ဟန်ချန်ချောင်က နေမကောင်းဖြစ်နေတာလား
Vol. 16 Ch. 223
သူ့အား သံသယဝင်နေကြပြီဖြစ်ကြောင်း မသိဘဲ ကျန်းရွှမ်သည် သူ၏ခြိမ်းခြောက်လိုသော ရည်ရွယ်ချက် အောင်မြင်သွားသည်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူ ဝမ်းနည်းပူဆွေးဟန်ဆောင်လိုက်ပြီး သူ၏မျက်လုံးများ ဝမ်းနည်းမှုကြောင့် မှိန်ဖျော့သွားပေ၏။ သူ၏အသံ တိမ်ဝင်သွားကာ ပြောဆိုလိုက်သည်။
"စီနီယာအစ်ကို...မင်း အချိန်မီ ရောက်လာတာပဲ...မင်းက စီနီယာအစ်ကိုမိုချင်းအတွက် လက်စားပြန်ချေပြီးတော့ သူ့အတွက် တရားမျှတမှုကို ရှာဖွေပေးရမယ်"
မင်ကျန်းထောင်က မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်သည်။
"မိုချင်းက ဘာဖြစ်သွားတာလဲ...သူ့ရဲ့သေဆုံးမှုက ဟန်ယွမ်အင်ပါယာရဲ့ ဧကရာဇ်ဟန်ချန်ချောင်ရဲ့လက်ချက်ကြောင့်လို့ ငါ ကြားထားတယ်"
ယခင်က မင်ကျန်းထောင်က ဤကိစ္စသည် လင်းပုယန်၏ နောက်ကွယ်မှ ကြိုးကိုင်မှုဖြစ်နေသလောဟု သံသယများ ရှိနေခဲ့သည်။ သို့ရာတွင် အကြီးအကဲအိုးယန်က လင်းပုယန်ကို ထောက်ခံနေပြီး ယွဲ့လုံရှောင်ကလည်း ရပ်တည်ပေးနေသည်ကို မြင်တွေ့ရချိန်၌ သူ၏သံသယများ ပျောက်ကွယ်သွားပြီး အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရသည်။
ဤမျှထိ အစွမ်းထက်သော ပုဂ္ဂိုလ်များမှ သူ့ကို ထောက်ပံ့ပေးနေသဖြင့် မိုချင်းကို မဆိုထားနှင့် ဆရာသခင်ကိုယ်တိုင် အသတ်ခံခဲ့ရလျှင်ပင် မည်သူမျှ ကန့်ကွက်စကားတစ်ခွန်း ဆိုဝံ့မည်မဟုတ်ချေ။ ဤလောကကြီးတွင် ခွန်အားသည်သာ အဓိကပင်။
ထို့ပြင် အစောပိုင်းက ဤနေရာတွင် ထိုင်နေသော အကြီးအကဲအိုးယန်ကိုသာ လင်းပုယန်သည် "သူ့ကို သတ်လိုက်" ဟု ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်ပါက ထိုလူသည် တွန့်ဆုတ်ခြင်းမရှိဘဲ လိုက်နာမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ ထိုသဘောတရားအရ လင်းပုယန်သည် အမှန်အားဖြင့် မင်ကျန်းထောင်၏အသက်ကို ကယ်တင်ခဲ့ခြင်းပင်။ ထိုသို့ဖြစ်နေသောကြောင့် သူသည် မိုချင်းကို သတ်ဖြတ်ခဲ့သူ မည်သို့ ဖြစ်နိုင်မည်နည်း။
"ဟုတ်ပါတယ်...အဲ့ဒီလူဆိုတာ အသေအချာပဲ..."
ကျန်းရွှမ်သည် သူ ယွဲ့လုံရှောင်ကို ယခင်က ပေးခဲ့သော ဆင်ခြေကို ထပ်မံ၍ ပြောဆိုလိုက်သည်။ ဟန်ချန်ချောင်က သူတို့ကို စားသောက်ပွဲသို့ ဖိတ်ခေါ်ခဲ့ပြီး ထိုနေရာတွင် မိုချင်းက ပင်းယွမ်မင်းသား၏ ကြင်ယာတော်မိဖုရားကို သဘောကျသွားခဲ့သည်။ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပြီး မိုချင်းသည် အသတ်ခံခဲ့ရလေ၏။
"ဒါက တကယ်ကြီး ဖြစ်ခဲ့တာပါ...ငါက ဒီကိစ္စတွေအားလုံးကို ငါ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပါ...ဒါက အမှန်တရားသက်သက်ပါပဲ"
ယွဲ့လုံရှောင်က သံသယဖြစ်ဖွယ် မရှိစေသော လေသံဖြင့် လေးလေးနက်နက် ထောက်ခံပြောဆိုလိုက်သည်။ မိုချင်း ခြံဝင်းအတွင်းမှ ထွက်ခွာသွားစဥ်ကတည်းက ယွဲ့လုံရှောင်သည် ဤနေရာတွင် ရှိနေခဲ့ပြီး အဖြစ်အပျက်တိုင်းကို မျက်မြင်တွေ့ခဲ့ရသည်။ သူသည် အခိုင်အမာဆုံး သက်သေအဖြစ် တည်ရှိနေပေ၏။
"မိန်းမတစ်ယောက်အတွက်နဲ့ ဟန်ချန်ချောင်က ဂျူနီယာညီလေးမိုချင်းကို တိုက်ခိုက်ရဲတာလား......ဘယ်သူက သူ့ကို ဒီလောက်ထိ ကြီးမားတဲ့သတ္တိတွေ ပေးလိုက်တာလဲ"
မင်ကျန်းထောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မယုံကြည်နိုင်မှုမှာ သိသာထင်ရှားနေသည်။
မိုတောက်ဂိုဏ်း၏ သြဇာအာဏာလွှမ်းမိုးနိုင်စွမ်းသည် ဤအခြေအနေအထိ အားနည်းသွားခဲ့သလော။ အင်ပါယာငယ်လေးတစ်ခုကပင် ဤမျှထိ မဆင်မခြင် ပြုမူနိုင်သလော။ မိုချင်းသည် ကြီးလေးသော ပြစ်မှုကို ကျူးလွန်ခဲ့လျှင်ပင် သူတို့သည် သူ၏ကံကြမ္မာကို မဆုံးဖြတ်မီ သူ၏ဆရာကို ဦးစွာအသိပေးသင့်သည် မဟုတ်လော။
"ငါ့ကို ဟန်ချန်ချောင်ဆီ ခေါ်သွားစမ်း...ငါ သူ့ကို တိုက်ရိုက်မေးခွန်းထုတ်မယ်.. ဂျူနီယာညီလေးမိုချင်းက အမှားကျူးလွန်ခဲ့ရင်တောင်မှ ဒီလို အပြစ်ဒဏ်မျိုး ပေးပိုင်ခွင့်က သူ့မှာ မရှိဘူး" အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် မင်ကျန်းထောင်က သူ၏လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။
ကျန်းရွှမ်နှင့်ယွဲ့လုံရှောင်တို့ထံမှ ပြောဆိုချက်များကို သူ ယုံကြည်သော်လည်း အသေးစိတ် အချက်အလက်များကို အတည်ပြုရန် လိုအပ်ပေ၏။ ထိုသို့မဟုတ်ပါက သူ၏ဆရာကို သူ မည်ကဲ့သို့ အဖြေပြန်ပေးရမည်အား သူ သိမည်မဟုတ်ချေ။
"ဟုတ်ကဲ့"
ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး ယွဲ့လုံရှောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်ယွဲ့ကို သက်သေအဖြစ် လိုက်ပါပေးဖို့ ဒုက္ခပေးလို့ ရမလား...အရှင်မင်းကြီးဟန်ချန်ချောင်က စီနီယာအစ်ကိုမိုချင်းကို သတ်ဖြတ်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့ရင် ငါတို့က ကျိုးယီအင်ပါယာကို ချက်ချင်းသတင်းပြန်ပို့ရလိမ့်မယ်"
"ရတာပေါ့... ငါက ဝမ်းမြောက်ဝမ်းသာ ကူညီပါ့မယ်"
ယွဲ့လုံရှောင်က လွယ်လင့်တကူ သဘောတူလိုက်သည်။ အကြီးအကဲအိုးယန် ထွက်ခွာသွားသော်လည်း ပါရမီရှင်သုံးဦး ရှိနေသဖြင့် ဤအဆက်အသွယ်သည် အရေးပါနေဆဲပင်။ ဤနေရာတွင် ဆက်ဆံရေးခိုင်မာအောင် ပြုလုပ်ခြင်းသည် သူ လက်လွှတ်မခံနိုင်သော အခွင့်အရေးတစ်ခုပင်။
"သွားကြစို့..."
ယွဲ့လုံရှောင် သဘောတူညီသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုအဖွဲ့ကိုဦးဆောင်ကာ အိမ်တော်မှ ထွက်ခွာခဲ့သည်။ ဧကရာဇ်သည် အနီးအနားရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ရှိနေကြောင်း သိသဖြင့် ကျန်းရွှမ်သည် တန်းတန်းမတ်မတ်မသွားဘဲ ရှောင်ကွင်းလိုက်၏။ ထိုအစား သူသည် သူတို့ကို ဝန်းရံထားသော လျှို့ဝှက်အစောင့်များထံသို့ ချဉ်းကပ်သွားသည်။
သူ ထိုနေရာအနီးသို့ မရောက်မီ စစ်သားအုပ်စုကြီးတစ်စုက သူတို့ကို ဝန်းရံလိုက်သည်။
"ဒုတိယခန်းမသခင်လင်း... ကျေးဇူးပြုပြီးတော့ အိမ်တော်ထဲကို ပြန်ဝင်ပေးပါ..."
ခေါင်းဆောင်ဖြစ်သော အပြာရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် လူငယ်စစ်သားတစ်ဦးက ပြောဆိုသည်။ သူသည် အသက်သုံးဆယ်ခန့်သာ ရှိပုံရသည်။
"ဒါဆိုရင် အခု ငါက အကျယ်ချုပ် ကျနေတာပေါ့...ကောင်းတယ်.. အရမ်းကောင်းတယ်"
ကျန်းရွှမ်၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်သွားသည်။
"မိုတောက်ဂိုဏ်းက ဒီလောက်ကြီး ပြောင်ပြောင်တင်းတင်း အရှက်ခွဲခံရလောက်တဲ့ အခြေအနေအထိ တကယ်ကြီး နိမ့်ကျသွားခဲ့ပြီလား"
သူသည် မင်ကျန်းထောင်ကို မသိမသာလှမ်းကြည့်လိုက်ရာ သူ ခန့်မှန်းထားသည့်အတိုင်း တင်းမာခက်ထန်သော မျက်နှာအမူအယာကို မြင်တွေ့လိုက်ရသည်။ မိုချင်း၏သေဆုံးမှုတွင် ဟန်ခန်ချောင်၏ပါဝင်ပတ်သက်မှုအပေါ် မင်ကျန်းထောင်တွင် ရှိခဲ့သော မည်သည့်သံသယမဆို လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"ကျွန်တော်တို့က အမိန့်အတိုင်း လိုက်နာနေတာပါ....ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ဒုတိယခန်းမသခင်လင်း..."
ထိုလူငယ်က ညှိနှိုင်းလိုသော အမူအယာဖြင့် ပြောဆိုသည်။
ကျန်းရွှမ်က နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့် ကောင်းပြီလေ... ငါ ရှေ့ဆက်မသွားတော့ဘူး.. ဒါပေမဲ့ မင်းက ဟန်ချန်ချောင်ကို ချက်ချင်းအကြောင်းကြားရမယ်... ငါ့ရဲ့ စီနီယာအစ်ကိုမင်ကျန်းထောင်က သူ့ကို တွေ့ဆုံခွင့် တောင်းနေတယ်...သူ့ကို ဒီနေရာကိုလာပြီး ဂါရဝပြုဖို့ ပြောလိုက်စမ်း..."
"ဒါက..."
ထိုလူငယ် တွန့်ဆုတ်သွားသည်။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့ရဲ့စီနီယာအစ်ကိုက မိုတောက်ဂိုဏ်းမှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရုံတင်မကဘူး...သူက ကျိုးယီအင်ပါယာရဲ့ ကံကြမ္မာခန်းမဆောင်က အကြီးအကဲတစ်ဦးလည်း ဖြစ်တယ်...ဒီသတင်းစကားကို ငါ ပြောတဲ့အတိုင်း ပြန်ပို့လိုက်ပါ......ဟန်ချန်ချောင်က ဥာဏ်ပညာရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
"ဟုတ်ကဲ့"
အစောင့်သည် မလိုလားသော်လည်း သဘောတူလိုက်ပြီး ထွက်ခွာသွားကာ မကြာမီ ပြန်ရောက်လာသည်။
"အရှင်မင်းကြီးက ရှေ့က လက်ဖက်ရည်ဆိုင်မှာ စောင့်နေပါတယ်.......သူက ခင်ဗျားတို့ကို သူ့ဆီ လာတွေ့ဖို့ ပြောခိုင်းလိုက်ပါတယ်"
"ဘာ...သူက ငါတို့ကို သူ့ဆီလာပြီး ဂါရဝပြုစေချင်တာလား"
ကျန်းရွှမ်သည် ဒေါသဖြင့် တုန်ရီသွားပြီး သူ၏မျက်နှာ နီမြန်းလာသည်။
ယွဲ့လုံရှောင်ပင်လျှင် ကြက်သေသေသွားသည်။
"ဟန်ချန်ချောင်က ဘာဖြစ်နေတာလဲ...သူက အရင်က တော်တော်လေး ချုပ်တည်းတတ်တဲ့လူ မဟုတ်လား.. ဒီနေ့ သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ရဲတင်းနေတာလဲ"
ကျန်းရွှမ်သည် အသက်ပြင်းပြင်းရှိုက်ပြီးနောက် သူ၏ဒေါသကို ချိုးနှိမ်လိုက်ပြီး မင်ကျန်းထောင်ကို တောင်းပန်သကဲ့သို့အကြည့်ဖြင့် ကြည့်လိုက်၏။
"စီနီယာအစ်ကို...ဟန်ယွမ်မြို့မှာ ငါ့ရဲ့ ဩဇာအာဏာလွှမ်းမိုးမှု မရှိတာက မင်းကို ဒီဒုက္ခထဲ ဆွဲသွင်းမိသလို ဖြစ်သွားတယ်..."
"ကိစ္စမရှိဘူး... ဒီဟန်ချန်ချောင်က ဘယ်လို ကျောထောက်နောက်ခံမျိုးကို အားကိုးနေတာလဲဆိုတာ ငါကိုယ်တိုင် သွားကြည့်မယ်"
မင်ကျန်းထောင်က အော်ဟစ်လိုက်ပြီး အစောင့်ကို လမ်းပြရန် အချက်ပြလိုက်သည်။
သူတို့အဖွဲ့သည် ကျန်းရွှမ် ယခင်က ဟန်ချန်ချောင်နှင့် တွေ့ဆုံခဲ့သော လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာသည်။ ဆိုင်အတွင်းဘက်တွင် ထိုင်ခုံနေရာချထားမှု အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ဟန်ချန်ချောင်သည် စားပွဲ၏ထိပ်တွင် သက်တောင့်သက်သာ ထိုင်နေပေ၏။ သူတို့ ဝင်လာသည်ကိုပင် မော့မကြည့်ဘဲ သူသည် ပေါ့ပေါ့ပါးပါး လက်ဖက်ရည်ငှဲ့နေသည်။
"ဟန်ချန်ချောင်...ငါ့ရဲ့စီနီယာအစ်ကို ဒီနေရာမှာ ရှိနေတာတောင် မင်းက ဘာလို့ အရိုအသေမပြုသေးတာလဲ"
ကျန်းရွှမ်က သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး အော်ဟစ်လိုက်သည်။
"တိတ်စမ်း...အရှင်မင်းကြီးက လက်ဖက်ရည် ပြင်ဆင်နေတာ...မင်းက ဘယ်လိုသတ္တိနဲ့ အရှင့်ကို နှောင့်ယှက်ရဲတာလဲ...မင်း သေချင်နေတာလား"
ရွှေရောင်သံချပ်ကာဝတ် အစောင့်တစ်ဦးက အော်ငေါက်လေသည်။
"တော်လောက်ပြီ"
ဟန်ချန်ချောင်က သူ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး လက်ဖက်ရည်အိုးကို ချထားလိုက်ကာ နောက်ဆုံးတွင် မော့ကြည့်လိုက်သည်။ သူ၏အကြည့်သည် မင်ကျန်းထောင်အပေါ်သို့ ကျရောက်သွားပေ၏။
"ခင်ဗျားက မင်ကျန်းထောင်ပဲ ဖြစ်ရမယ်... ထိုင်ပါအုံး...လက်ဖက်ရည် အဆင်သင့်ဖြစ်တာနဲ့ ကျွန်တော်က ခင်ဗျားရဲ့ မေးခွန်းတွေကို ဖြေကြားပေးပါ့မယ်"
သူသည် သူ၏အကြည့်ကို ယွဲ့လုံရှောင်ထံသို့ ရွှေ့ပြောင်းလိုက်ပြီး 'စိတ်မပူပါနဲ့ ငါ ဒါကို ကိုင်တွယ်နိုင်ပါတယ်'ဟု အချက်ပြနေသည့်အလား သူ့ကို ယုံကြည်စိတ်ချစေရန် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"....."
ယွဲ့လုံရှောင် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားသည်။
'မင်းက မောက်မောက်မာမာ ပြုမူနေတာလေ... ဒါပေမဲ့ ဘာလို့ မင်းက ငါ့ကို လာကြည့်နေတာလဲ'
"မင်း...အတင့်ရဲလိုက်တာ... တကယ့်ကို အတင့်ရဲလွန်းတယ်"
မင်ကျန်းထောင်သည် ဒေါသကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ အစပိုင်းက သူ သံသယဖြစ်သော မိုချင်းက ဤအဖြစ်အပျက်မျိုးဖြစ်လာရန် ရန်စခဲ့ခြင်း ဖြစ်နိုင်သည်ဟူသော အတွေးသည် မှေးမှိန်သွားပေ၏။ ဟန်ချန်ချောင်သည် ထိုပဋိပက္ခဖြစ်အောင် တမင်သက်သက် အကြောင်းရှာဖွေခဲ့ခြင်းဖြစ်နိုင်ခြေ ပိုများပုံရသည်။
သည်းခံနိုင်စွမ်းကောင်းသည်ဟု နာမည်ကျော်ကြားသော ယွဲ့လုံရှောင်ပင်လျှင် စိတ်မထိန်းနိုင်တော့ပေ။
"အရှင်မင်းကြီး...ဒီအကြီးအကဲမင်က မိုတောက်ဂိုဏ်းချုပ်ရဲ့ ဒုတိယတပည့်ပဲ..."
"ငါ သိပါတယ်...ဂိုဏ်းချုပ်ယွဲ့ စိတ်ပူစရာ မလိုပါဘူး...ငါက မင်းရဲ့စိုးရိမ်ပူပန်မှုတွေကို နားလည်ပါတယ်"
ဟန်ချန်ချောင်က ယွဲ့လုံရှောင်ကို နောက်တစ်ကြိမ်မျက်စိမှိတ်ပြပြီး အပြုံးဖြင့် စကားဖြတ်လိုက်သည်။
"ဘာ...နားလည်တယ်... ဘာကို နားလည်တာလဲ" ယွဲ့လုံရှောင် လုံးလုံးလျားလျား နားမလည်နိုင် ဖြစ်သွားသည်။
'ငါက မင်းကို ရိုသေလေးစားမှု ပြခိုင်းနေတာ... ဒါကို ပိုပြီးဆိုးရွားသွားစေဖို့ မဟုတ်ဘူး... ဒီလူက ဘာဖြစ်နေတာလဲ'
တစ်စုံတစ်ခုသည် ကြီးကြီးမားမား မှားယွင်းနေသည်မှာ သိသာထင်ရှားပေ၏။