အခန်း (၂၄၁-၂၄၅)
Vol. 17 Ch. 241-245
Chapter 241
"ငါ့ကိုစောင့်ကြအုံး...."
သူတို့၏နောက်ရှိ လုသရှန်းသည် သူ၏ဘောင်းဘီကိုဆွဲတင်ကာ အလျှင်အမြန် အမှီလိုက်ခဲ့တော့သည်။
တောင်ခြေတစ်နေရာ၌...
ဘုန်း...
ကျယ်လောင်သောပေါက်ကွဲသံတစ်သံနှင့် အတူယှဥ်တွဲ၍ လူငယ်တစ်ယောက် နောက်သို့လွင့်ထွက်သွားသည်။
"မင်းတို့နှင်းလေအိမ်တော်ရဲ့တပည့်တွေက ဒီအဆင့်ထက် ဘာမှမပိုဘူး...ဒီလက်ရည်စမ်းပွဲမှာ ငါတို့တိမ်တိုက်လေပြေတောင်ကြားက အနိုင်ရတယ်"
တခြားလူငယ်တစ်ယောက်က ရယ်မောသံတစ်သံနှင့်အတူ ပြောဆိုကာ သူ၏ဓားရှည်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။
"အကိုချန်းယုက အရမ်းတော်တာပဲ"
"အကိုချန်းယုရဲ့ခွန်အားက အရမ်းတုန်လှုပ်ချောက်ချားဖို့ကောင်းတယ်"
ပတ်ဝန်းကျင်အတွင်းရှိ တခြားဂိုဏ်းအင်အားစုများမှ တပည့်များက ကျယ်လောင်စွာ မြှောက်ပင့်ချီးမွမ်းလိုက်ကြသည်။
ဂိုဏ်းအင်အားစုများမှတပည့်အမြောက်အများ စုဝေးမိသည်မှာ အလွန်ရှားပါးသဖြင့် သူတို့သည် လက်ရည်စမ်းပွဲတစ်ပွဲကိုပြုလုပ်ရန် စီစဥ်ခဲ့သည်။
တိမ်တိုက်လေပြေတောင်ကြားမှ ဤချန်းယုသည် မငြင်းကွယ်နိုင်သည်အထိ နာမည်ကျော်ကြားသော တပည့်တစ်ယောက်ပင်။
အမှန်အားဖြင့် သူ့ထံတွင် မောက်မာဝံ့ကြွားနိုင်သော အစွမ်းအစမျိုးလည်းရှိနေသည်။
သူ၏အသက်သည် ငယ်ရွယ်သေးသည့်တိုင် သူ့ထံတွင် သိုင်းဧကရာဇ်နယ်ပယ်ခွန်အားမျိုးရှိနေကာ တိမ်တိုက်လေပြေတောင်ကြားမှ ပြုစုပျိုးထောင်ထားသော ပင်မတပည့်များအနက်မှတစ်ယောက်လည်းဖြစ်သည်။
သန့်စင်သောပါရမီအရည်အချင်းအရဆိုလျှင် တိမ်တိုက်လေပြေတောင်ကြား၌ ယွင်ရှန်းချွယ်တစ်ယောက်တည်းကသာ သူ့ထက်သာလွန်သည်ဟု လူတချို့က ပြောဆိုကြလေ၏။
"ဟား ဟား ဟား...မင်းတို့အားလုံးက ငါ့ကို အရမ်းချီးမွမ်းနေကြတာပဲ"
"ငါနဲ့လက်ရည်စမ်းချင်တဲ့သူ တစ်ယောက်ယောက်များ ရှိသေးလား"
ချန်းယုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သို့သော် ဤအချိန်အခိုက်အတန့်တွင် စိန်ခေါ်မှုကို မည်သူကမျှ မတုံ့ပြန်ကြချေ။
"ကောင်းပြီလေ...ဘယ်သူကမှ ငါ့ကိုစိန်မခေါ်ချင်မှတော့...မကြာသေးခင်က ငါ သင်ယူထားတဲ့ ဓားနည်းစနစ်တစ်ခုကို မင်းတို့အားလုံးအတွက် သရုပ်ပြပေးမယ်"
ထိုစကားကိုပြောဆိုရင်း ချန်းယုသည် သူ၏ဓားရှည်ကို ဓားအိမ်မှဆွဲထုတ်ကာ လေထုကိုဖြတ်သန်း၍ ခုတ်ပိုင်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် စီခနဲအော်သံများက ကျယ်လောင်စွာမြည်ဟီးလာကာ ပတ်ဝန်းကျင်ရှိလေထုကို တုန်ခါသွားစေသည်။
"မင်းတို့ရဲ့လှုပ်ရှားမှုတွေကို ရပ်မလား ဒါမှမဟုတ် အသေခံမလား"
ထိုအချိန်မှာပင် ကျွတ်ဆတ်ဆတ်အသံတစ်သံ ထွက်ပေါ်လာကာ ဤနေရာရှိအခြေအနေကို ချိုးဖျက်လိုက်၏။
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။
ချန်းယုကို ဤှပုံစံအတိုင်း ပြောဆိုဝံ့သော တစ်စုံတစ်ယောက် အမှန်တကယ်ကို ရှိနေခဲ့သည်။ သူတို့သည် အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်ကြရာ လူခြောက်ယောက်ချဥ်းကပ်လာသည်ကို တွေ့မြင်လိုက်ရသည်။
အဖိုးအိုတစ်ယောက်သည် တောင်ဝှေးတစ်ချောင်းကို အားပြု၍လျှောက်လှမ်းနေကာ သူ့ကိုကြည့်ရသည်မှာ အချိန်မရွေး သေဆုံးသွားတော့မည့်ပုံပင်။
ထို့နောက် အမွှေးအမျှင်ထူထပ်သောရင်ဘတ်ရှိကာ သူ၏ဝမ်းဗိုက်ကြွက်သားများကို လှစ်ဟထားသော လူထွားကြီးတစ်ယောက်....
တခြားထူးထူးဆန်းဆန်းပုံစံများရှိသော အဖိုးအိုလေးယောက်သည်လည်း တမလွန်သို့အချိန်မရွေး ခရီးထွက်သွားနိုင်သည့်အလား တုန်တုန်ရီရီဖြင့် လျှောက်လှမ်းလာကြသည်။
"မင်းတို့က ဘယ်သူတွေလဲ"
ချန်းယုက ထိုလူအိုကြီးများကိုကြည့်ကာ အသံနက်ကြီးဖြင့် မေးမြန်းလိုက်သည်။
"ငါ့ဘာငါ ဘာလုပ်နေနေ....မင်းတို့နဲ့ဘာဆိုင်လို့လဲ"
သို့ရာတွင် သူ၏အသံ ပျက်ပြယ်မသွားမီမှာပင် သူရှေ့ရှိ လူအိုကြီးသည် တောင်ဝှေးဖြင့် သူ၏ခေါင်းကို ရိုက်နှက်လေ၏။
"ဒါက...."
ဤမြင်ကွင်းကိုကြည့်ပြီး လူတိုင်း အံ့အားသင့်တုန်လှုပ်သွားသည်။
မည်သည့်အစွမ်းအစမျှ ရှိပုံမရသော ဤလူအိုကြီးများသည် ချန်းယု၏ခေါင်းကို တောင်ဝှေးဖြင့်ရိုက်ဝံ့သည်အထိ အလွန်သတ္တိကောင်းနေကြသလော...
သူတို့သည် သေလမ်းရှာနေခြင်းဖြစ်သလော....
....
ညအချိန်...
အစိမ်းရောင်လူရိပ်တစ်ရိပ်သည် တောအုပ်အကြားမှတိုးထွက်လာကာ ထိုလူမှာ လီရီဟန်ပင်။
ဤနေရာတွင် တပည့်အမြောက်အများ စုဝေးနေသည်ကို မြင်တွေ့မိသဖြင့် သူမ အလျှင်အမြန် ပြေးလာခဲ့သည်။
အကြောင်းအရင်းမှာ လွန်ခဲ့သောရက်များအတွင်းတွင် သူမ အပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် သူမထံတွင်ရှိသော ဆေးလုံးများအားလုံးကို အသုံးပြု၍ကုန်ဆုံးသွားလေပြီ။
လီရီဟန်သည် သူမ၏အသိအကျွမ်းများ သို့မဟုတ် သူမ၏ဂိုဏ်းမှတခြားတပည့်များကိုရှာဖွေကာ ဒဏ်ရာကုသဆေးလုံးများကို အကူအညီတောင်းခံရန် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။
သို့ရာတွင် လူအုပ်ကြီးနှင့် သူမနီးကပ်သွားစဥ်တွင် ရုတ်တရက်အပြောင်းအလဲတစ်ခု ဖြစ်ပွားသွားခဲ့သည်။
လူအိုကြီးငါးယောက်နှင့်လူထွားကြီးတစ်ယောက်တို့သည် တိမ်တိုက်လေပြေတောင်ကြားမှ တပည့်များနှင့် ပဋိပက္ခတချို့ ဖြစ်နေပုံရသည်။ သို့ရာတွင် သူမ ပို၍နီးကပ်သွားကာ ထိုလူအိုကြီးများ၏ပုံပန်းသွင်ပြင်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရချိန်တွင် သူမ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
"အဲ့ဒီလူအိုကြီးတွေက ဒီနေရာကို ဘယ်လိုလုပ်ပြီးတော့ ရောက်လာတာလဲ"
"သူတို့ကို ကြုံရာကျပန်းလျှောက်သွားမနေဖို့ ငါ ရှင်းရှင်းလင်းလင်း မှာထားတယ်မဟုတ်လား...အဲ့ဒီသာမာန်သေမျိုးတွေက တိမ်တိုက်လေပြေတောင်ကြားကတပည့်တွေနဲ့ တကယ်ကြီး ပဋိပက္ခဖြစ်မယ်ဆိုရင်....အကျိုးဆက်က....."
သူမ၏မျက်နှာ ဖြူရော်သွားကာ ထိုနေရာသို့လအလျှင်အမြန် အပြေးသွားလိုက်၏။
သို့ရာတွင် သူမ ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးချိန်တွင် လူအိုကြီးဝမ်သည် သူ၏တောင်ဝှေးကိုမြှောက်၍ ချန်းယု၏ခေါင်းကို ရိုက်လိုက်သည်အား မြင်တွေ့ရမည်ဟု သူမ မျှော်လင့်မထားမိချေ။
ဒါက....
ဒီလူအိုကြီး...
သူသည် သေရမည်ကို မကြောက်ရွံသလော....
အကယ်၍ သူ အမှန်တကယ် သေလိုလျှင်ပင် ဤထက်ကောင်းမွန်သော နည်းလမ်းများရှိနေသည်မဟုတ်လော....
ချန်းယုသည် ဒေါသူပုန်ထသွားကာ သူ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော ရူးကြောင်ကြောင်အဖိုးအိုများသည် သူ့အား အမှန်တကယ်ကို ရန်စစော်ကားဝံ့ပေ၏။
"ခင်ဗျားက သေလမ်းလာရှာတာလား"
ချန်းယုက ဒေါသတကြီး အော်ဟစ်လေသည်။
"စိတ်အေးအေးထားပါ....ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ"
သို့ရာတွင် ချန်းယု မလှုပ်ရှားရသေးမီမှာပင် လီရီဟန်က အပြေးရောက်လာကာ သူ့ရှေ့၌ မတ်တတ်ရပ်လိုက်၏။
"မင်းက ဘယ်သူလဲ"
ချန်းယုက အသံနက်ကြီးဖြင့် မေးမြန်းသည်။
"ကျွန်မက ရှားကျင်းရဲ့လီမိသားစုကပါ ...စီနီယာအကိုချန်းယုက ကျွန်မကို မျက်နှာသာတချို့ပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်မိတယ်"
လီရီဟန်က သွေးဆုတ်ဖြူရော်နေသောမျက်နှာနှင့်ပြောဆိုကာ သူမ၏ခေါင်းကို အောက်သို့ငုံ၍ အလျှင်အမြန်ရှင်းပြလေသည်။
"အဲ့ဒီလူအိုကြီးတွေက သာမာန်သေမျိုးတွေပါ...စီနီယာအကိုချန်းယုရဲ့အဆင့်အတန်းကို သူတို့က သိမှာမဟုတ်ဘူး..စီနီယာအကိုချန်းယုက သဘောထားကြီးပြီးတော့ ရှင့်ကိုယ်ရှင် သူတို့ရဲ့အဆင့်မျိုးထိ မနှိမ့်ချလိုက်ဖို့ ကျွန်မ မျှော်လင့်တယ်...ကျွန်မက စီနီယာအကိုချန်းယုကို ကောင်းကောင်းမွန်မွန်တောင်းပန်ဖို့ သူတို့ကို ပြောလိုက်ပါ့မယ်"
"အမ်..."
"ရှားကျင်းရဲ့လီမိသားစုကလား..."
ချန်းယုက လီရီဟန်ကို ကြည့်လိုက်၏။
ရှားကျင်းမှလီမိသားစုသည် မိသားစုကြီးတစ်စုမဟုတ်သော်လည်း သူ့၏တိမ်တိုက်လေပြေတောင်ကြားနှင့် ပတ်သက်ဆက်နွယ်မှုတချို့ရှိနေသည်ကို သူ သိရှိထားသည်။
အချိန်တခဏကြာ တွေဝေစဥ်းစားပြီးနောက် သူက ပြောဆိုလိုက်သည်။
"မင်းက လီမိသားစုကဖြစ်နေမှတော့...ငါက မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီမောက်မာတဲ့သာမာန်လူတချို့ကို ငါ အရေးမစိုက်တော့ဘူး...သူတို့ကို ချက်ချင်းတောင်းပန်ခိုင်းလိုက်စမ်း...ငါက သူတို့ရဲ့အသက်တွေကို ချမ်းသာပေးမယ်"
ထိုစကားကိုကြားချိန်တွင် လီရီဟန်သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ထို့နောက် သူမသည် လူအိုကြီးဝမ်နှင့်တခြားသူများထံသို့ အပြေးသွားကာ ဒေါသတကြီးဆူပူကြိမ်းမောင်းလိုက်၏။
"ရှင်တို့တွေ ဘာလုပ်နေကြတာလဲ...ဒီနေရာမှာ လျှောက်မသွားဖို့ ရှင်တို့ကို ကျွန်မ မပြောခဲ့ဘူးလား"
သူမက လူအိုကြီးဝမ်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
"အထူးသဖြင့် ရှင်ပဲ...ရှင်က ဘယ်လိုသတ္တိမျိုးနဲ့ တခြားသူတွေကို တောင်ဝှေးနဲ့ရိုက်ဝံ့တာလဲ...သူတို့က နန်ရှားနယ်မြေထဲမှာရှိတဲ့ ဂိုဏ်းကြီးတွေရဲ့တပည့်တွေ...သူတို့ရဲ့လက်ကို သာမာန်ကာလျှံကာ ဝှေယမ်းလိုက်ရုံနဲ့ ရှင်တို့ရဲ့အသက်တွေကို နှုတ်ယူသွားနိုင်တယ်...မြန်မြန်လေး တောင်းပန်လိုက်ကြပါ...မဟုတ်ရင် ဒီနေ့ညမှာ ရှင်တို့ရဲ့အသက်ကို ဘယ်သူမှကယ်တင်နိုင်မှာမဟုတ်ဘူး"
Chapter 242
သူမ အံ့အားသင့်သွားရသည်မှာ ထိုလူအိုကြီးတစ်စုသည် သူမကိုပြုံးရုံသာပြုံးပြပြီး တောင်းပန်မည့်အရိပ်အယောင်မရှိချေ။ ကျူးရုံသည် သူမ၏ခေါင်းကိုဖိကာ နံဘေးသို့တွန်းထုတ်ပြီး ဆိုဆုံးမလေသည်။
"ငါတို့ လူအိုကြီးတွေက ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနေတယ်...ကောင်မစုတ်လေး... ဘေးဖယ်နေစမ်း"
လီရီဟန်၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဤလူအိုကြီးများတွင် မည်သည့်အမှားအယွင်းမျိုးရှိနေသနည်း...
သူတို့ ရူးသွားကြသလော....
သူမသည် ခက်ခက်ခဲခဲကြိုးစား၍ ချန်းယုနှင့်ညှိနှိုင်းပြီးမှသာ အခွင့်အရေးတစ်ခု ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဤလူအိုကြီးများကိုကြည့်ရသည်မှာ ထိုအရာကို လုံးလုံးလျားလျား တန်ဖိုးထားပုံမရချေ။
သို့ရာတွင် သူမ ပို၍အံ့အားသင့်သွားရသည်မှာ တောင်းပန်ရမည့်အစား ထိုလူအိုကြီးများသည် ချန်းယုနှင့်အပေါင်းအဖော်များကိုကြည့်ကာ ဆက်လက်၍အော်ဟစ်လိုက်ခြင်းကြောင့်ပင်။
"မင်းတို့ကောင်တွေ...ဒီနေရာကနေထွက်သွားဖို့ အချိန်တစ်မိနစ်ရမယ်...မဟုတ်ရင်ကတော့ ငါတို့က မင်းတို့အားလုံးကို သတ်ပစ်ရလိမ့်မယ်"
ထိုစကားကိုကြားချိန်တွင် လီရီဟန်၏မျက်နှာ ဖြူရော်သွားကာ သူမ၏နှလုံးခုန်နှုန်း အလွန်လျှင်မြန်သွားသည်။
အကြောင်းအရင်းမှာ သူတို့၏စကားများသည် ချန်းယုကို စော်ကားနေရုံသာမက လက်ရှိနေရာတွင်ရှိနေသော တပည့်များအားလုံးကိုလည်း ရန်စစော်ကားရာ ရောက်နေသောကြောင့်ပင်။
သူတို့အကြားတွင် ဂိုဏ်းအင်အားစုများမှ ပါရမီရှင်အမြောက်အများရှိနေကာ လီရီဟန်သည် သူမကိုယ်သူမ ပျှမ်းမျှအဆင့်ပါရမီသာရှိသည်ဟု ယူဆထားလေ၏။
တိကျသေချာစွာပင် ထိုစကားသည် လက်ရှိနေရာတွင်ရှိနေသော တပည့်များအားလုံး၏ဒေါသများကို လောင်စာထည့်ပေးလိုက်သည့်အလားပင်။
တချို့လူများသည် သူတို့၏ဓားများကို ဆွဲထုတ်ကာ သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တလိမ့်လိမ့်ထွက်ပေါ်လာသည်။
သာမာန်အားဖြင့် သူတို့အနက်မှတစ်ယောက်ချင်းစီသည် ဂိုဏ်းအတွင်း၌ မာနထောင်လွှားပြီး မောက်မာဝံ့ကြွားသူများဖြစ်ပေ၏။ သူတို့သည် မည်သည်ကြောင့် သိကျွမ်းခြင်းပင်မရှိသော လူအိုကြီးအနည်းငယ်မှ သူတို့အားအော်ငေါက်မှုကို သည်းခံနိုင်မည်နည်း....
"အော်...မင်းတို့က တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလား"
ကျူးရုံသည် ထိုတပည့်များကိုကြည့်ကာ အထင်အမြင်သေးသောလေသံဖြင့် သရော်တော်တော် ပြောဆိုသည်။
"လူအိုကြီးတွေ...ဒူးထောက်ပြီး ခင်ဗျားတို့ရဲ့အပြစ်တွေကို ချက်ချင်းဝန်ခံစမ်း...မဟုတ်ရင် ခင်ဗျားတို့ရဲ့အလောင်းမြှုပ်စရာ နေရာမရှိစေရဘူး"
ချန်းယုက အေးစက်တင်းမာစွာ အမိန့်ပေးလိုက်သည်။
"ဝန်ခံရမှာလား..."
ကျူးရုံက ခွက်ထိုးခွက်လှန်ရယ်မောကာ သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုမှုများနှင့် ပြည့်နှက်နေသည်။
"ငါတို့က ဘာလို့ဝန်ခံရမှာလဲ"
"ခင်ဗျားတို့....ဒီနေရာမှာ ကျုပ်တို့အားလုံး ရှိနေတာတောင်...ခင်ဗျားတို့က မကြောက်ကြဘူးလား"
ချန်းယုက ပြောဆိုသည်။
"ကြောက်ရမှာလား"
ကျူးရုံက ပြက်ရယ်ပြုကာ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ငါတို့က မင်းတို့တွေအားလုံးကို မကြောက်ဘူး....ဘာလို့လဲဆိုရင် ငါတို့ရဲ့မျက်လုံးတွေထဲမှာ အခုလက်ရှိနေရာမှာရှိနေတဲ့လူတိုင်း အမှိုက်ကောင်တွေမလို့ပဲ"
ဤစကားသည် ချက်ချင်းဆိုသလိုပင် လူအုပ်ကြီး၏ဒေါသများကို ပေါက်ကွဲသွားစေသည်။
"ညီအကိုတို့...ဒီလူတွေက အရမ်းမောက်မာရိုင်းစိုင်းလွန်းတယ်...သူတို့က ဘယ်သူတွေပဲဖြစ်နေနေ...သူတို့ကို သတ်ပစ်ကြစို့"
"အမှန်ပဲ...သူတို့ကို သတ်ကြရအောင်"
"အတူတူ တိုက်ခိုက်ကြစို့"
ရုတ်ချည်းဆိုသလိုပင် ရာနှင့်ချီသောတပည့်များသည် လေထုအတွင်းသို့ခုန်တက်ကာ သူတို့၏ဓားများကိုထုတ်၍ ကျူးရုံတို့လူစုထံသို့ တိုးဝင်လာကြသည်။
ဤမြင်ကွင်းကိုကြည့်ပြီး လီရီဟန်သည် ထိတ်လန့်ကြောက်ရွံမှုကြောင့် ဖြူရော်သွားတော့သည်။ သူမက အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
"ရှင်တို့...ဒီလိုဆိုရင်တော့ ရှင်တို့ကို ဘယ်သူမှကယ်နိုင်မှာ မဟုတ်ဘူး"
ထိုစကားကိုပြောဆိုရင်း သူမသည် ခေါင်းခါယမ်းပြီး သူမ၏မျက်လုံးကိုစုံမှိတ်ကာ နံဘေးတစ်နေရာသို့ ဆုတ်ခွာလိုက်သည်။
ဤလူအိုကြီးများသည် ယခင်က ပုံမှန်ဖြစ်သော်လည်း ယနေ့ညတွင်မှ သူတို့သည် မည်သည်ကြောင့် အလွန်ရူးကြောင်ကြောင်နိုင်သောလုပ်ရပ်များ ထလုပ်သည်ကို သူမ နားမလည်နိုင်ချေ။
ဤအခြေအနေအတွင်းတွင် သူမထံ၌ လုံးလုံးလျားလျား အစွမ်းအစမဲ့နေသည်။
သူမ လက်လျှော့လိုက်ရလေပြီ။
ကျူးရုံတို့လူစု၏ခေါင်းများအထက်ရှိ လေထုအတွင်း၌ ရောက်ရှိနေသော တပည့်များထံတွင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများရှိနေကာ သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် တဟုန်ထိုးမြင့်တက်နေပေ၏။
သို့ရာတွင် သူတို့ခြောက်ယောက်သည် မတုန်မလှုပ် မတ်တတ်ရပ်နေကြဆဲပင်။
ထိုလူများ နီးကပ်လာချိန်ကျမှသာ လူအိုကြီးဝမ်၏မှုန်ဝါးဝါးမျက်လုံးတစ်စုံအတွင်း၌ မသိမသာပြောင်းလဲမှုတချို့ ထွက်ပေါ်လာသည်။
အလွန်ကြီးမားသောအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်အတွင်းမှ ပွင့်အံ့ထွက်လာသည်။
ဝုန်း...
ဤအားလှိုင်းသည် တဝုန်းဝုန်းထလာသောလှိုင်းလုံးကြီးတစ်ခုနှင့်တူညီကာ တိုးဝင်လာသော တပည့်များထံသို့ ကြီးမားသောလေပြင်းမုန်တိုင်းကြီးအလား ဖြတ်သန်းတိုက်ခတ်သွားသည်။
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် တပည့်များအားလုံး၏မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားလေ၏။ သူတို့၏ဓားများသည် သူတို့၏လက်များအတွင်းမှ လွင့်ထွက်သွားကာ လေထုအတွင်း၌ပြန့်ကျဲနေသော အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး ကြေမွှပျက်စီးသွားတော့သည်။
"အား...အား...အား...အား...အား..."
စူးရှရှအော်ဟစ်သံများသည် လေထုအတွင်း၌ ပြည့်နှက်သွားကာ ထိုတပည့်များသည် သွေးများအန်နေကြပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျလာသည်။ သူတို့၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်သွားသည်။
ထိုအချိန်မှာပင် သူမ၏မျက်လုံးများကို စုံမှိတ်ထားသော လီရီဟန်သည်လည်း ရုတ်တရက်အပြောင်းအလဲကို အာရုံခံမိလေ၏။
သူမ၏မျက်လုံးကို ဆတ်ခနဲ ဖွင့်ကြည့်လိုက်သည်။
ရာနှင့်ချီသော လက်ရွေးစင်တပည့်များအားလုံး လေထုအတွင်းသို့ မြောက်တက်သွားကာ ပြင်းပြင်းထန်ထန် လွင့်ထွက်သွားသောမြင်ကွင်းကို သူ မြင်တွေ့လိုက်ရသည်။
ဤမြင်ကွင်းသည် သူမ၏စိတ်အတွင်း၌ မိုးခြိမ်းသံအလား ပဲ့တင်ထပ်နေသည်။
သူမ လန့်ဖျပ်သွားကာ သူမ၏ကျောရိုးတလျှောက် ချမ်းစိမ့်လာပြီး သူမ၏နှလုံး ကဆုန်စိုင်းခုန်ပေါက်လာကာ သူမ၏ရင်ဘတ်အတွင်းမှ ခုန်ထွက်သွားလုမတတ်ပင်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီသွားသည်။
ဤလူအိုကြီး...
ဤလူအိုကြီးများသည် အမှန်တကယ်ကို.....
အမှန်တကယ်ကို....
မည်သို့ဖြစ်နိုင်မည်နည်း....
ဤသည်မှာ မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း....
သူမနှင့်ရက်ပေါင်းများစွာ အတူကုန်ဆုံးခဲ့သော သာမာန်သေမျိုးများနှင့်ကွဲပြားခြားနားပုံမရသည့် လူအိုကြီးများသည် အမှန်အားဖြင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ဖြစ်နေသလော.....
သူတို့၏လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါဖြင့် ဂိုဏ်းအင်အားစုအသီးသီးမှတပည့်များကို လွင့်ထွက်သွားစေခဲ့သလော...
တစ်ခုသိထားရမည်မှာ ဤတပည့်များအကြားတွင် သိုင်းဧကရာဇ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများရှိနေသည်။
သူတို့၏အရှိန်အဝါများကို အသုံးပြုရုံသက်သက်ဖြင့် သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများကို လွင့်ထွက်သွားစေခဲ့ရာ ဤလူအိုကြီး၏ကျင့်ကြံဆင့်သည် အနည်းဆုံးအနေဖြင့် သိုင်းဘိုးဘေးနယ်ပယ်တွင်ရှိနေသည်ဟု ဆိုလိုသည်မဟုတ်လော...
သိုင်းဘိုးဘေး.....
ထိုအကြောင်းကိုတွေးတောရင်း လီရီဟန်၏နှလုံးခုန်နှုန်းများမြန်သွားကာ ဤအချိန်အခိုက်အတန့်တွင် သူမသည် ထိုလူအိုကြီးများကို ရဲရဲတင်းတင်းပင်မကြည့်ဝံ့တော့ချေ။
အကြောင်းအရင်းမှာ သူမသည် လမ်းတလျှောက်၌ ထိုလူအိုကြီးများကို အော်ငေါက်ပြီး ကောင်းကောင်းမွန်မွန်နေရန် ဆုံးမခဲ့ကာ သူတို့အား သာမာန်သေမျိုးများဟုပင် ခေါ်ဝေါ်ခဲ့သည်ကို အမှတ်ရမိသောကြောင့်ပင်။
သာမာန်သေမျိုးများ....
ဤမျှထိသန်မာအားကောင်းသော သာမာန်သေမျိုးများ ရှိနေနိုင်သလော.....
အမှုမဲ့အမှတ်မဲ့ဖြင့် သူမသည် နောက်သို့ခြေနှစ်လှမ်းခန့်ဆုတ်လိုက်မိကာ သူမ၏မျက်နှာဖြူရော်နေပြီး သူမ၏ဦးရေပြား တင်းကြပ်နေသကဲ့သို့ ခံစားမိသည်။
သူတို့၏မျက်လုံးများအတွင်း၌ သူမသည် ခုန်ပေါက်နေသော လူပြက်တစ်ယောက်သက်သက်ပင်။
အံ့အားသင့်စရာ မရှိတော့ချေ။
သူတို့သည် အကြောက်အလန့်မရှိဘဲ ပင်ကျင်းမြို့မှနေ၍ နန်ရှားနယ်မြေသို့ လာဝံ့သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
ချန်းယုကဲ့သို့ လက်ရွေးစင်တပည့်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့ထံ၌ ထိတ်လန့်ကြောက်ရွံသောအမူအယာမျိုး ထွက်ပေါ်မလာသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
"မင်းတို့က ဘယ်သူတွေလဲ"
ထိုအချိန်မှာပင် ဒဏ်ရာရသွားသောတပည့်များသည် မတ်တတ်ထရပ်က လူအိုကြီးဝမ်တို့လူစုကို မုန်းတီးသောအကြည့်များဖြင့် စူးစိုက်ကြည့်ပြီး ဒေါသတကြီးအော်ဟစ်လိုက်ကြ၏။
"မင်းတို့က အကြောင်းပြချက်မရှိဘဲနဲ့ ငါတို့အဓိကဂိုဏ်းကြီးတွေကို ပြဿနာလာရှာခဲ့တယ်...မင်းတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ....ငါတို့ရဲ့ဂိုဏ်းတွေက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ဒီအနီးအနားမှာရှိနေတယ်ဆိုတာ မင်းတို့သိကြလား...မင်းတို့ကို လက်စားပြန်ချေမှာ မကြောက်ဘူးလား"
"လက်စားချေမှာလား"
ကျူးရုံက အထင်အမြင်သေးသောလေသံနှင့် သရော်တော်တော်ပြောဆိုသည်။
"ငါ မင်းတို့ကို ပြောဖို့မေ့သွားတယ်...ငါတို့ရဲ့မျက်လုံးတွေထဲမှာ မင်းတို့တင် အမှိုက်ကောင်တွေဖြစ်တာမဟုတ်ဘူး....မင်းတို့တွေရဲ့နောက်မှာရှိတဲ့ ဂိုဏ်းတွေကလည်း အမှိုက်တွေပဲ"
"မင်းတို့...."
"မင်း...မင်း...မင်းတို့က....."
"မင်းတို့ရဲ့ပါးစပ်တွေကို ဆွဲဖြဲခံရမှာကို မကြောက်ဘူးလား"
ထိုစကားကိုကြားချိန်တွင် တပည့်များအားလုံး အလွန်ဒေါသထွက်သွားကာ သွေးများအန်ထွက်တော့လုမတတ်ပင်။
"ကောင်းပြီလေ...ဒီလိုဆိုမှတော့...တကယ်လို့ မင်းတို့မှာ သတ္တိရှိတယ်ဆိုရင် ဒီနေရာမှာ ဆက်ပြီးနေနေကြစမ်း"
လူအုပ်ကြီးက နာကျည်းမုန်းတီးစွာဖြင့် အော်ဟစ်လိုက်ကြသည်။
သူတို့သည် စကားပြောဆိုနေရင်း ချန်းယုသည် အချက်ပြမီးကျည်တစ်ခုကိုထုတ်ယူကာ လေထုအတွင်းသို့ ပစ်လွှက်လိုက်၏။
ထို့ပြင် နှင်းလေအိမ်တော်မှတခြားတပည့်တစ်ယောက်သည်လည်း သူ၏ဂိုဏ်းမှ အရေးပေါ်အချက်ပေးသင်္ကေတကို အသက်သွင်းလိုက်သည်။
"ဒါက အနီရောင်အချက်ပေးသင်္ကေတမဟုတ်လား"
ထိုမြင်ကွင်းကိုကြည့်ပြီး လီရီဟန်၏မျက်လုံးများ ပြူးကျယ်သွားသည်။
နန်ရှားနယ်မြေခံတစ်ယောက်ဖြစ်သော သူမသည် အနီရောင်အချက်ပေးသင်္ကေတမှာ မည်သည်ကိုကိုယ်စားပြုကြောင်း ကောင်းစွာသိရှိထားသည်။ ဤသည်မှာ တပည့်တစ်ယောက်သည် အရေးပေါ်အကျပ်အတည်းနှင့်ရင်ဆိုင်ရပြီး ကြီးမားသောမကျေနပ်မှုများရှိလာမှသာ အသက်သွင်းသော အချက်ပေးသင်္ကေတပင်။
ထို့ပြင် ဤသည်မှာ သေသည်အထိ တိုက်ခိုက်မည်ဟု ဆိုလိုခြင်းလည်းဖြစ်သည်။
ယခုချိန်၌ ကိစ္စများသည် အမှန်တကယ်ကို ခြေလွန်လက်လွန်ဖြစ်နေလေပြီ။
သူမသည် အံ့တင်းတင်းကြိတ်ကာ အချိန်အတော်ကြာတွေဝေတုံ့ဆိုင်းနေပြီးနောက် သတ္တိမွေးကာ ကျူးရုံတို့လူစုထံ လျှောက်လှမ်းသွားလိုက်၏။
"စီ...စီနီယာတို့...."
သူမသည် တခြားလူများ၏မကျေမနပ်အကြည့်များကို ဂရုမစိုက်တော့ဘဲ ထိုထိပ်သီးကျင့်ကြံသူများ သူမအားလာရောက်ရှာဖွေမည်ကို ပို၍ထိတ်လန့်ကြောက်ရွံနေမိသည်။ ထို့ကြောင့် သူမသည် ဤအချိန်အခိုက်အတန့်တွင် သတ္တိမွေးကာ ပြောဆိုလိုက်၏။
"စီနီယာတို့...ရှင်တို့က နန်ရှားဇာတိကမဟုတ်ဘူး....ဒါကြောင့် အနီရောင်အချက်ပေးသင်္ကေတက ဘာကိုဆိုလိုတယ်ဆိုတာ ရှင်တို့သိမှာမဟုတ်ဘူး...ရှင်တို့ ဒီနေရာကနေ မြန်မြန်ထွက်သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်"
"ဘာမှ ထွက်သွားစရာ မလိုဘူး...ငါတို့က သူတို့ကို ဒီနေရာကနေပဲ စောင့်နေမယ်"
ဝူယုံဟုန်က တည်ငြိမ်အေးဆေးစွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် လီရီဟန်၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ကြည့်ရသည်မှာ ဤသက်ကျားအိုကြီးများသည် အခြေအနေ၏လေးနက်မှုကို နားလည်သဘောပေါက်ခြင်းမရှိပုံပင်။ ဤလူများ၏ကျင့်ကြံဆင့်သည် နက်နဲသိမ်မွေ့သည်ကို သူမ သိရှိသော်လည်း သူတို့သည် နန်ရှားနယ်မြေ၏အဓိကဂိုဏ်းအင်အားစုများကို အမှန်တကယ် ဖိနှိပ်နိုင်မည်လော။
ထို့ကြောင့် သူမက ပျာပျာသလဲ ရှင်းပြလိုက်၏။
"စီနီယာတို့...သူတို့က နန်ရှားနယ်မြေရဲ့အဓိကအင်အားစုတွေဖြစ်တဲ့ တိမ်တိုက်လေပြေတောင်ကြားနဲ့နှင်းလေအိမ်တော်တို့ရဲ့ တပည့်တွေပဲ...သူတို့ရဲ့ဂိုဏ်းအင်အားစုတွေမှာ သိုင်းဘိုးဘေးနယ်ပယ် အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိနေရုံတင်မကဘူး...သိုင်းအရှင်တွေလည်း ရှိနေတယ်...တကယ်လို့ ရှင်တို့ အခုထွက်မသွားသေးဘူးဆိုရင်...အဲ့ဒီထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေရောက်လာတာနဲ့ ရှင်တို့ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး"
Chapter 243
သူမ၏အသံ ကျရောက်သွားသောအချိန်မှာပင် အစွမ်းထက်သောအရှိန်အဝါများနှင့်ချဥ်းကပ်လာသော အလင်းတန်းများကို သူမ သတိပြုမိသွားသည်။
လီရီဟန်၏နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။
တိမ်တိုက်လေပြေတောင်ကြားနှင့်နှင်းလေအိမ်တော်မှလူများသည် အလွန်လျှင်မြန်စွာ ရောက်ရှိလာမည်ဟု သူမ မျှော်လင့်မထားမိချေ။
သူမအား ပို၍ထိတ်လန့်တုန်လှုပ်စေသောအချက်မှာ ဤအဓိကအင်အားစုနှစ်စုမှ ရောက်လာသူများသည် သာမာန်ကျင့်ကြံသူများမဟုတ်ကြခြင်းပင်။
လက်ဝဲဘက်ခြမ်းတွင်...
နှင်းလေအိမ်တော်မှကျင့်ကြံသူများ ရှိနေသည်။
သူတို့အားဦးဆောင်လာသူမှာ နှင်းလေအိမ်တော်၏သခင်လေးချောင်ချန်းပင်။ ထို့ပြင် နှင်းလေအိမ်တော်၏အကြီးအကဲ သီဝူကျင်းလည်း ပါဝင်သည်။
လက်ယာဘက်ခြမ်းတွင်...
တိမ်တိုက်လေပြေတောင်ကြားမှ လူများရှိသည်။
သူတို့အားဦးဆောင်လာသူမှာ တိမ်တိုက်လေပြေတောင်ကြား၏သူတော်စင်မိန်းမပျို ယွင်ရှန်းချွယ်ပင်။ သူမနှင့်အတူ တိမ်တိုက်လေပြေတောင်ကြား၏အကြီးအကဲများဖြစ်သော ယန်မူနှင့်ယန်စန်းတို့ ရှိနေပေ၏။
လီရီဟန်၏မျက်နှာ ဖြူရော်သွားသည်။
ဤကဲ့သို့ ထင်ရှားကျော်ကြားသောလူများ ရောက်ရှိလာမည်ဟု သူမ မျှော်လင့်မထားမိချေ။
ချောင်ရှန်းနှင့်ယွင်ရှန်းချွယ်တို့ကို နန်ရှားနယ်မြေတခွင်လုံးလုံး၌ လူငယ်ပါရမီရှင်များဟု သတ်မှတ်ထားကြသည်။ သူတို့သည် လူအများ၏ရိုသေလေးစားမှုကို ခံရရုံသာမက သူတို့၏ပါရမီအရည်အချင်းသည် သာလွန်ထူးကဲကာ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည် သိုင်းဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။
သူတို့နှစ်ယောက်အပြင် သီဝူကျင်း ယန်မူနှင့်ယန်စန်းတို့သည် ပို၍ပင် နက်နဲသိမ်မွေ့ပေ၏။
သူတို့သုံးယောက်သည် သိုင်းအရှင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။
လီရီဟန်အတွက် ဤလူများသည် သာမာန်အခြေအနေမျိုးတွင် သူမ မော့ပင်မကြည့်ဝံ့သည့် ကြီးကျယ်ခမ်းနားသောတည်ရှိမှုကြီးများပင်။
ဤအင်အားစုဖွဲ့မှုသည် အလွယ်ပြောရလျှင် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
ထိုလူများ၏ရှေ့တွင် ကျူးရုံတို့လူစု ထွက်ပြေးလွတ်မြောက်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် သိုင်းဘုရင်တစ်ယောက်သာဖြစ်သော လီရီဟန်အနေဖြင့် အစွမ်းအစမဲ့သကဲ့သို့သာ ခံစားနေရသည်။ ကျူးရုံတို့လူစုသည် ဤအင်အားစုကြီးနှစ်စု၏ဝိုင်းရံထားမှုမှ ဘေးအန္တရာယ်ကင်းကင်းဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ပါစေဟု သူမ ဆုတောင်းနေမိသည်။
"တိမ်တိုက်လေပြေတောင်ကြားနဲ့နှင်းလေအိမ်တော်က ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ခုလောက်မြန်မြန်ကြီး ရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"အမှန်ပဲ...လူငယ်ပါရမီရှင်နှစ်ယောက်တင်မကဘူး...သိုင်းအရှင်နယ်ပယ်အကြီးအကဲသုံးယောက်လည်းပါတယ်"
"ဒီအင်အားစုဖွဲ့မှုက တကယ့်ကို တုန်လှုပ်ချောက်ချားစရာပဲ"
"ဟမ့်...အဲ့ဒီမောက်မာထောင်လွှားနေတဲ့ လူအိုကြီးတွေ ဘာဆက်လုပ်မလဲဆိုတာ ငါ သိချင်မိတယ်"
"သူတို့က ထိတ်လန့်ကြောက်ရွံပြီးတော့ ဒူးထောက်တောင်းပန်ကြလိမ့်မယ်"
လက်ရှိနေရာတွင်ရှိနေသူများသည် စတင်၍တိုင်ပင်ဆွေးနွေးကာ မှတ်ချက်ပြုနေကြသည်။
ဤအချိန်အခိုက်အတန့်တွင် ချန်းယုသည် ပွန်းပဲ့ပြီးယောင်ကိုင်းနေသော သူ၏ပါးကိုကိုင်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
"ခွေးအိုကြီးတစ်သိုက်...တိမ်တိုက်လေပြေတောင်ကြားနဲ့နှင်းလေအိမ်တော်က ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ရောက်လာပြီ...ခဏနေကျရင် မင်းတို့ဒူးထောက်ပြီးတော့ မင်းတို့ရဲ့အဖေ အမေတွေကိုတပြီး ငိုရလိမ့်မယ်"
ချန်းယုက အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်၏။
အဝေးမှပျံသန်းလာသော ယွင်ရှန်းချွယ်နှင့်ချောင်ရှန်းတို့သည် အခင်းဖြစ်ပွားရာနေရာကို စူးစမ်းလေ့လာပြီးနောက် သူတို့၏အင်အားစုများမှတပည့်များ ဒဏ်ရာရရှိထားသည်ကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာများပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်သွားတော့သည်။
နန်ရှားနယ်မြေအတွင်းရှိ သူတို့၏အင်အားစုကြီးနှစ်စုမှတပည့်များကို လက်ပါဝံ့သောလူများသည် အလွန်အတင့်ရဲပုံရပေ၏။
"ယွင်ရှန်းချွယ်...အဲ့ဒီလူတွေက ငါတို့အင်အားစုနှစ်စုရဲ့တပည့်တွေကို တိုက်ခိုက်ဝံ့တာကိုကြည့်ရင် တော်တော်လေး သန်မာအားကောင်းပုံပဲ"
ချောင်ရှန်းက ယွင်ရှန်းချွယ်ထံသို့ အသံပေးပို့လိုက်သည်။
"အမှန်ပဲ"
ယွင်ရှန်းချွယ်ကလည်း သူမ၏အသံကို တုံ့ပြန်ပေးပို့လေ၏။
"ကြည့်ရတာတော့ ဒီတစ်ကြိမ်မှာ ငါတို့တွေ အတူပူးပေါင်းပြီးတော့ လှုပ်ရှားရမယ်ထင်တယ်"
"ကောင်းပြီလေ"
ချောင်ရှန်းက အံ့တင်းတင်းကြိတ်ကာ သူ၏အသံကို ထပ်မံ၍ပေးပို့လေသည်။
"တကယ်လို့ ငါတို့က အဲ့ဒီလူတွေကို ခုလောက်ထိများပြားတဲ့လူတွေရှေ့မှာ သူတို့ရဲ့တသက်လုံး မမေ့နိုင်လောက်တဲ့အထိ ပြင်းထန်တဲ့သင်ခန်းစာမျိုး မပေးဘူးဆိုရင်...တခြားဂိုဏ်းအင်အားစုတွေက ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကို အထင်သေးသွားလိမ့်မယ်...ဒါကြောင့် ငါတို့က သူတို့ကို အရမ်းကြီးမားတဲ့ခွန်အားအရှိန်အဟုန်နဲ့ တိုက်ခိုက်ပြီးတော့ သူတို့ ပြန်ထမလာနိုင်အောင်လုပ်ရမယ်"
"အင်း..."
ယွင်ရှန်းချွယ်က ခေါင်းတစ်ချက်ညိတ်ပြပြီး သဘောတူညီလိုက်ကာ သူမ၏နောက်ရှိ အကြီးအကဲနှစ်ယောက်ကို ညွှန်ကြားလိုက်သည်။
"အကြီးအကဲနှစ်ယောက်က ကျွန်မနဲ့အတူပူးပေါင်းပြီး လှုပ်ရှားပေးဖို့ ကျွန်မ တောင်းဆိုပါရစေ"
ယန်မူနှင့်ယန်စန်းတို့သည် ခေါင်းညိတ်လိုက်ကြ၏။
ရုတ်ချည်းဆိုသလိုပင် ထိပ်သီးဂိုဏ်းနှစ်ဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူများသည် မိုးကောင်းကင်ယံအတွင်း၌ သူတို့၏တိုက်ခိုက်ခြင်းအရှိန်အဟုန်များကို ပေါင်းစည်းလိုက်ကြသည်။
မိုးကောင်းကင်ယံတခွင်လုံးကို ထူထပ်သိပ်သည်းသော စွမ်းအားလှိုင်းများ လွှမ်းခြုံသွားသည်။
သူတို့၏တိုက်ခိုက်မှုများမှ ဖိအားအရှိန်အဝါအောက်တွင် မြေပြင်ကြီးတုန်ခါသွားကာ အားနည်းသူတချို့သည် ဒူးထောက်ရက်သားလဲကျသွားတော့မည့်အလား ခံစားလိုက်ရသည်။
"ဒါက ပြီးသွားပြီ"
မိုးကောင်းကင်ယံအတွင်းရှိ ကြီးမားသော စွမ်းအားလှုပ်ခတ်မှုများကို ခံစားမိသော လီရီဟန်သည် သူမ၏ကျင့်ကြံဆင့်ဖြင့် သူမ၏ကိုယ်နေဟန်ထားကို ရုန်းကန်၍ထိန်းသိမ်းနေရသဖြင့် သူမ၏မျက်နှာ ဖြူဖျော့နေသည်။ သူမ၏စိတ်နှလုံးသားအတွင်း၌ ကျူးရုံတို့လူစု ဘေးကင်းလုံခြုံစေရန် ဆုတောင်းနေမိလေ၏။
ဤသည်မှာ အစွမ်းထက်ကျင့်ကြံသူများ၏ပူးပေါင်းတိုက်ခိုက်မှုစွမ်းအားပင်။
သူမတို့၏အင်အားစုနှစ်စုမှ တပည့်များကို ဒဏ်ရာရရှိအောင်လုပ်ခဲ့သော ရန်သူများသည် တုံ့ပြန်တိုက်ခိုက်ရန် အခွင့်အရေးရမည်မဟုတ်ချေ။
ဤသည်မှာ ယွင်ရှန်းချယ်၏အတွေးပင်။
သူမတို့၏ပူးပေါင်းတိုက်ခိုက်မှုများသည် တဖြည်းဖြည်း ထိုလူများနှင့်နီးကပ်သွားလေပြီ။
ရုတ်တရက်...
အမ်...
ဒီလူတွေရဲ့ပုံပန်းသွင်ပြင်.....
ကြည့်ရသည်မှာ...
သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် စကားတစ်ခွန်းမျှမဆိုဘဲ ချာခနဲနောက်ပြန်လှည့်ကာ ထွက်ပြေးခဲ့တော့သည်။
"အမ်..."
"တိမ်တိုက်လေပြေတောင်ကြားကလူတွေ ဘာဖြစ်သွားတာလဲ"
ချောင်ရှန်းသည် ယွင်ရှန်းချွယ်တို့လူစု ရုတ်တရက် လမ်းကြောင်းပြောင်းသွားသည်ကိုမြင်တွေ့ချိန်၌ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
သို့ရာတွင် ဤသည်မှာ ကိစ္စမရှိချေ။
ယွင်ရှန်းချွယ်တို့လူစု မည်သို့ဖြစ်သွားသည်ကို သူ မသိရှိသော်လည်း သူနှင့်အကြီးအကဲသီဝူကျင်းတို့၏စွမ်းအားများဖြင့် ဤလူအနည်းငယ်ကို လှဲသိပ်နိုင်မည်ဟု ချောင်ရှန်းက ယုံကြည်ထားသည်။
ခဏလေး....
သူတို့က.....
ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်ဝိညာဥ် တုန်ရီသွားကာ သူ၏နှလုံး ကဆုန်စိုင်းခုန်ပေါက်သွားသည်။
သူက ကျယ်လောင်စွာ ဆဲဆိုလိုက်၏။
"သောက်ချေးပဲ..ယွင်ရှန်းချွယ်...မင်း ငါ့ကို စောစောသတိပေးသင့်တယ်"
အော်ဟစ်ညည်းတွားရင်း ချောင်ရှန်းနှင့်သီဝူကျင်းတို့သည် အလျှင်အမြန်နောက်ပြန်လှည့်ကာ ထွက်ပြေးခဲ့တော့သည်။
"ဟား ဟား ဟား..."
"သောက်ရူးလူအိုကြီးတွေ....တိမ်တိုက်လေပြေတောင်ကြားနဲ့နှင်းလေအိမ်တော်တို့ရဲ့ဒေါသကို တောင့်ခံဖို့သာ ပြင်ထားကြတော့"
ချန်းယုက ကျူးယုံတို့လူစုကိုကြည့်ကာ သရော်တော်တော်လေသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
တခြားသူများသူလည်း လှောင်ပြော်သရော်နေကြကာ ဤလူအိုကြီးတစ်စု၏ကံကြမ္မာကို ကြိုတင်၍တွေးတောကြည့်နေကြသည်။
သို့ရာတွင်...
သူတို့အားလုံး မျှော်လင့်နေသော တိုက်ခိုက်မှုသည် ရောက်ရှိလာရန်အတွက် နှောင့်နှေးကြန့်ကြာနေကာ ပတ်ဝန်းကျင်ရှိ ဖိအားအရှိန်အဝါ ရုတ်တရက် လျော့ပါးသွားသည်။
မည်သို့ ဖြစ်ပျက်သွားသနည်း....
လူတိုင်းသည် ဇဝေဇဝါဖြစ်စွာနှင့် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏။
ပထမဆုံးအကြည့်တွင် မည်သည့်မူမမှန်မျိုးမျှ မတွေ့ရသော်လည်း ဂရုတစိုက်စစ်ဆေးကြည့်ချိန်တွင် အခြေအနေမှာ ထူးခြားနေသည်။
လွန်ခဲ့သောအချိန်အခိုက်အတန့်၌ အရှိန်အဟုန်အပြည့်ဖြင့် သူတို့၏တိုက်ခိုက်မှုများကို ဖြန့်ကျက်လာသော ချောင်ရှန်းတို့လူစုသည် ရုတ်တရက် လေထု၏အလယ်၌ နောက်သို့ပြန်လှည့်သွားကြသည်။ သူတို့ထံတွင် ထိတ်ထိတ်ပျာပျာပုံစံမျိုးရှိနေကာ သူတို့သည် လုံလောက်စွာလျှင်မြန်မှုမရှိမည်ကို စိုးရိမ်ထိတ်လန့်နေသည့်အလား သူတို့၏ခြေထောက်များကို လေထုအတွင်း၌ဆောင့်နင်းကာ ထွက်ပြေးနေကြလေ၏။
သူတို့၏ပုံပန်းသွင်ပြင်သည် ကြောင်တစ်ကောင်ကို မြင်တွေ့လိုက်ရသော ကြွက်များအလားပင်။
အထူးသဖြင့် ကြောက်စိတ်မွှန်နေသော ချောင်ရှန်းသည် သူ၏မှော်ရတနာဖြစ်သော လေယပ်တောင်ကိုပင် စွန့်ပစ်ခဲ့သဖြင့် မြေပြင်ပေါ်သို့ပြုတ်ကျလာသည်။
"ဘာတွေဖြစ်နေတာလဲ"
လူတိုင်းသည် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေကာ မည်သည့်ကိစ္စများဖြစ်ပျက်သွားသည်ကို လုံးလုံးလျားလျား မသိကြတော့ချေ။
သို့ရာတွင် ချောင်ရှန်းတို့လူစု ထိတ်လန့်ကြောက်ရွံနေစဥ်မှာပင် ပြင်းထန်သောအသံတစ်သံက သူတို့၏နားများအတွင်း၌ မြည်ဟီးလာသည်။
"မင်းတို့တွေက ဒီနေရာကိုရောက်လာပြီဆိုမှတော့...ဘာလို့ ထွက်သွားနေအုံးမှာလဲ"
ထိုအသံနှင့်အတူ အလွန်ကြီးမားသောအားလှိုင်းတစ်ရပ်သည် သူတို့ပေါ်သို့ သက်ရောက်လာကာ သူတို့အား မိုးကောင်းကင်ယံအတွင်းမှ ဆွဲချလိုက်၏။
ထိုလူတစ်စုသည် ရုပ်ပျက်ဆင်းပျက်အခြေအနေဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။
သူတို့ထံတွင် လွတ်လမ်းမရှိတော့သည်ကို သိရှိသွားသဖြင့် ချောင်ရှန်းသည် ပထမဆုံးအသိဝင်လာကာ ရုတ်ချည်းဆိုသလိုပင် မြေပြင်ပေါ်၌လူးလိမ့်ကာ ဒူးတစ်ဖက်ထောက်လိုက်သည်။
အားယူ၍ပြုံးထားသော အပြုံးတစ်ခုနှင့်အတူ ချောင်ရှန်းသည် သူ၏သွားဖြူဖြူများပေါ်လာသည်အထိ ရယ်ပြုံးကာ ပြောဆိုသည်။
"မင်္ဂလာပါ အရှင်ဝမ်"
"အော်...မင်းတို့ ကောင်စုတ်လေးတွေပါလား...ဘာကိစ္စရှိလို့လဲ...မင်းတို့က ဒီနေရာမှာ အိမ်တစ်လုံးဝယ်မလို့လား"
ထိုအချိန်မှာပင် ကျူးရုံသည် ရှေ့သို့တိုးလာကာ သူတို့အား အထက်စီးမှငုံကြည့်၍ အဓိပ္ပါယ်ပါသောလေသံဖြင့်ပြောဆိုသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ချောင်ရှန်း၏နှလုံးသား ထပ်မံ၍တုန်ရီသွားကာ သူသည် ကျုးရုံ၏ရင်ဘတ်မွှေးများကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားတော့သည်။
မည်သည်ကြောင့် ဤလူသည်လည်း ဤနေရာသို့ရောက်ရှိနေသနည်း....
"ဝက်သား....အရှင်ကျုး....."
မသိလိုက်မသိဘာသာဖြင့် ချောင်ရှန်း၏နောက်ထပ်ခြေထောက်တစ်ဖက် မြေပြင်ပေါ်သို့ တိတ်တဆိတ်ကျရောက်သွားသည်။ သူသည် မြေပြင်ပေါ်၌ဒူးထောက်ကာ သူ၏ခေါင်းကိုအနည်းငယ်တိမ်းစောင်း၍ ဖျစ်ညှစ်ပြုံးထားသောအပြုံးတစ်ခုနှင့် ပြောဆိုလိုက်၏။
"အရှင်ကျူး...နေကောင်းလား"
ချောင်ရှန်း၏နောက်တွင် ကပ်လျက်ရှိနေသော ယွင်ရှန်းချွယ်တို့လူစုသည်လည်း ဘုန်းခနဲမြည်သံများနှင့်အတူ မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြသည်။
Chapter 244
ဤအချိန်အခိုက်အတန့်တွင် ချောင်ရှန်း ယွင်ရှန်းချွယ်နှင့်တခြားလူများသည် ကြက်ကလေးများအလား မြေပြင်ပေါ်တွင်ဒူးထောက်နေကာ သူတို့၏ခေါင်းများကို မမော့ဝံ့သည့်အပြင် အသက်ပင်ကျယ်ကျယ်မရှုဝံ့ချေ။
မည်သို့ပင်ဆိုစေကာမူ....
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် အကြီးအကဲများ သို့မဟုတ် သူတော်စင်မိန်းမပျိုဖြစ်နေပါစေ သိုင်းဘိုးဘေးများ သို့မဟုတ် သိုင်းအရှင်များ ဖြစ်နေပါစေ သူတို့အကြားတွင် မည်သည့်ကွာခြားချက်မျှရှိမနေချေ။
"ဒါက...."
"ငါ မြင်နေရတာ အမှန်ရောဟုတ်ရဲ့လား"
"သခင်လေးချောင်ရှန်းနဲ့ မိန်းကလေးယွင်ရှန်းချွယ်တို့က သူတို့ရှေ့မှာ တကယ်ကြီးဒူးထောက်နေတာလား"
"ဒါတင်မကဘူး...ထိပ်သီးအင်အားစုနှစ်စုရဲ့အကြီးအကဲတွေဖြစ်တဲ့ သီဝူကျင်း..ယန်မူနဲ့ယန်စန်းတို့လည်း ဒူးထောက်နေကြတယ်"
"အမှန်ပဲ....ဒီနေရာမှာ လောကကြီးတခွင်လုံး ဘာတွေဖြစ်နေပြီလဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိလူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။
လူတိုင်းသည် မယုံကြည်နိုင်မှုကြောင့် သူတို့၏မျက်လုံးများကို ပွတ်သပ်နေကာ သူတို့၏အမြင်အာရုံများ မှားယွင်းနေမည်ကို စိုးရိမ်ထိတ်လန့်နေကြ၏။
ဤကဲ့သို့အလှည့်အပြောင်းမျိုးဖြစ်လာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
သံသယတစ်ခုက လူတိုင်း၏စိတ်နှလုံးသားများအတွင်း၌ တစ်ချိန်တည်းတွင် မြင့်တက်လာသည်။
ဤသာမာန်ဆန်ပုံရသော လူအိုကြီးခြောက်ယောက်သည် မည်သူများဖြစ်နေသနည်း...
သူတို့သည် ချောင်ရှန်းနှင့်ယွင်ရှန်းချွယ်ကဲ့သို့ အစွမ်းထက်သောသိုင်းဘိုးဘေးများကိုပင် သူတို့အားမြင်တွေ့သည်နှင့် ခုခံရန်အတွေးမျိုးမရှိတော့ဘဲ မြေပြင်ပေါ်၌ ဒူးထောက်နေစေရန် စွမ်းဆောင်နိုင်ခဲ့သည်။
ထို့ပြင် လီရီဟန်သည်...
သူမသည် သူမ၏အနီရောင်နုတ်ခမ်းများကို သူမ၏လက်နှစ်ဖက်ဖြင့်ဖုံးအုပ်ထားကာ သူမ၏လှပသောမျက်လုံးတစ်စုံဖြင့် လူအိုကြီးဝမ်တို့လူစုကို စူးစိုက်ကြည့်နေပြီး ကြက်သေသေနေသည်။
ဤအရာများအားလုံးသည် အစစ်အမှန်မဟုတ်သည့်အလား သူမ ခံစားနေရသည်။
သူတို့သည် သူမနှင့် ရက်ပေါင်းများစွာ အတူရှိနေခဲ့ကာ တောပုန်းဓားပြများနှင့်တွေ့ချိန်တွင် ငယ်သံပါအောင် အော်ဟစ်ငိုယိုနေကြသည့်လူများ ဟုတ်ပါသလော...
လီရီဟန်၏မျက်လုံးများအတွင်း၌ အဆင့်အတန်းမြင့်မားပြီး ကြီးချယ်ခမ်းနားသူများဖြစ်သည့် ယွင်ရှန်းချွယ်နှင့်ချောင်ရှန်းတို့သည် လူအိုကြီးဝမ်တို့လူစု၏ရှေ့၌ အသက်ပင်ပြင်းပြင်းမရှုဝံ့ဘဲ ဒူးထောက်နေကြသည်ကိုကြည့်ပြီး သူမ အသက်ပင်မရှုနိုင်တော့သကဲ့သို့ ခံစားမိသည်။
"မင်းတို့ခွေးသားလေးတွေ လေထဲမှာပျံသန်းဝံ့တဲ့သတ္တိမျိုး....မင်းတို့ကို ဘယ်သူက ပေးထားတာလဲ"
ဦးလေးဝမ်သည် ယွင်ရှန်းချွယ်တို့လူစုကို ငုံကြည့်ပြီး သူတို့၏ခေါင်းများကို သူ၏တောင်ဝှေးဖြင့် အလှည့်ကျရိုက်ပုတ်လိုက်၏။
သူတို့အားလုံးသည် နာကျင်မှုကြောင့် သူတို့၏ခေါင်းများကို ကိုင်လိုက်ကြသော်လည်း မကျေမနပ်မဖြစ်ဝံ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် "ကျွန်တော်တို့ မလုပ်ဝံ့ပါဘူး"ဟုသာ အဆက်မပြတ် အော်နေကြသည်။
"အော်...တော်တော်လေး လိမ်မာကြသားပဲ"
ကျူးရုံက သရော်တော်တော် ပြောဆိုသည်။
"ဒါပေမယ့် မင်းတို့အဓိကဂိုဏ်းကြီးတွေရဲ့ တပည့်တွေအားလုံးက တော်တော်လေးကို မောက်မာထောင်လွှားတယ်"
ကျူးရုံ၏စကားသံ ကျရောက်လာချိန်တွင် ချန်းယုနှင့်တခြားတပည့်များအားလုံး၏ မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။
မူလက အလွန်မောက်မာထောင်လွှားသော သူတို့သည် ချောင်ရှန်းတို့လူစု မြေပြင်ပေါ်၌ ဒူးထောက်နေသည်ကို မြင်တွေ့ချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူတို့အားလုံး သိရှိသွားလေပြီ။
သူတို့ မည်မျှပင် နုံအနေပါစေ သူတို့ရှေ့ရှိလူအိုကြီးများသည် လွန်ကဲစွာအစွမ်းထက်သည်ကို သူတို့သည်လည်း သိရှိပြီးဖြစ်သည်။ အနည်းဆုံးအနေဖြင့် တိမ်တိုက်လေပြေတောင်ကြားနှင့်နှင်းလေအိမ်တော်တို့ကဲ့သို့ အင်အားစုကြီးနှစ်စုပင်လျှင် သူတို့အား လွယ်လင့်တကူ ပြစ်မှားဝံ့ခြင်းမရှိချေ။
"ဘုန်း..."
ရုတ်ချည်းဆိုသလိုပင် ချန်းယုနှင့်သူ၏အပေါင်းအဖော်တပည့်များအားလုံးသည် မြေပြင်ပေါ်၌ အလျင်စလိုဒူးထောက်ကာ ခွင့်လွှတ်မှုရရှိရန်အတွက် အသနားခံတောင်းပန်လိုက်ကြ၏။
"စီနီယာတို့...ကျွန်တော်တို့ မှားသွားပါတယ်...ကျွန်တော်တို့ မှားပါတယ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ...."
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် ထိတ်လန့်ကြောက်ရွံမှုကြောင့် အော်ဟစ်ငိုယိုလုနီးပါးပင်။
"စီနီယာတို့....သူတို့က ဘာအပြစ်ကိုကျူးလွန်ခဲ့မိလဲလို့ ကျွန်မ မေးလို့ရမလား...."
ယွင်ရှန်းချွယ်က ခပ်ဖျော့ဖျော့လေသံဖြင့် မေးမြန်းသည်။
မည်သို့ပင်ဆိုစေကာမူ ချန်းယုတို့လူစုသည် သူတို့၏ဂိုဏ်းများမှ ပြုစုပျိုးထောင်ထားသော အရေးပါသည့်တပည့်များပင်။ အကယ်၍ သူတို့သည် အပြစ်ပေးခံရမည်ဆိုလျှင်ပင် အကြောင်းပြချက်တစ်ခုလိုအပ်သည်။
"ဟမ့်....ဘာလို့လဲဆိုရင် သူတို့ဆူဆူညံညံလုပ်တာကြောင့် ဆရာကြီးရဲ့အိပ်စက်မှုကို အနှောက်အယှက်ဖြစ်စေလို့ပဲ....ဒါကြောင့် ဆရာကြီးက အိပ်မောကျသွားပြီးမှ ပြန်နိုးလာခဲ့တယ်"
ဝူယုံဟုန်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ ဆက်လက်၍ပြောဆိုသည်။
"ဒါဆိုရင် အဲ့ဒီအကြောင်းပြချက်က လုံလောက်ရဲ့လား"
"ဘာ...."
"ဆရာကြီးရဲ့အိပ်စက်မှုကို အနှောက်အယှက်ဖြစ်စေခဲ့တာလား"
ထိုစကားကိုကြားချိန်တွင် ချောင်ရှန်းနှင့်ယွင်ရှန်းချွယ်တို့၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။
ဤကဲ့သို့ ကြီးမားသောအရှုပ်အထွေးကြီးကို ဖြစ်စေခဲ့သလော....
ဝူယုံဟုန်ပြောဆိုသော 'ဆရာကြီး'ဟူသည်မှာ မည်သူ့ကိုရည်ညွှန်းကြောင်း သူတို့ ကောင်းစွာနားလည်သဘောပေါက်ထားသည်။
ထိုပုဂ္ဂိုလ်၏မိုးတမျှမြင့်မားသောနည်းလမ်းများကို ပြန်တွေးမိချိန်တွင် သူတို့၏စိတ်များအတွင်း၌ လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။ ထို့ပြင် သူတို့၏အင်အားစုများမှတပည့်များသည် ထိုပုဂ္ဂိုလ်၏အိပ်စက်မှုကို အမှန်တကယ် အနှောက်အယှက်ပြုခဲ့သလော...
ထိုအကြောင်းကိုတွေးတောရင်း ယွင်ရှန်းချွယ်နှင့်ချောင်ရှန်းတို့သည် စကားတစ်ခွန်းမျှမဆိုဘဲ ဒေါသူပုန်ထကာ ချန်းယုတို့လူစုထံသို့ တဟုန်ထိုးပြေးသွားလေ၏။
"စီနီယာအမ...မင်း...."
ချန်းယုတို့လူစုက ထိတ်လန့်တကြားဖြင့် မော့ကြည့်လိုက်ကြသည်။
"ဆရာကြီးရဲ့အိပ်စက်မှုကိုတောင် အနှောက်အယှက်ပြုဝံ့တယ်...နင်တို့က သေသင့်တယ်"
ယွင်ရှန်းချွယ်က အေးစက်စက်လေသံဖြင့်အော်ငေါက်ကာ ချန်းယုကို ကြည့်လိုက်သည်။
"ဒီလိုခွင့်မလွှတ်နိုင်တဲ့အမှားကနေ....ဘယ်သူကမှ နင်တို့ကို မကယ်နိုင်တော့ဘူး"
ထိုစကားကိုပြောဆိုရင်း ယွင်ရှန်းချွယ်၏လက်ဝါးသည် ရုတ်တရက် ချန်းယု၏ဒန်တျန်ပေါ်သို့ ကျရောက်သွားလေ၏။
ခရက်....
ရုတ်ချည်းဆိုသလိုပင် ချန်းယုသည် ခွေးသေတစ်ကောင်အလား မြေပြင်ပေါ်၌ လဲလျောင်းနေကာ မသန်မစွမ်းဖြစ်သွားတော့သည်။
ချောင်ရှန်းသည်လည်း နှင်းလေအိမ်တော်မှ တပည့်ခေါင်းဆောင်၏ကျင့်ကြံဆင့်ကို အလျှင်အမြန်ဖျက်ဆီးလိုက်၏။
ထို့နောက် သူတို့နှစ်ယောက်သည် လူအိုကြီးများ၏ရှေ့သို့ အလျှင်အမြန်ပြန်သွားကာ ဒူးထောက်လိုက်ကြသည်။
"စီနီယာတို့ စိတ်ကျေနပ်မှုရှိပြီလားလို့ မေးပါရစေ"
ဦးလေးဝမ်တို့လူစုသည် စဥ်းစားတွေးတောနေသောအမူအယာများဖြင့် ယွင်ရှန်းချွယ်တို့လူစုကို ကြည့်လိုက်သည်။
အစပိုင်းတွင် သူတို့သည် ချန်းယုတို့လူစုကို ထွက်သွားရန်အတွက် အခွင့်အရေးတစ်ခုပေးခဲ့သော်လည်း တန်ဖိုးမထားခဲ့ကြချေ။ ထို့ကြောင့် ဦးလေးဝမ်တို့လူစုသည် သူတို့၏စိတ်နေစိတ်ထားဖြင့် ဤနေရာတွင်ရှိနေသူတိုင်းကိုသတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီးလေပြီ။
သို့ရာတွင် ယွင်ရှန်းချွယ် ချောင်ရှန်းနှင့်တခြားလူများ၏ ရိုးသားပြီးသိနားလည်မှုကိုမြင်ချိန်၌ သူတို့သည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်ကျမှသာ ယွင်ရှန်းချွယ်နှင့်ချောင်ရှန်းတို့သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။
သို့ရာတွင် ဤမြင်ကွင်းကြောင့် ယခုလက်ရှိနေရာတွင်ရှိနေသူများအားလုံး ထပ်မံ၍ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို့သည် ယွင်ရှန်းချွယ်တို့လူစုနှင့် ထိုလူအိုကြီးများအကြားရှိ စကားပြောဆိုနေမှုများကို မကြားရချေ။ သို့ရာတွင် အဓိကအင်အားစုကြီးနှစ်စုသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏ဂိုဏ်းများမှ ပင်မတပည့်များ၏ကျင့်ကြံဆင့်များကိုဖျက်ဆီးလိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့သည် ထိုလူအိုကြီးများကို အလွန်ကြောက်ရွံကြောင်း သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ မှန်းဆမိသည်။
အမှန်အားဖြင့် လီရီဟန်သည် ထိတ်လန့်တုန်လှုပ်နေဆုံးလူပင်။ သူမသည် ဦးလေးဝမ်တို့၏ခွန်အားကို ထပ်မံ၍လျှော့တွက်ခဲ့မိပြီဖြစ်ကြောင်း သူမ သိနားလည်သွားလေပြီ။
အဓိကဂိုဏ်းကြီးများကို ဤမျှထိခြိမ်းခြောက်ဟန့်တားနိုင်သဖြင့် သူမနှင့်တစ်လမ်းလုံး အတူခရီးသွားခဲ့သော သာမာန်လူများသည် နတ်ဘုရားဓားဂိုဏ်း၏ဂိုဏ်းချုပ်ယန်ထျန်းယုနှင့် တိမ်တိုက်လေပြေတောင်ကြားသခင် ယွင်ဟောင်ထျန်းတို့ကဲ့သို့ သိုင်းအရှင်နယ်ပယ်အထွတ်အထိပ်အဆင့်သို့ရောက်နေသူများ သို့မဟုတ် သူတော်စင်တစ်ဝက်အဆင့်ကျင့်ကြံသူများပင် ဖြစ်နေနိုင်သည်။
သို့ရာတွင် သူမ တွေးတောနေစဥ်မှာပင်....
ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပွားလာခဲ့သည်။
ဦးလေးဝမ်သည် သူ၏ခေါင်းကိုဆတ်ခနဲမော့ကာ အထက်ရှိမိုးကောင်းကင်ယံ၌ပျံသန်းနေသော လူရိပ်တချို့ကိုကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
"သောက်ချေးပဲ...အခုချက်ချင်း အဲ့ဒီနေရာမှာ ပျံသန်းနေတာကိုရပ်ပြီးတော့ အောက်ကိုဆင်းလာခဲ့စမ်း"
လူအုပ်ကြီး၏အံ့အားသင့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ဦးလေးဝမ်က ရုတ်တရက် သူ၏လက်တစ်ဖက်ကို မိုးကောင်းကင်ယံထံသို့ ဆန့်တန်းလိုက်သည်။ ထိုလက်ဝါးသည် ကြီးမားသောပုံရိပ်ယောင်ကြီးအသွင် ပြောင်းလဲသွားကာ တောင်ကြီးတစ်လုံးအလား လေထုအတွင်း၌ပျံသန်းနေသူတချို့ကို လွှမ်းခြုံသွားသည်။
"ဘုန်း...."
လေထုအတွင်း၌ပျံသန်းနေသူများသည် တုံ့ပြန်တိုက်ခိုက်ရန်ပင် အနည်းငယ်မျှ အခွင့်အရေးမရချေ။
မြင့်မားသောကောင်းကင်ယံမှနေ၍ သူတို့သည် အောက်သို့ရိုက်ချခြင်းခံရကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာသည်။
ဦးလေးဝမ်၏နည်းလမ်းကြောင့် လူတိုင်းထိတ်လန့်တုန်လှုပ်နေကြကာ ရုတ်တရက် သူတို့သည် အောက်သို့ရိုက်ချခြင်းခံလိုက်ရသော လူများ၏မျက်နှာများကို မှတ်မိသွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏အောက်မေးရိုးများ ပြုတ်ကျလုမတက်ပင်။
အထူးသဖြင့် လီရီဟန်သည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"သူတို့က....သူတို့က တကယ့်ကို....တကယ့်ကို...."
Chapter 245
"သူတို့က နတ်ဘုရားဓားဂိုဏ်းရဲ့ဂိုဏ်းချုပ်ယန်ထန်းယုနဲ လီမိသားစုခေါင်းဆောင် လီရှုဟွာတို့ပဲ"
"အလိုလေး..."
လူအုပ်ကြီးသည် လေအေးများရှိုက်သွင်းလိုက်ကြကာ သူတို့၏စိတ်များ မျောလွင့်သွားသည်။
ဤလူနှစ်ယောက်၏ကျင့်ကြံဆင့်သည် အားအကောင်းဆုံးမဟုတ်သည့်တိုင် နန်ရှားနယ်မြေအတွင်းရှိထိပ်သီးခေါင်းဆောင်များအကြားတွင် သေချာပေါက်ပါဝင်သည်။
သို့ရာတွင်....
သူတို့သည် လူအိုကြီးဝမ်၏သာမာန်ကာလျှံကာ ရိုက်ချခြင်းကို ခံလိုက်ရသလော...
အထူးသဖြင့် အစောပိုင်းကမှ လူအိုကြီးဝမ်တို့လူစုသည် ယန်ထန်းယုတို့ကဲ့သို့ ထိပ်သီးခေါင်းဆောင်များနှင့် အဆင့်တူတွင်ရှိနေနိုင်သည်ဟု ခန့်မှန်းခဲ့သော လီရီဟန်ပင်။
သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင်....
လူအိုဝမ်သည် မိုးကောင်းကင်ယံအတွင်းမှ ယန်ထန်းယုနှင့်လီရှုဟွာတို့ကို ရိုက်ချလိုက်လေပြီ။
ဤသည်မှာ ရိုးရှင်းစွာပြောရလျှင် သူမ၏မျက်နှာကို ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည့်အလားပင်။
ယနေ့တွင် သူမ ကြုံတွေ့ခဲ့ရသော အဆက်မပြတ်ထိတ်လန့်တုန်လှုပ်မှုလှိုင်းများကြောင့် အချိန်အတော်ကြာသည့်တိုင် သူမ တည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။
လူအိုကြီးဝမ်တို့လူစု၏နက်နဲသိမ်မွေ့သောစွမ်းအားကိုမူ သူမ၏နားလည်သဘောပေါက်နိုင်စွမ်းထက် ကျော်လွန်နေသဖြင့် သူမ ထပ်မံ၍မမှန်းဆဝံ့တော့ချေ။
အကြောင်းပြချက်မရှိဘဲ ရိုက်ချခံရမှုကြောင့် လီရှုဟွာနှင့်ယန်ထန်းယုတို့သည် အလွန်အမင်းဒေါသထွက်နေလေ၏။
သူတို့သည် ထိုလူအိုကြီးများ၏ပြိုင်ဘက် မဖြစ်နိုင်သော်လည်း မိသားစုခေါင်းဆောင်နှင့်ဂိုဏ်းချုပ်ဟူသော သူတို့၏နာမည်ဂုဏ်သတင်းကို သူတို့ ထိန်းသိမ်းထားဆဲပင်။
ရုတ်ချည်းဆိုသလိုပင် သူတို့နှစ်ယောက်သည် မျက်မှောင်ကြုတ်ကာ အသံထွက်၍ မေးမြန်းလိုက်ကြသည်။
"မင်းတို့က ဘယ်သူတွေ....."
သို့ရာတွင် သူတို့၏စကားအဆုံးမသတ်သေးမီမှာပင် ယွင်ရှန်းချွယ်နှင့်ချောင်ရှန်းတို့သည် သူတို့အား မျက်စပစ်၍ အချက်ပေးလေသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် အသံပေးပို့လိုက်ကြ၏။
"ဂိုဏ်းချုပ်တို့...မဆင်မခြင်မလုပ်ကြနဲ့...သူတို့က သိုင်းအင်ပါယာတွေပဲ"
"ဘာ..."
"သိုင်း..သိုင်း...သိုင်းအင်ပါယာတွေလား"
ယွင်ရှန်းချွယ်တို့ပေါ့ပေါ့ပါးပါးပြောလိုက်သော စကားများသည် သူတို့၏နားများအတွင်း၌ မိုးခြိမ်းသံတစ်သံအလားပင်။ သူတို့၏မျက်နှာများ နီမြန်းသွားကာ သူတို့၏မပြီးဆုံးသေးသော စကားများကို အတင်းအကျပ်ပြန်မျိုချလိုက်၏။
"ခုဏက မင်းတို့နှစ်ယောက် ဘာပြောလိုက်တာလဲ"
သို့ရာတွင် ကျူးရုံ၏အဓိပ္ပါယ်ပါသောအကြည့်က သူတို့ပေါ်သို့ ကျရောက်လာသည်။
ဤအကြည့်တစ်ချက်သည် သူတို့၏ဆံပင်များကို အဆုံးထိထောင်ထသွားစေခဲ့သည်။
"ငါတို့ပြောတာ...ငါတို့ပြောတာက...."
လီရှုဟွာ၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ရှိနေသည်။ သူသည် အနည်းငယ်ခန့် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားပြီးနောက် အတွေးတစ်ခုရရှိသွားကာ ပြောဆိုလိုက်သည်။
"ငါတို့ ပြောချင်တာက...ဒီလိုတုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတဲ့ မင်းတို့က ဘယ်သူတွေလဲ...ဒါက ငါတို့လို ဂျူနီယာတွေကို တကယ်ပဲရိုသေလေးစားစေခဲ့တယ်"
ထိုစကားကိုကြားချိန်တွင် ကျူးရုံသည် အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သော်လည်း ဤကိစ္စကို ထပ်မံ၍မေးမြန်းစုံစမ်းခြင်းမပြုတော့ချေ။
ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့နှစ်ယောက်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူတို့၏မျက်နှာများပေါ်တွင် စိတ်သက်သာရာရသွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
အဓိကဂိုဏ်းအင်အားစုများ၏ခေါင်းဆောင်များဖြစ်သော သူတို့ထံတွင် သာမာန်အားဖြင့် မောက်မာထောင်လွှားမှုများရှိသော်လည်း မည်သူမည်ဝါ၏ရှေ့သို့ ရောက်ရှိနေသည်ကို ထည့်သွင်းစဥ်းစားရန် လိုအပ်နေဆဲပင်။ အကယ်၍ သူတို့သည် သိုင်းအင်ပါယာများရှေ့တွင် မောက်မာထောင်လွှားမိပါက သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
အတိုချုပ်ပြောရလျှင် အကြွင်းမဲ့ခွန်အားနှင့်ရင်ဆိုင်ရချိန်၌ သူတို့၏မောက်မာဝံ့ကြွားမှုများနှင့်နာမည်ဂုဏ်သတင်းများသည် အရေးမပါတော့ချေ။
အခြေအနေနှင့်အချိန်အခါကို သိရှိသောလူသည်သာ ဥာဏ်ပညာရှိသူပင်။
တစ်ချိန်တည်းမှာပင် လက်ရှိနေရာတွင်ရှိနေသူများသည် အသက်ပင်ပြင်းပြင်းမရှုဝံ့ဘဲ အလွန်ရိုသေလေးစားသောအမူအယာများဖြင့် လူအိုကြီးဝမ်တို့လူစု၏ညွှန်ကြားချက်များကို စောင့်ဆိုင်းနေကြသည်။
အမှန်အားဖြင့် ယွင်ရှန်းချွယ်တို့လူစုမှလွဲ၍ လီရီဟန်အပါအဝင် တခြားသူများထံတွင် သံသယများ ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။
အလွန်နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်များရှိသည့် ဤစီနီယာများသည် မည်သူများဖြစ်သနည်း...
သူတို့သည် မည်သည့်နေရာမှနေ၍ နန်ရှားသို့ မည်သည်ကြောင့် ရုတ်တရက်ကြီး ရောက်ရှိလာသနည်း....
သို့သော် ထိုအချိန်မှာပင် ပြင်းထန်သောတုန်ခါသံများက ရုတ်တရက် မြေပြင်မှထွက်ပေါ်လာသည်။
ဘုန်း...ဘုန်း....ဘုန်း....
အလွန်ကျယ်လောင်သောအသံများနှင့်အတူ မြေပြင်အက်ကွဲသွားကာ သူတို့နောက်ရှိတောင်ကြီး ရုတ်တရက်ပြိုလဲစပြုလာသည်။
"ဘာတွေဖြစ်နေတာလဲ"
"ဘာလို့မြေပြင်က ရုတ်တရက်ကြီး တုန်ခါလာတာလဲ"
သူတို့အားလုံးသည် မြေပြင်တုန်ခါနေမှုကြောင့် ခြေချ၍မရတော့သဖြင့် လေထုအတွင်းသို့ ပျံသန်းလိုက်ကြ၏။
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်းတွင် လေထုအတွင်း၌ပျံသန်းနေသော ကျင့်ကြံသူများဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် သူတို့ အပေါ်စီးမှကြည့်လိုက်စဥ်တွင် အစောပိုင်းက သူတို့မတ်တတ်ရပ်နေသောမြေပြင် လုံးလုံးလျားလျား ပြိုကျသွားသည်ကို သူတို့မြင်တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါတစ်ရပ်က မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများအကြားမှ ထွက်ပေါ်လာသည်။
ဤအရှိန်အဝါသည် လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏စိတ်များကို လှုပ်ခတ်သွားစေကာ ထိတ်လန့်ကြောက်ရွံမှုများက သူတို့၏စိတ်နှလုံးသားများအတွင်းသို့ တိုးဝင်လာသည်။
"မြေအောက်မှာ ဘာရှိနေတာလဲ"
"အဲ့ဒါက ဘာလဲ"
လူတိုင်းသည် ထိုအက်ကွဲကြောင်းထံသို့ စူးစိုက်၍ကြည့်နေကာ သူတို့၏စိတ်လှုပ်ရှားနေသောအသံများ ထွက်ပေါ်လာပေ၏။ ကျူးရုံနှင့်လူအိုကြီးဝမ်တို့၏မျက်နှာအမူအယာများပင်လျှင် သိသိသာသာပျက်ယွင်းသွားသည်။
ထိုတုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါသည် တစထက်တစ ပို၍ပို၍ပြင်းထန်လာကာ.....
မိုးကောင်းကင်ယံအတွင်းရှိလေထု အေးခဲသွားပြီးနောက်....
ဝေါင်း....
နောက်ဆုံးတွင် မြေအောက်မှနေ၍ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် လူတိုင်း၏ထိတ်လန့်တုန်လှုပ်နေမှုအောက်တွင် ပေတစ်ထောင်ကျော်ခန့်ရှည်လျားသော ဧရာမမြွေကြီးတစ်ကောင်က မြေအောက်မှနေ၍ တိုးထွက်လာသည်။
သို့ရာတွင် လူတိုင်းသည် ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရချိန်တွင် မြွေတစ်ကောင်မဟုတ်ကြောင်း နားလည်သဘောပေါက်သွားပေ၏။
ဤသည်မှာ ဧရာမရေပေါ်နဂါးတစ်ကောင်ပင်။
သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးမှ ကြီးမားသောအရှိန်အဝါများထွက်ပေါ်နေကာ သူ၏ခန္ဓာကိုယ်ဘေးနှစ်ဖက်တွင် အတောင်ပံများပါရှိသည်။ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးကို ရစ်ခွေကာတွန့်လိမ်ပြီး လေအေးများကို ရူရှိုက်လိုက်သည်။
"အို...ဘုရားရေ...."
"ဘယ်လိုတောင် တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ နတ်ဆိုးမှော်သားရဲကြီးလဲ...အရမ်းကြောက်ဖို့ကောင်းတာပဲ"
"မြန်မြန်ပြေးကြတော့"
ထိုမြင်ကွင်းကိုကြည့်ပြီး ကျင့်ကြံသူအများစုသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံသွားပေ၏။ သူတို့၏သတ္တိများ ပျောက်ရှသွားကာ အဝေးသို့ထွက်ပြေးရန်အတွက် သူတို့၏စွမ်းအားများကို အသည်းအသန်နှိုးဆွလိုက်တော့သည်။
"ဟီး ဟီး...ငါ နှစ်တစ်သောင်းကျော်ကြာအောင် အိပ်မောကျသွားပြီးတော့ ပြန်နိုးလာတဲ့အချိန်မှာ အဆာပြေစားရအောင် ခုလောက်ထိလူသားကျင့်ကြံသူတွေ အများကြီးရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ရေပေါ်နဂါး၏ပါးစပ်မှ အသံနက်ကြီး ထွက်ပေါ်လာသည်။ သူ၏အေးစက်စက်မျက်လုံးတစ်စုံဖြင့် ထွက်ပြေးနေသော ကျင့်ကြံသူများကိုကြည့်ကာ သူ၏ဧရာမခန္ဓာကိုယ်ကြီးကို လှုပ်ယမ်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ထိုကျင့်ကြံသူများအားလုံးကို သူ၏ဝမ်းဗိုက်အတွင်းသို့ ဝါးမျိုပြီးလေပြီ။
သူ၏ကြီးမားသောသွားများအကြားမှ သွေးများယိုစီးကျနေသည်ကိုကြည့်ပြီး လူတိုင်း၏ဦးရေပြားများ ထုံကျင်သွားသည်။
လူများအားလုံးသည် သူတို့ရှေ့ရှိမြင်ကွင်းကို တုန်တုန်ရီရီဖြင့် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြပြီး ထွက်ပြေးလိုသောလူများပင်လျှင် ယခုချိန်၌ မလှုပ်ရှားဝံ့တော့ချေ။
လီရှုဟွာနှင့်ယန်ထန်းယုတို့၏မျက်နှာများပင်လျှင် ထိတ်လန့်ကြောက်ရွံမှုကြောင့် ဖြူရော်နေသည်။ အကြောင်းအရင်းမှာ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်နှင့်ပင် ဤရေပေါ်နဂါး၏ရှေ့၌ သူတို့ကိုယ်သူတို့ အစွမ်းအစမဲ့သကဲ့သို့ ခံစားနေရသောကြောင့်ပင်။
အမှုမဲ့အမှတ်မဲ့ဖြင့် လီရှုဟွာသည် ကျူးရုံတို့လူစုကိုကြည့်ကာ ရိုသေလေးစားစွာဖြင့် မေးမြန်းလိုက်၏။
"စီနီယာတို့...ဒီရေပေါ်နဂါးရဲ့ကျင့်ကြံဆင့်ကို မင်းတို့ သိလားဆိုတာ ငါ မေးပါရစေ"
ထိုစကားကိုကြားချိန်တွင် တခြားလူများ၏မျက်လုံးအကြည့်များသည်လည်း ဦးလေးဝမ်တို့လူစုထံ ကျရောက်လာသည်။ သူတို့သည်လည်း အဖြေကိုသိလိုသည်မှာ သိသာထင်ရှားလှ၏။
"နတ်ဆိုးအင်ပါယာ...."
ကျူးရုံက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ဟူး....
ဤစကားတစ်ခွန်းသည် ရေလှိုင်းအလွှာပေါင်းထောင်နှင့်ချီ၍ ရိုက်ခတ်လာသည့်အလားပင်။
ဤသည်မှာ နတ်ဆိုးအင်ပါယာတစ်ကောင်ဖြစ်နေမည်ဟု မည်သူကမျှ တွေးထင်ထားမိခြင်းမရှိချေ။
အို...ဘုရားရေ...
ဤကျင့်ကြံဆင့်နယ်ပယ်သည် သူတို့၏ဦးရေပြားများ ထုံကျင်သွားစေရန် လုံလောက်သည်။ လက်ရှိနေရာတွင်ရှိနေသော မည်သူတစ်ဦးတစ်ယောက်မျှ ဤကဲ့သို့အဆင့်မျိုးတွင်ရှိနေသော နတ်ဆိုးသားရဲတစ်ကောင်ကို မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
သို့ရာတွင်....
ဤရေပေါ်နဂါး၏စွမ်းအားသည် ကျူးရုံနှင့်လူအိုကြီးဝမ်တို့ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသော်လည်း သူတို့၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ကျူးရုံက လေသံနှိမ့်၍ပြောဆိုသည်။
"ခုဏက ဆရာကြီးပြောခဲ့တဲ့စကားကို ငါ အခု နားလည်သဘောပေါက်သွားပြီ....ခုကြည့်ကြည့်တော့မှ ဆရာကြီးက ဒါကိုကြိုသိနေခဲ့တာပဲ...သူက ဒီနေရာမှာ နတ်ဆိုးအင်ပါယာတစ်ကောင် ပုန်းအောင်းနေတာကို သိနေခဲ့တယ်"
"အတိအကျပဲ"
လူအိုကြီးဝမ်က လေးတွဲစွာဖြင့် ခေါင်းညိတ်ပြကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဆရာကြီးပြောတဲ့ 'လတ်ဆတ်တဲ့တောကောင်'ဆိုတာ ဒီနတ်ဆိုးအင်ပါယာကို ရည်ညွှန်းတာဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
ထိုသို့ပြောဆိုပြီးနောက် သူတို့၏မျက်နှာများပေါ်တွင် လေးစားကြည်ညိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့သည် ဆရာကြီး၏နောက်သို့လိုက်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်နေဆဲပင်။
နတ်ဆိုးအင်ပါယာတစ်ကောင်ကို စားရန်မှာ.....
ဤလောကကြီးတခွင်လုံး၌ ယခုကဲ့သို့ရူးချင့်စဖွယ်လုပ်ရပ်မျိုးကို ဆရာကြီးတစ်ယောက်တည်းကသာ စွမ်းဆောင်နိုင်ပေမည်။