ချူးယွင်ဖန်းကိုသတ်ရမည့်အကြောင်းရင်း
Vol. 89 Ch. 1331
"အဲ့လိုဆိုမှတော့ ပိုပြီးမြန်မြန်ပျံသင့်တာပေါ့။"
ကျွမ်းကျင်သူက သံသယဖြင့် ပြောလိုက်သည်။
တစ်ဖက်သူကို အလစ်တိုက်လိုလျှင် ခုန်းလုံကိုမြန်မြန်ရောက်အောင်သွားသည်က ပို၍ကောင်းသည်မဟုတ်ပါလော။ ကျားသစ်များကဲ့သို့ မြန်မြန်ပြေးနိုင်ကြသော်လည်း မြန်မြန်မပျံနိုင်ကြပေ။
"ဒီနည်းလမ်းနဲ့သွားတာက ပိုကောင်းမယ်။ ငါတို့ပျံနေရင် တဝေကလူတွေ တွေ့သွားလိမ့်မယ်။ ဘယ်သွားသွား သူတို့စောင့်တာခံနေရမှာ။"
အသီလာက ပျံရင်းဖြင့် ပြောလိုက်သည်။ အချိန်တိုအတွင်းပင် သူသည် တောင်များကို ဖြတ်ကျော်သွားတော့သည်။
"ဒီတစ်ခေါက် တဝေကို ဝင်တာက လက်ယာအရှင်အတွက် ချူးယွင်ဖန်းရဲ့ခေါင်းကို ဖြတ်လာပေးဖို့ပဲ။ ဒါပေမဲ့ တဝေမှာလည်း ချူးယွင်ဖန်းကို သတ်ချင်နေတဲ့သူတွေများတယ်။"
အသီလာက ကြောက်စရာကောင်းသည့်လျှို့ဝှက်ချက်ကို ဖြည်းဖြည်းချင်း ထုတ်ဖော်လိုက်သည်။ တဝေမှတစ်ယောက်ယောက်က သူနှင့်ပူးပေါင်းပြီး ချူးယွင်ဖန်းကိုသတ်ချင်နေသည်။ ထိုသတင်းသာပေါက်ကြားသွားလျှင် တဝေတစ်ခုလုံးအုတ်အော်သောင်းနင်းဖြစ်သွားနိုင်သည်။
"ဒါပေမဲ့လို့ မမေ့လိုက်နဲ့။ အဲ့လူက ချူးယွင်ဖန်းကို သေစေချင်တာ။ ပြီးတော့ သူက တဝေကလူ။ တဝေနဲ့ကျင်ကျန်းဟန်က ရန်သူဟောင်းတွေ။ ကျင်ကျန်းဟန်ရဲ့ စစ်သည်သောင်းချီက လက်နက်သွေးနေတတ်ကြလို့ အချိန်မရွေးတိုက်ခိုက်နိုင်ကြတဲ့သူတွေပဲ။"
အသီလာက ဆက်ပြောလိုက်၏။
ကျင်ကျန်းဟန်၏မြင်းစစ်သည်အကြောင်းကို ပြောသောအခါတွင် အားလုံး၏အမူအရာက ဂုဏ်ယူဝံ့ကြွားနေသည့်ဟန်ပေါက်သည်။
"ဒါကြောင့်မလို့ ချူးယွင်ဖန်းကို သတ်ပြီးတာနဲ့ သူ့ကို ဆက်ပြီးအသုံးချစရာမလိုတော့ဘူး။ အဲ့ကိစ္စက ငါတို့အတွက် အန္တရာယ်အများဆုံးပဲ။ တဝေက ငါတို့ကို ဘယ်အချိန်ထတိုက်မလဲဆိုတာ မသိနိုင်ဘူး။"
အားလုံးနားလည်သွားကြသည်။ ၎င်းတို့သည် မတုံးသောကြောင့် အသီလာဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်သည်။ မိမိတို့က တဝေဖြင့် ပူးပေါင်းထားသော်လည်း ထိုပူးပေါင်းမှုက မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မည်သူသိမည်နည်း။ ထိုအကြောင်းကို မသိသောတဝေလူမျိုးများလည်းရှိသဖြင့် မိမိတို့ကို တားလာနိုင်သည်။ အရေအတွက်နည်းလျှင် မကြောက်ရသော်လည်း အရေအတွက်များလျှင်မူ ထိုနေရာတွင်သာ သေသွားနိုင်သည်။ ထိုနေရာသည် ကျင်ကျန်းဟန်၏မြက်ခင်းလွင်ပြင်မဟုတ်ဘဲ တဝေ၏ကုန်းမြေပြင်သာဖြစ်သည်။ အသီလာသည် လူများစွာကို သတ်ဖြတ်ပြီး ပြစ်မှုမျိုးစုံကျူးလွန်ကာ ပုရွက်ဆိတ်သာသာသာ လူများကိုဆက်ဆံခဲ့သည်။ ထိုပုရွက်ဆိတ်များကြောင့် မသေလိုကြပေ။
"တဝေလူတွေက အမြဲတမ်းကောက်ကျစ်ကြတယ်။ သူတို့က ငါတို့ကို ဝိုင်းထားလောက်ပြီ။ ငါတို့တော့ အသိုက်ကြီးထဲမှာ ပိတ်မိနေတာပဲ။"
အသီလာက ခပ်လှမ်းလှမ်းသို့ကြည့်ကာ ပြောလိုက်သည်။
"ဒါကြောင့်မလို့ ဒီအသိုက်ကြီးထဲမှာ မပိတ်မိခင် ချူးယွင်ဖန်းကို အရင်သတ်ရမယ်။ ပြီးမှ ချက်ချင်းထွက်ပြေးကြမယ်။ ဒီမှာ ကြာကြာနေလို့မဖြစ်ဘူး။ ငါတို့တာဝန်က တဝေမှာ ပြဿနာလာရှာတာမဟုတ်ဘဲ ချူးယွင်ဖန်းခေါင်းကို လာဖြတ်တာဆိုတာမမေ့ကြနဲ့။"
အသီလာက ကြောက်စရာကောင်းသောအမူအရာမျိုးဖြင့် ပြောလိုက်သည်။
ခန္ဓာကိုယ်မှထွက်လာသော သတ်ဖြတ်လိုသောအငွေ့အသက်များက အားလုံးကို ကြောက်ဒူးတုန်စေနိုင်သည်။ အသီလာမည်မျှကြောက်စရာကောင်းသည်ကို အားလုံးသိထားကြသည်။ မျိုးနွယ်စုတစ်ခုလုံးကို ကစားနေသည့်အတိုင်း အလွယ်လေးသတ်နိုင်သည်။ လူသတ်သည်က ပုရွက်ဆိတ်တစ်ကောင်ကို နင်းချေသည့်သာသာပင် ဖြစ်သည်။ သို့သော်လည်း နောင်တရသည့်ပုံဖြင့်ပြောလာသည့်သူများလည်း ရှိသည်။
"ဒီလောက်လှတဲ့တဝေမြေကို မသိမ်းရတာ နှမြောစရာပဲ။"
"ဘာကို ဝမ်းနည်းနေတာလဲ။ အချိန်ပဲလိုတာ။ အဆင်သင့်ဖြစ်တဲ့အခါကျရင် ဒီတဝေမြေကို ငါတို့မြေဖြစ်အောင် တိုက်ကြတာပေါ့။ တဝေကယောက်ျားတိုင်းကိုသတ်မယ်။ တဝေရဲ့ကလေးတွေကို ငါတို့ကျွန်ဖြစ်လာအောင် လေ့ကျင့်ပေးမယ်။ တဝေကမိန်းမတွေကို ကျင်ကျန်းဟန်ရဲ့မျိုးပွားပစ္စည်းလုပ်ိခုင်းပြီး ငါတို့အတွက် အားကောင်းတဲ့စစ်သည်တော်တွေ မွေးထုတ်ခိုင်းမယ်။"
အသီလာ၏ကြောက်စရာကောင်းသောအမူအရာက တောင်ပိုင်းသို့ စစ်သည်ထောင်ချီ ချီတက်လာသည်နှင့်တူသည်။ အမှန်တွင် ကျင်ကျန်းဟန်သည် အခေါက်တိုင်း ထိုသို့ပင်ဖြစ်သည်။ ရန်သူတိုင်းပြည်မှ ယောက်ျားအားလုံးကိုသတ်ပစ်သည်၊ ကလေးအားလုံးကို ကျွန်ပြုပြီး မိန်းမများကို မျိုးပွားကိရိယာအဖြစ်အသုံးပြုကာ မျိုးနွယ်စုကို ပို၍အားကောင်းအောင် လုပ်ကြသည်။ ထိုစကားကို ကြားသည့်အခါတွင် အားလုံးက သွေးပွက်ပွက်ဆူလာကြသည်။ ယခုတွင် မိမိတို့က တဝေ၏ကုန်းတွင်းပိုင်းမြေတွင်ရောက်နေကြသဖြင့် စိတ်ထဲမှဆန္ဒများကို ချုပ်တည်းထားရကာ စိတ်တိုင်းကျမသတ်ဖြတ်နိုင်ကြပေ။
"ဒါပေမဲ့လို့ ဒီကိုလာတော့ ဒီက သွေးဘုရင်ကလည်း ချူးယွင်ဖန်းကို သတ်ချင်နေတယ်လို့ကြားတယ်။ ဘာလို့ သူလှုပ်ရှားတာကို မစောင့်ရတာလဲ။"
အရပ်ရှည်ရှည်ဖြင့်သူက မေးလိုက်သည်။
"တဝေလူအချင်းချင်း တိုက်ခိုင်းလိုက်တာ ပိုမကောင်းဘူးလား။ ဘာလို့ ကိုယ်တိုင်လုပ်နေရဦးမှာလဲ။"
"လက်ယာအရှင်က ငါတို့ကို ချူးယွင်ဖန်းခေါင်းကို ယူလာခိုင်းတာမလား။ ဘယ်လိုလုပ် အရှင့်ရဲ့အမိန့်ကို လွန်ဆန်ရဲရတာလဲ။"
အသီလာက ပြောလိုက်သည်။ ထိုစကားကြောင့် အားလုံးတုန်လှုပ်သွားကြရသည်။ လက်တွေ့ကျကျဆိုရလျှင် ချူးယွင်ဖန်းနှင့် သွေးဘုရင်တို့တိုက်ခိုက်သည့်အချိန်ကို စောင့်ပြီး ဝင်တိုက်သည်ကသာ အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း ထိုသို့လုပ်ပါလျှင် လက်ယာအရှင်၏အမိန့်ကို ဆန့်ကျင်ရာကျမည်။ ထို့ကြောင့် လက်ယာအရှင်၏အမိန့်ကို လျူလျူမရှုထားရဲကြပေ။ ထိုမျှသာအန္တရာယ်မများလျှင် လက်ယာအရှင်က ကိုယ်တိုင်လာမည်ဖြစ်သည်။ သူသည် ချူးယွင်ဖန်းကို အတော်လေးမုန်းတီးနေသည်။
အားလုံး၏အကြည့်ကို မြင်လိုက်ရသောအခါတွင် အသီလာက ပြုံး၍ ပြောလိုက်သည်။
"လက်ယာဘုရင်က ချူးယွင်ဖန်းကို သတ်ချင်နေတဲ့အကြောင်းရင်းက ချူးယွင်ဖန်းက သူ့ကို ထိခိုက်အောင်လုပ်လို့များ ထင်နေတာလား။"
အားလုံးက အသီလာကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။ ထိုအကြောင်းကြောင့်ပင် လက်ယာအရှင်က ချူးယွင်ဖန်းကို ဒေါသထွက်ပြီး ခေါင်းဖြတ်ခိုင်းသည်မဟုတ်ပါလား။
"အဲ့အကြောင်းရင်းက တဝေလူတွေကို တွေဝေအောင်လုပ်ဖို့သက်သက်တင်ပဲ။ ဘယ်လိုလုပ် မင်းတို့ကပါ ယုံရတာလဲ။ အရှင်က ဒီလောက်ရဲရင့်တာ။ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးအတွက်နဲ့ ငါတို့ကို တဝေကို ပို့လိုက်မှာတဲ့လဲ။"
အသီလာက လှောင်ရယ်လိုက်သည်။
အားလုံးက အသီလာ၏စကားကို ကြားသည့်အခါတွင် ရုတ်တရက်နားလည်သွားကြသည်။ တစ်ခုခုထူးဆန်းနေသည်ဟု ခံစားနေရသည်မှာ မဆန်းပေ။ လက်ယာအရှင်၏အကျင့်အရဆိုလျှင် ထိုသို့လုပ်မည်မဟုတ်ပေ။ သို့သော်လည်း လက်ယာအရှင်က ကျင်ကျန်းဟန်တွင် လွန်စွာအာဏာရှိသောကြောင့် မေးခွန်းပြန်မထုတ်ရဲကြပေ။
"အဓိကအကြောင်းရင်းက ချူးယွင်ဖန်းက အရမ်းကို ပါရမီရှိလွန်းနေလို့ပဲ။ ဘယ်လိုလုပ်ပြီး တဝေက ဒီလိုလူမျိုးကို မွေးထုတ်ပေးနိုင်ရတာလဲမသိဘူး။ ငါတို့ရထားတဲ့သတင်းအရဆိုရင် သူက အသက်နှစ်ဆယ်ကျော်ပဲရှိသေးတယ်ဆိုပေမဲ့လို့ အတော်လေးအခြေအနေတစ်ခုရောက်နေပြီတဲ့။ သူ့ကိုသာ အချိန်ထပ်ပေးလိုက်ရင် နောင်ကျရင် ကျင်ကျန်းဟန်အတွက် အန္တရာယ်ဖြစ်လာမှာသေချာတယ်။"
အသီလာက ခရီး၏ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်ပြီးနောက်တွင် ဆက်ပြောလိုက်သည်။
"သွေးဘုရင်က ဘာမှမဟုတ်ဘူး။ ချူးယွင်ဖန်းက သွေးဘုရင်ဆယ်ယောက်စာထက် ပိုပြီး ခြိမ်းခြောက်မှုကြီးတယ်။ သူသေမှပဲ လက်ယာအရှင်လည်း စိတ်ချနိုင်မှာ။"