အခန်း (၂၇၆-၂၈၀)
Vol. 19 Ch. 276-280
Chapter 276
ဤအချိန်အခိုက်အတန့်တွင် ယဲ့ထျန်းစီသည် အော်ဟစ်ငိုယိုတော့လုမတတ်ပင်။
အစောပိုင်းက သူ လှုပ်ရှားရန်ဟန်ပြင်လိုက်သော်လည်း သူ မြင်တွေ့ရသည်မှာ မည်သည့်မြင်ကွင်းဖြစ်နေသနည်း....
လီရှုဟွာ ယန်ထန်းယု ရွှယ်ချင်ကျူး ယွင်ဟောင်ထျန်းနှင့် နန်ရှားနယ်မြေမှတခြားထိပ်သီးခေါင်းဆောင်များအပြင် နှင်းလေအိမ်တော်၏သခင်သီထန်းမင်နှင့် သခင်လေးသီချောင်ရှန်းတို့လည်းရှိနေသည်။
အမှန်အားဖြင့် သူ့အား ထိတ်လန့်ကြောက်ရွံသွားစေဆုံးအရာမှာ လူငယ်နှင့် ထိုလူစုအကြားရှိ အနက်ရောင်ဝတ်ရုံဝတ်လူပင်။
ထိုနေ့တုန်းက သူသည် ကံကောင်းသဖြင့် နန်ရှားနယ်မြေအစွန်အဖျားသို့ ရောက်ရှိသွားခဲ့ကာ အနက်ရောင်ဝတ်ရုံဝတ်လူသည် နတ်ဆိုးအင်ပါယာအဆင့်သားရဲကို သတ်ဖြတ်ခဲ့သည်အား မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။
ထိုအင်ပါယာအဆင့်တိုက်ပွဲအောက်၌ စိမ်ပြေနပြေအိပ်မောကျနေသော လူငယ်ကိုလည်း သူ၏မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရလေ၏။
ဤလူစုသည် မည်သူများဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း သိရှိထားသည်။
သူ့ကဲ့သို့ နိမ့်ကျသော သိုင်းဘုရင်တစ်ယောက်သည် သူတို့အား ခြုံခိုတိုက်ခိုက်ရန်ကြံရွယ်သည်မှာ ရထားလုံးကိုဟန့်တားရန်ကြိုးစားသော ရှိခိုးကောင်အလား အချည်းနှီးကိစ္စသာမဟုတ်လော။ သူ၏အရည်အချင်းကို သူ အထင်ကြီးလွန်းသွားသည် မဟုတ်လော။
ဤလူစုနှင့် သူ မည်သည်ကြောင့် ထိပ်တိုက်တိုးမိသည်ကို သူ မသိရှိသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ့ထံ၌ ထင်မြင်ချက်တစ်ခုသာရှိသည်။
ပြေး...
ဤလူတစ်စု သူ့အား ရှာမတွေ့သွားမီ သူ တက်နိုင်သမျှဝေးကွာအောင် ထွက်ပြေးရပေမည်။
"ဘာ....ဘာတွေဖြစ်သွားတာလဲ"
နောက်တွင်ကျန်နေသော ယဲ့ဝူချန်သည်လည်း ထပ်တူထပ်မျှ သွေးပျက်နေသည်။ သူ၏အကိုကြီးသည် သူ့အတွက် လက်စားချေပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုချိန်တွင် မည်သည်ကြောင့် ရှင်းပြခြင်းပင်မပြုဘဲ ထွက်ပြေးသွားခဲ့သနည်း။
"ဒါဆိုရင် ငါ ဘာလုပ်သင့်လဲ"
ယဲ့ဝူချန်သည် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေကာ အချိန်အတော်ကြာသည့်အထိ လှည့်ပတ်ကြည့်ပြီးနောက် ငိုယိုပြီးထွက်ခွာသွားရန် ပြင်ဆင်နေလေပြီ။ မည်သို့ပင်ဆိုစေကာမူ ဤလူစုအကြားတွင် သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူရှိနေသည်။
သို့ရာတွင် သူ၏ခေါင်းကို နောက်သို့လှည့်လိုက်စဥ်မှာပင် မျက်နှာတစ်ခုနှင့် မျက်နှာချင်းဆိုင်မိသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ကာတုန်ရီသွားသည်။
"အာ့ဘားဘား...."
ထိုအသံကိုကြားသည်နှင့် ယဲ့ဝူချန်သည် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ ယမန်နေ့ညက မြည်းစမ်းခဲ့ရသော နာကျင်မှုတဖန်ပြန်၍ ရောက်ရှိလာသည်။ ထိုဝေဒနာသည် သူ၏နဖူးထံတန်းတန်းမတ်မတ် တိုးဝင်လာသဖြင့် သူ၏မျက်နှာတပြင်လုံး ရှုံမဲ့သွားသည်။
သူ့အား ပို၍စိတ်ပျက်လက်ပျက်ဖြစ်စေသည်မှာ အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ့အား ကိုယ်လုံးတီးချွတ်ကာ သစ်ပင်တစ်ပင်၌ တွဲလောင်းဆွဲထားခဲ့ခြင်းပင်။
"ဝါး...ဝါး...."
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
ယဲ့ဝူချန်သည် ကြေကွဲဝမ်းနည်းနေသောမျက်နှာဖြင့် အော်ဟစ်ငိုယိုကာ မြည်တမ်းလိုက်၏။
ဤသည်မှာ သူ လက်စားချေပြီး လက်တုံ့ပြန်ရန်အချိန်ဟု သူ တွေးတောခဲ့သော်လည်း ကိစ္စများသည် တစ်ကျော့ပြန်၍ ဖြစ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤအချိန်အခိုက်အတန့်တွင်....
အထက်ရှိတိမ်တိုက်များအကြား၌....
လူနှစ်ယောက် မတ်တတ်ရပ်နေကာ တိမ်တိုက်များကိုဖြတ်၍ အောက်ရှိမြင်ကွင်းကိုကြည့်နေသည်။
ခေါင်းဆောင်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အနက်ရောင်ဝတ်စုံရှည်တစ်ထည်ကိုဝတ်ဆင်ထားကာ လေတိုက်ခတ်မှုကြောင့် ထိုဝတ်စုံ တဖျတ်ဖျတ်လူးလွန့်နေသည်။ သူမ၏ရေခဲတမျှ အေးစက်စက်မျက်နှာပေါ်တွင် အဆင့်အတန်းမြင့်မားသည့် ပြိုင်ဘက်ကင်းအရှိန်အဝါမျိုး ရောယှက်နေကာ လူအများထက်သာလွန်မှုကို ခံစားရစေသည်။
တခြားတစ်ယောက်သည် တာအိုဝတ်စုံကိုဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်ပင်။ သူ့ကိုကြည့်ရသည်မှာ အိုမင်းမစွမ်းဖြစ်နေပုံရသော်လည်း သူ၏မျက်လုံးများသည် နက်နဲသိမ်မွေ့သော အသိဥာဏ်ပညာများဖြင့် တောက်ပနေပေ၏။
"နန်ရှားကလူတွေက တကယ့်ကို ရယ်ဖို့ကောင်းတာပဲ...ငါ သူ့ကို ဘယ်လိုပဲကြည့်ကြည့် သူက သာမာန်သေမျိုးတစ်ယောက်ပဲ...ဒါပေမယ့် သူတို့က သူ့ကို ပြိုင်ဘက်ကင်းဆရာကြီးလို့ ခေါင်းမာမာနဲ့ တင်စားနေကြတယ်"
အမျိုးသမီး၏မျက်လုံးအတွင်းတွင် သရော်တော်တော်အရိပ်အယောင်တချို့ ထင်ဟပ်နေကာ သူမက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောဆိုသည်။
"သူက ဘယ်လိုလှည့်စားမှုမျိုးတွေကိုသုံးပြီးတော့ ဒီလူစု သံသယကင်းကင်းနဲ့ သူ့ကိုယုံနေအောင် လုပ်ထားတယ်ဆိုတာ ငါ မသိဘူး...အဲ့လူတွေကြားမှာ ဒုတိယဘဝသိုင်းအင်ပါယာနှစ်ယောက်တောင်ပါနေတယ်...ဒါက တကယ့်ကို ယုတ္တိမရှိတဲ့ကိစ္စပဲ..."
"သူတို့က ဥာဏ်တိမ်တဲ့လူတွေသက်သက်ပါ...သူတို့နဲ့ ဘာမှပတ်သတ်နေစရာမလိုဘူး"
အဖိုးအိုသည် အပြုံးနှင့်ပြောဆိုကာ ထိုလူစုအား အလေးအနက်မထားသည်မှာ သိသာထင်ရှားလှ၏။
"ဒါပေမယ့် အဲ့ဒီကောင်လေးက တကယ့်ကို နတ်ဘုရားမျိုးနွယ်ရဲ့သွေးမျိုးဆက်လား"
အမျိုးသမီးက ထပ်မံ၍မေးမြန်းကာ သူမ၏စူးရှသောအကြည့်သည် တိမ်တိုက်များကိုထွင်းဖောက်၍ ကျုံးချင်ထံသို့ အခိုင်အမာကျရောက်နေသည်။
"ကောင်းကင်ဘုံအမှတ်အသားတွေကို အသုံးပြုထားတဲ့ ငါ့ရဲ့တွက်ချက်မှုတွေအရ...နတ်ဘုရားမျိုးနွယါရဲ့သွေးမျိုးဆက်က နန်ရှားနယ်မြေထဲမှာ တကယ်ကိုထွက်ပေါ်လာခဲ့ပြီ...တစ်ချိန်လုံး စူးစမ်းလေ့လာပြီးတဲ့နောက်မှာ ဒီကောင်လေးဖြစ်နေဖို့က ငါးဆယ်ရာခိုင်နှုန်း အခွင့်အရေးရှိတယ်"
အဖိုးအိုသည် ထိုစကားကိုပြောဆိုနေစဥ်တွင် အနည်းငယ်စိတ်လှုပ်ရှားနေပုံရသည်။
"ဒါက နှစ်ပေါင်းနှစ်သန်းအတွင်းမှာ နတ်ဘုရားမျိုးနွယ်ရဲ့သွေးမျိုးဆက် ထွက်ပေါ်လာတဲ့ ပထမဆုံးအကြိမ်ပဲ...သူ့ရဲ့ထွက်ပေါ်လာမှုက ငါတို့အတွက် အထူးသဖြင့် မင်းအတွက် အရမ်းအရေးပါတယ်"
အမျိုးသမီးသည် မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
"ငါးဆယ်ရာခိုင်နှုန်းပဲရှိတာလား...ဒါဆိုရင် လုံးလုံးလျားလျား အတည်မပြုနိုင်သေးဘူးမဟုတ်လား"
"နတ်ဘုရားမျိုးနွယ်သွေးမျိုးဆက်ကို ငါးဆယ်ရာခိုင်နှုန်း တွက်ချက်ခဲ့တာနဲ့တင် ငါ့ရဲ့ဘဝတလျှောက်လုံး သင်ယူထားသမျှ အရာအားလုံး ကုန်ဆုံးသွားပြီ"
အဖိုးအိုက ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။
"ငါ့ရဲ့သွေးမျိုးဆက်ကို အသက်သွင်းနိုင်တဲ့ တခြားနည်းလမ်းမရှိတော့ဘူးလား"
အမျိုးသမီးက ထပ်မံ၍ မေးမြန်းလေ၏။
"မရှိဘူး..."
အဖိုးအိုက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"နှစ်ကိုယ်တူကျင့်ကြံခြင်းစနစ်က မင်းရဲ့သွေးမျိုးဆက်ကို အသက်သွင်းနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပဲ"
အမျိုးသမီးက သူမ၏မျက်ခုံးကို ပွတ်သပ်လိုက်သည်။
သူမသည် နတ်ဘုရားဖီးနစ်ခန္ဓာကိုယ်အမျိုးအစားကို ပိုင်ဆိုင်ထားသော်လည်း သူမ မည်မျှပင် အင်အားစိုက်ထုတ်ပါစေ ထိုအရာကို အသက်သွင်းနိုင်ခြင်းမရှိချေ။
မူလက သူမသည် နတ်ဘုရားမျိုးနွယ်၏သွေးမျိုးဆက် ရှားပါးခြင်းကြောင့် သူမ၏သွေးမျိုးဆက်ကို အသက်သွင်းရန် မည်သည့်မျှော်လင့်ချက်ကိုမျှ ဆုပ်ကိုင်မထားတော့ချေ။
သို့ရာတွင် သူမတို့၏ လက်ရှိခြေအနေများအရ သူမ၏သွေးမျိုးဆက်ကို အသက်သွင်းရန် နည်းလမ်းများရှာကြံရုံမှတပါး တခြားနည်းလမ်းမရှိတော့ချေ။
သို့ရာတွင် နတ်ဘုရားဖီးနစ်သွေးမျိုးဆက်ကို အသက်သွင်းရန်အတွက် အခြေအနေသည် အလွန်ခက်ခဲကြမ်းတမ်းကာ နတ်ဘုရားမျိုးနွယ်သွေးမျိုးဆက်ဖြင့် နှစ်ကိုယ်တူကျင့်ကြံရန်လိုအပ်သည်။ နတ်ဘုရားမျိုးနွယ်သွေးမျိုးဆက်တစ်ယောက်ကို နောက်ဆုံး၌ အခက်အခဲများကြားမှ ရှာတွေ့နိုင်ခဲ့သော်လည်း သူမသည် ယခုထိတိုင် အပြည့်အဝ အတည်မပြုနိုင်သေးချေ။
အကယ်၍ သူမသည် သူနှင့်နှစ်ကိုယ်တူကျင့်ကြံလိုက်ပါက သူ့ထံတွင် နတ်ဘုရားမျိုးနွယ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်း အမှန်တကယ်မရှိပါက သူမသည် နှစ်ထပ်ကွမ်းဆုံးရှုံးရမည်မဟုတ်လော...
"ဆိုလိုတာက ငါ မလှုပ်ရှားခင်...လုံးလုံးလျားလျား သေချာမှဖြစ်မယ်မလား"
အမျိုးသမီးက မေးမြန်းသည်။
"အမှန်ပဲ"
အဖိုးအိုက တုံ့ပြန်ပြောဆိုသည်။ သူသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ဖြည့်စွက်၍ပြောဆိုလေ၏။
"တကယ်တော့ ငါတို့က စွန့်စားရုံပဲတတ်နိုင်တယ်"
အမျိုးသမီးက သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူမသည် ဤကဲ့သို့အလောင်းအစားမျိုးကို မလုပ်ဝံ့ချေ။
"ဒါဆိုရင် ဒီကိစ္စကို ဘယ်လိုအတည်ပြုရမှာလဲ"
အမျိုးသမီးက ထပ်မံ၍ မေးမြန်းသည်။
"နည်းလမ်းတစ်ခုပဲရှိတယ်...သူ့ရဲ့အနားကို ချဥ်းကပ်ရမယ်...ရှေးဟောင်းသွေးမျိုးဆက်တွေက နီးနီးကပ်ကပ်နေမယ်ဆိုရင် သွေးမျိုးဆက်တုံ့ပြန်မှုတချို့ ရှိလာနိုင်တယ်"
အဖိုးအိုက မေးမြန်းသည်။
"ဒါက လွယ်ပါတယ်...ငါ သူ့ကို သွားဖမ်းလိုက်မယ်"
အမျိုးသမီးက အေးစက်စက်လေသံဖြင့်ပြောဆိုကာ သူမက လှုပ်ရှားရန် ဟန်ပြင်လိုက်၏။
"ခဏနေဦး..."
အဖိုးအိုက သူမကို အလျှင်အမြန် ဟန့်တားလိုက်သည်။
"ငါပြောတဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်းက ရုပ်ခန္ဓာကိုယ်သက်သက်နှီးနှောရုံမဟုတ်ဘူး...တကယ်လို့ သူ စိတ်မပါဘူးဆိုရင် မင်းရဲ့နတ်ဘုရားဖီးနစ်သွေးမျိုးဆက်ကို အသက်သွင်းနိုင်မှာမဟုတ်ဘူး...နှစ်ဖက်စလုံးမှာ အရမ်းပြင်းထန်တဲ့ စိတ်ဆန္ဒတွေရှိမှသာ ဒီသွေးမျိုးဆက်ကို လှုံဆော်ပေးနိုင်လိမ့်မယ်"
"ဒါကြောင့် မင်းက ဒီကောင်လေးကို မင်းအပေါ် ဆိုးရွားတဲ့ခံစားချက်တွေ ဖြစ်သွားစေမယ်ဆိုရင်...တကယ်လို့ သူ့မှာ နတ်ဘုရားသွေးမျိုးဆက်ရှိတယ်ဆိုတာ အတည်ပြုနိုင်ပြီးတော့ သူ့ကိုဖိအားပေးပြီး နှစ်ကိုယ်တူကျင့်ကြံမယ်ဆိုရင်...မင်းရဲ့သွေးမျိုးဆက်ကို အသက်သွင်းနိုင်ဖို့ မသေချာဘူး"
အမျိုးသမီးသည် သူမ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်သော်လည်း သူမက ထပ်မံ၍မျက်မှောင်ကြုတ်လိုက်သည်။
တခြားစကားပြောင်းဆိုရလျှင် သူမသည် တစ်ဖက်လူနှင့်နီးစပ်အောင် ကြိုးစားရန် လိုအပ်ရုံသာမက သူမသည် တစ်ဖက်လူ စိတ်ကျေနပ်စေရန် အကောင်းဆုံးကြိုးစားရမည်မဟုတ်လော....
"ဒါကြောင့် မင်းကိုယ်မင်း တတ်နိုင်သမျှနှိမ့်ချပြီးတော့ သူ့ရဲ့သရုပ်မှန်ကို ရှာဖွေနိုင်ဖို့အတွက် ချဥ်းကပ်ရမယ်....ဒီကောင်လေး မနှစ်သက်တာမျိုး မဖြစ်စေဘဲနဲ့ သူ့ဆီမှာ နတ်ဘုရားမျိုးနွယ်သွေးမျိုးဆက်ရှိမရှိဆိုတာကို အတည်ပြုရမယ်"
အဖိုးအိုက ထပ်မံ၍ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်...
အမျိုးသမီး၏မျက်နှာပေါ်တွင် ရွံရှာစက်ဆုပ်သော အမူအယာမျိုး ထင်ဟပ်လာသည်။
တခြားစကားပြောင်းဆိုရလျှင် နန်ရှား၏အသိဥာဏ်နည်းသော ဂိုဏ်းအင်အားစုခေါင်းဆောင်များကဲ့သို့ပင် သူမသည်လည်း ဤဟာသဇာတ်လမ်းကြီးတွင်ပါဝင်၍ ယုံစားချင်ယောင်ဆောင်နေရမည်လော။
Chapter 277
အချိန်အတော်အတော်ကြာပြီးနောက် ယဲ့ဝူချန်သည် နောက်ဆုံးတွင် လုပမ်ဝေ၏လက်ခုပ်တွင်းမှ လွတ်မြောက်လာခဲ့ကာ ယဲ့ထျန်းစီကို အလျှင်အမြန် လိုက်လံရှာဖွေခဲ့သည်။
မမျှော်လင့်ဘဲ ယဲ့ထျန်းစီသည် သူ့ကို လမ်းတစ်ဝက်၌ စောင့်ဆိုင်းနေလေ၏။
ယဲ့ထျန်းစီကိုမြင်ချိန်တွင် ယဲ့ဝူချန်၏မျက်နှာပေါ်၌ ခါးသည်းသောအမူအယာမျိုး ထင်ဟပ်လာကာ သူက အလျင်စလို မေးမြန်းသည်။
"အကိုကြီး....မင်း ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ...ဒီခွေးမသားတွေကို ငါ့ကိုကူညီပြီး ရှင်းထုတ်ပေးမယ်လို့ ငါတို့ သဘောတူထားတာမဟုတ်လား...."
သို့ရာတွင် သူ၏အသံတိမ်ဝင်မသွားသေးမီမှာပင် ယဲ့ထျန်းစီ၏မျက်နှာမည်းမှောင်သွားကာ သူ့အားလက်သီးဖြင့် ထိုးနှက်လိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။
"ဘုန်း..."
ယဲ့ဝူချန် လွင့်ထွက်သွားသည်။ သူသည် သူ၏ရင်ဘတ်ကိုဆုပ်ကိုင်ကာ မေးမြန်းလိုက်၏။
"အကိုကြီး...မင်း ဘာလို့ဒီလိုလုပ်တာလဲ...ငါက မင်းရဲ့ညီလေးလေ"
"ပါးစပ်ပိတ်ထားစမ်း..."
ယဲ့ထျန်းစီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ယဲ့ဝူချန်ကိုဆုပ်ကိုင်ကာ ခေါင်းကို ထပ်ခါတလဲလဲ ထိုးနှက်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူ့ထံတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
လူများအားလုံးကိုရန်စစော်ကားရာ၌ ဤလူတစ်စုကို ရန်စစော်ကားခြင်းသည် အဆိုးရွားဆုံးပင်။ အစောပိုင်းကပင် သူ့အား နှင်းလေအိမ်တော်မှ ထုတ်ပယ်လိုက်ပြီဟူသောသတင်းကို သူ ရရှိခဲ့သည်။
သူ မတွေးတောရသေးဘဲနှင့်ပင် ဤသည်မှာ ယခုကိစ္စနှင့် ဆက်စပ်နေမည်ဟု သူ ကောင်းစွာသိရှိသည်။
"အကိုကြီး...ဘာတွေဖြစ်နေတာလဲ...သေချာပြောပြပါအုံး"
ယဲ့ဝူချန်က အားအင်ချည့်နဲ့သောအသံဖြင့် မေးမြန်းသည်။
"ဘာတွေဖြစ်နေတာလဲဆိုတာ မင်းက ငါ့ကို မေးနိုင်သေးတာလား...အဲ့ဒီလူတွေက ဘယ်သူတွေလဲဆိုတာ မင်း သိလား"
ယဲ့ထျန်းစီက ဒေါသတကြီး အော်ငေါက်လိုက်၏။
"သူတို့က ဘယ်သူတွေမလို့လဲ...အမှိုက်တစ်သိုက်ပဲမဟုတ်လား...."
ယဲ့ဝူချန်းက သူ၏ခေါင်းကိုဆုပ်ကိုင်ကာ အော်ဟစ်လေသည်။
"အမှိုက်ကောင်ဆိုတာ ဘာတွေလဲဆိုတာ ငါ မင်းကိုပြောပြမယ်"
ယဲ့ထျန်းစီက ယဲ့ဝူချန်ကိုကန်ကျောက်ကာ ပြင်းပြင်းထန်ထန် အော်ငေါက်လိုက်သည်။
"လီရှုဟွာကအမှိုက်....သီထန်းမင်ကအမှိုက်....ယွင်ဟောင်ထျန်းကအမှိုက်...သိုင်းအင်ပါယာတွေက အမှိုက်...နတ်ဆိုးအင်ပါယာကိုတောင်အနိုင်ယူနိုင်တဲ့ စီနီယာက အမှိုက်....အဲ့ဒါတွေက အမှိုက်ကောင်တွေလား..."
"ဘာ...."
ဤသည်မှာ ယဲ့ဝူချန်၏စိတ်အတွင်း၌ မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသည့်အလားပင်။
ယဲ့ထျန်းစီ၏ပြောစကားနှင့် ယခင်က သူတို့ထွက်ပြေးလွတ်မြောက်သွားမှုကို ပေါင်းစပ်လိုက်ပါက သူသည် နောက်ဆုံး၌ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို နားလည်သဘောပေါက်သွားလေပြီ။
ဤအချိန်အခိုက်အတန့်တွင် သူ အလွန်ထိတ်လန့်တုန်လှုပ်သွားကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။
သူ၏မျက်နှာပေါ်တွင် နက်ရှိုင်းသောအကြောက်တရားများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ဤထင်ရှားကျော်ကြားသော တည်ရှိမှုကြီးများသည် မည်သည်ကြောင့် သူ၏ဇနီးလောင်းကို လာရောက်လုယက်သည်အား သူ နားမလည်နိုင်ဖြစ်နေဆဲပင်။
တစ်ရက်ကြာပြီးနောက် ထိတ်လန့်တုန်လှုပ်ဖွယ်သတင်းများက ဟန်ချန်းမြို့တစ်မြို့လုံးအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ယဲ့မိသားစုသည် သူတို့၏ပိုင်ဆိုင်မှုများအားလုံးကိုစွန့်လွှတ်ကာ ဟန်ချန်းမြို့မှ ညတွင်းချင်းထွက်ပြေးသွားခဲ့သည်။ တချို့လူများ၏အဆိုအရ သူတို့သည် အလျင်စလိုထွက်ခွာသွားခဲ့သဖြင့် သူတို့၏ခြံဝန်းအတွင်း၌ အခြောက်လှမ်းထားသော အတွင်းခံများကိုရုတ်သွားရန်ပင် မေ့လျော့နေခဲ့လေ၏။
ထို့ထက်ပို၍ စိတ်ရှုပ်ထွေးနေဆုံးမှာ ယွင်မိသားစုပင်။
သူတို့သည် ယဲ့မိသားစု၏ဝိုင်းရံခြင်းကိုခံရကာ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို မသိကြတော့ချေ။ ထိုအချိန်မှာပင် ယဲ့ထျန်းစီသည် ယဲ့ဝူချန်ကိုခေါ်ဆောင်လာပြီး သူတို့ရှေ့တွင် ကြိမ်ဖန်များစွာအရိုအသေပြုပြီးတောင်းပန်ကာ တုန်တုန်ရီရီဖြင့် ထွက်ခွာသွားခဲ့သည်။
အကယ်၍ ယဲ့မိသားစု၏ထိပ်သီးပိုင်းမှအောက်ခြေအဆင့်ထိ ပျောက်ကွယ်သွားခြင်းသာမရှိပါက ဤသည်မှာ လှည့်စားမှုတစ်ခုဟု သူတို့တွေးထင်ကြပေမည်။
လမ်းမကြီးပေါ်၌ ရီဖုန်းတို့လူစု တရွေ့ရွေ့ ခရီးဆက်နေသည်။
သို့ရာတွင် သူတို့အဖွဲ့သည် ယခင်ကဲ့သို့ ကြီးမားခြင်းမရှိတော့ချေ။
ယွင်မိသားစုသည် ယဲ့မိသားစု ထွက်ပြေးသွားသောသတင်းကို ပို့ဆောင်ခဲ့လေ၏။ ထို့ကြောင့် ကျုံးချင်သည် ယွင်မုန့်ထင်ကို ယွင်အိမ်တော်၌ အချိန်တခဏခန့်နေရန် ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သူ၏အမာခံပရိတ်သတ်များသည်လည်း အရေးပေါ်ကိစ္စများလုပ်ရန် ရှိနေသဖြင့် ယာယီထွက်ခွာသွားကြသည်။
ယခုချိန်တွင် အရာအားလုံး တည်ငြိမ်သွားသောကြောင့် ရီဖုန်းသည် လူအိုကြီးဝမ်တို့ကိုခေါ်ယူ၍ လှည့်ပတ်ခရီးသွားလာပြီး ဒေသခံဓလေ့ထုံးတမ်းများကို ကောင်းမွန်စွာကြည့်ရှုလိုခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤနေရာသို့လာရာလမ်းတွင် ကသောကမျော လာခဲ့ရသောကြောင့် ပတ်ဝန်းကျင်ရှိရှုခင်းများကို ကြည့်ခဲ့ရခြင်းမရှိချေ။
ထို့ပြင် ယခုချိန်တွင် နွေဦးရာသီဖြစ်နေသောကြောင့် သူတို့သည် အားလပ်ရက်အပန်းဖြေခရီးထွက်ခြင်းကို ပြုလုပ်နိုင်သည်။
"လူအိုကြီးဝူ...ငါ မင်းကိုတောင်းထားတဲ့ မြေပုံတွေ ဝယ်ပြီးပြီလား"
ရီဖုန်းက မေးမြန်းသည်။
"ဆရာကြီး...ဒါက နန်ရှားနယ်မြေတစ်ခုလုံးရဲ့မြေပုံပါ...ကျေးဇူးပြုပြီး ဒါကိုကြည့်ပြီး မင်း ဘယ်နေရာကို သွားလည်ချင်လဲဆိုတာ ဆုံးဖြတ်ပေးပါ"
ဝူယုံဟုန်သည် မြေပုံတစ်ချပ်ကိုထုတ်ယူ၍ ရီဖုန်း၏ရှေ့၌ ဖြန့်ခင်းလိုက်၏။
တခြားသူများသည်လည်း အနီးသို့ စုဝေးလာကြသည်။
"မင်းတို့တွေရော ဘယ်လိုထင်လဲ...မင်းတို့ ဘယ်နေရာကိုသွားချင်လဲ"
ရီဖုန်းက မေးမြန်းသည်။
လူတိုင်းက သူတို့၏ခေါင်းများကိုခါယမ်းပြကာ ပြောဆိုသည်။
"ဆရာကြီးပဲ ဆုံးဖြတ်ပေးပါ"
"ကောင်းပြီလေ....ဒါဆိုရင်လည်း..."
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းပြီးနောက် မြေပုံကိုကြည့်လိုက်၏။
ရိုးရိုးသားသားဝန်ခံရလျှင် နန်ရှားနယ်မြေသည် အလွန်ကျယ်ပြန့်သည်။ လမ်းတလျှောက်၌ သူတို့မြင်ခဲ့ရသောအရာများသည် ရေခဲတောင်ကြီး၏ထိပ်ဖျားပမာဏသာရှိသည်။
ရီဖုန်းက မြေပုံကို ဂရုတစိုက် စူးစမ်းလေ့လာလိုက်သည်။ အချိန်အတော်ကြာ စူးစမ်းလေ့လာပြီးနောက် ထူးခြားသောအမှတ်အသားတစ်ခုက သူ၏မျက်လုံးကို ဖမ်းစားသွားနိုင်ခဲ့သည်။
"ဒီနေရာက ဘာလဲ"
ရီဖုန်းက မြေပုံကိုထောက်ပြကာ မေးမြန်းလိုက်၏။
ထိုစကားကိုကြားချိန်တွင် လူအိုကြီးဝမ်သည် သူ၏မျက်လုံးကိုမှေး၍ ရီဖုန်း ထောက်ပြသည့်နေရာကိုကြည့်ပြီးနောက် သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
"ဆ....ဆရာကြီးက အဲ့ဒီနေရာကို သွားချင်လို့လား"
သူက ရီဖုန်းကိုမော့ကြည့်ကာ မေးမြန်းလိုက်သည်။
"ဟုတ်တယ်...ဒီနေရာကို ကြည့်ရတာ တော်တော်လေး နီးသလိုပဲ...ဒါပေမယ့် ဒါက ဘယ်လိုနေရာမျိုးလဲဆိုတာ ငါ မသိဘူး"
ရီဖုန်းက ခေါင်းညိတ်ပြလိုက်၏။
"ဒီ...ဒီနေရာက...နန်ရှားနယ်မြေရဲ့တစ်မူထူးခြားတဲ့နေရာပဲ"
လူအိုကြီးဝမ်က စိတ်ရှုပ်ထွေးနေသောအမူအယာဖြင့် ပြောဆိုသည်။
"ဒါက အတိအကျပြောရရင် နန်ရှားလိုနယ်မြေငယ်လေးက အင်မော်တယ်မြစ်ကုန်းမြေတခွင်လုံးအနှံ့ နာမည်ကျော်ကြားနေတာက အဲ့ဒီနေရာကြောင့်ပဲ"
"အိုး....ငါ သိပြီ"
ရီဖုန်းက နားလည်သဘောပေါက်သွားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ခရီးသွားဧည့်သည် ဆွဲဆောင်နိုင်သော နေရာတစ်ခု....
ဤနေရာတွင် မည်သည့်အန္တရာယ်မျိုးမျှ မရှိနိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ ခရီးသွားဧည့်သည်များကို ကြီးကြီးမားမား ဆွဲဆောင်နိုင်သော နေရာမျိုးကသာ ကုန်းမြေတခွင်လုံးအနှံ့ နာမည်ကျော်ကြားပေမည်။
"ကောင်းပြီလေ...အဲ့ဒီနေရာကို သွားကြစို့"
ရီဖုန်းက တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချလိုက်၏။
ထိုစကားကိုကြားချိန်တွင် လူအိုကြီးဝမ်တို့လူစု၏ခန္ဓာကိုယ်များ မသိစိတ်မှနေ၍ ကူကယ်ရာမဲ့တုန်ရီသွားကာ သူတို့၏မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်သောအမူအယာများ ထင်ဟပ်လာသည်။
သို့ရာတွင် ရီဖုန်း၏ပြတ်သားသောသွင်ပြင်ကိုကြည့်ပြီး သူတို့သည် တခြားထင်မြင်ချက်များကို ထုတ်ဖော်မပြောဝံ့ချေ။
ဖြစ်နိုင်သည်မှာ...ဤနေရာတွင် ဆရာကြီးအတွက် ထူးခြားချက်တစ်ခုခုရှိနေသလော...
အချိန်တခဏကြာ အနားယူပြီးနောက် သူတို့လူစု ခရီးဆက်ခဲ့ကြတော့သည်။
Chapter 278
နန်ရှားနယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်ပေ၏။ စည်ပင်ဝပြောသောနေရာများတွင် အလွန်လူနေထူထပ်ကာ ဝေးလံခေါင်သီသောနေရာများတွင် ခြောက်ကပ်နေသည်။ နယ်မြေကြီးမားကျယ်ပြန့်ခြင်းကြောင့် မြို့များသည် တစ်မြို့နှင့်တစ်မြို့ အလွန်ဝေးကွာစွာတည်ရှိသည်။
ကံကောင်းထောက်မစွာဖြင့် လမ်းတလျှောက်လုံးတွင် ရှုမျှော်ခင်းများ အလွန်အမင်းလှပသည်။ အနည်းဆုံးအနေဖြင့် ရီဖုန်းသည် လမ်းတလျှောက်ရှိ ရှုမျှော်ခင်းများအနက်မှတချို့ကို သူ၏အတိတ်ဘဝတွင် မြင်တွေ့ဖူးခြင်းမရှိချေ။
"ဆရာကြီး..ငါ..."
ထိုအချိန်မှာပင် ဝူယုံဟုန်က အပြေးလာကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။
"ငါ့ရဲ့အိမ်မှာ ပြဿနာတချို့ရှိနေတယ်လို့ ငါ ခုဏက သတင်းရထားတယ်...ဒါကြောင့် ငါ ပြန်သွားပြီး ဖြေရှင်းဖို့လိုအပ်တယ်...ပြီးတော့ ပြဿနာနည်းနည်းကြီးတာကြောင့် အကူအညီရဖို့အတွက် ငါက လူနည်းနည်းလောက် ခေါ်သွားချင်တယ်....ဆရာကြီးခွင့်ပြုပေးမယ်လို့ ငါ မျှော်လင့်မိတယ်"
ထိုစကားကိုကြားသဖြင့် လူအိုကြီးဝမ်တို့လူစုသည်လည်း အနီးသို့ရောက်ရှိလာသည်။
"အော်...မင်းရဲ့အိမ်မှာ ဘာဖြစ်လို့လဲ"
ရီဖုန်းက အလျှင်အမြန် မေးမြန်းလိုက်သည်။ ဝူယုံဟုန်သည် ပင်ကျင်းမြို့ခံလူတစ်ယောက်မဟုတ်ကြောင်း သူ သိရှိထားလေ၏။
"ပြဿနာလေးတချို့ပါ...ဒါက ဇာတ်ကြောင်းရှည်ကြီးတစ်ခုပဲ...ဒါပေမယ့် ဆရာကြီး စိုးရိမ်ပူပန်ရအောင်လို့ ငါက အနှောက်အယှက်မပေးချင်ဘူး"
ဝူယုံဟုန်က အလျှင်အမြန် ပြောဆိုသည်။
"ဆရာကြီးနဲ့ တခြားသူတွေအားလုံး သဘောတူနိုင်မယ်လို့ ငါ မျှော်လင့်မိတယ်"
"သဘောတူတာပဲဖြစ်ဖြစ် မတူတာပဲဖြစ်ဖြစ်...တကယ်လို့ မင်းရဲ့အိမ်မှာ ပြဿနာတစ်ခုခုရှိနေရင် မင်း မြန်မြန်ပြန်သွားပြီး ဖြေရှင်းရမယ်"
ရီဖုန်းက ပြောဆိုလိုက်၏။
"မင်း သူတို့ရဲ့အကူအညီကို လိုချင်တဲ့ကိစ္စအတွက်ကတော့....ငါ့မှာ ဘာထင်မြင်ချက်မှမရှိဘူး....သူတို့ရဲ့သဘောဆန္ဒကိုမေးဖို့ပဲလိုတယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက လူအိုကြီးဝမ်နှင့်တခြားသူများကို ကြည့်လိုက်သည်။
"ငါတို့က မိတ်ဆွေတွေလေ...မိတ်ဆွေတစ်ယောက် ဒုက္ခတွေ့နေတဲ့အချိန်မှာ ငါတို့က ကူညီပေးရမှာပေါ့"
လူအိုကြီးဝမ်က အပြုံးနှင့် ပြောဆိုသည်။
"ဆရာကြီးဆီမှာ ဘာထင်မြင်ချက်မှမရှိသရွေ့...ငါ့မှာလည်း ဘာပြဿနာမှမရှိဘူး"
"အမှန်ပဲ...ငါတို့အားလုံးက မိတ်ဆွေတွေပဲလေ"
ဤအချိန်အခိုက်အတန့်တွင် တခြားသူများသည်လည်း သူတို့၏သဘောထားများကို ဖော်ပြလိုက်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဝူယုံဟုန်သည် ကျေးဇူးတင်သည့်အနေဖြင့် လူတိုင်းကို ဦးညွှတ်အရိုအသေပြုလိုက်၏။
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်...မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်"
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းက ထပ်မံ၍ပြောဆိုသည်။
"လူအိုကြီးဝူ..ဘာမှအားနာနေစရာမလိုဘူး...တကယ်လို့ အဲ့ဒီမှာ ပြဿနာကြီးဖြစ်နေပြီးတော့ မင်း ငါ့ကိုလိုအပ်တယ်ဆိုရင် ငါ့ဆီ ချက်ချင်းအကြောင်းကြားပါ"
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်သည် စိတ်လှုပ်ရှားသွားကာ မျက်ရည်များစီးကျလာသည်။ မူလက သူ၏မျက်နှာပေါ်ရှိ စိုးရိမ်သောကများသည်လည်း ချက်ချင်းလွင့်ပြယ်သွားလေပြီ။
သူ့အတွက် ရီဖုန်းထံမှ ဤစကားတစ်ခွန်းသည် အကြွင်းမဲ့အာမခံချက်တစ်ခုပင်။
ပစ္စည်းအနည်းငယ်ခန့်ထုတ်ပိုးပြီးနောက် ဝူယုံဟုန်သည် ကျူးရုံ လူအိုကြီးဝမ် လုသရှန်းနှင့်တခြားသူများကိုခေါ်ဆောင်၍ ခရီးထွက်ခဲ့တော့သည်။
သူတို့အားလုံး ထွက်ခွာသွားပြီးနောက် သူနှင့်အတူ လုပမ်ဝေနှင့်ခွေးသာ ကျန်ရှိတော့သဖြင့် အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်သွားကြောင်း ရီဖုန်းက သိနားလည်သွားသည်။
သို့ရာတွင် ဤသည်မှာလည်း ကောင်းမွန်ပေ၏။ လူနည်းသွားခြင်းတွင်လည်း အကျိုးကျေးဇူးတချို့ရှိနေသည်။
အချိန်တခဏခန့်အနားယူပြီးနောက် လူတစ်ယောက် အရိုးစုတစ်ကောင်နှင့် ခွေးတစ်ကောင်တို့သည် နွေဦးရာသီအလည်အပတ်ခရီးကို စတင်ခဲ့ကြတော့သည်။
သူတို့သည် နောက်ထပ်မြို့တစ်မြို့သို့ရောက်ရှိစဥ်တွင် ရီဖုန်းသည် အလွန်ဆာလောင်မွတ်သိပ်နေလေပြီ။
သူ၏ငတ်မွတ်မှုဝေဒနာကို ပို၍ပြင်းထန်စေသည်မှာ ဤမြို့သည် အလွန်သေးငယ်ခြင်းပင်။ ရီဖုန်းသည် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာတွေ့ရန်အတွက် နေ့ဝက်ခန့် လမ်းပတ်လျှောက်ခဲ့ရသည်။
သို့ရာတွင် သူ ထိုစားသောက်ဆိုင်အတွင်းသို့ဝင်ပြီး တစ်ချက်ကြည့်လိုက်စဥ်တွင် စားပွဲများအားလုံး လူပြည့်နေကာ ထိုင်ခုံလွတ်တစ်လုံးမျှမရှိတော့ကြောင်း တွေ့မြင်မိသည်။
ဤသည်မှာ ရီဖုန်းကို အမှန်တကယ် အကျပ်ရိုက်သွားစေသည်။
နောက်ထပ်စားသောက်ဆိုင်တစ်ဆိုင်ကို ထပ်ရှာပါကလည်း ထိုင်ခုံလွတ်ရှိမရှိ ပြောဆိုနိုင်ရန် လွန်စွာခက်ခဲသည်။ အကယ်၍ သူသည် ဤနေရာ၌ စားပွဲတစ်လုံးရရန် စောင့်ဆိုင်းပါကလည်း သူ မျောက်နှစ်ရောက်သည်အထိ စောင့်ဆိုင်ရမည်ဟုတ်မဟုတ်ကို သူ မသိရှိပေ။
သို့ရာတွင် အပေါ်ထပ်ရှိပြတင်းပေါက်အနီးမှ စားပွဲတွင် လူတစ်ယောက်တည်းသာ စားသောက်နေသည်ကို ရီဖုန်းက သတိပြုမိသွားပေ၏။
ထိုလူသည် လူလတ်ပိုင်းကြီးတစ်ယောက်ဖြစ်ပြီး သားသားနားနားဝတ်ဆင်ထားကာ နီမြန်းသောအသားအရေရှိသည်။
တစ်ချိန်တည်းမှာပင် သူ၏နောက်၌ အစောင့်တစ်ယောက်ဖြစ်ပုံရသော အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက် မတ်တတ်ရပ်နေသည်။ ဤလူလတ်ပိုင်းကြီးထံတွင် အဆင့်အတန်းတချို့ရှိနေမည်မှာ သိသာထင်ရှားလှ၏။
အချိန်တခဏခန့်ချီတုံချတုံဖြစ်နေပြီးနောက် ရီဖုန်းက ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
ရီဖုန်း လျှောက်လှမ်းလာသည်ကို မြင်တွေ့ချိန်တွင် အနက်ရောင်ဝတ်စုံဝတ်အစောင့်သည် ခြေတစ်လှမ်းရှေ့တိုးကာ သူ့အားဟန့်တားရန် ဟန်ပြင်လေသည်။
သို့ရာတွင် ထိုလူလတ်ပိုင်းကြီးသည် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
"နောက်ပြန်ဆုတ်စမ်း"
ထိုသို့ပြောဆိုပြီးနောက် သူသည် ရီဖုန်းကိုကြည့်ကာ စိတ်ဝင်တစားဖြင့် လေ့လာဆန်းစစ်လိုက်သည်။
ဤလူငယ် မည်သည်ကြောင့်ရောက်ရှိလာသည်ကို သူ သိချင်မိသည်။
ထိုလူလတ်ပိုင်းကြီး၏စူးစမ်းနေသော အကြည့်အောက်တွင် ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုသည်။
"အကိုကြီး...ငါ တကယ်ဗိုက်ဆာနေတယ်...ထိုင်စရာနေရာမရှိတော့တာကြောင့် ငါ မင်းရဲ့စားပွဲမှာ မျှထိုင်လို့ရမလား"
ရီဖုန်းအား စူးစမ်းလေ့လာနေသော လူလတ်ပိုင်းကြီး၏မျက်ခုံးများ မြင့်တက်သွားသည်။
ထို့နောက် သူ၏နုတ်ခမ်းထောင့် မသိမသာ တွန့်ကွေးသွားလေ၏။
စားပွဲကို မျှထိုင်မည်ဟု ဆိုသလော....
ကြည့်ရသည်မှာ ယခင်က သူနှင့်မျက်နှာချင်းဆိုင်ထိုင်၍ စားသောက်ဝံ့သူ ရှိခဲ့ပုံမရချေ။
"ထိုင်လေ..."
သူက မရည်ရွယ်ဘဲ သူ၏လက်တစ်ဖက်ကိုဆန့်တန်းကာ ပြောဆိုလိုက်မိသည်။
'လူကောင်းတစ်ယောက်ပဲ'
ရီဖုန်းသည် သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်ပျော်ရွှင်သွားသည်။ သူသည် လူလတ်ပိုင်းကြီးအား သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုကာ ထိုင်ခုံပေါ်၌ထိုင်ချလိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး အစောင့်၏မျက်နှာအမူအယာ မသိမသာ မှုန်တေသွားသည်။
သို့ရာတွင် လူလတ်ပိုင်းကြီးသည် မည်သည့်စကားမျှ မပြောဆိုသောကြောင့် သူသည် မဆင်မခြင် မလုပ်ဆောင်ဝံ့ချေ။
မကြာမီမှာပင် ဟင်းပွဲများကို စားပွဲထံသို့ ယူဆောင်လာသည်။
ရီဖုန်းသည် စကားတစ်ခွန်းမျှမပြောဆိုဘဲ စတင်၍ စားလိုက်၏။ သူ အနည်းငယ်ခန့် ကိုက်ဝါးပြီးနောက် အလွန်စိတ်ကျေနပ်သွားသည်။
ဤဟင်းပွဲများကို ဝိုင်တစ်ငုံဖြင့်မျောချလိုက်ပါက သူ့အား ပို၍စိတ်ကျေနပ်မှုရရှိစေပေမည်။
သူသည် ဝိုင်တစ်အိုးကိုမှာလိုက်သော်လည်း တစ်ငုံခန့်သောက်ပြီးချိန်တွင် သူ အလွန်အမင်း အရသာမတွေ့သကဲ့သို့ ခံစားမိသည်။
ရီဖုန်းသည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။ ရုတ်တရက် သူသည် လူလတ်ပိုင်းကြီး၏ရှေ့တွင် ခပ်ဖျော့ဖျော့ဝိုင်ရနံများ သင်းပျံ့နေသည့် လက်ရာမြောက်ပုလင်းငယ်တစ်လုံးရှိနေသည်ကို သူ သတိပြုမိသွားသည်။
ဤသည်က ရီဖုန်း၏မျက်လုံးများကို ချက်ချင်းတောက်ပသွားစေသည်။
"ဟို...အကိုကြီး...ငါ မင်းရဲ့ဝိုင်အရက်ကို နည်းနည်းလောက် သောက်လို့ရမလား...ဒီနေရာကဝိုင်အရက်က တကယ့်ကို အရသာဆိုးရွားလွန်းတယ်"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
ထိုစကားလုံးများ ကျရောက်လာသည်နှင့် အစောင့်၏မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
ဤလူသည် တကယ့်ကို သတ္တိအလွန်ကောင်းပုံရသည်။
လူလတ်ပိုင်းကြီးသည်လည်း အလွန်အမင်း အံ့အားသင့်သွားလေ၏။
သူနှင့်စားပွဲတစ်လုံးတည်း မျှထိုင်သည်ကို ချွင်းချက်ထား၍ရသော်လည်း ဤလူငယ်သည် သူ၏ဝိုင်အရက်ကိုပင် သောက်လိုသလော....
Chapter 279
စိတ်ဝင်စားစရာပဲ...
အရမ်း စိတ်ဝင်စားစရာကောင်းတယ်...
ဤနှစ်များအတွင်းတွင် သူ့ရှေ့၌ လူတိုင်း မျက်နှာလိုမျက်နှာရလုပ်နေကာ အသက်ပင်ပြင်းပြင်းမရှုဝံ့ကြချေ။
ထို့ကြောင့် သူသည် တခြားတစ်ယောက်နှင့်စားပွဲတစ်လုံးတည်းအတူထိုင်ကာ စားသောက်ခဲ့သည့် နောက်ဆုံးအချိန်ကို သူ မေ့လျော့နေလေပြီ။
အထီးကျန်ဆန်ခြင်း...
ယခုချိန်တွင်မူ တစ်စုံတစ်ယောက်သည် သူ၏ဝိုင်အရက်ကိုသောက်ရန် တောင်းဆိုနေခဲ့သလော...
သူသည် သူ့နောက်ရှိအစောင့်ကိုဟန့်တားကာ ရီဖုန်းကို စိတ်ဝင်တစားအကြည့်ဖြင့်ကြည့်ပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
"ညီငယ်လေး...မင်း သိလား...ငါ့ရဲ့ဝိုင်အရက်က သာမာန်လူတွေသောက်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး"
ထိုစကားကိုပြောဆိုရင်း သူ၏မျက်ဝန်းများ မသိမသာ ကျဥ်းမြောင်းသွားသည်။
ဤသေမျိုးလေးသည် သူ တမင်သက်သက် အခက်တွေ့အောင်လုပ်သည်ကို မည်ကဲ့သို့တုံ့ပြန်မည်အား သူ အလွန်သိချင်မိသည်။
သို့ရာတွင် ရီဖုန်းသည် တည်ငြိမ်သောမျက်နှာဖြင့် ပြောဆိုလိုက်ခြင်းကြောင့် သူ အံ့အားသင့်သွားခဲ့ရသည်။
"ဒါဆိုရင် ငါက သာမာန်လူမဟုတ်လို့ပဲ"
"အမ်..."
ဤသည်မှာ လူလတ်ပိုင်းကြီး၏စိတ်ဝင်စားမှုကို ပို၍မြင့်တက်သွားစေခဲ့သည်။ သူက အလျင်စလို မေးမြန်းလိုက်၏။
"ဒါဆိုရင် ငါ့ကို ပြောပြစမ်းပါ....မင်းက ဘယ်လိုမျိုး သာမာန်လူမဟုတ်တာလဲ"
"မင်း မှတ်ထားရမှာက....မင်း အဖြေမပေးခင် သေချာစဥ်းစားပါ"
"တကယ်လို့ မင်း ကောင်းကောင်းအဖြေမပေးနိုင်ဘူးဆိုရင်...မင်းရဲ့ရိုင်းပျမှုအတွက် ငါက မင်းကို အပြစ်ပေးရလိမ့်မယ်"
ရီဖုန်းသည် သူ၏ပါးစပ်အတွင်းသို့ ဟင်းဖတ်တစ်ဖတ်ထည့်ကာ ဝါးစားရင်း အပြုံးနှင့်ပြောဆိုလိုက်သည်။
"တကယ်လို့ ငါကသာ သာမာန်လူတစ်ယောက်ဖြစ်နေရင်...ငါက မင်းနဲ့အတူတူ စားပွဲတစ်လုံးတည်းမှာ ထိုင်နေနိုင်မှာလား"
ထိုစကားကိုကြားချိန်တွင် လူလတ်ပိုင်းကြီးသည် အချိန်တခဏခန့် ကြက်သေသေသွားသည်။
သူ အသိပြန်ဝင်လာချိန်တွင် ရီဖုန်းကို သူ အလွန်လေးစားသွားလေ၏။
"ကောင်းတယ်....ကောင်းတယ်....မင်းက ထူးခြားတဲ့လူတစ်ယောက်ပဲ"
ဤအချိန်အခိုက်အတန့်တွင် သူသည် အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ရီဖုန်းကို ကြည့်လိုက်၏။
သူသည် ယခင်က ရီဖုန်းကို စိတ်ဝင်စားသည်ဟု တွေးတောမိသော်လည်း ထိုမျှသာပင်။
ဤသည်မှာ လူတစ်ယောက်သည် စိတ်ဝင်စားဖွယ်ကောင်းသည့် ပုရွက်ဆိတ်တစ်ကောင်ကို မြင်တွေ့ရသည့်အလား ခံစားချက်မျိုးသက်သက်ပင်။ သူ အချိန်တခဏခန့် စူးစမ်းလေ့လာခဲ့သော်လည်း ထိုသို့ပြုလုပ်ပြီးနောက် သူ ထပ်မံ၍စိတ်ဝင်စားခြင်းမရှိတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ပုရွက်ဆိတ်တစ်ကောင်သည် ပုရွက်ဆိတ်ဖြစ်ရုံမှတပါး ထူးခြားချက်မရှိချေ။
သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ သူသည်ရီဖုန်းကို အမြင်သစ်ဖြင့် ကြည့်လိုက်မိသည်။
အကြောင်းအရင်းမှာ ရီဖုန်း၏တုံ့ပြန်မှုသည် အလွန်လိမ္မာပါးနပ်နေသောကြောင့်ပင်။
ဤသည်မှာ သူ၏တမင်သက်သက် အခက်တွေ့စေမှုကို ဖြေရှင်းခဲ့ရုံသာမက သူ့အား မြှောက်ပင့်ချီးမွမ်းသည့်သဘောမျိုးလည်း ပါဝင်နေသည်။ ထို့ကြောင့် သူ ငြင်းဆန်၍ မရတော့ချေ။
အကြောင်းအရင်းမှာ အကယ်၍ သူ ငြင်းဆန်လိုက်ပါက သူ့ကိုယ်သူ နှိမ့်ချသည့်သဘောမျိုး သက်ရောက်သွားပေမည်။
"လာ...ငါ မင်းကို တစ်ခွက်ထည့်ပေးမယ်...ဒါပေမယ့် ဒီတစ်ခွက်ပဲနော်"
လူလတ်ပိုင်းကြီးသည် ကျောက်စိမ်းပုလင်းကိုကောက်ယူကာ ရီဖုန်းအတွက် တစ်ခွက်ဖြည့်ပေးလိုက်သည်။
"ကောင်းလိုက်တဲ့ဝိုင်"
ရီဖုန်းသည် တစ်ငုံငုံကြည့်ပြီးနောက် ချီးမွမ်းခန်းမဖွင့်ဘဲ မနေနိုင်တော့ချေ။
"တကယ်လို့ ငါ ဒီလိုဝိုင်မျိုးကိုသာ နေ့တိုင်းသောက်နိုင်ရင်...ဘဝမှာ ချမ်းသာသုခတွေနဲ့ ပြည့်ဝနေမှာပဲ"
ရီဖုန်း၏စကားများကိုကြားချိန်တွင် လူလတ်ပိုင်းကြီး၏နောက်ရှိ အစောင့်၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ လူလတ်ပိုင်းကြီးသာ သူ့ကို ဟန့်တားထားခြင်းမရှိပါက သူ့သည် ဤသေမျိုးအား သေသည်အထိ ပါးဖြတ်ရိုက်မိမည်မှာ သေချာပေါက်ပင်။
'မင်းနဲ့မျက်နှာချင်းဆိုင် ထိုင်နေတဲ့သူက ဘယ်သူလဲဆိုတာတောင် မင်း မသိဘဲနဲ့..မင်းက မလေးမစား ဆက်ဆံဝံ့တာလား'
'ဒီဝိုင်ခွက်လေးတစ်ခွက်တောင် အရမ်းအဖိုးတန်နေပြီ...မင်းအတွက် ဝိုင်တစ်ခွက်သောက်ခွင့်ရတာက မင်းရဲ့အတိတ်ဘဝက စုဆောင်းထားတဲ့ ကောင်းမှုကုသိုလ်တွေ ကောင်းချီးပေးလို့ပဲ...ဒါတောင် မင်းက ဒီဝိုင်ကို နေ့တိုင်းသောက်ချင်နေတာလား'
'ဆုတောင်းလေ...'
"စကားမစပ်...ငါက ရီဖုန်းပါ...အကိုကြီးရဲ့ဝိုင်အရက်ကို သောက်ပြီးမှတော့ ငါက အကိုကြီးရဲ့နာမည်ကို မေးလို့ရမလား"
ရီဖုန်းက စားသောက်ရင်း မေးမြန်းလိုက်သည်။
"ဟွမ်ဝူကျင်း..."
လူလတ်ပိုင်းကြီးက ပြောဆိုသည်။
"နာမည်ကောင်းလေးတစ်ခုပဲ..."
ရီဖုန်းက ခေါင်းညိတ်ပြကာ ထပ်မံ၍မေးမြန်းသည်။
"အကိုကြီး...မင်းကလည်း ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးမလား"
ဟွမ်ဝူကျင်းသည် ရီဖုန်းကို စောင်းငဲ့ကြည့်ကာ အနည်းငယ်တွေးတောစဥ်းစားပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"မဟုတ်ဘူး...ငါက ကျင့်ကြံသူမဟုတ်ဘူး..ငါက....အင်း...ကုန်သည်...ဟုတ်တယ်...ငါက ကုန်သည်တစ်ယောက်ပဲ"
"ငါ သိပြီ"
ရီဖုန်းက ခေါင်းညိတ်ပြကာ အပြုံးနှင့်ပြောဆိုသည်။
"ဒါဆိုရင် ကြည့်ရတာတော့ မင်းနဲ့ငါက အတူတူပဲ...ငါတို့နှစ်ယောက်လုံးက ကျင့်ကြံဖို့အတွက် အရည်အချင်းမရှိကြဘူး"
"အတင့်ရဲလှချည်လား"
ထိုစကားလုံးများသည် အနက်ရောင်ဝတ်စုံဝတ်အစောင့်ကို ထပ်မံ၍သည်းမခံနိုင်တော့သည်အထိ ဖြစ်သွားစေသည်။
'မင်းက ဘယ်လိုသတ္တိမျိုးနဲ့ သခင်ကြီးကို ကျင့်ကြံဖို့အရည်အချင်းမရှိဘူးလို့ ပြောဝံ့တာလဲ..မင်း မျက်လုံးကန်းနေလို့လေ...မင်းလို နိမ့်ကျတဲ့အသေးအမွှား သေမျိုးတစ်ယောက်က သခင်ကြီးရဲ့ကျင့်ကြံဆင့်ကိုသိသွားမယ်ဆိုရင် အကြောက်လွန်ပြီး သေသွားလိမ့်မယ်'
"ပါးစပ်ပိတ်ထားစမ်း"
သို့ရာတွင် ဟွမ်ဝူကျင်းက ပြင်းပြင်းထန်ထန် အော်ငေါက်လိုက်၏။
"ဒီနေရာမှာ စကားပြောပိုင်ခွင့်ကို မင်း ဘယ်နေရာကနေ ရလာတာလဲ"
အနက်ရောင်ဝတ်စုံဝတ်အစောင့်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ ဇောချွေးများ ယိုစီးကျလာသည်။ သူသည် သူ၏ပါးစပ်ကိုအလျှင်အမြန်ပိတ်ကာ နောက်သို့ဆုတ်လိုက်သည်။
ထို့နောက် ဟွမ်ဝူကျင်းသည် ရီဖုန်းကိုကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။
"ညီငယ်လေး...သူ့ကို စိတ်ထဲမထားနဲ့...ငါ့ရဲ့အစောင့်က တကယ့်ကို မလိမ္မာဘူး"
"ဘာပြဿနာမှမရှိပါဘူး...ဒါက ငါ အဆင့်ကျော်ပြီးမေးမိလို့ပါ"
ရီဖုန်းက ပေါ့ပေါ့တန်တန် ပြောဆိုလိုက်၏။ သို့ရာတွင် သူ၏မျက်လုံးအကြည့်သည် ဟွမ်ဝူကျင်း၏ဝိုင်ပုလင်းထံတွင်သာ ရစ်ဝဲနေဆဲပင်။
သူသည် ခေါင်းကုတ်ကာ နောက်ဆုံးတွင် သတ္တိမွေးပြီး ရှက်ကိုးရှက်ကန်းအမူအယာဖြင့် မေးမြန်းလိုက်သည်။
"အကိုကြီး...ငါ မင်းရဲ့ဝိုင်ကို နောက်တစ်ခွက်လောက် ထပ်သောက်နိုင်ဖို့အတွက် နည်းလမ်းတစ်ခုခုများရှိလား"
"ဟား ဟား ဟား"
ထိုစကားကိုကြားချိန်တွင် ဟွမ်ဝူကျင်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။ သူသည် ဤကဲ့သို့ စိတ်ဝင်စားဖွယ်ကောင်းသော သေမျိုးမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်းမရှိချေ။
ပြောရမည်ဆိုလျှင် ဤသေမျိုးနှင့် စကားပြောဆိုနေခြင်းသည် သူ့အား အလွန်သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေသည်။
အနည်းဆုံးအနေဖြင့် ဤသေမျိုးသည် သူအလိုရှိသည့်အရာကို ရဲရဲတင်းတင်း တောင်းဆိုဝံ့သည်။ သူ၏ရှေ့၌ ကျိုးနွံစွာနေပြီး မထိုင်ဝံ့မထဝံ့ဖြစ်နေကာ နောက်ကွယ်တွင် သူတို့သဘောအတိုင်းလုပ်ဆောင်နေသည့် တခြားသူများနှင့် မတူညီချေ။
တစ်စုံတစ်ယောက်သည် ပို၍သန်မာအားကောင်းလာလေလေ ပို၍အထီးကျန်ဆန်လာလေလေဆိုသောစကားသည် အမှန်ပင်။
ထို့ကြောင့် သူ့ကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် ယခုကဲ့သို့ ဝေးလံခေါင်သီသောနေရာတစ်ခုသို့လာကာ စားသောက်ဆိုင်ငယ်လေးတစ်ခု၌ထိုင်ပြီး ဝိုင်အရက်သောက်ကာ ဒေသခံများ၏အလေ့အထများကို စူးစမ်းလေ့လာနေခြင်းပင်။
ယခုချိန်တွင် ရီဖုန်းနှင့်ပြောဆိုဆက်ဆံခြင်းဖြင့် သူ မခံစားရသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော စိတ်ခံစားချက်တစ်ခုကို ပြန်လည်ရရှိစေခဲ့သည်။
"ညီငယ်လေးက ပညာတတ်တစ်ယောက်လား"
ဟွမ်ဝူကျင်းက ရီဖုန်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မေးမြန်းလိုက်၏။
"ဟုတ်လည်းဟုတ်တယ်....ဟုတ်လည်းမဟုတ်ဘူး...တစ်ဝက်တစ်ပျက်လောက်ပါပဲ"
ရီဖုန်းက ရယ်မောရင်း ပြောဆိုသည်။
"ဒါဆိုရင် ငါ မင်းကို စမ်းသပ်ကြည့်မယ်"
ဟွမ်ဝူကျင်း၏အကြည့်များ တောက်ပနေကာ သူသည် ခက်ခဲသောမေးခွန်းတစ်ခုမေးရန် စဥ်းစားတွေးတောလိုက်သည်။ ထို့နောက် သူ၏အကြည့်သည် သူ၏နံဘေးရှိ ဝိုင်အရက်အိုးထံသို့ ကျရောက်သွားသည်။
"ဒါဆိုရင် ညီငယ်လေးက ဝိုင်အရက်ကိုအဓိကထားတဲ့ ကဗျာတစ်ပုဒ်ကို ဆယ့်ငါးမိနစ်အတွင်းမှာ စပ်ဆိုရမယ်...တကယ်လို့ မင်း လုပ်နိုင်ရင် ဒီနေ့ ဒီဝိုင်အရက်ကို လွတ်လွတ်လပ်လပ် သောက်နိုင်တယ်...တကယ်လို့ မင်း မလုပ်နိုင်ရင် ငါက မင်းနဲ့မသိကျွမ်းခဲ့သလိုမျိုး နေလိုက်မယ်"
"ဆယ့်ငါးမိနစ်...ဝိုင်အကြောင်း ကဗျာစပ်ရမှာလား"
ရီဖုန်းက သူ၏ခေါင်းကိုခါယမ်းကာ မေးမြန်းသည်။
"တခြားလိုအပ်ချက် တစ်ခုခုရှိသေးလား"
"မရှိဘူး....မင်းက ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ ကဗျာတစ်ပုဒ်စပ်ဆိုနိုင်ဖို့ပဲလိုတယ်"
ဟွမ်ဝူကျင်းက ရယ်မောလိုက်၏။
"ဒါဆိုရင်တော့ အရမ်းလွယ်လွန်းတယ်...ငါက ဒီနေ့တော့ ဝိုင်အလကားသောက်ရပြီ"
ရီဖုန်း၏နုတ်ခမ်းထောင့် မြင့်တက်သွားသည်။ ဟွမ်ဝူကျင်း၏ကြက်သေသေနေသောအကြည့်အောက်တွင် သူသည် ကျောက်စိမ်းဝိုင်ပုလင်းကို ဦးစွာဆွဲယူ၍ သူ၏ခွက်အတွင်းသို့ တစ်ခွက်ငှဲ့လိုက်သည်။ ထို့နောက် ရယ်မောရင်း သူ ရွတ်ဆိုလိုက်သည်မှာ....
"ငါ မင်းကို အခုမှတွေ့ဖူးပေမယ့်...မင်းက ငါ့အတွက် မိတ်ဆွေဟောင်းတစ်ယောက်လိုပဲ...ဝိုင်သောက်ရင်း ထွေတေတေနဲ့ စကားပြောကြစို့...ငါတို့ရဲ့ ဝိုင်ခွက်တွေကိုမြှောက်ပြီး သောက်လိုက်ကြရအောင်"
သူ၏အသံ ပျက်ပြယ်သွားချိန်တွင် ဝိုင်ငှဲ့၍ပြီးသွားလေပြီ။ ရီဖုန်းက ဟွမ်ဝူကျင်းထံဦးတည်၍ သူ၏ခွက်ကို မြှောက်လိုက်သည်။
ဟွမ်ဝူကျင်းသည် မျက်တောင်မခတ်ဘဲ ရီဖုန်းကို ငေးမော၍ကြည့်နေလေ၏။ အသိဝင်လာပြီးနောက် သူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
" 'ငါမင်းကို အခုမှတွေ့ဖူးပေမယ့်....မင်းက ငါ့အတွက် မိတ်ဆွေဟောင်းတစ်ယောက်လိုပဲ'
ကောင်းလိုက်တဲ့စာသား...ကြည့်ရတာတော့ မင်းနဲ့ငါက ပထမဆုံးတွေ့တဲ့အချိန်ကတည်းက ရင်းနှီးတဲ့မိတ်ဆွေဟောင်းတွေ ဖြစ်သွားပုံပဲ"
ဟွမ်ဝူကျင်းသည် သူ၏ခွက်ကို အလျှင်အမြန်မြှောက်ကာ ရီဖုန်းနှင့်ခွက်ချင်းတိုက်လိုက်သည်။
ထိုတစ်ခွက်သောက်ပြီးနောက် သူသည် ရီဖုန်း၏ခွက်အတွင်းသို့ ဝိုင်အရက် ထပ်မံ၍ဖြည့်ပေးလေသည်။ သူ၏ကျောက်စိမ်းပုလင်းအတွင်းမှ ဝိုင်အရက်ကို ထပ်မံ၍နှမြောတွန့်တိုနေခြင်းမရှိတော့ချေ။
အချိန်အတော်ကြာသည့်တိုင် သူတို့သည် စကားစမြည်ပြောဆိုရင်း ပို၍ပို၍ စိတ်ပါလက်ပါ ဖြစ်လာကြသည်။
ဝိုင်အရက်သုံးခွက်ခန့် ထပ်မံသောက်ပြီးနောက် ရီဖုန်း၏အစာအိမ် ပြည့်တင်းသွားလေပြီ။ သူက မတ်တတ်ထရပ်ကာ ပြောဆိုလိုက်၏။
"အကိုကြီး...ငါ့ကို ခဏလောက် စောင့်နေအုံး...ငါက ခွေးတစ်ကောင်မွေးထားတယ်...သူ့ကို အစာနည်းနည်းလောက် သွားကျွေးလိုက်အုံးမယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် အသားတချို့ကိုထုပ်ပိုး၍ အောက်ထပ်သို့ဆင်းသွားတော့သည်။
ရီဖုန်း ထွက်ခွာသွားသည်ကိုကြည့်ပြီး ဟွမ်ဝူကျင်းသည် လေးစားမှုအပြည့်ဖြင့် နူးညံညင်သာစွာ ပြုံးလိုက်သည်။
သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ်အစောင့်သည် ထပ်မံ၍ ရပ်ကြည့်မနေနိုင်တော့ချေ။ သူက အလျင်စလို မေးမြန်းလိုက်၏။
"သခင်ကြီး...သူက...ဘာပဲပြောပြော သေမျိုးတစ်ယောက်လေ...သခင်ကြီးက ဘာလို့...ဒါက သခင်ကြီးရဲ့အချိန်တွေကို ဖြုန်းနေတာ မဟုတ်ဘူးလား"
"ဟမ့်...မင်း ဘာနားလည်လို့လဲ"
ဟွမ်ဝူကျင်းက ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလေသည်။
"အနည်းဆုံးတော့ ငါ့ သူနဲ့စကားပြောရတာ မင်းကိုမြင်နေရတာထက် ပိုပြီးစိတ်ကျေနပ်စရာကောင်းတယ်"
အနက်ရောင်ဝတ်စုံဝတ်အစောင့်၏မျက်နှာ ရှုံမဲ့သွားသည်။
သခင်ကြီး၏မျက်နှာသာပေးမှုကိုရရှိရန် ဤသေမျိုးထံတွင် မည်ကဲ့သို့ ကံကြမ္မာကောင်းမျိုး ရှိနေသည်ကို သူ အမှန်တကယ် မသိတော့ချေ။
ထို့ပြင် ဆရာကြီး၏အဆင့်အတန်းမှန်ကို သိရှိသွားချိန်တွင် ထိုနိမ့်ကျသောသေမျိုး၏မျက်နှာအမူအယာ မည်ကဲ့သို့ဖြစ်သွားမည်ကို သူ သိချင်မိသည်။
ထိုသေမျိုးသည် ထိတ်လန့်ကြောက်ရွံမှုကြောင့် ဆီးများပင် ထွက်ကျနေလောက်သည် မဟုတ်လော...
Chapter 280
ဟွမ်ဝူကျင်းသည် အနက်ရောင်ဝတ်စုံဝတ်အစောင့်၏အတွေးများကို အကြည့်တစ်ချက်ဖြင့်ပင် ထွင်းဖောက်မြင်နိုင်ခဲ့သည်။
သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းရဲ့ကျင့်ကြံမှုကို သူ့ရှေ့မှာ ထုတ်မပြတာ အကောင်းဆုံးပဲ...ပြီးတော့ မင်းက ငါ့ရဲ့သရုပ်မှမှန်ကို လုံးဝမထုတ်ဖော်ရဘူး....ငါ သူ့ကို ငါ့ဘေးနားမှာ ခဏလောက်ထားချင်တယ်"
"ဘာလို့လဲ သခင်ကြီး"
အနက်ရောင်ဝတ်စုံဝတ်အစောင့်က ဇဝေဇဝါဖြစ်နေဟန်ဖြင့် မေးမြန်းသည်။
"တကယ်လို့ သခင်ကြီးက အဲ့ဒီသေမျိုးဆီမှာ စိတ်ဝင်စားစရာတစ်ခုခု တွေ့နေတယ်ဆိုရင်တောင်...သူ့ကို သခင်ကြီးရဲ့နောက် လိုက်ခိုင်းရုံပဲလေ...သခင်ကြီးရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားဖို့အထိ မလိုပါဘူး"
"ဘာလို့လဲဆိုရင် သူက ငါ့ရဲ့သရုပ်မှန်ကို သိသွားရင်...ငါ နောက်ကိုလိုက်ဖို့ တောင်းဆိုလာလိမ့်မယ်...ဒါဆိုရင် ငါ့ သူ့ကို ဘာပဲလုပ်ခိုင်းခိုင်း သူက လိမ်လိမ်မာမာနဲ့ လုပ်လိမ့်မယ်"
ဟွမ်ဝူကျင်းက ရှင်းပြသည်။
"ပြီးတော့ မင်းက ဘာသဘောလဲ...ငါ့နဲ့ငြင်းခုံဖို့ ကြိုးစားနေတာလား"
ဟွမ်ဝူကျင်း၏မျက်မှောင်ကြုတ်ထားမှုသည် သူ၏စိတ်အလိုမကျမှုကို ညွှန်ပြနေခြင်းပင်။
"သခင်ကြီး...ကျွန်တော် မလုပ်ဝံ့ပါဘူး"
အနက်ရောင်ဝတ်ရုံဝတ်အစောင့်က သူ၏ခေါင်းကို အောက်သို့ ပျာပျာသလဲ ငုံလိုက်သည်။
"အဲ့ဒီသေမျိုးက သခင်ကြီးကို မလေးမစားဆက်ဆံနေတာကို ကျွန်တော်က ရပ်ကြည့်မနေနိုင်ရုံ သက်သက်ပါပဲ...သခင်ကြီးက ဘယ်သူလဲ...သူက ဘယ်သူလဲ...သူက သခင်ကြီးနဲ့ခြေရာခြင်းတိုင်းခွင့် မရှိဘူးလေ"
"မင်း ဘာနားလည်လို့လဲ"
ဟွမ်ဝူကျင်းက တင်းမာခက်ထန်သောလေသံဖြင့် ဆူပူကြိမ်းမောင်းသည်။
"ငါ တန်ဖိုးထားတာက...သူနဲ့ ပြောဆိုဆက်ဆံတာကနေ ငါ ရလာတဲ့ ခံစားချက်ကိုပဲ"
"ငါ မင်းကို ထပ်ပြီးသတိပေးလိုက်မယ်...ငါ့ရဲ့သရုပ်မှန်ကိုပဲဖြစ်ဖြစ် မင်းရဲ့ကျင့်ကြံမှုကိုပဲဖြစ်ဖြစ် သူ့ရှေ့မှာ လုံးဝမဖော်ထုတ်ရဘူး...ဒီလူငယ်လေးမှာ အမူအကျင့်ကောင်းတွေရှိပေမယ့် သူက သေမျိုးတစ်ယောက်ပဲ....တကယ်လို့ သူ ကြောက်သွားရင် ဘယ်လိုလုပ်မလဲ"
"ငါ့ရှေ့မှာ သူက ကျိုးကျိုးနွံနွံဖြစ်နေမယ်ဆိုရင်..ငါ သူ့ဆီကနေ စိတ်ဝင်စားစရာတွေ ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူး"
"ကျွန်တော် သိပါပြီ...နားလည်ပါပြီ"
အနက်ရောင်ဝတ်စုံဝတ်အစောင့်သည် ရိုသေလေးစားစွာဖြင့် သူ၏ခေါင်းကိုငုံလိုက်ကာ ထပ်မံ၍ အငြင်းမပွားရန် ရှောင်ကြဥ်လိုက်သည်။
"ဟား ဟား...မိတ်ဆွေဟောင်းကြီး...စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်"
ရီဖုန်းသည် သူ၏ခွေးကို အစာကျွေးပြီးနောက် စားပွဲသို့ပြန်ရောက်လာကာ တောင်းပန်စကားပြောဆိုသည်။
"ညီငယ်လေး...ဘာမှအားနာနေစရာ မလိုပါဘူး"
ဟွမ်ဝူကျင်းက ပြုံးလိုက်သည်။
"စကားမစပ်...ညီငယ်လေး...မင်း ဒီနေရာကိုရောက်လာတာ အလုပ်ကိစ္စတစ်ခုခု ရှိနေလို့လား"
"ငါ့မှာ ဘာအထွေအထူးကိစ္စမှ မရှိပါဘူး...ဒါက ငါ နန်ရှားနယ်မြေကိုရောက်လာတဲ့ ပထမဆုံးအကြိမ်ဖြစ်တာကြောင့်...နွေဦးရာသီအပန်းဖြေခရီးထွက်သလိုမျိုး လျှောက်လည်ပြီး ရှုခင်းတွေကြည့်ဖို့ ငါ တွေးထားတယ်"
ရီဖုန်းက အပြုံးနှင့် တုံ့ပြန်ပြောဆိုသည်။
"အိုး..."
ဟွမ်ဝူကျင်း၏မျက်လုံးများ တောက်ပသွားသည်။
"ဒါဆိုရင် ညီငယ်လေး...ငါတို့က အတူတူပဲ...ငါတို့ အတူတူလျှောက်လည်ကြမလား...ငါက ဒီအနီးအနားမှာရှိတဲ့ စိတ်ဝင်စားစရာနေရာတွေကို သိထားတယ်...ငါ မင်းကို လိုက်ပြပေးမယ်"
"ဒါက အရမ်းကောင်းတာပဲ"
ရီဖုန်းက ဝမ်းသာအားရ ပြောဆိုသည်။
ဒေသခံတစ်ယောက်မဟုတ်သော သူသည် နန်ရှားနယ်မြေအတွင်း၌ ခေါင်းမပါသောယင်ကောင်အလား ခံစားမိသည်။ ယခုချိန်တွင် သူ့အား လမ်းညွှန်ပေးမည့်တစ်စုံတစ်ယောက်ရှိလာသည်မှာ အဆိုးထဲကအကောင်းပင်။
သူတို့သည် ဗိုက်ပြည့်အောင်စားသောက်ပြီးနောက် စားသောက်ဆိုင်မှ ထွက်ခွာခဲ့တော့သည်။
တံခါး၏ပြင်ပတွင် ရီဖုန်း၏ရထားလုံးကို ရပ်ထားသည်။
ထိုရထားလုံး၏ဘေးတွင် လုပမ်ဝေနှင့်သူ၏ခွေး စောင့်ဆိုင်းနေလေ၏။
"သူက ဘယ်သူလဲ"
ဟွမ်ဝူကျင်းသည် လုပမ်ဝေကိုကြည့်လိုက်ကာ သူ၏လေသံတွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်တချို့ ရောယှက်နေသည်။
"အာ့....."
ရီဖုန်းက ခေါင်းကုတ်နေပြီးနောက် အကြံတစ်ခု ရရှိသွားသည်။
"အကိုကြီးလိုပဲ...သူက ငါခေါ်လာတဲ့ သက်တော်စောင့်တစ်ယောက်ပါ....ဘယ်လိုပဲဖြစ်ဖြစ် နန်ရှားက အဝေးကြီးမှာရှိတာကြောင့် ငါနဲ့ တစ်ယောက်ယောက်က အဖော်အဖြစ်ရှိနေတာ ပိုပြီးဘေးကင်းလုံခြုံနိုင်တယ် "
ရီဖုန်းသည် ထိုသို့ပြောဆိုလိုက်ခြင်းမှာ လုပမ်ဝေ၏အရိုးစုသွင်ပြင်ကြောင့် တခြားသူများ ထိတ်လန့်ကြောက်ရွံမည်ကို သူ စိုးရိမ်သောကြောင့်ပင်။
ဟွမ်ဝူကျင်းနှင့်အတူ အနက်ရောင်ဝတ်စုံဝတ်အစောင့်တစ်ယောက် ရှိနေသည်ကို အမှတ်ရမိသဖြင့် သူ ဤဖြေရှင်းချက်ကို ပေးခဲ့သည်။
"အိုး....ငါ သိပြီ"
ဟွမ်ဝူကျင်းက ခေါင်းညိတ်ပြလိုက်၏။ အကြောင်းအရင်းမှာ ထိုအနက်ရောင်ဝတ်ရုံဝတ်လူသည် ရီဖုန်းကဲ့သို့ပင် မည်သည့်ကျင့်ကြံဆင့်မျှမရှိသော သာမာန်သေမျိုးအစောင့်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ဟွမ်ဝူကျင်းသည် သူ့အား ထပ်မံ၍အာရုံမစိုက်တော့ချေ။
ထိုအနက်ရောင်ဝတ်ရုံဝတ်လူ၏နံဘေးရှိခွေးသည် ဟွမ်ဝူကျင်းကို အနည်းငယ်ဇဝေဇဝါဖြစ်သွားစေသည်။
သို့ရာတွင် အချိန်တခဏခန့်ကြည့်ရှုပြီးနောက် သူသည် မည်သည့်ထူးခြားချက်မျိုးကိုမျှ အာထုံမခံမိသဖြင့် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
သို့ရာတွင် သူ၏နောက်ရှိ အနက်ရောင်ဝတ်စုံဝတ်အစောင့်သည် ရီဖုန်း၏စကားကိုကြားချိန်တွင် အထင်အမြင်သေးသောအမူအယာမျိုး ထင်ဟပ်လာသည်။
'မင်းက သခင်ကြီးလိုပဲ သက်တော်စောင့်တစ်ယောက် ရှိနေတာလား'
'ဟမ့်...'
'မင်းက ယှဥ်ပြိုင်ချင်နေတာလား'
'သခင်ကြီးက ဘယ်သူ မင်းက ဘယ်သူဆိုတာကို ဘေးဖယ်ထားရင်တောင် သက်တော်စောင့်တွေကို အခြေခံကြည့်ရင် မင်းလို နိမ့်ကျပြီးအရေးမပါတဲ့ကောင်မျိုးက သက်တော်စောင့်တစ်ယောက်လို့ခေါ်ဖို့ ထိုက်တန်လို့လား'
'မင်းက ဟန်ရေးပြပြီး မျက်နှာဖုံးတောင် တပ်ထားသေးတယ်....အနက်ရောင်ဝတ်ရုံကို ဝတ်လိုက်တာနဲ့ မင်းက ငါနဲ့ယှဥ်နိုင်မယ်လို့ ထင်နေတာလား'
သို့ရာတွင် သူသည် ထိုအတွေးများကို ဟွမ်ဝူကျင်း၏ရှေ့၌ ထုတ်မပြောဝံ့ချေ။
ဟွမ်ဝူကျင်း၏နောက်မှလိုက်ပါရင်း သူတို့သည် မြစ်ကမ်းနံဘေးတစ်နေရာသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာရှိရှုခင်းသည် အမှန်တကယ် လှပပေ၏။ လေညှင်းများဖြတ်သန်းတိုက်ခတ်ခြင်းနှင့်အတူ လန်းဆန်းအေးမြနေသည်။ မြစ်ကမ်းနှစ်ဖက်လုံးတွင် မက်မွန်ပွင့်များနှင့် ပြည့်နှက်နေကာ ကျောက်ခင်းလမ်းပေါ်တွင် ငယ်ရွယ်သောမိန်းမပျိုလေးများ လျှောက်လှမ်းသွားနေသည်။
မြစ်အတွင်း၌ လှေမျိုးစုံမျောလွင့်နေကာ ထူးချွန်သောယောက်ျားလေးများနှင့် လှပချောမောသောမိန်းကလေးများ ကဗျာများဖလှယ်ရွတ်ဆိုနေကြပြီး လူငယ်စုံတွဲများလည်း ပတ်ဝန်းကျင်တွင် မြူးတူးပျော်ပါးနေသည်။
"လှလိုက်တဲ့နေရာ..."
ရီဖုန်းသည် ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် သူ၏စိတ် ချက်ချင်းပျော်ရွှင်သွားသည်။
"ဘယ်လိုလဲ ညီငယ်လေး...မင်း စိတ်ကျေနပ်ရဲ့လား"
ဟွမ်ဝူကျင်းက အပြုံးနှင့်မေးမြန်းသည်။
"ကျေနပ်တယ်....အရမ်းကျေနပ်တယ်"
ရီဖုန်းက အလျှင်အမြန်တုံ့ပြန်ပြောဆိုသည်။
"အကိုကြီးကို ကျေးဇူးတင်ပါတယ်"
"သွားကြစို့...ငါတို့က လှေတစ်စီးရှာပြီး မြစ်ထဲမှာ ပျော်ပျော်ပါးပါး စီးကြရအောင်"
ဟွမ်ဝူကျင်းက ရယ်ပြုံးကာ ရီဖုန်းကို ကမ်းစပ်ထံသို့ ခေါ်ဆောင်သွားလိုက်၏။
လှေငယ်အမြောက်အများကို ကမ်းစပ်တွင် ဆိုက်ကပ်ထားကာ ရီဖုန်း၏အတိတ်ဘဝတွင် မြင်တွေ့ခဲ့ဖူးသော ကမ်းခြေမြင်ကွင်းတချို့နှင့်တူညီသည်။ ထိုလှေငယ်တစ်စီးကိုငှားရမ်းရန် ရွှေပြားတချို့ ပေးရသည်။
သို့ရာတွင် ထိုလှေများသည် အလွန်သေးငယ်သဖြင့် လူနှစ်ယောက် သုံးယောက်သာဆန့်သည်။
ရီဖုန်းတို့လူစုသည် လှေငယ်နှစ်စီးကို ငှားလိုက်၏။
ရီဖုန်း ဟွမ်ဝူကျင်းနှင့်ခွေးတို့သည် ပထမလှေပေါ်သို့ တက်လိုက်ကာ ကြွင်းကျန်သောအစောင့်နှစ်ယောက်က တခြားလှေပေါ်သို့ တက်လိုက်သည်။
လှေငယ်လေးနှစ်စင်းသည် ဖြည်းညှင်းစွာဖြင့် မြစ်လယ်ခေါင်သို့ ရွေ့လျားလာကာ မြစ်၏ရှုခင်းများ ပို၍ပင်ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းလာသည်။
သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ်အစောင့်သည် သူ၏နောက်၌ ပလ္လင်ခွေထိုင်နေသော လုပမ်ဝေကိုကြည့်ကာ အလွန်အမင်းမလိုလားသကဲ့သို့ ခံစားမိသည်။
သူသည် မည်သည့်လူစားမျိုးဖြစ်သနည်း...
သူ့ကဲ့သို့ အဆင့်အတန်းမြင့်မားသူသည် မည်သည်ကြောင့် နိမ့်ကျပြီး အရေးမပါသော သာမာန်သေမျိုးနှင့် လှေတစ်စီးတည်းတွင် အတူထိုင်နေရသနည်း...
ထို့ပြင် ထိုသေမျိုးသည် မည်သည်ကြောင့် စကားတစ်ခွန်းမျှမဆိုဘဲ ဤနေရာတွင် ရှိနေရသနည်း...
လျှို့ဝှက်နက်နဲချင်ယောင်ဆောင်ရန် ကြိုးပမ်းနေသလော....
သူသည် လုပမ်ဝေ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီးနောက် သူ၏ကျင့်ကြံခြင်းအရှိန်အဝါဖြင့် ထိုသေမျိုး ထိတ်လန့်ကြောက်ရွံသွားစေရန် ခြောက်လှန့်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။
သို့ရာတွင် ဟွမ်ဝူကျင်း၏အမိန့်အောက်တွင် သူ ထိုသို့မလုပ်ဝံ့ချေ။
သို့ရာတွင်...
သူ၏မျက်ခုံးအနည်းငယ်မြင့်တက်သွားသည်။
ဤသေမျိုးကို နည်းလမ်းတစ်ခုခုဖြင့် ကျီစား၍မရဟု သူ့ကို ဟန့်တားထားခြင်းမရှိချေ။