အခန်း (၂၄၆-၂၅၀)
Vol. 17 Ch. 246-250
Chapter 246
"ကြည့်ရတာတော့ ငါတို့က မနက်ဖြန်နံနက်ကျရင် ဆရာကြီး မနက်စာစားဖို့ လှုပ်ရှားရတော့မယ့်ပုံပဲ"
ဦးလေးဝမ်က အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။
ထိုစကားကိုပြောဆိုရင်း ယခင်က သူ၏မှုန်ဝါးပြီး ပင်ပန်းနွမ်းနယ်ပုံရသည့် မျက်လုံးတစ်စုံမှ နေ၍ အလင်းတန်းများတောက်ပလာသည်။ ရုတ်တရက် သူ့ကိုကြည့်ရသည်မှာ တက်ကြွဖျတ်လတ်မှုများနှင့် ပြည့်နှက်သွားပုံရပြီး သူ၏မူလဘူတချီများထည့်သွင်းကာ နှိုးဆွလိုက်ခြင်းနှင့်အတူ သူ၏လက်အတွင်းရှိတောင်ဝှေးမှ တောက်ပသောအလင်းတန်းများ ဖြာထွက်လာပေ၏။
"ဟုတ်တာပေါ့"
ကျုးရုံကလည်း သဘောတူညီသည့်အနေဖြင့် တစ်ချက်အော်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မူလဘူတချီများ တလိမ့်လိမ့်ထွက်ပေါ်လာကာ သူ၏ထက်ရှသောသားသတ်ဓားကို ဆွဲထုတ်လိုက်၏။
ထိုသားသတ်ဓားထွက်ပေါ်လာချိန်တွင် အေးစက်စက်အလင်းတန်းများ ထွက်ပေါ်လာကာ သူ၏မူလဘူတချီများဖြင့် ရောယှက်သွားသည်။
"လူအိုကြီး...ငါ အရင်ဆုံးသွားမယ်...တကယ်လို့ အဲ့ဒီကောင်ကို ငါမရိုက်နိုင်ရင် မင်း ငါ့ကိုကူညီပေးပါ"
ကျူးရုံက ပြောဆိုသည်။ ထို့နောက် သူ၏ခြေထောက်၌စီးထားသော ရာဘာဖိနပ်ရှည်ကြီးဖြင့် မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းကာ ခုန်ပေါက်ပြီး ဧရာမရေပေါ်နဂါးကြီး၏ခေါင်းထက်သို့ ဖျတ်ခနဲရောက်ရှိသွားသည်။
"ငါ့ရဲ့ဓားကို စားစမ်း"
သူက အော်ငေါက်လိုက်သည်။ ထို့နောက်အေးစက်စက်အလင်းတန်းကိုသယ်ဆောင်ထားသော သူ၏လက်အတွင်းမှ သားသတ်ဓားကို အောက်သို့ခုတ်ပိုင်းလိုက်၏။
ထိုဓားချီသည် အောက်သို့ကျရောက်သွားသည်နှင့်အမျှ ကျန်းတစ်ထောင်ခန့်ရှည်လျားသောဓားချီအဖြစ် ပြောင်းလဲသွားကာ မိုးကောင်းကင်ယံတခွင်လုံး ဓားအလင်းတန်းများဖြင့် ပြည့်နှက်သွားတော့သည်။
ဘုန်း...
ကြက်သေသေပြီး လျှာစေးမိနေသော လူအုပ်ကြီး၏ရှေ့၌ ထိုဓားချီသည် ဧရာမရေပေါ်နဂါး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပေ၏။
ဒေါင်....
ထိတွေ့မိသော အချိန်အခိုက်အတန့်တွင် ဧရာမရေပေါ်နဂါးကြီး၏ခန္ဓာကိုယ်မှနေ၍ မီးပွားများဖြာထွက်လာသည်။ သူ၏စူးရှကျယ်လောင်သောအော်သံနှင့် အတူယှဥ်တွဲ၍ အလွန်ပြင်းထန်သောဓားချီသည် သူ၏ဧရာမခန္ဓာကိုယ်ကြီးကို နှစ်ခြမ်းကွဲထွက်သွားစေသည်။
ဘုန်း...ဘုန်း...
သူ၏ခန္ဓာကိုယ်နှစ်ခြမ်းသည် ကြီးမားသောတောင်ကြီးနှစ်လုံးအလား မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ကျန်းတစ်ထောင်ပတ်လည်အတွင်းရှိ မြေပြင်သည် ဖွာလန်ကျဲကာ ပြားချပ်သွားပေ၏။
ဖုန်မှုန့်များက လေထုအတွင်းသို့ တလိမ့်လိမ့်မြင့်တက်လာသည်။
"အရမ်းကြောက်ဖို့ကောင်းတာပဲ"
"သူက နတ်ဆိုးအင်ပါယာတစ်ကောင်ကို ဓားချက်တစ်ချက်တည်းနဲ့ နှစ်ခြမ်းခြမ်းလိုက်တာလား"
"သိုင်းအင်ပါယာနယ်ပယ် အစွမ်းထက်ကျင့်ကြံသူ....အဲ့ဒီလူက သိုင်းအင်ပါယာတစ်ယောက် ဖြစ်နေနိုင်တယ်"
ဤမြင်ကွင်းကြောင့် လက်ရှိနေရာတွင် ရှိနေသူများအားလုံး တုန်ရီသွားကာ လွှတ်ခနဲ အော်ဟစ်လိုက်ကြသည်။ ဤလူအိုကြီးများသည် ထိပ်သီးအင်အားစုကြီးနှစ်စုကို ထိတ်လန့်ကြောက်ရွံခြင်းမရှိသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ ယခုကြည့်ကြည့်တော့မှ သူတို့သည် သိုင်းအင်ပါယာများဖြစ်နေပေ၏။
ဤကဲ့သို့အဆင့်ရှိသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံး၌ အထွတ်အထိပ်အဆင့်၌ရပ်တည်နိုင်သည်။
လူအများသည် ယနေ့တွင် ဤကဲ့သို့တည်ရှိမှုကြီးတစ်ခုကို မျက်မြင်ကိုယ်တွေ့ကြုံရသော ကံကြမ္မာကောင်းကြီးမျိုး ရရှိခဲ့သောကြောင့် အလွန်အံ့အားသင့်တုန်လှုပ်နေမိသည်။ ကျူးရုံကိုကြည့်သော သူတို့၏မျက်လုံးများအတွင်းတွင် ချက်ချင်းဆိုသလိုပင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်သွားတော့သည်။
လီရှုဟွာနှင့်ယန်ထန်းယုတို့သည်လည်း အသက်ပြင်းပြင်း ရှိုက်လိုက်ကြ၏။ ထိုလူနှစ်ယောက်သည် သိုင်းအင်ပါယာများဖြစ်သည်ဟု ကြိုတင်သိရှိထားသဖြင့် သူတို့၏စိတ်ပိုင်းဆိုင်ရာများကို ပြင်ဆင်ထားနိုင်ခဲ့သည်။ သို့ရာတွင် သူတို့၏မျက်လုံးများရှေ့၌ ဖြစ်ပျက်သွားသော ကိစ္စများကိုကြည့်ပြီး သူတို့၏စိတ်များကို တည်ငြိမ်အောင် ထိန်းသိမ်းမထားနိုင်တော့ချေ။
သို့ရာတွင် ထိုအချိန်မှာပင် အစောပိုင်းက နှစ်ခြမ်းပိုင်းဖြတ်ခြင်း ခံထားရသော ရေပေါ်နဂါးသည် လေထုအတွင်းသို့ တဖန်ပြန်၍ ပျံသန်းသွားသည်။
ထို့ထက်ပို၍ မယုံကြည်နိုင်ဖွယ်ကောင်းသည်မှာ သူ၏ခန္ဓာကိုယ်နှစ်ခြမ်းသည် ပြန်ဆက်သွားပြီးနောက် ဒဏ်ရာများသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာကာ သူသည် တစိုးတစိမျှ ဒဏ်ရာမရရှိခဲ့ဖူးသည့်အလားပင်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ...ဒီကောင်က မရိုးရှင်းဘူး"
ကျူးရုံ၏မျက်လုံးများအတွင်းတွင် လေးနက်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားကာ သူက လူအိုကြီးဝမ်ကို အော်ခေါ်လိုက်၏။
"လူအိုကြီး..ကြည့်ရတာတော့ ငါက မင်းရဲ့အကူအညီကို လိုမယ့်ပုံပဲ"
ကျူးရုံ၏အသံ လွင့်ပြယသွားသည်နှင့် လူအိုကြီးဝမ်သည် သူ၏လက်အတွင်းမှတောင်ဝှေးနှင့်အတူ မိုးကောင်းကင်ယံအတွင်းသို့ ပျံတက်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင်....
သူ၏တောင်ဝှေးသည် ကျန်းတစ်ထောင်ခန့်ရှည်လျားသွားကာ ရေပေါ်နဂါး၏ခေါင်းပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
ဘုန်း...
ကျယ်လောင်သောပေါက်ကွဲသံကြီး မြည်ဟီးလာသည်။
အစောပိုင်းကမှ ပျံတက်လာသော ရေပေါ်နဂါးကြီး မြေပြင်ပေါ်သို့ တဖန်ပြန်၍ ပြုတ်ကျသွားလေပြီ။
"နောက်ထပ် သိုင်းအင်ပါယာတစ်ယောက်လား..."
ထိုမြင်ကွင်းကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
နံဘေးတစ်နေရာ၌ မတ်တတ်ရပ်နေသော လီရီဟန်၏မျက်နှာ သွေးဆုတ်ဖြူရော်နေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေသည်။ ဤလူအိုကြီးများသည် သူမ၏နားလည်သဘောပေါက်မှုများကို ထပ်ခါတလဲလဲ အဆက်မပြတ် ဆန်းသစ်နေစေခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ဧရာမရေပေါ်နဂါးကြီးသည် တဖန်ပြန်၍ ရုန်းထလာကာ သူ၏ခေါင်းကိုဖြည်းညှင်းစွာ မော့လိုက်၏။
"ကျွတ်...ကျွတ်...ဒီနေရာမှာ လူသားသိုင်းအင်ပါယာနှစ်ယောက်ကို တွေ့ရမယ်လို ငါ မျှော်လင့်မထားမိဘူး...ဘယ်လောက်တောင် ဝမ်းသာဖို့ကောင်းလိုက်လဲ"
ရေပေါ်နဂါးသည် လေထုအတွင်း၌ တဖန်ပြန်၍ရစ်ခွေကာ အထင်အမြင်သေးသော မထီမဲ့မြင်အကြည့်နှင့် ကျုံးရုံနှင့်လူအိုကြီးဝမ်တို့ကို ကြည့်လေသည်။
ရုတ်တရက်...
ရေပေါ်နဂါးသည် သူ၏ကြီးမားသောမေးရိုးကြီးကို ဖွင့်ဟပြီးနောက် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားများအဖြစ် သိပ်သည်းသွားကာ ရှေ့သို့ပျံ့လွင့်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ကျူးရုံနှင့်လူအိုကြီးဝမ်တို့၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။ သူတို့ ခုခံကာကွယ်ရန် အဆင့်သင့်မပြင်ဆင်ရသေးမီမှာပင် တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားလှိုင်းများက သူတို့ထံသို့ တလိမ့်လိမ့်တိုးဝင်လာသည်။
ဘုန်း....
မှိုပွင့်သဏ္ဍာန်တိမ်တိုက်တစ်ခုက မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာပေ၏။
ကျူးရုံနှင့်လူအိုကြီးဝမ်တို့သည် သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ သူတို့နှစ်ယောက်လုံး နောက်သို့လွင့်ထွက်သွားသည်။
"အမ်...မဆိုးပါဘူး...ငါ့ရဲ့တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိကြသားပဲ"
ရေပေါ်နဂါးက သရော်တော်တော်လေသံဖြင့် အေးစက်စက်ရယ်မောလိုက်သည်။
"ဒါက...."
"သိုင်းအင်ပါယာနှစ်ယောက်ကတောင် သူ့ကို အနိုင်မယူနိုင်ဘူးလား"
ကျူးရုံနှင့်လူအိုကြီးဝမ်တို့၏ ရှုံးနိမ့်သွားခြင်းနှင့်အတူ ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏ခန္ဓာကိုယ်များပေါ်တွင် အေးစက်စက်ချွေးစေးများ ယိုစီးကျနေသည်။ အကြောင်းအရင်းမှာ သူတို့နှစ်ယောက်သည် ဤနေရာတွင်ရှိနေသောလူများအားလုံး အသက်ရှင်သန်နိုင်ရန်အတွက် တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်နေသောကြောင့်ပင်။ သို့ရာတွင် ယခုလက်ရှိချိန်၌....
"မြန်မြန်....လူခွဲပြီး မြန်မြန်ပြေးကြတော့"
ထိတ်လန့်ကြောက်ရွံစိတ်များ ပို၍ကြီးထွားလာသည်နှင့်အမျှ တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်စွာအော်ဟစ်လိုက်၏။ ကြောက်စိတ်မွှန်နေသောလူအုပ်ကြီးသည် ယင်ကောင်များအလား အရပ်မျက်နှာအဘက်ဘက်သို့ တကွဲတပြားစီထွက်ပြေးကြတော့သည်။
သို့ရာတွင် သူတို့သည် တိုတောင်းသောအကွာအဝေးထိသာ ပျံသန်းနိုင်ခဲ့ပြီး မမြင်နိုင်သောအတားအဆီးတစ်ခုက သူတို့၏လမ်းကြောင်းများကို ပိတ်ဆို့ဟန့်တားထားသည်အား သူတို့သိရှိလိုက်ရသည်။
"ဘာလဲ...."
"ပိုင်နက်နယ်မြေလား..."
ထိုမြင်ကွင်းကိုကြည့်ပြီး ကျူးရုံနှင့်လူအိုကြီးဝမ်တို့၏မျက်နှာအမူအယာများ တဖန်ထပ်၍ ပျက်ယွင်းသွားသည်။ ဤဧရာမရေပေါ်နဂါးသည် ပိုင်နက်နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားမည်ဟု သူတို့တွေးထင်ထားမိခြင်းမရှိချေ။
သေရာမှပြန်ရှင်သန်လာနိုင်သော စွမ်းရည်ထက်ပို၍ ဤသည်မှာ သူတို့အတွက် ပို၍လေးနက်သောကိစ္စပင်။ မည်သို့ပင်ဆိုစေကာမူ သေရာမှပြန်ရှင်သန်လာခြင်းသည် စစ်မှန်သောပြန်လည်ရှင်သန်ခြင်းမျိုးမဟုတ်ဘဲ နတ်ဆိုးသားရဲများထံတွင်ရှိသော အထူးနည်းစနစ်တချို့သက်သက်ပင်။
သို့ရာတွင် ပိုင်နက်နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားခြင်းမှာမူ လုံးလုံးလျားလျား ကွဲပြားခြားနားသွားလေပြီ။
တခြားကျင့်ကြံဆင့်နယ်ပယ်များနှင့် နှိုင်းယှဥ်ပါက သိုင်းအင်ပါယာနယ်ပယ်သည် များစွာပို၍ရှုပ်ထွေးကာ အဆင့်ဆယ်ဆင့်အဖြစ် ပိုင်းခြားထားသည်။ အဆင့်တစ်ဆင့်စီတွင် လူတစ်ယောက်သည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ရလေ၏။ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုဖြတ်ကျော်ပြီးနောက် ထိုလူသည် အပြည့်အဝအသွင်ပြောင်းလဲသွားကာ ဘဝတစ်ခုပြန်လည်မွေးဖွားလာသည့်အလားပင်။
ထို့ကြောင့် သိုင်းအင်ပါယာနယ်ပယ်၏အဆင့်ကြီးဆယ်ဆင့်ကို ဆယ်ဘဝအင်ပါယာနယ်ပယ်ဟုခေါ်ဆိုသည်။ ဆယ်ဘဝအင်ပါယာနယ်ပယ်ကို ဖြတ်ကျော်ပြီးမှသာ ထာဝရအသက်ကို ရရှိနိုင်ပေမည်။
သိုင်းအင်ပါယာနယ်ပယ် ပထမအဆင့် သို့မဟုတ် နတ်ဆိုးအင်ပါယာနယ်ပယ် ပထမအဆင့်သည် အင်ပါယာနယ်ပယ်ကို ဝင်ရောက်ရုံသက်သက်ပင်။ ဤအဆင့် ကျင့်ကြံသူတစ်ယောက်၏ခွန်အားသည် သိုင်းသူတော်စင်တစ်ယောက်နှင့် နှိုင်းယှဥ်ပါက သိသိသာသာမြင့်တက်သွားသော်လည်း ကြီးကြီးမားမား သီးသန့်စွမ်းရည်မျိုးမရှိချေ။
သို့ရာတွင် သိုင်းအင်ပါယာနယ်ပယ် ဒုတိယအဆင့်ကိုရောက်ရှိပြီးနောက် သိုင်းအင်ပါယာတစ်ယောက်၏အစစ်အမှန်အားသာချက်များ စတင်၍ထွက်ပေါ်လာလေပြီ။
အသိသာဆုံးအချက်မှာ ပိုင်နက်နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်ခြင်းပင်။
ထိုအဆင့်ကျင့်ကြံသူတစ်ယောက်၏ပိုင်နက်နယ်မြေအတွင်းတွင် သူ၏လွှမ်းမိုးချုပ်ကိုင်နိုင်မှုစွမ်းအားကို ကြီးမားစွာမြင့်တက်သွားစေနိုင်သဖြင့် ရန်သူ၏ခွန်အားကို အလွန်အမင်းလျော့နည်းသွားစေသည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
ထို့ပြင် လူအများအား ထွက်ခွာမသွားနိုင်စေရန် ပိတ်ဆို့ဟန့်တားထားသော အတားအဆီးသည် ရေပေါ်နဂါး၏ပိုင်နက်နယ်မြေမှ သက်ရောက်မှုဟူသည်မှာ သိသာထင်ရှားလှ၏။
ပိုင်နက်နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားခြင်းမှာ ဤဧရာမရေပေါ်နဂါးကြီးသည် နတ်ဆိုးအင်ပါယာနယ်ပယ် ဒုတိယအဆင့်တွင်ရှိနေသည်ဟု ဆိုလိုခြင်းပင်။ ကျူးရုံနှင့်လူအိုကြီးဝမ်တို့ကမူ သိုင်းအင်ပါယာနယ်ပယ် ပထမအဆင့်တွင်သာရှိနေသည်။
ဤသည်မှာ အဆင့်တစ်ဆင့်သာ ကွာဟပုံရသော်လည်း အမှန်အားဖြင့် ကမ္ဘာလောကတစ်ခုစာမျှ ကွဲပြားခြားနားသည်။
အကယ်၍ သူတို့အား ဆရာကြီးရီဖုန်းပေးထားသော လက်နက်များကြောင့်သာမဟုတ်ပါက သူတို့၏တိုက်ခိုက်မှုများသည် အများဆုံးအနေဖြင့် ရေပေါ်နဂါး၏ခုခံကာကွယ်မှုများကို ချိုးဖျက်နိုင်ရုံသာ ရှိပေလိမ့်မည်။
"ထားလိုက်တော့....ငါက မင်းတို့ကို မြန်မြန်ရှင်းထုတ်ပြီးတော့ ငါ စားသောက်ပွဲကြီးကျင်းပရမယ်"
"ဝေါင်း..."
ရေပေါ်နဂါးက ဟိန်းဟောက်က သူ၏ပါးစပ်အတွင်း၌ ကြီးမားသောစွမ်းအားများကို ထပ်မံ၍သိပ်သည်းကာ ပြင်းပြင်းထန်ထန် ပစ်လွှက်လိုက်သည်။
ဝှစ်....
စူးရှသောလေတိုးသံက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်နေကာ ကျူးရုံနှင့်လူအိုဝမ်တို့၏ခေါင်းများအထက်သို့ ချက်ချင်းရောက်ရှိလာသည်။
"တားဆီးစမ်း..."
သူတို့၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားကာ ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားရန် သူတို့အား ရီဖုန်းပေးထားသည့် လက်နက်များကို ကိုင်မြှောက်လိုက်ကြသည်။
ဘုန်း....
ကျယ်လောင်သောပေါက်ကွဲသံကြီး မြည်ဟီးလာကာ သူတို့သည် ထိုတိုက်ခိုက်မှုကို အန္တရာယ်များစွာဖြင့် ကာကွယ်ဟန့်တားနိုင်ခဲ့သည်ဆိုရုံမျှပင်။ သို့ရာတွင် သူတို့သည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်စဥ်မှာပင် ရေပေါ်နဂါး၏ပြန့်ကျဲသွားသောစွမ်းအားများသည် ချက်ချင်းပြန်လည်သိပ်သည်းသွားသည်ကို သူတို့ တွေ့မြင်မိလေ၏။
သူတို့နှစ်ယောက်ကိုဗဟိုပြု၍ လေဟာနယ်သည် ရေခဲအဖြစ်သို့ စတင်၍ကျစ်လစ်သိပ်သည်းလာသည်။
ခရက်....ခရက်...ခရက်..
ရေခဲများသည် လေထုအတွင်းမှ ပြန့်ကျဲလာကာ ကျူးရုံနှင့်လူအိုကြီးဝမ်တို့၏ခြေထောက်များပေါ်မှတဆင့် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့စပြုလာသည်။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူတို့နှစ်ယောက်သည် နေရာမှာပင် အေးစက်တောင့်တင်းသွားလေပြီ။
"ဒါက...."
ထိုမြင်ကွင်းကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသူများအားလုံး လိပ်ပြာလွင့်လုမတတ် ထိတ်လန့်တုန်လှုပ်သွားသည်။ ကြီးကျယ်ခမ်းနားသော သိုင်းအင်ပါယာနှစ်ယောက်သည် အမှန်တကယ်ကိုပင် ဤကဲသို့အေးခဲသွားခဲ့သလော။
လွတ်မြောက်ရန်နည်းလမ်းမရှိတော့သဖြင့် သူတို့သေဆုံးရမည်မှာ သေချာသွားပြီမဟုတ်လော...
"မင်းတို့ ဘယ်လိုရုန်းကန်မလဲဆိုတာ ငါ ကြည့်အုံးမယ်..သေကြစမ်း"
ဧရာမရေပေါ်နဂါးကြီးက အေးစက်တင်းမာစွာ အော်ငေါက်လိုက်သည်။ အေးစိမ့်စိမ့်လေလှိုင်းများ ဖြာထွက်နေသော ရေခဲလှံတစ်ချောင်းသည် သူ၏ပါးစပ်အတွင်း၌ တဖြည်းဖြည်းသိပ်သည်းသွားကာ ကျူးရုံနှင့်လူအိုကြီးဝမ်တို့ကို တန်းတန်းမတ်မတ် ချိန်ရွယ်ထားလေ၏။
သူတို့နှစ်ယောက်သည် တောင့်တင်းအေးခဲကာ လှုပ်ရှားနိုင်စွမ်းမရှိသော်လည်း သူတို့၏အသိစိတ်များရှိနေဆဲပင်။ ထိုရေခဲလှံကိုမြင်တွေ့ချိန်တွင် နောက်ဆုံး၌ သူတို့နှစ်ယောက်လုံး ထိတ်လန့်ကြောက်ရွံသွားကာ ထူထပ်သိပ်သည်းသော သေဆုံးခြင်းအငွေ့အသက်ကို အာရုံခံမိသည်။
တခြားကျင့်ကြံသူများ၏မျက်နှာများပေါ်တွင်လည်း စိတ်ပျက်လက်ပျက်အမူအယာများဖြင့် ပြည့်နှက်နေသည်။
အကြောင်းအရင်းမှာ ကျူးရုံနှင့်လူအိုကြီးဝမ်တို့သည် သူတို့၏အသက်များ ရှင်သန်နိုင်ရေးအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ပင်။ သို့ရာတွင် ယခုလက်ရှိချိန်၌....
သို့သော် ရေခဲလှံတံကြီး ပစ်လွှက်ခါနီး မျက်တောင်တစ်ခတ်စာခန့်သာ လိုတော့သောအချိန်တွင် မောက်မာထောင်လွှားသောအသံတစ်သံက မြေပြင်ပေါ်မှထွက်ပေါ်လာသည်။
"ဟိတ်...တွားသွားကောင်လေး...မင်းကို ခုလောက်ထိမောက်မာထောင်လွှားလို့ရတယ်လို့ ဘယ်သူက ပြောထားတာလဲ"
Chapter 247
"ဘယ်သူလဲ"
ထိုအသံသည် ဧရာမရေပေါ်နဂါးကြီးကို ချက်ချင်းဒေါသူပုန်ထသွားစေခဲ့သည်။
အထူးသဖြင့် ဤခေါ်ဆိုသုံးနှုန်းမှုပုံစံသည် သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာရှိ ကျွဲမြီးတိုစရာနေရာတချို့ကို ထိတွေ့မိခြင်းပင်။ ရေပေါ်နဂါးသည် သတ်ဖြတ်လိုစိတ်ပြင်းထန်စွာဖြင့် မြေပြင်ထံသို့ငုံကြည့်လိုက်စဥ်တွင် အေးစက်သောဧရာမဦးခေါင်းကြီးက အောက်သို့နိမ့်ဆင်းလာသည်။
တစ်ချိန်တည်းမှာပင် ဤှရုတ်တရက်ထွက်ပေါ်လာသောအသံသည် လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံး၏ စိတ်အာရုံကိုလည်း စွဲဆောင်နိုင်ခဲ့ကာ သူတို့ကလည်း လှမ်းကြည့်လိုက်ကြ၏။
ဤှသည်မှာ အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်ဖြစ်ပြီး မြေပြင်ပေါ်၌မတ်တတ်ရပ်ကာ သူ၏လက်များဖြင့်ခါးထောက်၍ သူ၏ရင်ကိုကော့ထားသည်။
"အဲ့ဒီကောင်က ဘယ်သူလဲ"
"အမှန်ပဲ...သူက နတ်ဆိုးအင်ပါယာတစ်ကောင်ကို ရန်စဝံ့တဲ့အထိ တော်တော်လေးအတင့်ရဲတာပဲ...သူက သေမှာကို မကြောက်ဘူးလား"
လူအုပ်အကြားမှနေ၍ တိုင်ပင်ဆွေးနွေးနေသံများ ထွက်ပေါ်လာသည်။ မည်သူကမျှ ဤအနက်ရောင်ဝတ်ရုံဝတ်လူကို မသိကြချေ။
သို့ရာတွင် လီရီဟန်သည် အကြည့်တစ်ချက်ဖြင့်ပင် ထိုလူကိုမှတ်မိပေ၏။
"ဒါက သူလား"
အစောပိုင်းက သူမ ယာယီစခန်းမှ ထွက်ခွာခဲ့စဥ်တွင် လရောင်အောက်၌ သူမကို ထိကပါးရိကပါးပြောဆိုခဲ့သော ပြောင်ချော်ချော်ကျင့်ကြံသူဖြစ်ကြောင်း သူမ တွေးတောမိသည်။
"မင်းက သေလမ်းရှာနေတာလား"
ဧရာမရေပေါ်နဂါးကြီးသည် သတ်ဖြတ်လိုစိတ်ပြင်းထန်စွာဖြင့် အနက်ရောင်ဝတ်စုံဝတ်လူကို စိုက်ကြည့်နေစဥ်တွင် သူ့ထံမှ အေးစက်စက်အသက်ရှုသံများ ထွက်ပေါ်နေသည်။
"ဟေး...တွားသွားကောင်လေး...မင်းက တော်တော်လေးဒေါသကြီးတဲ့ကောင်ပဲ"
လုပမ်ဝေသည် သူ၏လက်နှစ်ဖက်ကို တင်ပါးပေါ်ထောက်၍ အထင်အမြင်သေးစွာ ပြောဆိုသည်။
"မင်း...ငါက တွားသွားကောင်မဟုတ်ဘူး...ငါက ဂုဏ်ယူဝံ့ကြွားရတဲ့ ရေပေါ်နဂါးပဲ"
ဧရာမရေပေါ်နဂါးသည် အလွန်ဒေါသထွက်နေသဖြင့် သူ အော်ဟစ်ကြုံးဝါးလိုက်စဥ်တွင် သူ၏မျက်နှာ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။
"မဟုတ်ဘူး...မင်းက တွားသွားကောင်လေးတစ်ကောင်ပဲ"
လုပမ်ဝေက ဆက်လက်၍ ကဲ့ရဲ့ပြောဆိုသည်။
"မင်း...မင်း...သေစမ်း"
ဤအချိန်အခိုက်အတန့်တွင် ဧရာမရေပေါ်နဂါးကြီးထံတွင် အကန့်အသတ်မရှိသောဒေါသများဖြင့် ပြည့်နှက်နေပေ၏။ သူ၏ပါးစပ်အတွင်း၌ ရေခဲမြှားတစ်ချောင်း သိပ်သည်းသွားကာ ဦးတည်ချက်ပြောင်းလဲပြီး ချက်ချင်းဆိုသလိုပင် လုပမ်ဝေကို ချိပ်ပိတ်လိုက်သည်။
ဝှစ်....
ထိုရေခဲမြှား အောက်သို့ထိုးဆင်းလာစဥ်တွင် လေထုအားထွင်းဖောက်သွားသောအသံကြီး ထွက်ပေါ်လာသည်။
ထိုမြှား၏စွမ်းအားသည် အလွန်ကြီးမားသဖြင့် မိုးကောင်းကင်ယံအတွင်း၌ လေဟာနယ်အက်ကွဲကြောင်းများ ပွင့်ထွက်သွားစေကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုပမ်ဝေ၏ခေါင်းထံသို့ ရောက်ရှိလာသည်။
ဘုန်း...
သို့ရာတွင် ရုတ်တရက် ခါးထောက်ထားသော အနက်ရောင်ဝတ်စုံဝတ်လူသည် သူ၏လက်သီးကို မြှောက်လိုက်၏။ ဝုန်းခနဲအသံနှင့်အတူ ထိုရေခဲမြှားသည် အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးသွားတော့သည်။
"ဘာလဲဟ...."
ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်းသည် သူတို့၏အောက်မေးရိုးများ ပြုတ်ကျလုမတတ် ထိတ်လန့်တုန်လှုပ်သွားသည်။ ဤကဲ့သို့ မယုံကြည်နိုင်ဖွယ်စွမ်းအားနှင့် ပြင်းထန်သောတိုက်ခိုက်မှုကို အနက်ရောင်ဝတ်စုံဝတ်လူသည် သာမာန်ကာလျှံကာ လက်သီးတစ်ချက်ဖြင့် အမှန်တကယ်ကို ကြေမွှပျက်စီးသွားစေခဲ့သလော...
ဤသည်မှာ မည်ကဲ့သို့မှော်စွမ်းအားမျိုးဖြစ်သနည်း....
တစ်ခုသိထားရမည်မှာ ဤဧရာမရေပေါ်နဂါးသည် သိုင်းအင်ပါယာဖြစ်သော လူအိုကြီးဝမ်နှင့်ကျူးရုံတို့ပင် ဆန့်ကျင်ရန်အစွမ်းအစမဲ့နေခဲ့သော တည်ရှိမှုကြီးတစ်ခုပင်။
ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် မျှော်လင့်ချက်လင်းရောင်ခြည်အသစ်ကို တဖန်ပြန်၍ မြင်တွေ့လိုက်ရလေပြီ။
လီရီဟန်သည် ပို၍ပင်မွန်းကြပ်လာသကဲ့သို့ ခံစားမိသည်။
ဤပြောင်ချော်ချော်ကျင့်ကြံသူသည် အမှန်အားဖြင့် အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်နေသလော....
"တွားသွားကောင်လေး..မင်းရဲ့ခွန်အားက အရမ်းအားနည်းတာပဲ"
လုပမ်ဝေသည် မောက်မာဝံ့ကြွားစွာဖြင့် လေထုအတွင်းသို့ပျံသန်းကာ ဧရာမရေပေါ်နဂါးကြီးကို မတူမတန်အကြည့်ဖြင့်ကြည့်ကာ လက်ယပ်ခေါ်လိုက်၏။
ထို့နောက် လူအုပ်ကြီး၏ထိတ်လန့်တုန်လှုပ်နေသောအကြည့်အောက်တွင် လုပမ်ဝေက သူ၏လက်ချောင်းများကို ညင်သာစွာလှုပ်ခတ်လေသည်။
ရေခဲအကျဥ်းထောင်ကြီး ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားသည်။
ကျူးရုံနှင့်လူအိုကြီးတို့သည် အလွန်ပျော်ရွှင်သွားကာ ရိုသေလေးစားစွာဖြင့် သူတို့၏ခေါင်းများကို အောက်သို့ အလျှင်အမြန်ငုံလိုက်ကြ၏။
"အရှင်အရိုးစုကို အရိုအသေပြုပါတယ်"
"သွားကြ...မင်းတို့လုပ်စရာရှိတာတွေကို သွားလုပ်ကြတော့"
လုပမ်ဝေသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် သူ၏မျက်လုံးအကြည့်သည် ဧရာမရေပေါ်နဂါးကြီးထံသို့ ကျရောက်သွားသည်။
"တွားသွားကောင်လေး...ဒီနေ့ည ငါ့ရဲ့စိတ်အခြေအနေ မကောင်းဘူး...ဒါကြောင့် ငါ့စွမ်းအားရဲ့ အပုံးသန်းတစ်ရာပုံရင်တစ်ပုံလောက်ကို အသုံးပြုပြီးတော့ မင်းနဲ့ကစားဖို့ ငါရည်ရွယ်ထားတယ်...မင်းက ငါ့ကို လုံလောက်အောင်ဖျော်ဖြေပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်"
ထိုစကားနှင့်အတူ လုပမ်ဝေသည် မောက်မာဝံ့ကြွားစွာဖြင့် ရေပေါ်နဂါးကြီးကိုကြည့်၍ သူ၏လက်ညှိုးကိုကွေးပြလိုက်သည်။
"ဟော...."
"ဟောဟဲ..."
ဧရာမရေပေါ်နဂါးကြီးသည် ပြင်းထန်စွာဟောဟဲထိုးနေပြီး လုပမ်ဝေ၏ရန်စစော်ကားမှုကြောင့် သူ၏သွေးနီရောင်မျက်လုံးအတွင်းတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ကျယ်လောင်သောဟိန်းဟောက်သံတစ်သံနှင့်အတူ သူသည် လုပမ်ဝေပေါ်သို့ ခုန်အုပ်လိုက်သည်။
သို့ရာတွင် လုပမ်ဝေသည် ချက်ချင်းပျောက်ကွယ်သွားလေပြီ။
သူ ပြန်လည်ထွက်ပေါ်လာချိန်တွင် ဧရာမရေပေါ်နဂါးကြီးပေါ်သို့ ရောက်ရှိနေသည်။
"ဗြိ"ခနဲအသံနှင့်အတူ သူ၏တောင်ပံတစ်စုံသည် လုပမ်ဝေ၏ဆုတ်ဖြဲခြင်းကိုခံရကာ သွေးများက လေထုအတွင်းမှ ဖြာကျလာသည်။
"ဝေါင်း..."
ဧရာမရေပေါနဂါးကြီးသည် ကြီးမားသောနာကျင်မှုကြောင့် နှလုံးပဲ့ကြွေသည့်အလားအော်သံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
"မင်းအမေလင်မို့ အော်နေတာလား...မင်းအမေလင်မို့ အော်နေတာလား....မင်းအမေလင်မို့ အော်နေတာလား..."
သို့ရာတွင် မမျှော်လင့်ဘဲ လုပမ်ဝေသည် ဧရာမရေပေါ်နဂါးကြီး၏ခေါင်းထက်သို့ပျံသန်းကာ သူ၏နဖူးကို သုံးကြိမ်တိုင်တိုင်ပြင်းထန်စွာခေါက်လိုက်သည်။ ဧရာမရေပေါ်နဂါးကြီးသည် ပြင်းထန်သောနာကျင်မှုဖြင့် လွင့်ထွက်သွားသည်။
ဤမြင်ကွင်းကိုကြည့်ပြီး လူတိုင်းသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ပင့်သက်ရှိုက်လိုက်ကြသည်။
ဤသည်မှာ မည်သို့မျှ တိုက်ပွဲတစ်ပွဲမဟုတ်ချေ။ အလွယ်ပြောရလျှင် တစ်ဖက်သတ်ညှင်းပန်းနှိပ်စက်ခြင်းပင်။
လီရီဟန်သည် သူမ၏စိတ်ခံစားချက်များကို ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့ပေ။ သူမ၏စိတ်နှလုံးသား အလွန်အမင်းရှုပ်ထွေးနေကာ သူမ၏အူများပင် တွန့်လိမ်နေလေပြီ။
ဤပြောင်ချော်ချော်ကျင့်ကြံသူသည် အလွန်အစွမ်းထက်နေမည်ဟု သူမ တွေးထင်ထားမိခြင်းမရှိချေ။
"အဲ့ဒီလူတွေက ဘယ်သူတွေလဲ"
လီရီဟန်သည် လုပမ်ဝေ၏စွမ်းအားကို ငေးမောကြည့်နေမိကာ ကူကယ်ရာမဲ့စွာဖြင့် သိချင်နေမိသည်။ သူမ၏စိတ်နှလုံးသားအတွင်းတွင် ဝေခွဲရခက်မှုများနှင့် ပြည့်နှက်နေပေ၏။
အမှန်အားဖြင့် ဤဝေခွဲရခက်မှုသည် သူမထံတွင်သာမကဘဲ လက်ရှိနေရာတွင်ရှိနေသော လူအများစုထံတွင်ရှိနေသည်။
အကြောင်းအရင်းမှာ လုပမ်ဝေသည် လက်တစ်ဖက်တည်းဖြင့် ဧရာမရေပေါ်နဂါးကြီးကို ရိုက်နှက်နေသောကြောင့်ပင်။ လူတိုင်း၏မျက်နှာပေါ်ရှိ ထိတ်လန့်တုန်လှုပ်နေသောအရိပ်အယောင်များ ချက်ချင်းပြေလျော့သွားကာ သူတို့သည် ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်နေသော ပရိသတ်များဖြစ်လာသည်။
"အမ်..."
"မြေပြင်ပေါ်မှာအိပ်နေတဲ့လူတွေ ဘာလို့ရှိနေတာလဲ"
ထိုအချိန်မှာပင် မယုံကြည်နိုင်စွာအော်ဟစ်လိုက်သော အသံတစ်သံက လူအုပ်အကြားမှ ထွက်ပေါ်လာသည်။
ထိုစကားကြောင့် လူတိုင်းက ချက်ချင်းကြည့်လိုက်ကြသည်။
တိကျသေချာစွာပင်....
လုပမ်ဝေနှင့်ဧရာမရေပေါ်နဂါးအကြားရှိ ပြင်းထန်သောတိုက်ပွဲအောက်တွင် မီးတောက်များမှိန်ပျပျတောက်ပနေသည့် မီးပုံတစ်ပုံရှိနေသည်။ ထိုမီးပုံ၏နံဘေးတွင် အိပ်စက်နေသော လူနှစ်ယောက် ရှိနေပေ၏။
လူတစ်ယောက်သည် စောင်အတွင်း၌ကွေးကောက်နေကာ သူ၏မျက်နှာသွင်ပြင်ကို ခွဲခြား၍မရနိုင်ချေ။
ကျန်တစ်ယောက်သည် သူ၏ခေါင်းကိုနောက်လှန်ထားပြီး လက်နှစ်ဖက်ကို ခေါင်းနောက်၌ခုကာ သူ၏ခြေထောက်ကို တခြားခြေထောက်တစ်ဖက်ပေါ် တင်ထားပြီး ရံဖန်ရံခါ နှာခေါင်းတရှုံရှုံလုပ်နေသည်။
ဤှမြင်ကွင်းသည် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
"အိုး...ဘုရားရေ"
"သူတို့က ဒီနေရာမျိုးမှာတောင် အိပ်နေနိုင်တာ...အရမ်းကို အံ့အားသင့်ဖို့ကောင်းတဲ့လူတွေပဲ"
လူအများထံမှနေ၍ အံ့အားတသင့်ရေရွတ်လိုက်သံများ ထွက်ပေါ်လာသည်။
တစ်ခုသိထားရမည်မှာ သူတို့သည် ပြင်းထန်သောတိုက်ပွဲအောက်တည့်တည့်၌ အိပ်စက်နေခြင်းပင်။ လမ်းကြောင်းလွဲချော်လာသော မည်သည့်တိုက်ခိုက်မှုမဆို သူတို့၏အသက်ကို ချက်ချင်းနှုတ်ယူသွားနိုင်သည်။
သို့ရာတွင် ဤနေရာ၌ အိပ်မောကျနေသူနှစ်ယောက် အမှန်တကယ်ကို ရှိနေပေ၏။
သူတို့သည် မည်သည်ကြောင့် အလွန်သတ္တိကောင်းနေသနည်း....
"ကြည့်ရတာတော့..."
"ဒါက ဆရာကြီးမဟုတ်လား...."
ရုတ်တရက် ယွင်ရှန်းချွယ်နှင့်ချောင်ရှန်းတို့ အသိဝင်လာကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
Chapter 248
"ဆရာကြီးလား.."
"ဘယ်က ဆရာကြီးလဲ"
ဤအချိန်အခိုက်အတန့်တွင် လူတိုင်း အသိဝင်လာခြင်းမရှိချေ။
သို့ရာတွင် အချိန်တိုအတွင်းမှာပင် သူတို့အားလုံး ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။
"မင်းတို့ ပြောနေတဲ့ဆရာကြီးဆိုတာ...ဖြစ်နိုင်တာတော့ အဲ့ဒီပုဂ္ဂိုလ်များလား..."
လူတိုင်းသည် တင်းမာသောမျက်လုံးအကြည့်များဖြင့် ယွင်ရှင်းချွယ်ကို ကြည့်လိုက်ကြ၏။
ဤသည်မှာ မည်သည့်အရာကိုဆိုလိုသည်ကို သူတို့၏စိတ်နှလုံးသားများအတွင်းမှ သိရှိထားကြပြီး သူတို့အားလုံး ဤနေရာသို့ရောက်နေသည့် အကြောင်းအရင်းအများစုမှာလည်း ဤပုဂ္ဂိုလ်ကြောင့်ပင်။
ထို့ပြင် လီရီဟန်၏စိတ်နှလုံးသား ရုတ်တရက် တင်းကြပ်စပြုလာသည်။
"အမှန်ပဲ...ဒါက အဲ့ဒီဆရာကြီးပဲ"
ယွင်ရှန်းချွယ်နှင့်ချောင်ရှန်းတို့သည် တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကြကာ သူတို့၏မျက်လုံးများအတွင်းတွင် လေးစားကြည်ညိုမှုများ ရူးသွပ်စွဲလန်းမှုများနှင့် ပြည့်နှက်နေသည်။
"ဝိုး...."
သူတို့နှစ်ယောက်ထံမှ အတည်ပြုချက်ကို ရရှိချိန်တွင် ပတ်ဝန်းကျင်တဝိုက်လုံးမှနေ၍ အံ့အားတသင့်အော်ဟစ်သံများ ပွင့်အံ့ထွက်လာသည်။
အံ့အားသင့်ဖွယ် မရှိတော့ချေ။
ဤကဲ့သို့ အခြေအနေမျိုးအောက်တွင် ဤလူနှစ်ယောက်သည် သတ္တိကောင်းစွာဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
ယခုကြည့်ကြည့်တော့မှ သူသည် ပြိုင်ဘက်ကင်းဆရာကြီးပင်။
နောက်ဆုံးတွင် မြင့်မားသောအရည်အချင်းမျိုးရှိလာချိန်၌ ကြီးမားသောသတ္တိမျိုးရှိလာသည်ဟူသည်မှာ မည်သည့်အရာကိုဆိုလိုကြောင်း သူတို့နားလည်သဘောပေါက်သွားလေပြီ။
နောက်ဆုံး၌ သူတို့သည် တခြားကိစ္စများကိုလည်း နားလည်သဘောပေါက်သွားခဲ့သည်။
လုပမ်ဝေနှင့် ကျူးရုံတို့လူစုကဲ့သို့ အလွန်အစွမ်းထက်သောကျင့်ကြံသူများ သူတို့၏နန်ရှားနယ်မြေ၌ ရုတ်တရက်ထွက်ပေါ်လာရသော အကြောင်းအရင်းမှာ....
ယခုကြည့်ကြည့်တော့မှ...
ထိုလူများသည် ဤပြိုင်ဘက်ကင်းဆရာကြီးမှ ခေါ်ဆောင်လာသူများ ဖြစ်နေခဲ့သည်။
ဤအကြောင်းပြချက်ဖြင့် အရာအားလုံး အဓိပ္ပါယ်ရှိသွားလေပြီ။
အချိန်တခဏကြာပြီးနောက် လူတိုင်းသည် ရူးသွပ်စွဲလန်းမှုများ မျှော်လင့်စောင့်စားခြင်းများ ပြည့်နှက်နေသောအကြည့်ဖြင့် အိပ်စက်နေသောလူကို ကြည့်လိုက်ကြ၏။
သူ၏လက်အောက်ငယ်သားများသည် အလွန်သန်မာအားကောင်းကာ သူတို့သည် အင်ပါယာအဆင့်တိုက်ပွဲကိုပင် အနည်းငယ်မျှ ဂရုမစိုက်ကြသဖြင့် သူ၏ခွန်အားသည် မည်မျှထိတုန်လှုပ်ချောက်ချားဖွယ် ကောင်းနေမည်နည်း...
သို့ရာတွင် နံဘေးတစ်နေရာတွင်ရှိနေသော လီရီဟန်သည် ထိုသတင်းကိုကြားချိန်တွင် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ လေထုအတွင်း၌ သူမသည် နောက်သို့ခြေလှမ်းအနည်းငယ်ခန့် အလျှင်အမြန်ဆုတ်လိုက်မိသည်။ သူမ၏နောက်ရှိ တစ်စုံတစ်ယောက်နှင့် မတော်တဆဝင်တိုက်မိချိန်မှသာ သူမကိုယ်သူမ အနည်းငယ်တည်ငြိမ်သွားအောင် ထိန်းသိမ်းနိုင်ခဲ့သည်။
အကြောင်းအရင်းမှာ သူမအတွက် ဤသတင်း၏ရိုက်ခတ်မှုသည် တခြားသူများထက် များစွာပို၍ကြီးမားသောကြောင့်ပင်။
ပြောရမည်ဆိုလျှင် သူမနှင့်အတူ ရထားလုံးအတွင်း၌ထိုင်ကာ ရက်ပေါင်းများစွာကြာအောင် သူမနှင့်အတူ ရှိနေခဲ့သော လူငယ်လေးသည် ယခုကြည့်ကြည့်တော့မှ ကျင့်ကြံသူများ သူတို့၏ဒဏ္ဍာရီသဖွယ် ပြောဆိုနေကြသည့် ပြိုင်ဘက်ကင်းဆရာကြီး ဖြစ်နေသလော...
ထိုအကြောင်းအရင်းကိုတွေးတောရင်း လီရီဟန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
ဤသတင်းမှာ သူမ၏စိတ်ကို တုန်လှုပ်ချောက်ချားစေခဲ့သည်။
ဤှခရီးစဥ်အကြောင်းကို သူမ ပြန်တွေးမိချိန်တွင် အထူးသဖြင့် ရီဖုန်း၏ရှေ့တွင် နိမ့်ကျသောသိုင်းဘုရင်တစ်ယောက်ဖြစ်သည့် သူမသည် မောက်မာထောင်လွှားစွာဖြင့် အော်ငေါက်ကာ လောကကြီးအကြောင်းကိုပင် သင်ပြပေးခဲ့မိသည်။ သူမ၏ဦးရေပြား တင်းကြပ်လာသည်ကိုခံစားမိကာ သူမသည် အက်ကွဲကြောင်းတစ်ကြောင်းရှာဖွေ၍ ခုန်ဆင်းသွားနိုင်ရန်ကိုပင် ဆုတောင်းနေမိသည်။
တစ်ချိန်တည်းမှာပင် သူမ၏စိတ်အတွင်း၌ နက်ရှိုင်းသော အကြောက်တရားများနှင့်ပြည့်နှက်သွားကာ ဤအစွမ်းထက်ထိပ်သီးကျင့်ကြံသူများသည် နောက်ပိုင်းကျလျှင် သူမအား စာရင်းလာရှင်းလာရှင်းမည်ကို သူမ ထိတ်လန့်ကြောက်ရွံနေသည်။
သို့ရာတွင် လီရှုဟွာနှင့်ယန်ထန်းယုတို့သည်လည်း တခြားလူများထက်ပို၍ ထိတ်လန့်ကြောက်ရွံနေပေ၏။
အကြောင်းအရင်းမှာ ဤပြိုင်ဘက်ကင်းဆရာကြီးသည် မူတောင်ပရဝုဏ်အတွင်း၌ သူတို့တွေ့ခဲ့ရသောလူငယ်ဖြစ်နေသည်ကို သူတို့ အံ့အားသင့်ဖွယ် သိရှိလိုက်ရခြင်းကြောင့်ပင်။
ထို့ပြင် ဤအချိန်အခိုက်အတန့်တွင် ရေပေါ်နဂါးကြီးကို အမဲဖျက်နေသော အနက်ရောင်ဝတ်ရုံဝတ်လူသည်လည်း စုန်ကီ၏ကိုယ်ပွားကို ခြေထောက်တစ်ဖက်တည်းဖြင့်နင်းချေ၍ ဖျက်ဆီးခဲ့သူဖြစ်နေလေ၏။
"တွားသွားကောင်လေး မင်းက အရမ်းအားနည်းလွန်းတယ်...ဒီဆန်ကုန်မြေလေးကောင်က မင်းနဲ့ဆက်ပြီးကစားဖို့ စိတ်မဝင်စားတော့ဘူး"
မိုးကောင်းကင်ယံအတွင်း၌ လုပမ်ဝေသည် ဧရာမရေပေါ်နဂါးကြီး၏နဖူးကို သူ၏လက်ဝါးတစ်ဖက်ဖြင့် ရိုက်ပုတ်လိုက်သည်။
"အူး..."
မြေပြင်အက်ကွဲလုမတတ် အော်သံနက်ကြီးနှင့်အတူ ဧရာမရေပေါ်နဂါးကြီး၏ကြီးမားသောခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ပြုတ်ကျလာကာ သေဆုံးသွားခဲ့လေပြီ။
လူအများ ပို၍ထိတ်လန့်တုန်လှုပ်သွားသောအချက်မှာ ဤရိုက်ချက်နှင့်အတူ လုပမ်ဝေသည် ဧရာမရေပေါ်နဂါးကြီး မြေပြင်ပေါ်သို့ဆန့်ဆန့်ကြီးပြုတ်ကျလာချိန်တွင် မူလပုံစံဖြစ်သော နှစ်မီတာခန့်ရှည်လျားသည့် မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားစေခြင်းပင်။
ဤလှုပ်ရှားမှုမှာ အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေ၏။
ဤသို့ပြုလုပ်ရန် ထိုရိုက်ချက်ကျရောက်သွားချိန်တွင် ဧရာမရေပေါ်နဂါးကြီး၏နှစ်သိန်းချီ၍ ကျင့်ကြံလာာခဲ့မှုများအားလုံးကို သူ တိုက်ရိုက်ဖြိုခွဲလိုက်ခြင်းဖြစ်သည်။
ကိစ္စများသည်....
နောက်ဆုံး၌ အဆုံးသတ်သို့ ရောက်ရှိလာလေပြီ။
"စီနီယာကို မြန်မြန်သွားတွေ့ကြစို့..ငါတို့ကို အခွင့်အရေးတစ်ခုပေးဖို့ စီနီယာဆီမှာ တောင်းဆိုရမယ်"
"ဟား ဟား ဟား...အမှန်ပဲ...ငါက အဲ့ဒီပြိုင်ဘက်ကင်းဆရာကြီးကိုတွေ့ဖို့ မျှော်လင့်နေခဲ့တာ...ဒီအခွင့်အရေးက ငါ့အတွက်ပဲဖြစ်ရမယ်"
"တကယ်လို့ အဲ့စီနီယာက အခွင့်အရေးတွေမပေးဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ငါတို့က သူ့ကိုတွေ့ဖို့ မိုင်ထောင်နဲ့ချီပြီး ခရီးထွက်ခဲ့ကြတာ...တကယ်လို့ သူက ငါတို့ကို ဘာအခွင့်အရေးမှမပေးဘူးဆိုရင်...ဒါက အရမ်းမမျှတရာ ကျသွားလိမ့်မယ်"
"အမှန်ပဲ...မင်း ပြောတာမှန်တယ်...ဒီဆရာကြီးက အရမ်းအစွမ်းထက်တယ်...လူတိုင်းအတွက် အခွင့်အရေးတွေ ရလာနိုင်တယ်"
လူတိုင်း စိတ်အားထက်သန်စွာ ပြောဆိုနေကြသည်။
သူတို့သည် ရီဖုန်းရှိနေသောနေရာသို့ အလျှင်အမြန် အပြေးသွားလိုက်ကြ၏။
သို့ရာတွင် ထိုအချိန်မှာပင် ကျူးရုံတို့လူစုသည် အရှိန်အဝါများကိုထုတ်ဖော်၍ သူတို့အားဟန့်တားလိုက်ကြသဖြင့် သူတို့အားလုံး နောက်သို့လွင့်ထွက်သွားသည်။
ထို့နောက် အေးစက်စက်အသံတစ်သံက ဝူယုံဟုန်၏ပါးစပ်မှ ထွက်ပေါ်လာသည်။
"မင်းတို့က ဘာကောင်တွေလဲ...ဘယ်လိုသတ္တိမျိုးနဲ့ မင်းတို့က အခွင့်အရေးတွေတောင်းဆိုဖို့အတွက် ဆရာကြီး အိပ်စက်နေတာကို နှောက်ယှက်ဝံ့တာလဲ"
"စီနီယာ...ဒီလိုတော့ မပြောပါနဲ့...ဆရာကြီးက ကျွန်တော်တို့ရဲ့ နန်ရှားနယ်မြေကို ရောက်လာမှတော့...သူက လမ်းညွှန်မှုတချို့တော့ ပေးသင့်တယ်လေ"
"ဟုတ်တယ်...ဟုတ်တယ်...စီနီယာတို့က ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုကို လျစ်လျှူမရှုသင့်ဘူး"
Chapter 249
"ပါးစပ်ပိတ်ထားကြစမ်း"
ဤလူများ၏မျက်နှာထားများသည် သူတို့ထံတွင် ဆရာကြီးသည် တစ်စုံတစ်ခုကို အကြွေးတင်နေသည့်အလား ဖြစ်နေသည်ကိုကြည့်ပြီး ကျူးရုံ၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။
"မင်းတို့ ကိုယ့်ကိုယ်ကိုယ် အရမ်းအရေးပါတယ်လို့ထင်နေတဲ့ အတွေးမျိုး ဘယ်နေရာကနေ ရလာတာလဲ"
"ပြီးတော့ ဆရာကြီးက မင်းတို့လိုအမှိုက်ကောင်တွေ သူ့ကိုလာပြီးကြိုဆိုဖို့ ဘယ်အချိန်တုန်းက တောင်းဆိုခဲ့လို့လဲ"
"မင်းတို့က ဒီလိုကြိုဆိုဖို့တောင် တန်လို့လား"
သိုင်းအင်ပါယာတစ်ယောက်၏အရှိန်အဝါ ရုတ်တရက်ထွက်ပေါ်လာမှုနှင့်အတူ သူတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူတို့၏ပါးစပ်များကို ချက်ချင်းပိတ်လိုက်ကြ၏။
"ဒီနေ့ မင်းတို့ကောင်တွေကို ငါ နောက်တစ်ကြိမ် ထပ်ပြီးသတိပေးလိုက်မယ်"
ကျူးရုံ၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။
"ဒီလူကြီးမင်းက ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ပဲ...သူ့ရဲ့ကျင့်ကြံဆင့်က ရိုးရှင်းမှုကိုပြန်ရောက်တဲ့နယ်ပယ်ကို ရောက်နေပြီ...ဒါကြောင့် ဆရာကြီးက ကျင့်ကြံခြင်းကိစ္စတွေကို ထပ်ပြီးဂရုမစိုက်တော့ဘူး...သူ ဒီသေမျိုးလောကထဲကို ရောက်လာတာက သေမျိုးတွေရဲ့ဘဝအတွေ့အကြုံကို ခံစားရုံသက်သက်ပဲ"
"ဒါကြောင့် ဆရာကြီးရဲ့အမိန့်အရ...ဒီနေ့ကနေစပြီးတော့...ဘယ်ကျင့်ကြံသူ ဘယ်ဂိုဏ်း ဒါမှမဟုတ် ကျင့်ကြံခြင်းနဲ့ဆက်စပ်နေတဲ့ ဘာတစ်ခုကိုမှ ဆရာကြီးရဲ့မြင်ကွင်းရှေ့မှာ ထွက်ပေါ်လာတာကို ငါတို့က ခွင့်မပြုဘူး"
"ပြီးတော့ တကယ်လို့ တစ်ယောက်ယောက်က ဒီစည်းမျဥ်းကို ချိုးဖောက်ပြီးတော့ ဆရာကြီးရဲ့သေမျိုးလောကအတွေ့အကြုံယူနေမှုကို ဖျက်ဆီးမယ်ဆိုရင်....ဘယ်သူဘယ်ဝါပဲဖြစ်နေပါစေ...ငါတို့ခြောက်ယောက်ကိုယ်တိုင် လှုပ်ရှားပြီးတော့..."
"အဲ့ဒီလူတွေကို ဖျက်ဆီးပစ်မယ်...."
ထိုစကားကိုပြောဆိုရင်း ကျူးရုံသည် သူ၏လက်ဝါးကို ဝှေ့ယမ်းလိုက်၏။ ထို့နောက် အရှက်ကင်းမဲ့စွာဖြင့် အခွင့်အရေးကို တောင်းဆိုခဲ့ကြသော အစောပိုင်းက ကျင့်ကြံသူများအားလုံး၏ခန္ဓာကိုယ်များ ချက်ချင်းပေါက်ကွဲသွားကာ သွေးမိုးများ ဖြာကျလာတော့သည်။
"ထွက်သွားကြစမ်း"
ကျူးရုံက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တခြားလူများသည် အလွန်ထိတ်လန့်ကြောက်ရွံသွားကာ အခွင့်အရေးများ ထပ်မံ၍မတောင်းဆိုဝံ့တော့ဘဲ အလျှင်အမြန် နောက်သို့ဆုတ်လိုက်ကြသည်။
"မိန်းကလေးလီ"
လီရီဟန်သည် ထွက်ခွာခဲ့သည်မှာ မလှမ်းမကမ်းသာ ရောက်ရှိသေးသောအချိန်တွင် သူမ၏နောက်မှနေ၍ ဦးလေးဝမ်၏အသံ ထွက်ပေါ်လာသည်။
လီရီဟန်၏ခန္ဓာကိုယ် တုန်ရီသွားကာ သူမသည် မဝံ့မရဲဖြင့် စိတ်လှုပ်ရှားစွာ နောက်သို့ပြန်လှည့်ကြည့်လိုက်၏။
"မင်းက ရက်နည်းနည်းလောက်ထပ်ပြီး ငါတို့နဲ့အတူ အဖော်ပြုပေးမယ်လို့ မင်း ပြောခဲ့တယ်...တကယ်လို့ မင်း ရုတ်တရက်ကြီးထွက်သွားမယ်ဆိုရင်...ငါတို့က ဆရာကြီးကိုရှင်းပြဖို့ ခက်ခဲသွားလိမ့်မယ်"
ဦးလေးဝမ်က အပြုံးနှင့်ပြောဆိုသည်။
လီရီဟန်၏မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားကာ စိတ်ပျက်ညှိုးငယ်မှုများနှင့် ပြည့်နှက်နေသည်။ သူတို့သည် သရုပ်မှန်များ ထွက်ပေါ်လာပြီးနောက် သူမအား စာရင်းရှင်းကြတော့မည်လော။
ထိုအခြင်းအရာကိုကြည့်ပြီး လီရီဟန်က အပြုံးနှင့်ပြောဆိုသည်။
"မိန်းကလေးလီ...ဘာမှမစိုးရိမ်ပါနဲ့....ငါတို့နဲ့ဆရာကြီးက သာမာန်သေမျိုးတွေပါ...မင်းကို ဘာတစ်ခုမှ လုပ်မှာမဟုတ်ဘူး"
"သေမျိုးတွေ...."
ထိုစကားကိုကြားချိန်တွင် လီရီဟန်သည် စိတ်ရှုပ်ထွေးသွားသကဲ့သို့ ခံစားရသော်လည်း သူမ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်စိတ်သက်သာရရသွားသည်။ ထို့နောက် သူမသည် နာခံရို့ကျိုးစွာဖြင့် ဦးလေးဝမ်၏နောက်မှ လိုက်ခဲ့တော့သည်။
တစ်ညကုန်လွန်လာပြီးနောက်....
အနီရောင်နေမင်းကြီး ဖြည်းညှင်းစွာမြင့်တက်လာကာ နောက်ထပ်နေ့ကောင်းတစ်ရက်သို့ ရောက်ရှိလာလေပြီ။
ကျူးရုံတို့လူစုသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေကာ သူတို့၏မျက်လုံးများကိုဖွင့်၍ မြောက်ဘက်သို့ တစ်ချက်ကြည့်လိုက်ကြသည်။
ထိုနေရာတွင် ကျင့်ကြံသူအမြောက်အများ စုဝေးနေသော်လည်း သူတို့သည် မိုင်အနည်းငယ်ကွာဝေးသောနေရာတွင်သာရှိနေကာ ဤနေရာအနီးသို့ မချဥ်းကပ်ဝံ့ကြချေ။
ထိုကျင့်ကြံသူများသည် သူတို့အား ထပ်မံ၍ မနှောက်ယှက်ဝံ့တော့ပေ။
ထိုလူများသည် ဆရာကြီး၏ သေမျိုးဘဝအတွေ့အကြုံယူနေမှုကို အနှောက်အယှက်မပြုသရွေ့ သူတို့သည် ထိုလူများအား ဂရုစိုက်နေမည်မဟုတ်ချေ။
အနီးတွင်ရှိနေသော လီရီဟန်သည် ထိုလူများကို ဂရုတစိုက် စောင်းငဲ့၍ကြည့်လိုက်သည်။
ယမန်နေ့ညတစ်ညလုံးကို သူမသည် တုန်လှုပ်ချောက်ချားစွာဖြင့် ကုန်ဆုံးခဲ့ရသည်ဟု ဆိုနိုင်ပေ၏။
ထိုအချိန်မှာပင် ရစ်လိမ်နွယ်ပန်းတစ်ပွင့်ကိုကိုင်ထားသော လက်တစ်ဖက်က သူမရှေ့သို့ ထပ်မံ၍ရောက်ရှိလာသည်။
"အလှလေး...မင်း ငါနဲ့အတူအဖော်ပြုပြီးတော့ နေထွက်တာကိုကြည့်ဖို့ စိတ်ဝင်စားလား"
လုပမ်ဝေသည် လက်တစ်ဖက်၌ ရစ်လိမ်နွယ်ပန်းတစ်ပွင့်ကို ကိုင်ထားကာ တခြားလက်တစ်ဖက်ဖြင့် အနီးရှိသစ်ပင်တစ်ပင်ကို ထောက်ထားသည်။ သူ၏ညာဘက်ခြေထောက်ကို လွတ်လပ်ပေါ့ပါးသောအမူအယာဖြင့် မြေပြင်အား တို့ထိကစားနေကာ သူ၏အသံသည် နောက်ပြောင်ကျီစားနေသကဲ့သို့ပင်။
လီရီဟန်၏မျက်နှာအမူအယာသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် တုန်ရီသွားကာ သူမက ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
"စီ....စီနီယာ....ကျွန်မ မကြည့်ဝံ့ပါဘူး..ကျွန်မ...ကျွန်မက...ဘယ်လိုလုပ်ပြီးတော့ စီနီယာကို အဖော်ပြုပေးဖို့ ထိုက်တန်မှာလဲ...."
လီရီဟန်က ထိတ်ထိတ်ပျာဖြင့် ပြောဆိုသည်။
အကယ်၍ ယမန်နေ့ညမှမြင်ကွင်းကြောင့်သာမဟုတ်ပါက သူမသည် ဤလူအား ကြင်နာစွာဆက်ဆံမိမည်မဟုတ်သည်မှာ သေချာပေါက်ပင်။ သို့ရာတွင် ဤလူသည် အင်ပါယာအဆင့်ရေပေါ်နဂါးကို မူလပုံစံပြန်ရောက်သည်အထိ ရိုက်နှက်ခဲ့သည်ကို ပြန်မြင်ယောင်မိချိန်တွင် သူမသည် တည်ငြိမ်အေးဆေးသောမျက်နှာနှင့် သူ့အား ရင်မဆိုင်နိုင်တော့ချေ။
"ဘာမထိုက်တန်စရာ ရှိလို့လဲ...ဖြစ်နိုင်တာက ဒီသခင်လေးရဲ့ မနေ့ညက ကြီးကျယ်ခမ်းနားမှုတွေက မင်းရဲ့နှလုံးသားကို မသိမ်းပိုက်နိုင်သေးတာများလား"
လုပမ်ဝေသည် သူ၏ရင်ဘတ်ကိုဆန့်တားကာ မောက်မာဝံ့ကြွားစွာဖြင့် သူ၏ခေါင်းကိုမော့လိုက်၏။
"မဟုတ်ဘူး...အဲ့ဒီလိုမဟုတ်ပါဘူး"
လီရီဟန်က ထိတ်လန့်တကြားဖြင့် ရှင်းပြကာ မည်ကဲ့သို့ဆက်လုပ်ရမည်ကို သူမ မသိရှိတော့ချေ။
သို့ရာတွင် ထိုအချိန်မှာပင် ရုတ်တရက်ကန်ချက်တစ်ချက်က ပျံ့လွင့်လာကာ သူ့ကိုယ်သူလူရည်လည်သည်ဟု တွေးတောနေသော လုပမ်ဝေကို မြေပြင်ပေါ်သို့ဒလိမ့်ခေါက်ကွေးကျအောင် ကန်ကျောက်လေသည်။
"ခွေးကောင်..."
ဤသည်မှာ အစောပိုင်းကမှ နိုးထလာခဲ့သော ရီဖုန်းပင်။ ယခုချိန်ထိတိုင် အိပ်ချင်စိတ် အပြည့်အဝမပြယ်သေးသော ရီဖုန်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဒေါသကြောင့် သူ၏မျက်လုံးများ တောက်ပသွားသည်။
"မိန်းကလေးလီ...မင်း အဆင်ပြေရဲ့လား"
ရီဖုန်းက တောင်းပန်သောအမူအယာဖြင့် မေးမြန်းသည်။
"ကျွန်မ...ကျွန်မ...ကျွန်မ အဆင်ပြေပါတယ်"
လီရီဟန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် တုံပြန်ပြောဆိုသည်။
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
ကြည့်ကြစမ်း...ဤရုပ်ဆိုးသောအရိုးစုသည် သနားစဖွယ်မိန်းကလေးကို ခြောက်လှန့်ခဲ့လေ၏။ ထို့ကြောင့် သူမသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် အလွန်ထိတ်လန့်ကြောက်ရွံနေသည်။
ဒေါသတကြီးဖြင့် ရီဖုန်းသည် ကျောက်တုံးတစ်တုံးကိုကောက်ယူကာ လုပမ်ဝေ ခြေထောက်တစ်ဖက်သာ ထောက်၍ပြေးနိုင်တော့သည်အထိ လိုက်လံဖမ်းဆီးရိုက်နှက်ခဲ့သည်။ ထိုအချိန်ကျမှသာ ရီဖုန်းသည် ဒေါသတကြီးဖြင့် ယာယီစခန်းသို့ ပြန်လာခဲ့လေ၏။
"အမ်..."
"ဒီမြွေကြီးက...."
သူ ပြန်ရောက်ချိန်တွင် ရီဖုန်းသည် မြေပြင်ပေါ်ရှိ မြွေသေကြီးကို သတိပြုမိသွားကာ သူ၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
"ဟီး ဟီး...ဆရာကြီး....ဒါက မင်း မနေ့ညက ငါတို့ကိုအမိန့်ပေးထားတဲ့အတိုင်း မင်းအတွက် ရလာခဲ့တယ်"
ဦးလေးဝမ်က ရူးကြောင်ကြောင်အပြုံးနှင့် ပြောဆိုသည်။
"အရသာကောင်းမယ့်ပုံပဲ...ဒီနေရာမှာ တောကောင်ကောင်းလေးတွေ ရနိုင်တယ်လို့ ငါ ပြောခဲ့သားပဲ"
ရီဖုန်းသည် သူ၏အင်္ကျီလက်ကို ချက်ချင်းလိပ်တင်ကာ ထိုမြွေသေကိုစတင်၍ကိုင်တွယ်ရန်ပြင်ဆင်ကာ ပြောဆိုလိုက်၏။
"လွန်ခဲ့တဲ့ရက်အနည်းလောက်ကတည်းက ငါ့ရဲ့ပါးစပ်က အသားအရသာကို မေ့သွားလုနီးပါးပဲ...ဒီနေ့မနက်စာကို ငါ မြွေသားစွပ်ပြုတ်ချက်မယ်...မနက်စာကို ကောင်းကောင်းစားသင့်ပြီးတော့ နေ့လည်စာကိုဗိုက်ပြည့်အောင် ညစာကိုပေါ့ပေါ့ပါးပါးစားရမယ်ဆိုတဲ့စကားက အမှန်ပဲ"
အနီးရှိ....
လီရီဟန်၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားကာ သူမ၏အနီရောင်နုတ်ခမ်းများ ကူကယ်ရာမဲ့စွာဖြင့် ပွင့်ဟသွားသည်။
စားမယ်...
နတ်ဆိုးအင်ပါယာကို စားမည်...စားမည်ဟု ဆိုလိုက်သလော....
ဦးလေးဝမ်သည် ရူးကြောင်ကြောင်အပြုံးဖြင့် လျှောက်လှမ်းလာကာ သူမ၏ပခုံးကိုပုတ်ကာ ပြုံးဖြဲဖြဲနှင့်ပြောဆိုသည်။
"စိတ်အေးအေးထားပါ...မင်း ဒါကို ကျင့်သားရသွားလိမ့်မယ်"
ကျင့်သားရသွားမည်ဟု ဆိုသလော....
လီရီဟန်၏သွားများ အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီသွားသည်။
"ထင်းနည်းနည်းလောက်ရှာဖို့ ဘယ်သူသွားမလဲ"
ထိုအချိန်မှာပင် ရီဖုန်းက အော်ဟစ်ပြောဆိုသည်။
"ကျွန်မ သွားမယ်"
လီရီဟန်သည် ချက်ချင်းမတ်တတ်ထရပ်ကာ ပြောဆိုလိုက်သည်။ ဤလူများ၏ရှေ့၌ရှိနေသည့် အချိန်အခိုက်အတန့်တိုင်း အပ်များ ဆူးများပေါ်တွင် ထိုင်နေရသကဲ့သို့ သူမ ခံစားနေရသည်။ အမှန်အားဖြင့် ဤကဲ့သို့ နိမ့်ကျသောအလုပ်မျိုးကို တခြားမည်သူကိုမျှလည်း သူမ လုပ်ဆောင်ခွင့်မပြုနိုင်ချေ။
"ကောင်းပြီလေ...ဒါဆိုရင်လည်း မိန်းကလေးလီကို ဒုက္ခပေးရတော့မယ်....ဝမ်ချိုင်...မိန်းကလေးလီကို စောင့်ရှောက်ပေးဖို့ သူနဲ့အတူလိုက်သွားလိုက်အုံး"
ရီဖုန်းက ညွှန်ကြားလိုက်၏။
"ဝု..."
ခွေးသည် တစ်ချက်ဟောင်ကာ လီရီဟန်နှင့်အတူ လိုက်ပါသွားတော့သည်။
လူတစ်ယောက်နှင့်ခွေးတစ်ကောင်သည် အနီးရှိတောအုပ်အတွင်းသို့ ဝင်ခဲ့ကြကာ ရီဖုန်းတို့လူစု၏မြင်ကွင်းနှင့် ဝေးကွာသွားလေပြီ။ ထိုအချိန်ကျမှသာ လီရီဟန်သည် နောက်ဆုံး၌ အနည်းငယ်စိတ်ပေါ့ပါးသွားသည်။
"ဟူး...."
"အဲ့ဒီဆရာကြီးတွေရဲ့ရှေ့မှာနေရတာ တကယ့်ကို အရမ်းစိတ်ကျဥ်းကျပ်တာပဲ"
ထိုစကားကိုပြောဆိုရင်း လီရီဟန်သည် အောင်းချင်ထံသို့လျှောက်လှမ်းသွားပြီး ဆောင့်ကြောင့်ထိုင်ကာ ခွေး၏အမွှေးများကို ပွတ်သပ်လိုက်သည်။
"မင်းရှေ့မှာပဲ ငါ နည်းနည်းလေး စိတ်ပေါ့ပေါ့ပါးပါး နေလို့ရတယ်"
Chapter 250
လီရီဟန်က ငေးကြောင်ကြောင်ဖြင့် အောင်းချင်ကို စိုက်ကြည့်နေလေ၏။
မိန်းကလေးတစ်ယောက်နှင့်ခွေးတစ်ကောင်သည် မကြာမီမှာပင် တောအုပ်အတွင်းသို့ ဝင်ခဲ့ကြတော့သည်။
"ဒီနေရာမှာ စောင့်နေဦး...ငါ ထင်းနည်းနည်းလောက် သွားရှာလိုက်ဦးမယ်"
လီရီဟန်သည် ဆောင့်ကြောင့်ထိုင်ကာ အောင်းချင်ကို အပြုံးနှင့်ပြောဆိုပြီးနောက် နံဘေးတစ်ဖက်သို့ လျှောက်လှမ်းသွားသည်။
ခွေးသည် မြေပြင်ပေါ်၌ ပျင်းထိငြီးငွေ့စွာဖြင့်လဲလျောင်းကာ သူမကို စောင့်ဆိုင်းနေလေ၏။
မကြာမီမှာပင် လီရီဟန်သည် ထင်းတစ်ပုံကိုသယ်ဆောင်လာကာ အောင်းချင်၏နံဘေး၌ ထိုင်ချလိုက်သည်။
မြေပြင်ပေါ်၌လဲလျောင်းနေသော အောင်းချင်က ခေါင်းမော့ကာ သူမကိုကြည့်လေသည်။
"ဆရာကြီးက ခုထိ မျက်နှာတောင်မသစ်ရသေးဘူး...သူက အလျင်လိုမှာ မဟုတ်ဘူး...ငါတို့က ဒီနေရာမှာ ခဏလောက်တော့ ထိုင်နေလို့ရတယ်မဟုတ်လား"
လီရီဟန်က နူးညံညင်သာစွာ မေးမြန်းသည်။
ခွေးက သူ၏ခေါင်းကို အောက်သို့ပြန်လှဲချလိုက်သည်။
"အရမ်းဥာဏ်ကောင်းတာပဲ"
လီရီဟန်သည် အောင်းချင်၏အမွှေးများကိုပွတ်သပ်ကာ မြေပြင်ပေါ်၌ထိုင်ချပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ယမန်နေ့ညက ဖြစ်ရပ်များသည် သူမ၏စိတ်အတွင်း၌ လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။ ဤလူများ၏ခွန်အားကို သူမ တွေးတောမိသည့်အချိန်တိုင်း သူမသည် ကြီးမားသောဖိအားကိုခံစားရကာ အသက်ပင်ကောင်းကောင်းမရှုနိုင်တော့ချေ။
ထိုလူများနှင့်ဝေးကွာသောနေရာတွင် ယာယီရောက်ရှိနေသော ဤအချိန်အခိုက်အတန့်တွင် သူမ စိတ်သက်သာရာရသကဲ့သို့ ခံစားမိသည်။
သို့ရာတွင် သူမ စိတ်အပန်းဖြေနေစဥ်မှာပင် အလင်းတန်းသုံးတန်း ဖြတ်သန်းလာကာ မလှမ်းမကမ်းအကွာအဝေးသို့ ရောက်ရှိလာသည်။
"လီရီဟန်....ဒီတစ်ကြိမ်တော့ မင်း ဘယ်နေရာကို ထွက်ပြေးနိုင်အုံးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
လူသုံးယောက်သည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပြည့်နှက်နေသော အကြည့်ဖြင့် လီရီဟန်ကိုကြည့်ကာ ပြောဆိုလိုက်၏။
"နင်တို့တွေ ထပ်ဖြစ်နေပြန်ပြီလား"
လီရီဟန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထိုလူသုံးယောက်ကိုကြည့်ရင်း သူမ၏မျက်နှာဖြူရော်သွားသည်။ ဤလူသုံးယောက်သည် ယခင်က အေးစက်ညအမြွှာနတ်ဆိုးနှင့် တူညီသောအဖွဲ့မှလူများဖြစ်သည်။
အေးစက်ညအမြွှာနတ်ဆိုးသည် သူမကို လိုက်လံဖမ်းဆီးနိုင်ခဲ့ရုံသာမက ဤလူများသည်လည်း လိုက်လာနိုင်မည်ဟု သူမ မျှော်လင့်မထားမိချေ။
မည်သည်ကြောင့် ဤသို့ဖြစ်လာရသနည်း....
"ဟမ့်...ငါ မင်းကို အမှန်အတိုင်း ပြောပြလိုက်မယ်...ငါတို့က မင်းကို ဓားနဲ့ပထမဆုံး ထိုးစိုက်လိုက်တဲ့ အချိန်ကနေစပြီးတော့...မင်းရဲ့တည်နေရာက ငါတို့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ"
ဦးဆောင်လာသူသည် လီရီဟန်၏ဇဝေဇဝါဖြစ်နေမှုကို သတိပြုမိပုံဖြင့် အသံနက်ကြီးဖြင့် ပြောဆိုသည်။
"ငါတို့မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုကတော့...အေးစက်ညအမြွှာနတ်ဆိုးက မင်းရဲ့လက်ထဲမှာ သေသွားခဲ့ရတဲ့ကိစ္စပဲ...ငါတို့က မင်းကို လျှော့တွက်ခဲ့မိတယ်....ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ဘာအမှားအယွင်းမှဖြစ်မလာအောင် ငါတို့ကိုယ်တိုင် လှုပ်ရှားခဲ့တာပဲ"
"ဒါကြောင့်...ဒီနေ့ မင်း ဘယ်နည်းနဲ့မှ ပြေးလွတ်တော့မှာမဟုတ်ဘူး...."
လီရီဟန်၏လှပသောမျက်နှာလေးသည် လုံးလုံးလျားလျား သွေးရောင်ကင်းမဲ့နေကာ မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ အမှန်ပင်။
ထိုလူသုံးယောက်နှင့်ရင်ဆိုင်ရချိန်တွင် သူမ အနိုင်ရရှိရန်အတွက် မည်သည့်အခွင့်အရေးမျှ ရှိမနေချေ။
အကြောင်းအရင်းမှာ ဤလူသုံးယောက်သည် သိုင်းဧကရာဇ်များ ဖြစ်နေလေရာ သူမကဲ့သို့ သိုင်းဘုရင်တစ်ယောက်သည် မည်သည့်နည်းဖြင့် သူတို့၏ပြိုင်ဘက်ဖြစ်နိုင်မည်နည်း....
မသိလိုက်မသိဘာသာဖြင့် သူမသည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ကာ သူမ၏စိတ်နှလုံးသားအတွင်း၌ တန်ပြန်တိုက်ခိုက်ရန်အစီအစဥ်များကို စဥ်းစားတွေးတောရင်း သူမ၏မျက်နှာ တည်ကြည်လေးနက်နေသည်။
သို့ရာတွင် သူမ မည်သို့ပင် တွေးတောကြည့်ပါစေ အကြွင်းမဲ့ခွန်အားနှင့်ရင်ဆိုင်ရချိန်တွင် နည်းဗျူဟာများအားလုံးသည် တံလျှပ်ပမာပင်။
"လီရီဟန်...ဘာမှ စဥ်းစားမနေစမ်းနဲ့"
"ဒီနေ့ မင်းကို ဘယ်သူမှ ကယ်တင်နိုင်မှာမဟုတ်ဘူး"
သူတို့သုံးယောက်သည် အေးစက်စက်အပြုံးများဖြင့် လီရီဟန်ကိုကြည့်ကာ သူမထံသို့ တိုးဝင်လာသည်။
လီရီဟန်သည် အံ့တင်းတင်းကြိတ်ကာ စိုးရိမ်ပူပန်တကြီး နောက်သို့ဆုတ်ပြီး သူမ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။
သို့သော် ထိုအချိန်မှာပင် မာဆတ်ဆတ်အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပေ၏။
"ဟေး...အမှိုက်သုံးကောင်...ဒီလောက်ထိမောက်မာထောင်လွှားဝံ့တဲ့သတ္တိမျိုး မင်းတို့ကို ဘယ်သူက ပေးထားတာလဲ"
ထို့နောက် လီရီဟန်နှင့်လူသုံးယောက်တို့ အံ့အားသင့်နေစဥ်မှာပင် နံဘေးဘက်၌ ပျင်းရိငြီးငွေ့စွာလဲလျောင်းနေသောခွေး ကုန်းထလာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လီရီဟန်၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ....
မည်သည်ကြောင့် စကားပြောဆိုနိုင်သနည်း....ဤသည်မှာ ခွေးတစ်ကောင် မဟုတ်သလော....
သို့ရာတွင် သူမ တွေးတောနေစဥ်မှာပင် ထိုခွေး၏ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာသည်။
ဤအရှိန်အဝါ ထွက်ပေါ်လာခြင်းနှင့်အတူ ကြီးမားသောဖိအားအောက်တွင် ပတ်ဝန်းကျင်ရှိသစ်ပင်များ ပြိုလဲကျသွားသည်။
လီရီဟန်နှင့်လူသုံးယောက်တို့သည်လည်း ထိုဖိအားကြောင့် လွင့်ထွက်သွားကာ အဆက်မပြတ် နောက်ဆုတ်ပြီးမှသာ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
ခွေးမှထုတ်ဖော်လိုက်သော အရှိန်အဝါနှင့်ခွန်အားကြောင့် လီရီဟန် ပါးစပ်အဟောင်းသားဖြစ်သွားကာ သူမ၏စိတ်နှလုံးသားအတွင်း၌ ကြီးမားသောလှိုင်းလုံးကြီးများ ထန်လာသည့်အလား လှုပ်ခတ်သွားပေ၏။
အစောပိုင်းကမှ စိတ်ကျေနပ်အားရဖြစ်နေခဲ့သော လူသုံးယောက်၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။
"နတ်ဆိုးဘိုးဘေးလား...."
"မဟုတ်ဘူး...နတ်ဆိုးအရှင်....."
"သောက်ချေးပဲ...အဲ့ဒီအဆင့်ထက်တောင် အစွမ်းပိုထက်သလိုပဲ"
"ပြေးကြတော့"
အောင်းချင်၏အရှိန်အဝါကြောင့် ထိုလူသုံးယောက်၏ စိတ်ပိုင်းဆိုင်ရာခုခံကာကွယ်လိုစိတ်များ ပြိုလဲသွားလေပြီ။ သူတို့သည် လီရီဟန်ကို ထပ်မံ၍ဂရုမစိုက်တော့ဘဲ သူတို့၏အသက်အတွက် ထွက်ပြေးခဲ့တော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ခွေးသည် သူတို့အား သာမာန်ကာလျှံကာ စောင်းငဲ့၍ကြည့်လိုက်၏။
ထို့နောက် သူ၏လက်ဖဝါးကို ညင်သာပေါ့ပါးစွာမြှောက်လိုက်သည်။ ထို့နောက် ထိုလက်ဝါးကို ပေါ့ပေါ့ပါးပါး အောက်သို့ပြန်ချလေသည်။
ရွှပ်ခနဲအသံနှင့်အတူ ကြီးမားသောခွေးလက်ဝါးပုံရိပ်ယောင်ကြီးသည် လေထုအတွင်း၌ ထွက်ပေါ်လာကာ ထိုလူသုံးယောက်ထံသို့ တဟုန်ထိုးကျရောက်သွားသည်။
"အား...."
စူးရှကျယ်လောင်သော အော်သံသုံးသံနှင့် အတူယှဥ်တွဲ၍ သူတို့သုံးယောက်သည် အသားပြားအဖြစ် ပြားချပ်သွားလေပြီ။
အချိန်တခဏကြာပြီးနောက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။
သို့ရာတွင် လီရီဟန်၏မျက်နှာသည် အလွန်အမင်းဖြူရော်နေဆဲဖြစ်ကာ အချိန်အတော်ကြာသည့်တိုင် သူမ၏စိတ်တည်ငြိမ်နိုင်ခြင်းမရှိဘဲ သူမ၏ပါးစပ်ဖြင့် အသက်ကို အမောတကောရှုနေရသည်။
သူမ၏မျက်နှာအမူအယာသည် အလွန်ရှုပ်ထွေးနေကာ ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤလူများသည်....
သူတို့သည် မည်သူများဖြစ်သနည်း...
ဤနေရာတွင် တရားမျှတမှုတစ်ခုခု ရှိနေသေးသလော....
ခွေးတစ်ကောင်ပင်လျှင် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသည်။
တခြားစကားပြောင်းဆိုရလျှင် ကျင့်ကြံသူတစ်ယောက်ဖြစ်သော သူမသည် ထို'သာမာန်သေမျိုးများ'ဟု ခေါ်ဆိုသောလူများ၏ခွေးတစ်ကောင်ကိုပင် ရိုက်နှက်နိုင်မည်မဟုတ်ချေ။
"မင်း ဒီနေရာမှာ ခဏလောက် ထိုင်ချင်သေးလား"
ခွေးသည် သူ၏အရှိန်အဝါကိုပြန်ရုတ်သိမ်းကာ သူမကိုစောင်းငဲ့ကြည့်ပြီး အေးအေးလူလူလေသံဖြင့် မေးမြန်းသည်။
"မလိုဘူး...မလိုဘူး...ထပ်ပြီးထိုင်နေဖို့ မလိုတော့ပါဘူး"
လီရီဟန်က ပျာပျာသလဲဖြင့် စိတ်လှုပ်ရှားစွာ တုံ့ပြန်ပြောဆိုလိုက်သည်။
ဤှသည်မှာ သာမာန်ခွေးတစ်ကောင်သက်သက်ဟု သူမ တွေးထင်ခဲ့သည်။ သူမ၏အနီးပတ်ဝန်းကျင်တွင် ခွေးတစ်ကောင်သာရှိနေစဥ်တွင် သူမ စိတ်အေးလက်အေး အနားယူလိုခဲ့သည်။
သို့ရာတွင် အစောပိုင်းက ခွေး ထုတ်ဖော်အသုံးပြုခဲ့သော ခွန်အားကို မြင်တွေ့ပြီးနောက် သူမသည် ဤခွေးနှင့်အတူရှိနေခြင်းမှာလည်း အနည်းငယ်မှ စိတ်သက်သာရာမရနိုင်တော့ကြောင်း သူမ သိနားလည်သွားလေပြီ။
လူတစ်ယောက်နှင့်ခွေးတစ်ကောင်...
အတူတကွ ပြန်လာခဲ့ကြသည်။
သို့ရာတွင် လမ်းတလျှောက်၌ လီရီဟန်သည် အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်နိုင်ခြင်းမရှိဘဲ အစောပိုင်းက စိတ်သက်သာရာရသွားခဲ့သောခံစားချက် လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။
သူမသည် နံဘေးရှိခွေးကို ဂရုတစိုက်ကြည့်လိုက်မိကာ သိုင်းဧကရာဇ်သုံးယောက်ကို ပေါ့ပေါ့ပါးပါးပါး ရိုက်သတ်ခဲ့သည်အား တွေးတောမိချိန်တွင် သူမ၏စိတ်နှလုံးသား တုန်ရီသွားသည်။
ထို့နောက် သူမသည် သတ္တိမွေးကာ မေးမြန်းလိုက်၏။
"စီနီယာရဲ့ကျင့်ကြံဆင့်က ဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာ ကျွန်မ မေးလို့ရမလား"
"နတ်ဆိုးအရှင်လား....ဒါမှမဟုတ် နတ်ဆိုးသူတော်စင်လား..."
ခွေးသည် လမ်းလျှောက်နေရင်း သာမာန်ကာလျှံကာလေသံဖြင့်ပြောဆိုသည်။
"ပြဿနာမရှိဘူး...ဒါတွေက ဘာမှအရေးမပါဘူး.. ဆရာကြီးရဲ့ရှေ့မှာ ငါက နတ်ဆိုးအရှင်ပဲဖြစ်ဖြစ် နတ်ဆိုးသူတော်စင်ပဲဖြစ်ဖြစ်...ငါက ဒီနေ့ ဒီအဆင့်မှာရှိနေပေမယ့် နောက်နေ့ရှိချင်မှရှိနေလိမ့်မယ်"
"စီနီယာက ဘာကိုဆိုလိုတာလဲ"
လီရီဟန်က ပင့်သက်ရှိုက်ကာ သူမ၏ကိုယ်ပိုင်နားလည်သဘောပေါက်နိုင်စွမ်းကိုပင် သူမ မယုံကြည်နိုင်တော့ချေ။