← Chapters

ကျန်းရွှမ်၏အကြံပြုချက်များ

Vol. 16 Ch. 216

ကျန်းရွှမ်၏အကြံပြုချက်များ

Vol. 16 Ch. 216

"ဂိုဏ်းချုပ်ယွဲ့က ဥာဏ်ပညာအရှိဆုံး စကားကို ပြောလိုက်တာပါပဲ"

ဟန်ချန်ချောင်က ခေါင်းညိတ်လိုက်သည်။

အလုံးစုံသိမြင်ဂိုဏ်းသည် လောကကြီးပေါ်တွင် သတင်းအချက်အလက် အကြွယ်ဝဆုံး အင်အားစုအဖြစ် နာမည်ကျော်ကြားပေ၏။ ဂိုဏ်းချုပ်ယွဲ့သည် ဤကဲ့သို့ ပြောဆိုခဲ့သဖြင့် သူထံ၌ အကြွင်းမဲ့ယုံကြည်မှု ရှိနေရရမည်။ ထိုကိစ္စကို သူ ဂရုတစိုက် ပြန်စဉ်းစားကြည့်ချိန်တွင်လည်း ဤသည်မှာ ယုတ္တိတန်ပုံရသည်။

ထိုကျန်းရွှမ်သည် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ ထွက်ပေါ်လာသည့်အချိန်၌ အလွန်တိုက်ဆိုင်စွာဖြင့် အတိအကျ ပေါ်ပေါက်လာခဲ့သည်။ သူ ထွက်ပေါ်လာသော နေရာသည်လည်း ကြုံရာကျပန်းမဟုတ်ခဲ့ပေ။ အရာအားလုံးကို နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသော ဥာဏ်ကြီးရှင်တစ်ဦးမရှိဟု ယုံကြည်နိုင်ရန် ခက်ခဲသည်။

"အစောင့်တွေ... သူတို့ကို ဆွဲထုတ်သွားပြီးတော့ တစစီဖြတ်တောက်ပြီး အဆုံးစီရင်လိုက်တော့... သူတို့ရဲ့ မျိုးဆက်ကိုးဆက်ကို အမြစ်ပြတ်သုတ်သင်လိုက်စမ်း"

ဟန်ချန်ချောင်က အရေးမစိုက်သောဟန်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

ရွှေရောင်သံချပ်ကာဝတ် အစောင့်တပ်ဖွဲ့တစ်စု ဝင်ရောက်လာပြီး ထိုလူနှစ်ဦးကို ဖမ်းချုပ်ကာ အပြင်သို့ ဆွဲထုတ်သွားကြသည်။

"မဖြစ်ဘူး... အရှင်မင်းကြီး ကျွန်တော်မျိုးတို့ကို အသက်ချမ်းသာပေးပါ... သနားညှာတာပါ အရှင်မင်းကြီး"

အိမ်တော်ထိန်းဖုန်းနှင့်ဝူရှန်းတို့၏ အော်ဟစ်သံများ ပဲ့တင်ထပ်သွားသည်။ သူတို့သည် အလွန်ထိတ်လန့်ကြောက်ရွံနေသဖြင့် သူတို့အနက်မှ တစ်ဦးသည် ဆီးများပင်ထွက်ကျလာခဲ့သည်။ မိုမိသားစုမှ နှင်ထုတ်ခံရပြီးနောက် အဖြူရောင်ကျောက်တုံးမြို့တွင် သူတို့ ရှင်သန်နိုင်မည်မဟုတ်ကြောင်း သိရှိခဲ့သဖြင့် ဟန်ယွမ်မြို့တော်၌ ခိုလှုံရန် ကြိုးပမ်းခဲ့ကြသည်။ ကံအားလျော်စွာဖြင့် သူတို့သည် ဧကရာဇ်နှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ၏ သတင်းကို ဆောင်ကျဥ်းပေးခြင်းသည် ရာထူးအဆင့်အတန်းနှင့်ကြွယ်ဝမှုတို့တွင် ကြီးမားသော တိုးတက်မှုရရှိရန် အာမခံနိုင်မည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။ သို့ရာတွင် ဤသည်မှာ သူတို့၏မျိုးဆက်ကိုးဆက်လုံး အမြစ်ပြတ်သုတ်သင်ခံရမည့်အမိန့်အား ချမှတ်ခံရခြင်းကိုသာ ဖြစ်စေခဲ့သည်။

ဤသည်မှာ အကျိုးဆက်ဖြစ်မည်ဟု သူတို့ ကြိုသိခဲ့လျှင် အဖြူရောင်ကျောက်တုံးမြို့တွင်သာ နေထိုင်ခဲ့ကြပေမည်။ သူတို့သည် လူမုန်းတီးရပြီး ပြန်လည်နာလန်ထူရန် အခွင့်အလမ်း မရှိလျှင်ပင် အနည်းဆုံးအနေဖြင့် သူတို့သည် ကွပ်မျက်ခံရခြင်းနှင့် ရင်ဆိုင်ရမည် မဟုတ်ချေ။ သို့သော် ယခုချိန်တွင်မူ သူတို့ နောင်တရခြင်းသည် အချည်းနှီး ဖြစ်သွားခဲ့လေပြီ။

ထိုလူနှစ်ဦးသည် ယမမင်းနှင့်တွေ့ဆုံရန် ဆွဲခေါ်သွားခံရသည်ကိုကြည့်ရင်း ကျန်းရွှမ်သည် တည်ငြိမ်နေဆဲပင်။

ထိုစဥ်က သူ့ကို ဆန့်ကျင်ပြီး ရည်ရွယ်ချက်ရှိရှိ အခက်အခဲများ ဖြစ်စေခဲ့သည့်အတွက် သူတို့သည် အကျိုးဆက်များကို ကြိုတင် တွေးတောခဲ့သင့်သည်။

"ကဲ ကျွန်တော် သွားသင့်ပြီ... ဒုတိယခန်းမသခင် လင်းနဲ့ ဆွေးနွေးရမယ့် ကိစ္စတွေ ရှိနေတုန်းပဲ"

စကားဆက်ရှည်နေရန် စိတ်မဝင်စားသဖြင့် ကျန်းရွှမ်သည် ထွက်ခွာသွားရန် မတ်တတ်ထရပ်လိုက်၏။

"ဂိုဏ်းချုပ်ယွဲ့ ...ကျေးဇူးပြုပြီး ခဏစောင့်ပါအုံး... ငါ့မှာ အလုံးစုံသိမြင်ဂိုဏ်းကနေ အကူအညီတောင်းခံချင်တဲ့ ကိစ္စတစ်ခုရှိပါတယ်..."

ဟန်ချန်ချောင်သည် သူ့ကို တားဆီးရန် စိုးရိမ်တကြီးဖြင့် ရှေ့သို့ခြေလှမ်းတိုးလိုက်သည်။ သူသည် အရေးကြီးဆုံးကိစ္စကို ပြောဆိုရခြင်း မရှိသေးချေ။

"အမ်...."

ကျန်းရွှမ် ရပ်တန့်လိုက်သည်။

ဟန်ချန်ချောင်သည် အံ့တင်းတင်းကြိတ်ပြီး ရှင်းပြလိုက်၏။

"ဒါက ဒီလိုပါ... ချန်ယဲ့နဲ့ မိုချင်းတို့ကြားမှာ ပဋိပက္ခတချို့ ရှိခဲ့ကြတယ်... သူတို့ရဲ့ တိုက်ပွဲမှာ နှစ်ယောက်လုံး သေဆုံးသွားခဲ့ပါတယ်... ဒါက မိုတောက်ဂိုဏ်းဆီကနေ ရူးသွပ်တဲ့ လက်တုံ့ပြန်မှုတစ်ခုကို လှုံ့ဆော်မိမှာကို ငါ စိုးရိမ်မိတယ်... ဂိုဏ်းချုပ်ယွဲ့ဆီမှာ ဟန်ယွမ်တော်ဝင်အင်ပါယာကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုများ ရှိနေမလား.. ငါက ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်"

"အရှင်မင်းကြီးက ဒီကိစ္စကို ထုတ်မပြောတော့ဘူးလို့ ငါ ထင်နေတာ"

ကျန်းရွှမ်က မထီမဲ့မြင်အပြုံးနှင့် တုံ့ပြန်လိုက်သည်။

ဟန်ချန်ချောင်၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

"အလုံးစုံသိမြင်ဂိုဏ်းက ဒီကိစ္စကို သိပြီးသားလား"

ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်၏။

"နန်းတော်ထဲမှာ ဒီလောက်ထိကြီးမားတဲ့ စွမ်းအားလှုပ်ခတ်မှုကြီး ဖြစ်ခဲ့တာကို ငါ မသိဘူးလို့ မင်း ထင်နေတာလား... အရှင်မင်းကြီးလွှတ်ထားတဲ့ သူလျှိုတွေ ငါတို့ဂိုဏ်းထဲမှာ ရှိနိုင်တယ် မဟုတ်လား...မင်းရဲ့ နန်းတော်ထဲမှာလည်း ငါတို့ရဲ့လူတွေ ရှိမှာမဟုတ်ဘူးလို့ မင်း တကယ်ကြီး ယုံကြည်နေတာလား"

"ဒါက..."

ဟန်ချန်ချောင်သည် သိသိသာသာ အရှက်ရသွားသည်။ သူသည် ဒူးတစ်ဖက်ထောက်လိုက်ပြီး တောင်းပန်သောအနေဖြင့် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။

"ဂိုဏ်းချုပ်ယွဲ့က သိပြီးသားဆိုမှတော့ အကူအညီပေးဖို့အတွက် ငါ တောင်းပန်ပါရစေ"

မိုတောက်ဂိုဏ်းကို ဆန့်ကျင်ရန်အတွက် သူထံ၌ အခွင့်အရေးမရှိကြောင်း သူ သိရှိထားသည်။ သူ၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူ၏ရှေ့မှလူပင်။

ကျန်းရွှမ်သည် နေရာမှာပင် ရပ်တန့်လိုက်ပြီး ဟန်ချန်ချောင်အား လှည့်ကြည့်လိုက်သည်။

"ငါ့ရဲ့ကျင့်ကြံမှုအတွက် ကံကြမ္မာချပ်ပြားတွေနဲ့ သန့်စင်တဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ လိုအပ်တယ်... များလေ ပိုကောင်းလေပဲ... မင်း လုံလုံလောက်လောက် ပေးနိုင်မယ်ဆိုရင် မင်းကို ကူညီတာက ပြဿနာတစ်ခု မဟုတ်ဘူး"

ဤကဲ့သို့ အလွန်အမင်း စိတ်ပျက်အားငယ်နေသူတစ်ဦးရှိနေသဖြင့် ကျန်းရွှမ်သည် အခြေအနေအပေါ် အမြတ်ထုတ်ရန် ရည်ရွယ်ခဲ့သည်။ ဟန်ယွမ်တော်ဝင်မိသားစုသာ ပြိုလဲသွားပါက နောင်တွင် သူတို့ထံမှ မည်သည့်အရာကိုမဆို ရယူရန် ခက်ခဲသွားပေလိမ့်မည်။ ယခုချိန်၌ သူ၏ ကောင်းကင်ဘုံစာကြည့်တိုက်နှင့် ကျယ်ပြန့်လာသော ရွှမ်ကမ္ဘာ နှစ်ခုလုံးသည် တည်ငြိမ်မှုအတွက် ကောင်းကင်ကံကြမ္မာစွမ်းအင် ပမာဏအမြောက်အများကို တောင်းဆိုနေသည်။ ဤစွမ်းအားများသည် တန်ဖိုးမဖြတ်နိုင်ချေ။ ကျန်းရွှမ်းအတွက် ထိုအရာများ မည်မျှပင် ရရှိစေကာမူ ပိုလျှံသည် မရှိချေ။

"ကံကြမ္မာချပ်ပြားတွေ..."

ဟန်ချန်ချောင်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် သူ၏မျက်နှာအမူအယာ ခိုင်မာပြတ်သွားသည်။

"ဂိုဏ်းချုပ်ယွဲ့ ကျေးဇူးပြုပြီး စောင့်ပါအုံး...ငါက သူတို့ကို ချက်ချင်းယူလာခိုင်းပါ့မယ်"

ပေးဆပ်ရမည့် တန်ဖိုးတစ်ခု ရှိနေသမျှ ဤသည်မှာ ပြဿနာတစ်ရပ် မဟုတ်ချေ။ သူ အကြောက်ဆုံးအရာမှာ သူ၏ချမ်းသာကြွယ်ဝမှုများကို သုံးစွဲနိုင်ခြင်း မရှိမည်ကိုပင်။

အခန်းထဲမှ ထွက်ခွာရင်း သူသည် ရွှေရောင်သံချပ်ကာဝတ် အစောင့်တစ်ဦးကို အမိန့်များ ထုတ်ပြန်လိုက်ရာ ထိုလူသည် လျှင်မြန်စွာထွက်ခွာသွားသည်။ မကြာမီမှာပင် အစောင့်သည် သေတ္တာကြီးတစ်လုံးဖြင့် လက်ဖက်ရည်ဆိုင်သို့ ပြန်ရောက်လာသည်။

ဟန်ချန်ချောင်သည် ထိုအရာကို ဂရုတစိုက် ဖွင့်လိုက်ရာ အရေအတွက်တစ်ထောင်ကျော်ရှိသော ကြီးမားသည့် ကံကြမ္မာချပ်ပြားပုံကြီးကို မြင်တွေ့လိုက်ရသည်။

"စတုရန်းကီလိုမီတာ သန်းပေါင်းများစွာကျယ်ဝန်းတဲ့ အင်ပါယာကို အုပ်ချုပ်ရတဲ့ တော်ဝင်မိသားစုတစ်ခုအနေနဲ့ ငါတို့မှာ ပေါများတဲ့ သယံဇာတတွေ ပိုင်ဆိုင်ထားပေမဲ့ ငါတို့ရဲ့ သုံးစွဲမှုကလည်း အရမ်းကြီးမားတယ်... ဒါတွေက ငါတို့တော်ဝင်မိသားစုရဲ့ နှစ်တစ်ထောင်ကျော် စုဆောင်းမှုတွေပါ... စုစုပေါင်း ကံကြမ္မာချပ်ပြား ၁၀၀၀ လောက် ရှိတယ်... ဒါတွေအားလုံးက ဂိုဏ်းချုပ်ယွဲ့အတွက်ပါပဲ"

ဟန်ချန်ချောင်သည် မချိတင်ကဲမျက်နှာအမူအယာဖြင့် သေတ္တာကို ရှေ့သို့တွန်းပို့လိုက်သည်။

ကံကြမ္မာချပ်ပြားများသည် ကျင့်ကြံမှုအတွက်သာမက ဆုလာဘ်များအဖြစ် ဖြန့်ဝေရာတွင်လည်း မကြာခဏ အသုံးပြုရသည်။ ထို့ကြောင့် အင်ပါယာသည် ကြီးမားကျယ်ပြန့်မှုရှိသည့်တိုင် ကံကြမ္မာချပ်ပြားသိုလှောင်သိမ်းဆည်းထားမှုများသည် များပြားခြင်း မရှိပေ။ ဤကံကြမ္မာချပ်ပြားတစ်ထောင်သည် သူတို့၏စုဆောင်းမှုများအားလုံးကို အမှန်တကယ် ကိုယ်စားပြုသည်။

"အင်း... ဒါဆိုရင် လုံလောက်ပါပြီ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို သေတ္တာပေါ်တွင် တင်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ထိုကံကြမ္မာချပ်ပြားများအားလုံး သူ၏ကမ္ဘာသစ်ထဲသို့ ရောက်ရှိသွားကာ နေရာမှပျောက်ကွယ်သွားသည်။

"ဒါက.."

ဟန်ချန်ချောင်၏မျက်ဆံများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ကျုံ့ဝင်သွားသည်။

သိုလှောင်ပစ္စည်းတစ်ခု...

ထိုအရာများသည် မယုံနိုင်လောက်အောင် ရှားပါးသဖြင့် သူပင်လျှင် တစ်ခုမတတ်နိုင်ခဲ့ပေ။ ဂိုဏ်းချုပ်ယွဲ့လုံရှောင်က သိုလှောင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားခြင်းသည် သူ၏ ကြီးမားသော ချမ်းသာကြွယ်ဝမှုကို ပြသနေခြင်းပင်။ ဤသည်မှာ ဧကရာဇ်တစ်ပါး၏ ချမ်းသာကြွယ်ဝမှုထက်ပင် ကျော်လွန်နေသည်မှာ သိသာထင်ရှားသည်။

"မင်းရဲ့လက်ဆောင်ကို ငါ လက်ခံပြီးမှတော့ ဒီပြဿနာကို ဖြေရှင်းဖို့ မင်းကို ကူညီပေးရမှာပေါ့"

ကျန်းရွှမ်က သူ့ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"တကယ်တော့ ဒီကိစ္စက အရေးကြီးပုံရပေမဲ့ ဖြေရှင်းဖို့ မခက်ခဲဘူး"

"ဂိုဏ်းချုပ်ယွဲ့ရဲ့လမ်းညွှန်မှုကို ငါက ရိုရိုသေသေ တောင်းခံပါတယ်"

ဟန်ချန်ချောင်က တည်ကြည်လေးနက်စွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်သည်။

ကျန်းရွှမ်းသည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။

"အဆင့်နှစ်ဆင့် ရှိတယ်... ပထမတစ်ဆင့်က မိုတောက်ဂိုဏ်းကနေ မင်းကို ရင်ဆိုင်ဖို့ ထိပ်သီးကျင့်ကြံသူတွေ လွှတ်လိုက်ရင် မိုချင်းက မင်းရဲ့ အမိန့်အရ အသတ်ခံခဲ့ရတာလို့ ချက်ချင်း ဝန်ခံရမယ်... ဘယ်လို ငြင်းဆိုမှုမျိုးကိုမှ မလုပ်နဲ့... ပြီးတော့ မင်းရဲ့ သဘောထားက ပိုပြီးတင်းမာခက်ထန်လေလေ ပိုကောင်းလေလေပဲ"

"အမ်..."

ဟန်ချန်ချောင်သည် မယုံကြည်နိုင်မှုဖြင့် သူ၏ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်။

'မင်းက ငါ့ရဲ့ငွေတွေကို ယူပြီးတော့ ငါ့ကို ဒီလို အကြံဉာဏ်မျိုး ပေးတယ် ဟုတ်လား'

အကယ်၍ သူသာ ထိုကဲ့သို့ ပြောဆိုလိုက်လျှင် သူတို့က သူ့ကို နေရာမှာတင် ထက်ခြမ်းကွဲအောင် ခုတ်ပိုင်းပစ်လိမ့်မည် မဟုတ်လော...

သူသည် ထိုအကြံပြုချက်ကြောင့် တုန်လှုပ်နေစဥ်မှာပင် ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။

"မင်း လန့်မသွားပါနဲ့... ငါက ဒါကို အကြောင်းပြချက်မရှိဘဲ အကြံပြုမှာ မဟုတ်ဘူး... မိုချင်းက နန်းတော်ထဲမှာ သေဆုံးခဲ့တာက သက်သေတွေအများကြီး ရှိနေတယ်.. မင်း ငြင်းဆန်ရင်တောင်မှ အမှန်တရားကို ဖုံးကွယ်ထားလို့ မရနိုင်ဘူး... ဒါကို ဖုံးကွယ်ဖို့ ဒုက္ခခံမယ့်အစား မင်း ပြောင်ပြောင်တင်းတင်း ဝန်ခံလိုက်တာက ပိုကောင်းတယ်"

ဟန်ချန်ချောင်သည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

ယွဲ့လုံရှောင် ပြောသည့်စကားသည် ယုတ္တိရှိပေ၏။ မိုတောက်ဂိုဏ်းမှ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်လျှင် သူတို့သည် အမှန်တရားကို သိရှိပြီး ဖြစ်သည်ဟု ဆိုလိုပေလိမ့်မည်။ ငြင်းဆန်ခြင်းသည် နောက်ထပ် စုံစမ်းစစ်ဆေးမှုများကိုသာ ဖိတ်ခေါ်မိပေလိမ့်မည်။ ယုလုံချင်းနှင့် စွန်းလျန်ရှန်းတို့ကဲ့သို့ အသက်ရှင်ကျန်ရစ်သူများသည် အသေးစိတ်အချက်အလက်များကို နောက်ဆုံးတွင် ဖွင့်ဟပြောပြမည်မှာ သေချာပေါကိပင်။ သူ ဝန်ခံလိုက်ခြင်းသည် အမှန်တကယ်ကို ပို၍ကြီးမားသောဒုက္ခများ ကျရောက်မလာစေရန် တားဆီးနိုင်ပေလိမ့်မည်။

"ငါက ပြောင်ပြောင်တင်းတင်း ဝန်ခံရမှာကို နားလည်တယ်... ဒါပေမဲ့ ဘာလို့ ငါက ခက်ထန်တင်းမာပြရမှာလဲ"

ဟန်ချန်ချောင်က မေးမြန်းသည်။

ကျန်းရွှမ်၏မျက်နှာပေါ်တွင် သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ဒါက ရိုးရှင်းပါတယ်... မင်းရဲ့ဝှက်ဖဲတွေအကြောင်း သူတို့ကို ဆက်ပြီးခန့်မှန်းခိုင်းထားဖို့ပဲ... ဒီနည်းလမ်းနဲ့ဆိုရင် သူတို့က မင်းကို သတ်ချင်ရင်တောင်မှ တွန့်ဆုတ်ပြီး အတည်ပြုချက် ရယူဖို့ ကြိုးစားကြလိမ့်မယ်... ဟန်ယွမ်မြို့တော်လို မရင်းနှီးတဲ့ နယ်မြေမှာ ရှိနေတော့ သူတို့အတွက် တိကျတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက အလုံးစုံသိမြင်ဂိုဏ်းကနေတဆင့်ပဲ ဖြစ်လိမ့်မယ်... ပြီးတော့ ဒါက ငါကို မင်းကိုယ်စား ပြောဆိုခွင့်ရမယ့် အခွင့်အရေး ရသွားစေတယ်"

ဟန်ချန်ချောင် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

"ငါ သဘောပေါက်ပြီ... ဒုတိယအဆင့်ကရော..."

"ဒုတိယအဆင့်ကတော့ ငါက သူတို့ကို ကိစ္စအားလုံးကို ရှင်းပြဖို့ပဲ... မိုချင်းရဲ့သေဆုံးမှုက ဖရိုဖရဲကံကြမ္မာကျင့်ကြံသူကို ဆန့်ကျင်တဲ့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ အကြံအစည်တစ်ခုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ငါက ဖွင့်ဟပြောလိုက်မယ်... ဒီနည်းလမ်းနဲ့ မင်းကို သတ်ဖြတ်တာက အလုံးစုံသိမြင်ဂိုဏ်းကို ရန်စတာဖြစ်ပြီးတော့ ဂိုဏ်းရဲ့အခွင့်အာဏာကို စိန်ခေါ်တာလည်းဖြစ်တယ်လို့ သူတို့ နားလည်သွားကြလိမ့်မယ်... မိုတောက်ဂိုဏ်းက အားနည်းတာ မဟုတ်ပေမဲ့ သူတို့မှာ ငါတို့ကို ဆန့်ကျင်ဖီဆန်ရဲတဲ့ သတ္တိရှိမရှိဆိုတာကိုတော့ ငါ သံသယဝင်မိတယ်"

ဟန်ချန်ချောင်က ခေါင်းညိတ်လိုက်သည်။ မိုတောက်ဂိုဏ်း၏ အသန်မာဆုံးဖြစ်သော မိုပိုင်ယဲ့သည် ကျိုးယီအင်ပါယာအတွင်း၌ အထွတ်အထိပ်ကျင့်ကြံသူတစ်ဦး ဖြစ်ပေ၏။ သို့ရာတွင် အလုံးစုံသိမြင်ဂိုဏ်း၏ ကြီးမားသော ဩဇာအာဏာလွှမ်းမိုးမှုနှင့် နှိုင်းယှဉ်လျှင် သူသည် မပြောပလောက်ပေ။ ဤအင်အားစုနှစ်စုသည် လုံးလုံးလျားလျား အဆင့်အတန်း ကွာခြားသည်။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ဟန်ချန်ချောင်က သတိကြီးစွာထား၍ မေးမြန်းလိုက်သည်။

"တကယ်လို့ ကျန်းရွှမ်က ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူကို ဆွဲဆောင်ဖို့ ဟန်ဆောင်ထားတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ ငါတို့က ပြောပြီးတော့...မိုချင်းက ဒီလျှို့ဝှက်ချက်ကို တွေ့ရှိသွားလို့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့အတွက် သူ့ကို သတ်ပစ်ခဲ့ရတာလို့ ပြောရင်... ဒါက အဓိပ္ပါယ်ရှိနိုင်လား... ဒါက သူတို့ရဲ့ ဒေါသကို ကျေးဇူးတင်မှုအဖြစ်တောင် ပြောင်းလဲသွားစေနိုင်တယ်"

ကျန်းရွှမ်က ခေါင်းညိတ်သည်။

"အမှန်ပဲ... ဒါပေမဲ့ ကျန်းရွှမ်က အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးလို့ မင်း ပြောလို့မရဘူး... ဒါက သိမ်မွေ့တဲ့ အရိပ်အမြွက်အနေနဲ့ ငါ ထုတ်ပြောရမှာ... မဟုတ်ရင် ဒါက သံသယတွေကိုပဲ ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ်"

"ဒါက အဓိပ္ပါယ်ရှိတယ်..."

ဟန်ချန်ချောင်က သဘောတူလိုက်သည်။

သူ၏ အဆင့်အတန်းသည် ဤကဲ့သို့ လျှို့ဝှက်ချက်များကို မည်သို့သိရှိနေသည်အပေါ် အကြောင်းပြချက် မပေးနိုင်ပေ။ သို့သော် အလုံးစုံသိမြင်ဂိုဏ်း၏ ဌာနခွဲဂိုဏ်းချုပ်ထံမှ ထုတ်ပြန်ကြေငြာချက်သည် သက်ရောက်မှုရှိပေလိမ့်မည်။

ထိုသို့ဆိုသည့်တိုင် သူ၏ဘေးကင်းလုံခြုံမှုသည် ယခုချိန်၌ ကျန်းရွှမ်အပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။ ကျန်းရွှမ်သာ သူ၏ကိုယ်စား ပြောဆိုမပေးခဲ့လျှင် သူ သေကြေပျက်စီးသွားပေလိမ့်မည်။

"အရှင်မင်းကြီးရဲ့ စိုးရိမ်မှုတွေကို ငါ နားလည်တယ်..."

ကျန်းရွှမ်က ရယ်မောလိုက်သည်။

"ဒါပေမဲ့ မင်း စဉ်းစားကြည့်... မင်း သေဆုံးသွားတာက ငါ့အတွက် ဘာကောင်းကျိုး ရှိမှာလဲ..ပြောရရင် ဒီလောက်ထိ ရက်ရောတဲ့ လာဘ်လာဘတစ်ခုကို ရပြီးတဲ့နောက်မှာပေါ့... ငါက မင်းကို ဘာလို့ မကူညီဘဲ နေရမှာလဲ"

ဟန်ချန်ချောင်က ခေါင်းညိတ်လိုက်သည်။ ဟန်ယွမ်တော်ဝင်မိသားစုသည် ယခင်က အလုံးစုံသိမြင်ဂိုဏ်း၏ဌာနခွဲနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသော်လည်း သူတို့၏ဆက်ဆံရေးကို ခြုံငုံကြည့်ပါက သင့်တင့်မျှတခဲ့သည်။ ထို့ပြင် သူသည် ကျန်းရွှမ်ကို သူကိုယ်တိုင်ကိုယ်ကျ မည်သည့်အချိန်ကမျှ ပြစ်မှားခဲ့ခြင်း မရှိပေ။

"ငါက ဂိုဏ်းချုပ်ယွဲ့ကို သံသယမဝင်ပါဘူး... ဒါပေမဲ့ အခြေအနေက ငါ့ရဲ့ထိန်းချုပ်မှုထက် ကျော်လွန်နေသလိုမျိုး ခံစားနေရတယ်..."

ဟန်ချန်ချောင်က သက်ပြင်းချလိုက်သည်။

ဤအရာသည် သူ့ကို အပြည့်အဝ ယုံကြည်စေရန် လုံလောက်မှု မရှိသေးကြောင်း သိသဖြင့် ကျန်းရွှမ်က အချိန်တခဏမျှ ရပ်တန့်လိုက်ပြီး နောက်ထပ် အာမခံချက်တစ်ခု ပေးလိုက်သည်။

"ဒီလိုဆိုရင်ရော... မိုတောက်ဂိုဏ်းက စုံစမ်းစစ်ဆေးဖို့အတွက် တစ်ယောက်ယောက်ကို တကယ်ကြီးစေလွှတ်လိုက်ရင် မင်းက သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြောင်း ဝန်ခံလိုက်ပါ... ဒါပေမဲ့ အဲ့ဒီနောက်မှာ အပြစ်ကို ငါ့အပေါ် ပုံချလိုက်... ဒါက ငါ့ရဲ့ ညွှန်ကြားချက်အရ လုပ်ခဲ့တာလို့ သူ့ကို ပြောလိုက်ရုံပဲ... မင်းက မင်းကိုယ်မင်း ကာကွယ်ချင်တာဆိုရင် ဒီအခြေအနေကို ခုလိုရှင်းပြရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး"

"နားလည်ပေးတဲ့အတွက် ဂိုဏ်းချုပ်ယွဲ့ကို ကျေးဇူးတင်ပါတယ်..."

ဟန်ချန်ချောင်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်ခဲ့သည်။

ဤကတိဖြင့် သူသည် ပို၍လုံခြုံသွားသည်ဟု ခံစားမိလေ၏။ မိုတောက်ဂိုဏ်းသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း သူတို့သည် အမှန်တရားကို ဦးစွာအတည်မပြုဘဲ အင်ပါယာတစ်ခု၏ ဧကရာဇ်ဖြစ်သော သူ့ကို မဆင်မခြင် သတ်ဖြတ်လိမ့်မည် မဟုတ်ပေ။

"ကောင်းပြီလေ"

ကျန်းရွှမ်သည် သူ၏ထွက်ခွာမှုကို ပြန်လည်၍စတင်လိုက်သည်။

"ကိစ္စတွေကို ဖြေရှင်းပြီးပြီဆိုမှတော့ ငါ့ကို ခွင့်ပြုပါအုံး"

"ဂိုဏ်းချုပ်ယွဲ့ ဂရုစိုက်ပြီးပြန်ပါ... တပ်မှူးဟူ... ငါတို့ရဲ့ဧည့်သည်တော်ကို လိုက်ပို့လိုက်အုံး"

ဟန်ချန်ချောင်က သူ၏လက်ကိုဝှေ့ယမ်းပြီး အချက်ပြလိုက်သည်။

ကံကြမ္မာချပ်ပြားများကို ယူဆောင်လာခဲ့သော ရွှေရောင်သံချပ်ကာဝတ် အစောင့်သည် ကျန်းရွှမ်၏နောက်သို့ လိုက်ပါသွားပြီး သူ့ကို ပြင်ပသို့ လိုက်ပါပို့ဆောင်ခဲ့သည်။ မကြာမီမှာပင် တပ်မှူး ဟူသည် လက်ဖက်ရည်ခန်းမသို့ ပြန်ရောက်လာပြီး တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်၏။

"အရှင်မင်းကြီး... ဧည့်သည်တော်ကို ပို့ဆောင်ပြီးပါပြီ"

"ကောင်းပြီ"

ဟန်ချန်ချောင်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ချောင်းများဖြင့် လက်ဖက်ရည်စားပွဲကို ဖြည်းညှင်းစွာ ပုတ်နေသည်။ အချိန်တခဏကြာမျှ စဉ်းစားတွေးတောပြီးနောက် သူက မော့ကြည့်ပြီး ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်ယွဲ့က လက်မထပ်ရသေးပေမဲ့ သူ အရမ်းဂရုစိုက်တဲ့ တပည့်တချို့ ရှိနေတယ်လို့ ငါ သိထားတယ်"

"ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးအဖွဲ့ကလည်း ဒီအတိုင်းပဲ ပြောပါတယ်"

တပ်မှူးဟူက ခေါင်းညိတ်ပြပြီး အတည်ပြုလိုက်သည်။

ဟန်ချန်ချောင်၏မျက်လုံးများ အေးစက်စက် တောက်ပသွားသည်။

"ငါ အစောပိုင်းက ပြင်ဆင်ထားခဲ့တဲ့ အေးစက်အရိုးဖြူကျောက်စိမ်းအဆိပ်ကို ပြန်ယူလာခဲ့စမ်း... အလုံးစုံသိမြင်ဂိုဏ်းက လျှို့ဝှက်သူလျှိုတွေကို သုံးပြီးတော့ သူ့ရဲ့တပည့်တွေကို ဒါကို တိုက်ကျွေးဖို့ နည်းလမ်းရှာလိုက်စမ်း... သူသာ လိမ်ညာပြောဆိုရဲရင် ဒါမှမဟုတ် သူ့ရဲ့စကားကို ပြန်ရုပ်သိမ်းရဲရင်... သူ့တပည့်တွေက သူ့ကို အုတ်ဂူထဲအထိ အဖော်ပြုသွားစေရအောင် ငါ သေချာလုပ်မယ်"

"ဟုတ်ကဲ့"

တပ်မှူးဟူသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အရိုအသေပြုပြီးနောက် ခန်းမအတွင်းမှ လျှင်မြန်စွာ ထွက်ခွာသွားသည်။

All Chapters