ရသွားပြန်ပြီ"
"ညီအကိုယု...မင်းဘဝရဲ့အထွတ်အထိပ်ကို ရောက်လာခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်...ငါ မင်းကို အစောကြီးကတည်းက ဖိတ်ခေါ်ထားတာနော်...နောင်တစ်ချိန်ကျရင် မင်း ငါ့ကို မေ့မသွားနဲ့အုံး"
"အမှန်ပဲ...ညီအကိုယု...တကယ်လို့ နောင်အနာဂတ်မှာ မင်း အားလပ်ရင် ငါ့ရဲ့လော့ရှန်းဂိုဏ်းကို မကြာခဏ လာလည်ပါအုံး"
လူတိုင်းသည် ကံကောင်းသူတစ်ယောက် ဖြစ်မလာသည့်အတွက် စိတ်ပျက်မှုကို ခံစားနေရသော်လည်း ယခုလုပ်ဆောင်ရန်လိုအပ်သောအရာကို အလျှင်အမြန်တုံ့ပြန်ခဲ့ကြသည်။ သူတို့သည် ယုဝမ်ကျီး၏အနီးသို့ ချဥ်းကပ်နိုင်ရန်အတွက် ခြေတစ်လှမ်းစတင်လှမ်းလိုက်ကြ၏။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူတော်စင်၏အမွေအနှစ်ပင်။ ယုဝမ်ကျီးသည် အရူးတစ်ယောက်မဟုတ်ပါက သူ၏အနာဂတ်အောင်မြင်မှုသည် နိမ့်ကျမည်မဟုတ်ချေ။ ထို့ပြင် နောင်တစ်ချိန်တွင် သူ သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာရန်မှာလည်း တခြားသူများထက် ပို၍လွယ်ကူသွားပေမည်။
"ဟား ဟား ဟား...သေချာတာပေါ့...သေချာတာပေါ့"
"မင်းတို့က အရမ်းကြင်နာတတ်တာပဲ"
"ငါ နောင်တစ်ချိန်ကျရင် လော့ရှန်းဂိုဏ်းကို သေချာပေါက်လာလည်မယ်"
ထိုမြှောက်ပင့်ချီးမွမ်းနေသံများကိုကြားချိန်တွင် ယုဝမ်ကျီးသည် သူ တိမ်တိုက်များအကြား၌မျောလွင့်နေသည့်အလား ခံစားမိလေ၏။ သူသည် ခေါင်းမော့ရင်ကော့၍မတ်တတ်ရပ်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ လူအုပ်ကြီးကိုပြောဆိုပြီး သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေသည်။
'ငါ အရင်ကတော့ အခြေအနေကိုအခွင့်ကောင်းယူပြီးတော့ ဒီအသုံးမကျတဲ့အရူးကောင်ကို အရင်ဆုံး ဆိုးဆိုးရွားရွားခံစားစေပြီးမှ...အဆုံးသတ်မှာ ငါ့ရှေ့မှာ သူ ဒူးထောက်ပြီးတော့ သေစေချင်ခဲ့တာ...ဒါပေမယ့် ကောင်းကင်တံခါးဖွင့်ပြီးတဲ့နောက်မှာ ဒီအသုံးမကျတဲ့အရူးကောင်က သူတော်စင်ရဲ့အမွေဆက်ခံသူ တကယ်ကြီးဖြစ်သွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး'
မျက်နှာလွှားဇာအောက်ရှိ ဖန်ရှင်းအာ၏မျက်နှာပေါ်တွင် မလိုလားမှုများနှင့်ပြည့်နှက်နေကာ သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
"သူတော်စင်မိန်းမပျို....ငါတို့ အခုဘာလုပ်သင့်လဲ"
ချန်ကျင်းခုန်းထံတွင်လည်း စိတ်ရှုပ်ထွေးနေသော အမူအယာမျိုးရှိနေသည်။ သူသည် ဖန်ရှင်းအာ၏အတိတ်ဖြစ်ရပ်များကို အနည်းနှင့်အများသိရှိထားသူဖြစ်သဖြင့် ကိစ္စများသည် ဤကဲ့သို့အလှည့်အပြောင်းဖြစ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
"သိုင်းသူတော်စင်ရဲ့အမွေဆက်ခံသူဆိုတာ အသေးအမွှားကိစ္စမဟုတ်ဘူး"
သူမက အံ့တင်းတင်းကြိတ်လိုက်၏။ သူမ၏မျက်နှာပေါ်တွင် မလိုလားသောအရိပ်အယောင်များ ရှိနေဆဲဖြစ်သော်လည်း သူမသည် ဤကိစ္စ၏လေးနက်မှုကို သိရှိထားသဖြင့် ပြောဆိုလိုက်သည်။
"ယုဝမ်ကျီး...နင်က ငါ့ရဲ့မိုးကောင်းကင်ဓားဂိုဏ်းကို တရားဝင်ဝင်ရောက်လိုက်ပြီလို့ ငါ အခုထုတ်ပြန်ကြေငြာမယ်"
"အော်..."
လူအုပ်ကြီး၏ချီးမွမ်းမှုကိုခံယူနေသော ယုဝမ်ကျီး၏နုတ်ခမ်းထောင့် ချက်ချင်းမြင့်တက်သွားကာ အပြုံးဖြင့် ဖန်ရှင်းအာကို ကြည့်လေသည်။
"ငါက မိုးကောင်းကင်ဓားဂိုဏ်းကို ဝင်နိုင်တယ်...ဒါပေမယ့် ရှင်းအာ....အရင်ဆုံး မင်းက ငါ့ရဲ့မိန်းကလေး ဖြစ်လာရမယ်"
"နင်..."
ဖန်ရှင်းအာ၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။ ယုဝမ်ကျီးသည် ဤမျှထိ အလွန်လျှင်မြန်စွာ တောင်းဆိုလာမည်ဟု သူမ မျှော်လင့်မထားမိချေ။
သို့သော် ဤအချိန်အခိုက်အတန့်တွင် သူမသည် သည်းခံရုံသာတတ်နိုင်တော့သဖြင့် ယုဝမ်ကျီးကိုကြည့်ကာ အပြုံးနှင့်ပြောဆိုလိုက်သည်။
"နင့်မှာ အရည်အချင်းရှိသရွေ့...ငါက နင့်ရဲ့မိန်းကလေး ဖြစ်လာနိုင်တယ်"
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်...ဒါဆိုရင် ငါက မင်းရဲ့မိုးကောင်းကင်ဓားဂိုဏ်းကိုဝင်မယ်...ဒါနဲ့ မင်းကလည်း အရည်အချင်းတချို့ကို ပြန်ပြီးပြသင့်တယ်မဟုတ်လား"
ယုဝမ်ကျီးကလည်း အပြုံးနှင့် တုံ့ပြန်ပြောဆိုလေ၏။
သူ၏လေသံသည် ယခင်က ဖန်ရှင်းအာကို ကျိုးနွံစွာဆက်ဆံခဲ့သည့်ပုံစံမျိုးနှင့် လုံးလုံးလျားလျား မတူညီတော့ချေ။ သူ၏လေသံတွင် လှောင်ပြောင်သရော်မှုများနှင့် နက်ရှိုင်းသောအဓိပ္ပါယ်များ ရောယှက်နေသည်။
"ရှုချင်းဟော်က ဒီကသခင်လေးယုကို နှုတ်ဆက်ပါတယ်"
ထိုအချိန်မှာပင် ရှုချင်းဟော်သည် ယုဝမ်ကျီး၏ရှေ့သို့လျှောက်လှမ်းလာကာ နူးညံညင်သာစွာ ပြောဆိုသည်။
"နောင်တစ်ချိန် သခင်လေးမှာအချိန်အားလပ်ရင်... ချင်းဟော်နဲ့အတူ ဇီသာတေးသွားတွေနဲ့သီချင်းတွေ ရေးစပ်သီကုံးတဲ့အကြောင်း စကားစမြည်ပြောဖို့ ဆန္ဒရှိမလားဆိုတာ ကျွန်မ သိချင်မိတယ်"
"ဟား ဟား ဟား...ရှိတာပေါ့...ငါ ဆန္ဒရှိတာပေါ့"
ယုဝမ်ကျီးက မောက်မာဝံ့ကြွားစွာ ရယ်မောလိုက်သည်။ နန်ရှား၏နံပါတ်တစ်ပါရမီရှင်သည် ယခုချိန်တွင် သူ့အား မည်သို့ဆက်ဆံနေရသနည်း။
သူ၏ရှေ့၌ သူမသည်လည်း ယဥ်ကျေးသိမ်မွေ့နေရဆဲပင်။
ဤခံစားချက်သည် အလွန်ကောင်းမွန်ပေ၏။
ဒါက အရမ်းကောင်းတယ်...
ဒီနေ့ ငါ ယုဝမ်ကျီးက နောက်ဆုံးတော့ ကျောထောက်နောက်ခံတစ်ခု ရသွားပြီ....နောင်အနာဂတ်မှာ ငါ ဘယ်နေရာကိုပဲသွားသွား ငါ့ကို ရိုသေလေးစားခံရတော့မယ်...
ဟား ဟား ဟား...
"တပည့်....ဒီနေရာကိုလာခဲ့အုံး"
ထိုအချိန်မှာပင် ဇီသာစင်ပေါ်၌ မတ်တတ်ရပ်နေသော ကျင်းယုက ယုဝမ်ကျီးကို ညင်သာစွာခေါ်လိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာသခင်"
ယုဝမ်ကျီးသည် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် လျှောက်လှမ်းသွားကာ ရိုသေလေးစားစွာဖြင့် ကျင်းယု၏ရှေ့၌ မတ်တတ်ရပ်လေသည်။
"တပည့်...ငါ့ကို ပြောစမ်း...မင်းမှာ ဒီတေးသွားစာရွက်ရှိလား"
ကျင်းယုက အပြုံးဖြင့်မေးမြန်းသည်။
"ကျွန်တော်မှာ ရှိပါတယ်"
ယုဝမ်ကျီးသည် သူ၏အင်္ကျီလက်မောင်းကြားမှ တေးသွားစာရွက်ကိုထုတ်ယူကာ ရိုသေလေးစားစွာဖြင့် ကျင်းယုထံ လက်ကမ်းပေးလိုက်သည်။
"ကောင်းလိုက်တာ...အရမ်းကောင်းတယ်..ဒါက တကယ့်ကို နတ်ဘုရားတေးသွားပဲ"
သူ၏လက်အတွင်းရှိ တေးသွားစာရွက်ကိုကြည့်ပြီး ကျင်းယုသည် အရူးအမူးရယ်မောကာ ယုဝမ်ကျီးကိုငုံကြည့်ပြီး မေးမြန်းလိုက်၏။
"တပည့်...ငါ မင်းကို မေးမယ်...ဒီတေးသွားကို မင်းကိုယ်တိုင် ရေးစပ်ထားတာလား"
"ဆရာသခင်ကို သတင်းပို့ပါတယ်...ဒါက ကျွန်တော် ညပေါင်းများစွာ မအိပ်ဘဲနဲ့ ပင်ပင်ပန်းပန်းကြိုးစားအားထုတ်ခဲ့တာရဲ့ ရလဒ်ပါ"
ယုဝမ်ကျီးက သူ၏ခေါင်းကို အောက်သို့ငုံပြီး ပြောဆိုသည်။
"ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်...မင်းက တကယ့်ကို ငါ့ရဲ့တပည့်ကောင်းလေးပဲ...မင်းက ဒီလိုနတ်ဘုရားတေးသွားမျိုးကို ရေးစပ်နိုင်ရုံတင်မကဘူး...ငါခင်းကျင်းထားတဲ့ ကောင်းကင်နဲ့မြေကမ္ဘာတံခါးတွေကိုလည်း မင်း ဖွင့်ခဲ့တာလို့ ငါ ကြားထားတယ်"
ကျင်းယုက ပေါ့ပေါ့ပါးပါးလေသံဖြင့် မေးမြန်းသည်။
"ဒါက အမှန်ပါပဲ ဆရာသခင်...ကောင်းကင်နဲ့မြေကမ္ဘာတံခါးကို ကျွန်တော်ဖွင့်ခဲ့တာပါ"
ယုဝမ်ကျီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဆရာသခင်ရဲ့တပည့်လေ...ကျွန်တော်က ဆရာသခင်ကို အရှက်ရစေမှာ မဟုတ်ပါဘူး"
"မင်းက တကယ့်ကို ငါ့ရဲ့တပည့်ကောင်းလေးပဲ"
ကျင်းယုသည် အူလှိုက်သည်းလှိုက်ရယ်မောကာ ယုဝမ်ကျီးကို အနီးသို့တိုးလာရန် လက်ယပ်ခေါ်လိုက်သည်။
"လာခဲ့...ဒီကိုလာခဲ့...မင်းရဲ့ဆရာအနားကို တိုးခဲ့စမ်းပါ...ငါက အခု ငါ့ရဲ့အမွေအနှစ်တွေ မင်းကိုလက်ကမ်းပေးမယ်"
ယုဝမ်ကျီးသည် အလွန်အမင်း စိတ်လှုပ်ရှားသွားကာ မျှော်လင့်တောင့်တမှုများ ပြည့်နှက်နေသောမျက်နှာနှင့် ကျင်းယု၏အနီးသို့ လျှောက်လှမ်းသွားလေသည်။
"ဒီနေရာကိုလာခဲ့...ငါက အခုချက်ချင်း အမွေအနှစ်ကို လက်ကမ်းပေးမယ်"
ကျင်းယုသည် သူ၏လက်ဝါးကို ယုဝမ်ကျီး၏ခေါင်းပေါ်သို့ ဖြည်းညှင်းစွာတင်ပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။
Chapter 208
သို့ရာတွင် လူတိုင်းသည် သိုင်းပညာသူတော်စင်ထံမှ အမွေအနှစ်များကို ယုဝမ်ကျီး ရယူနေသည်ကို မနာလိုအားကျစွာ စောင့်ကြည့်နေကြစဥ်မှာပင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့သည်။
"အား..."
စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီးက ယုဝမ်ကျီး၏ပါးစပ်မှ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သူ၏မျက်နှာ ရှုံတွသွားကာ ကြီးမားသောနာကျင်မှုကို ခံစားနေရသည်မှာ သိသာထင်ရှားလှ၏။
"ဘာတွေဖြစ်နေတာလဲ"
"ဒါက အမွေအနှစ်ပေးတာမဟုတ်ဘူး....ခန္ဓာကိုယ်အပိုင်စီးနေတာပဲ"
လူအုပ်ကြားရှိ တစ်စုံတစ်ယောက်သည် ချက်ချင်းဆိုသလိုပင် ရိပ်စားမိသွားသဖြင့် အော်ဟစ်လိုက်သည်။
"ဘာလဲ"
"ဒါက တကယ့်ကို ခန္ဓာကိုယ်အပိုင်စီးနေတာလား"
လူအများသည် မယုံကြည်နိုင်မှုကြောင့် သူတို့၏မျက်လုံးများ ပြူးကျယ်သွားကာ ကျင်းယု၏သင်္ချိုင်းဂူတစ်ဂူလုံးသည် ကြီးမားသောလှည့်စားမှုကြီးဖြစ်ကြောင်း ချက်ချင်းသိနားလည်သွားသည်။
ကျင်းယုသည် အမွေခံတစ်ယောက်ကို ရှာဖွေနေခြင်းမဟုတ်ဘဲ သူ ခန္ဓာကိုယ်အပိုင်စီးရန် တစ်စုံတစ်ယောက်ကို ရှာနေခြင်းဖြစ်သည်။
ထိတ်လန့်ကြောက်ရွံမှုများသည် စောင့်ကြည့်နေကြသူများ၏စိတ်နှလုံးသားများအတွင်း၌ တလိမ့်လိမ့် မြင့်တက်လာသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် အမွေခံဟုခေါ်ဆိုသူ မဖြစ်ခဲ့ချေ။ ထိုသို့မဟုတ်ပါက သူတို့သည်လည်း ယခုချိန်တွင် ခန္ဓာကိုယ်အပိုင်စီးခံရသူတစ်ယောက် ဖြစ်နေနိုင်သည်။
ဤအလှည့်အပြောင်းသည် မမျှော်လင့်ဘဲ လျှင်မြန်စွာဖြစ်သွားခဲ့သဖြင့် လူတိုင်းကို သတိလက်လွတ်ဖြစ်သွားစေသည်။
"သူတော်စင်မိန်းမပျို...ဒီနေရာက မြန်မြန်ထွက်သွားကြစို့...ကျင်းယုက အရမ်းရက်စက်တယ်...တခြားလျှို့ဝှက်အန္တရာယ်တွေ ရှိနေနိုင်တယ်"
ချန်ကျင်းခုန်းက အလျင်စလို အကြံပေးလေ၏။
"ကောင်းပြီလေ"
ဖန်ရှင်းအာသည် ခေါင်းညိတ်ပြကာ ချန်ကျင်းခုန်းနှင့်အတူ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
ချောင်ရှန်းတို့လူစုထံတွင်လည်း တူညီသောအတွေးမျိုးရှိနေသည်။
ယုဝမ်ကျီးအတွက်ကမူ ယခုချိန်တွင် မည်သူကမျှ သူ့ကို မကယ်တင်နိုင်တော့ချေ။
သို့ရာတွင် ကျင်းယုသည် သူ၏လက်ကိုဝှေ့ယမ်းကာ သင်္ချိုင်းဂူ၏နံဘေးပတ်လည်တွင် မမြင်နိုင်သောအတားအဆီးတစ်ခုကိုဖန်တီးကာ သူတို့အားလုံး၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
"ဟား ဟား ဟား..."
"အခုချိန်မှာ မင်းတို့က ဒီနေရာကိုရောက်နေမှတော့....ဘာလို့ ပြန်ထွက်သွားချင်ကြတာလဲ"
ယုဝမ်ကျီး၏ခန္ဓာကိုယ်ကို အပိုင်စီးရင်း ကျင်းယုက သရော်တော်တော်ပြောဆိုသည်။
"ငါက ဒီနေ့လို အကျိုးသက်ရောက်မှုမျိုး ရလာဖို့အတွက် ဒီအစီအစဥ်ကို နှစ်ပေါင်းထောင်နဲ့ချီပြီးတော့ ကြိုတင်ပြင်ဆင်ထားခဲ့တာ...ပြီးတော့ ငါ ခန္ဓာကိုယ်အပိုင်စီးတဲ့အချိန်မှာ ငါ့ရဲ့အင်ပါယာအဆင့်ဇီသာစင်ကို အင်အားတချို့ဖြည့်ပေးဖို့လိုအပ်တယ်...မင်းတို့က ငါ့ရဲ့ဇီသာစင်မြင့်ကို အင်အားဖြည့်ပေးဖို့အတွက် အဖြည့်ခံတွေ ဖြစ်လာလိမ့်မယ်"
ထိုစကားနှင့်အတူ သူ၏လက်ဝါးကို မိုးကောင်းကင်ဓားဂိုဏ်း၏အကြီးအကဲတစ်ယောက်ထံသို့ ဆန့်တန်းလိုက်၏။
"အား..."
ထိုအကြီးအကဲသည် စူးရှနာကျင်စွာအော်ဟစ်ကာ ကျင်းယု၏လက်ဖြင့် စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။ လူအုပ်ကြီး၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ထိုအကြီးအကဲသည် လျှင်မြန်စွာအသက်အိုမင်းသွားပြီး ခြောက်ကပ်နေသောအလောင်းအဖြစ်သို့ပြောင်းလဲကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"ဒါက..."
ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်း၏ဦးရေပြားများ ထုံကျင်သွားကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများ ကြီးထွားလာသည်။
သိုင်းအရှင်တစ်ယောက်...
ထိုလူသည် ချက်ချင်းဆိုသလိုပင် ခြောက်ကပ်နေသောအလောင်းဘဝသို့ ပြောင်းလဲသွားလေပြီ။
ဖန်ရှင်းအာတို့လူစု၏မျက်လုံးများ သွေးနီရောင်သန်းသွားကာ သူတို့၏ဂိုဏ်းမှ အကြီးအကဲတစ်ယောက် သေဆုံးသွားသည်ကို သူတို့သည် ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့ရသည်။
"သိုင်းအရှင်တွေရဲ့စွမ်းအားက အားနည်းပေမယ့် အချိန်တခဏတော့ ငါ့အတွက် အားဖြည့်ပေးနိုင်တုန်းပဲ...ဘာမှမစိုးရိမ်နဲ့...မကြာခင်မှာပဲ မင်းတို့ရဲ့အလှည့်ကို ရောက်လာလိမ့်မယ်"
ကျင်းယုသည် အေးစက်စက်ရယ်မောကာ သူ၏အကြည့်သည် လက်ရှိနေရာတွင်ရှိနေသော သိုင်းအရှင်များကို ဖြတ်သန်းသွားပေ၏။
ရုတ်ချည်းဆိုသလိုပင် ထိုသိုင်းအရှင်များသည် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာမှုကို ခံစားရကာ သူတို့၏မျက်နှာများမှ ချွေးများယိုစီးကျလာသည်။
ဤအချိန်အခိုက်အတန့်တွင် သူတို့အနက်မှမည်သည့်တစ်ယောက်မဆို ထိတ်လန့်ကြောက်ရွံနေသော ငှက်ငယ်တစ်ကောင်နှင့် တူညီနေသည်။ သူတို့၏ကြီးမားသောစွမ်းအားသည် သေဒဏ်စီရင်ချက်တစ်ခုအလားဖြစ်လာကာ သိုင်းအရှင်များအကြားတွင် အားအနည်းဆုံးသူဖြစ်စေရန် သူတို့အားလုံး ဆုတောင်းနေကြသည်။
သိုင်းအရှင်တစ်ယောက်ကို ကျင်းယုသည် အင်အားစိုက်ထုတ်မှုမရှိဘဲ သတ်ဖြတ်လိုက်သည်ကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့လိုက်ရသဖြင့် သူတို့သည် ခုခံရန်သတ္တိများ လုံးလုံးလျားလျား ပျောက်ဆုံးသွားတော့သည်။
သူတို့သည် သားသတ်သမားလက်အတွင်းသို့ရောက်နေသော သိုးငယ်လေးများအလားပင်။
"ဒါက...."
အဝေးတစ်နေရာတွင်ရှိနေကာ သင်္ချိုင်းဂူကို အနီးကပ် စုံစမ်းထောက်လှမ်းနေသော ယွင်ရှန်းချွယ်တို့လူစု၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။
"မမျှော်လင့်ဘဲ အခြေအနေက တကယ်ကြီးပြောင်းလဲသွားပြီ"
အထူးသဖြင့် ယန်မူနှင့်ယန်စန်းသည် သူတို့၏ထိတ်လန့်တုန်လှုပ်မှုကို စကားလုံးဖြင့်ပင် မဖော်ပြနိုင်တော့ဘဲ တည်ငြိမ်စွာမနေနိုင်ကြတော့ချေ။
တစ်ချိန်တည်းမှာပင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုနှင့်စိတ်သက်သာရာရမှု နှစ်ခုစလုံးဖြင့် ပြည့်နှက်နေသည်။ အကယ်၍ သူတို့သည် ထိုနေရာသို့သွားခဲ့ပါက ထိုလူများကဲ့သို့ပင် ကျင်းယု၏စဥ့်နီတုံးပေါ်မှ သားကောင်များအဖြစ်ဖြင့် အဆုံးသတ်ရမည်မဟုတ်လော။
"သခင်မလေး...ကြည့်ရတာတော့ လုချင်ရှန်းရဲ့စကားတွေက ထပ်ပြီးမှန်နေပြန်ပုံပဲ"
ယန်မူက ပြောဆိုကာ ထိတ်လန့်ကြောက်ရွံမှုကြောင့် သူ၏ခန္ဓာကိုယ်တုန်ရီနေသည်။
"ဟုတ်တယ်...သူပြောတာ ထပ်ပြီးမှန်သွားပြီ"
ယွင်ရှန်းချွယ်က စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။
"သခင်မလေး....အရင်က ငါတို့ မင်းကို မယုံကြည်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်...ကံကောင်းပြီးတော့ မင်း ငါတို့ကို ဟန့်တားခဲ့လို့သာပဲ...မဟုတ်ရင်..."
ယန်မူသည် သင်္ချိုင်းဂူအတွင်းမှ မြင်ကွင်းကိုကြည့်ပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။
"ရှင်တို့အားလုံးက ကျွန်မရဲ့မိသားစုပဲ...ရှင်တို့ တစ်ခုခုဖြစ်မှာကို ကျွန်မက ဘယ်လိုလုပ်ပြီးတော့ မတ်တတ်ရပ်ပြီး ကြည့်နေနိုင်မှာလဲ"
ယွင်ရှန်းချွယ်က အပြုံးနှင့်ပြောဆိုသည်။
"ဒါပေမယ့် ကျွန်မ ပိုပြီးသိချင်နေတာက လုချင်ရှန်းပြောခဲ့တဲ့ အစွမ်းထက်တဲ့စီနီယာကိုပဲ"
"အမှန်ပဲ....အဲ့ဒီစီနီယာက ကျင်းယုရဲ့အချိန်အတော်ကြာ စီစဥ်ခဲ့တဲ့ လျှို့ဝှက်အကြံအစည်ကိုတောင် ထွင်းဖောက်မြင်ခဲ့တယ်...ဒါက သူ့ရဲ့ခွန်အား အရမ်းနက်နဲသိမ်မွေ့တယ်ဆိုတာကို ပြသနေတာပဲ"
ယန်မူက အံ့အားတသင့် ပြောဆိုလေ၏။
"ဟူး...လုချင်ရှန်းက အဲ့ဒီစီနီယာရဲ့သတင်းအချက်အလက်တွေနဲ့ ပတ်သတ်ပြီးတော့ မစုံစမ်းဖို့ ကျွန်မကို သတိပေးထားတယ်...ဒါကြောင့် ကျွန်မတို့က သူ့ကိုသွားတွေ့လို့မရမှာကို ကျွန်မ စိုးရိမ်မိတယ်"
ယွင်ရှန်းချွယ်က သူမ၏ခေါင်းကိုခါယမ်းကာ သူမ၏မျက်နှာပေါ်တွင် စိတ်ပျက်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သူ၏နိမိတ်ဖတ်မှုများ ပို၍တိကျလေလေ သူ၏ခွန်အား ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းလေလေပင်။ ထို့ကြောင့် သူမသည် ယခုလက်ရှိချိန်၌ လုချင်ရှန်း၏သတိပေးမှုကို လိုက်နာရပေမည်။
"သခင်မလေး...ငါတို့ အခုဘာလုပ်ကြမလဲ...ငါတို့က သူတို့ သေသွားမှာကို စောင့်ကြည့်နေရမှာလား"
ယန်မူက မေးမြန်းသည်။
"မိုးကောင်းကင်ဓားဂိုဏ်းက အကြီးအကဲတစ်ယောက်တောင် ချက်ချင်းအသတ်ခံလိုက်ရပြီ...ကျွန်မတို့ ဝင်စွက်ဖက်ရင်တောင် ဘာမှထူးခြားလာမှာမဟုတ်ဘူး...ဒါပေမယ့် ကျွန်မတို့က ဒီသတင်းကို အမြန်ဆုံးဖြန့်ပြီးတော့ လုချင်ရှန်းကို အကြောင်းကြားရမယ်...တကယ်လို့ လုချင်ရှန်းက အဲ့ဒီစီနီယာကို သွားရှာမယ်ဆိုရင် သူတို့အတွက် မျှော်လင့်ချက်အလင်းရောင်ရှိလာနိုင်တယ်"
ယွင်ရှန်းချွယ်က အကြံပြုသည်။
ယန်မူနှင့်ယန်စန်းတို့သည် ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် သူတို့လူစုသည် ချင်ရှန်းဂိုဏ်းထံဦးတည်၍ အလျှင်အမြန်ထွက်ခွာခဲ့တော့သည်။
"နောက်ထပ် အင်အားဖြည့်ဖို့အရင်းအမြစ်တစ်ခု....မဆိုးပါဘူး"
မိုးကောင်းကင်ဓားဂိုဏ်း၏အကြီးအကဲနောက်မှနေ၍ နှင်းလေအိမ်တော်မှအကြီးအကဲတစ်ယောက်သည်လည်း တူညီသောကံကြမ္မာမျိုးကို ကြုံတွေ့လိုက်ရသည်။
"ငါတို့ ဘာလုပ်သင့်လဲ...ငါတို့ အဖြေတစ်ခုရှာဖို့ လိုအပ်တယ်"
"အမှန်ပဲ...ငါ မသေချင်သေးဘူး"
"ငါက ရတနာတွေကိုရှာဖို့ပဲ ဒီနေရာကိုလာခဲ့တာ...ငါ ခြောက်ကပ်နေတဲ့ အလောင်းတစ်လောင်း မဖြစ်ချင်ဘူး"
ကျင်းယု၏ကန့်သတ်နယ်မြေအတွင်းတွင် ပိတ်မိနေသူများ၏စိတ်ချောက်ချားစွာ အော်ဟစ်ငိုယိုနေသံများ ထွက်ပေါ်နေကာ သူတို့၏မျက်နှာများပေါ်တွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
"အမှန်ပဲ...ငါတို့ အတူပူးပေါင်းပြီးတော့ အဖြေတစ်ခုရှာကြရအောင်...မဟုတ်ရင် ငါတို့အားလုံး သေရလိမ့်မယ်"
ချန်ကျင်းခုန်းက စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်၏။
"ဒါက အသုံးမဝင်ဘူး"
သီဝူကျင်း၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်နေကာ သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။
"သူရဲ့ရည်ရွယ်ချက်က အင်ပါယာအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ပဲ...အခုလက်ရှိချိန်မှာ သူ ဘယ်လိုပုံစံနဲ့ တည်ရှိနေတယ်ဆိုတာ ငါတို့မသိပေမယ့် သူ့ရဲ့ခွန်အားက ငါတို့ကိုမဆိုထားနဲ့ သိုင်းသူတော်စင်တွေကြားမှာတောင် ပြိုင်ဘက်ကင်းဖြစ်နေပြီ"
ထိုစကားကိုကြားချိန်တွင် တခြားသူများ၏မျက်နှာအမူအယာများ ပို၍ပင်မျှော်လင့်ချက်ကင်းမဲ့စပြုလာသည်။
"နောက်ထပ်အင်အားဖြည့်ဖို့ အရင်းအမြစ်တစ်ခုကိုယူဖို့ အချိန်ကျပြီ...အခုက ဘယ်သူဖြစ်မလဲ"
ယုဝမ်ကျီး၏ခန္ဓာကိုယ်ကို အပိုင်စီးရင်း ကျင်းယုသည် လက်ရှိနေရာတွင်ရှိနေသည့် ကြွင်းကျန်သောသိုင်းအရှင်များကို ဝေ့ဝိုက်၍ကြည့်လိုက်၏။
နောက်ဆုံး၌ သူ၏အကြည့်သည် ရှုချင်းဟော်ထံသို့ ကျရောက်သွားသည်။
"ရှုချင်းဟော်...နန်ရှားရဲ့လူငယ်မျိုးဆက်သစ်တွေအကြားက အရည်အချင်းအရှိဆုံးသူ....မင်းက ငါ့ကိုစိတ်ပျက်စေမှာမဟုတ်ဘူး"
ရှုချင်းဟော်၏မျက်နှာ သိသိသာသာ ပျက်ယွင်းသွားသော်လည်း ကျင်းယု၏လက်ကို မြှောက်လိုက်သည်နှင့် သူမထံတွင် ခုခံကာကွယ်နိုင်စွမ်းမရှိတော့ဘဲ သူ့ရှေ့သို့ရောက်ရှိသွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် ရှုချင်းဟော်သည် သူမ၏ကျင့်ကြံမှုနှင့်အသက်စွမ်းအားများကို အလျှင်အမြန်ဆုတ်ယုတ်သွားသည်အား သူမ ခံစားမိသည်။
ငါ သေရတော့မှာလား...
သူမ၏မျက်နှာပေါ်တွင် မလိုလားမှုများနှင့် ပြည့်နှက်နေသည်။
"ဒါက မဟုတ်သေးဘူး"
ရုတ်တရက် မယုံကြည်နိုင်စွာအော်ဟစ်လိုက်သံကြီးတစ်သံက ကျင်းယု၏ပါးစပ်မှ ထွက်ပေါ်လာသည်။ သူသည် ရှုချင်းဟော်ကို လွှင့်ပစ်ပြီးနောက် အသေအချာ တွေးတောလိုက်၏။
တစ်ချိန်တည်းမှာပင် ကျင်းယုသည် ယုဝမ်ကျီး၏ခန္ဓာကိုယ်အား အပိုင်စီးနေခြင်းကို ရပ်တန့်လိုက်ကာ ထိတ်ထိတ်ပျာပျာ အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး...မဟုတ်ဘူး...ဒါက မဟုတ်သေးဘူး...ဘာလို့ ဒီလိုဖြစ်ရတာလဲ"
သူသည် အော်ဟစ်ရင်းဖြင့် ရုတ်တရက် တုန်ရီနေသောယုဝမ်ကျီးကို လည်ပင်းမှဆွဲမကာ မေးမြန်းသည်။
"ငါ မင်းကို မေးမယ်...မင်းက ဒီဇီသာတေးသွားကို ရေးစပ်ခဲ့တဲ့လူလား"
"ရွှတ်...ရွှတ်...ရွှတ်..."
ခန္ဓာကိုယ်အပိုင်စီးခြင်းကို ရပ်တန့်ပြီးနောက် ယုဝမ်ကျီးသည် နောက်ဆုံး၌ စကားပြောဆိုနိုင်ခဲ့သည်။ သူ၏မျက်လုံးများအတွင်းမှ မျက်ရည်များယိုစီးကျလာကာ သွေးရူးသွေးတန်းပြောဆိုသည်။
"ကျေးဇူးပြုပြီး ကျွန်တော်ကို အသက်ချမ်းသာပေးပါ...ကျွန်တော်ကို အသက်ချမ်းသာပေးပါ...ကျွန်တော် တောင်းပန်ပါတယ်"
"ငါ မင်းကို မေးနေတာလေ"
ကျင်းယုက သွေးနီရောင်သန်းနေသောမျက်လုံးတစ်စုံဖြင့် အော်ငေါက်လိုက်၏။
"ရွှတ်...ရွှတ်...ဒါက ကျွန်တော် မဟုတ်ပါဘူး..ကျွန်တော် မဟုတ်ပါဘူး...ဒီဇီသာတေးသွားကို ရေးစပ်ခဲ့တဲ့သူက ကျွန်တော် မဟုတ်ဘူး"
သူ၏အသက်ကို ကယ်တင်နိုင်ရန်အတွက် ယုဝမ်ကျီးသည် ထပ်မံ၍ဖုံးကွယ်မထားဝံ့တော့ချေ။ သူက ငိုသံပါကြီးနှင့် အသည်းအသန် တောင်းပန်လိုက်တော့သည်။
"ကျွန်တော်က ဇီသာတေးသွားကို မရေးစပ်ခဲ့ရုံတင်မကဘူး...ကောင်းကင်တံခါးနဲ့မြေကမ္ဘာတံခါးကိုလည်း ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး...အဲ့ဒါတွေက သူ့အလိုလို ပွင့်သွားခဲ့တာ...ပြီးတော့ ကျွန်တော် ဒီနေရာကိုရောက်လာတာ တစ်ယောက်ယောက်က အတင်းဆွဲခေါ်လာလို့ပါ...ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး...ကျေးဇူးပြုပြီး ကျွန်တော်ရဲ့အသက်ကိုချမ်းသာပေးပါ...ရွှတ်...."
ယုဝမ်ကျီးသည် ဗလုံးဗထွေး ဖြစ်နေလေပြီ။ အကြွင်းမဲ့အကြောက်တရားအောက်တွင် သူ့ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များကိုပင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။
"ဘာ...."
"ဒီဇီသာတေးသွားကို သူ ရေးစပ်ခဲ့တာ မဟုတ်ဘူးလား"
"ပြီးတော့ ကောင်းကင်တံခါးနဲ့မြေကမ္ဘာတံခါးကတောင် သူဖွင့်ခဲ့တာ မဟုတ်ဘူးတဲ့လား"
ယုဝမ်ကျီး၏စကားကိုကြားချိန်တွင် လူအများ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအမူအယာများ ထင်ဟပ်လာသည်။
"ငါ အတွေးမှားခဲ့တယ်လို့ ငါ ထင်နေခဲ့တာ...အခုကြည့်ကြည့်တော့မှ သူက အမှိုက်ကောင်ဖြစ်နေတာပဲ"
ဖန်ရှင်းအာက အထင်အမြင်သေးစွာဖြင့် ပြောဆိုသည်။
ဤအချိန်တွင် တခြားသူများကလည်း ယုဝမ်ကျီးကို အထင်အမြင်သေးနေကြလေ၏။
မူလက ကျင်းယုမှခန္ဓာကိုယ်အပိုင်စီးနေချိန်တွင် သူ့အား ထူးခြားသောပါရမီရှင်တစ်ယောက်ဟု တွေးထင်မိသဖြင့် သူတို့အားလုံး အနည်းငယ်စိတ်မကောင်းဖြစ်နေမိသည်။ သို့ရာတွင် သူသည် ဤကဲ့သို့အမှိုက်ကောင်တစ်ကောင်ဖြစ်နေမည်ဟု သူတို့အားလုံး အနည်းငယ်မျှပင် မျှော်လင့်မထားမိချေ။
"ဒါက တကယ့်ကို မင်း မဟုတ်ဘူး"
ကျင်းယုသည် ကြီးမားသောအရှိန်အဝါကိုထုတ်လွှက်ကာ ယုဝမ်ကျီးကိုဖမ်းဆုပ်ပြီး အင်ပါယာအဆင့်ဇီသာစင်ပေါ်သို့ ခြေချကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"သူ့ကိုရှာဖို့ ငါ့ကိုခေါ်သွားပေးစမ်း"
"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ"
ယုဝမ်ကျီးသည် နှာရည်များယိုစီးနေပြီး မျက်ရည်များကျနေကာ မေးခွန်းပြန်မထုတ်ဝံ့သဖြင့် အလျှင်အမြန်သဘောတူညီလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ကျင်းယုသည် အင်ပါယာအဆင့်ဇီသာစင်ပေါ်သို့ခြေချကာ အလွန်ကြီးမားသောအရှိန်အဝါနှင့် ပင်ကျင်းမြို့အတွင်းသို့ ဦးတည်၍ပျံသန်းခဲ့တော့သည်။
သူ ထွက်ခွာသွားပြီနောက် လူအုပ်ကြီးကို ပိတ်ဆို့ထားသောအတားအဆီးသည်လည်း ပျက်ပြယ်သွားတော့သည်။
ဤအချိန်အခိုက်အတန့်တွင် အစွမ်းထက်ကျင့်ကြံသူအမြောက်အများသည် အရူးအမူး ထွက်ပြေးကြလေ၏။
ရှုချင်းဟော်သည် ကျင်းယု ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် သူမသည် ဆေးလုံးတစ်လုံးကိုဝါးမျိုကာ နောက်မှအလျင်စလို လိုက်သွားသည်။
"ငါတို့လည်း သွားကြည့်ကြရအောင်...ငါတို့ ခပ်ခွာခွာနေနေသရွေ့...ဘာမှမဖြစ်လောက်ပါဘူး"
သီဝူကျင်းသည် ချောင်ရှန်းကိုဆုပ်ကိုင်ကာ ပင်ကျင်းမြို့ထံသို့ဦးတည်၍ ပျံသန်းလိုက်သည်။
ဖန်ရှင်းအာသည် အစွမ်းထက်ကျင့်ကြံသူအမြောက်အများ ပြေးထွက်သွားသည်ကိုကြည့်ပြီး ချန်ကျင်းခုန်းနှင့်အကြည့်ချင်းဖလှယ်ကာ နောက်မှလိုက်သွားခဲ့တော့သည်။
Chapter 209
"အကိုကြီး...ဒါတွေကို ဒီနေရာမှာမြှုပ်ထားတာက လုံခြုံပါ့မလား"
ပင်ကျင်းမြို့၏အစွန်အဖျားနေရာတစ်နေရာတွင် အနက်ရောင်ဝတ်ရုံဝတ်အရိုးစုသည် ဂေါ်ပြားတစ်လက်ကိုကိုင်၍ ကျင်းတစ်ကျင်းတူးနေကာ သူ၏နံဘေးတွင် အောင်းချင်ရှိနေသည်။
"ဘာမှစိတ်မပူနဲ့...သာမာန်အတိုင်းဆိုရင် ဒီနေရာကို ဘယ်သူမှရောက်မလာဘူး"
အရိုးစုက အခိုင်အမာယုံကြည်ချက်ရှိစွာ ပြောဆိုသည်။
"ဒါဆိုရင် အခု ငါတို့ချမ်းသာပြီပေါ့...ဟုတ်တယ်မလား"
အောင်းချင်သည် ကျင်းတူးရန်ကူညီပေးနေရင်း မေးမြန်းလိုက်သည်။
"တကယ်ပေါ့...ငါတို့က အရမ်းချမ်းသာကြွယ်ဝနေပြီ...ငါတို့က ပင်ကျင်းမြို့ထဲက မိန်းကလေးတွေအားလုံးကိုတောင် ရနိုင်တယ်"
အရိုးစုက အပြုံးနှင့်ပြောဆိုလိုက်၏။
"တကယ်တော့ အကိုကြီး...ငါ အမြဲတမ်းမေးချင်နေခဲ့တဲ့ မေးခွန်းတစ်ခုရှိတယ်"
အောင်းချင်သည် သူ၏လက်ဝါးဖြင့် သူ့ခေါင်းကိုကုတ်ကာ မေးမြန်းသည်။
"ဘာမေးချင်တာလဲ"
"တကယ်က....အကိုကြီး ရီဟုန်ဆောင်ကြာမြိုင်ကိုသွားတုန်းက ပြဿနာကို ဘယ်လိုဖြေရှင်းလဲဆိုတာ ငါ သိချင်မိတယ်"
"အမြှီးရိုးနဲ့လား"
"ခြေချောင်းရိုးနဲ့လား..."
အနက်ရောင်ဝတ်ရုံဝတ်အရိုးစုသည် ရုတ်တရက် အလုပ်လုပ်ကိုင်နေခြင်းကို ရပ်တန့်လိုက်သည်။
"ချင်..."
သူက အော်ဟစ်လေသည်။
"အမ်..."
"တစ်ယောက်ယောက်ရဲ့အားနည်းချက်ကို ထုတ်ပြောတာက သူတို့ကို မြုံနေတယ်လို့ ပြောတာနဲ့အတူတူပဲဆိုတာ မင်း သိလား"
အနက်ရောင်ဝတ်ရုံဝတ်လူက အလေးအနက်ထားသောလေသံဖြင့် သင်ပြပေးလေသည်။
"ပြီးတော့....မင်းရဲ့အကိုကြီးကို အရှက်မဲ့တဲ့သူလို့ မင်း တကယ်ကြီးထင်နေတာလား...ငါလိုချင်တာက ငါ့ရဲ့နားမှာ မိန်းကလေးတွေဝိုင်းနေတဲ့ခံစားချက်ပဲ...မင်း ဒီလိုခံစားချက်မျိုးကို နားလည်လား"
"ဟုတ်ကဲ့...ငါ ဒါမျိုးကို နားလည်ပါတယ်"
အောင်းချင်သည် သူ၏ခေါင်းကိုကုတ်ကာ နားလည်တစ်ဝက်မလည်တစ်ဝက်နှင့် ခေါင်းညိတ်လိုက်၏။
"ကျင်းကို မြန်မြန်ဆက်တူးကြစို့...နောက်ပိုင်းကျရင် ငါက ဒီခံစားချက်မျိုးကိုရှာဖို့ လိုအပ်တယ်"
အနက်ရောင်ဝတ်ရုံဝတ်အရိုးစုက ပြောဆိုသည်။
"ကောင်းပါပြီ အကိုကြီး"
အရိုးစုနှင့်ခွေးသည် ဆက်လက်၍ ကျင်းတူးနေကြတော့သည်။
"သူ လွတ်သွားတာလား"
လေထုအတွင်း၌ ဖန်ရှင်းအာနှင့်ချန်ကျင်းခုန်းတို့သည် ဓားပျံများကိုစီးနင်း၍ ပျံသန်းနေကြသည်။ သူတို့သည် ပျောက်ကွယ်သွားသော ကျင်းယုကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြ၏။
မည်သို့ပင်ဆိုစေကာမူ ကျင်းယု၏အရှိန်သည် မယုံကြည်နိုင်ဖွယ်ကောင်းအောင် လျှင်မြန်သည်။ လမ်းတလျှောက်၌ သူတို့ ကြုံတွေ့ခဲ့ရသော ကြန့်ကြာမှုများနှင့်အတူ သူတို့သည် ယခုချိန်၌ ကျင်းယု၏အရိပ်အယောင်ကိုပင် မမြင်တွေ့တော့ချေ။
"အောက်မှာ တစ်ယောက်ယောက်ရှိနေတယ်...ကြည့်ရတာတော့ ကျင့်ကြံသူတစ်ယောက်ဖြစ်ပုံပဲ...သူက ဝံပုလွေသားရဲတစ်ကောင်နဲ့အတူရှိနေတယ်...ငါတို့ သူ့ကို မေးသင့်လား"
ချန်ကျင်းခုန်းသည် အောက်သို့ငုံကြည့်ပြီးနောက် အနက်ရောင်ဝတ်ရုံဝတ်အရိုးစုနှင့်အောင်းချင်တို့ကို မြင်တွေ့မိသဖြင့် ဖန်ရှင်းအာကို မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့"
ဖန်ရှင်းအာက ခေါင်းညိတ်ပြကာ သူတို့နှစ်ယောက်သည် အောက်သို့ဆင်းသက်ပြီး သုံးကျန်းခန့်အမြင့်ရှိ လေထုအတွင်း၌ မျောလွင့်နေသည်။
"ဟိတ်...ငါ မင်းကို မေးစရာရှိတယ်...ခုဏက တစ်ယောက်ယောက် ဖြတ်သွားတာကို မင်း မြင်လိုက်လား"
ချန်ကျင်းခုန်းက အမြင့်မှနေ၍ မေးမြန်းလိုက်သည်။
"အကိုကြီး...တစ်ယောက်ယောက်က မင်းကို စကားပြောနေတယ်"
အောင်းချင်က တီးတိုးပြောဆိုလိုက်၏။
"အင်း ..."
အနက်ရောင်ဝတ်ရုံဝတ်အရိုးစုက ခေါင်းညိတ်ပြကာ ဆက်လက်၍ပြောဆိုသည်။
"ချင်...ငါ တွေးနေတာက...သာမာန်ဆိုရင် ငါ ပိုက်ဆံဘယ်လောက်များများ ပြန်သယ်သွားသင့်လဲ"
"အင်း...ဒါက အကိုကြီး လိုအပ်တဲ့ပေါ်မှာ မူတည်တယ်"
အောင်းချင်က ပြောဆိုသည်။
"ငါ လိုအပ်တာ နည်းနည်းတော့များတယ်...ဒါပေမယ့် ငါက တကယ်လို့ ငွေတွေအများကြီး ပြန်သယ်သွားရင် သခင် တွေ့သွားမှာကို စိုးရိမ်မိတယ်"
အနက်ရောင်ဝတ်ရုံဝတ်အရိုးစုက စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုသည်။
"အင်း....ဒါက နည်းနည်းတော့ အခက်တွေ့နိုင်တယ်"
အောင်းချင်သည်လည်း ဤအချိန်အခိုက်အတန့်တွင် အခက်အခဲတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
ဤအစွမ်းထက်ပုံမရသောနှစ်ယောက်သည် စကားစမြည်ပြောဆိုနေကြကာ သူ့အား လုံးလုံးလျားလျား လျစ်လျှူရှုထားသည်ကိုကြည့်ပြီး ချန်ကျင်းခုန်း၏မျက်နှာသုန်မှုန်သွားကာ တင်းမာခက်ထန်စွာ ပြောဆိုလိုက်၏။
"ငါ မင်းတို့နှစ်ယောက်ကို ပြောနေတာလေ...မင်းတို့ မကြားကြဘူးလား"
"ဒါပေမယ့် အကိုကြီး...ငါ တွေးမိတာတော့...မင်းက ရီဟုန်ဆောင်ကြာမြိုင်ကိုသွားပြီးတော့ တစ်လစာကြိုပေးထားလို့ရတယ်လေ...ဒီနည်းလမ်းနဲ့ မင်းက ငွေတွေသယ်သွားစရာ မလိုဘဲနဲ့ ကောင်မလေးတွေဆီကို နေ့တိုင်းသွားလို့ရပြီ"
အောင်းချင်သည် လိမ္မာပါးနပ်သောအကြံတစ်ခုကို ရရှိသွားကာ ပြောဆိုလိုက်၏။
"အိုး...ချင် မင်းက တကယ့်ကို တစ်ခုခုပဲ...ဒါက အကြံကောင်းတစ်ခုပဲ"
အနက်ရောင်ဝတ်ရုံဝတ်အရိုးစု၏ စိတ်ကျေနပ်သွားသောအသံ ထွက်ပေါ်လာသည်။
"ဒါက ဘာမှမဟုတ်ပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့အကိုကြီးဖြစ်တဲ့ မင်းကအရမ်းတော်တဲ့လူလေ...မင်း ဘေးမှာလိုက်နေတဲ့ ငါကဒီလောက်ပြဿနာသေးသေးလေးကို အဖြေမထုတ်နိုင်ဘဲနေမှာလား"
အောင်းချင်သည် ရယ်မောကာ အရှက်မဲ့စွာဖြင့် မြှောက်ပင့်ပြောဆိုသည်။
"အမှန်ပဲ...မင်းပြောတာ မှန်တယ်...အမျိုးတူတဲ့ငှက်တွေတောင်မှ အုံဖွဲ့နေတာ...ထူးချွန်တဲ့လူတွေရဲ့နံဘေးမှာလည်း တခြားထူးချွန်တဲ့သက်ရှိတွေပဲ ဝိုင်းရံနေတယ်"
အနက်ရောင်ဝတ်ရုံဝတ်အရိုးစုက ဂုဏ်ယူဝင်ကြွားစွာဖြင့် တုံ့ပြန်သည်။
သို့ရာတွင်...
သူတို့၏ဘေးတွင်ရှိသော ဓားရှည်ကိုင်ထားသည် ချန်ကျင်းခုန်းထံတွင် ဒေါသများဖြင့် ပြည့်နှက်နေလေပြီ။
ဤနှစ်ယောက်သည် သူတို့၏အဆင့်ကို သူတို့ အမှန်တကယ် မသိကြသလော...
သူတို့သည် သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကိုသာ ပြောဆိုနေကာ သူ့ကိုလုံးလုံးလျားလျားလျစ်လျှူရှုထားသည်။
ဖြစ်နိုင်သည်မှာ သိုင်းအရှင်တစ်ယောက်ဟူသော သူ၏အဆင့်အတန်းသည် ရိုသေလေးစားခံရရန် မထိုက်တန်သလော...
သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သဖြင့် သူ၏အစွမ်းထက်သောအရှိန်အဝါကို ထုတ်လွှတ်ကာ ခပ်ဖျော့ဖျော့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်နေသောအသံဖြင့် လုံးစေ့ပတ်စေ့ပြောဆိုသည်။
"မင်းတို့နှစ်ယောက် သေချင်နေကြတာလား"
"ဘာလဲဟ"
"အမ်..."
"ဒီလူက နည်းနည်းတော့ စိတ်အနှောက်အယှက်ပေးနေတယ်လို့ မင်း မတွေးမိဘူးလား"
အနက်ရောင်ဝတ်ရုံဝတ်အရိုးစုက မေးမြန်းသည်။
"အမှန်ပဲ...နည်းနည်းတော့လွန်နေပြီ"
အောင်းချင်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ...ငါ သူ့ကို မောင်းထုတ်လိုက်မယ်"
အနက်ရောင်ဝတ်ရုံဝတ်အရိုးစုသည် သူ၏ဂေါ်ပြားကို အောက်သို့ချကာ သူ၏လက်များကိုခါပြီး သူ၏အကြည့်ကို ချန်ကျင်းခုန်းထံသို့ ရွှေ့ပြောင်းလေသည်။
ချန်ကျင်းခုန်း၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
မျှော်လင့်ထားသကဲ့သို့ပင်....
လူသားများသည် ရူးသွပ်မိုက်မဲသော သက်ရှိများပင်။
အကယ်၍ သူသည် သူတို့အား တစ်စုံတစ်ခုကိုပြသခြင်းမရှိပါက သူ့အား အလေးအနက်ထားမည်မဟုတ်ချေ။ ယခုချိန်၌ သူ၏သိုင်းအရှင်အဆင့်အရှိန်အဝါကို ထုတ်ဖော်လိုက်သည်နှင့် သူတို့သည် နာခံရို့ကျိုးစွာဖြင့် နားထောင်လာကြသည်မဟုတ်လော။
သို့ရာတွင် သူ စကားပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင်....
အဖြူရောင်လက်သီးတစ်ချက်က အနက်ရောင်ဝတ်ရုံ၏အောက်မှ ထွက်ပေါ်လာသည်။
"သောက်ရမ်း စကားများလွန်းတယ်"
ထိုစကားနှင့်အတူ ချန်ကျင်းခုန်းသည် ထိုးနှက်ခံရကာ ပင်ကျင်းမြို့အတွင်းသို့ လွင့်ထွက်သွားတော့သည်။
"နင်တို့...."
ထိုမြင်ကွင်းကိုကြည့်ပြီး ဖန်ရှင်းအာ၏မျက်နှာ ဖြူရော်သွားသည်။ သို့ရာတွင် အနက်ရောင်ဝတ်ရုံ၏စိတ်အာရုံသည် သူမထံသို့ ရောက်ရှိလာသဖြင့် ထိတ်လန့်ကြောက်ရွံမှုကို ခံစားမိလေ၏။
"မင်းလည်း အတူတူပဲ"
"ထွက်သွားစမ်း"
နောက်ထပ်လက်သီးတစ်ချက်နှင့်အတူ ဖန်ရှင်းအာသည်လည်း ချန်ကျင်းခုန်း၏ခြေရာအတိုင်း လိုက်ပါသွားရတော့သည်။
"အကိုကြီး...ဒီနေရာကို ဘယ်သူမှမလာဘူးလို့ မင်း ပြောခဲ့တယ်လေ..ခု လွင့်ထွက်သွားတဲ့နှစ်ယောက်က သက်သေတွေမဟုတ်လား"
အောင်းချင်က ပြောဆိုသည်။
"ဒီနေရာမှာ ငွေတွေဝှက်ထားရင် လုံခြုံမှာမဟုတ်ဘူး"
"မင်းပြောတာ မှန်တယ်"
အနက်ရောင်ဝတ်ရုံဝတ်အရိုးစုသည် ရုတ်တရက် နားလည်သဘောပေါက်သွားလေ၏။
"ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ"
"ငါက သိုင်းပညာခန်းမရဲ့နောက်မှာ ကျင်းတစ်ကျင်းတွေ့ထားတယ်...အဲ့ဒီနေရာမှာ သွားမြှုပ်ကြရအောင်"
အောင်းချင်က အကြံပေးသည်။
"တစ်ခါတလေမှာ အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးပဲ"
"အရမ်းဥာဏ်ကောင်းတာပဲ...သွားကြစို့"
သူတို့နှစ်ယောက်သည် ငွေအိတ်များကိုသယ်ဆောင်ကာ သိုင်းပညာခန်းမထံသို့ တိတ်တဆိတ် ပြန်ခဲ့ကြတော့သည်။
ခန်းမအတွင်း၌ ရီဖုန်းနှင့်လုချင်ရှန်းတို့သည် မျက်နှာချင်းဆိုင်ထိုင်ကာ တရုတ်ကျားကစားနေကြသည်။
"မင်း ရှုံးသွားပြီ"
ရီဖုန်းသည် အဖြူရောင်ကျားစေ့တစ်စေ့ကို အောက်သို့ချပြီးနောက် သူ၏မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုရသွားသောအပြုံးမျိုး ထင်ဟပ်လာသည်။
"ဆရာကြီးက တကယ့်ကို ထူးချွန်တဲ့လူပါ...ငါ ထပ်ပြီးရှုံးသွားပြန်ပြီ"
လုချင်ရှန်းက ရှက်ရွံမှုများပြည့်နေသောမျက်နှာနှင့် ပြောဆိုလေ၏။
"မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့....ဘယ်လိုပဲဖြစ်ဖြစ် မင်းက ခုမှစကစားတဲ့သူလေ"
ရီဖုန်းက ပြုံးလိုက်သည်။ စစ်တုရင်ကစားနည်း၌ သူ၏စွမ်းရည်တိုးတက်လာစေရန်အလို့ငှာ တူညီသောကစားနည်းကို အစဥ်အမြဲ သူ ကစားနေ၍မရချေ။ ထို့ကြောင့် စစ်တုရင်ကစားပြီးနောက် သူ တရုတ်ကျားကစားနည်းသို့ ပြောင်းရွှေ့ကစားလိုက်၏။
သို့ရာတွင် အတွေ့အကြုံမရှိသော လုချင်ရှန်းနှင့်ကစားရသည်မှာ သူ့အတွက် စိတ်ဝင်စားဖွယ်မရှိချေ။ ထို့ကြောင့် သူသည် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းကာ လက်စမသတ်ရသေးသော သစ်သားပန်းပုရုပ်တစ်ခုကို ထုတ်ယူလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ အောင်မြင်ပြီးမြောက်ရန်အတွက် တခြားတာဝန်များရှိနေသေးသဖြင့် သူ၏အားလပ်ချိန်များတွင် ကျားကစားခြင်းအပြင် သူ၏ပန်းပုစွမ်းရည်ကိုလည်း မြှင့်တင်ခဲ့သည်။
ဤအချိန်အတောအတွင်းတွင် သူ၏ပန်းပုစွမ်းရည်သည် ယခုချိန်ထိတိုင် ပြီးပြည့်စုံခြင်းမရှိသေးသော်လည်း မြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
"ဆရာကြီး...ပင်ကျင်းမြို့ပြင်မှာဖြစ်သွားတဲ့ ကိစ္စတွေအကြောင်းကို ကြားပြီးပြီလား"
လုချင်ရှန်းက မေးမြန်းသည်။
ထို့နောက် လုချင်ရှန်းသည် နံဘေးတစ်ဖက်၌ထိုင်ကာ နူးညံညင်သာစွာ ပြောဆိုလိုက်၏။
"သင်္ချိုင်းဂူနဲ့ပတ်သတ်ပြီးတော့ မင်း ပြောတာအမှန်ပဲ...ပစ္စည်းကောင်းတွေအားလုံးကို တခြားသူတွေက ယူသွားပြီ....ပြီးတော့ အဲ့ဒီသင်္ချိုင်းဂူကလည်း တကယ်တော့ လှည့်စားမှုတစ်ခုပဲ...ကျင်းယုက အမွေခံကို ရှာနေတာမဟုတ်ဘူး...သူက ခန္ဓာကိုယ်အပိုင်စီးဖို့အတွက် တစ်ယောက်ယောက်ကို ရှာနေတာ...အခု အဲ့ဒီနေရာမှာ ကျင့်ကြံသူတွေအများကြီး ချောင်ပိတ်မိနေပြီ"
"လူအိုကြီး...မင်း ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဘာမှစိုးရိမ်ပူပန်နေစရာမလိုဘူး...မင်း သိထားရမှာက အကောင်းက အဆိုးကို အမြဲတမ်းနိုင်တယ်ဆိုတာပဲ....တစ်ယောက်ယောက်က ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်နေပါစေ....တခြားသူတွေအတွက် တရားမျှတမှုကိုဆောင်ကျဥ်းပေးမယ့်သူက အမြဲတမ်းရှိနေလိမ့်မယ်...ဒါက ဒီနေ့လည်းဖြစ်နိုင်တယ်...မနက်ဖြန်လည်း ဖြစ်နိုင်တယ်"
လုချင်ရှန်း၏မျက်စိသူငယ်အိမ် ကျဥ်းမြောင်းသွားကာ ရီဖုန်း၏စကားလုံးများတွင် နက်ရှိုင်းသောအဓိပ္ပါယ်များ ရောယှက်နေသည်ဟု သူ ခံစားမိလေ၏။
ဖြစ်နိုင်သည်မှာ....
ဆရာကြီးကိုယ်တိုင်ထွက်၍ လှုပ်ရှားတော့မည်လော....
သူသည် ပန်းပုထုရာတွင် အာရုံစူးစိုက်နေဆဲဖြစ်သောရီဖုန်းကို စူးစိုက်၍ကြည့်လိုက်၏။
မကြာမီမှာပင် ရီဖုန်းသည် အတိတ်ဘဝမှ 'ကန္တရလင်းယုန်'ခြောက်လုံးပြူး၏ပုံတူကို အနုစိတ်ကျကျထွင်းထုပြီးကာ ထိုအရာကိုကြည့်ရသည်မှာ မယုံကြည်ဖွယ်ကောင်းအောင် အသက်ဝင်လှသည်။
ထိုအရာကို သူ၏လက်ဖြင့်လှည့်ပတ်ကြည့်ပြီးနောက် သူ အလွန်စိတ်ကျေနပ်သွားသည်။
သို့ရာတွင် သူ၏အကြည့်သည် စားပွဲပေါ်ရှိ ကြေမွှနေသောစာရွက်ပေါ်သို့ ကျရောက်သွားချိန်တွင် သူ မျက်မှောင်ကြုတ်လိုက်သည်။
သူ့ထံတွင် ကျားခုံမရှိသဖြင့် ဤစက္ကူပေါ်တွင်ရေးခြစ်ကာ ယာယီကျားခုံအဖြစ် အသုံးပြုခဲ့ရလေ၏။ သို့ရာတွင် ကစားပွဲအနည်းငယ်ခန့်ကစားပြီးနောက် ထိုစာရွက်သည် ကြေမွှသွားလေပြီ။
"လူအိုကြီး...မင်းက ပင်ကျင်းမြို့ကို ငါ့ထက်ပိုပြီးတော့ ရင်းနှီးကျွမ်းဝင်တယ်...တကယ်လို့ မင်း ကောင်းမွန်တဲ့ သစ်သားစားပွဲတစ်ခု ဒါမှမဟုတ် ကျောက်စားပွဲတစ်ခုကိုတွေ့ရင် ငါ့အတွက် တစ်လုံးလောက်ယူလာစမ်းပါ"
ရီဖုန်းက သူ၏ဘေးမှဖြတ်သွားသော လုချင်ရှန်းကိုကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။
"ဆရာကြီးက အဲ့ဒီဟာကို ဘာအတွက်လိုအပ်တာလဲ"
လုချင်ရှန်းက ပျာပျာသလဲ မေးမြန်းလိုက်သည်။
"အော်....ငါက ကျားခုံတစ်ခုံ ထွင်းချင်လို့ပဲ...စက္ကူကို အစားထိုးအနေနဲ့ ဆက်ပြီးသုံးနေတာက လက်တွေ့မကျဘူးလေ"
ရီဖုန်းက ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်၏။
"ကျားခုံတစ်ခုံလား"
လုချင်ရှန်းသည် အံ့အားသင့်သွားကာ အနည်းငယ်ဦးနှောက်ခြောက်သွားသည်။
မည်သို့ပင်ဆိုစေကာမူ ဆရာကြီးသည် သူတော်စင်အဆင့်ဖြစ်သော မီးဖိုချောင်သုံးဓား ပေါက်ပြား တူရွင်းများကို အသုံးပြုလေရာ ကျားခုံသည် ပို၍ပင် အရေးကြီးသောပစ္စည်းတစ်ခုပင်။ ထို့ကြောင့် ထိုကျားခုံသည် အနိမ့်ဆုံးအနေဖြင့် သူတော်စင်အဆင့်ပစ္စည်း သို့မဟုတ် ထို့ထက်မြင့်သောအဆင့်တွင် ရှိနေရပေမည်။
သူ လုရှင်ရှန်းကဲ့သို့တစ်စုံတစ်ယောက်သည် ထိုကဲ့သို့အရာမျိုးကို မည်သည့်နေရာ၌ သွားရောက်ရှာဖွေရမည်နည်း။
ထို့ကြောင့် သူက မဝံ့မရဲဖြင့် ပြောဆိုလိုက်သည်။
"ဆရာကြီး...ဒီလိုပစ္စည်းတစ်ခုကို ရှာဖို့ဆိုတာ မလွယ်လောက်ဘူး"
"အလျင်မလိုဘူး...ငါတို့ နောက်ဆုံးကျရင် တစ်ခုကို ရှာတွေ့လာလိမ့်မယ်"
ရီဖုန်းက အပြုံးနှင့်ပြောဆိုလေ၏။
"ငါတို့က နောက်ဆုံးကျရင် တစ်ခုကိုရှာတွေ့နိုင်မှာလား"
လုချင်ရှန်းက သူ၏ခေါင်းကိုကုတ်ကာ ရီဖုန်း၏စကားနောက်ကွယ်တွင် နက်နဲသိမ်မွေ့သောအဓိပ္ပါယ်များရှိနေသည်ကို သူ ခံစားမိလေ၏။ သို့ရာတွင် သူ၏ဥာဏ်တိမ်မှုကြောင့် ထိုအရာကို သူ အတိအကျမဖော်ထုတ်နိုင်ချေ။
****note...go game...အဖြူအမည်း ကျားစေ့လေးတွေနဲ့ကစားတာမလို့ တရုတ်ကျားကစားနည်းလို့ပဲ ဘာသာပြန်လိုက်ပါတယ်****
Chapter 210
ကျင်းယုသည် အင်ပါယာအဆင့်ဇီသာစင်ပေါ်သို့ခြေချကာ အလွန်ကြီးမားသောအရှိန်အဝါနှင့် ပင်ကျင်းမြို့၏အထက်ကောင်းကင်ယံကို ဖြတ်သန်းသွားနေခဲ့သည်။
ဤအရှိန်အဝါသည် အလွန်အံ့အားသင့်ဖွယ်ကောင်းပြီး ပင်ကျင်းမြို့တစ်မြို့လုံးအနှံ့ လေပြင်းများဝှေ့ယမ်းတိုက်ခတ်ကာ တိမ်တိုက်များ ရွေ့လျားသွားစေသည်။
ဤသည်မှာ ပင်ကျင်းမြို့သူမြို့သားများအကြားတွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားစေကာ တစ်ယောက်ချင်းစီသည် သူတို့၏နေအိမ်များသို့ အလျှင်အမြန်ပြန်ပြေးကာ အိမ်တံခါးများကို ပိတ်လိုက်ကြ၏။
"မြန်မြန် ငါ့ကိုပြောစမ်း...အဲ့ဒီလူက ဘယ်မှာနေတာလဲ"
ကျင်းယုသည် ယုဝမ်ကျီးကို ဆုပ်ကိုင်ကာ ပြင်းထန်စွာ အော်ငေါက်လိုက်သည်။
"အဲ့ဒီနေရာ...အဲ့ဒီနေရာပါ...သူက အဲ့ဒီသိုင်းပညာခန်းမထဲမှာ ရှိပါတယ်"
ယုဝမ်ကျီးသည် ငိုရှိုက်ရင်းဖြင့် အော်ဟစ်ပြောဆိုသည်။
ကျင်းယု၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူ၏တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါနှင့်အတူ ရှေ့သို့တဟုန်ထိုး ပျံသန်းလိုက်၏။ အလွန်လျှင်မြန်စွာဖြင့် သူ၏မြင်ကွင်းအတွင်းသို့ ယုဝမ်ကျီးညွှန်ပြသော သိုင်းပညာခန်းမ ထွက်ပေါ်လာသည်။
မလှမ်းမကမ်းတစ်နေရာ၌ ကျင်းယု၏အရှိန်အဝါနောက်မှလိုက်လာသော ရှုချင်းဟော် ချောင်ရှန်း သီဝူကျင်းနှင့်တခြားလူများရှိနေသည်။ သူတို့သည်လည်း ကျင်းယု တဟုန်ထိုးအပြေးသွားနေသော သိုင်းပညာခန်းမကို မြင်တွေ့မိလေ၏။
သို့ရာတွင် သူတို့သည် အနီးသို့မချဥ်းကပ်ဝံ့သဖြင့် အဝေး၌သာ နေနေကြရသည်။
"အဲ့ဒီဇီသာတေးသွားကို ရေးစပ်ခဲ့တဲ့သူက ဒီသိုင်းပညာခန်းမကပဲဖြစ်မယ်"
ချောင်ရှန်းက ကူကယ်ရာမဲ့စွာ ပြောဆိုသည်။
"ဒါပေမယ့် ကျင်းယု လုပ်ချင်တဲ့အရာ အတိအကျက ဘာဖြစ်နိုင်လဲ"
"သူက အဲ့ဒီတေးသွားရေးစပ်သူရဲ့ခန္ဓာကိုယ်ကို အပိုင်စီးချင်နေတာပဲ"
သီဝူကျင်းက ရှင်းပြလေ၏။
"ဒါပေမယ့် သူက ဘာလို့ အဲ့ဒီတေးသွားရေးစပ်သူရဲ့ခန္ဓာကိုယ်ကို အပိုင်စီးချင်နေတာလဲ"
ချောင်ရှန်းက ထပ်မံ၍မေးမြန်းသည်။
"ဘာလို့လဲဆိုတော့ ဇီသာကိုအသုံးပြုတဲ့ကျင့်ကြံသူတွေက သမားရိုးကျကျင့်ကြံနည်းစနစ်တွေနဲ့ မတူညီတဲ့နည်းစနစ်တွေကို ကျင့်ကြံကြလို့ပဲ"
ရှုချင်းဟော်က ဆက်လက်၍ ရှင်းပြသည်။
"ပြီးတော့ ဒီလိုတေးသွားတွေကို ရေးစပ်နိုင်တဲ့သူတွေမှာ ယေဘုယျအားဖြင့်တော ထူးခြားတဲ့ ရေးစပ်သီကုံးနိုင်မှု ပါရမီရှိတယ်...ဒီလိုပါရမီမျိုးက ငါတို့အတွက် သာမာန်ကျင့်ကြံခြင်းပါရမီထက် ပိုပြီးအရေးကြီးတယ်...ခန္ဓာကိုယ်ကိုအပိုင်စီးပြီးတာနဲ့ အဲ့ဒီလူက ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ပါရမီတွေကို အမွေဆက်ခံနိုင်လိမ့်မယ်"
"ဒီတေးသွားရေးစပ်သူက အရမ်းသနားဖို့ကောင်းတာပဲ..."
ထိုသို့ပြောဆိုပြီးနောက် ရှုချင်းဟော်သည် မျက်မှောင်ကြုတ်ကာ သိုင်းပညာခန်းမငယ်လေးထံသို့ ကြည့်လိုက်၏။ သူမထံတွင် အမူမဲ့အမှတ်မဲ့ဖြင့် ကြေကွဲဝမ်းနည်းသောအမူအယာမျိုး ထင်ဟပ်လာသည်။
"ငါ သိပြီ"
ချောင်ရှန်းသည် နားလည်သဘောပေါက်သွားကာ ခေါင်းညိတ်ပြလေသည်။
ဤအချိန်တွင် ကျင်းယုသည် သိုင်းပညာခန်းမအနီးသို့ ရောက်ရှိနေလေပြီ။
"ဒီနေရာမှာပါ...ဒီနေရာ အမှန်ပါပဲ...စီနီယာ...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကိုလွှတ်ပေးပါ....ကျွန်တော်က အသုံးမကျတဲ့အမှိုက်ကောင်တစ်ကောင်ပါ....ဒါက ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး"
ယုဝမ်ကျီးက ကျယ်လောင်စွာ အော်ဟစ်ငိုယိုလိုက်၏။
ထိုစကားကိုကြားချိန်တွင် ကျင်းယု၏အကြည့်သည် ရှေ့ရှိသိုင်းပညာခန်းမပေါ်သို့ စူးစိုက်၍ ကျရောက်နေကာ သူ၏အရှိန်အဝါ အဆုံးစွန်ဆုံးပြင်းထန်မှုအဆင့်ထိ ရောက်ရှိလာသည်။ သူ၏ကျင့်ကြံဆင့်နယ်ပယ်မှ လွှမ်းမိုးမှုအောက်တွင် မိုးကောင်းကင်ယံအတွင်း၌ လေများထန်လာပြီး တိမ်မည်းများရစ်သိုင်းလာသည်။
"ဘုန်း..."
မိုးခြိမ်းသံတစ်သံနှင့်အတူ မိုးကောင်းကင်ယံအတွင်းမှနေ၍ သည်းထန်သောမိုးများ စတင်၍ရွာသွန်းလာတော့သည်။
ကျင်းယု၏မျက်လုံးအတွင်း၌ အလင်းတန်းများဖြာထွက်နေကာ နောက်ဆုံး၌ သူသည် သိုင်းပညာခန်းမထံဦးတည်၍ တဟုန်ထိုးပြေးဝင်လိုက်၏။
"ဒါက ဘာလဲ"
ရီဖုန်းနှင့်စကားစမြည်ပြောဆိုနေသော လုချင်ရှန်း၏မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားသည်။ အကြောင်းအရင်းမှာ သူသည် သိုင်းပညာခန်းမထံသို့ ဦးတည်လာသည့် အလွန်အမင်းအစွမ်းထက်သော အရှိန်အဝါတစ်ရပ်ကို အာရုံခံမိသောကြောင့်ပင်။
ဤအရှိန်အဝါတွင် ဆိုးညစ်သောရည်ရွယ်ချက်မျိုး ရောယှက်နေသည်မှာ သိသာထင်ရှားသည်။
သူ မတ်တတ်ထရပ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ကန္တရလင်းယုန်ခြောက်လုံးပြူးရုပ်ထုကို လက်ဖြင့်ကိုင်၍ ဟိုကလိသည်ကလိလုပ်နေသော ရီဖုန်းသည် မတ်တတ်ထရပ်ကာ သာမာန်ကာလျှံကာလေသံဖြင့် ပြောဆိုသည်။
"ဘာတွေ ပျာယာခတ်နေတာလဲ...တကယ်လို့ အခုချိန်မှာ မင်း အပြင်ကိုထွက်သွားရင်လည်း အသုံးဝင်မှာမလို့လား"
"ဆရာကြီး..."
လုချင်ရှန်းက မျက်လုံးအပြူးသားဖြင့် စူးစိုက်၍ကြည့်လေသည်။
ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ဤလူအိုကြီးသည် တကယ့်ကို....
ယခုကဲ့သို့ မိုးရွာသွန်းနေချိန်၌ သူသည် အပြင်ထွက်ရန် တွေးတောနေသေးသလော။ ဤသည်မှာ ချေးပါပြီးမှ သူ၏ဘောင်းဘီကိုဆွဲချွတ်ချလိုက်သည်နှင့် တူညီနေပေမည်။
ရီဖုန်းသည် မျက်လုံးလှန်ကြည့်ပြီးနောက် လုချင်ရှန်းကို လျစ်လျှူရှုကာ သူ ထွင်းထုထားသော ကန္တရလင်းယုန်ခြောက်လုံးပြူးရုပ်ထုဖြင့် ဆက်လက်၍ဆော့ကစားနေတော့သည်။
ရီဖုန်း၏အမှုမထားသည့်အမူအယာကို မြင်တွေ့ချိန်တွင် လုချင်ရှန်းသည် လေးစားကြည်ညိုမှုကို ခံစားမိလေ၏။
ဆရာကြီးသည် မျှော်လင့်ထားသကဲ့သို့ပင်။ ပြင်ပ၌ အစွမ်းထက်သော ရန်သူတစ်ယောက်မှ လာရောက်တိုက်ခိုက်နေသည့်တိုင် သူသည် အလွန်တည်ငြိမ်နေဆဲပင်။
သို့ရာတွင် တွေးတောကြည့်ပါက ဆရာကြီးသည် သူ့ကဲ့သို့ အသုံးမကျသောသိုင်းဘုရင်တစ်ယောက်ကိုပင် သိုင်းအရှင်တစ်ဝက်အဆင့်ထိ မြှင့်တင်ပေးနိုင်သူဖြစ်သည်။ မည်သည်ကြောင့် ဆရာကြီးသည် ဤကဲ့သို့ရန်သူတစ်ယောက်ကို ထိတ်လန့်ကြောက်ရွံနေမည်နည်း။
ယခုချိန်၌ သူသည် ကိစ္စများအပေါ် အတွေးလွန်သွားခဲ့ပုံရသည်။
ဆရာကြီး ပြောသွားသကဲ့သို့ပင် သူ၏လက်ရှိအရည်အချင်းဖြင့် ပြင်ပသို့ထွက်သွားပါကလည်း အနည်းငယ်မျှ အသုံးဝင်မည်မဟုတ်ချေ။
ဆရာကြီးသည် ယခုရောက်ရှိလာသောရန်သူကို မည်ကဲ့သို့ရင်ဆိုင်ရန် စီစဥ်ထားသည်အား သူ သိချင်မိသည်။
ဤသည်မှာ ဆရာကြီး လှုပ်ရှားသည်ကို သူ ပထမဆုံးမြင်တွေ့ရသည့်အကြိမ် ဖြစ်ပေလိမ့်မည်။
သူ ထိုကိစ္စကိုကြည့်ရန် အမှန်တကယ်ကို မျှော်လင့်နေမိလေ၏။
ကျင်းယုသည် သိုင်းပညာခန်းမ၏တံခါးဝထံသို့ ရောက်ရှိလာသည်။ သူ၏မျက်လုံးအတွင်းမှ အလောသုံးဆယ်ဖြစ်နေမှုများမှတဆင့် သူသည် အချိန်မဖြုန်းဘဲ သိုင်းပညာခန်းမအတွင်းသို့ တန်းတန်းမတ်မတ်ဝင်ရောက်ရန် ရည်ရွယ်ထားသည်မှာ သိသာထင်ရှားသည်။
သို့ရာတွင်...
အရေးကြီးအချိန်အခိုက်အတန့်တွင် သိုင်းပညာခန်းမ၏နံဘေးပတ်လည်၌ အစွမ်းထက်သောအရှိန်အဝါများ ထွက်ပေါ်လာသည်။
"ရပ်လိုက်စမ်း...သိုင်းပညာခန်းမထဲကို ကျူးကျော်ဝင်လာဝံ့တဲ့ ဘယ်သူမဆို သေရမယ်"
သူတို့သည် မြေရိုင်းအတွင်း၌ အလုပ်လုပ်ကိုင်နေသော ဝူယုံဟုန်တို့လူစုမှတပါး တခြားသူများမဟုတ်ချေ။ သူတို့သည် သိုင်းအရှင်အဆင့်အရှိန်အဝါများကို အတားအဆီးမဲ့စွာ ထုတ်လွှက်လိုက်ကြပြီး ကျင်းယု၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားကာ သတိပေးသည့်အနေဖြင့် အော်ဟစ်လိုက်၏။
"ဘာလဲ...သိုင်းအရှင်သုံးယောက်လား"
အဝေး၌ရှိနေသော ရှုချင်းဟော်နှင့်တခြားသူများ၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ဘယ်လိုလုပ်ပြီးတော့ ပင်ကျင်းလိုမြို့ငယ်လေးမှာ ရုတ်တရက်ကြီး သိုင်းအရှင်သုံးယောက် ထွက်ပေါ်လာတာလဲ"
ချောင်ရှန်းက ပင့်သက်ရှိုက်လိုက်သည်။
"ပြီးတော့ ငါတို့ သင်္ချိုင်းဂူမှာရှိနေတုန်းက သူတို့ကို မတွေ့မိပါဘူး"
"ဒါကအမှန်ပဲ...ပိုပြီးထိတ်လန့်တုန်လှုပ်ဖို့ကောင်းတာက သူတို့တစ်ယောက်ချင်းစီက သူတော်စင်အဆင့် ပစ္စည်းတွေကို ကိုင်ထားကြတာပဲ"
သီဝူကျင်းက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။
"သူတို့ရဲ့အမူအယာတွေအရကြည့်ရင်...သူတို့ကိုကြည့်ရတာ ဒီသိုင်းပညာခန်းမကို ကာကွယ်နေပုံပဲ"
ရှုချင်းဟော်က ပြောဆိုသည်။
"ဒီသိုင်းပညာခန်းမက ရိုးရှင်းတဲ့နေရာတစ်ခု ဟုတ်ပုံမရဘူး"
"အမှန်ပဲ...ကံဆိုးချင်တော့ ကျင်းယုနဲ့ရင်ဆိုင်ရတဲ့ချိန်မှာ သိုင်းအရှင်သုံးယောက်ဆိုတာကလည်း သာမာန်လူတွေနဲ့ ဘာကွဲပြားခြားနားမှုမှရှိမှာမဟုတ်ဘူး"
သီဝူကျင်းက ညည်းတွားလိုက်သည်။
သိုင်းအရှင်သုံးယောက်၏ ရုတ်တရက်ထွက်ပေါ်လာမှုကိုကြည့်ပြီး ကျင်းယု၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားသည်။
"ဟမ့်...မင်းတို့လိုအမှိုက်ကောင်သုံးကောင်က ဘယ်လိုသတ္တိနဲ့ ငါ့ရဲ့လမ်းကြောင်းကို ဟန့်တားဝံ့တာလဲ....ထွက်သွားစမ်း"
ကျင်းယုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ဝူယုံဟုန်တို့လူစု၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာပြီး နောက်သို့လွင့်ထွက်သွားတော့သည်။
သို့ရာတွင် ကျင်းယုအံ့အားသင့်သွားသည်မှာ နောက်သို့လွင့်ထွက်သွားပြီးနောက် ထိုလူသုံးယောက်သည် တဖန်ပြန်၍ ပျံသန်းလာကာ သူ၏လမ်းကြောင်းကို ထပ်မံပြီးပိတ်ဆို့ဟန့်တားလိုက်သောကြောင့်ပင်။
"သေချင်နေကြတာလား"
ကျင်းယု၏သိုင်းအင်ပါယာအဆင့်သို့ ရောက်လုဆဲဆဲအရှိန်အဝါ ပွင့်အံ့ထွက်လာကာ ဝူယုံဟုန်တို့လူစုထံဦးတည်၍ သူက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်၏။
ထိုလက်ဝါးရိုက်ချက်၏အောက်တွင် ဝူယုံဟုန်တို့လူစုသည် သူတို့၏စိတ်ဝိညာဥ်များ တုန်ရီသွားခြင်းကို ခံစားမိသည်။ တိုက်ခိုက်မှုကျရောက်မလာမီ ဖိအားသက်သက်ဖြင့်ပင် သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာစေသည်။
အမှန်အားဖြင့် သူတို့သည် တစ်ဖက်ရန်သူ၏ပြိုင်ဘက် မဖြစ်နိုင်သည်ကို သိရှိထားသော်လည်း သိုင်းပညာခန်းမရှေ့၌ မလှုပ်မယှက်မတ်တတ်ရပ်၍ စောင့်ကြပ်နေကာ သူတို့၏မျက်လုံးများသည် ဆုံးဖြတ်ချက်ခိုင်မာခြင်းများနှင့် တောက်ပနေပေ၏။
ဤကဲ့သို့ ကျဥ်းထဲကျပ်ထဲအချိန်အခိုက်အတန့်တွင် မိလ္လာပုံးနှစ်ပုံးသည် မိုးကောင်းကင်ယံအတွင်းမှကျဆင်းလာကာ ကျင်းယုကို မစင်မိုးများ ချက်ချင်းလွှမ်းခြုံသွားတော့သည်။
ကျင်းယု၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားကာ အချိန်တခဏခန့် တွေဝေတုံ့ဆိုင်းပြီးနောက် သူ၏လက်ဝါးရိုက်ချက်ကို ပြန်ရုတ်သိမ်းကာ မစင်များကိုရှောင်တိမ်းရန်အတွက် နောက်သို့ဆုတ်လိုက်သည်။
ဤသည်မှာ ဝူယုံဟုန်တို့လူစု၏အသက်များကို ကယ်တင်လိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် လုသရှန်းသည် ပြေးလာကာ ဝူယုံဟုန်တို့လူစုနှင့် ဘေးချင်းယှဥ်ပြီး မတ်တတ်ရပ်လေသည်။
"မိလ္လာသယ်ဆောင်သူကို ကျေးဇူးတင်ပါတယ်"
ဝူယုံဟုန်တို့လူစုသည် ကျေးဇူးတင်စွာဖြင့် လုသရှန်းကို ကြည့်လိုက်ကြ၏။
လုသရှန်းက ခေါင်းညိတ်ပြလိုက်သည်။ ယခုချိန်၌ သူတို့လေးယောက်သည် ဤသိုင်းပညာခန်းမကို စွဲမြဲခိုင်မာစွာ ခုခံကာကွယ်ရန်အတွက် ပခုံးချင်းယှဥ်၍ မတ်တတ်ရပ်နေကြသည်။
"နောက်ထပ် သိုင်းအရှင်တစ်ယောက်ပါလား"
အဝေးတစ်နေရာရှိ ရှုချင်းဟော်နှင့်တခြားသူများ၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်သော မျက်နှာအမူအယာများ တဖန်ထပ်၍ ထင်ဟပ်လာသည်။
"တကယ့်ကိုပဲ...ဒီသိုင်းပညာခန်းမက ငါတို့တွေးထင်ထားသလောက် မရိုးရှင်းဘူး...ငါတို့အဓိကအင်အားစုကြီးနှစ်စုကတောင် ဒီနေရာကို ပေါ့ပေါ့တန်တန် ရန်စဝံ့မှာမဟုတ်ဘူး..ဒါပေမယ့် ကျင်းယုနဲ့ရင်ဆိုင်ရတဲ့အချိန်မှာတော့...."
သီဝူကျင်းက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေသည်။
ကျင်းယုသည် သိုင်းအင်ပါယာဖြစ်လာရန် ခြေတစ်လှမ်းအကွာသာ လိုတော့သဖြင့် သိုင်းအရှင်အရေအတွက် မည်မျှပင်ရှိနေပါစေ အသုံးဝင်မည်မဟုတ်ချေ။
"ပုရွက်ဆိတ်တွေကများ....ငါ့ရဲ့လမ်းကြောင်းကို ဟန့်တားဝံ့တယ်...သေကြစမ်း.."
ကျင်းယုသည် ဝူယုံယုန်တို့လေးယောက်ကြောင့် လုံးလုံးလျားလျား ဒေါသူပုန်ထသွားသည်။ သူသည် လက်ညှိုးတစ်ချက်ညွှန်လိုက်ရာ အဆုံးအစမဲ့သောပုံရိပ်များ ထွက်ပေါ်လာပြီး တိုင်လုံးကြီးများအလား မိုးကောင်းကင်ယံအတွင်းသို့ ထိုးတက်သွားကာ ဝူယုံဟုန်တို့လေးယောက်ထံသို့ အညှာအတာကင်းမဲ့စွာဖြင့် ကျရောက်သွားလေ၏။
ထိုလက်ချောင်းအောက်တွင် သူတို့၏ဦးရေပြားများတင်းကြပ်လာကာ သူတို့၏မူလစွမ်းအင်များကို ဖိနှိပ်ခံထားရသည့်အလား ခံစားနေရကာ သူတို့သည် သေဆုံးရန်ကိုသာ စောင့်ဆိုင်းနေရတော့သည်။
"ဒီလောက်တောင် အစွမ်းထက်တဲ့ တိုက်ခိုက်မှုမျိုး...."
အဝေးမှကြည့်နေသော ရှုချင်းဟော်နှင့်တခြားသူများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
"အကိုကြီး...အပြင်မှာ ဆူညံနေတာပဲ"
သိုင်းပညာခန်းမ၏သိုလှောင်ခန်းအတွင်းတွင် အောင်းချင်သည် အရိုးစုကိုကြည့်၍ တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"အော်...မဆင်မခြင် ပြဿနာလာရှာတဲ့ အသေးအမွှားအမှိုက်လေးတစ်ကောင်ပါ...အဲ့ဒီကောင်ကို ဂရုစိုက်မနေနဲ့...ကျင်းဆက်တူးကြစို့"
အရိုးစုက အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှုမရှိသော မျက်နှာအမူအယာနှင့် ပြောဆိုသည်။
"ကောင်းပါပြီ အကိုကြီး"
အောင်းချင်က ကျင်းဆက်တူးလိုက်၏။
ခန်းမအတွင်းတွင် လုချင်ရှန်းသည် ပြင်ပရှိဖိအားကို အာရုံခံမိသဖြင့် ဂဏာမငြိမ်နိုင်တော့ဘဲ လှုပ်ရှားနေကာ ရီဖုန်းထံသို့ ကြည့်လိုက်သည်။
"လူအိုကြီး...မင်း ငါကို ဘာလို့ ဒီလိုမျိုးစူးစိုက်ကြည့်နေတာလဲ"
ရီဖုန်းက မျက်လုံးလှန်၍ လုချင်ရှန်းကိုကြည့်လေသည်။ သူ၏လက်အတွင်းရှိ ပန်းပုရုပ်ထုကိုကြည့်ပြီး သူ၏စိတ်ကျေနပ်မှုများ မြင့်တက်လာသည်။ သူ၏ရူးကြောင်ကြောင်စိတ်ကူးများ ထကြွလာသဖြင့် သူ၏လက်တစ်ဖက်ဖြင့် ကန္တရလင်းယုန်ခြောက်လုံးပြူးရုပ်ထုကို ဆုပ်ကိုင်လိုက်၏။ အပြုံးနှင့်အတူ သူ၏မျက်လုံးတစ်ဖက်ကို မှိတ်လိုက်သည်။
"ဒိုင်း...."
သူသည် သေနတ်သံကဲ့သို့တုပကာ အော်လိုက်ပြီး ပြတင်းပေါက်၏ပြင်ပသို့ ပစ်ခတ်လေသည်။
Thank For Reading.