လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် ပျက်စီးသွားခြင်း
Vol. 16 Ch. 219
အိုးယန်ဟိုင်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်သည့်အချိန်တွင် သူ၏ရှေ့ရှိ လေဟာနယ်အတွင်း၌ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ နောက်ထပ်အချိန်တခဏတွင် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး မိုင်ပေါင်းထောင်နှင့်ချီအကွာတွင် ပြန်လည်၍ ထွက်ပေါ်လာသည်။ ဤဖြစ်စဥ်ကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သဖြင့် သူ့ထံ၌ ကြီးမားကျယ်ပြန့်သော ကျင့်ကြံမှုစွမ်းအားရှိသော်လည်း သူ အသက်ရှူမဝ ဖြစ်လာသည်။
သို့ရာတွင် ဤအဆင့်ရှိသော ပါရမီရှင်တစ်ဦး၏ သတင်း ပျံ့နှံ့သွားသည့်အချိန်တွင် မရေမတွက်နိုင်သော အင်အားစုများသည် မျက်လုံးများနီမြန်းပြီး အပြေးအလွှား ရောက်လာကြမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ သူ အချိန်တခဏမျှ နောက်ကျသွားပါက အခွင့်အရေးကို လုံးလုံးလျားလျား ဆုံးရှုံးသွားခြင်းဟု ဆိုလိုနိုင်ပေ၏။
သူသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်သည်နှင့် မြေပုံတစ်ခုက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ ထိုအရာကို ကြည့်လိုက်ပြီးနောက် အိုးယန်ဟိုင်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"အခု တော်တော်နီးလာပြီ"
တစ်ရက်နီးပါး အပြင်းအထန် ခရီးနှင်ပြီးနောက် သူ၏စွမ်းအားများ အလွန်အမင်း ကုန်ဆုံးသွားပြီး သူ၏စိတ်ဝိညာဉ်သည်လည်း မောပန်းသွားခဲ့သည်။ သူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ သောက်လုံးလိုက်၏။ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ပြန်လည်ပြည့်တင်းလာသည်ကို ခံစားမိမှသာ သူသည် လေဟာနယ်ကို ထပ်မံ၍ဆုတ်ဖြဲပြီး ရှေ့သို့ ဆက်လက်၍ထွက်ခွာခဲ့သည်။
နောက်ထပ်ဆယ်ကြိမ်ကျော်ခန့် လေဟာနယ်ကိုဆုတ်ဖြဲသွားလာပြီးနောက် သူ၏မျက်ဆံများ ကျုံ့ဝင်သွားပြီး အလိုအလျောက် ရပ်တန့်လိုက်မိသည်။
သူ၏ရှေ့တွင် ကီလိုမီတာသောင်းနှင့်ချီ၍ ကျယ်ဝန်းသော လျှပ်စီးများဖြင့် ဖုံးလွှမ်းနေသည့် နယ်မြေကြီးတစ်ခု ရှိနေသည်။ မိုးကြိုးတိမ်တိုက်များသည် မည်သည့်အချိန်တွင်မဆို ကျရောက်သွားတော့မည့်အလား ပြင်းထန်စွာမြည်ဟီးနေသည်။
သူသည် မိုးကြိုးများကို မြင်တွေ့ဖူးပြီး မည်မျှပင် များပြားစေကာမူ သူ့ကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ဦးကို ဒုက္ခပေးနိုင်ခြင်း မရှိချေ။ သို့ရာတွင် ဤမိုးကြိုးလှိုင်းများမှာမူ သူပင်လျှင် သူ၏စိတ်နှလုံးသားထဲ၌ အေးစက်မှုကို ခံစားလိုက်ရသည်။
"ဒါက ကောင်းကင်ကံကြမ္မာအတွက် ယှဥ်ပြိုင်နေတဲ့အချိန်မှာ ထွက်ပေါ်လာတတ်တဲ့ မိုးကြိုးအမျိုးအစားပဲ... ရှေ့မှာ ကောင်းကင်ကံကြမ္မာကို လုယက်နေတဲ့ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက် ရှိနေတာများလား"
ကောင်းကင်ကံကြမ္မာ၏ သတ္တမအဆင့်ကို ကံကြမ္မာလုယူခြင်းနယ်ပယ်ဟုလည်း ခေါ်ဆိုပြီး ဤသည်မှာ ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူများပင်လျှင် လက်တစ်ချောင်းတည်းဖြင့် ချေမှုန်းခံရနိုင်သည့် နယ်ပယ်တစ်ခုဖြစ်သည်။
"ဒါက အဓိပ္ပာယ်မရှိဘူး... ကံကြမ္မာလုယူခြင်းနယ်ပယ် တည်ရှိမှုကြီးတစ်ယောက်က ကံကြမ္မာမြစ်နားမှာပဲ သူ့ရဲ့ကပ်ဘေးကို ခံယူရမှာ... ဒီနေရာမှာ ကြိုးစားတာက သေလမ်းရှာတာပဲ"
"ခဏလေး... ဒါက ဟန်ယွမ်မြို့ပဲ... ပါရမီရှင်သုံးယောက် ထွက်ပေါ်လာတာက မိုးကောင်းကင်တာအိုရဲ့ အမျက်ဒေါသကို ရန်စပေးလိုက်သလို ဖြစ်သွားပြီးတော့ ဒီမိုးကြိုးလှိုင်းတွေကို ဆင့်ခေါ်လိုက်တာများ ဖြစ်နေမလား..."
သူ၏တည်နေရာကို အတည်ပြုလိုက်ပြီးနောက် အိုးယန်ဟိုင်၏စိတ်နှလုံးသား လေးလံသွားသည်။
ဤနေရာသို့ အလျင်စလို လာရောက်ရန် ဤမျှထိ ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက် ပါရမီရှင်ဟုခေါ်ဆိုသူများသည် မိုးကြိုးတစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့လျှင် သူသည် သူ၏ကံဆိုးမိုးမှောင်ကျမှုကိုသာ မြည်တမ်းရင်း ကျန်ရစ်ခဲ့ရပေမည်။
"ငါ အမြန်သွားပြီး ကြည့်ဖို့ လိုတယ်"
သူသည် အချိန်တခဏကြာမျှ တွန့်ဆုတ်နေပြီးနောက် အံ့ကြိတ်ကာ ထိုမိုးကြိုးနယ်မြေကိုဖြတ်သန်း၍ ပျံသန်းလိုက်သည်။ ဤမျှ ကြီးမားသော မိုးကြိုးတိမ်တိုက်များအောက်တွင် လေဟာနယ်သည် မတည်ငြိမ်ပေ။ ယခင်ကကဲ့သို့ သူ ခရီးသွားပါက သူ၏ပန်းတိုင်သို့မရောက်မီ မိုးကြိုးထိမှန်ခြင်းကြောင့် သူ သေဆုံးသွားနိုင်ပေ၏။
ဟန်ယွမ်မြို့တော်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌...
တပ်မှူးဟူက ဟန်ချန်ချောင်၏ရှေ့မှောက်တွင် ဒူးထောက်နေသည်။
"အရှင်မင်းကြီးကို သတင်းပို့ပါတယ်... ယွဲ့လုံရှောင်ရဲ့တပည့်တွေကို အဆိပ်ခတ်ပြီးပါပြီ.... အခု သူတို့က ကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေပါပြီ"
ဟန်ချန်ချောင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
မိုချင်းကို သတ်ဖြတ်ခဲ့ကြောင်း လူသိရှင်ကြား ဝန်ခံရန် သူ့ကိုယ်ကို တွန်းအားပေးခြင်းသည် လောင်းကြေးတစ်ခုပင်။ အကယ်၍ ယွဲ့လုံရှောင်သာ ငွေကိုယူပြီး ကတိမတည်ခဲ့လျှင် ဤသည်မှာ သူ၏အဆုံးသတ် ဖြစ်သွားပေလိမ့်မည်။
သူ အသာစီးရယူထားခြင်းသည် ယွဲ့လုံရှောင်မှ ဤကိစ္စကို ဝန်ခံရန် ဆန္ဒမရှိလျှင်ပင် မဆင်မခြင် ပြုမူရဲမည် မဟုတ်သည့် အာမခံချက်တစ်ခုပင်။
"ဂိုဏ်းချုပ်ယွဲ့က လင်းပုယန်ရဲ့အိမ်တော်ကနေ ထွက်လာပြီလား"
ဟန်ချန်ချောင်သည် အခြေအနေကို စောင့်ကြည့်နေသော ရွှေရောင်သံချပ်ကာဝတ်အစောင့်တစ်ဦးထံသို့ လှည့်ကြည့်လိုက်သည်။
"အရှင်မင်းကြီးကို သတင်းပို့ပါတယ်... သူ ဝင်သွားကတည်းက ထွက်မလာသေးပါဘူး" ရွှေရောင်သံချပ်ကာဝတ် အစောင့်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ တုံ့ပြန်အဖြေပေးသည်။
"သူက လင်းပုယန်နဲ့ ဘာတွေများ ဒီလောက်ထိ ဆွေးနွေးနေတာလဲ"
ဟန်ချန်ချောင်၏မျက်နှာပေါ်တွက် သံသယများဖြင့် ပြည့်နှက်နေသည်။
"ဆက်ပြီး စုံစမ်းစမ်း"
ဝုန်း....
ထိုအချိန်မှာပင် တိမ်မည်းများစုဝေးလာပြီး အထက်မိုးကောင်းကင်ယံမှ ပြင်းထန်သော မိုးခြိမ်းသံများ မြည်ဟီးလာသည်။ တစ်ချက်မော့ကြည့်လိုက်ရုံဖြင့် ဟန်ချန်ချောင်၏မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့သွားပေ၏။
"ဟန်ယွမ်မြို့က ပျက်စီးတော့မှာပဲ"
ဤမိုးကြိုးအတွင်းမှ စွမ်းအားသည် အလွန်ပြင်းထန်သဖြင့် အကယ်၍ ထိုအရာသာ ကျရောက်လာခဲ့လျှင် သူသာမက ဟန်ယွမ်မြို့တစ်မြို့လုံး ပြာအဖြစ်သို့ ချက်ချင်းရောက်ရှိသွားပေမည်။
ဤလောကကြီးတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။
"မဟုတ်ဘူး... ဒီမိုးကြိုးရဲ့ဗဟိုချက်က... လင်းပုယန်ရဲ့အိမ်တော် ဖြစ်ပုံရတယ်"
သူ၏မျက်ဆံများ အလွန်အမင်း ကျုံ့ဝင်သွားသည်။
မိုးကြိုးလှိုင်းသည် အလွှာလိုက်ဖွဲ့စည်းနေကာ အဆုံးမရှိသော စက်ဝိုင်းများအသွင် ပျံ့နှံ့နေသည်။ ဤစက်ဝိုင်းများ၏ဗဟိုချက်သည် လင်ပုယန် နေထိုင်သည့် အိမ်တော်ဖြစ်သော သူတို့ ဝိုင်းထားသည့်နေရာ အတိအကျ ဖြစ်နေသည်။
အိမ်တော်အတွင်း၌ ယွဲ့လုံရှောင်သည် စိုးရိမ်တကြီး ထိုင်နေပြီး သူ၏မျက်လုံးများအတွင်းတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
အလုံးစုံသိမြင်ဂိုဏ်း၏ဌာနချုပ်သည် တစ်စုံတစ်ယောက်ကို စေလွှတ်ပေးမည်ဟု ကတိပေးခဲ့သည်။ သို့ရာတွင် တစ်ရက်နီးပါး ကြာမြင့်သည်အထိ မည်သူတစ်ဦးတစ်ယောက်၏ အရိပ်အယောင်မျှ မရှိသေးချေ။ သူတို့သည် လမ်းပျောက်နေကြသလော...။
ပုံမှန်အားဖြင့် သူသည် စောင့်ဆိုင်းနိုင်သော်လည်း ယခုအချိန်တွင် ဟန်ချန်ချောင်သည် ရူးသွပ်နေသူတစ်ဦးကဲ့သို့ ပြုမူနေသည်။ သူသည် မိုချင်းနှင့်ဟန်ရှောင်တို့ကို သတ်ဖြတ်ခဲ့ပြီး ယခုချိန်၌ ဤနေရာကို စစ်သားများဖြင့် ဝိုင်းထားသည်။ မုန်တိုင်းသည် သူတို့အပေါ်သို့ မည်သည့်အချိန်တွင် ကျရောက်လာမည်ကို ယွဲ့လုံရှောင် မသိချေ။
သူ၏လက်ရှိအခြေအနေအရ သူထံတွင် ခုခံကာကွယ်ရန် စွမ်းအားမရှိချေ။
လင်းပုယန်သည်မူ အပြင်းအထန် ဒဏ်ရာရထားပြီး သူ ပြန်လည်ကောင်းမွန်လာခြင်းရှိမရှိသည် မရှင်းလင်းချေ။ ဤသည်မှာ အမှန်တကယ်ကို သူ့အတွက် ဒုက္ခများသော အချိန်ပင်။
ယွဲ့လုံရှောင်သည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ကျောက်ယာတို့လူစုသည် အလွန်အမင်း အာရုံစူးစိုက်၍ တိတ်တဆိတ် ကျင့်ကြံနေကြသည်ကို တွေ့လိုက်ရသည်။
ဤပါရမီရှင်များသည် အလွန်လုံ့လဝီရိယရှိပေ၏။ အလုံးစုံသိမြင်ဂိုဏ်းသာ သူတို့ကို ခေါ်ဆောင်သွားရန် စီမံနိုင်ခဲ့လျှင် ဤသည်မှာ ကံကြမ္မာကောင်းကြီးတစ်ခု ဖြစ်လာပေမည်။
"နည်းနည်းလောက် ထပ်ပြီးစောင့်ကြည့်ကြတာပေါ့"
ဤသည်မှာ စိတ်မရှည်ရန် အချိန်မဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် ယွဲ့လုံရှောင်သည် အသက်ပြင်းပြင်းရှုထုတ်လိုက်ကာ သူ၏စိတ်ကို ထိန်းညှိရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး သူ၏ခေါင်းကို ဆတ်ခနဲမော့၍ ပြင်ပသို့ ကြည့်လိုက်၏။
သူ မသိလိုက်မီမှာပင် မိုးကောင်းကင်သည် မည်းမှောင်သွားပြီး မရေမတွက်နိုင်သော မိုးကြိုးတိမ်တိုက်များ အထက်ကောင်းကင်ယံတွင် ဖွဲ့စည်းနေကာ ကျဆင်းလာရန် အသင့်အနေအထား၌ ရှိနေသည်။
ယွဲ့လုံရှောင်သည် မိုးကြိုးမုန်တိုင်းများကို ယခင်က ကြုံဖူးသော်လည်း ထိုမိုးကြိုးပစ်ခတ်မှုများသည် အဝေးတွင်ဟု ခံစားခဲ့ရသည်။ သို့ရာတွင် ဤမိုးကြိုးများမှာမူ မည်သည့်အချိန်တွင်မဆို သူ့ကို ထိမှန်နိုင်သည့်အလား ကြောက်မက်ဖွယ်ကောင်းအောင် နီးကပ်နေသည်။
"သေတော့မှာပဲ..."
သူ့ထံတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွားပြီး သူသည် ထွက်ပြေးရန် အလိုအလျောက် ပြင်ဆင်လိုက်သည်။ သို့ရာတွင် သူသည် မကြာမီမှာပင် ထူးဆန်းသော အရာတစ်ခုကို သတိပြုမိသွားလေ၏။
"မိုးကြိုးရဲ့ဗဟိုချက်က ဒီနေရာမှာ မဟုတ်ဘူး... ဒါက... လင်းပုယန်ရဲ့ အခန်းလား"
မိုးကြိုးဝဲဂယက်၏ဗဟိုချက်သည် လင်းပုယန်၏အခန်းကို တိုက်ရိုက်ညွှန်ပြနေသည်။
ဤလူသည် မိုတောက်ကံကြမ္မာကို ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး ပါရမီရှိသည်မှာ သေချာပေါက်ပင်။ သို့ရာတွင် ဤကဲ့သို့ ပါရမီမျိုးပင်လျှင် ဤမျှထိ ကြီးမားကျယ်ပြန့်သော မိုးကြိုးလှိုင်းများကို ဆွဲဆောင်နိုင်မည် မဟုတ်ချေ။
ဤသည်မှာ အဆုံးသတ်သွားလေပြီ။ ဤမိုးကြိုးများ၏စွမ်းအားကို အကဲဖြတ်ရလျှင် လင်းပုယန်သည် ထိုအရာအတွင်းတွင် ပိတ်မိသွားပြီး အသက်ဆုံးရှုံးသွားနိုင်ပေ၏။
'မဟုတ်ဘူး... ငါ ဘာတွေဖြစ်နေလဲ သွားစစ်ဆေးပြီးတော့ ကြိုတင်ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိမရှိ ကြည့်ရမယ်'
ယွဲ့လုံရှောင်သည် ထိုင်ကြည့်မနေနိုင်တော့ဘဲ ပြင်ပသို့ထွက်လိုက်သည်။
*****
ယွဲ့လုံရှောင်သည် စုံစမ်းစစ်ဆေးရန် တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် စွန်းချန်သည် သူ့ရှေ့သို့ ရောက်နှင့်နေပြီး ကြီးမားကျယ်ပြန့်သော မိုးကြိုးလှိုင်းများကို စူးစိုက်ကြည့်ရင်း သူ၏မျက်နှာ ဖြူဖျော့နေသည်။ သူ၏ခြေထောက်များသည် အားနည်းနေသကဲ့သို့ ခံစားနေရပေ၏။
မူလက စွန်းချန်သည် တိကျသောအမိန့်မရှိဘဲ သူ၏သခင်လေးကို မနှောင့်ယှက်ဝံ့သော်လည်း ချဉ်းကပ်လာသော ခြိမ်းခြောက်မှုက သူ၏လက်ကို တွန်းအားပေးခဲ့သည်။ သူ၏သခင်လေးသည် အမှန်တကယ်ကို လက်ရဲဇက်ရဲနိုင်လွန်းပေ၏။ သူသည် အမြဲတစေ ပြဿနာရှာခြင်း သို့မဟုတ် ပြဿနာထဲသို့ တိုးဝင်ခြင်းတို့ကိုသာ ပြုလုပ်လေ့ရှိသည်သည်။ သခင်လေးသည် သူ စွန်းချန်ထံမှ သင်ယူပြီး ခြေငြိမ်လက်ငြိမ် မနေနိုင်သလော။
"ဘာဖြစ်တာလဲ"
ကျန်းရွှမ်၏အသံ ထွက်ပေါ်လာပြီး သူသည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ခြေလှမ်းတိုးလာသည်။ သူသည် နှောင့်ယှက်ခံလိုက်ရသဖြင့် သူသည် နက်နဲသိမ်မွေ့သော ဉာဏ်အလင်းပွင့်မှု အခြေအနေမှ ထွက်လာခဲ့ရသည်။
သူ၏ကျင့်ကြံမှုမှတဆင့် သူ၏ကောင်းကင်ကံကြမ္မာစွမ်းအားများသည် ကောင်းကင်ဘုံသောက၏ နက်နဲသိမ်မွေ့သော အစစ်အမှန်စွမ်းအားများအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ ထိုအရာသည် သန့်စင်ပြီး အဆုံးအစမရှိသော စွမ်းအားတစ်ရပ်ပင်။ သူသည် မြင်းကောင်ရေ ၉၉၉ခွန်အား၏ အချုပ်အနှောင်များ စတင်၍လျော့ရဲလာသည်ကိုပင် ခံစားလိုက်ရသော်လည်း ဤသည်မှာ ထိုအကြောင်းကို တွေးတောနေရမည့် အချိန်မဟုတ်ချေ။
တံခါးကို ဖွင့်လိုက်ပြီး သူ မော့ကြည့်လိုက်ရာ ကောင်းကင်ယံတွင် မိုးကြိုးများဖြင့် လွှမ်းခြုံနေသည်ကို တွေ့လိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲ"
သူ၏အမြင်အာရုံ မည်းမှောင်သွားပြီး နေရာတွင်ပင် သတိလစ်မေ့မြောလုမတတ် ဖြစ်သွားသည်။
"စွန်းချန် ဘာဖြစ်တာလဲ... ဒီလောက်ထိ ကြီးမားတဲ့ မိုးကြိုးမုန်တိုင်းက ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာတာလဲ"
ကျန်းရွှမ်၏ခေါင်း မူးဝေသွားသည်။
သူသည် အချိန်တခဏသာ ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။ အခြေအနေများသည် ဤအဆင့်ထိ မည်သည်ကြောင့် ဆိုးရွားသွားရသနည်း။
'မဟုတ်သေးဘူး...ဒါက ငါ့ရဲ့လုပ်ရပ်ကြောင့် မဖြစ်နိုင်ဘူး... အဲ့ဒီလို ဖြစ်နေတာလား...'
သူ မော့ကြည့်လိုက်ရာ မိုးကြိုးများ၏ဗဟိုချက်သည် အမှန်တကယ်ကို သူ ဖြစ်နေသည်အား နားလည်သဘောပေါက်လိုက်သည်။ တဖျစ်ဖျစ်မြည်နေသော လျှပ်စီးကြောင်းများသည် သူ၏ လှုပ်ရှားမှုတိုင်းနောက်သို့ လိုက်ပါနေပြီး သူ ပါမောက္ခကုန်းမြေတွင် ရင်ဆိုင်ခဲ့ရသော ကပ်ဘေးကြီးများနှင့် ထပ်တူကျနေသည်။
"ဒါက အတိအကျပဲ..."
ကျန်းရွှမ် ဆွံ့အသွားသည်။
သူသည် စိတ်ပျက်သွားသော်လည်း သူသည် ကိစ္စများကို လျင်မြန်စွာ ပေါင်းစပ်လိုက်သည်။ ဤမိုးကြိုးတိမ်တိုက်များသည် သူ၏ ကောင်းကင်ဘုံသောက ဓားနည်းစနစ်ကို ကျင့်ကြံမှုနှင့် ဆက်စပ်နေပေမည်။ ဤနည်းစနစ်သည် ကောင်းကင်လမ်း၏ခံနိုင်ရည်ထက် ကျော်လွန်သောကြောင့် မိုးကောင်းကင်တာအို၏ အမျက်ဒေါသကို အပြစ်ပေးသော မိုးကြိုးအသွင်ဖြင့် မလွဲမသွေ ဆွဲဆောင်ခဲ့ခြင်း ဖြစ်ပေမည်။
"ဒါက အလုပ်မဖြစ်ဘူး... ဒီမိုးကြိုးရဲ့ စွမ်းအားက အရမ်းကြီးမားလွန်းတယ်... ဒါသာ ပစ်ခတ်ခဲ့ရင် ရွှမ်ကမ္ဘာနဲ့ ကမ္ဘာသစ်ကို လောင်ကျွမ်းစေရင်တောင် ဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
မိုးကြိုးတိမ်တိုက်များကို စစ်ဆေးပြီးနောက် ကျန်းရွှမ်က လျင်မြန်စွာ ကောက်ချက်ချလိုက်သည်။
ပါမောက္ခကုန်းမြေတွင် သူသည် မိုးကြိုးများနှင့် ကစားနိုင်ပြီး ထိုအရာများကို သူ၏ရုပ်ခန္ဓာကိုယ် သန့်စင်မှုအတွက် အသုံးပြုနိုင်ခဲ့သည်။ သို့ရာတွင် ဤနေရာတွင်မူ ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်ချေ။ ဤမိုးကြိုးများ၏စွမ်းအားသက်သက်ကို အကဲဖြတ်ရလျှင် သူ၏စွမ်းအား အပြည့်အဝဖြင့်ပင် ဤကဲ့သို့ မိုးကြိုးကပ်ဘေးကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
မိုးကြိုးများနှင့်ဆက်ဆံရေးများသည် ဖွံ့ဖြိုးတိုးတက်ရန် အချိန်လိုအပ်ပေ၏။ ဤမျှ ကပ်ဘေးဆိုက်လောက်သည့် မိုးကြိုးတိမ်တိုက်တစ်ခုကို စိန်မခေါ်မီ မိုးကြိုးမုန်တိုင်းငယ်လေးများဖြင့် စတင်ပြီး ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်သင့်သည်။ ဤမိုးကြိုးကပ်ဘေးကြီးအတွင်းသို့ သူ တိုက်ရိုက်ခုန်ဝင်ခြင်းသည် သေဆုံးခြင်းသို့သာ ဦးတည်သွားပေလိမ့်မည်။
"ဒီမိုးကြိုးက ကောင်းကင်ဘုံသောက ဓားနည်းစနစ်ကြောင့် ဒီနေရာကို ရောက်လာတာပဲ... ငါသာ ပျောက်ကွယ်သွားရင် ဒါက ပစ်မှတ်မတွေ့တော့တာကြောင့် သူ့အလိုလို ပျောက်ကွယ်သွားနိုင်တယ်"
ကျန်းရွှမ်သည် ပြဿနာ၏ အဓိကအချက်ကို ရှာဖွေတွေ့ရှိရန် အချိန်ကြာမြင့်စွာ မယူလိုက်ရချေ။ ဤကပ်ဘေးမိုးကြိုးသည် ပြစ်ဒဏ်ပေးလိုသောစိတ်ဆန္ဒကို သယ်ဆောင်ထားသည်။ ထိုအရာသည် ပစ်မှတ်ပျောက်ကွယ်သွားသည်နှင့် မိုးကြိုးမုန်တိုင်းသည် တခြားလူများကို အန္တရာယ်မှ ကင်းဝေးစေကာ အလိုအလျောက် တဖြည်းဖြည်း လွင့်ပြယ်သွားပေလိမ့်မည်။
ဤသည်ကို သဘောပေါက်သွားသော ကျန်းရွှမ်းသည် ထပ်မံ၍ တွန့်ဆုတ်မနေတော့ချေ။ အတွေးတစ်ချက်ဖြင့် သူသည် သူ၏ကမ္ဘာသစ်ထဲသို့ ဝင်ရောက်သွားကာ ရင်းမြစ်ကမ္ဘာမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ သူ၏အရိပ်အယောင်များ တစိုးတစိမျှ ကြွင်းကျန်ခဲ့ခြင်း မရှိချေ။
တစ်ချိန်တည်းမှာပင် ယွဲ့လုံရှောင်သည် ဖြူဖျော့နေသောမျက်နှာဖြင့် ချဉ်းကပ်လာသည်။
"ဒုတိယခန်းမသခင်လင်းက ဘယ်မှာလဲ... ငါတို့ ဒီနေရာကနေ ချက်ချင်း ထွက်သွားဖို့ လိုတယ်... မဟုတ်ရင် မိုးကြိုးတွေ ကျလာတာနဲ့ ငါတို့ထဲက ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး"
ယွဲ့လုံရှောင် ရောက်ရှိလာသည့်အချိန်တွင် ကျန်းရွှမ်သည် တံခါးကိုဖွင့်ကြည့်ပြီး အချိန်တခဏမျှကြာပြီးနောက် ပျောက်ကွယ်သွားခဲ့လေပြီ။ ကျန်းရွှမ် ထွက်ခွာသွားသည်ကို မမြင်လိုက်ရသဖြင့် ယွဲ့လုံရှောင်၏စိုးရိမ်ပူပန်မှုသည် ပို၍ပြင်းထန်လာပေ၏။
စွန်းချန်သည် ဟန်ယွမ်မြို့၏ ထင်ရှားသော ပုဂ္ဂိုလ်ဖြစ်သည့် ယွဲ့လုံရှောင်ထံသို့ မျက်နှာချင်းဆိုင်လှည့်လိုက်သည်။ ပုံမှန်အားဖြင့် ဝဖြိုးသောအိမ်တော်ထိန်းသည် ယခုအချိန်၌ သူ၏လက်များကို နောက်သို့ပစ်ပြီး သြဇာအာဏာရှိသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။ သူ၏ခန္ဓာကိုယ်သည် ဝဖြိုးသော်လည်း သူသည် အရပ်မြင့်ပြီး ခန့်ညားထည်ဝါနေပုံရသည်။
"ခင်ဗျားက ဘာကို ဒီလောက်ထိ ကြောက်နေတာလဲ... ဒါက မိုးကြိုးလေးပဲဟာ... ထိတ်လန့်စရာ ဘာများ ရှိလို့လဲ"
စွန်းချန်က အရေးမစိုက်အမူအယာဖြင့် သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။
"ဒါက... မိုးကြိုးလေးလား"
ယွဲ့လုံရှောင် သတိလစ်မေ့မျောလုမတတ် ဖြစ်သွားသည်။
ဤသည်မှာ မည်သည့်မိုးကြိုးလေးမျှ မဟုတ်ပေ။ ထိုအရာ၏စွမ်းအားသက်သက်ဖြင့် ဟန်ယွမ်မြို့တစ်ခုလုံးကို ချက်ချင်းဖျက်ဆီးပစ်နိုင်ပေ၏။ သို့ရာတွင် ဤနေရာ၌ စွန်းချန်သည် ထိုမိုးကြိုးများကို မိုးဖွဲလေးများပမာ အရေးမစိုက်ဘဲ လျစ်လျှူရှုနေသည်။ သူသည် ရူးနေသလော သို့မဟုတ် မသိနားမလည်ခြင်းဖြစ်သလော။
စွန်းချန်သည် အခြေအနေ၏လေးနက်မှုကို နားမလည်နိုင်သည်အား သဘောပေါက်လိုက်ပြီး ယွဲ့လုံရှောင်သည် သူ၏စိတ်တိုမှုကို ဖိနှိပ်ကာ တည်ငြိမ်စွာ ရှင်းပြရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်သည်။
"ခင်ဗျား နားမလည်ဘူး... ဒီမိုးကြိုးထဲက စွမ်းအားက မတွေးရဲစရာပဲ... ဒါသာ ကျရောက်လာခဲ့ရင် ကျွန်တော်တောင် ပြာဖြစ်သွားလိမ့်မယ်"
"ဒီလောက် သေးငယ်တဲ့ မိုးကြိုးမုန်တိုင်းလား... ဒါက ကျွန်တော် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ပျောက်ကွယ်သွားမှာပါ"
စွန်းချန်၏မျက်နှာအမူအယာ တည်ငြိမ်နေပြီး သူက ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်အဖြေပေးသည်။
ယွဲ့လုံရှောင်၏ဒေါသများ အထွတ်အထိပ်သို့ ရောက်သွားသည့်အချိန်တွင် ထိုအိမ်တော်ထိန်းလူဝကြီးသည် သူ၏လက်ကိုမြှောက်လိုက်ပြီး မိုးကောင်းကင်ယံသို့ဦးတည်၍ သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
ဝီ..ဝီ..ဝီ...
မြို့တော်ကို ဖျက်ဆီးလုနီးပါး ဖြစ်နေသော ပြင်းထန်သည့် မိုးကြိုးမုန်တိုင်းသည် ကြီးမားသောစွမ်းအားတစ်ရပ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည့်အလား ရုတ်တရက် ရပ်တန့်သွားသည်။ တဖျစ်ဖျစ်မြည်နေသော လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားပြီး တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းအောင် မှောင်မည်းနေသော မိုးကောင်းကင်ယံသည် ကြည်လင်သွားပေ၏။ အချိန်တခဏအကြာတွင် နေမင်းကြီးသည် ဟန်ယွမ်မြို့အပေါ်သို့ တောက်ပစွာ ထွန်းလင်းလာသည်။
"....."
ယွဲ့လုံရှောင်သည် လုံးလုံးလျားလျား ကြက်သေသေသွားကာ သူ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် စွန်းချန်သည် ကြယ်စင်မြစ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကိုပင် ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်သော မိုးကြိုးမုန်တိုင်းတစ်ခုကို ပျောက်ကွယ်သွားစေခဲ့သည်။
ဤ "အိမ်တော်ထိန်း"မျှသာဖြစ်သူသည် ဤကဲ့သို့ အရာတစ်ခုကို ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်ခဲ့လျှင်... သူ အမှုထမ်းနေသော လင်းပုယန်ဟု ခေါ်ဆိုသူသည် မည်မျှထိ သန်မာအားကောင်းမည်နည်း။
အချိန်အတော်ကြာသည်အထိ ယွဲ့လုံရှောင်သည် လုံးလုံးလျားလျား စကားမပြောနိုင်ဘဲ မလှုပ်မယှက် မတ်တတ်ရပ်နေခဲ့သည်။
***နေရာမှာ Eမှာ ဘာသာပြန်သူရဲ့ မှတ်ချက်ပါပါတယ်...နောက်ကအကြောင်းတွေကို အကျဥ်းချုပ်ရေးထားတာမလို့ မလိုအပ်ဘူးထင်လို့ ဖြုတ်ချခဲ့ပါတယ်