← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

ကင်မရာ ခုနစ်လုံးက တစ်ပြိုင်နက်တည်း လှည့်သွားလေသည်။

လုံးဝန်းသော မှန်မျက်နှာပြင်များမှာ အနက်ရောင် ဖြစ်ပြီး ကြီးမားသော မျက်လုံးကဲ့သို့ အလင်း အစက်အပြောက်များ ရောင်ပြန်ဟပ်ကာ ပြိုင်ပွဲဝင် တစ်ဦးစီတိုင်းကို ရိုက်ကူးနေ၏။

ခုနစ်တန်းတွင် ပြိုင်ပွဲဝင် ၆ ဦး ရှိပြီး စုရွှင်းက နေရာ C တွင် ဖြစ်လေသည်။

အဖြူရောင် အလင်းတန်းတစ်ခုက သူမပေါ်သို့ ထိုးကျနေသောကြောင့် အခြားသူများထက် ပိုမို ထင်ပေါ်နေ၏။

သူမက အိမ်နီးချင်း ကောင်မလေးကဲ့သို့ ချိုမြိန်ပြီး ချစ်စရာကောင်းစွာ ပြုံးနေကာ တောက်ပ၍ ကုစားပေးနိုင်သည့် အသွင်နှင့်ပင်။

ယွမ်လော့ရီ တစ်ဦးတည်းကသာ တကယ်တမ်း သူမမှာ စိတ်တိုတတ်သူ၊ မာနကြီး၍ ဝင့်ကြွားတတ်သူ ဖြစ်ကြောင်း သိလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် မှတ်ချက်များ တိုးလာ၏။

"ဝိုး ဒီကောင်မလေး အရမ်း ချစ်စရာကောင်းတာပဲ"

"သူက စံပြကျောင်းသူ ဖြစ်ရမယ်၊ လှပြီး စာတော်တယ် စိတ်ဓာတ်လည်း ကောင်းတယ်”

"ငါ ၅စင့် လောင်းမယ်၊ သူ သေချာပေါက် ချန်ပီယံ ဖြစ်မှာ”

ကင်မရာများ အခြား ပြိုင်ပွဲဝင်များဘက်သို့ လှည့်သွားသောအခါ စုရွှင်းက ယွမ်လော့ရီကို ရန်လိုသော အကြည့်ဖြင့် ချက်ချင်း ကြည့်လိုက်သည်။

အစားအစာ ခိုးယူရာတွင် အောင်မြင်သွားသော ကြောင်တစ်ကောင်ကဲ့သို့ သူမ ဝမ်းသာနေလေ၏။

ယွမ်လော့ရီ အခြားပြိုင်ပွဲဝင် လေးဦးကိုလည်း သိသည်။ ကျောင်း၏ အချောဆုံးကောင်လေး စန်းကျွင်းရွှမ်၊ အတန်း A ၏ အတန်းခေါင်းဆောင် ယွိကျစ်လုံ၊ အတန်း B ၏ စာကြည့်ကော်မတီဝင် တိအိုက်ယွီ နှင့် အတန်း C ၏ အလှပဂေးလေး ဟယ့်ရား တို့ပင်။

သူတို့ အားလုံးက Star Galaxy အလယ်တန်းကျောင်းမှ နာမည်ကြီး ကျောင်းသားများ ဖြစ်ပြီး ပရိသတ် အထင်ကြီးစေရန်နှင့် ကျော်ကြားမှု ရရှိရန် အစွမ်းကုန် ကြိုးစားနေကြသူများ ဖြစ်၏။

မကြာမီ ကင်မရာက ယွမ်လော့ရီ ထံသို့ ရောက်လာသည်။

ယွမ်လော့ရီက သူမ လုပ်နေကျအတိုင်းပင် အေးစက်စက် မျက်လုံးများနှင့်

မည်သည်ကိုမျှ ဂရုမစိုက်သကဲ့သို့ စိုက်ကြည့်နေလိုက်၏။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုတွင် မှတ်ချက်များ ပေါက်ကွဲထွက်သွားသည်။

"အားးးး အေးစက်တဲ့ မျက်လုံးတွေနဲ့ အရမ်း အဆင့်အတန်း ရှိပုံပေါ်တယ်၊ ငါ သူ့ကို ချစ်လိုက်တာ”

"ဘုရားရေ သူက အရမ်း ချစ်စရာကောင်းတာပဲ”

"ဒီကလေးတွေ ဘာတွေ စားလို့ ဒီလို ကြီးလာကြတာလဲကွာ၊ ဒီလို အလှမျိုးက လက်တွေ့ဘဝမှာ တကယ်ကြီး ရှိနေတာပဲ ငါဆို ဒီလိုပုံဖြစ်အောင် ဓာတ်ပုံကိုတောင် ပြင်ရဲမှာ မဟုတ်ဘူး"

စုရွှင်း မပြုံးနိုင်တော့ပေ။ ယွမ်လော့ရီကို စိုက်ကြည့်ပြီး မကျေမနပ်ဖြစ်ကာ မျက်နှာလွှဲလျက် အေးစက်စွာ နှာမှုတ်လိုက်၏။

ယွမ်လော့ရီက ကင်မရာတွင် သုံးစက္ကန့်သာ ပေါ်ခဲ့သော်လည်း ကြီးမားသော တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ကင်မရာက ၈တန်း ပြိုင်ပွဲဝင်များဘက်သို့ လှည့်သွားသော်လည်း မှတ်ချက်များတွင်မူ ယွမ်လော့ရီ အကြောင်းကိုသာ ဆက်လက် ဆွေးနွေးနေကြဆဲပင်။

"ပြန်ပြစမ်းပါ ငါ အဲဒီ ကောင်မလေးကို ထပ်တွေ့ချင်သေးတယ်”

"မင်းတို့ ဘာတွေ ပြောနေကြတာလဲ ငါ အခုမှ ဒီ live ထဲ ရောက်လာတာ ပြောပြကြပါဦး"

"၇တန်းမှာ အရမ်းလှတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်၊ ဝတ္ထုတွေထဲက အရမ်းအချစ်ခံရတဲ့ မင်းသမီးလေးလိုပဲ”

"နှစ်ထောင်ပေါင်းများစွာရဲ့ အလှပဂေးလေး"

"သူမကို ငါ တစ်ချက်လောက်သာ ထပ် ကြည့်ခွင့်ရရင်...ငါ့ရဲ့ ပူလောင်နေတဲ့ နှလုံးသား၊ တောက်လောင်နေတဲ့ မျက်လုံးတွေ ပြီးတော့ ငါ့မျက်နှာပေါ် စီးကျလာတဲ့ မျက်ရည်တွေက ခမ်းခြောက်ပြီး ဝမ်းနည်းရတဲ့ အခိုက်အတန့်တွေ ကုန်လွန်သွားမှာ"

"သူက တကယ်ပဲ အဲလောက်တောင် လှတာလား မှတ်ချက်တွေမှာ သူ့အကြောင်း ကဗျာတွေပါ စပ်နေကြပြီ "

"သူ့ရဲ့ စိတ်နေစိတ်ထားက တခြားကျောင်းသားတွေနဲ့ ကွဲပြားနေသရွေ့တော့ လူ့လောကကို ထိုးထွင်းမြင်နေရသလို ထူးခြားတဲ့ အလှမျိုး ရှိနေမှာပဲ"

ပြိုင်ပွဲဝင်အားလုံး ပေါ်လာပြီးနောက် နာ့လန်က စိတ်ဓာတ်တက်ကြွစေသော စကားအချို့ကို ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်များ အကောင်းဆုံး လုပ်ဆောင်နိုင်စေရန် ဆုတောင်းပေးခဲ့၏။ ထို့အပြင် ရှိုးပွဲမှတစ်ဆင့် အပြုသဘောဆောင်သော စွမ်းအင်များနှင့် သာမန် ကျောင်းသားများကို ကြိုးစားအားထုတ်ရန် လမ်းညွှန်နိုင်မည်ဟုလည်း မျှော်လင့်ကြောင်း ပြောခဲ့သည်။

ထို့နောက် Star Galaxy အလယ်တန်းကျောင်းမှ ကျောင်းသားများက အမျိုးမျိုးသော စွမ်းရည်ပြပွဲများကို တင်ဆက်ခဲ့ကြ၏။

ကျောင်းသံစုံတီးဝိုင်းမှ ခမ်းနားသော ဖျော်ဖြေမှုကို တီးခတ်နေသည်။ ဖျော်ဖြေသူများမှာ ၁၁နှစ် သို့မဟုတ် ၁၂နှစ်သာ ရှိကြပြီး သူတို့၏ ခန္ဓာကိုယ်ထက် ကြီးသော တူရိယာများကို ကိုင်ဆောင်ကာ အမျိုးသား ဖျော်ဖြေရေးစင်တာ၏ အဆင့်အတန်းကို ပြသနေ၏။

ကျောင်းအနုပညာနှင့် အားကစားကလပ်မှလည်း ရိုးရာအကများ ကပြဖျော်ဖြေလေသည်။ ကျောင်းသားတိုင်းက လှပသော ကိုယ်ဟန် အနေအထားများဖြင့် နဂါးကဲ့သို့ ရွေ့လျားပြီး တောင်ကဲ့သို့ ပုံဖော်နိုင်ကြ၏။

၎င်းအတွက် သူတို့၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းရန် နေ့စဉ် အစားအသောက်များမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးခံရသည်။

နိုင်ငံတကာကျောင်းသားအဖွဲ့ တစ်ဖွဲ့က ဘာသာစကား အမျိုးမျိုးဖြင့် ရက်ပ်သီချင်းများကို သီဆိုကြပြီး ရုရှားမိန်းကလေး သုံးဦးမှလည်း ဘဲလေးအက ကပြဖျော်ဖြေခဲ့ကြ၏။

ဖျော်ဖြေပွဲများ အားလုံးမှာ အံ့သြဖွယ် ကောင်းပြီး မှတ်ချက်များတွင်လည်း ဆက်လက် ချီးကျူးနေကြဆဲပင်။

မှတ်ချက်များ၌ "၆၆၆" ဟူသည့် ဆူညံသံများကြား ကွဲလွဲသော မှတ်ချက်အချို့ ရံဖန်ရံခါ ပေါ်လာသည်ကို ယွမ်လော့ရီ သတိပြုမိလိုက်သည်။

"သူတို့ အရမ်း ထူးချွန်ကြတာပဲ၊ သူတို့ရဲ့ ကျောင်းသားဘဝက ဖိအားများမှာ သေချာတယ်”

ယွမ်လော့ရီလည်း ထိုသို့ ခံစားရ၏။

Star Galaxy အလယ်တန်းကျောင်းမှ လူတိုင်းက အလွန် ကြိုးစားကြသည်။

သူတို့ အားလုံးက ချမ်းသာကြွယ်ဝ၍ ထူးချွန်သော အရည်အချင်းရှိသူများ ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ရသည်ကို နှစ်သက်ကြသူများပင်။

ယွမ်လော့ရီမှာမူ ကျောင်းတွင် မည်သည်မျှ လုပ်စရာ မရှိသော သူဌေးသမီး အယောင်ဆောင်ထားသည့် တစ်ဦးတည်းသောသူ ဖြစ်၏။

သူမက အထက်တန်းလွှာများ ကြားတွင် ရောနှောနေသော သာမန်လူ တစ်ဦး ဖြစ်ပြီး သူမနှင့် မသက်ဆိုင်သည့် အရင်းအမြစ်များကို အသုံးချနေသူ ဖြစ်သည်။

ထိုစဉ် ဖျော်ဖြေမှု ပြီးဆုံးသွားလေပြီ။

အစီအစဉ်မှူး နာ့လန်က စင်မြင့်ပေါ်သို့ တစ်ဖန် ထပ်ရောက်လာ၏။

"မင်္ဂလာအချိန် ကျရောက်လာပါပြီ ပရိသတ် မိတ်ဆွေများနဲ့ အင်တာနက် အသုံးပြုသူ မိတ်ဆွေများရှင့် ကျွန်မတို့ အတူတူ count down လုပ်ကြပါစို့”

ထိုအခါ စင်အောက်တွင် အနည်းငယ် ပင်ပန်းနေကြသော ကျောင်းသားများက ပြန်လည် လန်းဆန်းလာကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များမှာလည်း ပိုမို အသက်ဝင် တက်ကြွလာ၏။

"၁၀၊ ၉၊ ၈၊ ၇၊ ၆..."

ဝန်ထမ်းများက စင်မြင့်၏ နှစ်ဖက်စလုံးရှိ ကြိုးများကို ဆွဲရန် ပြေးလာသည်ကို ယွမ်လော့ရီ မြင်လိုက်ရသည်။

"၅"

ဒါရိုက်တာကျန်းမှ အသံအင်ဂျင်နီယာများကို အသင့်ပြင်ရန် အချက်ပြလိုက်၏

"၄"

စင်နောက်ကွယ်မှ ဝန်ထမ်းများကလည်း နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်နေကြသည်။

"၃"

ကင်မရာများက ပရိသတ်ခန်းမဘက်သို့ လှည့်သွားရာ ကျောင်းသားများမှာ စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြကြ၏။

"၂"

ဖန်သားပြင် တစ်ခုလုံး၌ မှတ်ချက်များဖြင့် သိပ်သည်းစွာ ပြည့်နှက်နေသည်။

"၁"

သီချင်းများနှင့် အလင်းရောင်များ အားလုံး အဆင်သင့်ဖြစ်နေပြီး ဗုံသံများမှာလည်း ပြင်းထန်လာ၏။

"၀"

“စတင်လိုက်ပါပြီ”

အလင်းရောင်များက ကြယ်များကဲ့သို့ တောက်ပလာပြီး ဂီတသံများမှာ ရှေးဟောင်းသားရဲများကဲ့သို့ ဟိန်းထွက်လာကာ အရောင်အသွေး စုံလင်သော ရေတွက်၍ မရနိုင်သည့် စက္ကူအပိုင်းအစများက လွင့်ကျလာ၏။

နားကွဲမတတ် အားပေးသံများ ကြားတွင် ကန့်လန့်ကာများ ပွင့်သွားပြီး တောက်ပသော ရွှေတံဆိပ် တစ်ခု ပေါ်လာခဲ့လေသည်။

၎င်းမှာ အမြင့်ဆုံး ဂုဏ်ကျက်သရေ၊ အဆုံးမဲ့ တောက်ပသော အနာဂတ်နှင့် ပြိုင်ပွဲဝင် အားလုံး ကြိုးစားနေကြသည့် ပြင်းပြသော အိပ်မက်များ…အားလုံးကို သယ်ဆောင်ထား၏။

ယွမ်လော့ရီက ထိုအရာကို ကြည့်ရင်း အလွန် နီးစပ်သော်လည်း အလွန် ဝေးကွာနေသည် ဟု ခံစားရသည်။

သူမ၏ ယခင်ဘဝတွင် နောက်ဆုံး၌ ထိုအရာကို ရရှိခဲ့သော စုရွှင်းမှာ အတန်းAမှ အတန်းဖော်များ၏ ဖယ်ကျဉ်ခံရမှုကြောင့် စိတ်ဓာတ်ကျနေသူ တစ်ဦးသာ ရှိသေး၏။

ယခု ယွမ်လော့ရီမှာ ၎င်းကို အရယူရန် ဆုံးဖြတ်လိုက်ပြီပင်။

ဖွင့်ပွဲအခမ်းအနားက အလွန် အောင်မြင်ခဲ့လေသည်။ ၎င်း၏ လွှမ်းမိုးမှုမှာ ဆက်လက် မြင့်တက်လာပြီး ၄၅မှတ် သို့ ရောက်ရှိလာပြီ ဖြစ်၏။ ယွမ်မိသားစု၏ ပျက်စီးမှု နောက်ကွယ်မှ တရားခံအစစ်ကို စုံစမ်းရန်အတွက် အတိတ်အား ပြန်ကြည့်နိုင်သော လုပ်ဆောင်ချက်ကို အသက်သွင်းနိုင်ရန် ၁၅မှတ်သာ ထပ်လိုတော့၏။

အလွန် ပျော်ရွှင်နေသော ကျောင်းအုပ်ကြီးက အခမ်းအနား ပြီးသောအခါ တစ်ကျောင်းလုံးကို နေ့လယ်ခင်း အားလပ်ရက် ပေးမည်ဟု ကြေညာလိုက်သည်။

ကျောင်းသားများက အားပေးခဲ့ကြ၏။

ထို့နောက် ကျောင်းအုပ်ကြီးက ယခုတစ်ပတ်အတွက် ကာယအတန်းများ အားလုံးကို ယနေ့ နေ့လယ်ပိုင်းသို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း ကြေညာပြန်သည်။

ထိုအခါ ကျောင်းသားများမှာ ညည်းတွားကုန်ကြ၏။

ကာယဆရာတွေ အလုပ်မလုပ်ဘဲ လစာ ထပ်ရပြန်ပြီ။

ဒရိုက်ဘာရှောင်ဖုန်းက ယွမ်လော့ရီကို လာကြိုပြီး အိမ်သို့ ပြန်ပို့ပေး၏။ တံခါးဝသို့ ဝင်လိုက်သည်နှင့် မေမေယွမ်၏ ပေါ့ပါးသော အသံကို ကြားလိုက်ရသည်။

မေမေယွမ်က ဖုန်းပြောနေခြင်းပင်။

"ဟုတ်တယ် ဖွင့်ပွဲအခမ်းအနားမှာ သုံးစက္ကန့် ပေါ်လာတဲ့ ကောင်မလေးက ကျွန်မသမီးလေးလေ၊ ဟားဟား ဟုတ်ပါ့ ဟုတ်ပါ့ ဒီအရွယ်တောင် ရောက်လာပြီ၊ အင်း ကျွန်မလည်း သူက အရမ်းချစ်စရာကောင်းတယ်လို့ ထင်တယ်"

"ဟားဟား မဟုတ်ပါဘူး ကျွန်မက သူ့ကို ဘာပြင်ပအတန်းမှ မတက်ခိုင်းဘဲ သဘာဝအတိုင်းပဲ ကြီးပြင်းစေခဲ့တာ၊ သူ့ရဲ့ စိတ်နေစိတ်ထားက တမင်တကာ ပျိုးထောင်ထားတာမျိုး မဟုတ်ဘူး"

"ဒါပေါ့ အခွင့်အရေးရရင် သူတို့ အချင်းချင်း သိအောင် တွေ့ပေးကြတာပေါ့၊ ရွယ်တူကလေးတွေမှာ ပြောစရာ စကားတွေ အများကြီး ရှိတတ်ကြတယ်၊ အင်းပါ ဒါပဲနော်"

မေမေယွမ်က ဖုန်းချလိုက်ပြီး ယွမ်လော့ရီထံသို့ လျှောက်လာကာ ဖက်လိုက်သည်။

သူမက ပြုံးလျက် ပြောလာ၏။

"ကလေးလေး မေမေ သမီးအတွက် အရမ်း ဂုဏ်ယူတယ်၊ ဒီနေ့ ဖွင့်ပွဲအခမ်းအနားမှာ သမီး ဖျော်ဖြေခဲ့တာ အရမ်း ကောင်းတာပဲ မျက်လုံးထဲကို စွဲနေတာ၊ ငါ့သမီးလေးက ကြယ်တစ်ပွင့်ဖြစ်ဖို့ မွေးလာတာပဲ”

"လူအများကြီးက ဖုန်းခေါ်ပြီး သမီးကို အရင်ကထက် ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာတယ်၊ အများကြီး ပိုလှလာတယ်လို့ ပြောကြတယ်”

"မေမေ အလုပ်တွေ အရမ်းများနေလို့ သမီးကို အဖော်မလုပ်ပေးနိုင်ဘူး၊ သမီးရဲ့ ကိုကို ယွမ်အောင်းနဲ့ အပြင်ထွက်ပြီး ပျော်နော်”

"ကိုကို ပြန်ရောက်ပြီလား"

“သူ ခနနေ ပြန်ရောက်တော့မှာ သူက live ကြည့်ပြီး မှတ်တမ်းတောင် တင်ထားသေးတယ်၊ သမီးရဲ့ တခြား အစ်ကိုတွေဆီကိုလည်း ပို့လိုက်ပြီ သူတို့ အားလုံးက သမီးကို အရမ်းချစ်စရာကောင်းတယ်တဲ့"

ယွမ်လော့ရီ သတိရမိသည်မှာ လက်ရှိ ပဲရစ်၌ ရုပ်ရှင်ရိုက်ကူးနေပြီး အလွန် အလုပ်များနေသော သူမ၏ စတုတ္ထအစ်ကို ယွမ်စစ်ကိုပင်။

"စတုတ္ထအစ်ကိုလည်း ကြည့်ခဲ့တာလား"

"သူ ကြည့်ခဲ့တာပေါ့၊ ပြီးတော့ ပြောသေးတယ် သမီးက တောင်ပံကျိုးနေတဲ့ နတ်သမီးလေးလို ချစ်စရာကောင်းပြီး မှောင်မိုက်တဲ့ ကမ္ဘာပျက်ကြီးထဲကို အလင်းရောင် ယူဆောင်လာတာ၊ လူသားမျိုးနွယ်ရဲ့ စိတ်ဓာတ်ကို ကိုယ်ကျိုးမငဲ့ဘဲ ကယ်တင်တဲ့သူလိုပဲ မြင့်မြတ်တယ် လှပတယ် လေးစားစရာ ကောင်းတယ်တဲ့"

ယွမ်လော့ရီ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ၎င်းမှာ မထူးဆန်း‌ကြောင်း တွေးလိုက်မိ၏။ စတုတ္ထအစ်ကိုမှာ ကမ္ဘာကျော် လူချမ်းသာ playboy အဖြစ် သရုပ်ဆောင်ခဲ့သူပီပီ ထိုသို့သော စကားများကို ရဲရဲဝံ့ဝံ့ ပြောနိုင်ခြင်းမှာ မျှော်လင့်ထားသည့်အတိုင်းပင်။

“ဒါပေမဲ့ ဖွင့်ပွဲအခမ်းအနား အချိန်တုန်းကဆို ပဲရစ်မှာ မနက် ၃နာရီလောက် ဖြစ်နေရမှာမလား သူ တကယ် ထကြည့်ခဲ့တာလား”

ထိုစဉ် တံခါးမှ ရင်းနှီးသော ခြေသံများ ထွက်ပေါ်လာလေသည်။ ယွမ်အောင်း ပြန်ရောက်လာခြင်းပင်။

သူက ယွမ်လော့ရီ၏ ဘေးသို့ လျှောက်လာပြီး ပခုံးပေါ် လက်တင်ကာ ပြောလာ၏။

"စိတ်မပူပါနဲ့ သူ့ကို နိုးဖို့ နည်းလမ်းတွေ ကိုကို့မှာ သေချာပေါက် ရှိတယ်"

ယွမ်လော့ရီ နားလည်သွားလေသည်။ သူမ၏ ငယ်ဘဝ မှတ်ဉာဏ်များအရ ထိုနည်းလမ်းဆိုသည်မှာ ၁၀ကြိမ်တွင် ၉ကြိမ်က နဖူးကို သေနတ်ဖြင့် ချိန်ထားခြင်း ဖြစ်နိုင်၏။

အဘယ်ကြောင့်ဆိုသော် စတုတ္ထအစ်ကိုမှာ သေရေးရှင်ရေး အခြေအနေ မဟုတ်ဘဲ လုံးဝ မထနိုင်သော ပျင်းရိပြီး ထင်ရာစိုင်းသည့်သူ ဖြစ်သောကြောင့်ပင်။

မေမေယွမ်က ယွမ်အောင်းကို ပြောလိုက်သည်။

"သား အချိန်ကိုက် ပြန်ရောက်လာတာပဲ၊ ကျောင်းက နေ့လယ်ခင်း အားလပ်ရက် ပေးထားတယ် ညီမလေးကို ပျော်ဖို့ အပြင်ခေါ်သွားလိုက်”

"ကောင်းပါပြီ အမေ"

ထို့နောက် သူ ယွမ်လော့ရီ၏ ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်၏။

"ဒါဆို သွားကြစို့"

All Chapters