← Chapters

ငါက ကျန်းရွှမ်ပဲ

Vol. 16 Ch. 225

ငါက ကျန်းရွှမ်ပဲ

Vol. 16 Ch. 225

"ကောင်းပြီလေ"

ကျန်းရွှမ်သည် ဟန်ချန်ချောင်၏ခန္ဓာကိုယ်၌ အလျင်အမြန် ရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။

သူ၏လက်အောက်ငယ်သားများမှ လိုအပ်သမျှကို ဆောင်ရွက်ပေးရသော ဧကရာဇ်တစ်ပါးအနေဖြင့် သူသည် ရင်းမြစ်ဒင်္ဂါးတစ်ပြားကိုပင် ဆောင်မထားကြောင်း တွေ့ရှိရသည်။

"တော်တော် ဆင်းရဲတာပဲ"

ကျန်းရွှမ်သည် သက်ပြင်းချပြီး မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် တခြားလူများကို ကြည့်လိုက်၏။

"မဖြစ်နိုင်ဘူး....တစ်ခုခုတော့ ရှိရမယ်"

ယွဲ့လုံရှောင်သည် အလျင်စလို ပြေးလာပြီး နောက်တစ်ကြိမ် သေချာရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ချေ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်သို့ ပုံရက်သားလဲကျသွားသည်။

ယွဲ့လုံရှောင် သူ၏ဘဝတလျှောက်လုံး လက်မထပ်ဘဲ နေခဲ့ပြီး သူ၏တပည့်များကို သူ၏စိတ်ပိုင်းဆိုင်ရာ မှီခိုအားထားရာများအဖြစ် ရှုမြင်ခဲ့သည်။ သူ၏ရှေ့မှောက်တွင် သူတို့ သေဆုံးသွားသည်ကို ကြည့်ရှုနေရခြင်းသည် သူ၏ကိုယ်ပိုင်သေဆုံးမှုနှင့် ရင်ဆိုင်ရခြင်းထက်ပင် သူ့ကို ပို၍နာကျင်စေသည်။

"ဂိုဏ်းချုပ်ယွဲ့ စိတ်မပူပါနဲ့...ကျွန်တော်က ဆေးပညာမှာ နည်းနည်းကျွမ်းတယ်... ကျွန်တော့် ကြည့်ခွင့်ပြုပါ... နည်းလမ်းတစ်ခု ရှိကောင်း ရှိနိုင်ပါတယ်"

သူ၏စိတ်ပျက်အားငယ်မှုကို မြင်တွေ့သည့်အချိန်တွင် ကျန်းရွှမ်က ရှေ့သို့လျှောက်လှမ်းသွားပြီး ပြောဆိုလိုက်သည်။

"ဒုတိယခန်းမသခင်လင်းက ငါ့ရဲ့တပည့်တွေကို ကယ်တင်နိုင်မယ်ဆိုရင် ငါ ယွဲ့လုံရှောင်က မင်းအတွက် မကျေမနပ်မှု မရှိဘဲ နောင်တမရှိဘဲ အမှုထမ်းဖို့ ဆန္ဒရှိပါတယ်"

ယွဲ့လုံရှောင်သည် ရေနစ်နေသူတစ်ဦးမှ ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသည့်အလား ကျန်းရွှမ်ကို ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်ယွဲ့...မင်းက အရမ်းအားနာလွန်းနေပြီ"

ကျန်းရွှမ်သည် အနည်းငယ် အနေရခက်သွားပေ၏။

အမှန်အတိုင်း ပြောရလျှင် ဤတပည့်များသည် တခြားတစ်ယောက်အဖြစ် သူ၏အယောင်ဆောင်မှုကြောင့် ဤကဲ့သို့ ဘေးဒုက္ခမျိုးကို ခံစားခဲ့ရခြင်း ဖြစ်သည်။ ယွဲ့လုံရှောင်က ဤကဲ့သို့ တောင်းပန်ခြင်း မပြုခဲ့လျှင်ပင် ကျန်းရွှမ်သည် သူတို့ကို သေဆုံးခွင့် ပြုနိုင်မည် မဟုတ်ပေ။

ထိုတပည့်များထံသို့ ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းသွားပြီးနောက် ကျန်းရွှမ်းသည် သူ၏လက်ချောင်းများကို သူတို့၏ လက်ကောက်ဝတ်များပေါ်တွင် တင်လိုက်၏။ ထို့နောက် သူ၏အစစ်အမှန်စွမ်းအားကို သူတို့၏ မရီဒါန်းများမှတစ်ဆင့် စီးဆင်းခွင့်ပြုလိုက်သည်။

အမှန်တကယ်ကိုပင် သူတို့သည် အဆိပ်ခတ်ခံခဲ့ရလေ၏။ ထိုအဆိပ်သည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူများကိုပင် လွှမ်းမိုးနိုင်လောက်အောင် အစွမ်းထက်သည်။ သို့ရာတွင် ဤကဲ့သို့ အဆိပ်မျိုးသည် သူ့အတွက် မပြောပလောက်ချေ။

ကျန်းရွှမ်သည် ငွေအပ်တစ်စုံကို ထုတ်ယူလိုက်ပြီး ထိုအပ်များကို ထိုတပည့်များ၏ အပ်စိုက်မှတ်များထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သူ၏အစစ်အမှန်စွမ်းအားကို ငွေအပ်များမှတဆင့် သူတို့၏ခန္ဓာကိုယ်များထဲသို့ ပေးပို့လိုက်၏။

ပါမောက္ခကုန်းမြေတွင် သူ၏ ကောင်းကင်လမ်း အစစ်အမှန်စွမ်းအားသည် မည်သည့်အဆိပ်ကိုမဆို ချေဖျက်နိုင်ခဲ့သည်။ ဤနေရာတွင်လည်း ကွာခြားချက် မရှိချေ။

ထို့အပြင် သူ၏လက်ရှိ ကောင်းကင်လမ်း အစစ်အမှန်စွမ်းအားသည် ပို၍ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုဖြစ်သည့် ကောင်းကင်ကံကြမ္မာစွမ်းအားဖြင့် ပေါင်းစပ်ထားသည်။ ထို့ကြောင့် မကြာမီမှာပင်ပင် သေစေနိုင်သော အဆိပ်၏အာနိသင်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။

တပည့်များသည် သွေးမည်းတစ်လုတ်စာစီ အန်ထုတ်လိုက်ကြပြီး သူတို့၏ဖြူဖျော့သော အသားအရေသည် တဖြည်းဖြည်း ပန်းရောင် သန်းလာသည်။

အသေးစိတ် စစ်ဆေးမှု မရှိလျှင်ပင် သူတို့၏ တိုးတက်လာသော အသားအရေအရောင်မှတဆင့် သူတို့သည် အသက်အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်ကြောင်း သိသာထင်ရှားစွာ ပြသနေပေ၏။

မင်ကျန်းထောင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အတွေးနက်နေပုံရသော်လည်း စကားပြောဆိုခြင်းမှ ရှောင်ကြဉ်လိုက်သည်။

သူ၏တပည့်များကို ဂရုတစိုက် လေ့လာပြီးနောက် ယွဲ့လုံရှောင်သည် အဆိပ်ကို ဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် အတည်ပြုလိုက်သည်။ ထိုအချိန်မှသာ သူ စိတ်အေးသွားပြီး ကျန်းရွှမ်းဘက်သို့ လှည့်ကာ တည်ကြည်လေးနက်စွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ဝင်ရောက်စွက်ဖက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒုတိယခန်းမသခင်လင်း... နောင်အနာဂတ်မှာ မင်း လိုအပ်တာ တစ်ခုခုရှိရင် ငါ့ကို ပြောလိုက်ရုံပါပဲ...ငါ ယွဲ့လုံရှောင်က လှုပ်ရှားဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး"

"ဒါက ငါ့ရဲ့တာဝန်ပါ"

ကျန်းရွှမ်က အနေရခက်စွာဖြင့် ပြုံးလိုက်သည်။ သူ ထပ်မံ၍တုံ့ပြန်ရန် ဟန်ပြင်လိုက်စဥ်တွင် သူ၏မျက်နှာ ရုတ်တရက် ပြာနှမ်းသွားပြီး သူ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။

"ဘုန်း..."

သူ ယိမ်းယိုင်ပြီး ပြိုလဲကျသွားပေ၏။

"ဒုတိယခန်းမသခင်လင်း..."

ယွဲ့လုံရှောင်သည် သူ့ကို အလျင်အမြန် ထောက်ပံ့လိုက်ပြီး မင်ကျန်းထောင်က ရှေ့သို့ ခြေလှမ်းတိုးကာ ကျန်းရွှမ်၏ လက်ကောက်ဝတ်ပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။

"သူက အရင်ကတည်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ...တခြားလူတွေကို ကယ်တင်ရင်းနဲ့ သူ့ရဲ့စွမ်းအားတွေ ကုန်ဆုံးသွားတဲ့အထိ ပိုပြီး အားအင်ကုန်ခန်းသွားခဲ့တယ်... သူ နည်းနည်းလောက် အနားယူပြီးရင် ပြန်ကောင်းသွားမှာပါ"

"ဒုတိယခန်းမသခင်လင်းက ငါ့အတွက် ဒီအရာအားလုံးကို လုပ်ပေးခဲ့တာပဲ"

ယွဲ့လုံရှောင် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

သူ၏တပည့်များကို ကယ်တင်ရန်အတွက် ဒုတိယခန်းမသခင်လင်းသည် သူ့ကိုယ်သူ အကန့်အသတ်ထိရောက်အောင် တွန်းပို့ခဲ့သည်မှာ သိသာထင်ရှားသည်။ ထိုသို့မဟုတ်ပါက သူသည် ဤမျှထိ အားနည်းသွားမည် မဟုတ်ချေ။

ဟန်ချန်ချောင်၏အဆိပ်သည် သာမန်မဟုတ်သည်ကို တွေးတောကြည့်လျှင် ထိုအရာကို ဤမျှထိ လျင်မြန်စွာဖြေရှင်းနိုင်ရန်အတွက် ထူးခြားသော နည်းလမ်းတချို့ကို လိုအပ်မည်မှာ သေချာပေါက်ပင်။

ယွဲ့လုံရှောင်သည် တွန့်ဆုတ်မနေဘဲ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး ဆေးလုံးတစ်လုံးကို ထုတ်ကာ ကျန်းရွှမ်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ဤဆေးလုံးသည် စွမ်းအားပြန်လည်ရရှိရေးဆေးလုံးဖြစ်ပြီး ထူးခြားသော တာဝန်တစ်ခုအတွက် အလုံးစုံသိမြင်ဂိုဏ်းမှ သူ လက်ခံရရှိခဲ့သော ဆုလာဘ်တစ်ခုပင်။ သူသည် ထိုဆေးလုံးကို အသုံးပြုရန် အမြဲတစေ တွန့်ဆုတ်နေခဲ့သော်လည်း ယခုချိန်တွင်မူ သူ တွန့်ဆုတ်မနေတော့ချေ။

ဆေးလုံးသည် ချက်ချင်း ပျော်ဝင်သွားပြီး စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက ကျန်းရွှမ်၏ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသွားကာ သူ့ကို တဖြည်းဖြည်း ပြန်လည်နိုးထလာစေသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယွဲ့... ငါအဆင်ပြေသွားပါပြီ"

ကျန်းရွှမ်သည် သူ၏ခန္ဓာကိုယ် အားအင်ချည့်နဲ့စွာ တုန်ရီနေသော်လည်း မတ်တတ်ထရပ်ရန် ကြိုးစားလိုက်သည်။

"မင်း ပြန်သင့်ပြီ.. ငါ့မှာ ဆောင်ရွက်စရာ ကိစ္စတချို့ ရှိတယ်"

မင်ကျန်းထောင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။

ဟန်ချန်ချောင်နှင့် ရွှေရောင်သံချပ်ကာဝတ်အစောင့်များ အသတ်ခံလိုက်ရသဖြင့် မြို့စောင့်တပ်များသည် ဆက်လက်၍ ချဉ်းကပ်လာဝံ့ခြင်း မရှိတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် ကံကြမ္မာခန်းမ၏ ဒုတိယခန်းမသခင်တစ်ဦး အလုံးစုံသိမြင်ဂိုဏ်း၏ဂိုဏ်းချုပ်တစ်ဦးနှင့် ကျိုးယီအင်ပါယာမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးတို့ ရှိနေကြသည်။

"ကောင်းပြီလေ...ငါက ဒုတိယခန်းမသခင်လင်းကို အနားယူဖို့ ပြန်လိုက်ပို့ပါ့မယ်"

ယွဲ့လုံရှောင်က ခေါင်းညိတ်ပြီး ကျန်းရွှမ်ကို ကူညီပေးကာ သူတို့နှစ်ယောက်သား ထွက်ခွာသွားကြသည်။

သူတို့ ထွက်ခွာသွားပြီးနောက် မင်ကျန်းထောင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏ခန္ဓာကိုယ် တစ်ချက်ရွေ့လျားသွားပြီးနောက် သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရွှေရောင်သံချပ်ကာဝတ် အစောင့်တစ်ဦး၏နံဘေးသို့ ရောက်ရှိသွားပေ၏။

ဤအစောင့်တပ်မှူးဟူသည် မင်ကျန်းထောင်၏ အစောပိုင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်ဟု ယူဆရသည်။ သို့ရာတွင် သူ၏အကြောဆုံမှတ်တစ်ခုကို မင်ကျန်းထောင်က တို့ထိလိုက်သည်နှင့် ထိုလူသည် ချောင်းဆိုးလိုက်ပြီး တဖြည်းဖြည်း သတိပြန်လည်ရရှိလာသည်။

"ခင် ...ခင်ဗျား"

မင်ကျန်းထောင်ကို မှတ်မိသွားပြီးနောက် တပ်မှူးဟူသည် လှုပ်ရှားရန် ကြိုးစားသော်လည်း ကြီးမားသော စွမ်းအားတစ်ရပ်က သူ့ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားသည်။

"ဟန်ချန်ချောင် သေသွားပြီ"

မင်ကျန်းထောင်က ညွှန်ပြလိုက်ရာ တပ်မှူးဟူသည် ဧကရာဇ်၏အလောင်းထံသို့ လှမ်းကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ် တုန်ရီသွားပေ၏

"ငါ မေးမယ်... မင်း ဖြေရမယ်"

မင်ကျန်းထောင်၏လေသံသည် အေးစက်နေပြီး သူသည် တပ်မှူးဟူ၏အဆစ်များကို ဖိနှိပ်ကာ ပြင်းထန်သောနာကျင်မှုကို ဖြစ်စေသော ဓားချီစွမ်းအင်ကို ထည့်သွင်းလိုက်သည်။

ဤသည်မှာ မိုတောက်ဂိုဏ်း၏ ထူးခြားသော စစ်ဆေးမေးမြန်းမှု နည်းစနစ်တစ်ခု ဖြစ်ပြီး ဓားချီစွမ်းအင်ကို ပစ်မှတ်၏အရိုးများထဲသို့ ထည့်သွင်းကာ မရေမတွက်နိုင်သော ပုရွက်ဆိတ်များ ကိုက်ခဲနေသကဲ့သို့ ခံစားရစေပြီး သူတို့ကို ရူးသွပ်လုနီးပါး ဖြစ်သွားစေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် မကြာမီမှာပင် တပ်မှူးဟူ ပြိုလဲသွားသည်။

"ခင်ဗျား သိချင်တာ မှန်သမျှကို မေးပါ"

"မိုချင်းက ဘယ်လိုမျိုး သေဆုံးသွားခဲ့တာလဲ...အတိအကျပြောစမ်း..."

မင်ကျန်းထောင်က အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။

တပ်မှူးဟူသည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းသွားပြီးနောက် တုံ့ပြန်အဖြေပေးလိုက်၏။

"အရှင်မိုချင်းက တစ်ယောက်ယောက်ကို ကယ်တင်ဖို့ နန်းတော်ကို လာခဲ့တာပါ... ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုအတွင်းမှာ မင်းသားချန်ယဲ့က လူတိုင်းရဲ့ရှေ့မှာ သူ့ကို သတ်လိုက်တာပါ"

"မင်းသား ချန်ယဲ့......မင်း ဆိုလိုတာ ဟန်ချန်ယဲ့လား...သူ အခု ဘယ်မှာလဲ"

မင်ကျန်းထောင်က မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်သည်။

တပ်မှူးဟူ ပြောဆိုသည်မှာ အမှန်ဖြစ်လျှင် ဤသည်မှာ လင်းပုယန်ပြောဆိုသောပုံစံနှင့် များစွာကွာခြားနေသည်။ လင်းပုယန်သည် အရာအားလုံးကို အမှန်အတိုင်း ပြောခဲ့ခြင်း မဟုတ်သည်မှာ သိသာထင်ရှားလှ၏။ ထိုသို့မဟုတ်ပါက လင်းပုယန်သည် မည်သည်ကြောင့် သူ၏ရှေ့တွင် ဟန်ချန်ချောင်ကို တမင်သက်သက် သတ်ဖြတ်မည်နည်း။

တပ်မှူးဟူက တုံ့ပြန်အဖြေပေးသည်။

"မင်းသားချန်ယဲ့က အရှင်မိုချင်းနဲ့အတူ သေဆုံးသွားခဲ့တယ်...သူတို့ရဲ့ အလောင်းတွေကို နန်းတော်ရဲ့ရေခဲတိုက်ထဲမှာ သိမ်းဆည်းထားတယ်"

မင်ကျန်းထောင်က ခေါင်းညိတ်လိုက်သည်။

"မိုချင်းက တစ်ယောက်ယောက်ကို ကယ်တင်ဖို့ လာခဲ့တာလို့ မင်း ပြောတယ်...သူက ဘယ်သူ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့တာလဲ"

"အဖြူရောင်ကျောက်တုံးမြို့ရဲ့ မြို့တော်ဝန် ယုလုံချင်း... အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး လုမင်ရုန်.. ပြီးတော့... ပင်းယွမ်မင်းသားရဲ့ ကြင်ယာတော်မိဖုရားပါ"

"ကြင်ယာတော်မိဖုရားလား...မိုချင်းက သူ့ကို စော်ကားနှောင့်ယှက်လို့ ဟန်ချန်ချောင်နဲ့ ပဋိပက္ခဖြစ်ခဲ့တာလို့ သူတို့ ပြောခဲ့တာ မဟုတ်လား"

မင်ကျန်းထောင် အံ့အားသင့်သွားသည်။

"အဲ့ဒီလို မဟုတ်ပါဘူး...အရှင်မင်းကြီးက ဒုတိယခန်းမသခင်လင်းက အသတ်ခံရပြီးတော့ အယောင်ဆောင်တစ်ယောက်နဲ့ အစားထိုးခံလိုက်ရပြီလို့ သံသယဝင်ခဲ့တာပါ...ဒါကြောင့် သူက ယုလုံချင်းတို့ကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးခဲ့တာပါ"

တပ်မှူးဟူသည် အဖြစ်အပျက်တစ်ခုလုံးကို အသေးစိတ်ကျကျ ပြန်ပြောပြလိုက်သည်။

"ဒါဆို မင်း ပြောချင်တာက လင်းပုယန်က သေသွားပြီ...ပြီးတော့ အဲ့ဒီကျန်းရွှမ်းက သူ့နေရာမှာ အယောင်ဆောင်နေတာပေါ့...ဒါပေမဲ့ သူက မိုတောက်ကောင်းကင်ကံကြမ္မာနည်းစနစ်ရဲ့ ဒုတိယအဆင့်ကို သုံးနိုင်တယ် မဟုတ်လား"

မင်ကျန်းထောင်၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ဤသည်မှာ အမှန်တရားဖြစ်ပါက ကျန်းရွှမ်သည် အယောင်ဆောင်တစ်ဦးမျှသာ မဟုတ်ဘဲ နားလည်ရခက်သော ခွန်အားရှိသည့် ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ပေမည်။

"ဒါက အရှင်မင်းကြီးရဲ့ သံသယပါ...ယုလုံချင်းရော လုမင်ရုန်ရောက ဒါကို အတည်မပြုခဲ့ပါဘူး...ဒါပေမဲ့ အရှင်ယွဲ့လုံရှောင်ကတော့ အတည်ပြုခဲ့တယ်"

"ယွဲ့လုံရှောင်...."

မင်ကျန်းထောင် ကြက်သေသေသွားသည်။

"ဟုတ်ပါတယ်... လွန်ခဲ့တဲ့ နှစ်နာရီက သူက အရှင်မင်းကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်...သူ ပြောတဲ့အတိုင်းဆိုရင် ကျန်းရွှမ်က တခြားဖရိုဖရဲကျင့်ကြံသူတွေကို ဆွဲဆောင်ဖို့နဲ့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူအဖြစ် တမင်သက်သက် ဟန်ဆောင်နေတဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ"

"အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ နည်းပရိယာယ်တစ်ခုလား"

မင်ကျန်းထောင်က သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

အဆင့်မြင့်အုပ်ချုပ်ရေးကစားပွဲတွင် သတင်းအချက်အလက် ပေါက်ကြားခွင့်ပြုခြင်းသည် လက်မခံနိုင်ဖွယ်ရာပင်။ ဤကဲ့သို့ လျှို့ဝှက်ချက်များကို သိရှိသူတိုင်းသည် ပို၍အရေးကြီးသော အစီအစဥ်ကို ကာကွယ်ရန်အတွက် ရှင်းလင်းဖယ်ရှားခံရပေမည်။

ဓားချီတစ်လှိုင်း ဖြတ်ပြေးသွားပြီးနောက် မင်ကျန်းထောင်သည် တပ်မှူးဟူ၏အသက်ကို အဆုံးသတ်လိုက်သည်။ သူသည် လက်ဖက်ရည်ဆိုင်မှ ထွက်ခွာလာခဲ့ပြီး တခြားဖြစ်နိုင်ခြေရှိသော သတင်းပေးများကို အသက်မရှင်စေရန် သေချာစွာရှင်းလင်းခဲ့သည်။

သူ နန်းတော်ကို စုံစမ်းစစ်ဆေးသည့်အချိန်တွင် သဲလွန်စများသည် တပ်မှူးဟူ၏ ပြောကြားချက်နှင့် လုံးလုံးလျလျား ကိုက်ညီနေသည်။ မင်ကျန်းထောင်သည် စိတ်မအေးနိုင်ခံစားနေရကာ လင်းပုယန်၏အိမ်တော်သို့ ပြန်လာခဲ့သည်။ အိမ်တော်တွင် ကျန်းရွှမ် အနားယူနေသည်ကို သူ တွေ့ရှိခဲ့သည်။

သူသည် ဤ အန္တရာယ်ရှိသော အခြေအနေမှ ထွက်ခွာသွားရန် စဉ်းစားနေစဥ်တွင် အေးစက်စက်အသံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်။

"အရှင်မင်... ငါက မင်းရဲ့ဂျူနီယာညီလေး လင်းပုယန် မဟုတ်ဘဲနဲ့ ကျန်းရွှမ် ဖြစ်တယ်ဆိုတာကို မင်း သိသွားပြီ မဟုတ်လား"

မင်ကျန်းထောင်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏ခန္ဓာကိုယ် အလိုအလျောက် တင်းမာသွားကာ သူ့အပေါ်တွင် အေးစက်မှုတစ်ခု လွှမ်းခြုံသွားသည်။

All Chapters