အခန်း (၂၆)
Vol. 3 Ch. 26
နောက်တစ်နေ့ ယွမ်လော့ရီ နိုးလာချိန်၌ ခေါင်းအနည်းငယ် မူးနေတုန်းပင်။ သူမ အိမ်မက်ထဲတွင် အချိန်နောက်ပြန်ခရီးသွားခဲ့စဉ်က ပထမဆုံးမြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်လည်မက်ခဲ့၏။ ထိုအရာမှာ သူမ၏ အစ်ကိုကြီး ယွမ်အောင်း၏ သေဆုံးခြင်းဓာတ်ပုံဖြစ်သည်။
သူသည် သွေးအိုင်ထဲတွင် လဲလျောင်းနေခဲ့ပြီး မျက်လုံးများကို တင်းတင်းမှိတ်ထားကာ ယခင်ကထက်ပင် ပို၍ဖြူဖျော့နေခဲ့သည်။
သူမသာ အသတ်ခံရမည်ဆိုပါက ယမမင်းမှ သူတို့ကို ပြန်လည်ဆုံစည်းစေသည်ထိတိုင်အောင် သူမအတွက် လက်စားချေပေးမည်ဟု သူကတိပေးခဲ့ဖူး၏။ ယခင်ဘဝတွင် ယွမ်အောင်းသည် သူ၏ကတိကို တည်ခဲ့ပေသည်။
သတင်းများတွင် ဖော်ပြသည်မှာ သူသည် လုံးဝရူးသွပ်သွားသည့်အခြေအနေတွင် ယွမ်လော့ရီအား သေဒဏ်ချမှတ်ခဲ့သော တရားသူကြီးသုံးဦးနှင့် ပါဝင်ပတ်သက်သည့် မရေမတွက်နိုင်သော လူများကို ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့သည်ဟု ဆို၏။ သူ၏ဒေါသ၊ အမုန်းတရားနှင့် နာကျင်ခံစားမှုတို့မှာ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လှပြီး ဘယ်လောက်ပင် သတ်ဖြတ်နေပါစေ သူ့ကို လွတ်မြောက်မှု မပေးနိုင်ခဲ့ချေ။
သူ၏ဘဝ နောက်ဆုံးစက္ကန့်ပိုင်းအထိ ယွမ်အောင်းသည် လက်စားချေရန် ကြိုးစားနေဆဲဖြစ်သော်လည်း ကံမကောင်းစွာဖြင့် တရားခံအစစ်အမှာ သူ၏လက်ထဲမှ လွတ်မြောက်သွားခဲ့ပြီး သူ့ကိုပင် ပြန်လည်သတ်ဖြတ်သွားခဲ့သည်။
ယွမ်မိသားစု၏ အဓိကဝင်ရိုးသဖွယ်ဖြစ်သော ပုဂ္ဂိုလ်ကို ဆုံးရှုံးလိုက်ရသဖြင့် ကျန်ရှိသော ညီအစ်ကိုလေးယောက်အကြား အတွင်းသဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့ကြ၏။ တစ်ယောက်ချင်းစီက တရားခံကို လိုက်လံရှာဖွေခဲ့ကြရာမှ အဆုံးတွင် ယွမ်မိသားစုတစ်စုလုံး သေဆုံးခြင်းသို့ ဦးတည်သွားခဲ့သည်။
ယခုအခါတွင် ယွမ်လော့ရီသည် သူမ၏ ယခင်ဘဝက မှတ်ဉာဏ်များကို ပြန်လည်ရရှိလာခဲ့ပြီဖြစ်သည်။ ယွမ်မိသားစု၏ အနာဂတ်ကို သိရှိသည့် တစ်ဦးတည်းသောသူဖြစ်သည့်အလျောက် သူမသည် သူမ၏လွှမ်းမိုးမှုကို စဉ်ဆက်မပြတ်မြှင့်တင်ရန်၊ သူမ၏ အချိန်နောက်ပြန်သွားနိုင်သည့် စွမ်းရည်ကို နှိုးဆွရန်နှင့် တရားခံအစစ်အမှန်ကို ရှာဖွေရန် လိုအပ်ပေ၏။
သူမ၏လွှမ်းမိုးမှုကို မြှင့်တင်ရန် အခွင့်အရေးတစ်ခုမှာ ယနေ့မွန်းလွဲပိုင်းတွင် ပေါ်လာခဲ့သည်။ အစီအစဉ်ရိုက်ကူးရေးအဖွဲ့မှ သူတို့၏ ကာယအတန်းချိန်က်ု လာရောက်ရိုက်ကူးမည်ဖြစ်ရာ ယွမ်လော့ရီသည် ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ အမိအရဆုပ်ကိုင်ရန် ဆုံးဖြတ်လိုက်၏။
ထုံးစံအတိုင်းပင် ယွမ်လော့ရီသည် Star Galaxy အလယ်တန်းကျောင်းသို့ ရောက်ရှိလာပြီး နံနက်ပိုင်းအတန်းများကို တက်ရောက်ကာ နေ့လယ်ပိုင်းတွင် ယွိဟွားနှင့်အတူ အားကစားခန်းမသို့ သွားခဲ့သည်။
ပထမနှစ်ကျောင်းသားအားလုံး တက်ရောက်နေကြပြီး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ အကြောင်းမှာ ကာယဆရာအသစ်သည် ထက်မြက်သည့် စစ်သားကြီးတစ်ဦးဖြစ်ပြီး သူနှင့်အတူ သေနတ်များထည့်ထားသော သေတ္တာကြီးနှစ်လုံးကို ယူဆောင်လာသည်ဟု ကြေညာလိုက်သောကြောင့် ဖြစ်သည်။
"နေ့တိုင်းနေ့တိုင်း ပြေးလမ်းပေါ်မှာ ပတ်ပြေးနေရတာက ကျောင်းသားတွေကို တုံးအ,နေစေတယ်၊ သန်မာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်မာကျောဖို့အတွက် လက်တွေ့တိုက်ခိုက်တာက အထိရောက်ဆုံးပဲ၊ ဒီနေ့ ငါတို့အားလုံး သေတဲ့အထိတိုက်ခိုက်ရမယ့်ပွဲကို ကစားကြမယ်၊ တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်တဲ့အထိ သေတဲ့အထိ တိုက်ခိုက်ကြရမယ်"
ထို့ကြောင့် ယွမ်လော့ရီသည် မိနစ်သုံးဆယ်ကြာမြင့်မည့် "သေသည်အထိတိုက်ခိုက်ရမည့်ပွဲ" တွင် ပါဝင်ဆင်နွှဲရန် သေနတ်တစ်လက်ကို ကောက်ကိုင်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
ဤသေနတ်များမှာ အစစ်မဟုတ်သည်မှာတော့ အမှန်ပင်။ ၎င်းတို့တွင် ဆေးရောင်ကျည်ဆံများ ထည့်ထားပြီး ထိမှန်ပါက လက်သီးဖြင့် အထိုးခံရသကဲ့သို့ ခံစားရကာ အနည်းငယ်နာကျင်သော်လည်း သိပ်တော့မပြင်းထန်လှပေ။
စစ်သားများက ကျောင်းသားများကို တစ်ဦးချင်းရွေးချယ်ပြီး သေနတ်အသုံးပြုနည်းကို တစ်ယောက်ချင်း သင်ကြားပေးနေကြရာ လူတိုင်းက စိတ်အားထက်သန်စွာ လေ့လာနေကြ၏။
ထုံးစံအတိုင်းပင် စုရွှင်းသည် အလွန်လူချစ်လူခင်ပေါများပြီး အဆင့်မြင့်စစ်သားတစ်ဦးက သူမကို အလျင်အမြန်ပင် ရွေးချယ်သွားခဲ့သည်။
သူတို့နှစ်ဦးက ပျော်ရွှင်စွာ စကားပြောဆိုနေကြပြီး သူမသည်လည်း လျင်မြန်စွာပင် သင်ယူတတ်မြောက်သွားခဲ့၏။
ယောက်ျားလေးများနှင့် မိန်းကလေးများက စုရွှင်းကို ဝန်းရံထားပြီး ချီးကျူးစကားများဖြင့် ဝိုင်းဝန်းပြောဆိုနေကြသည်။
"ဝိုး စုရွှင်း နင်သေနတ်ပစ်တဲ့ပုံစံက အရမ်းဆရာကျတာပဲ”
"နင်က တကယ်တော်တာပဲ"
"ကြည့်ရတာ မိုက်လည်းမိုက် လှလည်းလှတယ်"
စုရွှင်းက ကျိုးနွံစွာဖြင့် ပြန်ပြောလေသည်။
"အဲလောက်လည်း မဟုတ်ပါဘူး၊ နင်တို့အကုန်လုံးက ငါ့ထက်ပိုတော်ကြပါတယ်"
စုရွှင်းသည် ယွမ်လော့ရီဘက်သို့ ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ရာ သူမကတစ်ယောက်တည်း ရပ်နေပြီး မည်သည့်စစ်သားကမှ သူမအား သေနတ်အသုံးပြုနည်းကို သင်ကြားပေးလိုခြင်းမရှိသည်ကို တွေ့လိုက်ရ၏။
စုရွှင်းသည် ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် တောက်ပစွာ ပြုံးလိုက်သည်။ သူမသည် သနားကြင်နာဟန်ဆောင်ကာ အထက်စီးဆန်သည့်လေသံဖြင့် ယွမ်လော့ရီထံသို့ လက်ကမ်းပေးရင်း မေးလိုက်၏။
“အကူအညီလိုသေးလား"
ယွမ်လော့ရီသည် စုရွှင်းကို လျစ်လျူရှုပြီး သေနတ်ကို ကိုယ်တိုင်ပင် ဟိုဟိုဒီဒီလှည့်ကြည့်ကာ စမ်းသပ်နေလိုက်သည်။ တစ်စုံတစ်ယောက်မှ သင်မပေးလျှင်တောင် သူမ အသုံးပြုတတ်၏။ အကြောင်းမှာ ဘဝတစ်ခုတွင် သူမသည် အမဲလိုက်သည့် မုဆိုးတစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့်ပင်။
"ဟွန့်"
စုရွှင်းသည် မျက်လုံး လှန်လိုက်သော်လည်း အခြားသူများဘက်သို့ လှည့်လိုက်သည့်အခါတွင်မူ ချိုသာနူးညံ့စွာ ပြန်လည်ပြုံးပြနေခဲ့၏။
ရုတ်တရက် တစ်စုံတစ်ယောက်က ယွမ်လော့ရီအနားသို့ ချဉ်းကပ်လာသည်။ မော့ကြည့်လိုက်သည့်အခါ၌ သူမ မြင်လိုက်ရသည်မှာ တတိယအစ်ကို ယွမ်ရုံ ဖြစ်နေ၏။
ယွမ်လော့ရီသည် အံ့ဩမှုဖြင့် မျက်လုံးများဝိုင်းစက်သွားသည်။
"ကိုကို"
"ရှုး"
ယွမ်ရုံသည် ကြောင်တစ်ကောင် ကိုယ်ဆန့်လိုက်သကဲ့သို့ နူးညံ့ပျော့ပျောင်းပြီး သွက်လက်သော လှုပ်ရှားမှုဖြင့် အောက်သို့ လျင်မြန်စွာ ငုံ့ချလိုက်ပြီး ယွမ်လော့ရီ၏ နားနားကပ်၍ တိုးတိုးလေးပြောလိုက်သည်။
"မင်း ကိုကို့ကို မသိချင်ယောင်ဆောင်နေ"
ယွမ်လော့ရီက မေးလေသည်။
“ဒါဆို ဘယ်လိုခေါ်ရမလဲ"
"နည်းပြ"
"ဟုတ်ကဲ့ နည်းပြ၊ နည်းပြက ဘာလို့ ဒီကိုရောက်နေတာလဲ"
"မင်းတို့ရဲ့ ကာယဆရာအသစ်က ကိုကို့သူငယ်ချင်းပဲ၊ ဒီကို အကူအညီပေးရင်းနဲ့ မင်းကိုလာကြည့်တာ၊ မင်းကို ကိုကိုကိုယ်တိုင် သင်ပေးချင်လို့ သူတို့ကို မသင်ပေးဖို့ ပြောထားတာ"
ထိုအခါမှ ယွမ်လော့ရီသည် စစ်သားများက သူမကို မြင်သည့်အခါ အဘယ်ကြောင့် ရှောင်ဖယ်သွားကြသည်ကို နားလည်သွားတော့၏။
ယွမ်ရုံသည် ယွမ်လော့ရီ၏ သေနတ်ကို ကောက်ကိုင်လိုက်ပြီး သွယ်လျသော လက်ချောင်းများက သေနတ်ပြောင်းပေါ်ရှိ အထစ်အချိုင့်များကို ပွတ်သပ်စမ်းသပ်ရင်း သေချာစစ်ဆေးနေသည်။
"မင်းရွေးထားတဲ့သေနတ်က ကောင်းတယ်၊ အလေးချိန်က မျှတပြီး မင်းအတွက် အနေတော်ပဲ"
ယွမ်လော့ရီသည် ယခင်ဘဝတစ်ခုတွင် မုဆိုးဖြစ်ခဲ့ဖူးသည့် မှတ်ဉာဏ်တစ်စွန်တစ်စကို အခြေခံ၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သေနတ်ကောင်းတစ်လက်သည် တည်ငြိမ်သော ဆွဲအားဗဟိုချက်ရှိရမည် သို့မဟုတ်ပါက လက်ချောင်းများမှ အနည်းငယ်တုန်ခါမှုကပင် ပစ်မှတ်ကို လွဲချော်သွားစေနိုင်၏။
ယွမ်ရုံက သေနတ်ကို ယွမ်လော့ရီထံ ပြန်ပေးလိုက်သည်။
"သေနတ်ပစ်တဲ့ပုံစံ တစ်ခေါက်လုပ်ပြ"
ယွမ်လော့ရီသည် ထိုင်ချလိုက်ပြီး သေနတ်ကိုပွေ့ကာ မှန်ပြောင်းမှတစ်ဆင့် ချိန်ရွယ်လိုက်၏။ သူမမှာ အလွန်သေးလွန်းသည့်အတွက် ပစ်ခတ်လိုက်သည့်အခါ၌ ပြင်းထန်သောနောက်ပြန်ကန်အားကြောင့် သူမကိုယ်လုံးအား ယိုင်ထွက်သွားစေနိုင်ပြီး ပစ်မှတ်ကို လွဲချော်သွားစေလိမ့်မည်။ သူမကဲ့သို့ ကလေးမလေးတစ်ယောက်အတွက် အကောင်းဆုံးနည်းလမ်းမှာ ထိုင်၍ပစ်ခြင်းဖြစ်ပြီး သူမ၏ ကိုယ်အလေးချိန်ကို အသုံးပြု၍ သေနတ်ကို တည်ငြိမ်အောင် ထိန်းထားရမည်ဖြစ်သည်။
ယွမ်ရုံက ပြုံးလိုက်သည်။
"မင်းမှာ ဗျူဟာကျတဲ့ အတွေးအခေါ်ရှိသားပဲ၊ တစ်ယောက်ယောက်က သင်ပေးထားတာလား"
ယွမ်လော့ရီက ဖြေ၏။
"မသင်ပေးပါဘူး"
ယွမ်ရုံသည် သူမ၏ ကိုယ်နေဟန်ထားကို စတင်ပြုပြင်ပေးလာ၏။ တစ်ခါတစ်ရံ သူမ လက်များကို လမ်းညွှန်ပေးပြီး တစ်ခါတစ်ရံ သူမ၏ ကျောကို ဖွဖွလေးပုတ်ကာ သူမအား စံကျသော သေနတ်ပစ်ဟန်ကို ရရှိသည်အထိ ပြုပြင်ပေးခဲ့သည်။
“စစ်မြေပြင်မှာ ၁၁ နှစ်အရွယ် လက်ဖြောင့်တပ်သားတစ်ယောက်ကတောင် လူအများကြီးကို သတ်နိုင်တယ်၊ မင်းမှာ ဒီအတွက် ပါရမီရှိတယ်"
သူသည် ရုတ်တရက်ပင် နက်ရှိုင်းပြီး သြဇာပါသော ရယ်သံဖြင့် ရယ်လိုက်၏။ သူ၏အသံမှာ ဝေလငါးတစ်ကောင်၏ သီချင်းသံကဲ့သို့ သာယာငြိမ့်ညောင်းလှသည်။
"မင်းကို ယုန်ဘယ်လိုသတ်ရမလဲ သင်ပေးခဲ့တာ မှတ်မိသေးလား"
ယွမ်လော့ရီ ဘယ်လိုလုပ် မေ့နိုင်မှာလဲ။
လူငယ်လေး ယွမ်ရုံက ထိုအရာကို လှပသည်ဟု ယူဆခဲ့သော်လည်း ခြောက်နှစ်အရွယ် ယွမ်လော့ရီကမူ သဘောမတူခဲ့ပေ။ သူမသည် ကြောက်လန့်တကြား မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စိုက်ကြည့်ရင်း ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေးထိုင်ကာ လူကြီးများက သူမကို အမြန်လာကယ်တင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။
ယွမ်ရုံက ပြောခဲ့သည်။
“သားကောင်တစ်ကောင်အတွက် အမြန်ဆုံးသတ်ပေးတာက အကြီးမားဆုံး ကရုဏာပဲ မတွန့်ဆုတ်နဲ့ ကျန်တာကို မင်းရဲ့ဗီဇစိတ်အတိုင်း ထားလိုက်၊ တစ်ခါလောက် စမ်းကြည့်ပြီးရင် ကိုကိုဘာကိုဆိုလိုလဲ နားလည်သွားလိမ့်မယ်"
သူသည် သူ၏လက်ကို ယွမ်လော့ရီ၏ ပခုံးပေါ်တင်လိုက်သည်။
"ကဲ အသက်ကိုပြင်းပြင်းရှူ၊ ပစ်မှတ်ကိုချိန်၊ အာရုံစိုက်ထား၊ ပတ်ဝန်းကျင်က ဆူညံသံတွေ တိတ်ဆိတ်သွားတဲ့အခါကျ မောင်းကိုဆွဲလိုက်"
ယွမ်လော့ရီသည် သူ၏ညွှန်ကြားချက်များအတိုင်း လိုက်လုပ်ခဲ့သည်။ ကျောင်းသားများ၏ ရယ်မောသံများ တဖြည်းဖြည်း တိုးလျှိုးသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဝါးတားတားဖြစ်သွားကာ သူမ၊ သေနတ်နှင့် ပစ်မှတ်သာ ကျန်ရှိတော့သည်။
[ T/N - သူမရယ်၊ သေနတ်ရယ်၊ ပစ်မှတ်ရယ်]
"ဒိုင်း"
ယွမ်လော့ရီ မောင်းကိုဆွဲလိုက်သည်။ ပြင်းထန်သည့် နောက်ပြန်ကန်အားက သူမ၏ ခန္ဓာကိုယ်ထဲသို့ ပူနွေးသောလှိုင်းလုံးတစ်ခုကို ပို့လွှတ်လိုက်ပြီး မီတာတစ်ရာအကွာရှိ ပစ်မှတ်၏ အလယ်ဗဟိုသည် ဆေးရောင်ကျည်ဆံထိမှန်မှုကြောင့် အနီရောင်မီးခိုးတန်းတစ်ခုအဖြစ် ပေါက်ကွဲသွား၏။
ယွမ်ရုံ၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။
“တော်တယ်"
သူသည် လူကြီးလူကောင်းဆန်စွာ လက်ကမ်းပေးလိုက်၏။
"မင်းနဲ့ကိုကိုက မွေးရာပါမုဆိုးတွေပဲ၊ တခြားကျောင်းသားတွေက မင်းရဲ့သားကောင်တွေပဲ ဖြစ်နိုင်မှာ သူတို့မှာ မင်းနဲ့တန်းတူ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူး၊ လေ့ကျင့်မှုပြီးပြီ ထပြီး အနားယူတော့"
ယွမ်လော့ရီသည် ယွမ်ရုံ၏ လက်ကိုကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။
သူမ ပတ်ပတ်လည်ကို ကြည့်လိုက်၏။ ကျောင်းသားများသည် သေနတ်ပစ်သင်ယူနေကြသော်လည်း အနည်းငယ်သာ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ကြသည်။
အဝေးမှ လူအုပ်ကြီးတစ်အုပ်သည် အမျိုးမျိုးသော ပစ္စည်းကိရိယာများကို သယ်ဆောင်ကာ ချွေးသံတရွှဲရွှဲဖြင့် ချဉ်းကပ်လာကြသည်။ ဒါရိုက်တာကျန်းက ရှေ့ဆုံးမှ ဦးဆောင်လာပြီး ယပ်ခတ်ရင်း မောဟိုက်စွာ လျှောက်လှမ်းလာ၏။
ကျောင်းသားများသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။ နောက်ဆုံးတွင် ရိုက်ကူးရေးအဖွဲ့ ရောက်ရှိလာချေပြီ။
မိန်းကလေးအများစုသည် ကင်မရာတွင် ပါလိုပါငြားဖြင့် ခေါင်းလျှော်လာခဲ့ကြပြီး၊ ယောက်ျားလေးများကမူ အရပ်ရှည်သယောင်ဖြစ်စေရန် ဖိနပ်ထဲတွင် အရပ်ရှည်ဖိနပ်ပြားများ ခိုးဝတ်လာခဲ့ကြသည်။
ရိုက်ကူးရေးအဖွဲ့သည် သင့်တော်သော ရိုက်ကွင်းနေရာကို ရှာဖွေပြီး ကင်မရာများကို နေရာချထားလိုက်သည်။ ကျောင်းသားများသည် ကင်မရာရှေ့တွင် အမှတ်မထင် လမ်းဖြတ်လျှောက်ဟန်ဆောင်ကာ သူတို့ကိုယ် သူတို့ ပြသနေကြသော်လည်း ဒါရိုက်တာကျန်းက မီးပလပ်ကြိုးများ ရှာဖွေနေဆဲဖြစ်၍ ကင်မရာများ မဖွင့်ရသေးသည်ကိုမူ သူတို့မသိကြပေ။
ယွမ်ရုံက နှမြောတသစွာဖြင့် ပြောလိုက်သည်။
"ကိုကိုအခု သွားရတော့မယ်"
ယွမ်လော့ရီက မေးလေ၏။
“ဘယ်သွားမလို့လဲ"
ယွမ်ရုံက ပြန်ဖြေသည်။
"ကင်မရာတွေ မမြင်နိုင်တဲ့နေရာတစ်နေရာကိုပေါ့၊ စိတ်မပူနဲ့ ကိုကိုမင်းကို စောင့်ကြည့်နေမှာပါ"
သူသည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဦးထုပ်ကိုချွတ်ကာ လေထဲတွင် လှပသော မျဉ်းကွေးအနည်းငယ်ကို ဆွဲပြလိုက်သည်။ နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ မင်းသားတစ်ဦးကဲ့သို့ ခန့်ညားထည်ဝါ၍ ဖြည်းညင်းစွာ ဦးညွှတ်အရိုအသေပေးလိုက်၏။
"မင်းအတွက် အကောင်းဆုံးဆုတောင်းပေးပါတယ်"
ယွမ်ရုံသည် ဦးထုပ်ကိုပြန်ဆောင်းကာ ထွက်ခွာသွားခဲ့သည်။
ယွမ်လော့ရီသည် သူ၏ ကျောပြင်ကို စိုက်ကြည့်နေမိ၏။ ရုပ်ရည်သွင်ပြင်ကိုသာ ကြည့်မည်ဆိုလျှင် တတိယအစ်ကို ယွမ်ရုံသည် အပြစ်ဆိုဖွယ်မရှိသော ယောက်ျားတစ်ယောက်ပင်။ သူ၌ ညှို့ဓာတ်ပြင်းသော ဆွဲဆောင်မှုရှိပြီး တော်ဝင်ဆန်ကာ ခန့်ညားထည်ဝါသည့် အရှိန်အဝါကို ပေးစွမ်းသည်။ သို့သော် ယွမ်လော့ရီ သိသည်မှာ သူ၏ပင်ကိုစရိုက်မှာမူ ကြမ်းကြုတ်ပြီး သွေးဆာနေတတ်သည်ကိုပင်။
သူ၏ အမှောင်ဘက်ခြမ်း ရုတ်တရက် ပေါ်ထွက်လာသည့်အခါတွင် သူသည် လုံးဝမတူညီသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်၏။
"ဒင် ဒင် ဒင်"
ကာယဆရာက ဝီစီမှုတ်လိုက်ရာ ယွမ်လော့ရီအပါအဝင် ကျောင်းသားအားလုံး သေနတ်ကိုင်ဆောင်လျက် စုရုံးလိုက်ကြသည်။
ကင်မရာများ နောက်ဆုံးတွင် ဖွင့်လိုက်ပြီဖြစ်ပြီး သေသည်အထိတိုက်ခိုက်ရမည့်ပွဲမှာ စတင်လာတော့မည်။