အခန်း (၂၂၆-၂၃၀)
Vol. 16 Ch. 226-230
Chapter 226
မူတောင်ပရဝုဏ်...
ယခုချိန်တွင် လူအများသည် ဤနေရာအတွင်းသို့ မသွားဝံ့ကြချေ။
အကြောင်းအရင်းမှာ သူတို့သည် တောင်တန်း၏ပြင်ပ၌ နေရုံဖြင့်ပင် အတွင်းမှ နတ်ဆိုးမှော်သားရဲများ၏ဟိန်းဟောက်သံများနှင့်အော်ဟစ်သံများကို မကြာခဏ ကြားနေရသောကြောင့်ပင်။
တောတောင်များအတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို လူအများစုမသိရှိကြချေ။
အမှန်အားဖြင့် ဤတောတောင်အတွင်း၌ မြေပြင်ပေါ်ရှိသက်ရှိငရဲအလား ကြီးမားသောအပြောင်းအလဲများ ဖြစ်ပွားသွားခြင်းကို သိရှိသူဟူ၍ လူနည်းစုသာရှိသည်။
လူသားများနှင့်နတ်ဆိုးသားရဲများ၏အလောင်းများသည် ပေါင်းပင်များအကြား တောင်ကျစမ်းချောင်းများနှင့်တောင်ကြားများစသဖြင့် နေရာအနှံ့အပြားတွင် ပြန့်ကျဲနေသည်။ ဤတောင်တန်းပရဝုဏ်တစ်ခုလုံး သွေးညှီနံများဖြင့် ပြည့်နှက်သွားပေ၏။
ကံကောင်းထောက်မစွာဖြင့် မိုးတစ်မိုးရွာသွန်းလာသဖြင့် ဤမနှစ်မျို့ဖွယ်အနံ့အသက်တချို့ ပျက်ပြယ်သွားသည်။
သို့ရာတွင် လေထုသည် ပို၍မှုန်မှိုင်းပြီး အေးစက်လာသည်။
ချောက်နက်ကြီးတစ်ခုအတွင်း၌...
ဤနေရာတွင် စခန်းချနေသော လူသားကျင့်ကြံသူများကို သူတို့၏ဝတ်စုံများအရ အကဲဖြတ်ကြည့်ပါက နတ်ဘုရားဓားဂိုဏ်းနှင့်လီမိသားစုတို့မှ လူများဖြစ်နေသည်။
သို့ရာတွင် နတ်ဘုရားဓားဂိုဏ်းမှ တပည့်များ၏စိတ်ဓာတ်များ အလွန်အမင်းကျဆင်းနေလေပြီ။ သူတို့အားလုံး၏ဝတ်စုံများသည် ဘိုသီဘတ်သီဖြစ်နေပြီး ညစ်ပတ်ပေကျံနေကာ လူအများစုသည် ဒဏ်ရာရရှိထားပေ၏။
ထို့ပြင် နတ်ဘုရားဓားဂိုဏ်းနှင့်လီမိသားစုများမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည်လည်း ဤနေရာတွင်ရှိနေသည်။
နှစ်ဖက်စလုံးမှ ထိပ်သီးတိုက်ခိုက်ရေးစွမ်းအားပိုင်ရှင်များဖြစ်သည့် သိုင်းဘိုးဘေးဆယ်ယောက်ကျော်အပြင် လီရမ်ဟို လီကျားရှင်း ရှမိုကျူးတို့လည်းရှိနေကာ နတ်ဘုရားဓားဂိုဏ်း၏ဂိုဏ်းချုပ်ယန်ထန်းယုနှင့် လီမိသားစုခေါင်းဆောင် လီရှုဟွာတို့လည်း ရောက်ရှိနေကြသည်။
ယန်ထန်းယုသည် အရပ်ရှည်သော ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဓားနှင့်တူသောမျက်လုံးတစ်စုံရှိကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုံပန်းသွင်ပြင်ရှိသည်။
လီရှုဟွာကိုကြည့်ရသည်မှာ သန့်စင်မွန်မြတ်ကာ ကျောင်းတော်သားတစ်ယောက်၏စရိုက်သဘာဝမျိုး ရှိနေလေ၏။
သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ သူတို့အားလုံး၏မျက်နှာများပေါ်တွင် စိုးရိမ်သောကများရှိနေကာ အလွန်တည်ကြည်လေးနက်သောအမူအယာများရှိနေသည်။
"ဒါတွေအားလုံးက ငါ့ရဲ့အပြစ်ပဲ...ဒါက ငါ မျက်လုံးကန်းခဲ့လို့ဖြစ်တာ...ငါ အဆင်အခြင်မဲ့ခဲ့လို့ဖြစ်တာပဲ"
ဤအခြေအနေအောက်တွင် လီရမ်ဟိုသည် သူမ၏စိတ်နှလုံးသားအတွင်းရှိ နောင်တ၏ညှင်းပန်းနှိပ်စက်မှုကိုခံရကာ မျက်ရည်များကို ထိန်းမထားနိုင်တော့ချေ။
ထိုအချိန်တုန်းက သူမ မတော်တဆပျောက်ဆုံးသွားခဲ့သော ဆေးအိတ်လေးကြောင့် ဤကဲ့သို့ အကျိုးဆက်များထိ ဖြစ်သွားလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။
ဤအချိန်အတောအတွင်းတွင် နတ်ဘုရားဓားဂိုဏ်းနှင့်လီမိသားစုသည် ဤဆေးအိတ်ကိုရှာဖွေရင်း မူတောင်ပရဝုဏ်အတွင်းရှိ နတ်ဆိုးသားရဲများနှင့် ပြင်းထန်သောတိုက်ပွဲများကို နေ့စဥ်ရက်ဆက် ဆင်နွှဲခဲ့ရသည်။
သူတို့သည် နတ်ဆိုးသားရဲများအပေါ် ကြီးမားသောဆုံးရှုံးမှုများကိုဖြစ်စေသော်လည်း ဤမူတောင်သို့လာသော လီမိသားစုနှင့်နတ်ဘုရားဓားဂိုဏ်းမှ တပည့်များ၏အရေအတွက် တစ်ဝက်ခန့်သည်လည်း ဆုံးရှုံးခဲ့ရပေ၏။
ထို့ပြင် မတော်တဆမှုအမြောက်အများသည်လည်း ဖြစ်ပွားနေဆဲပင်။
မူလက သူတို့သည် ဆေးအိတ်ကို ပြန်လည်ရှာတွေ့ခဲ့သည်။ ထို့နောက် လူတိုင်းမှအကဲဖြတ်ပြီးနောက် ဤဆေးအိတ်သည် သူတော်စင်အဆင့်ထက်ပိုသော ပစ္စည်းတစ်ခုဖြစ်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။
ဤအရာသည် အင်ပါယာအဆင့် သို့မဟုတ် ပို၍မြင့်မားသောအဆင့်၌ပင် ရှိနေနိုင်သည်။
လီမိသားစုနှင့်နတ်ဘုရားဓားဂိုဏ်းတို့မှလူများသည် စိတ်လှုပ်ရှားမှုကြောင့် သတိလစ်မေ့မျောသွားတော့လုမတတ်ပင်။ သို့ရာတွင် သူတို့ အိမ်ပြန်ခါနီးအချိန်မှာပင် နောက်ထပ်မတော်တဆကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
ယခင်က တစ်ကြိမ်မှထွက်ပေါ်လာလေ့မရှိသော နန်ရှားနယ်မြေ၏မဟာနတ်ဆိုးသားရဲ စုန်ကီသည် ရုတ်တရက် သူတို့အား တိုက်ခိုက်လေ၏။ နှစ်ဖက်စလုံးတွင် ပြင်းထန်သောအသေအပျောက်များရှိရုံသာမက ထိုဆေးအိတ်ကိုလည်း လုယူသွားခြင်းခံလိုက်ရသည်။
ဒေါသတကြီးဖြင့် လီမိသားစုခေါင်းဆောင်နှင့် နတ်ဘုရားဓားဂိုဏ်း၏ဂိုဏ်းချုပ်တို့သည် ဆေးအိတ်ကိုပြန်ယူရန်ရည်ရွယ်၍ သူတို့ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အင်ပါယာအဆင့် သို့မဟုတ် ထို့ထက်ပို၍ပင်မြင့်မားနေနိုင်သော တည်ရှိမှုကြီးတစ်ခုပင်။
ဤရတနာပစ္စည်းနှင့်အတူ အင်အားစုနှစ်စုလုံးသည် နန်ရှားနယ်မြေမှခုန်ထွက်ကာ သူတို့၏အင်အားစုများကို ပို၍မြင့်မားသောအဆင့်သို့ ပို့ဆောင်နိုင်ပေမည်။
ထို့ကြောင့် နောက်ပိုင်းအချိန်များအတွင်းတွင် လီမီသားစုနှင့်နတ်ဘုရားဓားဂိုဏ်းတို့သည် ဆေးအိတ်ကိုပြန်ရရန်အတွက် စုန်ကီ၏လက်အောက်ခံနတ်ဆိုးသားရဲများနှင့် ပြင်းထန်သောတိုက်ပွဲအမြောက်အများကို ဆင်နွှဲခဲ့သဖြင့် မတော်တဆကိစ္စရပ်ကြီး ပို၍ကြီးထွားလာခဲ့သည်။
သို့ရာတွင် သူတို့သည် စုန်ကီကို လျှော့တွက်နေကြဆဲပင်။
သူတို့သည် စုန်ကီကို နတ်ဆိုးသားရဲများ၏အရှင်သခင်ဟုသာ တွေးတောပြီး သူ၏နယ်ပယ်သည် သူတော်စင်တစ်ဝက်အဆင့်နယ်ပယ်သို့ရောက်နေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
ထို့ကြောင့် သိုင်းဘိုးဘေးဆယ်ယောက်ကျော် သိုင်းဘိုးဘေးနယ်ပယ် နှောင်းပိုင်းအဆင့်၌ရှိနေသော လီရှုဟွာနှင့်ယန်ထန်းယုတို့ ပူးပေါင်းတိုက်ခိုက်သည့်တိုင် စုန်ကီကို ယှဥ်ပြိုင်နိုင်ခြင်းမရှိပေ။
သူတို့အား အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိစေပြီးနောက် စုန်ကီသည် သူတို့အား လိုက်လံဖမ်းဆီးသဖြင့် ဤချောက်နက်ကြီးထံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထို့ပြင် ဤနေရာကို အဆုံးမရှိသောနတ်ဆိုးသားရဲများက ဝိုင်းရံထားသည်။
ဤအခြေအနေ၏ပြင်းထန်မှုသည် လူတိုင်း တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်နေပေ၏။
"အခုချိန်က နောင်တရနေရမယ့်အချိန်မဟုတ်ဘူး....အရေးအကြီးဆုံးကိစ္စက တတ်နိုင်သမျှအမြန်ဆုံး အဖြေကိုထုတ်နိုင်ဖို့ပဲ"
ယန်ထန်းယုက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ငါတို့က ဘာလို့တခြားဂိုဏ်းတွေကို အကူအညီမတောင်းတာလဲ"
လီကျားရှင်းက မေးမြန်းသည်။
"မရဘူး"
ထိုအချိန်မှာပင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ဆံဖြူလူငယ်တစ်ယောက်က ပြောဆိုသည်။
"ဒီဆေးအိတ်က အရမ်းအရေးကြီးတယ်...တကယ်လို့ တခြားဂိုဏ်းတွေ ပါဝင်ပတ်သက်လာမယ်ဆိုရင် သူတို့တွေကလည်း သေချာပေါက်ဝေစုလိုချင်လာလိမ့်မယ်"
ထိုလူငယ်၏အဆင့်အတန်းသည် ရိုးရှင်းခြင်းမရှိချေ။
လီချန်ဟိုသည် လီရမ်ဟို၏အကိုကြီးဖြစ်ကာ လီမိသားစု၏အမွေဆက်ခံသူဖြစ်ရုံသာမက နတ်ဘုရားဓားဂိုဏ်း၏နံပါတ်တစ်ပါရမီရှင်လည်းဖြစ်သည်။
သိုင်းအရှင်နယ်ပယ်တွင်ရှိသော သူသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံ သားတော်တစ်ပါးပင်။
"ချန်ဟိုပြောတဲ့စကားက အဓိပ္ပါယ်ရှိတယ်....ဒီဆေးအိတ်အတွက် ငါတို့တွေက အင်အားအများကြီးစိုက်ထုတ်ခဲ့ရတယ်...တကယ်လို့ ငါတို့က တခြားအင်အားစုတွေကို ပါဝင်ပတ်သက်ခွင့်ပြုလိုက်မယ်ဆိုရင်...အဆုံးသတ်ကျရင် ဘယ်သူက ဒီဆေးအိတ်ကိုရသွားမယ်ဆိုတာ ငါတို့ သိနိုင်မှာမဟုတ်ဘူး"
လီမိသားစုခေါင်းဆောင် လီရှုဟွာက သဘောတူညီလိုက်၏။
လူတိုင်းသည်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
သို့ရာတွင် ထိုအကြံမှလွဲ၍ သူတို့ထံတွင် တခြားမည်သည့်အကြံမျိုးမျှ ရှိမနေချေ။
သူတို့သည် ဆုတ်ခွာရန်ကိုပင် စဥ်းစားခဲ့ကြသည်။
သို့ရာတွင် နောက်ဆုတ်ခြင်းသည် အဆိုးရွားဆုံးအစီအစဥ်ပင်။ သူတို့နောက်ဆုတ်လိုက်သည်နှင့် ဤရက်များအတွင်းတွင် လီမိသားစုနှင့်နတ်ဘုရားဓားဂိုဏ်းတို့ အင်အားစိုက်ထုတ်မှုများအားလုံးကို အလဟဿလွှင့်ပစ်လိုက်သည်နှင့် တူညီသွားပေမည်။
"ဒါပေမယ့် ငါ အရမ်းဇဝေဇဝါဖြစ်နေတယ်...စုန်ကီက ငါတို့ကို ဒီနေရာဆီ မောင်းထုတ်ခဲ့တယ်...ဒါပေမယ့် သူက ဘာလို့ ငါတို့ကို ဆက်ပြီးမတိုက်ခိုက်တာလဲ"
ထိုအချိန်မှာပင် ရှမိုကျူးက မျက်မှောင်ကြုတ်၍မေးမြန်းသည်။
"တကယ်လို့ ငါတို့က ဒီနေရာမှာ ခြုံခိုပုန်းအောင်းနေပြီးတော့ သူတို့ကိုတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေမယ်ဆိုရင်...ငါတို့ အနိုင်ရမယ့်အခွင့်အရေးက ပိုပြီးကြီးမားသွားနိုင်တယ် မဟုတ်ဘူးလား"
မည်သူကမျှ ရှမိုကျုး၏မေးခွန်းကို မဖြေနိုင်ကြချေ။
အကြောင်းအရင်းမှာ သူတို့အားလုံးသည်လည်း ဝေခွဲရခက်နေခြင်းကြောင့်ပင်။ စုန်ကီသည်လည်း သူတို့အား အနိုင်ရရှိရန် မသေချာသေးသဖြင့် မတိုက်ခိုက်ခြင်းဖြစ်မည်ဟုသာ သူတို့အားလုံး ခန့်မှန်းနိုင်သည်။
"မိသားစုခေါင်းဆောင်လီ...ဂိုဏ်းချုပ်ယန်...အကြီးအကဲတို့...သတင်းဆိုးပဲ...သတင်းဆိုး..."
ထိုအချိန်မှာပင် နတ်ဘုရားဓားဂိုဏ်းမှ တပည့်တစ်ယောက်က အလျှင်အမြန်ပြေးလာကာ သတင်းပို့သည်။
"ဘာကိစ္စလဲ"
ယန်ထန်းယုက မေးမြန်းသည်။
"ခုဏလေးကတင် ဂိုဏ်းရဲ့ကင်းလှည့်အဖွဲ့နဲ့ အစွန်အဖျားမှာနေတဲ့ နတ်ဆိုးသားရဲတွေကြားမှာ အသေးစားတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်...နတ်ဆိုးဘုရင်တစ်ယောက်ကို ဖိအားပေးမေးမြန်းတာကနေ စုန်ကီက နတ်ဆိုးသူတော်စင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားနိုင်ပြီဆိုတဲ့သတင်းကိုရခဲ့တယ်"
"ဘာ...."
ထိုတပည့်၏စကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်နှာများ သိသိသာသာပျက်ယွင်းသွားသည်။
ဤမတော်တဆကိစ္စကြီးသည် သူတို့ ယုံကြည်လက်ခံနိုင်ရန်အတွက် လွန်စွာကြီးမားနေပေ၏။
စုန်ကီသည် နတ်ဆိုးသူတော်စင်နယ်ပယ်ကိုသာ အမှန်တကယ် ချိုးဖျက်ဝင်ရောက်သွားနိုင်ပါက သူတို့ အနိုင်ရရှိရန် အနည်းငယ်မျှပင် အခွင့်အရေးရှိတော့မည်မဟုတ်ချေ။
"ငါတို့ ဘာလုပ်သင့်လဲ"
ယန်ထန်းယုက စိတ်ပျက်အားငယ်စွာဖြင့် မေးမြန်းသည်။
"နောက်ဆုတ်ကြမလား"
"ဟူး..."
"အခုချိန်မှာ ဒီနည်းလမ်းကိုပဲ ငါတို့လုပ်နိုင်တော့မှာကို ငါ စိုးရိမ်မိတယ်"
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် လူတိုင်းသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှိုက်ကာ သူတို့၏မျက်နှာများပေါ်တွင် မလိုလားသောအမူအယာများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် တခြားမည်သည့်အရာကို ပြုလုပ်နိုင်မည်နည်း။ စုန်ကီသာ နတ်ဆိုးသူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားနိုင်ပါက သူတို့နှင့်တူညီသောအဆင့်တွင် ထပ်မံ၍ရှိနေတော့မည်မဟုတ်ချေ။
အကယ်၍ သူတို့ ဆက်လက်၍ ခေါင်းမာနေပါက လီမိသားစုတစ်စုလုံးနှင့်နတ်ဘုရားဓားဂိုဏ်းတစ်ဂိုဏ်းလုံးမှလူများကို ဤနေရာ၌ မြှုပ်နှံ့ရပေမည်။
"နောက်ဆုတ်မယ်..."
လီရှုဟွာနှင့်ယန်ထန်းယုတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အလွန်နာကျင်ကြေကွဲနေသောစိတ်နှလုံးသားဖြင့် အမိန့်ပေးလိုက်တော့သည်။
ဆုံးဖြတ်ချက်ချပြီးနောက် တပည့်အမြောက်အများကိုစုဝေးကာ ပြင်ပသို့ဦးတည်၍ အစီအစဥ်တကျအပြုအမူဖြင့် စတင်၍ဆုတ်ခွာခဲ့ကြလေ၏။
"ဘုန်း....ဘုန်း...ဘုန်း...."
သို့ရာတွင် အင်အားစုနှစ်ခုလုံးမှတပည့်များ စတင်၍လှုပ်ရှားနေစဥ်မှာပင် နားအူလုမတတ်အသံကြီးများက မြေငလျှင်လှုပ်သည့်အလား မြေပြင်မှထွက်ပေါ်လာသည်။
ထို့နောက် လူများအားလုံး မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေကာ သူတို့၏အံ့အားသင့်တုန်လှုပ်နေသောအကြည့်များအောက်တွင် ဧရာမလူဦးခေါင်းကြီးတစ်လုံးက မရေမတွက်နိုင်သောသစ်ပင်များအကြားမှ တိုးထွက်လာကာ သူတို့၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားသည်။
တစ်ချိန်တည်းမှာပင် အစွမ်းထက်သောအရှိန်အဝါများသည် တောအုပ်၏နေရာအနှံ့အပြားမှ တိုးထွက်လာကာ အစွမ်းထက်သောနတ်ဆိုးအရှင်ဆယ်ကောင်ကျော် ထွက်ပေါ်လာသည်။
"တောအုပ်သခင်ကို နှုတ်ဆက်ပါတယ်"
နတ်ဆိုးအရှင်များအားလုံးသည် ထိုဧရာမမျက်နှာကြီး၏ရှေ့တွင် ဒူးထောက်လိုက်ကြ၏။
"စုန်ကီ..."
ထိုမြင်ကွင်းကိုကြည့်ပြီး လီရှုဟွာနှင့်တခြားသူများအားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ သူတို့၏စိတ်နှလုံးသားသည် ချောက်နက်ကြီး၏အောက်ခြေသို့ ကျသွားသည့်အလား လေးလံသွားသည်။
"ဘာတွေ ဖြစ်နေတာလဲ...စုန်ကီက အဆင့်ချိုးဖျက်နေတယ်လို့ ပြောခဲ့တယ်မဟုတ်လား"
လီကျားရှင်းက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
"ဒါက သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ် မဟုတ်နိုင်ဘူး"
ယန်ထန်းယုက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"နှစ်ထောင်သောင်းချီပြီးတော့ ကျင့်ကြံခဲ့တဲ့ သစ်ပင်စိတ်ဝိညာဥ်စုန်ကီရဲ့ကျင့်ကြံဆင့်က အရင်ကတည်းက တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့အဆင့်ကို ရောက်နေပြီ....ဒီတောအုပ်ထဲမှာရှိတဲ့ သစ်ပင်တွေအားလုံးက သူ့ရဲ့ခန္ဓာကိုယ်ပဲ...ငါတို့ရှေ့မှာရှိတဲ့ စုန်ကီက သူ အဆင့်ချိုးဖျက်နေတဲ့အချိန်မှာ အာရုံလွှဲပြောင်းမှုတချို့ကိုပြုလုပ်ဖို့ သူ ဖွဲ့စည်းထားတဲ့ ကိုယ်ပွားတစ်ခုပဲ ဖြစ်နိုင်တယ်"
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
သို့ရာတွင် သူတို့၏မျက်နှာများသည် တည်ကြည်လေးနက်နေဆဲပင်။
အကြောင်းအရင်းမှာ ဤနတ်ဆိုးအိုကြီးစုန်ကီသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။ ကိုယ်ပွားတစ်ခုသက်သက်ဖြင့်ပင် သူတို့အား အစွမ်းအစမဲ့သကဲ့သို့ ခံစားရစေရန် လုံလောက်သည်။ လီရှုဟွာနှင့်ယန်ထန်းယုတို့ ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူ့အား ခုခံတိုက်ခိုက်ခြင်းမပြုနိုင်မည်ကို သူတို့ စိုးရိမ်ပူပန်နေကြသည်။
"စုန်ကီ...အခုချိန်မှာ အဲ့ဒီဆေးအိတ်က မင်းရဲ့အပိုင်ဖြစ်သွားပြီ...ငါတို့ ထပ်ပြီးလုနေတော့မှာမဟုတ်ဘူး...ငါတို့က အခုချက်ချင်း မူတောင်ကနေ ဆုတ်ခွာတော့မယ်"
သူတို့သည် ဆုတ်ခွာရန်ဆုံးဖြတ်ပြီးဖြစ်သဖြင့် ယန်ထန်းယုတို့သည် ထပ်မံ၍တိုက်ခိုက်လိုခြင်းမရှိတော့ချေ။ ထို့ကြောင့် ယန်ထန်းယုက ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပြောဆိုသည်။
သူ၏သဘောထားသည် ရှုံးနိမ့်ခြင်းကို ဝန်ခံခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"ဆုတ်ခွာမှာလား...."
"မင်းတို့က ဒီတောတောင်ထဲကိုလာပြီးတော့ ငါ့ရဲ့လက်အောက်ငယ်သားတွေအများကြီးကို သတ်ဖြတ်ခဲ့တယ်...အခုကျမှ မင်းတို့ ဆန္ဒရှိသလို ဆုတ်ခွာချင်နေတာလား"
ဧရာမမျက်နှာကြီးပေါ်တွင် အထင်အမြင်သေးသော အမူအယာမျိုးထင်ဟပ်နေကာ ထူးဆန်းပြီးမောင်းသံနှင့်တူညီသည့်အသံမျိုး ထွက်ပေါ်လာသည်။
"စုန်ကီ...မင်းတို့နတ်ဆိုးသားရဲတွေက ငါတို့ကို အရင်ဆုံးတိုက်ခိုက်ခဲ့တာလေ...ပြီးတော့ အခုက မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ဘူး....ငါတို့ထွက်သွားချင်ရင်တောင် ထွက်သွားလို့မရနိုင်ဘူးလို့ မင်း ထင်နေတယ်လို့တော့ ငါ့ကို မပြောနဲ့"
လီရှုဟွာက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒါဆိုရင်လည်း မင်းတို့ ကြိုးစားကြည့်နိုင်တယ်"
ဧရာမမျက်နှာကြီးက အထင်အမြင်သေးစွာ ပြောဆိုလိုက်၏။
Chapter 227
လီရှုဟွာနှင့်ယန်ထန်းယုတို့၏မျက်နှာများ သုန်မှုန်နေကာ အလွန်အမင်းကြီးမားသော ဒေါသများဖြင့် ပြည့်နှက်နေသည်။
သူတို့နှစ်ယောက်သည် အကြည့်ခြင်းဖလှယ်လိုက်ကြပြီးနောက် ချက်ချင်းဆိုသလိုပင် အမိန့်ပေးလိုက်သည်။
"အားလုံးပဲ...နားထောင်ကြစမ်း...ယန်ထန်းယုနဲ့ငါက စုန်ကီကို ထိန်းထားမယ်...သိုင်းအရှင်အဆင့်အကြီးအကဲတွေက တခြားနတ်ဆိုးအရှင်တွေကို ကိုင်တွယ်ရမယ်...ကျန်တဲ့တပည့်တွေအားလုံး ဒီအခွင့်အရေးကိုဆုပ်ကိုင်ပြီး နောက်ဆုတ်ကြစမ်း"
"ဟုတ်ကဲ့"
အမိန့်ပေးပြီးနောက် ယန်ထန်းယုနှင့်လီရှုဟွာတို့သည် သူတို့၏ဓားရှည်များကို ဓားအိမ်မှချွတ်ကာ အလင်းတန်းနှစ်တန်းအသွင်ပြောင်းလဲပြီး မိုးကောင်းကင်ယံအတွင်းသို့ပျံသန်းကာ စုန်ကီကိုတိုက်ခိုက်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် သိုင်းအရှင်အဆင့်အကြီးအကဲများသည် တခြားနတ်ဆိုးအရှင်များနှင့် ပြင်းထန်သောတိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်ကြတော့သည်။
ဤအခြေအနေကိုအခွင့်ကောင်းယူ၍ တပည့်များသည် နောက်သို့တပြိုင်နက်တည်း ဆုတ်ခွာလိုက်ကြသည်။
"ဟမ့်...စုန်ကီ...နောင်တစ်ချိန်ကျရင် ငါတို့ ဒီရန်ငြိုးအတွက် လက်စားပြန်ချေမယ်...ငါတို့က ဆေးအိတ်ကို သေချာပေါက်ပြန်ယူမယ်"
လီရှုဟွာသည် စုန်ကီနှင့်တိုက်ခိုက်နေရင်းမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းတို့ လွတ်မြောက်နိုင်မယ်လို့ မင်း ထင်နေတာလား"
စုန်ကီက သရော်တော်တော် ပြောဆိုသည်။
"ဟမ့်...တကယ်လို့ မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်သာ ဒီနေရာမှာရှိနေရင် ငါတို့ ထွက်သွားနိုင်မှာမဟုတ်ဘူး....ဒါပေမယ့် အခုကတော့...."
ယန်ထန်းယုနှင့်လီရှုဟွာတို့၏ ဓားများမှနေ၍ အလင်းတန်းများ တောက်ပစွာဖြာထွက်လာကာ သူတို့အားတိုက်ခိုက်နေသော သစ်မြစ်များကို အပိုင်းပိုင်းအစစ ဖြတ်တောက်လိုက်၏။
အမှန်အားဖြင့် ဤသစ်မြစ်များကိုဖြတ်တောက်ခြင်းသည် စုန်ကီအား အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရရှိစေမည်မဟုတ်ချေ။ သူတို့သည် သူ့အား ထိန်းချုပ်ဟန့်တားရုံမျှသာဖြစ်ပြီး သူတို့၏တပည့်များ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာသွားစေနိုင်ရန် ရည်ရွယ်ထားသည်။ သူတို့၏ရည်မှန်းချက် အောင်မြင်ရန်ကိုသာ ဦးစားပေး၍ တိုက်ခိုက်နေခြင်းပင်။
"မင်းတို့က မင်းတို့ကိုယ်မင်းတို့ အထင်ကြီးနေတာပါလား"
အမူအယာကင်းမဲ့သော မျက်နှာကြီးပေါ်မှ စုန်ကီ၏ရေခဲတမျှအေးစက်စက်မျက်လုံးတစ်စုံသည် ပုရွက်ဆိတ်များကဲ့သို့ ပြေးလွှားနေသော တပည့်များကိုကြည့်ကာ အေးစက်တင်းမာစွာ ပြောဆိုသည်။
"မင်းတို့ကိုရင်ဆိုင်ဖို့ ခဏဘေးဖယ်ပြီးတော့...ဒီပုရွက်ဆိတ်တချို့ကို ချေမွှဖျက်ဆီးတာက အရမ်းလွယ်လိမ့်မယ်"
သူ၏အသံ ကျရောက်လာသည်နှင့်အတူ မြေပြင်တပြင်လုံး ရုတ်တရက် တုန်ခါသွားသည်။
ထို့နောက် မြေပြင်ပေါ်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းအမြောက်အများ ထွက်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းများအကြားမှနေ၍ မရေမတွက်နိုင်သောနွယ်ပင်များ တိုးထွက်လာကာ တပည့်များ၏လက်များ ခြေများကိုရစ်ပတ်ပြီး သူတို့ကို အက်ကွဲကြောင်းများအတွင်းသို့ ဆွဲချသွားလေ၏။
ဤအချိန်အခိုက်အတန့်တွင် ထိတ်လန့်တကြားအော်ဟစ်သံများက ပတ်ဝန်းကျင်နေရာအနှံ့အပြား၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လီရှုဟွာနှင့်ဟန်ထန်းယုတို့ ထိတ်လန့်တကြားဖြစ်သွားကာ အော်ဟစ်လိုက်ကြသည်။
"နောက်ဆုတ်ကြ...မြန်မြန် နောက်ဆုတ်ကြစမ်း...စခန်းဆီကို ပြန်ဆုတ်ကြတော့"
ထိုအမိန့်သံကိုကြားချိန်တွင် အော်ဟစ်ငိုယိုနေကြသောတပည့်များသည် သူတို့၏မူလစခန်းနေရာဆီသို့ ပျာပျာသလဲ ပြန်ပြေးကြတော့သည်။
တပည့်များဆုတ်ခွာရန် မျှော်လင့်ချက်မဲ့သွားသည်ကိုကြည့်ပြီး လီရှုဟွာ ဟန်ထန်းယုနှင့်တခြားအကြီးအကဲများသည်လည်း အချိန်ကိုက်ဆုတ်ခွာလိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။
အလျှင်အမြန်စစ်ဆေးပြီးနောက် သူတို့၏လူအရေအတွက် ငါးပုံတစ်ပုံခန့်လျော့နည်းသွားကြောင်း သူတို့ သိရှိလိုက်ရသည်။
"ငါတို့ ဘာလုပ်ကြမလဲ"
ယန်ထန်းယု၏မျက်နှာအမူအယာ အလွန်အမင်းစိုးရိမ်ပူပန်စပြုလာကာ သူ၏မျက်လုံးများအတွင်း၌ စိတ်ပျက်အားငယ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့ကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအတွက် လွတ်မြောက်ရန်မှာ အခွင့်အရေးတစ်ခုရှိနိုင်သော်လည်း တခြားတပည့်များအတွက်မူ မည်သို့မျှ မဖြစ်နိုင်ချေ။
စခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
အခြေအနေသည် သူတို့စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ ပြင်းထန်နေသည်။
"မင်းတို့အားလုံး ဒီနေရာမှာ လိမ်လိမ်မာမာနေပြီးတော့ သေဖို့အတွက်ကို စောင့်ဆိုင်းနေကြစမ်း"
အပေါ်စီးမှနေ၍ ခံစားချက်ကင်းမဲ့သောမျက်နှာကြီးသည် သူတို့ကိုတစ်ချက်ငုံကြည့်ပြီးနောက် သူ၏မျက်လုံးကို တဖန်ပြန်၍စုံမှိတ်လိုက်တော့သည်။
တခြားနတ်ဆိုးအရှင်များထံတွင်လည်း တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိပုံမရချေ။
စုန်ကီသည် သူ၏ဘက်မှဆုံးရှုံးမှုနည်းပါးစေရန်အလို့ငှာ တိုက်ခိုက်မှုကို ချက်ချင်းလုပ်ဆောင်လိုစိတ်မရှိသည်မှာ သိသာထင်ရှားသည်။ ဖြစ်နိုင်သည်မှာ သူ အဆင့်ချိုးဖျက်ပြီးနောက် သူကိုယ်တိုင်လှုပ်ရှားရန် ရည်ရွယ်ထားခြင်းဖြစ်ပေမည်။
ထို့ကြောင့် ယခုလက်ရှိချိန်တွင် သူတို့လုပ်ဆောင်ရန်လိုအပ်သည်မှာ လီရှုဟွာတို့လူစု ထွက်ခွာသွားခြင်းမှ ကာကွယ်ဟန့်တားထားရုံသက်သက်ပင်။
နတ်ဘုရားဓားဂိုဏ်းနှင့်လီမီသားစုမှလူများကမူ အလွန်စိတ်ဓာတ်ကျဆင်းနေသော အခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
အဆင့်မြင့်အကြီးအကဲများထံတွင်လည်း စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။
သူတို့ ထွက်သွား၍မရချေ။
အကယ်၍ သူတို့သည် စုန်ကီအဆင့်ချိုးဖျက်ပြီးကာ နတ်ဆိုးအရှင်ဖြစ်သည့်အချိန်ထိ စောင့်ဆိုင်းလိုက်ပါက သူတို့ထွက်ပြေးလွတ်မြောက်နိုင်သောအခွင့်အရေး ပို၍နည်းပါးသွားပေမည်။
.....
"အကိုကြီး...ဒါက ရှေ့ဆိုရင်ရောက်ပြီ....ရှေ့နားလေးမှာတင်ပဲ"
ထိုအချိန်မှာပင် အနီးရှိတောတွင်းတစ်နေရာ၌ အသံသုံးသံ ထွက်ပေါ်လာသည်။ ညလေညှင်းကင်းခြေမျှားသည် ခွေး၏ခေါင်းပေါ်၌တွယ်ကပ်နေကာ ရှေ့သို့လက်ညှိုးညွှန်ပြပြီး ပြောဆိုသည်။
"ကျွန်တော်က တစ်ချိန်တုန်းက နတ်ဆိုးဧကရာဇ်တစ်ကောင် သူ့ရဲ့ရတနာတွေကိုမြှုပ်နှံ့ဖို့သွားတဲ့အချိန်မှာ အဖော်လိုက်ခဲ့ရတယ်...အဲ့ဒီနတ်ဆိုးအိုကြီးက ပြောင်ပြောင်လက်လက်အရာတွေကို စုဆောင်းရတာ အရမ်းသဘောကျတယ်....ဒါကြောင့် အဲ့ဒီနေရာမှာ တောက်ပတဲ့ရွှေပြားတွေ အများကြီးရှိနေတယ်"
"အကိုကြီး....ငါလည်း ရွှေပြားတွေရဲ့အနံ့ကို ရနေသလိုပဲ"
အောင်းချင်က ပြောဆိုသည်။
"ဟား ဟား ဟား...ငါလည်း ခံစားမိတယ်...ချင် သွားကြစို့...ငါနဲ့အတူ လိုက်ခဲ့စမ်း...တောက်ပတဲ့ရွှေပြားတွေက ငါတို့ကို လက်ယပ်ခေါ်နေပြီ"
"ဝူး ဟူး...."
Chapter 228
"ဝူး ဟူး...သွားယူကြစို့"
"သွားကြမယ်"
ထို့နောက် အရိုးစုတစ်ကောင် ခွေးတစ်ကောင်နှင့်ကင်းခြေမျှားတစ်ကောင်တို့သည် စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်ကာ အတူတကွ ရှေ့သို့ချီတက်ခဲ့ကြတော့သည်။
နတ်ဘုရားဓားဂိုဏ်းနှင့်နတ်ဆိုးသားရဲများအကြားမှ တင်းမာသောရန်စောင်နေမှုများအကြားတွင် သူတို့၏အော်သံများသည် အထူးသတိထားဖွယ် ဖြစ်သွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် ဤနေရာ၌ရှိနေသူများအားလုံး၏ စိတ်အာရုံများကို ဆွဲဆောင်သွားနိုင်လေ၏။
အထူးသဖြင့် သူတို့ ရှေ့သို့တရကြမ်းအပြေးသွားနေသည်မှာ ရန်စောင်နေသောအုပ်စုနှစ်ခု၏အလယ်ဗဟိုရှိ လမ်းကြောင်းမှဖြစ်သည်။
သူတို့အားလုံး အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။
ဤကဲ့သို့ ပြင်းထန်သောထိပ်တိုက်ရင်ဆိုင်မှုဖြစ်နေစဥ် အတောအတွင်းတွင် ဤသုံးကောင်သည် အော်ဟစ်၍ ဟေးလားဝါးလားလုပ်နေသည်မှာ သေရမှာကိုမကြောက်သည့် ငတုံးငအများအလားပင်။ သူတို့သည် လက်ရှိအခြေအနေကို အကဲခတ်နိုင်စွမ်း မရှိကြသလော...
မိုးကောင်းကင်ယံအတွင်းရှိ အမူအယာကင်းမဲ့သောမျက်နှာကြီးသည် နောက်ဆုံး၌ သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏မျက်နှာပေါ်တွင် စိတ်မရှည်မှုအရိပ်အယောင်များထင်ဟပ်လာခြင်းနှင့်အတူ နက်ရှိုင်းသောဝမ်းခေါင်းသံကြီး ထွက်ပေါ်လာသည်။
"ကျားနတ်ဆိုးအရှင်...သူတို့ကို သွားပြီးဖြေရှင်းလိုက်စမ်း"
ထိုသို့ပြောဆိုပြီးနောက် ဧရာမမျက်နှာကြီးမှမျက်လုံးများ တဖန်ပြန်၍မှိတ်သွားသည်။
"ဟုတ်ကဲ့...."
ကျားနတ်ဆိုးအရှင်သည် ရိုသေလေးစားစွာ ခေါင်းညိတ်ပြကာ သူ၏ခန္ဓာကိုယ် ဖျတ်ခနဲပျံသန်းသွားခြင်းနှင့်အတူ လုပမ်ဝေတို့သုံးယောက်နှင့် မလှမ်းမကမ်းသို့ရောက်ရှိသွားသည်။
"ရပ်လိုက်စမ်း"
သူတို့အား အပေါ်စီးမှကြည့်ကာ ကျားနတ်ဆိုးအရှင်က အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်၏။
"မင်းတို့က ဘယ်သူလဲ...မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ အရှင်သခင်စုန်ရဲ့ရှေ့မှာ ဆူညံပူညံလုပ်ဝံ့တာလဲ"
သူ၏နတ်ဆိုးအရှိန်အဝါနှင့် ရင်ဆိုင်ရချိန်တွင် ကင်းခြေမျှားငယ်တစ်ကောင် ဝံပုလွေသားရဲတစ်ကောင်နှင့် အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်တို့သည် ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားမည်ဟု ကျားနတ်ဆိုးအရှင်က တွေးထင်ခဲ့သည်။
သို့ရာတွင်...
ဤသုံးကောင်သည် သူ၏စကားကို အနည်းငယ်မျှပင် ကြားပုံမရဘဲ သူတို့၏လမ်းကြောင်းအတိုင်း ရှေ့သို့ဆက်လက်၍ ချီတက်သွားလေသည်။
"သေချင်နေကြတာလား"
ကျားနတ်ဆိုးအရှင်သည် အလွန်ဒေါသထွက်သွားကာ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံ့ထွက်လာပြီး ဤအဆင်အခြင်မဲ့သောသုံးကောင်ကို သတ်ပစ်ရန်အတွက် လှုပ်ရှားရန်ဟန်ပြင်လိုက်၏။
သို့ရာတွင် သူ အံ့အားသင့်သွားရသည်မှာ ကြီးမားသောလက်သည်းတစ်ချောင်းသည် ရုတ်တရက် သူ၏အထက်၌ထွက်ပေါ်လာကာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအင်အားဖြင့် သူ့အား ရိုက်နှက်လိုက်ခြင်းကြောင့်ပင်။
"ဘယ်လိုငတုံးကောင်မျိုးက ဒီလမ်းကို လာပိတ်နေတာလဲ...ကျွတ်စီကျွတ်စီလာပြောနေတာ နားညည်းစရာပဲ"
အထင်အမြင်သေးစွာပြောဆိုလိုက်သော အသံတစ်သံနှင့် အောင်းချင်၏ကြီးမားသောလက်သည်းပုံရိပ်ယောင်ကြီးသည် ကျားနတ်ဆိုးအရှင်၏ခေါင်းထက်သို့ ချက်ချင်းရောက်ရှိသွားသည်။
ကျားနတ်ဆိုးအရှင်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ သူ မတုံ့ပြန်နိုင်သေးမီမှာပင် ထိုလက်သည်းပုံရိပ်ယောင်ကြီး၏ရိုက်နှက်ခြင်းကိုခံရကာ သူ၏မျက်လုံးများ ပြူးထွက်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ဝက်သည် မြေကြီးအတွင်းသို့ နစ်ဝင်သွားလေ၏။
"အကိုချင်က တော်တယ်....အကိုချင်က အရမ်းအံ့အားသင့်ဖို့ကောင်းတာပဲ"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အောင်းချင်၏ခေါင်းထက်တွင်ရှိနေသော ညလေညှင်းကင်းခြေမျှားက မျက်နှာလိုမျက်နှာရ အော်ဟစ်လိုက်သည်။ သူ၏အမူအယာသည် ကြွစောင်းစောင်းနိုင်ကာ သူ ဤပေါင်လုံးကြီးကိုဖက်တွယ်ထားရန် ဆုံးဖြတ်ချက်မှန်ကန်သွားသဖြင့် ကျေနပ်အားရဖြစ်နေတော့သည်။
"ငါတို့ရဲ့ ငွေရှာလမ်းကြောင်းကို လာပိတ်ဝံ့တယ်...တကယ့်ကို မျက်လုံးကန်းနေတဲ့အရူးကောင်တွေပဲ....ချင်...လုပ်တာကောင်းတယ်....ငါ့ရဲ့ညီလေးဖြစ်ဖို့ မင်းက သင့်တော်တဲ့သူပဲ"
လုပမ်ဝေသည် အော်ဟစ်၍ချီးမွမ်းကာ သူသည် ရှေ့သို့ဆက်သွားရန်အတွက် သူ၏ပွယောင်းယောင်းအနက်ရောင်ဝတ်ရုံရှည်ကြီးကို တရွတ်တိုက်ဆွဲလိုက်၏။
ဤမြင်ကွင်းကြောင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံး ကြက်သေသေသွားသည်။
နတ်ဆိုးအရှင်များအကြားတွင် အားအကောင်းဆုံးအနက်မှတစ်ကောင်ဖြစ်သော ကျားနတ်ဆိုးအရှင်သည် ဤသားရဲ၏ရိုက်ချက်တစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့သလော....
ဝိုး...
အရူးများဟု သတ်မှတ်ထားသော ဤသုံးကောင်အနက်မှ သားရဲထံတွင် ဤကဲ့သို့ခွန်အားမျိုးရှိနေသည်ကို သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
သို့ရာတွင် ဤရုတ်တရက်အပြောင်းအလဲသည် နတ်ဘုရားဓားဂိုဏ်းနှင့်လီမိသားစုမှ လူများအတွက်မူ သတင်းကောင်းတစ်ခုပင်။
အမှန်အားဖြင့်...
အခြေအနေကိုခြုံငုံကြည့်ပါက အကောင်းဘက်သို့ ရောက်မလာသေးချေ။
မည်သို့ပင်ဆိုစေကာမူ စုန်ကီသည် မကျော်လွှားနိုင်သော တောင်ကြီးတစ်လုံးအလား သူတို့၏လမ်းကြောင်းကို ပိတ်ဆို့ထားဆဲပင်။
ထို့ပြင် ကျားနတ်ဆိုးအရှင်၏သေဆုံးသွားခြင်းသည် မိုးကောင်းကင်ယံအတွင်းရှိ ဧရာမမျက်နှာကြီးကို ဒေါသထွက်သွားစေခဲ့သည်။ ထိုဧရာမမျက်နှာကြီးမှမျက်လုံးများ တဖန်ပြန်၍ပွင့်လာကာ သူတို့ကို အထက်စီးမှနေ၍ ငုံကြည့်လိုက်သည်။
သို့ရာတွင် ညီအကိုသုံးယောက်သည် ပတ်ဝန်းကျင်ရှိ အံ့အားသင့်တုန်လှုပ်နေသော ဒေါသထွက်နေသောအကြည့်များကို လုံးလုံးလျားလျား လျစ်လျှူရှုထားသည်။ သူတို့သုံးကောင်၏မျက်လုံးအကြည့်များသည် ညလေညှင်းကင်းခြေမျှားညွှန်ပြသော မြေစာတောင်ပို့လေးထံတွင်သာ အခိုင်အမာကျရောက်နေပေ၏။
ထို့ပြင် ဤမြေစာတောင်ပို့လေး၏တည်နေရာသည် နတ်ဘုရားဓားဂိုဏ်းနှင့် စုန်ကီ၏လက်အောက်ငယ်သားများ ရန်စောင်နေကြသည့်အကြားရှိ အလယ်ဗဟိုတည့်တည့်နေရာတွင်ရှိနေသည်။
ထို့နောက် လူတိုင်း၏အကြည့်များအောက်တွင် ညီအကိုသုံးယောက်သည် နောက်ဆုံး၌ မြေစာတောင်ပို့ငယ်လေးထံ ရောက်ရှိသွားလေပြီ။
သို့ရာတွင်....
သူတို့နီးကပ်သွားစဥ်တွင် ထိုမြေစာတောင်ပို့ငယ်လေးတွင် ကြီးမားသောအက်ကွဲကြောင်းကြီးရှိနေကာ နှစ်ခြမ်းကွဲနေပြီး ညလေညှင်းကင်းခြေမျှားပြောဆိုခဲ့သောရတနာများ ရှိမနေသည်ကို သူတို့ တွေ့မြင်လိုက်ရသည်။
"သောက်ချေးပဲ...ငွေတွေဘယ်မှာလဲ"
"ငါ့ရဲ့ငွေတွေ ဘယ်ရောက်သွားတာလဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး လွန်ခဲ့သောအချိန်အခိုက်အတန့်က အလွန်စိတ်လှုပ်ရှားနေသော လုပမ်ဝေသည် နေရာမှာပင်တောင့်တင်းသွားကာ သူ၏ခြေထောက်ကို မြေပြင်ပေါ်သို့ဆောင့်နင်းလိုက်၏။ ထို့နောက် သူသည် ညလေညှင်းကင်းခြေမျှားကို သူ၏လက်ဖြင့်ဆုပ်ကိုင်ကာ ဒေါသတကြီးမေးမြန်းလေသည်။
"မင်း ငါ့ကို လှည့်စားနေတာလား"
"အကိုကြီး...ကျွန်တော် မလုပ်ဝံ့ပါဘူး ..ကျွန်တော်က အကိုကြီးကို မလှည့်စားဝံပါဘူး...ဒီတောင်ပို့အောက်မှာ အဲ့ဒီနတ်ဆိုးအိုကြီး ရတနာတွေကိုဝှက်ထားတဲ့ လျှို့ဝှက်ခန်းရှိနေတယ်....အကိုကြီးက လျှို့ဝှက်ခန်းရဲ့ခြေရာလက်ရာတွေကို တွေ့မှာပါ...ပြီးတော့ အထဲမှာ ရွှေပြားတချို့တောင် ကျန်နေသေးတယ်"
ညလေညှင်းကင်းခြေမျှားက ပျာပျာသလဲ ရှင်းပြသည်။
ထိုစကားကိုကြားချိန်တွင် လုပမ်ဝေသည် ရှေ့သို့တိုးသွားကာ မြေကြီးများကိုတူးဆွလိုက်သည်။ ညလေညှင်းကင်းခြေမျှား ပြောဆိုခဲ့သည့်အတိုင်း ဤနေရာတွင် လျှို့ဝှက်ခန်းတစ်ခု၏အရိပ်အယောင်များရှိနေကာ သူ ရွှေပြားတစ်ပြားကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
ဤသည်မှာ ညလေညှင်းကင်းခြေမျှား လိမ်ညာပြောဆိုနေခြင်းမဟုတ်ကြောင်း လုံလောက်သော သက်သေပင်။
သို့ရာတွင် ဤသို့ဖြစ်လာလေလေ လုပမ်ဝေ ပို၍ဒေါသထွက်လေလေပင်။ သူ၏လက်နှင့် ဖမ်းမိခါနီးဆဲဆဲ ဘဲတစ်ကောင် ပျံသန်းသွားခဲ့သည်ကို သူ မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။ သူက ချက်ချင်းဆိုသလိုပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဘယ်ခွေးသူတောင်းစားက ငါ့ရဲ့ရွှေပြားတွေကို ယူသွားတာလဲ....အခုချက်ချင်း ဒီနေရာကို ထွက်လာခဲ့စမ်း"
"အကိုကြီး...ဒီတောင်ပို့အက်ကွဲသွားတာက ကောင်းကင်ယံထဲမှာရှိနေတဲ့ ဖုတ်ကောင်မျက်နှာကြီးကြောင့်ပဲ ဖြစ်နိုင်တယ်"
အောင်းချင်သည် သူ၏လက်သည်းများဖြင့် မိုးကောင်းကင်ယံအတွင်းရှိ စုန်ကီကိုညွှန်ပြကာ ရိပ်ဖမ်းသံဖမ်း ပြောဆိုလိုက်၏။
"အော်...."
ထိုစကားကိုကြားချိန်တွင် လုပမ်ဝေသည် မိုးကောင်းကင်ယံအတွင်း၌ရှိနေသော စုန်ကီကို မော့ကြည့်လိုက်သည်။
"ဒါဆိုရင်...ဖုတ်ကောင်မျက်နှာ....ငါ့ရဲ့ရွှေပြားတွေကို ပျောက်အောင်လုပ်တာ မင်းလား....မင်းရဲ့ဖင်ပါ အောက်ကိုဆင်းလာပြီးတော့ ငါ့ရဲ့ဟာတွေကို မြန်မြန်ပြန်ပေးစမ်း"
သူ၏တင်ပါးနှစ်ဖက်ပေါ်တွင်လက်တင်ကာ လုပမ်ဝေက ဒေါသတကြီးအော်ဟစ်လေသည်။
ထိုစကားကိုကြားချိန်တွင် နတ်ဘုရားဓားဂိုဏ်းနှင့်လီမိသားစုတို့ဘက်မှလူများ ထိတ်လန့်တုန်လှုပ်သွားကာ လုပမ်ဝေအတွက် ဆုတောင်းပေးလိုက်ကြသည်။ ဤလူသည် စုန်ကီကို ဤပုံစံမျိုးနှင့် အမှန်တကယ့်ကို စကားပြောဆိုဝံ့သလော။
ထိုသားရဲထံတွင် လက်ခံနိုင်ဖွယ်ရှိသော ခွန်အားမျိုးရှိနေသော်လည်း စုန်ကီ၏ရှေ့တွင် အရာရောက်မည်မဟုတ်ချေ။
တိကျသေချာစွာပင် စုန်ကီ၏ဧရာမမျက်နှာကြီးပေါ်တွင် ဒေါသများထွက်ပေါ်လာကာ သူ၏နုတ်ခမ်း ရှုံမဲ့သွားပြီး အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။
"မင်းက ဘာကောင်လဲ...ဒီအရှင်သခင်ရဲ့ရှေ့မှာ ခုလိုစကားမျိုးကို မင်းက ဘယ်လိုသတ္တိမျိုးနဲ့ပြောဝံ့တာလဲ"
"ဟမ့်..."
မေးခွန်းထုတ်လိုက်သောအသံ ကျရောက်လာခြင်းနှင့်အတူ မိုးကောင်းကင်ယံအတွင်းရှိ ဧရာမမျက်နှာကြီး၏အရှိန်အဝါ အကြီးအကျယ်ပြောင်းလဲသွားပေ၏။ တစ်ချိန်တည်းမှာပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားတစ်ရပ်က လုပမ်ဝေပေါ်သို့ ကျရောက်လာသည်။
ဤဖိအား၏အောက်တွင် နတ်ဘုရားဓားဂိုဏ်းဘက်မှလူများသည်လည်း မသက်မသာခံစားလိုက်ရကာ အားနည်းသောကျင့်ကြံသူတချို့သည် မြေပြင်ပေါ်သို့လဲကျသွားလေ၏။
သို့ရာတွင် လုပမ်ဝေထံတွင် လုံးလုံးလျားလျား အထင်အမြင်သေးနေသောအမူအယာမျိုးရှိနေဆဲပင်။
"ငါ့ရှေ့မှာလာပြီးတော့ မောက်မာဝံ့ကြွားပြီး ကြီးကျယ်ခမ်းနားချင်ယောင် ဆောင်မနေစမ်းနဲ့....စိတ်ရှုပ်စရာကောင်းလိုက်တာ...မင်းလိုကောင်မျိုးကို ငါအမုန်းဆုံးပဲ...မင်းရဲ့ဖင်ပါ ဒီနေရာကို မြန်မြန်ဆင်းလာပြီးတော့ စကားလာပြောစမ်း"
ထိုသို့ပြောဆိုရင်း လုပမ်ဝေသည် နွယ်ပင်တစ်ပင်ကို သူ၏ခြေထောက်ဖြင့်အပေါ်သို့ခတ်တင်ကာ သူ၏လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။
ထို့နောက် ညင်သာစွာ တစ်ချက်ဆွဲလိုက်ခြင်းနှင့်အတူ....
လုပမ်ဝေ၏လှုပ်ရှားမှုများကို ကြည့်ပြီး မိုးကောင်းကင်ယံအတွင်းရှိ ဧရာမမျက်နှာကြီးပေါ်တွင် အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားသည်။
အကြောင်းအရင်းမှာ သူနှင့်ချိတ်ဆက်ထားသည့် အောက်ရှိမရေမတွက်နိုင်သောနွယ်ပင်များအနက် တစ်ပင်မှနေ၍ အလွန်ကြီးမားသော စွမ်းအားများတိုးဝင်လာခြင်းကြောင့် သူ ထိတ်လန့်တုန်လှုပ်သွားရခြင်းကြောင့်ပင်။
ဤကြီးမားသောစွမ်းအားအောက်တွင် သူ လုံးလုံးလျားလျား ခုခံကာကွယ်နိုင်စွမ်းကင်းမဲ့နေကာ ဘုန်းခနဲအသံကြီးနှင့်အတူ ဧရာမမျက်နှာကြီးသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် အောက်သို့ပြုတ်ကျလာတော့သည်။
ဤအချိန်အခိုက်အတန့်တွင်....
တောင်ထိပ်တစ်ခု ပြိုလဲကျလာသည့်အလား အလွန်ကြီးမားသောပုံရိပ်ကြီးတစ်ခုက မြေပြင်တပြင်လုံးကို လွှမ်းခြုံသွားသည်။
Chapter 229
"ဘုန်း...."
ကျယ်လောင်သော ရိုက်ခတ်မိသံကြီးကို ကြားလိုက်ရသည်။
စုန်ကီ၏ဧရာမမျက်နှာကြီးတစ်ခုလုံး မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ အလွန်ကျယ်လောင်သောအသံကြီးကြောင့် မြေပြင် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ ဖုန်မှုန့်များတထောင်းထောင်းထလာပြီး လေထုအတွင်းသို့ မြင့်တက်သွားသည်။
သို့ရာတွင် မြေပြင်နှင့်ရိုက်ခတ်ခံရပြီးသည့်တိုင် စုန်ကီ၏မျက်နှာသည် ရပ်တန့်သွားခြင်းမရှိဘဲ အလွန်ဝေးကွာသောနေရာအထိ မြေပြင်တလျှောက် တရွတ်တိုက်လျှောကျလာသည်။ မြေပြင်ပေါ်၌ ပေရာပေါင်းများစွာရှည်လျားသော နက်ရှိုင်းသည့်စွတ်ကြောင်းရာကြီး ကျန်နေရစ်ခဲ့ကာ နောက်ဆုံးတွင် လုပမ်ဝေ၏ခြေထောက်အနီး၌ ရပ်တန့်သွားသည်။
"ဒါက..."
"ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
"ခုဏက ငါ ဘာကိုမြင်မိပါလိမ့်"
ထိုမြင်ကွင်းကိုကြည့်ပြီး နတ်ဘုရားဓားဂိုဏ်းနှင့်လီမိသားစုတို့ဘက်မှလူများသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။ အစောပိုင်းကဖြစ်ခဲ့သောမြင်ကွင်းကြောင့် သူတို့၏အာရုံကြောများပင် တုန်ရီသွားသည်။
ဤသည်မှာ စုန်ကီ သိပ်သည်းထားသော ကိုယ်ပွားတစ်ခုသက်သက်ဖြစ်သော်လည်း သူ၏ခွန်အားသည် သူတော်စင်တစ်ဝက်အဆင့်နှင့် နီးကပ်နေလေပြီ။ လီရှုဟွာနှင့်ယန်ထန်းယုတို့ ပူးပေါင်းထားသောခွန်အားဖြင့်ပင် စုန်ကီကို ဆန့်ကျင်တိုက်ခိုက်နိုင်ခြင်းမရှိချေ။
သို့ရာတွင်....
အနက်ရောင်ဝတ်ရုံဝတ်လူ၏ သာမာန်ကာလျှံကာ လှုပ်ရှားမှုတစ်ခုသည် မောက်မာထောင်လွှားနေသောစုန်ကီကို အောက်သို့ပြုတ်ကျလာစေခဲ့သည်။
ဤသည်မှာ...
ဤသည်မှာ မည်ကဲ့သို့တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောခွန်အားမျိုးဖြစ်သနည်း....
လုပမ်ဝေသည် သူ့ရှေ့ရှိ တောင်တစ်လုံးနှင့်တူညီသော ဧရာမမျက်နှာကြီးကိုကြည့်လိုက်၏။ သူ၏အနက်ရောင်ဝတ်ရုံ ညင်သာစွာလူးလွန့်သွားကာ သူ၏ပိန်လှီလှီခန္ဓာကိုယ် လေထုအတွင်းသို့ မြင့်တက်သွားသည်။
"သောက်ချေးပဲ..."
"နိမ့်ကျတဲ့လူသား...ငါ မင်းကို သတ်မယ်"
မြေကြီးအတွင်း၌နစ်မြုပ်နေသော မျက်နှာကြီးတစ်ခြမ်း ရုတ်တရက်တုန်ခါသွားသည်။ တစ်ချိန်တည်းမှာပင် ဒေါသတကြီးအော်ဟစ်လိုက်သောအသံကြီးက မြေကြီးအောက်မှထွက်ပေါ်လာသည်။
"ဝုန်း...."
ထိုအသံနှင့်အတူ ဧရာမမျက်နှာကြီးတစ်ခုလုံး နောက်ဆုံး၌ ကြွတက်လာသည်။
သူ၏မျက်နှာအမူအယာသည် အလွန်ရက်စက်ကြမ်းကြုတ်ကာ အကန့်အသတ်မရှိသော ဒေါသများကို သယ်ဆောင်ထားသည်။
သို့ရာတွင် လေထုအတွင်း၌ မျောလွင့်နေသော လုပမ်ဝေသည် ရုတ်တရက် သူ၏ခြေထောက်တစ်ဖက်ကို မြှောက်လိုက်၏။
"ပြန်ပေးစမ်း...ဒီဆန်ကုန်မြေလေးအရိုးစုအတွက် လျော်ကြေးမြန်မြန်ထုတ်ပေးစမ်း"
ထိုစကားနှင့်အတူ သူ၏ခြေထောက်တစ်ဖက်ကျရောက်လာပြီး စုန်ကီ၏ခေါင်းပေါ်သို့ ဆောင့်နင်းလိုက်သည်။
ဤမြင်ကွင်းသည် လူတိုင်း၏မျက်လုံးများအတွင်း၌ အလွန်အမင်းရယ်ရွှင်ဖွယ်ကောင်းနေသည်။
စုန်ကီ၏ဧရာမမျက်နှာကြီးရှေ့တွင် လုပမ်ဝေ၏ခန္ဓာကိုယ်သည် အလွန်အမင်းသေးငယ်နေလေရာ လွင့်မျောနေသောပုရွက်ဆိတ်တစ်ကောင်သည် ခြေထောက်တစ်ဖက်ကိုဆန့်တန်း၍ ဆင်တစ်ကောင်၏ခေါင်းထက်သို့ ဆောင့်နင်းလိုက်သည့်အလားပင်။
သို့ရာတွင် ဤခြေဆောင့်နင်းချက်ကြောင့် အစောပိုင်းကမှ ကြွတက်လာခဲ့သော စုန်ကီ၏ခေါင်းသည် မြေပြင်အတွင်းသို့ ပြန်ထိုးကျသွားသည်။ သူ၏မျက်နှာ တစ်ဝက်ကျော်ကျော်သည် မြေကြီးအတွင်းသို့ နစ်မြုပ်သွားလေ၏။
ဤမြင်ကွင်းကြောင့် နတ်ဘုရားဓားဂိုဏ်းမှလူများ၏မျက်လုံးများ ကျွတ်ထွက်လုမတတ်ဖြစ်သွားကာ ထိတ်လန့်တုန်လှုပ်မှုကြောင့် သူတို့၏အောက်မေးရိုးများ ပြုတ်ကျလုမတတ်ပင်။
စုန်ကီ၏နောက်လိုက်များဖြစ်သည့် နတ်ဆိုးအရှင်ဆယ်ကောင်ကျော်ထံတွင်လည်း ထိတ်လန့်ကြောက်ရွံမှုများနှင့် ပြည့်နှက်သွားသည်။ ဤအနက်ရောင်ဝတ်ရုံဝတ်လူသည် မည်ကဲ့သို့လူထူးလူဆန်းမျိုးဖြစ်သနည်း။
မြင့်မြတ်သောစုန်ကီကို သူ၏ခြေဖဝါးအောက်တွင် ဤှကဲ့သို့နင်းခြေထားနိုင်သလော....
"ဟေး ပြောစမ်း....ငါ့ကို မြန်မြန်လျော်ကြေးပေးစမ်း...ကြားလား"
လုပမ်ဝေသည် သူ၏ခြေထောက်ကိုဝှေ့ယမ်းရင်း အော်ဟစ်လိုက်၏။
"ဝုန်း....ဝုန်း...."
"သေစမ်း...."
"ငါ မင်းကို သတ်မယ်"
ဤှကဲ့သို့ အရှက်ခွဲခံရချိန်တွင် စုန်ကီ၏အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သော ဒေါသတကြီးအသံကြီးက မြေအောက်မှထွက်ပေါ်လာသည်။
ထိုအသံ မြည်ဟီးလာသည်နှင့်အတူ....
မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ လောကကြီး၏အဆုံးသတ်အလား မရေမတွက်နိုင်သောပက်ကြားအက်များ ပျံ့နှံ့စပြုလာသည်။
ထို့နောက် ထိုမြေပြင်ပက်ကြားအက်များအကြားမှနေ၍ ပေတစ်သောင်းကျော်ရှည်လျားသော နွယ်ပင်အမြောက်အများသည် ကြီးမားသောမြွေများအလား တွယ်တက်လာကြ၏။ ထိုနွယ်ပင်များသည် လေထုအတွင်း၌ ထူထပ်သိပ်သည်းစွာ ယှက်နွယ်သွားကာ ကြီးမားသောပိုက်ကွန်ကြီးတစ်ခုအဖြစ်ဖွဲ့စည်းပြီး လုပမ်ဝေကို တိုက်ခိုက်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် နေရောင်ခြည်ကို ပိတ်ဖုံးသွားတော့သည်။
"အား...."
"ကယ်ကြပါအုံး...."
"ပြေးကြ...ဒီနေရာကနေ အဝေးကို မြန်မြန်ထွက်ပြေးကြရအောင်"
ဤတိုက်ခိုက်မှုအကြားတွင် နတ်ဘုရားဓားဂိုဏ်းနှင့်လီမိသားစုတို့ဘက်မှတပည့်များ သက်ရောက်ခြင်းခံရသဖြင့် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြားအော်ဟစ်ပြီး ထွက်ပြေးကြတော့သည်။
"အော်...."
"မင်းက ငါ့ကို လျော်ကြေးပေးဖို့ ငြင်းဆန်ရုံတင်မကဘူး....ငါ့ကိုတောင် ခြိမ်းခြောက်ဝံ့တာလား"
ထိုမြင်ကွင်းကိုကြည့်ပြီး လုပမ်ဝေ ဒေါသထွက်သွားသည်။
နောက်ထပ်ခြေဆောင့်နင်းချက်တစ်ချက်နှင့်အတူ....
"ဘုန်း...."
ဤခြေဆောင့်နင်းချက်ကြောင့် တုန်ခါသံကြီးတစ်သံနှင့်အတူ မြေပြင်ပြိုလဲသွားသည်။ စုန်ကီ၏ဧရာမမျက်နှာကြီးတစ်ခုလုံး ယခုလက်ရှ်အချိန်တွင် မြေကြီးအတွင်းသို့ လုံးလုံးလျားလျား ကျွံဝင်သွားလေပြီ။ ထိုအားလှိုင်းအရှိန်ကြောင့် စုန်ကီ၏မျက်နှာ နံဘေးနှစ်ဖက်ရှိမြေပြင်သည် တောင်ကုန်းငယ်တစ်လုံးစာမျှ မြင့်တက်လာပေ၏။
တစ်ချိန်တည်းမှာပင် မိုးကောင်းကင်ယံအတွင်း၌ပြည့်နှက်နေသည့် မရေမတွက်နိုင်သောနွယ်ပင်များသည်လည်း အသက်စွမ်းအား ဆုံးရှုံးသွားကာ တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်မလာခဲ့ဖူးသည့်အလား ပြန်လျှောကျသွားတော့သည်။
နတ်ဆိုးအရှင်များသည် အကြည့်ချင်းဖလှယ်လိုက်ကြကာ စကားတစ်ခွန်းမျှမဆိုဘဲ ထွက်ပြေးခဲ့ကြတော့သည်။
"ဟူး...."
"ဒီကောင်က ငါ့ရဲ့ငွေတွေကိုပြန်ပေးဖို့ထက် အသေခံမယ့်ပုံပဲ...ငါ့ရဲ့ငွေတွေ"
လုပမ်ဝေသည် မြေပြင်ပေါ်သို့ဆင်းသက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ မလှမ်းမကမ်းရှိ တောင်ပို့ငယ်လေးကို စိတ်ပျက်လက်ပျက်အမူအယာဖြင့်ကြည့်ပြီး သက်ပြင်းရှိုက်လိုက်၏။
"အကိုကြီး...နောက်ထပ်...နောက်ထပ်ရတနာသိုက်တွေရှိနေသေးတယ်....ကျွန်တော် အဲ့ဒီနေရာဆီ အကိုကြီးကို ခေါ်သွားပေးမယ်"
ထိုအချိန်မှာပင် ညလေညှင်းကင်းခြေမျှားက အော်ဟစ်လိုက်သည်။
"အမ်..."
မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော လုပမ်ဝေက ရုတ်တရက် ခေါင်းမော့ကြည့်ကာ မေးမြန်းလေသည်။
"တကယ်လား..."
"တကယ်ပြောတာပါ...အကိုကြီး....သွားကြစို့...အဲ့ဒီတောင်ကုန်းအကျော်လေးမှာပဲ"
ညလေညှင်းကင်းခြေမျှားက ပျာပျာသလဲ ပြောဆိုသည်။
"ဟား ဟား ဟား...ဝမ်းသာစရာပဲ...အကိုကြီးရဲ့ပျော်ရွှင်မှုတွေ ပြန်ရောက်လာပြီ...သွားကြစို့...ချီတက်ကြမယ်"
"ဝူး...ဟူး...."
"ဝိုး...အကိုကြီး...ကျွန်တော်ကို စောင့်ပါအုံး"
"အကိုခွေး...အကိုခွေး...ကျွန်တော်ကိုလည်း စောင့်ဦး...နောက်မှာ ချန်မထားခဲ့နဲ့လေ"
ဝမ်းပန်းတသာအော်ဟစ်သံများနှင့်အတူယှဥ်တွဲ၍ ပုံရိပ်သုံးရိပ်သည် အဝေးသို့လျှင်မြန်စွာ ရွေ့လျားသွားတော့သည်။ နတ်ဘုရားဓားဂိုဏ်းနှင့်လီမိသားစုတို့ဘက်မှလူများ၏ မြောက်မြားစွာသော မျက်လုံးအကြည့်များအောက်တွင် သူတို့သည် အဝေးတစ်နေရာသို့ လျှင်မြန်စွာ ချီတက်သွားလေပြီ။
လမ်းတလျှောက်၌ ယခုထိတိုင် ထွက်မပြေးနိုင်ခဲ့သော နတ်ဆိုးသားရဲတစ်ကောင်သည် သူတို့၏လမ်းကြောင်းကို ပိတ်ထားသကဲ့သို့ဖြစ်သွားသဖြင့် တက်နင်းခံရကာ သေဆုံးသွားရသည်။
အလွန်လျှင်မြန်စွာဖြင့် အရိုးစုတစ်ကောင် ခွေးတစ်ကောင်နှင့် ကင်းခြေမျှားတစ်ကောင်တို့သည် လူအများ၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေပြီ.....
နောက်ဆက်တွဲရလဒ်များကိုကြည့်ပြီး လူတိုင်း လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြသည်။
ဤသုံးကောင်သည် မည်သည့်နတ်ဘုရားအင်မော်တယ်မျိုးဖြစ်သနည်း...
အရူးများ ဖြစ်နေသလော....
မဟုတ်...မဟုတ်...မဟုတ်သေးချေ။
သူတို့သည် လူထူးလူဆန်းများပင်။
သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း မြက်ပင်များပင်လျှင် ရှင်သန်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် ဤနတ်ဘုရားအင်မော်တယ်သုံးယောက်မှ ဖြစ်စေခဲ့သော ရုန်းရင်းဆန်ခတ်မှုကြီးသည် နတ်ဘုရားဓားဂိုဏ်းနှင့်လီမိသားစုတို့အတွက် အခွင့်အရေးကောင်းကြီးတစ်ခုပင်။
"ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း...မိုကျူးနဲ့မိန်းကလေးလီကျားရှင်းပါ နားထောင်ရမယ်"
ယန်ထန်းယုက ချက်ချင်းဆိုသလိုပင် အမိန့်ပေးလေသည်။
"မင်းတို့နှစ်ယောက်ရဲ့ဦးဆောင်မှုနဲ့...ချန်ဟိုနဲ့ရမ်ဟိုတို့ကို ကူညီထောက်ပံခိုင်းပြီးတော့...ဓားနတ်ဘုရားဂိုဏ်းနဲ့လီမိသားစုရဲ့ တပည့်တွေအားလုံး ဒီတောတောင်ထဲကနေ ထွက်သွားရမယ်"
"တခြားသိုင်းအရှင်တွေက ငါနဲ့လီမိသားစုခေါင်းဆောင်တို့နောက်ကို လိုက်ပြီးတော့...တပည့်တွေအားလုံး ဒီတောတောင်ထဲကနေ ဘေးကင်းကင်းနဲ့ထွက်သွားနိုင်ဖို့အတွက်...ဘာဘေးအန္တရာယ်မှဖြစ်မလာအောင် တားဆီးဟန့်တားရမယ်"
"ဟုတ်ကဲ့"
လူတိုင်းသည် တွန့်ဆုတ်နေခြင်းမရှိဘဲ အလျင်စလို လိုက်နာလိုက်ကြ၏။
အကြောင်းအရင်းမှာ သူတို့အားလုံးသည် စုန်ကီမသေဆုံးသည်ကို သိရှိထားသောကြောင့်ပင်။
အစောပိုင်းက ဝတ်ရုံနက်ဝတ်လူ၏ခြေဆောင့်နင်းခြင်းကြောင့် သေဆုံးသွားသည်မှာ စုန်ကီသည် သိုင်းသူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နေစဥ် သူ၏စိတ်ဆန္ဒကိုအသုံးပြု၍ တောတောင်ပရဝုဏ်မှ မရေမတွက်နိုင်သောသစ်ပင်များကို သိပ်သည်းထားသော ကိုယ်ပွားသက်သက်ပင်။
ထို့ကြောင့် သူတို့၏အကျပ်အတည်းသည် ပြီးဆုံးခြင်းမရှိသေးချေ။ စုန်ကီ ပြန်လည်ကောင်းမွန်လာပြီးနောက် သူသည် သူတို့အား တဖန်ပြန်၍ တိုက်ခိုက်လာနိုင်သည်။
....
ဝှစ်...
တောအုပ်၏တခြားတစ်နေရာတွင် ကျုံးချင်သည် လေထုအတွင်းသို့ခုန်တက်ကာ သူ၏ဓားကို အောက်သို့ခုတ်ပိုင်းလိုက်၏။
ထို့နောက် တောဝက်ရိုင်းတစ်ကောင်သည် ထိုဓားချက်ကြောင့် နှစ်ခြမ်းကွဲသွားကာ သူ၏ခြေထောက်အနီး၌ လဲကျသေဆုံးသွားတော့သည်။
"မဆိုးဘူး...မင်း ကောင်းကောင်းလေ့ကျင့်ထားသားပဲ"
ရီဖုန်း၏ချီးမွမ်းသံက ကျုံးချင်၏နောက်မှ ထွက်ပေါ်လာသည်။
"ဟီး ဟီး...ဆရာ့ရဲ့ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်"
ကျုံးချင်သည် သူ၏ခေါင်းကိုကုတ်ကာ ပြုံးဖြဲဖြဲနှင့် ပြောဆိုသည်။
"အင်း...ကြည့်ရတာတော့ ငါက ပိုပြီးနက်တဲ့တောထဲကို မင်းကို ခေါ်သွားရမယ့်ပုံပဲ...အဲ့ဒီနေရာမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေက ပိုပြီးရက်စက်ကြမ်းကြုတ်တယ်...မင်း ကြောက်လား"
ရီဖုန်းက ညင်သာစွာမေးမြန်းသည်။
"ကျွန်တော် မကြောက်ဘူး"
ကျုံးချင်က ပြတ်ပြတ်သားသား ပြောဆိုသည်။
"တပည့်ကောင်းလေးပဲ...သွားကြစို့"
ရီဖုန်းသည် ကျုံးချင်၏ခေါင်းမှဆံပင်များကို ထိုးဖွလိုက်ပြီးနောက် ဆရာတပည့်နှစ်ယောက်သည် ပို၍နက်ရှိုင်းသော တောတောင်အတွင်းသို့ဦးတည်၍ ဝင်ရောက်ခဲ့တော့သည်။
Chapter 230
"ဂိုဏ်းချုပ်နဲ့လီမိသားစုခေါင်းဆောင်ကို အရိုအသေပြုပါတယ်...နတ်ဘုရားဓားဂိုဏ်းနဲ့လီမိသားစုရဲ့တပည့်တွေအားလုံး ဒီတောတောင်နယ်မြေကနေ ထွက်သွားပါပြီ"
သိုင်းအရှင်တစ်ယောက်က ယန်ထန်းယုနှင့်လီရှုဟွာတို့ကို သတင်းပို့လေ၏။
ထိုစကားကိုကြားပြီးနောက် လူတိုင်းသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။
အကျပ်အတည်းကို ရှောင်တိမ်းနိုင်ခဲ့လေပြီ။
နောက်ဆုံး၌ သူတို့အားလုံး အန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့သည်။
စုန်ကီသည် ဤတောတောင်ပရဝုဏ်ကို သိမ်းပိုက်လွှမ်းမိုးနိုင်သော အစွမ်းထက်နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သော်လည်း သူသည် နန်ရှားနယ်မြေအတွင်းထိဝင်၍ သူတို့အား တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
အကယ်၍ စုန်ကီကဲ့သို့ နတ်ဆိုးအိုကြီးတစ်ကောင်သည် နန်ရှားနယ်မြေအတွင်း၌ ထင်ရာစိုင်းသောင်းကျန်းနေပါက မျိုးနွယ်နှစ်ခုကြားရှိစစ်ပွဲအဖြစ်သို့ အမှန်တကယ်ဦးတည်သွားပေမည်။
"ငါတို့ ဘာဆက်လုပ်ကြမလဲ...နောက်ဆုတ်ကြမှာလား"
သိုင်းအရှင်များအနက်မှ တစ်ယောက်က မေးမြန်းသည်။
ထိုစကားကိုကြားချိန်တွင် လီရှုဟွာနှင့်ယန်ထန်းယုတို့သည် တပြိုင်နက်တည်း ခေါင်းခါယမ်းလိုက်ကြသည်။
သူတို့သည် ဤအတိုင်းထွက်ခွာသွားရန်အတွက် ဆန္ဒမရှိသည်မှာ သိသာထင်ရှားလှ၏။
ထိုဆေးအိတ်သည် အနည်းဆုံး အင်ပါယာအဆင့် သို့မဟုတ် ထို့ထက်ပင် အဆင့်မြင့်မားနေနိုင်သော ရတနာတစ်ခုပင်။ အကယ်၍ ဤဆေးအိတ်ကို ပြန်ယူနိုင်ရန် အခွင့်အရေးသည် အလွန်နည်းပါးနေလျှင်ပင် သူတို့ လက်လျှော့အရှုံးပေးလိုခြင်းမရှိချေ။
ထို့ပြင် ယခုလက်ရှိချိန်၌ ကျန်ရှိနေသူအားလုံးသည် သိုင်းအရှင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်ပေ၏။ အကယ်၍ တိုက်ပွဲဖြစ်လာမည်ဆိုပါက သူတို့အား တားဆီးနိုင်မည့်သူ နည်းပါးကာ လွယ်လင့်တကူ ထွက်ခွာသွားနိုင်ပေမည်။
အမှန်အားဖြင့် အရေးအကြီးဆုံးအချက်မှာ ကြောက်မက်ဖွယ်ကောင်းသော ဝတ်ရုံနက်ဝတ်လူသည် စုန်ကီ၏ကိုယ်ပွားကို ချေမွှဖျက်ဆီးလိုက်ခြင်းပင်။ ဤသည်မှာ စုန်ကီအား ပြင်းပြင်းထန်ထန် ထိခိုက်နာကျင်စေမည်မဟုတ်သော်လည်း သူ၏စိတ်ဝိညာဥ်တွင် အနည်းငယ်ဒဏ်ရာရရှိသွားပေမည်။ ဤသည်ကြောင့် နတ်ဆိုးသူတော်စင်နယ်ပယ်သို့ သူ၏အဆင့်ချိုးဖျက်ဝင်ရောက်မှု အချိန်တချို့နှောင့်နှေးကြန့်ကြာသွားမည်မှာ သေချာပေါက်ပင်။
ဤအချိန်အခိုက်အတန့်သည် သူတို့အတွက် ကြီးမားသော အခွင့်အရေးကြီးပင်။
"သွားကြစို့..."
သိုင်းအရှင်ဆယ်ယောက်ကျော်သည် လေထုကိုဖြတ်သန်း၍ ပျံသန်းခဲ့ကြတော့သည်။
မကြာမီမှာပင် ထိုလူတစ်စုသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ချောက်နက်ကြီးတစ်ခု၏အထက်သို့ ရောက်ရှိသွားလေ၏။
အောက်ရှိချောက်နက်ကြီးအတွင်းတွင် အလွန်မြင့်မားသည့် ရှေးဟောင်းသစ်ပင်အမြောက်အများကို လူတိုင်းတွေ့မြင်နိုင်သည်။ ဤကဲ့သို့ထူထပ်သောတောအုပ်ကြီး ရှိနေခြင်းကြောင့် မည်သည့်နေရောင်မျှ တိုးမပေါက်နိုင်ချေ။
မရေမတွက်နိုင်သောသစ်ပင်ကြီးများ၏ အလယ်ဗဟိုတည့်တည့်နေရာတွင် အရှိန်အဝါပြင်းထန်သော ကျိုင်းပင်ကြီးတစ်ပင်ရှိနေသည်။
ဤသည်မှာ စုန်ကီ၏အစစ်အမှန်ခန္ဓာကိုယ်ပင်။
"အားလုံးပဲ...စုန်ကီက နတ်ဆိုးသူတော်စင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နေတဲ့ အရေးကြီးအချိန်အခိုက်အတန့်အတွင်းမှာ စွမ်းအားတွေအများကြီးကို ထုတ်သုံးနိုင်မှာမဟုတ်ဘူး...ငါတို့အောက်ကိုဆင်းပြီးတော့ ဆေးအိတ်ကိုပြန်ယူကြစို့...ပြီးတာနဲ့ ချက်ချင်းပြန်ထွက်သွားကြမယ်"
လီရှုဟွာက အောက်သို့ငုံကြည့်ကာ ပြောဆိုသည်။
"မှတ်ထားရမှာက...အချိန်ဆွဲပြီးမတိုက်ခိုက်ဖို့ပဲ"
ယန်ထန်းယုက ဖြည့်စွက်၍ပြောဆိုသည်။
သို့ရာတွင် သူတို့ စတင်လှုပ်ရှားတော့မည့်အချိန်မှာပင် လက်ရှိနေရာတွင်ရှိနေသောလူတိုင်း၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားသည်။
"ဘာတွေဖြစ်နေတာလဲ...ဘာလို့ ငါ့ရဲ့ခွန်အားတွေ အားနည်းသွားတာလဲ"
"ငါလည်းအတူတူပဲ....မင်းနဲ့တူတဲ့ အခြေအနေမျိုး ဖြစ်နေတယ်"
"အဆိပ်ပဲ...ငါတို့ရဲ့ခန္ဓာကိုယ်တွေထဲမှာ အဆိပ်တွေရှိနေတယ်...မင်းတို့ရဲ့စွမ်းအားတွေကို မြန်မြန်လှည့်ပတ်ပြီးတော့ အဲ့ဒီအဆိပ်တွေကို တွန်းထုတ်ကြစမ်း"
လီရှုဟွာသည် အဆိပ်ကိုပျက်ပြယ်သွားစေရန် သူ၏စွမ်းအားများကို အသုံးပြုနေရင်း အလျင်စလိုအော်ဟစ်လိုက်သည်။
ဤအဆိပ်သည် သေစေနိုင်ခြင်းမရှိဘဲ သူတို့၏ကျင့်ကြံဆင့် သုံးဆယ်မှလေးဆယ်ရာခိုင်နှုန်းထိကို ဖိနှိပ်ထားရုံသာရှိသော်လည်း ဤကဲ့သို့အချိန်မျိုးတွင် ယခုကဲ့သို့ကိစ္စမျိုး ဖြစ်ပွားလာသည်မှာ ကောင်းမွန်သောအရာမဟုတ်ချေ။
လူတိုင်း အံ့အားသင့်နေစဥ်မှာပင် သူတို့အနက်မှတစ်ယောက်သည် ရုတ်တရက် ရှေ့သို့ထွက်လာကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဟား ဟား ဟား...မင်းတို့ ဒါကို အစောကြီးရှာတွေ့သွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"အမှောင်ညနတ်ဆိုး...ဒါက မင်းရဲ့လက်ချက်လား"
လူတိုင်းသည် အော်ဟစ်ရယ်မောနေသူကိုကြည့်ကာ တည်ကြည်လေးနက်စွာဖြင့် မေးမြန်းလိုက်ကြသည်။
"အမှန်ပဲ...ဒါက ငါ လုပ်ခဲ့တာ...မင်းတို့က ငါ့ကို အရမ်းယုံကြည်ခဲ့တယ်...ဒါကြောင့် မင်းတို့ ဘာမှမသိခင် ငါ လွယ်လွယ်လေး အဆိပ်ခတ်နိုင်ခဲ့တယ်လေ...ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ"
အမှောင်ညနတ်ဆိုးက သရော်တော်တော် ပြောဆိုသည်။
"ခွေးမသား..."
"သစ္စာဖောက်..."
"မင်းက နတ်ဆိုးသားရဲတစ်ကောင်ဆိုပေမယ့်...ဒီနှစ်တွေအတွင်းမှာ ငါတို့နတ်ဘုရားဓားဂိုဏ်းက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်...မင်းက ဘာလို့ ငါတို့ကို သစ္စာဖောက်ဝံ့တာလဲ"
ယန်ထန်းယုက ဒေါသတကြီး ဆဲဆိုလိုက်၏။ သူ၏လူများအနက်မှတစ်ယောက်သည် သူ၏နောက်ကျောကို ဓားနှင့်ထိုးမည်ဟု သူ မျှော်လင့်မထားမိချေ။
အမှောင်ညနတ်ဆိုးသည် နတ်ဆိုးအရှင်တစ်ကောင်ဖြစ်သော်လည်း ယန်ထန်းယုသည် သူ့အား သံသယဝင်ခဲ့ဖူးခြင်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းတစ်ဂိုဏ်း၏ဖွံဖြိုးတိုးတက်မှုသည် အစွမ်းထက်သောကျင့်ကြံသူများအပေါ်တွင် မူတည်နေလေရာ လူသားအသွင်ယူနိုင်သော နတ်ဆိုးအရှင်တစ်ကောင်သည် အပြင်ပန်း၌ လူသားများနှင့် မည်သည့်ကွဲပြားခြားနားချက်မျိုးမျှမရှိချေ။ ထို့ပြင် အမှောင်ညနတ်ဆိုးသည် ထိုအချိန်တုန်းက သစ္စာစောင့်သိမည်ဟု ရိုးသားစွာကတိပေးခဲ့သောကြောင့် သူတို့သည် ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူမျိုးကို ငြင်းဆန်ခဲ့ခြင်းမရှိချေ။
သို့ရာတွင် ယခုကြည့်ကြည့်တော့မှ မည်သို့ပင်ဆိုစေကာမူ လူသားများနှင့်နတ်ဆိုးသားရဲများသည် ကွဲပြားခြားနားပေ၏။
"ဟမ့်...အခုချိန်မှ ဒီစကားတွေကိုပြောလို့ ဘာထူးတော့မှာလဲ...သေဖို့သာ ပြင်ထားကြတော့"
အမှောင်ညနတ်ဆိုးက သရော်တော်တော်ပြောဆိုကာ သူတို့အား ဆက်လက်စကားပြောဆိုရန် စိတ်မဝင်စားတော့ချေ။ ထို့နောက် သူသည် ချောက်နက်ကြီးကိုမျက်နှာမူ၍ ဒူးထောက်ကာ ပြောဆိုလိုက်သည်။
"ဘိုးဘေးစုန်...ဒီလူသားတွေမှာ သူတို့ခွန်အားရဲ့ ငါးဆယ် ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတော့တယ်..ကျေးဇူးပြုပြီးတော့ သူတို့ကို ရင်ဆိုင်ဖြေရှင်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပေးပါ"
"အင်း...."
အသံတစ်သံက ချောက်နက်ကြီးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ထိုအသံနှင့်အတူ နတ်ဆိုးအရှင်ဆယ်ကောင်ကျော်သည် ရုတ်တရက် အထက်သို့ပျံသန်းလာပြီး သူတို့၏အစစ်အမှန်ပုံစံများကို ပြန်လည်ယူဆောင်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများအပြည့်နှင့် လီရှုဟွာတို့လူစုကို ဝိုင်းရံလိုက်သည်။
"ဆုတ်ခွာကြစို့"
လီရှုဟွာသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
တခြားသူများသည်လည်း အခြေအနေ၏အတိမ်အနက်ကို နားလည်သဘောပေါက်ထားသည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းအားများသည် သုံးဆယ်မှလေးဆယ်ရာခိုင်နှုန်းထိ လျော့ကျနေသဖြင့် ဤအတိုင်းတိုက်ခိုက်ပါက သူတို့ဘက်မှ အလေးသာမည်မဟုတ်ချေ။ ထို့ပြင် ဤအခြေအနေအရ သူတို့သည် ဆေးအိတ်ကိုပြန်ယူနိုင်ရန်မှာလည်း လုံးလုံးလျားလျားမဖြစ်နိုင်တော့ပေ။
လီရှုဟွာနှင့်တခြားသူများသည် အဝေးသို့ လျှင်မြန်စွာ ပျံသန်းခဲ့ကြတော့သည်။
"ဟမ့်...မင်းတို့က ဘယ်နေရာကိုထွက်ပြေးဖို့ တွေးနေကြတာလဲ"
နတ်ဆိုးအရှင်များသည် ထွက်ပြေးသွားသော လီရှုဟွာတို့လူစုနောက်သို့ လိုက်လံဖမ်းဆီးလေ၏။
လီရှုဟွာတို့လူစုအတွက် အခြေအနေမှာ အလွန်ဆိုးရွားနေသည်။ မူလက သူတို့နှင့်နတ်ဆိုးအရှင်များအကြားရှိ ကျင့်ကြံဆင့်နယ်ပယ်များသည် တူညီသလောက်နီးပါးပင်။ သို့ရာတွင် ယခုချိန်တွင် သူတို့၏ခွန်အား သုံးဆယ်လေးဆယ်ရာခိုင်နှုန်းကို ဖိနှိပ်ခံထားရသဖြင့် မကြာမီမှာပင် နတ်ဆိုးအရှင်များသည် သူတို့အား မှီလာခဲ့လေ၏။
ဤအခြေအနေအောက်တွင် လီရှုဟွာတို့လူစုသည် ထိပ်တိုက်ရင်ဆိုင်ရုံသာ ကျန်ရှိတော့သည်။
ထို့နောက် သိုင်းအရှင်ဆယ်ယောက်ကျော်နှင့် နတ်ဆိုးအရှင်များသည် မိုးကောင်းကင်တုန်ခါသွားစေသော တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲကြသည်။
အစပိုင်းတွင် လီရှုဟွာတို့လူစုသည် နည်းလမ်းအမျိုးမျိုးနှင့်ဝှက်ဖဲများကို အသုံးပြုကာ တောင့်ခံထားနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အဆိပ်၏သက်ရောက်မှုကြောင့် သူတို့ဘက်မှ အရေးနိမ့်စပြုလာသည်။
အထူးသဖြင့် အစစ်အမှန်သားရဲပုံစံယူထားသော နတ်ဆိုးအရှင်များ၏ မူလဘူတတိုက်ခိုက်ရေးနည်းလမ်းများမှတဆင့် အလွန်ကြီးမားသောဖိအားများကို ထုတ်လွှတ်ထားကာ လူသားကျင့်ကြံသူများကို နောက်သို့တည်ငြိမ်စွာ တွန်းပို့နေသည်။
"အား..."
နောက်ဆုံး၌ သိုင်းအရှင်များအနက်မှတစ်ယောက် လဲကျသွားသည်။
ထိုသိုင်းအရှင် လဲကျသွားခြင်းနှင့်အတူ တမဟုတ်ချင်းမှာပင် သက်ရောက်မှုစတင်လာသည်။ လူသားသိုင်းအရှင်တချို့သည် သူတို့၏ဖိနှိပ်ခြင်းခံထားရသော ကျင့်ကြံဆင့်များဖြင့် ရန်သူ နှစ်ယောက် သုံးယောက်ကို တပြိုင်နက်တည်း ရင်ဆိုင်နေရလေ၏။
အဆုံးသတ်၌ နေ့တစ်ဝက်ခန့်ကြာအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် လီရှုဟွာနှင့်ယန်ထန်းယုတို့ပင်လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားကာ နတ်ဆိုးအရှင်များ၏ဝိုင်းရံခြင်းကို ခံထားရသည်။
"ငါ့ရဲ့ကလေးတွေ ကောင်းကောင်းလုပ်နိုင်သားပဲ"
ထိုအချိန်မှာပင် ကြီးမားသောဆူးများဖြင့် ပြည့်နှက်နေကာ ကြည့်ရသည်မှာ ထူးဆန်းသော အနီးရှိသစ်ပင်ကြီးတစ်ပင်၏ပင်စည်ပေါ်တွင် လူကြီးတစ်ယောက်၏အရပ်အမြင့်နီးပါးရှိသော လူသားမျက်နှာကြီးတစ်ခု သိပ်သည်းသွားကာ ပြောဆိုလိုက်၏။
ဤသစ်ပင်ပေါ်တွင် ထင်ဟပ်လာသည်မှာ စုန်ကီ၏နောက်ထပ်ကိုယ်ပွားတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။
"ဘိုးဘေးစုန်ကို အရိုအသေပြုပါတယ်"
နတ်ဆိုးအရှင်များအားလုံး အရိုအသေပြုလိုက်ကြသည်။
"အင်း...အဲ့ဒီလူသားတွေကို အမြစ်ပြတ်သုတ်သင်လိုက်ကြစမ်း"
သစ်ပင်၏ပင်စည်ပေါ်ရှိ လူသားမျက်နှာကြီးသည် အမိန့်ပေးပြီးချိန်တွင် နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေသည့်အလား သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။
"လူသားတွေ...ဒူးထောက်ကြစမ်း...တကယ်လို့ မင်းတို့တွေက လိမ်လိမ်မာမာနဲ့ မင်းတို့ရဲ့လည်ပင်းတွေကို ဆန့်ပေးထားမယ်ဆိုရင်...ငါတို့က မင်းတို့ကို အလောင်းအပြည့်အစုံ ချန်ထားပေးမယ်...မဟုတ်ရင်ကတော့ ငါတို့က မင်းတို့ရဲ့ကျင့်ကြံဆင့်တွေကိုဖျက်ဆီးပြီး ငါတို့ရဲ့ကလေးတွေအတွက် အစာအနေနဲ့ကျွေးဖို့ မင်းတို့ကိုသုံးရလိမ့်မယ်"
"အမှန်ပဲ...တကယ်လို့ မင်းတို့ကိုယ်တိုင် လိုလိုလားလား ဒူးထောက်မယ်ဆိုရင်...ငါတို့က မင်းတို့ကို သက်တောင့်သက်သာ သေခွင့်ပြုလိုက်မယ်...မဟုတ်ရင်ကတော့...."
"ဟီး ဟီး..."
နတ်ဆိုးအရှင်များသည် လီရှုဟွာတို့လူစုကိုဝိုင်းရံကာ သရော်တော်တော်ပြောဆိုရင်း အနီးသို့ချဥ်းကပ်လာကြသည်။
"ဟမ့်...အရမ်းကြီး ဝမ်းသာစောမနေကြနဲ့အုံး"
ယန်ထန်းယုက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ဟား...ဟား...ဟား..."
"အခုလိုအချိန်မှာတောင် လျှာစောင်းထက်နိုင်သေးတယ်...လူသားတွေက တကယ့်ကို ရယ်စရာကောင်းတာပဲ"
ခြင်္သေ့ပုံစံရှိသော နတ်ဆိုးအရှင်တစ်ကောင်က အေးစက်စက်အော်ဟစ်ရယ်မောလိုက်၏။
"ငါ မင်းတို့ကို အမှန်အတိုင်းပြောလိုက်မယ်...ဒီနေ့ မင်းတို့ကို ဘယ်သူကမှ မကယ်နိုင်....."
သို့သော် ထိုအချိန်မှာပင် ရုတ်တရက်ဆန်သော အပြောင်းအလဲတစ်ခု ဖြစ်ပွားလာခဲ့သည်။
ကောင်ငယ်လေးတစ်ယောက်က ရုတ်တရက် သူ၏နောက်မှ ခုန်ထွက်လာသည်။
"ခုတ်...."
ထိုအသံနှင့်အတူ ဓားချက်တစ်ချက်က တဟုန်ထိုး ဆင်းသက်လာသည်။
ခြင်္သေ့နတ်ဆိုးအရှင်၏အမူအယာ တောင့်တင်းသွားကာ သူ၏ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားပြီး မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
မည်သို့ဖြစ်ပျက်သွားသည်ကို မည်သူမျှ မသိသေးခင်မှာပင် ထိုကောင်ငယ်လေး၏နောက်မှ လူငယ်တစ်ယောက် ထွက်ပေါ်လာကာ စိတ်လှုပ်ရှားစွာဖြင့် နတ်ဆိုးအရှင်များကို လက်ညှိုးညွှန်ပြပြီး ကျယ်လောင်စွာအော်ဟစ်ရယ်မောနေသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
"ဟား ဟား ဟား...ငါ့ရဲ့တပည့်လေး...မင်းရဲ့အရည်အချင်းတွေကို လေ့ကျင့်နိုင်မယ့် အခွင့်အရေးတစ်ခု ရောက်လာပြီ...ဒီနေရာမှာ သားရဲဆယ်ကောင်ကျော်ရှိနေတယ်...သူတို့ကို မြန်မြန်လေး ခုတ်ပိုင်းလိုက်စမ်း"
"ဟုတ်ကဲ့ပါ ဆရာသခင်..."
ကောင်ငယ်လေး၏မျက်လုံးအတွင်း၌ စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားကာ သူ၏ကြီးမားသောဓားကြီးကို ဝှေ့ယမ်းပြီး ခုတ်ပိုင်းလိုက်၏။
လီရှုဟွာတို့လူစု၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ထိုကောင်ငယ်လေးသည် လှုပ်ရှားမှုအနည်းငယ်ပြုလုပ်ရုံမျှဖြင့် နတ်ဆိုးအရှင်များအားလုံးကို လွယ်လင့်တကူ လဲကျသွားစေနိုင်ခဲ့သည်။