← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

ဘန်း!

သေနတ်သံ တစ်သံ ထွက်ပေါ်လာပြီး ဆေးရောင်များ ပေါက်ကွဲသွားကာ စုရွှင်းမှာ လူပြက်တစ်ဦး၏ မျက်နှာကဲ့သို့ ဆေးရောင်များ မျိုးစုံ ပေကျံသွားခဲ့သည်။ သူမ၏ ဆံပင်မှာလည်း အဖြူရောင် ဖြစ်သွားပြီး သူမကို ဂျုံအိတ်ထဲ ပြုတ်ကျသွားသည့် ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေစေ၏။

သို့သော် ပစ်လိုက်သည့် သူမှာ ယွမ်လော့ရီ မဟုတ်ဘဲ စုရွှင်း၏ ဘေး၌ အေးစက်သော အမူအယာနှင့် ပုံမှန်အတိုင်း ရပ်နေကာ လက်ထဲတွင် သေနတ်ကိုင်ထားသည့် စန်းကျွင်းရွှမ်ပင်။

အနီးကပ် အနေအထားနှင့် အပစ်ခံလိုက်ရသည်မှာ နာကျင်မည် ဖြစ်သော်လည်း စုရွှင်းက မငိုဘဲ သူမ၏ သခင်မလေး ပုံစံအား ထိန်းသိမ်းထားသဖြင့် ယွမ်လော့ရီ အံ့ဩသွားခဲ့သည်။

သူမရဲ့ ဇာတ်ကောင်အတွက် တော်တော်လေး မြှုပ်နှံထားတာပဲ။

စန်းကျွင်းရွှမ်၏ ရုတ်တရက် သစ္စာဖောက်မှုက စုရွှင်းကို သတိလွတ်သွားပြီး ဒေါသထွက်စေခဲ့၏။

စုရွှင်း : “နင်”

စန်းကျွင်းရွှမ်က ခံစားချက် မရှိစွာ ပြောလိုက်သည်။

“မင်းက အလောင်းကောင် ဖြစ်နေသင့်တာလေ အလောင်းတွေက စကားမပြောနိုင်ဘူး”

စုရွှင်း အလွန် ဒေါသထွက်သွားသည်မှာ သူမ၏ ငွေရောင်သွားကို ကိုက်ချိုးမိလုနီးပါးပင်။

ဤဒရမ်မာဆန်သည့် သစ္စာဖောက်မှုမှာ ဒါရိုက်တာကျန်း နှစ်သက်မည့် ပုံစံအတိအကျ ဖြစ်ပြီး ကင်မရာများက ချက်ချင်း တုန်လှုပ်နေသော စုရွှင်းဘက်သို့ လှည့်လာကာ အနီးကပ် ရိုက်ချက် ယူလိုက်ကြသည်။ စုရွှင်းက သူမ၏ အမူအယာအား ထိန်းထားနိုင်ရန်အတွက် သူမ၏ ခွန်အားများ အားလုံးကို စုစည်းထားရ၏။ ဂိမ်းရှုံးခြင်းမှာ ပရိတ်သတ်များ နည်းသွားစေရုံသာ ဖြစ်ပြီး သူမ၏ သန့်စင်သော သခင်မလေး ပုံရိပ်သာ ပြိုလဲသွားပါက အရာအားလုံး အဆုံးသတ်သွားမည် ဖြစ်သည်။

စုရွှင်းအား ကာကွယ်ရမည့် ကောင်လေး သုံးဦးမှာ သူမ အဖြုတ်ခံလိုက်ရသည်ကို မြင်သောအခါ တစ်ခဏမျှ အေးခဲသွားခဲ့ပြီး သူမအတွက် လက်စားချေဖို့ သတိရသွားကြ၏။

“စန်းကျွင်းရွှမ် လူယုတ်မာကောင်”

စန်းကျွင်းရွှမ်က ထိုသုံးယောက်ကို ပစ်ခတ်နေသော်ငြား လွဲချော်နေပြီး သူတို့ကလည်း သူ့ကို တူညီသည့် ဆိုးရွားသော ပစ်ချက်များနှင့် ပြန်လည် ပစ်ခတ်ခဲ့ကြသည်။ ရောင်စုံ ဆေးလုံးလေးများမှာ ဟိုဘက်နှင့် ဒီဘက် ပျံသန်းနေကြပြီး နံရံများနှင့် အားကစားဆရာ၏ ရင်ဘတ်ကိုပင် ပေပွသွားစေသော်လည်း သူတို့ ပစ်ခတ်နေသည့် ပစ်မှတ်ကိုမူ မထိခဲ့ပေ။

လွဲချော်နေသော အနီးကပ် ပစ်ခတ်မှု ပြီးချိန်မှာတော့ သူတို့၏ လက်နက်များအား ချထားလိုက်ကြပြီး သေနတ်များကို ဘော့စ်ဘောရိုက်တံကဲ့သို့ အသုံးပြု၍ တစ်ဦးကိုတစ်ဦး အထိန်းအကွပ်မဲ့စွာ ရိုက်နက်ကြလေသည်။

အားကစားဆရာ၏ အမူအရာမှာ မပြောင်းလဲသွားသော်လည်း ကောင်းနေသေးသော လက်နက်များကို အလွဲသုံးစား လုပ်နေသည့်အတွက် သူ့နှလုံးသားမှာ နာကျင်နေရ၏။

ယွမ်လော့ရီက ချုံပုတ်ထဲတွင် ဝပ်နေပြီး ထူးဆန်း၍ စိတ်ဝင်စားစရာ ကောင်းသည့် မြင်ကွင်းကို ကြည့်နေခဲ့သည်။

မကြာခင်မှာပင် စန်းကျွင်းရွှမ်၏ သေနတ်မှာ တိုက်ချခံလိုက်ရကာ ကောင်လေးနှစ်ဦးက သူ့ကို ဖမ်းချုပ်ထားခဲ့၏။

တတိယကောင်လေးက သူ့သေနတ်ကို စန်းကျွင်းရွှမ်ဘက်သို့ ချိန်ရွယ်ကာ ပြောလိုက်သည်။

“သေလိုက်တော့”

သို့သော် သေသွားသည်မှာ စန်းကျွင်းရွှမ် မဟုတ်ဘဲ ယွမ်လော့ရီ၏ ပစ်ခတ်မှုကို အရင်ဆုံး ထိမှန်သွားသော ထိုကောင်လေး ကိုယ်တိုင်ပင် ဖြစ်၏။

အနက်ရောင်ဆေးက သူ့ရင်ဘတ်ပေါ်တွင် ပေါက်ကွဲသွားကာ ခြေလှမ်းနှစ်လှမ်းပင် နောက်ပြန်ဆုတ်သွားရပြီး အလွန် အံ့ဩနေလေသည်။

“ငါ သေသွားပြီလား”

“ဘန်း ဘန်း”

မီတာတစ်ရာ အကွာလောက်မှ ယွမ်လော့ရီမှာ နောက်ထပ် သေနတ်နှစ်ချက် ဆက်တိုက် ပစ်လိုက်ပြီး အခြား ကောင်လေး နှစ်ဦး၏ ရင်ဘတ်ပေါ်သို့ တည့်တည့် ထိမှန်သွားခဲ့၏။ သူတို့အတွက်မူ ယွမ်လော့ရီမှာ တိတ်ဆိတ်ကာ မမြင်နိုင်သည့် သေမင်းတစ်ဦးကဲ့သို့ ဖြစ်ပြီး သူတို့၏ အသက်များကို ရုတ်တရက် နုတ်ယူသွားခဲ့သည်။

သူတို့ အားလုံး အနက်ရောင်ဆေးများ ပေကျံနေပြီး ထိုနေရာ၌ ကြောင်အစွာ ရပ်နေကြ၏။

မှတ်ချက်များ တက်လာလေသည်။

“ဘုရားရေ အဲတာက ယွမ်လော့ရီရဲ့ ပစ်ချက်တွေမလား မီတာတစ်ရာ အကွာကနေ ပစ်တဲ့ ပစ်ချက် သူ့ရဲ့ ချိန်ဆနိုင်စွမ်းက အံ့ဩစရာပဲ”

“သူ ဘယ်နေရာမှာ ပုန်းနေတာလဲ”

“အား ဘယ်လိုလုပ် ကလေးမလေး တစ်ယောက်က တစ်ချိန်တည်းမှာပဲ ချစ်စရာကောင်းပြီး မိမိုက်နေနိုင်ရတာလဲ”

သေနတ်မှ ပြန်ကန်မှုကြောင့် ယွမ်လော့ရီ၏ လက်မှာ အနည်းငယ် ထုံကျင်သွားခဲ့၏။

သူမ ချုံပုတ်ထဲမှ ထွက်လာပြီး သစ်ရွက်ခြောက်များကို ခါချ၍ တည်ငြိမ်စွာ လျှောက်လာခဲ့သည်။ ကင်မရာများမှာ သူမကို ရိုက်ကူးရန်အတွက် ချက်ချင်း လှည့်လာပြီး ဒါရိုက်တာကျန်းကလည်း အခိုက်အတန့်တိုင်းကို ဖမ်းယူထားနိုင်ရန် သူမ၏ မျက်နှာအား ကင်မရာနှင့် ချိန်ထားခဲ့၏။

ယခု ယွမ်လော့ရီနှင့် စန်းကျွင်းရွှမ် နှစ်ဦးတည်းသာ ကျန်တော့သည်။ ယွမ်လော့ရီ သူ့ကို အဆုံးသတ်ရန် ချဥ်းကပ်လာချိန်တွင် စန်းကျွင်းရွှမ်မှာ လဲလျောင်းနေကာ ခုခံနိုင်‌မည့် အင်အား မရှိတော့ပေ။

အားလုံးက ယွမ်လော့ရီကို အံ့အားသင့်စွာ ကြည့်လိုက်ကြပြီး သူမ၏ လှုပ်ရှားမှုများကို လိုက်ကြည့်နေကြကာ လုံးဝ စွဲလမ်းသွားကြ၏။

အတန်း Aရှိ အတန်းသားများမှာ ယွမ်လော့ရီအား ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ လိုက်ကြည့်နေကြသည်။

ယခင် ယွမ်လော့ရီမှာ စကားနည်းကာ သူမဘာသာ နေလေ့ရှိ၏။ ယခုလည်း သူမ တစ်ဦးတည်း ဖြစ်သော်ငြား ဩဇာအာဏာရှိသော အရှိန်အဝါမျိုးကို ထုတ်လွှတ်နေလေသည်။

သူမက စတင် ပြောင်းလဲလာပြီး ၎င်းမှာ သူမကို ပိုမို သာမန်ဆန်၍ ဆွဲဆောင်မှု ရှိလာစေ၏။

စန်းကျွင်းရွှမ်၏ ဘေးတွင် မတ်တပ်ရပ်၍ သူမ၏ အနက်ရောင် muzzle သေနတ်ကို သူ့ရင်ဘတ်ပေါ်၌ ချိန်ထားလိုက်သည်။

စန်းကျွင်းရွှမ်က တောင်းဆိုလာ၏။

“နားထောင်ပါဦး ငါ မင်းကို ကာကွယ်ပေးဖို့ စုရွှင်းကို ထုတ်လိုက်တာ၊ တကယ်လို့ သူသာ မင်းပုန်းနေတဲ့ နေရာကို တွေ့သွားမယ်ဆိုရင် မင်း ပြဿနာတက်နေလောက်ပြီ”

ယွမ်လော့ရီ မည်သည်မျှ ပြန်မပြောလိုက်ပေ။

ဒီအပတ်အတွင်း သူ ယွမ်လော့ရီနှင့် ဤမျှ နီးကပ်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်ကို စန်းကျွင်းရွှမ် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူတို့၏ ဆက်ဆံရေးမှာ လုံးဝ ကွဲကွာသွားခဲ့ပြီပင်။

သူ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည်မျှ မလုပ်နိုင်ပေ။

ကြာရှည်စွာ သိမ်းဆည်းထားခဲ့သော မှတ်ဥာဏ်များက ပြန်ပေါ်လာလေ၏။ သူ ယွမ်လော့ရီအား ပထမဆုံး စတွေ့ခဲ့သည့် အချိန်ကာလကို ပြန်တွေးကြည့်လိုက်သည်။ သူမက သူ့ကို စိတ်ပျက်အားငယ်ခြင်းမှ ကယ်တင်ပေးခဲ့ပြီး တစ်ဦးအပေါ် တစ်ဦး မှီခိုခဲ့ကြဖူး၏။

မူလတန်းတက်စဉ်က စန်းကျွင်းရွှမ်၏ အိမ်တွင် အမြဲတစေ ဆူညံသံများနှင့် ပြည့်နေခဲ့သည်။

မေမေစန်းမှာ ဒေါသတကြီး ပေါက်ကွဲ၍ ငိုယို ကျိန်ဆဲနေပြီး သူမ၏ ဆံပင်များမှာလည်း ရှုပ်ပွနေတတ်၏။ တရုတ်ဘာသာစကားနှင့် ရှင်းရှင်းလင်းလင်း မပြောနိုင်လောက်အောင် အလွန် ဒေါသထွက်လာလျှင် နော်ဝေးဘာသာစကားသို့ ပြောင်း၍ ဆက်လက် ဒေါသထွက်လိမ့်မည်။

စင်မြင့်ပေါ်၌ အလွန် လှပပြီး အက ကချိန်တွင် သူမ၏ ရွှေအိုရောင် ဆံပင်များက တောက်ပ၍ အပြာရောင် မျက်ဝန်းလေးများမှာ စွဲမက်ဖွယ် ကောင်းသော်လည်း ထိုအရာများက ဖေဖေစန်း မယားငယ်များ ထားခြင်းကို မတားဆီးနိုင်ခဲ့ပေ။

တစ်ခါက ထိုမိန်းမများထဲမှ တစ်ဦးကို စန်းကျွင်းရွှမ် တွေ့ဖူးသည်။ မေမေစန်းလောက် မလှရုံ သာမက အပေါစားဆန်ကာ ရူးသွပ်နေပြီး သူမကို Maserati ဝယ်ပေးရန် ဖေဖေစန်းအား ချိုသာစွာ တောင်းဆိုနေခဲ့၏။

ထို့အပြင် သူမ စန်းကျွင်းရွှမ်ကို မြင်သည့် အချိန်တိုင်း သူမကိုယ်သူမ သူ့မိထွေး ဖြစ်လာစေရန် လုပ်နေသကဲ့သို့ သူ့ကို ချီးမွမ်းပြီး ကြင်နာပြသေးသည်။

ဘယ်လိုတောင် တုံးအတာလဲ ဖေဖေစန်းက သူ့ကို လက်ထပ်မှာတဲ့လား။

ဖေဖေစန်းက ပွဲတက်ရန်အတွက် လှပသော ဇနီးသည် လိုအပ်သော်ငြား သူ၏ မြည်းစမ်းချင်စိတ်ကို ထိန်းရန် ငယ်ရွယ်ကာ အရသာရှိသည့် အစာလေးများကိုလည်း စားချင်နေဆဲ ဖြစ်၏။ ထိုစားစရာလေးကို ကြိုက်သော်လည်း မိသားစုစားပွဲသို့ ယူဆောင်လာမည်ဟု မဆိုလိုပေ။

အစပိုင်းတွင် စန်းကျွင်းရွှမ်မှာ အလွန် ဒေါသထွက်ခဲ့၏။ သူ မေမေစန်းအား အမှန်တရားကို ပြောပြချင်ခဲ့သော်လည်း ဖေဖေစန်းက သူ့ကို ပြောခဲ့သည်။

“သား ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးဆိုတာ မရှိဘူး မင်းအမေက မာနကြီးတဲ့ အမျိုးသမီး တစ်ယောက်ပဲ အဖေ သူ့ကို ဒီလောက် အချိန် အကြာကြီး သည်းခံနိုင်ခဲ့တာက တခြားသူတွေဆီမှာ ဒေါသ ဖြေဖျောက်နေလို့ပဲ”

“လူတိုင်းက လိမ်ကြတာပဲ မကောင်းတဲ့ သူတွေက လိမ်တာကို ပေါ်ပေါ်ထင်ထင်ပဲ ပြကြတယ် လူကောင်းတွေကတော့ တစ်သက်လုံး ထိန်းထားကြတယ်”

“အဲတာကြောင့် မင်းအဖေကို ကူညီလိုက်ပါ သား၊ ဒီအလိမ်အညာကို အတူတူ ဖုံးကွယ်ထားကြရအောင်”

စန်းကျွင်းရွှမ်လည်း ဆိတ်ဆိတ်နေဖို့ ရွေးချယ်လိုက်၏။ တဖြည်းဖြည်းနှင့် သူ့ဖခင် မှန်သည်ကို သူ သဘောပေါက်လာခဲ့သည်။ အလိမ်အညာအား ထိန်းထားသ၍ မေမေစန်းမှာ ပျော်ရွှင်နေကာ သူမ၏ သူငယ်ချင်းများကို သားနှင့်ခင်ပွန်းသည် အကြောင်း ကြွားလုံးထုတ်နေမည် ဖြစ်၏။

ကံမကောင်းစွာဖြင့် ဖေဖေစန်းမှာ ကောင်းသော ခင်ပွန်းတစ်ယောက် မဟုတ်ခဲ့ပေ။ သူ၏ Maserati အသစ်ပေါ်၌ မယားငယ်နှင့်အတူ အရှက်ရဖွယ် ပုံစံမျိုး ဖြစ်နေသည်အား အိမ်ကို မမျှော်လင့်ထားစွာ ပြန်လာခဲ့သည့် မေမေစန်းက မိသွားခဲ့သည်။

သူတို့၏ အလိမ်အညာများနှင့် အိမ်ကလေးမှာ ပြိုလဲသွားခဲ့၏။

အဆုံးမသတ်နိုင်သည့် ရန်ပွဲများကြား၌ စန်းကျွင်းရွှမ်လည်း ပြိုလဲသွားလေသည်။ သူ ဖျားနာနေသည်ကို သူ သိသော်လည်း ထိုအိမ်၌ သူ၏ ဖျားနာမှုမှာ အသေးငယ်ဆုံးသော ကိစ္စလေးသာ ဖြစ်၏။

ယွမ်လော့ရီက သူ့ကို သတိပြုမိပြီး သူ့ဘေးတွင် ထိုင်၍ ဂရုစိုက်ပေးခဲ့သည်။

“နင် နာကျင်နေတာပဲ”

သူမ ပြောလိုက်၏။

“နင့်ကိစ္စ မဟုတ်ဘူး”

စန်းကျွင်းရွှမ်က ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ နာကျင်နေတဲ့ပုံပေါက်တယ်”

“ငါ ဘာမှ မခံစားရဘူး အဲတာကြောင့် နင့်ကိစ္စပဲ နင်ဂရုစိုက်ပါ သွားပါတော့”

စန်းကျွင်းရွှမ်၏ ရုတ်တရက် ပေါက်ကွဲမှုကြောင့် ယွမ်လော့ရီ လန့်သွားသော်လည်း သူမ ထွက်မသွားပေ။ ထိုအစား တုန်တုန်ယင်ယင်နှင့် သူမ၏ လက်ကိုင်ပဝါကို ထုတ်၍ သူ့လက်ကောက်ဝတ်ပေါ်တွင် ချည်ပေးလိုက်၏။

“ရပြီ အခု နာတော့မှာ မဟုတ်ဘူး”

တကယ်တမ်း အနာကို ပတ်ထားသည့် လက်ကိုင်ပဝါမှာ ပို၍သာ နာကျင်စေခဲ့သည်။ စန်းကျွင်းရွှမ်က ၎င်းကို ဆုတ်ဖြဲပစ်ပြီး သူမ၏ မိုက်မဲမှုကြောင့် ယွမ်လော့ရီကို ဒေါသထွက်သင့်၏။ သို့သော်လည်း သူ ထိုသို့ မလုပ်ခဲ့ပေ။ သူ၏ အခြား လက်မောင်း တစ်ဖက်ကို သုံး၍ သူ့မျက်လုံးထဲ၌ ဝဲနေသော မျက်ရည်များအား ဖုံးကွယ်ရင်းနှင့် အလုပ်ရှုပ်နေခဲ့သည်။

သနားစရာကောင်းလိုက်တာ အတန်းထဲက ကောင်မလေး တစ်ယောက်ရဲ့ ရှေ့မှာ ငိုမိရတယ်လို့။

All Chapters