← Chapters

[ကျောင်းကနေ အိမ်ပြန်ရောက်လာပြီ]

Vol. 3 Ch. 25

[ကျောင်းကနေ အိမ်ပြန်ရောက်လာပြီ]

Vol. 3 Ch. 25

ယွမ်လော့ရီတစ်ယောက် သူမ၏ ဆွီဒင်ကားထဲသို့ ဝင်လိုက်သည်နှင့် အစ်ကိုကြီး ယွမ်အောင်းက သူမအား ယနေ့ လာကြိုသည်ကို တွေ့လိုက်ရ၍ အံ့အားသင့်သွားသည်။

ယွမ်အောင်းမှာ အလွန် အလုပ်များသူဖြစ်ရာ သူ၏ ညီမလေးကို လာကြိုရန် အချိန်ရှာရသည်က သူ့အတွက် မလွယ်ကူလှချေ။

ယွမ်လော့ရီက မေးသည်။

“အစ်ကိုကြီး ဒီနေ့ ဘာလို့ သမီးကို လာကြိုတာလဲ"

ယွမ်အောင်းက ပြော၏။

"နည်းနည်း စိတ်ပူလို့လေ၊ ယွမ်ဖာ့က မင်း အရမ်းဆိုးတဲ့ အိပ်မက်ဆိုးတွေ မက်နေတယ် ပြောတယ် အဆင်ပြေရဲ့လား"

ယွမ်လော့ရီက ပြောသည်။

"အဆင်ပြေပါတယ်"

သူမ ထိုသို့ ပြောခဲ့သော်လည်း ယွမ်လော့ရီသည် တကယ်တမ်း၌ အိပ်စက်ရန် အနည်းငယ် ကြောက်နေ၏။ သူမ၏ ဘဝပေါင်း 99ခုမှ မှတ်ဉာဏ် အပိုင်းအစများက သူမအား အကျိုးကျေးဇူးများစွာ ပေးခဲ့သော်လည်း သေဆုံးမှု အမျိုးမျိုးကိုလည်း ခံစားစေခဲ့သည်။

သေခြင်းတရားမှ လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားသည့်ခံစားချက်ကို ယွမ်လော့ရီတစ်ယောက် လုံးဝ မနှစ်သက်ချေ။

ယွမ်အောင်းကို ကြည့်လိုက်ရာ ယွမ်လော့ရီ သတိရလိုက်သည်မှာ သူသည် မိသားစုထဲ၌ သူမ၏ တတိယအစ်ကို ယွမ်ရုံနှင့် အဆက်အသွယ် ရှိနေသော တစ်ဦးတည်းသောသူ ဖြစ်သည်ကိုပင်။

ယွမ်လော့ရီက မေး၏။

"အစ်ကိုကြီး ဘာလို့ တတိယအစ်ကိုက အိမ်မပြန်လာတာလဲ"

ယွမ်အောင်းက ယွမ်လော့ရီကို တိတ်ဆိတ်စွာ ကြည့်လိုက်ရာ သူမ အနည်းငယ် ကြောက်လာသည်အထိ စိုက်ကြည့်နေခဲ့သည်။

"ဘာလို့ ဒီမေးခွန်းကို ရုတ်တရက် မေးရတာလဲ"

ယွမ်လော့ရီက တည်ငြိမ်ဟန်ဆောင်၍

"သမီး ရုတ်တရက် တွေးမိသွားလို့ပါ"

သူမ၏ တတိယအစ်ကိုအား သတ်ဖြတ်လိုစိတ် စွဲလမ်းမှုနှင့် ယွမ်လော့ရီကို တစ်ချိန်က သွေးဆောင်ခဲ့ခြင်းတို့ကြောင့် ယွမ်လော့ရီနှင့် နီးစပ်ရန် တားမြစ်ထားခဲ့သည်။

ယွမ်လော့ရီသည် အစ်ကိုကြီးအား သူမ၏ တတိယအစ်ကိုနှင့် တွေ့ခဲ့ကြောင်း လုံးဝ အသိ မပေးနိုင်ချေ။ မဟုတ်ပါက သူ စိတ်ဆိုးသွားမည်မှာ အသေအချာပင်။

အာ... အစ်ကိုကြီး စိတ်ဆိုးသွားတဲ့အခါကျ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ကူး လုံးဝ မယဉ်ကြည့်ရဲဘူး။

ယွမ်အောင်း၏ လက်ချောင်းများက သူ၏ ဒူးခေါင်းကို စည်းချက်ညီညီ တီးခေါက်နေ၏။ ခဏတာ စဉ်းစားပြီးနောက် သူက ပြောလေသည်။

"ယွမ်ရုံက ကိုကိုတို့နဲ့ မတူဘူး နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ကိစ္စတစ်ချို့ကြောင့် ယွမ်မိသားစုက အရမ်းဆိုးယုတ်လို့ မရှိသင့်ဘူးလို့ သူ ခံစားခဲ့ရတာနဲ့ သူထွက်သွားခဲ့တာ"

ယွမ်လော့ရီက ပြော၏။

"ယွမ်မိသားစုက တကယ်ပဲ အကျင့်ယုတ်တာလား"

ယွမ်အောင်းက ပြန်ဖြေသည်။

"ကမ္ဘာကြီးက မီးခိုးရောင်လေ ဆိုးယုတ်တာနဲ့ တရားမျှတတာကို ဒီလောက် ရှင်းရှင်းလင်းလင်း ခွဲခြားလို့ မရဘူး"

ယွမ်လော့ရီမူ သူမ၏ အစ်ကိုကြီးမှ မေးခွန်းကို ဖြေပြီးပြီ သို့မဟုတ် မဖြေရသေးဟု ခံစားရသည်။

အချုပ်အားဖြင့်ဆိုရသော် သူမ၏ တတိယအစ်ကိုနှင့် ယွမ်မိသားစုကြားရှိ ဆန့်ကျင်ဘက်များက ပြန်လည်သင့်မြတ်ရန် မဖြစ်နိုင်သဖြင့် ယွမ်ရုံက ပြန်လာမည် မဟုတ်ပေ။

ယွမ်လော့ရီက အလွန် နောင်တရမိသည်။

ဆွီဒင်ကားလေးက ဆက်လက် မောင်းနှင်နေ၏။

ယွမ်လော့ရီမူ သူမ၏ အားလပ်ချိန်ကို မှတ်ဉာဏ် အပိုင်းအစများအား ကြည့်ရှုရာတွင် အသုံးချရန် ဆုံးဖြတ်လိုက်သည်။ တကယ့်တရားခံက အတွင်း၌ ဖုံးဝှက်ထားနိုင်သောကြောင့်ပင်။

မှတ်ဉာဏ် အပိုင်းအစများက ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ ဤတစ်ကြိမ်တွင် သူမသည် ငယ်ရွယ်သည့် အမဲလိုက်သမား ဖြစ်၏။ သေနတ်မောင်းကို ဆွဲလိုက်ရာ သေနတ်သံက တောအုပ်ထဲတွင် ပဲ့တင်ထပ်သွားပြီး ဒရယ် အထီးတစ်ကောင်က မြေပြင်ပေါ်သို့ လဲကျသွားသည်။ လေထဲ၌ ယမ်းနံ့နှင့် သွေးနံ့များ ပြည့်နှက်နေခဲ့၏။

ယွမ်လော့ရီ၏ ခေါင်းက ရုတ်တရက် မူးဝေလာပြီး ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ နာကျင်မှုကို မတောင့်ခံနိုင်ခဲ့ပေ။

[ဒင်၊ စနစ်၏ သတိပေးချက်၊ Host ချက်ချင်း အနားယူပါရန်]

ယွမ်လော့ရီတစ်ယောက် အလွန် အံ့အားသင့်သွား၏။ စနစ်က သူမအား ဤကဲ့သို့ တစ်ခါမှ သတိမပေးဖူးချေ။

ဘာတွေဖြစ်နေတာလဲ။

ယွမ်အောင်းမှ ယွမ်လော့ရီ၏ မူမမှန်ခြင်းကို သတိပြုမိသွားသည်။

"အဆင်ပြေရဲ့လား"

ယွမ်လော့ရီက ပြော၏။

"သမီး ခေါင်းကိုက်လို့ပါ"

ယွမ်အောင်းသည် အပူချိန်တိုင်းရန် သူ၏ လက်အား ယွမ်လော့ရီ၏ နဖူးပေါ် ဖိကပ်လိုက်၏။ သူမ၌ အဖျားမရှိသော်လည်း သူ့ ညီမလေး၏ မျက်နှာအရောင်မှာ အလွန်ဖျော့တော့နေသည်။ သူသည် စိုးရိမ်တကြီးဖြင့် ယွမ်လော့ရီအား သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

ယွမ်လော့ရီသည် သူမ အစ်ကိုကြီး ယွမ်အောင်းကို ကြည့်လိုက်ရာ သူ၏ ရှပ်အင်္ကျီမှ ကြယ်သီးများကို အမြဲတမ်း အဆုံးအထိ တပ်ထားလေ့ရှိ၏။ ရာသီဥတုက မည်မျှပင် ပူသည်ဖြစ်စေ လက်တိုအင်္ကျီ သို့မဟုတ် ဘောင်းဘီတို မဝတ်ဘဲ အရေပြား တစ်လက်မ ပင် ပို၍ မပေါ်စေဘဲ တင်းကျပ်စွာ ဝတ်ဆင်ထားသည်။

ပို၍ ထူးဆန်းသည်မှာ ထိုမျှ ရှေးဆန်စွာ ဝတ်ဆင်ထားသော်လည်း သူ၏ ပွေ့ဖက်မှုက အေးမြနေဆဲပင်။

သူတို့ အိမ်ပြန်ရောက်သောအခါ၌ ယွမ်အောင်းသည် ပျားရည်အိုးတစ်လုံးကို တွေ့ခဲ့၏။ သူသည် ပယင်းရောင် ပျားရည်ကို ဖန်ခွက်ထဲသို့ လောင်းထည့်ကာ ရေနွေးနွေးနှင့် ရောစပ်ပြီး သမအောင် မွှေလိုက်သည်။

ယွမ်အောင်းသည် သစ်သားဇွန်းဖြင့် အနည်းငယ် ခပ်ယူ၍ ယွမ်လော့ရီ၏ ပါးစပ်နားသို့ တေ့ပေး၍

"ပျားရည်လေး သောက်လိုက်"

ယွမ်လော့ရီမှ မျိုချလိုက်သည့် အချိန်တွင် ယွမ်အောင်း၏ မျက်လုံးများက မှိန်ပျပျ ပျော်ရွှင်မှုကို လျင်မြန်စွာ လင်းလက်သွားစေခဲ့သည်။

ချိုမြိန်မှုက သူမ၏ ရသာခံဖုများတစ်လျှောက် ပျံ့နှံ့သွားပြီး ယွမ်လော့ရီသည် ယခင်ကလောက် နေမကောင်းမဖြစ်တော့ဟု ခံစားလိုက်ရသည်။ ယင်းက ချိုမြိန်မှုသည် အကောင်းဆုံး အကိုက်အခဲပျောက်ဆေး ဖြစ်ကြောင်း တစ်ဖန် သက်သေပြလိုက်ခြင်းပင်။

ယွမ်အောင်းသည် မျက်နှာသုတ်ပုဝါအစိုကို ယူလာပြီး ယွမ်လော့ရီ၏ နဖူးပေါ်မှ ပါးလွှာသော ချွေးများကို ဂရုတစိုက် သုတ်ပေးလာ၏။

ယွမ်အောင်းက မေးသည်။

"အခု နည်းနည်း ပိုသက်သာလာပြီလား"

ယွမ်လော့ရီက ပြန်ဖြေ၏။

"အခု ပိုပြီး လန်းလာသလိုပဲ"

ယွမ်အောင်းက ဂရုတစိုက်ဖြင့် အလုပ်ရှုပ်နေ၏။ သူသည် ခွေးခြေခုံကို ဆွဲယူထိုင်လိုက်ပြီး အနီရောင် ပန်းသီးတစ်လုံးကို ဖြည်းဖြည်းချင်း အခွံနွှာနေသည်။

ယွမ်လော့ရီက မေး၏။

“အစ်ကိုကြီးက လူတွေကို ဂရုစိုက်ရတာ ကြိုက်တာလား"

သစ်သီးဓားကို ကိုင်ထားသော ယွမ်အောင်း၏ လက်က ခဏတာ ရပ်တန့်သွားသည်။ သူသည် ယွမ်လော့ရီကို မော့ကြည့်ပြီးနောက် မျက်လွှာချလိုက်၏။ သူ၏ ခန့်ညားသော မျက်နှာက အရိပ်ထဲ၌ နစ်မြုပ်နေပြီး အမူအရာအား ခန့်မှန်း၍မရပေ။ သူသည် ပန်းသီးအခွံကို ဆက်လက် နွှာနေရင်းဖြင့်

"မကြိုက်ဘူး"

ယွမ်လော့ရီက မေးလိုက်၏။

"ဒါပေမဲ့ အစ်ကိုကြီး နည်းနည်း ပျော်နေသလိူပဲ"

ယွမ်အောင်းက ပြောသည်။

“မင်း ငယ်ငယ်တုန်းက အကြောင်းကို သတိရမိသွားလို့နေမှာ၊ အဲတုန်းက မင်းက အရမ်း အငိုသန်တာ ကိုကို မင်းဘေးကနေ တစ်စက္ကန့်လောက် ထွက်သွားရင်ကို မင်း မျက်ရည်ကျပြီး ငိုတော့မဲ့ပုံနဲ့လေ၊ ကိစ္စအကုန်လုံးမှာ ကိုကို့ကို မှီခိုဖို့ လိုခဲ့တာ၊ ကိုကို့ကိုပဲ မှီခိုနိုင်ခဲ့တာပေါ့ အခု မင်း ကြီးလာပြီဆိုတော့ ကိုကို့ကို အရင်ကလောက် မလိုတော့ဘူးလေ၊ ကလေးတွေက တကယ် မြန်မြန် ကြီးပြင်းကြတာပဲ"

ပန်းသီးကို ကောင်းကောင်း အခွံနွှာပြီးနောက် ယွမ်အောင်းက ပန်းကန်ပေါ် တင်လိုက်သည်။

"မင်း ဗိုက်ဆာရင် ပန်းသီး နည်းနည်းစား ဗီတာမင်တွေ အများကြီး ပါပြီး ကိုယ်ခံအားကောင်းစေတယ်"

ယွမ်လော့ရီသည် ခက်ရင်းကို သုံးပြီး တစ်စိတ်ကို ထိုး၍ စားလိုက်ရာ ၎င်းသည် ကြွပ်ရွပြီး ချိုမြိန်ကာ သစ်သီးအနံ့အသက်မှာ သင်းပျံနေ၏။

သူမသည် နောက်တစ်စိတ်ကို ထိုး၍ ယွမ်အောင်းထံ ကမ်းပေးလိုက်သည်။

“တော်တော် ချိုတယ် ကိုကိုလည်း နည်းနည်း စား"

ယွမ်အောင်းက ငုံ့၍ အသီးကို ကိုက်လိုက်ပြီး ဖြည်းဖြည်းချင်း ဝါးစားလိုက်ရာ သူ၏ လည်စေ့က နိမ့်လိုက်၊ မြင့်လိုက် ဖြစ်နေ၏။

"တော်တော် ချိုတာပဲ အခုထိ ခေါင်းမူးနေသေးလား"

ယွမ်လော့ရီက ပြောသည်။

"အရင်ကထက် အများကြီး သက်သာသွားပါပြီ"

ယွမ်အောင်းက ပြော၏။

"ကိုကို ကုမ္ပဏီကို ခဏ သွားရဦးမယ် မင်း အိမ်မှာပဲ အနားယူလိုက်ဦးနော်"

ယွမ်လော့ရီက ခေါင်းညိတ်လိုက်သည်။ နူးညံ့သော အိပ်ရာပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ယွမ်အောင်းက သူမအား ပါးလွှာသော ပိုးစောင်အောက်တွင် အသေအချာ ထည့်ပေးပြီးနောက် ထွက်သွား၏။

ယွမ်လော့ရီမူ ညင်သာစွာ သက်ပြင်းချလိုက်၏။

အစ်ကိုကြီးသည် သူ၏ အမှောင်ခြမ်းကို ဖုံးကွယ်ထားဆဲပင်။

ယွမ်အောင်းက အစ်ကိုကောင်းတစ်ဦး ဖြစ်သည်။ သူသည် ယွမ်လော့ရီအား ဂရုစိုက်ရာတွင် အလွန် စိတ်ရှည်သော်လည်း သူ့ထံသို့ သူ၏ ညီမလေးက မှီခိုသည့် ခံစားချက်ကို အလွန်အမင်း စွဲလမ်းနေ၏။

တစ်ချိန်က ယွမ်လော့ရီ ဖျားနာခဲ့စဉ် သူမသည် အိပ်ရာထက်၌ အားနည်းစွာ လှဲလျောင်းနေပြီး ချွေးများ စဉ်ဆက်မပြတ် ထွက်နေခဲ့၏။ အစ်ကိုကြီး ယွမ်အောင်းက အခန်းထဲတွင် အဝေး၌ ရပ်နေပြီး သူမကို စိုက်ကြည့်နေခဲ့သည်။

အနားသို့လည်း မသွား၊ ထွက်ခွာသွားခြင်းလည်း မရှိဘဲ ခါချ၍ မရနိုင်သော အရိပ်ကဲ့သို့ မှောင်မိုက်နေသည်။

ထိုအချိန်က ယွမ်လော့ရီသည် သူ့အား ကြောက်နေဆဲ ဖြစ်၏။ သူမသည် တုန်ယင်နေပြီး ကြောက်လန့်နေကာ အလုံးလေးကဲ့သို့ ကွေးနေသော်လည်း ထွက်မပြေးရဲချေ။

သူမ အဖျားကြီးလွန်း၍ သတိလစ်သွားသောအခါ တစ်စုံတစ်ယောက်က သူမ၏ နဖူးပေါ်၌ ရေစိုအဝတ်ကို တင်ပေးခဲ့၏။

သူမ ကြားလိုက်ရသည်မှာ

"တစ်ခါတစ်လေ မင်း အမြဲတမ်း ဖျားနေဖို့ တကယ် ဆုတောင်းမိတယ်၊ အဲအခါကျ မင်း ကိုကို့ကို ဆက်ပြီး မှီခိုနေရလိမ့်မယ်"

၎င်းက အစ်ကိုကြီး ယွမ်အောင်း၏ အသံ ဖြစ်သည်။ ဤသည်မှာလည်း ယွမ်လော့ရီတစ်ယောက် ယခင်က အစ်ကိုကြီး ယွမ်အောင်းကို ကြောက်ခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုပင်။

သူမ၏ အစ်ကိုငါးယောက်စလုံးတွင် အမှောင်ခြမ်းများ ရှိကြပြီး ယွမ်လော့ရီက ၎င်းတို့အားလုံးကို မြင်တွေ့ခဲ့ရသည်။

ယွမ်လော့ရီသည် ယခင်ဘဝ၌ ကြောက်ရွံ့ခဲ့ပြီး သူမ၏ အစ်ကိုများက သူမအား တကယ် စိတ်ပူခဲ့သည်ကို မသိခဲ့ဘဲ သူမ သေသွားပြီးမှသာ နောင်တရခဲ့သည်။

ဤဘဝတွင် ယွမ်လော့ရီသည် သူမ၏ အစ်ကိုများ၏ နူးညံ့သည့်ဘက်ခြမ်းကို ရှာတွေ့ခဲ့ပြီး တစ်ချိန်တည်းမှာပင် သူမ အစ်ကိုများ၏ ကြောက်စရာကောင်းသည့် ဘက်ခြမ်းကိုလည်း လက်ခံရန် ဆုံးဖြတ်လိုက်၏။

All Chapters