အခန်း (၃၀)
Vol. 3 Ch. 30
ယွမ်လော့ရီမှာ ယွမ်ရုံ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး သူ့ရင်ခွင်က အေးနေသည်ကို တွေ့လိုက်ရ၍ အံဩသွားခဲ့သည်။ ယွမ်မိသားစုဝင်များမှာ မြွေများနှင့် ဆင်တူပြီး အေးစက်သည့် အမူအရာများနှင့် အသားအရေများ ရှိကြ၏။
သူမက ယွမ်မိသားစု၏ တစ်ဦးတည်းသော သွေးနွေးသတ္တဝါ ဖြစ်၍ အဆိပ်ပြင်းမြွေများမှာ အနွေးဓါတ်ကို စုပ်ယူချင်ခဲ့ကြသည်။
ယွမ်ရုံက ပြောလိုက်၏။
“ညီမလေး ဒီတစ်ပွဲကို လှလှပပလေး လွတ်မြောက်ပြီး အနိုင်ယူခဲ့တာပဲ၊ အခွင့်မသာတဲ့ အချိန်မှာ ပုန်းပြီး အခွင့်အရေးကို စောင့်နေတယ် ပြီးတော့ အခွင့်သာတာနဲ့ ချက်ချင်း အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်တယ်၊ သေနတ်ကိုင်ရတာ ဘယ်လိုလဲ”
ယွမ်လော့ရီ: “အားပြင်းလွန်းတယ် သမီးရဲ့ လက်တွေတောင် ထုံနေပြီ”
ယွမ်ရုံက ညင်သာစွာ ရယ်မောလိုက်ပြီး ခါးကုန်းလိုက်သဖြင့် သူ၏ အရိပ်မှာ ယွမ်လော့ရီ အပေါ်သို့ ပဝါပါးစလေးကဲ့သို့ ကျရောက်သွားသည်။
“ကိုကို ပြောချင်တာ ခန္ဓာကိုယ်က ခံစားရတာကို မဟုတ်ဘူး စိတ်ခံစားချက်ကို ပြောတာ၊ ကိုကို ပထမဆုံး သေနတ်ပစ်ပြီး ရန်သူကို သတ်လိုက်နိုင်တုန်းကဆို ရင်တွေခုန်လာပြီးတော့ ပျော်သွားတာ၊ ပြီးတော့ ကိုကို ချက်ချင်း နောင်တရလာသေးတယ် သေနတ်အစား ပိုရိုးရှင်းပြီး ရက်စက်တဲ့ ဓားကို သုံးခဲ့မယ်ဆိုရင် ခံစားရတာ ပိုကောင်းမှာပဲလို့လေ၊ ကိုကို ညီမလေးကို နောက်ပိုင်းကျရင် ဓါးဘယ်လို သုံးရမလဲဆိုတာ သင်ပေးမယ် ညီမလေးလည်း ဓါးကိုင်ရတဲ့ ခံစားချက်ကို သေချာပေါက် ကြိုက်မှာပါ”
ယွမ်လော့ရီတစ်ယောက် ယွမ်ရုံကို ကြည့်လိုက်၏။ သူက အလွန် ချောမော၍ သူ၏ မျက်လုံးထောင့်ရှိ မျက်ရည်ခံ မှဲ့လေးမှာ ဆွဲဆောင်မှု ရှိပြီး အသံက ငြိမ့်ညောင်းသော်လည်း သူ ပြောသည့် စကားများမှာ အကြမ်းဖက်မှုများ၊ သွေးထွက်သံယို ကိစ္စများနှင့် ပြည့်နှက်နေသည်။ သူက သတ်ဖြတ်မှုအား ဆာလောင်ပြီး မွေးဖွားလာကာ ယွမ်လော့ရီကိုလည်း တစ်ပုံစံတည်း ပုံသွင်းချင်နေခဲ့၏။
အကယ်၍ သူမသာ ယွမ်မိသားစု၏ ကလေးတစ်ဦး ဖြစ်ပါက သူ့ထံမှ သင်ယူရန် ပျော်ကောင်းပျော်နေနိုင်သည်။ သို့ပေမဲ့ သူမက မဟုတ်ခဲ့ပေ။
ယွမ်လော့ရီက မေးလိုက်သည်။
“တကယ်လို့ သမီး မလေ့လာချင်ဘူးဆိုရင် ကိုကိုက သမီးကို အတင်းအကြပ် သင်ခိုင်းမှာလား”
ယွမ်ရုံက ပြောလာ၏။
“ညီမလေးရယ် စိတ်မပူပါနဲ့ ကိုကို အတင်းအကြပ် မလုပ်ပါဘူး ကလေးတွေက အရွယ်ရောက်လာဖို့ အချိန်လိုတယ်လေ ညီမလေး အခု မသင်ချင်ပေမဲ့ ကြီးလာတဲ့အခါကျရင် ကြိုက်လာမှာပါ”
ယွမ်လော့ရီ: “အဲတာဆို သမီး အသက်ကြီးလာတာနဲ့ ကိုကိုက အတင်းအကြပ် သင်ပေးမယ်လို့ ပြောချင်တာလား”
ယွမ်ရုံက အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်သည်။ သံသယမရှိစွာပင် သူ ထိုသို့ လုပ်မည် ဖြစ်၏။
ထို ပြင်းပြသော စွဲလမ်းမှုမှာ သူ့ညီမလေး ငိုလိုက်ချိန်တွင် သူ၏ နှလုံးခုန်နှုန်း ပြောင်းလဲသွားခြင်းကြောင့် သို့မဟုတ် သူ သူမအား ထိုအရူးလေးယောက်နှင့် အတူမနေစေချင်ခြင်းကြောင့် သို့မဟုတ် သူ အထီးကျန်နေရသည်ကို စိတ်ကုန်နေပြီး ညီမလေး၏ အဖော်ပြုမှုအား လိုချင်နေခြင်းကြောင့် ဖြစ်နိုင်သည်။
မည်သို့ပင် ဖြစ်စေကာမူ ယွမ်ရုံက ရှုပ်ထွေးသည့် လူ့ခံစားချက်များကို နားမလည်သည့်အပြင် သူ့တွင် လူသားဆန်မှု မည်မျှ ကျန်ရှိနေသေးသည်ကိုလည်း မသိပေ။ သို့သော် သူ့ညီမလေးအား ထိုဆိုးရွားသည့် ယွမ်မိသားစု၏ အဝေးသို့ ခေါ်ဆောင်သွားရမည်ကိုတော့ သူ သေချာသိ၏။ ထို အဆိပ်ပြင်းသည့် မြွေများမှာ သူမကို နာကျင်အောင် လုပ်မည် ဖြစ်ပြီး သူကတော့ ဘယ်သောအခါမှ လုပ်မည် မဟုတ်ပေ။
သူမ၏ အစ်ကိုတစ်ယောက် အနေနှင့် သူမအား ကာကွယ်ရမည့် တာဝန်ကို ကျေပွန်သင့်သည်။
ယွမ်ရုံက မေးလိုက်သည်။
“ဒါနဲ့ ပထမ လက်ဆောင်ကို ရပြီးပြီ ဆိုတော့ ဒုတိယလက်ဆောင်ကို ဘာလေးလိုချင်လဲ”
ယွမ်လော့ရီ: “သမီး ပီဇာစားချင်တယ်”
ယွမ်ရုံ: “ပီဇာလား”
ယွမ်လော့ရီ ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ် လှုပ်လှုပ်ရှားရှား လုပ်ပြီး ဗိုက်ဆာလာပြီ ကန်တင်းကို သွားကြရအောင် အဲဒီက ပီဇာက အရသာရှိတယ်”
ယွမ်ရုံက ငြင်သာစွာ ရယ်မောလိုက်သည်။ ကလေးမလေး၏ ဆုတောင်းမှာ ဖြူစင်ပြီး ချစ်စရာကောင်းလှ၏။ သူမသာ အခြားသူတစ်ယောက်၏ ခေါင်းကို လိုချင်ခဲ့မည် ဆိုလျှင်လည်း ယွမ်ရုံက ပေးမည်ကို သူမ မသိပေ။
“အဲတာဆို ကန်တင်းကို သွားကြတာပေါ့”
ယွမ်လော့ရီနှင့် ယွမ်ရုံမှာ ကျောင်းသားများထံမှ မနာလိုသည့် အကြည့်များကို ဆွဲဆောင်ပြီး ကစားကွင်းထဲမှ အတူ ထွက်သွားကြသည်။ ကျောင်းသားများမှာ ပြိုင်ပွဲအား ရှုံးနိမ့်ခဲ့ကာ အားကစားဆရာမှ သူတို့၏ ကိုယ်ခံအားက အားနည်းသေးသည်ဟု ပြော၍ ကစားကွင်းကို သုံးပတ် ပြေးရန် ပြောခဲ့၏။ ယွိဟွား တစ်ဦးတည်းကသာ ကွဲထွက်နေကာ သစ်ပင်ရိပ်အောက်တွင် ထိုင်နေပြီး အခြားကျောင်းသားများ မောပန်းနွမ်းနယ်နေသည်ကို ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။
သူတို့ ကန်တင်းသို့ ရောက်ချိန်တွင် အခြား အတန်းကြီး ကျောင်းသားများမှာ မုန့်ဝယ်နေရင်း သူမကို ချောင်းကြည့်နေသည်ကို ယွမ်လော့ရီ သတိထားမိခဲ့၏။
“သူက ယွမ်မိသားစုရဲ့ မင်းသမီးလေးပဲ”
“ဝိုး သူက တီဗီထဲကထက်တောင် ပိုပြီး ချစ်ဖို့ကောင်းတာပဲ”
“သူက အပြင်မှာ ချစ်စရာကောင်းရုံတင် မကဘူး မင်းတို့တွေ ရေပန်းစားနေတဲ့ ရှာဖွေမှုကို တွေ့ပြီးကြပြီလား ဆယ့်တစ်နှစ်အရွယ် ကောင်မလေးက လူလေးယောက်ကို တစ်ချက်တည်း ပစ်လိုက်တာလေ ဒီကောင်မလေးက ဥာဏ်ကောင်းပြီး ပရိယာယ်ကြွယ်တာပဲ”
သူမက ရေပန်းစားသော ခေါင်းစဥ်တစ်ခု ဖြစ်လာသည်ကို ယွမ်လော့ရီ သဘောပေါက်သွားသည်။
အဓိပ္ပာယ်ရှိသားပဲ ရုတ်တရက်ကြီး သူ့ရဲ့ လွှမ်းမိုးမှု ၆၀အထိ တက်လာတာက ဒီလို ရေပန်းစားနေလို့သာ ရနိုင်တာ။
ယွမ်ရုံ ပီဇာဝယ်ဖို့ သွားနေချိန်တွင် သူမ နေရာလွတ်တစ်ခု ရှာပြီး ထိုင်နေလိုက်၏။
ရုတ်တရက် သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့က လူအုပ်ထဲမှ ထွက်လာကာ ယွမ်ရုံထံသို့ ဒေါသတကြီး သွား၍ လမ်းပိတ်လိုက်လေသည်။ ယွမ်လော့ရီက သူမ ဘေးမှ လေပြင်းတစ်ချက်အား ခံစားလိုက်ရ၍ လှည့်ကြည့်လိုက်ချိန်တွင် သူမ ဘေး၌ ပြုံးကာ ထိုင်နေသည့် အကြီးဆုံးအစ်ကို ယွမ်အောင်းကို တွေ့လိုက်ရ၏။
ယွမ်လော့ရီ အေးခဲသွားကာ သူမ၏ အကြီးဆုံးအစ်ကိုက သူမကို တတိယအစ်ကိုနှင့် မဆက်သွယ်ဖို့ ယခင်က သတိပေးထားသည်ကို အမှတ်ရသွားခဲ့သည်။
အိုး မဟုတ်သေးဘူး သူတို့တွေ လက်ပူးလက်ကြပ်ကို မိသွားတာပဲ သူမ ဘယ်လို ရှင်းပြရမလဲ။
သူမရဲ့ အစ်ကိုအကြီးဆုံး စိတ်ဆိုးသွားလောက်မလား။
ယွမ်လော့ရီတစ်ယောက် ယွမ်အောင်း၏ အမူအရာကို ကြည့်လိုက်ရာ သူ့အပြုံးမှာ ပဟေဠိဆန်ပြီး ခံစားချက် အစစ်အမှန်အား မပြထား၍ သူမ စိတ်လှုပ်ရှားလာခဲ့၏။
ယွမ်ဖာ့၏ ဒေါသက ထင်ရှားပြီး အသွင်အပြင်မှာ အရပ် အလွန် ရှည်၍ ခံ့ညားလှသည်။
“တတိယညီလေး မတွေ့ရတာကြာပြီနော် တိုက်ပွဲမှာ မင်းက ရေထဲက ငါးတစ်ကောင်လိုပဲ လူတွေ အများကြီးကို သတ်တယ်လို့ ငါကြားတယ် ငါမင်းအတွက် တကယ် ပျော်ပါတယ် ဒါပေမဲ့ အစ်ကိုတို့ နောက်ဆုံးတစ်ခေါက် တွေ့တုန်းက မင်းကို ဘာပြောခဲ့လဲ မှတ်မိသေးလား”
ယွမ်ရုံက မကျေမနပ်နှင့် သူ၏ လေသံမှာ အနည်းငယ် လှောင်ပြောင်သံ ပါနေ၏။
“အစ်ကို ပြောချင်တာ ကျွန်တော် ညီမလေး အနားကို ထပ်ကပ်လာမယ်ဆို အစ်ကိုကိုယ်တိုင် ငရဲပို့ပေးမယ် ဆိုတာလား”
ယွမ်ဖာ့က ငမန်းနှင့် တူသည့် ရက်စက်သော အပြုံးကို ထုတ်ပြလာသည်။
“မှန်တယ် မင်း သေတမ်းစာ ရေးပြီးပြီလား အစ်ကိုတို့တွေ သွေးသားတော်စပ်နေသေးတာကို ထည့်တွက်ပြီးတော့ မင်းရဲ့ ဆန္ဒကို မနက်ဖြန် ဖြည့်ဆည်းပေးဖို့ ကူညီပေးနိုင်ပါတယ်”
ယွမ်ရုံက သူ၏ ဦးထုတ်ကို လက်တစ်ဖက်တည်းနှင့် ဖိချလိုက်၍ မျက်နှာမှာ အရိပ်ဖုံးသွားသော်ငြား အေးစက်သည့် မျက်လုံးများက သတ်ဖြတ်ချင်စိတ်များနှင့် တောက်ပနေ၏။
“ဘယ်သူက ဘယ်သူကို သတ်မယ်ဆိုတာ ဆုံးဖြတ်လို့ မရသေးပါဘူး ကျွန်တော်က ဆယ့်ငါးနှစ်သားလေး မဟုတ်တော့ဘူးလေ”
ယွမ်ဖာ့က သူ၏ လက်ဖြင့် ပြဇာတ်ဆန်ဆန် အမူအရာများ ချဲ့ကားလုပ်ကာ စိတ်ပျက်လက်ပျက်နှင့် ခေါင်းကို ခါယမ်းလိုက်သည်။
“မင်းရဲ့ အစ်ကိုကို အခုထိ မလေးစားသေးဘူးပဲ မင်း ဘယ်လို ပုံစံမျိုးနဲ့ စကားပြောသင့်တယ် ဆိုတာကို အစ်ကိုကြီးက ပြန်သင်ပေးရမယ် ထင်တယ်”
ယွမ်မိသားစု၏ ကိစ္စအကြီးအသေး အကုန်လုံးအား ဆုံးဖြတ်ပေးနိုင်သည့် အကြီးဆုံးအစ်ကို ယွမ်အောင်းထံသို့ အကြည့်ရောက်သွားကြ၏။ အိမ်မှ ထွက်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ ဖြစ်သည့် ယွမ်ရုံပင် ယွမ်မိသားစု၏ အဆက်အသွယ်များက စီးပွားရေးလောကမှာတင်မက စစ်ဘက်ဆိုင်ရာ အထိပါ တိုးချဲ့လာနိုင်ခဲ့သောကြောင့် ယွမ်အောင်း၏ ဩဇာအာဏာ အောက်၌ ရှိခဲ့သည်။
ယွမ်အောင်းက စားပွဲကို လက်ဖြင့် သံပြိုင်ခေါက်ပြီး တွေးတောနေသဖြင့် မျက်လွှာချထားလေ၏။ ခဏကြာပြီးနောက် ယွမ်လော့ရီ၏ ပုခုံးပေါ်သို့ လက်တင်လိုက်သဖြင့် သူမကို လန့်ဖျပ်သွားစေသည်။
ယွမ်အောင်း: “ကိုကို မင်းကို ယွမ်ရုံနဲ့ မဆက်သွယ်ဖို့ မပြောခဲ့ဘူးလား အဲတာကို ဘာလို့ လုပ်ရတာလဲ”
ယွမ်မိသားစု၏ အကြီးဆုံးသားအနေနှင့် ယွမ်အောင်း၏ ထိန်းချုပ်လိုစိတ်မှာ အမြဲတစေ အားကောင်းခဲ့သည်။ ယခင် ယွမ်လော့ရီမှာ ယွမ်အောင်း၏ ဆုံးဖြတ်ချက်များကို ဘယ်သောအခါမှ ဆန့်ကျင်ရဲမည် မဟုတ်သော်လည်း ယခု သူမ၏ အကြီးဆုံးအစ်ကိုမှာ အတော်လေး ငြင်သာသည်ကို သိ၍ အဆင်ပြေသွားလောက်မည် ထင်၏။
သူမ ယွမ်အောင်းကို သူမ၏ ဖြူစင်ကာ အပြစ်ကင်းသည့် မျက်လုံးကြီးများဖြင့် ကြည့်လိုက်သည်။
“ဘာလို့ဆို တတိယအစ်ကိုက အိမ်ပြန်မလာတာ အတော်လေး ကြာပြီလေ သူအပြင်မှာ တစ်ယောက်တည်း တော်တော် အထီးကျန်နေခဲ့မှာ အဲတာကြောင့် သမီးက သူကို အဖော်ပြုပေးချင်တာပါ”
ယွမ်လော့ရီ၏ အတွေးမှာ မှန်ကန်ခဲ့၏။ ယွမ်အောင်း၏ အကြည့်က ချက်ချင်း ပျော့ပျောင်းသွားပြီး သူမ၏ ဆံပင်ကို ပွတ်သပ်ပေးလာသည်။
“ကိုကိုတို့မှာ ညီမလေးအတွက် ပျင်းစရာကောင်းလောက်မဲ့ အရေးတကြီး ဆွေးနွေးစရာတွေ ရှိသေးတယ် ကန်တင်းမှာ အရမ်းချစ်စရာကောင်းတဲ့ အမွှေးပွရုပ်လေးတွေ ထည့်ထားတဲ့ အရုပ်ကောက်စက် အသစ်တွေ ရှိတယ် ညီမလေး ကံသွားစမ်းကြည့်ပါလား ညီမလေး ကြိုက်တာလေး ရှာတွေ့သွားနိုင်တာပဲလေ”
ယွမ်လော့ရီ သူမ အစ်ကိုအကြီးဆုံး၏ ဆိုလိုရင်းကို နားလည်၏။ ယွမ်ညီအစ်ကိုများ ကြားရှိ စကားဝိုင်းမှာ အမြဲတစေ ကြမ်းတမ်းလေ့ရှိကာ သူတို့၏ အမှောင်ဘက်ခြမ်းအား သူမကို မမြင်တွေ့စေချင်ခြင်း ဖြစ်မည်။
ထိုကြောင့် ယွမ်လော့ရီ ပြေးထွက်သွားခဲ့သည်။
ယွမ်အောင်းက မလိမ်ခဲ့ပေ။ ကန်တင်းတွင် ချစ်စရာ အမွှေးပွရုပ်လေးများ ထည့်ထားသည့် အရုပ်ကောက်စက် အသစ်များ ရှိနေ၏။
သူမ အကြွေစေ့ နှစ်စေ့ ထည့်လိုက်သောအခါ စက်မှာ လှုပ်ရှားသွားပြီး မြူးကြွသည့် အသံများ ထွက်လာသည်။ သူမ သေချာ အာရုံစိုက်ကာ joystick (ထိန်းချုပ်တံ)ကို ထိန်း၍ အရုပ်ကို ကောက်ရန် ကြိုးစားနေလေ၏။