မရှောင်ရင်သေမယ်
Vol. 89 Ch. 1323
အားလုံးဆွေးနွေးနေကြရင်းဖြင့် ချူးယွင်ဖန်း ပေါ်မလာလောက်ဟု တွေးထားကြသော်လည်း ရုတ်တရက်ပင် ချူးယွင်ဖန်းက အလင်းတန်းဖြင့် ပုံစံမဲ့ဂိုဏ်းအပြင်၌ ပေါ်လာသည်။ ချူးယွင်ဖန်းရောက်ရှိလာခြင်းနှင့်အတူ စိတ်အေးသက်သာနေသောအခြေအနေကလည်း ကွယ်ပျောက်သွားသည်။ အခြေအနေတစ်ခုလုံးက တင်းမာသွား၏။ ချူးယွင်ဖန်း ပေါ်လာပြီဖြစ်သည်ဆိုခြင်းမှာ ကောင်စီဝင်များဖြင့် အပေးအယူလာလုပ်ခြင်းမဟုတ်သည်မှာ သေချာသည်။ မဟုတ်လျှင် ပုံစံမဲ့သို့ဂိုဏ်းသို့ ကိုယ်တိုင်လာရောက်ပြီး အရှက်ခွဲခြင်းအတွက် တောင်းဆိုပေလိမ့်မည်။
ပုံစံမဲ့ဂိုဏ်းကို စောင့်ကြပ်နေကြသော ကျွမ်းကျင်သူအချို့က မတုန်မလှုပ်ဖြင့်ပင် ရပ်နေကြသည်။ ချူးယွင်ဖန်းဘာလုပ်ချင်နေသည်ကို မိမိတို့မသိပေ။
"ချူးယွင်ဖန်း ကောင်စီရဲ့ဆုံးဖြတ်ချက်ကို လျစ်လျူရှုရဲတယ်ပေါ့လေ။"
ကလေးပုံစံနှင့်တူသော ရွှေအမတေတစ်ယောက်က ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း အသံကမူ လူကြီးသံပေါက်သည်။ ဘဝ၏ကံကြမ္မာအပြောင်းအလဲကို ခံစားခဲ့ဖူးသည်ကသိသာလှ၏။
"ငါက ကောင်စီဝင်မဟုတ်ဘူး။ သူတို့ဆုံးဖြတ်ချက်က ငါတို့နဲ့ဘာဆိုင်လို့လဲ။"
ချူးယွင်ဖန်းက ဟက်ခနဲရယ်ပြီး မိမိကို လမ်းပိတ်ထားသော ကျွမ်းကျင်သူသုံးယောက်ကို တားလိုက်သည်။
"အဲ့ဒါအပြင် ကောင်စီက ငါ့ကို ပြဿနာရှာချင်နေတာမလား။ အခုကျမှ ဘာဆုံးဖြတ်ချက်ကို လိုက်နာဖို့ မျှော်လင့်နေတာတုန်း။ ငါ့ကို ငတုံးများထင်နေလား။ မဟုတ်မှ မင်းတို့ကပဲတုံးတာလား။"
ထိုသုံးယောက်က ချူးယွင်ဖန်း၏စကားကို ကြားသည့်အခါ၌ ချက်ချင်းပင် ဒေါသထွက်လွန်းသဖြင့် မျက်နှာများက ရဲတက်လာကြသည်။
"အတင့်ရဲလိုက်တာ။"
သက်လတ်ပိုင်းမိန်းမက အော်ပြောလိုက်သည်။
"လက်ထောက်ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ကို မနာခံဘဲ နေရဲတယ်ပေါ့လေ။"
တစ်ဖက်တွင်မူ ရိုးသားသည့်ဟန်ပေါ်သောအမျိုးသားက ခြောက်ခြားစရာကောင်းလှသည့် လူသတ်အငွေ့အသက်မျိုးကို ထုတ်ပြလိုက်၏။ သုံးဦးသားက ချူးယွင်ဖန်းရှေ့၌ အစီအရင်တစ်ခုကို ဖော်လိုက်ကြပြီး ထိုအစီအရင်ကိုပါရမီရှင်သုံးပါးအစီအရင်ဟု ခေါ်သည်။ အခြေခံအစီအရင်လောက်သာဖြစ်သော်လည်း ထိုသုံး၏စွမ်းအားက တစ်ချိန်တည်းတွင်ပင် ကြောက်စရာကောင်းအောင် အားကောင်းလှသည်။
သုံးဦးလုံးဆီမှ ကြောက်စရာကောင်းသည့် ရန်မူလိုသောအငွေ့အသက်မျိုး ထွက်နေသော်လည်း တစ်ချိန်တည်းတွင်ပင် မိမိတို့ရှေ့မှသူက သာမန်ပုဂ္ဂိုလ်မျိုး မဟုတ်သည်ကို သိလိုက်သည်။ သူက ရွှေအမတေနှစ်ယောက်ကို တစ်ခါတည်းနဲ့သတ်ထားသည့်သူဖြစ်သည်။
ချူးယွင်ဖန်းက ထိုသူများကို ကြည့်၍ ပြောလိုက်သည်။
"မင်းတို့ကို နောက်ဆုံးအခွင့်အရေးပေးမယ်။ အခုထွက်သွားလိုက်။ မဟုတ်ရင် ရိုင်းပျမိတာအတွက် ငါ့ကို အပြစ်မတင်နဲ့။"
"မာနကြီးလိုက်တာများ။ မင်းက ငါတို့သုံးယောက်လုံးကို သတ်ချင်နေတယ်ပေါ့လေ။ မင်းမှာအဲ့လိုလုပ်နိုင်တဲ့အရည်အချင်းရှိလား ကြည့်ကြသေးတာပေါ့။"
သက်လတ်ပိုင်းလူက အော်ပြောလိုက်သည်။
ထိုသူက ချူးယွင်ဖန်းကြောင့် အကြီးအကျယ်ဒေါသထွက်သွားသည်။ သူသည် သက်လတ်ပိုင်းလယ်သမားတစ်ဦးနှင့် တူသော်လည်း အမှန်တွင် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်သာ ဖြစ်သည်။ သူသည် ဒေသတစ်ခု၏အုပ်ချုပ်သူဖြစ်သော်လည်း ချူးယွင်ဖန်းထံမှ အထင်သေးခြင်းခံလိုက်ရသည်။
"မရှောင်ဘူးဆိုရင်တော့ အသေပဲသာမှတ်။"
ချူးယွင်ဖန်းက အော်ပြောလိုက်သည်။
ချူးယွင်ဖန်းက မိမိရှေ့မှသုံးဦးကို သနားညှာတာခြင်းမျိုး မပြပေ။ ထိုသုံးဦးက ဖြောင့်မတ်မှန်ကန်သောစိတ်ဓာတ်ရှိသဖြင့် ပုံစံမဲ့ဂိုဏ်းအတွက် ရပ်တည်ပေးခြင်းမဟုတ်ကြပေ။ ပုံစံမဲ့ဂိုဏ်းထံမှလက်ဆောင်တံစိုးယူထားသည်ကထင်ရှားလွန်းလှသည်။ ယခုတွင်မှ ဖြောင့်မတ်ချင်ယောင်ဆောင်နေကြ၏။
"တိုက်ကြ"
ထိုအချိန်တွင် ကလေးနှင့်တူသည့် ရွှေအမတေက အော်ပြောလိုက်ပြီး ဦးစွာစတိုက်သည်။
သေးငယ်သောခန္ဓာကိုယ်လေးက ချူးယွင်ဖန်းပေါ်သို့ ခုန်အုပ်လိုက်သည်။ ဘေးပတ်ဝန်းကျင်က နတ်စွမ်းအားများဖြင့် လွှမ်းခြုံနေပြီး တုန်လှုပ်သွားစေသည်။ ချက်ချင်းပင် သတ်ဖြတ်လိုသောအငွေ့အသက်များ ထွက်လာသည်။ သို့ရာတွင် ချူးယွင်ဖန်းက ထိုသို့တိုက်ခိုက်မှုမျိုးဖြင့်ရင်ဆိုင်ရသော်လည်း ပျာယာခတ်မသွားပေ။ ကြောက်စရာကောင်းသောအငွေ့အသက်က မိမိကိုဆူပွက်လာစေပြီး ခြေထောက်အောက်၌ မိုးကြိုးအလင်းတန်းပေါ်လာသည်။
နောက်တတွင်မူ ထိုကောင်လေး၏ရှေ့၌ ပေါ်လာတော့သည်။
ဘုန်း
ချူးယွင်ဖန်း၏လက်သီးချက်ကို ကောင်းကင်ကို ချေမွပစ်နိုင်သည်အထိ အားပြင်းသည်။ အလင်း၏အရှိန်ပါသောလက်သီးက အရာအားလုံးကို စုတ်ဖြဲပစ်လိုက်သည်။ ထိုကလေး၏တိုက်ခိုက်မှုက တစ်စစီဖြစ်သွားရသည်။ ကလေးနှင့်တူသည့် ရွှေအမတေလည်း ချက်ချင်းပြန်ဆုတ်သွားတော့သည်။
ချူးယွင်ဖန်းက ကြားထားသည့်ကောလာဟလအတိုင်း ကြောက်စရာကောင်းလှသည်။ လက်သီးတစ်ချက်သာဖြစ်သော်လည်း တိုက်ခိုက်မှုအားလုံးကို ကြေမွသွားစေသည်။ အမှန်တွင် နောက်မှလိုက်လာပြီး အဟုန်ကလည်းလျော့မသွားပေ။
ထိုအချိန်တွင် လှပသောအမျိုးသမီးက ရှေ့ထွက်လာသည်။ သူမလက်ထဲမှပဝါက အဝါရောင်နတ်စွမ်းအားအပြည့်ဖြင့် ကောင်းကင်ပေါ်၌ ပေါ်ထွက်လာပြီး ချူးယွင်ဖန်း၏လက်သီးချက်ကို နံရံတစ်ချပ်အဖြစ် ကာထားလိုက်သည်။
ဘုန်း
ကြောက်စရာကောင်းသောပေါက်ကွဲမှုက သတ္တုများအစိတ်စိတ်အမွှာမွှာကွဲသွားသံနှင့်တူသည်။ ကောင်းကင်တစ်ခွင်လုံးပင် တုန်လှုပ်သွားရသည်။
ထိုအချိန်တွင် ချူးယွင်ဖန်းက အဝါရောင်ပဝါစကို မြင်လိုက်ပြီး ထိုပဝါစက ဒြပ်စင်ငါးပါးထဲကမြေကြီးဒြပ်စင်၏အရောင်မျိုးဖြင့် တောက်ပနေသည်။ ချက်ချင်းပင် ထိုသက်လတ်ပိုင်းအမျိုးသမီးက မိမိကို အဘယ့်ကြောင့်တားနိုင်ရသည်ကို သိသွားသည်။ ကောင်းကင်နှင့်မြေကြီးကြား၌ရှိသည့် ဒြပ်စင်ငါးပါးအနက် သတ္တုဒြပ်စင်က အဓိကတိုက်ခိုက်သူဖြစ်ပြီး လောကကြီး၌ရှိသမျှအရာအားလုံးကို ဖျက်စီးနိုင်သည်။ မည်သူမှ တားမရပေ။ မြေကြီးက အဓိကခုခံသူဖြစ်ပြီး လောကကြီးရှိတိုက်ခိုက်မှုအားလုံးကို ခုခံနိုင်သည်။ လွန်စွာထူးခြားလှပေ၏။
ရွေအမတေတစ်ယောက်အတွက်ပင်လျှင် ဒြပ်စင်ငါးပါးစွမ်းအားကလွန်စွာမြင့်သောစွမ်းအားမျိုး ဖြစ်သည်။ အထူးသဖြင့် ဒြပ်စင်ငါးပါး၏စွမ်းအားကို မှော်လက်နက်အဖြစ် သန့်စင်နိုင်သည်က အံ့ဩစရာကောင်းနှင့်နေပြီးဖြစ်သည်။
ထိုအချိန်မှ ချူးယွင်ဖန်းက မိမိကိုအဘယ့်ကြောင့် ထိုသုံးယောက်က တားရဲသည်ကို သိလိုက်သည်။ ၎င်းတို့တွင် အားကောင်းသောနောက်ခံရှိသောကြောင့်သာ ဖြစ်၏။
ချူးယွင်ဖန်းအမြင်အရဆိုလျှင် ထိုသုံးယောက်၏အင်အားက လွန်စွာထူးခြားလှသော်လည်း သာမန်အလယ်အလတ်အမတေမဲ့အဆင့်သာ ဖြစ်သည်။ မီစစ်ယွမ်နှင့် မကွာလှပေ။
"င့ါကို တားချင်နေတာလား။"
ချူးယွင်ဖန်းကခနဲ့လိုက်သည်။ ထိုသို့ပြောပြီးနောက်၌ ချက်ချင်းပင် လက်သီးတစ်ချက်ကို ထုတ်သုံးလိုက်သည်။ ထိုအမျိုးသမီးက လက်ထဲမှပဝါကို ထပ်မံခါယမ်းလိုက်ပြန်သည်။ ရုတ်တရက်ဆိုသလိုပင် မြေကြီးဒြပ်စင်စွမ်းအားက ကောင်းကင်ထက်၌ ပြည့်သွားပြီး ချူးယွင်ဖန်း၏လမ်းကြောင်းကို တားလိုက်သည်။ သို့သော်လည်း ယခုတစ်ခေါက်တွင်မူ ချူးယွင်ဖန်းက နောက်မဆုတ်တော့ဘဲ မြေကြီးစွမ်းအားကို စုတ်ဖြဲပစ်ပြီး ထိုအမျိုးသမီးဆီသို့ လက်သီးချက်က ရောက်သွားသည်။
အမျိုးသမီးက ဖျော့တော့စွာဖြင့် ထိတ်လန့်သွားရှာသည်။ သူမ၏အကောင်းဆုံးခုခံရေးဝိညာဉ်လက်နက်သည် ချူးယွင်ဖန်းရှေ့၌ ဘာမှမဟုတ်သည့်တိုင်းဖြစ်သွားလိမ့်မည်ဟု မတွေးထားခဲ့ပေ။ အမြန်ပင် သူမဘာသာ အဝါရောင်ပဝါစဖြင့် ပတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ချူးယွင်ဖန်း၏လက်သီးချက်က သူမခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။
ဘုန်း
အမျိုးသမီးမှာ အွန့်ခနဲအသံတစ်ချက်သာထွက်လိုက်ရပြီး ကြိုးပြတ်သွားသောစွန်နှယ် လွင့်စင်ထွက်သွားကာ သွေးများအန်တော့သည်။
"သူက အားကောင်းလွန်းတယ်။"
သက်လတ်ပိုင်းအမျိုးသမီး၏မျက်ဝန်းထဲ၌ အကြောက်တရားဖြင့် ပြည့်နှက်သွားသည်။ အဝါရောင်ပဝါစကြောင့်သာ မဟုတ်လျှင် ချူးယွင်ဖန်း၏လက်သီးချက်ကြောင့် သေသွားနိုင်သည်။ ချူးယွင်ဖန်း၏ အရေးသာနေသည်ကို အခွင့်ကောင်းယူပြီး သူမနောက်မှလိုက်လေသည်။ ထိုအချိန်၌ ရွှေအမတေကလေးနှင့် ရိုးသားပုံပေါ်သည့်လူသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြလေသည်။ တစ်ဦးက လက်သီးဖြင့်တိုက်ခိုက်ပြီး တစ်ဦးကဓားဖြင့်တိုက်ခိုက်ကာ ချူးယွင်ဖန်း၏ဘယ်တစ်ဘက် ညာတစ်ဘက်မှဝင်လာသည်။ ထိုနှစ်ယောက်က ချူးယွင်ဖန်းလှုပ်မရအောင် တားထားကြသည်။