အခန်း (၂၈၁-၂၈၅)
Vol. 19 Ch. 281-285
Chapter 281
ထိုအကြောင်းကိုတွေးတောရင်း သူသည် သိုလှောင်လက်စွပ်အတွင်းမှ ဘုရင်အဆင့်ဆေးလုံးတစ်လုံးကို သာမာန်ကာလျှံကာ ထုတ်ယူလိုက်သည်။
"ဟေး...လူပုလေး...ဒါဘာလဲဆိုတာ မင်းသိလား"
အနက်ရောင်ဝတ်ရုံဝတ်အစောင့်သည် ဆေးလုံးကိုင်ထားသော သူ၏လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။
သို့ရာတွင် သူအံ့အားသင့်သွားရသည်မှာ သူ၏ဆေးလုံးသည် ထိုလူပုလေး၏စိတ်အာရုံကို အနည်းငယ်မျှပင် ဆွဲဆောင်နိုင်မှုမရှိခြင်းပင်။
ထိုလူပုလေးသည် သူ့အား အထင်အမြင်သေးသောအကြည့်ဖြင့်ပင် ကြည့်နေခဲ့သည်။
သူ့ကိုကြည့်ရသည်မှာ ရှုံချလိုစိတ်များဖြင့်ပက် ပြည့်နှက်နေပုံရသည်။
သောက်ချေးပဲ...
အနက်ရောင်ဝတ်စုံဝတ်အစောင့်၏ဒေါသများဖြင့် လောင်ကျွမ်းနေသည်။
သူသည် တိုက်ရိုက်ပေါက်ကွဲသွားလုနီးပါးပင်။
သူသည် ဤသေမျိုးလူပုလေး၏အထင်အမြင်သေးခြင်းကို အမှန်တကယ် ခံခဲ့ရလေ၏။
သို့ရာတွင် သူ၏ဒေါသများကို အတင်းအကြပ် ချိုးနှိမ်ထားဆဲပင်။ မည်သို့ပင်ဆိုစေကာမူ သူ၏အမြင်အရ ဤလူပုလေးသည် သူ၏လက်အတွင်းတွင် ရှိနေသည့်အရာကို မသိရှိခြင်းဖြစ်နိုင်သည်။
ထို့ကြောင့် သူ၏ဒေါသများကိုမျိုသိပ်ကာ ဗြောင်ကျကျ ပြောဆိုလိုက်၏။
"မင်းကို အမှန်အတိုင်း ပြောပြရရင်...ဒါက ဆေးလုံးတစ်လုံးပဲ...ပြီးတော့ ဒါက ဘုရင်အဆင့်ဆေးလုံးတစ်လုံးပဲ...ဒီဆေးလုံးတစ်လုံးက မင်းတို့သေမျိုးတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပဲ"
ထိုသို့ပြောဆိုပြီးနောက် သူက လုပမ်ဝေကို ကြည့်လိုက်၏။
သူ၏လက်အတွင်းတွင် ဘုရင်အဆင့်ဆေးလုံးရှိနေသည်ကို သိရှိသွားချိန်တွင် ထိုလူပုလေးသည် ထိတ်လန့်တုန်လှုပ်ပြီး လိုချင်တပ်မက်လာမည်ကို သူ မြင်ယောင်နေမိသည်။
အကြောင်းအရင်းမှာ ဤဘုရင်အဆင့်ဆေးလုံးသည် သူ့အတွက် များစွာအရေးမပါသော်လည်း သေမျိုးများအတွက်မူ မနာလိုအားကျမှုကြောင့် ငမ်းငမ်းတက်လိုချင်သောအရာဖြစ်မည်မှာ သေချာပေါက်ပင်။
သို့ရာတွင် လုပမ်ဝေ၏တုံ့ပြန်မှုသည် သူ၏မျှော်လင့်ချက်ထက် များစွာပို၍ကျော်လွန်နေသောကြောင့် သူ တဖန်ထပ်၍အံ့အားသင့်သွားသည်။
ထိုလူပုလေးသည် သူ့အား တစ်ချက်ပင် စောင်းငဲ့ကြည့်ခြင်းမပြုချေ။
သူသည် ဤအရာကို ဘုရင်အဆင့်ဆေးလုံးဟု ထုတ်ပြောပြီးသည့်တိုင် ဤသေမျိုးလူပုလေးသည် သူ့အား လှည့်ကြည့်ခြင်းပင်မပြုပေ။
ဤသည်မှာ အနက်ရောင်ဝတ်စုံဝတ်အစောင့်ကို ရူးသွပ်သွားစေလုနီးပါးပင်။
ဤသည်မှာ ဘုရင်အဆင့် ဆေးလုံးတစ်လုံးပင်။
မည်သည်ကြောင့် သေမျိုးတစ်ယောက်သည် ထိုအရာကိုမြင်သည့်တိုင် အနည်းငယ်မျှ အံ့အားသင့်မသွားသည့်အပြင် လျစ်လျှူပင်ရှုထားနိုင်သနည်း။
"ကောင်းပြီလေ....မင်းက မလိုချင်ယောင်ဆောင်နေမှတော့...မင်း ဟန်ဆောင်လို့မရအောင် ငါ လုပ်ပြမယ်"
အနက်ရောင်ဝတ်စုံဝတ်အစောင့်သည် အံ့တင်းတင်းကြိတ်ကာ နောက်ထပ်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါက ဧကရာဇ်အဆင့်ဆေးလုံးတစ်လုံးပဲ...သိုင်းဧကရာဇ်တွေတောင် ဒါကိုရဖို့အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်လုယက်နေရတယ်...အခု ဒီလှေပေါ်ကနေ မင်းဟာမင်း ခုန်ချလိုက်တာနဲ့ ငါ မင်းကို ဒီဆေးလုံးပေးမယ်...မင်း ဘယ်လိုထင်လဲ...ဒါက မင်းရဲ့ဘဝတသက်မှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးကြီးနော်"
ထိုသို့ပြောဆိုပြီးနောက် အနက်ရောင်ဝတ်စုံဝတ်အစောင့်၏နုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားသည်။
ဤဆွဲဆောင်မှုအောက်တွင် လူပုလေးသည် ထိန်းချုပ်ထားနိုင်မည်ဟု သူ မယုံကြည်ချေ။
နောက်ဆုံး၌ လုပမ်ဝေသည် လှုပ်ရှားလာလေ၏။
သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ်အစောင့် မျှော်လင့်ထားသည်ထက် ကျော်လွန်နေကာ လိုချင်တပ်မက်သည့်အသံအစား အထင်အမြင်သေးသောအသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းက အဖိုးမတန်တဲ့ခွေးစာတစ်ခုကို ရွှန်းရွှန်းဝေအောင် အမွှန်းတင်နေပြီးတော့ ငါ့ကို လှေပေါ်ကနေခုန်ချဖို့တောင် ပြောနေတယ်...မင်း စိတ်မမှန်ဘူးလား"
ထိုစကားများသည် အနက်ရောင်ဝတ်စုံဝတ်အစောင့်ကို သွေးတစ်လုတ် အန်ထွက်သွားစေလုနီးပါးပင်။
"ခွေးစာလား"
"မင်းက ငါ့ရဲ့ဧကရာဇ်အဆင့်ဆေးလုံးကို ခွေးစာလို့ ပြောဝံ့တာလား"
"မင်း ကန်းနေတာလား"
သူက ဒေါသတကြီး အော်ငေါက်လေသည်။
သို့ရာတွင် လုပမ်ဝေသည် သူ့အားတည်ငြိမ်စွာ စောင်းငဲ့ကြည့်ကာ ညင်သာစွာပြောဆိုသည်။
"ငါက မင်းကို ဘာလို့လိမ်ရမှာလဲ...ဒီလိုဟာမျိုးကို ငါ့ရဲ့အိမ်ကခွေး အမြဲတမ်းစားနေတာ..."
"မင်း...."
လုပမ်ဝေ၏ လုံးလုံးလျားလျား လျစ်လျှူရှုထားမှုနှင့်အရှက်ခွဲမှုတို့ကြောင့် အနက်ရောင်ဝတ်စုံဝတ်အစောင့် ဒေါသထွက်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ သူ၏မျက်လုံးအတွင်းတွင် ပြင်းထန်သောဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ရွံဖို့ကောင်းတဲ့သေမျိုး...တကယ်လို့ ငါက ဒီနေ့သခင်ကြီးရဲ့ဒေါသကို ဆွမိသလိုဖြစ်ရင်တောင် ငါ မင်းကို သင်ခန်းစာကောင်းကောင်း ပေးရမယ်"
ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ဝါးကို ထက်ရှသောလက်သည်းတစ်ခုအသွင်ပြောင်းလဲကာ လုပမ်ဝေ၏လည်ပင်းကို ဆွဲကုပ်လိုက်၏။
သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ်အစောင့်၏မျှော်လင့်ချက်ထက်ကျော်လွန်နေကာ လုပမ်ဝေသည် သူ၏လည်ပင်းကို ဖမ်းဆုပ်မိခါနီးအချိန်တွင် သူ၏ခေါင်းကို အနည်းငယ်တိမ်းစောင်းလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ်အစောင့်၏မျက်နှာ သိသိသာသာ ပျက်ယွင်းသွားသည်။
သူသည် သူ၏ခွန်အားကို ကောင်းစွာပြန်လည်ထိန်းချုပ်လိုက်သော်လည်း ဗွမ်းခနဲမြည်သံနှင့်အတူ သူ ရေအတွင်းသို့ ပြုတ်ကျသွားသည်။
နောက်ရှိရုတ်ရုတ်သဲသဲအသံများကိုကြားသဖြင့် ပျော်ရွှင်စွာစကားစမြည်ပြောဆိုနေသော ရီဖုန်းနှင့်ဟွမ်ဝူကျင်းတို့သည် သူတို့၏ခေါင်းများကို နောက်သို့ အလျင်စလိုပြန်လှည့်ကြည့်လိုက်ကြ၏။
"ဘာတွေဖြစ်နေတာလဲ"
ရီဖုန်းက အံ့အားတသင့် မေးမြန်းလိုက်သည်။
သို့ရာတွင် ဟွမ်ဝူကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဤအစောင့်၏စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း သိရှိထားသဖြင့် မည်သည်ကြောင့် မြစ်အတွင်းသို့ ပြုတ်ကျသွားသည်ကို သူ နားမလည်နိုင်ချေ။
ကမ်းစပ်သို့ရောက်ရှိပြီးနောက် ဟွမ်ဝူကျင်းသည် မေးခွန်းထုတ်လိုသောအကြည့်ဖြင့် အနက်ရောင်ဝတ်စုံဝတ်အစောင့်ကို ကြည့်လိုက်၏။
"သခင်ကြီး...ကျွန်တော်...ကျွန်တော်...ကျွန်တော်က...."
အနက်ရောင်ဝတ်စုံဝတ်အစောင့်၏မျက်နှာ နီမြန်းနေကာ သူသည် စကားတစ်ခွန်းမျှ မပြောဆိုနိုင်ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
"ဘာတွေဖြစ်ခဲ့တာလဲ...အတိအကျပြောစမ်း"
ဟွမ်ဝူကျင်းက တည်ကြည်လေးနက်စွာ မေးမြန်းသည်။
"ကျွန်တော်...."
ဟွမ်ဝူကျင်း၏အရှိန်အဝါနှင့် ရင်ဆိုင်ရချိန်တွင် အနက်ရောင်ဝတ်စုံဝတ်အစောင့်သည် ဖြစ်စဥ်တစ်ခုလုံးကို ပြောပြပြီးနောက် သူက ပျာပျာသလဲ ရှင်းပြလိုက်သည်။
"ကျွန်တော်က သူ့ကို သင်ခန်းစာတစ်ခုလောက် ပေးချင်ရုံပါပဲ...ဒါပေမယ့် ဘယ်လိုဖြစ်ပြီးတော့ ကျွန်တော် မြစ်ထဲကိုပြုတ်ကျသွားတယ်ဆိုတာ ကျွန်တော်မသိဘူး"
"ဟမ့်...လျှောက်ပြောမနေစမ်းနဲ့"
ဟွမ်ဝူကျင်းက အော်ငေါက်သံတစ်သံနှင့်အတူ ဆူပူကြိမ်းမောင်းလိုက်သည်။
"သခင်ကြီး...ဒီငယ်သားက သေသင့်ပါတယ်....ကျွန်တော် ဒါမျိုးကို ဘယ်တော့မှ ထပ်မလုပ်ဝံ့တော့ပါဘူး"
ဟွမ်ဝူကျင်း၏အရှိန်အဝါအောက်တွင် အနက်ရောင်ဝတ်စုံဝတ်အစောင့်၏မျက်နှာမှ ဇောချွေးများ ယိုစီးကျလာကာ သူ၏ခေါင်းကိုအောက်သို့ငုံထားပြီး သူ အသက်ပင်ပြင်းပြင်းမရှုဝံ့တော့ချေ။
"အဲ့ဒီလိုနေနိုင်ရင် အကောင်းဆုံးပဲ"
ဟွမ်ဝူကျီးက အနက်ရောင်ဝတ်စုံဝတ်အစောင့်ကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူ၏မျက်လုံးအတွင်းတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ဤမတော်တဆမှုသည် သူ့အား ထပ်ခါတလဲလဲ ဇဝေဇဝါဖြစ်နေစေကာ ဤအစောင့်၏ခွန်အားဖြင့် မြစ်ထဲသို့ပြုတ်ကျသည်မှာ မည်သည့်နည်းဖြင့် ဖြစ်နိုင်မည်နည်း။
အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏စူးရှသောမျက်လုံးတစ်စုံဖြင့် ရီဖုန်း၏သက်တော်စောင့် အနက်ရောင်ဝတ်ရုံဝတ်လူပုလေးကို ကြည့်လိုက်မိသည်။
သူသည် သိချင်စိတ်ပြင်းပြစွာဖြင့် ထိုသက်တော်စောင့်ကို စုန်ချည်ဆန်ချည်ကြည့်လိုက်၏။
Chapter 282
သို့ရာတွင် အဆုံးသတ်၌ သူ မည်သည့်အရာကိုမျှ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
"ဒါက တကယ်ထူးဆန်းတယ်"
ဟွမ်ဝူကျင်းက တီးတိုးရေရွတ်လိုက်၏။
အကြောင်းအရင်းမှာ သူ၏အစောင့် ယွင်လန်၏ခွန်အားဖြင့် အကယ်၍ ကျင့်ကြံမှုကို ဖုံးကွယ်ထားသည်ဆိုလျှင်ပင် မြစ်အတွင်းသို့ မတော်တဆကျသွားရန်မှာ မဖြစ်နိုင်ချေ။
လုပမ်ဝေသည် ဤအခြေအနေကိုဖြစ်စေခဲ့သည့် သိုသိုသိပ်သိပ်နေသော ဆရာကြီးတစ်ယောက်ဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။
သို့ရာတွင် ယခုချိန်၌ ဤကဲ့သို့မဖြစ်နိုင်သည်မှာ သိသာထင်ရှားလှ၏။
သူ မည်သို့ပင် စူးစမ်းလေ့လာပါစေ ရီဖုန်း၏သက်တော်စောင့်သည် သာမာန်သေမျိုးတစ်ယောက်ထက် မပိုချေ။
အမှန်အားဖြင့် ဖြစ်နိုင်ချေတစ်ခု ကျန်ရှိနေသည်။
ဤသည်မှာ ရီဖုန်း၏သက်တော်စောင့် ပိုင်ဆိုင်ထားသောစွမ်းအားသည် ဟွမ်ဝူကျင်း ထွင်းဖောက်မမြင်နိုင်သည်အထိ အစွမ်းထက်နေခြင်းပင်။
သို့ရာတွင် ဤသည်မှာ ဖြစ်နိုင်ပါသလော...
ဟွမ်ဝူကျင်းသည် ထိုသို့တွေးတောခြင်းမရှိချေ။
အကြောင်းအရင်းမှာ သူ၏ရှေ့တွင် ထောက်ကွက်မရှိ ကျင့်ကြံဆင့်အား ဖုံးကွယ်ထားနိုင်သူသည် သူ့ထက် ကျင့်ကြံဆင့်များစွာပို၍ သာလွန်နေရပေမည်။
သို့ရာတွင် ထိုကဲ့သို့လူစားမျိုးသည် နန်ရှားနယ်မြေအတွင်း၌ ထွက်ပေါ်လာမည်ဟု သူ မယုံကြည်ချေ။
"ကြည့်ရတာတော့ ဒါက မင်းရဲ့အပြစ်နဲ့ မင်းပဲ"
ဟွမ်ဝူကျင်းက တင်းမာခက်ထန်စွာ သတိပေးဆုံးမလိုက်၏။
"ငါ မင်းကို တစ်ကြိမ်ထပ်ပြီး သတိပေးလိုက်မယ်...တကယ်လို့ မင်း ထပ်ပြီးပြဿနာရှာမယ်ဆိုရင် မင်း ဝူရှင်းကမ်းပါးကို သွားရမယ်"
ယွင်လန်သည် ဇောချွေးများပြန်လာကာ ထပ်ခါတလဲလဲ တောင်းပန်ပြီး ထပ်မံ၍ပြဿနာမရှာတော့ဟု ကတိပေးလိုက်သည်။
ညအချိန်ရောက်ရှိလာလေပြီ။
ဟွမ်ဝူကျင်းက လှေကြီးတစ်စင်းကို ထပ်မံ၍ ငှားရမ်းလိုက်သည်။
သေးသွယ်ပြီးလှပသော မိန်းကလေးလေးယောက်သည် ရီဖုန်းနှင့်ဟန်ဝူကျင်းတို့ကို ဝိုင်းရံထားသည်။
သူတို့သည် ပျော်ပျော်ရွှင်ရွှင်ရယ်မောကာ မြစ်ကြောင်းတလျှောက် ရှုခင်းများကိုကြည့်ပြီး ကောင်းမွန်သောအချိန်များကို ဖြတ်သန်းနေကြသည်။
အတွင်းခန်း၏ထောင့်တစ်နေရာတွင် လုပမ်ဝေသည် ခွေးကိုကိုင်၍ လှေဦးပိုင်းရှိမြင်ကွင်းကိုကြည့်ပြီး သူ၏မျက်လုံးများအတွင်းတွင် ကြေကွဲဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည်။
သူတို့ကို ကြည့်ပြီး...
ထို့နောက် သူ့ကိုယ်သူ ပြန်ကြည့်ကာ...
ဘာလို့လဲ....
သို့ရာတွင် လုပမ်ဝေအား ပို၍စိတ်မသက်မသာဖြစ်စေသည်မှာ မြစ်အတွင်းမှာ ဤကဲ့သို့တူညီသောလှေများ အမြောက်အများရှိနေခြင်းပင်။
ထို့ပြင် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူတို့၏လှေနှင့် ကန့်လန့်ဖြတ်လမ်းကြောင်းမှ ပန်းလှေတစ်စီး ဖြတ်သန်းသွားသည်။
ထိုပန်းလှေပေါ်တွင် လူတစ်ယောက်ကို မိန်းမလှလေးများစွာ ဝိုင်းရံထားကာ မျက်စိမှိတ်တူတူပုန်းတမ်း ကစားနေကြ၏။
"ဟား ဟား ဟား....ငါ မင်းကို ဖမ်းမိပြီ"
ထိုလှေသည် လုပမ်ဝေနှင့် နီးကပ်လာချိန်တွင် မျက်လုံးစည်းထားသောလူသည် ရုတ်တရက် မိန်းကလေးနှစ်ယောက်ကို ဖမ်းမိသွားကာ သူမတို့ကိုပွေ့ဖက်ပြီး ပျော်ရွှင်စွာရယ်မောလိုက်သည်။
ဤမြင်ကွင်းသည် လုပမ်ဝေကို မနာလိုအားကျမှုနှင့်ဝန်တိုမှုကို ခံစားရစေသည်။
ထို့ပြင် သူ့အား ပို၍စိတ်ပျက်စေသောအချက်မှာ ထိုလှေပေါ်ရှိလူသည် ကတုံးတစ်ယောက်ဖြစ်နေခြင်းပင်။
"ဘာလို့လဲ"
လုပမ်ဝေက ကူကယ်ရာမဲ့စွာဖြင့် တီးတိုးရေရွတ်လိုက်၏။
"အကိုကြီး...အကိုကြီး...မင်း ညှစ်ထားတာကို နည်းနည်းလောက်လျှော့ပါအုံး...ငါ အသက်ရှုလို့မရတော့ဘူး"
အောင်းချင်က နီမြန်းသောမျက်နှာနှင့် ပြောဆိုသည်။
"ဟူး..."
"ဘဝက အရသာကိုမရှိဘူး"
ထိုအခြင်းအရာကိုကြည့်ပြီး လုပမ်ဝေသည် သူ့မသိစိတ်မှ ဆုပ်ကိုင်ထားမိသော ခွေးကိုလွှတ်ပေးကာ သက်ပြင်းတစ်ချက်ရှိုက်ပြီး ကြေကွဲဝမ်းနည်းသောလေသံဖြင့် ညည်းတွားလိုက်သည်။
မျက်နှာချင်းဆိုင်လှေပေါ်ရှိမြင်ကွင်းကို ရီဖုန်းသည်လည်း တွေ့မြင်မိလေ၏။
ဘုန်းကြီးတစ်ပါး အပျော်ကျူးနေသလော...
ဤသည်မှာ သူ့အား အမှန်တကယ် ဆွံအသွားစေသည်။
"ညီငယ်လေး...ငါ မင်းကို ပေးစရာတစ်ခုရှိတယ်"
ဝိုင်နှစ်ခွက်သောက်ပြီးနောက် ဟွမ်ဝူကျင်းနှင့်ရီဖုန်းတို့ ပို၍ပို၍ ရင်းနှီးလာသည်။ သူသည် ဝိုင်ခွက်ကိုအောက်ချကာ သူ၏အင်္ကျီလက်ကြားမှ ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်သည်။
"အကိုကြီး...ဒါက ဘာလုပ်ဖို့လဲ"
ရီဖုန်းသည် ဟန်ဝူကျင်း၏လက်အတွင်းရှိ ကျောက်စိမ်းဆွဲသီးကိုမြင်တွေ့ချိန်တွင် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
"ဒါက ဘာမှမဟုတ်ပါဘူး...ငါတို့က မိတ်ဆွေကောင်းတွေလို့ ငါ ခံစားရတယ်...ဒါကြောင့် ငါ မင်းကို လက်ဆောင်တစ်ခုပေးချင်တယ်"
ဟွမ်ဝူကျင်းက အပြုံးနှင့် ပေါ့ပေါ့တန်တန်ပြောဆိုသည်။
"သခင်ကြီး...ဒါက..."
သို့ရာတွင် ဤကျောက်စိမ်းဆွဲသီးကိုမြင်တွေ့ချိန်တွင် ယွင်လန်၏မျက်လုံးများ ပြူးကျယ်သွားကာ သူ ကူကယ်ရာမဲ့စွာ အံ့အားတသင့်ရေရွတ်လိုက်သည်။
အကြောင်းအရင်းမှာ တခြားသူများသည် ဤကျောက်စိမ်းဆွဲသီး၏လုပ်ဆောင်ချက်ကို မသိရှိသော်လည်း သူ ကောင်းစွာသိရှိထားသောကြောင့်ပင်။
ဤသည်မှာ အဖိုးတန်ရတနာတစ်ခုပင်။
ထိုအရာကိုဝတ်ဆင်ထားပါက ဝတ်ဆင်သူကို အလိုအလျောက် ကာကွယ်ပေးမည်ဖြစ်ကာ သိုင်းအရှင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်ရှိသည်။
ဤကဲ့သို့ ရတနာမျိုးသည် ယွင်လန်ထံတွင်ပင် များစွာမရှိလေရာ သခင်ကြီးသည် မည်သည်ကြောင့် သာမာန်သေမျိုးတစ်ယောက်ကို ပေးလိုက်သနည်း။
ဤသည်မှာ သူ့အား စိတ်မသက်မသာ ခံစားရစေသည်။
ဟွမ်ဝူကျင်သည် ယွမ်လန်ကို တင်းမာခက်ထန်သောအကြည့်ဖြင့်ကြည့်လိုက်သဖြင့် ဟွမ်လန်သည် ထပ်မံ၍စကားမပြောဝံ့တော့ချေ။
"ညီငယ်လေး...မှတ်ထားပါ...မင်းက ဒီကျောက်စိမ်းဆွဲသီးကို ကိုယ်နဲ့မကွာဆောင်ထားသင့်တယ်....နောင်အနာဂတ်မှာ ငါ မင်းအပေါ်မှာထားတဲ့ ရည်ရွယ်ချက်ကောင်းကို မင်းသိထားလိမ့်မယ်"
ဟွမ်ဝူကျင်းသည် ကျောက်စိမ်းဆွဲသီးကို ရီဖုန်း၏လက်အတွင်းသို့ထည့်ပေးကာ တည်ကြည်လေးနက်စွာ ရှင်းပြလိုက်၏။
သို့ရာတွင် သူ များစွာရှင်းပြခြင်းမရှိချေ။
အကြောင်းအရင်းမှာ သူသည် ရီဖုန်းပေါ်တွင် များစွာဖိအားမပေးလိုသောကြောင့်ပင်။ သူ၏လှုပ်ရှားမှုများကြောင့် ရီဖုန်း စိုးရိမ်ပူပန်သွားခြင်းမျိုး မရှိစေလိုချေ။
မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည် သာမာန်သေမျိုးတစ်ယောက်ဖြစ်သဖြင့် ဤကျင့်ကြံခြင်းလောကတွင် အချိန်မရွေး အန္တရာယ်နှင့်ရင်ဆိုင်ရနိုင်သည်။ ဤကျောက်စိမ်းဆွဲသီးသာရှိနေပါက ရီဖုန်းသည် ပူပင်သောကကင်းစွာဖြင့် နေနိုင်ပေမည်။
"အကိုကြီး...မင်းက အရမ်းယဥ်ကျေးတာပဲ...မင်းက ငါ့ကို အမှတ်တရလက်ဆောင်တောင် ပေးနေတယ်"
ရီဖုန်းသည် ကျောက်စိမ်းဆွဲသီးကိုလက်ခံကာ ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်သည်။
ဟွမ်ဝူကျင်းသည် အလွန်ယဥ်ကျေးသည်ဟု သူ တွေးထင်မိလေ၏။ ဤလူသည် ကျောက်စိမ်းဆွဲသီးကို ကိုယ်နှင့်မကွာဆောင်ထားရန်ပင် တောင်းဆိုခဲ့သည်။ ကြည့်ရသည်မှာ ဤလူသည် မိတ်ဆွေဆက်ဆံရေးကို တန်ဖိုးထားသောလူတစ်ယောက်ပင်။
သို့ရာတွင် သူသည် အပေးအယူသဘောတရားကို နားလည်သဘောပေါက်သည်။
အချိန်တခဏခန့် စဥ်းစားတွေးတောပြီးနောက် သူသည် သစ်သားရုပ်ထုငယ်တစ်ခုကိုထုတ်ကာ စားပွဲပေါ်သို့တင်လိုက်၏။
"ညီငယ်လေး....ဒါက ဘာလဲ"
ဟွမ်ဝူကျင်းသည် စားပွဲပေါ်ရှိ လူပုံစံသစ်သားရုပ်ထုလေးကိုကြည့်ကာ မေးမြန်းသည်။
"အကိုကြီး....ဒါက ငါ ထွင်းထုထားတဲ့ ဟူလုညီအကို*ရုပ်ထုတစ်ခုပါ"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"ဟူလုညီအကို ဆိုတာက..."
ဟွမ်ဝူကျင်းသည် ဇဝေဇဝါဖြစ်သွားပုံရသည်။
"ဘယ်လိုပဲဖြစ်ဖြစ်....ဒါက အပေါစားပစ္စည်းလေးတစ်ခုပါ...ပြီးတော့ ဒါက ငါ အကိုကြီးကိုပေးတဲ့ လက်ဆောင်လည်းဖြစ်တယ်...ငါတို့ရဲ့မိတ်ဆွေဆက်ဆံရေးကိုထောက်ပြီးတော့ မင်း ဒါ့ကို ကိုယ်နဲ့မကွာဆောင်ထားပြီးတော့ ငါ့ကို မေ့မသွားပါနဲ့"
ရီဖုန်းက ရယ်ပြုံးကာ ဟူလုညီအကိုရုပ်ထုကို ဟွမ်ဝူကျင်းထံသို့ တွန်းပို့လိုက်သည်။
ဟွမ်ဝူကျင်း ဆွံအသွားသည်။ သူ ကိုယ်နှင့်မကွာဆောင်ထားရန်ပြောသော ရည်ရွယ်ချက်ကို ရီဖုန်းနားလည်မှုလွဲမှားနေကြောင်း သူ သိရှိသွားသည်။
သို့ရာတွင် သူသည် ထိုကိစ္စကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ရီဖုန်းနှင့်ပူးပေါင်းကာ အပြုံးနှင့်ပြောဆိုလိုက်၏။
"ကောင်းပြီ...ကောင်းပြီလေ..ငါ ဒါကို ဆောင်ထားမယ်...ငါက ညီငယ်လေးကို ဘယ်တော့မှမေ့သွားမှာမဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် သူသည် ဟူလုညီအကိုရုပ်ထုကို သိမ်းဆည်းလိုက်သည်။
အမှန်အားဖြင့်....
သူ၏စိတ်နှလုံးသားအတွင်း၌ ဤပစ္စည်းကို အမှတ်တရပစ္စည်းတစ်ခုအနေနှင့်သာ ယူဆထားသည်။
*calabash brothers or hulu brothers...ဘူးသီးစေ့ကဖြစ်လာတဲ့ညီအကိုတွေပါ chinese animiတစ်ခုထဲကဖြစ်ပြီး မြန်မာလိုရေးဖို့မလွယ်တာကြောင့် ဟူလုညီအကိုလို့ရေးလိုက်ပါတယ်*
Chapter 283
သို့ရာတွင် ယွင်လန်သည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
သူ့ထံတွင် ရီဖုန်းအပေါ် ရန်လိုမူများနှင့် ပြည့်နှက်နေပေ၏။
'သခင်ကြီးလို မြင့်မြတ်သူတစ်ယောက်က မင်းကို အမှတ်တရလက်ဆောင်မျိုးပေးမယ်လို့ ထင်နေတာလား...ဘာမှနားမလည်တဲ့ကောင်...နောင်တစ်ချိန်ကျ ဒီကျောက်စိမ်းဆွဲသီးက ဘာလဲဆိုတာ မင်းသိသွားရင် မင်း လိပ်ပြာလွင့်မတတ် ထိတ်လန့်ကြောက်ရွံနေမှာ သေချာပေါက်ပဲ'
နောက်ထပ်နှစ်ရက်အကြာတွင်....
ဟွမ်ဝူကျင်းသည် ရီဖုန်းကို အနီးရှိနေရာအနှံ့အပြားသို့ အလည်အပတ်ခေါ်ဆောင်သွားခဲ့သည်။
"ညီငယ်လေး...ငါ့ကိုပြောအုံး...ငါ မင်းကို ခေါ်မသွားရသေးတဲ့ တခြားဘယ်နေရာကို မင်း သွားချင်သေးလဲ"
ဟွမ်ဝူကျင်းက အပြုံးနှင့် ပြောဆိုသည်။
"တကယ်တော့ အဲ့ဒီနေရာမျိုးရှိပေမယ့် အကိုကြီးကို ဒုက္ခပေးရာကျသွားမလား"
ရီဖုန်းက ရှက်ကိုးရှက်ကန်းဖြင့် မေးမြန်းသည်။
"ဘာမှဒုက္ခပေးရာမရောက်ဘူး...မင်း ပြောသာပြောစမ်းပါ...တကယ်လို့ ဒါက မိုးကောင်ကင်ယံပေါ်မှာဆိုရင်တောင် ငါ့ညီငယ်လေး ပျော်နေသရွေ့ ငါ မင်းကို ခေါ်သွားပေးမယ်"
ဟွမ်ဝူကျင်းက ရယ်မောလိုက်၏။
"ဒါဆိုရင် ငါက အကိုကြီးကို ဒုက္ခပေးရတော့မယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် မြေပုံတစ်ခုကိုထုတ်ယူကာ ဟွမ်ဝူကျင်းကို ညွှန်ပြလိုက်သည်။
"အကိုကြီး...ဒီနေရာပဲ"
"အဲ့ဒီနေရာလား"
ရီဖုန်းညွှန်ပြသောနေရာကိုကြည့်ပြီး ဟွမ်ဝူကျင်း၏မျက်နှာပေါ်တွင် စိတ်ဝင်စားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ယွင်လန်၏မျက်နှာပေါ်တွင် အထင်အမြင်သေးသော အရိပ်အယောင်မျိုး ထင်ဟပ်လာသည်။
ဤသေမျိုးသည် ကောင်းကင်နှင့်မြေပြင်၏အတိမ်အနက်ကို အမှန်တကယ်မသိရှိကာ သူ့ထံတွင် အရည်အချင်းရှိမရှိ ချင့်ချိန်ခြင်းမပြုဘဲ ထိုနေရာသို့ အမှန်တကယ်သွားရန် ကြံရွယ်နေသည်။
ဤနေရာသည် နန်ရှားဖရိုဖရဲနယ်မြေသို့ ဝင်ပေါက်ဖြစ်သည်ကို သိထားသင့်သည်။
ဤနေရာတွင် လေဟာနယ်နယ်မြေငယ်လေးတစ်ခုဖြစ်ပြီး အင်မော်တယ်ကုန်းမြေအတွင်းတွင် ဤကဲ့သို့နေရာမျိုး တစ်နေရာသာရှိသည်။ ထို့ကြောင့် ကုန်းမြေတစ်ခုလုံးရှိ နတ်ဆိုးကျင့်ကြံသူများ ဂိုဏ်းကြီးများမှဝရမ်းထုတ်ထားသော ရာဇဝတ်သားများ ဤနေရာ၌စုဝေးနေသည်။
အတိုချုပ်ပြောရလျှင်....
ထိုနေရာသည် ငါးများ နဂါးများရောနှောနေသော နယ်မြေတစ်ခုဖြစ်ပြီး နန်ရှား၏အဓိကအင်အားစုတချို့ပင်လျှင် ထိုနေရာအတွင်းသို့ ပေါ့ပေါ့တန်တန် စွန့်စားမဝင်ဝံ့ချေ။
'မင်းလိုသေမျိုးလေးတစ်ယောက်က အဲ့ဒီထဲကို ဝင်ချင်နေတယ်...မင်းက အသက်ရှင်ရတာ အရမ်းကြာနေပြီလို့ မင်း ခံစားနေရတာများလား'
"ဘာဖြစ်လို့လဲ အကိုကြီး...အဲ့ဒီနေရာမှာ ပြဿနာတချို့ ရှိနေလို့လား"
ဟွမ်ဝူကျင်း၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားသော ရီဖုန်းက သံသယအပြည့်ဖြင့် မေးမြန်းလိုက်သည်။
"ညီငယ်လေး...မင်း အဲ့ဒီနေရာကို တကယ်သွားချင်တာလား"
ဟွမ်ဝူကျင်းက တည်ကြည်လေးနက်စွာ မေးမြန်းသည်။
"အင်း...တစ်စုံတစ်ယောက်က ဒီလောကကြီးထဲ အသက်ရှင်သန်နေတဲ့အချိန်မှာ နေရာစုံအောင်သွားတာက မမှားဘူးလေ...မြေပုံအရဆိုရင် ဒါက နန်ရှားနယ်မြေတစ်ခုလုံးမှာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခု ဖြစ်သင့်တယ်....ဒါကြောင့် အနည်းဆုံးတော့ ငါ အဲ့ဒီနေရာကို သွားကြည့်သင့်တယ်လေ"
ရီဖုန်းက ရယ်မောရင်း ရှင်းပြသည်။
"ခရီးသွားဧည့်သည် ဆွဲဆောင်နိုင်တဲ့နေရာလား"
ဟွမ်ဝူကျင်း၏မျက်နှာအမူအယာ ပို၍ရှုပ်ထွေးသွားသည်။
ယခုကြည့်ကြည့်တော့မှ သူ၏ညီငယ်လေးကို ထိုနေရာကို ခရီးသွားနေရာတစ်ခုဟု တွေးထင်နေပုံရသည်။ သူသည် ရီဖုန်းအား မည်ကဲ့သို့ရှင်းပြရမည်ကို မသိတော့ချေ။
"ကောင်းပြီလေ...ညီငယ်လေးက သွားချင်နေမှတော့...ငါ မင်းကို အဲ့ဒီနေရာဆီ ခေါ်သွားပေးမယ်"
အချိန်တခဏခန့် တွေးတောစဥ်းစားပြီးနောက် ဟွမ်ဝူကျင်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူ၏အမြင်အရ သူ၏ညီငယ်လေးသည် အလွန်မသိနားမလည်ပုံရသည်။ သို့ရာတွင် သူ ပြန်လည်တွေးတောမိချိန်တွင် ရီဖုန်း၏မသိနားမလည်မှုကို သူ အလွန်မနာလိုအားကျ ဖြစ်နေမိသည်။
အကြောင်းအရင်းမှာ လောကကြီးအတွင်းတွင် ဤကဲ့သို့ မသိနားမလည်မှုသည် တစ်ခါတစ်ရံ၌ လူတစ်ယောက်ပိုင်ဆိုင်နိုင်သည့် တန်ဖိုးအရှိဆုံးအရာ ဖြစ်နေသောကြောင့်ပင်။
"ဒါဆိုရင်လည်း အကိုကြီးကို ကျေးဇူးအများကြီးတင်ပါတယ်"
ရီဖုန်းက သူ၏ကျေးဇူးတင်မှုကို ထုတ်ဖော်ပြောဆိုလိုက်၏။
"ညီငယ်လေး....ဘာမှ ကိန်းကြီးခမ်းကြီးလုပ်နေစရာမလိုဘူး...ဘာလို့လဲဆိုတော့ ငါက အဲ့ဒီနေရာက လာတဲ့လူမလို့ပဲ"
ဟွမ်ဝူကျင်းက ရယ်မောလိုက်သည်။
"ငါက မင်းကို ကတိပေးပြီးမှတော့ အဲ့ဒီ....ခရီးသွားဧည့်သည်ဆွဲဆောင်တဲ့နေရာဆီ ငါ မင်းကို သေချာပေါက်ခေါ်သွားပေးမယ်"
သိသာထင်ရှားစွာပင်...
သူသည် အမှန်တရားကို ရီဖုန်းအား ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ချေ။
အကြောင်းအရင်းမှာ ဟွမ်ဝူကျင်းသည် ရီဖုန်း၏စိတ်အားထက်သန်မှုကို အနှောက်အယှက်မပေးလိုသည့်အပြင် သူ၏စိတ်ဆန္ဒကို ဖြည့်ဆည်းပေးလိုသောကြောင့်ပင်။
ထို့ပြင် သူ၏အဆင့်အတန်းနှင့်ခွန်အားအရ ထိုဖရိုဖရဲနယ်မြေအတွင်း၌ ရီဖုန်း၏ဘေးကင်းလုံခြုံမှုကို အာမခံနိုင်မည်ဟု သူ ယုံကြည်ချက်ရှိသည်။ သူသည် ဤကိစ္စကို ခရီးသွားနေရာတစ်ခုသို့ အလည်အပတ်သွားသည်ဟုယူဆကာ ရီဖုန်းအား လှည့်လည်ပြသရပေမည်။
တစ်ရက်ကြာပြီးနောက်....
ဟွမ်ဝူကျင်းသည် ရီဖုန်းကိုခေါ်ဆောင်၍ ဖရိုဖရဲနယ်မြေ၏ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။
"ဒါက တကယ့်ကို သဘာဝလွန်ဖန်တီးထားတဲ့ လက်ရာပဲ"
ရီဖုန်းသည် သူတွေ့မြင်ရသမျှ အရာရာတိုင်းကိူ အံ့အားသင့်နေသည်။ အကြောင်းအရင်းမှာ သူတို့ရှေ့တွင် ယခင်ကရှိနေသော မတ်စောက်သောတောင်ထိပ်ကြီး၏အောက်ခြေ၌ ကြီးမားသောလှိုဏ်ဂူကြီးတစ်ဂူ ရှိနေသောကြောင့်ပင်။
"ငါတို့တွေ ဒီလှိုဏ်ဂူကို ဖြတ်သွားပြီးတာနဲ့...မင်း သွားချင်တဲ့နေရာကို ငါတို့ရောက်ပြီ...ဒါက မင်းကို စိတ်ကျေနပ်မှုရစေမှာ သေချာပေါက်ပဲ"
ဟွမ်ဝူကျင်းက ရယ်မောရင်း ပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက် ဟွမ်ဝူကျင်းသည် ရီဖုန်းကို လှိုဏ်ဂူကြီးအတွင်းသို့ ခေါ်ဆောင်သွားလေ၏။
ဤလှိုဏ်ဂူသည် ရီဖုန်းတွေးတောထားသလောက် နက်ရှိုင်းခြင်းမရှိချေ။ ကိုက်တစ်ရာခန့်သွားပြီးနောက် သူ၏ရှေ့တွင် ကမ္ဘာလောကသစ်တစ်ခု ထွက်ပေါ်လာသောကြောင့် သူ၏မျက်လုံးများ တောက်ပသွားသည်။
တောင်ထွတ်များက တိမ်စိုင်များအတွင်းသို့ ထွင်းဖောက်နေကာ မွှေးပျံ့သောပန်းပွင့်များအကြားတွင် ငှက်ကလေးများက တေးသီနေကြသည်။
လေထုအတွင်း၌မျောလွှင့်နေသည့် ပါးလွှာသောမြူခိုးများသည် တစ်စုံတစ်ယောက်အား တိမ်စိုင်များအထက်တွင် မတ်တတ်ရပ်နေသည့်အလား လန်းဆန်းသောခံစားချက်ကို ရရှိစေသည်။
ဤနေရာသည် သာယာလှပသော ခရီးသွားနေရာတစ်ခုဖြစ်သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
ဤသည်မှာ ရီဖုန်း၏အတွေးပင်။
ဟွမ်ဝူကျင်းသည် ပြုံးနေရုံသက်သက်ပင်။
ဖရိုဖရဲနယ်မြေ၏ရှုခင်းများသည် အမှန်တကယ်ကို လှပပေ၏။ နန်ရှားနယ်မြေအတွင်းရှိ မည်သည့်နေရာမျှ ဤနေရာကို ယှဥ်ပြိုင်၍ရမည်မဟုတ်ချေ။ သို့ရာတွင် ဤအလှတရားများအောက်တွင် အစွမ်းထက်ပြီး သေစေနိုင်သောအန္တရာယ်များ ကိန်းအောင်းနေသည်။
ဤအချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော မျက်လုံးအကြည့်များသည် သူတို့ကို စူးစိုက်ကြည့်နေသည်အား သူ သတိပြုမိသည်။
ဤမျက်လုံးပိုင်ရှင်များအကြားတွင် ဖရိုဖရဲနယ်မြေအတွင်းရှိ အင်အားစုများမှလူများ နတ်ဆိုးကျင့်ကြံသူများနှင့်လေလွင့်ကျင့်ကြံသူများ ပါဝင်သည်။ ဤနေရာသို့ဝင်ရောက်လာသူတိုင်း ထိုလူများ၏နားများ မျက်လုံးများအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသို့ ပထမဆုံးရောက်လာသူများသည် များသောအားဖြင့် ယခုနေရာ၌သာ အဆုံးသတ်သွားလေ့ရှိသည်။
အကြောင်းအရင်းမှာ ဤနေရာ၌ မှောင်ရိပ်ခို၍ပုန်းအောင်းနေသော နတ်ဆိုးကျင့်ကြံသူများနှင့်လေလွင့်ကျင့်ကြံသူများသည် ထိုလူများကို အမြဲတစေလုယက်သတ်ဖြတ်သောကြောင့်ပင်။ ထို့ကြောင့် ဤနေရာသည် အတွင်းပိုင်းသို့ဝင်ရောက်ရန် ခွန်အားရှိမရှိကို ဆန်းစစ်သော အရည်အချင်းစစ်နေရာတစ်ခုကဲ့သို့ဖြစ်လာသည်။
အားနည်းသူများသည်...
ဤနေရာသို့ရောက်လာသည်နှင့် စတေးခံသားကောင်များသာ ဖြစ်သွားပေမည်။
"အဲ့ဒီလူတွေကို သွားပြီးဖြေရှင်းလိုက်စမ်း...မှတ်ထားဖို့က ဘာဆူဆူညံညံအသံမှ မထွက်စေနဲ့...ငါ့ရဲ့ညီငယ်လေးကို အထိတ်တလန့်မဖြစ်စေနဲ့"
ဟွမ်ဝူကျင်းက သူ၏လက်ကိုဝှေ့ယမ်းကာ ယွင်လန်ထံသို့ အသံပေးပို့လိုက်၏။
ယွင်လန်က ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူသည် အရိပ်အယောင်မမြင်ရဘဲ တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။
ဟွမ်ဝူကျင်းသည် ထိုကိစ္စများကို ယွင်လန်အား တိတ်တဆိတ် ဖြေရှင်းခိုင်းပြီးနောက် ရီဖုန်းကိုကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။
"ညီငယ်လေး...ငါတို့တွေ ဒီတောင်ကိုဖြတ်ကျော်ပြီးတာနဲ့ မြို့တစ်မြို့ကိုရောက်ပြီ....ငါတို့ အဲ့ဒီမြို့ကို ရောက်တဲ့အချိန်ကျရင် မင်း အံ့အားသင့်သွားစေရမယ်လို့ ငါ အာမခံတယ်"
ထိုသို့ပြောဆိုပြီးနောက်...
ဟွမ်ဝူကျင်းသည် ရီဖုန်းကို တောင်ကြားလမ်းအတိုင်း ခေါ်ဆောင်သွားခဲ့သည်။ လမ်းတလျှောက်တွင် သူသည် ဤနေရာရှိ ထူးခြားသောအပင်များနှင့် အံ့အားသင့်ဖွယ်ရှုခင်းများအကြောင်းကို ရီဖုန်းအား မိတ်ဆက်ပေးလေ၏။
ဤသည်မှာ ရီဖုန်းကို အလွန်အမင်း စိတ်ကျေနပ်သွားစေသည်။ ဤခရီးစဥ်သည် အမှန်တကယ် တန်ဖိုးရှိသည်ဟု သူ ခံစားမိသည်။
သို့ရာတွင်...
နေသာသောတောင်တန်းများ တဖြည်းဖြည်းအုံ့မှိုင်းသွားကာ မြူခိုးများ မြင့်တက်စပြုလာလေပြီ။
ဟွမ်ဝူကျင်းသည် ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာဆန်းစစ်လိုက်သော်လည်း မူမမှန်သည့်အရာ တစ်ခုတစ်လေကိုမျှ သတိမပြုမိချေ။ အကြောင်းအရင်းမှာ ဤတောင်တန်းများအတွင်း၌ မြူခိုးများထွက်ပေါ်လာခြင်းကို ထူးခြားသည်ဟု ယူဆ၍မရသောကြောင့်ပင်။
သူ့အား မျက်မှောင်ကြုတ်စေသောကိစ္စသည် ယွင်လန် ထွက်ခွာသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည့်တိုင် ပြန်လည်ရောက်ရှိမလာခြင်းကြောင့်ဖြစ်သည်။
ဤသည်မှာ ပုံမှန်မဟုတ်ချေ။
ယွင်လန်၏စွမ်းအားဖြင့် ထိုလူများကို ဖြေရှင်းခြင်းမှာ သူ၏လက်ဝါးကိုလှန်လိုက်သကဲ့သို့ လွယ်ကူနေသင့်သည်။
"ညီငယ်လေး...ခုဏက ထွက်သွားတဲ့ ငါ့ရဲ့အစောင့် ခုထိ ပြန်ရောက်မလာသေးဘူး...သူ့ကို ဒီနေရာမှာ ခဏလောက်စောင့်ကြစို့"
ရှင်းမပြနိုင်သော နိမိတ်ဆိုးတစ်ခုကို အာရုံခံမိသောကြောင့် ဟွမ်ဝူကျင်းက ရီဖုန်းကိုကြည့်၍ ပြောဆိုသည်။
"ပြဿနာမရှိဘူး....ခဏလောက်နားတာလည်း ကောင်းတာပါပဲ"
ရီဖုန်းက ရယ်မောကာ ပြောဆိုလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ အချိန်အတော်ကြာ လမ်းလျှောက်နေရသဖြင့် သူ၏ခြေထောက်များ ညောင်းနေလေပြီ။
ထို့နောက် သူတို့သည် ဤနေရာ၌ စောင့်ဆိုင်းနေခဲ့ကြသည်။
သို့ရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သည့်တိုင် ယွင်လန်သည် ပြန်ရောက်မလာဆဲဖြစ်မည်ဟု ဟွမ်ဝူကျင်းက မျှော်လင့်မထားမိချေ။
ဤသည်မှာ နောက်ဆုံး၌ ဟွမ်ဝူကျင်း၏မျက်နှာကို တည်ကြည်လေးနက်မှုသို့ ပြောင်းလဲသွားစေသည်။
ကြိုတင်မမြင်နိုင်သော အကျပ်အတည်းတစ်ခုက သူ၏စိတ်နှလုံးသားအတွင်း၌ ထွက်ပေါ်လာသည်။
အကြောင်းအရင်းမှာ ယွင်လန်သည် ကိစ္စများကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းသည်ကို သူ ရှင်းရှင်းလင်းလင်း သိထားသောကြောင့်ပင်။ ယွင်လန် သွားသည်မှာ ဤမျှထိကြာမြင့်နေသောကြောင့် ကိစ္စကြီးတစ်ခုခု ဖြစ်ပွားနေလေပြီ။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....
Chapter 284
ဆိုးရွားသောအတိတ်နိမိတ်မျိုးရရှိနေသော ခံစားချက် တစတစပို၍အားကောင်းလာသည်နှင့်အမျှ ဟွမ်ဝူကျင်းသည် ထပ်မံ၍ထိုင်ကြည့်မနေနိုင်တော့ချေ။
"ညီငယ်လေး....မင်းတို့တွေ ဒီနေရာမှာ ခဏလောက်စောင့်နေဦး...ငါ သူ့ကို သွားရှာလိုက်အုံးမယ်"
ဟွမ်ဝူကျင်းက ပြောဆိုသည်။
"ပြဿနာမရှိပါဘူး...အကိုကြီး ဂရုစိုက်သွားပါ"
ရီဖုန်းက မတ်တတ်ထရပ်ကာ ပြောဆိုလိုက်၏။
"မင်း ငါ့အတွက် စိုးရိမ်နေစရာမလိုဘူး...ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်း ဒီနေရာပတ်ဝန်းကျင်မှာ မဆင်မခြင်လျှောက်မသွားနဲ့...ဒီနေရာမှာပဲနေပြီး ငါ့ကိုစောင့်နေ...မင်း နားလည်လား"
ဟွမ်ဝူကျင်းက ထပ်ခါတလဲလဲ သတိပေးလေသည်။
"ကောင်းပါပြီ အကိုကြီး..ဘာမှမစိုးရိမ်ပါနဲ့"
ရီဖုန်းက ပျာပျာသလဲ ပြောဆိုသည်။
ရီဖုန်း ခေါင်းညိတ်ပြသည်ကိုကြည့်ပြီး ဟွမ်ဝူကျင်းသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ မြူခိုးများအကြားသို့ လျှောက်လှမ်းလိုက်သည်။
သူ၏အမြင်အရ ဤမြူခိုးများသည် သူ၏အမြင်အာရုံကို ပိတ်ဆို့ဟန့်တားနိုင်သော်လည်း သူ၏နတ်ဘုရားစိတ်အာရုံကို ဟန့်တားနိုင်မည်မဟုတ်ချေ။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
အကြောင်းအရင်းမှာ သူသည် လွဲမှားစွာခန့်မှန်းခဲ့မိပြီး ဤမြူခိုးများသည် သူ၏နတ်ဘုရားစိတ်အာရုံကို လုံးလုံးလျားလျား ပိတ်ဆို့ဟန့်တားထားသောကြောင့်ပင်။
ဤသည်မှာ သာမာန်မြူခိုးများမဟုတ်ဘဲ ဝင်္ကပါ သို့မဟုတ် တားမြစ်ကန့်သတ်ချက်တစ်မျိုးမျိုး ဖြစ်နေပုံရသည်။
ဤအရာသည် သူ့အား ပစ်မှတ်ထားနေကြောင်း ဟွမ်ဝူကျင်းသည် ဝိုးတဝါးခံစားမိလေ၏။
ဤအရာသည် သူ့အား အလွန်အမင်း အလေးအနက်ထားစေခဲ့သည်။ ဤအချိန်အခိုက်အတန့်တွင် သူ၏အမြင်အာရုံနှင့်နတ်ဘုရားစိတ်အာရုံနှစ်မျိုးစလုံးကို သက်ရောက်နေသဖြင့် သူ မျက်ကန်းတစ်ယောက်ကဲ့သို့ ဖြစ်နေလေရာ သူ မည်ကဲ့သို့တုံ့ပြန်ရမည်ကို မသိတော့ချေ။
ဤအခြေအနေကို ရင်ဆိုင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ မပြောင်းလဲမှုကို ပြောင်းလဲမှုအဖြစ် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန်ပင်။
ထိုအတွေးနှင့်အတူ သူသည် ပြတ်ပြတ်သားသား နောက်ကြောင်းပြန်လှည့်လိုက်သည်။
မကြာမီမှာပင် ရီဖုန်း လုပမ်ဝေနှင့်ခွေးတို့သည် သူ့အားစောင့်ဆိုင်းနေသည်ကို သူ မြင်တွေ့မိလေ၏။
သူက ထိုနေရာသို့ အလျှင်အမြန် လျှောက်လှမ်းသွားလိုက်သည်။
သို့ရာတွင် သူ ခြေနှစ်လှမ်းခန့်လှမ်းပြီးချိန်တွင် သူ့ထံတိုးဝင်လာသော အန္တရာယ်အငွေ့အသက်ကို သူ ခံစားမိသည်။
ထိုအန္တရာယ်ကို အာရုံခံမိသောကြောင့် ဟွမ်ဝူကျင်းသည် သူ၏သိုင်းအင်ပါယာနယ်ပယ်စွမ်းအားကို ထိန်ချန်ထားခြင်းမရှိဘဲ ဖြန့်ကျက်လိုက်၏။ သူ၏လက်ဝါးကို လှုပ်ခတ်လိုက်မှုနှင့်အတူ သူသည် ရှေ့သို့ဦးတည်၍ ပြင်းထန်သောလက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။
ဘုန်း...
သူ၏ရှေ့ရှိလေဟာနယ်မှနေ၍ ရုတ်တရက် ကျယ်လောင်သောတုန်ခါသံကြီး ထွက်ပေါ်လာသည်။
ဟွမ်ဝူကျင်းထံမှ မသဲမကွဲညည်းသံတစ်သံ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်တွင်း၌ လေပြင်းမုန်တိုင်း တိုက်ခတ်သွားသည့်အလားပင်။ ကံကောင်းထောက်မစွာဖြင့် ထိုအန္တရာယ်အငွေ့အသက် ပျောက်ကွယ်သွားလေပြီ။
သို့ရာတွင် ဟွမ်ဝူကျင်းသည် ထပ်မံ၍မလှုပ်ရှားဝံ့ချေ။ သူ၏မျက်နှာအမူအယာသည် မကြုံစဖူး တည်ကြည်လေးနက်နေပေ၏။
အကြောင်းအရင်းမှာ ဤတိုက်ခိုက်မှုသည် တားမြစ်ဝင်္ကပါတစ်ခုခုမှ ထွက်လာသည်မှာ သိသာထင်ရှားနေပြီး ဤမျှထိ အစွမ်းထက်သောတိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်စွမ်းရှိသဖြင့် သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုဖြစ်ပေမည်။
ယခုချိန်၌ သူသည် သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုအတွင်း၌ ပိတ်မိနေကြောင်း ထပ်မံ၍တွေးတောရန် မလိုအပ်တော့ချေ။
သူသည် ခေါင်းမော့ကာ ရီဖုန်းထံသို့ ကြည့်လိုက်၏။
တိကျသေချာစွာပင်...
ယခင်က သူ့ကိုကြိုဆိုရန် မတ်တတ်ရပ်နေသော ရီဖုန်းရှိနေသည့်မြင်ကွင်းသည် ယခုချိန်၌ ပျောက်ကွယ်သွားလေပြီ။
ထို့ကြောင့် ဤသည်မှာ သူ၏ကံဆိုးမှုကြောင့် သတ်ဖြတ်ခြင်းဝင်္ကပါအတွင်းသို့ သူ မတော်တဆခြေချမိခြင်းဖြစ်ကြောင်း သူ ချက်ချင်းကောက်ချက်ချနိုင်ခဲ့သည်။
တစ်စုံတစ်ယောက်သည် သူ့အား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ အစပထမ၌ သူ၏အမြင်အာရုံနှင့်နတ်ဘုရားစိတ်အာရုံတို့ကို ပိတ်ဆို့ရန် ပုံရိပ်ယောင်ဝင်္ကပါတစ်ခုကို အသုံးပြုခဲ့သည်။ ထို့နောက် ပုံရိပ်ယောင်ဝင်္ကပါမှတဆင့် သူ့အား ကြိုတင်စီစဥ်ထားသော သတ်ဖြတ်ခြင်းဝင်္ကပါအတွင်းသို့ ဝင်ရောက်သွားစေရန် မျှားခေါ်ခဲ့လေ၏။
ဤသည်မှာ ကောင်းမွန်စွာတွေးတော၍ အကွက်ချကြံစည်ထားမှုဖြစ်ပြီး ဟာကွက်မရှိချေ။
"ကျွတ်...ကျွတ်...ဟွမ်ဝူကျင်း...ငါတို့က မင်းကိုစောင့်နေတာ အချိန်အတော်ကြာနေပြီ...ငါတို့က နောက်ဆုံးတော့ မင်းကိုဖမ်းမိဖို့ စီစဥ်နိုင်ခဲ့ပြီ"
ထိုအချိန်မှာပင် မြူခိုးများအကြားမှ လူသုံးယောက် လျှောက်လှမ်းလာကာ သရော်တော်တော်ပြောဆိုသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါက မင်းတို့ ဖရိုဖရဲဒြပ်စင်ငါးယောက်ရဲ့လက်ချက်လား"
ဟွမ်ဝူကျင်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
"အမှန်ပဲ...ဒါက ငါတို့ရဲ့လက်ချက်ပဲ...အကိုကြီးကို မင်း သတ်လိုက်တဲ့နေ့ကစပြီးတော့...လက်စားချေဖို့ကို ငါတို့က ဒီနေ့ထိ စောင့်နေခဲ့တာပဲ"
ဆံပင်နီကြောင်ကြောင်နှင့်လူတစ်ယောက်က ပြောဆိုသည်။
"ဟမ့်....အဲ့ဒီနေ့တုန်းက သတ္ထုဒြပ်စင်က အပြစ်မဲ့တဲ့လူတွေကို သတ်ပြီးတော့ ထောင်သောင်းချီတဲ့လူတွေရဲ့အသက်တွေနဲ့ နတ်ဆိုးကျင့်ကြံနည်းစနစ်တစ်ခုကိုကျင့်ကြံဖို့ ကြိုးစားနေတယ်...ငါက သူတော်စင်တစ်ယောက်မဟုတ်ပေမယ့် ဒီလိုလုပ်ရပ်မျိုးကို ရပ်ကြည့်မနေနိုင်ဘူး...ငါ သူ့ကိုသတ်လိုက်တာက မိုးကောင်းကင်ရဲ့ကိုယ်စား အပြစ်ပေးတာပဲ"
ဟွမ်ဝူကျင်းက အသံနက်ကြီးဖြင့် ပြောဆိုလေ၏။
"ပြီးတော့ မင်းတို့ငါးယောက်ထဲမှာ အစွမ်းထက်ဆုံးဖြစ်တဲ့ ရေဒြပ်စင်က ဒီနေရာမှာရှိမနေဘူး...မင်းတို့သုံးယောက်တည်းနဲ့ ငါ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်မယ်လို့ မင်းတို့က တကယ်ကြီးထင်နေကြတာလား"
"ဟမ့်....သေခြင်းတရားနဲ့ရင်ဆိုင်နေရတာတောင် ခုချိန်ထိ နောင်တမရသေးဘူး"
ဆံပင်နီကြောင်ကြောင်နှင့်လူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းကို ရင်ဆိုင်ဖို့အတွက် ဒုတိယအစ်မလှုပ်ရှားဖို့ နည်းနည်းလေးတောင် မလိုအပ်ဘူး...ငါတို့ညီအကိုသုံးယောက်က မင်းကို လွယ်လင့်တကူ ကိုင်တွယ်နိုင်တယ်....ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ မင်းက သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ ပိတ်မိနေတယ်...."
ဟွမ်ဝူကျင်း၏မျက်ခုံးများ သိသိသာသာ ရှုံတွနေသည်။
သာမာန်အချိန်မျိုးတွင် ရေဒြပ်စင် ရှိမနေသရွေ့ သူသည် ဤလူများကို အနည်းငယ်မျှပင် မကြောက်ရွံချေ။ သို့ရာတွင် ယခုချိန်၌ သူသည် သတ်ဖြတ်ခြင်းဝင်္ကပါအတွင်း၌ ပိတ်မိနေကာ ခြေလှမ်းတစ်လှမ်းမျှပင် ရွေ့လျားနိုင်ခြင်းမရှိချေ။ ဤအခြေအနေမျိုးအောက်တွင် ဤလူသုံးယောက်ကို သူ ရင်ဆိုင်ရမည်မှာ အမှန်တကယ်ကို ခက်ခဲပေ၏။
"အပိုစကားကိုပြောတာ ရပ်လိုက်ကြတော့...ညီအကိုတို့....သူ့ကို သူ့ရဲ့လမ်းဆီ ပို့ပေးလိုက်ကြရအောင်"
ဆံပင်နီကြောင်ကြောင်နှင့်မီးဒြပ်စင်က အေးစက်စက်အသံဖြင့် အော်ဟစ်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် သစ်သားဒြပ်စင်က အရင်ဆုံးလှုပ်ရှားကာ လက်စည်းတံဆိပ်များကို ဖွဲ့စည်းလေသည်။
"သစ်သား....ချည်နှောင်စမ်း"
အေးစက်စက်အော်ဟစ်သံတစ်သံနှင့်အတူ ဟွမ်ဝူကျင်း ခြေချထားသောမြေပြင် ရုတ်တရက်အက်ကွဲသွားသည်။ မြွေများနှင့်တူသည့် မရေမတွက်နိုင်သောသစ်မြစ်များက အက်ကွဲကြောင်းကြားမှ တိုးထွက်လာကာ ဟွမ်ဝူကျင်း၏ခြေထောက်မှ လက်အထိပျံ့နှံ့သွားပြီး သူ့အား တင်းတင်းကြပ်ကြပ်ချည်နှောင်ရန် ကြိုးပမ်းလိုက်၏။
သစ်သားဒြပ်စင်ပြီးနောက် မြေဒြပ်စင်သည်လည်း သူ၏နည်းစနစ်ကို တစ်ချိန်တည်း ထုတ်လွှက်လိုက်သည်။
"မြေ...မဟာဆွဲငင်အားနည်းစနစ်..."
အေးစက်စက်အော်ငေါက်သံနှင့်အတူ ဟွမ်ဝူကျင်းသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ အလွန်ကြီးမားသောဖိအားတစ်ရပ် ရုတ်တရက်ကျရောက်လာခြင်းကို ခံစားမိကာ သူ၏ခြေထောက်များ မြေကြီးအတွင်းသို့ ကျွံဝင်သွားတော့သည်။
ဤကဲ့သို့အခြေအနေမျိုးအောက်တွင် ဟွမ်ဝူကျင်း၏မျက်နှာအမူအယာ ရှုံမဲ့နေကာ ဇောချွေးများ ယိုစီးကျနေသည်။
သတ်ဖြတ်ခြင်းဝင်္ကပါသည် သူ၏လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထားရုံသာမက သစ်သားဒြပ်စင်၏ချည်နှောင်ခြင်းနည်းစနစ်နှင့် မြေဒြပ်စင်၏ဆွဲငင်အားနည်းစနစ်တို့ကြောင့် သူ၏အခြေအနေကို ပို၍ဆိုးရွားသွားစေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"ဟွမ်ဝူကျင်း"
"ငရဲကိုသွားပြီး နောင်တရနေစမ်း"
ဟွမ်ဝူကျင်း၏အခြေအနေကို မြင်တွေ့ချိန်တွင် မီးဒြပ်စင်သည် နာကျည်းမုန်းတီးမှုများပြည့်နှက်နေသောမျက်နှာနှင့် မနှစ်မျို့ဖွယ်ရယ်မောလိုက်၏။ ထို့နောက် သူသည် လက်စည်းတံဆိပ်များကို အလျှင်အမြန်ဖွဲ့စည်းလိုက်သည်။
"မီး...ငရဲမီးတောက်"
သူ၏အသံကျရောက်လာသည်နှင့်အတူ ကြီးမားသောမီးလုံးတစ်လုံးက ပါးလွှာသောလေထုအတွင်း၌ သိပ်သည်းသွားသည်။
ဤသည်မှာ ခြစ်ခြစ်တောက်ပူပြင်းသော နေအသေးစားတစ်စင်းနှင့်တူညီပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောစွမ်းအားများ ပါဝင်သည်။
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိအပူရှိန် မြင့်တက်လာပေ၏။
လေထုသည် အချိန်မရွေး ပေါက်ကွဲသွားတော့မည့်ပုံရသည်။
"သေစမ်း...."
နောက်ဆုံး၌ မီးဒြပ်စင်က ကြီးမားသောမီးလုံးကြီးကို ဟွမ်ဝူကျင်းထံသို့ တွန်းပို့လိုက်သည်။
ဤမြင်ကွင်းကိုကြည့်ပြီး ဟွမ်ဝူကျင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
သာမာန်အချိန်များတွင် သူသည် ဤတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားနိုင်သော်လည်း ယခုလက်ရှိချိန်ထံ သူ့ထံတွင် ခုခံကာကွယ်နိုင်စွမ်း အနည်းငယ်မျှရှိမနေချေ။
မလိုလားမှုများက သူ၏မျက်လုံးထောင့်များ၌ ထင်ဟပ်နေသည်။
ဤသည်မှာ သူ ဟွမ်ဝူကျင်း၏ ဘဝအဆုံးသတ် ဖြတ်သွားတော့မည်လော...
Chapter 285
ဘုန်း...
ဤကဲ့သို့ကျဥ်းထဲကျပ်ထဲအခိုက်အတန့်တွင် ရုတ်တရက် ပေါက်ကွဲသံကြီးတစ်သံ မြည်ဟီးသွားသည်။
သို့ရာတွင် ဤပေါက်ကွဲသံသည် မီးဒြပ်စင်၏တိုက်ခိုက်မှုမှမဟုတ်ဘဲ ဟွမ်ဝူကျင်း၏သိုလှောင်လက်စွပ်မှ ဖြစ်နေသည်။
ဤပေါက်ကွဲသံနှင့်အတူ တစ်ချိန်တည်းမှာပင် တောက်ပသောအနီရောင်အလင်းတန်းတစ်တန်းက သူ့ရှေ့၌ထွက်ပေါ်လာသည်။
ထိုအနီရောင်အလင်းတန်းအကြား၌ ပုံရိပ်တစ်ခု မတ်တတ်ရပ်နေသည်။
ထိုပုံရိပ်သည် သူ၏ခြေလက်များကို ဆန့်တန်းထားကာ လေထုအလယ်၌ မားမားမတ်မတ်ရပ်နေပြီး ကြီးကျယ်ခမ်းနားသော ကိုယ်နေဟန်ထားမျိုးရှိသည်။
သူ၏လေးထောင့်ကျကျခေါင်းထက်တွင် ကြီးမားသောဘူးညွန့်တစ်ညွန့်ရှိကာ သူ၏လေးထောင့်ကျကျမျက်နှာပေါ်တွင် ခပ်စွေစွေမျက်ခုံးတစ်စုံရှိကာ သူ၏မျက်လုံးများသည် တောက်ပနေပေ၏။ သူသည် အနားများနှင့်ထောင့်များပါသည့် စွပ်ကျယ်တစ်ထည်ကိုဝတ်ဆင်ထားကာ သူ၏ခါးတဝိုက်တွင် သစ်ရွက်စိမ်းတစ်ရွက်ရှိနေသည်။
"အမ်...ဒါက ဘာလဲ"
ဟွမ်ဝူကျင်းသည် ထိုလူကိုမြင်တွေ့ချိန်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
သိုင်းအင်ပါယာတစ်ယောက်ဖြစ်သော သူ၏အစွမ်းထက်သောမှတ်ဥာဏ်ကြောင့် သူ့ရှေ့ရှိလူသည် ရီဖုန်း သူ့အားပေးထားသော သစ်သားပန်းပုရုပ်လေးနှင့် တစ်ထပ်တည်းတူညီနေသည်ကို သူ အမှတ်ရသွားလေ၏။
ထို့ထက်ပို၍တိတိကျကျပြောရလျှင်....
သူ့အား ပိတ်ဆို့ဟန့်တားပေးထားသောလူသည် ရီဖုန်း သူ့အားပေးထားသည့် သစ်သားပန်းပုရုပ်ထုလေးပင်။
ဤသစ်သားရုပ်ထု၏လုပ်ဆောင်နိုင်စွမ်းကြောင့် သူ အံ့အားသင့်နေစဥ်မှာပင် ပို၍အံ့အားသင့်တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုက သူ၏မျက်လုံးရှေ့၌ ရုတ်တရက် ထွက်ပေါ်လာသည်။
သူ၏ရှေ့ရှိ ဟူလုရုပ်ထုသည် ရုတ်တရက်ကြီးထွားလာကာ မြင့်မားသောလူဘီလူးကြီးတစ်ကောင်ဖြစ်သွားပြီး ဤအချိန်အခိုက်အတန့်တွင် ဟွမ်ဝူကျင်းသည် ထိုရုပ်ထု၏ခြေဖနောင့်ကိုသာ မြင်တွေ့ရတော့သည်။
မီးဒြပ်စင်၏သတ်ဖြတ်ခြင်းလှုပ်ရှားမှုဖြစ်သော တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားများ လွှမ်းခြုံနေသည့် ကြီးမားသောမီးလုံးကြီးသည် လူဘီလူးကြီး၏လက်အတွင်း၌ အရုပ်ငယ်တစ်ရုပ်ဖြစ်သွားသည်။ သူသည် ထိုမီးလုံးကြီးကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်၏။
ထို့နောက် သူသည် ထိုအရာကို မီးဒြပ်စင်ထံသို့ ပြင်းပြင်းထန်ထန် ပြန်လည်ပစ်ခတ်လိုက်သည်။
"အား...."
စူးရှကျယ်လောင်သော အော်သံကြီးနှင့်အတူ မီးဒြပ်စင်သည် သူ၏တိုက်ခိုက်မှုအောက်တွင် သူကိုယ်တိုင်သေဆုံးသွားလေပြီ။
ထို့နောက် ဟွမ်ဝူကျင်း၏ကြက်သေသေနေသောအကြည့်အောက်တွင် ဘူးညွန့်လူဘီလူးကြီးသည် သူ၏နံဘေးရှိတောင်တစ်လုံးကိုဆွဲမကာ သူ၏ခေါင်းထက်သို့မြှောက်ပြီး ကြွင်းကျန်သော သစ်သားဒြပ်စင်နှင့်မြေဒြပ်စင်တို့ထံဦးတည်၍ ပြင်းပြင်းထန်ထန် ပစ်ပေါက်လိုက်၏။
"ဘုန်း..."
မြေပြင်တုန်ခါသွားသောအသံကြီး မြည်ဟီးလာကာ တောင်ကြောတလျှောက်လုံး တုန်ခါသွားသည်။ သစ်သားဒြပ်စင်နှင့်မြေဒြပ်စင်တို့သည် ဤတောင်ကြီးနှင့်ထုချေခံရမှုအောက်တွင် အော်ဟစ်ရန်ပင်အချိန်မရှိဘဲ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။
ဤအရာများအားလုံးသည်....
မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ဖြစ်ပွားသွားခြင်းပင်။
ဟွမ်ဝူကျင်း အသိဝင်ရန် အချိန်မရသေးမီမှာပင် မီးဒြပ်စင်နှင့်တခြားနှစ်ယောက်သည် အရိပ်အယောင်ပင်မကျန်ရှိဘဲ သေဆုံးသွားလေပြီ။
ဂလု...
ဟွမ်ဝူကျင်းက တံတွေးမျိုချလိုက်သည်။
သူ၏နဖူးမှ ဇောချွေးများ စီးကျလာသည်။
သူကဲ့သို့ အစွမ်းထက်သောလူတစ်ယောက်ပင်လျှင် ဖရိုဖရဲဒြပ်စင်များ၏ တုန်လှုပ်ချောက်ချားဖွယ်နည်းလမ်းများအောက်တွင် တားမြစ်ကန့်သတ်ခြင်းခံခဲ့ရသည်။
သူ မည်မျှပင်တွေးတောပါစေ မထင်မရှားသစ်သားရုပ်ထုလေးတစ်ရုပ်မှနေ၍ မည်သည်ကြောင့် ဤကဲ့သို့ကြီးမားသောစွမ်းအားများ ထုတ်လွှက်နိုင်သည်ကို သူ ရှာဖွေဖော်ထုတ်၍မရချေ။
ဤနေရာတွင် မည်သို့ဖြစ်ပျက်သွားသနည်း...
ထောင်နှင့်ချီသောအတွေးများက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ရီဖုန်းသည် သာမာန်သေမျိုးတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားသော်လည်း မည်သည်ကြောင့် သူ့အားပေးအပ်သော ပစ္စည်းထံတွင် ဤကဲ့သို့အလွန်ကြီးမားသောစွမ်းအားများပါဝင်နေသနည်း။
ဖြစ်နိုင်သည်မှာ သူ၏ညီငယ်လေးသည် ဖုံးကွယ်ထားသောဆရာကြီးတစ်ယောက် ဖြစ်နေသလော...
သို့ရာတွင် ဤအချက်မှာလည်း မဖြစ်နိုင်ချေ။
အကယ်၍ ရီဖုန်းသာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပါက ဤမျှထိရက်ပေါင်းများစွာ အတူတကွကုန်ဆုံးပြီးနောက် ဆယ်ဘဝသိုင်းအင်ပါယာတစ်ယောက်ဖြစ်သော သူ့အနေဖြင့် သဲလွန်စတစ်ခုတစ်လေမျှ သတိမပြုမိရန်မှာ မဖြစ်နိုင်ချေ။
ထိုသို့မဟုတ်ပါက...
သူ၏ညီငယ်လေးသည် အင်မော်တယ်တစ်ယောက် ဖြစ်နေသလော...
သို့ရာတွင် ဤသုံးသပ်ချက်သည် ပို၍ပင် အတွေးခေါင်ရာကျသည်။
တခြားသူများ မသိရှိနိုင်သော်လည်း သိုင်းအင်ပါယာနယ်ပယ်သို့ ဝင်ရောက်ပြီးသူများသည် အင်မော်တယ်မြစ်ကုန်းမြေ၌ အင်မော်တယ်လမ်းကြောင်း ပြတ်တောက်သွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိထားကြလေ၏။
ပြောရမည်ဆိုလျှင်...
ယခုအချိန်ကာလ၌ အင်မော်တယ်မြစ်ကုန်းမြေအတွင်းတွင် အင်မော်တယ်များထွက်ပေါ်လာရန်မှာ မဖြစ်နိုင်ချေ။ တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေမှ ထိပ်သီးကျင့်ကြံသူများသည်လည်း အင်မော်တယ်မြစ်ကုန်းမြေသို့ရောက်လာရန် မဖြစ်နိုင်ပေ။
ဤအချိန်အခိုက်အတန့်တွင် ကြီးမားသောလူဘီလူးကြီးသည် ရုတ်တရက်ကျုံသွားကာ သစ်သားပန်းပုရုပ်လေးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီး ဟွမ်ဝူကျင်း၏ခြေထောက်အနီးသို့ကျလာသည်။
ဟွမ်ဝူကျီးသည် ထိုသစ်သားပန်းပုရုပ်လေးကို ကောက်ယူ၍ ဂရုတစိုက်စစ်ဆေးလိုက်သော်လည်း ကွဲအက်သွားပြီဖြစ်ကြောင်း သူ တွေ့မြင်လိုက်ရသည်။
"ဒါက ဘာလို့ဒီလိုဖြစ်သွားတာလဲ"
ကွဲအက်သွားသော သစ်သားပန်းပုရုပ်ထုလေးကိုကြည့်ရင်း ဟွမ်ဝူကျင်း၏စိတ်အတွင်း၌ ဖြစ်နိုင်ချေတစ်ခုကို မှန်းဆမိသည်။
ဤသစ်သားပန်းပုရုပ်ထုလေးသည် အင်မော်တယ်လမ်းကြောင်း ပြတ်တောက်မသွားမီ အင်မော်တယ်တစ်ယောက်မှ ကျန်ခဲ့ခြင်းဖြစ်ပေမည်။ ထို့နောက် အမျိုးအမည်မသိသောအကြောင်းအရင်းတချို့ကြောင့် ထိုအရာသည် သေမျိုးလောကအတွင်းသို့ ကျရောက်လာခြင်းဖြစ်ပေမည်။
ကံကြမ္မာကောင်းတချို့ကြောင့် ထိုအရာသည် ရီဖုန်း၏လက်အတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်ပေလိမ့်မည်။ ထို့နောက် ရီဖုန်းသည် သူ့အား အမှတ်တရလက်ဆောင်အဖြစ် ထိုအရာကိုပေးအပ်ခဲ့ရာမှ သူ၏အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းပင်။
ဤသည်မှာ ထိုရုပ်ထုသည် စွမ်းအားကိုတစ်ကြိမ်ထုတ်လွှတ်ပြီးသည်နှင့် အက်ကွဲသွားခဲ့ရသော အကြောင်းရင်းကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။
ထိုရုပ်ထု၏ကြီးမားသော စွမ်းအားများသည် သမိုင်းစဥ်တလျှောက် တဖြည်းဖြည်းလျော့ပါးလာပေမည်။ အစောပိုင်းက ရုပ်ထုသည် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်အသုံးပြုပြီးနောက် ထိုအရာ၏ကိုယ်ထည်အတွင်း၌ သိုလှောင်ထားသည့် စွမ်းအားများအားလုံး လုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့သည်။
"ညီငယ်လေး...မင်းက တကယ့်ကို ကံကောင်းတဲ့သူပဲ...အစတုန်းကတော့ ငါက မင်းကိုယ်မင်း ကာကွယ်နိုင်ဖို့ ပစ္စည်းတစ်ခု မင်းကို ပေးချင်ခဲ့တာ....မမျှော်လင့်ဘဲ မင်း ငါ့ကိုပေးလိုက်တဲ့ပစ္စည်းက ငါ့ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်"
ဟွမ်ဝူကျင်းက ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စိတ်ဖြင့် ပြုံးလိုက်သည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤသည်ကို ကောင်းမှုကြောင့် ကောင်းကျိုးပြန်ရသည်ဟု ယူဆနိုင်ပေ၏။
အကယ်၍ သူသည် ရီဖုန်းကို ကျောက်စိမ်းဆွဲသီးမပေးခဲ့ပါက ရီဖုန်းသည်လည်း သူ့အား ဤသစ်သားပန်းပုရုပ်ထုလေးကို ပေးလိမ့်မည်မဟုတ်ချေ။ ထိုသို့ဆိုပါက သူ၏အသက်ကိုလည်း ကယ်တင်နိုင်တော့မည်မဟုတ်ပေ။
ထိုကိစ္စကို တွေးတောပြီးနောက် သူသည် သစ်သားပန်းပုရုပ်ထုလေးကို ပြန်လည်သိမ်းဆည်းကာ သူ၏အကြည့်များ တဖန်ပြန်၍တည်ကြည်လေးနက်သွားသည်။
အကြောင်းအရင်းမှာ မီးဒြပ်စင်နှင့်တခြားနှစ်ယောက်ကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းကို ရှောင်လွှဲနိုင်ခဲ့သော်လည်း သတ်ဖြတ်ခြင်းဝင်္ကပါအတွင်း၌ ပိတ်မိနေသော အကျပ်အတည်းကို သူ ယခုထိတိုင် မဖြေရှင်းနိုင်သေးသောကြောင့်ပင်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားလေပြီ။
ပျင်းရိငြီးငွေ့နေသော ရီဖုန်းသည် သစ်ပင်တစ်ပင်ကိုမှီ၍ အိပ်နေသည်မှာ တစ်ရေးတစ်မောပင် ရနေလေပြီ။
သို့ရာတွင် သူ ပြန်နိုးလာချိန်၌ ဟွမ်ဝူကျင်းနှင့်ယွင်လန်တို့နှစ်ယောက်လုံး ပြန်မရောက်သေးသည်ကို သူ သိရှိလိုက်ရသည်။
ထူထပ်သိပ်သည်းသောမြူခိုးများကိုကြည့်ပြီး ရီဖုန်းက အလွန်စိုးရိမ်ပူပန်သွားသည်။
အချိန်တခဏခန့် တွေးတောပြီးနောက် သူသည် ဟွမ်ဝူကျင်းကို လိုက်လံရှာဖွေရန် ဆုံးဖြတ်လိုက်၏။
"မင်း ဒီနေရာမှာပဲနေ....ဘယ်မှလျှောက်မသွားနဲ့...တကယ်လို့ အကိုကြီးနဲ့ သူ့ရဲ့သက်တော်စောင့် ပြန်ရောက်လာရင်...ငါ ပြန်လာတဲ့အချိန်ထိ ဒီနေရာမှာပဲ အတူတူစောင့်နေကြ"
ရီဖုန်းက လုပမ်ဝေကို ညွှန်ကြားလိုက်သည်။
"အာ့...."
လုပမ်ဝေသည် သူ၏မေးရိုးများကို ဖွင့်ချည်ပိတ်ချည်လုပ်လိုက်သော်လည်း သူ့အား ရီဖုန်း စူးစိုက်ကြည့်နေသည်ကို မြင်တွေ့ချိန်တွင် သူ၏စကားလုံးကို အလျှင်အမြန် ပြောင်းလဲလေသည်။
"အင်း....."
လုပမ်ဝေ သဘောတူညီလိုက်သည်ကိုကြည့်ပြီး ရီဖုန်းသည် သူ၏ခွေးကိုခေါ်ဆောင်ကာ မြူခိုးများအကြားသို့ဝင်လိုက်၏။
အမှန်အားဖြင့်...
သူ မြူခိုးများအကြားသို့ အကြောက်အလန့်ကင်းစွာဖြင့် ဝင်ရဲသည်မှာ သူနှင့်အတူ သူ၏ခွေးရှိနေသောကြောင့်ပင်။ ထို့ကြောင့် အကယ်၍ သူ လမ်းပျောက်သွားလျှင်ပင် ခွေးသည်အနံခံ၍ လမ်းကြောင်းအတိုင်း ပြန်သွားနိုင်ပေမည်။
ထို့ကြောင့် ရီဖုန်းသည်ခွေးနှင့်အတူ မြူခိုးများအကြားသို့ လျှောက်လှမ်းရင်း လျှောက်လှမ်းရင်းဖြင့်....
နောက်ဆုံး၌ ခွေးက ဟောင်သံတစ်ချက်ပေးလေသည်။
ထိုအသံကိုကြားချိန်တွင် ရီဖုန်းသည် ပတ်ဝန်းကျင်အား အလျှင်အမြန်ဝေ့ဝိုက်ကြည့်လိုက်ရာ ရှေ့ရှိ ထူထပ်သိပ်သည်းသော မြူခိုးများအကြား၌ လူတစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့မြင်မိလေ၏။
ထိုလူ၏ပုံပန်းသွင်ပြင်အရ အကဲခတ်ကြည့်ပါက ဟွမ်ဝူကျင်းဖြစ်နိုင်သည်။
"အကိုကြီး"
ရီဖုန်းက ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သိုင်းအင်ပါယာတစ်ယောက်၏အလွန်အမင်းထက်ရှသော အာရုံခံနိုင်မှုစွမ်းရည်ကြောင့် ဟွမ်ဝူကျင်းသည် ရီဖုန်း၏အသံကို ချက်ချင်းကြားမိလေ၏။
ရီဖုန်းသည် သူ့အားရှာဖွေရန်အတွက် ဤနေရာထိရောက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
သို့ရာတွင် နောက်ထပ်အချိန်အခိုကိအတန့်မှာပင်.....
သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
အကြောင်းအရင်းမှာ ရီဖုန်းသည် သူ့ထံသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းလာသောကြောင့်ပင်။
Thank For Reading.