ထိတ်လန့်တုန်လှုပ်သွားသော မင်ကျန်းထောင်
Vol. 16 Ch. 221
သူ၏ရှေ့မှလူသည် သူပင်လျှင် ကြောက်ရွံ့ရသော ကြောက်မက်ဖွယ် ထိပ်သီးတည်ရှိမှုကြီးတစ်ဦးပင်။ သူ ပြောသော စကားတိုင်းကို အမြဲတစေ တွက်ချက်ပြီး သတိထားနေရပေ၏။ သို့ရာတွင် ယခုရောက်ရှိလာသူသည် ရိုင်းစိုင်းစွာ အော်ဟစ်ရဲပြီး တစ်စုံတစ်ယောက်ကို "ထွက်လာခဲ့စမ်း" ဟုပင် တောင်းဆိုရဲသည်မှာ အလွန်အမင်းရိုင်းစိုင်းသည်။
"မင်း အထဲမှာ ရှိနေမှန်း ငါ သိတယ်... ငါ သုံးအထိ ရေမယ်...မင်း ထွက်မလာရင် ငါ မင်း ရှင်းပြတာ နည်းနည်းလေးမှ နားထောင်မှာ မဟုတ်ဘူး... အဲ့ဒီအချိန်ကျရင် မင်း ဆင်ခြေပေးဖို့ နောက်ကျသွားလိမ့်မယ်...သုံး..."
ရင်းမြစ်သားရဲ၏ထိပ်တွင် မတ်တတ်ရပ်နေသော မင်ကျန်းထောင်သည် သူ၏လက်များကို နောက်သို့ပစ်ထားပြီး သူ၏မျက်လုံးများအတွင်းတွင် ဂရုမစိုက်မှု မောက်မာထောင်လွှားမှုတို့ဖြင့် ပြည့်နှက်နေသည်။ လင်းပုယန်သည် လွန်ခဲ့သောနှစ်များအတွင်းက ဆရာသခင်မှ စွန့်ပစ်ခဲ့သော အရှက်ရဖွယ် တပည့်တစ်ဦးမျှသာ ဖြစ်သည်။ သူ၏စီနီယာအစ်ကို အသတ်ခံခဲ့ရသော်လည်း သူသည် ခံစားချက်ကင်းမဲ့နေပြီး တခြားလူများနှင့် အေးအေးလူလူ စကားဆက်ပြောနေသည်။ လင်းပုယန်ကို သင်ခန်းစာမပေးလျှင် သူသည် ဆရာသခင်၏သြဇာအာဏာနှင့် မိုတောက်ဂိုဏ်း၏စည်းမျဉ်းများကို မေ့လျော့သွားနိုင်ပေ၏။
သို့ရာတွင် ကျန်းရွှမ်ကမူ ဤသည်ကို ထူးဆန်းသည်ဟု တွေးထင်မိသည်။
'ဒီလူက ဘယ်သူများလဲ'
'ဒီလောက်ထိ အတင့်ရဲပြီးတော့ ဒီနေရာကိုလာပြီး ခုလိုမျိုး အော်ဟစ်နေရလား...'
သို့ရာတွင် ဤပုဂ္ဂိုလ်သည် ဤမျှထိ ယုံကြည်မှုရှိစွာ အော်ဟစ်ဝံ့သဖြင့် လင်ပုယန်နှင့် တစ်မျိုးတစ်မည် ဆက်စပ်မှု ရှိနေပေမည်။ ဤဇာတ်ကောင်အဖြစ် သရုပ်ဆောင်နေသော ကျန်းရွှမ်သည် သူ့ကို လျစ်လျူရှုထညး၍ မဖြစ်ပေ။ သူသည် အိုးယန်ဟိုင်ဘက်သို့လှည့်ကာ အနေရခက်သောအပြုံးဖြင့် ပြောဆိုလိုက်သည်။
"တောင်းပန်ပါတယ်....နောက်ထပ် ဧည့်သည်တစ်ယောက် ရောက်လာလို့ပါ..."
"တစ်.... မင်း ရှင်းပြခွင့်ရမယ့် အခွင့်အရေးတွေ ကုန်ဆုံးသွားပြီ"
ကျန်းရွှမ်၏စကားမဆုံးမီမှာပင် မင်ကျန်းထောင်သည် သူ၏ရေတွက်မှုကို အဆုံးသတ်လိုက်၏။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး မိုတောက်ဓားတစ်လက်ကို ဆွဲထုတ်ကာ သူ၏ရှေ့မှ ဧည့်ခန်းမထံသို့ တန်းတန်းမတ်မတ် ခုတ်ပိုင်းလိုက်သည်။
ထိုဓားချက်သည် မိုချင်းထက် များစွာသန်မာသော ကြီးမားသည့်စွမ်းအားကို သယ်ဆောင်လာသည်။ ထိုအရာ၏အရှိန်အဝါသည် ဒီရေလှိုင်းတစ်ခုကဲ့သို့ တလိမ့်လိမ့်ထလာသည်။ ထိုဓားချီ မထိမှန်မီမှာပင် ခြံဝင်းအတွင်းရှိ အုတ်များနှင့်နံရံများသည် ဖိအားအောက်တွင် တဝုန်းဝုန်းမြည်လာပြီး ကျရောက်လာတော့မည့် ဓားချက်ကို မခံနိုင်တော့ပုံရသည်။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ဤပုဂ္ဂိုလ်၏ မိုတောက်ကံကြမ္မာအပေါ် နားလည် သဘောပေါက်မှုသည် သူ့ထက် သာလွန်သည်မှာ သိသာထင်ရှားသည်။ အကယ်၍ ကျင့်ကြံဆင့်မချိုးဖျက်မီကဆိုလျှင် ကျန်းရွှမ်သည် ထိုအရာကို ပိတ်ဆို့ရန် ကောင်းကင်ဘုံသောက ဓားနည်းစနစ်ကို အသုံးပြုရန် လိုအပ်ပေလိမ့်မည်။ သို့ရာတွင် ယခုချိန်၌ သူ၏စွမ်းအားအကုန်အစင်ကို အသုံးပြုပါက ထိုတိုက်ခိုက်မှုကို တားဆီးဟန့်တားနိုင်ပေမည်။
ကျန်းရွှမ်သည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ပြီး အေးစက်ငရဲဓားကို ဆွဲထုတ်ရန် ဟန်ပြင်လိုက်စဥ်တွင် သူ၏နံဘေးမှ အိုးယန်ဟိုင်သည် ဆက်လက်၍ရပ်ကြည့်မနေနိုင်တော့ချေ။
'အဲ့ဒီလူက ဘယ်သူလဲ'
သူသည် အလုံးစုံသိမြင်ဂိုဏ်း၏ဌာနချုပ်မှ အကြီးအကဲတစ်ဦးဖြစ်ကာ လောကကြီး၏အထွတ်အထိပ်တွင် ရပ်တည်နေသော ကျင့်ကြံသူတစ်ဦးပင်။ သူ့ကဲ့သို့ အဆင့်အတန်းရှိသူ တစ်ဦးအတွက် မိုတောက်ဂိုဏ်း၏ ဂိုဏ်းချုပ်မိုပိုင်ယဲ့ သို့မဟုတ် ကျိုးယီအင်ပါယာ၏ဧကရာဇ်ပင်လျှင် သူ၏ရှေ့မှောက်တွင် ရိုသေလေးစားမှုကို ပြသရန် လိုအပ်ပေလိမ့်မည်။ ဤတပည့်တစ်ယောက်အဆင့်သာရှိသူမှ ဤမျှထိ မဆင်မခြင်ပြုမူခြင်းသည် သေလမ်းရှာခြင်းပင်။
"ဟမ့်"
ညင်သာသောနှာမှုတ်သံတစ်သံသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားပြီး နက်နဲသိမ်မွေ့သော တုန်ခါမှုများက မိုးကောင်းကင်ယံကို တုန်ခါသွားစေသည်။
အိုးယန်ဟိုင်သည် မတ်တတ်ပင်ထမရပ်ဘဲ လေထုထဲသို့ သူ၏လက်ကို ဆန့်တန်းလိုက်၏။ တောက်ပသောဓားချီသည် ချက်ချင်းပျောက်ကွယ်သွားပြီး မင်ကျန်းထောင် မတုံ့ပြန်နိုင်မီမှာပင် သူသည် ကောင်းကင်ယံမှ ဆွဲချခံလိုက်ရပြီး ခြံဝင်းထဲတွင် ဒူးထောက်လျက်သား ဖြစ်သွားသည်။
သူ စီးနင်းလာသော ရင်းမြစ်သားရဲသည်လည်း အခြေအနေမကောင်းလှချေ။ ထိုသားရဲ၏ပါးစပ်သည် ချိတ်ပိတ်ခံလိုက်ရပြီး အတောင်ပံများသည် မုန့်ကြိုးလိမ်တစ်ခုကဲ့သို့ လိမ်ကျစ်သွားကာ ခွာများသည် သနားစဖွယ် ကွေးညွတ်သွားပေ၏။ ထိုသားရဲသည် ခန်းမထဲတွင် ဒူးထောက်နေစဥ်၌ သောက်လီက စူးစမ်းလိုစိတ်ဖြင့် သားရဲကိုလှည့်ပတ်၍ ကြည့်ရှုနေသည်။
မင်ကျန်းထောင်သည် သူ၏ခွန်အားများအားလုံးကို အသုံးပြုခဲ့သော်လည်း အိုးယန်ဟိုင်၏ ရှေ့မှောက်တွင် သူသည် ချေမှုန်းခံရမည့် ပိုးကောင်တစ်ကောင်ထက် မပိုချေ။
စွန်းချန်၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။
သူသည် အိုးယန်ဟိုင်၏ အစောပိုင်း နှိမ့်ချရို့ကျိုးမှုကြောင့် အားနည်းသူတစ်ယောက်ဟု တွေးထင်ခဲ့မိသည်။ သို့ရာတွင် ယခုချိန်၌မူ သူ ရှင်းရှင်းလင်းလင်းသိသွားလေပြီ။ ဤလူသည် အလွန်အမင်း သန်မာပေ၏။
ကံကောင်းစွာဖြင့် သူသည် အစောပိုင်းက ရိုသေလေးစားစွာ ဆက်ဆံခဲ့သည်။ ဤလူသာ တိုက်ခိုက်ခဲ့လျှင် စွန်းချန်သည် သူ၏လှုပ်ရှားမှုတစ်ဝက်ကိုပင် တောင့်ခံနိုင်မည် မဟုတ်ချေ။
"သခင်လေးက အံ့အားသင့်စရာပဲ...ဒီလောက်ထိ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တောင် ရတနာတွေကို လွှဲပေးရလောက်တဲ့အထိ သခင်လေးကို ကြောက်ရွံ့နေတယ်"
ကျန်းရွှမ်၏ တည်ငြိမ်သောအမူအယာကို ပြန်လည်တွေးတောရင်း စွန်းချန်၏ မျက်လုံးများအတွင်းတွင် ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။ သူသည် အမြဲတစေ ကြွားဝါချင်ခဲ့သော်လည်း သခင်လေးနှင့် နှိုင်းယှဉ်လျှင် သူ လျှောက်လှမ်းရမည့် လမ်းများစွာ ကျန်ရှိနေသေးသည်။
စွန်းချန်၏အတွေးများကို မသိဘဲ ကျန်းရွှမ်သည် ဒူးထောက်နေသော မင်ကျန်းထောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် စာအုပ်တစ်အုပ် ထွက်ပေါ်လာပေ၏။
"မင်ကျန်းထောင်... မိုပိုင်ယဲ့၏ဒုတိယတပည့်... ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်...မိုတောက်ကောင်းကင်ကံကြမ္မာ၏ဒုတိယအဆင့်ကို နားလည် သဘောပေါက်ထားသည်..."
အစောပိုင်းက မင်ကျန်းထောင်သည် သူ၏ဓားကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် ကျန်းရွှမ်သည် ကောင်းကင်ဘုံစာကြည့်တိုက်ကို အသက်သွင်းခဲ့သဖြင့် ထိုလူ၏အသေးစိတ် အချက်အလက်များကို သိရှိခဲ့သည်။
သူ၏အကြည့်သည် "အားနည်းချက်....ပန်းသေပန်းညှိုးဖြစ်ခြင်း" ဟူသော စာတန်းပေါ်သို့ ကျရောက်သွားသည့်အချိန်တွင် ကျန်းရွှမ်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်၏။
မိုတောက်ဂိုဏ်းတပည့်များအားလုံး ဤပြဿနာကို ခံစားနေရပုံရသည်။ ဤသည်မှာ ကောင်းကင်ကံကြမ္မာကို ကျင့်ကြံခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခုလော သို့မဟုတ် အောင်မြင်မှုရရန်အတွက် ကြိုတင်လိုအပ်ချက်တစ်ခုလော ဆိုသည်ကိုမူ သူ မပြောနိုင်ခဲ့ချေ။
ကျန်းရွှမ် အတွေးလွန်နေသည်ကို သတိပြုမိချိန်၌ အိုးယန်ဟိုင် စိတ်မအေးနိုင် ဖြစ်လာသည်။ သူ၏လုပ်ရပ်များက ဤအစွမ်းထက်သော ပုဂ္ဂိုလ်ကို စိတ်မကျေမနပ် ဖြစ်စေခဲ့မည်ကို စိုးရိမ်သဖြင့် သူက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
"ဒုတိယခန်းမသခင်လင်း... ဒီလူက ရိုင်းစိုင်းနေတာကြောင့် ငါ ဝင်စွက်ဖက်လိုက်တာပါ... ငါ လွန်သွားခဲ့ရင်..."
ကျန်းရွှမ်က အရေးမစိုက်ဟန်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းပြီး ကြားဖြတ်ပြောဆိုလိုက်၏။
"အဆင်ပြေပါတယ်.."
သူသည် ဤပြဿနာအပေါ် ဆက်လက်၍မတွေးတောတော့ဘဲ ဆက်လက်၍ ပြောဆိုလိုက်သည်။
"ကျွန်တော် ပြောချင်တာကတော့... အလုံးစုံသိမြင်ဂိုဏ်းက သူတို့သုံးယောက်အတွက် ဘယ်လိုလေ့ကျင့်မှုမျိုးနဲ့ ကောင်းကင်ကံကြမ္မာမျိုးကို ပံ့ပိုးပေးမှာလဲ"
"ဒီထူးကဲတဲ့ ပါရမီရှင်တွေက ငါတို့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ အစွမ်းထက်ဆုံး ကောင်းကင်ကံကြမ္မာကို ရရှိမှာပါ...မင်း စိတ်ချပါ.....သူတို့က သာမန်တပည့်တွေအဖြစ် မဟုတ်ဘဲနဲ့ အမွေဆက်ခံသူတွေအဖြစ် သတ်မှတ်ပြီးတော့ သူတို့ကို ငါတို့က ပြုစုပျိုးထောင်ပေးမှာပါ"
အိုးယန်ဟိုင်က သူ့ကို ယုံကြည်စိတ်ချစေရန်အတွက် စိတ်အားထက်သန်စွာဖြင့် အလျှင်အမြန်စွာ ပြောဆိုသည်။
"ဒါဆိုရင် ကောင်းတာပေါ့..."
ကျန်းရွှမ်က စိတ်သက်သာရာရသွားပြီး ခေါင်းညိတ်လိုက်သည်။
အိုးယန်ဟိုင်သည် ဤမျှထိ အဝေးကြီး ခရီးနှင်လာပြီး ဤမျှထိ ရက်ရောသော အခွင့်အလမ်းများကို ကမ်းလှမ်းခြင်းမှတဆင့် သူ၏ ရိုးသားမှုကို သက်သေပြနေသည်။ ဤသည်မှာ ကျောက်ယာတို့လူစုအတွက် အမှန်တကယ်ကို တန်ဖိုးရှိသော အခွင့်အရေးတစ်ခုပင်။
"ကောင်းပြီလေ.. ကျောက်ယာ ဝမ်ယင်းနဲ့ ကျန်းယန်... အကြီးအကဲအိုးယန်နဲ့ လိုက်သွားကြတော့...မင်းတို့က လုံ့လဝီရိယရှိရှိ လေ့ကျင့်ပြီးတော့ ကြီးမားတဲ့ အောင်မြင်မှုတွေရဖို့ ရည်မှန်းကြပါ"
"ဟုတ်ကဲ့"
သူတို့သုံးယောက်သည် စကားပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်နေခဲ့ကြသည်။ သူတို့၏ပါရမီများအရ သူတို့၏ဆရာနှင့် အလွန် နီးကပ်စွာ တွယ်ကပ်နေခြင်းသည် ဒုက္ခကိုသာ ဖိတ်ခေါ်မည်ဖြစ်ကြောင်း သူတို့ သိထားပေ၏။ သူတို့သည် ဆရာထံမှ ထွက်ခွာပြီး ပို၍သန်မာလာအောင် ကြိုးစားခြင်းက ပိုကောင်းပေမည်။
"မင်းတို့က ဆရာရဲ့ဝန်ထုပ်ဝန်ပိုးတွေကို သက်သာစေဖို့ မင်းတို့မှာ ခွန်အားရှိဖို့ လိုအပ်တယ်..."
ကျန်းရွှမ်က သူတို့ကို နှစ်သိမ့်ပေးရန် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် အသံသတင်းစကား ပေးပို့လိုက်သည်။
သူတို့သုံးယောက်သား တိတ်ဆိတ်သွားပြီး သူတို့၏စိတ်ပိုင်းဖြတ်မှု ခိုင်မာသွားသည်။
အိုးယန်ဟိုင်သည် မည်သည့်ကန့်ကွက်မှုမျှ မရှိသည်ကို မြင်တွေ့ချိန်၌ အလွန်ဝမ်းမြောက်သွားသည်။
"ဒီလိုဆိုရင် ငါက ဆက်ပြီးမနှောက်ယှက်တော့ဘူး... နှုတ်ဆက်ပါတယ်"
ထို့နောက် သူသည် မင်ကျန်းထောင်ဘက်သို့ လှည့်ကြည့်လိုက်၏။
"ဒုတိယခန်းမသခင်လင်း.. ဒီပြဿနာလာရှာတဲ့လူကို မင်းအတွက် ငါ ဖြေရှင်းလိုက်ရမလား"
"မလိုဘူး..."
ကျန်းရွှမ်က သူ့ကို လက်ကာပြလိုက်သည်။
ဤလူ ပါဝင်သရုပ်ဆောင်ရန်အတွက် ဇာတ်လမ်းများ ကျန်ရှိနေသေးသည်။ သူ့ကို ယခုချက်ချင်း သတ်လိုက်ခြင်းသည် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
"ကောင်းပါပြီ... ဒါဆိုရင် ငါတို့ သွားလိုက်ပါအုံးမယ်"
ကျောက်ယာ ဝမ်ယင်းနှင့် ကျန်းယန်တို့ကို အထူးစွမ်းအားတစ်ရပ်ဖြင့် လွှမ်းခြုံပြီး အိုးယန်ဟိုင်သည် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ရာ သူတို့လေးဦးလုံးသည် လေဟာနယ်အက်ကွဲကြောင်းတစ်ခုထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
သူတို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မင်ကျန်းထောင် ထိတ်လန့်သွားသည်။
လေဟာနယ်ကို ဆုတ်ဖြဲနိုင်သော စွမ်းအားသည် ကုန်းမြေပေါ်ရှိ အဆင့်မြင့်ဆုံး ကျင့်ကြံသူများသာ ပိုင်ဆိုင်သော အရာတစ်ခုပင်။
'လင်းပုယန်က ဒီလိုမျိုး နားလည်ရခက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘယ်တုန်းက အဆက်အသွယ် ရသွားခဲ့တာလဲ'
သူ၏ အစောပိုင်း မောက်မာထောင်လွှားမှုနေရာတွင် ထိတ်လန့်ကြောက်ရွံ့မှုက အစားထိုးဝင်ရောက်လာချိန်မှာပင် လင်းပုယန်က အပြုံးနှင့် ချဉ်းကပ်လာသည်။
"စီနီယာအစ်ကိုမင်... မင်း ရောက်လာပြီကိုး... အကြီးအကဲအိုးယန်က ငါတို့ စနောက်နေမှန်း မသိတာကြောင့် မင်းကို မတော်တဆ တိုက်ခိုက်ခဲ့တာပါ...ကျေးဇူးပြုပြီး မတ်တတ်ထပါအုံး"
ကျန်းရွှမ်၏အကူအညီဖြင့် မင်ကျန်းထောင်သည် မတ်တတ်ရပ်နိုင်ခဲ့သော်လည်း သူသည် သတိထားကြီးစွာထားနေဆဲပင်။
"အဲ့ဒီ အကြီးအကဲအိုးယန်က... ဘယ်သူလဲ... သူက ဘယ်လိုတောင် ဒီလောက်ထိ အစွမ်းထက်နေတာလဲ"
ကျန်းရွှမ်က တုံ့ပြန်အဖြေမပေးဘဲ ယွဲ့လုံရှောင်ထံသို့ လှည့်ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်ယွဲ့... ငါ့ရဲ့စီနီယာအစ်ကိုကို ရှင်းပြပေးလို့ ရမလား"
ယွဲ့လုံရှောင်က ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
"ငါက အလုံးစုံသိမြင်ဂိုဏ်းရဲ့ ဟန်ယွမ်မြို့ ဌာနခွဲက ဂိုဏ်းချုပ်ယွဲ့လုံရှောင်ပဲ...အကြီးအကဲအိုးယန်က ငါတို့ဌာနချုပ်က အဆင့်မြင့်အကြီးအကဲ အိုးယန်ဟိုင်ပါ"
"ဌာနချုပ်...."
မင်ကျန်းထောင်သည် ကြက်သေသေသွားပြီး အိုးယန်ဟိုင်၏ အစစ်အမှန်အဆင့်အတန်းကို နားလည်သဘောပေါက်သွားသောကြောင့် သူ၏မျက်နှာဖြူဖျော့သွားသည်။
ဒါက လင်းပုယန် မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး...
သူ၏ဂျူနီယာညီလေးသည် ဤမျှထိ အစွမ်းထက်သော လူများနှင့် အဆက်အသွယ် ရှိမည်မဟုတ်ချေ။