← Chapters

အခန်း (၂၄)

Vol. 3 Ch. 24

အခန်း (၂၄)

Vol. 3 Ch. 24

သာယာနေသော မနက်ခင်းတွင် နေရောင်ခြည်က အလွန်တောက်ပနေသည်။ ယွမ်ရုံက သူ၏ အခန်းတံခါးကို ဖွင့်လိုက်၏။ ယွမ်ရုံမှာ အမှောင်ထဲတွင် ရပ်၍ သူ၏ ညီမလေးမှ ပြန်လှည့်မကြည့်ဘဲ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။

ယွမ်လော့ရီသည် သူမကို ရှာနေကြသည့် စိုးရိမ်နေကြသော ယွမ်မိသားစုဝင်များနှင့် မတွေ့မီအထိ အဝေးသို့ သွားမည် မဟုတ်ချေ။ သူမ ပြန်ချင်သော နေရာသို့ ပြန်သွားပေလိမ့်မည်။

ယွမ်ရုံတစ်ယောက် အလွန် ဝမ်းနည်းသော်လည်း ဤ အဆုံးသတ်ကို လက်ခံရမည်သာ။ သူ၏ ညီမလေးအား တစ်ယောက်တည်း ပိုင်ဆိုင်ခွင့် မရခြင်းထက် သူ၏ လက်ထဲ၌ ခြောက်သွေ့ညှိုးနွမ်းသွားသည်ကို မကြည့်နိုင်ပေ။ ၎င်းက တကယ်ပင် နာကျင်လှသည်။ နူးညံ့မှု ထောင်ပေါင်းများစွာ ရှိသော်လည်း သူသည် ပုံမှန်လူတစ်ဦးကဲ့သို့ ဖော်ပြ၍ မရနိုင်ချေ။ သူ၏ ညီမလေးကို ငိုမိစေလိမ့်မည်။

ထို့နောက် ယွမ်ရုံသည် ယွမ်မိသားစုမှ ထွက်ခွာခဲ့ပြီး သူ့မိခင်၏ လုပ်ကြံသတ်ဖြတ်‌ကာ လူသတ်သည့် အလုပ်ကို ဆက်ခံခဲ့၏။ သူ၏ ညီမလေးက အလွန် ငယ်နေသေးသည်ဟု သူ့ကိုယ်သူ နှစ်သိမ့်ခဲ့၏။ သူမ အရွယ်ရောက်လာသည်နှင့် သူမအား တစ်ဖန် ခေါ်သွားပေလိမ့်မည်။ ထိုအချိန်၌ သူသည် သူ၏ ညီမလေးကို မည်သို့ ပြုစုစောင့်ရှောက်ရမည်ကို သေချာပေါက် သင်ယူပြီးဖြစ်၍ အဆုံးသတ်က ကွဲပြားသွားပေလိမ့်မည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် ယွမ်ရုံသည် ဆင်အရိုးအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ဤမြေသို့ တစ်ဖန် ပြန်ရောက်လာခဲ့၏။ သူသည် Star Galaxy အလယ်တန်းကျောင်းသို့ ဝင်ရောက်ခဲ့ပြီး ၁၁ နှစ်အရွယ် ယွမ်လော့ရီအား တွေ့ခဲ့သည်။

ယွမ်ရုံသည် ဖိတ်ခေါ်မှုကို တစ်ဖန် ထပ်မံ၍ ကမ်းလှမ်းလေသည်။

"မင်း ယွမ်မိသားစုကနေ အပြီးအပိုင် ထွက်ပြေးချင်တဲ့ ဘယ်နေရာကိုမဆို ကိုကို ခေါ်သွားနိုင်တယ်၊ သူတို့ ကိုကိုတို့ကို ရှာနိုင်မှာ မဟုတ်ဘူး"

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ယွမ်လော့ရီက ခေါင်းခါယမ်း၍ သူ၏ ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်၏။

ယွမ်လော့ရီတစ်ယောက် တတိယအစ်ကို၏ စိတ်ပျက်မှုကို ခံစားနိုင်သည်။

အတန်းတတ်သည့်ဘဲလ်သံက မြည်လာ၏။ ကျယ်လောင်သော တေးဂီတသံကြားတွင် ကျောင်းသားများက ထိတ်လန့်တကြား ပြေးလွှားနေကြသည်။

ယွမ်ရုံက သူ၏ လက်ကို ရုတ်သိမ်းလိုက်ပြီး‌ ပေါ့ပေါ့ပါးပါးပြော၏။

"မင်း အတန်းအရင် သွားတက်လိုက်ပါ"

ယွမ်လော့ရီက ပြောသည်။

“ဟုတ် သမီး သွားတော့မယ်"

သူမသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြန်လှည့်ကြည့်လိုက်၏။ တတိယအစ်ကို ယွမ်ရုံမူ ထိုနေရာ၌ ယွမ်လော့ရီအား ကြည့်နေဆဲပင်။ လေတိုက်နေသောကြောင့် သူ၏ အဝတ်အစားများကို ရှုပ်ပွ စေခဲ့သည်။ သူ၏ မျက်လုံးများမှာ နက်ရှိုင်းသော ပင်လယ်ကဲ့သို့ အထီးကျန်ပြီး တည်ငြိမ်နေလေ၏။

အားလပ်ရက် စုဝေးပွဲတိုင်းတွင် ယွမ်မိသားစုဝင်အားလုံး လာရောက်ကြသော်ငြား ထိုင်ခုံတစ်နေရာက အမြဲတမ်း နေရာလွတ်နေတတ်သည်။ ၎င်းက ယွမ်ရုံ၏ နေရာပင်။

ကလေးလေး ယွမ်လော့ရီက လူကြီးများကို လိုက်၍ မေးလေ့ရှိသည်။

တတိယအစ်ကို ယွမ်ရုံက ဘာလို့ ဒီလောက်နှစ်တွေကြာအောင် အိမ်ပြန်မလာရတာလဲ။

အပြင်မှာ အန္တရာယ်များနေလို့လား။

သူ ပြန်လာနိုင်မှာလား။

တစ်ယောက်တည်း အပြင်မှာ နေရတာ အထီးမကျန်ဘူးလား။

ဤမေးခွန်းများကို ကြားသည့်အခါတိုင်း ဖေဖေယွမ်၏ မျက်နှာအမူအရာက အမြဲတမ်း ကြောက်စရာကောင်းလာတတ်၏။ ထို့ကြောင့် ယွမ်လော့ရီသည် တဖြည်းဖြည်း မေးခွန်းထုတ်ခြင်းမရှိတော့ပေ။

ယခင်က ယွမ်လော့ရီ ငိုနေလျှင် ယွမ်ရုံသည် သူမ၏ ပြတင်းပေါက်အပြင်ဘက်၌ လျှို့ဝှက်စွာ ပေါ်လာတတ်ပြီး နတ်သမီးပုံပြင်များကို ပြောပြလေ့ရှိ၏။ သူ ထွက်သွားပြီးနောက် မည်သူမျှ ထိုသို့ မလုပ်တော့ချေ။

အတန်း ၌ အပယ်ခံ ဖြစ်လာပြီးနောက် ယွမ်လော့ရီသည် တစ်ခါတစ်ရံ ယွမ်ရုံအား သတိရတတ်၏။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူမသည်လည်း ယွမ်ရုံကဲ့သို့ အထီးကျန်သော အမူအရာကို ဖော်ပြတတ်သောကြောင့်ပင်။

ယွမ်လော့ရီသည် ခေတ္တခဏ တွန့်ဆုတ်ပြီးနောက် ပြန်လှည့်၍ ယွမ်ရုံထံ လက်နှစ်ဖက် ဆန့်ထုတ်လိုက်၏။

ယွမ်ရုံက မေးသည်။

"ဘာဖြစ်လို့လဲ"

ယွမ်လော့ရီမှ ပြောလေ၏။

"ဒင် ဒင် ဒေါင်း ပွေ့ဖက်ခြင်း လက်ဆောင် ရောက်လာပါပြီ လက်ခံချင်ပါသလား"

ယွမ်ရုံက ပြုံးလိုက်လေ၏။ သူ၏ မျက်ခုံးများကြားမှ အထီးကျန်မှုက အနည်းငယ် ပျောက်ကွယ်သွားသည်။ ယွမ်လော့ရီ၏ ပွေ့ဖက်ခြင်းကို လက်ခံရန် သူ၏ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်၏။

ယွမ်လော့ရီက ပြောသည်။

"ပြန်လာတာ ကြိုဆိုပါတယ်"

ယွမ်ရုံက ပြုံး၍ ပြန်ပြော၏။

"ကျေးဇူးတင်ပါတယ်"

ယွမ်လော့ရီက ထပ်ပြောလိုက်သည်။

“ကိုကို သမီးရဲ့ မွေးနေ့သုံးခုကို လွတ်သွားတယ် တခြားသူတွေ အကုန်လုံး လက်ဆောင် ပေးပြီးပြီ ကိုကိုပဲ ပေးဖို့ကျန်တာ"

"တောင်းပန်ပါတယ် ကိုကို မင်းအတွက် ပြန်လုပ်ပေးပါ့မယ်"

"ဒါပေမဲ့ ကိုကိုက အမြဲတမ်း လျှောက်သွားနေတာ ပေါ်လိုက် ပျောက်လိုက်နဲ့ အိမ်လည်းပြန်မလာဘူး၊ ကိုကို သမီးကို ကတိပေးနိုင်လား"

ယွမ်ရုံသည် ခေါင်းငုံ့၍ ယွမ်လော့ရီကို ကြည့်လိုက်၏။ သူသည် လူများစု၏ မျက်လုံးများကို အနီးကပ် မြင်ဖူးသည်။ သူတို့မှာ ရက်စက်ကြမ်းကြုတ်သော သားရဲစိတ်များဖြင့် ပြည့်နှက်နေပြီး သူတို့၏ စိတ်ကျေနပ်မှုအတွက် ဓားများ၊ သေနတ်များကို အသုံးပြုကာ သတ်ဖြတ်မှုကို ပြသခဲ့ကြ၏။ ယွမ်ရုံမှ သူတို့ အသက်ကို နုတ်လိုက်သည့်အခါ သူတို့၏ မျက်လုံးများက ချက်ချင်းပင် မှေးမှိန်၍ အရောင်ကင်းမဲ့သွားသည်။

သို့သော် သူ့ညီမလေး၏ မျက်လုံးများမှာ ကြည်လင်သော ရေကန်ကဲ့သို့ ပွင့်လင်း၍ တောက်ပနေ၏။ လှိုင်းငယ်လေး တစ်ခုချင်းစီက ယွမ်ရုံ၏ စိတ်ခံစားမှုများကို လှုပ်ခါစေသည်။

သူ့ ညီမလေးရှေ့တွင် သူသည် တကယ်တမ်း ခံစားချက်များ ထုတ်ပြလာနိုင်သည့်အတွက် သူကိုယ်တိုင်ပင် အလွန် အံ့သြနေမိ၏။

သူသည် မည်သူ့ကိုမဆို အေးစက်ပြီး ညှာတာမှု ကင်းမဲ့နိုင်သော်လည်း သူ၏ ညီမလေးကိုမူ ထိုသို့ မဖြစ်နိုင်ချေ။

ယွမ်ရုံသည် ယွမ်လော့ရီ၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်သည်။

“ကိုကို ကတိပေးပါတယ် ကိုကို ဒီကာလအတွက် ဒီမှာ နေပေးပြီးတော့ လက်ဆောင် သုံးခုကို မင်းလက်ထဲကို သေချာပေါက် ပေးမယ်"

ယွမ်လော့ရီက ပြော၏။

“ဟုတ်ပြီ သမီး ကိုကို့ကို ဒီတစ်ကြိမ်တော့ ယုံလိုက်မယ်"

သူတို့ နှစ်ဦးစလုံး ယွမ်လော့ရီက လက်ဆောင်များကို တကယ်တမ်း မလိုချင်ကြောင်း သိသည်။ သူမသည် ယွမ်ရုံအား ဤနေရာ၌ ရက်ပိုကြာကြာ နေစေချင်ရုံသာ ဖြစ်၏။

ယွမ်လော့ရီတစ်ယောက် ယွမ်ရုံကို လက်ပြနှုတ်ဆက်ကာ အတန်းD သို့ ပြေးဝင်သွား၏။

အတန်းထဲ၌ ယွိဟွားသည် အွန်လိုင်း တရုတ်စာ သင်ခန်းစာကို နားထောင်နေသည်။ သူသည် အိပ်ငိုက်နေပြီး သူ၏ ခန္ဓာကိုယ်မှာ ကုလားထိုင်ပေါ်၌ ရှေ့နောက်ငိုက်၍ လှုပ်ယိမ်းနေ၏။ သူ၏ မျက်နှာက စားပွဲခုံနှင့် နီးကပ်စွာ ဆောင့်မိတော့မည့် အခြေအနေပင်။

စားပွဲခုံကို ခေါင်းဖြင့် ဆောင့်မိပါက ယွိဟွား၏ နှာခေါင်းက သေချာပေါက် နာလိမ့်မည်ဟု ယွမ်လော့ရီတစ်ယောက် ခံစားလိုက်ရသည်။

အနာဂတ်တွင် ချောမောသည့် ကောင်လေးတစ်ယောက်ကို တစ်ဖန် ဆုံးရှုံးရပေလိမ့်မည်။ ယွမ်လော့ရီသည် ထို ဝမ်းနည်းဖွယ် အဖြစ်ဆိုးကို ကာကွယ်ရန် သူ၏ ပခုံးကို ပြင်းထန်စွာ လှုပ်နှိုးလိုက်၏။

ယွိဟွားတစ်ယောက် တုန်လှုပ်သွားပြီး လန့်နိုးလာ၏။ သူ့အား လှုပ်နှိုးသူက ယွမ်လော့ရီ ဖြစ်နေသည်ကို မြင်သည့်အခါ တစ်ဖန် စိတ်သက်သာရာ ရသွားသည်။ သူသည် ကုလားထိုင်ပေါ်၌ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး ခပ်ပြင်းပြင်း ခုန်နေသော သူ၏ နှလုံးကို ပုတ်၍ နှစ်သိမ့်လိုက်၏။

ယွိဟွားက ပြောသည်။

“မင်း ငါ့ကို သေလောက်တဲ့အထိ ကြောက်အောင် လုပ်လိုက်တာပဲ၊ မင်း ဖြစ်နေတာကိုး ငါက အတန်းပိုင်ဆရာ ပြန်လာတယ် ထင်နေတာ"

ယွမ်လော့ရီက မေး၏။

"ဒီနေ့ အတန်းပိုင်ဆရာ လာခဲ့သေးတာလား"

"အင်း သူ ခုနက လာပြီး ပြန်ထွက်သွားပြီ သူက ငါတို့ အတန်းDက ဘယ်လိုမှ ကယ်မရတော့ဘူးလို့ ပြောပြီး ငါတို့ အကုန်လုံး နောက်ကျရင် ကျောင်းထုတ်ခံရမယ်တဲ့"

"သူ ပြန်လာပြီး ငါတို့ကို စာသေချာသင်ပေးဖို့ စီစဉ်နေတာများလား"

"ဟင့်အင်း သူ တခြားကျောင်းတွေမှာ အင်တာဗျူးဖြေနေတယ်လို့ ပြောပြီး အစားထိုးဆရာ တစ်ယောက် တွေ့တာနဲ့ ချက်ချင်း ရာထူးက နုတ်ထွက်မယ်တဲ့"

ယွမ်လော့ရီမှာ အတန်းပိုင်ဆရာကို ခဏလော သနားမိသွား၏။ Star Galaxy အလယ်တန်းကျောင်းမှ ကျောင်းသားများ အားလုံးက အပြိုင်အဆိုင် များကြသည်။ အတန်းD မှ ကျောင်းသားများသာ တကွဲတပြား အပျင်းကြီးနေကြလေ၏။ အတန်းပိုင်ဆရာတစ်ဦးအနေဖြင့် သူသည် ခက်ခဲသော အချိန်ကို ကြုံတွေ့ရပေလိမ့်မည်။

အတန်းပိုင်မှာ ချောမောသော ကောင်လေးတစ်ဦးဖြစ်ကြောင်း သူမ ကြားဖူး၏။ ကံဆိုးစွာဖြင့် ယွမ်လော့ရီမူ ယနေ့ သူ့အား မတွေ့လိုက်ရချေ။

ယွိဟွားက ပြော၏။

"ဪ ဟုတ်သား၊ မင်း အကောင့်မှာ ပရိတ်သတ်တွေ အများကြီး ရှိနေလောက်ပြီ "

ယွမ်လော့ရီက ဖုန်းကို ဖွင့်၍ သူမ၏ ပင်မအကောင့်သို့ ဝင်လိုက်သည်။ ပရိတ်သတ် ၄၆၀,၀၀၀ ရှိနေကြောင်း ပြနေပြီး တိုးတက်နှုန်းမှာ ယခင်ကထက် သိသိသာသာ နှေးကွေးနေ၏။

သုံးစက္ကန့်စာ ကျောင်းတွင်း ရုပ်သံအစီအစဉ် ဖွင့်ပွဲမှ ကျောင်းတွင်း အနိုင်ကျင့်မှု ဖြစ်စဉ်သို့ လုံးဝ ပြောင်းပြန်လှန်လိုက်ခြင်းက သူမအား အာရုံစိုက်မှု အများအပြား ရရှိစေခဲ့သည်။

သို့သော်လည်း ရေပန်းစားသော ခေါင်းစဉ်များက နေ့တိုင်း ပြောင်းလဲနေသည်။ လူအများ၏ အာရုံစိုက်မှုကို လွယ်ကူစွာ ပြောင်းလဲနိုင်ပေ၏။ ထို့ကြောင့် နာမည်ကြီးများက လူထု စိတ်ဝင်စားမှု မလျော့သွားစေရန်အတွက် ခေါင်းစဉ်များကို ဆက်လက် ကြေညာနေရခြင်းဖြစ်သည်။

ယွိဟွားက ငုံ့ကြည့်လိုက်၏။

"ဝါး အထင်ကြီးစရာပဲ ၄၆၀,၀၀၀ ရှိနေပြီ"

"စုရွှင်းက မင်း လောက်တောင် ပရိတ်သတ် မရှိဘူး သူ့မှာ ၂၇၀,၀၀၀ ပဲရှိတာ ပြီးတော့ သူ့ ပရိတ်သတ်တွေ အများစုက ဝယ်ထားတာ၊ boost ဒါမှမဟုတ် စက်ရုပ်တွေပဲ"

"တတိယ ရေပန်းအစားဆုံးက စန်းကျွင်းရွှမ် ပရိတ်သတ် ၁၉၀,၀၀၀ ရှိတယ်၊ မိန်းကလေးတော်တော်များများက သူ့ရဲ့ မားမားပရိတ်သတ်တွေ ဖြစ်သွားကြပြီ၊ သူ ကြီးလာဖို့လည်း စောင့်နေကြတာ၊ ရုပ်ချောတဲ့ ကောင်လေးတွေက တကယ် ကောင်းကောင်း လက်ခံရတာပဲ"

ယွမ်လော့ရီသည် လူကြိုက်များမှု နံပါတ်တစ် ဖြစ်ခြင်းနှင့် ပတ်သက်၍ စိတ်ထဲသိပ်မထားချေ။ သူမ လိုအပ်သည်မှာ လွှမ်းမိုးမှုကို မြန်မြန် တိုးမြှင့်ရန်၊ အချိန်နောက်ပြန်ဆုတ်ခြင်း စွမ်းရည်ကို တစ်ဖန် အသက်သွင်းရန်နှင့် လူသတ်သမားအစစ်က မည်သူဖြစ်သည်ကို ရှာဖွေရန်သာ ဖြစ်သည်။

နေ့လယ်ပိုင်းတွင် Star Galaxy အလယ်တန်းကျောင်းက ရုတ်တရက် အလွန် ဆူညံလာ၏။ ကား ဒါဇင်ပေါင်းများစွာ မောင်းဝင်လာပြီး ကိုယ်ဟန်အနေအထားမတ်မတ်ဖြင့် လူအုပ်စုတစ်စုက ကားပေါ်မှ ဆင်းလာကြသည်။

စာသင်ဆောင်ရှိ ကျောင်းသားများစွာက ပြတင်းပေါက်များသို့ ပြုံတိုးလာ၍ ဆူညံသံကို ကြည့်ရှုနေကြ၏။ ယွိဟွားလည်း အိပ်နေရာမှ နိုးလာပြီး ချက်ချင်း သတိထားမိလိုက်သည်။

"ဒါ ရာထူးကြီး အရာရှိတွေနဲ့ စစ်သားတွေပဲ၊ သူတို့က ဘာကိစ္စ ငါတို့ကျောင်းကို လာတာတုန်း"

ယွိဟွားသည် သူ၏ ဖုန်းကို ထုတ်၍ ကျောင်းဂရုချက်ထဲသို့ ဝင်လိုက်၏။ ကျောင်းသားများက ကောလာဟလများကို အရူးအမူး ဖြန့်ဝေနေကြခြင်းကြောင့် မက်ဆေ့ချ်များ ပေါက်ကွဲနေချေပြီ။

ယွမ်လော့ရီကလည်း ငုံ့ကြည့်လိုက်သည်။

"အားလုံးပဲ သတင်းကောင်း၊ ဆင်အရိုးအဖွဲ့အစည်းက ကာယဆရာအသစ်ကို စီစဉ်ပေးလိုက်ပြီ သူက ဂန္ထဝင် စစ်ပွဲအများကြီးကို ဦးဆောင်ခဲ့တဲ့ အငြိမ်းစား တပ်မှူးတဲ့"

"ပြီးတော့ ဆင်အရိုးအဖွဲ့ရဲ့ ဖိအားပေးမှုအောက်မှာ ကျောင်းအုပ်ကြီးက ကာယ အတန်းတွေကို ဒီအပတ်ကျ အပြည့်အဝ ပြန်စမယ် ပြောတယ်"

"ပရိုဂရမ်အဖွဲ့ကလည်း မနက်ဖြန် အဆင့် (၇) ကာယ အတန်းကို ရိုက်ကူးဖို့ လာတော့မှာ၊ လူကြိုက်များပြီး နာမည်ကြီး ပွဲကြီးတစ်ခု ဖြစ်မယ်လို့ ကြားတယ်"

"ဝါး ငါတို့ ကျောင်းရဲ့ ကာယအတန်း ပုံရိပ်က ချက်ချင်း တက်သွားပြီပဲ"

ယွမ်လော့ရီက ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ သတင်းကောင်း ဖြစ်သည်မှာ အမှန်ပင်။ သူမသည် လွှမ်းမိုးမှုကို တိုးမြှင့်ရန်အတွက် မနက်ဖြန်တွင် ပြိုင်ပွဲ၌ ပါဝင်နိုင်ပေ၏။

ယွိဟွားတစ်ယောက် ကျောင်းအုပ်စုမှ ထွက်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"ဆင်အရိုးအဖွဲ့အစည်းက တကယ် အစွမ်းထက်တာပဲ နည်းနည်းလေး ဝင်စွက်ဖက်ရုံနဲ့ ကျောင်းတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားတယ်၊ ဆရာတွေ သူတို့ကို မြင်ရင် မတရား စိုးရိမ်နေကြတာ အံ့ဩစရာ မရှိပါဘူး ဪ ဟုတ်သား မင်းအစ်ကိုက ဆင်အရိုးအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဆို အဲဒါ တကယ်လား"

ယွမ်လော့ရီက ခေါင်းညိတ်လိုက်၏။

“အင်း အမှန်ပဲ သခင်ကြီး ငါးယောက်ထဲက တစ်ယောက်"

ယွိဟွားက လေအေးကို တစ်ချက် ရှူသွင်းလိုက်သည်။ ယွမ်မိသားစုမှ လူများက တကယ်ပင် ထူးချွန်ကြ၏။ ယွီမိသားစုတွင်လည်း ပုဂ္ဂိုလ်များစွာ ပေါ်ထွက်ခဲ့သော်ငြား အမည်းစက်မရှိခြင်းတော့ မဟုတ်ပေ။

အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားသည့် လူအုပ်စုတစ်စုက စာသင်ဆောင်သို့ လျှောက်လာကြသည်။ သူတို့တွင် လူအများ မချဉ်းကပ်ရဲသော ဩဇာအရှိန်အဝါ ရှိနေကြ၏။

ယွမ်ရုံသည်လည်း သူတို့ထဲတွင် ပါဝင်၏။ သူသည် တိတ်တဆိတ် လျှောက်လာ၏။ ညဘက်တွင် လှည့်လည်ကျက်စားသော အသားစား သားရဲကဲ့သို့ ခန့်ညားပြီး အစွမ်းထက်သော်လည်း မြင့်မြတ်ပြီး အပျင်းကြီးလေသည်။ မထွက်ခွာမီ သူသည် ယွမ်လော့ရီအား ကြည့်ကာ လူကြီးလူကောင်းတစ်ဦး၏ အရိုအသေးပေးမှုကဲ့သို့ သူ၏ ဦးထုပ်အနားသားကို ဖိလိုက်၏။

ယွမ်လော့ရီက ရုတ်တရက် သဘောပေါက်လိုက်သည်။ ၎င်းမှာ ပထမဆုံး လက်ဆောင်ပင်။

ယွိဟွာကလည်း ယွမ်ရုံအား သတိပြုမိသွား၏။

"ဘာလို့ အဲလူက ငါတို့ကို ခေါင်းညိတ်ပြသွားတာလဲ"

ယွမ်လော့ရီက ပြောသည်။

"အဲဒါ ငါ့ရဲ့ တတိယအစ်ကို ယွမ်ရုံလေ"

ယွိဟွားသည် အလွန်အားကျသော ပုံစံကို ထုတ်ဖော်လိုက်လေသည်။

All Chapters