အခန်း (၂၈၆-၂၉၀)
Vol. 20 Ch. 286-290
Chapter 286
ဤသည်မှာ ဟွမ်ဝူကျင်း၏မျက်နှာကို ချက်ချင်းပျက်ယွင်းသွားစေသည်။
ဤနေရာတဝိုက်တွင် သတ်ဖြတ်ခြင်းဝင်္ကပါကြီး ရှိနေသည်ကို သိထားရပေမည်။
ထို့ပြင် ဤသတ်ဖြတ်ခြင်းဝင်္ကပါ၏ပြဿနာပေးနိုင်မှုအဆင့်သည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။ မီးဒြပ်စင်တို့သုံးယောက် သေဆုံးသွားပြီးနောက် သူ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည့်တိုင် ဤဝင်္ကပါကိုရင်ဆိုင်ရန် ကူကယ်ရာမဲ့ဖြစ်နေဆဲပင်။
ဤသတ်ဖြတ်ခြင်း ဝင်္ကပါသည် သူ့ကဲ့သို့ သိုင်းအင်ပါယာတစ်ယောက်ကို ခြေလှမ်းတစ်ဝက်မျှပင် မလှမ်းဝံ့အောင် ဖြစ်စေခဲ့သည်။ အကယ်၍ ရီဖုန်းကဲ့သို့ သာမာန်သေမျိုးတစ်ယောက်သာ ဤဝင်္ကပါအတွင်းသို့ တိုးဝင်လာပါက သေဆုံးရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ထို့ကြောင့် ဤသတ်ဖြတ်ခြင်းဝင်္ကပါကို မမြင်နိုင် မထိနိုင်ဖြစ်သဖြင့် ဟွမ်ဝူကျင်းက အလျင်စလို အော်ဟစ်လိုက်သည်။
"ညီငယ်လေး...ဒီနေရာကို မလာနဲ့...ဒါက သတ်ဖြတ်ခြင်းဝင်္ကပါပဲ"
"ဒါက ဘာ...."
ရီဖုန်းက နားစွင့်ကာ အော်ဟစ်လိုက်၏။
"ဒါက သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုပဲ"
ဟွမ်ဝူကျင်းက ထပ်မံ၍အော်ဟစ်သည်။
"ဘာအပ်လဲ.."
ရီဖုန်းက တုံ့ပြန်အော်ဟစ်လေသည်။
"ဒီနေရာမှာ သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုရှိနေတယ်"
ဟွမ်ဝူကျင်း၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပို၍ပို၍ ထင်ဟပ်လာသည်။
"ဒါက....ဘာလဲ..."
ရီဖုန်းသည် သဲသဲကွဲကွဲ မကြားရဆဲပင်။
"သတ်ဖြတ်ခြင်းဝင်္ကပါ...သတ်ဖြတ်ခြင်းဝင်္ကပါ....သတ်ဖြတ်ခြင်းဝင်္ကပါ..."
ဟွမ်ဝူကျင်းသည် အလွန်စိုးရိမ်ပူပန်နေသဖြင့် သူက ခြေဆောင့်၍ အော်ဟစ်လိုက်သည်။
သို့ရာတွင် သဲသဲကွဲကွဲမကြားရဆဲဖြစ်သောရီဖုန်းသည် သူ၏ခေါင်းကိုကုတ်လိုက်၏။
တစ်စုံတစ်ခုကိုပြောဆိုရန် မည်သည်ကြောင့် ဤမျှထိ စိတ်ရှုပ်ထွေးနေရသနည်း။ သူ့ထံ တိုက်ရိုက်လာပြောသည်က ပို၍ကောင်းသည်မဟုတ်လော။
ထိုအကြောင်းကိုတွေးတောရင်း သူသည် ဟွမ်ဝူကျင်း မည်သည့်အရာအားအော်ဟစ်နေသည်ကို သူ ထပ်မံ၍ဂရုမစိုက်တော့ဘဲ ထိုနေရာသို့ တိုက်ရိုက်လျှောက်လှမ်းသွားလိုက်သည်။
ထိုအခြင်းအရာကိုမြင်တွေ့သော...
ဟွမ်ဝူကျင်း၏မျက်နှာ သုန်မှုန်သွားသည်။
သူသည် ဤကိစ္စ အဆုံးသတ်သွားပြီဟု တိတ်တဆိတ်တွေးတောလိုက်၏။
ရီဖုန်းသည် ဤသတ်ဖြတ်ခြင်းဝင်္ကပါအောက်တွင် ခံစားရတော့မည့် ဆိုးဆိုးရွားရွားအသွင်အပြင်ကို တွေးတောမိချိန်တွင် သူ၏မျက်နှာပေါ်တွင် နာကျင်ကြေကွဲသောအမူအယာမျိုး ထင်ဟပ်လာသည်။
သို့ရာတွင် မမျှော်လင့်ဘဲ...
ရီဖုန်းသည် လမ်းတလျှောက်လုံး ချောချောမွေ့မွေ့ ဖြတ်ကျော်လာနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
ဤမြင်ကွင်းသည်...
ရုတ်ချည်းဆိုသလိုပင် ဟွမ်ဝူကျင်းကို ကြက်သေသေသွားစေသည်။
မည်သည်ကြောင့် ဤသို့ဖြစ်ပျက်သွားသနည်း....
မည်သည်ကြောင့် ဤသတ်ဖြတ်ခြင်းဝင်္ကပါသည် ရီဖုန်းအပေါ်တွင် သက်ရောက်မှုမရှိသနည်း....
ဖြစ်နိုင်သည်မှာ ရီဖုန်းသည် သတ်ဖြတ်ခြင်းဝင်္ကပါ၏အပိုင်းအခြားအတွင်းသို့ မရောက်သေးသဖြင့် ဤအရာသည် ယခုထိတိုင် အစမပျိုးသေးခြင်းဖြစ်သလော....
သူ ထိုသို့တွေးတောနေစဥ်မှာပင် သူရှေ့၌နီးကပ်စွာရှိနေသော မျက်နှာတစ်ခုကို ရုတ်တရက် တွေ့မြင်မိသဖြင့် သူ ထိတ်လန့်တုန်လှုပ်သွားသည်။
ယခုကြည့်ကြည့်တော့မှ သူ အတွေးလွန်နေစဥ်တွင် ရီဖုန်းသည် သူ့ထံသို့ ရောက်ရှိလာခြင်းပင်။
ရီဖုန်းသည် သူ၏ပခုံးကိုပုတ်၍ စကားပြောဆိုသည်ကို သူ မြင်တွေ့မိလေ၏။
"ဟေး အကိုကြီး...မင်း ဒီနေရာမှာ မှိုင်တွေပြီး ဘာလုပ်နေတာလဲ....ငါက မင်းကို ခက်ခက်ခဲခဲ ရှာနေခဲ့ရတာ...ဒါပေမယ့် မင်းက တော်တော်လေးပါးနပ်တယ်...မြူခိုးတွေကြားမှာ အလွယ်တကူလမ်းပျောက်မှာကိုသိတာကြောင့် မင်းက ဒီနေရာမှာစောင့်နေတာမလား"
ဤအချိန်အခိုက်အတန့်တွင်....
ဟွမ်ဝူကျင်းသည် အလွန်ထိတ်လန့်တုန်လှုပ်သွားသဖြင့် သူ၏နှလုံးသား ခုန်ထွက်သွားတော့လုမတတ်ပင်။
သူ ရီဖုန်းကိုကြည့်နေသောပုံစံသည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့ရသည့်အလားပင်။
ပြောရမည်ဆိုရင် ယခင်က ရီဖုန်းခြေချထားသည့်နေရာသည် သတ်ဖြတ်ခြင်းဝင်္ကပါ၏အပိုင်းအခြားအတွင်းသို့ မရောက်သေးချေ။ သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် သူ့ရှေ့၌မတ်တတ်ရပ်နေသဖြင့် သတ်ဖြတ်ခြင်းဝင်္ကပါ၏အပိုင်းအခြားအတွင်း၌ ရှိမနေရန်မှာ မဖြစ်နိုင်ပေ။
သို့ရာတွင် ရီဖုန်းသည် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့သလော....
ဤှသည်မှာ ရီဖုန်း ဒုက္ခတွေ့ရန် သူ မျှော်လင့်နေခြင်းမဟုတ်ချေ။ သူ ဤကိစ္စကို မဖော်ထုတ်နိုင်ရုံသက်သက်ပင်။
သူ ခြေထောက်တစ်ဖက်ကို ညင်သာစွာရွှေ့လိုက်ချိန်တွင် ဝင်္ကပါမှ အစွမ်းထက်သောတိုက်ခိုက်မှုများက သူ့ထံသို့ တိုးဝင်လာခဲ့သည်။ သူ့ကဲ့သို့ သိုင်းအင်ပါယာတစ်ယောက်ပင် ပေါ့ပေါ့တန်တန် ခြေတစ်လှမ်းမလှမ်းဝံ့ရာ မည်သည်ကြောင့် သာမာန်သေမျိုးတစ်ယောက်သည် ချောချောမွေ့မွေ့ ဖြတ်ကျော်လာနိုင်ခဲ့သနည်း။
ဤသည်မှာ ဟွမ်ဝူကျင်းကို ကြက်သေသေသွားစေခဲ့သည်။
ဤသည်မှာ သူ၏တွေးခေါ်နိုင်မှုကို လုံးလုံးလျားလျား ဆန့်ကျင်နေပေ၏။
ဟွမ်ဝူကျင်းသည် ယခင်က သစ်သားပန်းပုရုပ်လေးနှင့်ဆက်စပ်ကာ ရီဖုန်းကို သူ ထွင်းဖောက်မမြင်နိုင်သော ထိပ်သီးဆရာကြီးတစ်ယောက်ဟု ယူဆခဲ့မိသည်။ သို့ရာတွင် ဤအချက်မှာလည်း အဓိပ္ပါယ်ရှိမနေချေ။
အကြောင်းအရင်းမှာ မည်မျှထိ အစွမ်းထက်သော ထိပ်သီးဆရာကြီးဖြစ်နေပါစေ သတ်ဖြတ်ခြင်းဝင်္ကပါ၏အစွမ်းထက်သောတိုက်ခိုက်မှုများကို လှုံဆော်ပေးနိုင်ပေမည်။ အများဆုံးအနေဖြင့် သူတို့သည် ဤသတ်ဖြတ်ခြင်းဝင်္ကပါမှ တိုက်ခိုက်မှုများကို လွယ်လင့်တကူ အနိုင်ယူနိုင်ရုံသာရှိပေမည်။
သို့ရာတွင် ယခုချိန်၌ ဤသတ်ဖြတ်ခြင်းဝင်္ကပါသည် ရီဖုန်း၏တည်ရှိမှုကို လုံးလုံးလျားလျား လျစ်လျှူရှုထားလေ၏။
ဤနေရာ၌ မည်သို့ဖြစ်ပျက်နေသနည်း....
သူ ထိတ်လန့်တုန်လှုပ်ကာ ရီဖုန်းအားမေးမြန်းရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ရီဖုန်းသည် ခွေးနှင့်အတူ အဝေးသို့ပြန်ထွက်သွားကာ သူ့အား အော်ပြောလိုက်သည်ကို သူ မြင်တွေ့မိသည်။
"အကိုကြီး...ဘာမှအာရုံနောက်ခံမနေနဲ့...ငါတို့ အခု ဒီနေရာကနေ ထွက်သွားလို့ရပြီ...ခွေးတစ်ကောင်ရှိနေမှတော့ ငါတို့လမ်းပျောက်မှာမဟုတ်ဘူး...ငါတို့ သူ့နောက်ကနေ မြန်မြန်လိုက်ကြရအောင်"
ဟွမ်ဝူကျင်း ပို၍ပင်စိတ်ရှုပ်ထွေးသွားသည်။
ရီဖုန်းသည် သူ၏လက်များကိုနောက်ပစ်၍ လမ်းလျှောက်နေကာ သီချင်းတစ်ပုဒ်ညည်းရင်း သူ၏ခေါင်းကိုယိမ်းနေသည်အား ဟွမ်ဝူကျင်း မြင်တွေ့မိသည်။ ဟွမ်ဝူကျင်းသည် သူ့မျက်လုံးရှေ့ရှိ အရာရာတိုင်းသည် အစစ်အမှန်မဟုတ်သည့်အလား ခံစားမိလေ၏။
"ဖြစ်နိုင်တာတော့ ညီငယ်လေးရီဖုန်း ဝင်လာတဲ့အချိန်မှာ သတ်ဖြတ်ခြင်းဝင်္ကပါရဲ့စွမ်းအားတွေ အလိုအလျောက် ပျက်ပြယ်သွားတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာများလား"
သူသည် အချိန်အတော်ကြာ တွေးတောပြီးနောက် ဤဖြေရှင်းချက်တစ်ခုကိုသာ ရှာတွေ့ခဲ့သည်။
ထိုသို့တွေးတောပြီးနောက် သူသည် သတိကြီးစွာထားကာ ခြေတစ်လှမ်းလှမ်းလိုက်၏။
တိကျသေချာစွာပင်....
သတ်ဖြတ်ခြင်းဝင်္ကပါ ပျောက်ကွယ်သွားလေပြီ။
ထိုသို့ဆိုပါက သူ၏အတွေးအတိုင်းသာ ဖြစ်ပေမည်။
ဟွမ်ဝူကျင်းက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ကြည့်ရသည်မှာ သတ်ဖြတ်ခြင်းဝင်္ကပါ၏စွမ်းအား ပျက်ပြယ်သွားချိန်နှင့် ရီဖုန်း ဝင်ရောက်လာချိန်သည် တိုက်ဆိုင်သွားပုံပင်။
ဤသည်မှာ သူ၏ဘဝအတွင်းတွင် သတ်ဖြတ်ခြင်းဝင်္ကပါ အလိုအလျောက်ပျက်ပြယ်သွားသည်ကို မြင်တွေ့ရသော ပထမဆုံးအကြိမ်ဖြစ်သော်လည်း လက်ရှိအခြေအနေ ထိုယူဆချက်သည်သာ တစ်ခုတည်းသော ဖြေရှင်းချက်ပင်။
"ဟူး....ငါ့ရဲ့ညီငယ်လေးက တကယ့်ကို ကံကောင်းတဲ့လူတစ်ယောက်ပဲ...ငါ့ရဲ့အသက်ကို ကယ်နိုင်ခဲ့တဲ့ သစ်သားပန်းပုရုပ်ထုလေးကို ရခဲ့တာကို ထည့်မတွက်နဲ့အုံး...သတ်ဖြတ်ခြင်းဝင်္ကပါ ပျောက်ကွယ်သွားတဲ့အချိန်ကတောင် သူ ဝင်လာတာနဲ့ အပြည့်အဝ အချိန်ကိုက်ပဲ"
ဟွမ်ဝူကျင်းက သက်ပြင်းရှိုက်လိုက်၏။
ထို့နောက် သူသည် ရီဖုန်း၏နောက်သို့ အလျှင်အမြန် အမှီလိုက်ခဲ့တော့သည်။
"အကိုကြီး...ဘယ်လိုလဲ...ခုထိ မင်းရဲ့အစောင့်ကို ရှာမတွေ့သေးဘူးလား"
ရီဖုန်းက မေးမြန်းသည်။
ဟွမ်ဝူကျွင်း၏အကြည့် အနည်းငယ်မှုန်တေသွားကာ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ဤှသည်မှာ သူ့အား ဖရိုဖရဲဒြပ်စင်ငါးယောက်မှ ခင်းကျင်းထားသော သတ်ဖြတ်ခြင်းလှုပ်ရှားမှုဟူသည်မှာ သိသာထင်ရှားလှ၏။ သူ ဟွမ်ဝူကျင်းပင်လျှင် ရီဖုန်း ပေးထားသော သစ်သားပန်းပုရုပ်လေးကိုမှီခို၍ ဘေးအန္တရာယ်မှ လွတ်မြောက်လာခြင်းဖြစ်သည်။ ယွင်လန်သည်မူ ကံဆိုးမိုးမှောင်ကျသွားနိုင်ချေရှိသည်။
ထိုသစ်သားပန်းပုရုပ်လေးအကြောင်းကို တွေးတောမိချိန်တွင် ဟွမ်ဝူကျင်းသည် အစောပိုင်းက ဖြစ်ပျက်ခဲ့သောကိစ္စများကို ရီဖုန်းအား ပြောပြသင့်မပြောပြသင့် စဥ်းစားချင့်ချိန်နေသည်။ ရီဖုန်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူ ပေးအပ်ခဲ့သော သစ်သားပန်းပုလေးသည် ဟွမ်ဝူကျင်း၏အသက်ကို ကယ်တင်နိုင်ခဲ့သည်မဟုတ်လော။
"အားယို..."
"အားရေ...."
"ဒူမတ်ဂျာရေး....ဒူမတ်ဂျာရေး...ဒူ ဒူ..."
သို့ရာတွင် ရီဖုန်းသည် လက်နောက်ပစ်လမ်းလျှောက်ရင်း ခေါင်းကိုယိမ်းကာ သူ နားမလည်သော သီချင်းတစ်ပုဒ်ကိုညည်းနေသည်ကို မြင်တွေ့ချိန်တွင် သူ ထိုအတွေးကို စွန့်လွှတ်လိုက်သည်။
အကြောင်းအရင်းမှာ ရီဖုန်းကို ထိုဖြစ်ရပ်ပြောပြရန်အတွက် သူ၏ကျင့်ကြံဆင့်နယ်ပယ်နှင့်သရုပ်မှန်အပါအဝင် အရာအားလုံးကို အပြည့်အဝပြောပြရန် လိုအပ်သောကြောင့်ပင်။
ထိုသို့သောကိစ္စများသည် ရီဖုန်းအား ထိတ်လန့်ကြောက်ရွံသွားစေသည်ဖြစ်စေမဖြစ်စေ သူ၏အဆင့်အတန်းနှင့်ကျင့်ကြံဆင့်ကို သိရှိသွားပါက ရီဖုန်းနှင့်သူ၏ ယခုကဲ့သို့ဆက်ဆံရေးကို ဆက်၍ထိန်းသိမ်းထားနိုင်ခြင်းရှိမရှိကို သူ တွေးတောရန် လိုအပ်သည်။
ထို့ကြောင့် သူ ထိုကိစ္စကိုမပြောဆိုရန် ရွေးချယ်လိုက်၏။
သစ်သားပန်းပုရုပ်လေး၏ အသက်ကယ်တင်ခဲ့သောကျေးဇူးကိုမူ သူ၏စိတ်နှလုံးသားအတွင်း၌ တိတ်တဆိတ်မှတ်သားထားကာ နောက်ပိုင်းကျမှ ပြန်ပေးဆပ်ရပေမည်။
"ဘာမှမစိုးရိမ်ပါနဲ့ အကိုကြီး...မင်းရဲ့အစောင့်က အဆင်ပြေမှာပါ....သူက မင်းလိုပဲ ထိတ်လန့်ကြောက်ရွံနေပြီးတော့ တစ်နေရာရာမှာ မလှုပ်မယှက်နေနေတာပဲ ဖြစ်မယ်...ဒီမြူခိုးတွေရှင်းသွားတာနဲ့ သူ ပြန်ရောက်လာမှာပါ"
ရီဖုန်းက ရယ်မောကာ အားပေးစကား ပြောဆိုသည်။
"ဒီလိုပဲဖြစ်လာဖို့ ငါ မျှော်လင့်ပါတယ်"
ဟွမ်ဝူကျင်းက အားတင်း၍ ရယ်မောလိုက်၏။
အမှန်အားဖြင့် သူ စိုးရိမ်ပူပန်ဆုံးမှာ ယွင်လန်မဟုတ်ဘဲ ယခုထိတိုင် ပေါ်မလာသေးသော တခြားတစ်ယောက်ပင်။
ရေဒြပ်စင်....
ဟွမ်ဝူကျင်းကိုပင် ထိတ်လန့်တုန်လှုပ်စေသော အမျိုးသမီးတစ်ယောက်....
ဟွမ်ဝူကျင်းသည် သူ့ကိုယ်သူပြန်၍ မေးခွန်းထုတ်လိုက်၏။ ဤဖရိုဖရဲနယ်မြေတစ်ခုလုံးတွင် သူ ကြောက်ရွံရသော လူအမြောက်အများမရှိသော်လည်း ဤရေဒြပ်စင်သည် သေချာပေါက်ပါဝင်သူတစ်ယောက်ပင်။
ချဲ့ကားပြောဆိုရလျှင် အကယ်၍ သူ၏အဆင့်အတန်းကြောင့် သူ့ကိုယ်သူ ထိန်းချုပ်ထားခြင်းသာမရှိပါက သူသည် ထိုအမျိုးသမီးကိုမြင်တွေ့သည်နှင့် နောက်သို့လှည့်ကာ ထွက်ပြေးသွားမိပေမည်။
ထို့ပြင် ဒြပ်စင်ငါးယောက်၏လှုပ်ရှားမှုပုံစံအရ အကဲဖြတ်ကြည့်ပါက မီးဒြပ်စင်တို့သုံးယောက် ဤနေရာတွင် ထွက်ပေါ်လာသဖြင့် ရေဒြပ်စင်သည်လည်း ဤတောင်ပေါ်တွင် သေချာပေါက်ရှိနေပေမည်။
Chapter 287
ထိုအမျိုးသမီး ဤတောင်ပေါ်တွင်ရှိနေခြင်းကြောင့် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူ သေချာပေါက် သူမနှင့်ရင်ဆိုင်တွေ့ပေမည်။
သတ္ထုဒြပ်စင်၏သေဆုံးမှုကို ဘေးဖယ်ထားလျှင်ပင် အကယ်၍ ထိုအမျိုးသမီးသည် သစ်သားဒြပ်စင် မီးဒြပ်စင်နှင့်မြေဒြပ်စင်တို့ သေဆုံးသွားသည်ကိုသာ သိရှိသွားပါက သူတို့တွေ့ဆုံချိန်တွင် အသေအကြေတိုက်ပွဲဆင်နွှဲရမည်မှာ သေချာပေါက်ပင်။
ထိုအကြောင်းကို တွေးတောမိရုံဖြင့် သူ ခေါင်းကိုက်သွားသည်။
အကြောင်းအရင်းမှာ ထိုအမျိုးသမီးကို ရင်ဆိုင်နိုင်မည်ဟု သူ့ထံတွင် အကြွင်းမဲ့ယုံကြည်ချက်မရှိသောကြောင့်ပင်။
သစ်ပင်တစ်ပင်အောက်တွင် လုပမ်ဝေသည် မြေပြင်ပေါ်၌ထိုင်ကာ သေလုမတတ်ပျင်းရိငြီးငွေ့နေသည်။
"ဟူး"
"အရမ်းပျင်းဖို့ကောင်းတာပဲ"
သူသည် သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ဝတ်ရုံကြားမှ ပုတီးစေ့တစ်စေ့ကိုထုတ်ပြီး မြေပြင်ပေါ်တွင် ထိုအရာကိုလှိမ့်၍ ကစားလိုက်သည်။
"အကိုကြီး...သက်ပြင်းချမနေပါနဲ့...ငါက မင်းပျော်အောင် ပြပွဲတစ်ခု လုပ်ပေးမယ်လေ"
ကင်းခြေမျှားသည် လုပမ်ဝေ၏အင်္ကျီလက်ကြားမှထွက်လာကာ သူ၏ခန္ဓာကိုယ်ကိုမတ်တတ်ရပ်ပြီး ပုတီးစေ့ကို စက်ဝိုင်းပုံလှိမ့်လိုက်၏။
"ညလေညှင်း...မင်း ဒီပုတီးစေ့ကို လှိမ့်နေတဲ့ပုံစံက နွားချေးပိုးတစ်ကောင် မစင်တုံးကို လှိမ့်နေသလိုပဲ...ဘာကြည့်ကောင်းစရာရှိလို့လဲ...မင်းကိုယ်မင်း အရှက်ရအောင်လုပ်နေတာကို ရပ်လိုက်စမ်း"
လုပမ်ဝေက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"အကိုကြီး...မင်း ပျင်းနေတဲ့ပုံရလို့ ငါက မင်းကို ဖျော်ဖြေပေးဖို့ ကြိုးစားနေတာလေ....တကယ်လို့ မင်း မပျော်သေးဘူးဆိုရင် ငါ့နဲ့ကစားမလား"
ညလေညှင်းကင်းခြေမျှားက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
လုပမ်ဝေက ညလေညှင်းကိုစူးစူးဝါးဝါးကြည့်ကာ အော်ငေါက်လိုက်သည်။
"မင်းနဲ့ကစားရင် ဘာထူးလာမှာမလို့လဲ....ငါ လိုချင်တာက ကလေးတစ်ယောက်...ငါ ဘာကိုဆိုလိုချင်တာလဲဆိုတာ မင်း သိလား"
"ဟူး....ငါ နောက်ဆုံးအကြိမ် ကလေးတစ်ယောက်ကို ထိတွေ့ခဲ့တာ အချိန်ဘယ်လောက်ကြာသွားပြီမှန်း ငါ မသိတော့ဘူး"
အရိုးစုနှင့်ကင်းခြေမျှားတို့သည် ထွေရာလေးပါး စကားပြောဆိုနေစဥ်တွင် မြူခိုးများကြားမှ လူတစ်ယောက် တိုးထွက်လာသည်။ ဤသည်မှာ အချိန်အတော်ကြာ အဝေးသို့သွားနေခဲ့သော ယွင်လန်ပင်။
"ဟူး....နောက်ဆုံးတော့ တစ်ယောက်ယောက်ကို ရှာတွေ့ပြီ...ဒီမြူခိုးတွေက ပုံမှန်မဟုတ်ဘူး"
ယွင်လန်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်၏။ သူ၏တာဝန် ပြီးဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း မြူခိုးများသည် သူ၏အမြင်အာရုံနှင့်နတ်ဘုရားစိတ်အာရုံတို့ကို ပိတ်ဆို့ထားသဖြင့် သူသည် ဟွမ်ဝူကျင်းနှင့်တခြားသူများကို ရှာတွေ့ခြင်းမရှိချေ။
သို့ရာတွင် သူ တွေ့လိုက်ရသောလူမှာ လုပမ်ဝေဖြစ်နေကြောင်း သိလိုက်ရချိန်တွင် သူ၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
"ဟေး ဂျပုကောင်....ငါ့ကို ပြောစမ်း...ငါ့ရဲ့ဆရာ ဘယ်ရောက်သွားလဲ"
ယွင်လန်က အေးစက်စက်မျက်နှာနှင့် မေးမြန်းသည်။
လုပမ်ဝေသည် ယွင်လန်ကို တစ်ချက်သာကြည့်ပြီး လျစ်လျှူရှုထားလေ၏။
ယွင်လန်၏စိတ်နှလုံးသားအတွင်းတွင် ဒေါသများဖြင့် ပြည့်နှက်သွားသည်။
'ကောင်းပြီလေ....ဂျပုကောင်...မြစ်ထဲကိုလိမ့်ကျတဲ့ မတော်တဆကိစ္စကို ငါ သည်းခံပေးလို့ရတယ်...ဒါပေမယ့် အခု မင်းက ငါ့ကို တကယ်ကြီး လျစ်လျှူရှုထားဝံ့တာလား'
သူ အမှန်တကယ်ကို ဒေါသထွက်နေမိသည်။ မည်သူမျှ ပတ်ဝန်းကျင်တွင်ရှိမနေစဥ် သူသည် လုပမ်ဝေကို သင်ခန်းစာပေးမည်ဟု တွေးတောလိုက်စဥ်မှာပင် ရှေ့ရှိမြူခိုးများအကြားမှ လူရိပ်တစ်ရိပ်ထွက်လာသည်ကို သူ ရုတ်တရက် သတိပြုမိသွားသည်။
ထိုလူသည် လှပသောမျက်နှာသွင်ပြင်ရှိကာ မလုံမလဲဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ပင်။
အာရုံဖမ်းစားနိုင်ဆုံးအရာမှာ သူမ၏ပခုံးပေါ်တွင် ကြီးကျယ်ခမ်းနားသော ရေတံခွန်အလား ဖြာကျနေသည့် ငွေရောင်ဆံပင်များပင်။
သို့ရာတွင် ဤအမျိုးသမီးကိုမြင်သည်နှင့် ဟွမ်လန်သည် သရဲတစ္ဆေတစ်ကောင်ကို တွေ့ရသည့်အလား သူ၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။
သူသည် ဤအမျိုးသမီးနှင့် ဤနေရာတွင်တွေ့ရမည်ဟု အနည်းငယ်မျှ မျှော်လင့်မထားမိချေ။
"ယွင်လန်က စီနီယာ ရေဒြပ်စင်ကို အရိုသေပြုပါတယ် … စီနီယာ ဒီနေရာမှာရှိနေတာကို ကျနော်မသိလိုက်ဘူး … ကျေးဇူးပြုပြီးတော့ ကျနော် အပြစ်တစ်ခုခု ပြုမိတာရှိရင် ခွင့်လွှတ်ပေးပါ…ကျနော်က ချက်ခြင်း ထွက်သွားပေးပါ့မယ် …"
ယွင်လန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အမျိုးသမီးကို အရိုအသေပြုလိုက်သည်။
ထို့နောက် သူသည် လုပမ်ဝေကိုကြည့်ကာ သူ၏မျက်လုံးဖြင့်အချက်ပြပြီး အော်ဟစ်လိုက်၏။
"ဂျပုကောင်...သွားကြစို့...ငါနဲ့မြန်မြန်လိုက်ခဲ့စမ်း"
သို့ရာတွင် လုပမ်ဝေသည် သူ၏စကားကို အနည်းငယ်မျှပင် ကြားပုံမရချေ။ သူသည် အနီးသို့ချဥ်းကပ်လာသော အမျိုးသမီးကိုကြည့်ကာ အမှတ်မထင် လွှတ်ခနဲရေရွတ်လိုက်သည်။
"လှလိုက်တာ ကလေးရယ်...ငါ မင်းနဲ့အတူ တစ်ညလောက်အိပ်ချင်တယ်"
သောက်ချေးပဲ..
လုပမ်ဝေ၏စကားကိုကြားချိန်တွင် ယွင်လန်သည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံသွားသည်။
ဘာကိုမှမသိနားမလည်ဘဲ မောက်မာရိုင်းစိုင်းနေတဲ့ ဂျပုကောင်....
သူသည် သူ မည်သည့်အရာအား ရင်ဆိုင်နေရသည်ကိုမသိရှိဘဲ ဤကဲ့သို့စကားများကို အရှက်မဲ့စွာ ပြောဆိုဝံ့သလော။
ယွင်လန်၏နဖူးမှ ဇောချွေးများ ယိုစီးကျလာကာ ထိုအမျိုးသမီးကို တောင်းပန်ပြုံးပြုံးပြလိုက်သည်။
"စီနီယာ...ကျွန်တော် သူ့ကို ချက်ချင်းခေါ်သွားလိုက်ပါ့မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် အဝေးသို့ထွက်သွားရန်အတွက် လုပမ်ဝေ၏လက်ကို ဆုပ်ကိုင်လိုက်၏။
သို့ရာတွင် သူ ခြေတစ်လှမ်းမလှမ်းရသေးမီမှာပင် အမျိုးသမီး၏ပါးစပ်မှ သဘောတကျရယ်မောသံ ထွက်ပေါ်လာသည်။
"မင်းက ဟွမ်ဝူကျင်းရဲ့လူ မဟုတ်လား"
ယွင်လန်သည် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသည့်အလား နေရာမှာပင် တောင့်တင်းသွားသည်။ ခါးသည်းသောအပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။
ထိုအမျိုးသမီးသည် သူ့အားသိနေမည်ဟု သူ တွေးထင်မထားချေ။ ထို့ကြောင့် သူသည် ဤအခွင့်အရေးကိုယူကာ လုပမ်ဝေကို သူနှင့်အတူခေါ်ဆောင်၍ ဤနေရာမှ အလျှင်အမြန် ထွက်သွားလိုခဲ့သည်။
သို့ရာတွင် အမျိုးသမီးသည် စကားတစ်ခွန်းတည်းဖြင့် သူ၏သရုပ်မှန်ကို ဖော်ထုတ်နိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
သူ၏သခင်ကြီးသည် ဤအမျိုးသမီးနှင့် ရေနှင့်မီးကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်သည်ကို စဥ်းစားကြည့်ပါက ယခုချိန်၌ သူ ထွက်သွားနိုင်ရန် နည်းလမ်းမရှိတော့ချေ။
"စီနီယာမှာ တကယ့်ကို စူးရှတဲ့အမြင်အာရုံ ရှိနေတာပဲ"
ယွင်လန်သည် ထွက်ပြေးရန်အတွေးကို လက်လျှော့ကာ အပြုံးတစ်ခုနှင့် နောက်သို့ပြန်လှည့်လိုက်သည်။
သို့ရာတွင် ရေဒြပ်စင်သည် ယွင်လန်ကို လျစ်လျှုရှုထားကာ သူမသည် လုပမ်ဝေ၏လက်အတွင်းရှိ ပုတီးစေ့ကိုသာ တန်းတန်းမတ်မတ် စူးစိုက်ကြည့်နေသည်။
သူမ ဤနေရာ၌ ထွက်ပေါ်လာရသော အကြောင်းအရင်းမှာ ဤပုတီးစေ့၏အရှိန်အဝါကြောင့် ဆွဲဆောင်ခြင်းခံရသောကြောင့်ပင်။
နတ်ဆိုးအင်ပါယာတစ်ယောက်၏နတ်ဆိုးအမြူတေ....
ထို့ပြင် ရေစွမ်းအင်အထူးပြု နတ်ဆိုးအမြူတေဖြစ်နေသည်။
ဤသည်မှာ သူမအတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။
"စီနီယာ...ကျွန်တော် ကျန်နေခဲ့ဖို့က ပြဿနာမရှိပါဘူး...ဒါပေမယ့် ကျွန်တော်ရဲ့ဘေးမှာရှိတဲ့ ဂျပုကောင်က အတူတူခရီးသွားလာနေတဲ့ သာမာန်သေမျိုးတစ်ယောက်ပါ...ကျေးဇူးပြုပြီးတော့ သူ့ကို ထွက်သွားခွင့်ပြုနိုင်မလား"
ယွင်လန်က ရေဒြပ်စင်ကို ပြောဆိုသည်။
တစ်ချိန်တည်းမှာပင် သူသည် ခေါင်းကိုအောက်သို့ငုံ၍ လုပမ်ဝေကို တီးတိုးပြောဆိုလိုက်၏။
"ဂျပုကောင်...ငါ မင်းကို တကယ်သဘောမကျပေမယ့်..ဒီကိစ္စက တကယ်တော့ မင်းနဲ့ဘာမှမဆိုင်ဘူး...ငါက အကောင်းဆုံးကြိုးစားပြီးတော့ မင်းလွတ်မြောက်ဖို့အတွက် နည်းလမ်းတစ်ခုရှာပေးမယ်...တကယ်လို့ မင်း ထွက်သွားနိုင်ခဲ့ရင် ငါ့ရဲ့သခင်ကြီးကိုရှာပြီးတော့ ဒီနေရာမှာဖြစ်နေတဲ့ ကိစ္စတွေကို ပြောပြလိုက်ပါ....ဒီနေရာကနေ အဝေးဆုံးကို ထွက်သွားပြီးတော့ ပြန်မလာခဲ့နဲ့"
သို့ရာတွင် ရေဒြပ်စင်သည် ယွင်လန်ကို လျစ်လျှူရှုထားဆဲပင်။
သူမ၏တောက်ပသောမျက်လုံးတစ်စုံသည် လုပမ်ဝေ၏လက်အတွင်းရှိ နတ်ဆိုးအမြူတေထံတွင်သာ စူးစိုက်၍ကျရောက်နေဆဲဖြစ်သည်။
ထို့နောက် သူမသည် သူမ၏နူးညံချောမွတ်ပြီးရှည်လျားသော ခြေထောက်များကိုမြှောက်ကာ လုပမ်ဝေထံသို့ဦးတည်ပြီး လျှောက်လှမ်းသွားလိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ယွင်လန်၏မျက်နှာအနူအယာ ပျက်ယွင်းသွားသည်။ သူသည် အံ့တင်းတင်းကြိတ်ကာ လုပမ်ဝေ၏ရှေ့၌မတ်တတ်ရပ်ပြီး ပြောဆိုလိုက်သည်။
"စီနီယာ...သူက ကျွန်တော်တို့ရဲ့ကိစ္စတွေနဲ့ မပတ်သတ်တဲ့ သာမာန်သေမျိုးတစ်ယောက်လို့ ကျွန်တော် ပြောပြီးပြီလေ...ကျေးဇူးပြုပြီးတော့ သူ့ကို လွှတ်ပေးပါ"
"နားညည်းတယ်"
နောက်ဆုံး၌ ရေဒြပ်စင်၏မျက်နှာပေါ်တွင် စိတ်မရှည်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူမ၏အသံ ကျရောက်လာသည်နှင့်အတူ ရေတစ်စက်သည် ရုတ်တရက်ထွက်ပေါ်လာကာ ကြည်လင်သောလက်ဝါးတစ်ဖက်၏ပုံစံအဖြစ်သို့ အလျှင်အမြန် ပြောင်းလဲသွားသည်။
ထိုရေလက်ဝါးသည် ယွင်လန်၏မျက်နှာကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် ယွင်လန်၏မျက်လုံးများ ပြူးကျယ်သွားကာ သူသည် မြေပြင်ပေါ်သို့ အတောင့်သားလဲကျသွားပြီး သူ၏ပါးစပ်မှ အမြုပ်တစီစီထွက်နေသည်။
"မင်းလို အသုံးမကျတဲ့အရူးကောင်က ဒီနေရာမှာ ရှိနေစရာ ဘာအကြောင်းရှိလဲ...ပြီးတော့ သူက ထွက်သွားဖို့အတွက် မင်းလိုအသုံးမကျတဲ့အရူးကောင်က သူ့ကိုကူညီပေးဖို့ လိုလို့လား"
ရေဒြပ်စင်သည် ယွင်လန်ကို အထင်အမြင်သေးစွာဖြင့်ကြည့်ကာ သူမ၏အကြည့်ကို လုပမ်ဝေထံသို့ ရွှေ့ပြောင်းကာ သူမက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်၏။
"အရှင်...နင်က ဘယ်သူလဲ"
Chapter 288
မြေပြင်ပေါ်၌လဲလျောင်းကာ ပါးစပ်မှအမြှုပ်တစီစီထွက်နေသော ယွင်လန်၏မျက်လုံးများ ပြူးကျယ်သွားသည်။
ရေဒြပ်စင် မည်သည့်အရာအား ပြောဆိုလိုက်သနည်း။
ဤလူပုလေးသည် သူ့ထက်ပို၍ သန်မာအားကောင်းသည်ဟု သူမ ဆိုလိုလိုက်သလော....
မည်သို့ဖြစ်နိုင်မည်နည်း....
သို့ရာတွင် ရေဒြပ်စင်သည် သူ့အား လုံးလုံးလျားလျား လျစ်လျှူရှုထားကာ သူ့အပေါ်မှကျော်ခွာသွားပြီး လုပမ်ဝေနှင့် ဆယ်ကိုက်အကွာခန့်တွင် ရပ်တန့်လိုက်၏။
သူမ၏မျက်လုံးများက လုပမ်ဝေကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။
သူမသည် လုပမ်ဝေကို ထွင်းဖောက်မြင်လိုပုံရသည်။
သို့ရာတွင် သူမသည် လုပမ်ဝေထံမှ ကျင့်ကြံခြင်းအရှိန်အဝါ အနည်းငယ်ကိုမျှအာရုံခံ၍မရဘဲ သူ့ကိုကြည့်ရသည်မှာ သာမာန်လူတစ်ယောက်နှင့်သာ တူညီနေသည်။
သူမ၏ခြေထောက်အောက်ရှိ အမှိုက်ကောင်သည် ဤအနက်ရောင်ဝတ်ရုံဝတ်လူကို သာမာန်သေမျိုးတစ်ယောက်ဟု ယူဆထားသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
သို့ရာတွင် သူမသည် ဤနတ်ဆိုးအမြူတေကိူ သိရှိထားပေ၏။ နှစ်ဘဝနတ်ဆိုးအင်ပါယာတစ်ကောင်၏နတ်ဆိုးအမြူတေကို ဆုပ်ကိုင်ကာ ဆော့ကစားနေသူသည် သာမာန်သေမျိုးတစ်ယောက်မဖြစ်နိုင်ချေ။
အနည်းဆုံးအနေဖြင့် ဤခန့်မှန်းမရသောအခြေအနေကြောင့် ရေဒြပ်စင်သည် ဤအချိန်အခိုက်အတန့်တွင် မဆင်မခြင်မလုပ်ဆောင်ဝံ့ချေ။
ထို့ပြင် သူ သူမအား စိုက်ကြည့်နေသောပုံစံကြောင့် သူမ အလွန်စိတ်မသက်မသာ ခံစားနေရသည်။
ရုတ်တရက်...
လုပမ်ဝေက လှုပ်ရှားလိုက်သည်။
ဤသည်မှာ ရေဒြပ်စင်ကို အလွန်ရင်ထိတ်သွားစေသည်။
သို့ရာတွင် ထိုအနက်ရောင်ဝတ်ရုံဝတ်လူသည် သူ့နံဘေးရှိ ပန်းပွင့်ငယ်တစ်ပွင့်ကိုခူးဆွတ်ကာ သူမထံသို့ လက်ကမ်းပေးမည်ဟု သူမ မျှော်လင့်မထားမိချေ။
ဤနားလည်ရခက်သောဖြစ်ရပ်ကြောင့် ရေဒြပ်စင်ကို စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားစေသည်။
"အရှင်...ဒါက ဘာကိုဆိုလိုတာလဲ"
ရေဒြပ်စင်သည် လုပမ်ဝေကို သတိနှင့်ကြည့်ကာ ပန်းပွင့်ငယ်လေးကို တစ်ချက်ကြည့်ပြီး ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်သည်။
"အော်...ငါ့ကိုယ်ငါ မိတ်ဆက်ပေးဖို့ မေ့သွားတယ်"
လုပမ်ဝေသည် သူ၏အနက်ရောင်ဝတ်ရုံကို ဖြောင့်တန်းအောင်လုပ်ကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ငါ ဆန်ကုန်မြေလေးလုပမ်ဝေက....မြင်မြင်ချင်းမှာတင် မိန်းကလေးကို ချစ်မိသွားတယ်...မိန်းကလေးနဲ့ ဒီတစ်ညကိုအတူကုန်ဆုံးဖို့ မျှော်လင့်ပြီးတော့ ပန်းပွင့်လေးတစ်ပွင့်ကို ပေးတာပါ"
ဒါက...
ရေဒြပ်စင်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဤလူသည် သူမ၏စွမ်းအားကို မသိရှိသလော.....
ဤကဲ့သို့အခြေအနေမျိုးတွင် သူမကို ပရောပရည်လုပ်၍ ပါးစပ်အရသာခံနေသလော.....
မြေပြင်ပေါ်တွင် လဲလျောင်းနေကာ ပါးစပ်မှအမြှုပ်တစီစီထွက်နေသော ယွင်လန်သည် အသက်ထွက်လုမတတ် ခံစားလိုက်ရသည်။ ဤလူပုလေးသည် သာမာန်လမ်းကြောင်းအတိုင်း သွားခြင်းမရှိချေ။ ထိုလူပုလေးသည် သမီးရည်းစားစကား ပြောနေသလော သို့မဟုတ် သေလမ်းရှာနေခြင်းလောကို သူ မသိရှိတော့ချေ။
လုပမ်ဝေ၏အကြွင်းမဲ့ရိုးသားသောသွင်ပြင်ကိုကြည့်ပြီး ရေဒြပ်စင်က ရှက်ကိုးရှက်ကန်းပြုံးကာ ပြောဆိုသည်။
"အရှင်...နင်က ငါ့ကို ခုလိုမျိုးရယ်စရာမလုပ်တာ ....ဒီလိုဆိုမှတော့ ငါက နင့်ရဲ့လက်ထဲက ပုတီးစေ့ကို လိုချင်တယ်"
"ဒါကြောင့် အရှင်က ငါ့ကို ပေးနိုင်မလား"
သူမ စကားပြောဆိုနေချိန်တွင် သူမ၏အကြည့်သည် လုပမ်ဝေထံတွင်သာ စူးစိုက်၍ကျရောက်နေပေ၏။
ယနေ့တွင် သူမ ဤနတ်ဆိုးအမြူတေ ရကိုရရမည်ဟု ဆုံးဖြတ်ချက်ချထားသည်။
အကယ်၍ ဤလူသည် ထိုအရာကို သူမအား လိုလိုလားလားပေးပါက အဆင်ပြေပေမည်။
သို့ရာတွင် အကယ်၍ သူသည် သူမကို လိုလိုလားလား မပေးလိုပါက သူမသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ခွဲခြားခြင်းမရှိသည့်တိုင် သူမ၏စွမ်းအားကိုအသုံးပြု၍ လုယူရပေမည်။
"ဒါဆိုရင် မိန်းကလေးက ဒီပုတီးစေ့ကို ကြိုက်တာပေါ့"
လုပမ်ဝေက ပြောဆိုသည်။
"ဒါက အဆင်ပြေပါတယ်....မိန်းကလေးက ငါနဲ့အတူ တစ်ညတာကုန်ဆုံးပေးပြီးတော့ ငါနဲ့အတူ ဝိုင်အရက်သောက်ရင်း စကားစမြည်ပြောပေးမယ်ဆိုတာနဲ့...ငါ ဒီဟာကို မိန်းကလေးကိုပေးမယ်"
ထိုစကားကိုကြားချိန်တွင်...
ရေဒြပ်စင်၏မျက်နှာအမူအယာ ကြိမ်ဖန်များစွာ ပြောင်းလဲသွားသည်။
သူမရှေ့ရှိ အနက်ရောင်ဝတ်ရုံဝတ်လူသည် လူကြောင်တစ်ယောက်ဟု သူမ ကောက်ချက်ချလိုက်၏။
ထိုသို့ဆိုပါက သူမသည်လည်း သူနှင့်အတူ အလိုက်သင့်စီးမျောရန် ကြိုးစားရပေမည်။
"ကောင်းပြီလေ....ငါ သဘောတူတယ်...ဒါဆိုရင် အခု နင် ငါ့ကို ပုတီးစေ့ပေးလို့ရပြီမလား"
ရေဒြပ်စင်၏နုတ်ခမ်းထောင့် မြင့်တက်သွားကာ သူမက ပေါ့ပေါ့တန်တန် ပြောဆိုသည်။
"ကောင်းတယ်....အရမ်းကောင်းတယ်"
လုပမ်ဝေက ပျော်ရွှင်စွာ ပြောဆိုလိုက်၏။ မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ သူသည် ပန်းပွင့်ငယ်လေးနှင့်အတူ သူမအား နတ်ဆိုးအမြူတေကို ပေးလိုက်သည်။
နတ်ဆိုးအမြူတေကို သူမ၏လက်အတွင်း၌ကိုင်ဆောင်ရင်း ရေဒြပ်စင်၏မျက်နှာပေါ်၌ မယုံကြည်နိုင်သောအမူအယာမျိုး ထင်ဟပ်လာသည်။
သူမသည် ဤနတ်ဆိုးအမြူတေကို လွယ်လင့်တကူရရှိမည်ဟု သူမ လုံးလုံးလျားလျား မျှော်လင့်မထားမိချေ။
သူမသည် ဤအနက်ရောင်ဝတ်စုံ၏စကားအတိုင်း အလိုက်သင့်စီးမျောရုံသက်သက်ပင်။ သူသည် သူမကို နတ်ဆိုးအမြူတေ အမှန်တကယ်ပေးမည်ဟု သူမ အနည်းငယ်မျှပင် မျှော်လင့်မထားမိချေ။
ဤအနက်ရောင်ဝတ်ရုံဝတ်လူသည် အလွန်ပင်ရက်ရောမည်ဟု မည်သူက တွေးထင်မိမည်နည်း။
သူသည် အမှန်တကယ်ကို လူကြောင်တစ်ယောက်ပင်။
သူမသည် အလွန်အမင်း စိတ်လှုပ်ရှားနေလေ၏။ ဤနတ်ဆိုးအမြူတေဖြင့် သူမသည် ကျင့်ကြံဆင့်ချိုးဖျက်မှုကို ပြုလုပ်နိုင်ပေမည်။
"မိန်းကလေး...ဒီနေရာကိုလာထိုင်...မြန်မြန်လာထိုင်ပါ"
လုပမ်ဝေသည် ကျောက်တုံးကြီးတစ်တုံးပေါ်သို့ လျှောက်လှမ်းသွားရင်း စိတ်အားထက်သန်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။ သူသည် ကျောက်တုံးပေါ်ရှိ ဖုန်မှုန့်များကိုခါကာ စိတ်အားထက်သန်စွာ လက်ယပ်ခေါ်လေသည်။
"ဟမ့်...တကယ်လို့ အဲ့ဒီနေရာမှာ တစ်ယောက်ယောက်က ထိုင်ရမယ်ဆိုရင် နင်တစ်ယောက်တည်း ထိုင်သင့်တယ်...ပြီးတော့ ဒီနတ်ဆိုးအမြူတေအတွက် ကျေးဇူးတင်ပါတယ်"
ရေဒြပ်စင်၏နုတ်ခမ်းထောင့် မြင့်တက်သွားကာ ပေါ့ပေါ့တန်တန် ပြောဆိုသည်။
မည်သို့ပင်ဆိုစေကာမူ သူမ၏လက်အတွင်း၌ နတ်ဆိုးအမြူတေ ရရှိပြီးလေပြီ။ ဤလူကြောင်နှင့် တစ်ညတာအချိန်ကုန်ဆုံးရန် မည်သူက ဆန္ဒရှိမည်နည်း။
ထိုသို့ပြောဆိုပြီးနောက် သူမက အေးစက်စက်ရယ်မောလိုက်၏။
သူမ၏ခန္ဓာကိုယ် လျှင်မြန်စွာရွေ့လျားသွားခြင်းနှင့်အတူ မြူခိုးများအကြား၌ ပျောက်ကွယ်သွားတော့သည်။
သူမ ရောက်လာမည်ကို စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်နေသော လုပမ်ဝေသည် သူမ ရုတ်တရက် ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး ကြက်သေသေသွားသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး နေရာမှာပင် တောင့်တင်းသွားလေ၏။
နံဘေးဘက်ရှိ ယွင်လန်သည် မြေပြင်ပေါ်မှ ရုန်းကန်၍ မတ်တတ်ထရပ်ကာ ထွက်ခွာသွားသော ရေဒြပ်စင်ကိုကြည့်ပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤတစ်ကြိမ်တွင် သူ သေချာပေါက်သေဆုံးရပြီဟု တွေးထင်ထားသော်လည်း ရေဒြပ်စင်သည် ဤအတိုင်းထွက်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤကဲ့သို့ ဘေးအန္တရာယ်မှအသက်ရှင်လွတ်မြောက်လာသော ခံစားချက်သည် သူ့အား အံ့အားသင့်ဖွယ်ကောင်းသော စိတ်သက်သာရာရမှုကို ရရှိစေသည်။
သူက လုပမ်ဝေကို အလျှင်အမြန် မေးမြန်းလိုက်၏။
"လူပုလေး...ဘာတွေဖြစ်သွားတာလဲ...ငါတို့နှစ်ယောက်ကို သတ်ဖို့ သူက စိတ်မဝင်စားတော့တဲ့အထိ....မင်းရဲ့ပုတီးစေ့က သူ့အတွက် အရေးကြီးနေလို့လား"
ယွင်လန်၏အသံသည် လုပမ်ဝေအား မိန်းမောတွေဝေနေရာမှ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့သည်။ ထိုအချိန်ကျမှသာ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"သူက ငါ့ကို ဘာလို့ ဒီလိုမျိုးလှည့်စားနိုင်တာလဲ....သူက ဘာလို့ ထွက်သွားတာလဲ....ငါတို့တွေ တစ်ညတာအတူကုန်ဆုံးဖို့ သဘောတူထားတယ်မဟုတ်လား...လူတွေကြားမှာ ယုံကြည်ချက်မရှိတော့ဘူးလား"
သူ၏လက်ယာလက်ကို သူ၏နှလုံးသားပေါ်ဖိတင်ကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်သည်။
နာကျင်မှု....
သောက်ရေးမပါတဲ့ နှလုံးသားနာကျင်မှု...
မိန်းမတစ်ယောက်ကြောင့် လှည့်စားခံရသောနာကျင်မှုသည် မည်ကဲ့သို့ခံစားရသည်ကို သူ နောက်ဆုံး၌ သိရှိသွားလေပြီ။
"မင်း ရင်နာမနေစမ်းပါနဲ့...ဘေးအန္တရာယ်ကနေ လွတ်မြောက်လာတာကပဲ ကံကောင်းတယ်လို့ ပြောလို့ရတယ်...မင်းလိုသာမာန်သေမျိုးတစ်ယောက်က သူ့လိုမိန်းကလေးတစ်ယောက်နဲ့ တစ်ညတာ အတူကုန်ဆုံးနိုင်မယ်လို့ မင်း တကယ်ကြီးထင်နေတာလား"
ယွင်လန်က လုပမ်ဝေကို မျက်စောင်းထိုးကြည့်ကာ ပြောဆိုသည်။
သို့ရာတွင် လုပမ်ဝေသည် သူ့အား လုံးလုံးလျားလျား လျစ်လျှူရှုထားကာ သူ့ထံတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
"မဟုတ်ဘူး...ကောက်ကျစ်တဲ့မိန်းမက ငါ့နဲ့အဖော်ပြုပေးဖို့ သဘောတူပြီးတော့...ငါ သူ့ကို ပြန်ဖမ်းရမယ်"
လုပမ်ဝေ၏ဒေါသတကြီး အော်ဟစ်လိုက်သောအသံကြီး မြည်ဟီးလာသည်။
သူ၏လက်ဝါးကို အထက်သို့သာမာန်ကာလျှံကာမြှောက်ကာ အော်ဟစ်လိုက်၏။
"ဒီဆန်ကုန်မြေလေးကောင်ဆီ ပြန်လာခဲ့စမ်း"
"ခွီ..."
ယွင်လန်က လုပမ်ဝေကို နံဘေးမှနေ၍ တစ်ချက်ကြည့်လိုက်သည်။
ဤလူပုလေးသည် လူကြောင်တစ်ယောက်ဖြစ်ကြောင်း ယခုချိန်၌ သူ သိရှိသွားလေပြီ။
'မင်းရဲ့လက်ကို မြှောက်လိုက်ရုံနဲ့...မင်းက ရေဒြပ်စင်ကို ဒီနေရာဆီ ပြန်ဆွဲခေါ်နိုင်မယ်လို့ မင်း တကယ်ကြီးထင်နေတာလား'
'မင်းကိုယ်မင်း နတ်ဘုရားတစ်ပါးလို့ တွေးနေတာလား'
Chapter 289
နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....
ယွင်လန် ကြက်သေသေသွားသည်။
သူသည် ထူထပ်သိပ်သည်းသောမြူခိုးများအကြားမှနေ၍ ရင်းနှီးကျွမ်းဝင်သောပုံရိပ်တစ်ခု နောက်ပြန်ပျံ့လွင့်လာသည်ကို သူ မြင်တွေ့မိလေ၏။
ရုတ်ချည်းဆိုသလိုပင် လုပမ်ဝေ၏လက်ဖြင့် ထိုပုံရိပ်ကို ဖမ်းဆုပ်မိသွားသည်။
"ရှီး..."
ယွင်လန် အသက်ရှုရခက်ခဲသွားသည်။ သူ အနည်းငယ်မျှပင် အသက်မရှုနိုင်တော့သည့်အလား သူ ခံစားမိလေ၏။ ဤသည်မှာ သူ၏လည်မျိုအတွင်းတွင် ငါးရိုးတစ်ချောင်းစူးနေသည့်အလားပင်။ သူသည် အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ သူ၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ် ထိတ်လန့်တုန်လှုပ်သွားသည်။
ဤဂျပုကောင်သည် သူ၏လက်ကို သာမာန်ကာလျှံကာ မြှောက်လိုက်ရုံမျှဖြင့် ရေဒြပ်စင်ကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့သလော....
ဤမြင်ကွင်းသည် ယွင်လန်အတွက် အစစ်အမှန်မဟုတ်သည့်အလားပင်။
ဤသည်မှာ သူ၏အသိအမြင်များကို လုံးလုံးလျားလျား ကျွမ်းထိုးမှောက်ခုံလှန်လိုက်သည့်အလားပင်။
သို့ရာတွင် ဖြစ်ရပ်များသည် သူ့ရှေ့၌ လောလောလတ်လတ် ဖြစ်ပျက်သွားပေ၏။ သူ၏မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် သူ မည်မျှပင် မယုံကြည်နိုင်ဖြစ်နေပါစေ ဤကိစ္စသည် အတုအယောင်မဟုတ်နိုင်ချေ။
ဤဂျပုကောင်သည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူ ချက်ချင်းသိနားလည်သွားသည်။
မည်မျှထိအစွမ်းထက်သည်ကိုမူ သူ မတွေးတောဝံ့ချေ။
မည်သို့ပင်ဆိုစေကာမူ ရေဒြပ်စင်သည် မည်သူဖြစ်သနည်း။ သူမသည် ဂျပုကောင်၏လွယ်လင့်တကူဖမ်းဆီးခြင်းကို ခံလိုက်ရလေပြီ။
သူသည် တစ်ဖက်လူအား ဂျပုကောင် အမှိုက်ကောင်ဟု တစ်မျိုးပြီးတစ်မျိုး ခေါ်ခဲ့သည်ကို သူ ပြန်အမှတ်ရမိချိန်တွင် သူ၏နောက်ကျောမှ ဇောချွေးများ ယိုစီးကျလာသည်။
သူ၏ခြေထောက်များ သနားဖွယ်ကောင်းအောင်ပင် အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။
သူ၏သွားများ ကူကယ်ရာမဲ့စွာ တဂတ်ဂတ်ရိုက်နေလေ၏။
ဤအချိန်အခိုက်အတန့်တွင် ရေဒြပ်စင်၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
သူမသည် နတ်ဆိုးအင်ပါယာ၏နတ်ဆိုးအမြူတေကို အောင်မြင်စွာရယူနိုင်ခဲ့သဖြင့် ဝမ်းသာပီတိဖြစ်နေခဲ့သည်။ သူမ၏စိတ်နှလုံးသားအတွင်း၌ လုပမ်ဝေကဲ့သို့ ရယ်ရွှင်ဖွယ်ကောင်းသော လူကြောင်တစ်ယောက်နှင့် သူမ ဆုံတွေ့ခဲ့ရခြင်းကို လှောင်ပြောင်သရော်နေခဲ့သည်။ သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မမြင်နိုင်သောလက်ဝါးကြီးတစ်ဖက်က သူမကိုဖမ်းဆုပ်လိုက်သည်အား သူမ ခံစားမိလေ၏။
ထို့ပြင် သူမ အနည်းငယ်မျှ ခုခံကာကွယ်နိုင်စွမ်းမရှိသော စွမ်းအားတစ်ရပ်ကြောင့် သူမ နောက်သို့ ပြန်ဆွဲခြင်းခံလိုက်ရသည်။
ဤကဲ့သို့နည်းလမ်းမျိုးကို...
နှစ်ဘဝနတ်ဆိုးအင်ပါယာ အထွတ်အထိပ်အဆင့်၌ရှိနေသော သူမသည် ကြားဖူးနားဝမရှိခဲ့ချေ။
အလွယ်ပြောရလျှင် ဤသည်မှာ သူမ သိမြင်ထားသော ကျင့်ကြံမှုနယ်ပယ်စွမ်းအားများထက် များစွာပို၍ကျော်လွန်နေသည်။
သူမသည် ကြီးမားသောဘေးဒုက္ခကို ဖန်တီစခဲ့မိပြီဖြစ်ကြောင်း သူမ ချက်ချင်းသိနားလည်သွားသည်။
သူမသည် ဤကဲ့သို့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို အပြစ်ပြုမိသောကြောင့် သူမ ကူကယ်ရာမဲ့ခံစားနေရသည်။
"စီနီယာ...စီနီယာ..."
သူမ၏ဦးရေပြား တင်းကြပ်လာသဖြင့် အနက်ရောင်ဝတ်ရုံဝတ်လူကိုကြည့်ကာ အားယူ၍ပြုလုပ်ထားသော အပြုံးမျက်နှာဖြင့် တောင်းပန်လိုက်သည်။
"စီနီယာ...ငါက မဆင်မခြင် လုပ်ခဲ့မိတယ်...ကျေးဇူးပြုပြီးတော့ စီနီယာက သဘောထားကြီးကြီးထားပြီး စီနီယာလိုမြင့်မြတ်တဲ့လူမျိုးက ငါနဲ့မကပ်တွက်ပါနဲ့...ငါက အခုချက်ချင်း စီနီယာရဲ့နတ်ဆိုးအမြူတေကို ပြန်ပေးပါ့မယ်"
ထိုစကားကိုပြောဆိုရင်း သူမသည် နတ်ဆိုးအမြူတေကို လက်နှစ်ဖက်နှင့်ကိုင်ကာ အလျှင်အမြန် ပေးအပ်လိုက်၏။
"ဟမ့်...မင်းက ငါ့ရဲ့ခံစားချက်တွေကို တကယ်ကြီးလှည့်စားဝံ့တယ်....ဒီဆန်ကုန်မြေလေးက အရမ်းစိတ်ဆိုးတယ်"
လုပမ်ဝေသည် နှစ်ဘဝနတ်ဆိုးအင်ပါယာ၏နတ်ဆိုးအမြူတေကို သူ၏လက်တစ်ဖက်ဖြင့် ခြေမွှဖျက်ဆီးကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရေဒြပ်စင်၏ခန္ဓာကိုယ်တစ်ခုလုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားသည်။
နတ်ဆိုးအမြူတေများသည် နတ်ဆိုးသားရဲများ၏အမာကျောဆုံး အစိတ်အပိုင်းပင်။ ထိုအရာကို ဤကဲ့သို့အစိတ်စိတ်အမွှာမွှာ ခြေမွှဖျက်ဆီးလိုက်သလော။
အကယ်၍ သူသည် သူမကို သေသည်အထိ ခြေမွှပျက်စီးရန် ဆုံးဖြတ်လိုက်ပါက ကစားပွဲတစ်ပွဲကစားသကဲ့သို့ လွယ်ကူနေမည်မဟုတ်လော။
သူမသည် မြေပြင်ပေါ်၌ အလျှင်အမြန်ဒူးထောက်ကာ သူမ၏ခန္ဓာကိုယ်တုန်ရီနေပြီး အသနားခံတောင်းပန်လေသည်။
"စီနီယာ...စီနီယာ...ငါက တကယ့်ကို အဆင်အခြင်မဲ့ခဲ့တာပါ...ဒီဂျူနီယာက စီနီယာရဲ့ဒေါသကို ပြေပျောက်စေဖို့အတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိပါတယ်"
"မင်း ငါ့ကိုခစားတာကို ငါ လိုချင်တယ်"
လုပမ်ဝေက ဒေါသတကြီး ပြောဆိုသည်။
"ကောင်းပြီ....ကောင်းပါပြီ....စီနီယာရဲ့ဒေါသ ပြေပျောက်နိုင်သရွေ့...ဒီဂျူနီယာက ဘာမဆို လိုလိုလားလား လုပ်ပေးမှာပါ"
ရေဒြပ်စင်က အလျှင်အမြန် ပြောဆိုလိုက်၏။
ဤသို့မှသာ လုပမ်ဝေ၏ဒေါသများ တစ်ဝက်ခန့် ချုပ်ငြိမ်းသွားသည်။ သူသည် ကျောက်တုံးတစ်တုံးပေါ်၌ထိုင်ကာ သူ၏ခန္ဓာကိုယ်ကို ပျင်းရိငြီးငွေ့စွာဖြင့် သူ့နောက်ရှိသစ်ပင်ကိုမှီပြီး လဲလျောင်းလိုက်သည်။ ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
"အရင်ဆုံး ဒီဆန်ကုန်မြေလေးအတွက် ကပြစမ်း"
ဤသည်မှာ ရေဒြပ်စင်ကို အလွန်ကိုးရိုးကားယားဆန်သော အခြေအနေအတွင်းသို့ တွန်းပို့လိုက်သည့်အလားပင်။
သူမအား သိုင်းပညာရပ်များ သရုပ်ဖော်ပြသခိုင်းလျှင် အဆင်ပြေနိုင်သော်လည်း သူမကို ကခိုင်းသည်မှာ သူမ၏အသက်ကိုနှုတ်ယူသည့်အလားပင်။
အဓိကသော့ချက်မှာ သူမ မကတတ်ချေ။
"ဟမ်...."
သို့ရာတွင် အနက်ရောင်ဝတ်ရုံ၏အောက်မှနေ၍ ဒေါသတကြီး အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။
ရေဒြပ်စင် တုန်လှုပ်သွားသည်။ သူမ၏ဦးရေပြားတင်းကြပ်လာသဖြင့် သူမက အံ့တင်းတင်းကြိတ်လိုက်၏။ ထို့နောက် သူမ၏ခါးကို မြွေကဲ့သို့လိမ်တွန့်ကာ ကို့ရိုးကားယားဖြင့် လုပမ်ဝေ၏ရှေ့တွင် စတင်၍ကပြလိုက်တော့သည်။
နံဘေးဘက်ရှိ ယွင်လန်က ထိုမြင်ကွင်းကို အံ့အားသင့်တုန်လှုပ်စွာဖြင့် စောင့်ကြည့်နေသည်။
ဤသည်မှာ ရေဒြပ်စင် မဟုတ်လော....
သူ၏မြင့်မြတ်သောသခင်ကြီးပင်လျှင် သတိထားနေရသည့် အမျိုးသမီးတစ်ယောက် မဟုတ်လော....
သူမသည် အမှန်တကယ်ကိုပင် ယခုကဲ့သို့ တွန့်လိမ်နေသလော....
သူ လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။
အကယ်၍ သူ၏မျက်လုံးနှင့် ကိုယ်တိုင်ကြုံတွေ့ရခြင်းသာမရှိပါက ဤကဲ့သို့ကိစ္စမျိုးဖြစ်ပွားလာနိုင်သည်ဟု သူ စိုးစဥ်းမျှယုံကြည်မည်မဟုတ်ချေ။
ထိုအချိန်မှာပင် လုပမ်ဝေ၏ခေါင်း သူ့ဘက်သို့လှည့်လာသည်ကို သူ သတိပြုမိလေ၏။
သူ တုန်ရီသွားသည်။
ဘုန်း.....
ယခင်ကတည်းက တုန်ခါနေသော သူ၏ခြေထောက်များ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူ နိမိတ်ဆိုးတစ်ခုကို ရရှိနေပေ၏။
အကယ်၍ သူ အလိုက်သင့်မလုပ်ဆောင်နိုင်ပါက သူ ဆိုးဆိုးရွားရွား သေဆုံးရပေမည်။
"ဝိုင်အရက်နည်းနည်းလောက် ရှိလား"
လုပမ်ဝေက မေးမြန်းသည်။
"ရှိတယ်...ရှိတယ်...ရှိပါတယ်"
ယွင်လန်သည် သူ၏အကောင်းဆုံးဝိုင်ကို ထုတ်ယူကာ ဝိုင်ခွက်တချို့ကိုပါ ယူဆောင်ပြီး လုပမ်ဝေအတွက် ပြင်ဆင်ပေးလိုက်သည်။
လုပမ်ဝေသည် ဝိုင်ခွက်များကိုဖြည့်ပြီးနောက် အော်ဟစ်လေသည်။
"မင်းတို့နှစ်ယောက်လုံး...ငါနဲ့အတူ သောက်ကြစမ်း...ဝိုင်ရနံ့လေးက ကောင်းမယ့်ပုံပဲ"
ထိုအခြင်းအရာကိုကြည့်ပြီး ရေဒြပ်စင်နှင့်ယွင်လန်တို့သည် ဝိုင်ခွက်များကို ပျာပျာသလဲ ကောက်ကိုင်လိုက်ကြသည်။ သူတို့ရှေ့ရှိ စီနီယာ၏စိတ်ပျော်ရွှင်ရန်အတွက် သူတို့သည် သိနားလည်မှုဖြင့် ဝိုင်ခွက်ခြင်းတိုက်ကာ သောက်လိုက်ကြ၏။
"အင်း....မဆိုးဘူး"
လုပမ်ဝေသည် ပလ္လင်ခွေထိုင်ကာ အလွန်အမင်းဇိမ်ကျပြီး သက်တောင့်သက်သာရှိသကဲ့သို့ ခံစားနေရသည်။
သူ၏ပေါင်ပေါ်ရှိ ကင်းခြေမျှားသည်လည်း တေးသံနှင့်အတူ ဆူညံစွာအော်ဟစ်နေသည်။
"ဟေး...ဟေး....ဟေး...ကောင်မလေး...မြန်မြန်ပြောစမ်း....မင်းက ဘယ့်သူကိုချစ်လဲ"
ထိုအချိန်မှာပင် ညလေညှင်းကင်းခြေမျှားသည် ရေဒြပ်စင်ကိုကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ရေဒြပ်စင်၏မျက်နှာအမူအယာ ချက်ချင်းရှုံမဲ့သွားသည်။
သူမက မှုန်ကုပ်ကုပ်မျက်လုံးတစ်စုံဖြင့် ညလေညှင်းကင်းခြေမျှားထံ ကြည့်လိုက်၏။
နိမ့်ကျသောနတ်ဆိုးဘုရင်အဆင့် ကင်းခြေမျှားတစ်ကောင်သည် မည်သည့်အချိန်ကစ၍ သူမကို ဤကဲ့သို့စကားပြောဆိုဝံ့သွားသနည်း....
သို့ရာတွင် ညလေညှင်းကင်းခြေမျှားက ခုန်ပေါက်ပြီး အော်ဟစ်လေသည်။
"အိုက်ယိုး...အကိုကြီး...သူ့ကို ကြည့်ပါအုံး...အဲ့ဒီမိန်းမက ငါ့ကို စူးစူးဝါးဝါးကြည့်နေတယ်....သူက ဒီညီငယ်လေးကို အလေးအနက်ထားပုံမရဘူး"
ထိုစကားကိုကြားချိန်တွင် လုပမ်ဝေသည် သူ၏ခေါင်းကို အနည်းငယ်တိမ်းစောင်းပြီးနောက် မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်ဖြင့် ရေဒြပ်စင်ကို ဖိနှိပ်လိုက်၏။
ရေဒြပ်စင်သည် အလွန်ထိတ်လန့်ကြောက်ရွံသွားသဖြင့် သူမ၏မျက်နှာ ဖြူဖျော့သွားသည်။ ထို့ကြောင့် သူမက အလျှင်အမြန် ရှင်းပြလိုက်၏။
"စီနီယာ...ငါ မှားသွားပါတယ်....ကျေးဇူးပြုပြီးတော့ စီနီယာရဲ့ဒေါသကို ဖြေဖျောက်ပေးပါ"
"ဒါဆိုရင် ငါ့ကို မြန်မြန်လေးတောင်းပန်စမ်း"
ညလေညှင်းကင်းခြေမျှားက ခုန်ပေါက်ပြီးအော်ဟစ်လေသည်။
"တကယ်လို့ မင်း ငါ့ကို မတောင်းပန်ဘူးဆိုရင်...ငါ့ကို အလေးအနက်မထားဘူးလို့ ဆိုလိုတာပဲ...ငါ့ကိုအလေးအနက်မထားတာက အကိုကြီးကို အလေးအနက်မထားတာနဲ့ အတူတူပဲ"
ရေဒြပ်စင်သည် ဒေါသကြောင့် တုန်ရီနေသည်။ သို့ရာတွင် သူမသည် လုပမ်ဝေကို တစ်ချက်ကြည့်ပြီးနောက် တွန့်ဆုတ်စွာဖြင့် သူမ၏ခေါင်းကိုငုံကာ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။
"ငါ တောင်းပန်ပါတယ် နတ်ဆိုးဘုရင်ကြီး...ဒါက ငါ့ရဲ့အမှားပါ"
"ဟမ့်...ဒါကမှ နည်းနည်းလက်ခံပေးလို့ ရသေးတယ်"
ညလေညှင်းကင်းခြေမျှားသည် အလွန်ဘဝင်ခိုက်သွားပုံရသည်။ ထို့နောက် သူက ထပ်မံ၍အော်ဟစ်လိုက်၏။
"ဒီလိုမှပေါ့...မြန်မြန်ပြောစမ်း...မင်းက ဘယ့်သူကို ချစ်တာလဲ"
"ငါ...."
ဤအချိန်အခိုက်အတန့်တွင် ရေဒြပ်စင်သည် အော်ဟစ်ငိုကြွေးမိတော့လုမတတ်ပင်။ သို့ရာတွင် သူမသည် လုပမ်ဝေ၏သိသာထင်ရှားပြီး မမြင်နိုင်သောအရှိန်အဝါကို အာရုံခံမိချိန်တွင် သူမ၏ဦးရေပြား တင်းကြပ်လာသဖြင့် ပြောဆိုလိုက်သည်။
"စီနီယာဆန်ကုန်မြေလေးကို ချစ်တာပါ"
လုပမ်ဝေသည် ထိုစကားကြောင့် ချက်ချင်းဝမ်းသာပီတိဖြစ်သွားသည်။ သူသည် ညလေညှင်းကင်းခြေမျှား၏အခွံမာကို ညင်သာစွာပွတ်သပ်ကာ ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။
"ကင်းခြေမျှားလေး....မင်းက မဆိုးဘူး...အရမ်းနားလည်သိတတ်တာပဲ"
ထိုစကားကိုကြားချိန်တွင် ညလေညှင်းကင်းခြေမျှားသည် သူ၏ခန္ဓာကိုယ်ငယ်လေးကို မတ်တတ်ထရပ်ကာ သူ၏ရင်ကိုကော့ပြီး အလွန်စိတ်ကျေနပ်နေပုံရသည်။
ထို့နောက် သူ၏အကြည့်သည် ယွင်လန်ထံသို့ ကျရောက်သွားကာ အော်ဟစ်လိုက်သည်။
"ကောင်လေး...ဘယ်သူက ချောမောခန့်ညားဆုံးလဲ"
ယွင်လန်၏ခန္ဓာကိုယ်တုန်ရီသွားကာ ချက်ချင်းအသိဝင်လာပြီး ပြောဆိုလိုက်၏။
"နတ်ဆိုးဘုရင်ကြီးကို သတင်းပို့ပါတယ်...စီနီယာဆန်ကုန်မြေလေးက ချောမောခန့်ညားဆုံးလူပါ"
"မဆိုးဘူး...မင်းက ဘာကမင်းအတွက်ကောင်းတယ်ဆိုတာသိတဲ့ ကောင်လေးပဲ"
ညလေညှင်းကင်းခြေမျှားက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လေသည်။
လုပမ်ဝေသည် အလွန်စိတ်ကျေနပ်နေသဖြင့် သူ၏ခေါင်းကိုနောက်သို့မှီလိုက်သည်။ ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။
"ဆက်ပြီးသီချင်းဆိုကြ...ဆက်ပြီးကကြစမ်း...."
...
အချိန်အတော်ကြာပြီးနောက် ရီဖုန်းနှင့်ဟွမ်ဝူကျင်းတို့သည် ခွေးနှင့်အတူ နောက်ဆုံး၌ လုပမ်ဝေနှင့် မနီးမဝေးအကွာအဝေးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဟွမ်ဝူကျင်းသည် သူ၏စိတ်ခံစားချက်များကို ဖုံးကွယ်ထားနိုင်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။ သို့ရာတွင် ရီဖုန်းသည် ဟွမ်ဝူကျင်းထံ၌ တစ်စုံတစ်ခုလွဲချော်နေသည်ကို ရိပ်စားမိဆဲပင်။
"အကိုကြီး...မင်းကို ကြည့်ရတာ စိတ်အခြေအနေကောင်းပုံမရဘူး"
ရီဖုန်းက မေးမြန်းသည်။
"ငါ အဆင်ပြေပါတယ်"
ဟွမ်ဝူကျင်းသည် အားတင်း၍ ပြုံးပြလိုက်သော်လည်း သူ၏မျက်လုံးအတွင်းရှိ အနက်ရှိုင်းဆုံးနေရာ၌ လေးနက်သောအရိပ်အယောင်များ ရှိနေသည်။
အကြောင်းအရင်းမှာ ရေဒြပ်စင် ထွက်ပေါ်မလာသေးသဖြင့် သူ၏စိတ်နှလုံးသား မအေးချမ်းချေ။
ဤသည်မှာ ကြီးမားသောပြဿနာကြီးဖြစ်ပြီး မည်ကဲ့သို့ရင်ဆိုင်ရမည်ကို သူ အမှန်တကယ် မသိရှိချေ။
အမှန်အားဖြင့် မြူခိုးများပျက်ပြယ်သွားပြီးနောက် သူသည် အရင်ဆုံး ရီဖုန်းကို ဖရိုဖရဲနယ်မြေ၏ပြင်ပသို့ ခေါ်ထုတ်သွားမည်ဟု သူ စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။
ဤနည်းလမ်းဖြင့်သာ အကယ်၍ သူတို့သည် ရေဒြပ်စင်နှင့် ရင်ဆိုင်ရလျှင်ပင် ရီဖုန်း ပါဝင်ပတ်သက်တော့မည်မဟုတ်ချေ။
ထို့ပြင် သူကိုယ်တိုင်အတွက်လည်း ထွက်ပြေးလွတ်မြောက်နိုင်ရန် ပို၍လွယ်ကူသွားပေမည်။
Chapter 290
သူတို့နှစ်ယောက်သည် ခွေးတစ်ကောင်နှင့်အတူ နောက်ဆုံးတွင် ယာယီစခန်းချရာနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ပထမဆုံးအကြည့်တစ်ချက်မှာပင် လုပမ်ဝေသည် သစ်ပင်တစ်ပင်ကိုမှီကာ သက်တောင့်သက်သာဖြင့် အိပ်ပျော်လုနီးပါးဖြစ်နေသည်ကို သူတို့ တွေ့မြင်မိလေ၏။
သူ၏နံဘေးတွင် ဒူးတစ်ဝက်ထောက်ထားကာ သူ၏ပေါင်ကို နှိပ်ပေးနေသော အမျိုးသမီးတစ်ယောက်၏နောက်ကျောပြင်မြင်ကွင်းရှိနေသည်။
မြေပြင်ပေါ်၌....
ဝိုင်အိုးအလွတ်များနှင့်ဝိုင်ခွက်များ ပြန့်ကျဲနေသည်။
ကြွင်းကျန်သောဝိုင်အရက်များမှ သင်းပျံ့နေသောရနံ့များအရ ဤနေရာတွင် အစောပိုင်းက တစ်စုံတစ်ခုဖြစ်ခဲ့သည်ဟု ခန့်မှန်းနိုင်ပေ၏။
"ညီငယ်လေး...မင်းရဲ့အစောင့်က အချိန်ကို ဘယ်လိုမျိုးကောင်းကောင်းဖြတ်သန်းရမယ်ဆိုတာ သိနေတဲ့ပုံပဲ"
ဟွမ်ဝူကျင်းက အပြုံးနှင့်ပြောဆိုသည်။
"အင်း...ဒါက တော်တော်လေး ထင်တိုင်းကြဲနေတာပဲ"
ရီဖုန်းက တုံ့ပြန်ပြောဆိုလေ၏။ သူ၏မျက်နှာအမူအယာသည် အေးဆေးတည်ငြိမ်နေသော်လည်း သူ၏မှုန်ကုပ်ကုပ်မျက်လုံးတစ်စုံသည် အိပ်ပျော်လုနီးပါးဖြစ်သော လုပမ်ဝေထံတွင်သာ အခိုင်အမာကျရောက်နေသည်။
ဤချေးထုပ်အရိုးစုကြီး သူ့ရှေ့၌ အချိန်မည်မျှကြာကြာ မျောလွင့်နေနိုင်မည်ကို သူ သိချင်မိသည်။
ဟွမ်ဝူကျင်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ သက်တော်စောင့်သည် ဤနေရာသို့ အမျိုးသမီးတစ်ယောက်ကို ခေါ်ယူလာသဖြင့် ရီဖုန်း မည်ကဲ့သို့စီမံမည်ကို သူ မသိရှိသော်လည်း ဤကိစ္စအတွက် သူ စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။
သို့ရာတွင် သူ ယွင်လန်ကိုမြင်တွေ့ချိန်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်ပျော်ရွှင်သွားသည်။
ယွင်လန်သည် ကြီးမားသောအန္တရာယ်အတွင်းသို့ ကျရောက်နေပြီဟု သူ တွေးထင်ခဲ့မိသည်။ သို့ရာတွင် ယွင်လန်သည် ထိခိုက်ဒဏ်ရာမရဘဲ ပြန်ရောက်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
သူက ယွင်လန်၏အနီးသို့ချဥ်းကပ်သွားကာ တီးတိုးပြောဆိုလိုက်၏။
"ယွင်လန်...ဘာတွေဖြစ်ခဲ့တာလဲ....မင်း ဘာလို့ အချိန်အကြာကြီးကြာတဲ့အထိ ပြန်ရောက်မလာတာလဲ"
"သခင်ကြီးကို သတင်းပို့ပါတယ်...ဒါက တောင်တန်းတွေပေါ်မှာ ရုတ်တရက်ကြီး မြူခိုးတွေထူထပ်လာပြီးတော့ ကျွန်တော်ရဲ့အာရုံအားလုံးကို ပိတ်ဆို့ဟန့်တားထားခဲ့တယ်....ဒါကြောင့် ကျွန်တော် နှောင့်နှေးကြန့်ကြာသွားတာပါ"
ယွင်လန်သည် သူ၏ခေါင်းကိုအောက်ငုံကာ အဖြေပေးလေသည်။
"အဲ့ဒီမြူခိုးမျိုးကို ကျွန်တော် အရင်က တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူး....ဒါက တော်တော်လေး ထူးခြားတယ်"
"အဲ့ဒါက တကယ့်ကို ထူးခြားတဲ့အရာပဲ"
ဟွမ်ဝူကျင်းက အလေးအနက်ထားသောအမူအယာဖြင့် ပြောဆိုသည်။
"ဖြစ်နိုင်တာတော့ သခင်ကြီးက တစ်ခုခုကို ရှာဖွေဖော်ထုတ်ထားနိုင်တာများလား"
ယွင်လန်က အလျှင်အမြန် မေးမြန်းသည်။
"ငါက တစ်စုံတစ်ခုကို ဖော်ထုတ်နိုင်ရုံတင်မကဘူး..အဲ့ဒါက ငါတို့ဆီကို လာနေပြီ"
ဟွမ်ဝူကျင်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။ ထို့နောက် သူသည် မီးဒြပ်စင်တို့လူစုနှင့်သတ်ဖြတ်ခြင်းဝင်္ကပါတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အကြောင်းကို ဟွမ်လန်အား ဆက်လက်၍ ပြောပြလိုက်သည်။
"သောက်ရေးမပါတဲ့ မီးဒြပ်စင်လိုကောင်မျိုးတွေက...သခင်ကြီးကို အကွက်ချကြံစည်ဝံ့တာလား"
ယွင်လန်က ဒေါသတကြီး ပြောဆိုသည်။
"မီးဒြပ်စင်တို့သုံးယောက်က သေသွားပြီ...ဒါကြောင့် အဲ့ဒါက ကိစ္စမရှိတော့ဘူး...ဒါပေမယ့် အခုချိန်မှာ ငါ့ကိုဒုက္ခပေးနိုင်တာက ခုထိပေါ်မလာသေးတဲ့ ရေဒြပ်စင်ပဲ"
ဟွမ်ဝူကျင်းက သက်ပြင်းရှိုက်လိုက်သည်။
"ရေဒြပ်စင်ရဲ့တိုက်ခိုက်မှုတွေက နားလည်ရခက်တယ်....ပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်က ငါ့ထက် နည်းနည်းမြင့်တယ်....ငါက ဒီခြိမ်းခြောက်မှုကြောင့် စိတ်အေးလက်အေး မနေနိုင်ဘူး....ဒါကြောင့် ငါ မင်းကို တာဝန်တစ်ခုပေးမယ်...တောင်ပေါ်မှာရှိတဲ့မြူခိုးတွေ ရှင်းသွားတာနဲ့ မင်းက ရီဖုန်းတို့လူစုကို ဒီနေရာကနေအဝေးကို အမြန်ဆုံးခေါ်ထုတ်သွားပါ...မဟုနါရင်...တကယ်လို့ ရေဒြပ်စင် ငါတို့ကိုလာရှာတာနဲ့ သူတို့တွေက ကြားကမြေစာပင်ဖြစ်မှာကို ငါ စိုးရိမ်မိတယ်"
ထိုစကားကိုကြားချိန်တွင် ယွင်လန်၏မျက်နှာပေါ်တွင် အဓိပ္ပါယ်ပါသောအမူအယာမျိုး ထင်ဟပ်လာကာ သူက ပြောဆိုသည်။
"သခင်ကြီး...ရေဒြပ်စင်ကြောင့်ဆိုရင်တော့ သခင်ကြီး စိုးရိမ်ပူပန်စရာမလိုတော့ဘူးလို့ ကျွန်တော်ထင်တယ်"
"ဟမ့်....မင်း ဘာကိုဆိုလိုတာလဲ"
ဟွမ်ဝူကျင်းက တင်းမာခက်ထန်စွာ မေးမြန်းသည်။
"သခင်ကြီး....သူ့ရဲ့ပေါင်ကိုနှိပ်ပေးနေတဲ့ အမျိုးသမီးက ဘယ်သူလဲဆိုတာ တစ်ချက်လောက်သွားကြည့်ပါလား"
ယွင်လန်က နက်နဲသိမ်မွေ့သောလေသံဖြင့် ပြောဆိုလိုက်၏။
"သူ့ရဲ့ပေါင်ကိုနှိပ်ပေးနေတဲ့ အမျိုးသမီးလား"
ဟွမ်ဝူကျင်းသည် သူ့အား နောက်ကျောပေးထိုင်နေသော အမျိုးသမီးကို တစ်ချက်ကြည့်ပြီးနောက် အလေးအနက်ထားသောလေသံဖြင့် တုံ့ပြန်သည်။
"အမျိုးသမီးတစ်ယောက်က ဘာစိတ်ဝင်စားစရာရှိလို့လဲ...တဲ့တိုးပြောစမ်း...မင်း ပဟေဠိဖွက်နေတာကို ငါ စိတ်မရှည်နိုင်ဘူး"
"ကျွန်တော်ကိုယုံပါ....သခင်ကြီး...သူ့ကိုတစ်ချက်ပဲ သေချာကြည့်လိုက်ပါ...သခင်ကြီး အံ့အားသင့်သွားမှာ သေချာပေါက်ပဲ"
ယွင်လန်က အလေးအနက်ထား၍ ပြောဆိုသည်။
"ဟမ့်..."
ဟွမ်ဝူကျင်း၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။ ဤကဲ့သို့အချိန်မျိုးတွင် ယွင်လန်သည် မည်သည်ကြောင့် နောက်ပြောင်ကျီစားနေသနည်း။
သို့ရာတွင် ယွင်လန်၏မျက်နှာပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သောအမူအယာကို မြင်တွေ့ချိန်တွင် သူ၏သိချင်စိတ် ပြင်းပြလာသဖြင့် အမျိုးသမီး၏ပုံပန်းသွင်ပြင်ကို သိရှိနိုင်ရန် အနီးသို့ချဥ်းကပ်လိုက်သည်။
သူ သူမကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရလေပြီ။
အမှန်တကယ်ကိုပင် သူမသည် အလွန်လှပချောမောပေ၏။
သို့ရာတွင် အလှတရားသည် လှပချောမောမှုသက်သက်ပင်။ သူမသည် သာမာန်အမျိုးသမီးတစ်ယောက်သာဖြစ်ပေရာ ယွင်လန်သည် မည်သည်ကြောင့် ရေးကြီးခွင်ကျယ်လုပ်နေသနည်း။
မဟုတ်သေး....ခဏလေး....
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ့အား တစ်စုံတစ်ခုဖြင့် ရိုက်နှက်လိုက်သည့်အလား သူ၏မျက်လုံးများပြူးကျယ်သွားကာ ထိုအမျိုးသမီးကို တဖန်ထပ်၍ကြည့်လိုက်၏။
ဒါက....
သောက်ပလုပ်တုတ်....
ဟွမ်ဝူကျင်းသည် ထိုအမျိုးသမီး၏ပုံပန်းသွင်ပြင်ကိုမြင်တွေ့ပြီးနောက် သူ၏ယခင်က ဒေါသထွက်နေသောအမူအယာမှ အလွန်အမင်းအံ့အားသင့်တုန်လှုပ်မှုသို့ ပြောင်းလဲသွားသည်။ သူသည် နေရာမှ ထခုန်ကာ ထိတ်လန့်တကြားအော်ဟစ်ဆဲဆိုလိုက်မိသည်။
ရေဒြပ်စင်....
ထိုသက်တော်စောင့်၏ပေါင်ကိုနှိပ်ပေးနေသော အမျိုးသမီးသည် ရေဒြပ်စင်ပင်။
မည်သို့ဖြစ်နိုင်မည်နည်း...
ဟွမ်ဝူကျင်း၏စိတ်နှလုံးသားအတွင်းတွင် မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသည့်အလား အံ့အားသင့်တုန်လှုပ်မှုနှင့်မယုံကြည်နိုင်မှုတို့ရောယှက်၍ လှိုင်းထန်သွားသည်။
ထို့ထက်ပို၍ မယုံကြည်နိုင်ဖွယ်အချက်မှာ ရေဒြပ်စင်သည် သူမ၏ခေါင်းကိုမော့ကာ သူ့ကိုမျက်စောင်းထိုးကြည့်ပြီး သူမ၏မျက်လုံးအတွင်းတွင် ပြင်းထန်သောမလိုလားမှုများနှင့် ပြည့်နှက်နေသော်လည်း သူမသည် ခေါင်းကိုပြန်ငုံကာ လုပမ်ဝေ၏ခြေထောက်များကို ဆက်လက်၍နှိပ်နယ်နေခြင်းပင်။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....
ဟွမ်ဝူကျင်းသည် လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။
ဤသည်မှာ သူ့အား နေ့ရောညပါ ဂဏမငြိမ်ဖြစ်စေခဲ့သည့် ရေဒြပ်စင် ဟုတ်ပါသလော....
ဟွမ်ဝူကျင်းသည် ယွင်လန်ထံသို့ အလျှင်အမြန်သွားကာ သူ့အားဆုပ်ကိုင်ပြီး နံဘေးဘက်သို့ ဆွဲထုတ်လိုက်သည်။ ထို့နောက် စိုးရိမ်ပူပန်နေသော အမူအယာဖြင့် သူက ပျာပျာသလဲ မေးမြန်းလိုက်၏။
"ငါ့ကိုပြောစမ်း...ဘာတွေဖြစ်နေတာလဲ....ဘယ်လိုဖြစ်သွားတာလဲ....ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဟွမ်ဝူကျင်း၏ထိတ်ထိတ်ပျာပျာ အမူအယာကိုကြည့်ပြီး ယွင်လန်က ခါးသည်းသောအပြုးတစ်ခုကို အားယူ၍ပြုံးလိုက်သည်။
ဟွမ်ဝူကျင်း ဤကဲ့သို့တုံ့ပြန်မည်ကို သူ ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသော သူပင်လျှင် ဖြစ်ပျက်ခဲ့သမျှကိစ္စများကို ပြန်အမှတ်ရမိချိန်တွင် မယုံကြည်နိုင်ဖြစ်နေဆဲပင်။
ထို့နောက် ဟွမ်ဝူကျင်း၏စူးရှသောအကြည့်အောက်တွင် ယွင်လန်သည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ခရေစေ့တွင်းကျ ပြန်ပြောပြလိုက်တော့သည်။
ဘာ...
ထိုကိစ္စများကို နားထောင်ပြီးနောက် ဟွမ်ဝူကျင်းက ပင့်သက်ရှိုက်လိုက်သည်။
သူ၏လက်ကို သာမာန်ကာလျှံကာ ဝှေ့ယမ်းလိုက်ရုံဖြင့် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားသော ရေဒြပ်စင်ကို ဖမ်းဆီးနိုင်ခဲ့သလော...
ယွင်လန်သာမက သိုင်းအင်ပါယာတစ်ယောက်ဖြစ်သော သူပင်လျှင် ဤနည်းလမ်းမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။ ဤသည်မှာ မကြားဖူး မမြင်ဖူးသော နည်းလမ်းတစ်ခုပင်။
ထိုသို့ဆိုပါက ရီဖုန်း၏အစောင့်သည် ဖုံးကွယ်ထားသောထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု ဆိုလိုသည်မဟုတ်လော....
ထိုသို့ဆိုပါက ရီဖုန်းသည် မည်ကဲ့သို့လူစားမျိုးဖြစ်သနည်း....
သူတို့ အံ့အားသင့်နေစဥ်မှာပင် အနီးမှနေ၍ ရီဖုန်း၏ဆဲဆိုသံကို သူတို့ ကြားလိုက်ရသည်။
"ခွေးမသား....ခွေးသူတောင်းစား...ငါ မင်းကို ရိုက်သတ်မယ်....အသုံးမကျတဲ့ကောင်"
ထိုဆဲဆိုသံကိုကြားရခြင်းနှင့်အတူ ဟွမ်ဝူကျင်းနှင့်ယွင်လန်တို့သည် သူတို့၏ခေါင်းများကို လှည့်ကြည့်လိုက်ကြရာ အလွန့်အလွန်မယုံကြည်နိုင်ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။