အခန်း (၂၆၁-၂၆၅)
Vol. 18 Ch. 261-265
Chapter 261
သူတို့သည် နဂါးအကျဥ်းထောင်နယ်မြေအတွင်း၌ အနည်းငယ်လျှောက်လှမ်းပြီးနောက် ရှေ့ရှိမြင်ကွင်းကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ လူတိုင်းကို အထိန်းအကွပ်မဲ့စွာ အသက်ရှုမှားသွားစေသည်။
အကြောင်းအရင်းမှာ သူတို့၏ရှေ့၌ နတ်ဆိုးသားရဲအလောင်းများ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာသောကြောင့်ပင်။
ထိုသားရဲအလောင်းများအကြား၌ အလွန်အဆင့်မြင့်သော သားရဲတချို့ပင်ရှိနေပြီး မိုးကောင်းကင်ဓားဂိုဏ်း၏ဂုဏ်ကျက်သရေ အတောက်ပခဲ့ဆုံး အချိန်အတောအတွင်း၌ ဖမ်းဆီးအကျဥ်းချခဲ့သော သားရဲများဖြစ်သည်။
ဤသားရဲများတွင် နတ်ဆိုးအရှင်များ နတ်ဆိုးသူတော်စင်များနှင့် နတ်ဆိုးအင်ပါယာများပါရှိနေသည်။
သူတို့အား ဤနေရာအတွင်းတွင် အကျဥ်းချထားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် သူတို့၏နတ်ဆိုးစွမ်းအားများနှင့်ကျင့်ကြံဆင့်များ လျော့ပါးသွားပြီဖြစ်သော်လည်း သူတို့ကို လျှော့တွက်၍မရချေ။
အနည်းဆုံးအနေဖြင့် သွမ်ချင်းဖုန်းတို့သည် ဤနေရာအတွင်းတွင် သူတို့ကိုယ်သူတို့ အာမခံနိုင်သော်လည်း ထိုသားရဲများကို သတ်ဖြတ်နိုင်ရန်မှာမူ အလွန်အမင်း ခက်ခဲပေမည်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
လူတိုင်း ပင့်သက်ရှိုက်လိုက်ကြ၏။
သူတို့သည် ဆက်လက်၍လျှောက်လှမ်းသည်နှင့်အမျှ ရှေ့တွင် ပို၍ပို၍များပြားသော နတ်ဆိုးသားရဲအလောင်းများကို တွေ့ရှိရသဖြင့် သူတို့အားလုံး အလွန်တုန်လှုပ်ချောက်ချားနေကြသည်။
ဤသားရဲအလောင်းများကိုကြည့်ပြီး အရေအတွက်ကို နှိုင်းယှဥ်ကြည့်ပါက ဤအမျိုးအမည်မသိရသော ခြိမ်းခြောက်မှုကြီးသည် အတွင်းရှိ နတ်ဆိုးမှော်သားရဲများအားလုံးနီးပါးကို သတ်ဖြတ်ခဲ့သည်ဟု ဆိုလိုခြင်းပင်။
ဤအခြေအနေများအောက်တွင်....
မည်ကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်အရာကြီးသည် ဤကိစ္စကို ပြုလုပ်ခဲ့သနည်း...
သို့ရာတွင် သူတို့အားလုံး ပို၍ထိတ်လန့်တုန်လှုပ်သွားသည်မှာ သူတို့ ရှေ့သို့ဆက်သွားပြီးနောက် နဂါးအကျဥ်းထောင်နယ်မြေ၏အတားအဆီး ကျိုးပျက်နေသည်ကို သူတို့ ရှာဖွေတွေ့ရှိလိုက်ရခြင်းပင်။
ဤအခြင်းအရာကို တစ်ချက်ကြည့်ရုံဖြင့် လူတိုင်းသည် သူတို့၏ဦးရေပြားများ တင်းကြပ်လာသည်ကို ခံစားမိလေ၏။
အတိတ်တွင် ကောင်းကင်ဘုံဓားဂိုဏ်း၏တည်ထောင်သူဘိုးဘေးသည် ဂိုဏ်းတည်ထောင်စဥ်၌ သူ၏ကြီးမားကျယ်ပြန့်သောကျင့်ကြံဆင့်နှင့်ဝင်္ကပါများကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့သည်။ ထိုဝင်္ကပါများအားလုံးကို အတူတကွချိတ်ဆက်ထားကာ ဂိုဏ်းအကာအကွယ်ဝင်္ကပါ စိတ်ဝိညာဥ်စွမ်းအားစုစည်းခြင်းဝင်္ကပါ နဂါးအကျဥ်းထောင်နယ်မြေနှင့်တခြားအဓိကနေရာများအစရှိသဖြင့် ပါဝင်သည်။
ယခုချိန်တွင် မိုးကောင်းကင်ဓားဂိုဏ်းအတွင်းရှိ စိတ်ဝိညာဥ်အင်အားများအရ အကဲဖြတ်ကြည့်ပါက စိတ်ဝိညာဥ်စုစည်းခြင်းဝင်္ကပါ ထိခိုက်ပျက်စီးသွားသည်မှာ သိသာထင်ရှားသည်။
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သောတည်ရှိမှုကြီးသည် နဂါးအကျဥ်းထောင်နယ်မြေမှတဆင့် စိတ်ဝိညာဥ်စုစည်းခြင်းဝင်္ကပါကို ထွင်းဖောက်၍ ဖြတ်သန်းသွားသည်ဟု ဆိုလိုခြင်းပင်။
လူတိုင်း ပင့်သက်ရှိုက်လိုက်ကြသည်။
ဤတည်ရှိမှုကြီးသည် ဝင်္ကပါများကို လုံးလုံးလျားလျား လျစ်လျှူရှု၍ မည်ကဲ့သို့ရွေ့လျားသွားခဲ့သနည်း....
ရှေ့ရှိအတားအဆီးမှ အပေါက်ကြီးကိုကြည့်ပြီး လူတိုင်းကြက်သေသေနေကြသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီးသည် ဤအပေါက်မှတဆင့် နက်ရှိုင်းသောနေရာသို့ ဝင်ရောက်သွားသည်ကို သူတို့သိရှိထားသော်လည်း မည်သူမျှ အတွင်းသို့လိုက်မဝင်ဝံ့ချေ။ အကြောင်းအရင်းမှာ ဤနေရာအတွင်းတွင် မိုးကောင်းကင်ဓားဂိုဏ်းမှမဟာဝင်္ကပါများသည် ကြီးမားပြီးထူထပ်သိပ်သည်းသော ပိုက်ကွန်ကြီးကဲ့သို့ရှိနေကာ အလွန်သေးငယ်သော ခြေလှမ်းတစ်လှမ်း လွဲချော်သွားသည်နှင့် သူတို့၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ် ကြေမွှပျက်စီးသွားပေမည်။
"ငါ ဘိုးဘေးကို အကြောင်းကြားလိုက်မယ်...မင်းတို့ကောင်တွေက ဒီအပေါက်ကြီးကို စောင့်ကြပ်ထားကြစမ်း"
သွမ်ချင်းဖုန်းက အောက်သိုးသိုးအသံဖြင့် ပြောဆိုသည်။
အကြောင်းအရင်းမှာ ယခုလက်ရှိအခြေအနေသည် သူ ထိန်းချုပ်နိုင်သည်ထက် လုံးလုံးလျားလျား ကျော်လွန်နေလေပြီ။
သို့ရာတွင် နံဘေးတစ်ဖက်တွင်ရှိနေသော ဖန်ရှင်းအာကမူ သူမ၏နုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်ထားကာ သူမ၏မျက်နှာ သေလုမတတ်ဖြူရော်နေသည်။
အကြောင်းအရင်းမှာ သားရဲများသေဆုံးခြင်းနှင့်မိုးကောင်းကင်ဓားဂိုဏ်းကသောင်းကနင်းဖြစ်ခြင်းသည် တစ်စုံတစ်ခုနှင့် အချိန်အတိအကျ ကိုက်ညီနေခြင်းကြောင့်ပင်။
"မဖြစ်နိုင်ဘူး..ဒါက လုံးလုံးလျားလျားကို မဖြစ်နိုင်ဘူး"
"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
"ငါ အဲ့ဒီအမှိုက်ကောင်အကြောင်းကို အရာရာတိုင်း သိပြီးသားပါ...သူက ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီးတော့ လုပ်နိုင်မှာလဲ"
"ဟုတ်တယ်...ဒါက သူ မဖြစ်နိုင်ဘူး"
သူမ၏ခေါင်းကို ခပ်သွက်သွက်ခါယမ်းလိုက်ကာ ဤသည်မှာ မည်သို့မျှယုံကြည်နိုင်ဖွယ်မကောင်းသောကိစ္စဟု သူမကိုယ်သူမ နှစ်သိမ့်လိုက်၏။
နေရာငယ်လေးတစ်နေရာ၌...
အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်သည် ပလ္လင်ခွေထိုင်နေကာ အမှတ်တမဲ့ကြည့်လိုက်ပါက မြေပြင်ပေါ်တွင် စိုက်ထူထားသည့် ကြီးမားသောဓားကြီးတစ်လက်နှင့် တူညီသည်။
"ဘိုးဘေး..."
သွမ်ချင်းဖုန်းသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ စကားပြောဆိုတော့မည့်အချိန်မှာပင် ပလ္လင်ခွေထိုင်နေသော မိုးကောင်းကင်ဓားဂိုဏ်း၏ဘိုးဘေး ယဲ့ထန်ရှန်းသည် လက်ကိုဝှေ့ယမ်းကာ သူ့အား ကြားဖြတ်ဟန့်တားလေသည်။
"အခုဖြစ်နေတဲ့ အရာရာတိုင်းကို ငါ သိပြီးပြီ"
သူက ပြောဆိုသည်။
"ဒါဆိုရင် ဘိုးဘေး....ဘိုးဘေးက ဘာလုပ်ဖို့စီစဥ်ထားလဲ"
သွမ်ချင်းဖုန်းက တည်ကြည်လေးနက်စွာ မေးမြန်းသည်။
"ဘာမှမစိုးရိမ်နဲ့...ဒီကိစ္စကို ငါ ဂရုစိုက်လိုက်မယ်...မင်း အရင်ထွက်သွားတော့"
ယဲ့ထန်ရှန်းက ပြောဆိုလေ၏။
ထိုအခြင်းအရာကိုကြည့်ပြီး သွမ်ချင်းဖုန်း၏ မွန်းကြပ်နေသောမျက်နှာအမူအယာ အနည်းငယ် ပေါ့ပါးသွားသည်။
ဘိုးဘေးသည် ဤသို့ပြောဆိုလာသဖြင့် သူ ထပ်မံ၍မေးမြန်းရန် မလိုအပ်တော့ချေ။
"ဒါဆိုရင် ဒီဂျူနီယာက စိတ်အေးအေးထားပြီးတော့ ဘိုးဘေးဆီက သတင်းကောင်းကို စောင့်နေပါ့မယ်....ကျွန်တော်က အပြင်ကိုထွက်ပြီးတော့ ကိစ္စတွေကို အရင်ဆုံးကိုင်တွယ်ဖြေရှင်းလိုက်အုံးမယ်"
ထိုသို့ပြောဆိုပြီးနောက် သွမ်ချင်းဖုန်းသည် ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုကာ ထွက်ခွာခဲ့တော့သည်။
"ဟူး..."
သို့ရာတွင် သွမ်ချင်းဖုန်း ထွက်ခွာသွားပြီးနောက် ယဲ့ထန်ရှန်းသည် လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
ထို့နောက် တစ်ဖက်ခြမ်းသို့လျှောက်သွားကာ ကျောက်တုံးစားပွဲပေါ်ရှိ ရှေးဟောင်းကျားခုံကို ကြည့်လိုက်သည်။
ဤကျားခုံကို ဂိုဏ်း၏ပထမဆုံး တည်ထောင်သူဘိုးဘေး ခင်းကျင်းခဲ့ပြီး သူ တက်လှမ်းမသွားမီ ချန်ထားခဲ့ခြင်းဖြစ်ကာ မိုးကောင်းကင်ဓားဂိုဏ်းသည် နှစ်ပေါင်းတစ်သောင်းအတွင်း၌ အလွန်ကြီးမားသောအကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဟု ပြောဆိုခဲ့သည်။
ထိုအကျပ်အတည်းအား ဖြေရှင်းနိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဤကျားခုံ၏အနက်အဓိပ္ပါယ်ကို ဖော်ထုတ်ခြင်းပင်။
သို့ရာတွင် နှစ်ပေါင်းတစ်သောင်းကျော်အတွင်း၌ သူအပါအဝင် မျိုးဆက်များအားလုံးသည် ဤကျားခုံ၏အနက်အဓိပ္ပါယ်ကို ဖော်ထုတ်နိုင်ခြင်းမရှိချေ။
အကြောင်းအရင်းမှာ ဤကျားခုံကို မည်သို့ပင်လေ့လာပါစေ ပိတ်နေသောကစားကွက်တစ်ခု ဖြစ်နေသောကြောင့်ပင်။
အကယ်၍ အင်မော်တယ်တစ်ယောက် ရောက်ရှိလာလျှင်ပင် ဤကစားပွဲ၏အခြေအနေကို ပြောင်းပြန်လှန်နိုင်မည်မဟုတ်ချေ။
"ငါတို့မိုးကောင်းကင်ဓားဂိုဏ်းရဲ့အကျပ်အတည်းက နောက်ဆုံးတော့ ရောက်လာပြီလား"
ဤအချိန်အခိုက်အတန့်တွင် ယဲ့ထန်ရှန်းသည် သိသိသာသာ အသက်အိုမင်းသွားသကဲ့သို့ပင်။
သူသည် သွမ်ချင်းဖုန်းအား ဤအကျပ်အတည်းကို ဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း သူ့ထံတွင် ဖြေရှင်းနိုင်မည့်နည်းလမ်း တစ်ခုတစ်လေမျှ မရှိချေ။
သူ လုပ်ဆောင်နိုင်သည့်တစ်ခုတည်းသောအရာမှာ ဤနေရာ၌ထိုင်၍ စောင့်ဆိုင်းနေရုံပင်။
အကြောင်းအရင်းမှာ ဤနေရာငယ်လေးသည် မိုးကောင်းကင်ဓားဂိုဏ်းမှမဟာဝင်္ကပါများ၏ ဗဟိုချက်ဖြစ်သဖြင့် ထိုလျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီးသည် ဤနေရာသို့ သေချာပေါက်ရောက်ရှိလာပေမည်။
သို့ရာတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီးသည် သူ၏မိုးကောင်းကင်ဓားဂိုဏ်းမှမဟာဝင်္ကပါများကို ချိုးဖျက်နိုင်သည်အထိ စွမ်းအားကြီးမားလေရာ သူ ယဲ့ထန်ရှန်း ရင်ဆိုင်နိုင်သော တစ်စုံတစ်ခု ဖြစ်နိုင်ပါမည့်လော....
ထို့ကြောင့် ပြဿနာကို ဖြေရှင်းမည်ဟု ပြောမည့်အစား သူ ဤနေရာ၌ သေဆုံးရန် စောင့်ဆိုင်းနေသည်ဟု ပြောဆိုပါက ပို၍မှန်ကန်ပေမည်။ ထိုသို့မဟုတ်လျှင်လည်း တစ်ဖက်လူသည် သူ၏မိုးကောင်းကင်ဓားဂိုဏ်းအတွက် လူးသာလွန့်သာသော လမ်းကြောင်းတစ်ခုကို ချန်ထားရန် သူ ဆုတောင်းနေရုံသာ တက်နိုင်တော့သည်။
ဤသည်မှာ ယခုလက်ရှိချိန်၌ သူ လုပ်ဆောင်နိုင်သည့် အဆုံးစွန်ဆုံးကိစ္စပင်။
ရုတ်တရက် သူ၏အကြည့်သည် နံဘေးရှိ အတားအဆီးတစ်နေရာထံသို့ ကျရောက်သွားသည်။
သူ ထိုအရာကို အာရုံခံမိပေ၏။
တဖြည်းဖြည်း နီးကပ်လာပြီး....
ပို၍ပို၍ နီးကပ်လာလေပြီ။
ဘုန်း....
ပေါက်ကွဲသံတစ်သံ မြည်ဟီးသွားသည်။
ဤနေရာငယ်လေး၏လေဟာနယ်အတွင်းတွင် လှိုင်းဂယက်များထလာကာ အနက်ရောင်အပေါက်ကြီးတစ်ပေါက် ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
ယခုချိန်တွင် သူ ရင်ဆိုင်ရမည့်အရာသည် နောက်ဆုံး၌ ရောက်ရှိလာပြီဖြစ်ရာ ယဲ့ထန်ရှန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူက သွေးနီရောင်မျက်လုံးတစ်စုံဖြင့် စူးစိုက်၍ကြည့်မိလေ၏။
နောက်ဆုံး၌ သူ၏စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေမှုအောက်တွင် အပေါက်ကြီးမှနေ၍ လှုပ်ရှားမှုတစ်ခုရှိနေသည်။
ထို့နောက်...
လူတစ်ယောက်က ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာတော့သည်။
Chapter 262
"ဒါက လူတစ်ယောက်လား..."
"ပြီးတော့ လူငယ်တစ်ယောက် ဖြစ်နေတာလား..."
ယဲ့ထန်ရှန်း၏မျက်စိသူငယ်အိမ်သည် အစက်အပျောက်မျှသာ ကျန်သည်အထိ ကျဥ်းမြောင်းသွားကာ သူ ကူကယ်ရာမဲ့စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
သူ၏မိုးကောင်းကင်ဓားဂိုဏ်းမှ မဟာဝင်္ကပါများကို ထွင်းဖောက်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီးနှင့်ပတ်သတ်၍ သူ အမျိုးမျိုးစဥ်းစားပြီးလေပြီ။ နဂါးအကျဥ်းထောင်နယ်မြေအတွင်းရှိ သန္ဓေပြောင်းနတ်ဆိုးသားရဲများ သို့မဟုတ် ဝင်္ကပါမှဆင်းသက်လာသော စိတ်ဝိညာဥ်သက်ရှိတစ်မျိုး အစရှိသဖြင့် ဖြစ်နိုင်ချေအမျိုးမျိုးကို သူ မှန်းဆခဲ့သည်။
အတိုချုပ်ပြောရလျှင် သူသည် အတွေးမျိုးစုံ စဥ်းစားတွေးတောပြီးလေပြီ။
သူ မမျှော်လင့်ထားသည့် တစ်ခုတည်းသောအရာသည် ဤသည်မှာ လူတစ်ယောက်ဖြစ်နေမည်ဟုပင်။
ထို့ပြင် လူငယ်တစ်ယောက် ဖြစ်နေသည်။
သူသည် ဤဝင်္ကပါအတွင်းတွင် မည်သည်ကြောင့် ထွက်ပေါ်လာသနည်း...
သူ စဥ်းစားတွေးတောနေစဥ် ရီဖုန်းသည် အရင်ဆုံး ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာနေကာ နောက်ဆုံးတွင် အဖိုးအိုထံသို့ အကြည့်ကျရောက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ယဲ့ထန်ရှန်း၏အာရုံကြောများ တင်းကြပ်သွားကာ သူ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။
အကြောင်းအရင်းမှာ သူ မည်သို့ပင် လေ့လာဆန်းစစ်ပါစေ သူ့ရှေ့မှလူငယ်၏နက်ရှိုင်းမှုကို ထွင်းဖောက်မမြင်နိုင်သောကြောင့်ပင်။
ထိုလူငယ်သည် သေမျိုးတစ်ယောက်ဖြစ်နေသည့်အလား အလွန်သာမာန်ဆန်ပေ၏။
သို့ရာတွင် ကြီးမားသောပိုက်ကွန်ကြီးနှင့်တူညီသည့် ဝင်္ကပါကြီးများကို ဖြတ်ကျော်လာနိုင်သူသည် မည်သည့်နည်းဖြင့် သာမာန်လူဖြစ်နိုင်မည်နည်း...
သေချာပေါက် မဖြစ်နိုင်ချေ။
သူ့ရှေ့ရှိလူငယ်သည် ကြောက်မက်ဖွယ်ကောင်းသောအဆင့်တစ်ခု၌ ရှိနေသည်ဟူသော အဓိပ္ပါယ်တစ်မျိုးသာရှိတော့သည်။ သူ ယဲ့ထန်ရှန်းသည် အကောင်းဆုံးကြိုးစားခဲ့သည့်တိုင် ထိုလူငယ်၏ကျင့်ကြံဆင့်နယ်ပယ်ကို တစွန်းတစမျှပင် ထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။
"နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ"
ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ပတ်ဝန်းကျင်ကိုကြည့်ပါက ဤနေရာသည် ဆိတ်ငြိမ်အေးချမ်းပြီး အဖိုးအိုတစ်ယောက်နှင့် သက်ကယ်တဲအိမ်တစ်လုံးသာရှိနေသည်။ သူသည် မိုးကောင်းကင်ဓားဂိုဏ်း၏နယ်နမိတ်မှ ထွက်ခွာခဲ့ပြီးဖြစ်ပေမည်။
သို့ရာတွင် သူသည် အလွန်များပြားသောဖန်သားနံရံများရှိသည့် မိုးကောင်းကင်ဓားဂိုဏ်း၏လက်ရာမြောက်သော ဗိသုကာလက်ရာနှင့် သူ ရင်ဆိုင်ခဲ့ရသော သားရဲများကြောင့် ဤနေရာကို အလွန်လေးစားနေမိသည်။ ဤကဲ့သို့နေရာမျိုးတည်ဆောက်ရန် ငွေကြေးမည်မျှထိကုန်ကျမည်ကို သူ မသိရှိချေ။
အနည်းဆုံးအနေဖြင့် သူသည် ဤကဲ့သို့ကြီးကျယ်ခမ်းနားသော တည်ဆောက်မှုမျိုးကို သူ၏အတိတ်ဘဝအတွင်း၌ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
အမှန်အားဖြင့် ရီဖုန်းက ဤသည်မှာ စိတ်ကူးယဥ်ဝထ္ထုများအတွင်း၌ပါဝင်လေ့ရှိသော ဝင်္ကပါ သို့မဟုတ် တားမြစ်ကန့်သန်ချက်တစ်မျိုးမျိုးဖြစ်နေမည်ဟု သူ တွေးထင်မိသည်။
သို့ရာတွက် သူ အနည်းငယ်ပို၍ တွေးတောကြည့်ပြီးနောက် ထိုအတွေးကို ဖျက်သိမ်းလိုက်၏။
မည်သို့ပင်ဆိုစေကာမူ စာအုပ်များအတွင်း၌ ဝင်္ကပါများနှင့်တားမြစ်ကန့်သတ်ချက်များတွင် အန္တရာယ်များနှင့် ပြည့်နှက်နေသည်ဟု ပါရှိသည်။ သို့ရာတွင် သာမာန်သေမျိုးတစ်ယောက်သာဖြစ်သော သူသည် ဤနေရာမှ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ခဲ့ရုံသာမက မည်သည့်အန္တရာယ်ကိုမျှ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းမရှိချေ။ ထို့ကြောင့် ဤသည်မှာ ဝင်္ကပါ သို့မဟုတ် တားမြစ်ကန့်သတ်ချက်များနှင့် သက်ဆိုင်နေသောအရာ မဖြစ်နိုင်သည်မှာ သိသာထင်ရှားလှ၏။
ရီဖုန်း၏မျက်နှာ လုံးလုံးလျားလျား တည်ငြိမ်အေးချမ်းသွားသည်။ ထို့နောက် သူသည် အဖိုးအိုကိုတစ်ချက်ကြည့်ကာ လျှောက်လှမ်းသွားလိုက်သည်။
ရီဖုန်း ချဥ်းကပ်လာသည်ကိုကြည့်ပြီး ယဲ့ထန်ရှန်း၏ခန္ဓာကိုယ် ရုတ်တရက်တောင့်တင်းသွားသည်။
သူ၏ခန္ဓာကိုယ်မှ အေးစက်စက်ချွေးများ ယိုစီးကျလာကာ...
သူ မည်သို့ပြုလုပ်ရန် ချဥ်းကပ်လာသနည်း....
သူ့အား တိုက်ခိုက်ရန် ရောက်လာသလော...
သူ မည်သို့ပြုလုပ်ရမည်နည်း....
သူ ပြန်တိုက်ခိုက်သင့်သလော...သို့ရာတွင် သူ ပြန်တိုက်ခိုက်လျှင်ပင် အလုပ်ဖြစ်မည်လော...
ထိုသို့မဟုတ်ပါက...သူ ဒူးထောက်၍ အသနားခံတောင်းပန်ရမည်လော....
သူ၏စိတ် ကစဥ့်ကလျားဖြစ်နေသော်လည်း အပေါ်ယံတွင်မူ သူ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမပြုချေ။ အမှန်အားဖြင့် သူ့၏စိတ်အတွင်း၌ ထိတ်လန့်ကြောက်ရွံနေသည်မှာ သူ၏နောက်ကျောတပြင်လုံး အေးစက်စက်ချွေးများဖြင့် ရွှဲနစ်နေလေပြီ။
'အရမ်း စိတ်လှုပ်ရှားစရာပဲ...အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတယ်....'
'ဒါပေမယ့် စိတ်အေးအေးထား....ငါ စိတ်အေးအေးထားရမယ်....'
'ငါ သူ့ကိုကြောက်နေတယ်ဆိုတာ သူ့ကို မြင်ခွင့်ပေးလို့မရဘူး....ဘာလို့လဲဆိုတော့ ငါက မိုးကောင်းကင်ဓားဂိုဏ်းရဲ့ နောက်ဆုံးအကာအကွယ်စည်းပဲ'
'အမှန်ပဲ...ဒါက အမှန်ပဲ...ငါ မကြောက်ဘူး...ငါ လုံးဝမကြောက်ဘူး...'
"လူအိုကြီး...မင်း ရုတ်တရက်ကြီး လေဖြတ်သွားတာလား"
နောက်ဆုံးတွင် ရီဖုန်းသည် ယဲ့ထန်ရှန်းထံသို့ရောက်ရှိသွားကာ တုန်ရီနေသောခြေထောက်များကို မြင်တွေ့ချိန်တွင် သူ မမေးမြန်းဘဲမနေနိုင်တော့ချေ။
ထိုစကားကိုကြားချိန်တွင် ယဲ့ထန်ရှန်းသည် အောက်သို့ငုံကြည့်လိုက်ရာ သူ၏ခြေထောက်များ အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်ကို တွေ့မြင်မိလေ၏။
သောက်ချေးပဲ...ငါ ကြောက်နေတာကို သူ သိသွားပြီ...
သို့ရာတွင် ဤသည်မှာ သူ့ကို အပြစ်တင်၍မရချေ။ သူသည် ယခင်က ဤကဲ့သို့အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
နေဦး....မဟုတ်သေးဘူး...
သို့ရာတွင် သူ မကြာမီမှာပင် အသိဝင်လာသည်။ ထိုလူငယ်ကိုကြည့်ရသည်မှာ သူ့အား တိုက်ခိုက်လိုပုံမရချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏လေသံသည် အလွန်နူးညံသိမ်မွေ့နေပေ၏။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
သူ လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားသည်။
ဤလူငယ်သည် ဝင်္ကပါများကို ထွင်းဖောက်ကာ ဤနေရာသို့ ရောက်ရှိလာသည်။ သူသည် မိုးကောင်းကင်ဓားဂိုဏ်း၏ နောက်ဆုံးအကာအကွယ်စည်းဖြစ်သော သူ့အား အမြစ်ပြတ်သုတ်သင်ရန် ဤနေရာသို့ ရောက်ရှိလာသည်မဟုတ်လော။
သူ ဇဝေဇဝါဖြစ်နေစဥ်မှာပင် ရီဖုန်းသည် သူ့ကို တွဲထူပေးရန်အတွက် လက်ဆန့်တန်းလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ယဲ့ထန်ရှန်းသည် အသက်ရှုမွန်းကြပ်သွားကာ သေလုမတတ်ထိတ်လန့်ကြောက်ရွံသွားကာ သူ သေဆုံးရတော့မည်ဟု တွေးထင်မိသည်။ သို့ရာတွင် သူ အံ့အားသင့်သွားရသည်မှာ ရီဖုန်းသည် သူ့အားတိုက်ခိုက်ခြင်းမပြုဘဲ ထိုအစား သူ့အား သက်ကယ်အိမ်နံဘေးရှိ ကျောက်ခုံတန်းလျားပေါ်၌ထိုင်ရန် ကူညီပေးခဲ့သည်။
အိုး...ဘုရားရေ...
ဤလူသည် မည်သည့်အရာအားပြုလုပ်ရန် ကြိုးစားနေခဲ့သနည်း....
ယဲ့ထန်ရှန်းသည် တုန်တုန်ရီရီဖြင့်ထိုင်ချကာ သူ ထိုင်နေသော ခုံတန်းလျားပေါ်တွင် ဆူးများဖြင့်ပြည့်နှက်နေသည့်အလား သူ ခံစားမိလေ၏။
မိုးကောင်းကင်ဓားဂိုဏ်း၏စိတ်ဝိညာဥ်စုဆောင်းခြင်းဝင်္ကပါနှင့် နဂါးအကျဥ်းထောင်နယ်မြေကို ဖျက်ဆီးခဲ့သော ဤလူ၏နည်းလမ်းများကိုကြည့်ပါက သူသည် မိုးကောင်းကင်ဓားဂိုဏ်းကို ဖျက်ဆီးရန်ရောက်လာသည်မှာ သိသာထင်ရှားသည်။
သို့ရာတွင် ယခုလက်ရှိ သူ၏လုပ်ရပ်များနှင့်နှိုင်းယှဥ်ကြည့်ပါက အလွန်ထူးဆန်းနေလေရာ ယဲ့ထန်ရှန်းသည် အလွန်အမင်းစိတ်သက်တောင့်သက်သာမဖြစ်သကဲ့သို့ ခံစားမိသည်။
ဆရာကြီး...
ကျေးဇူးပြုပြီးတော့ ငါ့ကို မကစားပါနဲ့လား...
တကယ်လို့ မင်း ငါ့ကို သတ်မယ်ဆိုရင် ဗြောင်ကျကျ လုပ်လိုက်စမ်းပါ...တကယ်လို့ ငါ သေရမယ်ဆိုရင်တောင် ပျော်ပျော်ကြီးသေပေးလိုက်မယ်...လူအိုကြီးတစ်ယောက်ကို ခုလိုမျိုး ကျီစားတာက ငါ့ရဲ့စိတ်နှလုံးသားက ခံနိုင်ရည်မရှိဘူး...
"လူအိုကြီး...ဒီနေရာက မိုးကောင်းကင်ဓားဂိုဏ်းထဲမှာ မဟုတ်တော့ဘူးမလား"
ခုံတန်းလျားပေါ်၌ ထိုင်ချပြီးနောက် ရီဖုန်းက မေးမြန်းသည်။
"မဟုတ်ဘူး....ဒါက မဟုတ်တော့ဘူး"
ယဲ့ထန်ရှန်းက ခပ်ဖျော့ဖျော့လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။
အကြောင်းအရင်းမှာ ဤနေရာသည် ဝင်္ကပါများ၏ဗဟိုချက်ဖြစ်သည့်အပြင် ဝင်္ကပါတစ်ခုလုံး၏အဆုံးသတ်နေရာလည်းဖြစ်သည်။ ဤနေရာ၏တည်နေရာသည် မိုးကောင်းကင်ဓားဂိုဏ်း၏နယ်နမိတ်ပြင်ပတွင်သာ အမှန်တကယ်ရှိနေခဲ့သည်။
ကြည့်ရသည်မှာ သူ့ရှေ့ရှိ လူငယ်သည် ဤကိစ္စကို ပိုင်းခြားသိမြင်နိုင်ပုံပင်။
သို့ရာတွင် ဤလူငယ်သည် မည်သို့လုပ်ဆောင်လိုခြင်းဖြစ်သနည်း။ သူ အနည်းငယ်မျှပင် စဥ်းစားတွေးတော၍ မရချေ။
ယဲ့ထန်ရှန်း ပို၍ပို၍ ထိတ်လန့်တုန်လှုပ်လာသည်။
သို့ရာတွင် သူသည် တစ်စုံတစ်ခုကို ပြောဆိုဝံ့ခြင်းမရှိ မေးမြန်းဝံ့ခြင်းမရှိသဖြင့် သူသည် တည်ငြိမ်ချင်ယောင်ဆောင်၍ အပြောင်းအလဲများကို စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"ဒါက ကောင်းတယ်"
ရီဖုန်းက ခေါင်းညိတ်ပြကာ သူ၏အကြည့်သည် အမှတ်တမဲ့ဖြင့် သူ၏နံဘေးရှိ ကျောက်တုံးစားပွဲပေါ်မှ ကျားခုံထံသို့ ရောက်ရှိသွားသည်။
"အိုး လူအိုကြီး...မင်းက ကျားကစားတတ်တာလား"
ရီဖုန်းက အံ့အားတသင့် မေးမြန်းသည်။
"နည်းနည်းပဲ....နည်းနည်းပါးပါးလောက်ပါပဲ"
ယဲ့ထန်ရှန်းက နေမထိထိုင်မသာဖြင့် တုံပြန်ပြောဆိုလိုက်ကာ အချိန်တခဏကြာခန့် စူးစမ်းလေ့လာပြီးနောက် တစ်စုံတစ်ခုကို ဖြည့်စွက်ပြောဆိုသည်။
"ဒါပေမယ့် အခုချိန်မှာတော့...ဒါက ပိတ်နေတဲ့ကစားကွက်တစ်ခုဖြစ်သွားပြီ"
ထိုသို့ပြောဆိုပြီးနောက် သူသည် တောင့်တင်းစွာဖြင့် ရီဖုန်းကိုကြည့်လိုက်၏။
သူ ပြောဆိုခဲ့သည့်စကားများတွင် စူးစမ်းသောရည်ရွယ်ချက်များ အပြည့်ပါဝင်သည်။
အကြောင်းအရင်းမှာ ဤလူ၏ပုံပန်းသွင်ပြင်သည် တည်ထောင်သူဘိုးဘေးကြီး မသေဆုံးမီအချိန်တွင် ဟောကိန်းထုတ်ခဲ့သော မိုးကောင်းကင်ဓားဂိုဏ်း၏အကျပ်အတည်းနှင့် အလွန်တူညီနေသည်။
ဤသည်မှတဆင့်....
သူ့ရှေ့ရှိလူငယ်လေးသည် ဤကျားကစားကွက်ဖြင့် ကွေ့ဝိုက်၍ ဆက်စပ်နေပေမည်။
ထို့ကြောင့် ယဲ့ထန်ရှန်းသည် ရီဖုန်း မည်ကဲ့သို့တုံ့ပြန်မည်ကို စူးစမ်းလိုခြင်းဖြစ်သည်။
"ငါ သိပြီ"
ရီဖုန်းက ပြုံးလိုက်ကာ သူ၏လက်ဖြင့် ကျားခုံပေါ်ရှိ ကျားစေ့များအားလုံးကို ကြမ်းပြင်ပေါ်သို့ လှဲချကာ ကျားစေ့ခွက်အတွင်းသို့ ပြန်ထည့်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ယဲ့ထန်ရှန်း၏မျက်လုံးများ ကျွတ်ထွက်ကျတော့လုမတတ်ပင်။
ဤနေရာ၌ နှစ်ထောင်ပေါင်းများစွာကြာ တည်ရှိနေခဲ့သော ကျားကစားကွက်ကို ဤလူငယ်သည် အမှန်တကယ် ဖျက်ဆီးလိုက်သလော....
ဤသည်မှာ မိုးကောင်းကင်ဓားဂိုဏ်းသည် ဤကျားကစားကွက်ကို ဖြေရှင်းနိုင်သည့်ရက်တစ်ရက် ရှိလာတော့မည်မဟုတ်ဟု ဆိုလိုသည်မဟုတ်လော....
"မင်း ဒါက ဘာသဘောလဲ"
ယဲ့ထန်ရှန်းသည် မတ်တတ်ထရပ်ပြီး နီမြန်းနေသောမျက်နှာဖြင့်မေးမြန်းကာ သူ၏ခန္ဓာကိုယ်တုန်ရီနေပြီး သူ၏ဒေါသများ ပေါက်ကွဲတော့လုမတတ်အခြေအနေမျိုးသို့ ရောက်ရှိလာလေပြီ။
Chapter 263
"လူအိုကြီး...စိတ်မလှုပ်ရှားပါနဲ့"
အဖိုးအို၏တုံ့ပြန်မှုကိုကြည့်ပြီး ရီဖုန်းက အလျင်စလို ရှင်းပြသည်။
"ဒီနေရာမှာ မင်းက ကျားကစားချင်လို့ လက်ယားနေတာကို ငါ မြင်တယ်...ဒါကြောင့် ငါက မင်းနဲ့အတူ တစ်ပွဲလောက် ကစားချင်လို့ပဲ...ငါ့မှာ တခြားဘာရည်ရွယ်ချက်မှမရှိဘူး...ငါတို့က ကျားကစားမယ်ဆိုမှတော့ ပိတ်နေတဲ့ကစားကွက်နဲ့ ဆက်ပြီးကစားလို့မရဘူးလေ...ဟုတ်တယ်မလား"
"ဒါကြောင့် ဒီမဆုတ်သာမတိုးသာအခြေအနေကြီးကို ဆက်ပြီးတွယ်ကပ်နေစရာ ဘာအကြောင်းရှိလို့လဲ...ငါတို့က အသစ်ကနေပြန်စလိုက်မယ်ဆိုရင် ကစားပွဲအသစ်တစ်ခုဖြစ်သွားပြီလေ...မင်း သဘောတူရဲ့လား"
ရီဖုန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပေါ့ပေါ့ပါးပါးပြောဆိုကာ အဖြူနှင့်အနက်ကျားစေ့များကို သေသေသပ်သပ်ခွဲခြားကာ ကျားစေ့ခွက်များအတွင်းသို့ ပြန်ထည့်လိုက်၏။
သို့ရာတွင်...
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏အပြုံးသည် ယဲ့ထန်ရှန်း၏မျက်လုံးအတွင်း၌ နက်နဲသိမ်မွေ့သော အနက်အဓိပ္ပါယ်များရှိနေပုံရသည်။
ထို့ပြင် သူ၏စိတ်အတွင်း၌ ရီဖုန်း၏စကားများ ပဲ့တင်ထပ်နေသည်။
မဆုတ်သာမတိုးသာအခြေအနေကြီးကို ဆက်ပြီးတွယ်ကပ်နေစရာ ဘာအကြောင်းရှိလို့လဲ...ငါတို့က အသစ်ကနေပြန်စလိုက်မယ်ဆိုရင် ကစားပွဲအသစ်တစ်ခုဖြစ်သွားပြီလေ.....
သူ တစ်စုံတစ်ခုကို ရည်ညွှန်းနေခဲ့သလော....
ယဲ့ထန်ရှန်းသည် တဖန်ပြန်၍ထိုင်ချလိုက်ကာ တစ်ချိန်တည်းမှာပင် ဤကျားကစားကွက် ပျက်စီးသွားခြင်းကြောင့် ခံစားရသော သူ၏ဒေါသများကို ချိုးနှိမ်လိုက်၏။
အကြောင်းအရင်းမှာ ရီဖုန်း၏အရည်အချင်းများအောက်တွင် သူ၏ဒေါသများနှင့်စိတ်လိုက်မာန်ပါလုပ်ခြင်းတို့သည် အဓိပ္ပါယ်မရှိသောကြောင့်ပင်။
သူ စိတ်အေးအေးထားမှသာ ဤလူငယ်လေး မည်သည့်အရာအား ပြုလုပ်မည်ကို ကောင်းစွာကြည့်ရှုနိုင်ပေမည်။
ဤနည်းလမ်းဖြင့် မိုးကောင်းကင်ဓားဂိုဏ်းအတွက် မျှော်လင့်ချက်လင်းရောင်ခြည်တစ်ခု ရှိကောင်းရှိနေနိုင်သည်။
တခြားတစ်ဖက်တွင်...
ရီဖုန်း ကျားကစားခြင်းကို ဖယ်ရှားလိုက်သည့် အချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ဓားဂိုဏ်း၏အထက်၌ မမြင်နိုင်သောစွမ်းအားလှိုင်းလှုပ်ခတ်မှုများလွှမ်းခြုံသွားကာ လှိုင်းဂယက်များ ရုတ်တရက်ထွက်ပေါ်လာသည်။ ထို့နောက် မရေမတွက်နိုင်သော မျက်လုံးများအောက်တွင် ဂိုဏ်းအကာအကွယ်ဝင်္ကပါကြီးသည် ပူဖောင်းများပမာ ကြေမွှပျက်စီးသွားတော့သည်။
ထိုအရာကြေမွှပျက်စီးသွားသော အချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ဓားဂိုဏ်းတစ်ဂိုဏ်းလုံးမှနေ၍ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားသည်။
မြေပြင်ကြီးတုန်ခါသွားကာ အဆောက်အအုံအမြောက်အများ ပြိုကျလာကာ အဆုံးမရှိသောအက်ကွဲကြောင်းကြီးများအဖြစ် မြေပြင်ကြီးကွဲထွက်သွားသည်။
"ဒါက...."
"မိုးကောင်းကင်ဓားဂိုဏ်းရဲ့ မဟာအကာအကွယ်ဝင်္ကပါကြီးနဲ့ အခြေခံအုတ်မြစ် ပျက်စီးသွားတာပဲ"
"ဘာတွေဖြစ်နေတာလဲ"
"မြန်မြန်ပြေးကြတော့....ပင်မတောင်ကြီး ပြိုကျတော့မယ်..ပြေးကြ..."
အဆောက်အအုံများ ပြိုကျပြီး ဂိုဏ်းအခြေခံအုတ်မြစ်ပျက်စီးကာ ဝင်္ကပါအများအများ ကျိုးပေါက်သွားသဖြင့် မိုးကောင်းကင်ဓားဂိုဏ်းတစ်ဂိုဏ်းလုံး အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ဓားဂိုဏ်းအတွင်းရှိ နေရာအနှံ့အပြား၌ စူးရှကျယ်လောင်သောအော်သံများ ပြည့်နှက်နေကာ တပည့်များသည် တောင်များမှပျံသန်းထွက်လာကြသည်။
"ဘာတွေဖြစ်နေတာလဲ"
"ဖြစ်နိုင်တာတော့ ဘိုးဘေးအိုကြီးရှိတဲ့နေရာမှာ တစ်ခုခုဖြစ်နေတာမလား"
"မျိုးဆက်တွေအများကြီး လက်ဆင့်ကမ်းဆင်းသက်လာတဲ့ မိုးကောင်းကင်ဓားဂိုဏ်းက...ဒီအတိုင်းပျက်စီးတော့မှာလား"
မိုးကောင်းကင်ယံအထက် မြင့်မားသောနေရာတွင် သွမ်ချင်းဖုန်းတို့လူစုသည် အောက်ရှိမိုးကောင်းကင်ဓားဂိုဏ်းတစ်ဂိုဏ်းလုံး စတင်ပြိုလဲစဖြစ်နေသည်ကိုကြည့်ပြီး သူတို့၏မျက်လုံးများအတွင်းတွင် သွေးရောင်လွှမ်းသောဒေါသများဖြင့် ပြည့်နှက်သွားတော့သည်။
ထိုသို့ဆိုသည့်တိုင် သူသည် မျက်ရည်ကြားမှနေ၍ အသိပြန်ဝင်လာပြီး အမိန့်များကို အလျှင်အမြန်ထုတ်ပြန်လိုက်၏။
"ငါ့ရဲ့အမိန့်ကို လိုက်နာကြစမ်း...တပည့်တွေအားလုံး မိုးကောင်းကင်ဓားဂိုဏ်းကနေ စွန့်ခွာမယ်"
အကယ်၍ ဂိုဏ်းတစ်ဂိုဏ်း ပျက်စီးသွားလျှင်ပင် သူတို့သည် တပည့်များကို ပြိုကျပျက်စီးမှုများနှင့်အတူ သေဆုံးသွားခွင့်မပြုနိုင်ချေ။
"လူအိုကြီး....စလို့ရပြီ"
ရီဖုန်းသည် ခပ်ဖျော့ဖျော့ပြုံးကာ သူ၏လက်အတွင်းရှိ အဖြူရောင်ကျားစေ့ကို ကျားခုံပေါ်သို့ ဖြည်းညှင်းစွာတင်လိုက်သည်။
ယဲ့ထန်ရှန်းက ခေါင်းညိတ်ပြလိုက်သော်လည်း သူသည် ကျားခုံထံသို့ ကြည့်လိုက်စဥ်တွင် ထိတ်လန့်ကြောက်ရွံမှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပေ၏။
အထူးသဖြင့် ရီဖုန်းသည် ကျားစေ့အားချလိုက်ချိန်တွင် တည်ငြိမ်သောရေအိုင်ပေါ်သို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သည့်အလား စစ်တုရင်ခုံကိုဖြတ်သန်း၍ လှိုင်းဂယက်များထသွားသည်။
ဤအချိန်အတန့်တွင် ကျားခုံတစ်ခုံလုံး ပြောင်းလဲသွားသည်။
နံဘေးရှိပတ်ဝန်းကျင်သည်လည်း ပြောင်းလဲသွားပေ၏။
သူတို့နှစ်ယောက်သည် လေဟာနယ်အတွင်း၌ ပလ္လင်ခွေထိုင်နေပြီး သူတို့၏ခေါင်းထက်တွင် ကျယ်ပြန့်သောကြယ်တာရာကောင်းကင်ကြီးရှိနေကာ အလင်းရောင်စဥ်တန်းများက ပတ်ဝန်းကျင်၌ ပြန့်ကျဲနေသည်။ မြေပြင်သည် ယင်နှင့်ယန်အဖြစ် အသေးစိတ်ခြယ်မှုန်းထားသော အဋ္ဌဂံပုံရိပ်ကြီးအဖြစ်သို့ ရောက်ရှိသွားသည်။
"ဒါက...."
"မဟာတာအိုရဲ့စွမ်းအား မဟုတ်လား"
ယဲ့ထန်ရှန်း၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေကာ သူ ပါးစပ်အဟောင်းသားဖြစ်နေပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ဒီရေလှိုင်းများရိုက်ခတ်သည့်အလား ဗြောင်းဆန်နေသည်။
သာမာန်ကျင့်ကြံသူများအတွက် သိုင်းပညာစိတ်ဆန္ဒကို လေ့လာဆင်ခြင်ခြင်းသည် ကြီးမားသောတိုးတက်မှုတစ်ခုစီသို့ ခေါ်ဆောင်သွားသည့် ရုတ်တရက်ဥာဏ်အလင်းပွင့်မှုနှင့်တူညီသည်။
သို့ရာတွင် မဟာတာအို၏စွမ်းအားသည် နောက်တစ်ဆင့်သို့ ရောက်သွားလေပြီ။ ထိုစွမ်းအားကို အနည်းငယ်မျှ ရရှိခြင်းကပင် တစ်စုံတစ်ယောက်အတွက် ကံကြမ္မာကောင်းကြီးဖြစ်ပြီး ခန္ဓာကိုယ်ကို သန်မာအားကောင်းစေကာ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကိုသာမက အလုံးစုံသောအရည်အချင်းများကိုလည်း မြှင့်တင်ပေးနိုင်သည်။
အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ရန်အတွက် တစ်စုံတစ်ယောက်ထံတွင် လုံလောက်သောမဟာတာအိုစွမ်းအားကို လေ့လာဆင်ခြင်ထားရန် လိုအပ်သည်။
သို့ရာတွင် အင်မော်တယ်မြစ်ကုန်းမြေ၏ သမိုင်းစဥ်တလျှောက်တွင် မရေမတွက်နိုင်သော သိုင်းအင်ပါယာများအကြား၌ အင်မော်တယ်နယ်ပယ်သို့ အောင်မြင်စွာချိုးဖျက်ဝင်ရောက်ပြီး တက်လှမ်းသွားနိုင်သူကို လက်ချိုးရေ၍ရသည်။
ဤသည်မှာ ကျင့်ကြံသူများအတွက် မဟာတာအို၏စွမ်းအား အရေးပါပုံကို ပြသရန်လုံလောက်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ မဟာတာအို၏စွမ်းအားသည် ဤကျားခုံ၏နေရာအနှံ့အပြား၌ ရောယှက်နေသဖြင့် ယဲ့ထန်ရှန်းသည် ဆွံ့အနေလေ၏။
အထက်ဘုံမှလာသော အင်မော်တယ်များသာ ဤကဲ့သို့သောကိစ္စမျိုးကို လုပ်ဆောင်နိုင်ပေမည်။
ဤသည်မှာ သူ့ရှေ့မှလူငယ်သည်....အထက်ဘုံမှလာသော အင်မော်တယ်တစ်ယောက်ဟု ဆိုလိုသည်မဟုတ်လော.....
ယဲ့ထန်ရှန်းက လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
အမှန်အားဖြင့် သူကို ပို၍စိတ်ရှုပ်ထွေးစေသည်မှာ ဤလူငယ်သည် သူ့အားတိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိပုံမရချေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုလူငယ်သည် သူ့အား မိုးကောင်းကင်မှစေလွှတ်သော အခွင့်အရေးကြီးကို ချီးမြှင့်နေလေ၏။
ဤနေရာ၌ မည်သို့ဖြစ်ပျက်နေသနည်း...
တစ်ဖက်တွင် ထိုလူငယ်ည် မိုးကောင်းကင်ဓားဂိုဏ်း၏အခြေခံအုတ်မြစ်ကို ဖြိုချဖျက်ဆီးခဲ့ကာ တခြားတစ်ဖက်တွင် သူ့အား ဤကဲ့သို့အခွင့်အရေးကြီးကိုပေးခဲ့သည်။
ယဲ့ထန်ရှန်း လုံးလုံးလျားလျား နားဝေတိမ်တောင်ဖြစ်နေသည်။
သို့ရာတွင် သူ နားဝေတိမ်တောင် ဖြစ်နေသည်ဖြစ်စေ မဟာတာအို၏စွမ်းအားကို လေ့လာဆင်ခြင်နိုင်မည့် အခွင့်အရေးနှင့်ရင်ဆိုင်ရချိန်တွင် မည်သူမျှ တင်းခံနေနိုင်မည်မဟုတ်ချေ။
ယဲ့ထန်ရှန်းသည် ကစားပွဲအတွင်း၌ သူ၏ဦးနှောက်များခြောက်ခမ်းလုမတတ် တွေးတောကာ အစွမ်းကုန်ထုတ်သုံးပြီး ရီဖုန်းနှင့်ယှဥ်ပြိုင်ခဲ့သည်။
သို့ရာတွင် သူ အံ့အားသင့်သွားသောအချက်မှာ သူ မည်မျှထိ အသာစီးရအောင် ကြိုးစားနေပါစေ ရီဖုန်းသည် သူ၏ရည်ရွယ်ချက်များကို တွေ့မြင်ပြီးဖြစ်နေခြင်းကြောင့်ပင်။ ထို့ပြင် သူ အလွန်အကျပ်အတည်းကျနေချိန်သို့ ရောက်ရှိပါက ရီဖုန်းသည် သူ့အား လွတ်လမ်းတစ်လမ်း ဖွင့်ပေးခဲ့သည်။
'အင်း...ဒီလူအိုကြီးရဲ့အရည်အချင်းက တော်တော်လေးကောင်းတယ်...ငါ ဒီလိုပျော်စရာကောင်းတဲ့ကစားပွဲမျိုး မတွေ့ရတာ အချိန်အတော်ကြာနေပြီ...ဒါက ငါ့ကို နည်းနည်းတော့ အတွေ့အကြုံရစေတယ်"
ယဲ့ထန်ရှန်းကိုကြည့်ပြီး ရီဖုန်း၏စိတ်အတွင်း၌ လေးလေးနက်နက် တွေးတောနေခဲ့သည်။
သို့ရာတွင် ဤမျှထိအချိန်အတော်ကြာ ကစားပြီးနောက် အဆုံးသတ်ရန်အချိန်သို့ ရောက်ရှိလာလေပြီ။ ၏
ရီဖုန်းက ခပ်ဖျော့ဖျော့ပြုံးကာ နောက်ဆုံးကျားစေ့ကို တင်လိုက်၏။
"ဒါက .."
"သရေပွဲတစ်ပွဲလား"
ယဲ့ထန်ရှန်းသည် သူ့ရှေ့ရှိကျားခုံကိုကြည့်ကာ နားမလည်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။
အကြောင်းအရင်းမှာ ရီဖုန်းထံတွင် သရေပွဲတစ်ပွဲအစား အနိုင်ယူနိုင်သည့် အခွင့်အရေးများစွာ ရှိနေခြင်းကြောင့်ပင်။ ဤသည်မှာ နောက်ကွယ်၌ မည်သည့်အဓိပ္ပါယ်များရှိနေသနည်း။
Chapter 264
ရီဖုန်းသည် ပြုံးနေရုံမျှသာပင်။
အကြောင်းအရင်းမှာ ဤလူအိုကြီးကို အနိုင်ယူနိုင်ခြင်းဖြင့် သူ့အတွက် မည်သည့်အဓိပ္ပါယ်မျှမရှိခြင်းကြောင့်ဖြစ်သည်။
ထို့ပြင် တစ်ဖက်လူသည် မည်သို့ပင်ဆိုစေကာမူအသက်ကြီးသူတစ်ယောက် ဖြစ်ပေ၏။
ထို့ကြောင့် သူသည် ထိုလူအိုကြီးအား မျက်နှာသာတချို့ပေးရန်လိုအပ်သည်။
ရီဖုန်း၏ လျှို့ဝှက်ပြီးနက်နဲသိမ်မွေ့သောအပြုံးကိုကြည့်ကာ ယဲ့ထန်ရှန်း ပို၍ဇဝေဇဝါဖြစ်သွားသည်။
သို့ရာတွင်....
ဤကျားကစားပွဲအတွင်းတွင် သူသည် ထိုးထွင်းသိမြင်မှုအမြောက်အများကို ရရှိခဲ့ကာ သူသည် သိုင်းအင်ပါယာတစ်ယောက် မဟုတ်သည့်တိုင် မဟာတာအိုစွမ်းအား၏အရိပ်အယောင်ကို လေ့လာဆင်ခြင်နိုင်ခဲ့သည်။
ဤအခွင့်အရေးသည် အလွယ်ပြောရလျှင် မိုးကောင်းကင်ကို ဆန့်ကျင်နေသောအရာပင်။
သူ၏အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းသည် အတားအဆီးမရှိ ချောမွေ့စွာရွက်လွှင့်နိုင်ပေမည်။
"ကောင်းပြီလေ...လူအိုကြီး...ငါ သွားတော့မယ်"
ရီဖုန်းသည် မတ်တတ်ထရပ်ကာ ယဲ့ထန်ကန်းကို အပြုံးနှင့်ပြောဆိုလိုက်၏။
ဘာ...
ထွက်သွားတော့မည်လော...
ယဲ့ထန်ရှန်း အမှန်တကယ်ကို ကြက်သေသေသွားသည်။
ဤလူငယ်သည် တစ်ဖက်တွင် မိုးကောင်းကင်ဓားဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့ကာ တခြားတစ်ဖက်တွင် သူ့အား ဤကဲ့သို့အခွင့်အရေးကြီးကို ပေးခဲ့သည်။ ဤဆန့်ကျင်ဘက်ဝိရောဓိဆန်သော အပြုအမူများကိုပြုလုပ်ကာ တခြားစကားတစ်ခွန်းမျှမဆိုတော့ဘဲ ထွက်သွားမည်ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်မျိုးရှိသနည်း....
ထို့ပြင်....
ကျောက်တုံးစားပွဲပေါ်တွင် သရေပွဲအနေဖြင့် အဆုံးသတ်သွားသော ကျားကစားပွဲကိုကြည့်ကာ ယဲ့ထန်ရှန်းသည် ရီဖုန်း၏အတွေးများကို အနည်းငယ်မျှပင် နားမလည်နိုင်တော့ချေ။
"အော် ဒါနဲ့...လူအိုကြီး....ငါ ဒီနေရာကနေ မြို့ထဲကို ဘယ်လိုသွားရမလဲ"
ရီဖုန်းက နောက်သို့ပြန်လှည့်ကာ မေးမြန်းလေ၏။
ရီဖုန်း မည်သည်ကြောင့် သူ့အား ဤကဲ့သို့မေးမြန်းသည်ကို သူ မသိရှိသော်လည်း လမ်းတစ်လမ်းကို ညွှန်ပြလိုက်သည်။
သို့ရာတွင်....
ရီဖုန်း၏ပုံရိပ် ပျောက်ကွယ်သွားသည့်တိုင် သူ၏စိတ်နှလုံးသားအတွင်းရှိ သံသယများကို ဖြေရှင်းနိုင်ခြင်းမရှိသေးချေ။
..
ရီဖုန်းသည် လမ်းကျဥ်းလေးအတိုင်း လျှောက်လှမ်းခဲ့သည်။
ပြောရမည်ဆိုလျှင် သူသည် မိုးကောင်းကင်ဓားဂိုဏ်းကို ပြန်တွေးကြည့်မိချိန်တွင် သူ အနည်းငယ်မယုံကြည်နိုင်သကဲ့သို့ ခံစားနေရဆဲပင်။
ထိုနံရံများသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပေ၏။
ထိုအရာများသည် အံ့အားသင့်ဖွယ်ကောင်းသော ဝင်္ကပါတချို့ဖြစ်ပုံရသော်လည်း သာမာန်သေမျိုးတစ်ယောက်ဖြစ်သော သူသည် ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ခဲ့ကာ မည်သည့်အန္တရာယ်မျိုးနှင့်မျှ မကြုံတွေ့ခဲ့ရချေ။
အကယ်၍ ထိုအရာများသည် အမှန်တကယ်ကို ဖန်သားနံရံများဟု တစ်စုံတစ်ယောက်မှ ပြောဆိုလာပါက ရီဖုန်းသည် အတွေးခေါင်သွားမိလေ၏။
မည်သည့်ဂိုဏ်းသည် လက်သီးတစ်ချက်ဖြင့် ကွဲကြေသွားစေနိုင်သော ဖန်သားနံရံများကို အလှပြရုံသက်သက် ခင်းကျင်းပြသရန် တည်ဆောက်ထားသနည်း....
ထားလိုက်တော့....
သူ ထိုကိစ္စနှင့်ပတ်သတ်၍ ထပ်မံပြီးမတွေးတောတော့ချေ။
သို့ရာတွင် ဖန်းယင်ဟူသော သေသင့်သောမိန်းမကိုမူ သူ အခွင့်အရေးရပါက သတ်ဖြတ်ရပေမည်။
မိုးကောင်းကင်ဓားဂိုဏ်းတည်ရှိရာ တောင်ခြေရှိ လွင်ပြင်ပေါ်၌....
ဤနေရာတွင် မိုးကောင်းကင်ဓားဂိုဏ်းမှမရေမတွက်နိုင်သောတပည့်များ စုဝေးနေကာ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် ဖုန်အလိမ်းလိမ်းကပ်နေပြီး ဘိုသီဘတ်သီဖြစ်နေကြသည်။ သူတို့သည် ပြိုလဲပျက်စီးနေသောဂိုဏ်းကိုကြည့်ကာ သူတို့၏မျက်လုံးများမှ မျက်ရည်များယိုစီးကျလာသည်။
တစ်ဖက်ခြမ်းတွင် သွမ်ချင်းဖုန်းဦးဆောင်သော မိုးကောင်းကင်ဓားဂိုဏ်း၏အဆင့်မြင့်ဂိုဏ်းဝင်များထံတွင်လည်း သွေးနီရောင်သန်းသောမျက်လုံးများရှိနေသည်။
နှစ်ပေါင်းများစွာကြာမြင့်သည်အထိ လက်ဆင့်ကမ်းဆင်းသက်လာခဲ့သော မိုးကောင်းကင်ထားဂိုဏ်း ဤကဲ့သို့ပျက်စီးသွားသည်မှာ သူတို့တစ်ယောက်ချင်းစီတိုင်းအတွက် ပြင်းထန်သောထိုးနှက်ချက်တစ်ခုပင်။
ထို့ပြင် ပို၍စိတ်ကသိကအောက်ဖြစ်စေသောအချက်မှာ မည်သည်ကြောင့် ဤကဲ့သို့ ဖြစ်သွားရသည်ကို သူတို့အားလုံး နားမလည်ခြင်းဖြစ်သည်။
သွမ်ချင်းဖုန်းတို့လူစု ကြေကွဲဝမ်းနည်းနေစဥ်မှာပင် တပည့်တစ်ယောက်က ထိတ်ထိတ်ပျာပျာပြေးလာကာ စိုးရိမ်ပူပန်တကြီးအော်ဟစ်လိုက်၏။
"ဂိုဏ်းချုပ်....သတင်းဆိုးပဲ"
"နတ်ဆိုးတေးသံဂိုဏ်း...တိမ်တိုက်လေပြေတောင်ကြား...နှင်းလေအိမ်တော်....နတ်ဘုရားဓားဂိုဏ်း...လီမိသားစုနဲ့ တခြားဂိုဏ်းအင်အားစုတွေအများကြီးက ကျွန်တော်တို့ကို တိုက်ခိုက်နေကြတယ်"
"ဘာ...."
သွမ်ချင်းဖုန်းတို့လူစု၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
အထက်သို့မော့ကြည့်လိုက်စဥ်တွင် အဝေးမှနေ၍ မရေမတွက်နိုင်သောပုံရိပ်များ ပျံသန်းလာကာ အနက်ရောင်အစက်အပျောက်များအလား ထူထပ်သိပ်သည်းစွာ ပျံ့နှံ့နေကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
ထိုလူများအား ဦးဆောင်လာသူများမှာ...
နတ်ဘုရားဓားဂိုဏ်း၏ဂိုဏ်းချုပ်ယန်ထန်းယု တိမ်တိုက်လေပြေတောင်ကြားသခင်ယွင်ဟောင်ထျန်း လီမိသားစုခေါင်းဆောင်လီရှုဟွာ နှင်းလေအိမ်တော်၏သခင်ကြီးသီထန်းမင် နတ်ဆိုးတေးသံဂိုဏ်း၏ဂိုဏ်းချုပ်ရွှယ်ချင်ကျူးတို့ဖြစ်သည်။
ထို့ပြင် သူတို့၏နောက်တွင် ဂိုဏ်းအင်အားစုများမှ ထိပ်သီးခေါင်းဆောင်များရှိနေသည်။
ဤကဲ့သို့အင်အားစုဖွဲ့မှုမျိုးသည် တစ်စုံတစ်ယောက်၏ဦးရေပြားကို တင်းကြပ်စေသဖြင့် ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ဓားဂိုဏ်းမှဂိုဏ်းဝင်များအားလုံး၏မျက်နှာအမူအယာများ တည်ကြည်လေးနက်သွားသည်။
ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
သူတို့၏မိုးကောင်းကင်ဓားဂိုဏ်းသည် လူများကိုရော နတ်ဘုရားများပါ ဒေါသထွက်စေခဲ့သလော...
အစပထမတွင် ဂိုဏ်းမှအဆောက်အအုံများ အားလုံးနီးပါး ပျက်စီးသွားခဲ့ကာ ယခုချိန်တွင် နန်ရှားနယ်မြေမှတခြားထိပ်သီးအင်အားစုကြီးများ၏ ဝိုင်းရံခြင်းကို ခံထားရသည်။
"မိတ်ဆွေတို့....ဒါက ဘာအဓိပ္ပါယ်လဲ"
သွမ်ချင်းဖုန်းက တည်ကြည်လေးနက်စွာဖြင့် မေးမြန်းသည်။
"ဟမ့်....ဘာအဓိပ္ပါယ်လဲ ဟုတ်လား"
မိုးကောင်းကင်ယံအတွင်းမှနေ၍ ယွင်ဟောင်ထျန်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ မကျေမချမ်းပြောဆိုသည်။
"မင်းတို့ရဲ့မိုးကောင်းကင်ဓားဂိုဏ်းက ဘယ်လိုမျိုး ရက်စက်ယုတ်မာတဲ့လုပ်ရပ်မျိုးကို လုပ်ခဲ့တယ်ဆိုတာ...မင်းတို့ရဲ့စိတ်ထဲက ရှင်းရှင်းလင်းလင်း သိနေတာတောင်...မင်းတို့က မသိသလို ဟန်ဆောင်နေတုန်းပဲလား"
"ဘာရက်စက်ယုတ်မာတဲ့လုပ်ရပ်လဲ...အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့"
သွမ်ချင်းဖုန်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းတို့က ငါတို့ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီးတော့....မိုးကောင်းကင်ဓားဂိုဏ်းကို ဝါးမျိုချင်တာလား"
"ငါတို့မိုးကောင်းကင်ဓားဂိုဏ်းကို အလွယ်တကူ အနိုင်ကျင့်လို့ရမယ်လို့ မင်းတို့ထင်နေကြတာလား"
သွမ်ချင်းဖုန်း၏စကားသံ ကျရောက်လာသည်နှင့် မိုးကောင်းကင်ဓားဂိုဏ်း၏ထောင်သောင်းချီသောတပည့်များသည် သူတို့၏ဓားများကိုဆွဲထုတ်၍ လေထုအတွင်းသို့မြှောက်လိုက်သဖြင့် မိုးကောင်းကင်ယံတခွင်လုံးတုန်ခါသွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အဓိကဂိုဏ်းအင်အားစုများမှ ထိပ်သီးခေါင်းဆောင်များသည် သူတို့၏လက်နက်များကို ထုတ်ဖော်လိုက်ကာ မူလဘူတချီများက သူတို့၏ခန္ဓာကိုယ်များနံဘေးပတ်လည်တွင် လူးလွန့်နေသည်။
မူလဘူတစွမ်းအားများ လူးလွန့်နေမှုအောက်တွင် လွင်ပြင်အထက်ရှိကောင်းကင်ယံတခွင်လုံး တဝုန်းဝုန်းထနေသောတိမ်တိုက်များနှင့် ပြည့်နှက်သွားတော့သည်။
ဤအချိန်အခိုက်အတန့်တွင်....
ဓားများကိုဆွဲထုတ်ကာ လေးကြိုးများကိုဆွဲတင်ပြီးလေပြီ။
"မင်းတို့ရဲ့မိုးကောင်းကင်ဓားဂိုဏ်းက အကောင်းအဆိုးကို တကယ်မသိဘူး...သေမင်းရဲ့တံခါးဝကိုရောက်နေတာတောင် ဟန်ဆောင်နိုင်တုန်းပဲ"
ရွှယ်ချင်ကျူးက ရယ်မောကာ ရေခဲတမျှအေးစက်စက်အသံနှင့်ပြောဆိုသည်။
"အမှန်ပဲ...မင်းတို့မိုးကောင်းကင်ဓားဂိုဏ်းရဲ့ ပင်မတောင်ကြီးတောင် ပျက်စီးသွားပြီ...အခုထိ ငြင်းချင်နေတုန်းပဲ...ဒါက ဘာအသုံးဝင်မှာလဲ"
နံဘေးတွင်ရှိနေသော ယန်ထန်းယုက ရှေ့သို့ထွက်ကာ ပြောဆိုသည်။
"ဟမ့်...မင်းတို့မိုးကောင်းကင်ဓားဂိုဏ်းကလူတွေ နားထောင်ကြစမ်း....ခေါင်းမမာဘဲ လိမ်လိမ်မာမာနဲ့ မြန်မြန်အရှုံးပေးကြစမ်း....မဟုတ်ရင် မင်းတို့ရဲ့ပင်မတောင်ကြီးပြိုလဲရုံတင်မကဘူး မင်းတို့မိုးကောင်းကင်ဓားဂိုဏ်းတစ်ဂိုဏ်းလုံးလည်း အတူလိုက်ပါပြီး ပျက်စီးရလိမ့်မယ်"
သီထန်းမင်က နောက်ဆုံး၌ ဝင်ရောက်ပြောဆိုသည်။
ထိုထိပ်သီးခေါင်းဆောင်များ၏လေသံများနှင့်အပြုအမူများကို အာရုံခံမိချိန်တွင် သွမ်ချင်းဖုန်းသည် နောက်ဆုံး၌ တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိလေပြီ။
သို့ရာတွင် သူတို့ပြောဆိုသောစကားများအရ သူ၏မိုးကောင်းကင်ဓားဂိုဏ်းသည် လူရော နတ်ဘုရားများပါ ဒေါသထွက်စေသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့လေသည်။ ထို့ကြောင့် မိုးကောင်းကင်ဓားဂိုဏ်း၏ပင်မတောင်ကြီး ပြိုလဲသွားရုံသာမက သူတို့အား အဓိကဂိုဏ်းအင်အားစုများ၏ဝိုင်းရံခြင်းကိုလည်း ခံရလေ၏။
"ဘာတွေ ဖြစ်နေတာလဲ"
"မင်းတို့အားလုံး ငါ့ကိုဖုံးကွယ်ထားတာ တစ်ခုခုရှိနေလား"
သွမ်ချင်းဖုန်းသည် သူ၏အရှိန်အဝါကိုဖော်ထုတ်ကာ ရုတ်တရက် မိုးကောင်းကင်ဓားဂိုဏ်း၏တခြားဂိုဏ်းဝင်များထံသို့ ကြည့်လိုက်သည်။
"ငါတို့ ဘာမှမသိဘူး"
"ငါတို့လည်း တကယ်ဘာမှမသိဘူး"
"ဒါကအမှန်ပဲ...ဂိုဏ်းချုပ်...တကယ်လို့ ကိစ္စတစ်ခု တကယ်ကြီးရှိနေတယ်ဆိုရင်...ငါတို့က ဂိုဏ်းချုပ်ကို ဘယ်လိုလုပ်ပြီး ဖုံးကွယ်ထားဝံ့မှာလဲ"
သွမ်ချင်းဖုန်း၏အကြည့်ကို အာရုံခံမိချိန်တွင် ဖန်ရှင်းအာအပါအဝင် မိုးကောင်းကင်ဓားဂိုဏ်းမှဂိုဏ်းဝင်များသည် ကြေကွဲဝမ်းနည်းစွာဖြင့် သူတို့၏အသံများကိုပေးပို့ကာ အလျှင်အမြန်ရှင်းပြလေသည်။
သိသာထင်ရှားစွာပင်...
သူတို့သည်လည်း လုံးလုံးလျားလျား စိတ်ရှုပ်ထွေးနေလေ၏။
သွမ်ချင်းဖုန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ယန်ထန်းယုနှင့်တခြားထိပ်သီးခေါင်းဆောင်များကိုကြည့်ပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုသည်။
"မိတ်ဆွေတို့...ငါ သွမ်ချင်းဖုန်းက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းတို့အားလုံးလည်း ရှင်းရှင်းလင်းလင်း သိကြမှာပါ...ဘာတွေဖြစ်နေတာလဲဆိုတာ ငါ တကယ်ကို နားမလည်တော့ဘူး...မင်းတို့အားလုံးက ပွင့်ပွင့်လင်းလင်းပြောပြပေးဖို့ ငါ မျှော်လင့်တယ်"
"ဟမ့်..."
သီထန်းမင်၏မျက်နှာ သုန်မှုန်သွားကာ အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူက ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်သည်။
"သွမ်ချင်းဖုန်း...မင်း ဟန်ဆောင်တာပဲဖြစ်ဖြစ် တကယ်မသိတာပဲဖြစ်ဖြစ်...ငါတို့ ပြောချင်တာက...ငါတို့ကို မေးမယ့်အစား...မင်း မေးသင့်တာက...ဒီနေရာမှာရှိနေတဲ့ မင်းရဲ့တပည့်ကောင်းလေးကိုပဲ"
ထိုစကားကိုပြောဆိုပြီးနောက် သီထန်းမင်နှင့်တခြားသူများအားလုံး၏မျက်လုံးအကြည့်များသည် သွမ်ချင်းဖုန်း၏နံဘေးရှိ ဖန်ရှင်းအာထံသို့ ကျရောက်သွားလေ၏။
Chapter 265
"ရှင်းအာလား...."
သွမ်ချင်းဖုန်းအပါအဝင် မိုးကောင်းကင်ဓားဂိုဏ်းမှဂိုဏ်းဝင်များ၏အမူအယာများ ပျက်ယွင်းသွားကာ ဖန်ရှင်းအာထံသို့ ကြည့်လိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသော မျက်လုံးအကြည့်များက ဖန်ရှင်းအာထံသို့ စုဝေး၍ရောက်ရှိလာသည်။
"ဆရာသခင်...အကြီးအကဲတို့....သူတို့ပေါက်ကရပြောတာတွေကို နားမထောင်ပါနဲ့...ကျွန်မ တကယ့်ကို ဘာမှမလုပ်ဘူး"
ဖန်ရှင်းအာက ဖြူရော်နေသောမျက်နှာနှင့်ပြောဆိုကာ အလျင်စလိုရှင်းပြသည်။
ထို့နောက် သူမသည် သီထန်းမင်တို့လူစုကိုကြည့်ကာ ပြောဆိုလိုက်၏။
"စီနီယာတို့...ကျွန်မရဲ့ခွန်အားက ရှင်တို့ထက်နိမ့်ကျပေမယ့်...ရှင်တို့က ကျွန်မကို ခုလိုတော့မစွပ်စွဲသင့်ဘူး"
"ဟမ့်...."
"စွပ်စွဲတာလား..."
"သေမင်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာတောင် နောင်တမရသေးဘူး"
အထက်ရှိလေထုအတွင်းတွင်ရှိနေသော ရွှယ်ချင်ကျုးက ပြောဆိုသည်။
"မင်း...မျက်စိမှိတ်ပြီး လိမ်ချင်သေးတာလား..မင်းက ဆရာကြီးကို မိုးကောင်းကင်ဓားဂိုဏ်းဆီ ဖမ်းခေါ်သွားခဲ့တယ်...မင်းက ဒီကိစ္စကို ငြင်းဆန်လိုက်တာနဲ့ ဘူးခံနိုင်မယ်လို့ မင်း တကယ်ကြီးထင်နေတာလား"
"ဆရာကြီး...ဘာဆရာကြီးလဲ"
သွမ်ချင်းဖုန်းက မေးမြန်းသည်။
"ဘယ်ဆရာကြီးကို ပြောနေတယ်လို့ မင်း ထင်လဲ"
ယန်ထန်းယုက အေးစက်တင်းမာစွာ ပြောဆိုသည်။
"သူက ခုလတ်တလောမှာ ငါတို့ရဲ့နန်ရှားနယ်မြေကိုရောက်လာတဲ့ ပြိုင်ဘက်ကင်းအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ...မင်းရဲ့ချစ်လှစွာသောတပည့်လေးက သူ့ကိုပြန်ပေးဆွဲပြီးတော့ မိုးကောင်းကင်ဓားဂိုဏ်းဆီကို ဖမ်းခေါ်သွားခဲ့တယ်"
"ဟား....ဟား..."
သို့ရာတွင် ဖန်ရှင်းအာထံမှနေ၍ လှောင်ပြောင်ရယ်မောသံ ထွက်ပေါ်လာသည်။
"အကြီးအကဲယန်...ကျွန်မ ရှင့်ကို ဘယ်ချိန်က အပြစ်ပြုခဲ့မိတယ်ဆိုတာ ကျွန်မ မသိပေမယ့်....ရှင် ကျွန်မကို စွပ်စွဲတဲ့အကြောင်းပြချက်က ဒီထက်တော့ပိုကောင်းသင့်တယ်မဟုတ်လား"
"နန်ရှားနယ်မြေကိုရောက်လာတဲ့ အဲ့ဒီပြိုင်ဘက်ကင်းအစွမ်းထက်ကျင့်ကြံသူမှာ အရမ်းမြင့်မားတဲ့ ကျင့်ကြံဆင့်နယ်ပယ်ရှိနေတာကို...ကျွန်မ ဖန်ရှင်းအာက...ဘယ်လိုစွမ်းဆောင်ရည်မျိုးနဲ့ သူ့ကို ကျွန်မရဲ့မိုးကောင်းကင်ဓားဂိုဏ်းဆီ ဖမ်းခေါ်လာနိုင်မှာလဲ"
"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ကျွန်မက သာမာန်သေမျိုးတစ်ယောက်ကို ဖမ်းခဲ့တယ်ဆိုပေမယ့်...ရှင်တို့က အဲ့ဒီသာမာန်သေမျိုးကို ဆရာကြီးဆိုပြီးတော့ ကျွန်မကို မစွပ်စွဲ...."
သို့ရာတွင် ထိုစကားကိုပြောဆိုရင်း သူမ၏မျက်နှာအမူအယာ ရုတ်တရက် တောင့်တင်းသွားသည်။
အကြောင်းအရင်းမှာ သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရမိသောကြောင့်ပင်။
သာမာန်သေမျိုးတစ်ယောက်... သာမာန်သေမျိုးတစ်ယောက်...
သာမာန်သေမျိုး....
ဖြစ်နိုင်သည်မှာ....
ဤအချိန်အခိုက်အတန့်တွင် သူမသည် နဂါးအကျဥ်းထောင်နယ်မြေအတွင်း၌ ပျောက်ကွယ်သွားသောရီဖုန်းကို အမှတ်ရမိကာ..အလောင်းများဘဝသို့ပြောင်းလဲသွားသော သားရဲများကို အမှတ်ရမိကာ...ထို့ပြင် နောက်ထပ် ပို၍ပို၍များပြားသော အသေးစိတ်အချက်အလက်အလက်များကို အမှတ်ရမိကာ...
ထို့နောက် ထိုအသေးစိတ်အချက်အလက်များအားလုံးကို ယှဥ်တွဲကြည့်ပြီးနောက်....
အထိန်းအကွပ်မဲ့စွာဖြင့် သူမ၏မျက်နှာ သိသိသာသာဖြူရော်သွားကာ သူမက ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်မိသည်။
"မဟုတ်ဘူး....မဖြစ်နိုင်ဘူး...ဒါက မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ...."
"သူက သာမာန်သေမျိုးတစ်ယောက်လေ....ဘယ်လိုလုပ်ပြီးတော့ သူက ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် ဖြစ်နိုင်မှာလဲ...သူက အမှိုက်ကောင်တစ်ကောင်ဆိုတာ အသိသာကြီးလေ...ဒါက လုံးဝမဖြစ်နိုင်ဘူး...."
သူမသည် စိုးရိမ်ပူပန်တကြီး ရေရွတ်ကာ ငြင်းဆန်နေဆဲပင်။
အကြောင်းအရင်းမှာ သူမသည် ဤကိစ္စကို လုံးလုံးလျားလျား လက်မခံနိုင်သောကြောင့်ပင်။
သူမ စွန့်ပစ်ခဲ့သော သာမာန်သေမျိုးသည် မရေမတွက်နိုင်သောလူများ၏အမြင်အာရုံအတွင်းတွင် ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် မည်သည့်နည်းဖြင့်ဖြစ်နိုင်မည်နည်း.....
"ရှင်တို့ မှားနေတာပဲဖြစ်မယ်...ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး"
သူမသည် ယန်ထန်းယုနှင့်တခြားထိပ်သီးခေါင်းဆောင်များကိုကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"ငါတို့က မှားနေတာလား..."
သီထန်းမင်က လှောင်ပြောင်သရော်ကာ သူ၏သိုင်းသူတော်စင်နယ်ပယ် အရှိန်အဝါ ထွက်ပေါ်လာပြီး သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ငါ မင်းကို မေးပါရစေ...မင်း မိန်ရှန်းမြို့ကိုသွားပြီးတော့ တစ်ယောက်ယောက်ကို ဖမ်းခေါ်ခဲ့တယ်မလား"
"မင်းကို အမှန်အတိုင်းပြောရရင်....မိန်ရှန်းမြို့ထဲကနေ မင်းဖမ်းလာတဲ့ သာမာန်လူက ဆရာကြီးပဲ...ဆရာကြီးက သူ့ကိုယ်သူ သာမာန်သေမျိုးလို့ ခံယူထားပြီးတော့ သေမျိုးလောကကိုအတွေ့အကြုံယူနေခဲ့တာ...ဒါတောင်မှ မင်းက ဆရာကြီးကို ဖမ်းဆီးပြီးတော့ မင်းရဲ့မိုးကောင်းကင်ဓားဂိုဏ်းဆီကို ခေါ်သွားခဲ့တယ်...ငါ မင်းကို မေးပါရစေ...မင်း ဘယ်လိုပြစ်ဒဏ်မျိုးကို ခံယူသင့်လဲ"
မိန်ရှန်းမြို့ဟူသောစကားလုံး သူမ၏နားအတွင်းသို့ ဝင်ရောက်လာချိန်တွင် ဖန်ရှင်းအာ၏စိတ်နှလုံးသားအတွင်းသို့ မိုးကြိုးတစ်စင်းရိုက်ခတ်လိုက်သည့်အလားပင်။
ဤသတင်းသည် ဖန်ရှင်းအာ၏စိတ်နှလုံးသားအတွင်းရှိ နောက်ဆုံးအရံအတားကို ကြေမွှပျက်စီးသွားစေသည်။
အကြောင်းအရင်းမှာ ထိုအချိန်တုန်းက သူမသည် ရီဖုန်းကို မိန်ရှန်းမြို့အတွင်း၌ ဖမ်းဆီးခဲ့သောကြောင့်ပင်။
"မဟုတ်ဘူး....မဟုတ်ဘူး..."
"ဒါက မဟုတ်ဘူး...."
"မဖြစ်နိုင်ဘူး...."
သို့ရာတွင် ထိုအချက်အလက်များအားလုံးကို ယှဥ်တွဲကြည့်ပြီးသည့်တိုင် ဖန်ရှင်းအာသည် အဖြစ်မှန်ကို အသိအမှတ်ပြုရန် ငြင်းဆန်နေဆဲပင်။ သူမ၏မျက်နှာ သေလုမတတ်ဖြူရော်နေကာ သူမသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်နေပြီး ဤအချက်ကို ပြတ်ပြတ်သားသား ငြင်းဆန်နေဆဲဖြစ်ပေ၏။
အကြောင်းအရင်းမှာ သူမ မည်သို့ပင် တွေးတောကြည့်ပါစေ သူမနှင့်အတူကြီးပြင်းလာကာ စားဝတ်နေရေးပင် အခက်တွေ့နေခဲ့သော သာမာန်သေမျိုးတစ်ယောက်သည် မည်သည်ကြောင့် ပြိုင်ဘက်ကင်းဆရာကြီး ဖြစ်နေသည်ကို သူမ လက်ခံနားလည်နိုင်ခြင်း မရှိသောကြောင့်ပင်။
ဤသည်မှာ ဖြစ်နိုင်ချေမရှိသောကိစ္စသာ ဖြစ်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် သွမ်ချင်းဖုန်းသည် နန်ရှားနယ်မြေသို့ခရီးထွက်လာကာ နန်ရှားနယ်မြေအတွင်းရှိ ထိပ်သီးခေါင်းဆောင်များအားလုံး ခယနေကြသည့် ပြိုင်ဘက်ကင်းဆရာကြီးကို သူ၏တပည့်ဖန်ရှင်းအာမှ ဖမ်းခေါ်လာကြောင်း သူ နားလည်သဘောပေါက်သွားလေပြီ။
သူသည် ဤကိစ္စကို ယုံကြည်ရန်ခက်ခဲနေသော်လည်း ဤအချိန်အခိုက်အတန့်မှာပင် အရေးကြီးသော သတင်းတစ်ခုကို သူ ရရှိခဲ့သည်။
ထိုသတင်းမှာ လွန်ခဲ့သောနှစ်ရက်ခန့်က ဖန်ရှင်းအာသည် နဂါးအကျဥ်းထောင်နယ်မြေကိုဖွင့်ကာ အတွင်း၌ သာမာန်သေမျိုးတစ်ယောက်ကို လှောင်ပိတ်ခဲ့သည်ဟူသော ကိစ္စဖြစ်သည်။
ဤသည်မှာ မိုးကောင်းကင်ဓားဂိုဏ်းတစ်ဂိုဏ်းလုံး ကသောင်းကနင်းမဖြစ်မီ အချိန်လည်းဖြစ်နေသည်။
ထို့ပြင် သူသည် ဤကိစ္စကို မယုံဝံ့သော်လည်း သတင်းအစအနများကို ဆက်စပ်လိုက်ပါက ဖန်ရှင်းအာ လှောင်ပိတ်ထားသော သာမာန်သေမျိုးသည် ပြိုင်ဘက်ကင်းဆရာကြီး ဖြစ်နေနိုင်သည်ကို သူ ဖော်ထုတ်နိုင်ပေ၏။
အံ့အားသင့်စရာမရှိတော့ချေ။
အဆင်ပြေနေခဲ့သော သူ၏မိုးကောင်းကင်ဓားဂိုဏ်း၏အခြေခံအုတ်မြစ် ပျက်စီးသွားခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ ယခုကြည့်ကြည့်တော့မှ ဤသည်မှာ သူ၏တပည့် ပြုလုပ်ခဲ့သော လုပ်ရပ်ကြီးကြောင့် ဖြစ်နေသည်။
"မင်းက တကယ့်ကို ရဲတင်းတာပဲ...ငါ့ရဲ့မိုးကောင်းကင်ဓားဂိုဏ်းကို ခုလောက်ထိ ဒုက္ခအကြီးအကျယ်ရောက်အောင် လုပ်ခဲ့တယ်...."
ထိုအကြောင်းကိုတွေးတောရင်း သွမ်ချင်းဖုန်းသည် အလွန်ဒေါသထွက်လာသဖြင့် သူသည် ဖန်ရှင်းအာကို လက်ညှိုးထိုးကာ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။
ဤတပည့်ကြောင့် မိုးကောင်းကင်ဓားဂိုဏ်း၏ပင်မတောင်ကြီးပြိုကျကာ အခြေခံအုတ်မြစ်ပျက်စီးသွားသည့်အပြင် သူတို့ဂိုဏ်းအား အပြစ်ယူရန်အတွက် တခြားဂိုဏ်းအင်အားစုအမြောက်အများ၏ဝိုင်းရံခြင်းကို ခံရသည်မှာ သိသာထင်ရှားလှ၏။
ထိုအခြင်းအရာကိုကြည့်ပြီး ဖန်ရှင်းအာ၏မျက်လုံးမှ မျက်ရည်များကျလာကာ သွမ်ချင်းဖုန်း၏ရှေ့သို့သွားပြီး သူမက ပျာပျာသလဲ ပြောဆိုသည်။
"ဆရာသခင်...ဆရာ....သူတို့ကို မယုံပါနဲ့...ကျွန်မက သာမာန်သေမျိုးတစ်ယောက်ကိုပဲ ဖမ်းလာတာပါ...ဒါက တကယ့်ကိုအသုံးမကျတဲ့ သာမာန်သေမျိုးတစ်ယောက်ပါ...ကျွန်မကို ယုံကြည်ပေးပါ...သူက အမှိုက်ကောင်တစ်ကောင်ပဲ"
"အလကားကောင်မ...မင်းက ခုချိန်ထိ ငြင်းဆန်နေတုန်းပဲလား....ခုချက်ချင်း ဒူးထောက်လိုက်စမ်း"
အလွန်အမင်းပူဆွေးဝမ်းနည်းနေသော သွမ်ချင်းဖုန်းသည် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းကာ ဖန်ရှင်းအာ၏ကျင့်ကြံမှုကိုချိပ်ပိတ်ပြီး သူမအား ဖိအားပေး၍ မြေပြင်ပေါ်၌ ဒူးထောက်စေသည်။
ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ဓားဂိုဏ်းမှ တပည့်များအားလုံး၏မျက်လုံးများ နီမြန်းနေသည်။
သူတို့အတွက် မိုးကောင်းကင်ဓားဂိုဏ်းသည် သူတို့၏အိမ်ပင်။ သို့ရာတွင် ယခုလက်ရှိချိန်၌ နှစ်ပေါင်းများစွာကြာအောင် သူတို့ နေထိုင်ခဲ့သောအိမ်သည် အပျက်အစီးပုံကြီးဘဝသို့ ပြောင်းလဲသွားလေပြီ။
ယခင်က သူတို့သည် အကြောင်းအရင်းကို တစိုးတသိမျှ မသိရှိကြချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ရာထောင်ချီသောတပည့်များကို ထိခိုက်ဒဏ်ရာရရှိစေကာ ဂိုဏ်း၏အခြေခံအုတ်မြစ်ကို ပျက်စီးအောင်လုပ်ခဲ့သူသည် ဖန်ရှင်းအာဖြစ်ကြောင်း သူတို့ နားလည်သဘောပေါက်သွားခဲ့သည်။
"သူ့ကိုသတ်...."
"သူ့ကိုသတ်...."
"သူ့ကို အရေခွံခွာပစ်မယ်...."
"ငါ သူ့ကို အရှင်လတ်လတ် ဝါးစားချင်တယ်....."
"မုန်းဖို့ကောင်းလိုက်တာ..."
"သူ့ကို သတ်ပစ်ရမယ်...."
ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ဓားဂိုဏ်းမှ မြောက်မြားစွာသောတပည့်များသည် မြေပြင်တပြင်လုံး တုန်ခါလုမတက် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်ကြ၏။ လူတစ်ယောက်၏အဆင်ခြင်မဲ့သောလုပ်ရပ်ကြောင့် ရာထောင်ချီသောသူတို့အားလုံး ငြိစွန်းနေကာ သူတို့၏ဂိုဏ်းအခြေခံအုတ်မြစ် ပျက်စီးခဲ့ရသည်ကို မည်သည့်နည်းနှင့်မျှ သူတို့ သည်းမခံနိုင်ချေ။
လူအမြောက်အများသည် နီမြန်းနေသောမျက်လုံးများဖြင့် ဖန်ရှင်းအာထံသို့ တိုးဝင်သွားကာ သူတို့ကိုယ်တိုင် သူမအား သတ်လိုပုံရသည်။
ရုတ်ချည်းဆိုသလိုပင် ယခင်က မိုးကောင်းကင်ဓားဂိုဏ်း၏ မြင့်မြတ်သောသူတော်စင်မိန်းမပျိုသည် ယခုချိန်၌ လူများအားလုံး၏ကျိန်ဆဲခြင်းကိုခံရသော လမ်းဘေးကြွက်စုတ်တစ်ကောင်ကဲ့သို့ ဖြစ်လာလေပြီ။
နာကျည်းမုန်းတီးနေသော အကြည့်အမြောက်အများနှင့် အလွန်ကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံများအောက်တွင် ဖန်ရှင်းအာသည် ထိတ်လန့်ကြောက်ရွံမှုကြောင့်တုန်ရီနေကာ သွမ်ချင်းဖုန်းထံသို့တွားသွားပြီး အသနားခံတောင်းပန်လေ၏။
"ဆရာ....ကျွန်မကို ကယ်ပါ...ကျွန်မကို ကယ်ပါအုံး...အဲ့ဒီအမှိုက်ကောင်က ပြိုင်ဘက်ကင်းဆရာကြီးဖြစ်နေမယ်လို့ ကျွန်မ တကယ်ကို မသိခဲ့ဘူး....သူက အသုံးမကျတဲ့လူလို့ ကျွန်မ အမြဲတမ်းထင်ခဲ့တာ...ဒီကိစ္စအတွက် ရှင်တို့ ကျွန်မကို အပြစ်တင်လို့မရဘူး"