ထင်ယောင်ထင်မှားမြက်ပင်
Vol. 16 Ch. 221
"စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ် စီနီယာ"
အိုးယန်ဟိုင်က ကျန်းရွှမ်ကို လေ့လာနေချိန်တွင် ကျန်းရွှမ်ကလည်း ရုတ်တရက် ရောက်လာသော ဧည့်သည်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေပေ၏။
ဤလူ၏ပုံပန်းသွင်ပြင်ကို ကြည့်ရုံမျှဖြင့် သူသည် ယွဲ့လုံရှောင် ပြောခဲ့သော ဌာနချုပ်မှ စေလွှတ်လိုက်သည့် ထိပ်သီးကျင့်ကြံသူ ဖြစ်ပေမည်။ ထိုပုဂ္ဂိုလ်၏ကျင့်ကြံဆင့်ကို အပြင်ပန်းတွင် ပြသမထားသော်လည်း သူ ထုတ်လွှတ်ထားသော ဖိနှိပ်ချုပ်ကိုင်နိုင်မှုအရှိန်အဝါမှာမူ သိသာထင်ရှားလှ၏။ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှု မရှိသည့်တိုင် ကျန်းရွှမ် အယောက်တစ်ရာ ပေါင်းလိုက်လျှင်ပင် ထိုလူ့အတွက် ခြိမ်းခြောက်မှုတစ်ရပ် မဖြစ်နိုင်ကြောင်း သိသာထင်ရှားနေသည်။
"မင်းက အရမ်းကြင်နာတတ်တာပဲ"
ကျန်းရွှမ်၏ ယဥ်ကျေးသိမ်မွေ့သော အမူအယာကို မြင်တွေ့ချိန်၌ အိုးယန်ဟိုင် အံ့အားသင့်သွားသည်။ သူ လျှင်မြန်စွာ မတ်တတ်ထရပ်လိုက်ရာ သူ့ထံမှ စိတ်ချုပ်တည်းထားမှု အငွေ့အသက်များ ပျံ့လွင့်လာသည်။
"ဒါက..."
ယွဲ့လုံရှောင်သည် အကြီးအကဲအိုးယန်၏ တုံ့ပြန်မှုကို နားမလည်နိုင်ဖြစ်သွားကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အခြေအနေကို သဘောပေါက်ရန် ကြိုးစားလိုက်၏။
'ငါ မြင်လိုက်တာ အမှန်လား..အကြီးအကဲ အိုးယန်က သူ့ကို နည်းနည်း ကြောက်နေတယ်လို့ ငါ ဘာလို့ ထင်နေရတာလဲ"
ကျန်းရွှမ်သည်လည်း ထပ်တူထပ်မျှ စိတ်ရှုပ်ထွေးသွားသည်။ ဤသည်မှာ အလုံးစုံသိမြင်ဂိုဏ်း၏ဌာနချုပ်မှ တစ်စုံတစ်ယောက်၏အမူအကျင့် ဖြစ်သလော။ ထိုလူသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ယဥ်ကျေးသိမ်မွေ့ပေ၏။
"ဂိုဏ်းချုပ်ယွဲ့က ဒီပါရမီရှင်သုံးယောက်ကို ပိုကောင်းတဲ့ ကျင့်ကြံမှုအရင်းအမြစ်တွေ ရဖို့အတွက် ခေါ်သွားမယ်လို့ ကျွန်တော့်ကို အသေးစိတ် ရှင်းပြခဲ့တယ်.. ကျွန်တော်တို့က အပြန်အလှန်အနေနဲ့ အကျိုးအမြတ်တချို့ ရရှိဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်...ဒီအစီအစဥ်နဲ့ ပတ်သက်ပြီး စီနီယာ ဘယ်လို သဘောရလဲ"
ကျန်းရွှမ်က အချိန်မဖြုန်းဘဲ တိုက်ရိုက်မေးမြန်းလိုက်သည်။
ဤစကားကိုကြားချိန်၌ အိုးယန်ဟိုင်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းသွားသည်။
"ရတာပေါ့...ဒုတိယခန်းမသခင်လင်း မင်း ဘာကိုပဲလိုချင်လိုချင် အလုံးစုံသိမြင်ဂိုဏ်းက ဘာတွေဝေတုံ့ဆိုင်းမှုမရှိဘဲနဲ့ ဖြည့်ဆည်းပေးပါ့မယ်"
"ဒါဆိုရင် အရမ်းကောင်းတယ်..."
ကျန်းရွှမ်သည် အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် တုံ့ပြန်အဖြေပေးလိုက်၏။
"ကျွန်တော်က လုံလောက်တဲ့ ကံကြမ္မာချပ်ပြား အရေအတွက်ကို လိုချင်တယ်"
"ဒါက လွယ်ပါတယ်... ဒါပေမဲ့ ငါက အလျင်စလို ထွက်လာခဲ့တာကြောင့် ကံကြမ္မာချပ်ပြားတွေ အများကြီး သယ်မလာခဲ့မိဘူး... တခြားပစ္စည်းတွေနဲ့ အစားထိုးပေးရင် မင်း လက်ခံနိုင်မလား" အိုးယန်ဟိုင်က သတိကြီးစွာထားပြီး မေးမြန်းလိုက်သည်။
ကံကြမ္မာချပ်ပြားများသည် ဌာနချုပ်တွင် ပေါများသဖြင့် သူသည် ထိုအရာများကို သယ်ဆောင်သွားရန် တစ်ကြိမ်တစ်ခါမျှ စဥ်းစားမထားခဲ့မိချေ။ ဤကဲ့သို့ ထိပ်သီးကျင့်ကြံသူဟု ယူဆရတဲ့လူသည် တော်ဝင်ကျောက်စိမ်းတံဆိပ်တုံးကို ဆန်နှစ်အိတ်နဲ့ လဲလှယ်သကဲ့သို့ သာမန်ဆန်သောအရာကို တောင်းဆိုခဲ့သဖြင့် သူ စိတ်ရှုပ်ထွေးသွားသည်။
"အဆင်ပြေပါတယ်... ဒါပေမဲ့ ပစ္စည်းတွေက တန်ဖိုးရှိရမယ်...အရေးမပါတဲ့ အရာတွေနဲ့ ကျွန်တော့်ကို လှည့်စားဖို့ မကြိုးစားပါနဲ့"
ကျန်းရွှမ်က ပြတ်ပြတ်သားသား ပြောဆိုသည်။
"ဟုတ်ကဲ့"
အိုးယန်ဟိုင်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်သည်။ သူသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ပြီးနောက် ကျောက်စိမ်းပုလင်းတစ်လုံး ထွက်ပေါ်လာသည်။
"ဒါတွေက သက်စောင့်နတ်ဘုရားဆေးလုံး နှစ်လုံးပါ...ကံကြမ္မာဆရာသခင်တစ်ယောက်က သူတို့ရဲ့ကံကြမ္မာကို ဆုပ်ကိုင်တဲ့အချိန်မှာ အောင်မြင်မှုနှုန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ်"
"သ...သက်စောင့်ဆေးလုံးတွေ"
ယွဲ့လုံရှောင်က တံတွေးမျိုချရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်သည်။
ဤဆေးလုံးများသည် အလွန်တန်ဖိုးကြီးမားပြီး ကံကြမ္မာကို ဆုပ်ကိုင်ရန် ကြိုးစားနေသော ကြယ်ခုနစ်ပွင့် ကံကြမ္မာဆရာသခင်များအတွက်ပင် ထိရောက်မှုရှိသည်။ ထိုအရာများကို သာမာန်ကာလျှံကာ ပေးအပ်ခြင်းသည် ဌာနချုပ်မှအကြီးအကဲတစ်ယောက်ဖြစ်သော အိုးယန်ဟိုင်၏ မယုံနိုင်ဖွယ်ကောင်းသော ရက်ရောမှုကို ပြသနေခြင်းပင်။
သို့ရာတ္င် ကျန်းရွှမ်က မသိမသာမျက်မှောင်ကြုတ်လိုက်သည်။
"ဒါပဲလား"
ဆေးလုံးနှစ်လုံးသည် ရှားပါးသော်လည်း သူ့အတွက် လက်တွေ့အသုံးမဝင်ချေ။ သူ၏ ကျင့်ကြံဆင့်သည် အကန့်အသတ်နှင့် ဝေးကွာနေပေ၏။ ထိုသို့မဟုတ်လျှင်ပင် ဆေးလုံးများသည် တခြားသော အရင်းအမြစ်များနှင့် နှိုင်းယှဉ်လျှင် သူ့ကို အကျိုးကျေးဇူး များစွာမပေးနိုင်ချေ။
'ငါက ကောင်းကင်ဘုံကံကြမ္မာစွမ်းအင်တွေ ရတာကိုပဲ ပိုသဘောကျတယ်'
"ဒါပေါ့...အဲ့ဒါတွေချည်း မဟုတ်ပါဘူး"
အိုးယန်ဟိုင်က သူ၏လက်များကို အလျင်စလို ဝှေ့ယမ်းလိုက်ပြီး တစ်ဖက်လူ စိတ်ကျေနပ်အောင် လုပ်ဆောင်ရန် ကြိုးပမ်းမှု မအောင်မြင်သဖြင့် အရှက်ရသွားသည်။ သူသည် အချိန်တခဏကြာမျှ တွန့်ဆုတ်နေပြီးနောက် အံ့တင်းတင်းကြိတ်ကာ နောက်ထပ်ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါက ပဉ္စမတန်းစား ကံကြမ္မာတစ်ခုပါ... အရှိန်အဟုန်ကံကြမ္မာရဲ့ အစိတ်အပိုင်းတစ်ခုပေါ့....ကံကောင်းထောက်မစွာနဲ့ တွေ့ဆုံမှုတစ်ခုမှာ ငါ ဒါကို ရရှိခဲ့တာ...ဒါပေမဲ့ ဒါက ငါ့ရဲ့ကျင့်ကြံမှုနဲ့ မကိုက်ညီလို့ အသုံးမပြုခဲ့ဘူး...ငါက ဒါကို အခု မင်းကို ပေးအပ်ပါတယ်"
"ပဉ္စမတန်းစား ကံကြမ္မာ..."
ကျန်းရွှမ် အံ့အားသင့်သွားပြီး ထိုကျောက်စိမ်းပုလင်းကို လက်ခံလိုက်၏။ သူ ပုလင်းအတွင်းသို့ ချောင်းကြည့်လိုက်ရာ စမ်းချောင်းကဲ့သို့သော ကံကြမ္မာတစ်ခုက ဝေ့ဝိုက်စီးဆင်းနေပြီး ကြီးမားသောစွမ်းအားနှင့် ဖိအားအရှိန်အဝါကို ထုတ်လွှတ်ထားသည်။
'ဒါဆို အမှန်ပဲ... ကံကြမ္မာတွေကို ထုတ်ယူပြီး လက်ဆောင်ပေးလို့ရတာပဲ'
ထိပ်တန်းကျင့်ကြံသူများသည် တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်မှနေ၍ ထိုကံကြမ္မာကို အကောင်းပကတိအတိုင်း ဖယ်ရှားနိုင်ကြသည်။
ဤကိစ္စသည် ဟန်ယွမ်မြို့ရှိ ကံကြမ္မာခန်းမတွင် မှတ်တမ်းတင်ထားသောအရာ မဟုတ်ချေ။ ထိုခန်းမ၏အဆင့်သည် မလုံလောက်ခဲ့သည်မှာ သိသာထင်ရှားသည်။ ထို့ပြင် သူ သံသယရှိခဲ့သည့်အတိုင်း ကံကြမ္မာများကို အတန်းအစားများဖြင့် အဆင့်ခွဲခြားထားသည်။
ဤပဉ္စမတန်းစားကံကြမ္မာသည် သူ၏ မိုတောက်ကောင်းကင်ကံကြမ္မာနှင့် နှိုင်းယှဉ်နိုင်ရန်မှာ မသေချာချေ။ သို့ရာတွင် အိုးယန်ဟိုင်သည် ထိုအရာကို တွန့်ဆုတ်စွာ ပေးအပ်ခဲ့ခြင်းမှတဆင့် ထိုကံကြမ္မာ၏ ကြီးမားသောတန်ဖိုးကို သက်သေပြနေပေ၏။
"ဟုတ်ပါတယ်...ဒီကံကြမ္မာက အဆင့်မြင့်အတန်းအစား မဟုတ်ပေမဲ့ မယုံနိုင်လောက်အောင် ရှားပါးတယ်.. လောလောဆယ် တည်ရှိနေတာက ကံကြမ္မာတစ်ခုတည်းပဲ ရှိပြီးတော့ ငါက ကံကောင်းစွာနဲ့ ရရှိခဲ့တာပါ"
အိုးယန်ဟိုင်က နီမြန်းနေသောမျက်နှာဖြင့် ရှင်းပြသည်။
"ဒါက မင်းအတွက် အများကြီး အထောက်အကူ မပြုနိုင်မှန်း ငါ သိတယ်... ဒါပေမဲ့ ဒါက ငါ့မှာရှိတဲ့ ပစ္စည်းတွေထဲမှာ အကောင်းဆုံးပဲ"
ဤအရာသည် တန်ဖိုးရှိသော်လည်း ကံကြမ္မာသည် ကျင့်ကြံသူ၏လမ်းကြောင်းနှင့် မကိုက်ညီပါက အသုံးမပြုနိုင်ချေ။ အိုးယန်ဟိုင်အတွက်ထိုအရာသည် လက်တွေ့အသုံးမဝင်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ တန်ဖိုးထားခဲ့သော ပိုင်ဆိုင်မှုတစ်ခု ဖြစ်ခဲ့သည်။ ကျန်းရွှမ်၏ စွမ်းဆောင်ရည်များကို မြင်တွေ့ရချိန်၌ ထိုအရာကိုပေးအပ်ရုံမှတစ်ပါး သူ့ထံတွင် တခြားရွေးချယ်စရာ မရှိတော့ချေ။
"ကောင်းပြီလေ...."
ကျန်းရွှမ်သည် စိတ်မလှုပ်ရှားသော်လည်း ထိုအရာကို လက်ခံရန် ဆုံးဖြတ်လိုက်၏။
' ဒီအလုံးစုံသိမြင်ဂိုဏ်းရဲ့အကြီးအကဲက အစွမ်းထက်ပေမဲ့ ချမ်းသာပုံ မရဘူး'
သူသည် ထိုကံကြမ္မာအပေါ် အာရုံစိုက်လိုက်သည်နှင့် ကောင်းကင်ဘုံစာကြည့်တိုက် တုန်ခါသွားသည်။
ဟူး လား လား...
ပဉ္စမတန်းစားကံကြမ္မာ ပျောက်ကွယ်သွားပြီး ကျန်းရွှမ်၏ ချည်မျှင်တစ်ထောင်ကံကြမ္မာနှင့် ပေါင်းစပ်သွားသည်။
စာကြည့်တိုက်အတွင်းတွင် ထိုကံကြမ္မာသည် ပုလင်းထဲမှ လက်မအရွယ်ပုံစံနှင့် နှိုင်းယှဉ်လျှင် ကြီးမားလာသည်ကို တွေ့လိုက်ရသည်။ အဆင့်နှစ်မိုတောက်ကောင်းကင်ကံကြမ္မာနှင့် နှိုင်းယှဉ်လိုက်လျှင်ပင် ထိုအရာသည် ကစားစရာအရုပ်တစ်ခုကဲ့သို့ ဖြစ်နေပေ၏။
"ဒါဆို ပဉ္စမတန်းစား ကံကြမ္မာက ဒီလောက်ထိ အစွမ်းထက်တာပဲ... စတုတ္ထတန်းစား ဒါမှမဟုတ် တတိယတန်းစားကရော..."
ကျန်းရွှမ်က ထိုအရာ၏ စွမ်းအားကြီးမားမှုကြောင့် အံ့အားသင့်သွားကာ တီးတိုးရေရွတ်လိုက်သည်။ အိုးယန်ဟိုင်သည် တွန့်ဆုတ်နေခဲ့သည်မှာ အံ့အားသင့်စရာ မရှိချေ။
ကျန်းရွှမ်၏အတွေးများကို မသိဘဲ အိုးယန်ဟိုင်သည် မယုံကြည်နိုင်ဖြစ်သွားကာ သူ၏အောက်မေးရိုး ပြုတ်ကျသွားလုမတတ်ပင်။ ကျန်းရွှမ်သည် ကံကြမ္မာတစ်ခုကို ဤမျှထိ လွယ်ကူစွာ စုပ်ယူလိုက်ခြင်းမှတဆင့် သူ၏ ကျင့်ကြံထားသော ကံကြမ္မာသည် များစွာသာလွန်ထူးကဲကြောင်း ညွှန်ပြနေသည်။
ဤသည်မှာ အချက်တစ်ချက်တည်းကိုသာ ဆိုလိုနိုင်ပေ၏။ ကျန်းရွှမ်၏ ကံကြမ္မာသည် အနိမ့်ဆုံးအနေဖြင့် တတိယတန်းစား ဖြစ်ပေမည်။ တတိယတန်းစား ကံကြမ္မာများသည် ရှားပါးသောအရာများဖြစ်ပြီး ရင်းမြစ်ကမ္ဘာတွင် ၉၉ ခုသာ တည်ရှိသည်။
'သူက အဲ့ဒီ ဒဏ္ဍာရီလာတည်ရှိမှုကြီး ၉၉ ယောက်ထဲက တစ်ယောက် ဖြစ်နေမလား'
အိုးယန်ဟိုင်က တွေးတောလိုက်သည်။ သို့ရာတွင် သူသည် ထိုထိပ်သီးတည်ရှိမှုကြီးများအနက် "လင်းပုယန်" ဆိုသူကို မမှတ်မိနိုင်ခဲ့ချေ။ သူသည် နာမည်ဝှက်ကိုသုံးနေခြင်း ဖြစ်ပေမည်။
"ခင်ဗျားမှာ တခြားဘာရှိသေးလဲ"
ကျန်းရွှမ်က ဂရုမစိုက်သောဟန်ဖြင့် မေးမြန်းလိုက်သည်။
အိုးယန်ဟိုင်သည် တွန့်ဆုတ်သွားပြီးနောက် ပစ္စည်းတစ်ခုကို ထပ်မံ၍ ထုတ်ယူလိုက်သည်။
"ဒါက ထင်ယောင်ထင်မှားမြက်ပင်တစ်ပင်ပါ... ငါ့ရဲ့ကျင့်ကြံဆင့်ချိုးဖျက်မှုမှာ ဒါကို အသုံးပြုဖို့ စီစဥ်ထားခဲ့တယ်.... ဒါပေမဲ့ ငါက ဒါကို မင်းကို ပေးလိုက်တာက ပိုကောင်းပါတယ်"
ကျန်းရွှမ်က ထိုဆေးပင်ကို လက်ခံလိုက်၏။ ထိုအရာကို စစ်ဆေးကြည့်လိုက်သည့်အချိန်တွင် စာကြည့်တိုက်သည် ခွဲခြမ်းစိတ်ဖြာမှုကို ထုတ်ပေးရန်အတွက် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းငါးသောင်းကို သုံးစွဲလိုက်သည်။
"ထင်ယောင်ထင်မှားမြက်ပင်... ကြယ်ရှစ်ပွင့် ဆေးပင်...ကံကြမ္မာဆရာသခင်များကို ကံကြမ္မာလမ်းကြောင်းသစ်ဆယ်ခု နားလည် သဘောပေါက်စေရန် ကူညီပေးနိုင်သော ထင်ယောင်ထင်မှားဆေးလုံးများအဖြစ် ဖော်စပ်နိုင်သည်..."
ကျန်းရွှမ်သည် အံ့အားသင့်သွားကာ ထိုမြက်ပင်ကို သူ၏ကမ္ဘာသစ်ထဲတွင် သိမ်းဆည်းလိုက်သည်။
' ဒါက မယုံနိုင်လောက်အောင် တန်ဖိုးရှိတာပဲ... ငါ နောက်ပိုင်းမှာ ထုတ်ရောင်းဖို့အတွက်တောင် သိမ်းထားရကျိုးနပ်တယ်'
ကျန်းရွှမ်၏ စိတ်ကျေနပ်သွားမှုကြောင့် အိုးယန်ဟိုင် စိတ်သက်သာရာရသွားပြီး ကံကြမ္မာချပ်ပြားတစ်ပုံကို ထုတ်ယူလိုက်သည်။
"ငါက အချပ်နှစ်ထောင်လောက်ပဲ ယူလာခဲ့မိတယ်...အရေအတွက် နည်းပါးတဲ့အတွက် တောင်းပန်ပါတယ်..."
"နှစ်ထောင်..."
ကျန်းရွှမ်သည် ပျော်ရွှင်မှုကြောင့် သတိလစ်လုမတတ် ဖြစ်သွားသည်။ သူသည် အိုးယန်ဟိုင်၏ အစောပိုင်းစကားများအရ အများဆုံး ကံကြမ္မာချပ်ပြားတစ်ရာခန့်သာ မျှော်လင့်ထားခဲ့သည်။ ဤသည်မှာ သူ မမျှော်လင့်ထားသည့် ပွပေါက်တိုးခြင်းပင်။
"ဒါဆိုရင် လုံလောက်ပါပြီ"
သူသည် ကံကြမ္မာချပ်ပြားများကို သိမ်းဆည်းလိုက်ပြီး နောက်ဆုံးတွင် သူ စိတ်ကျေနပ်သွားသည်။
'အလုံးစုံသိမြင်ဂိုဏ်းက ငါ မျှော်လင့်ထားတဲ့အတိုင်း တကယ့်ကို ရတနာဘဏ္ဍာတိုက်ကြီးပဲ'
"ကျွန်တော့်မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိနေသေးတယ်...ခင်ဗျား ဖြေနိုင်မယ်ဆိုရင် ပါရမီရှင်သုံးယောက်ကို ခင်ဗျားဆီ ချက်ချင်း လွှဲပေးလိုက်ပါ့မယ်"
ကျန်းရွှမ် အကျယ်တဝင့် မရှင်းပြနိုင်မီမှာပင် ခြံဝန်း၏အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံက ကြားဖြတ်နှောင့်ယှက်လိုက်သည်။
"လင်းပုယန် ....အခုချက်ချင်း အပြင်ကို ထွက်လာခဲ့စမ်း"
လူများအားလုံး လှည့်ကြည့်လိုက်ကြရာ ရင်းမြစ်သားရဲပျံတစ်ကောင်ပေါ်တွင် ထိုင်နေသော မင်ကျန်းထောင်ကို တွေ့လိုက်ရပြီး အခန်းထံသို့ အေးစက်တင်းမာစွာ စိုက်ကြည့်နေသည်။ သူ၏ သိသာထင်ရှားသော မလေးမစားပြုမှုကြောင့် အိုးယန်ဟိုင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။