← Chapters

အခန်း (၂၇၁-၂၇၅)

Vol. 19 Ch. 271-275

အခန်း (၂၇၁-၂၇၅)

Vol. 19 Ch. 271-275

Chapter 271

ညနေစောင်းအရောက်တွင် သိုင်းဝိညာဥ်အဆင့်ဆရာသခင်သည် နောက်ဆုံး၌ ဟန်ချန်းမြို့သို့ ရောက်ရှိလာခဲ့သည်။

ထိုလူ၏နာမည်ကို ကျန်းဝူရှင်းဟု ခေါ်ဆိုသည်။

သူသည် နတ်ဆိုးတေးသံဂိုဏ်းမှအတွင်းစည်းတပည့်များ၏ ခေါင်းဆောင်ငယ်တစ်ယောက်ဖြစ်သော်လည်း အမှန်အားဖြင့် သူသည် အောက်ခြေအဆင့်တွင်သာရှိပေ၏။ အကြောင်းအရင်းမှာ တခြားခေါင်းဆောင်ငယ်များသည် သိုင်းဘုရင်နယ်ပယ်သို့ ရောက်ရှိနေခြင်းကြောင့်ပင်။

ဤအချိန်အခိုက်အတန့်တွင် သူသည် ရွှယ်ချင်ကျူး၏နံဘေး၌ ရိုသေလေးစားစွာ ဒူးထောက်နေသည်။

"ငါ ရှင်းပြတာကို နင် သေချာကြားရဲ့လား"

ရွှယ်ချင်ကျူးက ထပ်မံ၍ မေးမြန်းသည်။

"မင်းက သိုင်းဝိညာဥ်အဆင့်ဆရာသခင်တစ်ယောက်ဖြစ်ပြီးတော့ ငါတို့သာ သာမာန်သေမျိုးတစ်စုသက်သက်ဆိုတာ မင်း အချိန်တိုင်း နားလည်သဘောပေါက်ထားရမယ်"

"ဟုတ်ကဲ့ပါ ဆရာသခင်...ကျွန်တော် နားလည်ပါပြီ...ကျွန်တော်က ဒီကိစ္စကို သေချာပေါက် ကောင်းကောင်းလုပ်နိုင်မှာပါ"

ကျန်းဝူရှင်းက ရိုသေလေးစားစွာ တုံ့ပြန်အဖြေပေးသည်။

"ကောင်းပြီလေ...မင်း ဒီတာဝန်ကို အောင်မြင်အောင်လုပ်နိုင်တာနဲ့...ငါက မင်းကို ချွင်းချက်ထားပြီးတော့ အဆင့်တိုးပေးမယ်"

ရွှယ်ချင်ကျူးက ထပ်မံ၍ ပြောဆိုသည်။

"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ...ဆရာသခင်ကို ကျေးဇူးတင်ပါတယ်"

ကျန်းဝူရှင်းက စိတ်လှုပ်ရှားစွာ တုံ့ပြန်လေ၏။

"ကောင်းပြီလေ...ဒါဆိုရင်လည်း..မင်း ဒီနေရာမှာစောင့်နေဦး...ငါက ဆရာကြီးကို သွားပြီးအကြောင်းကြားလိုက်အုံးမယ်"

ရွှယ်ချင်ကျူးက အလျင်စလိုအမိန့်ပေးကာ တည်းခိုခန်းထံသို့ လျှောက်လှမ်းသွားသည်။

တည်းခိုခန်းအတွင်း၌ ရီဖုန်းတို့လူစုသည် မနက်ဖြန်တွင်ပြုလုပ်မည့် စစ်ဆင်ရေးကြီးအတွက် ပြင်ဆင်နေကြစဥ် ရွှယ်ချင်ကျူးက အတွင်းသို့ဝင်ရောက်လာကာ ပြောဆိုသည်။

"ဆရာကြီး...သိုင်းဝိညာဥ်အဆင့် ဆရာသခင် ရောက်လာပါပြီ"

"အော်..."

ရီဖုန်းက ချက်ချင်းမတ်တတ်ထရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေ၏။

"မြန်မြန်...မြန်မြန်လေး...အဲ့ဒီဆရာသခင်ကို အတူတူသွားပြီး ကြိုဆိုကြစို့"

ထိုစကားကိုပြောဆိုရင်း ရီဖုန်းသည် စိတ်အားထက်သန်စွာဖြင့် ထိုဆရာသခင်အား ဆီးကြိုနှုတ်ဆက်ရန် ပြင်ပသို့ထွက်ခွာသွားတော့သည်။

ကျူးရုံ ဦးလေးဝမ် ယန်ထန်းယု လီရှုဟွာ သီထန်းမင် သီဝူကျင်းနှင့်တခြားသူများသည်လည်း ရီဖုန်း၏နောက်မှလိုက်ကာ ပြင်ပသို့ထွက်ခဲ့သည်။

ပြင်ပ၌...

ကျန်းဝူရှင်းသည် ဓားရှည်တစ်လက်ကိုကိုင်ဆောင်၍ မတ်တတ်ရပ်နေကာ သူ၏နံဘေးပတ်ဝန်းကျင်တွင် သိုင်းဝိညာဥ်အဆင့်အရှိန်အဝါက ရစ်ဝဲနေသည်။

သူ၏စိတ်နှလုံးသားအတွင်း၌ သူ့အား ရွှယ်ချင်ကျူးပေးထားသောကတိကိုတွေးတောကာ ဝမ်းသာပီတိဖြစ်နေသည်။ အကြောင်းအရင်းမှာ ဤသည်က သရုပ်ဆောင်မှုတစ်ခုသက်သက်ဖြစ်သဖြင့် တာဝန်သည် အလွန်အမင်းလွယ်ကူသည်မဟုတ်လော။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူသည် မြေပြင်ပေါ်သို့ လဲကျသွားလုနီးပါးပင်။

ဒါ...ဒါ...ဒါက....

ဒီလူတွေက ဘယ်သူတွေလဲ...

နှင်းလေအိမ်တော်သခင်သီထန်းမင်နှင့်သခင်လေးသီချောင်ရှန်း တိမ်တိုက်လေပြေတောင်ကြားသခင်ယွင်ဟောင်ထျန်းနှင့်သူတော်စင်မိန်းမပျိုယွင်ရှန်းချွယ် နတ်ဘုရားဓားဂိုဏ်း၏ဂိုဏ်းချုပ်ယန်ထန်းယု လီမိသားစုခေါင်းဆောင်လီရှုဟွာ...

ဒီတုန်လှုပ်ချောက်ချားဖွယ် အင်အားစုဖွဲ့မှုကြီးက ဘာကြီးလဲ....

သူတို့သည် အမှန်တကယ်ကို စုဝေးနေကြသလော....

ရုတ်တရက် သူ၏ယခင်ယုံကြည်ချက်များ ကြေမွှပျက်စီးသွားသည်။

သူ၏ခန္ဓာကိုယ် ကူကယ်ရာမဲ့စွာ တုန်ရီလာပေ၏။

အကြောင်းအရင်းမှာ ဤလူများသည် နန်ရှားနယ်မြေ၏အထွတ်အထိပ်အင်အားကို ကိုယ်စားပြုသူများပင်။

"အိုး...မင်းက သိုင်းဝိညာဥ်အဆင့်ဆရာသခင်ပဲဖြစ်ရမယ်"

ထိုအချိန်မှာပင် ရီဖုန်းက ရှေ့သို့လျှောက်လှမ်းလာကာ စိတ်အားထက်သန်စွာဖြင့် မေးမြန်းသည်။

ရီဖုန်း နီးကပ်လာသည်ကိုကြည့်ပြီး ကျန်းဝူရှင်း၏စိတ် ပေါက်ကွဲသွားသကဲ့သို့ပင်။

ဤှလူ....

ဤလူသည် ပြိုင်ဘက်ကင်းဆရာကြီးမဟုတ်လော...

ထို့ပြင် သူ၏နောက်ရှိ လူအိုကြီးနှင့်လူထွားကြီး....သူတို့သည် သိုင်းအင်ပါယာများမဟုတ်လော....

ထို့ပြင် အနက်ရောင်ဝတ်ရုံဝတ်လူသည် နတ်ဆိုးအင်ပါယာတစ်ကောင်ကို သတ်ဖြတ်ခဲ့သော တည်ရှိမှုကြီးမဟုတ်လော....

မဟုတ်သေးဘူး....

ဒါက ဘယ်လိုအင်အားစုဖွဲ့မှုကြီးလဲ...

အမေ...ကျွန်တော် အိမ်ပြန်ချင်တယ်....

သို့ရာတွင် သူ ကြက်သေသေနေစဥ်မှာပင် ရီဖုန်းသည် ဦးညွှတ်အရိုအသေပြုကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"မင်္ဂလာပါဆရာသခင်...ကြိုဆိုပါတယ်"

"မင်္ဂလာပါဆရာသခင်...ကြိုဆိုပါတယ်"

ထို့နောက် ယန်ထန်းယု ယွင်ဟောင်ထျန်း ဦးလေးဝမ်နှင့်တခြားသူများသည်လည်း ကျန်းဝူရှင်းကို ဦးညွှတ်အရိုအသေပြုကာ သူတို့၏ရိုသေလေးစားစွာ ပြောဆိုလိုက်သောအသံများ ထွက်ပေါ်လာသည်။

သောက်ချေးပဲ....

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်စုသည် သူ့အား အလွန်ရိုသေလေးစားစွာ ဆက်ဆံနေကြသည်ကိုကြည့်ပြီး ကျန်းဝူရှင်းသည် ငိုချမိတော့လုမတတ်ပင်။

သူ၏သိုင်းဝိညာဥ်အဆင့်ဖြင့် သူ့ထံတွင် မည်ကဲ့သို့အရည်အချင်းမျိုး ရှိနေသနည်း...

အိုး....ဘုရားရေ...

ကျေးဇူးပြုပြီး ငါ့ကို မကစားကြပါနဲ့လား...

ဤတာဝန်သည် တစိုးတစိမျှ လွယ်ကူခြင်းမရှိချေ။

အစောပိုင်းက ရွှယ်ချင်ကျူးသည် သူ လုပ်ဆောင်ရမည့်ကိစ္စကို အလျှင်အမြန်ပြောဆိုခဲ့သော်လည်း ဤလူများ၏ရှေ့တွင် သရုပ်ဆောင်ရမည်ဟု သူ့အား ပြောဆိုထားခြင်းမရှိချေ။

သူသည် တောင်းပန်တိုးလျှိုးသောအကြည့်ဖြင့် ရွှယ်ချင်ကျူးကို ကြည့်လိုက်၏။

ရွှယ်ချင်ကျူး၏မျက်နှာ သုန်မှုန်နေကာ သူမက သူ့အား စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်းဝူရှင်းသည် အားတင်းကာ သူ၏တုန်ရီနေသောလက်များကို သူ့နောက်ကျော၌ဝှက်လိုက်သည်။

"အိုး...ဟဲ ဟဲ...မလိုပါဘူး..ယဥ်ကျေးနေဖို့ မလိုပါဘူး"

"ဆရာသခင်က အရမ်းယဥ်ကျေးသိမ်မွေ့တာပဲ...ကျေးဇူးပြုပြီး အထဲကိုဝင်ပါအုံး"

ရီဖုန်းသည် ကျန်းဝူရှင်းကိုအတွင်းသို့ဖိတ်ခေါ်ကာ အဓိကထိုင်ခုံ၌ထိုင်စေသည်။

ပတ်ဝန်းကျင်၌ ပြွတ်သိပ်နေသောလူများကိုကြည့်ပြီး ကျန်းဝူရှင်းသည် ဖြောင့်ဖြောင့်တန်းတန်းထိုင်ကာ သူ၏တုန်ရီနေသောခြေထောက်များကို စားပွဲခုံအောက်၌ ကွယ်ထားလိုက်၏။ သူ၏လည်ချောင်းအတွင်းသို့ တံတွေးများ အဆက်မပြတ်မျိုချနေကာ သူ၏နဖူးမှ ဇောချွေးများ ယိုစီးကျလာသည်။

"မြန်မြန်...မြန်မြန်လေး...ဆရာသခင်အတွက် လဖက်ရည် မြန်မြန်ငှဲ့ပေးကြပါအုံး"

ရီဖုန်းက ထပ်မံ၍ အမိန့်ပေးလိုက်သည်။

ထိုစကားကိုကြားချိန်တွင် ယန်ထန်းယုသည် လဖက်ရည်တစ်ခွက်ကို ကျန်းဝူရှင်းအတွက် အလျှင်အမြန်ငှဲ့ပေးကာ သူ၏ရှေ့၌ ရိုသေလေးစားစွာ ချပေးလေသည်။

ကျန်းဝူရှင်းသည် သူ့ရှေ့ရှိလဖက်ရည်ခွက်ကိုကြည့်ကာ ထပ်မံ၍တံတွေးမျိုချလိုက်၏။

ဒါက...

သူ၏ခံတွင်း အလွန်ခြောက်ကပ်နေသည်။

သို့ရာတွင် သူ ထိုလဖက်ရည်ကို မသောက်ဝံ့ချေ။

"ဆရာက အလုပ်ရှုပ်နေတဲ့ကြားကနေ အချိန်ယူပြီး ငါတို့ကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....ဒီကိစ္စ ပြီးစီးသွားတာနဲ့ ငါ တတ်နိုင်တဲ့အရာဖြစ်နေသရွေ့ ဆရာကို ဆုလာဘ်အနေနဲ့ပေးမယ်လို့ ငါ ကတိပေးပါတယ်"

ရီဖုန်းက ပြောဆိုသည်။

"တကယ်တော့ မနက်ဖြန်ကျရင် ဆရာသခင်က ငါတို့ကို ဦးဆောင်ပေးရုံသက်သက်ပါပဲ...မင်းကိုယ်တိုင်လှုပ်ရှားရမယ့် အခြေအနေမျိုးက မဖြစ်နိုင်သလောက်နည်းတယ်"

ရီဖုန်းပြောဆိုသည်မှာ အဓိပ္ပါယ်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်မှသိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူသည် သတို့သမီးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ခေါ်ယူမည်မဟုတ်ချေ။

"ကောင်းပြီ...ကောင်းပြီလေ..."

ကျန်းဝူရှင်းသည် ဗလုံးဗထွေးဖြင့်တုံ့ပြန်ကာ သူ၏ခေါင်းကိုအောက်သို့ငုံ၍ သူ၏ထိတ်လန့်ကြောက်ရွံမှုကို တက်နိုင်သမျှ ဖုံးကွယ်ထားလေသည်။

"ဒါက ငါတို့ရဲ့အစီအစဥ်ပဲ"

ရီဖုန်းသည် ကျန်းဝူရှင်း၏ရှေ့သို့တိုးသွားကာ မြေပုံကို လက်ညှိုးဖြင့်ထောက်ပြပြီး ယခင်အစီအစဥ်ကို ပြောပြလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ကျန်းဝူရှင်း ကြက်သေသေသွားသည်။

ဤကဲ့သို့ထိပ်သီးကျင့်ကြံသူတစ်စု ဤနေရာ၌စုဝေး၍ အချိန်အတော်ကြာ အကွက်ချကြံစည်နေသည်မှာ သတို့သမီးတစ်ယောက်ကို လုယူရန်သက်သက်ဖြစ်နေသလော....

ထို့ပြင် လုယူမည့်တစ်ယောက်မှာ သူ ကျန်းဝူရှင်းပင် အထင်အမြင်သေးသော မိသားစုငယ်လေးတစ်စုထံမှ ဖြစ်နေသလော...

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ဤကဲ့သို့ ကစားတတ်ကြသလော...

သူ၏အစီအစဥ်ကို ရှင်းပြပြီးနောက် ရီဖုန်းသည် တခြားလူများထံသို့ သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

"ဆရာသခင် ပင်ပန်းနေလောက်ပြီ...ငါတို့ အရင်ထွက်သွားကြစို့"

ထိုစကားကိုကြားချိန်တွင် လူတိုင်း အခန်းအတွင်းမှ ထွက်သွားကြသည်။

ရီဖုန်းနှင့်တခြားလူများ ထွက်ခွာသွားသည်ကိုကြည့်ပြီး ကျန်းဝူရှင်းသည် မောပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားသည်။

Chapter 272

နောက်တစ်နေ့၌...

ဟန်ချန်းမြို့သည် သာမာန်ထက် သက်ဝင်လှုပ်ရှားနေကာ ယခင်က ဤမြင်ကွင်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့သည့်အလားပင်။

အကြောင်းအရင်းမှာ ယနေ့သည် ဟန်ချန်းမြို့၏နံပါတ်တစ်မိသားစုဖြစ်သော ယဲ့မိသားစုနှင့် နံပါတ်နှစ်မိသားစုဖြစ်သောယွင်မိသားစုတို့မှ ချစ်သူနှစ်ဦးပေါင်းစည်းသည့် ပျော်ရွှင်ဖွယ်မင်္ဂလာပွဲ့နေ့ ဖြစ်နေသောကြောင့်ပင်။

ဟန်ချန်းမြို့သည် နန်ရှားကဲ့သို့နယ်မြေကြီးတစ်ခုအတွင်းတွင် မြို့ငယ်လေးတစ်မြို့သာဖြစ်သော်လည်း ဤပွဲသည် မြို့အတွင်းမှအိမ်တော်များအားလုံးအတွက် ကိစ္စကြီးတစ်ခုဖြစ်နေဆဲပင်။

ယွင်မိသားစု....

အိမ်တော်တစ်ခုလုံးကို ရောင်စုံမီးပုံးများ နဖူးစည်းစာတမ်းများဖြင့် အလှဆင်ထားပြီး ပျော်ရွှင်စွာ ဆင်နွှဲနေပုံရသည်။ သို့ရာတွင် ယွင်မိသားစု၏စိတ်နှလုံးသားအတွင်းတွင်မူ ညှိုးငယ်နေသည်။

ယဲ့ဝူချန်သည် မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို ယွင်မိသားစုဝင်များ အတိအကျ သိရှိထားသည်။ ယွင်မုန့်ထင်ကို သူ့နှင့်လက်ထပ်ခိုင်းခြင်းသည် သူမအား မီးတွင်းထဲသို့တွန်းပို့လိုက်သည်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။

သို့ရာတွင် ယဲ့မိသားစု၏ အကျပ်ကိုင်မှုနှင့်ခြိမ်းခြောက်မှုတို့အောက်တွင် ယွင်မိသားစုထံ၌ ရွေးချယ်စရာမရှိခဲ့ချေ။

မိသားစုနှစ်စု၏ အင်အားနှင့်အခြေခံအုတ်မြစ်အရ နှိုင်းယှဥ်ပါက ယွင်မိသားစုသည် ယဲ့မိသားစုထက် များစွာနိမ့်ကျခြင်းမရှိချေ။ သို့ရာတွင် ယဲ့ဝူချန်၏အကိုကြီးယဲ့ဝူစီသည် နှင်းလေအိမ်တော်၏အဖွဲ့ခေါင်းဆောင်ငယ်တစ်ယောက်ဖြစ်နေခြင်းမှာ အဓိကသော့ချက်ပင်။

ယွင်မိသားစုကဲ့သို့ မိသားစုတစ်စုအတွက် နှင်းလေအိမ်တော်သည် အလွန်ကြီးမားပြီးမြင့်မားသော တည်ရှိမှုကြီးပင်။ ထို့ကြောင့် ဤဆက်စပ်မှုဖြင့် ယဲ့မိသားစုသည် ဟန်ချန်းမြို့၏အကြွင်းမဲ့အာဏာရှင်များ ဖြစ်လာသည်။

အခန်းအတွင်း၌...

ယွင်မုန့်ထင်၏လှပသော မျက်နှာလေးပေါ်တွင် မျက်ရည်စီးကြောင်းများ ဖုံးလွှမ်းနေကာ ညှိုးငယ်နေပုံရသည်။

"မုန့်ထင်...ငါတို့ မင်္ဂလာပွဲကို ဖျက်လိုက်ကြမလား...ငါ ယဲ့မိသားစုကို သွားပြောမယ်"

ယွင်ရှန်းက နီမြန်းနေသောမျက်နှာနှင့် ပြောဆိုသည်။

"အဖေ...အဲ့ဒီလိုမလုပ်ပါနဲ့"

ယွင်မုန့်ထင်က သူ့အား အလျှင်အမြန်ဟန့်တားလိုက်၏။

"တကယ်လို့ ကျွန်မတို့က မင်္ဂလာပွဲဖျက်လိုက်မယ်ဆိုရင်....ယဲ့မိသားစုက ကျွန်မတို့ကို အငြိုးထားမှာ သေချာပေါက်ပဲ...နောင်အနာဂတ်ကျရင် ဟန်ချန်းမြို့ထဲမှာ ကျွန်မတို့ယွင်မိသားစုအတွက် နေရာရှိတော့မှာမဟုတ်ဘူး...ကျွန်မတို့မိသားစုရဲ့ရာနဲ့ချီတဲ့လူတွေအတွက် ကျွန်မ လက်ထပ်ရလိမ့်မယ်"

"ဟူး...."

"ဒါတွေအားလုံးက ငါ အသုံးမကျလို့ပဲ"

ယွင်ရှန်းသည် လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကိုငုံကာ သူ၏မျက်လုံးများ နီမြန်းနေသည်။

အကယ်၍ ဤကိစ္စကြောင့်သာမဟုတ်ပါက သူ၏သမီးလေးကို မည်သည်ကြောင့် သူ မီးတွင်းထဲသို့တွန်းကျမည်နည်း....

မင်္ဂလာအချိန်ရောက်ရှိလာလေပြီ။

အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး မြင်းဖြူတစ်ကောင်ကိုစီးနင်းထားသော ယဲ့ဝူချန်သည် မောင်းများ ဗုံများတီးခတ်လာသော ရှည်လျားသည့်လူတန်းကြီးကိုဦးဆောင်ကာ ယွင်မုန့်ထင်ကို သတို့သမီးဝေါယာဥ်အတွင်းသို့ ကြိုဆိုရန်အတွက် ရောက်ရှိလာသည်။

ခြုံငုံကြည့်ပါက...

အလွန်သဟဇာတဖြစ်ဖွယ်မြင်ကွင်းပင်။

အထူးသဖြင့် ရှေ့ဆုံး၌ မြင်းဖြူစီးနင်းထားသော ယဲ့ဝူချန်၏ပုံရိပ်ဖြစ်ကာ သူ၏မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခုရှိနေသည်။

ဤအလှလေးယွင်မုန့်ထင်ကို သူ စောင့်ကြည့်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ယခုချိန်၌ နောက်ဆုံးတွင် သူ သူမကို ရရှိတော့ပေမည်။

ယနေ့ညတွင် ကြုံတွေ့ရမည့် မင်္ဂလာဦးညအကြောင်းကိုတွေးတောရင်း သူ၏နှုတ်ခမ်းများ တွန့်ကွေးသွားကာ အဟိ....

သို့ရာတွင် ရုတ်တရက်....

ရှေ့ရှိ သုံးလမ်းခွဆုံမှနေ၍ ဖရိုဖရဲဆူညံသံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။

လူတစ်စုသည် လမ်းလယ်ခေါင်၌မတ်တတ်ရပ်ပြီး မပေါ်တပေါ်အကမျိုးကို ကပြနေကြ၏။

ဦးဆောင်သူမှာ အဝလွန်နေသော မိန်းမကြီးတစ်ယောက်ပင်။

သူမသည် ခြေထောက်၌မိုးကာဖိနပ်ရှည်တစ်ရံကိုစီးထားကာ သူမ၏ခန္ဓာကိုယ်အောက်ပိုင်းတွင် အနီရောင်စကတ်တိုကို ဝတ်ဆင်ထားပြီး သူမ၏အမွှေးအမျှင်များသောခြေထောက်နှစ်ဖက်က အထင်းသားထွက်ပေါ်နေသည်။ သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းတွင်မူ ရင်ပြတ်အင်္ကျီတိုတစ်ထည်ကို ဝတ်ဆင်ထားသည်။ သို့ရာတွင် သူမ၏အလွန်ဝဖြိုးသောခန္ဓာကိုယ်ကြောင့် ဝတ်စုံတစ်စုံလုံးသည် ခန္ဓာကိုယ်အရည်ပြားကို တင်းတင်းကြပ်ကြပ်ထုပ်စည်းထားသည့်အလားပင်။

"ငါရဲ့ဘယ်လက်နဲ့ နဂါးတစ်ကောင်ကို ရေးဆွဲမယ်...ငါ့ရဲ့ညာလက်နဲ့ သက်တန့်တစ်ခုကို ဆေးခြယ်မယ်..."

ထိုမိန်းမကြီးသည် အနီရောင်လက်ကိုင်ပုဝါတစ်ထည်ကို ဝှေ့ယမ်းကာ စည်းချက်နှင့်အတူ အော်ဟစ်နေပြီး သူမ၏ခေါင်းကိုခါယမ်းကာ သူမ၏ကျစ်ဆံမြီးကျစ်ထားသောဆံပင်ကို ခါယမ်းနေသည်။

ဤမျက်စိဖမ်းစားဖွယ်မြင်ကွင်းသည် ချက်ချင်းဆိုသလိုပင် ယဲ့ဝူချန်၏အကြည့်ကို ဆွဲဆောင်သွားနိုင်ခဲ့သည်။ သို့ရာတွင် ဤမိန်းမကြီး၏ပုံပန်းသွင်ပြင်ကို စေ့စေ့စပ်စပ်ကြည့်ပြီးချိန်တွင် ယဲ့ဝူချန်၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူမ၏နုတ်ခမ်းများကို အနီရောင်တောင်တောက်နုတ်ခမ်းနီကို အကွင်းလိုက်ပျစ်ထူဆိုးထားကာ သူမ၏မျက်နှာပေါ်တွင် မျက်နှာချေမှုန့်များ ထူထပ်စွာ လိမ်းကျံထားသည်။ ဤသည်မှာ သူမသည် ပြာပုံအတွင်းသို့ခုန်ဆင်းလာသည့်အလား သူမမျက်နှာ၏ ကြောက်မက်ဖွယ်ကောင်းသောအခြေအနေကို ဖုံးကွယ်နိုင်စွမ်းမရှိချေ။

"ရုပ်ဆိုးတဲ့မိန်းမကြီးပဲ"

ယဲ့ဝူချန်သည် သူ၏အူများတလျှောက်တုန်ရီလာမှုကို ခံစားရကာ အော်ဂလီဆန်ပြီး အော့အန်ချင်လာသည်။

သို့ရာတွင် ထိုအချိန်မှာပင် မိန်းမဝကြီးသည် သူမ၏တင်ပါးများကို နံဘေးဘက်သို့တွန့်လိမ်၍ သူမ၏တင်သားကိုညင်သာစွာရိုက်ပုတ်ကာ သူမ၏အနီတောက်တောက်နုတ်ခမ်းထူများကိုစူကာ ယဲ့ဝူချန်ကို ညုတုတုအကြည့်ဖြင့်ကြည့်လေ၏။

ထိုနုတ်ခမ်းများအထက်တွင် မဖြီးသင်ရသေးသော ရှေ့ဆံပင်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

မွ...မွ...မွ...

"ဂေ့..."

"ဝေါ့..."

ယဲ့ဝူချန်၏အစာအိမ်အတွင်း၌ လေပြင်းမုန်တိုင်းကြီးတိုက်ခတ်သွားသည့်အလား ခံစားလိုက်ရကာ သူက အန်ချလိုက်တော့သည်။

မြင်းဖြူ၏ဇက်ကြိုးကို အလျင်စလိုထိန်းချုပ်ကာ သူတို့၏လမ်းကြောင်းကို သူ ရှင်းလင်းပြီးနောက် သူ၏မျက်နှာ သုန်မှုန်သွားကာ သူသည် အော်ဟစ်ကျိန်ဆဲလိုက်၏။

"သောက်ချေးပဲ...မင်္ဂလာကိုမရှိဘူး...ဒီလမ်းအတိုင်းသွား...ဒီလမ်းကနေသွားတော့"

သူ ပြောဆိုလိုက်သဖြင့် သတို့သမီးကြိုဆိုသောလူတန်းကြီးသည် တခြားလမ်းကြောင်းသို့ပြောင်း၍ လျှောက်လှမ်းသွားသည်။

အမှန်အားဖြင့် တခြားလမ်းသည် ပို၍နီးသော်လည်း လမ်းမကြီးထက် ပို၍ကျဥ်းမြောင်းသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ကနေသောမိန်းမဝကြီး၏မျက်နှာပေါ်တွင် ဝမ်းသာပီတိဖြစ်သွားသောအပြုံးမျိုး ထင်ဟပ်လာသည်။

ကြိုဆိုရေးလူတန်းကြီးသည် သာမာန်အတိုင်း ဆက်လက်၍ ထွက်ခွာခဲ့တော့သည်။

ဤသည်မှာ အလွန်ရှည်လျားသောလမ်းတစ်လမ်းဖြစ်သဖြင့် ထိုသက်ဝင်လှုပ်ရှားသောမြင်ကွင်းကို စောင့်ကြည့်ရန်အတွက် လူအများသည် ဤနေရာသို့ ရောက်ရှိနေကြ၏။

သို့ရာတွင် ထိုအချိန်မှာပင် စူးရှကျယ်လောင်သော ငိုကြွေးမြည်တမ်းသံတစ်သံ ထွက်ပေါ်လာသည်။

တောင်ဝှေးတစ်ချောင်းကိုအားပြုကာ မတ်တတ်ရပ်နေရသော လူအိုကြီးတစ်ယောက်သည် ရှေ့မှနေ၍ ယဲ့ဝူချန်၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားသည်။

"မင်း...မင်း...ယဲ့ဝူချန်...နှလုံးသားမဲ့တဲ့ခွေးမသား...မင်းက ငါ့ရဲ့သမီးကို ကိုယ်ဝန်ရအောင် လုပ်ခဲ့ပြီးမှ....အခုချိန်ကျတော့ မင်းက ဘာမှမဖြစ်ခဲ့သလိုမျိုး ထွက်သွားချင်နေပြီ...မင်း...မင်း...မင်း..."

အဖိုးအို၏မျက်နှာနီမြန်းနေပြီး သူ၏တောင်ဝှေးဖြင့် ယဲ့ဝူချန်ကိုထိုးကာ လမ်းလယ်ခေါင်၌မတ်တတ်ရပ်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။

ဤမြင်ကွင်းသည် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။ သူတို့၏အကြည့်များတွင် အဓိပ္ပါယ်များပါဝင်လာကာ ထိုနေရာသို့ စူးစိုက်၍ကြည့်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ မည်သူကမျှ သူတို့၏မွေးရာပါ အတင်းအဖျင်းပြောလိုသောဝါသနာကို တောင့်ခံနိုင်ခြင်းမရှိချေ။

"လူအိုကြီး...မင်းက ဘယ်သူလဲ...ပေါက်ကရစကားတွေ လာပြီးပြောမနေစမ်းနဲ့"

ယဲ့ဝူချန်သည် ညိုမည်းနေသောမျက်နှာနှင့်ဘအော်ဟစ်လိုက်၏။

"မင်း...မင်းက အခုထိ ဝန်မခံချင်သေးတာလား...သမီး ထွက်လာခဲ့စမ်း"

အဖိုးအို၏ခန္ဓာကိုယ် တုန်ရီသွားကာ သူက အော်ဟစ်လိုက်သည်။

ထိုစကားကိုကြားချိန်တွင် ချောင်ရှန်းသည် လူအုပ်အကြားမှ ထွက်လာသည်။ ဤအချိန်တွင် သူသည် အမျိုးသမီးဝတ်စုံတစ်စုံကို သေသပ်ကျနစွာ ဝတ်ဆင်ထားသည်။ သူ၏ပင်ကိုရုပ်ရည်ကြည့်ကောင်းမှုနှင့်အရပ်အမောင်းကြောင့် သူ့အားဆွဲဆောင်မှုရှိပြီး အလွန်ချောမောလှပသော အလှလေးတစ်ယောက် ဖြစ်နေစေသည်။

ဘန်းကိတ်တစ်စုံထည့်ထားသော သူ၏ရင်ဘတ်ကို သူ့လက်ဖြင့်ဖိကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဒါက နင်ပဲ...နင်ဆိုတာ သေချာတယ်...အရင်ကတော့ ငါ့က နင့်အတွက် တစ်ယောက်တည်းသောသူလို့ နင် ကျိန်ဆိုခဲ့တယ်...ဒါပေမယ့် အခုကျတော့ နင်က ငါ့ကိုလှည့်စားပြီး တခြားတစ်ယောက်ကို လက်ထပ်ခဲ့တယ်...နင်...နင်က မိန်းကလေးတွေကိုလှည့်ဖျားတဲ့ စက်ဆုပ်ဖို့ကောင်းတဲ့ကောင်ပဲ"

"အဟင့်...အဟင့်..."

"အားလုံးပဲ...ကျွန်မအတွက် တရားမျှတမှုကို ရှာပေးကြပါအုံး"

ချောင်ရှန်း၏နူးညံသိမ်မွေ့သောအသံသည် ပတ်ဝန်းကျင်နေရာအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။ သူ၏သနားစဖွယ်အမူအယာသည် လူအများ၏ကာကွယ်ပေးလိုသောဗီဇကို နှိုးဆွပေးနိုင်ခဲ့ပေ၏။

သူ၏အသံတိမ်ဝင်သွားသည်နှင့်အမျှ လူအုပ်အကြားမှ အပူတပြင်းဆွေးနွေးသံများ ထွက်ပေါ်လာကာ မနှစ်မျို့သောအကြည့်များဖြင့် ယဲ့ဝူချန်ကိုမျက်စောင်းထိုး၍ တီးတိုးပြောဆိုနေကြသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ယဲ့ဝူချန်၏မျက်နှာ မည်းမှောင်သွားသည်။

သူသည် ဤသာမာန်သေမျိုးများကို များစွာအရေးမစိုက်သော်လည်း သူ၏လက်ထပ်ပွဲနေ့တွင် ဤကဲ့သို့ကိစ္စမျိုးဖြစ်ပွားသည်မှာ သူ၏ဂုဏ်သတင်းကို အကြီးအကျယ်ကျဆင်းစေပေမည်။ သူသည် မြင်းကုန်းနှီးပေါ်မှဆင်းကာ ခြေလှမ်းကျဲကြီးများဖြင့် ချောင်ရှန်းထံသို့ လျှောက်လှမ်းသွားလိုက်၏။

"မင်းလိုအမှိုက်တစ်စက ဒီသခင်လေးကို သွားပုပ်လေလွင့်စကားတွေ ပြောစရာလား"

သူ စကားပြောဆိုရင်း သူ၏လက်ကို ချောင်ရှန်း၏ရင်ဘတ်ထံဦးတည်၍ ဆန့်တန်းလိုက်သည်။

ချောင်ရှန်းသည် ရှောင်တိမ်းခြင်းမရှိဘဲ ဆုပ်ကိုင်ခွင့်ပြုလိုက်သည်။

ယဲ့ဝူချန်သည် အင်အားစိုက်ထုတ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ခုလွဲချော်နေသည်ဟု ခံစားမိလေ၏။

သူသည် မသိစိတ်မှနေ၍ စူးစမ်းချင်စိတ်ကြောင့် ဖျစ်ညှစ်လိုက်၏။

သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"မင်းက မထင်မှတ်ဘဲ...."

Chapter 273

ယဲ့ဝူချန်၏အသံ ထွက်ပေါ်လာသည်နှင့် ချောင်ရှန်းသည် သူ၏လက်ကိုဆုပ်ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ကြည့်အုံး...ကြည့်ပါအုံး...ဒီသစ္စာမရှိတဲ့ကောင်ရဲ့မျက်နှာ ထွက်ပေါ်လာပြီ...သူက တစ်ဖက်မှာ ငြင်းဆန်နေပြီးတော့...တခြားတစ်ဖက်မှာ မိန်းကလေးတစ်ယောက်ကို အခွင့်အရေးယူချင်နေတယ်"

ရုတ်ချည်းဆိုသလိုပင် လူအုပ်ကြီးသည် အုတ်အော်သောင်းနင်းဖြစ်သွားကာ ပို၍ပို၍များပြားသောလူများ စုဝေးနေသည်။

ဤအချိန်အခိုက်အတန့်တွင် ယဲ့ဝူချန်သည် ထောင်နှင့်ချီသောလူများ၏ လက်ညှိုးငေါက်ငေါက်ထိုးခြင်းကို ခံနေရလေ၏။

သူသည် မိန်းမလှလေးတစ်ယောက်ကို စွန့်ပစ်ခဲ့သည့်အပြင် အားနည်းသောမိန်းကလေးတစ်ယောက်ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့သည်ဟူသော စကားများက လူအများအကြားတွက် တခဲနက်ပျံ့နှံ့သွားသည်။

ဤနေရာတွင် လူများ ပို၍စုဝေးလာသည်နှင့်အမျှ သတို့သမီးကြိုဆိုရေးလူတန်းကြီး ဖရိုဖရဲဖြစ်စပြုလာသည်။

ရုတ်တရက်..

နောက်ထပ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာကာ...

ဖရိုဖရဲကိစ္စများ များစွာဖြစ်ပွားလာတော့သည်။

လူအမြောက်အများသည် အကြွေစေ့များကိုခြင်းတောင်းများနှင့်အပြည့် သယ်ဆောင်လာသည်ကို တွေ့မြင်လိုက်ရသည်။

"အကြွေစေ့တွေ အများကြီးပဲ"

"မြန်မြန်ကောက်ကြစို့"

ဤဖြစ်ရပ်သည် အခြေအနေတစ်ခုလုံးကို ဖရိုဖရဲဖြစ်သွားစေသည်။ ထိုအကြွေစေ့များကိုမြင်တွေ့ချိန်တွင် လူအမြောက်အများ၏မျက်လုံးများ နီမြန်းသွားကာ သက်ဝင်လှုပ်ရှားနေသောမြင်ကွင်းကို အာရုံမစိုက်ကြတော့ချေ။

"သောက်ချေးပဲ...သောက်ချေးပဲ...ဘာတွေဖြစ်နေတာလဲ"

ယဲ့ဝူချန်၏မျက်နှာ မှုန်ကုပ်ကုပ်ဖြစ်နေကာ သူက အော်ငေါက်လိုက်၏။

သို့ရာတွင် သူ့အားပြဿနာရှာခဲ့သော အဖိုးအိုနှင့်ချောင်ရှန်းတို့ ထွက်ပြေးသွားသည်ကို သူ မြင်တွေ့မိသည်။

"သောက်ချေးပဲ...အဲ့ဒီနေရာမှာ ရပ်နေကြစမ်း"

ယဲ့ဝူချန်သည် သုန်မှုန်နေသောမျက်နှာဖြင့် ချောင်ရှန်း၏နောက်သို့ လိုက်လံဖမ်းဆီးတော့သည်။

"ဘန်း...."

သို့ရာတွင် ချောင်ရှန်းသည် သူ၏ရင်ဘတ်အကြားမှ ဘန်းကိတ်တစ်စုံကိုနှိုက်ယူကာ ယဲ့ဝူချန်၏မျက်နှာကို ပစ်ပေါက်လိုက်သည်။ ထို့နောက် သူသည် အော်ဟစ်ဆဲဆိုကာ လူအုပ်အကြားသို့တိုးဝင်ပြီး ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ဖရိုဖရဲဖြစ်ရပ်များအတွင်းတွင် လူအုပ်အကြားမှနေ၍ အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်ထွက်လာကာ သတို့သမီးဝေါယာဥ်ပေါ်သို့ ခိုးတက်သွားသည်။

"သောက်ချေးပဲ...သောက်ချေးပဲ...ငြိမ်ငြိမ်နေကြစမ်းပါ"

ယဲ့ဝူချန်သည် လူအုပ်အကြားတွင်တိုးဝှေ့ရင်း ဖိနပ်တစ်ဖက် ပျောက်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် သူ အလွန်ဒေါသထွက်လာသောကြောင့် သူ၏နံဘေးရှိအစောင့်တစ်ယောက်ထံမှ ဓားရှည်ကိုဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်၏။

"အား..."

စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာကာ သွေးများက မြေပြင်ပေါ်ရှိ နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ရူးသွပ်နေသောလူအုပ်ကြီး ငြိမ်ကျသွားကာ သွေးသံတရဲရဲအလောင်းတချို့ကိုကြည့်ပြီး နောက်သို့အလျင်စလို ဆုတ်လိုက်ကြ၏။

"မဟုတ်သေးဘူး...တစ်ခုခုတော့ မှားနေပြီ"

လူအမြောက်အများကို သတ်ဖြတ်ပြီးနောက် ယဲ့ဝူချန်သည် နောက်ဆုံးတွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသည်။ သူသည် ဓားကိုဆုပ်ကိုင်ပြီး လေထုအတွင်းသို့ခုန်တက်ကာ သတို့သမီးဝေါယာဥ်ရှေ့သို့ ပျံသန်းသွားလိုက်သည်။ ထို့နောက် သူသည် လိုက်ကာစကို ဆွဲဖွင့်လိုက်၏။

သို့ရာတွင် အနီရောင်သတို့သမီးပဝါစကို ခြုံလွှမ်းထားသော သတို့သမီးသည် နေရာ၌ထိုင်နေဆဲပင်။

ထိုမြင်ကွင်းကိုကြည့်ပြီး ယဲ့ဝူချန်သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်သည်။

ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လေသည်။

"ခုဏကကောင်တွေကိုဖမ်းဖို့ လူတချို့ကို လွှတ်လိုက်စမ်း...ကျန်တဲ့သူတွေက ယဲ့အိမ်တော်ကို ဆက်သွားမယ်...လမ်းမှာပြဿနာထပ်ရှာတဲ့ ဘယ်သူ့ကိုမဆို သနားညှာတာမှုမရှိဘဲ သတ်ပစ်လိုက်စမ်း"

"ဟုတ်ကဲ့"

သူ၏လူများက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် လူတစ်စုက ရီဖုန်းတို့လူစု၏နောက်သို့ လိုက်လံဖမ်းဆီးလေ၏။

"မကောင်းတော့ဘူး...သူတို့က ငါတို့နောက်ကို လိုက်ဖမ်းနေပြီ"

ရီဖုန်းသည် လူတိုင်းကိုကာကွယ်ပေးရင်း နောက်သို့ဆုတ်ကာ တစ်ချိန်တည်းမှာပင် ကျုံးချင်ကို အော်ဟစ်လိုက်သည်။

"တပည့်...မင်းရဲ့ဇနီးကိုခေါ်ပြီး အရင်ဆုံးထွက်ပြေးတော့...ငါတို့က မင်းတို့ကို ကာကွယ်ပေးထားမယ်"

"ဟုတ်ကဲ့ပါ ဆရာကြီး"

ကျုံးချင်သည် အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်ကို ရထားလုံးပေါ်ဆွဲတင်ကာ မြင်းများကိုကြာပွတ်ဖြင့်ရိုက်ပြီး ဒုန်းစိုင်း၍မောင်းနှင်ခဲ့တော့သည်။

ကျုံးချင်တို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် ရီဖုန်းက ယန်ထန်းယုတို့လူစုကို ပြောဆိုလိုက်သည်။

"အခုချိန်မှာ ငါတို့ အတူပူးပေါင်းပြီး လှုပ်ရှားရလိမ့်မယ်...တကယ်လို့ ဒီကောင်တွေကို မဖြေရှင်းဘူးဆိုရင် ငါတို့ထဲကတစ်ယောက်မှ မလွတ်မြောက်နိုင်မှာကို ငါ စိုးရိမ်မိတယ်"

"ကောင်းပါပြီ ဆရာကြီး"

ထိုစကားကိုကြားချိန်တွင် ယန်ထန်းယုတို့လူစုသည် အလျှင်အမြန်တုံ့ပြန်လိုက်ကြသော်လည်း သူတို့၏မျက်နှာများပေါ်တွင် တွေဝေတုံ့ဆိုင်းနေသောအရိပ်အယောင်များ ရှိနေဆဲပင်။

နောက်ဆုံး၌ စတင်တိုက်ခိုက်ရန်အချိန်သို့ ကျရောက်လာလေပြီ။

မည်ကဲ့သို့ ပြင်းပြင်းထန်ထန် အင်အားစိုက်ထုတ်၍ မည်မျှထိများပြားသောခွန်အားကို သူတို့ အသုံးပြုရမည်နည်း....

လူတိုင်းသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကာ အချိန်အတော်ကြာသည့်တိုင် မဆင်မခြင်ပြုလုပ်ဝံ့ခြင်းမရှိချေ။

သူတို့ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို မသိသေးမီမှာပင် ကျုးရုံ လူအိုကြီးဝမ်နှင့်ဝူယုံဟုန်တို့လေးယောက်သည် လိုက်လံဖမ်းဆီးသူများနှင့် စတင်၍တိုက်ခိုက်နေသည်။

"ဟိုက်ယား..."

"ကျား..."

နှစ်ဖက်စလုံးသည် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမိကာ 'ပြင်းထန်သော'တိုက်ပွဲကို စတင်၍ ဆင်နွှဲကြတော့သည်။

လိုက်လံဖမ်းဆီးသူတစ်ယောက်သည် သူ၏ခြေဖဝါးကိုမြှောက်ပြီး မကန်ရသေးမီမှာပင် ကျူးရုံသည် လွင့်ထွက်ကာ အောက်သို့ပြန်ပြုတ်ကျလာသည်။

"လူအိုကြီးဝူ...သူတို့က အရမ်းအစွမ်းထက်တယ်...သူတို့က စစ်သည်တော်တွေပဲ...ငါ့ကိုမြန်မြန်လာပြီးကူညီပေးပါအုံး"

ကျူးရုံသည် သူ၏ရင်ဘတ်ကိုဖိကာ အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"လူအိုကြီးကျူး...ခဏတောင့်ခံထားအုံး...ငါ လာပြီ"

ဝူယုံဟုန်သည် ​ခွေးခြေခုံတစ်ခုံကိုယူ၍ ပြေးဝင်လာသော်လည်း တစ်စုံတစ်ယောက်၏ဓားချက်ကြောင့် ထိုခုံတစ်ပိုင်း ပြတ်တောက်သွားခဲ့သည်။ ဝူယုံဟုန်သည် အလွန်ထိတ်လန့်ကြောက်ရွံသွားကာ သူသည် ဖြူရော်နေသောမျက်နှာဖြင့် နောက်သို့ထပ်ခါတလဲလဲ ဆုတ်ခွာလိုက်၏။

"အရမ်းအစွမ်းထက်တာပဲ"

ဝူယုံဟုန်က ထိတ်လန့်တကြား ပြောဆိုသည်။

"ကျူးကဲ...ဒီလိုအစွမ်းထက်ကျင့်ကြံသူတွေကို ငါတို့သုံးယောက် ပူးပေါင်းပြီးရင်ဆိုင်ရမယ်...ငါက ဒီအစွမ်းထက်ကျင့်ကြံသူတွေရဲ့ဖိနှိပ်မှုအောက်မှာ ငါ့ကိုယ်ငါ ခက်ခက်ခဲခဲ ကာကွယ်နေရတယ်"

"မရဘူး...ငါလည်း ရုန်းကန်နေရတယ်...ဒီစစ်သည်တော်အဋ္ဌမအဆင့် ကျင့်ကြံသူကို ငါ မနည်းခုခံနေရတာ"

စွန်းကျူးကဲက ဟောဟဲထိုးနေရာမှ အော်ဟစ်လိုက်သည်။

တခြားတစ်ဖက်ခြမ်းတွင် လူအိုကြီးဝမ်သည် ဓားဖြင့်လိုက်လံခုတ်ပိုင်းခံရသဖြင့် နေရာအနှံ့ရှောင်တိမ်းနေရပြီး အလွန်ကြီးလေးသောအန္တရာယ်ကြားသို့ ကျရောက်နေသည်။

လုသရှန်းနှင့်စွန်းကျူးကဲတို့၏အခြေအနေများသည်လည်း ဤအတိုင်းတူညီစွာပင်။

ဤမြင်ကွင်းကိုကြည့်ပြီး ယန်ထန်းယု သီထန်းမင်နှင့်တခြားသူများအားလုံး ကြက်သေသေသွားသည်။

အိုး...ဘုရားရေ..ဤကဲ့သို့ ပြင်းထန်ပြီး ခက်ခက်ခဲခဲတိုက်ခိုက်နေရမှုများအရ အကဲဖြတ်ကြည့်ပါက သူတို့သည် ဆရာကြီး၏နောက်လိုက်များဖြစ်ရန် ထိုက်တန်သည်။

သူတို့၏လုပ်ရပ်များသည် ယုံကြည်လက်ခံ၍ရပြီး လေးစားကြည်ညိုဖွယ်ရာပင်။

ထိုအချိန်မှာပင် ရီဖုန်းသည်လည်း တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဂိုဏ်းအင်အားစုခေါင်းဆောင်များသည် တည်ကြည်လေးနက်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် ယွင်ဟောင်ထျန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"အားလုံးပဲ...ခဏနေကျရင် ငါတို့ရဲ့ဘဝတွေမှာ အခက်ခဲဆုံးတိုက်ပွဲကို ရင်ဆိုင်ရတော့မယ်...ငါတို့က အားကုန်သုံးပြီးတော့ ငါတို့ရဲ့ခွန်အားတွေကို ထိန်းချုပ်ရမယ်"

လူတိုင်းသည် ခေါင်းညိတ်ပြကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တိုက်ပွဲအတွင်းသို့ ဝင်လိုက်ကြတော့သည်။

ဆယ့်ငါးမိနစ်ခန့်ကြာမြင့်ပြီးနောက် ရီဖုန်းတို့လူစုသည် သိမ်မွေ့သောနည်းလမ်းဖြင့် တိုက်ပွဲကိုအနိုင်ရရှိကာ နောက်သို့ဆုတ်ခွာပြီး လမ်းကြားလေးတစ်ခုအတွင်းသို့ဝင်၍ ပျောက်ကွယ်သွားတော့သည်။

ယဲ့မိသားစု....

ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲကြီးကို ကျင်းပနေလေပြီ။

ယဲ့ဝူချန်သည် ကြိုဆိုရေးလူတန်းကြီးသည် နောက်ဆုံး၌ သတို့သမီးကိုခေါ်ဆောင်ကာ အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။

သတို့သားယဲဝူချန်သည် မင်္ဂလာပွဲအတွင်း၌ အချိန်တခဏခန့် လှည့်ပတ်၍သွားလာနေခဲ့သည်။ ထို့နောက် သူသည် ပွဲပြီးဆုံးမည့် ညဥ့်နက်ချိန်ထိ ဆက်မနေတော့ဘဲ မင်္ဂလာခန်းသို့ စောစီးစွာသွားခဲ့သည်။ အရက်နှစ်ခွက်ခန့်သောက်ပြီးနောက် သူ ထပ်မံ၍ မစောင့်ဆိုင်းနိုင်တော့ချေ။

"ဇနီးလေး...မင်းရဲ့ယောက်ျားကို လွမ်းနေပြီလား"

တံခါးမှ သူဝင်လိုက်သည်နှင့် အနီရောင်ပဝါစအောက်မှ သေးသွယ်ကျစ်လစ်သောအလှလေးကို တွေ့မြင်မိသည်။ ယဲ့ဝူချန်သည် သူမထံသို့လျှောက်လှမ်းသွားစဥ်တွင် သူ၏မျက်လုံးများတောက်ပနေပြီး သူ၏လက်ဝါးနှစ်ဖက်ကို တဖြန်းဖြန်းအသံများကြားသည်အထိ ပွတ်သပ်နေလေ၏။

"ဟွန့်..."

အလှလေးသည် သူမ၏ကျစ်လစ်သေးသွယ်သောခန္ဓာကိုယ်လေးကို တစ်ဘက်သို့တိမ်းစောင်းကာ အနီရောင်ပဝါစအောက်မှနေ၍ တိုးညှင်းသောနှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။

"အိုး...အချစ်လေး...မင်းက စိတ်ဆိုးနေတုန်းပဲလား...ငါ ဒါမျိုးကို ပိုပြီးသဘောကျတယ်...ငါ လာပြီ...ဟီး ဟီး..."

ယဲ့ဝူချန်၏မျက်နှာပေါ်တွင် အပြုံးများဝေဆာနေသည်။ သူသည် ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်ကိုညွတ်ကိုင်းကာ အနီရောင်ပဝါစပေါ်မှနေ၍ သူမကို တပြွတ်ပြွတ်မြည်အောင်နမ်းလိုက်၏။ ထို့နောက် သူက အနီရောင်ပဝါစကို လှန်လိုက်သည်။

သို့သော် ထိုအချိန်မှာပင်...

အနီရောင်ပဝါစ၏အောက်မှနေ၍ ဖြူဖွေးသောခေါင်းပြောင်ကြီး ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ထူးဆန်းသောအသံတချို့က ထိုခေါင်းပြောင်ကြီး၏ပါးစပ်မှ ထွက်ပေါ်လာသည်။

"အာ့ဘားဘား...အာ့ဘား..."

Chapter 274

ဘာကြီးလဲ...

အရိုးစုတစ်ခုလား...

ယဲ့ဝူချန်သည် အလွန်ထိတ်လန့်ကြောက်ရွံသွားကာ သူသည် နှလုံးဖောက်သွားလုမတတ်ပင်။

သူကို ပို၍ထိတ်လန့်ကြောက်ရွံစေသည်မှာ....ထိုအရိုးစုသည် သူ့အားကြည့်၍ အမှန်တကယ်ကို ပြုံးပြနေခြင်းပင်။

ဤအပြုံးသည် ယဲ့ဝူချန်၏ဦးရေပြားကို တင်းကြပ်သွားစေကာ သူ၏စိတ်နှလုံးသားအတွင်းတွင် ဆိုးရွားသောအတိတ်နိမိတ်တစ်ခု မြင့်တက်လာသည်။

တိကျသေချာစွာပင် သတို့သမီးဝတ်စုံ၏အောက်မှနေ၍ ခြေကန်ချက်တစ်ချက်ထွက်ပေါ်လာကာ ယဲ့ဝူချန်၏ခြေထောက်နှစိဖက်ကြားသို့ တိုးဝင်သွားသည်။

"အား...."

ယဲ့ဝူချန်သည် သူ၏ခြေဖဝါးမှစ၍ မကြုံစဖူးနာကျင်မှုတစ်ခုက သူ၏နဖူးထိတိုင်ထိုးတက်သွားသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညှင်းများထသွားသည်။

စူးရှရှအော်သံတစ်သံက ယဲ့အိမ်တော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ယဲ့မိသားစုဝင်များ အပြေးရောက်လာချိန်တွင် လက်သည်တရားခံသည် အရိပ်အယောင်ပင်မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားပြီဖြစ်ကာ အခန်းအတွင်းရှိ ရွှေပြားတချို့ကိုပင် ယူဆောင်သွားခဲ့သည်။

"ဝူး....ငါ့ရဲ့မိန်းမကို ခိုးသွားကြပြီ....မြန်မြန်လေး သူ့ကို သွားရှာကြစမ်း...သတို့သမီးကြိုပြီးပြန်လာတဲ့လမ်းမှာ ငါတွေ့ခဲ့တဲ့လူတချို့ကလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေနိုင်တယ်...ဟန်ချန်မြို့တစ်မြို့လုံးကို ပိတ်ဆို့ပြီးတော့ ရှာကြစမ်း"

ယဲ့ဝူချန်သည် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်စဥ်တွင် နာကျင်မှုကြောင့် ကုန်းကွကွဖြစ်နေသည်။

ယဲ့မိသားစုမှ ကျင့်ကြံသူများသည် အလျှင်အမြန် ထွက်ခွာခဲ့ကြလေ၏။

"ဟမ့်....ငါ့ရဲ့သားကို နာကျင်အောင်လုပ်ဝံ့တယ်...မင်းတို့ကောင်တွေ ဘယ်နေရာကို ထွက်ပြေးနိုင်မလဲဆိုတာ ငါ ကြည့်အုံးမယ်"

လက်ရှိယဲ့မိသားစုခေါင်းဆောင်ဖြစ်ကာ ယဲ့ဝူချန်၏ဖခင်ဖြစ်သည့်အပြင် ယဲ့မိသားစု၏အားအကောင်းဆုံးကျင့်ကြံသူဖြစ်သော ယဲ့ဟွိုင်သည် လိုက်လံရှာဖွေခြင်းကို ဦးဆောင်ခဲ့သည်။

ဟန်ချန်မြို့၏နေရာအနှံ့အပြားတွင် သူ စေလွှတ်ထားသော သူလျှိုအမြောက်အများရှိနေသည်။

မကြာမီမှာပင် ရီဖုန်းတို့လူစုကို ရှာတွေ့ပြီဟူသောသတင်းများ ရောက်ရှိလာသည်။ ယဲ့ဟွိုင်သည် နောက်ဆုံး၌ ရီဖုန်းတို့လူစုကို မြို့၏အနောက်ဘက်ခြမ်းအတွင်းရှိ အစွန်အဖျားတစ်နေရာတွင် ဖမ်းမိခဲ့သည်။

"သေကြစမ်း"

ယဲ့ဟွိုင်သည် လေထုအတွင်းသို့ခုန်တက်ကာ မြေပြင်အက်ကွဲသွားစေသော ဓားချက်တစ်ချက်ကို ခုတ်ပိုင်းလိုက်၏။

"မြန်မြန် ပြေးကြတော့"

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ဓားချက်လဲ"

"ဆရာသခင်...မြန်မြန်လေး လှုပ်ရှားပေးပါအုံး....ယဲ့မိသားစုရဲ့သိုင်းဝိညာဥ်အဆင့်အကြီးအကဲ ရောက်လာပြီ"

မြေပြင်အက်ကွဲသွားစေသော ဓားချက်ကိုကြည့်ပြီး လူအိုကြီးဝမ် ကျူးရုံနှင့် နန်ရှားမှဂိုဏ်းအင်အားစုခေါင်းဆောင်များသည် လူးလိမ့်ရှောင်တိမ်းရင်း ကျန်းဝူရှင်းထံမှ အော်ဟစ်၍ အကူအညီတောင်းခံလိုက်ကြသည်။

အော်ဟစ်ကာ လူးလိမ့်ရှောင်တိမ်းနေသော စီနီယာတစ်စုကိုကြည့်ပြီး ကျန်းဝူရှင်း၏ပါးစပ် မဲ့ရွဲ့သွားသည်။

သောက်ချေး သရုပ်ဆောင်တွေ....

သို့ရာတွင် သူ တုံ့ဆိုင်းမနေဝံ့သဖြင့် လေထုအတွင်းသို့ပျံသန်းကာ သူ၏ဓားကိုကိုင်ပြီး ယဲ့ဟွိုင်နှင့်ရင်ဆိုင်လိုက်သည်။

အချိန်တခဏအတွင်းမှာပင် ယဲ့ဟွိုင်သည် သူ၏ရိုက်နှက်ခြင်းကို ခံရလေ၏။

ဂိုဏ်းအင်အားစုကြီးများမှသိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူများသည် ပြင်ပမှကျင့်ကြံသူများနှင့် ကွဲပြားခြားနားသည်မှာ သိသာထင်ရှားသည်။

"နောက်ဆုတ်မယ်"

ယဲ့ဟွိုင်သည် သူ မယှဥ်ပြိုင်နိုင်သည်ကို သိရှိသွားသဖြင့် ယခင်က သူ၏မောက်မာထောင်လွှားမှုများအားလုံး ဆုံးရှုံးသွားကာ သူ၏လူများနှင့်အတူ ထွက်ပြေးသွားတော့သည်။

"ဆရာသခင်ကတော့ အမြဲတမ်း ဆရာပါပဲ...အရမ်းတော်တယ်"

ရီဖုန်းသည် ကျန်းဝူရှင်းကို လက်မထောင်ပြလိုက်၏။ ဤသိုင်းဝိညာဥ်အဆင့်ဆရာသခင်သည် အမှန်တကယ်ကို အစွမ်းထက်သည်ဟု သူ ဝန်ခံရပေမည်။

အကယ်၍ သူ၏ချေးထုပ်စနစ်သာ အသုံးဝင်ပါက သူသည်လည်း သန်မာအားကောင်းနေမည်မဟုတ်လော...

"ဟဲ ဟဲ...ဒါက နည်းနည်းလေးပါပဲ...နည်းနည်းလေးပါ"

ကျန်းဝူရှင်းသည် သူ၏တုန်ရီနေသောခန္ဓာကိုယ်ကို ရပ်တန့်နိုင်ရန်အတွက် အံ့တင်းတင်းကြိတ်ကာ အတော်အသင့်တည်ငြိမ်သော အမူအယာဖြင့် တုံ့ပြန်လိုက်သည်။

ထိုတိုက်ပွဲပြီးဆုံးပြီးနောက် ရီဖုန်းတို့လူစုသည် အားပြန်ဖြည့်ရန်အတွက် လျှို့ဝှက်နေရာတစ်ခုဆီသို့ ဆုတ်ခွာခဲ့ကြသည်။

"ဟူး...ငါတို့ ဒီတစ်ကြိမ်မှာ အောင်မြင်ခဲ့ပေမယ့်...အပြစ်မဲ့တဲ့လူတချို့ရဲ့အသက်တွေ ဆုံးရှုံးခဲ့ရတယ်"

ရီဖုန်းသည် ယဲ့ဝူချန်သတ်ဖြတ်ခဲ့သော လူများအကြောင်းကို စဥ်းစားတွေးတောကာ သူ့ကိုယ်သူ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။

ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် လေးစားကြည်ညိုစွာဖြင့် ရီဖုန်းကို ကြည့်လိုက်ကြ၏။

ဆရာကြီးထံတွင် သနားကြင်နာတတ်မှုကြီးရှိနေကာ သူတို့သည် ထိုပုရွက်ဆိတ်လိုလူများ သေသွားခြင်းကို အရေးမစိုက်သော်လည်း ဆရာကြီးသည် စိုးရိမ်ပူပန်နေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်က အမှောင်ထုအတွင်းမှ ဖျတ်ခနဲတိုးထွက်လာသည်။

"အဖေ...."

ထိုလူကိုကြည့်ပြီး ယွင်မုန့်ထင်သည် မျက်ရည်များစိုစွတ်နေသောမျက်လုံးများဖြင့် အပြေးဆီးကြိုသည်။

ယခုရောက်ရှိလာသူသည် ယွင်ရှန်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။

မူလက ရီဖုန်းသည် လူကိုဆွဲခေါ်ကာ ထွက်ပြေးလိုခဲ့သည်။ သို့ရာတွင် ဖြစ်စဥ်တစ်ခုလုံးကို ယွင်မုန့်ထင်ထံမှကြားပြီးနောက် ရီဖုန်းသည် သူ၏ခမည်းခမက်ကို အထင်လွဲလုနီးပါးဖြစ်သွားသည်ကို သူ သိနားလည်သွားသည်။

"သခင်ကြီးယွင်....ငါ တောင်းပန်ပါတယ်...ငါက ဒီကိစ္စကို မင်းနဲ့ အရင်ဆုံးမတိုင်ပင်ခဲ့မိဘူး"

ရီဖုန်း၏လေသံတွင် ရှက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

"ညီလေးရီ....မင်း ဘာတွေပြောနေတာလဲ"

ယွင်ရှန်းကလည်း ထပ်တူထပ်မျှ တောင်းပန်လေ၏။

"ငါ မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်...ငါက မုန့်ထင်ထွက်ပြေးနိုင်အောင် စီစဥ်ချင်ပေမယ့် ငါ စိတ်ပိုင်းမဖြတ်နိုင်ခဲ့ဘူး...မင်းတို့က ငါ့ရဲ့အစီအစဥ်ကို အောင်မြင်အောင် ကူညီပေးခဲ့တာပါ"

"အဖေ...ဒါပေမယ့်..ဒါပေမယ့် ကျွန်မ ထွက်သွားရင် ဘယ်လိုလုပ်ကြမလဲ"

ယွင်မုန့်ထင်က မျက်ရည်များအကြားမှ မေးမြန်းသည်။

"ဒါက အမှန်ပဲ...သခင်ကြီးယွင်...ငါတို့နဲ့အတူ လိုက်ခဲ့ပါလား"

ရီဖုန်းက ပြောဆိုသည်။

"ဟူး..ငါတို့ ယွင်မိသားစုက ဟန်ချန်မြို့မှာ ဆွေစဥ်မျိုးဆက်နေခဲ့ကြတာ...ငါတို့က ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ"

ယွင်ရှန်းက သူ၏ခေါင်းကိုခါယမ်းကာ ယွင်မုန့်ထင်၏ဆံပင်များကို ညင်သာစွာပွတ်သပ်လိုက်သည်။

"မုန့်အာ...ဒါက အဖေ အသုံးမကျလို့ပါ...မင်းကိုကာကွယ်ဖို့ ငါ့မှာစွမ်းအားအလုံအလောက််ရှိခဲ့ဘူး..ဒါပေမယ့် အခုက အဆင်ပြေသွားပါပြီ...ဒီကောင်လေးရဲ့လက်ထဲ မင်းကိုအပ်နိုင်ခဲ့တာကြောင့် ငါ စိတ်အေးသွားပြီ"

ထိုစကားကိုပြောဆိုရင်း သူ၏အကြည့်သည် နံဘေးရှိ ကျုံးချင်ထံသို့ ကျရောက်သွားသည်။

"သခင်ကြီးယွင် စိတ်အေးအေးထားပါ...ကျွန်တော်က မုန့်ထင်ကို သေချာပေါက် ကောင်းကောင်းစောင့်ရှောက်မှာပါ"

ကျုံးချင်က ခိုင်မာပြတ်သားစွာ ပြောဆိုသည်။

"ကောင်းတယ်...ငါ မင်းကို ယုံကြည်တယ်"

ယွင်ရှန်းက စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်၏။

သူသည် လူတိုင်းကိုနှုတ်ဆက်ကာ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်သည်။

"အဖေ..."

သို့ရာတွင် ယွင်မုန့်ထင်၏မျက်နှာပေါ်တွင် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျနေကာ ယွင်ရှန်းနှင့်ခွဲခွာရန် လုံးလုံးလျားလျားဆန္ဒရှိပုံမရဘဲ သူ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

"သမီးလေး...ငါ့အတွက် ဘာမှမစိုးရိမ်နဲ့...ဒီနှစ်တွေအတွင်းမှာ ဖွံဖြိုးတိုးတက်လာတာကြောင့် ငါတို့ယွင်အိမ်တော်က တွန်းချခံရမှာမဟုတ်ဘူးဆိုတာ မင်း သေချာသိပါတယ်"

ယွင်ရှန်းက နူးညံညင်သာစွာ နှစ်သိမ့်ပေးသည်။

"တကယ်လို့ ငါတို့တွေ တကယ်တိုက်ခိုက်ရမယ်ဆိုရင် ယွင်မိသားစုက ယဲ့မိသားစုထက် အားမနည်းဘူး"

သို့ရာတွင် ယွင်မုန့်ထင်သည် ယွင်ရှန်းကို ထွက်ခွာခွင့်မပြုလိုဆဲပင်။

ထိုမြင်ကွင်းကိုကြည့်ပြီး နံဘေးဘက်တွင်ရှိနေသောရီဖုန်းက ဇဝေဇဝါဖြစ်သွားကာ မေးမြန်းလိုက်သည်။

"သခင်ကြီးယွင်...ယွင်မိသားစုရဲ့အင်အားက ယဲ့မိသားစုထက် အားမနည်းဘူးဆိုမှတော့...ဘာလို့ မင်းက သူတို့ကို ကြောက်နေတာလဲ"

"ငါ ဒါကို အရင်ကတည်းက မင်းတို့ကို ပြောပြမလို့ပဲ"

ယွင်ရှန်းက သက်ပြင်းရှိုက်လိုက်၏။

"ဒါက ဂိုဏ်းအင်အားစုတစ်ခုက အဖွဲ့ခေါင်းဆောင်ငယ်တစ်ယောက်ကြောင့်လား"

ရီဖုန်းက မေးမြန်းသည်။

"အမှန်ပဲ...သူက နှင်းလေအိမ်တော်ကပဲ"

ယွင်ရှန်းက တုံ့ပြန်ပြောဆိုသည်။

"ချွမ်...."

သူတို့၏နံဘေးတွင်ရှိနေသည့် ရီဖုန်း၏တောင်းဆိုမှုကြောင့် ရေခပ်နေသော သီထန်းမင်တို့ သားအဖတစ်တွဲသည် ဖင်ထိုင်ရက်သားလဲကျသွားကာ ရေခွက်သည်လည်း အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။

Chapter 275

"မင်းတို့နှစ်ယောက်က ဘာဖြစ်တာလဲ"

ရီဖုန်းက မေးမြန်းသည်။

"မဖြစ်ဘူး...ဘာမှမဖြစ်ပါဘူး...ငါတို့က မတော်တဆ ခလုတ်တိုက်လဲတာပါ...ဆရာကြီးတို့ စကားဆက်ပြောကြပါ....ဆက်ပြောကြပါ"

သားအဖနှစ်ယောက်သည် ကို့ရိုးကားရားဖြင့် တုံ့ပြန်ပြောဆိုပြီးနောက် အခွင့်ကောင်းရှာကာ အနီးရှိတောအုပ်အတွင်းသို့ ပြေးဝင်ခဲ့ကြသည်။

"သောက်ချေးပဲ...ငါတို့ကို သေအောင်ကြံနေတာ ဘယ်ခွေးမသားလဲ"

သီထန်းမင်၏နဖူး၌ ဇောချွေးများပြန်နေကာ သူ၏သားကို ညွှန်ကြားလိုက်၏။

"သတင်းထုတ်ပြန်ပြီးတော့ အဲ့ဒီကောင် ဘယ်သူလဲဆိုတာ စုံစမ်းစမ်း...သူ့နဲ့အဆက်အသွယ်တွေအားလုံးကို ဖြတ်တောက်ပြီးတော့ သူ့ကို အိမ်တော်ကနေ ထုတ်ပယ်လိုက်စမ်း"

သီထန်းမင်တို့သားအဖ ပြန်ရောက်စဥ်တွင် ယွင်ရှန်းသည် ထွက်ခွာသွားလေပြီ။

ရီဖုန်းသည်လည်း ဤကိစ္စအတွက် များစွာကူညီနိုင်ခြင်းမရှိချေ။ သူတပည့်၏ပျော်ရွှင်မှုအတွက် ယွင်မိသားစုကို အန္တရာယ်အကြားသို့ တွန်းပို့ခဲ့ရသည်မှာ အလွန်တစ်ကိုယ်ကောင်းဆန်ရာကျသည်။ သို့ရာတွင် ယွင်ရှန်းကိုယ်တိုင်သည်လည်း ဆန္ဒရှိနေသောကြောင့် ရီဖုန်းသည် သူမကို ပြန်မပို့ခဲ့တော့ချေ။

ယဲ့အိမ်တော်....

အလင်းတန်းတစ်တန်းပျံသန်းလာကာ ယဲ့အိမ်တော်တံခါးရှေ့၌ ဆင်းသက်လိုက်သည်။

"အကိုကြီး..."

"သားလေး..."

"မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီ"

ထိုလူကိုမြင်တွေ့ချိန်တွင် ယဲ့ဝူချန်နှင့်ယဲ့ဟွိုင်တို့သည် ပျာပျာသလဲ ဆီးကြိုနှုတ်ဆက်လိုက်ကြ၏။

ယဲ့အိမ်တော်သို့ ပြန်ရောက်လာသူမှာ သတင်းများရရှိသဖြင့် ရောက်လာသော ယဲ့ထျန်းစီပင်။ သူ၏တင်းမာနေသော မျက်နှာပေါ်တွင် အေးစက်စက်အရှိန်အဝါများ ရောယှက်နေပြီး သူက သတ်ဖြတ်လိုသောလေသံဖြင့် မေးမြန်းသည်။

"ဘာတွေဖြစ်သွားခဲ့တာလဲ...အတိအကျပြောစမ်း"

"အကို...လူတချို့က ညီလေးရဲ့မိန်းမကို ခိုးသွားကြတယ်...သူတို့ထဲကတစ်ယောက်က သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူဖြစ်နေပြီးတော့ အဖေကိုတောင် ဒဏ်ရာရစေခဲ့တယ်....အကိုကြီးက ကျွန်တော်တို့အတွက် တရားမျှတမှုရအောင် လုပ်ပေးပါ"

ယဲ့ဝူချန်သည် ကြေကွဲဝမ်းနည်းစွာဖြင့် အော်ဟစ်ငိုယိုကာ ယဲ့ထျန်းစီကို တိုင်တန်းလေသည်။

"ဒါက အမှန်ပဲ...မင်း ငါတို့အတွက် လက်စားချေပေးရမယ်"

ယဲ့ဟွိုင်က ထောက်ခံလိုက်သည်။

ယဲ့မိသားစုခေါင်းဆောင်သည် ယဲ့ဟွိုင်ဖြစ်သည့်တိုင် ယဲ့ထျန်းစီကို အမာခံကျောရိုးအဖြစ် ယူဆထားသည်မှာ သိသာထင်ရှားသည်။

သူ၏သားသည် အလွန်ထူးချွန်သဖြင့် ဤသို့သတ်မှတ်ထားသည်ကို မည်သူက အပြစ်တင်နိုင်မည်နည်း။

"မထီလေးစားနိုင်လိုက်တာ...ဒီယဲ့ထျန်းစီရဲ့အိမ်တော်ကိုလာပြီး သူတို့က မဆင်မခြင်လုပ်ဝံ့တယ်....သူတို့က ငါ့ကို မျက်လုံးထဲမထည့်ကြတာလား"

အေးစက်စက်အသံများက ယဲ့ထျန်းစီ၏ပါးစပ်မှ ထွက်ပေါ်လာကာ သူက အမိန့်ပေးလိုက်သည်။

"အဖေ...အဖေက ယွင်အိမ်တော်ကို အရင်ဆုံးဝိုင်းထားလိုက်ပါ..ကျွန်တော်က ဝူချန်ကိုခေါ်သွားပြီးတော့ အဲ့ဒီလူတွေကိုလိုက်ဖမ်းမယ်...ကျွန်တော်တို့က ယွင်မိသားစုကို အမြစ်ပြတ်သုတ်သင်ရမယ်"

"အရမ်းကောင်းတယ်"

သူ၏စကားများကိုကြားချိန်တွင် ယဲ့ဟွိုင်နှင့်ယဲ့ဝူချန်ထံမှ စိတ်လှုပ်ရှားသောအသံများ ထွက်ပေါ်လာသည်။

ညအမှောင်ယံအောက်တွင် ယဲ့ထျန်းစီသည် ယဲ့ဝူချန်ကိုခေါ်ဆောင်၍ ခြုံခိုတိုက်ခိုက်ရန် ရီရှောင်တောင်ကြားသို့ သွားခဲ့သည်။

"အကိုကြီး ဘာမှမစိုးရိမ်နဲ့..သူတို့ဘက်မှာ သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေပေမယ့်...တခြားသူတွေဆီမှာ အရမ်းအားကောင်းတဲ့ခွန်အားမျိုးမရှိဘူး...အများဆုံးအနေနဲ့ ကျွန်တော်တို့မိသားစုက စစ်သည်တော်အဆင့်ကျင့်ကြံသူတွေထက် နည်းနည်းလေးပိုပြီးသန်မာရုံလောက်ပဲ"

အမှောင်ထုအတွင်း၌ ယဲ့ဝူချန်က ယဲ့ထျန်းစီကို ပြောဆိုသည်။

"အဲ့ဒီလိုပုရွက်ဆိတ်တွေက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ယဲ့အိမ်တော်ကို ရန်စဝံ့တာလဲ"

ယဲ့ထျန်းစီ စကားပြောဆိုလိုက်စဥ်တွင် သူ၏မျက်နှာပေါ်တွင် အေးစက်စက်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"ဒါက အမှန်ပဲ...အဲ့ဒီသာမာန်သေမျိုးတွေက အရမ်းရဲတင်းလွန်းတယ်"

ယဲ့ဝူချန်က ထောက်ခံလိုက်၏။

"ဘာမှစိတ်မပူနဲ့...သူတို့တွေ တစ်ယောက်မှ မလွတ်စေရဘူး"

ယဲ့ထျန်းစီ၏သိုင်းဘုရင်နယ်ပယ်စွမ်းအား ဖြည်းညှင်းစွာ ထွက်ပေါ်လာကာ သူ၏မျက်နှာပေါ်တွင် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။

"ဝိုး...အကိုကြီး..မင်းက သိုင်းဘုရင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီလား"

ထိုမြင်ကွင်းကိုကြည့်ပြီး ယဲ့ဝူချန်သည် ဝမ်းသာပီတီဖြစ်သွားကာ အံ့အားတသင့်ပြောဆိုသည်။

ဟမ့်....

ဒီနေရာမှာ ငါ့အကိုကြီးရှိနေမှတော့...မင်းတို့တွေက သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူမကလို့ ဘာကောင်ကြီးပဲဖြစ်နေနေ မင်းတို့အားလုံး သေရမယ်...

ငါက မင်းတို့သာမာန်သေမျိုးတွေ မြေကြီးပေါ်မှာဒူးထောက်ပြီးတော့ ငါ့ရဲ့ဖိနပ်ကို မင်းတို့ရဲ့လျှာနဲ့လျက်တာကို ငါ မြင်ချင်တယ်..

ဤသည်မှာ အမှန်ပင်။

ထိုအရိုးစုအတွက်မူ ဤသည်မှာ မည်ကဲ့သို့အရာကြီးဖြစ်သည်ကို သူ မသိရှိသော်လည်း ထိုအရာကြီးသည် သေပြီးသားဖြစ်ဖြစ်မဖြစ်ဖြစ် သူ၏အရှက်ရမှုအတွက် လက်စားချေရန် ထိုအရာကို သူ၏ခြေထောက်ဖြင့်ဆောင့်နင်းပြီး ဖျက်ဆီးပစ်မည်ဟု သူ တိတ်တဆိတ်ကျိန်ဆိုထားသည်။

ထို့ပြင် သူ၏နာမည်ဂုဏ်သတင်းကို ဖျက်ဆီးခဲ့သည့်အပြင် လူအများကြား၌ သူ့ကိုဘန်းကိတ်တစ်စုံဖြင့်ပစ်ပေါက်ခဲ့သည့် မထော်မနန်းဝတ်ဆင်ထားသော ခွေးမသားတစ်ယောက်လည်း ရှိနေသည်။

ထိုလူများအနက်မှ မည်သည့်တစ်ယောက်မဆို သေသင့်သည်။

မကြာမီမှာပင်...

ဝိုးတဝါးမြူခိုးများကိုဖြတ်သန်း၌ တောင်ကြားအနီးသို့ချဥ်းကပ်လာသော အဖွဲ့တစ်ဖွဲ့ကို ဝေဝါးဝါးတွေ့မြင်နိုင်သည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ယဲ့ဝူချန်၏မျက်လုံးများ တောက်ပသွားကာ သူသည် ထိုလူစုကို အနီးကပ်စောင့်ကြည့်လိုက်၏။

ထိုလူစုနီးကပ်လာချိန်တွင် သူ၏မျက်နှာပေါ်တွင် ဝမ်းသာသွားသောအမူအယာမျိုး ထင်ဟပ်လာသည်။

"ဟား ဟား ဟား....ဒါက သူတို့ပဲ...ဒါက တကယ်ကို သူတို့ပဲ"

"အကိုကြီး....သူတို့ ရောက်လာပြီ...ဘာအမှားမှမရှိတာသေချာအောင်....သူတို့အနားရောက်လာပြီး ထွက်ပြေးစရာလမ်းကြောင်းမရှိတဲ့အချိန်ကျရင် အကိုကြီးလှုပ်ရှားလို့ရပြီ"

ယဲ့ဝူချန်ထံမှ တိုက်တွန်းလိုက်သည့်အသံ ထွက်ပေါ်လာကာ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် သူ့အကိုကြီး၏လက်ချက်ကြောင့် ဤလူတစ်စုလုံး ကျိုးပဲ့သွားကာ နောင်တများပြည့်နှက်နေသောမျက်နှာများဖြင့် သူ၏ရှေ့တွင် ဒူးထောက်၍ အသနားခံတောင်းပန်နေမည့်မြင်ကွင်းကို မြင်ယောင်နေမိသည်။

ဤလူများကို တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ပစ်မည်ဟုလည်း သူ ဆုံးဖြတ်ထားပြီးသားပင်...

သူ ထိုကိစ္စကို ပို၍တွေးတောမိလေလေ သူ ပို၍ပီတိဖြစ်လာလေလေပင်။

နောက်ဆုံးတွင် ယဲ့ဝူချန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

"အကိုကြီး...အချိန်ကျပြီ...မြန်မြန်တိုက်ခိုက်တော့"

သို့ရာတွင် အချိန်အတော်ကြာသည့်တိုင် သူ၏နောက်တွင် မတ်တတ်ရပ်နေသော ယဲ့ထျန်းစီထံမှနေ၍ အနည်းငယ်မျှပင် တုံ့ပြန်သံမကြားရချေ။

မည်သို့ ဖြစ်ပျက်သွားသနည်း....

"အကိုကြီး....အခု တိုက်ခိုက်လို့ရပြီလေ"

သူက ထပ်မံ၍ အော်ဟစ်လိုက်၏။

သို့ရာတွင် သူ၏နောက်မှနေ၍ မည်သည့်တုံ့ပြန်သံကိုမျှ မကြားရဆဲပင်။

သူသည် ဝေခွဲရခက်နေသောအမူအယာဖြင့် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ ယဲ့ထျန်းစီမရှိတော့သည်ကို သိရှိလိုက်ရသည်။

"ဘာတွေ ဖြစ်သွားတာလဲ"

ယခင်က ဘဝင်ခိုက်နေသောမျက်နှာနှင့် ယဲ့ဝူချန်သည် ယခုချိန်၌ နေရာမှာပင် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ကြက်သေသေသွားတော့သည်။

All Chapters