အခန်း (၃၉၆+၃၉၇)
Vol. 27 Ch. 396+397
Chapter 396
ကျင်းချန်ယာဥ်တန်းမှ ပရောဖက်ရှင်နယ်အဆင့် ကျွမ်းကျင်သူ ၂
သူ၏ နောက်လိုက်များက သယ်ဆောင်လာသော ပြုပြင်ရေးပစ္စည်းများကို ပုတ်ပြပြီး ကျေနပ်စွာ ပြောလိုက်သည်။
“ငါတို့ရဲ့ ကျင်းချန်ယာဉ်တန်းက ပြုပြင်ရေးကိစ္စမျိုးစုံကို အထူးပြုတယ်။ ငါတို့ရဲ့ လက်စွဲဆောင်ပုဒ်က အရင်ဆုံး အခမဲ့စစ်ဆေးပြီးမှ သင့်တင့်သော ဈေးနှုန်းသတ်မှတ်ခြင်းပဲ။ ဝယ်သူ သဘောတူမှ ပြုပြင်မှုတွေ လုပ်ဆောင်ပါတယ်။ ရောင်းပြီး ဝန်ဆောင်မှုလည်း ပေးပါတယ်။ ငါတို့ ယာဉ်တန်းမှာ စက်မှုအင်ဂျင်နီယာ ၂၀ ကျော် ရှိပြီး ဆော့ဖ်ဝဲလ်၊ ဟာ့ဒ်ဝဲလ်၊ ဒါမှမဟုတ် စစ်သုံးယာဉ် ဖြစ်စေ၊ ဘီးတစ်ခုတည်း ဖြစ်နေရင်တောင် ငါတို့ ပြင်ပေးနိုင်ပါတယ်။ လုံးဝ ကျွမ်းကျင်အဆင့်ပါ”
ဤစကားကို ကြားသောအခါ ရှီတိယွမ်လည်း မထိန်းနိုင်ပဲ အော်ရယ်လိုက်သည်၊၊
“ဟားဟားဟား… မင်းက ကိုယ့်ကိုယ်ကို အမွှန်းတင်တာတော့ တကယ်ကောင်းတာပဲ။ ဘီးတစ်ခုကနေ ယာဥ်တစ်စီးလုံးအထိ အသစ်ဖြစ်အောင် လုပ်နိုင်တယ်ပေါ့”
“ဒါက ဥပမာပေးတာပါ” ဟယ်ခွန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
“ဘယ်လို ပြဿနာမျိုးပဲ ဖြစ်ဖြစ်...ငါတို့ဆီကို လာရင် မှားစရာ မရှိဘူး”
ထိုအချိန်တွင် စုန့်ဟောင်က မိုနီကာနှင့် အနီးတိုးလာကာ အသံနိမ့်ဖြင့် ပြောလိုက်သည်။
“မိုနီကာ... ကျွန်တော် သေချာစုံစမ်းကြည့်ပြီးပြီ၊ ဒီကျင်းချန်ယာဉ်တန်းက တကယ်ကျွမ်းကျင်သူတွေပါ.... သူတို့က ယာဉ်မှန်သမျှ ပြင်နိုင်တယ်။ သူတို့က အခမဲ့ စစ်ဆေးမှု ပေးမယ်ဆိုတော့ ကျွန်တော် သူတို့ကို လာဖို့ စီစဉ်လိုက်တယ်။ သူတို့ စစ်ဆေးပြီးရင် ဈေးနှုန်းကို နားထောင်ပြီးမှ ငှားမငှား ဆုံးဖြတ်လို့ရတယ်”
မိုနီကာက နှာခေါင်းရှုံ့လိုက်သည်။
“လျှပ်စစ်ရထားစက်ခေါင်းကို ပြင်ဖို့ သွေးပဲစေ့ ၄၀ တောင်လား။ ငါ့ကို အရူးလို့ ထင်နေတာလား၊ သူတို့ကို ငါ့ရထား စစ်ဆေးခွင့်ပေးမယ်လို့ ထင်နေတာလား”
စုန့်ဟောင် အံ့အားသင့်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွား၏။
သို့သော် ဟယ်ခွန်းသည် ဤစကားကိုကြားသော်လည်း စိတ်ဆိုးခြင်းမရှိဘဲ လေးနက်နေသော အမူအရာကို ပြောင်းလဲကာ မော်နီကာကို ပြောလိုက်သည်။
“မိန်းကလေး... မင်းရဲ့ စကားတွေအရ ငါတို့အပေါ် နားလည်မှုလွဲနေတာ ကြီးကြီးမားမား ရှိနေတယ်လို့ ငါပြောနိုင်တယ်”
“ပထမဆုံးအနေနဲ့၊ အဲဒါက သာမန်လျှပ်စစ်ရထားစက်ခေါင်း မဟုတ်ဘူး၊ ကီလိုဝပ် ၇၀,၀၀၀ စွမ်းအားရှိတဲ့ ဝေလုံအဆင့် လျှပ်စစ်ရထားစက်ခေါင်းပါ။ ကုန်တန်ချိန် ၅၀,၀၀၀ ကို ပြဿနာမရှိဘဲ ဆွဲနိုင်တယ်။ ဒါ့အပြင် လျှပ်စစ် စနစ်ကို ပြင်တာက ရိုးရှင်းတဲ့ အလုပ်မဟုတ်ပါဘူး။ အကြီးစား ပြုပြင်မှု လိုအပ်တယ်”
ဟယ်ခွန်း ပြုံးလိုက်ပြီး မိုနီကာကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
“အရေးအကြီးဆုံးကတော့ အချိန်နဲ့ဆိုင်တယ်။ ငါတို့က မကြာခင် ရွှေ့ပြောင်းရတော့မယ်။ အဲဒီ စက်ကို လည်ပတ်နိုင်ဖို့အတွက် တစ်ညလုံး အလုပ်လုပ်မယ့် လူတစ်ဒါဇင်လောက် လိုအပ်လိမ့်မယ်။ ဒါက အသက်ရှင်သန်ရေးပြဿနာပါ။ မင်းက ယာဉ်တန်းခေါင်းဆောင်အနေနဲ့ အခြေအနေရဲ့ အရေးကြီးမှုကို နားလည်ရမယ်။ လျှပ်စစ်ရထားစက်ခေါင်းအပျက်က တန်ဖိုးရှိတာမဟုတ်ဘူး၊ မင်း လိုအပ်တဲ့ ရလဒ်ကပဲ ဒီလောက်တန်ဖိုးရှိတာပဲ”
“အဲဒါကို ထည့်သွင်းစဉ်းစားရင် သွေးပဲစေ့ ၄၀ က တကယ်ကို ဈေးမကြီးပါဘူး။ ငါတို့က မင်းရဲ့ ပိုက်ဆံကိုယူပြီး မင်းရဲ့ အလုပ်ကို လုပ်ပေးမှာပဲ မဟုတ်လား”
“ကောင်းတယ်၊ အမြတ်ထုတ်သမား ဖြစ်ဖို့အတွက် မင်းက အတော်ကျွမ်းကျင်ပုံပဲ”
ရှီတိယွမ်သည် ဟယ်ခွန်း၏ စကားများကို ကြားသောအခါ ရယ်မောလိုက်ပြီး သူ့ကို လက်မထောင်ပြလိုက်၏။
“မလိုတော့ဘူး” မိုနီကာက ပြန်ဖြေလိုက်သည်။
ဟယ်ခွန်းလည်း သူ့၏ ကျိုးကြောင်းဆီလျော်သည်ဟု ထင်ရသော စကားကို ပြောပြီးနောက်မှာတောင် မိုနီကာသည် ဒုတိယအကြိမ် စဉ်းစားခြင်းမရှိဘဲ ချက်ချင်း ပယ်ချလိုက်သောအခါ အံ့အားသင့်သွား၏။
“ငါက ပြုပြင်မှုတွေကို တခြားသူတစ်ယောက်ကို အပ်ထားပြီးပြီ။ ရှင်တို့ကို မလိုတော့ဘူး… ကျေးဇူးတင်ပါတယ်။ သွားလို့ရပါပြီ”
ဤသို့ပြောပြီးနောက် မိုနီကာသည် ၎င်းတို့အား တိုက်ရိုက်ပြန်လွှတ်လိုက်သည်။
ဟယ်ခွန်း၏ အမူအရာပြောင်းသွားပြီး သူ၏ အပြုံးသည် အနည်းငယ်မှေးမှိန်သွား၏။ သူသည် စုန့်ဟောင်ဘက်သို့ ချက်ချင်းလှည့်ကာ တီးတိုးမေးလိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ။ ပြုပြင်မှုတွေ မပြီးသေးဘူးလို့ ငါ့ကို ပြောခဲ့တာ မဟုတ်ဘူးလား”
ထိုအချိန်တွင် စုန့်ဟောင်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး မိုနီကာဘက်သို့ လှည့်ကာ
“မိုနီကာ... ခင်ဗျားက ပြုပြင်မှုတွေကို ဘယ်သူ့ကို အပ်လိုက်တာလဲ”
မိုနီကာ ပြန်လှည့်ကာ စုန့်ဟောင်အား တင်းမာသော အကြည့်ဖြင့်
“ရထားအတွက် ပြုပြင်ရေးအလုပ်အားလုံးကို အဖွဲ့ခေါင်းဆောင် လင်းကို အပ်ထားပြီးပြီ။ မကြာခင် ပြီးတော့မယ်... ဒါကြောင့် နင်က အခုလောလောဆယ် ရထားပြင်ဖို့ တခြားလူရှာဖို့ မလိုဘူး”
စုန့်ဟောင် အလွန်အံ့အားသင့်သွား၏။ မိုနီကာက လင်းရှန်သည် ရထားပြင်ရန် ရောက်နေကြောင်း အစောပိုင်းက ပြောခဲ့စဉ်က သူ သိပ်အာရုံမစိုက်ခဲ့ပေ။ သို့သော် ယခုမူ လင်းရှန်သည် အလုပ်စလုပ်နေပြီဟု ထင်ရ၏။
ဘယ်လိုတွေလဲဟ... ကိရိယာတွေ မပါဘဲ ဒီ မီတာ ၂၀၀ ရှည်လျားတဲ့ အလိုအလျောက် ကမ္ဘာပျက်ကပ်ရထားကို သူ တစ်ယောက်တည်း ပြင်နိုင်တယ်လို့ ထင်နေတာလား။
“မိုနီကာ” စုန့်ဟောင် ယခု ငြိမ်မနေနိုင်တော့ပေ။
“ခင်ဗျား ဘာလို့ ကျွန်တော့်ကို အရင် မတိုင်ပင်ထားတာလဲ။ ရထားရဲ့ ပြဿနာတွေကို ကျွန်တော်က အကောင်းဆုံး သိတဲ့သူပါ။ တခြားသူတစ်ယောက်က ကျွန်တော် မသိဘဲနဲ့ ဘယ်လိုလုပ် လာပြင်လို့ရမှာလဲ”
“ငါ နင့်ကို အခုလေးတင် ပြောလိုက်တယ်လေ” မိုနီကာက အေးစက်စွာ ပြန်ဖြေသည်။
“မဟုတ်ဘူး၊ သူက ရထားကို တကယ်ပြင်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး—တစ်ယောက်တည်း၊ ဘာကိရိယာမပါပဲနဲ့...ခင်ဗျားက ကျွန်တော့်ကိုတောင် ကူခွင့်မပေးဘူး။ ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး။ ဒီလို လုပ်ပြီး ဘယ်လိုလုပ် ပြင်လို့ရမှာလဲ”
“နင် စိတ်ပူစရာ မလိုပါဘူး။ အဖွဲ့ခေါင်းဆောင်လင်းမှာ သူ့နည်းသူ့ဟန်နဲ့ ရှိပါတယ်”
စုန့်ဟောင် မှင်သက်သွား၏။ မိုနီကာသည် စက်ပြင်ပညာနှင့်ပတ်သက်၍ ဘာမှမသိကြောင်း သူသိထားပြီး ရထားပြုပြင်ထိန်းသိမ်းမှု ဆုံးဖြတ်ချက်အားလုံးကို သူ့အား ပေးထားခဲ့သင့်သည်။ သို့သော် ယခုမူ မိုနီကာသည် တခြားလူတစ်ယောက်ကို ငှားရမ်းပြီး ပြင်ခိုင်းနေသည်။ သူ့အမြင်အရ မိုနီကာသည် လှည့်စားခံရခြင်းသာဖြစ်ရမည်။
တကယ်တော့ မိုနီကာသည်လည်း ဤအချက်ကို ကောင်းစွာ သတိပြုမိလေသည်။ သူမသည် လင်းရှန် အလုပ်လုပ်သည်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ဟယ်ခွန်းရှေ့တွင် လင်းရှန်၏ စွမ်းရည်များကို စုန့်ဟောင်အား ရှင်းပြရန် စီစဉ်ထားခြင်းမရှိပေ။ သူမသည် လင်းရှန်နှင့် သဘောတူညီချက် ရရှိပြီးသားဖြစ်သောကြောင့် ပြုပြင်ရေးအလုပ်ကို သူ့အား လွှဲအပ်ထားခဲ့သည်။
ဤအခြေအနေတွင် တခြားသူတစ်ဦးဦးကို ရထားကို စစ်ဆေးရန် သို့မဟုတ် ပြုပြင်ရန် ခေါ်လာပါက လင်းရှန်အား မလေးမစားပြုရာ ရောက်ပေလိမ့်မည်။ မိုနီကာသည် ရှင်းလင်းပြတ်သားသော အမျိုးသမီးဖြစ်ရာ လင်းရှန်သည် ဖီးနစ်၏ တပ်ရင်း (၇) စုံစမ်းရေးအဖွဲ့က ခေါ်ဆောင်လာသူဖြစ်ကြောင်း ကောင်းစွာနားလည်ထားပြီး ဟယ်ခွန်းကဲ့သို့သော လူများအား တုံ့ဆိုင်းနေရန် သို့မဟုတ် ရှင်းပြနေရန် မလိုအပ်ပေ။
ဟယ်ခွန်းသည် စုန့်ဟောင်၏ တုံ့ပြန်မှုကို မြင်သောအခါ အခြေနေကို ချက်ချင်း သဘောပေါက်သွား၏။ သူ့မျက်နှာကို ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး သူက ပြောလိုက်သည်။
“ဟေး... စီလန်မြို့မှာ ဒီလို ဂျီးနီးယပ်စ်အဆင့် စက်ပြင်သမားက ဘယ်တုန်းက ရောက်လာတာလဲ။ ငါတို့ မသိလိုက်ဘူး။ ကိရိယာတွေမပါဘဲ မင်းရဲ့ ရထားတစ်စီးလုံးကို လူတစ်ယောက်တည်း ပြင်နေတာ၊ ပြီးတော့ ဒီက ခေါင်းဆောင်မိန်းမလှလေးရဲ့ ပြောစကားအရ ပြီးခါနီးပြီတဲ့လား”
သူသည် လှောင်ပြောင်သောလေသံကို အသံမြှင့်လိုက်ရာ သူ၏နောက်မှ အင်ဂျင်နီယာသုံးဦးသည် ရယ်သံများကို မနည်း ထိန်းချုပ်ထားလိုက်ရသည်။
ဘေးတွင် ရပ်နေသော ရှီတိယွမ်သည် လက်ပိုက်လိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
“ဘာများ ပြဿနာရှိလို့လဲ။ ငါ့ညီလေးလင်းက စွမ်းရည်ရှိတယ်။ မင်းတို့မှာ လုပ်စရာမရှိရင် တခြားနေရာကို သွားလိုက်စမ်း။ ဒီနားမှာ ဆူဆူညံညံမလုပ်နဲ့… မင်းတို့ရဲ့ အသံအိုးကို ငါကူပြီး ဖယ်ရှားပေးရမလား”
ရှီတိယွမ်သည် တိုက်ရိုက်ဆန်ပြီး ပြတ်သားပေ၏။ သူသည် စကားအများကြီး မပြောတတ်ပေ။ တစ်စုံတစ်ယောက်က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပါက သူသည် ၎င်းတို့အား မောင်းထုတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
Chapter 397
ကျင်းချန်ယာဥ်တန်းမှ ပရောဖက်ရှင်နယ်အဆင့် ကျွမ်းကျင်သူ ၃
သူ စကားပြောလိုက်သောအခါ ကျန်သူများ၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားပြီး ဟယ်ခွန်း၏ မျက်နှာသည် မည်းသွား၏။ မည်သို့ပင်ဖြစ်စေ သူပြန်ခုခံ၍ မရသောအရှိန်အဝါကို ခံစားမိနေ၏။ သူ၏ ရွှေမြို့တော် (ကျင်းချန်) အဖွဲ့သည် ကြီးမားသော အဖွဲ့ဖြစ်သော်လည်း နျူကလီးယားစွမ်းအင်သုံး ရထားများကို မောင်းနှင်သူများသည် သာမန်ဇာတ်ကောင်များမဟုတ်ကြောင်း သူသိထားလေ၏။ ထို့ကြောင့် သူသည် အစောပိုင်းက မာနကို လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး လေးနက်သောအမူယာဖြင့် ပြောလိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ... ခဗျားက အတော်စိတ်တိုလွယ်တာပဲ။ စိတ်လျှော့ပါ၊ စိတ်လျှော့ပါ။ ကျွန်တော်က ဘာလိုမှ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ တွေ့ဆုံကြတဲ့အတွက် ကိရိယာမပါဘဲ နျူကလီးယားစွမ်းအင်သုံး ရထားတွေကို ပြင်နိုင်တဲ့ ဒီဆရာကြီးနဲ့ တွေ့ဆုံချင်ပါတယ်။ မိတ်ဆွေ ဖွဲ့ချင်ပါတယ်။ ဒါက ပြဿနာ မရှိပါဘူးနော်”
ထိုအချိန်တွင် မိုနီကာ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကျူဖန်းသည် ရုတ်တရက် အံ့အားသင့်သော အမူအရာဖြင့် ရထားပေါ်မှ ပြေးဆင်းလာ၏။
“ဟမ်… ထုတ်လွှင့်မှုစနစ်ချို့ယွင်းမှု သတိပေးချက် ပျောက်သွားပြီ”
“ဘာ”
စုန့်ဟောင်သည် ရထား၏ ချို့ယွင်းချက်ဒေတာကို စစ်ဆေးရန် သူ၏ အိပ်ဆောင်ကွန်ပျူတာကို ချက်ချင်း ထုတ်ယူလိုက်သည်။ သူ အံ့အားသင့်စွာ တွေ့ရှိလိုက်သည်မှာ ထုတ်လွှင့်မှုစနစ်သည် ရှင်းလင်းသွားရုံသာမက သေးငယ်သောပြဿနာမှ စ၍ ကြီးသော ပြဿနာအထိ ချို့ယွင်းချက်များစွာလည်း ဖြေရှင်းပြီးသား ဖြစ်နေခြင်းပင်။
“ဒါ...ဒါ မဖြစ်နိုင်ဘူး”
မိုနီကာသည် စုန့်ဟောင်၏ ထိတ်လန့်သောအမူအရာကို မြင်သောအခါ အံ့ဩသွားသော်လည်း သူမက ထုတ်မပြခဲ့ပေ။ သူမသည် လင်းရှန်နှင့် အခြေအနေကို အတည်ပြုရန် ရထားပေါ်သို့ တက်ရန် ပြင်ဆင်နေစဉ် သူသည် ရထားတံခါးဝတွင် ရပ်နေသည်ကို သတိပြုမိလိုက်သည်။
“အဖွဲ့ခေါင်းဆောင်လင်း”
“ထင်ထားတာထက် နည်းနည်း ပိုမြန်မြန် ပြီးသွားတယ်”
လင်းရှန်သည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ဆင်းလာစဉ် ပြောလိုက်သည်။ သူ၏ လက်များသည် ဆီဂျီးများ ဖုံးနေသော စုန့်ဟောင်နှင့် ကျူဖန်းတို့နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်စွာ အစွန်းအထင်းကင်းမဲ့နေ၏။
မိုနီကာ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားပြီး သူမက စုန့်ဟောင်ကို မော့ကြည့်လိုက်သည်။
ထိုအချိန်တွင် စုန့်ဟောင်သည် မယုံနိုင်သေးဘဲ
“မိုနီကာ… ထုတ်လွှင့်မှု၊ လျှပ်စစ်ထိန်းချုပ်မှု၊ နဲ့ မောင်းနှင်မှု— ချို့ယွင်းချက်အားလုံး ပျောက်သွားပြီ။ သူ...သူ ဘယ်လို လုပ်လိုက်တာလဲ”
စုန့်ဟောင်၏ စကားကို ကြားသောအခါ မိုနီကာလည်း သူမ၏ ပခုံးပေါ်မှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ စိတ်လှုပ်ရှားစွာဖြင့် သူမသည် လင်းရှန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“အဖွဲ့ခေါင်းဆောင်လင်း… ရှင်က အရာအားလုံးကို တကယ်ပြင်လိုက်တာလား”
“ဒါပဲလေ.... ဟားဟားဟား”
ရှီတိယွမ်သည် မိမိကိုယ်ကို အားရကျေနပ်သော အမူအရာဖြင့် လင်းရှန်၏ ပခုံးကို ပုတ်ကာ
“ယန္တရားပြဿနာတွေနဲ့ ပတ်သက်လာရင် ငါ့ညီလေးလင်း မဖြေရှင်းနိုင်တာ ဘာမှ မရှိဘူး။ မိုနီကာ…မင်းက တကယ်ပဲ မှန်ကန်တဲ့သူကို ရှာတွေ့ခဲ့တာ… သွေးပဲစေ့ ၂၀ က တကယ့် တန်ဖိုးရှိတဲ့ အရောင်းအဝယ်ပဲ မဟုတ်လား”
သွေးပဲစေ့ ၂၀
ဟယ်ခွန်း၏ မျက်နှာသည် မှောင်မိုက်သွားပြီး စကားဝိုင်းကို နားထောင်ရင်း သူသည် လှည့်စားခံလိုက်ရသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
“ဟေး စုန့်… မင်း ငါ့ကို ထုတ်လွှင့်မှု-ရိုးတံ သံလိုက်ဓာတ်ပေးစက် ပျက်စီးနေတယ်၊ ပါဝါတာဘိုင်မှာ ပြဿနာရှိတယ်၊ လျှပ်စစ်ထိန်းချုပ်မှုနဲ့ တုန်ခါမှုထိန်းချုပ်စက်တွေ ချို့ယွင်းနေတယ်လို့ မပြောခဲ့ဘူးလား။ ဘယ်လိုလုပ် ဒီပြဿနာတွေအားလုံး နှစ်နာရီအတွင်း ပြင်ပြီးသားဖြစ်သွားတာလဲ။ မင်း ငါ့ကို လာနောက်နေတာလား”
“ကျွန်တော်...ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး”
စုန့်ဟောင်သည် ယခုအချိန်တွင် အရာအားလုံးကို မေးခွန်းထုတ်ချင်နေ၏။ သူ၏ မျက်နှာသည် ပြောင်းလဲနေပြီး ရထား၏ စနစ်မှတစ်ဆင့် စစ်ဆေးမှုကို လုပ်ဆောင်ခဲ့သည်။ အင်ဂျင်နှင့် တာဘိုင်များသည် အသံမြည်နေသော်လည်း မည်သည့် ပြဿနာမျှ ပေါ်မလာပေ။ သူသည် လင်းရှန်သည် သတိပေးစနစ်ကို ရှင်းလင်းပြီး ပြပွဲတစ်ခု လုပ်ရုံသာ ဖြစ်သည်ဟု ထင်ခဲ့သော်လည်း တကယ့်ရလဒ်က လင်းရှန်သည် တစ်လကျော်ကြာ ရထားကို ဒုက္ခပေးခဲ့သော ပြဿနာများကို နှစ်နာရီအတွင်း တကယ်တမ်း ပြင်ဆင်ခဲ့ကြောင်း ပြသနေသည်။
“ဟမ့်”
သဘာဝကျစွာပင် ဟယ်ခွန်းသည် ဤအရာကို မယုံကြည်ပေ။ သူသည် စိတ်ရှည်မှု ကုန်ဆုံးသွားပြီး စုန့်ဟောင်အား စိုက်ကြည့်ကာ သူ၏ အသံတွင် လှောင်ပြောင်မှုများ ပါဝင်နေသည်။
“ကောင်းပြီ၊ ကောင်းပြီ။ ကပ္ပတိန်ချောလေး… မင်းရဲ့ရထားက ပြင်ပြီးပြီလို့ ယုံကြည်ရင် ငါတို့က စိတ်အနှောင့်အယှက်မပေးတော့ပါဘူး၊၊ ဒါပေမဲ့ မိတ်ဖြစ်ဆွေဖြစ် အကြံဉာဏ်လေးတော့ ပေးပါရစေ— ရထားချို့ယွင်းမှုတွေဟာ သေရေးရှင်ရေးကိစ္စပါ။ ပရော်ဖက်ရှင်နယ်တွေနဲ့ စစ်ဆေးကြည့်တာ ပိုကောင်းမယ်၊ မဟုတ်ရင် မြို့က ထွက်ခွာရမယ့် အချိန်မှာ ပြဿနာကြုံလာနိုင်တယ်။ အဲဒီအချိန်မှာ ဘယ်သူမှ မင်းကို မကူညီနိုင်တော့ဘူး”
“လခွမ်းထဲမှ…ခွေးxxxလေး… မင်း လျှာက မင်းရဲ့ ခေါင်းပေါ်က ဆံပင်နဲ့ လဲထားတာလား။ ငါက အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတယ်လို့ မင်း ထင်နေတာလား”
ရှီတိယွမ် ချက်ချင်းပင် ဒေါသထွက်သွား၏။ သူ၏ ကုတ်အင်္ကျီကို ချွတ်ချလိုက်ပြီး ရှေ့သို့ တိုးဝင်ရန် ပြင်ဆင်နေစဉ် လင်းရှန်က တားလိုက်သည်။
“သူ့ကို ဂရုမစိုက်ပါနဲ့။ ကျုပ်တို့မှာ တခြားကိစ္စတွေ လုပ်စရာရှိတယ်”
ထို့နောက် လင်းရှန်သည် ရှေ့သို့ တက်လာပြီး မိုနီကာကို ပြောလိုက်သည်။
“သူပေးတဲ့ အကြံဉာဏ်က ကျိုးကြောင်းဆီလျော်ပါတယ်။ ကျုပ်တို့ ပြင်ပေးပြီးရင်တောင် စစ်ဆေးကြည့်တာ မမှားပါဘူး…ခင်ဗျား ပိုပြီး စိတ်အေးရလိမ့်မယ်”
မိုနီကာ အနည်းငယ် ပြုံးလိုက်ပြီး
“စုန့်ဟောင်က စနစ်တစ်ခုလုံးကို စစ်ဆေးမှု လုပ်ပြီးပြီ။ ကျွန်မက စက်ပညာကို နားမလည်ပေမဲ့ တာဘိုင်စနစ်က အသံ မှန်ကန်တယ်ဆိုတာ ပြောနိုင်ပါတယ်။ အဖွဲ့ခေါင်းဆောင်လင်း၊ ကျွန်မ တကယ် ကျေးဇူးတင်ပါတယ်”
ဟယ်ခွန်းလည်း ရှီတိယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး သိသိသာသာ ထိတ်လန့်သွား၏။ သူသည် သူ၏ အဖွဲ့အား အလျင်အမြန် အချက်ပြကာ
“သွားကြမယ်”
သို့သော် ၎င်းတို့ ထွက်ခွာခါနီးတွင် သူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး စုန့်ဟောင်နှင့် မိုနီကာဘက်သို့ လှည့်ကာ
“ဒါနဲ့၊ ဟို လျှပ်စစ်ရထားစက်ခေါင်းကိစ္စ... မင်းတို့ မလိုတော့ဘူး မဟုတ်လား။ မလိုတော့ရင် ငါတို့ ယူသွားလိုက်မယ်”
ထိုစကားများသည် မိုနီကာ၏ စိုးရိမ်ပူပန်စိတ် သိရန် တမင်တကာစူးစမ်းခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ သတင်းအချက်အလက်က ‘ဘုရင်မ မိုနီကာ’ ရထားတွင် အရေးကြီးသော လျှို့ဝှက်ချက်များရှိကြောင်း ဖော်ပြနေသောကြောင့် ဖြစ်သည်။ သူသည် ဤနေရာသို့ ကြီးမားသော စီးပွားရေးအခွင့်အလမ်း ဖြစ်သည်ဟု ယူဆကာ ရောက်လာခြင်း ဖြစ်သဖြင့် ဈေးနှုန်းကို လျှော့ချရန် ကြိုးစားနေဆဲ ဖြစ်သည်။
မိုနီကာနှင့် စုန့်ဟောင်တို့ မတုံ့ပြန်နိုင်မီတွင် အခြား အသံတစ်ခုက ဖြတ်ပြောလိုက်သည်။
“ခင်ဗျား ပြောနေတာက အနောက်ဘက် ကုန်စည်ပို့ဆောင်ရေးဘူတာက ဝေလုံအဆင့် စက်ခေါင်းနှစ်လုံးတွဲအကြောင်းဆိုရင်တော့ စိတ်မကောင်းပါဘူး… ကျုပ် ပြင်ပြီး ယူသွားပြီးပါပြီ”
“ဘာ”
ဟယ်ခွန်းသည် ထိတ်လန့်မှုကြောင့် နောက်သို့ ယိမ်းယိုင်သွားပြီး လင်းရှန်ကို တုန်လှုပ်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
လင်းရှန်က သူ့အား တစ်ချက်ကြည့်လိုက်သည်။
“ဘာများ ပြဿနာရှိလို့လဲ”
ဟယ်ခွန်း၏ မျက်လုံးများ ဒေါသတကြီး ပြူးကျယ်သွား၏။
“ဘာ… အဲဒီ လျှပ်စစ်ရထားစက်ခေါင်းကို ငါတို့ ကျင်းချန်ယာဥ်တန်းက အရင်ရှာတွေ့ခဲ့တာပဲ။ ငါတို့ ပြင်ပြီးမှ ဝယ်သူတစ်ဦးကို ရောင်းဖို့ စီစဉ်နေတာ…. မင်းကို ဘယ်သူက ယူသွားဖို့ ခွင့်ပြုချက် ပေးတာလဲ”
လင်းရှန်သည် ရယ်လိုက်မိပြီး ဟယ်ခွန်းကို အေးစက်စွာ ကြည့်လိုက်သည်။
“ငါ ယူလိုက်တာပဲ။ ဘာဖြစ်လို့လဲ။ မင်းက ပြန်ခိုးချင်တာလား”
“ဟားဟားဟား… ဟာသပဲဟေ့… မင်း ရှာတွေ့ရုံနဲ့ မင်းပိုင်တာ မဟုတ်ဘူး။ မင်း အဲဒီပေါ်မှာ သေးပန်းပြီး အမှတ်အသားချန်ခဲ့လို့လား” ရှီတိယွမ်သည် ရယ်မောရင်း ဝင်ပြောလိုက်သည်။ ဟယ်ခွန်းသည် သူတို့အား အရူးများလို သဘောထားနေသည်မှာ ရှင်းနေ၏။
“မင်း ငါ့ကို လာနောက်နေတာလား”
ဟယ်ခွန်း၏ မျက်နှာသည် ဒေါသဖြင့် မည်းမှောင်သွား၏။ သူသည် နောက်ကျောမှ သေနတ်ကြီးတစ်လက်ကို ဆွဲထုတ်လိုက်သည်။ “မင်းက ငါတို့ ကျင်းချန်ရဲ့ စီးပွားရေးကို ခိုးဝံ့တယ်ပေါ့။ ညီလေးတို့၊ မင်းတို့ရဲ့ လက်နက်တွေကို ထုတ်ကြ”
ကလစ်-ကလစ်-ကလစ်
ဟယ်ခွန်း၏ လူများ သေနတ်မထုတ်နိုင်ခင် တစ်ကိုယ်တော်ဝံပုလွေ A-Class တိုက်ခိုက်ရေးဝတ်စုံများ ဝတ်ဆင်ထားသော တိုက်ပွဲဝင်ရန် အသင့်ရှိသည့် စစ်သားခြောက်ယောက်သည် လျင်မြန်စွာ ဝန်းရံလိုက်ပြီး ဟယ်ခွန်း၏ အဖွဲ့ဘက်ကို သေနတ်များ ချိန်ထားလိုက်သည်။
ရုတ်တရက် ခြိမ်းခြောက်မှုကြောင့် ဟယ်ခွန်း၏ ဒေါသသည် ချက်ချင်း ငြိမ်းသွား၏။ သူသည် အေးစက်သော ခံစားမှုကို ခံစားလိုက်ရပြီး သူ၏ သေနတ်ကို အလျင်အမြန် လွှတ်ချလိုက်သည်။
“ခန.. ခနလေး နားလည်မှုလွဲတာပါ၊ နားလည်မှုလွဲတာပါ။ ခေါင်းဆောင်မိန်းမလှလေး… ငါက အဲဒီလူကိုပဲ ပစ်မှတ်ထားတာပါ။ မင်းနဲ့ ပြဿနာတတ်ချင်တာ မဟုတ်ပါဘူး”
မိုနီကာ၏ နျူကလီးယားစွမ်းအင်သုံး ရထားသည် အနီးတွင် ရပ်နေပြီး ဟယ်ခွန်းသည် ဤနေရာက သူမ၏ နယ်မြေဖြစ်ကြောင်း သိထား၏။ သူ၏ ပစ်မှတ်မှာ သူတို့၏ စီးပွားရေးကို ယူသွားသော လင်းရှန်ဖြစ်သည်။ သူသည် နာမည်ကို အဖတ်ဆယ်ချင်ရုံသာ ဖြစ်သည်။ ပြုပြင်သူတစ်ဦးက လူရာပေါင်းများစွာပါဝင်သော အဖွဲ့၏ စီးပွားရေးကို ခိုးယူသွားသည်ဟု သတင်းပြန့်သွားပါက ၎င်းတို့သည် စီလန်မြို့တွင် နောင်အနာဂတ်တွင် အလုပ်များရတော့မည် မဟုတ်ပေ။
မိုနီကာက အေးစက်သော မျက်နှာဖြင့် ရှေ့သို့ တက်လာပြီး သူမ၏ သားမွေးကုတ်အင်္ကျီပေါ်ရှိ မြေခွေးအမွှေးများ လှုပ်ရှားသွား၏။
“ဒီနှစ်ယောက်က ငါရဲ့ ဧည့်သည်တွေပဲ။ နင်က ငါ့နယ်မြေပေါ်မှာ ပြဿနာရှာချင်တယ်ဆိုရင် နင်တို့အဖွဲ့က ငါနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလား”
သူမ စကားပြောနေစဉ် သူမ၏ လှပသော မျက်လုံးများသည် ရုတ်တရက် နက်ရှိုင်းသော သွေးနီရောင်တောက်လာပြီး မမြင်ရသော်လည်း ထိတွေ့နိုင်သော ဖိအားတစ်ခု ပေါက်ကွဲထွက်လာရာ ဟယ်ခွန်း၏ အဖွဲ့သည် ချက်ချင်း အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။
နောက်မှ ကြည့်နေသော လင်းရှန်နှင့် ရှီတိယွမ်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်၊၊ မိုနီကာ၏ ထိုသို့သော စွမ်းအားကြီးမားသော ခွန်အားကို ထုတ်ပြနိုင်ခြင်းကြောင့် နှစ်ဦးစလုံး အံ့အားသင့်သွားကြ၏။
မိုနီကာ၏ ဒေါသကြောင့် စုန့်ဟောင်နှင် ကျူဖန်းတို့သည် တိတ်ဆိတ်စွာ နောက်သို့ ဆုတ်သွားကြသည်။