ကိုယ့်သေတွင်းကိုတူးတယ်ဆိုတာ ဘာလဲသိစေရမယ်
Vol. 89 Ch. 1322
အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ထိုကိစ္စကို ဆွေးနွေးနေကြသည်။ ပုံစံမဲ့ဂိုဏ်းသည် မှန်ကန်သောလှုပ်ရှားမှုလုပ်သည်ဟု ထင်ကြသည်။ ကောင်စီ၏အကာအကွယ်နှင့်သာဆိုလျှင် တဝေ၏နန်းတွင်းညီလာခံက ထိုဂိုဏ်းကို သုတ်သင်ချင်သည်ဆိုလျှင် နှစ်ခါပြန်စဉ်းစားမိပေမည်။
ချူးယွင်ဖန်းက တကယ်ပဲ ကောင်စီနဲ့တိုက်ခိုက်တော့မလို့လား။ ပြီးတော့ သူကတစ်ယောက်တည်းလေ....
အများအမြင်၌မူ ပုံစံမဲ့ဂိုဏ်းသည် အန္တရာယ်အများဆုံးအဆင့်ကို ဖြတ်ကျော်လိုက်နိုင်သည်ဟု ထင်ကြသည်။ ကောင်စီ၏ဖိအားအောက်တွင် ချူးယွင်ဖန်းကိုယ်တိုင်ပင် မိမိဘာသာ ကာကွယ်နိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းက ကောင်စီဝင်တစ်ယောက်ကို သတ်လိုက်သည့်ကိစ္စကိုလည်း စုံစမ်းမည်ဟု သွေးဘုရင် ကြောညာထားသည်။ အခြားစကားနှင့်ဆိုရလျှင် ချူးယွင်ဖန်းသည် ကောင်စီ၏စုံစမ်းစစ်ဆေးမှုနှင့် ရင်ဆိုင်နေရချိန်၌ ပုံစံမဲ့ဂိုဏ်းကို မည်သို့တိုက်ခိုက်နိုင်မည်နည်း။
ကောင်စီ၏ထုတ်ပြန်ချက်အရဆိုလျှင် အားလုံး၏အာရုံက ကောင်စီနှင့် ချူးယွင်ဖန်းထံ ရောက်သွားကြသည်။ ထိုမျှအားကောင်းသောသူများနှင့် ရင်ဆိုင်ရလျှင် ချူးယွင်ဖန်းဘက်က ဘယ်လိုများ တုံ့ပြန်မှာတဲ့လဲ။
"အခုချက်ချင်း ချူးယွင်ဖန်းက အရှုံးပေးလိုက်မှာပဲ စိုးမိတယ်။"
"သူက ခေါင်းမာလွန်းတယ်။ ပုံစံမဲ့ဂိုဏ်းကို ဒီအတိုင်းအတာထိလုပ်ရအောင် ဖိအားပေးလိုက်တာ။"
"အမှန်ပဲ။ ဒီတစ်ခေါက်တော့ သူ့ဇနီးနဲ့ စစ်သည်တွေကိုပါ ဆုံးရှုံးနိုင်တယ်လို့ ပြောလို့ရနေပြီ။"
"ကောင်စီရဲ့စုံစမ်းမေးမြန်းတာကို ဘယ်လိုရင်ဆိုင်မလဲ ပြန်စဉ်းစားနေလောက်တယ်။"
ကောင်စီ၏ကြားဝင်မှုပြီးနောက်တွင် ချူးယွင်ဖန်းကို ဆန့်ကျင်သော ကောလာဟလအားလုံး ညတွင်းချင်း ပျောက်ကွယ်သွားသည်။
ချူးယွင်ဖန်းက အားကောင်းလှသည်။ မီစစ်ယွမ်ကိုသတ်ပြီး စကားတစ်ခွန်းတည်းသာ ချန်ထားခဲ့သော်လည်းထိုစကားတစ်ခွန်းကပင် အားလုံးဖိန့်ဖိန့်တုန်ကြောက်သွားစေရန် အကြောင်းရင်း လုံလောက်သည်။
ထိုဖြစ်စဉ်က လူမည်မျှစိတ်ဝင်စားသည်ကို မသိနိုင်ပေ။ သို့သော်လည်း ချူးယွင်ဖန်းက ထိန်းချုပ်ရန် ခက်ခဲသည်။ မည်သူကမှ သူ၏ပြိုင်ဘက်မဟုတ်ပေ။ မည်မျှပင် မကျေနပ်ပါစေ သူနှင့် မျက်နှာချင်းဆိုင်ရသောအခါ၌ ဘာမှမပြောရဲကြပေ။ ထို့အပြင် လူများစွာတို့၏မျက်လုံးထဲ၌ သွေးဘုရင်က နှောင့်ယှက်ချင်နေသောကြောင့် ချူးယွင်ဖန်းကို တားမည်က သေချာသည်။ ထိုသို့အခြေအနေမျိုး၌ ချူးယွင်ဖန်းက မိမိဘာသာကာကွယ်နိုင်လျှင်ပင် အတော်လေးတော်နေပြီဖြစ်သည်။
ကောလာဟလမျိုးစုံပျံ့နှံ့နေပါသော်လည်း လူတော်တော်များများသည် အမှန်တရားကို မပြောဝံ့ကြပေ။ ထိုသို့အခြေအနေမျိုး၌ နောက်ဆုံးရလဒ်ကိုသာ စောင့်ကြည့်ရမည်ဖြစ်သည်။
တတိယမြောက်နေ့၏ မနက်ခင်းတွင်ပင် ကျုံးရှင်မြို့ဝန်အိမ်တော်တံခါးတို့အားလုံးက ပိတ်ထားကြရာမှ နောက်ဆုံး၌ ပွင့်လာသည်။ အနက်ရောင်ဝတ်စုံဝတ်ထားသောလူငယ်တစ်ဦးက ဖြည်းဖြည်းချင်းဖြင့် အပြင်သို့ ထွက်လာသည်။
ချူးယွင်ဖန်းကလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။
ထိုအချိန်တွင် ရှေ့၌စောင့်နေသည့်လူကြီးတစ်ဦးက သူ့ကို တားသည်။ ချူးယွင်ဖန်းက မိမိရှိရာသို့ လျှောက်လာသောအရှင်ခူကို ကြည့်လိုက်သည်။ အိမ်တော်မှထွက်ထွက်ချင်းပင် အရှင်ခူနှင့်ဆုံရမည်ဟု ထင်မထားပေ။
"ချူးယွင်ဖန်း သွေးဘုရင်က မင်းကို လာပြီးရင်ဆိုင်မှာလို့ ကြားတယ်။"
အရှင်ခူက ပြောလိုက်သည်။
"ကျွန်တော်သိတယ်။"
ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သဖြင့် အရှင်ခူပင် ကြောင်သွားမိသည်။ သတင်းကြားကြားချင်း အပြေးလာတားသော်လည်း နောက်ကျသွားချေပြီ။
"ဘယ်လိုလုပ်သိတာလဲ။"
ချူးယွင်ဖန်းက ရပ်ပြီးနောက်မှ ပြောလိုက်သည်။
"သူနဲ့ကျွန်တော်နဲ့ တိုက်ပြီးပြီမလို့လေ။"
သူက ဘာမှမဖုံးကွယ်ထားဘဲ အရှင်ခူကို ပြောပြလိုက်သည်။ ချူးယွင်ဖန်း၏စကားကို ကြားရသည့်အခါ၌ အရှင်ခူပင် ကြောင်သွားသည်။ ထိုနှစ်ဦးက တိုက်ခိုက်ပြီးသွားလောက်ပြီဟု မထင်ထားခဲ့မိပေ။ ထို့အပြင် သွေးဘုရင်၏လျှပ်တစ်ပြက်တိုက်ခိုက်မှုက ချူးယွင်ဖန်းကို အနည်းငယ်မျှ မတွန့်ဆုတ်စေပေ။
"ပုံစံမဲ့ဂိုဏ်းဆီ သွားမလို့လား။"
အရှင်ခူက မေးလိုက်၏။
"အမှန်ပဲ။ပုံစံမဲ့ဂိုဏ်းက ကျွန်တော့်စကားကို လျစ်လျူရှုရဲတယ်ဆိုမှတော့ သူတို့ကို အကြောင်းသိသွားအောင် ပြရတာပေါ့။"
ချူးယွင်ဖန်းက ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ မင်းကတစ်ယောက်တည်းလေ။ ဘယ်လိုလုပ် ပုံစံမဲ့ဂိုဏ်းကို တိုက်နိုင်မှာလဲ။"
အရှင်က အံ့ဩစွာဖြင့် ပြောလိုက်သည်။
ရထားသောသတင်းအရဆိုလျှင် ထိုအချိန်၌ တဝေတွင် စစ်သည်များ၏လှုပ်ရှားမှုကလည်း မရှိပေ။ ချူးယွင်ဖန်းတစ်ယောက်တည်းဖြင့် ပုံစံမဲ့ဂိုဏ်းကိုတိုက်ရန်က မလွယ်ပေ။
"ကျွန်တော့်မှာ နည်းလမ်းရှိပြီးသားပါ။"
ချူးယွင်ဖန်းက ပြောလိုက်သည်။
ထို့နောက်တွင်မူ အရှင်ခူကို ဘာမှထပ်မပြောတော့ပေ။ အလင်းရောင်တန်းလေးပေါ်တွင်ရပ်ကာ ပုံစံမဲ့ဂိုဏ်းရှိရာသို့ ပျံသန်းသွားတော့သည်။ အရှင်ခူက အံကြိတ်ပြီး ခြေဆောင့်လိုက်သည်နှင့် မြေကြီးပေါ်မှ ခန္ဓာကိုယ်က ကြွသွားကာ အလင်းရောင်တန်းအဖြစ်ပြောင်းသွားပြီး ချူးယွင်ဖန်းနောက်မှ လိုက်သွားသည်။
ပုံစံမဲ့ဂိုဏ်းအပြင်ဘက်၌ အံ့ဩစရာကောင်းသောအငွေ့အသက်များဖြင့်လူများက တောင်သို့သွားသည့်လမ်းကို ပိတ်ထားကြသည်။ သူတို့သည် သီးခြားနေရာများတင် ရှိနေကြသော်လည်း တစ်ယောက်ချင်းစီက သာမန်လူများပင် စိတ်မကူးနိုင်သောအငွေ့အသက်များ ရှိသည်။ တစ်ဦးက အသက်သုံးဆယ်ကျော်လေးဆယ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်သော်လည်း မျက်နှာကမူ အေးစက်ပြီးရက်စက်တတ်သည့်မျက်နှာထားမျိုး ရှိသည်။ တစ်ဦးက ဆယ်နှစ်ကျော်သာရှိသေးသည် ကောင်လေးဖြစ်သည်။ လူကောင်သေးသော်လည်း မျက်နှာက အာဏာရှိသည့်ပုံပေါက်သည်။ နောက်ဆုံးတစ်ယောက်မှာ လွန်စွာရိုးရှင်းသည့်ပုံပေါ်သည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ သာမန်လူနှင့် မခြားသော်လည်း ခန္ဓာကိုယ်မှ အန္တရာယ်ရှိသောအငွေ့အသက်မျိုးကို ထုတ်လွှတ်နေသည်။
ခပ်လှမ်းလှမ်း၌ များစွာသောလူများက လေထဲတွင် ပျံဝဲနေ၏။ သို့သော်ငြားလည်း ထိုပုံရိပ်များကို ရှင်းလင်းစွာ မမြင်ရပေ။ လူရာချီခန့်ရှိပေမည်။ ကောင်စီနှင့် တက်သစ်စရွှေအမတေလေးကြားမှ တိုက်ပွဲကို ကြည့်ချင်ကြသောတစ်လောကလုံးမှကျွမ်းကျင်သူများဖြစ်ကြသည်။
ချူးယွင်ဖန်းက ကောင်စီဖြင့် ထိပ်တိုက်မတိုက်ရဲလောက်ဟု ထင်ခဲ့ကြပြီး ချူးယွင်ဖန်းခေါင်းငုံ့ခံမည်ကို မြင်ချင်ကြခြင်းဖြစ်သည်။
"သူလာရဲမယ်လို့မထင်ဘူး။ ဒီမှာက ကျွမ်းကျင်သူသုံးယောက်တောင်ပဲ။"
"အမှန်ပဲ။ သူက သွေးဘုရင်ကို စော်ကားခဲ့တာ။ ဘာလို့များ တပ်ကူမရှာရတာလဲ။"
"လောကကြီးက ကြီးတာပဲ။ ဒါပေမဲ့ သွေးဘုရင်ကိုတိုက်နိုင်တဲ့သူက များများစားစားမရှိဘူး။"
အားလုံးက ထိုကိစ္စကို ဆွေးနွေးနေကြစဉ်တွင် တစ်ယောက်ယောက်က ပြောလိုက်သည်။
"ချူးယွင်ဖန်းရောက်လာပြီ။"