မြေနတ်ဘုရားသားရဲ
Vol. 53 Ch. 793
ကြီးမားသောသစ်ကိုင်းလက်တံရှည်ကြီးများရှိသည့်သားရဲမှာအလွန်စွမ်းအားကြီးမားပြီး သူ့ရဲ့နွယ်ပင်ရှည်ကြီးများကပတ်၀န်းကျင်တခုလုံးအားလွှမ်းခြုံနေလေသည်။
ကျိုးဟောင်၏အမူအရာမှာလည်းပျက်ယွင်းနေလေသည်။သူသည် အရိပ်ဓား၇ချောင်းအားအသုံးပြုကာမရေမတွက်နိုင်သောအရိပ်ဓားများဖြင့်နွယ်ပင်များအားခုတ်ဖြတ်နေလေသည်။
ထော့စလိတန်နှင့်ဂျော့ခ်ျမှာ ပါးစပ်အဟောင်းသားဖြစ်နေခဲ့ကြလေသည်။သူတို့သည် ကျိုးဟောင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အစွမ်းထက်ကြောင်းသိသော်လည်း ဒီလောက်ထိစွမ်းအားကြီးလိမ့်မည်လို့မထင်ထားခဲ့ကြပေ။
"ကောင်းတယ် ကျိုးဟောင် မင်းကအရမ်းသန်မာတာပဲ အဲ့အကောင်ကြီးကိုသတ်လိုက်တော့"
ဂျော့ခ်ျကရုတ်တရက်ထအော်လာလေသည်။ထိုအချက်ကကျိုးဟောင်အားစိတ်ပျက်သွားစေလေသည်။ ဒီသူတောင်းစားလေးက သူ့အားရှေ့ထွက်ပြီးတိုက်ခိုက်စေရုံသာမက မြှောက်ထိုးပင့်ကော်လုပ်နေသေးလေသည်။
ကျိုးဟောင်တွင်သူတော်စင်ဘုံအဆင့်ကျင့်ကြံရေးရှိသော်လည်း ဒီသစ်ပင်သားရဲ၏သစ်ကိုင်းလက်တံများကလည်း အားမနည်းပေ။ဒါ့အပြင် ဒီသားရဲ၏ လက်တံများလည်း အဆုံးမရှိသည့်အလား များပြားလှပေသည်။
ဒီအတိုင်းသာဆက်သွားပါက အခြေအနေမဟန်ကြောင်းကိုကျိုးဟောင်သဘောပေါက်လေသည်။ထို့ကြောင့်ဂျော့ခ်ျ့အားစိုက်ကြည့်ပြီး ဒေါသတကြီးပြောလိုက်လေသည်။
"မင်းဖင်ကြီးကိုကောင်းနေလိုက်..... မြန်မြန်ဒီကထွက်နိုင်ဖို့နည်းကိုစဉ်းစားတော့ အရမ်းမနောက်ကျသွားခင်"
ကျိုးဟောင်ကပြောလိုက်လေသည်။ တကယ်လို့ဒီလက်တံကြီးများထံဖမ်းမိသွားပါက သူတို့အနေဖြင့်သဂြိုလ်စရာအလောင်းတောင်ကျန်မည်မဟုတ်ပေ။
ထိုစကားကိုကြားသောအခါ ဂျော့ခ်ျနှင့်ထော့စလိတန်မှာတုန်လှုပ်သွားခဲ့လေသည်။ ကျိုးဟောင်လိုမျိုးသန်မာသည့်သူကတောင်ဒီသားရဲကြီးအား မဖြေရှင်းနိုင်လျှင် သူတို့အတွက်ဆို တွေးတောင်မတွေးဝံ့ပေ။
ထို့နောက် ဘာစကားမှမပြောတော့ပဲ သူတို့နှစ်ယောက်မှာ ထွက်ပြေးမည့်နည်းလမ်းအားစဉ်းစားကြလေသည်။
"ဒီနေရာက ကန္တာရကြီးပဲ ငါတို့လွတ်ချင်ရင် ဒီကန္တာရထဲကနေထွက်သွားရုံပဲ။ ဒါပေမဲ့မြေပုံအရ ရတနာသိုက်ကဒီနားမှာလို့ပြထားတယ်။ တကယ်လို့ငါတို့ထွက်ပြေးသွားရင် ငါတို့လုပ်ခဲ့သမျှကအချည်းအနှီးဖြစ်သွားမှာ"
ဂျော့ခ်ျကပြောလာခဲ့လေသည်။ ထော့စလိတန်လည်းသူနှင့်အတွေးတူလေသည်။
"ကောင်းပြီ ငါတို့တပြိုင်နက်ထဲရတနာတွေယူပြီးထွက်ပြေးနိုင်ဖို့ကြိုးစားရမယ်။ ငါ့အဖေကငါ့ကိုကိရိယာတွေပေးလိုက်ပေမဲ့ ငါသုံးကြည့်ဖို့အခွင့်အရေးမရခဲ့ဘူး။ အခုတော့ငါစမ်းကြည့်မှရတော့မယ်"
ဂျော့ခ်ျမှာ ပြောပြီးနောက် သူ့ကျောပိုးအိတ်ထဲမှ ထူးဆန်းသောပစ္စည်းတစ်ခုကိုထုတ်လိုက်လေသည်။ လက်တံများနှင့်တိုက်ခိုက်ရင်းအလုပ်များနေသောကျိုးဟောင်တောင်မှ ဂျော့ခ်ျလက်ထဲမှထူးဆန်းသောပစ္စည်းကိုမြင်ပြီးအံ့ဩသွားလေသည်။
"ဒီတခါထုတ်လိုက်တာကရောဘာပစ္စည်းလဲ"
ကျိုးဟောင်ကမေးလိုက်လေသည်။
"ဟဲဟဲ ဒါကပစ္စည်းကောင်းလေးပါ။ သံလိုက် စက်ကွင်းမုန်တိုင်းလို့ခေါ်တယ်။ ဒီဟာလေးကိုသုံးလိုက်တာနဲ့ အလွန်အားကောင်းပြီး အဖျက်စွမ်းအားကြီးတဲ့သံလိုက်စက်ကွင်းမုန်တိုင်းတစ်ခုကိုထုတ်လွှတ်ပေးတယ်။ ဒီဟာရဲ့အဖျက်စွမ်းအားကို ၅ဆင့်မြောက်သူတော်စင်ဘုံတစ်ယောက်တောင်မှ ရှောင်ဖို့မလွယ်ကူဘူး"
"ကျိုးဟောင် ဖယ်လိုက်တော့ ငါလုပ်လိုက်မယ်"
ဂျော့ခ်ျကအော်ဟစ်ရင်း ခုန်၀င်လာလေသည်။
ထို့နောက် ထိုထူးဆန်းသောအရာလေးကိုဖွင့်လိုက်သောအခါ အရမ်းပြင်းထန်သောဖိအားတစ်ခုကပွင့်ထွက်လာခဲ့လေသည်။
ထိုအရာမှာ ခရမ်းနှင့်အပြာရောင်ရောနှောနေသောသံလိုက်စက်ကွင်းမုန်တိုင်းတစ်ခုဖြစ်လေသည်။ ထိုအရာမှာ တကယ့်ကိုကြောက်မက်ဖွယ်ကောင်းလေသည်။
ကျိုးဟောင်လည်းထိုမုန်တိုင်းကိုကြည့်ပြီး ကျောထဲစိမ့်သွားလေသည်။တကယ်လို့သူသာ ဒီမုန်တိုင်းထဲပါသွားပါက ရှေးဟောင်းခန္ဓာသိုင်းနှင့် ငှက်မွှေးတစ်ထောင်ချပ်၀တ်ရှိရင်တောင်မှ ဒဏ်ရာအပြင်းအထန်ရနိုင်ချေရှိလေသည်။
"ကောင်းလှချည်လား ဂျော့ခ်ျမှာ ဒီလိုပစ္စည်းကောင်းတွေရှိမယ်မထင်ထားမိဘူး"
ဖားကတောင်မှ၀င်ပြောလာလေသည်။
"အဲ့တာဘာလဲသိတယ်ပေါ့"
ကျိုးဟောင်ကမေးလိုက်လေသည်။
"ဒါပေါ့ ငါကအရာအားလုံးကိုသိတယ်။ အဲ့အရာကစွမ်းအင်အကန့်လေးတွေပါတဲ့ပစ္စည်းပဲ။ အဲ့အရာက သံလိုက်စက်ကွင်းမုန်တိုင်းတွေကိုသိမ်းထားနိုင်သလို ထုတ်လည်းထုတ်လွှတ်ပေးနိုင်တယ်။ အဲ့ကထုတ်လွှတ်တဲ့သံလိုက်စက်ကွင်းမုန်တိုင်းတွေက ကောင်းကင်ကိုတောင်ပျက်စီးသွားစေနိုင်တယ်။ ဒီအရာနဲ့ဆိုရင်တော့ ဒီသစ်ပင်သားရဲကြီးက သေသွားနိုင်တယ်"
ဖား၏စကားကြောင့်ကျိုးဟောင်လည်းယုံကြည်မှုရှိသွားလေသည်။
ဒီအပြာရောင်နှင့်ခရမ်းရောင်ရောယှက်နေသောမုန်တိုင်းကြီးက သစ်ပင်သားရဲကြီးအား လွှမ်းခြုံကာတိုက်စားနေသည်ကိုမြင်သောအခါ ကျိုးဟောင်လည်း သူတို့အောင်မြင်သွားပြီလို့ခံစားလိုက်ရလေသည်။
သစ်ပင်သားရဲကြီးဆီမှ မီးခိုးရောင်အငွေ့များထွက်လာကာ တဖြေးဖြေးသေဆုံးသွားကြောင်းတွေ့မြင်နေရလေသည်။
"ဟားဟားး ဂျော့ခ်ျမင်းကတော့တကယ့်ကောင်ပဲ"
ကျိုးဟောင်လည်းပြောရင်းခုမှ စိတ်အေးသွားရလေသည်။
"ဟဲဟဲဟုတ်တာပေါ့ ငါကလွယ်လွယ်တော့ မလှုပ်ရှားတတ်ဘူး။ ဒါပေမဲ့ငါလှုပ်ရှားလိုက်ပြီဆိုရင်လည်း ထိခိုက်ပျက်စီးစေတာပဲ"
ဂျော့ခ်ျကလည်း ဂုဏ်ယူနေသည့်ပုံဖြင့်ပြောလာလေသည်။ ထော့စလိတန်မှာ ဂျော့ခ်ျကိုကြည့်ရင်း မယုံကြည်နိုင်ဖြစ်နေလေသည်။
သိပ်မဝေးသောနေရာတစ်ခုတွင်သူတို့အဖွဲ့အားစောင့်ကြည့်နေသော ကျိရိုလာလာမှာ ထိုမြင်ကွင်းကြောင့်တုန်လှုပ်သွားလေသည်။
"ဒီလူတွေကတကယ့်ကိုစွမ်းအားကြီးတာပဲ။ ဒီလိုအဆင့်ရှိတဲ့သားရဲကိုတောင်အနိုင်ယူနိုင်တာပဲ။ အထူးသဖြင့်သူတို့ထွက်ပြေးဖို့အခွင့်အရေးရခဲ့ပေမဲ့ထွက်မပြေးခဲ့ဘူးပဲ။ ကြည့်ရတာ ဒီနားမှာ ရတနာသိုက်ရှိနိုင်ချေ ၈၀%လောက်ရှိတယ်"
ကျိရိုလာလာမှာ တုံးအသူမဟုတ်သောကြောင့်အခြေအနေကိုအကဲခတ်ပြီးသဘောပေါက်သွားလေသည်။
"ဟွန်း သူတို့တွေ တစ်ယောက်မှဒဏ်ရာမရသွားဘူးပဲ။ တကယ်လို့သူတို့သာ ခြေလက်တွေပြတ်သွားခဲ့ရင် ငါ့အတွက်ပိုလွယ်ကူသွားမှာ။ ရတနာတွေလည်းငါ့အပိုင်ဖြစ်သွားမှာ"
ကျိရိုလာလာမှာ အနည်းငယ်နောင်တရနေလေသည်။သူမအနေဖြင့် ကျိုးဟောင်တို့နှင့် သားရဲကြီးတို့တိုက်ခိုက်ရင်း နှစ်ဖက်လုံးဒဏ်ရာအပြင်းအထန်ရသွားဖို့မျှော်လင့်နေလေသည်။
ကျိုးဟောင်တို့မှာ ကျိရိုလာလာအားသတိမထားမိဘဲ လက်ရှိအချိန်တွင်ပျော်ရွှင်နေကြလေသည်။
"မြေပုံအရဆိုရင် ရတနာတွေက ဒီနားမှာပဲ။ အဲ့အရာတွေ မြေကြီးအောက်ထဲမှာရှိနိုင်မယ်လို့ငါသံသယရှိတယ်။ လာသွားပြီး ရှာကြည့်ရအောင်"
ဒီတကြိမ်တွင်ထော့စလိတန်ကပြောလာလေသည်။သူတို့၏မြေပုံမှာ ပိုမိုတိကျပြီး အခြားသူများ၏မြေပုံများလို ပဟေဠိများ အမှားများမရှိပေ။
"ကောင်းပြီ"
ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်လေသည်။
သို့သော်ထိုအချိန်တွင် မြေပြင်တခုလုံးတုန်ခါလာခဲ့လေသည်။ ထို့နောက် အနက်ရောင်သစ်ကိုင်းကြီးတခုလှုပ်ရှားလာခဲ့ပြီး ထိုသစ်ကိုင်းကြီးဆီမှ အစိမ်းရောင်ရွှင်ပြပြအရာတခုထွက်ပေါ်လာခဲ့လေသည်။
"ဟာ...ချီးပဲ"
ကျိုးဟောင်တို့၃ယောက်မှာ ရေရွတ်လိုက်မိကြလေသည်။
"အဲ့ဟာကြီးကမသေသေးဘူးလား။ ကျိုးဟောင် ငါတို့ဆက်ရင်ဆိုင်ဖို့မဖြစ်နိုင်တော့ဘူး။ ပြေးကြရအောင် ငါတို့မနိုင်နိုင်ဘူး"
ဂျော့ခ်ျကချက်ချင်းပြောလာလေသည်။ သူမပြောရင်တောင်မှ ကျိုးဟောင်မှာ ပြေးဖို့စဉ်းစားထားခဲ့လေသည်။
သို့သော်အရာအားလုံးနောက်ကျသွားခဲ့လေပြီ။ သစ်ပင်သားရဲကြီး၏ သစ်ကိုင်းလက်တံများမှာ မြေကြီးထဲမှ ထိုးဖောက်ထွက်လာကြလေသည်။
၎င်းမှာဂျော့ခ်ျ၏လက်နက်ကြောင့်ဒေါသထွက်သွားပြီးဟိန်းဟောက်နေလေသည်။ ကျိုးဟောင်လည်းမျက်နှာပျက်သွားခဲ့လေသည်။ အခုမှတော့ ရင်ဆိုင်ဖို့နောက်ကျသွားခဲ့လေပြီ။
ကီလိုမီတာဒါဇင်ကျော်လောက်မှာ သစ်ပင်သားရဲကြီး၏လက်တံများဖုံးလွှမ်းခြင်းကိုခံလိုက်ရလေသည်။
ဒီတကြိမ်တော့ ကျိုးဟောင်တို့မှာ သစ်ပင်သားရဲကြီး၏ခန္ဓာကိုယ်အစစ်အမှန်ကိုတွေ့လိုက်ရလေသည်။ ဒီမိုးမခသစ်ပင်သားရဲကြီးမှာ သာမန်သားရဲတစ်ကောင်မဟုတ်ဘဲ မိစ္ဆာကြီးဖြစ်နေလေသည်။
၎င်း၏မျက်လုံးများမှာ ဆင်တစ်ကောင်၏ အရွယ်အစားရှိလေသည်။ ဒါ့အပြင်ဒီလက်တံဟုထင်မှတ်နေသောအရာများမှာလည်း လက်တံမဟုတ်ဘဲ ၎င်း၏ဆံပင်များဖြစ်နေလေသည်။
ကျိုးဟောင်မှာ ကျောထဲမှစိမ့်ခနဲခံစားလိုက်ရပြီး အမူအရာမှာ လုံး၀ပျက်ယွင်းသွားလေသည်။
"ဘုရား... ဘုရား....ဒါ....ဒါ.... ဒါကအရွယ်ရောက်နေတဲ့ မြေနတ်ဘုရားသားရဲပဲ။ အဲ့ကောင်တွေကိုမျိုးတုန်းပျောက်ကွယ်သွားပြီထင်နေတာ ဒီမှာရှိနေသေးတာပဲ"
ဖား၏ထိတ်လန့်နေသောအမူအရာကြောင့်ကျိုးဟောင်လည်းတုန်လှုပ်သွားလေသည်။
ကျိုးဟောင်မှာ မြေနတ်ဘုရားသားရဲဆိုသည်မှာ ဘာမှန်းမသိသော်လည်း ဖား၏ထိတ်လန့်နေမှုကိုတော့သူခံစားမိလေသည်။
" မြေနတ်ဘုရားသားရဲကဒီရောက်နေတာပဲ ဒါ...ဒါဆို မြေနတ်ဘုရားဝိညာဉ်ကလည်း ဒီမှာပဲပေါ့။ ဟေ့ကောင်ဂျယ်လီဖြူ ထစမ်း.."
ဖားကတစုံတခုကိုတွေးမိသွားပြီး သူ့အမူအရာမှာ ထိတ်လန့်နေရာမှ ကျေနပ်သွားသည့်ပုံပြောင်းသွားလေသည်။
ထိုအချိန်တွင် မြေနတ်ဘုရားသားရဲကြီးမှာ ၎င်း၏ပါးစပ်ကြီးကိုဟပြီး အရာအားလုံးကိုမျိုချဖို့ကြိုးစားနေလေသည်။ မကြာမီပင် သူ့ရှေ့ရှိအရာအားလုံးမှာ ပျောက်ကွယ်သွားခဲ့လေသည်။
....................................................................................
အခန်း (၇၉၃) ပြီးပါပြီ။