← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

သို့သော် ယွမ်လော့ရီ၏ တည်ရှိမှုမှာ စန်းကျွင်းရွှမ်၏ ဘဝထဲသို့ ပျော်ရွှင်မှု အနည်းငယ် ယူဆောင်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ယွမ်လော့ရီက သူ့အနောက်သို့ မကြာခဏ လိုက်တတ်၏။

စန်းကျွင်းရွှမ် သူမကို မကြာခဏ တွန်းထုတ်ချင်သကဲ့သို့ ခံစားရလေသည်။ သူမ၏ တည်ရှိနေမှုက စန်းကျွင်းရွှမ်အား ဂရုစိုက်ခံရသည်မှာ မည်မျှ ကောင်းမွန်ကြောင်း အမှတ်ရစေပြီး အိမ်မှ အေးစက်မှုများကို သည်းခံနိုင်ဖို့ရာ ခက်ခဲလာစေ၏။

သို့သော် စန်းကျွင်းရွှမ် သူမကို မကြာခဏ လိုအပ်လာခဲ့သည်။

သူက တစ်ကိုယ်ကောင်းဆန်ကာ အရှေ့သို့ အမြန် လျှောက်တတ်သော်လည်း အမှန်မှာမူ ယွမ်လော့ရီ သူ့ကို မီလာမည်ဟု မျှော်လင့်၍ ခြေလှမ်းများကို တမင်သက်သက် နှေးပေးခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ ယွမ်လော့ရီ၏ ပေးဆပ်မှုများကို သူ သဘာဝကျကျ လက်ခံလာခဲ့ပြီး သူမကို မလုံလောက်ဘူး ဟူ၍ပင် မကြာခဏ ဒေါသထွက်ကာ အပြစ်တင်လေ့ရှိသည်။ သူ့ကို ပျော်ရွှင်စေဖို့အတွက် ယွမ်လော့ရီ အစွမ်းကုန် ကြိုးစားနေသည်ကို မြင်နေရခြင်းက သူ့အား ရွှင်မြူးစေကာ စိတ်သက်သာရာ ရစေ၏။

သူ့အဖေနှင့် တစ်ပုံစံတည်း တူလာခဲ့သည်ကို စန်းကျွင်းရွှမ် တဖြေးဖြေးချင်း သဘောပေါက်လာခဲ့သည်။

သူ၏ ရုပ်ရည်သွင်ပြင်များ လူကြီးဆန်လာပြီးနောက် ကျောင်း၏ နာမည်ကြီး အသဲစွဲကောင်လေး တစ်ယောက် ဖြစ်လာခဲ့၏။ သူ ဆက်တိုက် လိမ်ညာပြီး ယွမ်လော့ရီ၏ ခံစားချက်များကို လျစ်လျူရှုကာ အခြား မိန်းကလေးများ၏ သဘောကျမှုကို အဆက်မပြတ် လက်ခံနေခဲ့သည်။

သူ အထိန်းအကွပ်မဲ့နေပြီး သူ မကြိုက်ဆုံးအရာ ဖြစ်လာခဲ့၏။ သူ့ဖခင်၏ လွှမ်းမိုးမှုက ဘယ်သောအခါမှ မပျောက်သွားခဲ့ပေ။

ယွမ်လော့ရီ အပေါ်၌ စိတ်မကောင်းသလို စတင် ခံစားရလာသည်။

မင်း ငါ့လို လူယုတ်မာမျိုးနဲ့ အတူရှိနေရတာ အတော် ကံမကောင်းတာပဲ။

သို့သော် စန်းကျွင်းရွှမ်မှာ ထိုပြောင်းလဲမှုမှတစ်ဆင့် အကျိုးကျေးဇူး များစွာ ရရှိခဲ့၏။ ယခုတော့ သူ နာကျင်သည့် ခံစားချက်များ မရှိဘဲ သူ့မိဘများနှင့် ငြိမ်းချမ်းစွာ အတူနေနိုင်ပြီ ဖြစ်သည်။

သဘောတရားက ရိုးရှင်းပါတယ်။ မင်း နတ်ဆိုး ဖြစ်လာတဲ့ အခါကျရင် နတ်ဆိုးတွေက မင်းကို နာကျင်အောင် မလုပ်နိုင်တော့ဘူး။

ယွမ်လော့ရီကို အတန်းA၌ ဖယ်ကျဉ်ထားပြီးနောက် စန်းကျွင်းရွှမ်မှာ အနိုင်ရလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ ထိုမိန်းကလေးက သူ့ကို အလွန် လိုအပ်နေသည်ဖြစ်၍ ယခု သူ ပိုမို အထိန်းအကွပ်မဲ့စွာ ပြုမူနိုင်လေသည်။

သို့‌သော် ယွမ်လော့ရီ ပြောင်းလဲသွားမည်ဟု စန်းကျွင်းရွှမ် မမျှော်လင့်ထားခဲ့ပေ။ သူမက သူ့ကို ဂရုမစိုက်တော့ပေ။

သူ့အား ဂရုစိုက်တတ်သော ယွမ်လော့ရီကို အားလုံး၏ အရှေ့၌ မြေပြင်ပေါ် တွန်းချခဲ့သည်က သူ အနည်းငယ် လွန်သွားခြင်း ဖြစ်နိုင်သည်။

ထိုအချိန်တွင် သူ ယွမ်လော့ရီ ငိုသည်ကို ပထမဆုံးအကြိမ် မြင်ဖူးကာ အိမ်မက်ထဲမှ နိုးထလာသကဲ့သို့ ဖြစ်သွား၏။

အာ ငါ့ကို အမြဲ နာကျင်နေတာလားလို့ မေးတတ်တဲ့ ကောင်မလေးက နာကျင်နေတာပဲ။

အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှ တဖြေးဖြေး လွတ်လာခဲ့သည်။ သူက သူငယ်ချင်း စာရင်းမှ အဖယ်ခံလိုက်ရပြီး ယွမ်လော့ရီကို အနိုင်ကျင့်သည့် နည်းများမှာလည်း မထိရောက်တော့ပေ။ ထိုလူယုတ်မာ ယွိဟွားနှင့်အတူ သူမ ရယ်မော၍ စနောက်နေသည်ကို မြင််လိုက်ရခြင်းမှာ သူ့အား ဒေါသထွက်ပြီး သဝန်တိုစေကာ အိပ်မရသည်အထိ ဖြစ်စေခဲ့၏။

ယခု သူ ယွမ်လော့ရီကို ပြန်ယူရမည်။

Star galaxy အလယ်တန်းကျောင်း၏ အားကစားကွင်း၌ စန်းကျွင်းရွှမ်က မြက်ခင်းပြင်ပေါ်တွင် လဲနေကာ ယွမ်လော့ရီမှာ အနက်ရောင် muzzle သေနတ်အား သူ့ရင်ဘတ်ပေါ်တွင် ထောက်ထားရင်း ဘေး၌ ရပ်နေသည်။

စန်းကျွင်းရွှမ် အသက်ပြင်းပြင်း တစ်ချက် ရှူပြီး ပြောလိုက်၏။

“ငါ အရင်ကတည်းက ပြောခဲ့သင့်တဲ့ တချို့ကိစ္စတွေ ရှိတယ် ငါတောင်းပန်ပါတယ် အဲဒီနေ့တုန်းက မင်းကို မတွန်းချလိုက်သင့်ဘူး၊ မင်းကို ယုံကြည်တဲ့သူတွေကိုပဲ မင်း လှည့်စားနိုင်ပြီး မင်းကို တကယ် ဂရုစိုက်တဲ့ သူတွေကိုပဲ နာကျင်အောင် လုပ်နိုင်တယ်လေ၊ ငါ မင်းကို မမြတ်နိုးခဲ့မိတာ ငါတုံးအခဲ့တာပါ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွတ်ပေးပါ”

ယွမ်လော့ရီ စန်းကျွင်းရွှမ်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

မူလတန်းကျောင်း၌ စန်းကျွင်းရွှမ် တစ်ဦးတည်း နာကျင်ခံစားနေရသည်ကို မြင်သောအခါ သူမ အမှန်တကယ် ကူညီပေးချင်ခဲ့၏။ သို့သော် သူမ၏ ဆက်တိုက် ကူညီပေးမှုမှာ စန်းကျွင်းရွှမ်အား ပို၍ပင် ဆိုးရွားသွားစေခဲ့သည်။

သူမ ကြီးပြင်းလာချိန်တွင် သူ့ကို နှစ်သက်ခဲ့သော်လည်း ဆိုးရွားစွာ နာကျင်ခဲ့ရ၏။ စန်းကျွင်းရွှမ်က လုံးဝ လူယုတ်မာ တစ်ဦး ဖြစ်သွားခဲ့သည်။

ယခုမူ သူမ စန်းကျွင်းရွှမ်ကို ပြောင်းပြန် လှည့်စားသော နည်းပညာ သုံးလိုက်သည်မှာ ရက်အနည်းငယ်အတွင်းမှာပင် သူ့ကိုယ်သူ ပြန်လည် ဆန်းစစ်နေပြီ ဖြစ်၏။

ကြည့်ရတာ လူတစ်ယောက်က အရမ်း ကြင်နာပြလို့ မဖြစ်ဘူး ထင်ပါတယ်လေ။

ယွမ်လော့ရီက ပြောလိုက်သည်။

“နည်းနည်း တိုးတက်လာတဲ့အတွက် ဂုဏ်ယူပါတယ်”

စန်းကျွင်းရွှမ်၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အလင်းရောင်လေး လင်းလက်သွား၏။

“မင်း ငါ့ကို ခွင့်လွှတ်ပေးမှာလား”

“ဘန်း”

ယွမ်လော့ရီ သေနတ်မောင်းကို ဆွဲလိုက်သဖြင့် ဆေးကျည်ဆံက စန်းကျွင်းရွှမ်အား အနီးကပ် ထိမှန်သွားခဲ့သည်။ သေနတ်ပစ်ချက်မှာ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိုးလိုက်သကဲ့သို့ သူ့အား နာကျင်မှုကြောင့် ရှုံ့မဲ့သွားစေ၏။

ယွမ်လော့ရီ သူမ၏ သေနတ်ကို ချ၍ ပြောလိုက်သည်။

“ခွင့်မလွှတ်ဘူး”

သူမ အားကစားဆရာထံသို့ လျှောက်သွားခဲ့၏။

“ဆရာ သမီး အကုန်လုံးကို ထုတ်လိုက်ပါပြီ”

ထွားကြိုင်းသည့် အားကစားဆရာက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

သူမက ယွမ်ရုံ၏ ညီမလေးဆိုသည်မှာ အံဩစရာ မရှိပေ။ အစက သူမ၏ ဝိုင်းစက်ကာ ပြည့်ဖောင်းသည့် မျက်နှာနှင့် တောက်ပသော မျက်လုံးများကြောင့် ပျော့ပျောင်းသည့် ကလေးမလေး တစ်ဦးဟု သူထင်ခဲ့၏။ ဤမျှ လှည့်စားတတ်ကာ ထက်မြက်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

ပိုအရေးကြီးသည်မှာ သူမက သေနတ်အား ဘေ့စ်ဘောရိုက်တံကဲ့သို့ အသုံးမပြုသွားခြင်းပင်။

ကျားပုံစံ ထွင်းထားသည့် ရွှေတံဆိပ် တစ်ခုက ယွမ်လော့ရီ၏ ကိုယ်ပေါ်၌ ရှိနေလေသည်။ အားကစားဆရာက ကျယ်လောင်စွာ ကြေညာလိုက်၏။

“ဒီယှဥ်ပြိုင်ပွဲမှာ နောက်ဆုံး အနိုင်ရသူကတော့ အတန်းDက ယွမ်လော့ရီပဲ ဖြစ်ပါတယ်”

ကင်မရာများက ယွမ်လော့ရီအား ရိုက်ကူးချိန်တွင် မှတ်ချက်များမှာ ရုတ်တရက် များပြားလာခဲ့ပြီး ဖန်သားပြင်ကို ကွယ်သွားစေခဲ့သည်။

“666”

“အရမ်းမိုက်တာပဲ နည်းနည်းလေးနဲ့ အများကြီးကို ရှင်းပစ်လိုက်တာ ငါ ဒီနေ့ကစပြီး သူ့ရဲ့ ပရိတ်သတ် ဖြစ်သွားပြီ”

“အရွယ်ရောက်ပြီးသား လူတွေတောင် သူ့လောက် ကောင်းကောင်း မပစ်နိုင်လောက်ဘူး ဒီလို နည်းဗျူဟာ၊ ဒီလို တည်ငြိမ်မှု…သူက တကယ် Star Galaxy အလယ်တန်းကျောင်းရဲ့ ကျောင်းသူပဲ”

“ဒီချစ်စရာကောင်းတဲ့ သကြားလုံးလေးက ပြင်းထန်တာပဲ ကြိုက်လိုက်တာ”

“အဲဒီ နောက်ဆုံးပစ်ချက်က ငါ့နှလုံးသားကို တည့်တည့် မှန်သွားခဲ့တာပဲ ပရိတ်သတ် အသစ်တစ်ယောက် မွေးဖွားလာခဲ့ပြီ”

Star Galaxy ကျောင်းသားများ၏ တုံ့ပြန်မှုမှာ မှတ်ချက်များလောက် စိတ်အားထက်သန်မှု မရှိပေ။ ဆူပုတ်နေသည့် ရွှိရွှင်းလည်း ပါဝင်ယှဥ်ပြိုင်ခဲ့ကာ စန်းကျွင်းရွှမ်မှာ နာကျင်စွာ လူးလိမ့်နေဆဲ ဖြစ်ပြီး မထနိုင်သေးပေ။ အခြား ပြုင်ပွဲဝင်များမှာလည်း အနက်ရောင်ဆေးများနှင့် ပေကျံနေကြ၏။

သို့သော် ကျောင်းသားအချို့မှာ ယွမ်လော့ရီ၏ ဆွဲဆောင်မှုအောက်တွင် ဆွဲဆောင်ခံလိုက်ရပြီး သူမကို ကြည့်နေသည့် သူတို့၏ မျက်လုံးများမှာ တောက်ပနေကြသည်။ သူမ၏ အောင်မြင်မှုကို အားပေးနိုင်ဖို့ မျှော်လင့်မိသော်လည်း သူတို့ အတန်းဖော်များ၏ စောင့်ကြည့်မှုအောက်တွင် ကိုယ့်ကိုယ်ကိုယ် ထိန်းကာ ယွမ်လော့ရီအတွက် တိတ်တဆိတ် ဝမ်းမြောက်ရုံသာ တတ်နိုင်ကြ၏။

အတန်းCတွင်လည်း ကျောင်းသား တော်တော်များများ သဘောထား ကွဲလွဲသွားကြသည်။ ယွမ်လော့ရီက ဆိုးသွမ်းသော ယွမ်မိသားစုမှ ဆင်းသက်လာပြီး မာမိန်အား ကျောင်းထွက်ရအောင် လုပ်သည့် သူမှန်း သိကြသော်လည်း သူမကို မလေးစားဘဲ မနေနိုင်ပေ။

ထိုအခိုက်အတန့်၌ ယွမ်လော့ရီမှာ အခြားသူများ သူမအကြောင်း မည်သို့ တွေးနေသည်ကို ဂရုမစိုက်အားပေ။ သူမ စနစ်၏ အသံကို လုံးဝ ဂရုတစိုက် နားထောင်နေ၏။

[ဒင် hostရဲ့ လွှမ်းမိုးနိုင်မှုက 60 အထိ ရောက်သွားပါပြီ၊ နောက်ပြန်ဆုတ်တဲ့ ပရိုဂရမ် အသက်ဝင်ပါပြီ]

ဤသည်မှာ ယွမ်လော့ရီ အလိုချင်ဆုံး အရာ ဖြစ်လေသည်။ တကယ့် တရားခံ အစစ်က မည်သူ ဖြစ်သည်ကိုပင်။

ယွမ်လော့ရီ သေနတ်အား သေတ္တာထဲသို့ ထည့်သိမ်းလိုက်၏။

“ဆရာ သမီး အခု ထွက်သွားလို့ ရပြီလား”

အားကစားဆရာက ပြောလိုက်သည်။

“ဒါပေါ့ အောင်နိုင်သူ တစ်ဦး အနေနဲ့ သမီး လုပ်ချင်တာကို လုပ်လို့ ရတယ်”

ယွမ်လော့ရီ ပြန်ပြောလိုက်၏။

“ကျေးဇူးပါ ဆရာ”

သူမ ပြုံးပျော်ကာ အောင်ပွဲခံ၍ ပြန်လည် ရောက်ရှိလာသည်ကို ကြိုဆိုရန် လက်မောင်းဖွင့်ပြီး စောင့်ကြိုနေသည့် တတိယအစ်ကို ယွမ်ရုံထံသို့ သူမ အလျင်အမြန် ပြေးသွားခဲ့သည်။

All Chapters