ကြီးမားသော အကျိုးအမြတ်များ (၂)
Vol. 9 Ch. 125
~'...အထူးသဖြင့်... ဒီ 'ဓားအမြုတေ အရည်ဖျော် နည်းစနစ်' က တော်တော် စိတ်ဝင်စားစရာပဲ...။'
နင်ချီတစ်ယောက် အလွန်အမင်း စိတ်ဝင်စားသွားမိသည်။
သေချာပါသည်...။ ဤသည်မှာ... အရေးကြီးသော အခိုက်အတန့်များတွင်... တိုက်ခိုက်ရေးစွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်သည့်... ပေါက်ကွဲအားပြင်း နည်းစနစ်တစ်ခု ဖြစ်သည်။
သို့သော်... ၎င်း၏ ပေးဆပ်ရမှုမှာ... အနည်းငယ် များလွန်းနေသည်...။
'...ငါသာ... ဒီ ပေးဆပ်ရမယ့် တန်ဖိုးကို လျှော့ချနိုင်ခဲ့မယ်ဆိုရင်... ဒါဟာ ငါ့အတွက် အဓိက တိုက်ကွက် တစ်ခု ဖြစ်လာနိုင်တယ်...။'
နင်ချီသည် ထာဝရအသက်ရှင်ခြင်း လမ်းစဉ်ကို ရှာဖွေနေသူ မှန်သော်လည်း... အလွန်အမင်း အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအား ရှိနေခြင်းကိုလည်း... သူ မငြင်းဆန်ပါ။
ထို့အပြင်... တဖြည်းဖြည်း ပိုမို ရှုပ်ထွေးလာသော ဤခေတ်ကာလတွင်... မိမိ၏ လမ်းစဉ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန် လုံလောက်သော သိုင်းစွမ်းအား ရှိထားခြင်းက... ပိုမို လုံခြုံသော ခံစားချက်ကို ပေးနိုင်သည် မဟုတ်ပါလား...။ နင်ချီ့ထံတွင် 'ကောင်းကင်ဘုံအဆင့်စာရင်း' ဝင် အဆင့်ရှိသော ခွန်အားများ ရှိနေပြီ ဖြစ်သော်လည်း... ၎င်းမှာ... လုံလောက်သည်ဟု မဆိုနိုင်သေး...။
'...ငါ... 'မူလအမြုတေ နယ်ပယ်' ကိုတောင် မရောက်သေးဘူး...။ ဒီတော့... ဒီလျှို့ဝှက်သိုင်းကို သုံးချင်ရင်တောင်... လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး...။'
'...ဒါပေမဲ့... နည်းလမ်းတော့ ရှိတယ်။ ငါ့ခန္ဓာကိုယ်ထဲက 'အမြုတေတု' မှာ... စွမ်းအင် ၇၀ ရာခိုင်နှုန်း ကျန်သေးတယ်...။ ဒါက 'မူလအမြုတေ' အစား... အစားထိုးလို့ ရနိုင်မလား...။ ဒါမှမဟုတ်... ပေါက်ကွဲအားအတွက် သီးသန့်... 'ပုံရိပ်ယောင် ဓားအမြုတေ' တစ်ခုလောက်... ငါ တည်ဆောက်ကြည့်လို့ ရမလား...။'
နင်ချီ၏ စိတ်ထဲတွင်... ထိုးထွင်းဉာဏ် အလင်းရောင်များ... အဆက်မပြတ် ပေါ်ပေါက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... သူက ချဉ်းကပ်ပုံ နည်းလမ်းနှစ်မျိုးကို ဖော်ထုတ်လိုက်နိုင်၏။
ယခုအခါ... နင်ချီ၏ ကိုယ်ပိုင်စွမ်းအားမှာ... လုံလောက်စွာ အစွမ်းထက်နေပြီ ဖြစ်သောကြောင့်... 'အမြုတေတု' မှ ရရှိသော အထောက်အကူမှာ... သိသိသာသာ လျော့ကျနေခဲ့ပြီ ဖြစ်သည်။ ပိုမို အစွမ်းထက်သော 'အမြုတေတု' တစ်ခုဖြင့် အစားမထိုးသရွေ့... ဤမျှသာ ဖြစ်တော့မည်။ ထို့ကြောင့်... ဤ 'အမြုတေတု' ကို 'ဓားအမြုတေ အရည်ဖျော် နည်းစနစ်' အတွက် အစားထိုး အသုံးပြုရန်... သူ လုံးဝ နှမြောမနေခဲ့...။
ထို့အပြင်... နင်ချီ၏ ချီစွမ်းအင်မှာ... အလွန်တရာ ကြီးမားကျယ်ပြန့်လှပြီး... သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေသည်။
ထိုအထဲမှ အစိတ်အပိုင်းတစ်ပိုင်းကို ခွဲထုတ်၍... 'ပုံရိပ်ယောင် ဓားအမြုတေ' တစ်ခု ဖွဲ့တည်ခြင်းက... သူ့အပေါ် ဘာသက်ရောက်မှုမျှ ရှိမည် မဟုတ်ပါ...။ ဒါက... အခြားသူများအနေနှင့်တော့ မစွမ်းဆောင်နိုင်သော အရာ ဖြစ်သည်။
နင်ချီက အစီအစဉ်နှစ်ခုလုံး ဖြစ်နိုင်ခြေရှိသည်ဟု ခံစားလိုက်ရပြီး... နက်ရှိုင်းသော တွက်ချက်
ဖော်ထုတ်မှုများကို... စိတ်အားထက်သန်စွာ စတင်လိုက်တော့သည်။
...
အချိန်များ... တရွေ့ရွေ့ ကုန်ဆုံးသွား၏။
တာအိုဆရာလုံရှန်းမှာ တောင်အောက်တွင် လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး... အစစ်အမှန်သိုင်းတောင်နှင့်လည်း အဆက်မပြတ် အဆက်အသွယ် ပြုလုပ်နေသည်။
နင်ချီကမူ... စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းနေခဲ့သည်။
ဦးတည်ရာ လမ်းကြောင်း အနည်းငယ် ရရှိထားသည့်တိုင်... ဤကိစ္စကို ဖော်ထုတ်ရန်မှာ... ရက်အနည်းငယ်အတွင်း ပြီးမြောက်နိုင်မည် မဟုတ်ကြောင်း သူ နားလည်ထားသည်။ ရန်သူ့ဘက်မှ အမှားအယွင်း အချို့ ပြုလုပ်လာသည်အထိ... စောင့်ဆိုင်းရန် လိုအပ်ပေဦးမည်။
သို့သော်... သူ စိုးရိမ်မနေခဲ့...။ ထိုလူများ၏ အပြုအမူကို ကြည့်ရသည်မှာ... သူတို့... သိပ်မကြာခင်မှာပင်... တစ်ခုခု ထပ်လုပ်ကြဦးမည်မှာ... သေချာသလောက် ရှိနေသည်။
သူတို့ကို... လက်ပူးလက်ကြပ် ဖမ်းမိရန်မှာ... အချိန် အတိုင်းအတာ တစ်ခုသာ လိုတော့သည်။
နင်ချီက... သူ၏ တိုးတက်မှုခရီးလမ်းကို ဆက်လက် လျှောက်လှမ်းနေခဲ့သည်။ ဤပြဿနာက... သူ၏ ခြေလှမ်းများကို ရပ်တန့်သွားစေရန် သူ ခွင့်ပြုမည် မဟုတ်ပါ...။ ဤသည်မှာ... သူ၏ တာအိုရှာဖွေခြင်း လမ်းစဉ်ပေါ်မှ... ဇာတ်လမ်းခွဲလေးတစ်ခုမျှသာ ဖြစ်၏။
ဤကာလအတွင်း...
ကျွမ်းချန် တစ်ယောက်... ဒဏ်ရာများမှ ပြန်လည် သက်သာလာပြီးနောက်... 'တာအိုရှာဖွေခြင်း ကျောင်းတော်' မှ ပြောင်းရွှေ့သွားခဲ့သည်။
ဤသည်မှာ... အလွန် သဘာဝကျသော ကိစ္စတစ်ခု ဖြစ်သည်။
အစစ်အမှန်သိုင်းဂိုဏ်း၏ တပည့်ရင်းတိုင်းတွင်... ကိုယ်ပိုင် နေအိမ်ခြံဝင်းများ ရှိကြသည် မဟုတ်ပါလား...။
ထိုစဉ်က... နင်ချီ့အတွက် 'တာအိုရှာဖွေခြင်း ကျောင်းတော်' ကို တည်ဆောက်ပေးခဲ့သကဲ့သို့ပင်... စီနီယာအစ်ကို၊ ဂျူနီယာညီအစ်ကို တစ်သိုက်က... ကျွမ်းချန်
အတွက်လည်း... ခြံဝင်းတစ်ခု ဝိုင်းဝန်း တည်ဆောက်ပေးခဲ့ကြပါသည်။
ကျွမ်းချန်က ထိုနေရာကို... "ဓားကို မေးမြန်းခြင်း ကျောင်းတော်" ဟု အမည်ပေးခဲ့သည်။
သူသည်... ဓားသိုင်းလမ်းစဉ်ကို အမှန်တကယ်ပင်... စိတ်အားထက်သန်စွာ ချစ်မြတ်နိုးသူ ဖြစ်ပြီး... သူ၏ 'ဓားနှလုံးသား' ကို အခါအားလျော်စွာ မေးခွန်းထုတ်ရင်း... ဓားသိုင်းလမ်းစဉ်တွင် ရှေ့သို့ ဆက်လက် တိုးတက်လိုသော မျှော်လင့်ချက် ရှိနေခဲ့သည်။
'ဓားကို မေးမြန်းခြင်း ကျောင်းတော်’သည် 'တာအိုရှာဖွေခြင်း ကျောင်းတော်' နှင့် အတော်လေး နီးကပ်စွာ တည်ရှိသည်။
အကြောင်းမှာ... ကျွမ်းချန်နှင့် နင်ချီတို့၏ ဆက်ဆံရေးက... အကောင်းဆုံး ဖြစ်နေသောကြောင့်တည်း...။ သူ... ဤ ကိုးလေးကို... အလွန်အမင်း လေးစားမိနေသည်။
အစစ်အမှန်သိုင်းဂိုဏ်းသို့ မဝင်ရောက်မီကတည်းက... နင်ချီက သူ့ကို... ဓားသိုင်းပညာ တစ်ကွက်နှင့်... 'မူလဓားခန္ဓာ လျှို့ဝှက်သိုင်း' ကို သင်ကြားပေးခဲ့သည် မဟုတ်ပါလား...။
နင်ချီနှင့် အနီးကပ် နေထိုင်ခဲ့ရသော ဤအချိန်တိုလေးအတွင်းမှာပင်... ကျွမ်းချန်တစ်ယောက်... ကိုးလေး၏... မခန့်မှန်းနိုင်သော နက်နဲမှုကို... ပိုမို ခံစားမိလာပြီး... နင်ချီ့ကို... သူ၏ ပန်းတိုင်အဖြစ်... တိတ်တဆိတ် သတ်မှတ်ကာ... အမီလိုက်နိုင်ရန် ကြိုးစားနေခဲ့သည်။
သို့သော်... ဤဖြစ်စဉ်မှာ... အချိန်အတော်ကြာ ယူရဦးမည် ဖြစ်သည်။ သူ၏ ဓားအရိုး ပြန်လည် နာလန်ထူရန်... အချိန်အနည်းငယ် လိုအပ်သေးပြီး... ထို့နောက်... ကျင့်ကြံခြင်းကို အစမှ ပြန်လည် စတင်ရဦးမည်။ သို့သော်... ယခင်က အခြေခံအုတ်မြစ်များ ရှိထားပြီး ဖြစ်သဖြင့်... ပြန်လည် သင်ယူရသည်မှာ... အများကြီး ပိုမို မြန်ဆန်ပေလိမ့်မည်။
ကျွမ်းချန် ပြောင်းရွှေ့သွားပြီးနောက်...
'တာအိုရှာဖွေခြင်း ကျောင်းတော်' မှာ... တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့ပါသည်။
မျောက်ဖြူကမူ... အခါအားလျော်စွာ... ကျွမ်းချန်ထံ သွားရောက် ရှာဖွေတတ်ပြီး... အစစ်အမှန်သိုင်းဂိုဏ်း၏ ဥယျာဉ်လမ်းများတစ်လျှောက်... လမ်းညွှန် လိုက်ပို့ပေးတတ်သည်။ မရည်ရွယ်ဘဲ... ဤလူနှင့် ဤမျောက်ကြားမှ ဆက်ဆံရေးမှာ... တဖြည်းဖြည်း ပိုမို ရင်းနှီးလာကြသည်။
နင်ချီကမူ... သူတို့နှစ်ဦး... အချင်းချင်း စကားနိုင်လုနေကြသည့် မြင်ကွင်းများကို... မကြာခဏ မြင်တွေ့ရတတ်ပြီး... ထိုအခါတိုင်း... သူ... မနေနိုင်ဘဲ... ပြုံးမိတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်... တစ်လကျော်... ကုန်လွန်သွားခဲ့ပြန်သည်။
နင်ချီ၏ ခန္ဓာကိုယ်ထဲမှ 'ကျောက်စိမ်းအရည် ပင်လယ်' မှာ... ပို၍ပင် အစွမ်းထက်လာခဲ့သည်။ သူ၏... 'နှေးကွေးသော' ကျင့်ကြံခြင်းဟု ဆိုရသည်မှာ... သူ့ကိုယ်သူနှင့် နှိုင်းယှဉ်၍သာ ဖြစ်ပြီး... အခြား 'ကျောက်စိမ်းအရည် နယ်ပယ်' သိုင်းသမားများနှင့် နှိုင်းယှဉ်လိုက်ပါက... တစ်နေ့လျှင် မိုင်ပေါင်း ထောင်ချီ ခရီးနှင်နေသကဲ့သို့ပင်...။
ထိုအခိုက်အတန့်...
ကျွမ်းချန်၏ မဆုတ်မနစ်သော ကြိုးပမ်းမှုများကြောင့်... သူ၏ ဓားအရိုးမှာ... လုံးဝ ပြန်လည် ရှင်သန်နိုးထလာခဲ့လေပြီ။
နင်ချီက သူ့ကို စစ်ဆေးပေးနေခဲ့သည်။
ချီစွမ်းအင် အမျှင်များက... နင်ချီ၏ ထိန်းချုပ်မှုအောက်တွင်... မည်သည့် ထိခိုက်စေလိုစိတ်မှ မပါဘဲ... လျင်မြန် ပေါ့ပါးစွာ ရွေ့လျားနေသည်။ 'အသင်္ချေဖြစ်ရပ်ဆန်းကြယ် အစစ်အမှန်ချီစွမ်းအင်' သာလျှင်... ဤကဲ့သို့... မည်သည့် အသေးစိတ် နေရာကိုမှ မလွတ်စေဘဲ... စစ်ဆေးနိုင်စွမ်း ရှိပေသည်။
ခဏအကြာတွင်...
နင်ချီက ပြုံးလိုက်ပြီး... ပြောလိုက်သည်။
"ဆယ်လေး... မင်းရဲ့ ဓားအရိုး... လုံးဝ ပြန်ကောင်းသွားပြီ။ မင်း... သိုင်းပညာ ပြန်လည် လေ့ကျင့်လို့ ရပြီ။"
နင်ချီ၏ အတည်ပြု စကားကို ကြားလိုက်ရသောအခါ... ကျွမ်းချန်တစ်ယောက်... အစောပိုင်းက တင်းထားသော စိတ်များကို လုံးဝ လျှော့ချလိုက်နိုင်ပြီး... သူ၏ စိတ်လှုပ်ရှားမှုမှာ... အတိုင်းသား မြင်နေရတော့သည်။ ထိုရက်များအတွင်း... သူ မည်မျှ စိတ်မငြိမ်မသက် ဖြစ်ခဲ့ရသည်ကို... သူကိုယ်တိုင်သာ အသိဆုံး ဖြစ်သည်။
အကယ်၍သာ... သူ... တစ်သက်လုံး ကျင့်ကြံခွင့် မရတော့ပါက... ရှေ့ဆက် ဘယ်သို့ လျှောက်လှမ်းရမည်ကိုပင်... သူ သိတော့မည် မဟုတ်...။
ပတ်ပတ်လည်တွင် စုဝေးနေကြသော... လော့ဝမ်ထျန်း၊ ယဲ့ချင်းဟယ် နှင့် အခြားသူများကလည်း... ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည်။
အားလုံး၏... စိတ်ရင်းမှန်ဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုက... ကျွမ်းချန်ကို... ပို၍ပင် စိတ်လှုပ်ရှားစေခဲ့သည်။
ရယ်သံများ... တိတ်သွားပြီးနောက်... လော့ဝမ်ထျန်းက ဝင်ပြောသည်။
" ဆယ်လေး.. အခု မင်း ဆက်ပြီး ကျင့်ကြံလို့ရပြီပဲ။ ဆရာ... တောင်အောက်ကို မဆင်းခင်က... မင်းကို... 'အစစ်အမှန်သိုင်း ခန္ဓာကျင့်စဉ်' ထဲက တစ်ခု ဖြစ်တဲ့... 'ယားဇီခန္ဓာကျင့်စဉ်' ကို အခြေခံအဖြစ်... လေ့ကျင့်ထားဖို့... ငါ့ကို မှာသွားခဲ့တယ်။"
ဤစကားကို ကြားလိုက်ရသောအခါ...။
အားလုံး၏ မျက်နှာအမူအရာများက အနည်းငယ် ရှုပ်ထွေးသွားကြသည်။
'ယားဇီ ခန္ဓာကျင့်စဉ်' မှာ... ထိုစဉ်က... ချင်ယွင် (စီနီယာအစ်ကိုရှစ်) သင်ယူခဲ့သော သိုင်းကွက် ဖြစ်သည်။ ချင်ယွင်တစ်ယောက်... အစစ်အမှန်သိုင်းဂိုဏ်းမှ ထွက်ခွာသွားခဲ့ပြီးနောက်... 'အစစ်အမှန်သိုင်း သားတော် ကိုးပါး' မှာ... အဖွဲ့ဝင်တစ်ဦး လျော့နည်းသွားခဲ့ရပြီး... 'ကောင်းကင်ဘုံလူသား ကိုးဦးပေါင်း၍ သိုင်းသူတော်စင်ကို တိုက်ခိုက်ခြင်း' ဆိုသော... လှပသော မျှော်လင့်ချက်ကြီးမှာလည်း... လုံးဝ ပျက်စီးသွားခဲ့ရသည်။
ဤသည်မှာ... တာအိုဆရာလုံရှန်း၏ နှလုံးသားထဲမှ... မကျေနိုင်သော... နာကျင်စရာ အစိုင်အခဲ တစ်ခု ဖြစ်ခဲ့ပြီး... ထို့ကြောင့်ပင်... သူ... တပည့်သစ်များ ထပ်မံ လက်မခံခဲ့ခြင်း ဖြစ်သည်။
'နတ်ဘုရားဓားသခင် အဘိုးကြီး' ၏... မကွယ်လွန်မီ တောင်းဆိုချက်ကို လက်ခံလိုက်ခြင်းက... တာအိုဆရာလုံရှန်း၏... အတွင်းစိတ် ပဋိပက္ခကို... ဖြေရှင်းပေးလိုက်သလို... ဖြစ်သွားခဲ့သည်။
သို့သော်...
အားလုံးက... ဆရာဖြစ်သူ၏ ရည်ရွယ်ချက်ကို... အကြမ်းဖျင်း နားလည်ကြသည်။ အထူးသဖြင့်... ချင်ယွင်၏ ကိစ္စနှင့် ပတ်သက်၍... ဆရာက... ချင်ယွင်အပေါ် စိတ်ပျက်ခြင်းထက်... မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း... ပိုဖြစ်ခဲ့သည်။
ကျွမ်းချန်ကို... 'ဒသမမြောက်' တပည့်အဖြစ် လက်ခံလိုက်ခြင်းကို ကြည့်လျှင်... ထင်ရှားနေသည် မဟုတ်ပါလား...။ 'အဋ္ဌမ' နေရာမှာ... လစ်လပ်ထားဆဲ ဖြစ်လေသည်။
ကံကောင်းသည်မှာ... ယခု... ကျွမ်းချန် တစ်ယောက် ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ရာ... 'ယားဇီ ခန္ဓာကျင့်စဉ်' ကို... တစ်စုံတစ်ယောက်က... တစ်ဖန် ပြန်လည်... အမွေဆက်ခံနိုင်ခဲ့ပြီ ဖြစ်သည်။
ကျွမ်းချန်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ဆရာ့စကား နားထောင်ပါ့မယ်။"
သူက... စီနီယာအစ်ကိုရှစ် အကြောင်းကို... ကြားသိထားပြီး ဖြစ်သည်။
သူက... ထုံထိုင်းသူ တစ်ယောက် မဟုတ်သည့်အလျောက်... စီနီယာအစ်ကို၊ အစ်မများ၏... ယခုကဲ့သို့ ခံစားချက်များကို မြင်တွေ့ရသောအခါ... အခြေအနေကို... အနည်းငယ် နားလည်သွားခဲ့သည်။
ထိုစဉ် နင်ချီက... တိတ်ဆိတ်သွားသော အငွေ့အသက်ကို... ပျော်ရွှင်စွာ ဝင်ရောက် ဖြိုခွဲလိုက်၏။
"ဟေး..ငါ.. 'ယားဇီ ခန္ဓာကျင့်စဉ်' ကို သိတယ်။ နောက်မှ... မင်းကို သင်ပေးမယ်။ 'အစစ်အမှန်သိုင်း ခန္ဓာကျင့်စဉ်ကိုးခု’' ထဲက... တခြား ခန္ဓာကျင့်စဉ်တွေကိုလည်း... မင်း သင်ချင်ရင်... သင်လို့ရတယ်...။ 'စိမ်းပြာဓား သူတော်စင်' ရဲ့ အမွေအနှစ်ကိုလည်း... မင်း ဆက်ကျင့်လို့ရတယ်...။ အဲ့ဒီနှစ်ခုက... ပဋိပက္ခ မဖြစ်ပါဘူး။"
ယဲ့ချင်းဟယ်ကလည်း ရယ်မောရင်း ဆိုသည်။
"ခစ်ခစ်ခစ်…ဟုတ်တယ် ဟုတ်တယ်... ကိုးလေးပဲ သင်ပေးသင့်တယ်။ အစ်မတို့က... 'ယားဇီ ခန္ဓာကျင့်စဉ်' ရဲ့ အခြေခံလောက်ပဲ... သဘောပေါက်တာ။ အခု... ဆရာလည်း တောင်ပေါ်မှာ မရှိတော့... သူပဲ... သင်ပေးရမှာပေါ့။"
အားလုံးက... နင်ချီတစ်ယောက်... အစပိုင်းတွင်... ‘ခန္ဓာကျင့်စဉ်’များကို... မိစ္ဆာ တစ်ကောင်သဖွယ်... လျင်မြန်စွာ သင်ယူ တတ်မြောက်ခဲ့ပုံကို... ပြန်လည် အမှတ်ရသွားကြပြီး... နားလည်မှု ရှိသော အပြုံးများဖြင့်... ပြုံးလိုက်မိကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်...
ထိုအဖြစ်အပျက်များမှာ... လွန်ခဲ့သော ခြောက်နှစ်က... ဖြစ်ခဲ့လေပြီ...။
အားလုံး၏ ရင်ထဲတွင်... ခံစားချက်များ... ရောထွေးသွားကြသည်။
ကျွမ်းချန်ကမူ... အကြောင်းရင်းကို... နားမလည်ဘဲ... ခေါင်းကိုသာ ကုတ်လျက်... တုံးအအ ပြုံးနေမိတော့သည်။
ကျွမ်းချန်၏ ခန္ဓာကိုယ်ပေါ်မှ... တုန်ခါနေသော အဆီတုံးများကို ကြည့်ရင်း... နင်ချီ ရုတ်တရက် တွေးလိုက်မိသည်။
'...ဒီကောင် “မက်မောစွာ အိပ်မက်မက်ခြင်း”လျှို့ဝှက်သိုင်းကို ဆက်ကျင့်နေလို့ မဖြစ်တော့ဘူး...။ မဟုတ်ရင်... သူ တောင်ကြီးတစ်လုံးလောက်... ဝလာလိမ့်မယ်...။ တော်တော် ကြည့်ရဆိုးသွားမှာ...။ အခု... ကျွမ်းချန်က... ငါ့ရဲ့ ဂျူနီယာညီလေး ဖြစ်နေပြီဆိုတော့... ငါ... နည်းနည်းတော့... စိတ်ဝင်တစား လုပ်ပေးရမှာပေါ့...။ ဒီသိုင်းကို... နည်းနည်းလောက်... ပိုကောင်းအောင် ပြုပြင်ပေးလိုက်တာ... ပိုကောင်းလိမ့်မယ်...။'
နောက်ပိုင်းတွင်... ကျွမ်းချန်ကို... 'အိပ်စက်ခြင်း အိပ်မက် သိုင်းစွမ်းရည်' ကို... သူနှင့်အတူ လေ့ကျင့်ရန်... စီစဉ်ပေးရမည်ဟု သူ တွေးလိုက်မိသည်။
...
ကျွမ်းချန်၏ နားလည်နိုင်စွမ်းမှာ... အလွန် ကောင်းမွန်လှသည်။
'ယားဇီ ခန္ဓာကျင့်စဉ်' ကို လေ့ကျင့်ရာတွင်... သူ... လျင်မြန်စွာ ကျွမ်းကျင် တတ်မြောက်သွားခဲ့သည်။
သူ၏ မူလ လျှောက်လမ်းဟောင်းကို... ပြန်လည် နင်းလျှောက်ရသဖြင့်... ကျွမ်းချန်၏ ကျင့်ကြံခြင်းအရှိန်မှာ... အလွန်တရာ မြန်ဆန်နေခဲ့သည်။
ကျွမ်းချန်၏ ကျင့်ကြံခြင်းမှာ... လမ်းကြောင်းမှန်ပေါ်သို့... အသေအချာ ဝင်ရောက်သွားပြီ ဖြစ်သောအခါ... နင်ချီက... 'ဓားအမြုတေ အရည်ဖျော် နည်းစနစ်' ၏... ပိုမို ကောင်းမွန်သော ပုံစံသစ်ကို... ပြန်လည် တွက်ချက် ဖော်ထုတ်နေခဲ့သည်။
ဤ... မကြာသေးမီ ရက်များအတွင်း...
ကျင့်ကြံခြင်းနှင့် ကျမ်းစာများ လေ့လာခြင်းအပြင်... နင်ချီ၏ စွမ်းအင် အများစုကို... ဤလျှို့ဝှက်သိုင်းအပေါ်တွင်... အသုံးပြုထားခဲ့သည်။
ယခုအခါ... ပြီးမြောက်လုနီးပါး ဖြစ်နေခဲ့ပြီ။
နင်ချီ၏ ခန္ဓာကိုယ်အတွင်း...
'ကျောက်စိမ်းအရည် ပင်လယ်' မှာ... လှိုင်းထန်လျက်... ဟိန်းဟောက်နေသည်။ အခါအားလျော်စွာ... လှိုင်းပန်းများ ထွက်ပေါ်လာတတ်ပြီး... တစ်စက်ချင်းစီတိုင်းမှာ... အလွန်တရာ သန့်စင်သော... ချီစွမ်းအင်များသာ ဖြစ်ကြသည်။
'...အရင်က တွက်ထုတ်ထားတဲ့... ဖြစ်နိုင်ခြေ နှစ်ခုလုံးက... ကောင်းတယ်။ ကိုယ်စီ အားသာချက်၊ အားနည်းချက်တွေတော့ ရှိတာပေါ့...။ ဒါပေမဲ့... 'အမြုတေတု' ကို 'ဓားအမြုတေ' အဖြစ် အစားထိုး အသုံးပြုတာက... အခက်အခဲ ပိုများတယ်။ အရင်ဆုံး... 'ပုံရိပ်ယောင် ဓားအမြုတေ' ကို... သိပ်သည်းအောင်... စမ်းကြည့်ရမယ်...။ အဲ့ဒါ အောင်မြင်သွားမှ... 'အမြုတေတု' ကို အစားထိုးတာက... အစိတ်အပိုင်းတချို့ကို ပြောင်းလဲလိုက်ရုံပဲ...။'
သူ၏ နှလုံးသားက လှုပ်ရှားသွားပြီး... 'အသင်္ချေဖြစ်ရပ်ဆန်းကြယ် အစစ်အမှန်ချီစွမ်းအင်' ကို လည်ပတ်စေလိုက်သည်။ ချီစွမ်းအင်၏ အစိတ်အပိုင်းတစ်ရပ်မှာ... ယှဉ်နိုင်ဖွယ်မရှိသော ထက်ရှသည့် 'ဓားချီစွမ်းအင်' အမျှင်များအဖြစ်... ပြောင်းလဲသွားခဲ့ပြီး ဖြစ်ကာ... ၎င်းတွင်... 'ဓားချီစွမ်းအင်' အများအပြား၏... အထူးသဖြင့် 'စိမ်းပြာ ချီစွမ်းအင်' ၏... ဂုဏ်သတ္တိများ... ပေါင်းစပ် ပါဝင်နေသည်။
ဓားချီစွမ်းအင် အမျှင်များက... အပေါ်သို့ လွှင့်တက်သွားပြီး... 'ကျောက်စိမ်းအရည် ပင်လယ်' ၏ အထက်... နင်ချီ၏ ထိန်းချုပ်မှုအောက်တွင်... စုစည်းလာကြသည်။
'ကောင်းကင်နဲ့မြေကြီး ကြိတ်စက်ဝန်း' မှ... 'ချီစွမ်းအင် သန့်စင်ခြင်း နည်းစနစ်' ကို... ပါးနပ်စွာ ပေါင်းစပ် ထည့်သွင်းလိုက်သောအခါ... ဓားချီစွမ်းအင် တစ်ခုချင်းစီတိုင်း၏ လှုပ်ရှားမှုက... သိပ်သည်းလာပြီး... မကြာမီမှာပင်... စက်လုံးပုံသဏ္ဌာန်တစ်ခု... ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်... ဆက်လက်၍... သိပ်သည်း၊ သိပ်သည်း၊ ထပ်မံ သိပ်သည်းစေလိုက်သည်။
နောက်ဆုံးတွင်တော့...
၎င်းမှာ... အလွန်အမင်း လုံးဝန်းသော... 'ဓားအမြုတေ' တစ်ခုအဖြစ်သို့... ပြောင်းလဲသွားခဲ့လေသည်။
ဤ 'ဓားအမြုတေ' မှာ... နင်ချီ... နောင်တစ်ချိန်တွင်... အမှန်တကယ် ရရှိမည့် 'မူလအမြုတေ' နှင့်... နှိုင်းယှဉ်၍ မရနိုင်သော်လည်း... သာမန် 'မူလအမြုတေ နယ်ပယ်' ကျွမ်းကျင်သူများထက်မူ... အဆပေါင်းများစွာ... သာလွန်နေခဲ့ပြီ ဖြစ်သည်။
နင်ချီက... သူ၏ ကိုယ်တွင်းကို... ပြန်လည် ကြည့်ရှုလိုက်သည်။
'ဓားအမြုတေ' မှာ... 'ကျောက်စိမ်းအရည် ပင်လယ်' ၏ အထက်တွင်... တွဲခိုနေပြီး... နေလုံးကြီးတစ်လုံးကဲ့သို့... တည်ရှိနေသည်။
၎င်းတွင်... မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ... ပါဝင်နေသည်ကို... သူ ခံစားမိနေသည်။ သို့သော်... ဤ ဓားအမြုတေ၏ အဓိက လုပ်ဆောင်ချက်မှာ... 'ပေါက်ကွဲအား' အတွက် ဖြစ်သည်။ ၎င်းကို... ဖောက်ခွဲလိုက်သည်နှင့်... 'ကျောက်စိမ်းအရည် ပင်လယ်' တစ်ခုလုံးကို... လှုပ်ရှား တုန်ခါသွားစေပြီး... နင်ချီအား... ချက်ချင်းဆိုသလို... အဆပေါင်းများစွာ တိုးမြှင့်ထားသော ခွန်အားကို... ထုတ်လွှတ်နိုင်စေပေလိမ့်မည်။
နင်ချီက... ကျေနပ်စွာ ပြုံးလိုက်မိသည်။
ဤသို့ဖြင့်... 'ပုံရိပ်ယောင် ဓားအမြုတေ အရည်ဖျော် နည်းစနစ်' မှာ... အောင်မြင်သွားပြီ ဖြစ်သည်။
၎င်း၏ အစွမ်းမှာ... အနည်းငယ် လျော့နည်းသွားသော်လည်း... (အဓိကအားဖြင့် နင်ချီ၏ အခြေခံစွမ်းအားက... အလွန်အမင်း ကြီးမားနေသောကြောင့် ဖြစ်သည်)... ၎င်း၏ ပေးဆပ်ရမည့် တန်ဖိုးမှာ... မူလ 'ဓားအမြုတေ အရည်ဖျော် နည်းစနစ်' ထက်... အလွန်တရာ... နည်းပါးသွားခဲ့သည်။
၎င်းကို ဖောက်ခွဲလိုက်ပါက... အများဆုံးအနေနှင့်... သူသည်... အတွင်းဒဏ်ရာ အနည်းငယ် ရရှိသွားမည်သာ ဖြစ်ပြီး... အချိန်ကာလတစ်ခု အနားယူပြီးနောက်... ပြန်လည် ကောင်းမွန်လာနိုင်ပေသည်။
'မူလအမြုတေ' ကြေမွပြီး... သေဆုံးခြင်းဆီသို့... ဦးတည်စေတော့မည် မဟုတ်ပေ...။