အခန်း (၂၅၆-၂၆၀)
Vol. 18 Ch. 256-260
Chapter 256
"ဘာ..."
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
လီယွီဟန်သည် ထိုစကားကိုကြားချိန်တွင် မိုးကြိုးနှင့်ရိုက်ခတ်ခံရသည့်အလားပင်။ သူ၏အသံတွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ရောယှက်နေသည်။
"ဒါကို မယုံကြည်နိုင်ဘူးမလား"
"ဒါဆိုရင် ကျွန်မက အဖေယုံအောင် ပြောပြမယ်"
လီရီဟန်သည် နာကျင်ကြေကွဲသော အမူအယာဖြင့် အစောပိုင်းက ရီဖုန်းတို့လူစုထိုင်နေသော နေရာအား လက်ညှိုးညွှန်ပြကာ လုံးစေ့ပတ်စေ့ပြောဆိုသည်။
"ဒီနေရာမှာထိုင်တာက ဒုတိယဘဝသိုင်းအင်ပါယာနှစ်ယောက်..."
"ဒီနေရာမှာက သိုင်းသူတော်စင်လေးယောက်..."
"ပြီးတော့ ဒီနေရာမှာထိုင်နေတဲ့ အနက်ရောင်ဝတ်ရုံဝတ်လူက သိုင်းအင်ပါယာနယ်ပယ်ထက်တောင်ကျော်နေနိုင်တဲ့ တည်ရှိမှုကြီးတစ်ခု..."
"ဒီနေရာမှာထိုင်နေတဲ့ သခင်လေးရီ...သူကတော့ အဖေနဲ့ကျွန်မရဲ့ စိတ်ကူးယဥ်တွေးတောနိုင်တဲ့ ကျင့်ကြံဆင့်ထက်တောင် ကျော်လွန်နေနိုင်တယ်"
ထိုသို့ပြောဆိုပြီးနောက် သူမသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ဖြည့်စွက်ပြောဆိုသည်။
"အော် ဒါနဲ့...ဒီနေရာမှာရှိတဲ့ မြေပြင်ပေါ်မှာလဲလျောင်းနေတဲ့ခွေးက...အခုလက်ရှိ နန်ရှားနယ်မြေမှာရှိနေတဲ့ ဘယ်အင်အားစုကို လက်ဖဝါးတစ်ချက်တည်းနဲ့ ပျက်စီးအောင်ရိုက်နိုင်တဲ့သူပဲ"
"ဒါဆိုရင် အဖေက သူတို့ကို သာမာန်သေမျိုးတွေလို့ ခေါ်ချင်သေးတာလား"
"ဘာ..."
ထိုသတင်းအချက်တစ်ခုစီသည် လီရီဟန်၏နားအတွင်းသို့ ကျရောက်သွားချိန်တွင် ကိုးကောင်းကင်ဘုံမှဆင်းသက်လာသော မိုးကြိုးတစ်စင်းအလား သူ၏နားအတွင်း၌ ပဲ့တင်ထပ်နေသည်။
သူသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်ကာ သူ၏မျက်နှာဖြူရော်သွားပြီး တီးတိုးရေရွတ်လိုက်၏။
"ဒါက မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
သိသာထင်ရှားစွာပင်...
လီယွီဟန်သည် ဤအချက်ကို အချိန်တခဏကြာခန့် လက်မခံနိုင်သေးသဖြင့် သူ့ကိုယ်သူ စိတ်အေးအေးထားရန် တွန်းအားပေးနေခဲ့သည်။
သို့ရာတွင် သူ့သမီး၏အကျင့်စရိုက်ကို သူသိရှိထားသောကြောင့် သူမသည် သူ့အားလိမ်ပြောရန် အနည်းငယ်မျှပင် မဖြစ်နိုင်ချေ။
တခြားစကားပြောင်းဆိုရလျှင် နန်ရှားနယ်မြေအတွင်းရှိ ဂိုဏ်းအင်အားစုကြီးများ အနီးသို့မချဥ်းကပ်နိုင်သော တည်ရှိမှုကြီးများ သူ၏အိမ်တော်သို့ရောက်ရှိလာသော်လည်း သူသည် သူတို့ကို မောင်းထုတ်ခဲ့လေ၏။
ထိုအကြောင်းကိုတွေးတောရင်း သူ၏မျက်နှာပေါ်တွင် သွေးရောင်ကင်းမဲ့သွားသည်။
သို့ရာတွင် သူသည် လီရီဟန်ကိုနှစ်သိမ့်ပေးရန်အတွက် အားတင်း၍ပြုံးလိုက်သည်။
"ဟန်အာ...ဒါက တကယ့်ကို အဖေရဲ့အပြစ်ပါ....ဒါပေမယ့် သူတို့ရဲ့အဆင့်အတန်းတွေကို ငါ တကယ်မသိခဲ့ဘူး"
"ပြီးတော့ ငါက သူတို့ကို ထွက်သွားပေးဖို့ တောင်းဆိုခဲ့ရုံလေးပဲ...ငါ သူတို့ကို အပြစ်မပြုခဲ့ဘူး...အများဆုံးအနေနဲ့ ငါက အခွင့်အရေးကောင်းကြီးကို လွဲချော်သွားခဲ့ရုံလေးပဲ....ဖြစ်နိုင်တာတော့ ဒါက ငါတို့လီမိသားစုအတွက် မဟုတ်ခဲ့လို့ပဲ...ဒီကိစ္စနဲ့ပတ်သတ်ပြီး စိတ်ရှင်းရှင်းထားပါ....ဒါက ကိစ္စကြီးတစ်ခုမှမဟုတ်တာ....မင်း စိတ်မဆိုးပါနဲ့"
သို့ရာတွင် သူ၏အသံပျက်ပြယ်မသွားသေးမီမှာပင်....
လီမိသားစု၏အိမ်တော်ထိန်းသည် မျက်စိပျက်မျက်နှာပျက်နှင့် ပြေးဝင်လာကာ အော်ဟစ်ပြောဆိုသည်။
"သခင်ကြီး...သတင်းဆိုးပဲ....ပြဿနာကြီး ဖြစ်နေပြီ"
"ဘာကိစ္စဖြစ်နေလို့လဲ"
လီယွီဟန်က အလျင်စလို မေးမြန်းသည်။
"ကျွန်တော်တို့မှီခိုနေတဲ့ နတ်ဘုရားဓားဂိုဏ်းက...ကျွန်တော်တို့ကို လက်အောက်ခံမိသားစုအဖြစ်ကနေ ထုတ်ပယ်လိုက်ပြီဆိုတဲ့သတင်းကို အခုလေးတင် ကျွန်တော်ရခဲ့တယ်...ပြီးတော့ သူတို့ဂိုဏ်းကနေ ကျွန်တော်တို့ကို ထောက်ပံ့ပေးထားတဲ့ စျေးဆိုင်သုံးရာလုံးကိုလည်း ပြန်ရုတ်သိမ်းသွားပြီ"
"ဘာ..."
လီယွီဟန်၏မျက်နှာအမူအယာ ပြောင်းလဲသွားသော်လည်း သူ စကားတစ်ခွန်းမျှ မပြောရသေးမီမှာပင် တစ်စုံတစ်ယောက်က ပြေးဝင်လာကာ သတင်းပို့လေသည်။
"သခင်ကြီး...ကျွန်တော် ခုဏက သတင်းပို့ကျောက်စိမ်းပြားကနေ သတင်းတစ်ခုရခဲ့တယ်....ကျွန်တော်တို့နဲ့ပူးပေါင်းထားတဲ့ တိမ်တိုက်လေပြေတောင်ကြားရဲ့လက်အောက်ခံအင်အားစု ရတနာတစ်သိန်းခန်းမက...သူတို့ဘက်ကနေပြီး ပူးပေါင်းမှုကို ဖျက်သိမ်းလိုက်ပြီလို့ အကြောင်းကြားလာခဲ့တယ်"
"သတင်းပို့ပါတယ်"
ထို့နောက် တစ်စုံတစ်ယောက်သည် ရှုံမဲ့နေသောမျက်နှာနှင့်ပြေးဝင်လာကာ အော်ဟစ်လိုက်၏။
"သခင်လေးကို နှင်းလေအိမ်တော်က ထုတ်ပယ်လိုက်ပြီ....ပြီးတော့ တစ်ချိန်တည်းမှာပဲ တခြားဂိုဏ်းအင်အားစုတွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့မိသားစုဝင်တွေအားလုံး ထုတ်ပယ်ခံလိုက်ရတယ်"
ထိုလူများ သတင်းပို့ပြီးနောက် ပို၍ပို၍ဆိုးရွားသောသတင်းများ အဆက်မပြတ်ရောက်ရှိလာသည်။
ထိုသတင်းဆိုးများအားလုံးကိုကြားပြီးနောက် လီယွီဟန်၏မျက်နှာပေါ်တွင် လုံးလုံးလျားလျား အရောင်အသွေးကင်းမဲ့သွားကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မကြာသေးမီက အစီရင်ခံလာသော သတင်းများမှတဆင့် အဆက်အသွယ်များ စီးပွားရေးလုပ်ငန်းများ နောက်ခံအင်အားများ ပုဂ္ဂိုလ်ရေးပတ်သတ်မှုများ အရင်းအမြစ်များစသဖြင့် လီမိသားစု နှစ်ပေါင်းများစွာကြာအောင် စုစည်းထားခဲ့သော အရာများအားလုံး ဤအချိန်အခိုက်အတန့်တွင် ပြိုလဲပျက်စီးသွားလေပြီ။
"ဘာလို့ ဒီလိုတွေဖြစ်လာရတာလဲ"
လီယွီဟန်သည် မြေပြင်ပေါ်၌ အရုပ်ကြိုးပြတ်ထိုင်နေကာ သူ၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျနေသည်။
"ဘာလို့ ဒီလိုတွေဖြစ်လာတာလဲဆိုတာ ကျွန်မ ပြောပြရမလား"
လီရီဟန်က အနည်းငယ်မျှပင် အံ့အားသင့်နေခြင်းမရှိဘဲ ပြောဆိုသည်။
"ဘာလို့လဲဆိုတော့ အဖေက ဆရာကြီးကို အပြစ်ပြုခဲ့မိလို့ပဲ...ကျွန်မကိုတော့ အဖေက သူတို့ကိုမောင်းထုတ်ချိန်မှာ သူတို့ရဲ့အဆင့်အတန်းတွေကို မသိလို့လို့ပြောရုံနဲ့ ကျွန်မက ခွင့်လွှတ်ပေးလို့ရတယ်....ဒါပေမယ့် အဖေသိထားရမှာက...သူတို့က ကျွန်မရဲ့အသက်သခင်ကျေးဇူးရှင်တွေလည်း ဖြစ်နေတယ်ဆိုတာပဲ"
"ကျေးဇူးကန်းတဲ့ ကျွန်မတို့လီမိသားစုက ဒီလိုမျိုးအဆုံးသတ်ရတာ....ကျွန်မတို့နဲ့ ထိုက်တန်တဲ့ကိစ္စပဲ"
ထိုသို့ပြောဆိုပြီးနောက် လီရီဟန်သည် နောက်ဆုံးစကားတစ်ခွန်းကိုပြောဆိုခဲ့ကာ အေးစက်စက်မျက်နှာနှင့် လီအိမ်တော်မှ ထွက်ခွာသွားတော့သည်။
"ကျွန်မတို့ရဲ့အပြစ်တွေ ကြေအောင်လုပ်ဖို့အတွက် ကျွန်မက ဆရာကြီးကို သွားရှာတော့မယ်...အခုလတ်တလောမှာ ကျွန်မ အိမ်တော်ကို ပြန်လာနိုင်မှာမဟုတ်ဘူး"
လီရီဟန်၏ထွက်ခွာသွားသော နောက်ကျောပြင်ကိုကြည့်ပြီး လီယွီဟန်သည် မြေပြင်ပေါ်၌ပုံလျက်သားလဲကျသွားကာ သူ၏ဆံပင်များ ချက်ချင်းဖြူရော်သွားပြီး ကြီးမားစွာနောင်တရနေလေ၏။
သူ၏ပါးစပ်မှ အေးဆေးတည်ငြိမ်သော စကားတစ်ခွန်းမျှ ထွက်မလာတော့ချေ။
....
ကျားယီမြို့၏ပြင်ပ၌....
နန်ရှားဒေသ၏ထိပ်သီးအင်အားစုကြီးများအားလုံး ဤနေရာ၌စုဝေးနေသည်။
"ဘယ်လိုဖြစ်သွားပြီလဲ"
လီရှုဟွာနှင့်တခြားလူများက မေးမြန်းသည်။
"ဂိုဏ်းချုပ်တို့ကို သတင်းပို့ပါတယ်...လီမိသားစုရဲ့လက်အောက်ငယ်သားတစ်ယောက်ကနေတဆင့်...ဆရာကြီးက လီအိမ်တော်ကိုသွားခဲ့ပေမယ့်....လီအိမ်တော်က ဆရာကြီးတို့ကို မောင်းထုတ်လိုက်တယ်"
လက်အောက်ငယ်သားတစ်ယောက်က သတင်းပို့သည်။
"ဘာ..."
ယန်ထန်းယု လီရှုဟွာနှင့် တခြားထိပ်သီးခေါင်းဆောင်များ၏မျက်နှာအမူအယာများ အကြီးအကျယ် ပျက်ယွင်းသွားသည်။ ဤဆရာကြီး နန်ရှားနယ်မြေသို့ ရောက်ရှိလာခဲ့သည့်ရည်ရွယ်ချက်ကို သူတို့ အဆက်မပြတ်ခန့်မှန်းနေခဲ့သည်။ ထို့ကြောင့် သူတို့သည် ရီဖုန်း တွေ့ကြုံခဲ့သမျှ အရာရာတိုင်းကို အသေးအမွှားကိစ္စများမှအစ လိုက်လံ၍ကြည့်ရှုနေခဲ့ကြသည်။
ရီဖုန်းသည် လီအိမ်တော်သို့ဝင်သွားချိန်တွင် ထိပ်သီးအင်အားစုတစ်စုအဖြစ် မြင့်တက်လာတော့မည်ဟု သူတို့တွေးထင်ခဲ့ကြသည်။ သို့ရာတွင် ထိုအစား လီအိမ်တော်သည် ဆရာကြီးကိုမောင်းထုတ်မည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။
လီအိမ်တော်သည် သူတို့ကိုယ်သူတို့ မည်မျှထိအရေးပါသည်ဟု ထင်နေသနည်း။
"ဒါပေမယ့် ဂိုဏ်းချုပ်တို့ ဘာမှစိတ်မပူကြပါနဲ့...ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဂိုဏ်းတွေနဲ့အင်အားစုတွေဆီကို သတင်းပြန်ပို့ပြီးတော့ လီမိသားစုနဲ့အဆက်အသွယ်မှန်သမျှကို ဖြတ်တောက်လိုက်ပြီ...ကျွန်တော်တို့က လီမိသားစုကို အမြစ်ပြတ်သုတ်သင်လို့ရပေမယ့်..ဆရာကြီးက လှုပ်ရှားမှုတစ်ခုမှမလုပ်တာကြောင့် ကျွန်တော်တို့က အဲ့ဒီလိုလုပ်လိုက်ရင် သင့်တော်မှာမဟုတ်ဘူး"
ထိုလက်အောက်ငယ်သားက ထပ်မံ၍ပြောဆိုသည်။
"အင်း..."
"အမှန်ပဲ"
လက်ရှိနေရာတွင်ရှိနေသော ထိပ်သီးခေါင်းဆောင်များအားလုံး ခေါင်းညိတ်လိုက်ကြကာ ဤဆုံးဖြတ်ချက်သည် အကောင်းမွန်ဆုံးဖြေရှင်းနည်းဖြစ်သည်ဟု တွေးတောနေကြလေ၏။ ဤသည်မှာ ပြဿနာမကြီးမားစေရုံသာမက ဘောင်ကျော်ခြင်းလည်းမရှိကာ ချက်ကောင်းကိုလည်း ထိမှန်စေနိုင်သည်။
လူတိုင်းသည် ရီဖုန်းတို့လူစု၏နောက်မှ ဆက်လက်၍ တိတ်တဆိတ်လိုက်နေစဥ်မှာပင် တခြားကိစ္စကြီးတစ်ခုဖြစ်ပွားလာခဲ့ကာ ဒုန်ရှန်းကျိုး၏ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ယောက်နှင့် ဆက်စပ်နေသည်။
ဒုန်ရှန်းကျိုး...
ဤသည်မှာ ပို၍စည်ကားသိုက်မြိုက်သောနယ်မြေတစ်ခုပင်။
ဒုန်ရှန်းကျိုးအတွင်း၌ နယ်ရှားနယ်မြေသည် သေးငယ်သောအစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။
လွန်ခဲ့သော အချိန်တစ်လခန့်က ဒုန်ရှန်းကျိုးအတွင်းရှိ ထိပ်သီးပုဂ္ဂိုလ်ကြီးသည် အချိန်အတိုင်းအတာတစ်ခုအတွင်း၌ သူ နန်ရှားနယ်မြေသို့လာကာ လမ်းတလျှောက်ရှိ နန်ရှားမှဂိုဏ်းအင်အားစုများကို စစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည်။
မူလက ဤရောက်ရှိလာမည့် ထိပ်သီးပုဂ္ဂိုလ်ကြီးအတွက် နန်ရှားမှအင်အားစုများအားလုံး အတူတကွစုဝေး၍ သူ ရောက်ရှိလာစဥ်တွင် ကြီးကျယ်ခမ်းနားစွာကြိုဆိုရန် သဘောတူညီထားခဲ့ကြ၏။
သို့ရာတွင် ရီဖုန်း၏ရောက်ရှိလာမှုနှင့်အတူ ကိစ္စကြီးများ ဆက်တိုက်ဖြစ်ပွားလာသောကြောင့် နန်ရှားမှအင်အားစုများသည် ဒုန်ရှန်းကျိုးမှထိပ်သီးပုဂ္ဂိုလ်ကြီးနှင့်ပတ်သက်ပြီး မေ့လျော့သွားခဲ့သည်။
ယခုချိန်၌ ဤလျစ်လျှူရှုခံထားရသော ထိပ်သီးပုဂ္ဂိုလ်ကြီးသည် ထိုကိစ္စနှင့်ပတ်သက်၍ ဒေါသထွက်နေပြီဖြစ်ကြောင်း အကြောင်းကြားလာသည်။
ဤသည်မှာ နန်ရှား၏ထိပ်သီးခေါင်းဆောင်များအားလုံးကို ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားစေသည်။
အကယ်၍ ဒုန်ရှန်ကျိုးမှရောက်လာသူသည် သာမာန်ပုဂ္ဂိုလ်တစ်ယောက်ဆိုပါက ရီဖုန်းတို့လူစုနှင့်နှိုင်းယှဥ်လျှင် မည်သူက ပို၍အရေးကြီးသည်ကို သူတို့ ဆုံးဖြတ်နိုင်ပေ၏။
အဓိကသော့ချက်မှာ ထိုထိပ်သီးပုဂ္ဂိုလ်ကြီးသည် သာမာန်ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ခြင်းပင်။
သူသည် ဒုန်ရှန်းကျိုးအတွင်းရှိ ရှင်းယီဂိုဏ်း၏တည်ထောင်သူဘိုးဘေး မာပေါင်ကော်ပင်။
မာပေါင်ကော်သည် လျှပ်စီးငါးချက်ကြာပွတ်ရိုက်ချက်ဆိုသော လှုပ်ရှားမှုတစ်ခုဖြင့် ဒဏ္ဍာရီဆန်ဆန်နာမည်ဂုဏ်သတင်းတစ်ခုကို ချန်ထားနိုင်ခဲ့ကာ သူ၏ဒဏ္ဍာရီများသည် ပြည်မကြီး၏နေရာအနှံ့အပြားတွင်ရှိနေသည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ သူ၏အသက်သည် ၆၉နှစ်သာ ရှိနေသေးပေ၏။
ကျင့်ကြံခြင်းလောကတွင် ၆၉နှစ်ဟူသည်မှာ လူငယ်တစ်ယောက်အရွယ်သာဖြစ်သည်။ သို့ရာတွင် ဤအသက်အရွယ်၌ သူသည် ဂိုဏ်းတည်ထောင်သူဘိုးဘေးဖြစ်နေလေရာ သူ၏ပါရမီအရည်အချင်း မည်မျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို ပြသနေခြင်းပင်။
ပြောရမည်ဆိုလျှင် ဤထိပ်သီးပုဂ္ဂိုလ်ကြီးသည် ရီဖုန်းနှင့် အလွန်တူညီသည်။ သူသည် လူမြင်ကွင်းမှ နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်နေခဲ့ကာ ယခုလတ်တလောနှစ်များအတွင်းတွင်မှ ရှားရှားပါးပါး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သောကြောင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို မည်သူမျှ ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။ အပေါ်ယံတွင် သူ့ကိုကြည့်ရသည်မှာ သာမာန်လူတစ်ယောက်နှင့် တူညီသည်။
သို့ရာတွင် သူ၏နက်ရှိုင်းမှုကို ရှင်းရှင်းလင်းလင်း မသိရသောကြောင့် ဒုန်ရှန်းကျိုး၏ထိပ်သီးဂိုဏ်းအင်အားစုများပင်လျှင် သူ့အား အတိုင်းအတာတစ်ခုထိ သတိထားနေရသည်။
လူတချို့က သူသည် ဒဿမဘဝအင်မော်တယ်ဖြစ်မည်ဟု ထင်ကြေးပေးနေကြသည်။
တချို့ကမူ သူသည် အင်မော်တယ်တစ်ယောက်ဟု ခန့်မှန်းထားကြလေ၏။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် နန်ရှား၏ထိပ်သီးခေါင်းဆောင်များအားလုံးကို အကျပ်ရိုက်စေခဲ့သည်။
ရီဖုန်းနှင့်မာပေါင်ကော်...ကျင့်ကြံဆင့်နယ်ပယ် ရှင်းရှင်းလင်းလင်းမသိရသော ပြိုင်ဘက်ကင်းဆရာကြီးနှစ်ယောက်....သူတို့သည် မည်သူ့အား ရွေးချယ်သင့်သနည်း။
Chapter 257
ဂရုတစိုက်စဥ်းစားချင့်ချိန်ပြီးနောက် နန်ရှားနယ်မြေ၏ထိပ်သီးခေါင်းဆောင်အများစုသည် နောက်ပြန်မလှည့်တော့ဘဲ ရီဖုန်း၏နောက်သို့ဆက်လိုက်ရန် ရွေးချယ်ခဲ့ကြသည်။
မာပေါင်ကော်သည် မြင့်မားသောအဆင့်အတန်းရှိသော်လည်း သူသည် သူတို့အား အကျိုးကျေးဇူးများ သို့မဟုတ် အခွင့်အရေးများ ထောက်ပံ့ပေးနိုင်မည်ဟု ဆိုလိုခြင်းမဟုတ်ချေ။
သို့ရာတွင် ရီဖုန်း၏နောက်သို့ ကပ်လိုက်နေခြင်းအားဖြင့် သူတို့သည် ယခင်ကရခဲ့သော မြွေသားစွပ်ပြုတ်ကဲ့သို့ ကြီးမားသောအကျိုးကျေးဇူးများကို ကောက်ယူနိုင်သည့် အခွင့်အရေးတစ်ခုရှိနေသည်။
"သောက်ချေးပဲ"
ထိုလူတစ်စုထွက်ခွာသွားသည်ကိုကြည့်ပြီး မျက်နှာလွှားဇာအောက်ရှိ ဖန်ရှင်းအာ၏မျက်နှာ အလွန်အမင်း သုန်မှုန်သွားသည်။
သူမ၏ခွန်အားသည် ကောင်းမွန်သော်လည်း လီရှုဟွာ ယန်ထန်းယုနှင့်တခြားစီနီယာများရှိနေခြင်းကြောင့် သူမထံတွင် အခွင့်အရေးတစ်ခုခုရရှိလာနိုင်ရန် အကြောင်းမရှိချေ။
ထို့ပြင် သူမသည် ယခုချိန်၌ ချောင်ရှန်းနှင့်ယွင်ရှန်းချွယ်တို့ကိုပင် အနိုင်မယူနိုင်တော့ချေ။
သို့ရာတွင် သူမသည် မိုးကောင်းကင်ဓားဂိုဏ်း၏ဂိုဏ်းချုပ်ထံသို့ သတင်းပို့ကျောက်စိမ်းပြားမှတဆင့် အကြောင်းကြားစာအမြောက်အမြား ပေးပို့ခဲ့သော်လည်း တုံ့ပြန်မှုတစ်ခုကိုမျှ သူမ မရရှိခဲ့ချေ။
ဤသည်မှာ ဂိုဏ်းချုပ်သည် တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ကြောင်း ညွှန်ပြနေခြင်းပင်။
ဤကိစ္စသည် သူမအား အလွန်အမင်း စိုးရိမ်ပူပန်သွားစေသည်။ အကယ်၍ ထိုပြိုင်ဘက်ကင်းဆရာကြီးသည် အခွင့်အရေးကောင်းတချို့ချန်ခဲ့ပြီး လီရှုဟွာနှင့်တခြားထိပ်သီးခေါင်းဆောင်များကသာ ရရှိသွားပါက တခြားဂိုဏ်းများ၏အင်အားများ မြင့်တက်သွားနိုင်ကာ မိုးကောင်းကင်ဓားဂိုဏ်းသည် အောက်ခြေအဆင့်၌သာ ကျန်နေပေလိမ့်မည်။
အချိန်အတော်ကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမသည် ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ကာ အန္တရာယ်များသောအလောင်းအစားတစ်ခုကိုပြုလုပ်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။
ထိပ်သီးခေါင်းဆောင်များ တိတ်တဆိတ်ထွက်ခွာသွားပြီးနောက် သူမသည် ရီဖုန်းတို့လူစု လက်ရှိရှိနေသော ယွဲ့ယိုတည်းခိုခန်းရှိရာ မိန်ရှန်းမြို့သို့ ဦးတည်သွားခဲ့သည်။
သူမသည် ထပ်မံ၍ စိတ်ရှည်လက်ရှည်မစောင့်ဆိုင်းလိုတော့သောကြောင့် ထိုအစား ပြိုင်ဘက်ကင်းဆရာကြီး၏အနီးသို့ တက်တက်ကြွကြွချဥ်းကပ်ရန် စီစဥ်ခဲ့သည်မှာ သိသာထင်ရှားလှ၏။
"မိန်ရှန်းမြို့ထဲမှာ...တစ်ရက်လောက် အနားယူကြစို့"
အခန်းအတွင်း၌ ရီဖုန်းသည် သူ၏လူများအားလုံးကိုစုဝေးစေကာ သူ၏လက်အတွင်း၌ ငွေအိတ်တစ်အိတ်ကိုကိုင်ဆောင်ပြီး ပြောဆိုသည်။
"မင်းတို့တွေက အနီးအနားမှာရှိတဲ့ စျေးမှာလျှောက်ပတ်ကြည့်ပြီးတော့ ဒေသခံအထူးထုတ်ကုန်တချို့ကို ဝယ်လို့ရတယ်"
ထိုစကားနှင့်အတူ သူသည် လူတစ်ယောက်စီအတွက် ရွှေပြားဆယ်ပြားစီရေတွက်ကာ လက်ကမ်းပေးလိုက်၏။
သို့ရာတွင် သူ၏လက်အတွင်းရှိ အိတ်၏အလေးချိန် သိသိသာသာလျော့ကျသွားသည်ကို မြင်တွေ့ချိန်၌ သူသည် သည်းမခံနိုင်တော့ဘဲ ဟန်ဆောင်ပြုံးပြုံးကာ ပြောဆိုသည်။
"ရွှေပြားရှစ်ပြားဆိုရင်ရော ဘယ်လိုလဲ ..ရှစ်ပြားဆို လောက်သင့်ပါတယ်...ဟား ဟား...."
ထိုသို့ပြောဆိုပြီးနောက် သူသည် အရှက်မဲ့စွာဖြင့် လူတစ်ယောက်ချင်းစီ၏လက်အတွင်းမှ ရွှေပြားနှစ်ပြားကို ပြန်ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး"
ထိုလူတစ်စုသည် ကန့်ကွက်သံတစ်သံမျှ မပြုဝံ့ဘဲ ရွှေပြားများကို ယူဆောင်ပြီးနောက် ကျေးဇူးတင်ကြောင်း အလျှင်အမြန်ဖော်ပြကာ ထွက်ခွာသွားတော့သည်။
သို့ရာတွင်....
ရီဖုန်းအား နံဘေးဘက်မှစောင့်ကြည့်နေသော ခေါင်းတစ်လုံးရှိနေဆဲပင်။ အကယ်၍ သူသည် မျက်နှာဖုံးကိုသာ ဝတ်ဆင်မထားပါက သူ၏နာကျင်ကြေကွဲနေသောအမူအယာကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်ပေမည်။
"မင်းက ဘာလို့ ငါ့ကိုကြည့်နေတာလဲ"
ရီဖုန်းက စိတ်မရှည်စွာဖြင့် မေးမြန်းသည်။
"လုပမ်ဝေလေ...ငါ့အတွက်ရော..."
လုပမ်ဝေက တိုးညှင်းသောလေသံဖြင့် ပြောဆိုသည်။
"မင်းအတွက်လား"
ရီဖုန်းက လုပမ်ဝေကိုစောင်းငဲ့ကြည့်ကာ တင်းမာခက်ထန်စွာ မေးမြန်းသည်။
"အရင်တစ်ခေါက်တုန်းက မင်းကို ငါ ရွှေပြားတစ်ပြား ပေးထားတယ်မဟုတ်လား...မင်း ဒီလောက်ထိမြန်မြန်ကြီး သုံးလို့ကုန်သွားပြီလား"
လုပမ်ဝေက စကားမပြောချေ။
သို့ရာတွင် ရီဖုန်းက ဒေါသတကြီးဖြင့် သူ၏ခေါင်းကို ခေါက်လိုက်သည်။
"မင်းက အသုံးအဖြုန်းကြီးတဲ့ကောင်ပဲ....တကယ့်ကို လက်ဖွာတဲ့ကောင်တစ်ကောင်ပဲ"
"ဘဝဆိုတာ ဘယ်လောက်ခက်ခဲလဲဆိုတာ မင်း မသိဘူးမလား...ဒီလောက်လူတွေအများကြီးနဲ့ ကုန်ကျစရိတ်တွေကို မင်း တွက်ကြည့်အုံး...ငါ ခုလေးတင် ရွှေပြားလေးဆယ့်ရှစ်ပြား ကုန်သွားပြီ...ငါ့ရဲ့ငွေတွေက မြေကြီးပေါ်ကနေ ကောက်လာတာလို့ မင်း ထင်နေတာလား"
ရီဖုန်း၏မျက်နှာအောက်သိုးသိုးဖြစ်နေကာ စိတ်မကျေမနပ်လေသံဖြင့် လုပမ်ဝေကို ဆုံးမစကားပြောဆိုသည်။
"ဒါပေမယ့် မင်းကတော့...ငွေမရှာနိုင်ရုံတင်မကဘူး...နေ့တိုင်း ငွေပဲလာတောင်းနေတယ်...မင်း ခုလောက်ထိ အသုံးအဖြုန်းကြီးလာအောင် ဘယ်သူသင်ပေးလိုက်တယ်ဆိုတာ ငါ မသိဘူး..မင်းက ရက်နည်းနည်းလောက်အတွင်းမှာ ရွှေပြားတစ်ပြားလုံးကို ကုန်အောင်သုံးလိုက်တယ်....ဒါတောင် မင်းက ထပ်ပြီးတောင်းဖို့ အာရုံရောက်နေပြန်ပြီလား"
လုပမ်ဝေက ဒေါသတကြီးနှင့် စောဒကတက်လိုက်၏။
"ဒါပေမယ့်...ဒါပေမယ့် ငါ့ရဲ့ငွေတွေကို မင်း သိမ်းထားတာလေ...ဟုတ်တယ်မလား"
"မင်းရဲ့ငွေတွေကို ငါ သိမ်းထားတာ....ဒီလိုပြောဖို့ မင်းမှာ ဘာသက်သေရှိလဲ"
ရီဖုန်း စကားပြောဆိုနေစဥ် သူ၏မျက်နှာအမူအယာ တင်းမာခက်ထန်နေသည်။
"ဒါဆိုရင်လည်း စာရင်းရှင်းကြရအောင်..ဒီခရီးစဥ်မှာ မင်း စီးလာတဲ့ရထားလုံးခ မင်း ပေးရမယ်...မင်းမျက်နှာပေါ်က မျက်နှာဖုံးကလည်း ငါ ဝယ်ပေးထားတာပဲ..ပြီးတော့ တခြားတိုလီထွာလီကုန်ကျစရိတ်တွေ ရှိနေသေးတယ်"
"ဒါပေမယ့် ငါရဲ့ကုန်ကျစရိတ်က အရမ်းမများဘူးလေ...ဟုတ်တယ်မလား"
လုပမ်ဝေသည် သတိကြီးစွာထား၍ ပြောဆိုကာ သူ၏စကားဆုံးသည်နှင့် သူ၏ခေါင်းကို နောက်သို့အလျှင်အမြန်ဆုတ်လိုက်သည်။
"ကောင်းတယ်...အခုတော့ မင်းက ငါ့ကို ဘယ်လိုပြန်ပြောရမလဲဆိုတာကိုတောင် သင်ယူပြီးပြီပေါ့လေ...ဟုတ်လား"
ရီဖုန်းက ဒေါသတကြီးဖြင့် မတ်တတ်ထရပ်ကာ ပြောဆိုသည်။
"ဟုတ်တယ်...မင်းရဲ့ငွေတွေက တကယ်တော့ အကုန်မကုန်သေးဘူး...ဒါပေမယ့် မင်း နောင်အနာဂတ်မှာ မလိုတော့ဘူးလား"
"ငါ့အတွက် အဝတ်အစားတွေ ဖိနပ်တွေ မျက်နှာဖုံးတွေနဲ့ နောင်အနာဂတ်မှာ ကုန်ကျလာမယ့်စရိတ်တွေအားလုံးအတွက်...အဲ့ဒီငွေတွေကို ငါ သိမ်းထားလို့ရမလား"
လုပမ်ဝေက စိတ်ပျက်လက်ပျက်အမူအယာဖြင့် သူ၏ခေါင်းကိုငုံကာ ပြောဆိုသည်။
"ကောင်းပြီ...ကောင်းပြီလေ...ဒီမှာ မင်းအတွက် ရွှေပြားတစ်ပြား"
လုပမ်ဝေ၏အခြေအနေကိုကြည့်ပြီး ရီဖုန်းသည် မပေးချင်ပေးချင်ဖြင့် ရွှေပြားတစ်ပြားကိုထုတ်ပေးကာ မှာကြားသည်။
"ငါ မင်းကို သတိပေးလိုက်မယ်...မင်း ချွေချွေတာတာသုံးရင် အကောင်းဆုံးပဲ..တကယ်လို့ မင်း ငါ့ကို နောက်တစ်ခါထပ်လာတောင်းမယ်ဆိုရင် ငါ မင်းကို ပေးမှာမဟုတ်ဘူး"
ထိုရွှေပြားကိုယူပြီးနောက် လုပမ်ဝေသည် ခေါင်းငိုက်စိုက်ကျကာ စိတ်ပျက်လက်ပျက်ဖြင့် အခန်းအတွင်းမှ ထွက်သွားတော့သည်။
"အခု သူတို့လည်း အပြင်ကို ထွက်သွားကြပြီ...ဒါကြောင့် ငါလည်းအပြင်ထွက်ပြီးတော့ စူးစမ်းလေ့လာရမယ်"
ရီဖုန်းက အခန်းတံခါးကိုပိတ်ကာ သူ၏အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ပြီးနောက် တည်းခိုခန်းမှ ထွက်ခွာခဲ့တော့သည်။
လသာဆောင်၌...
အရိုးစုတစ်ကောင် ခွေးတစ်ကောင်နှင့်ကင်းခြေမျှားတစ်ကောက်တို့သည် စိတ်ပျက်လက်ပျက် လဲလျောင်းနေကာ အောက်ရှိလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော လူများကို ကြည့်နေကြသည်။
"အကိုကြီး...ဝမ်းနည်းမနေပါနဲ့...ဖြည်းဖြည်းချင်းစုသွားကြတာပေါ့...အခု ငါတို့မှာ ရွှေပြားသုံးပြားတောင် စုမိနေပြီလေ"
ခွေးက တိုးညှင်းသောလေသံဖြင့် နှစ်သိမ့်ပေးလေ၏။
"တကယ်လို့ အကိုကြီးက နောက်ထပ် ဆယ်နှစ် ဒါမှမဟုတ် ရှစ်နှစ်လောက် စုထားမယ်ဆိုရင်..နောက်ဆုံးမှာ မင်း နေချင်သလိုနေနိုင်မယ့် အခွင့်အရေးမျိုး ရလာနိုင်တယ်"
"ချင်...ငါ့ကိုနှစ်သိမ့်ပေးဖို့ မကြိုးစားနဲ့....အခုချိန်မှာ ငါ အသက်ရှင်ချင်တဲ့စိတ် မရှိတော့ဘူး..ငါ ဘာတစ်ခုကိုမှလည်း စိတ်မဝင်စားတော့ဘူး"
လုပမ်ဝေသည် ညှိုးမှိုင်နေသောအမူအယာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
အောင်းချင်သည် စိတ်မသက်မသာဖြစ်သွားသော်လည်း မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။ ရုတ်တရက် သူသည် အောက်၌ဖြတ်သန်းသွားလာနေသော လူအုပ်အကြားတွင် အနီရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ယောက်ကို တွေ့မြင်မိသဖြင့် အလျင်စလိုအော်ဟစ်လိုက်သည်။
"အကိုကြီး...ကြည့်အုံး...ကြည့်လိုက်အုံး...အဲ့ဒီမှာ ခြေတံရှည်ရှည်လေးတစ်စုံရှိနေတယ်"
"ဘယ်မှာလဲ...ဘယ်မှာလဲ..."
ထိုစကားကိုကြားချိန်တွင် အစောပိုင်းက မှိုင်တွေနေသော လုပမ်ဝေသည် ပြန်လည်၍တက်ကြွလာကာ ကြည့်ရန်အတွက် သူ၏ခေါင်းကိုဆတ်ခနဲထောင်လိုက်၏။
"အကိုကြီး မြန်မြန်လေး....ဒီတစ်ယောက်လည်း တော်တော်လေးလှတယ်"
ထိုအချိန်မှာပင် နံဘေးမှနေ၍ ကင်းခြေမျှား၏စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သောအသံ ထွက်ပေါ်လာသည်။
လုပမ်ဝေသည် တခြားတစ်နေရာသို့ကြည့်ရန်အတွက် သူ၏ခေါင်းကို လှည့်လိုက်သည်။
သို့ရာတွင် အချိန်တခဏခန့်စောင့်ကြည့်ပြီးနောက် သူသည် မြေပြင်ပေါ်သို့ပြန်လှဲချကာ ကြေကွဲဝမ်းနည်းစွာ ပြောဆိုသည်။
"ငါက ကြည့်လို့ပဲရတယ်...ငါ လှုပ်လို့မရဘူး...ဒါက တကယ့်ကို စိတ်မသက်မသာဖြစ်စရာပဲ"
သူ ပို၍စကားပြောဆိုလေလေ ပို၍စိတ်မသက်မသာခံစားရလေလေဖြစ်သဖြင့် သူ ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
"မရတော့ဘူး...ငါ ထပ်ပြီးတော့ သည်းမခံနိုင်တော့ဘူး....တကယ်လို့ တစ်စစီဖျက်ဆီးခံရမယ်ဆိုရင်တောင် ငါ လုပ်ရမယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် ကင်းခြေမျှားကိုကောက်ကိုင်ကာ ခွေးနှင့်အတူ ရီဖုန်း၏အခန်းတံခါးထံသို့ ရောက်ရှိလာသည်။
"အကိုကြီး....မင်း တကယ် လုပ်ရဲလို့လား"
အောင်းချင်က ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုသည်။
"ရှူး..."
"စကားမပြောနဲ့....မင်းတို့နှစ်ယောက် လမ်းပေါ်ကိုထွက်ပြီးတော့ စောင့်ကြည့်နေကြစမ်း....သခင်ပြန်လာရင် ငါ့ကိုအသိပေးပါ"
လုပမ်ဝေက အမိန့်ပေးလေသည်။
သူ့အကိုကြီး၏မျက်နှာပေါ်ရှိ အရေးတကြီးအမူအယာကိုကြည့်ပြီး အောင်းချင်နှင့်ကင်းခြေမျှားတို့သည် ပြင်ပမှစောင့်ကြည့်ရန်ဆုံးဖြတ်ကာ အောက်ထပ်သို့ ချက်ချင်းပြေးဆင်းခဲ့တော့သည်။
"ဟီး...ဟီး...."
လုပမ်ဝေသည် သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ရင်း ရီဖုန်း၏အခန်းအတွင်းသို့ ခိုးဝင်လိုက်၏။
ထိုအချိန်မှာပင်....
အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးတစ်ယောက် တည်းခိုခန်းသို့ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီးနောက် သူမရှာနေသောအခန်းကို အတည်ပြုလိုက်သည်။
သူမသည် အတော်အသင့်ဖော်ထားသော ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားကာ သူမ၏မျက်နှာလွှားဇာကိုမတင်၍ သူမ၏လှပသောမျက်နှာလေးကို လှစ်ဟပြထားသည်။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူမက ရီဖုန်း၏အခန်းထံသို့ လျှောက်လှမ်းသွားလိုက်သည်။
"ငါ့ရဲ့အလှနဲ့ဆိုရင်...ငါ့မှာယုံကြည်ချက်ရှိတယ်"
"ပြီးတော့ သူရဲကောင်းတွေက မိန်းမလှတစ်ယောက်ရဲ့ဆွဲဆောင်မှုကြောင့် တစ်ရံတစ်ရံမှာ ပြိုလဲသွားတတ်တယ်....တကယ်လို့ ငါက စွန့်စားမှုမလုပ်ဘူးဆိုရင် ကြီးမားတဲ့အောင်မြင်မှုမျိုး ဘယ်လိုလုပ်ပြီးရနိုင်မှာလဲ"
Chapter 258
ဖန်ရှင်းအာ တံခါးထံသို့ရောက်ရှိလာစဥ်တွင် တံခါးဖွင့်ထားသည်ကို တွေ့မြင်မိလေ၏။
သူမသည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏နီမြန်းသောနုတ်ခမ်းကိုကိုက်ကာ စကားပြောဆိုရန်ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားတစ်ရပ်က အခန်းအတွင်းမှ ထွက်ပေါ်လာသည်။
"ဝုန်း..."
ဤရုတ်တရက်ထွက်ပေါ်လာသော တုန်လှုပ်ချောက်ချားဖွယ် အားလှိုင်းနှင့် ရင်ဆိုရင်ရချိန်တွင် သူမသည် အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိကြောင်း သိရှိလိုက်ရသည်။ စူးရှရှအော်သံတစ်သံနှင့်အတူ သူမသည် အမိုးကိုဖောက်၍ လွင့်ထွက်သွားတော့သည်။
"ဟူး...ဒါက နည်းနည်းပဲလိုတော့တယ်...ငါ့ကိုမိသွားလုနီးပါးပဲ"
အခန်းအတွင်း၌ လုပမ်ဝေသည် သူ၏လက်သီးကိုပြန်ရုတ်သိမ်းပြီး သူ၏ရင်ဘတ်ကိုပုတ်ကာ စိတ်သက်သာရာရသွားပုံဖြင့် ပြောဆိုသည်။ ထို့နောက် သူ ခိုးယူခဲ့သော ရွှေပြားတစ်ပြားကိုဆုပ်ကိုင်ကာ အခန်းအတွင်းမှ ပြေးထွက်ခဲ့လေ၏။
ဘုန်း...
ကိုက်ရာနှင့်ချီ၍ဝေးကွာသောနေရာ၌....
ဖန်ရှင်းအာသည် မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိကာ သူမ၏ပါးစပ်မှနေ၍ သွေးတစ်လုတ်အန်ထွက်လာသည်။
သို့ရာတွင် သူမ၏ဒဏ်ရာများထက်ပို၍ နာကျင်ရသောကိစ္စမှာ သူမသည် အခန်းအတွင်းသို့ မဝင်ရောက်ရသေးမီမှာပင် လက်သီးတစ်ချက်ကြောင့် လွင့်ထွက်ခဲ့ရခြင်းဖြစ်သည်။
တခြားစကား ပြောင်းဆိုရလျှင် သူမ ဂရုတစိုက် ထုတ်ဖော်ခဲ့သော အစီအစဥ်သည် မစတင်မီကတည်းက ကျရှုံးသွားခဲ့ခြင်းပင်။
ထို့ပြင် သူမသည် ထိုဆရာကြီးကို အပြစ်ပြုမိပြီးဖြစ်ပုံရသည်။
"သောက်ချေးပဲ...သောက်ချေးပဲ...အကုန်လုံး သောက်ချေးပဲ"
ဖန်ရှင်းအာ၏မျက်နှာ သုန်မှုန်နေကာ သူမသည် နာကျင်မှုကြောင့် အော်ဟစ်ဆဲဆိုနေပြီး သူမ၏ဒဏ်ရာများကို ကြည့်ရှုစစ်ဆေးလိုက်၏။ ထို့နောက် သူမသည် မလိုလားမှုများပြည့်နှက်နေသောမျက်နှာနှင့် ထွက်ခွာသွားတော့သည်။
သို့ရာတွင် ခြေလှမ်းအနည်းငယ်သာလှမ်းပြီးနောက် သူမက ရပ်တန့်လိုက်သည်။
သူမ၏စူးရှသောအကြည့်သည် လမ်းဘေးတစ်နေရာသို့ ကျရောက်သွားလေ၏။
ထိုအချိန်တွင် ရီဖုန်းသည် လမ်းဘေး၌ စျေးသည်တစ်ယောက်နှင့် အချင်းများနေသည်။
စျေးသည်သည် နီမြန်းသောမျက်နှာနှင့် ပြောဆိုနေသောစကားများကို သူမ ကြားလိုက်မိသည်။
"မင်း....မင်း...မင်း ဆိုလိုတာက...မင်းက ငါ့ဆီကနေ သစ်သီးတချို့ဝယ်ချင်တယ်...ပြီးတော့ ငါက မင်းကို ရွှေပြားတစ်ပြား ပေးရအုံးမှာလား"
"ဒီလိုဆိုရင်ရော...ငါက မင်းဆီကနေ အဲ့ဒီရွှေပြားကို မယူတော့ဘူး...ဒါက အဆင်ပြေတယ်မလား"
ရီဖုန်းက သဘောထားကြီးစွာ ပြောဆိုသည်။
"ဒါကမျှတတယ်လို့ ငါ ထင်တာပဲ"
စျေးသည်က ခေါင်းကုတ်ကာ စိတ်ကျေနပ်မှုရသွားပုံဖြင့် ခေါင်းညိတ်လိုက်သည်။ သို့ရာတွင် ရီဖုန်းသည် သစ်သီးများကိုယူ၍ ထွက်ခွာသွားပြီးနောက် စျေးသည်သည် မည်သို့ဖြစ်ပျက်သွားသည်ကို သိနားလည်သွားပေ၏။
"လောကကြီးက တော်တော်ကျဥ်းတာပဲ....ဒီနေရာမှာ သူနဲ့ထပ်တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ဖန်ရှင်းအာသည် ကျဥ်းမြောင်းသောမျက်လုံးတစ်စုံဖြင့် ထိုမြင်ကွင်းကိုကြည့်ကာ သူမ၏လေသံတွင် ကောက်ကျစ်ယုတ်မာသောအရိပ်အယောင်များ ရောယှက်နေသည်။
ချွမ်းရှီမြစ်ကမ်းနံဘေးတွင် ရီဖုန်းကြောင့် မြောင်ယွင်အာနှင့်ယောင်လင်းအာတို့၏ ပါးရိုက်ခြင်းကို ခံခဲ့ရသည်အား သူမ မမေ့လျော့ချေ။ ထိုပါးရိုက်ချက်များကြောင့် သူမ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသဖြင့် ယုဝမ်ကျီးသည် အနီးရှိမြစ်အတွင်းသို့ သူမကိုကန်ချခဲ့ကာ သူမ၏အသက် ဆုံးရှုံးခဲ့ရလုမတတ်ပင်။
ထိုအကြောင်းကိုတွေးတောရင်း ဖန်ရှင်းအာ၏စိတ်နှလုံးသားအတွင်းတွင် နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။
သူမသည် မူလက ဓားချက်တစ်ချက်တည်းဖြင့် ရီဖုန်းကို သတ်ဖြတ်လိုခဲ့သည်။ သို့ရာတွင် သူ့အား ပြင်းထန်စွာညှင်းပန်းနှိပ်စက်ခြင်းမပြုပါက ဤအရှက်ရခဲ့မှုကို သူမ မည်သည့်နည်းဖြင့် ဖြေဖျောက်နိုင်မည်နည်း။
ထိုအတွေးနှင့်အတူ....
သူမသည် ရီဖုန်းထံသို့ အလျှင်အမြန်ချဥ်းကပ်သွားကာ အိတ်တစ်အိတ်ကို သူ့ပေါ်သို့စွပ်လိုက်၏။
လမ်းလျှောက်နေသောရီဖုန်းသည် ရုတ်တရက် သူ၏အမြင်အာရုံကွယ်ပျောက်သွားကာ သူ့အား အဝေးသို့သယ်ဆောင်သွားခံရသည်ကို ခံစားမိသည်။
လမ်းပေါ်တွင် ဆူညံပူညံအသံများ ထွက်ပေါ်လာသည်။
သို့ရာတွင် အနီးတွင်သာမာန်လူများသာရှိနေသဖြင့် ထိတ်လန့်ကြောက်ရွံစွာ ရှောင်ပြေးသွားကြလေ၏။
မှိန်ပျပျအခန်းတစ်ခန်းအတွင်း၌ ရီဖုန်းကို တိုင်တစ်တိုင်နှင့်ကပ်၍ ချည်နှောင်ထားသည်။
ခေါင်းမှစွပ်ထားခံရသော အိတ်ကိုချွတ်လိုက်စဥ်တွင် ဖျော့တော့တော့အလင်းတန်းများကြောင့် ရီဖုန်း၏မျက်လုံး စူးရှသွားသည်။
"သောက်ပလုပ်တုတ်..ငါ ပြန်ပေးဆွဲခံရတာလား"
ရီဖုန်းက အံ့အားတသင့် ရေရွတ်လိုက်သည်။ သူ၏ရှေ့ရှိ အေးစက်စက်သရော်တော်တော်မျက်နှာတစ်ခုကို မမြင်တွေ့ရသေးမီ သူ၏မျက်လုံးများ ကျင့်သားရစေရန် သူ အချိန်အတော်ကြာယူခဲ့ရသည်။
"ဟွန့် ရီဖုန်း...နင် ငါ့ကို ထပ်တွေ့ရဖို့ မျှော်လင့်မထားမိဘူးမလား"
ဖန်ရှင်းအာ၏သရော်တော်တော်အသံ ထွက်ပေါ်လာသည်။
"မင်းလား..."
သူ၏ငယ်ချစ်ဟောင်းဖြစ်နေကြောင်း သိလိုက်ရချိန်တွင် ရီဖုန်း အနည်းငယ်အံ့အားသင့်သွားသည်။
ရန်သူဟူ၍မရှိသော သူသည် ပြန်ပေးဆွဲခံရသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ ယခုကြည့်ကြည့်တော့မှ ဖန်ရှင်းအာ၏လက်ချက် ဖြစ်နေပေ၏။
ထိုအကြောင်းကိုတွေးတောရင်း သူက နူးညံညင်သာစွာ အကြံပေးလိုက်သည်။
"ဖန်ရှင်းအာ...ဒီတစ်ကြိမ်တော့ မင်း တကယ့်ကို မဆင်မခြင်လုပ်ခဲ့တာပဲ...အရင်တစ်ခေါက်တုန်းက ငါ မင်းကို ငြင်းပယ်ခဲ့ပြီးပြီ....ငါက မင်းနဲ့ ပြန်မတွဲချင်တော့ဘူး...ဒါပေမယ့် မင်းက ဘာလို့ အချစ်ကို အမုန်းအဖြစ် မပြောင်းလဲနိုင်တာလဲ...ပြီးတော့ မင်းက ငါ့ကို အရင်ချန်ထားခဲ့တဲ့လူလေ"
ထိုအချက်ကိုပြောဆိုရင်း ရီဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ စိတ်အားထက်သန်စွာဖြင့် ဆက်လက်၍ပြောဆိုသည်။
"မင်းလည်း ငါ့အကြောင်းကိုသိတာပဲ...ငါကဘစည်းစောင့်တဲ့လူတစ်ယောက်...ငါက ရည်းစားဟောင်းနဲ့ ဘယ်တော့မှပြန်တွဲမှာမဟုတ်ဘူး...ဒါကြောင့် မင်း ငါ့ကို ပြန်ပေးဆွဲရင်လည်း ငါက မင်းဆီပြန်လာမှာမဟုတ်ဘူး"
"ပါးစပ်ပိတ်ထားစမ်း"
ရီဖုန်း၏စကားလုံးများသည် ဖန်ရှင်းအာကို ရန်စစော်ကားနေသည့်အလားပင်။
မိုးကောင်းကင်ဓားဂိုဏ်း၏သူတော်စင်သမီးပျိုဖြစ်သော သူမသည် သူ့ကဲ့သို့ အသုံးမကျသောအမှိုက်ကောင်နှင့် ပြန်တွဲချင်နေသည်ဟူသော အတွေးမျိုးကို ရီဖုန်း မည်သည့်နေရာမှရရှိခဲ့သည်အား သူမ အမှန်တကယ်ကို နားလည်သဘောပေါက်နိုင်ခြင်းမရှိချေ။
ထို့ပြင် သူမသည် သူ့အား ညှင်းပန်းနှိပ်စက်ရန်အတွက် ပြန်ပေးဆွဲလာခြင်းဖြစ်သည်။ မည်သည်ကြောင့် သူသည် အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်သနည်း။
"ရီဖုန်း...နင့်အဆင့်ကို နင်သိစမ်း...ငါ ဖန်ရှင်းအာက ဘယ်သူမလို့လဲ...လူထောင်သောင်းရဲ့အထက်မှာ ရပ်တည်နေတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ...ဘာလို့ ငါက နင့်လိုသာမာန်သေမျိုးတစ်ယောက်နဲ့ ပြန်တွဲချင်ရမှာလဲ...မတန်မရာ မပြောစမ်းနဲ့"
ဖန်ရှင်းအာက ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာနှင့် ရီဖုန်းကို အော်ဟစ်လိုက်သည်။
"ဟူး....ဒါဆိုရင်လည်း အရမ်းကောင်းတာပဲ"
ရီဖုန်းက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသည့်အလားပင်။
သို့ရာတွင် ထိုအခြင်းအရာကိုကြည့်ပြီး ဖန်ရှင်းအာ ပို၍ဒေါသထွက်သွားသည်။
ဤသည်မှာ မည်သည့်တုံ့ပြန်မှုမျိုး ဖြစ်သနည်း....
စိတ်သက်သာရာ ရသွားခဲ့သလော....
သူသည် ထိတ်လန့်ကြောက်ရွံကာ ဒူးထောက်၍ အသနားခံတောင်းပန်နေရမည်မဟုတ်လော....
သူ့အား မည်သည့်အရာများစောင့်ကြိုနေသည်ကို သူ မသိရှိသလော....
ကောင်းပြီ...
ဤသို့ဖြစ်လာသဖြင့် သူမ၏စွမ်းအားကို သူ့အား ပြသရပေမည်....
ဖန်ရှင်းအာက အံ့တင်းတင်းကြိတ်လိုက်၏။ သူမ၏သိုင်းဘိုးဘေးနယ်ပယ် အရှိန်အဝါ ပွင့်အံ့ထွက်လာသည်။
သူမ၏အရှိန်အဝါနှင့်အတူ သူမ၏ဆံပင်ရှည်များ မြင့်တက်သွားကာ ရီဖုန်းထံသို့ ဖြာကျသွားသည်။
တုန်လှုပ်နေစမ်း...
သေမျိုးကောင်...
ဤအချိန်အခိုက်အတန့်တွင်....
ဖန်ရှင်းအာ၏မျက်နှာပေါ်တွင် ပြင်းထန်သောသရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူမ၏အရှိန်အဝါအောက်၌ ရီဖုန်းသည် ငိုယို၍ အသနားခံတောင်းပန်ကာ သူမ၏ဒေါသကိုဆွပေးခဲ့သဖြင့် နောင်တများဖြင့် သူ ဒူးထောက်နေမည့်မြင်ကွင်းကို သူမ ကြိုတင်၍မြင်ယောင်နေမိသည်။
သို့ရာတွင်...
ရီဖုန်းသည် ထိုအစား ငိုက်မြည်းလာကာ ထပ်ခါတလဲလဲသမ်းဝေနေပြီး သူ့အပေါ်တွင် အနည်းငယ်မျှ သက်ရောက်မှုမရှိသည့်အလားပင်။
ဤသည်မှာ ဖန်ရှင်းအာကို ကြက်သေသေသွားစေသည်။
သမ်းဝေနေတာလား...
ဘာလို့လဲ...
သေမျိုးတစ်ယောက်သည် မည်သည်ကြောင့် သူမ၏အရှိန်အဝါကို လျစ်လျှူရှုထားနိုင်သနည်း...
သူမသည် သိုင်းဘိုးဘေးတစ်ယောက်ပင်။
မည်သည်ကြောင့် သေမျိုးတစ်ယောက်သည် ဤဖိအားအရှိန်အဝါကို တောင့်ခံနိုင်သနည်း....
ဖန်ရှင်းအာ လုံးလုံးလျားလျား ဦးနှောက်ခြောက်သွားသည်။ သူမ၏ကျင့်ကြံခြင်းတွင် တစ်စုံတစ်ခုမှားယွင်းနေသည်ဟုပင် သူမ သံသယဝင်နေမိလေ၏။ သို့ရာတွင် ရီဖုန်းသည် ငိုက်မျဥ်းနေကာ သူမ၏ရှေ့တွင်သမ်းဝေနေသည်ကို မြင်တွေ့ချိန်တွင် သူမ၏စိတ်နှလုံးသား ဒေါသများဖြင့် လောင်မြိုက်သွားသည်။
ဤသည်မှာ သူမ၏အရှိန်အဝါကို ဆန့်ကျင်၍ ရန်စစော်ကားခြင်းပင်။
ရီဖုန်းသည် သူမ၏စွမ်းအားကို အထင်အမြင်သေးနေခဲ့သလော....
သူမ၏လက်အတွင်းမှဓားကိုမြှောက်ကာ ရီဖုန်း၏လည်ပင်းပေါ်သို့တင်ပြီး အော်ငေါက်လိုက်သည်။
"နင့်ရဲ့ပါးစပ်ကို ပိတ်ထားစမ်း"
ရီဖုန်းက သူ၏ပါးစပ်ကိုပိတ်လိုက်၏။ သို့သော် မကြာမီမှာပင် သူ၏ပါးစပ်ကိုပြန်ဟ၍ သမ်းဝါးလေသည်။
ဤသည်မှာ ဖန်ရှင်းအာ၏ဒေါသကို ပေါက်ကွဲသည့်အဆင့်သို့ ရောက်ရှိသွားစေသည်။ သူမ၏ဓားဖြင့် ရီဖုန်း၏နောက်ရှိတိုင်ကို ခုတ်ပိုင်းလိုက်ကာ သူမက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပြည့်နှက်နေသောအသံဖြင့် ပြောဆိုသည်။
"နင် သေမှာကို မကြောက်ဘူးလား"
ရီဖုန်း၏ဇက်ပုသွားကာ သူ၏မျက်နှာပေါ်တွင် ကူကယ်ရာနဲ့အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"တောင်းပန်ပါတယ်...ဒီရက်တွေထဲမှာ ငါ အရမ်းပင်ပန်းနေတယ်...ငါ တကယ့်ကို...တကယ့်ကို တောင့်မခံနိုင်တော့ဘူး...ဝါး...."
စကားပြောဆိုနေရင်း ရီဖုန်းသည် ဖန်ရှင်းအာ၏အကြည့်အောက်တွင် ထပ်မံ၍သမ်းဝေလိုက်၏။
"ဘုန်း..."
"ဘုန်း...."
"ဘုန်း..."
"ဘုန်း..."
ဒေါသူပုန်ထနေသော ဖန်ရှင်းအာသည် သူမ၏ဓားကိုဝှေ့ယမ်းရင်း သွေးရူးသွေးတန်းအော်ဟစ်နေကာ အခန်းအတွင်း၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။
ထို့နောက် သူမ၏ဓားသည် ရီဖုန်း၏လည်ပင်းပေါ်သို့ တဖန်ပြန်၍ ရောက်ရှိလာသည်။
"နင်က အရမ်းလိမ္မာပါးနပ်တယ်...ငါ နင်ကို အထင်ကြီးသွားပြီ...နင်က မြန်မြန်အဆုံးသတ်ခံရဖို့မျှော်လင့်ပြီးတော့ ငါ့ကို တမင်သက်သက် ရန်စနေတာပဲ"
"ဒါပေမယ့် ငါ နင့်ကို လုံးဝသတ်မှာမဟုတ်ဘူး..အဲ့ဒီအစား နင့်ကို ကောင်းကောင်းလေးနှိပ်စက်ဖို့အတွက် မိုးကောင်းကင်ဓားဂိုဏ်းကို ခေါ်သွားမယ်"
Chapter 259
ဖန်ရှင်းအာသည် ရီဖုန်းကို ပို၍နှိပ်စက်ညှင်းပန်းရန်သာမက သူမ ပြန်လာခြင်းကို ဂိုဏ်းချုပ်ထံသို့ အကြောင်းကြားရန်အတွက် မိုးကောင်းကင်ဓားဂိုဏ်းသို့ ပြန်လာခဲ့သည်။
အကယ်၍ ဤအခြေအနေတိုင်းသာ ဆက်သွားပါက ထင်ရှားကျော်ကြားမည့်ကံကြမ္မာကောင်းကြီးသည် မိုးကောင်းကင်ဓားဂိုဏ်း၏လက်ချောင်းများကြားမှ ချော်ထွက်သွားပေမည်။
နောက်ဆုံးတွင် သူမသည် မိုးကောင်းကင်ဓားဂိုဏ်း၏ဂိုဏ်းချုပ် သွမ်ချင်းဖုန်းထံမှ အကြောင်းပြန်မှုကို ရရှိခဲ့သည်။ ထိုသတင်းများကိုကြားပြီးနောက် သူသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသော်လည်း သူ၏ကျင့်ကြံခြင်းနှင့်ဆက်စပ်နေသော အကြောင်းအရင်းများကြောင့် သူ ဂိုဏ်းမှမထွက်ခွာမီ သူ၏ကျင့်ကြံဆင့်တည်ငြိမ်စေရန် နှစ်ရက်ခန့်အချိန်ယူရပေမည်။
အခွင့်အရေးသည် ဆွဲဆောင်နေသော်လည်း သူ့ကိုယ်သူ ရူးသွပ်သွားခွင့် မပြုနိုင်ချေ။
သွမ်ချင်းဖုန်းထံမှ ပြန်လာပြီးနောက် ဖန်ရှင်းအာသည် ရီဖုန်းအား အကျဥ်းချထားသည့်နေရာထံသို့ သွားလိုက်၏။
"ဒူးထောက်စမ်း"
ရီဖုန်းကိုကြည့်ပြီး ဖန်ရှင်းအာထံတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူမ၏ဓားရှည်ဖြင့် ရီဖုန်း၏လည်ပင်းကိုဖိကပ်ကာ ရေခဲတမျှအေးစက်စက်အသံဖြင့် မေးမြန်းသည်။
သူ၏လည်ပင်းမှအေးစက်စက်အငွေ့အသက်ကို ခံစားရသည့်တိုင် ရီဖုန်းသည် လှုပ်ရှားသွားခြင်းမရှိချေ။
"နင် သေမှာကို မကြောက်ဘူးလား"
"ကောင်းပြီ...ကောင်းပြီလေ...နင်လိုသေမျိုးတစ်ယောက်က ဘယ်လောက်ထိကြာကြာ ခေါင်းမာနိုင်မလဲဆိုတာ ငါ ကြည့်အုံးမယ်"
ဖန်ရှင်းအာသည် အလွန်ဒေါသထွက်နေကာ သွေးအန်တော့လုမတတ်ပင်။ သို့ရာတွင် ရီဖုန်း ဤကဲ့သို့ပို၍ပြုမူလေလေ သူမသည် သူ့အား ပို၍နှိပ်စက်ညှင်းပန်းလိုလေလေပင်။
သူမသည် ရီဖုန်းကို အစောင့်အကြပ်ထူထပ်သော နေရာတစ်နေရာသို့ တွန်းပို့လိုက်သည်။
ထိုနေရာအတွင်းတွင် အေးစက်စက်အလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေသော တံခါးကြီးတစ်ချပ်ရှိနေသည်။
"ရီဖုန်း...ဒီတံခါးရဲ့အတွင်းဘက်မှာ ငါတို့မိုးကောင်းကင်ဓားဂိုဏ်းရဲ့ နဂါးအကျဥ်းထောင်နယ်မြေရှိတယ်....အဲ့ဒီနေရာမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီးတော့ လောကကြီးထဲမှာ တုန်လှုပ်ချောက်ချားဖို့အကောင်းဆုံးအရာတွေကို နင် ခံစားရမယ်....ငါ နင့်ကို နောက်ဆုံးတစ်ကြိမ် အခွင့်အရေးပေးမယ်...တကယ်လို့ နင်က ဒူးထောက်ပြီးတော့ ဦးညွှတ်အရိုအသေပြုမယ်ဆိုရင်...နင် မြန်မြန်သေစေရမယ်လို့ ငါ အာမခံတယ်...ဒါပေမယ့် တကယ်လို့ နင် မလုပ်ဘူးဆိုရင်...ဒီလောကကြီးထဲမှာ အနာကျင်ရဆုံးသေခြင်းနဲ့ နင် ကြုံတွေ့ရအောင် ငါ သေချာပေါက်လုပ်ပေးမယ်"
ဖန်ရှင်းအာသည် ရေခဲတမျှအေးစက်စက်မျက်လုံးတစ်စုံဖြင့် ရီဖုန်းကိုစူးစိုက်ကြည့်ကာ ခြိမ်းခြောက်စကားပြောဆိုသည်။
သို့ရာတွင် သူမ အံ့အားသင့်သွားရသည်မှာ ရီဖုန်းသည် သူမအား စောင်းငဲ့ကြည့်ခြင်းပင်မပြုဘဲ ခြေလှမ်းကျဲကြီးများဖြင့် အေးစက်စက်တံခါးကြီးကို ဖြတ်လျှောက်သွားခြင်းပင်။
"ဘာ...နင်....."
ဖန်ရှင်းအာသည် ဒေါသကြောင့် တုန်ရီနေသော်လည်း ရီဖုန်းသည် သူမ၏မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားလေပြီ။
"ကောင်းပြီ...ကောင်းပြီလေ....သေမျိုးတစ်ယောက်က သူ့သဘောနဲ့သူတောင် ဝင်သွားဝံ့တယ်...အထဲမှာ တုန်လှုပ်ချောက်ချားစရာတွေနဲ့ ကြုံတွေ့ရတဲ့အချိန်ကျမှ...နင် လိမ်လိမ်မာမာနဲ့ ဒူးမထောက်မိတဲ့အတွက် နောင်တရမှာသေချာတယ်"
ထို့နောက် သူမသည် တံခါးရှေ့၌ ပလ္လင်ခွေထိုင်လိုက်၏။
သူမသည် ရီဖုန်းကို အတွင်း၌ နေ့တစ်ဝက်ခန့် ညှင်းပန်းနှိပ်စက်မှုများကို ခံစားရပြီးမှ သူ့အားပြန်လွှတ်ပေးရန် စီစဥ်ထားသည်။
နဂါးအကျဥ်းထောင်နယ်မြေသည် ဝင်္ကပါများဖြင့်ဖွဲ့စည်းထားသော ချိပ်ပိတ်လေဟာနယ်တစ်ခုပင်။
ဤနယ်မြေအတွင်းရှိလေသည် ခြောက်သွေ့ကာ အငွေ့အသက် အလွန်ပြင်းထန်သည်။ အသက်ရှုရန်သက်သက်ပင်လျှင် အလွန်အမင်းခက်ခဲပေရာ အတွင်းရှိ ဆွဲငင်အားသည် ပြင်ပလောကထက် အဆပေါင်းမရေမတွက်နိုင်အောင် ပို၍ပြင်းထန်သည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင်မလိုတော့ချေ။ ဤနေရာတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် နတ်ဆိုးသားရဲများလည်း အမြောက်အများရှိနေသည်။ နှစ်ကာလကြာမြင့်စွာ ဖမ်းချုပ်ထားခြင်းခံရသောကြောင့် ထိုနတ်ဆိုးသားရဲများ၏ကျင့်ကြံဆင့်သည် နိမ့်ကျသွားသော်လည်း ဆာလောင်မွတ်သိပ်နေသောဝံပုလွေများအလား သူတို့သည် အသက်ရှင်သန်နိုင်ရန်အတွက် လူသားများ၏အနံကိုရသည်နှင့် ခုန်အုပ်ကြလေ၏။
နဂါးအကျဥ်းထောင်နယ်မြေအတွင်း၌ သိုင်းဧကရာဇ်တစ်ယောက်ပင်လျှင် ဝင်္ကပါများကို မည်သို့ဖြိုခွင်းရမည်ကို မသိရှိသဖြင့် တဖြည်းဖြည်း စွမ်းအားများကုန်ခမ်းကာ နောက်ဆုံးတွင် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲများ၏အစာဖြစ်သွားပေမည်။
သေမျိုးတစ်ကောင် ထိုနယ်မြေအတွင်းသို့ ဝင်သွားသည်ကို ထည့်တွက်နေရန်ပင်မလိုတော့ချေ။
ရီဖုန်း စိတ်ပျက်အားငယ်သွားစေရန်အတွက် နေ့တစ်ဝက်အချိန်သည် လုံလောက်ပေ၏။
ရီဖုန်း၏မျက်လုံးများတောက်ပသွားကာ တခြားမြင်ကွင်းတစ်ခုက သူ့ရှေ့၌ ထွက်ပေါ်လာသည်။
ခြောက်ကပ်ခြင်း...
မြေပြင်ပေါ်တွင် အရိုးများပြန့်ကျဲနေကာ ပြင်းထန်သောဖိအားအရှိန်အဝါကို ထုတ်လွှတ်နေသည်။
သို့ရာတွင် ရီဖုန်းသည် မျက်မှောင်အနည်းငယ်သာကြုတ်လိုက်ပြီး သေမျိုးတစ်ယောက်ထံတွင်ရှိသင့်သည့် ထိတ်လန့်ကြောက်ရွံမှုမျိုး သူ့ထံတွင်မရှိချေ။
အမှန်အားဖြင့် ဤနှစ်များအတွင်းတွင် ရီဖုန်း၏စိတ်နှလုံးသားအတွင်းတွင် ကိန်းအောင်းနေသော တစ်စုံတစ်ခုရှိနေသည်။
နှစ်ပေါင်းများစွာ ကြာညောင်းခဲ့လေပြီ။
သူ ကူးပြောင်းလာပြီးနောက် စနစ်နှင့်ပေါင်းစပ်ပြီးကတည်းက သူ့ထံတွင် ကွဲလွဲမှုများရှိနေကြောင်း သူ သိနားလည်ခဲ့သည်။
လူတိုင်း သိထားကြသည့်အတိုင်း....
လူသားများထံတွင် စိတ်ခံစားချက်ခုနစ်မျိုးနှင့် စိတ်ဆန္ဒခြောက်မျိုးရှိသည်။
လူသားများသည် ပျော်ရွှင်ခြင်း ကြောက်ရွံခြင်း ဝမ်းနည်းခြင်း စိတ်ပျက်ခြင်း အစရှိသဖြင့် ခံစားရသည်။
သို့ရာတွင် စနစ်နှင့်ပေါင်းစပ်ပြီးနောက် သူ၏အကြောက်တရား ပျောက်ကွယ်သွားသည်ကို သူ သိရှိရပေ၏။
ယခင်က တောပုန်းဓားပြများနှင့် တွေ့ကြုံရစဥ်တွင်ဖြစ်စေ သို့မဟုတ် သူ၏လည်ပင်းပေါ် ဖန်ရှင်းအာ၏ဓား ဖိကပ်ထားစဥ်တွင်ဖြစ်စေ သူ အလိုအလျောက် ထိတ်လန့်တကြား တုံ့ပြန်မိသည်။
သို့ရာတွင် သူ အမှန်တကယ် စဥ်းစားတွေးတောကြည့်မိချိန်တွင်....
သူ ကြောက်ရွံနေခဲ့သလော....
အနည်းငယ်မျှ သူ ကြောက်ရွံခြင်းမရှိချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ အလွန်အမင်း တည်ငြိမ်အေးဆေးနေခဲ့သည်။
ဤသည်မှာ ထူးဆန်းသောခံစားချက်တစ်ခုပင်။
သူသည် ဤလောကကြီးအတွင်း၌ တစ်စုံတစ်ခုကိုမှ ကြောက်ရွံခြင်းမရှိဘဲ မွေးဖွားလာသည့်အလားပင်။
ထို့ထက်ပို၍အဓိပ္ပါယ်မဲ့သည်မှာ ဤအကြောက်တရားကင်းမဲ့မှုသည် သူ၏မွေးရာပါကျေနပ်ရောင့်ရဲမှုမှလာသည်ဟု သူ ဝိုးတဝါးခံစားနေရခြင်းပင်။
သို့ရာတွင် အကြောက်အလန့်ကင်းမဲ့ခြင်းသည် ဆင်ခြင်တုံတရားမရှိဟု ဆိုလိုခြင်းမဟုတ်ချေ။ သူ့ထံတွင် သာမာန်အတွေးမျိုးရှိနေဆဲဖြစ်ကာ ကြိုတင်ကာကွယ်မှုများပြုလုပ်ပြီး အန္တရာယ်များကို ရှောင်ရှားနေလေ့ရှိသည်။
"ဒီနေရာမှာ ထွက်လမ်းရှိမရှိ ငါ မသိရသေးဘူး...ဒါကြောင့် ငါ စူးစမ်းလေ့လာတာ ပိုကောင်းလိမ့်မယ်"
ရီဖုန်းက ခြေဦးတည်ရာ ထွက်ခွာခဲ့တော့သည်။
"သောက်ချေးပဲ...ဘာလို့ သားရဲတွေအများကြီး ရှိနေတာလဲ"
သူ မြေရိုင်းပေါ်သို့ ခြေချမိစဥ်မှာပဲ သားရဲတစ်စုက ရုတ်တရက် တိုးထွက်လာသည်။
ထိုသားရဲများသည် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းကာ သူတို့ထံတွင် အရည်ပြားနှင့်အရိုးများသာရှိနေပြီး တချို့ဆိုလျှင် သူတို့၏ခန္ဓာကိုယ်အရည်ပြားများပင် ကွာထွက်နေသော်လည်း ရီဖုန်းကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲလိုသည့်အလား သူတို့၏အစွယ်များကိုဖြဲဟကာ ပြေးဝင်လာကြသည်။
ပြေးစရာမြေမရှိတော့သဖြင့် ရီဖုန်းသည် ဓားမြှောင်တစ်လက်ကိုဆွဲထုတ်ကာ ထိုသားရဲများကို ရင်ဆိုင်လိုက်၏။
မကြာမီမှာပင် သားရဲဆယ်ကောင်ကျော်သည် မြေပြင်ပေါ်၌ လဲကျသေဆုံးသွားတော့သည်။
"သောက်ကျင့်မကောင်းတဲ့ စုန်းမ..."
"ဒီလောက်သားရဲတွေအများကြီးနဲ့...မင်းက ငါ့ကို သေစေချင်နေတာလား"
ရီဖုန်းက တံတွေးထွေးကာ အေးစက်စက်မျက်နှာနှင့် ဆဲဆိုလိုက်သည်။
မူလက သူသည် ဤမိန်းကလေးကို မည်သို့မျှလုပ်လိုစိတ်မရှိသော်လည်း သူမသည် သူ၏အသက်ကိုယူရန်ကြံစည်နေသဖြင့် သူ ဤရန်ငြိုးကို မှတ်ထားရပေမည်။
သူသည် သေမျိုးတစ်ယောက်ဖြစ်သော်လည်း အလွယ်တကူအနိုင်ရနိုင်သည့်လူစားမျိုးမဟုတ်ချေ။
သူမသည် သူ့အား ပြဿနာရှာခဲ့သောကြောင့် သူမ သေချာပေါက် ပြန်ပေးဆပ်ရပေမည်။
သူ ဆက်သွားသည်နှင့်အမျှ ပို၍ပို၍ရက်စက်ကြမ်းကြုတ်သောသားရဲများက သူ့ထံတိုးဝင်လာကြသည်။
ဤရက်စက်ကြမ်းကြုတ်သောမှော်သားရဲများသည် တခြားသေမျိုးများအတွက် အလွန်အကျွံဖြစ်နိုင်သော်လည်း သိုင်းပညာရပ်နယ်ပယ်တွင် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်သို့ ရောက်ရှိနေသော ရီဖုန်းအတွက်မူ မရေးမပါလှချေ။
သူ၏လမ်းကြောင်းတလျှောက်လုံး သားရဲအလောင်းများ အတန်းလိုက်လဲကျနေသည်။
ရီဖုန်းက ဤကွဲပြားခြားနားသော ကမ္ဘာလောကအတွင်းတွင် သူ၏သိုင်းပညာရပ်လေ့ကျင့်ခဲ့ခြင်းသည် လုံးလုံးလျားလျား အသုံးမဝင်ခြင်းမဟုတ်ဟု ခံစားရသည့် ပထမဆုံးအကြိမ်ပင်။ အနည်းဆုံးအနေဖြင့် သူသည် ဤသားရဲများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည်။
နောက်ဆုံး၌ သားရဲများ သူ့ထံသို့ထပ်မံ၍ ရောက်မလာတော့ကြောင်း သူ သိရှိလိုက်သည်။
ထို့နောက် သူသည် လမ်းဆုံးသို့ရောက်နေပြီဖြစ်ကြောင်း ရှာဖွေတွေ့ရှိမိလေ၏။
သူ၏ရှေ့တွင် မှုန်ဝါးပြီး ဖန်သားပြင်နှင့်တူသော နံရံကြီးတစ်ခုက သူ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားသည်။
ထိုနံရံသည် အလွန်ထူးဆန်းကာ အစိတ်အပိုင်းတချို့သည် ငေါထွက်နေကာ တချို့သည် နစ်မြုပ်နေကာ ပုံသဏ္ဍာန်မမှန်သောစိန်ပွင့်ပုံစံများအဖြစ် ဖွဲ့စည်းနေသည်။ ဘေးဘီဝဲယာကိုကြည့်ပါက သူသည် အကန့်အသတ်မရှိဆန့်တန်းနေသော ဖန်သားနှင့်တူညီသည့် နံရံကြီးကိုသာ တွေ့မြင်ရကာ အဆုံးအစမရှိချေ။
နဂါးအကျဥ်းထောင်နယ်မြေ၏ပြင်ပ၌...
ပလ္လင်ခွေထိုင်နေသော ဖန်ရှင်းအာသည် သူမ၏မျက်လုံးများကိုဖွင့်လိုက်၏။
သူမ၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ရီဖုန်း...အထဲမှာ နင် ဘာတွေလုပ်နေလဲဆိုတာ ငါ သိချင်မိတယ်...နင်က တံခါးနားမှာငိုနေပြီးတော့...နင့်ကို အပြင်ထုတ်ပေးဖို့ ငါ့ကို တောင်းပန်နေလောက်တယ်"
သူမက အေးစက်စက်ရယ်မောရင်း သူမ၏လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။
"တံခါးကို ဖွင့်လိုက်တော့"
"ဟုတ်ကဲ့ပါ သူတော်စင်မိန်းမပျို"
တပည့်နှစ်ယောက်သည် ဝင်္ကပါများကို အသက်သွင်းပြီးနောက် တံခါးပေါ်ရှိအလင်းတန်း တဖြည်းဖြည်းမှိန်ဖျော့သွားသည်။ ထူထပ်သိပ်သည်းသော ခြောက်ကပ်ကပ်အရှိန်အဝါတစ်ရပ် တိုးထွက်လာသည်။
ဖန်ရှင်းအာ၏ကျင့်ကြံဆင့်ဖြင့်ပင် ဤအရှိန်အဝါများကြောင့် မျက်မှောင်ကြုတ်မိနေဆဲဖြစ်သည်။ အကယ်၍ သူမသည် နဂါးအကျဥ်းထောင်နယ်မြေအတွင်း၌ ရက်အနည်းငယ်ကြာနေရပါက သူမ ရူးသွပ်သွားနိုင်ချေရှိသည်။
သို့ရာတွင် သူမ အံ့အားသင့်သွားရသည်မှာ အတွင်း၌ မည်သည့်လူရိပ်လူယောင်မျှ ရှိမနေခြင်းပင်။
"သူ ဘယ်မှာလဲ"
သူမ၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူမ အတွင်းသို့ခြေချလိုက်သည်နှင့် သူမ၏ခြေထောက်ကျွံဝင်သွားကာ သူမ၏သိုင်းဘိုးဘေးနယ်ပယ် ကျင့်ကြံဆင့်ဖြင့်ပင် သူမ ခြေလှမ်းလှမ်းရန် အလွန်အမင်း ခက်ခဲနေသည်။ ထိုခြောက်ကပ်ကပ်အရှိန်အဝါသည် သူမ၏ကျင့်ကြံဆင့်ကိုလည်း သက်ရောက်လာကာ သူမ၏စွမ်းအားများ ဖရိုဖရဲဖြစ်သွားသည်။
သူမ ပတ်ဝန်းကျင်ကို လှည့်ပတ်၍ကြည့်ပြီးသော်လည်း ရီဖုန်း၏အရိပ်အယောင်ကို မမြင်တွေ့မိချေ။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
ဖန်ရှင်းအာသည် လုံးလုံးလျားလျား မယုံကြည်နိုင်မှုကြောင့် အံ့အားသင့်တုန်လှုပ်နေသည်။
ဤကဲ့သို့ကြမ်းတမ်းသော ပတ်ဝန်းကျင်အတွင်းတွင် ရီဖုန်းသည် စိတ်ပျက်ညှိုးငယ်စွာဖြင့် တံခါးအနီးတွင် ဆောင့်ကြောင့်ထိုင်နေရုံမှအပ ခပ်ဝေးဝေးသို့သွားရန်မဆိုထားနှင့် သူသည် ခြေတစ်လှမ်းပင် လှမ်းနိုင်မည်မဟုတ်ချေ။
ထိုသို့ဆိုပါက သက်ရှိလူသားတစ်ယောက်သည် ပါးလွှာသောလေထုအတွင်း၌ အငွေ့ပျံသွားခဲ့သလော.....
"သူတော်စင်မိန်းမပျို...အပြင်ကို မြန်မြန်ပြန်ထွက်ရအောင်...အဲ့ဒီသေမျိုးကို သားရဲတွေဆွဲသွားတာ ဖြစ်နိုင်တယ်....တကယ်လို့ မင်း ဒီနေရာမှာ ကြာကြာဆက်နေလို့ တစ်ခုခုဖြစ်လာရင် ဒုက္ခတွေ့သွားနိုင်တယ်"
တပည့်နှစ်ယောက်က သတိပေးသည်။
ရီဖုန်းကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ကြောင်း အတည်ပြုပြီးနောက် ဖန်ရှင်းအာသည် နောက်ဆုံး၌ နဂါးအကျဥ်းထောင်နယ်မြေမှ ပြန်ထွက်ခဲ့ကာ တံခါးကြီးကို ပြန်ပိတ်လိုက်၏။
"လွယ်လွယ်လေး သေသွားတယ်....နင် တော်တော်သက်သာသွားတာပဲ"
ဖန်ရှင်းအာသည် ဒေါသတကြီးဖြင့် သက်ပြင်းရှိုက်ကာ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်သည်။
"ဘုန်း.."
သို့ရာတွင် သူမ ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးချိန်တွင် အလွန်ကျယ်လောင်သော တုန်ခါသံကြီးသည် မြေငလျှင်တစ်ခု လှုပ်ခတ်သွားသည့်အလား မိုးကောင်းကင်ဓားဂိုဏ်းတစ်ဂိုဏ်းလုံးထံမှ ထွက်ပေါ်လာသည်။
Chapter 260
ဤအချိန်အခိုက်အတန့်တွင် ကျင့်ကြံဆင့်အားနည်းသူတချို့သည် တည်ငြိမ်စွာပင် မတ်တတ်ရပ်မနေနိုင်တော့ချေ။
တစ်ချိန်တည်းမှာပင် မိုးကောင်းကင်ဓားဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူအမြောက်အများသည် ပျံသန်း၍ထွက်လာပြီး လေထုအတွင်း၌မတ်တတ်ရပ်ကာ အောက်ရှိဂိုဏ်းထံသို့ ငုံကြည်လိုက်ကြ၏။
"ဘာတွေဖြစ်နေတာလဲ"
"ဘာလို့ ဒီလိုတွေဖြစ်နေတာလဲ"
"ဘာဖြစ်တာပါလိမ့်"
ထိုကျင့်ကြံသူများထံမှနေ၍ တည်ကြည်လေးနက်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။
"ဒီနံရံက တော်တော်လေးမာတာပဲ...ပြီးတော့ တော်တော်လေး ထူးဆန်းတယ်"
ရီဖုန်းသည် နံရံကို အပေါက်ကြီးတစ်ပေါက်ဖြစ်လာသည့်အထိ ကန်ကျောက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်သည်။
သို့ရာတွင် ဤအပေါက်သည် အနည်းငယ်သေးငယ်နေသဖြင့် ရီဖုန်းဝင်ရောက်ရန် မလုံလောက်ချေ။
မည်သို့ပင်ဆိုစေကာမူ သူ ဤအပေါက်ကိုကျယ်သွားအောင် ကန်ကျောက်နိုင်သည်နှင့် သူ ဤနေရာမှ ထွက်သွားနိုင်ပေမည်။
ထို့ကြောင့် သူသည် ထိုနံရံကို အကြိမ်ရေအနည်းငယ် ထပ်မံ၍ကန်ကျောက်လိုက်သည်။
"ဘုန်း....ဘုန်း....ဘုန်း..."
တစ်ချိန်တည်းမှာပင် တည်ငြိမ်ခါစ မိုးကောင်းကင်ဓားဂိုဏ်းမှ ကျယ်လောင်သောတုန်ခါသံများ တဖန်ပြန်၍ထွက်ပေါ်လာသည်။ အဆောက်အအုံများသည် ပြိုလဲတော့မည့်အလား လွှဲယမ်းနေပေ၏။
"ဘာတွေဖြစ်နေတာလဲ"
မိုးကောင်းကင်ဓားဂိုဏ်းမှ အကြီးအကဲများသည် တည်ကြည်လေးနက်မှုများ ပို၍မြင့်တက်လာသောအမူအယာများဖြင့် လေထုအတွင်း၌ လှည့်ပတ်၍ပျံဝဲနေကြသည်။
"ငါတို့မိုးကောာင်းကင်ဓားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်မှာ တစ်ခုခုမှားယွင်းနေတာပဲဖြစ်မယ်"
သွမ်ချင်းဖုန်းက မှန်းဆလိုက်သည်။
"ဒါပေမယ့် ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ...ငါတို့မိုးကောင်းကင်ဓားဂိုဏ်းရဲ့အခြေခံအုတ်မြစ်မှာ ဝင်္ကပါတွေ ပါဝင်ပြီးတော့ တည်ထောင်သူဘိုးဘေးကိုယ်တိုင် ခင်းကျင်းထားခဲ့တာ...ဘယ်လိုလုပ်ပြီးတော့ တစ်စုံတစ်ခု မှားယွင်းနေတာမျိုး ဖြစ်နိုင်မှာလဲ"
အကြီးအကဲတစ်ယောက်က မယုံကြည်နိုင်မှုဖြင့် မေးမြန်းသည်။
....
ကျားယီမြို့အတွင်း၌....
"ဘာ..."
"ဆရာကြီးကို ပြန်ပေးဆွဲသွားတာလား"
"မိုးကောင်းကင်ဓားဂိုဏ်းက ဖန်ရှင်းအာက တကယ့်ကို တော်တော်လေးအတင့်ရဲတာပဲ...သူက ဆရာကြီးကိုတောင် ပြန်ပေးဆွဲဝံ့တယ်"
ယန်ထန်းယုနှင့် တခြားထိပ်သီးခေါင်းဆောင်များသည် ထိုသတင်းကိုကြားရချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
"ဒါပေမယ့်....ဆရာကြီးက ဘယ်လိုလုပ်ပြီးတော့ အဖမ်းခံရတာလဲ"
ယန်ထန်းယုက မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုသည်။
"သူ့ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် ဘယ်လိုလုပ်ပြီးတော့ နိမ့်ကျတဲ့ဖန်ရှင်းအာလိုလူမျိုးက သူ့ကို ဖမ်းဆီးနိုင်မှာလဲ"
"ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ လှုပ်ရှားတဲ့အချိန်မှာ သူတို့ရဲ့ရည်ရွယ်ချက်တွေကို ငါတို့က ဘယ်လိုလုပ်ပြီးတော့ ခန့်မှန်းနိုင်မှာလဲ...ဒါပေမယ့် ဒီကိစ္စမှာ နက်ရှိုင်းတဲ့အဓိပ္ပါယ်တစ်ခုဖြစ်နေမယ်လို့ ငါ ထင်တယ်"
ရွှယ်ချင်ကျူးက ဝေဖန်သုံးသပ်သည်။
"ပြီးတော့ အခုချိန်မှာ ဆရာကြီးရဲ့အချက်ပြမှုက သိသာနေပြီ...သူက မိုးကောင်းကင်ဓားဂိုဏ်းကို ပစ်မှတ်ထားနေတာ သိသာထင်ရှားတယ်...ဒါပေမယ့် ဒါက မိုးကောင်းကင်ဓားဂိုဏ်းအတွက် ကောင်းချီးတစ်ခုလား ကျိန်စာတစ်ခုလားဆိုတာ ငါ မသိဘူး"
"ဒါဆိုရင် ငါတို့ နှောင့်နှေးကြန့်ကြာနေလို့မဖြစ်ဘူး...မိုးကောင်းကင်ဓားဂိုဏ်းကို ချက်ချင်းသွားပြီးတော့ ဘာတွေဖြစ်နေတာလဲဆိုတာ ရှာဖွေဖော်ထုတ်ရမယ်"
လူတိုင်း ပြောဆိုလိုက်ကြ၏။ ထို့နောက် မရေမတွက်နိုင်သောအင်အားစုများ စုဝေး၍ မိုးကောင်းကင်ဓားဂိုဏ်းဆီသို့ ထွက်ခွာခဲ့တော့သည်။
တည်းခိုခန်း၌...
"ငါတို့ ဘာလုပ်သင့်လဲ"
ကျူးရုံက လူအိုကြီးဝမ်ကို မေးမြန်းသည်။
"အဲ့ဒီသုံးယောက်ကို ကြည့်လိုက်"
လူအိုကြီးဝမ်က သူ၏ခေါင်းကိုတိမ်းစောင်းကာ အဓိပ္ပါယ်ပါသောအသံဖြင့် ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် လူတိုင်း ကြည့်လိုက်ကြ၏။
အရိုးစု ခွေးနှင့်ကင်းခြေမျှားတို့သည် ပြတင်းပေါက်အနီး၌ လဲလျောင်းနေကာ ရံဖန်ရံခါ အံ့အားတသင့်အော်ဟစ်သံများ ရံဖန်ရံခါ ချီးကျူးအော်ဟစ်သံများ ထွက်ပေါ်နေသည်ကို သူတို့ တွေ့မြင်မိသည်။
"ဒါက ဘာဖြစ်လို့လဲ"
ကျူးရုံသည် နားလည်သဘောပေါက်ခြင်းမရှိချေ။
သို့ရာတွင် ဝူယုံဟုန်သည် နားလည်သဘောပေါက်သွားကာ အပြုံးနှင့်ပြောဆိုသည်။
"ဒီအဓိပ္ပါယ်က အရမ်းရှင်းတယ်...ဒီဆန်ကုန်မြေလေးအရိုးစုတောင် ထိတ်ထိတ်ပျာပျာဖြစ်မနေမှတော့...ငါတို့လည်း ဘာမှအလျင်လိုနေစရာမလိုဘူး....ငါ့အထင်တော့ ဒီတစ်ကြိမ်မှာ ဆရာကြီးက အပျော်ရှာတဲ့အနေနဲ့ ကစားနေတာပဲဖြစ်မယ်"
"ငါ သိပြီ"
ကျူးရုံသည် ရုတ်တရက် နားလည်သဘောပေါက်သွားကာ မေးမြန်းလိုက်၏။
"ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ"
"ဖဲကစားရင်းနဲ့ အချိန်ဖြုန်းကြမယ်လေ..ဆရာကြီးက ကစားလို့ဝသွားရင် သူ့အလိုလို ပြန်လာလိမ့်မယ်"
ဝူယုံဟုန်သည် ဖဲတစ်ထုပ်ကို စားပွဲပေါ်သို့ပစ်ချကာ ရယ်မောလိုက်သည်။
ထိုအခြင်းအရာကိုကြည့်ပြီး ကျူးရုံနှင့်လူအိုကြီးဝမ်တို့၏မျက်လုံးများ တောက်ပသွားသည်။
"ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်....ဒါပေမယ့် လူအိုကြီးဝူ မင်း ငါတို့ကို အလျှော့ပေးရမယ်နော်...ငါတို့က ဒါကိုသင်ယူထားတာ မကြာသေးဘူး"
"ပြဿနာမရှိဘူး"
"လာကြ...ဖဲမွှေမယ်....ဖဲမွှေမယ်..."
"သုံးလုံးတွဲ..."
"လေးလုံးတွဲ..."
"ဖဲပစ်ဟ...."
"ကျူးရုံ....မြန်မြန်လုပ်ဟ...ငါ ပန်းညှိုးသွားတဲ့အထိ မင်းကို စောင့်ရမှာလား...."
...
"ဒါက ဘယ်လို ဆိုးရွားစုတ်ပြတ်နေတဲ့ နေရာမျိုးလဲ"
ရီဖုန်းသည် နောက်ဆုံးတွင် ခြောက်ကပ်ကပ်နေရာမှ ထွက်လာနိုင်ခဲ့သော်လည်း သူသည် ထူးဆန်းသောနံရံကြီးကို ကန်ကျောက်ပြီးနောက် သူ့ရှေ့တွင် ဤကဲ့သို့နံရံအမြောက်အများရှိနေသည်ကို သူ မြင်တွေ့မိလေ၏။
ဤအရာသည် ရီဖုန်းအား သူ၏အတိတ်ဘဝတွင် ဖန်လုံအိမ်များအတွင်းသို့ဝင်ခဲ့စဥ်ကဲ့သို့ အလင်းရောင်မှိန်ပျပြီး ဝင်္ကပါအလားရှုပ်ထွေးကာ ဖရိုဖရဲဆန်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
"သောက်ချေးပဲ...ငါ ဒီနံရံတွေအားလုံးကို ဖြိုပစ်မယ်"
သူ နောက်ပြန်လှည့်၍မရသည်ကို သိရှိသဖြင့် ရီဖုန်းသည် လမ်းတစလမ်းရှာဖွေရန် ထိုဖန်သားနံရံများကို ကန်ကျောက်လိုက်သည်။
"ဘုန်း....ဘုန်း..."
ဤတစ်ကြိမ်တွင် ကောင်းကင်ဓားဂိုဏ်းတစ်ဂိုဏ်းလုံး တုန်ခါသွားကာ အလွန်ကျယ်လောင်သောမြည်ဟီးသံများ ရံဖန်ရံခါ၌ ထွက်ပေါ်လာသည်။ မြောက်မြားစွာသော အဆောက်အအုံများ ပြိုကျလာကာ မိုးကောင်းကင်ဓားဂိုဏ်း၏တားမြစ်နေရာဖြစ်သော အနောက်ဘက်တောင်ထိပ်၌ပင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်....ဂိုဏ်းချုပ်...ဂိုဏ်းချုပ်ရဲ့အဆောင် ပြိုကျသွားပြီ"
"ဂိုဏ်းချုပ်....ပင်မစည်းဝေးခန်းမက တစ်ခြမ်းလောက် အက်ကွဲသွားပြီ"
ဂိုဏ်းအတွင်း၌ နေရာအနှံ့အပြား ဖရိုဖရဲဖြစ်နေသည်။ ဤသည်မှာ လောကကြီးပျက်သုဥ်းသောနေ့ ရောက်ရှိလာသည့်အလားပင်။
အပေါ်ယံတွင် ကသောင်းကနင်းဖြစ်နေရုံသာမက ဂိုဏ်းအတွင်းရှိ နေရာအနှံ့အပြားမှ အရှိန်အဝါများ ယောက်ယပ်ခတ်လာကာ စိတ်ဝိညာဥ်စွမ်းအားအမြောက်အများ ပျက်ပြယ်စပြုလာသည်။
"ဆရာ...ဘာတွေဖြစ်နေတာလဲ"
သွမ်ချင်းဖုန်း၏နောက်၌ရှိနေသော ဖန်ရှင်းအာက ဖြူရော်နေသောမျက်နှာနှင့်မေးမြန်းသည်။
သွမ်ချင်းဖုန်းသည် မည်ကဲ့သို့တုံ့ပြန်ဖြေဆိုရမည်ကို မသိရှိချေ။
ထိုအချိန်မှာပင် အကြီးအကဲတစ်ယောက် ပျံသန်းလာကာ အလျင်စလိုပြောဆိုသည်။
"ဂိုဏ်းချုပ်...ငါတို့ အကြောင်းအရင်းကို ရှာတွေ့ပြီ...ဂိုဏ်းရဲ့အခြေခံအုတ်မြစ်ဝင်္ကပါမှာ တကယ့်ကိုပဲ ပြဿနာတစ်ခုရှိနေတယ်...အဲ့ဒီပြဿနာရဲ့အရင်းအမြစ်က နဂါးအကျဥ်းထောင်နယ်မြေထဲကပဲ"
"နဂါးအကျဥ်းထောင်နယ်မြေလား"
သွမ်ချင်းဖုန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ သူက ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"အားလုံးပဲ...ငါနဲ့အတူ နဂါးအကျဥ်းထောင်နယ်မြေရဲ့ ဝင်ပေါက်ဆီကို လိုက်ခဲ့ကြစမ်း"
လူတိုင်းသည် နဂါးအကျဥ်းထောင်နယ်မြေထံသို့ ဦးတည်၍ ပျံသန်းခဲ့ကြတော့သည်။
သူတို့အားလုံး ဝင်ပေါက်နေရာသို့ ရောက်ရှိစဥ်တွင် သွမ်ချင်းဖုန်းက မေးမြန်းသည်။
"အခုလတ်တလောမှာ ဒီနယ်မြေထဲကို လူသစ်တစ်ယောက်ယောက် ထပ်ထည့်ထားသေးလား"
လူတိုင်း ခေါင်းခါယမ်းလိုက်ကြသည်။
နဂါးအကျဥ်းထောင်နယ်မြေသည် ယေဘုယျအားဖြင့် မိုးကောင်းကင်ဓားဂိုဏ်း၏သစ္စာဖောက်များနှင့်ရန်သူတော်ကြီးများကိုသာ ဖမ်းဆီးအကျဥ်းချသော နေရာတစ်ခုပင်။ လတ်တလောနှစ်များအတွင်းတွင် နန်ရှားနယ်မြေအတွင်းရှိ မိုးကောင်းကင်ဓားဂိုဏ်း၏နာမည်ဂုဏ်သတင်းနှင့်အတူ ဂိုဏ်းအားဆန့်ကျင်ဝံ့သူဟူ၍ အနည်းစုသာရှိသဖြင့် နဂါးအကျဥ်းထောင်နယ်မြေကို မဖွင့်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဖန်ရှင်းအာသည် တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း နောက်တစ်ကြိမ်ပြန်တွေးတောပြီးနောက် ထိုအတွေးကို စွန့်လွှတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူမသည် နဂါးအကျဥ်းထောင်နယ်မြေအတွင်းသို့ သေမျိုးတစ်ယောက်ကိုသာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ယခုကဲ့သို့ ကြီးမားသောကသောင်းကနင်းနိုင်မှုကြီးကို ဖြစ်စေနိုင်မည်မဟုတ်သဖြင့် သူမ မည်သည့်အရာကိုမျှပြောဆိုရန် မလိုအပ်ချေ။
"ဂိုဏ်းချုပ်...ငါတို့ အခု ဘာလုပ်ကြမလဲ"
တစ်စုံတစ်ယောက်က မေးမြန်းသည်။
သွမ်ချင်းဖုန်းသည် အချိန်အတော်ကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် တည်ကြည်လေးနက်စွာပြောဆိုသည်။
"အားလုံးပဲ...ငါ့နောက်ကိုလိုက်ခဲ့ပြီးတော့ နဂါးအကျဥ်းထောင်နယ်မြေထဲကိုဝင်ပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်းသိရအောင် စုံစမ်းရမယ်"
"ဒါက....ဂိုဏ်းချုပ်....ဒါက အရမ်းအန္တရာယ်မများဘူးလား"
လူတိုင်း၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
မည်သို့ပင်ဆိုစေကာမူ နဂါးအကျဥ်းထောင်နယ်မြေအတွင်း၌ စိတ်ဝိညာဥ်စွမ်းအားများ ရုန့်ရင်းကြမ်းတမ်းသဖြင့် သူတို့၏ကျင့်ကြံဆင့်ဖြင့်ပင် အတွင်းသို့ဝင်ရောက်ပြီးနောက် သူတို့၏စွမ်းအားများ ဆယ်ပုံတစ်ပုံထိ လျော့ကျသွားပေမည်။ အကယ်၍ သူတို့သည် ထိုနယ်မြေအတွင်း၌ အချိန်အတော်ကြာနေထိုင်ပါက သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များပေါ်တွင်ပင် သက်ရောက်မှုရှိလာနိုင်သည်။
ထို့ပြင် ဤနယ်မြေအတွင်းတွင် မိုးကောင်းကင်ဓားဂိုဏ်း စတင်တည်ထောင်စဥ်မှစ၍ ဖမ်းဆီးအကျဥ်းချထားသော အစွမ်းထက်သည့် နတ်ဆိုးသားရဲအမြောက်အများရှိနေသည်။
ထိုနတ်ဆိုးသားရဲများထံတွင် ယခုလက်ရှိချိန်၌ နတ်ဆိုးစွမ်းအားအမြောက်အများ မကျန်ရှိတော့ဘဲ အသက်ရှင်သန်နိုင်ရန်အတွက် သူတို့၏မူလပုံစံကို ထိန်းသိမ်းထားနိုင်ရုံသာရှိသည်။ သို့ရာတွင် သူတို့၏အသက်ရှင်သန်နေခြင်းကပင် သူတို့၏သာလွန်ထူးကဲခြင်းကို သက်သေပြရန်လုံလောက်သည်။
အကယ်၍ သူတို့သည် ထိုနတ်ဆိုးသားရဲများနှင့်ရင်ဆိုင်ရပါက အချိန်အတိုင်းအတာတစ်ခုထိ သူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်ပေမည်။ သို့ရာတွင် အကယ်၍ နဂါးအကျဥ်းထောင်နယ်မြေအတွင်းရှိ နတ်ဆိုးသားရဲများ၏အလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းကိုခံရပါက သူတို့ထံတွင် ထွက်ပြေးရန်ဟူသော နည်းလမ်းတစ်ခုသာ ရှိပေလိမ့်မည်။
"ဒါက ဘယ်လောက်ပဲအန္တရာယ်များပါစေ ကိစ္စမရှိဘူး...ငါတို့က အထဲကိုဝင်ပြီးတော့ စုံစမ်းရမယ်"
သွမ်ချင်းဖုန်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"တကယ်လို့ ဘာကိစ္စဖြစ်သွားတာလဲဆိုတာ ငါတို့ မဖော်ထုတ်နိုင်ဘူးဆိုရင်...မိုးကောင်းကင်ဓားဂိုဏ်း မငြိမ်မသက်ဖြစ်နေတာကို ငါတို့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး...တကယ်လို့ ဂိုဏ်းအကာအကွယ်ဝင်္ကပါကြီးသာ ပျက်စီးသွားမယ်ဆိုရင်... အကျိုးဆက်တွေက တွေးဆလို့တောင်ရမှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် ဤအခြေအနေ၏ပြင်းထန်မှုကို နားလည်သဘောပေါက်သွားပေ၏။
ထို့နောက် သူတို့သည် အံ့တင်းတင်းကြတ်၍ ခေါင်းညိတ်လိုက်ကြသည်။
သွမ်ချင်းဖုန်း၏ဦးဆောင်မှုအောက်တွင် မိုးကောင်းကင်ဓားဂိုဏ်းမှအစွမ်းထက်ကျင့်ကြံသူများသည် သတိကြီးစွာထား၍ နဂါးအကျဥ်းထောင်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့တော့သည်။
ထိုသို့ဝင်ရောက်ပြီးနောက် လူတိုင်း၏ကျင့်ကြံဆင့်များသည် ဆယ်ပုံလျှင်တစ်ပုံသာကျန်သည်အထိ ဖိနှိပ်ခြင်းခံလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များအတွင်းရှိ ချီများသည်လည်း ရုန်းရင်းဆန်ခတ်ဖြစ်သွားကာ ပျံသန်းခြင်းပင်မပြုနိုင်တော့ချေ။
အဝါရောင်သဲသောင်ပြင်ပေါ်တွင် လျှောက်လှမ်းရင်း လူတိုင်းသည် သတိကြီးစွာထား၍ ရှေ့သို့လျှောက်လှမ်းလိုက်ကြသည်။
သူတို့ ဝေခွဲရခက်နေသောကိစ္စမှာ လမ်းတလျှောက်လုံးတွင် သူတို့သည် နတ်ဆိုးသားရဲတစ်ကောင်တစ်လေကိုမျှ ရင်ဆိုင်ကြုံတွေ့ရမှုမရှိခြင်းပင်။
ဤသည်မှာ အမှန်တကယ်ကို အလွန်ထူးဆန်းနေပေ၏။
သွမ်ချင်းဖုန်း၏ စိတ်မအေးချမ်းမှုများ ပို၍မြင့်တက်လာကာ သူ၏စိတ်နှလုံးသားအတွင်း၌ မေးခွန်းအမြောက်အများ ထွက်ပေါ်လာသည်။ မည်သို့ပင်ဆိုစေကာမူ ထိုနတ်ဆိုးသားရဲများသည် လူသားရနံ့ကိုရရှိသည်နှင့် တဟုန်ထိုးပြေးလာသင့်သည်။
"ဘာတွေဖြစ်နေတာလဲ"