← Chapters

ပြိုင်ဘက်ကင်း ကျင့်ကြံသူ

Vol. 16 Ch. 220

ပြိုင်ဘက်ကင်း ကျင့်ကြံသူ

Vol. 16 Ch. 220

လျှပ်စီးကဲ့သို့ လျင်မြန်သောအရှိန်နှုန်းဖြင့် အိုးယန်ဟိုင်သည် မိုးကြိုးမုန်တိုင်း၏ဗဟိုချက်နှင့် မနီးမဝေးမကွာရှိ ဟန်ယွမ်မြို့၏အထက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ သူ၏ကျင့်ကြံမှုဖြင့်ပင် သူသည် ပတ်ဝန်းကျင်မှ မိုးကြိုးတိမ်တိုက်များကို ကြောက်ရွံ့သဖြင့် အလွန်နီးကပ်စွာ မချဉ်းကပ်ဝံ့ခဲ့ပေ။

"ဒါက မိုးကြိုးမုန်တိုင်းရဲ့ဗဟိုချက်ပဲ ဖြစ်လိမ့်မယ်"

အိုးယန်ဟိုင်သည် သူ၏အမြင်အာရုံစွမ်းအားကို မြှင့်တင်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ အိမ်တော်တစ်လုံးသည် သူ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာပြီး ထိုနေရာတွင် လူဝကြီးတစ်ဦးနှင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေကြကာ စကားပြောဆိုနေကြပုံရသည်။

"ဘယ်ဘက်ကလူက ဟန်ယွမ်မြို့က အလုံးစုံသိမြင်ဂိုဏ်းဌာနခွဲရဲ့ ဂိုဏ်းချုပ်ယွဲ့လုံရှောင်ပဲ... ငါ့ရဲ့ခန့်မှန်းမှုက မှန်ကန်ခဲ့ပုံရတယ်... အဲ့ဒီပါရမီရှင်သုံးယောက်က ဒီမိုးကြိုးတွေကို ဆင့်ခေါ်လိုက်တာ ဖြစ်နိုင်တယ်"

အိုးယန်ဟိုင်သည် ဤနေရာသို့မလာမီ အထူးလမ်းကြောင်းများမှတဆင့် ယွဲ့လုံရှောင်ကို ဆက်သွယ်ခဲ့ပြီး သူ၏ပုံပန်းသွင်ပြင်ဖော်ပြချက်ကို ရရှိခဲ့သည်။ ထို့ကြောင့် သူတို့သည် တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံခဲ့ဖူးသော်လည်း အိုးယန်ဟိုင်သည် သူ့ကို ချက်ချင်း မှတ်မိလိုက်၏။

သို့ရာတွင် ယွဲ့လုံရှောင်၏မျက်နှာချင်းဆိုင်တွင်ရှိနေသော လူဝကြီး၏ပင်ကိုယ်စရိုက်သည်မူ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင်။ သူသည် မိုးကြိုးမုန်တိုင်းအောက်တွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေပြီး သူထံတွင် ထိတ်လန့်မှုအရိပ်အယောင် တစိုးတသိမျှ ရှိမနေချေ။

အတွေးတစ်ချက်ဖြင့် အိုးယန်ဟိုင်သည် ထိုလူကို ဆန်းစစ်ရန် သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ထိုလူ၏ကျင့်ကြံဆင့်ကို သူ သိသာရှင်းလင်းသွားသည်။

ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်ဖြစ်သော နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်...

ဤကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်သည် ဟန်ယွမ်မြို့တွင် မဆိုးလှသော်လည်း အိုးယန်ဟိုင်ကဲ့သို့ တစ်စုံတစ်ယောက်၏ရှေ့မှောက်တွင် ဤသည်မှာ ပုရွက်ဆိတ်တစ်ကောင်ထက် ပို၍မထူးခြားပေ။

အိုးယန်ဟိုင်သည် ခေါင်းခါယမ်းပြီး ထိုလူကို ကယ်တင်ရန်အတွက် ရှေ့သို့ အလျင်စလိုသွားရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် ထိုလူဝကြီး၏ မကျေမနပ် အော်ဟစ်လိုက်သောအသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ထွက်သွားစမ်း"

ထိုလူဝကြီးသည် သူ၏လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အိုးယန်ဟိုင်ပင်လျှင် ပြင်းထန်သော ဒဏ်ရာမရရှိအောင် မနည်းတောင့်ခံရမည့် မိုးကြိုးတိမ်တိုက်ကြီးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး မည်သည့်အချိန်ကမျှ မရှိခဲ့သည့်အလား ဖြစ်သွားသည်။

"ဒါက..."

အိုးယန်ဟိုင်၏မျက်လုံးသူငယ်အိမ်များ ထိတ်လန့်တုန်လှုပ်မှုဖြင့် ကျဥ်းမြောင်းသွားသည်။

ထိုမိုးကြိုးမုန်တိုင်းကို သူသည် စွမ်းအားများအားလုံးကို အသုံးပြုလိုက်ပါက သူ တောင့်ခံနိုင်ကောင်း ခံနိုင်ပေမည်။ သို့ရာတွင် သူသည် ဤကိစ္စအတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရပေမည်။ သို့ရာတွင် ဤလူဝကြီးသည်ထိုအရာကို လွယ်လင့်တကူစွာ လွင့်ပြယ်သွားစေပြီး မိုးကြိုးများကို ခုခံရန် အခွင့်အရေးပင် မပေးခဲ့ချေ။ ဤသည်မှာ မည်ကဲ့သို့ ကျင့်ကြံဆင့်စွမ်းအားမျိုး ဖြစ်သနည်း။

အိုးယန်ဟိုင်ကို ထိတ်လန့်သွားစေဆုံးမှာမူ သူသည် စွမ်းအင်လှုပ်ခတ်မှုကိုမျှ အနည်းငယ်မျှ မခံစားမိခဲ့ခြင်းပင်။ ဤသည်မှာ ထိုလူဝကြီး၏ စွမ်းအားသည် အလွန်အမင်းသိပ်သည်းနေသဖြင့် ပြင်ပသို့ ယိုစိမ့်ထွက်မလာခဲ့ခြင်းဟု ဆိုလိုသည်။ ဤသည်မှာ သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်သော ကျင့်ကြံမှုအဆင့်သစ်တစ်ခုပင်။

ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးမိုးကြိုးကို စွမ်းအားများမပျံ့လွင့်စေဘဲ ပျောက်ကွယ်သွားစေခြင်းသည်... ဤပုဂ္ဂိုလ်သည် အိုးယန်ဟိုင်၏အဆင့်ထက် များစွာကျော်လွန်သော အထွတ်အထိပ်ကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

သူ၏ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ဟူသော ပြင်ပအရှိန်အဝါကို အကဲဖြတ်ရလျှင် ဤသည်က ဟန်ဆောင်မှုတစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။ အိုးယန်ဟိုင်သည် သူ၏စိတ်ထဲမှ ချက်ချင်းဆိုသလိုပင် ကောက်ချက်တစ်ခုချလိုက်သည်။

ယွဲ့လုံရှောင်သည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးနှင့် မည်သည်ကြောင့် အပြန်အလှန် ဆက်ဆံနေရသနည်း။ ဤသည်မှာ ပါရမီရှင်သုံးဦးအတွက် ပြိုင်ဆိုင်နေသော တခြားပြိုင်ဘက်တစ်ဦး ဖြစ်နေသလော။ ထိုသို့ဆိုလျှင် သူတို့အတွက် အခြေအနေမကောင်းနိုင်ချေ။

ဤအတွေးများ သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားပြီးနောက် အိုးယန်ဟိုင်သည် ဆက်လက်၍ တွန့်ဆုတ်မနေရဲတော့ချေ။ မကြာမီမှာပင် သူသည် အိမ်တော်၏တံခါးဝသို့ ရောက်ရှိလာပြီး ယဥ်ကျေးသိမ်မွေ့စွာ တံခါးခေါက်လိုက်၏။

ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် တစ်စုံတစ်ဦးသည် သင့်တင့်လျောက်ပတ်သော ယဥ်ကျေးမှုကို ပြသရပေမည်။ သူတို့ကို ရန်စခြင်းသည် သေခြင်းတရားကို သေချာပေါက်ရှာဖွေခြင်းပင်။

ကျွီ...

တံခါး ပွင့်သွားသည်။ လူဝကြီးသည် သူ့ မျှော်လင့်ထားသည့်အတိုင်း သူ့ကိုကြိုဆိုရန် ထွက်လာခဲ့သည်။

ဤလူသည် သူ၏ရောက်ရှိလာမှုကို သတိပြုမိပြီးဖြစ်သည်မှာ သိသာထင်ရှားလှ၏။ ထိုသို့မဟုတ်ပါက ကပ်ဘေးမိုးကြိုးကို ပယ်ဖျက်ရာတွင် သူ ပြသခဲ့သော လွယ်ကူမှုဖြင့် သူသည် မည်သည်ကြောင့် ပြေးလာမည်နည်း။

"ကျွန်တော်က အိုးယန်ဟိုင်ပါ"

အိုးယန်ဟိုင်၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး အရိုအသေပြုလိုက်သည်။ သူ စကားမဆက်မီမှာပင် ထိုလူဝကြီးက စတင်၍ ပြောဆိုသည်။

"ခင်ဗျားက ကျွန်တော်တို့ရဲ့အရှင်သခင်ကို တွေ့ဖို့ လာတာ မဟုတ်လား... ကျေးဇူးပြုပြီး အထဲကို ဝင်ပါ"

"အရှင်သခင်လား...."

အိုးယန်ဟိုင်၏မျက်နှာအမူအယာ ပို၍တည်ကြည်လေးနက်သွားသည်။

အစေခံပင်လျှင် ဤမျှထိ အစွမ်းထက်နေပါက သခင်ဖြစ်သူသည် မည်မျှထိ ပို၍သန်မာနေမည်နည်း။

သူ၏အဆင့်အတန်းသည် သူ သွားလေရာ၌ ရိုသေလေးစားခံရမှုကို ပေးအပ်လိမ့်မည်ဟု သူ တွေးထင်ခဲ့သော်လည်း သူသည် အခြေအနေကို လျှော့တွက်ခဲ့မိသည်မှာ သိသာထင်ရှားသည်။

"ကျေးဇူးတင်ပါတယ်"

အိုးယန်ဟိုင်သည် တဖန်ထပ်၍ဦးညွှတ်လိုက်ပြီး တခြားစကားအနည်းငယ်ကိုသာ ပြောဆိုကာ ထိုလူဝကြီး၏နောက်မှနေ၍ အထဲသို့ လိုက်ပါသွားသည်။

သူတို့ အခန်းထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် အိုးယန်ဟိုင်၏ မျက်လုံးများသည် တိတ်တဆိတ် ထိုင်နေပြီး လက်ဖက်ခြောက်နှပ်နေသော လီတစ်ထောင်မြင်းတစ်ကောင်ပေါ်သို့ ကျရောက်သွားသည်။ ထိုမြင်းသည် ရေနွေးများကို လက်ဖက်ရည်အိုးထဲသို့ လောင်းထည့်လိုက်ရာ တိုးညှင်းသောတဗွမ်းဗွမ်းအသံများ ထွက်ပေါ်လာသည်။

"ဒီမြင်း... သူ့ရဲ့ ရုပ်ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်က အပြည့်အဝ မပေါင်းစပ်သေးဘူး... သေခြင်းနဲ့ ရှင်ခြင်းရဲ့ ဝိုးတဝါး ဆန့်ကျင်ဘက် အရှိန်အဝါကို ပေးစွမ်းနေတယ်... ဒီမြင်းက သေဆုံးသွားခဲ့ပြီးတော့ ထူးဆန်းတဲ့နည်းလမ်းတချို့နဲ့ ပြန်ရှင်သန်လာခဲ့တာပဲ ဖြစ်ရမယ်"

သူ၏မျက်ခွံများ တဆတ်ဆတ်လှုပ်သွားသည်။

ဤကဲ့သို့ ပြန်လည်ရှင်သန်ခြင်းနည်းစနစ်သည် သူပင်လျှင် ကြားသာကြားဖူးခဲ့သော အရာတစ်ခုပင်။ ထိုအရာကို မြင်းတစ်ကောင်အပေါ်တွင် အသုံးချထားသည်အား မြင်တွေ့ရခြင်းသည် သူ၏ယုံကြည်လက်ခံနိုင်စွမ်းထက် ကျော်လွန်နေသည်။

သူ၏အကြည့်သည် အခန်းထဲတွင် ကျင့်ကြံနေသော အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦး၏ ပုံရိပ်သုံးခုထံသို့ ရွှေ့ပြောင်းသွားသည်။ လေထုအတွင်းမှ ရင်းမြစ်စွမ်းအင်များသည် သူတို့၏ခန္ဓာကိုယ်များထဲသို့ မရပ်မနား သိသိသာသာ စီးဝင်နေသည်။

"ဒါ... ဒါက သူတော်စင်အဆင့် ရင်းမြစ်ရေအိုင်နဲ့ ဧကရာဇ်အဆင့် မီးပြင်းဖိုပဲ...."

ရင်းမြစ်ရေအိုင်တစ်ခု၏ အရွယ်အစားသည် တစ်စုံတစ်ဦး၏ အောင်မြင်မှုအတွက် ရှေ့အလားအလာကို ဆုံးဖြတ်ပေးနိုင်သည်မှာ သဘာဝအတိုင်း ပုံသေသတ်မှတ်ထားသော ကိစ္စပင်။ မီးပြင်းဖိုများမှာမူ အဆင့်မြှင့်တင်နိုင်စွမ်း ရှိသော်လည်း အထွတ်အထိပ်အဆင့် အရည်အသွေးကို ရရှိရန် အလွန်ရှားပါးသော ရတနာများကို လိုအပ်သည်။ သို့ရာတွင် ဤလူသုံးဦးလုံးတွင် ဧကရာဇ်အဆင့် မီးပြင်းဖိုများ ရှိနေကြသည်။

သူတို့တွင် အဓိကအင်အားစုတစ်ခု၏ ထောက်ပံ့မှုမရှိဟု တွေးတောခြင်းသည် သူ မတွေးဝံ့တော့သော ကိစ္စပင်။

အိုးယန်ဟိုင်က လွယ်ကူသော တပည့်သစ်စုဆောင်းမှု တာဝန်တစ်ခုအဖြစ် သတ်မှတ်ခဲ့သောအရာသည် ယခုအချိန်၍ ပို၍ရှုပ်ထွေးသွားပုံရသည်။

မိနစ်အနည်းငယ်အတွင်း သေးငယ်သော ဟန်ယွမ်မြို့သည် သူ့ကို ဌာနချုပ်တွင် သူ မြင်တွေ့ခဲ့ရသည့် မည်သည့်အရာထက်မဆို ပို၍ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

"လေးစားရတဲ့ ဧည့်သည်တော်.. ကျေးဇူးပြုပြီး ဒီမှာ စောင့်ပါအုံး... ကျွန်တော်က သခင်ကို သွားခေါ်လိုက်ပါ့မယ်"

စွန်းချန်က နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။

စွန်းချန် ထွက်သွားသည်နှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါသည် လွင့်ပြယ်သွားပုံရပြီး အိုးယန်ဟိုင်ကို နောက်ဆုံးတွင် လွတ်လပ်စွာ အသက်ရှူနိုင်စေခဲ့သည်။ သူသည် မလှမ်းမကမ်းရှိ ယွဲ့လုံရှောင်ထံသို့ လှည့်ကြည့်လိုက်၏။

"ယွဲ့လုံရှောင်... ငါက ပင်မဌာနချုပ်က အိုးယန်ဟိုင်ပဲ"

"အကြီးအကဲ အိုးယန်"

ယွဲ့လုံရှောင်၏ခန္ဓာကိုယ် တုန်ရီသွားပြီး အလျင်စလို ဦးညွှတ်အရိုအသေပြုလိုက်သည်။

ဌာနချုပ်မှ အကြီးအကဲတစ်ဦးသည် အနည်းဆုံး ကြယ်ခုနစ်ပွင့် ကံကြမ္မာဆရာသခင်ဖြစ်ကာ ကြယ်ရှစ်ပွင့်ပင် ဖြစ်နိုင်ခြေရှိသည်။

"တော်လောက်ပြီ... ငါ့ကို ပြောစမ်း"

အိုးယန်ဟိုင်သည် သူ၏လက်ကိုဝှေ့ယမ်း၍ ထုံးတန်းစဥ်လာများမလုပ်ရန် ပယ်ချလိုက်ပြီး အဓိကအချက်သို့ တဲ့တိုးသွားလိုက်သည်။

"ခုနက ငါ့ကို ခေါ်လာတဲ့ ထိပ်သီးကျင့်ကြံသူက ဘယ်သူလဲ... ပြီးတော့ သူ ပြောခဲ့တဲ့ 'သခင်' ဆိုတာက ဘာလဲ"

"အမ်..."

မမျှော်လင့်ထားသော မေးခွန်းကြောင့် အံ့အားသင့်သွားပြီး ယွဲ့လုံရှောင်သည် တွေဝေတုံ့ဆိုင်းသွားကာ ခေါင်းတစ်ချက်ညိတ်ပြီးနောက် ရှင်းပြသည်။

"ခုဏက လူက ဒုတိယခန်းမသခင် လင်းပုယန်ရဲ့အိမ်တော်ထိန်းစွန်းချန်ပါ... ဒီပါရမီရှင်သုံးယောက်ကို သူတို့က စုဆောင်းထားခဲ့တာပါ"

ယွဲ့လုံရှောင်သည် သူ သိသမျှကို အသေးစိတ်ကျကျ လျင်မြန်စွာ ပြန်ပြောပြလိုက်သည်။

ဤသည်ကို ကြားချိန်၌ အိုးယန်ဟိုင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူတို့သာ ဤပါရမီရှင်သုံးဦးကို လက်လွှတ်ပေးရန် ဆန္ဒရှိပါက ဤသည်မှာ ကောင်းမွန်သော လက္ခဏာရပ်တစ်ခုပင်။ ဤသည်မှာ အလုံးစုံသိမြင်ဂိုဏ်းတွင် အခွင့်အရေး ရှိနေသေးသည်ကို ဆိုလိုပေ၏။

နောက်ထပ်မေးခွန်းအနည်းငယ် မေးမြန်းပြီးနောက် အိုးယန်ဟိုင်သည် သူ၏နတ်ဘုရားအာရုံကို အိမ်တော်ထိန်းလူဝကြီးနောက်သို့ တိတ်တဆိတ် လိုက်ပါစေပြီး တခြားအခန်းတစ်ခန်းသို့ ရောက်ရှိသွားသည်။

ဒေါက်...ဒေါက်....ဒေါက်...

စွန်းချန်က တံခါးခေါက်လိုက်သည်။

"သခင်လေး... အဆင်သင့် ဖြစ်ပြီလား... နောက်ထပ်ဧည့်သည်တစ်ယောက် ရောက်လာတယ်"

အိုးယန်ဟိုင်သည် စိတ်ရှုပ်ထွေးသွားကာ အခန်းထဲသို့ ချောင်းကြည့်လိုက်သည်။

အခန်းသည် ဗလာဟင်းလင်းဖြစ်နေကာ လူတစ်ဦးတစ်ယောက်မျှ မရှိချေ။

'ဒီနေရာမှာ ဘယ်သူမှ မရှိရင် သူက ဘယ်သူနဲ့ စကားပြောနေတာလဲ'

ကျန်းရွှမ်သည် သူ၏ယာယီပျောက်ကွယ်သွားမှုကြောင့် စွန်းချန်အပေါ် ဤကဲ့သို့ အထင်အမြင်တစ်ခု ဖန်တီးခွင့် ပေးလိုက်သည်ကို လုံးလုံးလျားလျား သတိမပြုမိခဲ့ချေ။ ဤအချိန်တွင် သူသည် ကမ္ဘာသစ်ထဲတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး သူ လက်သီးကို ဆုပ်ထားကာ လက်သီးတစ်ချက်ကို ပေါ့ပေါ့ပါးပါးထိုးနှက်လိုက်သည်။

ဘုန်း...

စွမ်းအားလှိုင်းတစ်ရပ်က လေထုအတွင်းသို့ ပျံ့လွင့်သွားသည်။ ကမ္ဘာတစ်ခု၏အရှင်သခင်တစ်ဦးအနေဖြင့် ကျန်းရွှမ်သည် သူ၏ခွန်အားကို ချက်ချင်း ခံစားမိလိုက်သည်။

မြင်းကောင်ရေ ၂၀၀၀ခွန်အား...

သူ၏ကျင့်ကြံမှုသည် ရင်းမြစ်ရေအိုင်နယ်ပယ်၏နဝမအဆင့်ဖြစ်သော ဓမ္မလှည့်လည်သွားလာခြင်းနယ်ပယ်တွင် ရှိနေဆဲ ဖြစ်သော်လည်း သူ၏ခွန်အားသည် ကန့်သတ်ချက်ကို ချိုးဖျက်သွားရုံသာမက နှစ်ဆတိုးလာခဲ့သည်။

ကောင်းကင်လမ်းကို ကျော်လွန်သော နည်းစနစ်တစ်ခုမှ ပုံဖော်ထားသည့် ကံကြမ္မာတစ်ခုသည် သူ မျှော်လင့်ထားသည့်အတိုင်းပင် ရင်းမြစ်ကမ္ဘာမှ ချမှတ်ထားသော ကန့်သတ်ချက်များကို ချက်ချင်း ချိုးဖျက်ခဲ့သည်။

ကျန်းရွှမ်သည် စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်ရင်း သူ၏စိတ်အာရုံကို ကောင်းကင်ဘုံစာကြည့်တိုက်ထံသို့ ပို့လွှတ်လိုက်၏။

စာအုပ်များ၏ထိပ်တွင် ချည်မျှင်ကဲ့သို့ စွမ်းအင်စီးကြောင်းတစ်ခု ခပ်ဖျော့ဖျော့တောက်ပနေပြီး နူးညံ့ညင်သာသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ကောင်းကင်ဘုံသောက ကံကြမ္မာမှလွဲ၍ တခြားမဟုတ်ပေ။ သူ၏ဓားနည်းစနစ်ကဲ့သို့ပင် ဤကံကြမ္မာချည်မျှင်သည် နုနယ်ပုံရသော်လည်း သာလွန်ထူးကဲစွာ ခိုင်မာသည်။ ထိုအရာကို ဖြတ်တောက်ရန် သို့မဟုတ် ဖျက်ဆီးရန် မဖြစ်နိုင်ချေ။

ဤနူးညံ့သော ချည်မျှင်သည် ကံကြမ္မာ အမျိုးအစား နှစ်ခုဖြစ်သည့် မိုတောက်ကံကြမ္မာနှင့် စီးဆင်းသောအလင်းတန်းကံကြမ္မာတို့ကို ချိတ်ဆက်ထားသည်။ မိုတောက်ကံကြမ္မာသည် ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ထိုအရာသည် ထိုစွမ်းအားချည်မျှင်၏ ရှေ့မှောက်တွင် ကလေးတစ်ဦးကဲ့သို့ နူးညံ့နေပြီး လုံးလုံးလျားလျား လိုက်လျောညီထွေ ဖြစ်နေသည်။

"ကံကြမ္မာတွေမှာလည်း အဆင့်အတန်းတွေ ရှိပုံရတယ်... ငါ နားလည်သဘောပေါက်ခဲ့တဲ့ ကောင်းကင်ဘုံသောက ကံကြမ္မာက သိသိသာသာ ပိုပြီးအဆင့်မြင့်တဲ့ အလွှာတစ်ခုမှာ ရှိနေတယ်"

ကျန်းရွှမ်က မှန်းဆလိုက်သည်။

ကောင်းကင်ဘုံသောက ဓားနည်းစနစ်သည် ကောင်းကင်လမ်း၏စွမ်းအားထက် ကျော်လွန်သော နည်းစနစ်တစ်ခုပင်။ ဤအရာကို ထောက်ရှုလျှင် ထိုနည်းစနစ်မှ ထုတ်လွှတ်လိုက်သော ကံကြမ္မာသည် ထူးကဲနေခြင်းမှာ သဘာဝကျပေ၏။ သူသည် ဤကိစ္စကို မျှော်လင့်ထားခဲ့ပြီး ဖြစ်သောကြောင့် သူ့ကို အံ့အားသင့်သွားစေခဲ့ခြင်း မရှိချေ။

"ဒါက ကံကြမ္မာတစ်ခု ဆိုရင်... ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စုပ်ယူနိုင်သင့်တယ် မဟုတ်လား"

ထိုအတွေးဖြင့် ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များပါဝင်သော စာအုပ်များကို ရွှေ့ပြောင်းရန် စိတ်ကူးလိုက်သော်လည်း သူ အံ့အားသင့်သွားကာ ကြက်သေသေသွားသည်။

"ငါ့ရဲ့ကောင်းကင်ဘုံကံကြမ္မာစွမ်းအင်တန်း သန်းငါးရာက ဘယ်ရောက်သွားတာလဲ"

သူ၏ပတ်ဝန်းကျင်မှ လောကကြီး မှောင်မည်းသွားသကဲ့သို့ ခံစားလိုက်ရကာ သူ သတိလစ်မေ့မြောလုမတတ် ဖြစ်သွားသည်။

ဟန်ချန်ချောင်ကို ခြိမ်းခြောက်ငွေညှစ်ခြင်းမှတစ်ဆင့် သူသည် ရင်းမြစ်ကမ္ဘာသို့ ဝင်ရောက်လာကတည်းက အကြီးမားဆုံးသော ကောင်းကင်ကံကြမ္မာစွမ်းအင်ပမာဏကို စုဆောင်းနိုင်ခဲ့သည်။ သူသည် ထိုချမ်းသာကြွယ်ဝမှု၌ ပျော်မွေ့နေရန် စီစဥ်ထားခဲ့သော်လည်း မည်သူက ကြိုတင်ခန့်မှန်းနိုင်မည်နည်း။ သူ ကျင့်ကြံမှုတစ်ကြိမ်တည်း ပြုလုပ်ပြီးနောက် ထိုအရာများအားလုံး ကုန်ဆုံးသွားခဲ့သည်။

ထို့ထက်ပိုဆိုးသည်မှာ လေထုထဲတွင် ပျံဝဲနေသော ကောင်းကင်ဘုံသောက ကံကြမ္မာသည် မည်သည့်အချိန်တွင်မဆို ပျောက်ကွယ်သွားနိုင်သကဲ့သို့ အားနည်းပြီး ချည့်နဲ့နေသည်။

'ဒါက တကယ့်ကို လိမ်ညာလှည့်စားမှုကြီးပဲ'

ဤစွမ်းအားကုန်ဆုံးမှုနှုန်းအတိုင်းဆိုလျှင် သူသာ ဝန်တင်သားရဲတစ်ကောင်ကဲ့သို့ အလုပ်လုပ်လျှင်ပင် ဤအစားကြူးသော ကံကြမ္မာကို ထောက်ပံ့ရန် လုံလောက်မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ သူ၏စွမ်းအားနှင့်စိတ်ဝိညာဉ်သည် ဓမ္မလှည့်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သူ့ကို ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်နှင့် နီးကပ်သွားစေခဲ့သည်။

ထိုမျှသာမက ကောင်းကင်ဘုံသောက ဓားနည်းစနစ်ဖြင့် သန့်စင်ခဲ့သော သူ၏ရုပ်ခန္ဓာကိုယ်သည် ပို၍သန်မာပြီး ခံနိုင်ရည်ရှိလာခဲ့သည်။ သူ၏ရုပ်ခန္ဓာကိုယ်တွင် အရိုင်းဆန်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဤအချိန်တွင် သိုင်းနည်းစနစ်များ သို့မဟုတ် ဓားနည်းစနစ်များ မရှိလျှင်ပင် ကျန်းရွှမ်သည် မိုချင်းကို သူ၏လက်ဗလာသက်သက်ဖြင့် ချေမှုန်းနိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။

"ကောင်းကင်ဘုံသောကကံကြမ္မာရဲ့ ထွက်ပေါ်လာတဲ့ပုံစံကို အကဲဖြတ်ရရင် ငါ တခြား ကံကြမ္မာတွေကို ပုံတူပွားနိုင်သင့်တယ်"

မိုတောက်ကံကြမ္မာနှင့် စီးဆင်းသောအလင်း တန်းကံကြမ္မာတို့သည် ခုခံမှုမရှိဘဲ ချည်မျှင်နှင့် ချိတ်ဆက်ခြင်းကို နာခံရို့ကျိုးစွာ ခွင့်ပြုပုံကို မြင်တွေ့ရချိန်၌ ကျန်းရွှမ်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူသည် တခြားကံကြမ္မာတစ်ခုကို ကူးယူ စမ်းသပ်ရန် စဉ်းစားနေချိန်မှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုလိုက်မိသည်။

အတွေးတစ်ချက်ဖြင့် သူသည် ကမ္ဘာသစ်မှ ထွက်ခွာလာပြီး စွန်းချန်၏အသံကို ချက်ချင်း ကြားလိုက်ရသည်။

သူ၏ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ခတ်လိုက်ပြီး ကျန်းရွှမ်သည် အခန်းထဲသို့ ပြန်ရောက်လာပေ၏။

"ဟူး..."

သူ တံခါးကိုတွန်းဖွင့်ကာ ပြင်ပသို့ ထွက်လိုက်သည်။ သူ အထက်သို့ မော့ကြည့်လိုက်ရာ မိုးကြိုးမုန်တိုင်းသည် အမှန်တကယ် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်သည်။

တစ်ချိန်တည်းမှာပင် "ထိပ်သီးကျင့်ကြံသူ" သည် မည်သူနှင့် စကားပြောဆိုနေခဲ့သည်ကို ပဟေဠိဖြစ်နေဆဲ ဖြစ်သော အိုးယန်ဟိုင်သည် ကျန်းရွှမ် ထွက်ပေါ်လာသည်နှင့် ရုတ်တရက် ကြက်သေသေသွားသည်။

သူ၏ခန္ဓာကိုယ် တောင့်တင်းသွားပေ၏။

သူသည် ထိုအခန်းကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် နှစ်ကြိမ်စစ်ဆေးခဲ့ပြီး မည်သူကိုမျှ မတွေ့ခဲ့ချေ။ သို့ရာတွင် ဤနေရာ၌ တစ်စုံတစ်ယောက်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။ ဤလူ၏စွမ်းအားများသည် သူ၏စွမ်းအားများထက် များစွာပို၍ကျော်လွန်နေသဖြင့် သူ့ကို စုံစမ်းထောက်လှမ်းခြင်းမှ ရှောင်တိမ်းနိုင်ခြင်းပင်။

အစေခံတစ်ယောက်ပင်လျှင် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသဖြင့် "သခင်" ဟု ခေါ်ဆိုသူသည် ပို၍ပင်သန်မာနေမည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။

ဤအခြေအနေကို မည်ကဲ့သို့ ကောက်ချက်ချရမည်အား မသေချာသဖြင့် အိုးယန်ဟိုင်သည် "လင်းပုယန်" ကို တဖန်ထပ်၍ စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ သို့ရာတွင် လင်းပုယန်သည် အရှိန်အဝါကို လုံးလုံးလျားလျား ဖုံးကွယ်ထားသည်အား သူ တွေ့ရှိလိုက်ရသည်။ သူသည် ထိုလူ၏ကျင့်ကြံဆင့်နယ်ပယ်ကို မခွဲခြားနိုင်ခဲ့ချေ။

သူ့ကဲ့သို့ ကျင့်ကြံဆင့်အတန်းရှိသူတစ်ဦးအဖို့ ထိုကဲ့သို့ မခွဲခြားနိုင်ခြင်းသည် အချက်နှစ်ချက်အနက်မှ တစ်ချက်ကို ဆိုလိုသည်။ ထိုလူ၏ စွမ်းအားသည် သူ၏စွမ်းအားနှင့် တန်းတူရှိနေခြင်း သို့မဟုတ် များစွာသာလွန်နေခြင်းပင်။

ဤအချိန်တွင် အိုးယန်ဟိုင်သည် ကိစ္စတစ်ရပ်ကို လုံးလုံးလျားလျား အသိအမှတ်ပြု လက်ခံသွားခဲ့သည်။ စွန်းချန်နှင့်လင်းပုယန်တို့သည် ပြိုင်ဘက်ကင်းကျင့်ကြံသူများ ဖြစ်ပေ၏။

အိုးယန်ဟိုင်သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် မှင်တက်နေစဥ်တွင် မိုတောက်ဂိုဏ်း၏ဒုတိယတပည့် မင်ကျန်းထောင်သည် ကျိုးယီအင်ပါယာမှ အလျင်စလို ထွက်လာခဲ့ပြီးနောက် ဟန်ယွမ်မြို့သို့ ရောက်ရှိလာခဲ့သည်။

သူသည် အစောပိုင်းက မိုးကြိုးမုန်တိုင်းကို သတိပြုမိခဲ့သော်လည်း သူနှင့်မသက်ဆိုင်သောကြောင့် လျစ်လျှူရှုလိုက်သည်။ ယခုချိန်၌ ထိုအရာသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သောကြောင့် သူ ပို၍ပင်စိတ်မဝင်စားတော့ချေ။

"ငါ ဟန်ချန်ချောင်ဆီ တိုက်ရိုက် သွားသင့်လား... ဒါမှမဟုတ် အခြေအနေကို နားလည်အောင် လင်းပုယန်နဲ့ အရင်ဆုံး စကားပြောသင့်လား"

အကယ်၍ သူသာ ဟန်ချန်ချောင်ကို တိုက်ရိုက် ရင်ဆိုင်လိုက်ပါက ထိုလူသည် ရန်လိုလာပြီး တိုက်ခိုက်လာနိုင်ပေ၏။ လင်ပုယန်ကမူ သူ၏ ဂျူနီယာညီလေး ဖြစ်သောကြောင့် ချဉ်းကပ်ရန် ပို၍လွယ်ကူနိုင်သည်။

မင်ကျန်းထောင် မသိလိုက်သည်မှာ လင်းပုယန်သည် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ဦးအဖြစ် စွပ်စွဲခံထားရပြီး ဖြစ်သည်ကိုပင်။

ပတ်ဝန်းကျင်ကို မေးမြန်းပြီးနောက် မင်ကျန်းထောင်သည် "ဂျူနီယာညီလေး" ၏အိမ်တော်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ပြီး သူ၏ရင်းမြစ်သားရဲပျံပေါ်သို့ တက်ကာ ထိုနေရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။

စီနီယာအစ်ကိုတစ်ယောက်အနေဖြင့် စည်းမျဥ်းတချို့ချမှတ်ဖို့ အချိန်တန်လေပြီ။

All Chapters