မိပြီပေါ့
Vol. 9 Ch. 121
~အစစ်အမှန်သိုင်းတောင်။
တာအိုရှာဖွေခြင်း ကျောင်းတော်။
ကျွမ်းချန်တစ်ယောက် နိုးထလာသည်မှာ နှစ်ရက်ပင် ရှိခဲ့လေပြီ။ ထိုနှစ်ရက်တာ အနားယူမှုအတွင်း သူ၏ အပြင်ဒဏ်ရာများမှာ တော်တော်များများ ကျက်သွားခဲ့သော်လည်း... အခက်ခဲဆုံး ပြဿနာမှာ သူ၏ကိုယ်တွင်းမှ ကြေမွသွားခဲ့သော ဓားအရိုးပင် ဖြစ်သည်။
"ကိုး... ကိုးလေး၊ ကျွန်တော့်ရဲ့ ဓားအရိုးကို ပြန်ကောင်းအောင် လုပ်လို့ရသေးတာ... တကယ်သေချာလို့လားဗျ..."
ကျွမ်းချန်၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်အရိပ်အယောင်တို့ ထင်ဟပ်နေ၏။
တကယ်သာ ဖြစ်နိုင်လျှင်... သူ အဖြစ်မခံနိုင်ဆုံးအရာမှာ မသန်မစွမ်း၊ အသုံးမကျသော သူတစ်ယောက် အဖြစ်သို့ ရောက်ရှိသွားရန် ဖြစ်သည်။ သူ့ဆရာအတွက် တရားမျှတမှုကိုလည်း ပြန်လည်ရှာဖွေပေးရန် တာဝန်ရှိသေးသည် မဟုတ်လား။ တုန်းဟဲ... ထိုလူကို ဘာကြောင့် ဒီလိုလုပ်ရက်ရသလဲဟု ကိုယ်တိုင်ကိုယ်ကျ မျက်နှာချင်းဆိုင် မေးမြန်းပစ်ချင်လှသည်။
နင်ချီက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။
ရက်အနည်းငယ်ကြာ သုတေသနပြုလုပ်ပြီးနောက်တွင်တော့ သူသည် 'မူလဓားခန္ဓာ လျှို့ဝှက်သိုင်း' ကို နောက်တစ်ဆင့် တိုးမြှင့်နိုင်ခဲ့ပြီး ဓားအရိုးကို ပြန်လည်ကုစားနိုင်မည့် နည်းလမ်းတစ်ခုကိုပါ အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။
သို့သော်... ထိုလုပ်ငန်းစဉ်ကတော့ သက်သောင့်သက်သာ ရှိမည်မဟုတ်ချေ။
နင်ချီက လေးနက်သောလေသံဖြင့် မေးလိုက်သည်။
"ဒါက အရမ်းနာကျင်လိမ့်မယ်။ မင်းရဲ့ ဒဏ်ရာတွေ အားလုံး လုံးဝပျောက်ကင်းသွားတဲ့အထိ တကယ် မစောင့်ချင်ဘူးလား..."
ကျွမ်းချန်က ခေါင်းမာစွာ တုန့်ပြန်မှုမရှိသည်ကို မြင်သောအခါ သူက ထပ်ပေါင်းပြောလိုက်ရ၏။
"အရင်... ကောင်းကင်ဘုံလူသား မဟာအခမ်းအနားတုန်းက မင်းရဲ့ ဓားအရိုးကို စူးစမ်းခဲ့တဲ့အချိန်ကထက် အဆပေါင်းများစွာ ပိုနာလိမ့်မယ်နော်..."
ကျွမ်းချန်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု အလိုလိုဖြတ်ပြေးသွားသော်လည်း... မကြာမီမှာပင် ထိုအရိပ်အယောင်ကို ခိုင်မာသောစိတ်ဓာတ်က အစားထိုးလိုက်သည်။
"ကိုးလေး... ကျွန်တော် မကြောက်ပါဘူး။ ဓားအရိုး မြန်မြန်ပြန်ကောင်းလေ... ကျွန်တော် ကျင့်ကြံခြင်းကို မြန်မြန်ပြန်စနိုင်လေပဲ မဟုတ်လား..."
သူက နာကျင်မှုကို ကြောက်ပါ၏။ သို့သော်... တစ်သက်လုံး အသုံးမကျသော လူတစ်ယောက် ဖြစ်သွားရမည်ကိုမူ ပို၍ပင် ကြောက်ရွံ့မိသည်။
"ကောင်းပြီလေ... မင်းရဲ့ ဓားအရိုးကို ပြန်လည်စုစည်းဖို့က သိပ်တော့မခက်ခဲပါဘူး။ အဓိက သော့ချက်ကတော့ အရင်က ငါမင်းကို သင်ပေးခဲ့တဲ့ 'မူလဓားခန္ဓာ လျှို့ဝှက်သိုင်း' ပဲ။ ဒီနှစ်ရက်အတွင်း မင်း 'ကံကြမ္မာပြောင်းပြန်လှန်ခြင်း' နည်းစနစ်ကို ပြန်လေ့ကျင့်ထားပြီးပြီ... ဒါပေမဲ့ အခု မင်းမှာ အတွင်းအား မရှိတော့တဲ့အတွက်... ငါ့ရဲ့ အတွင်းအားကိုပဲ အားကိုးရလိမ့်မယ်။"
"ဒီလျှို့ဝှက်သိုင်းရဲ့ ပဲ့တင်ထပ်မှုက မင်းရဲ့ ဓားအရိုးကို ပြန်လည်ရှင်သန်လာအောင် လမ်းညွှန်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်က ပြောလို့မရလောက်အောင် နာကျင်လိမ့်မယ်... အရှင်လတ်လတ် အရေခွံဆွဲခွာခံရတာထက်တောင် ပိုဆိုးလိမ့်မယ်။ ပြီးတော့... စွမ်းအားက ငါ့ဆီက လာတာဖြစ်လို့ မင်းရဲ့ခန္ဓာကိုယ်က ငါ့ရဲ့စွမ်းအားကို တွန်းလှန်တုံ့ပြန်မှုတွေ လုပ်လိမ့်မယ်။ ဒါကြောင့် မင်းက နာကျင်မှုကို နှစ်ဆ ခံစားရလိမ့်မယ်။"
"ဒီဖြစ်စဉ်တစ်လျှောက်လုံး မင်းရဲ့ စိတ်စွမ်းအားကို ကြည်လင်နေအောင် ထိန်းထားရမယ်... လုံးဝ ယိမ်းယိုင်သွားလို့ မဖြစ်ဘူး။ မဟုတ်ရင်... မင်း ပိုပြီး ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ထပ်ရသွားလိမ့်မယ်။"
နင်ချီက အလေးအနက်ထား၍ သတိပေးလိုက်သည်။
ကျွမ်းချန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက်... နောက်ဆုံးတွင်တော့ ခိုင်မာစွာ ခေါင်းညိတ်လိုက်ပါ၏။
"လာပါ... ကိုးလေး၊ ကျွန်တော် လုပ်နိုင်ပါတယ်..."
"ကောင်းပြီ။"
နင်ချီလည်း အချိန်မဖြုန်းတော့။
နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး၊ လက်ဖဝါးချင်း ပူးကပ်ထားကြသည်။
မျောက်ဖြူကမူ သူတို့၏အနားတွင် အစောင့်အဖြစ် တာဝန်ယူထား၏။
တစ်ခဏ အကြာတွင်ပင်...
နင်ချီ လှုပ်ရှားလိုက်သည်။ သူ၏ ချီစွမ်းအင်များကို လည်ပတ်စေကာ၊ ထိုစွမ်းအား၏ ပြင်းထန်မှုကို တတ်နိုင်သမျှ လျှော့ချပစ်လိုက်သည်။ ကျွမ်းချန် ခံနိုင်ရည်ရှိမည့်... တစ်ချိန်တည်းမှာပင် အစွမ်းလည်း ထက်မြက်နေသေးသည့် အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်ပြီးနောက်... ထိုစွမ်းအင်များကို ကျွမ်းချန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်စေလိုက်တော့သည်။
ကျွမ်းချန်၏ တစ်ကိုယ်လုံး တုန်ခါသွား၏။ သို့သော် သူက နင်ချီ၏ သတိပေးစကားများကို အမှတ်ရနေသည်။
သူသည် ထိုပြင်ပစွမ်းအင်များကို ထိန်းချုပ်ကာ 'မူလဓားခန္ဓာ လျှို့ဝှက်သိုင်း' ကို ပြောင်းပြန် လည်ပတ်စေလိုက်သည်။
ချက်ချင်းပင်...
တုန်ခါမှုများ ဖြစ်ပေါ်လာပြီး သူ၏ ကိုယ်တွင်းမှ ကြေမွနေသော ဓားအရိုး အစအနများနှင့်အတူ ပဲ့တင်ထပ်သွားတော့သည်။
သူ၏ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါလာသည်ကို ခံစားလိုက်ရပြီး... ဖော်ပြရန်ပင် မလွယ်ကူသော နာကျင်မှုမျိုးက ကျွမ်းချန်၏ ဝိညာဉ်ကို တိုက်ရိုက် ထိုးနှက်လာ၏။ ထိုအခြေအနေမှာ... မရေမတွက်နိုင်သော သံမဏိအပ်များက သူ၏ ကိုယ်ခန္ဓာကို တစ်ပြိုင်နက် ထိုးစိုက်နေသကဲ့သို့ပင်...။ ထိုနာကျင်မှုမှာ ပုရွက်ဆိတ် အကောင်တစ်သောင်း ဝိုင်းကိုက်ခဲနေသည့် ဝေဒနာနှင့်ပင် လုံးဝ နှိုင်းယှဉ်၍ မရပါ။
ကျွမ်းချန်၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူ၏ သွားများကို တင်းတင်းကြိတ်ထားရာမှ သွေးများပင် စို့ထွက်လာခဲ့ပြီး... လည်ချောင်းထဲမှ ထွက်အံလာသော ညည်းညူသံကိုလည်း အတင်းအကျပ် မျိုသိပ်ထားရတော့သည်။
နင်ချီက ကျွမ်းချန်၏ အခြေအနေကို အနီးကပ် အာရုံစိုက်ထား၏။
သူက အစောနက အခြေအနေကို အလေးအနက်ထား ပြောဆိုခဲ့သော်လည်း... အကယ်၍ ကျွမ်းချန်တစ်ယောက် တကယ်တမ်း မခံနိုင်တော့ပါက... သူ ချက်ချင်း ရပ်တန့်ပစ်မည် ဖြစ်သည်။ ကျွမ်းချန်ကို မလိုအပ်ဘဲ အနာကျင် မခံစေလိုပါ။
ထိုအခိုက်အတန့်...
ကျွမ်းချန်က ထိုဝေဒနာကို အံတုပြီး ခံနိုင်ရည်ရှိနေသည်ကို မြင်သောအခါ နင်ချီတစ်ယောက် ကြိတ်၍ မချီးကျူးဘဲ မနေနိုင်တော့ပါ...။
မူလက... ကျွမ်းချန်အနေဖြင့် ဤအခြေအနေနှင့် အသားကျရန် အကြိမ်ပေါင်းများစွာ ကြိုးစားရလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော်... မမျှော်လင့်ဘဲ၊ ပထမဆုံးအကြိမ်မှာပင် သူက ဇွဲကောင်းကောင်းဖြင့် အံကြိတ်ခံနိုင်ရည် ရှိနေခဲ့သည်။
သူ၏ ရှေ့မှောက်မှ မျက်လုံးများ နီမြန်းနေလျက် သွားများကို သွေးထွက်မတတ် ကြိတ်ထားသော ဝတုတ်ကောင်လေးကို ကြည့်ရင်း နင်ချီတစ်ယောက် စိတ်ထဲမှ တိတ်တိတ်လေး သက်ပြင်းချမိ၏။
*'အရင်... ကောင်းကင်ဘုံလူသား မဟာအခမ်းအနားတုန်းကတော့... ဓားအရိုးကို နည်းနည်းလေး စမ်းလိုက်တာနဲ့တင် ကလေးတစ်ယောက်လို အော်ဟစ်နေခဲ့တဲ့ ကောင်လေး...'*
*'အခုတော့... အဲ့ဒီတုန်းကထက် အဆပေါင်းများစွာ နာကျင်တဲ့ ဝေဒနာကို သွားကြိတ်ခံနေနိုင်ပါလား... နတ်ဘုရားဓားဂိုဏ်းမှာ ဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေက ကျွမ်းချန်အပေါ် တကယ်ပဲ သက်ရောက်မှု ကြီးမားခဲ့ပုံရတယ်။'*
သို့သော်... ကံဆိုးမှုနှင့် ကံကောင်းမှုဆိုသည်မှာ ဒွန်တွဲနေတတ်သည် မဟုတ်လား။
ဤ'စမ်းသပ်မှု' ကို ဖြတ်သန်းပြီးနောက်... သူ၏ ဓားအရိုးက ကြေမွရာမှ ပြန်လည် ရှင်သန်လာပြီး... ဤသို့သော မဆုတ်မနစ်သော ဇွဲလုံ့လကိုပါ ပိုင်ဆိုင်သွားမည်ဆိုလျှင်... ကျွမ်းချန်၏ အနာဂတ်မှာ အမှန်တကယ်ပင် အဆုံးအစမရှိ တောက်ပနေပေလိမ့်မည်။
အမွှေးတိုင် တစ်တိုင် ကုန်ဆုံးသွားသောအခါ...
နင်ချီက သူ၏ လက်များကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်သည်။
ကျွမ်းချန်မှာမူ နူးအိနေသော ရွှံ့တစ်တုံးကဲ့သို့ မြေပြင်ပေါ်သို့ ပုံခနဲ လဲကျသွားပြီး... အသက်ကို မမှန်မကန် ရှူသွင်းနေရသည်။ သူ၏ တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ခါနေသော်လည်း... မျက်လုံးများထဲတွင်တော့ ရှင်းပြမရနိုင်သော စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။
"ကိုး... ကိုးလေး... ကျွန်တော်... ကျွန်တော်... အောင်... အောင်မြင်သွား... တယ်... မဟုတ်လား..."
နင်ချီက အသိအမှတ်ပြုသော အပြုံးဖြင့် ပြုံးလိုက်သည်။
"ဒီတစ်ကြိမ်တော့ အရမ်း ချောမွေ့သွားတယ်။ ဒါပေမဲ့... ဓားအရိုးကို ပြန်အသက်သွင်းတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ငါမင်းကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ပြီး လမ်းညွှန်ပေးဦးမယ်။ မင်းရဲ့ ဓားအရိုးက အကြမ်းဖျင်း ပြန်လည် တည်ဆောက်ပြီးသွားပြီဆိုရင်တော့... မင်းကိုယ်တိုင်ပဲ ဒီလျှို့ဝှက်သိုင်းကို အသုံးပြုပြီး ဓားအရိုးကို ပြန်ကုစားလို့ ရသွားလိမ့်မယ်။ တစ်လလောက်ဆိုရင်တော့... လုံးဝ ပြန်ကောင်းသွားဖို့ မျှော်လင့်လို့ ရပါတယ်။"
ကျွမ်းချန်က သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး... အလွန်အမင်း စိတ်လှုပ်ရှားနေမိတော့သည်။
"ကျေးဇူးတင်ပါတယ် ကိုးလေး..."
သူက နင်ချီကို အတိုင်းမသိ ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်မိပြီး... စိတ်ထဲတွင်လည်း အံ့ဩနေမိသည်။ သူတို့ ပထမဆုံး တွေ့ဆုံခဲ့သည့် အချိန်ကတည်းက... နင်ချီ၏ ဓားပညာမှာ သူ၏အမြင်တွင် သာမန်မဟုတ်ဟု ထင်မြင်ခဲ့မိသည်။
ယခု... ရေခဲတောင်၏ ထိပ်ဖျားလေးကိုမျှသာ မြင်တွေ့လိုက်ရသည့်တိုင်... ဤ 'ကိုးလေး' ဆိုသူမှာ အလွန်အမင်း နက်နဲပြီး မခန့်မှန်းနိုင်သော လူတစ်ယောက် ဖြစ်ကြောင်း သူ ခံစားလိုက်မိလေ၏။
နင်ချီကမူ ပြုံးလိုက်ရင်း လက်ခါပြလိုက်သည်။
"ငါတို့ ညီအစ်ကိုတွေကြားမှာ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ကောင်းကောင်း အနားယူလိုက်ဦး... မနက်ဖြန်ကျမှ ငါတို့ ဆက်လုပ်ကြတာပေါ့။"
သူ၏ ရင်ထဲတွင်တော့ ထူးခြားသော ခံစားချက်လေး တစ်ခုကို ခံစားလိုက်ရ၏။
အသက်အရ ဆိုရလျှင်... ကျွမ်းချန်က သူ့ထက် သုံးနှစ် ပိုကြီးသော်လည်း... ဂျူနီယာညီလေး ဆိုသည်မှာ ဂျူနီယာညီလေးပင် ဖြစ်သည်။
ဤအခြေအနေက... အမြဲတမ်း ဂျူနီယာ 'ကိုးလေး' အခန်းကဏ္ဍတွင်သာ နေသားကျနေခဲ့သော နင်ချီ့ကို... ပထမဆုံးအကြိမ်အဖြစ် စီနီယာအစ်ကို တစ်ယောက်၏ ခံစားချက်ကို မြည်းစမ်းခွင့် ပေးလိုက်သလိုပင်...။
*'အမြဲတမ်း ဂျူနီယာနေရာမှာ နေလာခဲ့ရတော့... အခုလို စီနီယာအစ်ကိုကြီး လုပ်ရတဲ့ ခံစားချက်က... တစ်မျိုးတော့ တစ်မျိုးပဲ။'
...
သန်းခေါင်ယံ။
အစစ်အမှန်သိုင်းတောင်၏ အပြင်ဘက်တွင်... အနက်ရောင်ဝတ် လူရိပ်တစ်ခုက တိတ်တဆိတ် ချဉ်းကပ်လာသည်။ အနီးကပ် သေချာကြည့်လိုက်မည်ဆိုလျှင်... ထိုသူမှာ အံ့ဩစရာပင်... ပြင်းပြသော အလှတရားကို ပိုင်ဆိုင်ထားသည့် စွဲမက်ဖွယ်ရာ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့ရပေမည်။
သူမမှာ အစောပိုင်းက စုရုံးခဲ့ကြသော 'မူလအမြုတေ နယ်ပယ်' ကျွမ်းကျင်သူများထဲမှ တစ်ဦးပင် ဖြစ်၏။
ထိုစွဲမက်ဖွယ် အမျိုးသမီး၏ မျက်နှာမှာ အနည်းငယ် မဲမှောင်နေသည်။ မဲနှိုက်ရာတွင် သူမကိုယ်တိုင် ပေါက်လိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါ။
*'သောက်ကျိုးနည်း... ကျောက်တုန်း...။ နင်နဲ့ အိပ်ရာပေါ်မှာ ဒီလောက် အကြိမ်ကြိမ် လိုက်လျောညီထွေ နေပေးခဲ့တာတောင်... အခုလို အန္တရာယ်များတဲ့ တာဝန်ကိုမှ ငါ့ကို ထည့်ရသလား။ ကိစ္စပြီးတာနဲ့ မျက်နှာလွှဲခေါင်းမာ လုပ်ချင်နေတဲ့ကောင်... နင် တကယ် အသုံးမကျတဲ့ကောင်ပဲ...'*
သူမက စိတ်ထဲမှ ခေါင်းဆောင်ဖြစ်သူကို ကျိန်ဆဲနေမိသည်။
မဲနှိုက်ခြင်းဟုသာ တံဆိပ်တပ်ထားသော်လည်း... ထိုအထဲတွင် မသမာမှု အနည်းငယ် မပါဝင်ဟု မည်သူက ပြောနိုင်မည်နည်း။
အဝေးမှ အစစ်အမှန်သိုင်းတောင်ကို လှမ်းကြည့်ရင်း... သူမ၏ ရင်ထဲတွင် တုန်လှုပ်မှု အစနအနကို ခံစားလိုက်ရသည်။
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ ဂုဏ်သတင်းမှာ... သဘာဝအတိုင်းပင် ကြောက်ရွံ့မှု တချို့ကို ဖြစ်ပေါ်စေပါ၏။
ကျောက်တုန်း၏ သုံးသပ်ချက်မှာ အတိုင်းအတာတစ်ခုအထိ ယုတ္တိတန်သည် ဆိုဦးတောင်... တာဝန် ထမ်းဆောင်ရန် သွားကြသော 'မူလအမြုတေ နယ်ပယ်' သိုင်းသမားများအားလုံးမှာ... မိမိတို့ကိုယ်ကို 'ယဇ်ပူဇော်ခံ' များအဖြစ် ကြိုတင် ပြင်ဆင်ထားကြပြီး ဖြစ်ကြောင်း လူတိုင်း နားလည်ကြသည်။
သို့မဟုတ်လျှင်... 'ကောင်းကင်အာရုံခံ ကူ' ကို အသင့်ပြင်ဆင်ထားလိမ့်မည် မဟုတ်။ ထို 'ကူ' ပိုးကောင်မှာ... ကောင်းကင်နှင့်မြေကြီး စွမ်းအား၏ လှုပ်ရှားတုန်ခါမှုကို အာရုံခံမိသည်နှင့် ချက်ချင်း ကြေမွသွားမည်ဖြစ်ပြီး... ၎င်း၏ သေစေနိုင်သော အဆိပ်များက အနီးအနားတွင် ပျံ့နှံ့သွားကာ... သေလမ်းတစ်ခုတည်းကိုသာ ဦးတည်စေပေလိမ့်မည်။
မည်သူကမျှ ဤအစီအစဉ်ကို ထူးဆန်းသည်ဟု ထင်ကြမည်မဟုတ်။ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ၏ ရှေ့မှောက်တွင်... 'မူလအမြုတေ နယ်ပယ်' သိုင်းသမားများမှာ အလွန်တရာ အားနည်းလှသည် မဟုတ်ပါလား...။ ထိုနယ်ပယ်နှစ်ခုကြားမှ ကွာဟချက်မှာ အလွန်တရာ ကြီးမားလှပေသည်။
သို့သော်... သူမသည် ဤတာဝန်ကို ငြင်းဆန်ရန် မဝံ့ရဲခဲ့ပါ။ အကြောင်းမှာ... ငြင်းဆန်ခြင်း၏ အကျိုးဆက်များက ပို၍ပင် ပြင်းထန်သောကြောင့် ဖြစ်သည်။
ယခု... ထိုစွဲမက်ဖွယ် အမျိုးသမီး၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် တောင်ပေါ်တွင် မရှိနေရန်... သို့မဟုတ်... ကျောက်တုန်း၏ ထင်ကြေးပေးချက်အတိုင်း... ထိုပုဂ္ဂိုလ်ကြီးက ဤကဲ့သို့ သေးငယ်သော ကိစ္စရပ်များအတွက် ဝင်မပါရန်... သာ ဖြစ်သည်။
ထိုသို့ဆိုလျှင်... သူမတွင် ရှင်သန်ရန် အခွင့်အရေးသေးသေးလေးတစ်ခု ရှိနိုင်ပြီး... တာဝန်ကို အောင်မြင်အောင် ပြီးမြောက်နိုင်ရန်ပင် မျှော်လင့်နိုင်သေးသည်။
အကယ်၍ သူမသာ 'မူလဓားအရိုး' ကို အမှန်တကယ် ယူဆောင်သွားနိုင်ခဲ့ပါက... ၎င်းမှာ ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး... ထိုအခါမှ ကျောက်တုန်းနှင့် အကြွေးများကို ပြန်လည် ရှင်းလင်းရပေတော့မည်။
*'ငါ တတ်နိုင်သမျှ အသံတိတ်နေမှ ဖြစ်မယ်... အကောင်းဆုံးကတော့... အဲ့ဒီ ဝတုတ်ကောင်လေးကို ဘယ်သူမှမသိဘဲ တိတ်တဆိတ် ဖမ်းသွားနိုင်ဖို့ပဲ...'*
ထိုစွဲမက်ဖွယ် အမျိုးသမီးသည် အနက်ရောင် မျက်နှာဖုံးတစ်ခုကို တိတ်တဆိတ် ဝတ်ဆင်လိုက်ပြီး... ညအမှောင်ကို အကာအကွယ်ယူကာ... အနည်းငယ် ထူးဆန်းသော ကိုယ်ဖော့သိုင်းတစ်ခုဖြင့် မြွေတစ်ကောင်ကဲ့သို့ ရှေ့သို့ လျှောတိုက် ရွေ့လျားသွားတော့သည်။
ကင်းလှည့်သူ အများအပြားကို ရှောင်တိမ်းပြီးနောက်... သူမသည် 'တာအိုရှာဖွေခြင်း ကျောင်းတော်' ရှိရာဘက်သို့ ဦးတည်လိုက်သည်။ သူတို့၏ ထောက်လှမ်းချက်များအရ... ကျွမ်းချန်သည် လက်ရှိတွင် အစစ်အမှန်သိုင်းဂိုဏ်း၏ နဝမမြောက် တပည့်ရင်း၏ နေရာတွင် နေထိုင်နေသည်ကို သူတို့ သိထားပြီးဖြစ်သည်။
...
နင်ချီက 'သိုင်းကျမ်းတိုက်' အတွင်း၌ 'ကောင်းကင်နဲ့မြေကြီး ကြိတ်စက်ဝန်း ချီစွမ်းအင်သန့်စင်ခြင်း နည်းစနစ်' ကို အသုံးပြု၍ ကျင့်ကြံနေခဲ့သည်။
'ရွှေကျောက်စိမ်း ဆေးလုံး' မရှိဘဲ ကျင့်ကြံရခြင်းမှာ အရှိန်အဟုန် မမြန်ဆန်သော်လည်း... သူသည် ခြေတစ်လှမ်းချင်း၊ တစ်ဆင့်ချင်း ဖြည်းဖြည်းချင်း စုဆောင်းသွားရန် လိုအပ်နေသည်။
ရုတ်တရက်...
သူ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး... ကျင့်ကြံခြင်းကို ရပ်တန့်ကာ... နေရာတစ်ခုသို့ လှမ်းမျှော် ကြည့်လိုက်သည်။
*'တစ်ယောက်ယောက် ခိုးဝင်လာတာလား...'*
နင်ချီ၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်ပေါက်လာသည်။
*'ငါ့ဘက်ကို ဦးတည်လာနေပုံပဲ... တိုက်ဆိုင်တာလား၊ ဒါမှမဟုတ်... ဆယ်လေးကို လာတာလား...'*
သူ၏ ပထမဆုံး အတွေးမှာ... တာအိုဆရာလုံရှန်း၏ အကြံအစည် အောင်မြင်သွားပြီ ဆိုသည့်အချက်ပင်။ အမှန်တကယ်ပင်... မြွေတစ်ကောင်ကို တွင်းထဲမှ ဆွဲဆောင်ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်... ဤအချက်ကို လုံးဝ အတည်ပြု၍ မရသေး။
အချိန်မဆိုင်းဘဲ...
နင်ချီသည် 'သိုင်းကျမ်းတိုက်' မှ ခြေလှမ်းထွက်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးရှိ ပုံပန်းသဏ္ဌာန်နှင့် အရပ်အမောင်းများ ပြောင်းလဲသွား၏။ အသက်ရှူလိုက်သည့် တစ်ခဏအတွင်းမှာပင်... သူသည် သာမန်ရုပ်ရည်ရှိသော တာအိုလူငယ်လေး တစ်ဦးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ဤ ကျူးကျော်ဝင်ရောက်လာသူ၏ နောက်ခံသမိုင်းကြောင်းကို မသိရသေးသည့်အတွက်... နင်ချီက သူ့ကို အရှင်ဖမ်းဆီးရန် ကြံစည်ထားသည်။ ပို၍ ငယ်ရွယ်သော ပုံစံကို ပြောင်းလဲထားခြင်းက... ထိုသူကို ပေါ့ဆသွားစေနိုင်သည် မဟုတ်လား။
မကြာမီမှာပင်...
နင်ချီသည် အရိပ်များကြားတွင် လျင်မြန်စွာ ဖြတ်ပြေးနေသော အနက်ရောင်ဝတ် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုသူမှာ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း 'သိုင်းကျမ်းတိုက်' နှင့် 'တာအိုရှာဖွေခြင်း ကျောင်းတော်' ရှိရာဘက်သို့ ချောင်းမြောင်းလာနေခဲ့သည်ပင်။
*'ကြည့်ရတာ... ကောင်းကင်ဘုံလူသားနယ်ပယ် အဆင့်တော့ မဟုတ်ဘူးပဲ... မူလအမြုတေ နယ်ပယ်လား...'*
နင်ချီက အချိန်ကိုက် လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။ သူ လိုချင်သည်မှာ... ရန်သူက သူ့ကို အထင်သေးပြီး ပေါ့ဆသွားစေရန် ဖြစ်သည်။ သူ၏ ပကတိအစွမ်းကို ပြသ၍ မဖြစ်သေး။ ထိုသို့ပြသလိုက်ပါက... ရန်သူက မိမိကိုယ်ကိုယ် အဆုံးစီရင်သွားနိုင်ပြီး... သူ၏ အဓိကရည်ရွယ်ချက်မှာ ထိုသူကို အမှတ်မထင်၊ ရုတ်တရက် အလစ်အငိုက် ဖမ်းဆီးရန် ဖြစ်သည်။
စွဲမက်ဖွယ် အမျိုးသမီးမှာ အစစ်အမှန်သိုင်းဂိုဏ်းအတွင်း ဖြတ်သန်းသွားလာရင်း... ကင်းလှည့်သူ အများအပြားကို ရှောင်တိမ်းနိုင်ခဲ့ပြီးနောက်... စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်နေမိသည်။
တာအိုဆရာလုံရှန်းမှလွဲ၍... ကျန်သူများမှာ အားနည်းသော သိုင်းသမားလေးများသာ ဖြစ်သည်ဟု သူမ ထင်မှတ်နေ၏။
သူမ၏ စိတ်ထဲတွင် ကျေနပ် မိသွားသည့် ထိုအချိန်မှာပင်... ရုတ်တရက်... သူမ၏ နှလုံးသားက ခုန်တက်သွားတော့သည်။
သူမသည် မွေးရာပါအသိဖြင့်ပင်... ဘေးဘက်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ မူလအမြုတေမှ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး... အလွန်တရာ ပြင်းထန်လှ၏။
"ဘုန်း!"
အသံတစ်သံ ထွက်ပေါ်လာသည်။
တိုက်ခိုက်သူမှာ သူမ၏ လက်ဝါးဖြင့် ရင်ဘတ်ကို အတိအကျ အရိုက်ခံလိုက်ရပြီး... အဝေးသို့ လိမ့်ထွက်သွားကာ... လေထဲတွင် သွေးပေါင်းများစွာကို အန်ထုတ်လိုက်တော့သည်။
စွဲမက်ဖွယ် အမျိုးသမီး၏ အမြင်အာရုံမှာ အလွန်တရာ ကောင်းမွန်လှရာ... တိုက်ခိုက်သူ၏ မျက်နှာကို ချက်ချင်း မြင်လိုက်ရသည်။ ထိုသူမှာ... သာမန်ရုပ်ရည်ရှိသော တာအိုလူငယ်လေး တစ်ဦးဖြစ်ပြီး... သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း မမြင့်မားလှဘဲ... 'မြူဖြူနယ်ပယ်' တွင်သာ ရှိသေးသည်။
သူမ အနည်းငယ် သက်ပြင်းချလိုက်မိသော်လည်း... သတိကိုမူ လက်မလွှတ်သေး။ သူမ၏ မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။
သူမ... အခု... အစစ်အမှန်သိုင်းဂိုဏ်းထဲတွင် ရှိနေသည်ကို မမေ့သေးပါ။ အကယ်၍... အသံကျယ်လောင်သွားပြီး တခြားသူများကို ဆွဲဆောင်မိသွားပါက... အခြေအနေ မကောင်းနိုင်တော့။
*'မြန်မြန်... လက်စတုံးမှ ဖြစ်မယ်...'*
တစ်ခဏအတွင်းမှာပင်... ထိုစွဲမက်ဖွယ် အမျိုးသမီးသည် သူမ၏ ဗျူဟာကို ချမှတ်လိုက်သည်။ ထိုလူငယ်လေး မတုံ့ပြန်နိုင်ခင်၊ တခြားသူများကို အကူအညီ မခေါ်နိုင်ခင်... သူ့ကို အမြန်ဆုံး အလဲထိုးရန် လိုအပ်သည်။
ထိုအမျိုးသမီးက သူမ၏ ခြေဖျားများကို မြေတွင် အကြိမ်ကြိမ် ပုတ်ခတ်လိုက်ပြီး... သူမ၏ မူလအမြုတေကို တုန်ခါစေကာ... ချီစွမ်းအင်များကို ပေါက်ကွဲစေလိုက်သည်။
သူမ၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လှပြီး... ညအမှောင်ထဲမှ လျှပ်စီးတစ်ချက်ကဲ့သို့ပင်...။
သူမ... လုံးဝ ညှာတာနေခြင်း မရှိပါ။
အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ပြီး... လေထဲတွင် သွေးအန်နေသော ထိုလူငယ်လေး မြေပြင်ပေါ်သို့ ပြန်မကျမီမှာပင်... သူမက အနားသို့ ရောက်ရှိသွားခဲ့ကာ... သေစေနိုင်သော ထိုးနှက်ချက်တစ်ချက်ကို ပေးပို့ရန် အသင့်ပြင်လိုက်သည်။
စွဲမက်ဖွယ် အမျိုးသမီး၏ မျက်လုံးများထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာ၏။
သို့သော်... ချက်ချင်းဆိုသလိုပင်...
ထိုသတ်ဖြတ်လိုစိတ်မှာ... အလွန်အမင်း အံ့ဩတုန်လှုပ်ခြင်းသို့ ပြောင်းလဲသွားရတော့သည်။
သူမ... မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။ ထိုလူငယ်လေးက... သူမကို စိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်ဝန်းများထဲတွင်... မည်သည့်ခံစားချက်မှ မရှိ...။... 'လှောင်ပြောင်'သောအရိပ်အယောင်... အနည်းငယ်ပင် သန်းနေသေးသည်။
စွဲမက်ဖွယ် အမျိုးသမီးသည် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသော်လည်း... သူမ တုံ့ပြန်ရန် အချိန်မမီတော့။ သူမ၏ မျက်လုံးများထဲမှ အံ့ဩမှုမှာ... နက်ရှိုင်းသော ထိတ်လန့်တုန်လှုပ်ခြင်းသို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
သူမ မြင်လိုက်ရသည်မှာ... ထိုလက်များ... ညင်သာစွာ ဝှေ့ယမ်းလိုက်သည်ကိုပင်...။
သူမ၏ ပြင်းထန်လှသော ချီစွမ်းအင်များမှာ... လွယ်ကူစွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုအခြေအနေမှာ... ယင်ကောင်တစ်ကောင်ကို ပုတ်ထုတ်လိုက်သကဲ့သို့ပင်...။ မဟုတ်သေး... ဖုန်မှုန့်လေးတစ်ခုကို လက်ဖြင့် ပွတ်တိုက်လိုက်သကဲ့သို့... လုံးဝ မယုံနိုင်စရာ ကောင်းလောက်အောင်... လွယ်ကူလွန်းနေသည်။
အဆုံးအစမရှိသော... တန်ခိုးစွမ်းအားကြီးတစ်ခုက သူမအပေါ်သို့ ဖိနှိပ်ကျရောက်လာသည်။ သူမ... လုံးဝ မခုခံနိုင်ခဲ့...။ တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တော့ဘဲ... လက်ချောင်းလေးတစ်ချောင်းပင် အနာခံ၍ မရတော့လောက်အောင်... သူမ၏ အတွင်းမှ ချီစွမ်းအင်များအားလုံးကို အတင်းအကျပ် ဖိနှိပ်ချုပ်နှောင်ခြင်း ခံလိုက်ရသည်။
*'ဒါ... ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ... ဘာလို့... ကောင်းကင်အာရုံခံ ကူ က ဘာမှ တုံ့ပြန်မှု မရှိတာလဲ... ဒီလူ... ဒီလူ... ကောင်းကင်ဘုံလူသားနယ်ပယ် အဆင့် မဟုတ်ဘူးလား...'*
'ကောင်းကင်ဘုံလူသားနယ်ပယ်' သည် 'မူလအမြုတေ နယ်ပယ်' ထက် သာလွန်ရခြင်းမှာ... ကောင်းကင်နှင့်မြေကြီး စွမ်းအား၏ ကောင်းချီးပေးမှုကို ရရှိထားသောကြောင့် ဖြစ်သည်။ အကယ်၍... ကောင်းကင်နှင့်မြေကြီး စွမ်းအားကို အသုံးမပြုဘဲ... 'ကောင်းကင်ဘုံလူသား' တစ်ယောက်က 'မူလအမြုတေ' ကျွမ်းကျင်သူတစ်ဦးကို... မိမိကိုယ်ကိုယ် အဆုံးစီရင်ရန်ပင် မစွမ်းနိုင်လောက်အောင်... လုံးဝ မလှုပ်ရှားနိုင်အောင် ပြုလုပ်နိုင်မည် မဟုတ်ပါ။
ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက သူမ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသော်လည်း... သူမ... လှုပ်ရှားရန် စွမ်းအား တစ်စုံတစ်ရာ မရှိတော့။
လက်တစ်ဖက်က... သူမ၏ လည်ပင်းကို ဆုပ်ကိုင်လာသည်။
နင်ချီ၏ တည်ငြိမ်အေးဆေးသော အသံက ပဲ့တင်ထပ်လာ၏။
"မိပြီပေါ့။”