အခန်း (၂၃၆-၂၄၀)
Vol. 16 Ch. 236-240
Chapter 236
"နင်က ခေါင်းဆောင်လား..."
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် ရီဖုန်းကိုကြည့်ကာ အလေးအနက်ထားသောလေသံနှင့် ပြောဆိုသည်။
"ငါ ပြောခဲ့သလိုပဲ..ငါက နင့်ရဲ့ရထားလုံးနဲ့ နန်ရှားကိုသွားချင်ရုံသက်သက်ပဲ...ငါက ဒဏ်ရာအပြင်းအထန်ရထားတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုပေမယ့်..ဒီခရီးလမ်းတလျှောက်မှာ နင်တို့ရဲ့ဘေးကင်းလုံခြုံမှုကို ငါ အာမခံနိုင်တယ်"
"အမ်...ကျင့်ကြံသူ...ဒါက ငါတို့ ဒုက္ခတွေ့နိုင်တယ်မဟုတ်ဘူးလား"
ရီဖုန်းက သူ၏နှာခေါင်းကိုရှုံကာ မျက်မှောင်ကြုတ်လိုက်၏။
ထိုစကားကိုကြားချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အချိန်တခဏကြာပြီးနောက် သူမက ရီဖုန်းကိုကြည့်ကာ ပြောဆိုသည်။
"နင့်ကို ရိုးရိုးသားသားပြောရရင်...ဒုက္ခတွေ့နိုင်တယ်ဆိုတာကတော့ အမှန်ပဲ...ဒါပေမယ့် ဖြစ်နိုင်ချေက မဖြစ်နိုင်သလောက်နီးပါးပဲ...ဘာလို့လဲဆိုရင် ငါက သူတို့အားလုံးကို သတ်လိုက်တာမလို့ သူတို့က စစ်ကူထပ်မတောင်းနိုင်ခဲ့တာကြောင့်ပဲ"
"အင်း..."
ရီဖုန်းက ခေါင်းညိတ်ပြလိုက်၏။ ထိုမိန်းကလေး၏ရိုးသားမှုကြောင့် သူ သူမအပေါ် အနည်းငယ်ပို၍ယုံကြည်သွားသည်။
"ကောင်းပြီလေ...ငါ မင်းကို ခေါ်သွားပေးမယ်...ဒါပေမယ့် ဒီကိစ္စက စွန့်စားရမှာဖြစ်တာကြောင့် ဆုလာဘ်တချို့တော့ရှိသင့်တယ်လေ...ဟုတ်တယ်မလား"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"နင် ဘာလိုချင်တာလဲ"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက မေးမြန်းသည်။
"အင်း...ငါးရာ...မဟုတ်သေးဘူး...ရွှေပြားတစ်ထောင်..."
ရီဖုန်းက သူ၏လက်ကိုဆန့်တန်းကာ ပြောဆိုလိုက်၏။
ထိုမိန်းကလေးသည် မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ သူမ၏သိုလှောင်လက်စွပ်အတွင်းမှ ရွှေပြားတစ်ထောင်တန်ငွေလက်မှတ်ကိုထုတ်ယူကာ ရီဖုန်းထံသို့ လက်ကမ်းပေးလေသည်။
"ဒါက ရွှေပြားတစ်ထောင်တန် ငွေလက်မှတ်ပဲ...နင်က ဘယ်ငွေတိုက်မှာမဆို ရွှေပြားတွေနဲ့ လဲယူနိုင်တယ်"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက ပြောဆိုသည်။
"ငါ အရမ်းလောကြီးသွားတယ်"
ဤမိန်းကလေးသည် အလွန်ရက်ရောကာ စျေးဆစ်ခြင်းပင်မပြုချေ။ ရီဖုန်းသည် ပိုမတောင်းလိုက်မိသည့်အတွက် အလွန်အမင်း နောင်တရနေမိသည်။
"ကောင်းပြီလေ...ရထားလုံးထဲကို ဝင်ခဲ့ပါ"
ငွေလက်မှတ်ကိုသိမ်းဆည်းပြီးနောက် ရီဖုန်းက လက်ယပ်ခေါ်လိုက်သည်။ သို့ရာတွင် သူမ ရထားလုံးပေါ်သို့မတက်မီ သူက သတိပေးလိုက်၏။
"စကားမစပ်...တော်တော်လေးသန်မာတဲ့ကျူးရုံနဲ့ငါကလွဲရင်...ကျန်တဲ့လူတွေက ခြေလက်တွေမသန်တော့တဲ့ လူအိုကြီးတွေပဲ..ဘာဒုက္ခမှမဖြစ်စေရဘူးလို့ မင်း ပြောခဲ့တယ်မလား...တကယ်လို့ တစ်ခုခုဖြစ်လာရင် ငါတို့ကို ပစ်မထားပါနဲ့"
"ဘာမှမစိုးရိမ်နဲ့"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက အေးစက်တင်းမာစွာ ပြောဆိုသည်။
"တကယ်လို့ ပြဿနာတစ်ခုခု ရှိလာရင်တောင်...ငါက နင်တို့ကို ပါဝင်မပတ်သက်စေရဘူး"
"မင်း....ဒီမိန်းကလေးအတွက် နေရာပေးလိုက်စမ်း"
ရီဖုန်းက အောင်းချင်ကိုတစ်ချက်ကန်ကာ ပြောဆိုလိုက်သည်။
ခွေးသည် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးကို မျက်စောင်းထိုးကြည့်ကာ နံဘေးသို့ကပ်ပေးလိုက်၏။
"ဒါက...."
သို့ရာတွင် ထိုမိန်းကလေးသည် ဇဝေဇဝါဖြင့် အောင်းချင်ကို ကြည့်နေလေသည်။ အောင်းချင်သည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေနှင့် အလွန်တူညီသည်ဟု သူမ ခံစားမိသော်လည်း နောက်ပိုင်းတွင် သူ့ထံမှနေ၍ နတ်ဆိုးသားရဲတစ်ကောင်၏အရှိန်အဝါအနည်းငယ်ကိုမျှ သူမ မရရှိချေ။
ခွေးသည် ကြောင်စီစီဖြင့် သူမကို တစ်ချက်ကြည့်လိုက်သည်။
ဤခရီးတွင် သူသည် တစ်ချိန်လုံးသိုသိုသိပ်သိပ်နေရန် သတိပေးထားသော သခင်ဖြစ်သူ၏အမိန့်ကို လျစ်လျှူရှုမထားဝံ့ချေ။
ထို့ကြောင့် သူ၏အရှိန်အဝါများအားလုံးကို ထိန်းချုပ်ဟန့်တားထားကာ သူ၏ပုံပန်းသွင်ပြင်ကိုလည်း အနည်းငယ်ပြောင်းလဲထားသည်။
အကယ်၍ ယခုချိန်တွင် သူ၏ရှေ့၌ သိုင်းသူတော်စင်တစ်ယောက်ရှိနေလျှင်ပင် သူသည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေဖြစ်ကြောင်း သိနိုင်မည်မဟုတ်ချေ။ ဤရူးကြောင်ကြောင်မိန်းကလေးသည် သူ့အား ထွင်းဖောက်၍မြင်နိုင်ပါက သရဲတစ္ဆေတစ်ကောင်သာဖြစ်ပေလိမ့်မည်။
"မင်းရဲ့ဒဏ်ရာက အဆင်ပြေရဲ့လား"
ရီဖုန်းသည် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏ပခုံးပေါ်ရှိ ဒဏ်ရာကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုဓားဒဏ်ရာသည် အလွန်နက်သဖြင့် အရိုးများကိုပင် မြင်နေရသည်။ သူမ မည်မျှထိ နာကျင်နေမည်နည်း။
"ငါ အဆင်ပြေပါတယ်...ငါ့ကို မစိုးရိမ်ပါနဲ့"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက သူမ၏လက်ကို ဝှေ့ယမ်းပြလေ၏။
"ငါ မင်းရဲ့ဒဏ်ရာကို တစ်ချက်ကြည့်ပေးရမလား"
ရီဖုန်းက နူးညံညင်သာစွာ ပြောဆိုသည်။
"ငါက ဆေးပညာမှာ တော်တော်လေးအရည်အချင်းရှိတယ်...မင်းကို ကူညီကောင်းကူညီပေးနိုင်မှာပါ"
ထိုစကားကိုကြားချိန်တွင် ရထားလုံးအတွင်း၌ထိုင်နေသော ဦးလေးဝမ်သည် ရီဖုန်းကို ရိုသေလေးစားစွာဖြင့် ကြည့်လိုက်သည်။
ဆရာကြီးသည် အလွန်ကြင်နာတတ်ပေ၏။
ဤကဲ့သို့ မာနထောင်လွှားသော ဂျူနီယာမျိုးနှင့် တွေ့နေရသည့်တိုင် သူသည် သနားကြင်နာစွာ ဆက်ဆံပေးနေခဲ့သည်။
ဆရာကြီး၏ကူညီမှုကို ရရှိရန်အတွက် ဤမိန်းကလေး၏ဘိုးဘေးအစဥ်အဆက် အမြောက်အများသည် ကောင်းမှုကုသိုလ်များကို စုဆောင်းခဲ့ခြင်းဖြစ်ပေမည်။
"နင်ကလား..."
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက ရီဖုန်းကိုစောင်းငဲ့ကြည့်ကာ သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒါက သာမာန်ဒဏ်ရာတစ်ခုမဟုတ်ဘူး...နင်ရဲ့သနားကြင်နာမှုကို ငါ တန်ဖိုးထားပါတယ်...ဒါပေမယ့် ဒါက နင်တို့လို သာမာန်လူတွေ ကုသပေးနိုင်တဲ့ ဒဏ်ရာမျိုးမဟုတ်ဘူး"
"အော်...ကောင်းပြီလေ"
ရီဖုန်းသည် သူ၏နှာခေါင်းကိုပွတ်သပ်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
သို့ရာတွင် ဦးလေးဝမ်ကမူ ငတုံးငအတစ်ယောက်ကို မြင်နေရသည့်အလား ထိုမိန်းကလေးကို ကြည့်လိုက်သည်။ ဆရာကြီး၏ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သော သူမသည် မည်မျှထိနုံအသူဖြစ်သနည်း။
သူမ၏ဘိုးဘေးစဥ်ဆက်စုဆောင်းကဲ့သော ကံကြမ္မာကောင်းကြီးကို သူမ၏လက်ဖြင့် ဖျက်ဆီးလိုက်လေပြီ။ အကယ်၍ သူမသည် ဆရာကြီး၏စွမ်းအားကိုသာ သိရှိသွားပါက နောင်တကြီးစွာရပြီး သူမကိုယ်သူမ ဆွဲကြိုးချသတ်သေမည်လောဟု သူ သိချင်မိသည်။
သို့ရာတွင် သူ၏စိတ်အတွင်း၌ တေးမှတ်မထားတော့ချေ။
ဆရာကြီးသည် ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်စကားမျှ မပြောဆိုသဖြင့် သူသည်လည်း အပိုစကား ပြောဆိုမည်မဟုတ်ချေ။ သူမသည် ရေတွင်းအောက်ခြေမှ ဖားသူငယ်တစ်ကောင်ကဲ့သို့ မိုးကောင်းကင်ယံ၏ကြီးမားကျယ်ပြန့်မှုကို မသိရှိသူသာ ဖြစ်ပေလိမ့်မည်။
"ခရီးဆက်ကြရအောင်..တကယ်လို့ လမ်းမှာ အကျပ်အတည်းတစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ငါ ဖြေရှင်းမှာပါ"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် သူမ၏ဒဏ်ရာများကို ပတ်တီးစည်းပြီးနောက် ညွှန်ကြားလိုက်သည်။ ထို့နောက် သူမ၏ဒဏ်ရာများကို ကုသရန်အတွက် သူမ၏မျက်လုံးကို စုံမှိတ်လိုက်၏။
ထို့နောက် သူတို့သည် ရှေ့သို့ဖြည်းညှင်းစွာ ခရီးဆက်ခဲ့ကြတော့သည်။
တစ်ရက်ကြာပြီးနောက် သူတို့သည် ပင်ကျင်းမြို့နှင့် ဝေးကွာသောနေရာသို့ ရောက်ရှိနေလေပြီ။
အင်မော်တယ်မြစ်ကုန်းမြေသည် သူ၏အတိတ်ဘဝမှ ကမ္ဘာမြေထက် ပို၍ကြီးမားကျယ်ပြန့်သည်။ မြို့ကြီးများနှင့်လူနေထူထပ်သောနေရာတချို့မှလွဲ၍ တခြားနေရာအများစုသည် ခြောက်သွေ့သောသဲကန္တရများကဲ့သို့ လူနေကျဲပါးပြီး ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသော နယ်မြေများသာဖြစ်သည်။
"ရွှပ်.."
ထိုအချိန်မှာပင် ဓားအိမ်မှနေ၍ ဓားများချွတ်လိုက်သည့်အသံများက ရုတ်တရက် ပြင်ပမှထွက်ပေါ်လာသည်။
"ဘာတွေဖြစ်နေတာလဲ"
ရီဖုန်းသည် လိုက်ကာစကိုမ၍ တစ်ချက်ကြည့်လိုက်ရာ ရက်စက်ကြမ်းတမ်းပုံရသောလူတစ်စုသည် သူတို့အား ဝိုင်းရံထားသည်ကို သူ မြင်တွေ့မိလေ၏။
"တောပုန်းဓားပြတွေလား"
ရီဖုန်း၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။
"ဒီလမ်းက ငါ ဖောက်ထားတဲ့လမ်းပဲ...တကယ်လို့ မင်းတို့ ဒီလမ်းကနေ ဖြတ်သွားချင်တယ်ဆိုရင် လမ်းဖြတ်သန်းခပေးရမယ်"
ထိုလူစုကိုဦးဆောင်လာသော လူကြီးသည် အရပ်ရှစ်ပေကျော်ရှိကာ ဆံပင်များတခေါင်းလုံးရှုပ်ပွနေပြီး သူ၏ကြီးမားသောဓားကြီးကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"ချင်းဖုန်သစ်လုံးခံတပ်ရဲ့ခေါင်းဆောင် ခွမ်ကန်းက ဒီနေရာကိုရောက်နေပြီ...ရထားလုံးထဲကလူတွေ...အခုချက်ချင်း အောက်ကိုဆင်းခဲ့စမ်း"
"ဆင်းလာခဲ့ကြစမ်း"
ခေါင်းဆောင်ခွမ်ကန်း၏အော်ဟစ်သံနှင့်အတူ တခြားတောပုန်းဓားပြများသည်လည်း သူတို့၏လွှမ်းမိုးချုပ်ကိုင်နိုင်သော အမူအယာများကိုဖော်ထုတ်ကာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။
မထင်မှတ်ဘဲ ဤတောပုန်းဓားပြများသည် အလွန်အစွမ်းထက်ပေ၏။ ခေါင်းဆောင်ခွမ်ကန်းသည် စစ်သည်တော်နယ်ပယ်နဝမအဆင့်တွင်ရှိနေကာ သိုင်းဝိညာဥ်နယ်ပယ်ကိုရောက်ရန် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သည်။
"မိန်းကလေး...မိန်းကလေး...တောပုန်းဓားပြတွေ ဒီနေရာကို ရောက်နေပြီ"
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် နောက်တွင်ထိုင်နေသော အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးကို အော်ခေါ်လိုက်၏။
"ငါက ကုသမှုရဲ့အရေးကြီးတဲ့အပိုင်းကို ရောက်နေတယ်...အချိန်ခဏလောက် ထိန်းထားပေးပါအုံး..ခဏနေကျရင် ငါ ဖြေရှင်းပေးပါ့မယ်"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။ ထို့နောက် ထိုစကားအဆုံးသတ်သည်နှင့် သူမ၏မျက်လုံးများကို တဖန်ပြန်၍မှိတ်လိုက်သည်။
ရီဖုန်းသည် ထပ်မံ၍ပြောဆိုလိုသော်လည်း သူမ၏နဖူးပေါ်မှ ချွေးသီးချွေးပေါက်များနှင့် ဒဏ်ရာမှထွက်နေသော အေးစက်စက်အခိုးအငွေ့များကိုကြည့်ပြီး သူမသည် အရေးကြီးအချိန်အခိုက်အတန့်သို့ ရောက်ရှိနေသည်ကို သူ သိရှိသွားသဖြင့် လွှတ်ထားလိုက်တော့သည်။
ကြည့်ရသည်မှာ ဤကိစ္စကို သူကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရမည့်ပုံပင်။
ထို့ကြောင့် သူသည် ရထားလုံးပေါ်မှဆင်းလိုက်၏။
"ဆရာကြီး....ငါတို့ ဘာလုပ်သင့်လဲ"
ကျူးရုံ ဝူယုံဟုန်နှင့်တခြားလူများက ရီဖုန်းကို ကြည့်လိုက်သည်။
"သူတို့ထဲက တချို့လူတွေက ကျင့်ကြံသူတွေပဲ...ငါတို့က သူတို့ကို ဘယ်လိုမှတိုက်ခိုက်နိုင်မှာမဟုတ်ဘူး..ဒီကိစ္စကို ငွေနဲ့ပဲဖြေရှင်းရတော့မယ်"
ရီဖုန်းသည် အံ့တင်းတင်းကြိတ်ကာ သူ၏သိုလှောင်လက်စွပ်အတွင်းမှ ရွှေပြားတစ်ရာကိုထုတ်ယူပြီး သူ၏မျက်နှာပေါ်တွင် နာကျင်ကြေကွဲနေသောအမူအယာမျိုး ထင်ဟပ်နေသည်။ သူသည် ထိုရွှေပြားများကို အိတ်တစ်လုံးအတွင်းသို့ထည့်ကာ ခွမ်ကန်းတို့လူစုထံသို့ လျှောက်လှမ်းသွားလိုက်၏။
"ဟေး လူကြီးမင်းတို့...ဒါက လမ်းဖြတ်သန်းခအတွက် ရွှေပြားတစ်ရာပါ"
ရီဖုန်းက ငွေအိတ်ကိုကိုင်မြှောက်ကာ ပြောဆိုသည်။
"အိုး...မင်းက တော်တော်လေးဥာဏ်ကောင်းသားပဲ"
ခွမ်ကန်းသည် ငွေအိတ်ကိုယူကာ အလေးချိန်ကို ချိန်ဆကြည့်ပြီးနောက် သရော်တော်တော် ပြောဆိုလိုက်သည်။
"မင်းရဲ့လက်မှာဝတ်ထားတဲ့ လက်စွပ်လေးကိုကြည့်ရတာ မဆိုးဘူးလို့ ငါထင်တယ်...ငါ့ကို ချွတ်ပေးစမ်း"
ရီဖုန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူသည်နောက်သို့ အလျှင်အမြန် ခြေတစ်လှမ်းဆုတ်ကာ ဖျစ်ညှစ်၍ပြုံးပြလိုက်၏။
"ဒါလေးကိုတော့ ချန်ထားပေးပါ"
"ဒါဆိုရင်လည်း မင်းတို့အားလုံး သေပေတော့"
ခွမ်ကန်းက သရော်တော်တော်ပြောဆိုပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ တောပုန်းဓားပြအယောက်သုံးဆယ်ခန့် ရီဖုန်းတို့လူစုထံသို့ တိုးဝင်လာသည်။
"သောက်ချေးပဲ"
ရီဖုန်းက ဒေါသတကြီး ဆဲဆိုလိုက်သည်။ ဤတောပုန်းဓားပြများသည် သူ မျှော်လင့်ထားသကဲ့သို့ပင် မည်သည့်ကျင့်ဝတ်မျှမရှိချေ။ ထိုလူများသည် ငွေရသည်ဖြစ်စေ မရသည်ဖြစ်စေ သူတို့အား အလွတ်ပေးမည့်ပုံမရှိချေ။
ရီဖုန်းသည် နောက်သို့ဆုတ်ရင်း လူတိုင်းကို အော်ဟစ်ပြောဆိုလိုက်၏။
"ခဏတောင့်ထားကြ...ခဏလောက် တောင့်ခံထားကြအုံး...ခဏနေကြရင် သူ တိုက်ခိုက်လိမ့်မယ်"
စကားပြောဆိုရင်း ရီဖုန်းသည်လည်း ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ သူ လူတစ်ယောက်ကို ခုတ်ပိုင်းလိုက်သောအချိန်မှာပင် ကြီးမားသော ဓားခုနစ်ချောင်း ရှစ်ချောင်းက သူ့ထံတိုးဝင်လာသည်။
"သောက်ချေးပဲ"
ရီဖုန်းသည် တိုက်ခိုက်ရင်း ပြေးလွှားနေရလေ၏။ သူသည် သိုင်းပညာအမြောက်အများကို လေ့ကျင့်ထားသော်လည်း ဤကဲ့သို့ရက်စက်ကြမ်းကြုတ်သော ဓားပြများနှင့် တိုက်ခိုက်ရချိန်တွင် သူ သူရဲဘောကြောင်နေဆဲပင်။
ထိတ်လန့်တကြားဖြင့်...
ကျူးရုံနှင့်တခြားသူများသည်လည်း မြင်းပေါ်မှဆင်းလာကာ တောပုန်းဓားပြများနှင့် စတင်၍တိုက်ခိုက်ကြတော့သည်။
"ဟိတ်...."
"ဟိုက်ယား...."
သူတို့သည် လက်ဝါးများကို ရောက်တက်ရာရာဝှေ့ယမ်းကာ ကြည့်ရသည်မှာ စွမ်းရည်ပြည့်ဝပုံရသော်လည်း စစ်သည်တော်အဆင့် တောပုန်းဓားပြများနှင့် တိုက်ခိုက်နေသည့်တိုင် နောက်သို့ဆုတ်နေရသည်။ သို့ရာတွင် သူတို့၏မျက်နှာများပေါ်ရှိ တည်ငြိမ်အေးဆေးမှုများသည် သူတို့ကို သစ္စာဖောက်နေလေ၏။
ရထားလုံးဆီသို့ ပြေးဝင်လာသော တောပုန်းဓားပြတချို့သည် ဦးလေးဝမ်နှင့် ရောထွေးနေသည်။ တောင်ဝှေးကိုအားပြုနေကာ လမ်းကောင်းကောင်းလျှောက်နိုင်ပုံပင်မရသော ဦးလေးဝမ်သည် သူတို့၏တိုက်ခိုက်မှုများကို အသာအယာ ရှောင်တိမ်းနေခဲ့သည်။
"သာမာန်လူတွေဖြစ်တဲ့ ငါတို့က...ဒီတောပုန်းဓားပြတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လို့မရဘူးမဟုတ်လား"
ဓားပြတစ်ယောက်နှင့် တိုက်ခိုက်ချင်ယောင်ဆောင်နေသော ကျူးရုံက ဦးလေးဝမ်နှင့်တခြားသူများကို အော်ဟစ်ပြောဆိုလိုက်သည်။
"အမှန်ပဲ...ဆရာကြီးက သာမာန်လူတစ်ယောက်ရဲ့ဘဝကို တွေ့ကြုံခံစားနေတာ...ငါတို့က ဆရာကြီးနဲ့အမြဲတမ်း ပူးပေါင်းဆောင်ရွက်ခဲ့မှတော့ ဒီတစ်ကြိမ်မှာလည်း သင့်တော်တဲ့အပြုအမူကို ထိန်းသိမ်းထားရမယ်"
ဦးလေးဝမ်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြကာ ပြောဆိုသည်။
"ဆရာကြီးရဲ့တုံ့ပြန်မှုကို ကြည့်ကြအုံး..ဒါက တောပုန်းဓားပြတွေနဲ့တွေ့ရင် သာမာန်လူတွေ ဘယ်လိုဖြစ်သွားလဲဆိုတာမျိုးပဲ"
"ဒါဆိုရင်...ငါတို့ကရော..."
ဝူယုံဟုန်က မေးမြန်းသည်။
သို့ရာတွင် သူ မေးမြန်းလိုက်စဥ်မှာပင် ဦးလေးဝမ်သည် ဘုန်းခနဲအသံနှင့်အတူ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သားပြုတ်ကျသွားကာ တုန်တုန်ရီရီဖြင့် ဓားပြများအား အော်ဟစ်ပြောဆိုနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"မင်းတို့.....အဟွတ်...အဟွတ်...ကယ်ကြပါ...ငါ့ကို ကယ်ကြပါ...မင်းတို့ မလာကြနဲ့....မလာကြနဲ့....."
Chapter 237
"သောက်ချေးပဲ.."
"ဂျင်းကတော့ ပိုရင့်လေလေ ပိုစပ်လေလေပဲ"
လူအိုကြီးဝမ်၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ဝူယုံဟုန်နှင့်ကျူးရုံတို့၏မျက်လုံးအိမ်များ ကျွတ်ထွက်လုမတတ်ပင်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ ကျူးရုံသည် သူ၏ခြေထောက်နှစ်ဖက်ကိုယှက်၍ သူ၏သွားဖြင့် အောက်နုတ်ခမ်းကို အနည်းငယ်ကိုက်ဖောက်လိုက်သည်။ ထို့နောက် သူ၏ဝတ်စုံမှ ထောင့်များကို သူ၏လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လေသည်။
သူသည် ထိတ်လန့်တကြားအကြည့်မျိုးကို ဖျစ်ညှစ်၍ပြုလုပ်ကာ အော်ဟစ်လိုက်၏။
"ငါ...ငါ အရမ်းကြောက်တယ်...ကယ်ကြပါအုံး...ငါက သာမာန်လူတစ်ယောက်လေ...မင်းတို့ ငါ့ကို ဘာလို့ဒီလိုလုပ်ကြတာလဲ...ငါ့ကို မရိုက်ကြပါနဲ့"
"ဆရာကြီးနားမှာ အချိန်အကြာကြီးနေခဲ့တဲ့လူတွေလို့ မပြောရဘူး...ငါတို့က ရှေ့ဆက်ရမယ့်လမ်းတွေ အဝေးကြီးကျန်နေသေးတယ်"
ဦးလေးဝမ်နှင့်ကျူးရုံတို့ကိုကြည့်ပြီး ဝူယုံဟုန်သည် သက်ပြင်းရှိုက်ကာ သူ၏ဓားကိုဝှေ့ယမ်းပြီး အဝေးသို့ထွက်ပြေးလိုက်တော့သည်။
"ကယ်ကြပါ...ငါ သူတို့ကို မရိုက်နိုင်ဘူး...တစ်ယောက်ယောက် မြန်မြန်လာပြီးတော့ ငါ့ကို ကယ်ကြပါအုံး"
ပြေးလွှားနေရင်း သူ၏ခေါင်းဖြင့်ကျွမ်းပြန်ကျသွားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်နေလေသည်။
ပတ်ဝန်းကျင်ကိုကြည့်ပါက ကျူးရုံ ဦးလေးဝမ်နှင့်တခြားသူများအပြင် ခွေးသည်လည်း မိန်းကလေး၏နောက်တွင် ပုန်းအောင်းနေကာ အနက်ရောင်ဝတ်ရုံဝတ်အရိုးစုသည် တုန်တုန်ရီရီဖြင့် ရထားလုံး၏အောက်၌ရှိနေသည်။ ကြွင်းကျန်နေသော ချူးရှစ်ခွမ်းနှင့်စွန်းကျူးကဲတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
"ငါတို့ပဲကျန်တာလား"
တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြကာ သူတို့သည်လည်း ထိတ်လန့်တကြားထွက်ပြေးလိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် တိုက်ပွဲကွင်းပြင်းတစ်ခုလုံး ငိုကြွေးမြည်တမ်းသံများဖြင့် ပြည့်နှက်သွားတော့သည်။
ဤသည်မှာ အချိန်တစ်မိနစ်ခန့် ကြာမြင့်သွားလေပြီ။
"ဝီ...."
နောက်ဆုံးမှ ရထားလုံးအတွင်းမှနေ၍ ဓားတုန်ခါသံတစ်သံနှင့်အတူ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး ထွက်လာသည်။
"ဝှစ်..."
"ဝှစ်..."
သူမ ထွက်လာသည်နှင့် မူလက ခြေဦးတည်ရာထွက်ပြေးနေသော ဦးလေးဝမ် ကျူးရုံနှင့်တခြားလူများသည် ရထားလုံးထံသို့ ပြန်လှည့်လာကြ၏။
ထိုတောပုန်းဓားပြများသည် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏လက်အတွင်း၌ ကြက်သွန်မြိတ်များကိုလှီးဖြတ်ခံရသည့်အလား တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်။
"ဝူး...ဝူး...ဝူး...အမျိုးသမီး သူရဲကောင်း...ငါ မှားသွားပါတယ်"
သူ၏လူများအားလုံး သေဆုံးသွားသည်ကိုကြည့်ပြီး တောပုန်းဓားပြခေါင်းဆောင်ခွမ်ကန်းသည် ဘုန်းခနဲမြည်သံကြီးနှင့်အတူ ဒူးထောက်လိုက်သည်။
"သူရဲကောင်းမလေး..ငါ့ရဲ့အသက်ကိုချမ်းသာပေးပါ...ငါ့မှာ အသက်ရှစ်ဆယ်အရွယ်အမေအိုကြီးနဲ့နို့စို့ကလေးငယ်လေးရှိနေတယ်...သနားညှာတာတဲ့အနေနဲ့ ငါ့ကိုလွှတ်ပေးပါလား...ငါ့ကိုသတ်တာက မင်းရဲ့လက်တွေကိုပဲ ညစ်ပတ်စေလိမ့်မယ်..."
သူ၏အသံ တိမ်ဝင်မသွားမီမှာပင် အလင်းတန်းတစ်တန်း ဖြတ်သန်းသွားခြင်းနှင့်အတူ ခွမ်ကန်း၏ခေါင်းသည် လေထုအတွင်းသို့ မြောက်တက်သွားတော့သည်။
ထိုအချိန်ကျမှသာ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် သူမ၏ဓားကို ပြန်သိမ်းလိုက်၏။
သူမသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်လိုက်ရာ တုန်တုန်ရီရီဖြစ်နေသော ရီဖုန်းနှင့်တခြားသူများကို မြင်တွေ့ချိန်တွင် သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
သာမာန်သေမျိုးများသည် မည်သို့ပင်ဆိုစေကာမူ သာမာန်သေမျိုးများပင်။
"ကောင်းပြီလေ...အော်နေတာကို ရပ်လိုက်ကြဆတာ့"
သူမသည် ရထားလုံးဘီး၏နောက်၌ လူးလိမ့်ပြီးတုန်ရီနေသော ဦးလေးဝမ်နှင့်ကျူးရုံတို့ကို မြင်တွေ့ချိန်တွင် စိတ်မရှည်သောလေသံနှင့် ပြောဆိုသည်။
နံဘေးဘက်တွင်ရှိနေသော ရီဖုန်းသည်လည်း လျှောက်လှမ်းလာကာ သူ၏မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များဖြင့် ပြည့်နှက်နေသည်။
"မိန်းကလေးက တကယ့်ကို အစွမ်းထက်တာပဲ"
ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ချီးမွမ်းလိုက်သည်။
"မြှောက်ပင့်နေတာ တော်လိုက်တော့"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက သွန်သင်ဆုံးမသောလေသံဖြင့် ပြောဆိုသည်။
"နင်တို့လိုလူတစ်သိုက်က ဘာလို့ဒီလောက်ထိ ရဲတင်းနေတယ်ဆိုတာ ငါ မသိတော့ဘူး...ဒီလောက်လူနည်းနည်းလေးနဲ့ ပင်ကျင်းမြို့ကနေ နန်ရှားကို သွားဝံ့တယ်....နင်တို့က တကယ့်ကို ကျားတွေကိုမကြောက်တဲ့ နွားသားပေါက်တွေပဲ"
ရီဖုန်း၏မျက်နှာပေါ်တွင် ရှက်ရွံသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤသည်မှာ သူ ပထမဆုံးအကြိမ် ပြင်ပသို့ခရီးထွက်ခြင်းဖြစ်သဖြင့် ဤမျှထိ အလွန်အန္တရာယ်များသည်ကို သူ မသိရှိချေ။
"ဒါပေမယ့်...နင်တို့တွေ တကယ်ကံကောင်းတယ်...ခုလိုအခြေအနေမျိုးမှာတောင် ဘယ်သူမှ သေမသွားရုံတင်မကဘူး....ခြေလက်တွေလည်း ဘယ်သူမှ ပြတ်မသွားဘူး"
"အထူးသဖြင့် နင်ပဲ"
စကားပြောဆိုနေရင်း အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏အကြည့်သည် လူအိုကြီးဝမ်ထံသို့ ကျရောက်သွားပေ၏။
အကြောင်းအရင်းမှာ လူအိုကြီးဝမ်၏တင်ပါးထိုင်ချထားရာ မြေပြင်ဝန်းကျင်တွင် ရာနှင့်ချီသော ဓားရာကြီးများရှိနေသည်။ သို့ရာတွင် ထိုဓားရာများအနက်မှ တစ်ခုတစ်လေကမျှ လူအိုကြီးဝမ်ကို ထိခတ်သွားခြင်းမရှိချေ။
မတော်တဆကိစ္စပြီးဆုံးသည့်နောက် သူတို့အားလုံး ခရီးဆက်ခဲ့ကြသည်။
"နင့်ရဲ့အသက်အရွယ်အရ အကဲခတ်ရရင် နင်က တော်တော်လေး ငယ်သေးတယ်လေ...ဟုတ်တယ်မလား"
ရထားလုံးအတွင်း၌ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက ရီဖုန်းကို မေးမြန်းသည်။
"အင်း...ငါက ငယ်သေးတယ်"
ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
"နင်တို့လိုသာမာန်သေမျိုးတွေ ဘာလို့မကျင့်ကြံနိုင်လဲဆိုတာ ငါ သိချင်မိတယ်"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက လှောင်ပြောင်သရော်လေ၏။
"တကယ်လို့ နင်သာ နည်းနည်းလောက် ကျင့်ကြံထားမယ်ဆိုရင်...ဒီနေ့မှာ ခုလိုမျိုး ဆိုးဆိုးရွားရွားအခြေအနေကို ရောက်မှာမဟုတ်ဘူး....ကံကောင်းထောက်မပြီးတော့ နင်တို့တွေက အရမ်းကံကောင်းပြီး ငါနဲ့အတူ တစ်လမ်းတည်းသွားဖို့ ဆုံစည်းခဲ့ရတယ်...မဟုတ်ရင် နင်တို့ရဲ့ကံကောင်းမှုက ကြာကြာခံပါ့မလားဆိုတာ ငါ မသိဘူး"
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာ တင်းမာခက်ထန်သွားသည်။
ဤမိန်းကလေးသည် သူ၏ဒဏ်ရာကို မည်ကဲ့သို့ထိုးဆွရမည်အား အမှန်တကယ်ကို သိရှိပေ၏။
အကယ်၍ သူ ကျင့်ကြံနိုင်ပါက မည်သည်ကြောင့် သူ မကျင့်ကြံဘဲနေမည်နည်း....
အတိတ်တွင် သူသည်လည်း ချင်ရှန်းဂိုဏ်းသို့ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးသည်။ သို့ရာတွင် သူ၏ပါရမီကင်းမဲ့မှုကြောင့် ချင်ရှန်းဂိုဏ်း၏ပါရမီစမ်းသပ်ခြင်းကျောက်တုံးရှေ့တွင် ကျရှုံးခဲ့လေ၏။
"အဟွတ်...."
သူ၏နံဘေးရှိ လူအိုကြီးဝမ်ထံမှ ပြင်းထန်သောချောင်းဆိုးသံတစ်ချက်ထွက်ပေါ်လာကာ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးကို ကြည့်လိုက်သည်။
"မိန်းကလေး...မင်း ပါးစပ်ပိတ်ထားဖို့ ငါ တောင်းဆိုလို့ရမလား"
နတ်ဆိုးဆန်သောအရှိန်အဝါ၏အရိပ်အယောင်များက လူအိုကြီးဝမ်၏မျက်လုံးအတွင်းမှ ထွက်ပေါ်လာသည်။
ဤမိန်းကလေးထံတွင် မည်သည့်လိမ္မာပါးနပ်မှုမျှမရှိဘဲ ဆရာကြီး စိတ်မကြည်မသာဖြစ်သွားအောင် ရန်စစော်ကားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဆရာကြီးသည် ဒေါသထွက်သွားခြင်းမရှိချေ။ ထိုသို့မဟုတ်ပါက လူတိုင်း အပြစ်ပေးခံရပေမည်။
လူအိုကြီးဝမ်၏စကားကြောင့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး ကြက်သေသေသွားကာ ထိတ်လန့်ကြောက်ရွံမှုကြောင့် သူမ၏မျက်နှာ ဖြူရော်သွားသည်။
သို့ရာတွင် သူမသည် လူအိုကြီးဝမ်ကို တဖန်ပြန်၍ ထပ်ကြည့်မိစဥ်တွင် သာမာန်လူအိုကြီးတစ်ယောက်သာဖြစ်ကြောင်း သူမ တွေ့မြင်မိသည်။ သူမသည် သူ့အား မည်မျှထိ လေ့လာဆန်းစစ်ပါစေ သူ့ကိုကြည့်ရသည်မှာ ရိုးရှင်းသောသာမာန်လူအိုကြီးတစ်ယောက်ပင်။
"ငါ ထင်ယောင်ထင်မှား ဖြစ်တာလား"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူမသည် ဤကိစ္စကို သူမ၏စိတ်အတွင်း၌ မှတ်မထားတော့ဘဲ ရီဖုန်းနှင့်လူအိုကြီးဝမ်တို့ကိုလည်း ထပ်မံ၍ စကားမပြောဆိုတော့ချေ။
ဆိုရိုးစကားအရပြောဆိုရလျှင် သာမာန်လူများသည် မည်သို့ပင်ဆိုစေကာမူ သာမာန်လူများပင်။ အကယ်၍ သူတို့ထံတွင် အမှန်တကယ် ရည်မှန်းချက်ပန်းတိုင်ရှိနေပါက ဤကဲ့သို့အခြေအနေမျိုးသို့ ရောက်ရှိမည်မဟုတ်ချေ။
ရှိပါစေတော့...
သူတို့သည် အစကတည်းက ယာယီခရီးသွားဖော်များသက်သက်ပင်။
ထိုအချိန်မှာပင် လူအိုကြီးဝမ်၏မှုန်မှိုင်းနေသောမျက်လုံးများ ရုတ်တရက် ရွေ့လျားသွားသည်။
သူသည် ရီဖုန်းကိုကြည့်လိုက်ရာ ယခင်အတိုင်း တည်ငြိမ်သောအမူအယာမျိုး ရှိနေဆဲဖြစ်သည်ကို သူ တွေ့မြင်မိသည်။ ထိုအချိန်ကျမှသာ လူအိုကြီးဝမ်သည် သူ၏သာမာန်အမူအယာသို့ ပြန်လည်ရောက်ရှိသွားလေ၏။
အချိန်အတော်ကြာပြီးနောက် သူမ၏မျက်လုံးကိုစုံမှိတ်၍ ကျင့်ကြံနေသော အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏ မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူမသည် သူမ၏ဓားကိုဆွဲထုတ်၍ အလျှင်အမြန်မတ်တတ်ထရပ်ကာ ရထားလုံး၏ပြင်ပသို့ ခုန်ထွက်လိုက်သည်။
"ဘာမှားနေလို့လဲ...ဘာလို့ ခုန်ဆင်းသွားတာလဲ"
ရီဖုန်းသည် လိုက်ကာစကိုအလျှင်အမြန် မြှောက်တင်၍ ကြည့်လိုက်စဥ်မှာပင် အထက်မှနေ၍ခုတ်ပိုင်းလိုက်သော ဓားချီအလင်းတန်းတစ်တန်းကို တွေ့မြင်မိသည်။ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏ဓားသည် ထိုဓားချီအလင်းတန်းနှင့် ဆုံတွေ့သွားလေ၏။
ဘုန်း....
ဓားသွားများ ဖီလာဆန့်ကျင် ရိုက်ခတ်မိရာမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ထိုဓားအလင်းတန်း ကြေမွှပျက်စီးသွားသည်။ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် ရထားလုံးထံသို့ ပြန်လည်လျှောက်လှမ်းလာပြီးနောက် သူမက တည်ကြည်လေးနက်သောအကြည့်ဖြင့် အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။
ထိုဓားချီအလင်းတန်း၏နောက်မှနေ၍ လူရိပ်နှစ်ရိပ်ပျံသန်းလာကာ ရထားလုံး၏ပြင်ပရှိ လေထုအတွင်း၌ရပ်တန့်ကာ ပျံသန်းနေသည်။ သူတို့၏ရက်စက်ကြမ်းကြုတ်သော မျက်လုံးအကြည့်များသည် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးထံတွင်သာ စူးစိုက်၍ကျရောက်နေပေ၏။
"လီရီဟန်...ငါ နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ"
ခေါင်းဆောင်လူကြီး၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာကာ အသံနက်ကြီးဖြင့် ပြောဆိုသည်။
"ယဲ့မင်ယွီ...ဟန်ရှင်းဖန်...အေးစက်ညအမြွှာနတ်ဆိုး....ငါ့ကိုဖမ်းဖို့အတွက် နင်တို့နှစ်ယောက်ကိုယ်တိုင် လာခဲ့တာလား"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် သူမ၏နုတ်ခမ်းကိုကိုက်ကာ သူမ၏မျက်နှာဖြူရော်သွားပြီး မလိုလားသောအမူအယာဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူမသည် နောက်ရှိရထားလုံးထံသို့လှည့်ကြည့်ကာ ပြောဆိုလိုက်၏။
"အားလုံးပဲ...အဲ့ဒီနှစ်ယောက်က သိုင်းဘုရင်အဆင့် ကျင့်ကြံသူတွေ...ငါ သူတို့ကို ထိန်းမထားနိုင်မှာကို ငါ စိုးရိမ်မိတယ်...ဒါပေမယ့် ငါ အကောင်းဆုံးကြိုးစားပြီးတော့ နင်တို့ထွက်ပြေးနိုင်အောင် ကာကွယ်ပေးမယ်"
"မှတ်ထားပါ...ငါ လဲကျမသွားခင်...နင်တို့ ဝေးနိုင်သမျှ အဝေးဆုံးရောက်အောင် ထွက်ပြေးကြပါ...ဘာလို့လဲဆိုရင် အဲ့ဒီနှစ်ယောက်က အရမ်းရက်စက်ကြမ်းကြုတ်တယ်...သူတို့က နင်တို့ကို ဖမ်းမိသွားတာနဲ့ သေချာပေါက်အလွတ်ပေးမှာမဟုတ်ဘူး"
စကားပြောဆိုရင်း လီရီဟန်သည် သူမ၏ဓားရှည်ကို ဝှေ့ယမ်းကာ အေးစက်ညအမြွှာနတ်ဆိုးကို တိုက်ခိုက်ရန်အစပြုလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လေထုအတွင်း၌ ဆူညံသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။
သို့ရာတွင် လီရီဟန်သည် အေးစက်ညအမြွှာနတ်ဆိုး၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို မည်သူမဆို ရှင်းရှင်းလင်းလင်း သိရှိနိုင်ပေ၏။ အချိန်တခဏအတွင်းမှာပင် သူမ၏ရင်ဘတ်ပေါ်တွင် ဓားဒဏ်ရာတစ်ချက်ရရှိသွားကာ သူမ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"နင်တို့ အဲ့ဒီမှာဆက်နေပြီးတော့ ဘာလို့တွေဝေနေတာလဲ...မြန်မြန်သွားကြလေ"
ရီဖုန်းတို့လူစုသည် နေရာမှာပင် တွေဝေမိန်းမောနေဆဲဖြစ်သည်ကိုကြည့်ပြီး သူမက အော်ဟစ်လိုက်သည်။ ထို့နောက် သူမ၏ခြေထောက်ဖြင့် မြေပြင်ပေါ်သို့ တစ်ချက်ဆောင့်နင်းကာ အံ့တင်းတင်းကြိတ်ပြီး သူမ၏ဓားဖြင့် ထပ်မံ၍တိုးဝင်တိုက်ခိုက်လေသည်။
"ဆရာကြီး...ငါတို့ ဘာလုပ်ကြမလဲ"
ထိုမြင်ကွင်းကိုမြင်သော လူအိုကြီးဝမ် ကျူးရုံနှင့်တခြားသူများအားလုံး ရီဖုန်းကို ကြည့်လိုက်ကြသည်။
Chapter 238
"ဒါက...."
ရီဖုန်းသည် အချိန်တခဏခန့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။
ဤမိန်းကလေးသည် ဒုက္ခကိုသယ်ဆောင်လာသော်လည်း ရီဖုန်းသည် သူမထံမှ အခကြေးငွေကို ယူဆောင်ထားရုံသာမက အစောပိုင်းက တောပုန်းဓားပြများနှင့် တိုက်ခိုက်ချိန်တွင်လည်း သူ သူမအပေါ် အကြွေးတင်နေခဲ့သည်။
ထို့ပြင် ယခုချိန်၌ ထိုမိန်းကလေးသည် သူတို့ထွက်ပြေးနိုင်ရန် ကာကွယ်ပေးနေခြင်းဖြစ်သည်။ သူတို့ကဲ့သို့ ယောက်ျားသားတစ်စုသည် အမှန်တကယ် အဝေးသို့ထွက်ပြေးကာ သူမကို ဤနေရာတွင် သေဆုံးသွားရန်ထားခဲ့ပါက အကယ်၍ သူတို့ ထွက်ပြေးလွတ်မြောက်နိုင်လျှင်ပင် အပြစ်ရှိသည်ဟူသောစိတ်နှင့် လိပ်ပြာသန့်တော့မည်မဟုတ်ချေ။
"ငါတို့က သူ့ကို ကူညီပေးရမယ်"
ရီဖုန်းက သူ၏နားသယ်စပ်ကိုခေါက်ကာ တွေးတောလိုက်၏။
"ဒါပေမယ့်...မင်းတို့အားလုံး မှတ်ထားရမှာက ငါတို့က သာမာန်သေမျိုးတွေ...ကမူးရှုးထိုးဆန်ပြီးတော့ တိုက်ရိုက်တိုက်ခိုက်လို့မရဘူး"
"ဒါဆိုရင် ဆရာကြီးက ဘာကိုဆိုလိုချင်တာလဲ"
လူအိုကြီးဝမ်က ဂရုတစိုက် မေးမြန်းသည်။
"သဲလွန်စမကျန်စေဘဲနဲ့ အစွန်အဖျားကနေပဲ မသိမသာလှုပ်ရှားမှုတချို့ကို လုပ်ကြစို့"
ရီဖုန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် လူတိုင်း၏မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအယာမျိုးထင်ဟပ်လာကာ သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
ငါတို့ သိပြီ...
လူအိုကြီးဝမ်၏လက်ဝါး ညင်သာသိမ်မွေ့စွာ မြောက်တက်သွားသည်။
"ဘာတွေဖြစ်နေတာလဲ..."
"ဘာလို့ ရုတ်တရက်ကြီး ငါ့ရဲ့ဒဏ်ရာဟောင်းတွေ ထကြွလာတာလဲ"
လီရီဟန်နှင့်တိုက်ခိုက်နေသော ယဲ့မင်ယွီ၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှစွမ်းအားများ ထကြွသောင်းကျန်းလာကာ သူ၏နဖူးသွေးကြွောများ ဖောင်းကြွလာပြီး နဖူးတပြင်လုံး ဖူးယောင်ကာနီမြန်းလာသည်။
"ဘုန်း...."
ဘုန်းခနဲအသံကြီးနှင့်အတူ ယဲ့မင်ယွဲ့၏ခန္ဓာကိုယ်ပေါက်ကွဲသွားကာ နေရာမှာပင် သေဆုံးသွားတော့သည်။
"ဒါက..."
ထိုမြင်ကွင်းကိုကြည့်ပြီး လီရီဟန်နှင့်ဟန်ရှင်းဖန်တို့ထံမှ မယုံကြည်နိုင်သောအသံများ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ဤမတော်တဆဖြစ်ရပ်သည် သူတို့အား သတိလက်လွတ်ဖြစ်သွားစေခဲ့သည်မှာ သိသာထင်ရှားလှ၏။
သိုင်းဘုရင်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် ဒဏ်ရာဟောင်းပြန်ထကြွလာခြင်းကြောင့် တိုက်ပွဲ၏အလယ်တွင် ပေါက်ကွဲပြီး သေဆုံးသွားရသလော....
ဤသည်မှာ မည်သို့ကိစ္စမျိုး ဖြစ်သနည်း...
"ဟား ဟား ဟား...ဆိုးသွမ်းတဲ့ကောင်တွေက အဆိုးနဲ့ပဲ တုံ့ပြန်ခံရတာပဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းက စိတ်လှုပ်ရှားသောအသံဖြင့် အော်ဟစ်လိုက်သည်။
ဆရာကြီး၏အမူအယာကိုကြည့်ပြီး လူအိုကြီးဝမ် အလွန်ပျော်ရွှင်သွားသည်။
ကြည့်ရသည်မှာ သူသည် ဆရာကြီး၏ရည်ရွယ်ချက်ကို အမှားပြုလုပ်ခဲ့မိပုံမပေါ်ချေ။
"ဟမ့်...လီရီဟန်...အရမ်းအပျော်မစောနဲ့အုံး...မင်းကိုရင်ဆိုင်ဖို့က ငါတစ်ယောက်တည်းနဲ့လုံလောက်တယ်"
အသိဝင်လာပြီးနောက် ဟန်ရှင်းဖန်၏အသံသည် အေးစက်တင်းမာနေကာ သူသည် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသောအကြည့်ဖြင့် လီရီဟန်ကို ကြည့်လိုက်၏။
လီရီဟန်က မျက်မှောင်ကြုတ်လိုက်သည်။
အကြောင်းအရင်းမှာ ဟန်ရှင်းဖန်သည် ချဲ့ကားပြောဆိုနေခြင်း မဟုတ်သောကြောင့်ပင်။ ပထမဆုံးအနေဖြင့် သူမ၏လက်ရှိအခြေအနေသည် မကောင်းသည့်အပြင် သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည်လည်း မူလကတည်းက ဟန်ရှင်းဖန်နှင့် အဆင့်တူတွင်ရှိမနေချေ။
"ကြယ်ယပ်တောင် ဓားနည်းစနစ်...."
တိုက်ပွဲအတွင်းရှိ ဟန်ရှင်းဖန်၏လက်အတွင်းမှ ဓားရှည် ပြောင်းလဲသွားသည်။
မိုးကောင်းကင်ယံအတွင်း၌ ဓားချီအလင်းတန်းအမြောက်အများ ထွက်ပေါ်လာကာ သူသည်မြေပြင်ပေါ်၌ ခြေဆောင့်နင်းလိုက်၏။ ထို့နောက် ထိုဓားချီအလင်းတန်းများကို တစ်ခုတည်းအဖြစ်ပေါင်းစပ်ကာ သိသာသောအေးစိမ့်မှုလှိုင်းတစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားပြီး လီရီဟန်ပေါ်သို့ချိပ်ပိတ်ကာ လွှမ်းခြုံသွားသည်။
"သေစမ်း..."
ဟန်ရှင်းဖန်က သရော်တော်တော်အော်ဟစ်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသောမျက်နှာနှင့် လီရီဟန်ထံသို့ တရကြမ်းတိုးဝင်လိုက်သည်။
လီရီဟန်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
သူမ၏မျက်နှာဖြူရော်သွားကာ နောက်သို့ထိတ်လန့်တကြား ဆုတ်ခွာလိုက်ပြီး သူမ၏မျက်လုံးများအတွင်းတွင် ပြင်းထန်သောလက်မခံလိုမှုများဖြင့် ပြည့်နှက်နေသည်။
အကြောင်းအရင်းမှာ ဤဓားချီသည် သူမကို အပြည့်အဝချိပ်ပိတ်ထားသဖြင့် သူမထံတွင် ထွက်ပြေးတိမ်းရှောင်ရန် နေရာမရှိချေ။
ထို့ပြင် သူမ၏ယခုလက်ရှိခွန်အားဖြင့် ဤဓားချီကို ပိတ်ဆို့ဟန့်တားနိုင်ခြင်းမရှိသဖြင့် ဟန်ရှင်းဖန် သူမနှင့်တစတစနီးကပ်လာသည်ကို ကူကယ်ရာမဲ့စောင့်ကြည့်နေရုံသာ တက်နိုင်တော့သည်။
"ငါ သေရတော့မှာလား"
လီရီဟန်၏မျက်လုံးများအတွင်း၌ ဤလောကကြီးအတွင်းမှ ထွက်ခွာမသွားလိုသော တွန့်ဆုတ်မှုများနှင့် ပြည့်နှက်နေသည်။
ဤကဲ့သို့သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် ကျူးရုံသည် သူ၏ရင်ဘတ်မွှေးတစ်မွှေးကိုဆွဲနှုတ်ကာ သူ၏လက်ကြား၌ညှပ်လိုက်၏။ သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ထိုအရာကို ပစ်လွှတ်လိုက်သည်။
"အား....."
ဟန်ရှင်းဖန်ထံမှ စူးရှကျယ်လောင်သောအော်သံကြီး ထွက်ပေါ်လာကာ လီရီဟန်ထံသို့ အပြေးသွားနေသော သူ၏ခြေထောက်များ ဒလိမ့်ခေါက်ကွေးဖြစ်သွားကာ သူ၏ခေါင်းသည် မြေပြင်ပေါ်ရှိ ကျောက်တုံးကြီးများနှင့် ဆောင့်မိသွားတော့သည်။
သူ သေဆုံးသွားလေပြီ....
သူ သေဆုံးသွားခြင်းနှင့်အတူ အေးစက်ညအမြွှာနတ်ဆိုးဟူသော နာမည်သည်လည်း ကြေမွှပျက်စီးကာ ပျောက်ကွယ်သွားလေပြီ။
လီရီဟန်သည် ကြက်သေသေနေလေ၏။
နေရာမှာပင်မတ်တတ်ရပ်ကာ သူမ၏ခြေထောက်နှင့် မလှမ်းမကမ်းအကွာအဝေးရှိ အလောင်းကိုကြည့်ပြီး သူမ အလွန်အမင်း ထိတ်လန့်ကြောက်ရွံသွားကာ သူမ၏အနီရောင်နုတ်ခမ်းများကို ဖုံးအုပ်လိုက်သည်။
သိုင်းဘုရင်တစ်ယောက်ဖြစ်သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် မည်သည်ကြောင့် တိုက်ခိုက်နေစဥ်တွင် ခြေချော်လဲကျပြီး သေဆုံးသွားခဲ့သနည်း....
ဤသည်မှာ မည်ကဲ့သို့ကိစ္စမျိုးဖြစ်သနည်း...
အကယ်၍ သူမ၏ခြေထောက်အနီးတွင်ရှိနေသော ဟန်ရှင်းဖန်၏အလောင်းကိုသာ သူမ မျက်မြင်ကိုယ်တွေ့မြင်နေရခြင်းမဟုတ်ပါက ဤလောကကြီးအတွင်းတွင် ယခုကဲ့သို့ကိစ္စမျိုး ဖြစ်ပျက်နိုင်သည်ကို သူမ ယုံကြည်မည်မဟုတ်ချေ။
"ဟား ဟား ဟား...မိုးကောင်းကင်က ဒဏ်ခတ်တာပဲ...ဆိုးသွမ်းယုတ်မာတဲ့ကောင်တွေက အဆိုးတွေကိုပဲ တန်ပြန်ခံရတယ်"
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းက အလွန်ပျော်ရွှင်နေသောအသံဖြင့် အော်ဟစ်လိုက်သည်။
ကျူးရုံ လူအိုကြီးဝမ်နှင့်တခြားသူများ၏မျက်နှာများပေါ်တွင် သိနားလည်သောအပြုံးမျိုး ထင်ဟပ်လာသည်။
"ဟူး..."
အချိန်အတော်ကြာပြီးနောက် လီရီဟန်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ နေရာမှာပင် အားအင်ချည့်နဲ့စွာဖြင့် လဲကျသွားတော့သည်။
ယခုချိန်တွင် ပြန်တွေးတောကြည့်ပါက ဤကိစ္စများသည် အစစ်အမှန်မဟုတ်သကဲ့သို့ သူမ ခံစားနေရလေ၏။
သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် ရန်သူတစ်ယောက်သည် ဒဏ်ရာဟောင်းထကြွပြီး သေဆုံးသွားကာ ကျန်တစ်ယောက်သည် ခလုတ်တိုက်လဲကျပြီး သေဆုံးသွားခဲ့သည်။ ဤကဲ့သို့ မိုးကောင်းကင်ကိုပင်ဖီဆန်နေသော ကံကောင်းမှုကြီးကို သူမ အမှန်တကယ်ကိုဖော်ပြနိုင်စွမ်းမရှိချေ။
ဤသို့ဖြင့် ခေတ္တရပ်နားပြီးနောက် သူတို့သည် ဆက်လက်၍ ခရီးထွက်ခွာခဲ့တော့သည်။
....
နန်ရှား....
တိမ်တိုက်လေပြေတောင်ကြားခန်းမ၌.....
တိမ်တိုက်လေပြေတောင်ကြားသခင်သည် ထိပ်ဆုံး၌ထိုင်နေကာ ဘေးတစ်ဖက်တစ်ချက်တွင် သိုင်းအရှင်များထိုင်နေပြီး သူတို့တစ်ယောက်ချင်းစီထံတွင် ကြီးကျယ်ခမ်းနားသောအရှိန်အဝါများရှိနေသည်။
"ရှင်းချွယ်...မင်းက ငါတို့တိမ်တိုက်လေပြေတောင်ကြားအတွက် ကြီးမားတဲ့အကျိုးကိုဆောင်ထားသူတစ်ယောက်ပဲ...ဘာလို့လဲဆိုရင် အဲ့ဒီစီနီယာရဲ့ပန်းချီကားကြောင့် အဖေရဲ့ကျင့်ကြံဆင့်က နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းသွားနိုင်ခဲ့ပြီ"
တောင်ကြားသခင်ယွင်ဟောင်ထျန်းက အပြုံးနှင့်ပြောဆိုသည်။
"တောင်ကြားသခင်ကို ဂုဏ်ပြုပါတယ်"
အောက်မှနေ၍ ချီးမွမ်းဂုဏ်ပြုသံများ ထွက်ပေါ်လာသည်။
"ဂုဏ်ပြုပါတယ် အဖေ.."
ယွင်ရှန်းချွယ်ကလည်း အပြုံးနှင့်ပြောဆိုလိုက်၏။ ပင်ကျင်းမြို့အတွင်း၌ ထိုနေ့က သူမ၏ဘဝတွင် အမှန်ကန်ဆုံးဆုံးဖြတ်ချက်ကို ချခဲ့မိခြင်းပင်။
"ဒါပေမယ့် အဲ့ဒီစီနီယာက ခုလိုမျိုး ကြီးမားတဲ့ကြင်နာမှုကို ပြသမှတော့...ငါတို့တိမ်တိုက်လေပြေတောင်ကြားက သူ့ကိုပြန်ပေးဆပ်ဖို့အတွက် နည်းလမ်းတစ်ခုရှာရမယ်"
ယွင်ဟောင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
တခြားအကြီးအကဲများသည်လည်း သဘောတူညီလိုက်ကြ၏။
ဤပန်းချီကားကို သူတို့အားလုံး လေ့လာဆင်ခြင်ပြီးနောက် တိမ်တိုက်လေပြေတောင်ကြား၏စုပေါင်းအင်အားသည် အဆများစွာ မြင့်တက်သွားခဲ့သည်။
"သတင်းပို့ပါတယ်..."
ထိုအချိန်မှာပင် အရေးပေါ်သတင်းပို့သံတစ်သံက ပြင်ပမှထွက်ပေါ်လာသည်။
"ဘာဖြစ်လာတာလဲ"
ယွင်ဟောင်ထျန်းက မေးမြန်းသည်။
"တောင်ကြားသခင်...ကင်းထောက်တွေရဲ့သတင်းပေးမှုတွေအရ....အဲ့ဒီဆရာကြီးက နန်ရှားနယ်မြေထဲကို ဝင်လာပါပြီ"
တပည့်တစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။
"ဘာ...."
ထိုသတင်းသည် ချက်ချင်းဆိုသလိုပင် မုန်တိုင်းတစ်ခုတိုက်ခတ်လာသည့်အလား လက်ရှိနေရာတွင်ရှိနေသူတိုင်း မတ်တတ်ထရပ်လိုက်ကြ၏။
ဆရာကြီးသည် အမှန်တကယ်ကိုပင် နန်ရှားနယ်မြေသို့ ရောက်ရှိလာသလော...
ဤသည်မှာ ကိစ္စကြီးတစ်ရပ်ပင်။
"တိမ်တိုက်လေပြေတောင်ကြားက အကြီးအကဲတွေအားလုံး....ဆရာကြီးကိုကြိုဆိုဖို့ ငါ့နောက်ကို လိုက်ခဲ့ကြစမ်း"
"ဟုတ်ကဲ့"
ယနေ့တွင် တိမ်တိုက်လေပြေတောင်ကြားအတွင်း၌ အလင်းတန်းအမြောက်အများ ပျံသန်းနေသည်။ အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံနေသော အကြီးအကဲအိုကြီးများသည်လည်းထွက်လာကာ တိမ်တိုက်လေပြေတောင်ကြားမှနေ၍ အဝေးတစ်နေရာသို့ ပျံသန်းသွားလေ၏။
တစ်ချိန်တည်းမှာပင်....
နတ်ဆိုးတေးသံဂိုဏ်း၌....
ကင်းထောက်တစ်ယောက်၏သတင်းပို့မှုကိုကြည့်ပြီး ရွှယ်ချင်ကျူး၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။
ထိုနေ့တုန်းက လွဲချော်သွားခဲ့သောအခွင့်အရေးကောင်းကြီးသည် သူမ၏စိတ်ကို ဖိစီးနေကာ သူမ၏ကျင့်ကြံခြင်းအပေါ်တွင်ပင် သက်ရောက်မှုရှိနေသည်။ ယနေ့တွင် သူ နန်ရှားသို့လာမည်ဟု ကြားရသည်မှာ သူမအတွက် မျှော်လင့်ချက်များ ထပ်မံ၍ပေးလိုက်သည့်အလားပင်။
"တပည့်တွေအားလုံး....ငါ့နောက်ကို မြန်မြန်လိုက်ခဲ့ကြစမ်း"
မိုးကောင်းကင်ဓားဂိုဏ်း၌...
"အဲ့ဒီတစ်ယောက်ကိုတွေ့ဖို့ အကြာကြီးရှာခဲ့ရတာ...ဒါပေမယ့် သူကိုယ်တိုင် နန်ရှားကိုရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး..ဒီတစ်ကြိမ်တော့ တခြားဂိုဏ်းတွေက အမှိုက်တွေ ရသွားခွင့်မပြုနိုင်ဘူး...ဒီကံကြမ္မာကောင်းကြီးက ငါ ဖန်ရှင်းအာအတွက်ပဲ ဖြစ်ရမယ်"
မျက်နှာလွှားဇာအောက်ရှိ ဖန်ရှင်းအာ၏မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ချလိုက်သော အမူအယာမျိုးထင်ဟပ်လာကာ မိုးကောင်းကင်ဓားဂိုဏ်းမှ အကြီးအကဲများကိုဦးဆောင်၍ ပျံသန်းခဲ့တော့သည်။
နှင်းလေအိမ်တော်.....
သီဝူကျင်းနှင့်ချောင်ရှန်းတို့သည်လည်း ထိုသတင်းကိုကြားပြီးနောက် ချွင်းချက်မရှိဘဲ အကြီးအကဲများကိုဦးဆောင်ကာ ထွက်ခွာခဲ့လေ၏။
နတ်ဘုရားဓားဂိုဏ်း၌...
ယန်ထန်းယုသည် ခေါင်းဆောင်နေရာ၌ထိုင်နေကာ အောက်ရှိကင်းထောက်၏ သတင်းပို့မှုကို နားထောင်ပြီးနောက် လေးလေးနက်နက် စဥ်းစားတွေးတောလိုက်သည်။
ထို့နောက် သူက ပြောဆိုသည်။
"အားလုံးပဲ..ဆေးအိတ်ရဲ့မတော်တဆကိစ္စကြောင့် ငါတို့ဂိုဏ်းက ပင်ကျင်းမြို့မှာရှိတဲ့ကျင်းယုရဲ့သင်္ချိုင်းဂူအတွက် တိုက်ခိုက်တဲ့ကိစ္စမှာ လွဲချော်ခဲ့ရတယ်...ဒါပေမယ့် အဲ့ဒီနေရာမှာ ရုန်းရင်းဆန်ခတ်မှုတွေ ကြီးကြီးမားမားဖြစ်ပြီးတော့ ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် ထွက်ပေါ်လာတယ်လို့ ဆိုကြတယ်...ပြီးတော့ အခု အဲ့ဒီပြိုင်ဘက်ကင်းဆရာကြီးက ငါတို့နန်ရှားနယ်မြေကို လာနေတယ်....မင်းတို့အားလုံး ဘယ်လိုသဘောရလဲ"
"ဒီဆရာကြီးအကြောင်းကို ငါ ကြားထားတာ အချိန်အတော်ကြာနေပြီ...သူက သူတော်စင်တစ်ဝက်အဆင့်ကိုရောက်နေတဲ့ ကျင်းယုကို တိုက်ခိုက်မှုတစ်ခုတည်းနဲ့ သတ်ဖြတ်နိုင်မှတော့ သူ့ရဲ့ခွန်အားက အရမ်းတုန်လှုပ်ချောက်ချားဖို့ကောင်းတယ်...ကောလဟာလတွေအရတော့ တခြားဂိုဏ်းတွေက ကံကြမ္မာကောင်းတချို့ကို ရသွားကြတယ်...အခု သူ ရောက်လာမှုနဲ့အတူ တခြားဂိုဏ်းတွေက စပြီးလှုပ်ရှားနေကြပြီ"
အကြီးအကဲတစ်ယောက်က ရှေ့သို့ထွက်ကာ ပြောဆိုသည်။
"ငါတို့က ပင်ကျင်းမြို့အခွင့်အရေးမှာ လွဲချော်ခဲ့မှတော့ ဒီအခွင့်အရေးကို ထပ်ပြီးလွဲချော်လို့မဖြစ်ဘူး"
"အမှန်ပဲ"
တခြားသူများကလည်း သဘောတူညီလိုက်ကြ၏။
"ကောင်းပြီလေ..."
"ဒါဆိုရင် အားလုံးပဲ..တံခါးပိတ်ကျင့်ကြံသူတွေလည်း အကုန်ထွက်လာပြီးတော့ ပြိုင်ဘက်ကင်းဆရာကြီးရဲ့အမူအကျင့်ကို ကြည့်ဖို့အတွက် ငါ့နောက်ကို လိုက်ခဲ့ကြပါ...တကယ်လို့ ငါတို့က ကံကြမ္မာကောင်းကြီး မရနိုင်ဘူးဆိုရင်တောင် အဲ့ဒီပြိုင်ဘက်ကင်းဆရာကြီးနဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ရမယ်...ဘယ်လိုပဲကြည့်ကြည့် ဒါက ဘာထိခိုက်နစ်နာမှုမှမရှိဘဲနဲ့ အကျိုးကျေးဇူးရနိုင်တဲ့ကိစ္စပဲ"
ယန်ထန်းယုသည် ဂိုဏ်းမှအစွမ်းထက်ကျင့်ကြံသူများကိုဦးဆောင်၍ နန်ရှားနယ်မြေ၏အစွန်အဖျားသို့သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
နန်ရှားနယ်မြေ အစွန်အဖျား၌...
တစ်ညတာအနားယူပြီးနောက် လူတိုင်း၏ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွားကာ ခရီးဆက်ရန်အတွက် အဆင်သင့်ဖြစ်နေလေပြီ။
သို့ရာတွင် လီရီဟန်သည် နေရာမှာပင် ပလ္လင်ခွေထိုင်ကာ သူမ၏ဒဏ်ရာများကို ပြန်လည်ကုစားနေဆဲပင်။
သူမသည် ကံကောင်းမှုကြောင့် သေဘေးမှပွတ်သီကပ်သီ လွတ်မြောက်ခဲ့သော်လည်း သူမ၏ဒဏ်ရာများ ပို၍ဆိုးရွားလာကာ အချိန်အတော်ကြာသည့်တိုင် သက်သာလာမည့်လက္ခဏာမရှိချေ။
"အဟန်း...မိန်းကလေးလီရီဟန်...မင်းရဲ့ဒဏ်ရာတွေ မသက်သာသေးဘူးလား"
ပစ္စည်းများကိုထုတ်ပိုးပြီးနောက် ရီဖုန်းက ပလ္လင်ခွေထိုင်နေဆဲဖြစ်သော လီရီဟန်ကိုကြည့်ကာ ပြောဆိုလိုက်သည်။
"ငါ့ရဲ့အမြင်အရတော့ မင်းရဲ့ဒဏ်ရာတွေက အပေါ်ယံတွေပဲ...မင်း ပြန်ပြီးမကုစားခင် မင်းရဲ့ပြင်ပဒဏ်ရာတွေကို အရင်ဆုံးကုသသင့်တယ်"
"ဆရာကြီးပြောတာ အမှန်ပဲ"
နံဘေးတွင်ရှိနေသော လူအိုကြီးဝမ်ကလည်း ထောက်ခံလိုက်သည်။
သို့ရာတွင် လီရီဟန်သည် သူမ၏မျက်လုံးကိုဖွင့်ကြည့်ပြီး ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"နင်တို့ရဲ့ကြင်နာမှုကို ငါ အသိအမှတ်ပြုပါတယ်....ဒါပေမယ့် ငါ့ရဲ့ဒဏ်ရာတွေက..ထားလိုက်တော့...ဒါကို နင်တို့လိုသေမျိုးတွေ နားလည်နိုင်မှာမဟုတ်ဘူး"
"အင်း..."
လူအိုကြီးဝမ်၏မျက်နှာရှုံမဲ့သွားကာ သူက ခေါင်းညိတ်လိုက်၏။
"အမှန်ပဲ...ငါတို့ နားမလည်ဘူး...ဆရာကြီးလည်း နားလည်မှာမဟုတ်ဘူး...."
"သွားကြစို့..."
မကြာမီမှာပင် လီရီဟန်သည် နောက်ဆုံး၌ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ မတ်တတ်ထရပ်လိုက်ပြီးနောက် သူတို့အားလုံး ခရီးဆက်ခဲ့ကြတော့သည်။
"ဘာလို့ ရုတ်တရက်ကြီး ဒီနေရာမှာ သက်ဝင်လှုပ်ရှားနေတာလဲ"
သူတို့ ခရီးဆက်လာသည်မှာ မဝေးကွာသေးမီမှာပင် ကျင့်ကြံသူများ မကြာခဏဖြတ်သန်းသွားသည်ကို တွေ့မြင်မိကြသည်။ လေထုအတွင်း၌ ကြီးမားသောစွမ်းအားလှိုင်းများက ရံဖန်ရံခါ ဖျတ်ခနဲပျံသန်းသွားသည်။ ဤကဲ့သို့အရှိန်အဟုန်ကြောင့် ဤနေရာတွင် ကြီးကျယ်ခမ်းနားသောဖြစ်ရပ်ကြီးတစ်ခုရှိနေမည်ဟု သူတို့အားလုံး တွေးထင်မိလေ၏။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် နန်ရှားနယ်မြေ၏အစွန်အဖျားပင်။
များသောအားဖြင့် ဤနေရာတွင် လူနည်းစုသာ ရှိနေသဖြင့် ယခုကဲ့သို့မြင်ကွင်းသည် သိသိသာသာ ထူးဆန်းနေသည်။
သိချင်စိတ်ပြင်းပြစွာဖြင့် လီရီဟန်သည် ပြင်ပသို့ထွက်၍ ကျင့်ကြံသူတစ်ယောက်ထံမှ မေးမြန်းစုံစမ်းပြီးနောက် ရထားလုံးထံသို့ ပြန်ရောက်လာသည်။
"ငါ သိခဲ့ရပြီ"
လီရီဟန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ရီဖုန်း လူအိုကြီးဝမ်နှင့်တခြားသူများအားလုံး သူမကို ကြည့်လိုက်ကြသည်။
"အခုလတ်တလောမှာ ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်က နန်ရှားနယ်မြေထဲကို လာနေတယ်...နင်တို့မြင်နေရတဲ့ ကျင့်ကြံသူတွေက ရေခဲတောင်ရဲ့အစွန်အဖျားလောက်ပဲ ရှိသေးတယ်"
"ပြီးတော့ တိမ်တိုက်လေပြေတောင်ကြား...မိုးကောင်းကင်ဓားဂိုဏ်း...နတ်ဘုရားဓားဂိုဏ်း...နတ်ဆိုးတေးသံဂိုဏ်းနဲ့နှင်းလေအိမ်တော်ကလူတွေလည်း ရောက်လာကြတယ်...တကယ်တော့ အဲ့ဒီလူတွေအားလုံးရဲ့ရည်ရွယ်ချက်က ပြိုင်ဘက်ကင်းဆရာကြီးကို ကြိုဆိုဖို့ ဒါမှမဟုတ် သူနဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်အောင် ကြိုးစားဖို့ပဲ"
လီရီဟန်က တည်ကြည်လေးနက်စွာဖြင့် ဆက်လက်၍ပြောဆိုလေ၏။
"ဒါကြောင့် ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး...နင်တို့ကို ငါ လေးလေးနက်နက် သတိပေးချင်တာက ဒီနေရာပတ်ဝန်းကျင်မှာ မျက်စိနောက်အောင်မလုပ်ဖို့နဲ့ ဘာပြဿနာမှမရှာကြဖို့ပဲ...နင်တို့က ရထားလုံးနားမှာပဲ ငြိမ်ငြိမ်နေတာ ပိုကောင်းလိမ့်မယ်"
"ဘာလို့လဲဆိုရင် အခုချိန်မှာ ဒီနေရာပတ်ဝန်းကျင်တစ်ခုလုံး ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေတယ်...နင်တို့လို သာမာန်သေမျိုးတွေမပြောနဲ့...ငါ့ရဲ့သိုင်းဘုရင်အဆင့်ခွန်အားနဲ့တောင် မလုံလောက်ဘူး...တကယ်လို့ နင်တို့က ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ရန်စမိမယ်ဆိုရင်...ဘယ်သူကမှ နင်တို့ကို ကယ်တင်နိုင်မှာမဟုတ်ဘူး"
Chapter 239
ရီဖုန်းသည် ထိုစကားကိုကြားချိန်တွင် ချက်ချင်းဆိုသလိုပင် ပင့်သက်ရှိုက်လိုက်၏။
ဤကဲ့သို့လူစားမျိုးသည် အလွန်အံ့အားသင့်ဖွယ်ရာပင်။
သူသည် အလွန်သိချင်စိတ်ပြင်းပြသွားကာ မေးမြန်းလိုက်သည်။
"မိန်းကလေး...အဲ့ဒီလူက ဘယ်လိုလူမျိုးလဲဆိုတာ ငါ မေးလို့ရမလား...သူက အရမ်းကြောက်ဖို့ကောင်းပြီး အစွမ်းထက်တာလား"
"ကောလဟာလတွေအရဆိုရင် သူက အနည်းဆုံးသိုင်းအင်ပါယာတစ်ယောက်ပဲ...ဘာလို့လဲဆိုတော့ သူက သူတော်စင်တစ်ဝက်အဆင့်ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူသတ်ခဲ့တာကို မြင်ခဲ့တဲ့သူတွေရှိနေလို့ပဲ"
လီရီဟန်က ထိတ်လန့်ကြောက်ရွံစွာ ပြောဆိုသည်။ သူမသည်လည်း ဤကဲ့သို့ဆရာကြီးတစ်ယောက်ကို လေးစားကြည်ညိုမိပေ၏။
"ဝိုး...ငါလည်း အဲ့ဒီလိုအစွမ်းထက်နိုင်ဖို့ကို ဆုတောင်းမိတယ်"
ရီဖုန်း၏အသံတွင် ရိုသေလေးစားမှုများနှင့် ပြည့်နှက်နေသည်။
စိတ်ပျက်စရာကောင်းသည်မှာ သူ၏စနစ်သည် အနည်းငယ်မျှ အသုံးမဝင်ခြင်းပင်။
"နင်ကလား..."
လီရီဟန်က ရီဖုန်းကို မျက်စောင်းထိုးကြည့်ကာ သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒါကို အပြောင်အပျက်ကိစ္စလို့ မထင်စမ်းနဲ့...တကယ်လို့ နင်မှာအသက်ဆယ်သက်ရှိနေရင်တောင် ဒီလိုအောင်မြင်မှုမျိုးကို ဘယ်လိုမှရနိုင်မှာမဟုတ်ဘူး...နင်က သာမာန်သေမျိုးတစ်ယောက်လေ...ဒီလိုလူစားမျိုးက နင် ဒါမှမဟုတ် ငါ့ရဲ့စဥ်းစားတွေးတောနိုင်စွမ်းထက်တောင် ကျော်လွန်နေတယ်...သူက ငါတို့နဲ့ ကမ္ဘာလောကတူတဲ့လူမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် အနီးရှိလူအိုကြီးဝမ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
ထို့နောက် သူ၏ခေါင်းကို ခါယမ်းလိုက်၏။
ဤမိန်းကလေး အမှန်တရားကို သိရှိသွားချိန်တွင် မည်ကဲ့သို့ပုံစံမျိုးဖြစ်သွားမည်ကို သူ မသိရှိချေ။
ကံကောင်းထောက်မစွာဖြင့် ဆရာကြီးသည် အလွန်သဘောထားကြီးကာ ဂျူနီယာများ၏မောက်မာဝံ့ကြွားမှုကို အပြစ်ယူခြင်းမရှိချေ။
နန်ရှားနယ်မြေသို့သွားရာလမ်းသည် အလွန်အမင်း ခက်ခဲကြမ်းတမ်းပေ၏။
လမ်းခရီးအလွန်ကြမ်းတမ်းသောကြောင့် သူတို့သည် တနေကုန်သွားခဲ့သည့်တိုင် ခရီးမပေါက်ခဲ့ချေ။ လူတိုင်း မောပန်းနွမ်းနယ်နေလေပြီ။
"စကားမစပ်...နင်က နန်ရှားနယ်မြေရဲ့ ဘယ်နေရာကိုသွားမှာလဲ"
ညအချိန်တွင် ယာယီစခန်းချပြီးနောက် လီရီဟန်က ရီဖုန်းကိုမေးမြန်းသည်။
"တပည့်လေး...အဲ့ဒီနေရာကို ပြန်ပြောပြစမ်းပါအုံး"
ရီဖုန်းက မေးမြန်းလိုက်၏။
"အင်း...ရှားကျင်းမြို့...ယွင်မိသားစုအိမ်တော်..."
ကျုံးချင်က သူ၏ခေါင်းကိုကုတ်ကာ ပြောဆိုသည်။
"ရှားကျင်းကိုလား...."
လီရီဟန်က မျက်မှောင်ကြုတ်ကာ သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"နင်တို့က သာမာန်သေမျိုးတွေဖြစ်ပြီးတော့ သေရမှာကို တကယ်မကြောက်ကြဘူးပဲ...ပင်ကျင်းမြို့ကနေ နန်ရှားနယ်မြေထဲထိသွားတာကို ထားလိုက်အုံး...နင်တို့က ရှားကျင်းထိတောင် သွားချင်နေတယ်"
"အဲ့ဒါက ဘာပြဿနာရှိလို့လဲ"
ရီဖုန်းက ဇဝေဇဝါဖြစ်နေသောလေသံဖြင့် မေးမြန်းသည်။
"နန်ရှားနယ်မြေက အရမ်းကျယ်ပြန့်တယ်ဆိုတာ နင် သိရဲ့လား...ဒီနယ်မြေမှာ တုသိုမြစ်က ဖြတ်သန်းစီးဆင်းနေပြီးတော့ ရှန့်ကျင်းနဲ့ရှားကျင်းဆိုပြီး ပိုင်းခြားထားတယ်"
လီရီဟန်က ရှင်းပြသည်။
"ငါ ဆိုလိုချင်တာက....တကယ်လို့ ရှားကျင်းကိုသွားမယ်ဆိုရင် နင်တို့က နန်ရှားနယ်မြေရဲ့နေရာအများစုကို ဖြတ်သွားရုံတင်မကဘူး...တုသိုမြစ်ကိုလည်း ဖြတ်ကူးရလိမ့်မယ်"
"အမ်...ဒါဆို တော်တော်ဝေးတာပါလား"
ရီဖုန်းက သူ၏ခေါင်းကိုကုတ်လိုက်၏။
"ငါ အရမ်းသိချင်မိတယ်...ဘာအရေးကြီးကိစ္စမျိုးရှိလို့....နင်တို့လို သာမာန်လူတွေက ဒီလောက်ထိဝေးကွာတဲ့နေရာကိုသွားရမယ့် အန္တရာယ်များတဲ့ခရီးကို ထွက်လာခဲ့တာလဲ"
လီရီဟန်က သံသယအပြည့်ဖြင့် မေးမြန်းသည်။
ထိုစကားကိုကြားချိန်တွင် ကျုံးချင်၏မျက်နှာ နီမြန်းသွားကာ သူ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။
ရီဖုန်းသည်လည်း ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ပြီးနောက် သူမအား ကျုံးချင်၏ကိစ္စကို အကြမ်းဖျင်းပြောပြလိုက်၏။
ထိုကိစ္စကိုနားထောင်ပြီးနောက် လီရီဟန်သည် အံ့အားသင့်စွာဖြင့် ရီဖုန်းကိုကြည့်ကာ နူးညံညင်သာစွာ ပြောဆိုသည်။
"ငါက နင်ရဲ့လုပ်ရပ်တွေကို နားမလည်နိုင်ပေမယ့်...ငါ ပြောနိုင်တာတစ်ခုကတော့ နင်က တာဝန်ကျေပွန်တဲ့ ဆရာကောင်းတစ်ယောက်ပဲ"
"မင်းက ငါ့ကို မြှောက်ပင့်နေတာပဲ"
ရီဖုန်းသည် ရှက်ကိုးရှက်ကန်းပြုံးကာ မသိလိုက်မသိဘာသာဖြင့် ကျုံးချင်၏ဆံပင်များကို ဆွဲဖွလိုက်သည်။
"ပြီးတော့...ငါ့မှာ နောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ်"
လီရီဟန်က ထပ်မံ၍မေးမြန်းလေ၏။
"နင်တို့လိုပင်ကျင်းမြို့ကလူတွေက နန်ရှားနယ်မြေ ရှားကျင်းမြို့ထဲမှာနေတဲ့ လူတစ်ယောက်နဲ့ အချင်းချင်း ဘယ်လိုလုပ်ပြီး သိသွားတာလဲ"
"အိုး...ဒါကအမှန်ပဲ"
ရီဖုန်းက သူ၏နဖူးကို ပြန်ရိုက်ပုတ်လိုက်သည်။ ထို့နောက် သူသည် မေးခွန်းထုတ်လိုဟန်ဖြင့် ကျုံးချင်ကိုကြည့်ကာ မေးမြန်းလေသည်။
"တပည့်လေး...မင်း ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိအဝေးကြီးက မိန်းကလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့တာလဲ"
ကျုံးချင်၏မျက်နှာ နီမြန်းသွားသည်။ သူသည် အချိန်အတော်ကြာ ရှက်ရွံနေပြီးနောက် ရှက်ကိုးရှက်ကန်းလေသံဖြင့် ပြောဆိုသည်။
"မုန့်ထင်ရဲ့အဖွားက ပင်ကျင်းမြို့မှာနေတာ....သူက သူ့ရဲ့မိသားစုနဲ့အတူ ပင်ကျင်းမြို့မှာရှိတဲ့ ဆွေမျိုးတွေဆီ အလည်အပတ်လာတာ...ဒါကြောင့် ကျွန်တော်တို့အချင်းချင်း သိကျွမ်းခဲ့ကြတာပဲ"
"ငါ သိပြီ"
ရီဖုန်းက နားလည်သဘောပေါက်သွားကာ ခေါင်းညိတ်ပြလိုက်သည်။
ဤသည်မှာ မြို့သူမိန်းကလေးတစ်ယောက်သည် ကျေးလက်ဒေသရှိ အဖွားဖြစ်သူထံ အလည်အပတ်လာရင်း တောသားလူနုံတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်ပင်။
"ဘယ်လိုပဲဖြစ်ဖြစ်....ဒီနေ့ ငါက နင်တို့နဲ့လမ်းခွဲပြီး သွားသင့်နေပြီ....ဒါပေမယ့် အခု နန်ရှားနယ်မြေရဲ့အစွန်အဖျားတဝိုက်မှာတောင် ကျင့်ကြံသူတွေအများကြီးရှိနေတယ်...တကယ်လို့ နင်တို့လို သာမာန်သေမျိုးတွေက ပြဿနာတစ်ခုခုကြားကို ပြေးဝင်မိမယ်ဆိုရင်...နင်တို့ ဒီခရီးကို သွားနိုင်မှာမဟုတ်ဘူး"
လီရီဟန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ငါတို့က ခရီးအတူထွက်ခဲ့မှတော့...ငါ နင်တို့နဲ့ ရက်နည်းနည်းလောက် ထပ်ပြီးအဖော်ပြုပေးမယ်...နင်တို့ ရှားကျင်းကို ဘေးကင်းကင်းနဲ့ရောက်နိုင်ဖို့ ငါ မျှော်လင့်တယ်"
"မိန်းကလေးလီကို ကျေးဇူးတင်ပါတယ်"
ရီဖုန်းက အပြုံးနှင့် ကျေးဇူးတင်စကားပြောဆိုသည်။
အချိန်အတော်ကြာဆက်ဆံပြီးနောက် ဤမိန်းကလေးသည် အလွန်နှစ်လိုဖွယ်ကောင်းသည်ဟု သူ ယူဆမိလေ၏။
လီရီဟန်သည် တခြားမည်သည့်စကားမျှ မဆိုတော့ချေ။ သူမသည် တခြားကျင့်ကြံသူများ၏လှုပ်ရှားမှုများပေါ်တွင်သာ မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။
မူလက သူမသည် ဤသာမာန်သေမျိုးများနှင့် ပြောဆိုဆက်ဆံရမည်ကို အလွန်အထင်အမြင်သေးခဲ့သည်။ သို့ရာတွင် အေးစက်ညအမြွှာနတ်ဆိုးနှင့်ရင်ဆိုင်ရချိန်တွင် ဤသာမာန်သေမျိုးများသည် သူရဲဘောကြောင်စွာဖြင့် သူမကိုစွန့်ပစ်ပြီး ထွက်ပြေးသွားခြင်းမရှိချေ။
သူမတို့အကြားတွင် ဘဝနေထိုင်မှုပုံစံခြင်း မတူညီသော်လည်း သူတို့၏လုပ်ရပ်သည် သူမ၏စိတ်နှလုံးသားကို ထိတွေ့နိုင်ခဲ့လေ၏။ ထို့ကြောင့် သူမ ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။
"ဒီနေရာမှာ အနားယူနေကြအုံး...ပတ်ဝန်းကျင်မှာ ငါ့ရဲ့မိတ်ဆွေတစ်ယောက်တစ်လေကို တွေ့လိုတွေ့ငြား ငါ သွားရှာလိုက်အုံးမယ်"
လီရီဟန်သည် သူမ၏ဓားကိုကိုင်ဆောင်ကာ အဝေးတစ်နေရာသို့ဦးတည်၍ လျှောက်လှမ်းသွားတော့သည်။
သို့ရာတွင် သူမ အဝေးသို့မသွားရသေးမီမှာပင် တစ်စုံတစ်ယောက်က သူမ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားလေ၏။
လရောင်အောက်တွင် သစ်ပင်တစ်ပင်ကို ခန္ဓာကိုယ်တစ်ခြမ်းမှီ၍ရပ်နေသော အနက်ရောင်ဝတ်ရုံဝတ်လူကို သူမ မြင်တွေ့လိုက်ရသည်။ သူ၏လက်ဝဲလက်ကို အင်္ကျီအိတ်ကပ်အတွင်းထည့်ထားကာ သူ၏လက်ယာလက်လက်အတွင်းတွင် ရစ်လိမ်နွယ်ပန်းတစ်ပွင့်ကို ကိုင်ထားသည်။ သူသည် ထိုပန်းကို ညင်သာစွာနမ်းရှိုက်ကာ မူးယစ်ရီဝေနေပုံရသည်။
လရောင်အောက်၌ သူသည် စိတ်ကူးယဥ်ဆန်ပြီး ပြေပြစ်သောပုံစံမျိုးကို ဖော်ကျူးထားသည်။
ရုတ်တရက် သူ၏ခေါင်းကိုစောင်းကာ နက်နဲသိမ်မွေ့သောအကြည့်ဖြင့် လီရီဟန်ကိုကြည့်လိုက်၏။
"ဟူး...."
သူ၏ခေါင်းကို တစ်ချက်ခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ခြင်းနှင့်အတူ......
"ငါ တစ်ချိန်တုန်းက တောင်တန်းတွေ...မြစ်တွေနဲ့ပင်လယ်တွေကို ကျော်ဖြတ်ပြီးတော့ လူတွေအများကြီးကြားမှာ ဖြတ်သန်းသွားလာခဲ့တယ်...ဒါပေမယ့် ငါက အခုထိ...မိန်းမပျိုလေးရဲ့ချစ်စရာကောင်းတဲ့ အမူအယာလေးရှေ့ကနေ ဖြတ်မသွားနိုင်သေးဘူး"
စကားပြောဆိုရင်း သူသည် ရစ်လိမ်နွယ်ပန်းပွင့်ကိုကိုင်ကာ အသက်ဝင်လှသောစည်းချက်အတိုင်း လီရီဟန်ထံသို့ လျှောက်လှမ်းသွားလေသည်။
သူသည် သူမ၏နံဘေးပတ်လည်၌ ကျွမ်းကျင်စွာကပြပြီးနောက် ရစ်လိမ်နွယ်ပန်းပွင့်ဖြင့် သူ၏နှာခေါင်းကို ညင်သာစွာပွတ်သပ်လိုက်သည်။
ထို့နောက် သူ၏အနက်ရောင်ဝတ်ရုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုလုပ်ကာ ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
"မိန်းမပျိုလေး...အရမ်းနောက်ကျနေပြီ...ငါ့ရဲ့နာမည်က လုပမ်ဝေပါ...ခုလိုမျိုးလှပတဲ့ညလေးတစ်ညမှာ လရောင်ကို ငါနဲ့အတူခံစားဖို့ မင်း စိတ်ဝင်စားလား"
Chapter 240
"ပြောရမယ်ဆိုရင်..."
လုပမ်ဝေက စကားပြောဆိုရင်း သူ၏လက်အတွင်းမှ ရစ်လိမ်နွယ်ပန်းပွင့်ကို လက်ကမ်းပေးလိုက်သည်။
"ဝှစ်..."
အေးစက်စက်အလင်းတန်းများ ဖြတ်သန်းသွားခြင်းနှင့်အတူ ရစ်လိမ်နွယ်ပန်းပွင့်၏ပွင့်ချပ်များ ကြွေကျသွားသည်။
"ထွက်သွားစမ်း..."
အေးစက်စက်အော်ငေါက်သံတစ်သံနှင့်အတူ လီရီဟန်သည် အထင်အမြင်သေးသောအကြည့်ဖြင့် လုပမ်ဝေကို တစ်ချက်ကြည့်ကာ အဝေးသို့လျှောက်လှမ်းသွားတော့သည်။
အကယ်၍ သူမတို့သည် ဤလမ်းကြောင်းတလျှောက်လုံး အတူခရီးထွက်ခဲ့ခြင်းကြောင့်သာမဟုတ်ပါက သူမ၏စိတ်နေစိတ်ထားဖြင့် ဤရူးကြောင်ကြောင်လူကို သူမ၏ဓားဖြင့် ခုတ်ပိုင်းပြီးဖြစ်ပေမည်။
သူ၏လက်အတွင်းရှိ ကြွင်းကျန်သောပန်းပွင့်ရိုးတံကိုကြည့်ပြီး လုပမ်ဝေက အလျင်စလို အော်ဟစ်လိုက်သည်။
"ဟေး...ဟေး...မိန်းကလေး...ဘာလို့ ခုလောက်ထိ ဒေါသထွက်သွားတာလဲ...ငါ လုပမ်ဝေရဲ့စိတ်ရင်းက မင်းကို စိတ်မလှုပ်ရှားစေဘူးလား"
သို့ရာတွင် ပတ်ဝန်းကျင်၌ လီရီဟန်၏အရိပ်အယောင် ရှိမနေတော့ချေ။
ယာယီစခန်း၌...
နွေဦးရာသီသို့ရောက်နေပြီဖြစ်သော်လည်း ညအချိန်တွင် အေးစိမ့်နေဆဲဖြစ်သဖြင့် ရီဖုန်းသည် မီးပုံတစ်ပုံဖိုလိုက်၏။
ထို့နောက် သူသည် သိုလှောင်လက်စွပ်အတွင်းမှ တောရိုင်းတိရစ္ဆာန်များ၏အသားတချို့ကိုထုတ်ယူကာ စတင်၍ကင်လိုက်သည်။
အသားကင်ကင်ပြီးနောက် ဝူယုံဟုန် လူအိုကြီးဝမ်နှင့်တခြားသူများ စားလိုက်ကြတော့သည်။
"ဟူး..."
သို့ရာတွင် ရီဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ခေါင်းကို ခါယမ်းလေသည်။
"ဆရာကြီး...ဘာမှားနေလို့လဲ"
လူအိုကြီးဝမ်က ဇဝေဇဝါနှင့် မေးမြန်းသည်။
"ဒီအသားတွေက စားမကောင်းတော့ဘူး"
ရီဖုန်းသည် အသားကင်ကို အနည်းငယ်ခန့်ကိုက်ဝါးပြီးနောက် မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ အကြောင်းအရင်းမှာ ဤတောရိုင်းတိရစ္ဆာန်များ၏အသားများကို သိုလှောင်လက်စွပ်အတွင်း၌ ကောင်းမွန်စွာထိန်းသိမ်းထားသော်လည်း စားရန်အတွက် အလွန်လတ်ဆတ်ခြင်းမရှိတော့ချေ။
သို့ရာတွင် ဤသည်မှာ လူအိုကြီးဝမ်နှင့်တခြားသူများကို စိတ်မသက်မသာဖြစ်သွားစေခဲ့သည်။
ဤအသားသည် နတ်ဆိုးဘုရင်တစ်ကောင်၏အသားပင်။ မည်သည်ကြောင့် ဆရာကြီး စိတ်ကျေနပ်မှုရရှိနိုင်မည်နည်း။
"မှတ်ထားကြအုံး...တကယ်လို့ လမ်းမှာ တောရိုင်းသတ္တဝါတစ်ကောင်ကောင် ဖြတ်သွားတာတွေ့ရင် မင်းတို့ လွတ်မသွားစေနဲ့"
ရီဖုန်းသည် ရွေးချွယ်စရာမရှိတော့သဖြင့် ရိက္ခာခြောက်ကိုဝါးမျိုရင်း တခြားသူများအားလုံးကို ပြောဆိုလိုက်၏။
"တောရိုင်းသတ္တဝါတစ်ကောင်ကောင်လား"
လူတိုင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
အကြောင်းအရင်းမှာ ရီဖုန်း၏စကားများမှတဆင့် သားရဲဘုရင်၏အသားကိုပင် အရသာမတွေ့သည်မှာ သိသာထင်ရှားသည်။ ထို့ကြောင့် သူ ရည်ညွှန်းသော တောရိုင်းသတ္တဝါတစ်ကောင်ကောင်ဟူသည်မှာ အနည်းဆုံး နတ်ဆိုးဧကရာဇ်နှင့်အထက်အဆင့်တွင်ရှိသော သားရဲဖြစ်ပေမည်။
သို့ရာတွင် အကယ်၍ အနီးအနားတွင် နတ်ဆိုးဧကရာဇ်များ သို့မဟုတ် နတ်ဆိုးသားရဲဂိုဏ်းများရှိနေပါက အဆင်ပြေသည်။ သူတို့သည် သားရဲတစ်ကောင်ခန့်ကို ဆရာကြီး၏ညလယ်စာ အဆာပြေစားရန်အတွက် ဖမ်းဆီးပေးနိုင်ပေမည်။ သို့ရာတွင် ပြဿနာမှာ ဤသည်က လူသားများ၏ပိုင်နက်နယ်မြေဖြစ်သဖြင့် မည်သည့်နတ်ဆိုးသားရဲမျှ ရှိမနေနိုင်ချေ။
ထိုအကြောင်းကိုတွေးတောရင်း လူအိုကြီးဝမ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
"ဆရာကြီး....ဒီလိုနေရာမျိုးမှာ...တောကောင်တွေကိုရှာဖို့ ခက်ခဲမှာကို ငါ စိုးရိမ်မိတယ်"
"ဒါက ဘာလို့ခက်ခဲရမှာလဲ"
ရီဖုန်းက အထင်အမြင်သေးသောအကြည့်ဖြင့် လူအိုကြီးဝမ်ကိုကြည့်ကာ ပြောဆိုသည်။
"ငါတို့ရဲ့ပတ်ဝန်းကျင်မှာပဲ ကြည့်နေလိုက်...တစ်ခုခုကို ရှာတွေ့လာလိမ့်မယ်"
'ငါတို့ရဲ့ပတ်ဝန်းကျင်မှာပဲ ကြည့်နေလိုက်...တစ်ခုခုကို ရှာတွေ့လာလိမ့်မယ်'ဟု ဆိုလိုက်သလော...
လူတိုင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
အချိန်တခဏကြာသည့်တိုင် သူတို့သည် ရီဖုန်း၏စကားလုံးများနောက်ကွယ်ရှိ အဓိပ္ပါယ်ကို နားမလည်သော်လည်း သူတို့၏စိတ်များအတွင်း၌ စွဲစွဲမြဲမြဲမှတ်ထားလိုက်၏။
"အရမ်းပင်ပန်းတာပဲ"
"မင်းတို့တွေလည်း စောစောသွားအိပ်ကြတော့လေ...ငါ အရင်အိပ်တော့မယ်"
ရီဖုန်းသည် အကြောဆန့်ကာ အိပ်ယာပေါ်သို့လှဲချပြီး အိပ်စက်ရန် ဟန်ပြင်လိုက်၏။
အိပ်မက်မက်ခြင်း ရုတ်တရက် ရောက်ရှိလာလေပြီ။
သို့ရာတွင် သူ ဤအခြေအနေသို့ ရောက်ရှိခါစမှာပင် ရုတ်တရက်ထွက်ပေါ်လာသော အသံများက သူ၏ချိုသာသောအိမ်မက်ကို ကြားဖြတ်နှောက်ယှက်လေသည်။
"ဘန်း ဘန်း..."
"ဘုန်း..."
"ဝှစ်...."
မလှမ်းမကမ်းတစ်နေရာမှ တိုက်ပွဲတစ်ပွဲ၏အသံသည် စူးရှကျယ်လောင်လှပေ၏။
အမှန်အားဖြင့် ထိုတိုက်ပွဲအပြင် ကျင့်ကြံသူများကလည်း လေထုအတွင်းမှ မကြာခဏပျံသန်းနေလေရာ လေတိုးသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။
"သောက်ချေးပဲ...အဲ့ဒီကောင်တွေက စိတ်အနှောက်အယှက်မပေးလို့ မရဘူးလား"
ဤသည်မှာ ရီဖုန်းအား လန့်နိုးသွားစေသဖြင့် ဒေါသတကြီးဖြင့်ထထိုင်ကာ ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
"အဲ့ဒီသောက်ချေးကျင့်ကြံသူတွေက အရမ်းစိတ်အနှောက်အယှက်ပေးတာပဲ...သူတို့ရဲ့ဧည့်သည်ဆိုတဲ့လူကို တခြားနေရာမှာ သွားတွေ့လို့မရဘူးလား"
အိပ်ယာမှရုတ်တရက်ထထိုင်ကာ အော်ဟစ်ဆဲဆိုနေသော ရီဖုန်းကိုကြည့်ပြီး လူအိုကြီးဝမ် ကျူးရုံနှင့်တခြားသူများသည် ထိတ်လန့်တကြားဖြစ်သွားလေ၏။
သူတို့၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
နန်ရှားနယ်မြေအတွင်းမှလူများသည် အမှန်တကယ်ကို ဝေဖန်ပိုင်းခြားနိုင်မှုမရှိကြချေ။ ဆရာကြီးသည် သာမာန်သေမျိုးတစ်ယောက်၏အတွေ့အကြုံကိုယူလိုကြောင်း သိရှိထားသည့်တိုင် သူတို့သည် ဤမျှထိကြီးမားသောရုန်းရင်းဆန်ခတ်မှုကြီးကိုဖန်တီးကာ မရေမတွက်နိုင်သော ကျင့်ကြံသူများ ဦးတည်ရာမဲ့ ပျံသန်းနေစေရန် ဆွဲဆောင်ခဲ့သည်။
သူတို့သည် ဆရာကြီး၏အိပ်စက်ခြင်းကိုပင် နှောက်ယှက်ခဲ့ကြလေ၏။
ဤသည်မှာ သူတို့ အကြွင်းမဲ့သည်းမခံနိုင်သောကိစ္စပင်။
"ဆရာကြီး...အဆင်ပြေတယ်...ဒါက အဆင်ပြေသွားမှာပါ...မင်း အနားယူလိုက်ပါ...ကောင်းကောင်းအနားယူလိုက်ပါအုံး"
"ဟုတ်ပါတယ် ဆရာကြီး...ကျေးဇူးပြုပြီးတော့ မြန်မြန်လေး အနားယူလိုက်ပါ...အဲ့ဒီလိုအဆင့်က လူမျိုးတွေအတွက်နဲ့ အိပ်ရေးပျက်မခံပါနဲ့"
ကျူးရုံနှင့်တခြားသူများသည် စိုးရိမ်ပူပန်စွာဖြင့် ရီဖုန်းကို ဖျောင့်ဖျလိုက်ကြသည်။ ဤကိစ္စအတွက်ကြောင့် ဆရာကြီး ဒေါသထွက်မည်ကို သူတို့ ထိတ်လန့်ကြောက်ရွံနေမိသည်။
"ကောင်းပြီ...ကောင်းပြီလေ...မင်းတို့လည်း မြန်မြန်သွားအိပ်ကြတော့"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ မြက်ပင်အနည်းငယ်ကိုကျစ်ပြီး သူနှင့်သူ၏တပည့်အတွက် နားကြပ်နှစ်စုံကို ပြုလုပ်လိုက်၏။ ထို့နောက် သူနှင့်ကျုံးချင်၏နားများ၌ တပ်လိုက်သည်။
သူ လှဲချပြီးချိန်မှာပင် လုံလောက်စွာစိတ်မချရသေးဟု ခံစားမိသဖြင့် သူ၏သိုလှောင်အိတ်အတွင်းမှ ဆေးပြားတချို့ကို ထုတ်ယူလေသည်။
ဤဆေးလုံးများ၏အာနိသင်သည် သာမာန်ဖြစ်ကာ သူ၏အတိတ်ဘဝမှ အိပ်ဆေးနှင့်တူညီသည်။ ရီဖုန်းသည် သူ ခရီးဝေးသွားလာမည်ဖြစ်သောကြောင့် နေရာကွာခြားချက်ရှိလာပါက သူ အိပ်မပျော်မည်ကို စိုးရိမ်သောကြောင့် ထိုဆေးလုံးများကို ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။
ဤဆေးလုံးများကို အမှန်တကယ်လိုအပ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
"တပည့်လေး...မင်းလည်း ဆေးတစ်လုံးလောက် သောက်လိုက်အုံး"
ရီဖုန်းသည် အော်ခေါ်ကာ ကျုံးချင်၏ပါးစပ်အတွင်းသို့ ဆေးတစ်လုံးပစ်ထည့်လိုက်၏။
အိပ်ဆေးသောက်သုံးပြီးနောက် ငိုက်မျဥ်းခြင်းက အလျှင်အမြန်ရောက်ရှိလာသည်။
ဆရာတပည့်နှစ်ယောက်သည် တဖြည်းဖြည်း မီးပုံနံဘေး၌အိပ်မောကျကာ ဟောက်သံများထွက်ပေါ်လာတော့သည်။
ထိုဆရာတပည့်နှစ်ယောက် နောက်ဆုံး၌ အိပ်မောကျသွားသည်ကိုကြည့်ပြီး ကျူးရုံ လူအိုကြီးဝမ် ဝူယုံဟုန် စွန်းကျူးကဲနှင့်ချူးရှစ်ခွမ်းတို့သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။
နောက်ထပ်အချိန်အခိုက်အတန့်၌....
သူတို့၏မျက်နှာအမူအယာများ ပြောင်းလဲသွားကာ စူးရှသောအလင်းတန်းများက သူတို့၏မျက်လုံးများအတွင်း၌ ဖြတ်ပြေးသွားသည်။
တစ်ယောက်နှင့်တစ်ယောက် သတိပေးခြင်းမရှိဘဲ သူတို့အားလုံး ဖြည်းညှင်းစွာမတ်တတ်ထရပ်လိုက်ကြသည်။
ထို့နောက် တင်းမာခက်ထန်သောမျက်နှာထားများဖြင့် ညအမှောင်ထုအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်....
Thank For Reading.