အခန်း (၂၉၁-၂၉၅)
Vol. 20 Ch. 291-295
Chapter 291
သူတို့နှစ်ယောက် မြင်တွေ့လိုက်ရသည်မှာ ရီဖုန်းသည် လုပမ်ဝေ၏အနက်ရောင်ဝတ်ရုံကိုဖမ်းဆုပ်၍ သူ၏ခြေထောက်ဖြင့်ဆောင့်နင်းကာ တစ်ချက်ပြီးတစ်ချက် ကန်ကျောက်နေခြင်းပင်။
"ဝူး...ဝူး...ဝူး...."
"သခင်....ငါ မှားပါပြီ....ငါ မှားသွားတယ်....ငါ ဒါမျိုးထပ်မလုပ်ရဲတော့ပါဘူး"
လုပမ်ဝေထံတွင် ယခင်ကဲ့သို့ အေးအေးလူလူအသွင်အပြင်မျိုးမရှိတော့ချေ။ သူသည် ရီဖုန်း၏ပေါင်ကိုဖက်ကာ အော်ဟစ်ငိုယိုနေသောအသံများ သူ့ထံမှထွက်ပေါ်နေသည်။
ဤမြင်ကွင်းသည် ဟွမ်ဝူကျင်းနှင့်ရေဒြပ်စင်တို့ကို ကျောက်ရုပ်ဖြစ်သွားသည့်အလား ကြက်သေသေသွားစေသည်။
ဤသည်မှာ ရေဒြပ်စင်ကို အလွန်နာခံရို့ကျိုးအောင် ချိုးနှိမ်ခဲ့သည့် အေးဆေးတည်ငြိမ်သော ပုဂ္ဂိုလ်တစ်ယောက် မဟုတ်လော။ ရီဖုန်း၏ရှေ့တွင် သူသည် အလွန်နိမ့်ကျစွာ ရှိနေရသလော။
ထိုသို့ဆိုပါက ရီဖုန်းသည်....
ထိုအကြောင်းကိုတွေးတောရင်း ဟွမ်ဝူကျင်းသည် သူ၏စိတ် ပြင်းပြင်းထန်ထန် တုန်ရီသွားသကဲ့သို့ ခံစားမိလေ၏။
သူ၏စိတ်နှလုံးသားအတွင်းမှ မှန်းဆချက်များကို အတည်ပြုရန်အတွက် သူ ထပ်မံ၍ချုပ်တည်းမထားနိုင်တော့ချေ။ နောက်ဆုံး၌ သူသည် သတ္တိမွေးကာ ရီဖုန်းထံသို့ လျှောက်လှမ်းသွားလိုက်သည်။
"စီ...."
သူ၏နုတ်ခမ်းကိုအသံမြည်အောင် စုပ်လိုက်ကာ သူသည် ရီဖုန်းကို ညီငယ်လေးဟု ဆက်မခေါ်ဝံ့တော့ကြောင်း သိရှိလိုက်ရသည်။
သို့ရာတွင် ရီဖုန်းသည် လုပမ်ဝေကို ကန်ကျောက်ပြီးနောက် နူးညံညင်သာသောအပြုံးနှင့် မေးမြန်းသည်။
"အကိုကြီး....မင်းမှာ ပြောစရာတစ်ခုခု ရှိနေလို့လား"
"ငါ...."
ဟွမ်ဝူကျင်းသည် မည်ကဲ့သို့ပြောဆိုရတော့မည်ကို မသိတော့ချေ။ သူ၏စိတ်နှလုံးသားအတွင်းရှိ စိတ်လှုပ်ရှားနေမှုများ အကြားမှနေ၍ သူသည် ရီဖုန်း သူ့အားပေးအပ်ထားသော သစ်သားရုပ်ထုလေးကိုထုတ်ယူကာ မေးမြန်းလိုက်၏။
"ငါ မင်းကို မေးချင်တာက....ဒီသစ်သားပန်းပုရုပ်လေးကို ဘယ်နေရာကနေရတာလဲ"
"အကိုကြီး....မင်းရဲ့မှတ်ဥာဏ်ကတော့...ဒီသစ်သားပန်းပုရုပ်လေးကို ငါကိုယ်တိုင်ထွင်းထုခဲ့တာလို့ မပြောခဲ့ဘူးလား"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
ဟွမ်ဝူကျင်း၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားသည်။
ရီဖုန်းသည် ဤသစ်သားပန်းပုရုပ်ကို ကိုယ်တိုင်ထွင်းထုခဲ့ခြင်းဖြစ်သည်ဟု ယခင်က သူ့အား ပြောဆိုခဲ့သည်။ သို့ရာတွင် ဤသည်ကို ရီဖုန်း သာမာန်ကာလျှံကာ ပြောလိုက်သော စကားတစ်ခွန်းဟူဆကာ သူ၏စိတ်အတွင်း၌ အလေးအနက်မထားခဲ့ချေ။
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် ဤသစ်သားပန်းပုရုပ်လေးကို ကိုယ်တိုင်ထွင်းထုထားခြင်းဖြစ်ကြောင်း ထပ်မံ၍အတည်ပြုပြီးနောက် သူ့ထံ၌ ရွေးချယ်စရာမရှိတော့ဘဲ ဤသည်မှာ အမှန်တရားဟု ယူဆရတော့ပေမည်။
သူသည် အနည်းငယ် မယုံကြည်နိုင်ဖြစ်နေဆဲပင်။
ဖြစ်နိုင်သည်မှာ သူနှင့်နေ့ဆရာညပါ အတူရှိနေပြီး ကြည့်ရသည်မှာ အလွန်အမင်း နူးညံသိမ်မွေ့ပုံရသည့် လူငယ်လေးသည် ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ဖြစ်နေသလော....
"အကိုကြီး ဘာဖြစ်လို့လဲ...ပြဿနာတစ်ခုခု ရှိနေလို့လား"
ရီဖုန်းက ဟွမ်ဝူကျင်း၏လက်အတွင်းမှ သစ်သားပန်းပုရုပ်လေးကို သာမာန်ကာလျှံကာ ယူကြည့်လိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် သိနားလည်သွားပုံဖြင့် တောင်းပန်စကားပြောဆိုသည်။
"ဒါက တကယ်ကြီး ကွဲအက်သွားတာပဲ...အကိုကြီး...ငါ တောင်းပန်ပါတယ်"
ရီဖုန်းကိုကြည့်ရသည်မှာ အလွန်ရှက်ရွံနေပုံရသည်။
ဤသစ်သားပန်းပုရုပ်သည် ပန်းပုပညာရပ်ကို သူ ပထမဆုံးစတင်သင်ယူစဥ်၌ ထွင်းထုထားခြင်းပင်။ ထို့ကြောင့် အသုံးပြုသောပစ္စည်းများနှင့် နည်းစနစ်များသည် အလွန်ကောင်းမွန်ခြင်းမရှိချေ။
"ဒီလိုဆိုရင်ရော အကိုကြီး...ငါ မင်းကို ဒီလိုအရုပ်လေးတွေ ထပ်ပေးမယ်လေ"
ရီဖုန်းက ထိုသစ်သားပန်းပုရုပ်ကို မြေပြင်ပေါ်သို့ သာမာန်ကာလျှံကာ ပစ်ချလိုက်၏။
သို့ရာတွင်....
ရီဖုန်း ပေါ့ပေါ့တန်တန် ပြောဆိုလိုက်သော စကားလုံးများသည် ဟွမ်ဝူကျင်းကို ချက်ချင်းကြက်သေသေသွားစေခဲ့သည်။
"မင်း...မင်းမှာ ထပ်ပြီးရှိသေးတာလား"
"ငါ့မှာ ရှိတာပေါ့...ဒါတွေက ရှားပါးတဲ့ပစ္စည်းတွေမှမဟုတ်တာ...ငါ့မှာ ခြောက်ရုပ်တောင် ထပ်ရှိသေးတယ်...မင်းကို ငါ အရင်က ပေးတဲ့ဟာတွေနဲ့ပေါင်းရင်...အဲ့ဒီပန်းပုရုပ်လေးတွေက တစ်စုံပဲ"
ထိုစကားကိုပြောဆိုရင်း ရီဖုန်းသည် သူ၏လက်များကို ဟိုစမ်းသည်စမ်းလုပ်နေကာ တခြားဟူလုညီအကိုရုပ်ထုများကိုထုတ်ယူ၍ သူ၏လက်ဖြင့်ဆုပ်ကိုင်ကာ အပြုံးနှင့်အတူ ဟွမ်ဝူကျင်းထံသို့ လက်ကမ်းပေးလိုက်သည်။
"အကိုကြီး...ရော့...ဒါတွေအားလုံးက မင်းအတွက်ပဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး ဟွမ်ဝူကျင်းက ပင့်သက်ရှိုက်ကာ သူ၏ဆန့်တန်းထားသောလက် တုန်ရီနေသည်။
ရီဖုန်း၏လက်အတွင်းရှိ ဟူလုညီအကိုပန်းပုရုပ် လက်တစ်ဆုပ်စာကိုကြည့်ပြီး သူသည် အလွန်အမင်းမယုံကြည်နိုင်သကဲ့သို့ ခံစားမိသည်။ ရီဖုန်းသည် ဤကဲ့သို့ အစွမ်းထက်သောပစ္စည်းများကို မည်သည်ကြောင့် သာမာန်ကာလျှံကာ ထုတ်ပေးနိုင်သနည်း။
ဤှသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
ထို့ပြင် ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏သရုပ်မှန်သည် ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ဖြစ်သည်ဟူသောအချက်ကို သူ လုံးလုံးလျားလျား အတည်ပြုလိုက်လေပြီ။
အကြောင်းအရင်းမှာ ဟူလုညီအကိုရုပ်ထုတစ်ခုသည် ရီဖုန်း၏လက်အတွင်းသို့ မတော်တဆရောက်နေသည်မှာ ဖြစ်နိုင်ချေရှိသည်။ သို့ရာတွင် ဟူလုညီအကိုပန်းပုရုပ်အမြောက်အများသည် ရီဖုန်း၏လက်အတွင်းသို့ မတော်တဆရောက်ရှိနေရန်မှာမူ မဖြစ်နိုင်ချေ။
မသိလိုက်မသိဘာသာဖြင့် သူ ခါးသည်းစွာပြုံးလိုက်မိသည်။
သူသည် အမြဲတစေ သူ၏သရုပ်မှန်ကို ရီဖုန်း၏ရှေ့၌ ထုတ်ဖော်လိုခြင်းမရှိခဲ့ချေ။ အကြောင်းအရင်းမှာ သူ၏သရုပ်မှန်ကြောင့် ရီဖုန်း ထိတ်လန့်ကြောက်ရွံသွားမည်ကို သူ စိုးရိမ်သောကြောင့်ပင်။ သို့ရာတွင် ယခုကြည့်ရသည်မှာ ထိုကိစ္စသည် အနည်းငယ်မျှ မလိုအပ်သောအရာဖြစ်ပုံရသည်။
ယခုကြည့်ကြည့်တော့မှ နှစ်ယောက်ကြားရှိဆက်ဆံရေးတွင် သူ ဟွမ်ဝူကျင်းသည် ညီငယ်လေးဖြစ်ပုံပင်။
ရီဖုန်းသည် သူ ထိတ်လန့်ကြောက်ရွံမည်ကို စိုးရိမ်သဖြင့် သရုပ်မှန်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုသော အကိုကြီးသာဖြစ်ပေမည်။
ထိုသို့တွေးတောမိသဖြင့် ဟွမ်ဝူကျင်း၏မျက်နှာ နီမြန်းသွားကာ ရီဖုန်းရှေ့တွင် သူ့အတွက် နေစရာနေရာမရှိဟု ခံစားမိလေ၏။
ထို့ပြင် ပို၍ရယ်ရွှင်ဖွယ်ကောင်းသည်မှာ သူသည် ရီဖုန်း၏အသက်ကို ကာကွယ်နိုင်ရန်အတွက် ကျောက်စိမ်းဆွဲသီးတစ်ခုကို ပေးအပ်ခဲ့ခြင်းပင်။ ရီဖုန်း သာမာန်ကာလျှံကာ ထုတ်ပေးလိုက်သော ပစ္စည်းတစ်ခုကပင် သူ ဟွမ်ဝူကျင်း၏အသက်ကို ကယ်တင်နိုင်မည်ဟု သူ မသိရှိခဲ့ချေ။
ထို့နောက် သူ ပြန်လည်တွေးတောကြည့်စဥ်တွင် ရီဖုန်းသည် ဤဖရိုဖရဲနယ်မြေကို ခရီးသွားဧည့်သည်ဆွဲဆောင်နိုင်မှု နေရာတစ်ခုအဖြစ် ယူဆခဲ့သည်။ ထိုအချိန်တုန်းက ရီဖုန်းသည် နုံအပြီးမသိနားမလည်သူတစ်ယောက်ဟု သူ တွေးထင်ခဲ့လေ၏။
သို့ရာတွင် ရီဖုန်း၏လက်ရှိနည်းလမ်းများအရ အကဲဖြတ်ကြည့်ပါက ဤဖရိုဖရဲနယ်မြေသည် သူ၏မျက်လုံးအတွင်း၌ ခရီးသွားဧည့်သည်ဆွဲဆောင်မှုနေရာတစ်နေရာနှင့်သာ တူညီနေပေမည်။
"စီ....စီနီယာ...ဒါတွေအားလုံးက လူတွေကိုအကဲမခတ်တတ်တဲ့ ငါ ဟွမ်ဝူကျင်းရဲ့အပြစ်တွေပါ....အရင်က အပြစ်ပြုခဲ့မိမှုတွေအတွက် စီနီယာက ငါ့ကိုအပြစ်ပေးဖို့ ငါ မျှော်လင့်တယ်"
ဟွမ်ဝူကျင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဝပ်တွား၍ဦးညွှတ်အရိုအသေပြုကာ စိုးရိမ်ကြောင့်ကြစွာ ပြောဆိုသည်။
"အကိုကြီး....မင်း ဘာလုပ်တာလဲ"
ရီဖုန်းသည် ဟွမ်ဝူကျင်းကိုကူညီ၍ တွဲထူကာ တင်းမာခက်ထန်စွာ ပြောဆိုသည်။
"ဘာလို့ ငါ့ကို ရုတ်တရက်ကြီး စီနီယာလို့ခေါ်တာလဲ...ငါ့ရဲ့ ပန်းပုပညာရပ်အရည်အချင်းက တော်တော်လေး ကောင်းတယ်ဆိုတာ ငါသိပေမယ့်....ငါတို့ရဲ့ဆက်ဆံရေးက ဒီပန်းပုရုပ်လေးတွေကြောင့် ပြောင်းလဲမသွားသင့်ဘူး...အကိုကြီးက အရမ်းယဥ်ကျေးလွန်းနေပြီ မဟုတ်ဘူးလား"
"မင်း..."
ရီဖုန်း၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ဟွမ်ဝူကျင်း ကြက်သေသေသွားသည်။ သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း လှုပ်ရှားသွားပေ၏။
"အကိုကြီး...ငါက မင်းလိုမျိုး မိတ်ဆွေကောင်းတစ်ယောက်ကို မကြာခဏမိတ်ဖွဲ့လေ့မရှိဘူး...တကယ်လို့ ငါ့ရဲ့သေးငယ်တဲ့ပန်းပုပညာစွမ်းရည်ကြောင့် မင်း ပြောင်းလဲသွားမယ်ဆိုရင်...ငါက မင်းကို ဟူလုညီအကိုရုပ်ထုတွေ မပေးခဲ့ရင် ပိုပြီးကောင်းမယ်လို့ ငါ တွေးမိတယ်"
ရီဖုန်းက တင်းမာခက်ထန်စွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်...
ဟွမ်ဝူကျင်း၏စိတ်နှလုံးသား ပို၍ပင် လှုပ်ရှားသွားသည်။
သို့ရာတွင် တစ်ချိန်တည်းမှာပင် ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏စိတ်နေသဘောထားသည် သူ ရီဖုန်းကို ပထမဆုံးအကြိမ်မြင်တွေ့စဥ်ကနှင့် ထပ်တူထပ်မျှတူညီနေသည်ကို သူ နားလည်သဘောပေါက်သွားသည်။
မည်သို့ပင်ဆိုစေကာမူ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် အထီးကျန်ဆန်ပေ၏။
တစ်ချိန်လုံး မြှောက်ပင့်ဖားယားမှုများနှင့်သာ ကြုံတွေ့နေရပြီး သူတို့ ပွင့်ပွင့်လင်းလင်းဆက်ဆံနိုင်သောတစ်စုံတစ်ယောက်ကို ရှာတွေ့နိုင်ရန်မှာ မလွယ်ကူချေ။
အမှန်အားဖြင့် ယခုချိန်တွင် သူသည် ရီဖုန်း၏မျက်လုံးအတွင်း၌ စိတ်ဝင်စားဖွယ်ကောင်းသောလူတစ်ယောက် ဖြစ်နေပုံရသည်။
"ကောင်းပြီလေ"
ဟွမ်ဝူကျင်းသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းရှိုက်လိုက်၏။
ကြည့်ရသည်မှာ ရီဖုန်းသည် ဤကိစ္စကို ထုတ်ဖော်ပြောဆိုလိုပုံမရချေ။ ထိုသို့ဆိုပါက သူ ဟွမ်ဝူကျင်းသည် မည်သည်ကြောင့် မလုပ်နိုင်ရမည်နည်း။
သူသည် ရီဖုန်းနှင့်ပူးပေါင်းကာ စိတ်ဝင်စားစရာကောင်းသောလူတစ်ယောက်အဖြစ် ဆက်လက်၍သရုပ်ဆောင်နေရုံသာ ကျန်ရှိတော့သည်။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့တည်ရှိမှုကြီးတစ်ခုနှင့် မိတ်ဆွေဖြစ်ခွင့်ရခြင်းသည် သူ အတိတ်ဘဝတွင် ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုများ၏ ကောင်းချီးပေးမှုကြောင့်ဖြစ်ပေမည်။
"မိန်းကလေး...မင်း အဆင်ပြေရဲ့လား"
ထိုအချိန်မှာပင် ရီဖုန်းသည် ရေဒြပ်စင်ထံသို့သွားကာ သူမကိုတွဲထူပေးပြီး နူးညံညင်သာစွာမေးမြန်းသည်။
"ငါ...ငါ အဆင်ပြေပါတယ်"
ရေဒြပ်စင်၏မျက်နှာပေါ်တွင် ရှိုးတို့ရှန်းတန့်အမူအယာမျိုး ထင်ဟပ်နေကာ သူမက ထိတ်လန့်တကြား အဖြေပေးလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤလူငယ်သည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်ဝတ်ရုံဝတ်လူကို ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ဆောင့်နင်းနေသည်ကို သူမ မျက်မြင်ကိုယ်တွေ့မြင်တွေ့ပြီးဖြစ်သည်။
ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း....
ဤသည်မှာ သူမရှေ့ရှိလူငယ်သည် အနက်ရောင်ဝတ်ရုံဝတ်လူထက် ပို၍ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်ဟု ဆိုလိုသည်မဟုတ်လော။
ဤသည်မှာ သူမ စိတ်ကူးပင်ယဥ်ကြည့်ဝံ့ခြင်းမရှိသော တည်ရှိမှုကြီးတစ်ခုပင်။
သူမသည် ပြင်းထန်သောမနာလိုအားကျမှုများ ပြည့်နှက်နေသောအကြည့်ဖြင့် ဟွမ်ဝူကျင်းကို စောင်းငဲ့၍ကြည့်လိုက်သည်။ ဟွမ်ဝူကျင်းသည် ဤကဲ့သို့တည်ရှိမှုကြီးတစ်ခုနှင့် ပတ်သတ်ဆက်နွယ်နေသဖြင့် သူမ အနည်းငယ်မနာလိုအားကျ ဖြစ်နေမိသည်။
သူမ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်သည် ဟွမ်ဝူကျင်းထက် သာလွန်နေသည့်တိုင် သူမသည် နောက်ပိုင်းတွင် ဟွမ်ဝူကျင်းကို အနိုင်ယူနိုင်တော့မည်မဟုတ်သည်ကို သူမ သိရှိထားသည်။
"မိန်းကလေး...နောင်အနာဂတ်ကျရင် မင်းတစ်ယောက်တည်း လျှောက်သွားမနေသင့်ဘူး...ဒီနေ့ မင်းက ငါနဲ့ရင်ဆိုင်တွေ့မိလို့သာပဲ...တကယ်လို့ ငါနေရာမှာ တခြားတစ်ယောက်သာဆိုရင် မင်း ထွက်သွားလို့မရမှာကို ငါ စိုးရိမ်မိတယ်"
ရီဖုန်းသည် တည်ကြည်လေးနက်စွာဖြင့် ရေဒြပ်စင်ကို သတိပေးလေ၏။
မည်သို့ပင်ဆိုစေကာမူ သူ၏စကားလုံးများသည် ကျိုးကြောင်းမဆီလျော်ခြင်းမရှိချေ။
ဤကဲ့သို့ဝေးလံခေါင်သီသော နေရာတစ်နေရာတွင် ယခုကဲ့သို့မိန်းကလေးတစ်ယောက်သည် တခြားသူများထံမှ မတော်တရော်အတွေးများကို လွယ်လင့်တကူ ပေါက်ဖွားစေပေမည်။ အကယ်၍ ထိုလူများထံတွင် ယုတ်မာသောစိတ်ထားမျိုး အနည်းငယ်မျှရှိနေလျှင်ပင် ကြီစမားသောအကျိုးဆက်များထံသို့ ဦးတည်သွားပေမည်။
သို့ရာတွင် ရီဖုန်း၏စကားလုံးများသည် ရေဒြပ်စင်ကို ရုတ်တရက် တုန်ရီသွားစေသည်။
ရီဖုန်း၏သတိပေးစကားများသည် လွန်စွာပြင်းထန်ပေ၏။
Chapter 292
သူမ၏ရည်ရွယ်ချက်ကို သူသည် ထွင်းဖောက်မြင်ပြီးဖြစ်ပုံရသည်။ သို့ရာတွင် သူမကဲ့သို့ လူတစ်ယောက်ကို ရင်ဆိုင်ရန် သူသည် စိတ်မဝင်စားသဖြင့် သူမကို လွှတ်လိုက်ခြင်းဖြစ်ပေမည်။
"ကျေးဇူးတင်ပါတယ်"
ရေဒြပ်စင်သည် ကျေးဇူးတင်စကားပြောဆိုကာ မြူခိုးများအကြားသို့တိုးဝင်ပြီး ပျောက်ကွယ်သွားတော့သည်။
ရေဒြပ်စင် ထွက်ခွာသွားပြီး မကြာမီမှာပင် မြူခိုးများလည်း အလျှင်အမြန်ပျက်ပြယ်သွားခဲ့သည်။
ထို့နောက် ရီဖုန်းသည် သူ၏စိတ်ဆန္ဒအတိုင်း ဟွမ်ဝူကျင်းနှင့်အတူ တောင်တန်းများကိုကျော်ဖြတ်၍ မြို့အတွင်းသို့ ရောက်ရှိလာခဲ့သည်။
ဤမြို့ကို ရေတောင်တန်းမြို့ဟု ခေါ်ဆိုသည်။
ရေတောင်တန်းမြို့သည် နာမည်ဂုဏ်သတင်းနှင့်အညီ သက်ဝင်လှုပ်ရှားလှ၏။ ယခုချိန်မှသာ ရီဖုန်းသည် မည်သည့်အရာကို အလှတရားဟု ခေါ်ဆိုသည်အား နားလည်သဘောပေါက်သွားသည်။
ဤနေရာတွင် ပြန့်ပြူးသော လမ်းမကြီးများ လမ်းများဟူ၍ ရှိမနေချေ။ အဆောက်အအုံများအားလုံးသည် ကြမ်းတမ်းသောတောင်ထွတ်များ ချောက်ကမ်းပါးစွန်းများပေါ်နှင့် ရေတံခွန်များရှေ့တွင် တည်ရှိသည်။
ထို့ပြင် ဤအဆောက်အအုံများကို တောင်တန်းများ ရေများနှင့်အတူ အပြည့်အဝပေါင်းစပ်၍ ပညာသားပါပါပုံစံထုတ်ပြီး တည်ဆောက်ထားသည်။
"အံ့အားသင့်စရာပဲ....အရမ်းကို အံ့အားသင့်ဖို့ကောင်းတယ်"
ရီဖုန်းသည် အံ့အားတသင့်ရေရွတ်ခြင်းမပြုဘဲ မနေနိုင်တော့ချေ။ ဤသည်မှာ သဘာဝ၏ခမ်းနားမှုနှင့်လူသားတို့၏လက်ရာများကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားခြင်းပင်။
"ဟား ဟား ဟား...ညီ....ညီငယ်လေး ပျော်တယ်ဆိုရင် အရမ်းကောင်းတယ်"
ဟွမ်ဝူကျင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ သို့ရာတွင် ရီဖုန်း၏သရုပ်မှန်ကို သိရှိထားပြီးနောက် သူ ရီဖုန်းကို ယခင်အတိုင်း ခေါ်ဆိုသုံးနှုန်းရန် အလွန်သတ္တိမွေးနေရသည်။
မကြာမီမှာပင် ဟွမ်ဝူကျင်းသည် ရီဖုန်းကို ခြံဝန်းငယ်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားလေ၏။
ခြံဝန်းအတွင်း၌ ရေတံခွန်များစီးကျနေကာ ခန်းမဆောင်များနှင့်အဆောက်အအုံများအားလုံးသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့တောက်ပြောင်နေသည်။
"ဟား ဟား ဟား...အကိုကြီး...ဒီနေရာမှာ ဝိုင်အရက်လေးဘာလေး မရဘူးလား"
ရီဖုန်းသည် ကျောက်ခုံတန်းလျားပေါ်တွင် ထိုင်ချပြီးနောက် မေးမြန်းလိုက်သည်။
"ဝိုင်အရက်လား...ဒီနေရာမှာ ရှိတာပေါ့..ဒီနေ့ မင်း စိတ်ကျေနပ်တဲ့အထိ ငါ သောက်ခွင့်ပြုမယ်"
ဟွမ်ဝူကျင်းသည် လူများကို အလျင်စလိုခေါ်၍ ဝိုင်အရက်ကောင်းမျိုးစုံယူလာရန်မှာကြားပြီး မိန်းမပျိုတစ်စုကိုလည်း ကပြဖျော်ဖြေရန်အတွက် ခေါ်လိုက်၏။
ဟွမ်ဝူကျင်းနှင့်အတူ ဝိုင်အရက်တစ်ခွက်ခန့်သောက်ပြီးနောက် နံဘေးဘက်တွင် စိတ်ပျက်လက်ပျက်ထိုင်နေသော လုပမ်ဝေကိုမြင်တွေ့ချိန်တွင် ရီဖုန်း၏မျက်လုံးအကြည့် အနည်းငယ်စူးရှသွားသည်။
သူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ် စိတ်မကောင်းဖြစ်သွားလေ၏။
အစောပိုင်းက သူ လက်လွန်သွားမိသည့်အတွက် အနည်းငယ်အပြစ်ရှိသကဲ့သို့ သူ ခံစားမိသည်။
မည်သို့ပင်ဆိုစေကာမူ ဤကောင်စုတ်ကြီးသည် သူ့အား ပြဿနာများဖြစ်စေသော်လည်း အချိန်ကြာမြင့်စွာ အတူနေထိုင်ပြီးနောက် ရီဖုန်းသည် လုပမ်ဝေကို သူ၏မိသားစုဝင်တစ်ယောက်ဟု သူ၏စိတ်နှလုံးသားအတွင်းမှ သတ်မှတ်ထားပြီးလေပြီ။
"ခုဏက ငါ့ကြောင့် မင်း တစ်နေရာရာ ကျိုးပဲ့သွားသေးလား"
ရီဖုန်းသည် လုပမ်ဝေကို နံဘေးဘက်သို့ဆွဲခေါ်ကာ အနက်ရောင်ဝတ်ရုံအောက်မှ သူ၏အရိုးများကို ခြေဆုံးခေါင်းဆုံးပုတ်ကြည့်ပြီး မေးမြန်းလိုက်သည်။
လုပမ်ဝေက ခေါင်းခါပြလေ၏။
သို့ရာတွင် လုပမ်ဝေ၏ပုံပန်းသွင်ပြင်မှာ ကြေကွဲဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည်။
"ခုလိုမျိုး နေရာကောင်းတစ်ခုကို ရောက်လာဖို့ဆိုတာ အရမ်းကြုံရခဲတယ်...မင်းဟာမင်း ပျော်အောင်သွားနေတော့"
ရီဖုန်းသည် ငွေအိတ်ကိုထုတ်ယူကာ ရေတွက်ပြီး နာကျင်နေသောအမူအယာဖြင့် လုပမ်ဝေထံ လက်ကမ်းပေးလေသည်။
"ထွက်သွားစမ်း"
ထိုအခြင်းအရာကိုကြည့်ပြီး လုပမ်ဝေသည် စိတ်အားတက်ကြွစပြုလာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ယမ်းနေသည်။ သူ၏လက်နှစ်ဖက်ဖြင့် ငွေအိတ်ကို အလျှင်အမြန်ယူဆောင်လိုက်၏။
ထိုမြင်ကွင်းကိုစောင့်ကြည့်နေသော ဟွမ်ဝူကျင်း၏မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။
အနက်ရောင်ဝတ်ရုံဝတ်လူသည် ရီဖုန်း၏ရှေ့၌ ဤပုံစံဖြစ်နေသည့်တိုင် သူ အလွယ်တကူ အပြစ်ပြု၍မရသော တစ်စုံတစ်ယောက်ဖြစ်နေဆဲပင်။
"ယွင်လန်… မြန်မြန် ခေါ်သွားပေးလိုက်စမ်း… အဲဒီ အကိုကြီးကို ခေါ်သွားပြီးတော့ လည်ပါတ်ဖို့အတွက် နေရာအနှံ့ လိုက်ပို့ပေးလိုက်စမ်း…"
ဟွမ်ဝူကျင်းက အလျင်စလို အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်ကြီး"
ယွင်လန်က ခေါင်းညိတ်ပြလိုက်၏။ ယခုချိန်တွင် သူသည်လည်း အနည်းငယ်မျှ ပေါ့ပေါ့ဆဆ မလုပ်ဝံ့တော့ချေ။ ယခင်က သူ၏အမြင်ကျဥ်းမြောင်းခဲ့မှုကိုလည်း သူ နားလည်သဘောပေါက်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေ၏။
ထို့နောက် လုပမ်ဝေသည် ပျော်ရွှင်စွာနှင့်စိတ်အားထက်သန်စွာ ခြံဝန်းအတွင်းမှထွက်ခွာသွားကာ ယွင်လန်က နောက်မှလိုက်ပါသွားတော့သည်။
"ဟား ဟား ဟား....ငါက အကိုကြီးကို ဒုက္ခပေးမိပြီ...ငါတို့ညီအကိုနှစ်ယောက်ပဲ ကျန်ခဲ့မှတော့ စိတ်တိုင်းကျ သောက်ကြစို့"
ရီဖုန်းက သူ၏ဝိုင်ခွက်ကိုမြှောက်ကာ ရယ်မောလိုက်သည်။
"ကောင်းတယ်....ကောင်းတယ်....ကောင်းတယ်...ငါတို့ စိတ်တိုင်းကျသောက်ကြစို့"
ဟွမ်ဝူကျင်းကလည်း သူ၏ဝိုင်ခွက်ကို မြှောက်လေသည်။
"ဟွမ်ဝူကျင်း....ဒါဆို နင်က တကယ်ကြီးပြန်ရောက်နေတာပဲ"
သူတို့နှစ်ယောက်သည် သူတို့၏နှလုံးသားစေရာအတိုင်း သောက်သုံးနေကြချိန်တွင် ခြံဝန်းတံခါး၏ပြင်ပမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံကိုကြားချိန်တွင် ဟွမ်ဝူကျင်း၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။ သူ၏ဝိုင်ခွက်ကို အောက်သို့ချကာ ပြောဆိုလိုက်၏။
"ညီ...ညီငယ်လေး...ငါ အပြင်ခဏသွားလိုက်အုံးမယ်...ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်"
"အကိုကြီး....အေးအေးဆေးဆေးသွားပါ"
ရီဖုန်းက ရယ်မောလိုက်သည်။
ရီဖုန်း၏သဘောတူညီမှုကိုရပြီးနောက် ဟွမ်ဝူကျင်းက ပြင်ပသို့ အလျှင်အမြန်ထွက်ခဲ့သည်။
ခြံဝန်း၏ပြင်ပ၌ ဝတ်စုံရှည်တစ်ထည်ကို ဝတ်ဆင်ထားသည့် လှပချောမောသော အမျိုးသမီးတစ်ယောက်နှင့် မီးခိုးရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်တို့က မတ်တတ်ရပ်နေသည်။
"မုန့်လီရှင်း...ယင်ရှန်းဖူ...မင်းတို့နှစ်ယောက်က ဒီနေရာကို ဘာအတွက်ရောက်လာတာလဲ"
ဟွမ်ဝူကျင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ပြောစမ်း...မင်းတို့က ငါ့ကိုလာရှာစရာ ဘာအကြောင်းရှိလို့လဲ...တကယ်လို့ မင်းတို့မှာ ဘာကိစ္စမှမရှိဘူးဆိုရင် မြန်မြန်ထွက်သွားကြတော့...ငါ့မှာ မင်းတို့နဲ့ငြင်းခုံနေဖို့ အချိန်မရှိဘူး"
"အိုး...ဟွမ်ဝူကျင်း...အခုတော့ နင်က ငါတို့ကို အဖက်မလုပ်တော့ဘူးပေါ့.. နင်က ငါတို့ကို တော်တော်လေးစိတ်မရှည်ဖြစ်နေတဲ့ပုံပဲ....နင် ဒီလောက်မူးယစ်ရီဝေနေတဲ့အထိ ဘယ်သူနဲ့အတူ နင်သောက်နေတာလဲ"
မုန့်လီရှင်းသည် သရော်တော်တော်ဖြင့် သူမ၏နှာခေါင်းကိုရှုံပြီး မေးမြန်းသည်။
"မင်းတို့နဲ့မဆိုင်ဘူး...မြန်မြန်သွားကြစမ်း...သွားကြတော့"
ဟွမ်ဝူကျင်းသည် စိတ်မရှည်စွာဖြင့် သူတို့ကို စူးစူးဝါးဝါးကြည့်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟွန့်...ဟွမ်ဝူကျင်း...ငါတို့ နင့်ကို လာရှာတာက ဒြပ်စင်ငါးယောက်ကိုရင်ဆိုင်ဖို့အတွက်ကို တိုင်ပင်ဆွေးနွေးဖို့ပဲ....ဒါက အရေးကြီးတဲ့ ကိစ္စပဲလေ"
မုန့်လီရှင်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒီကိစ္စဆိုရင်တောင် ဒီနေရာက ထွက်သွားကြစမ်း...ငါ အခုလုပ်နေတာထက် ပိုပြီးအရေးကြီးတဲ့ကိစ္စမရှိဘူး"
ဟွမ်ဝူကျင်းသည် သူတို့အား ဆက်လက်၍နှင်ထုတ်နေဆဲပင်။
"အော်..."
"ဒီလိုဆိုမှတော့....နင် ဒြပ်စင်ငါးယောက်ရဲ့အရေးကြီးကိစ္စကို ဘေးဖယ်ထားနိုင်တဲ့အထိ ဖြစ်စေတဲ့...နင်နဲ့အတူ သောက်နေတဲ့လူက ဘယ်သူလဲဆိုတာ ငါ မဖြစ်မနေ ကြည့်ရလိမ့်မယ်"
မုန့်လီရှင်းက ဒေါသတကြီး ပြောဆိုသည်။ သူမ၏စူးစမ်းထောက်လှမ်းသော အငွေ့အသက်သည် အသံတစ်သံမျှမထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခြံဝန်းအတွင်းသို့ စိမ့်ဝင်သွားသည်။
ထို့နောက် သူမက အေးစက်စက်ရယ်မောလိုက်သည်။
"ဟွမ်ဝူကျင်း....နင် ဒီလောက်စိတ်လှုပ်ရှားနေတာကိုကြည့်ပြီးတော့ ..နင်က အရေးကြီးပုဂ္ဂိုလ်တစ်ယောက်နဲ့ရှိနေလို့ ငါတို့ကို စိတ်မရှည်ဖြစ်နေတာလို့ ငါ ထင်ခဲ့တာ....အခုကြည့်ကြည့်တော့မှ သာမာန်သေမျိုးတစ်ယောက်တဲ့လား"
Chapter 293
"ဟမ့်..."
"သူက သေမျိုးတစ်ယောက်...ဟုတ်လား"
"မင်းက ကန်းနေတဲ့ငတုံးမပဲ"
ဟွမ်ဝူကျင်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်းရဲ့ပါးစပ်ကို ပိတ်ထားတာ ပိုကောင်းလိမ့်မယ်....မဟုတ်ရင် မင်း ဘယ်လို အသက်ထွက်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် ဟွမ်ဝူကျင်းသည် သူ၏အင်္ကျီလက်ကို ဒေါသတကြီးခါယမ်းကာ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်၏။
သို့ရာတွင် မုန့်လီရှင်းသည် ဟွမ်ဝူကျင်း ဤသို့ပြုမူနေသည်ကို မြင်တွေ့လေလေ သူမ ပို၍စိတ်ဝင်စားလေလေပင်။ သူမသည် ဟွမ်ဝူကျင်းကို အလျှင်အမြန်ဟန့်တားကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလေသည်။
"ဟွမ်ဝူကျင်း...ငါ နင်နဲ့သိလာတာ နှစ်တွေအကြာကြီးရှိနေပြီ...အရင်က နင် ဒီလိုမျိုးဖြစ်နေတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး...ဒီနေ့ ငါ နင့်ကိုသေချာပြောလိုက်မယ်...အဲ့ဒီလူငယ်က ဘယ်သူလဲဆိုတာ နင် ငါ့ကို တိတိကျကျ ပြောမပြမခြင်း ငါ ဒီနေရာကနေ ထွက်မသွားဘူး"
"မင်း..."
ဟွမ်ဝူကျင်းသည် ဒေါသများပြည့်နှက်နေသောမျက်နှာနှင့် မုန့်လီရှင်းကို ကြည့်လိုက်သည်။
သို့ရာတွင် ဤအမျိုးသမီး၏အကျင့်စရိုက်ကို သူ ကောင်းစွာသိရှိထားသည်။ သူမသည် အလွန်ခေါင်းမာသူတစ်ယောက်ဖြစ်သဖြင့် သူက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။
"ငါ မင်းကို ပြောပြလို့ရတယ်...ဒါပေမယ့် မင်း အဲ့ဒီကိစ္စကို သိပြီးတာနဲ့ ဒီနေရာကနေ အမြန်ဆုံးထွက်သွားတာ ပိုကောင်းလိမ့်မယ်"
"ဟေး...မြန်မြန်ပြောစမ်းပါ...ငါ့ကို သည်းထိတ်ရင်ဖိုဖြစ်အောင် မလုပ်စမ်းနဲ့"
မုန့်လီရှင်း၏သိချင်စိတ်များ ပို၍ပြင်းထန်လာကာ သူမက အလျင်စလိုမေးမြန်းသည်။
ဟွမ်ဝူကျင်းသည် ခြံဝန်းအတွင်း၌ တစ်ယောက်တည်း ဝိုင်အရက်သောက်နေသော ရီဖုန်းကိုတစ်ချက်ကြည့်ကာ အသက်ပြင်းပြင်းရှိုက်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"မင်းက သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်ပေမယ့်....သူက အရမ်းတုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ တည်ရှိမှုကြီးတစ်ခုပဲ...သူက သိုင်းအင်ပါယာအဆင့်မှာတောင် ရှိမနေနိုင်ဘူးလို့ ငါ သံသယဝင်မိတယ်"
"သိုင်းအင်ပါယာအဆင့်မှာတောင် ရှိမနေနိင်ဘူးတဲ့လား"
မုန့်လီရှင်းက အနည်းငယ်အံ့အားသင့်သွားကာ သူမက မယုံကြည်နိုင်စွာဖြင့် ပြောဆိုသည်။
"ဖြစ်နိုင်တာတော့ သူက အထက်ဘုံကလာတဲ့ အင်မော်တယ်တစ်ယောက်လား"
"ဒါက အမှန်ပဲ"
ဟွမ်ဝူရှင်းက တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ဒါပေမယ့် အင်မော်တယ်လမ်းကြောင်းက ပြတ်တောက်သွားပြီမဟုတ်လား...အခုချိန်မှာ အင်မော်တယ်မြစ်ကုန်းမြေထဲကို အင်မော်တယ်တွေက ဘယ်လိုလုပ်ပြီးရောက်လာနိုင်မှာလဲ"
မုန့်လီရှင်းက သံသယအပြည့်ဖြင့် မေးမြန်းသည်။
"ဒါကို ဘယ်သူက သေချာပြောနိုင်မှာလဲ...ဒါပေမယ့် ငါ့ရဲ့ခံစားချက်အရတော့ သူက အင်မော်တယ်တစ်ယောက်ပဲ"
ဟွမ်ဝူကျင်း၏စကားများသည် ခိုင်မာသော အတည်ပြုချက်များအရ ပြောဆိုခြင်းပင်။
အကြောင်းအရင်းမှာ အကယ်၍ ရီဖုန်းသာ အင်မော်တယ်တစ်ယောက် မဟုတ်ပါက သူ၏ပန်းပုရုပ်သည် မီးဒြပ်စင်တို့သုံးယောက်ကို သတ်ဖြတ်ခဲ့သည့်ကိစ္စအား ဖြေရှင်းရန် နည်းလမ်းရှိမည်မဟုတ်ချေ။
အနည်းဆုံးအနေဖြင့် ဒဿမဘဝသိုင်းအင်ပါယာတစ်ယောက်ပင်လျှင် ဤကဲ့သို့နည်းလမ်းမျိုးကို လုပ်ဆောင်နိုင်မည်မဟုတ်ဟု ဟွမ်ဝူကျင်းက ယုံကြည်ထားသည်။
ရီဖုန်းကိုမဆိုထားနှင့် ယွင်လန်၏ဖော်ပြချက်အရ လုပမ်ဝေသည် လက်တစ်ဖက်တည်းဖြင့် ရေဒြပ်စင်ကို လေထုအတွင်းမှ ဖမ်းဆုပ်လိုက်သောနည်းလမ်းသည်ပင် ဒဿမဘဝသိုင်းအင်ပါယာတစ်ယောက်၏စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ။
"ကောင်းပြီလေ...ငါ ပြောသင့်တဲ့အရာရာတိုင်း မင်းကို ပြောပြပြီးပြီ...အခု မင်း ဒီနေရာကနေ အမြန်ဆုံးထွက်သွားပြီးတော့ ငါတို့ညီအကိုတွေ ဝိုင်အရက်သောက်နေတာကို မနှောက်ယှက်နဲ့တော့....မင်းရှိနေရင် သူ စိတ်အနှောက်အယှက် ဖြစ်သွားနိုင်တယ်"
ဟွမ်ဝူကျင်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ညီအကိုတွေလား"
သို့ရာတွင် မုန့်လီရှင်းသည် အဓိကသော့ချက်ကို ရိပ်စားမိသွားပုံဖြင့် အံ့အားတသင့်မေးမြန်းသည်။
ဟွမ်ဝူကျင်းသည် အနည်းငယ်ခန့် တွေဝေတုံ့ဆိုင်းသွားပြီးနောက် တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြလေ၏။
"အမှန်ပဲ...ငါတို့က ညီအကိုတွေ"
"ဟား ဟား ဟား ဟား...."
သို့ရာတွင် မုန့်လီရှင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"မင်း ဘာရယ်တာလဲ"
ဟွမ်ဝူကျင်းက မကြည်မသာလေသံဖြင့် မေးမြန်းသည်။
"ငါက နင် ဟွမ်ဝူကျင်း အရမ်းတုံးအလွန်းတာကြောင့် ရယ်တာပဲ"
မုန့်လီရှင်းက ရယ်မောရင်း ပြောဆိုသည်။
"အစတုန်းကတော့ နင်က သူ့ကို နဝမဘဝသိုင်းအင်ပါယာတစ်ယောက်လို့ပြောရင်...သူ့အပေါ်ထားတဲ့ နင့်ရဲ့သဘောထားကိုကြည့်ပြီးတော့ ငါက အတိုင်းအတာတစ်ခုထိ ယုံလိုက်အုံးမယ်...ဒါပေမယ့် သူက အင်မော်တယ်တစ်ယောက်ဖြစ်ပြီးတော့ နင်နဲ့ညီအကိုတွေလို့ နင်က တစ်ထစ်ချကြီး ပြောနေတယ်....ဒါက နည်းနည်းတော့ ရယ်စရာကောင်းတယ်လို့ နင် မထင်ဘူးလား...ဒုတိယဘဝသိုင်းအင်ပါယာတစ်ယောက်ကို ညီအကိုလိုဆက်ဆံတဲ့ အင်မော်တယ်တစ်ယောက်ကို နင် ဘယ်နေရာကနေ သွားရှာလာတာလဲ"
"ဟမ့်...မင်းမယုံလည်း ဘာမှမဖြစ်ဘူး"
ဟွမ်ဝူကျင်း၏မျက်နှာ နီမြန်းသွားကာ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ငါက နင့်ရဲ့စကားတွေကို လုံးဝမယုံကြည်တာလို့ ငါ မပြောဘူး....ခြေတစ်လှမ်းနောက်ဆုတ်ပြီး ပြောကြရအောင်...တကယ်လို့ နင်ပြောတာအမှန်ဖြစ်နေပြီးတော့ သူက အင်မော်တယ်တစ်ယောက်ဆိုရင်...ငါတို့နဲ့ရင်းနှီးမှုရအောင် မိတ်ဆက်ပေးဖို့က အရမ်းလွန်ရာမကျဘူးမဟုတ်လား"
မုန့်လီရှင်းက ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် လူသုံးယောက် အတူဧည့်ဝတ်ပြုတာက....နင်တစ်ယောက်တည်း ဧည့်ဝတ်ပြုတာထက်တော့ ပိုကောင်းမှာပဲလေ"
ဟွမ်ဝူကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဤအမျိုးသမီး၏စကားများသည် ကျိုးကြောင်းမဆီလျော်လှချေ။
ထို့ထက်ပို၍အရေးကြီးသည်မှာ ထိုအမျိုးသမီး၏အကျင့်စရိုက်ကို သူ သိရှိထားသည်။ အကယ်၍ သူမ တောင်းဆိုသောအရာကို မရရှိပါက သူမသည် ဤနေရာမှထွက်သွားမည်မဟုတ်ချေ။
သူမအား ဤနေရာတွင် အထိန်းအကွပ်မဲ့စွာ ပြဿနာရှာခွင့် ပြုမည့်အစား သူမ၏တောင်းဆိုချက်ကို သဘောတူညီလိုက်သည်က ပို၍ကောင်းမွန်ပေမည်။
"ကောင်းပြီလေ....ဒါပေမယ့် ငါ သူ့ကို အရင်သွားမေးရလိမ့်မယ်...တကယ်လို့ သူ သဘောတူတယ်ဆိုရင် ဒါကအဆင်ပြေတယ်"
ဟွမ်ဝူကျင်းက တည်ကြည်လေးနက်စွာ ပြောဆိုပြီးနောက် ခြံဝန်းအတွင်းသို့ ပြန်လည်၍လျှောက်လှမ်းသွားသည်။
"ညီငယ်လေး..ငါရဲ့မိတ်ဆွေနှစ်ယောက်က မင်း ဒီနေရာမှာ ရှိနေတာကို သိသွားပြီးတော့ မင်းနဲ့ခင်မင်ရင်းနှီးချင်နေကြတယ်...မင်း ဘယ်လိုသဘောရလဲ"
ဟွမ်ဝူကျင်းက မေးမြန်းသည်။
"အော်...သူတို့က အရမ်းသဘောကောင်းတာပဲ...သူတို့ကို မြန်မြန်လေး ဝင်လာခိုင်းလိုက်ပါ"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"ကောင်းပြီလေ"
ထိုစကားကိုကြားချိန်တွင် ဟွမ်ဝူကျင်းသည် ခြံဝန်း၏ပြင်ပသို့ ပြန်ထွက်လာခဲ့သည်။
"အင်း....သူ ဘာပြောလိုက်လဲ"
မုန့်လီရှင်းက မေးမြန်းလေ၏။
"ငါ့ရဲ့ညီငယ်လေးက မင်းတို့ကိုတွေ့ဖို့ သဘောတူလိုက်ပြီ...ဒါပေမယ့် မတွေ့ခင်မှာ ငါ မင်းတို့ကို အရင်ဆုံးပြောပြထားရမယ့် ကိစ္စတချို့ရှိနေတယ်"
ဟွမ်ဝူကျင်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ပထမဆုံးက သူ့ရှေ့မှာ ရိုင်းပျတဲ့အပြုအမူမျိုးတွေ မလုပ်ပါနဲ့"
"ဒုတိယအချက်က သူက သူ့ရဲ့သရုပ်မှန်ကိုဖုံးကွယ်ထားတယ်...ဒါကြောင့် ငါက သူ့ရှေ့မှာ ငါ့ကိုယ်ငါ သာမာန်သေမျိုးတစ်ယောက်လို အယောင်ဆောင်ထားတယ်...သူက မင်းတို့ကို သိနေမှာဖြစ်ပေမယ့် မင်းတို့က ဒါကို ထုတ်ပြောလို့မရဘူး...မဟုတ်ရင်ကတော့ ငါ ဟွမ်ဝူကျင်းကို ရန်လိုတယ်လို့ အပြစ်မပြောကြနဲ့"
"ကောင်းပြီလေ..ပြဿနာမရှိဘူး"
မုန့်လီရှင်းက သဘောတူလိုက်သည်။
"မင်းသွားလေ...ငါ မလိုက်တော့ဘူး"
ထိုအချိန်မှာပင် တစ်ချိန်လုံးနှုတ်ဆိတ်နေသည့် မီးခိုးရောင်ဝတ်စုံဝတ် အဖိုးအိုယင်ရှန်းဖူက အမူအယာကင်းမဲ့သောမျက်နှာနှင့် ပြတ်ပြတ်သားသား ငြင်းဆန်လေသည်။ သူသည် ဤကိစ္စများကို အနည်းငယ်မျှပင် စိတ်ဝင်စားမှုမရှိသည်မှာ သိသာထင်ရှားလှ၏။
"လူအိုကြီး...နင့်ရဲ့ကျားခုံအစုတ်အပြတ်ကြီးက လွဲပြီးတော့ နင် စိတ်ဝင်စားတဲ့ တခြားအရာရှိသေးလို့လား"
မုန့်လီရှင်းက မကျေမနပ်ဖြင့် ပြောဆိုသည်။
ယင်ရှန်းဖူသည် အမူအယာကင်းမဲ့စွာဖြင့် ရှိနေဆဲပင်။
"သွားကြစို့...ဒီနေ့တော့ ငါတို့အတူတူ သွားကြရအောင်"
မုန့်ဝူရှင်းက ထပ်မံ၍တိုက်တွန်းလိုက်သည်။
"အမှန်ပဲ...ငါက ငါ့ရဲ့ညီငယ်လေးကို ပြောထားပြီးပြီ...အတူတူ သွားကြစို့...အဲ့ဒီနေရာမှာ မင်းအတွက် ဘာနစ်နာမှုမှလည်း ရှိမှာမဟုတ်ဘူး"
နံဘေးတွင်ရှိနေသော ဟွမ်ဝူကျင်းကလည်း ဖျောင့်ဖျပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ယင်ရှန်းဖူက တိတ်ဆိတ်ငြိမ်သက်စွာ ခေါင်းညိတ်ပြလေသည်။
နောက်ဆုံး၌ ဟွမ်ဝူကျင်းသည် သူတို့နှစ်ယောက်ကို ခြံဝန်းအတွင်းသို့ ခေါ်ဆောင်လာကာ စားပွဲထံသို့ ရောက်ရှိလာခဲ့သည်။
ယင်ရှန်းဖူသည် အမူအယာကင်းမဲ့နေဆဲဖြစ်ပြီး ရီဖုန်း အင်မော်တယ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူနှင့်အနည်းငယ်မျှ မသက်ဆိုင်ချေ။
သို့ရာတွင် မုန့်ဝူရှင်း၏နုတ်ခမ်းထောင့် မြင့်တက်သွားသည်။
သူမသည် ဟွမ်ဝူကျင်း၏ညီငယ်လေး အင်မော်တယ်ဟူသောလူထံတွင် မည်သည့်စွမ်းဆောင်ရည်မျိုးရှိနေသည်ကို တွေ့မြင်လိုသည်။
Chapter 294
"ရီဖုန်း....ဒါက မုန့်လီရှင်း"
ဟွမ်ဝူကျင်းက မိတ်ဆက်ပေးသည်။
"မင်္ဂလာပါ"
ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ"
မုန့်လီရှင်းက ပြုံးပြလိုက်သော်လည်း သူမ၏နုတ်ခမ်းထောင့်တွင် အဓိပ္ပါယ်ပါသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒါက ယင်ရှန်းဖူ"
ဟွမ်ဝူကျင်းသည် မီးခိုးရောင်ဝတ်စုံဝတ်အဖိုးအိုကိုလည်း ရီဖုန်းနှင့် မိတ်ဆက်ပေးလေသည်။
"ငါက အကိုယင်ကို နှုတ်ဆက်ပါတယ်"
ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ နှုတ်ဆက်လိုက်၏။
သို့ရာတွင် ယင်ရှန်းဖူသည် ရီဖုန်းကို လျစ်လျှူရှုထားကာ ပလ္လင်ခွေထိုင်ပြီး အနားယူရန်အတွက် သူ၏မျက်လုံးကို စုံမှိတ်ထားလေသည်။
ရီဖုန်းသည် ရှက်ကိုးရှက်ကန်းဖြင့် နေရာမှာပင် မတ်တတ်ရပ်နေကာ မျက်မှောင်ကြုတ်လိုက်သည်။
"မင်း....."
ဟွမ်ဝူကျင်းသည် စိတ်မကျေမနပ်ဖြစ်သွားကာ ယင်ရှန်းဖူကို ဒေါသတကြီး စူးစိုက်၍ကြည့်လိုက်သော်လည်း နောက်ပိုင်းတွင် သူ့အား လုံးလုံးလျားလျား လျစ်လျှူရှုထားသည်။
"ရီဖုန်း...သူ့ကို စိတ်ထဲမထားနဲ့...သောက်ကြစို့"
ဟွမ်ဝူကျင်းသည် ရီဖုန်း ဒေါသထွက်မည်ကိုစိုးရိမ်သဖြင့် အလျှင်အမြန် ပြေရာပြေကြောင်းပြောဆိုသည်။
ရီဖုန်းက ခေါင်းညိတ်ပြကာ သူ၏စိတ်အတွင်း၌ တေးမှတ်မထားတော့ချေ။
"လာကြ...သောက်ကြစို့"
ဟွမ်ဝူကျင်းက သူ၏ဝိုင်အရက်ခွက်ကိုမြှောက်ကာ ပြောဆိုလိုက်၏။
"သောက်ကြစို့"
ရီဖုန်းနှင့်မုန့်လီရှင်းတို့ကလည်း သူတို့၏ခွက်များကို မြှောက်လိုက်ကြသည်။
ထိုတစ်ခွက်သောက်ပြီးနောက် မုန့်လီရှင်းသည် သူမ၏ခွက်ကို ညင်သာစွာ အောက်သို့ချကာ အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ရီဖုန်းကိုကြည့်ပြီး ပြောဆိုသည်။
"ရီဖုန်း....နင် မသိပေမယ့်...ခုဏတုန်းက ဟွမ်ဝူကျင်းက နင့်အကြောင်းတွေကိုပဲ ပြောနေပြီးတော့ နင့်ကို အရမ်းမြှောက်ပင့်ချီးကျူးနေတာ..."
"ဒါကြောင့် ငါ့အထင်တော့....နင်က အရမ်းအရည်အချင်းရှိတဲ့လူပဲဖြစ်ရမယ်...ဟုတ်တယ်မလား"
သူမက စူးစမ်းလိုမှုအပြည့်ဖြင့် မေးမြန်းသည်။
ဟွမ်ဝူကျင်း၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားသည်။
သူသည် မုန့်လီရှင်း၏စကားများအတွင်းမှ ဖုံးကွယ်ထားသောအဓိပ္ပါယ်ကို သတိပြုမိသဖြင့် သူမကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်၏။
သို့ရာတွင် မုန့်လီရှင်းသည် အာရုံစူးစိုက်ခြင်စမပြုဘဲ သူမသည် မေးခွန်းထုတ်လိုသော စူးရှရှမျက်လုံးတစ်စုံဖြင့် ရီဖုန်းကိုသာ ဆက်လက်၍ကြည့်နေသည်။
"ဒါက အကိုကြီးက ချဲ့ကားပြောနေတာပါ....ငါ့မှာ ဘာအရည်အချင်းတွေ ရှိနေနိုင်မှာလဲ...ငါက သာမာန်သေမျိုးတစ်ယောက်သက်သက်ပဲ"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"သာမာန်သေမျိုးတစ်ယောက်လား"
မုန့်လီရှင်း၏နုတ်ခမ်းထောင့် စိတ်ဝင်စားမှုကြောင့် တွန့်ကွေးသွားကာ သူမက ထပ်မံ၍မေးမြန်းလိုက်သည်။
"တကယ်လို့ နင်က သာမာန်သေမျိုးတစ်ယောက်ဆိုရင်တောင် နင့်မှာအရည်အချင်းတချို့တော့ ရှိနေတယ်မလား"
"မုန့်လီရှင်း...ဒါက တော်သင့်ပြီ"
ဟွမ်ဝူကျင်းသည် နောက်ဆုံး၌ သည်းမခံနိုင်တော့သဖြင့် သူ၏ဝိုင်ခွက်ကို အောက်သို့ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်၏။
"ဟွမ်ဝူကျင်း...နင် ဘာလို့ ဒီလောက်ထိအကဲဆတ်နေတာလဲ...ငါက နင့်ရဲ့ညီငယ်လေးနဲ့ စကားစမြည်ပြောရုံ သက်သက်ပဲလေ"
မုန့်လီရှင်းသည် ဟွမ်ဝူကျင်းကို အော်ငေါက်လေသည်။ ထို့နောက် သူမသည် အပြုံးမျက်နှာနှင့် ရီဖုန်းဘက်သို့လှည့်ကာ အေးအေးလူလူ မေးမြန်းသည်။
"ဒါဆိုရင်...မောင်လေးရီ...ငါ ပြောလိုက်တဲ့စကားကို နင် သဘောတူလား"
"မင်း ပြောတာအမှန်ပဲ"
ရီဖုန်းသည် ပြုံးလိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် အဓိပ္ပါယ်ပါသောအမူအယာမျိုး ထင်ဟပ်စပြုလာသည်။
"ဒါဆိုရင် ရီဖုန်း...နင့်မှာ ဘယ်လိုအရည်အချင်းတွေရှိနေတာလဲ"
မုန့်လီရှင်းက မေးမြန်းသည်။
"တကယ်တော့ ငါ့မှာ အရည်အချင်းတချို့တော့ ရှိနေတယ်"
ရီဖုန်းက ပြောဆိုသည်။
"အော်...."
မုန့်လီရှင်းသည် မျှော်လင့်စောင့်စားနေသော အမူအယာမျိုးပြုလုပ်ကာ မေးမြန်းလိုက်၏။
"ဒီလိုဆိုမှတော့ မောင်လေးရီ...နင့်ရဲ့အရည်အချင်းတွေ ငါ့ကိုပြပါလား"
သို့ရာတွင် ရီဖုန်းက သူ၏ခေါင်းကိုမော့ကာ တန်ပြန်မေးခွန်းထုတ်လေသည်။
"ငါက ဘာလို့ ငါ့ရဲ့အရည်အချင်းတွေ မင်းကိုပြရမှာလဲ"
"ငါ့မှာ ဘာအရည်အချင်းပဲရှိရှိ....မင်းနဲ့ ဘာဆိုင်လို့လဲ"
"ပြီးတော့ ငါတို့က ရင်းနှီးလို့လား"
မေးခွန်းသုံးခု ဆက်တိုက်ထွက်ပေါ်လာကာ....
မုန့်လီရှင်း နေရာမှာပင် ကြက်သေသေသွားသည်။
သူမ၏မျက်နှာ သုန်မှုန်သွားကာ အလွန်အမင်း စိတ်မကြည်မသာဖြစ်နေပုံရသည်။
သူမ၏စူးရှသောမျက်လုံးတစ်စုံအတွင်းတွင် ဖုံးကွယ်ထားသောဒေါသများ တစွန်းတစထင်ဟပ်နေသည်။
သူမရှေ့ရှိ ဤလူငယ်သည် မည်သည့်အရာမျှထူးထူးခြားခြားမရှိကာ အရည်အချင်းကင်းမဲ့သည့်အပြင် အလွန်ဒေါသထွက်လွယ်သည်ကို သူမ သိနားလည်သွားလေပြီ။
တစ်စုံတစ်ယောက်သည် သူမအား ဤကဲ့သို့ပုံစံမျိုးဖြင့် စကားပြောဆိုဝံ့မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
အကယ်၍ ဟွမ်ဝူကျင်း၏မျက်နှာကို ထောက်ထားနေခြင်းကြောင့်သာမဟုတ်ပါက သူမသည် လှုပ်ရှားပြီးဖြစ်ပေမည်။
"ဟွန့်...နင်တို့ပဲ ဆက်သောက်နေကြတော့....ငါ သွားတော့မယ်"
မုန့်လီရှင်းသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာသွားတော့သည်။
"နှုတ်ဆက်ပါတယ်...ငါတို့ ထပ်တွေ့စရာမလိုတော့ဘူး"
ဟွမ်ဝူကျင်းသည် ဒေါသတကြီးအော်ဟစ်ကာ မုန့်လီရှင်း၏တောင်းဆိုချက်ကို သူ သဘောတူညီခဲ့မိသဖြင့် အလွန်အမင်းစိုးရိမ်ပူပန်ကာ နောင်တရနေမိသည်။
သို့ရာတွင် မုန့်လီရှင်း ထွက်သွားချိန်တွင် ရီဖုန်းသည် သူမကို တစ်ချက်ပင် ထပ်မံ၍ကြည့်ရှုခြင်းမပြုချေ။
ထိုအမျိုးသမီး စဝင်လာသည့်အချိန်မှစ၍ သူမနှင့်ပတ်သတ်၍ တစ်စုံတစ်ခုမူမမှန်သည်ကို ရီဖုန်းက သတိပြုမိသည်။ ဟွမ်ဝူကျင်းကို လေးစားခြင်းကြောင့်သာ သူ သည်းခံ၍နေခဲ့ခြင်းပင်။
သို့ရာတွင် မုန့်ဝူရှင်းသည် ထိုအချက်ကိုနားမလည်ဘဲ သူ့ကို အရူးတစ်ယောက်ကဲ့သို့ ပြုမူဆက်ဆံနေသဖြင့် သူသည် သူမကို မျက်နှာသာပေးမည်မဟုတ်ချေ။
"အကိုကြီး...ဆက်ပြီးသောက်ကြစို့"
ရီဖုန်းသည် သူ၏ဝိုင်ခွက်ကိုမြှောက်ကာ ဟွမ်ဝူကျင်းထံသို့ မြှောက်ပြလိုက်သည်။ သူသည် မူလက အနီး၌ထိုင်နေသော ယင်ရှန်းဖူကိုဖိတ်ခေါ်ရန် တွေးတောခဲ့သည်။ သို့ရာတွင် ယင်ရှန်းဖူ၏အမူအယာကင်းမဲ့သောမျက်နှာကိုကြည့်ပြီး ရီဖုန်းသည် သူ့အား အဖက်မလုပ်ရန် ဆုံးဖြတ်လိုက်၏။
"သောက်ကြစို့"
ဟွမ်ဝူကျင်းက ရီဖုန်းသည် မုန့်လီရှင်းနှင့်ပတ်သတ်၍ အနည်းငယ်မျှပင် ဂရုမစိုက်သည်ကိုမြင်တွေ့ချိန်တွင် သူက စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။
သူ၏စိတ်နှလုံးသားအတွင်း၌ ရီဖုန်းအပေါ် ပို၍လေးစားကြည်ညိုလာသည်။
သူ၏ညီငယ်လေးသည် အမှန်တကယ်ကို ချီးကျူးထိုက်ပေ၏။ မုန့်လီရှင်းကဲ့သို့ ဟန်ဆောင်ကောင်းသောလူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်တိုင် သူ၏ဒေါသကို ချုပ်တည်းထားနိုင်ခဲ့သည်။
ဤသည်မှာ သူ လုပ်ဆောင်နိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။
ထိုအကြောင်းကိုတွေးတောရင်း သူသည် ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းစွာပြုံးလိုက်၏။
သူတို့နှစ်ယောက်စလုံးသည် သာမာန်သေမျိုးများအဖြစ် ဟန်ဆောင်နေကြသော်လည်း နှစ်ယောက်ကြားရှိကွာခြားချက်သည် ကိစ္စရပ်တိုင်း၌ သိသာထင်ရှားနေသည်။ ရီဖုန်းထံတွင် ရိုးရှင်းမှုနှင့်စစ်မှန်မှုသို့ ပြန်လည်ရောက်ရှိနေသော သရုပ်သကန်များ ရှိနေခဲ့သည်။
"အိုး...အကိုကြီး....ဒီနေရာမှာ ဇီသာတစ်လက်ရှိနေတာပါလား...ငါ တီးလို့ရလား"
ဟွမ်ဝူကျင်းနှင့် ဝိုင်အရက်နှစ်ခွက်ခန့် ထပ်မံ၍သောက်ပြီးနောက် ရီဖုန်းသည် နံဘေးတွင်ရှိနေသော ဇီသာတစ်လက်ကို သတိပြုမိသွားကာ စိတ်လှုပ်ရှားစွာဖြင့်မေးမြန်းသည်။
"အမ်....ညီငယ်လေးက ဇီသာကို ဘယ်လိုတီးခတ်ရမယ်ဆိုတာ သိနေတာလား"
ဟွမ်ဝူကျင်းက အံ့အားသင့်စွာ ပြောဆိုသည်။
"နည်းနည်းပါပဲ"
ရီဖုန်းက ပြုံးလိုက်သည်။
"ဒီဇီသာကို များသောအားဖြင့်တော့ မိန်းကလေးတွေပဲ တီးခတ်လေ့ရှိတယ်...တကယ်လို့ ညီငယ်လေးက စိတ်ဝင်စားတယ်ဆိုရင် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပါတယ်"
ဟွမ်ဝူကျင်းက ပြောဆိုသည်။
"ကောင်းတယ်...ဒါဆိုရင်လည်း ငါ ဒါကိုစမ်းကြည့်မယ်"
ပြင်းပြသောဆန္ဒကို မလွန်ဆန်နိုင်တော့သဖြင့် ရီဖုန်းသည် သူ၏ဝိုင်ခွက်ကို အောက်သို့ချကာ မတ်တတ်ထရပ်လိုက်သည်။
ရိုးရိုးသားသား ဝန်ခံရလျှင် သူ တီးခတ်ရန် လက်ယားနေလေပြီ။ ဝိုင်အရက်သောက်ကာ ထွေရာလေးပါးပြောဆိုရင်း တေးဂီသံတချို့ကိုပါ ရောယှက်လိုက်ပါက...ဘဝ၏အစစ်အမှန် ပျော်ရွှင်ဖွယ်ရာပင်။
ရီဖုန်းသည် ဇီသာရှေ့၌ထိုင်ကာ သူ၏သွယ်လျလျလက်ချောင်းများကို ဇီသာကြိုးများပေါ်သို့ ညင်သာစွာတင်လိုက်သည်။
ခြံဝန်း၏ပြင်ပ၌...
မုန့်လီရှင်း၏ဒေါသများသည် ယခုထိတိုင် ပြေပျောက်ခြင်းမရှိသေးချေ။
ဟွမ်ဝူကျင်းသည် တခြားတစ်ယောက်ကြောင့် သူမအား စိတ််မရှည်စွာဆက်ဆံကာ အော်ငေါက်နေသည့်အကြောင်းအရင်းကို သူမ နားမလည်နိုင်ချေ။
အကယ်၍ ထိုလူသည် သာလွန်ထူးကဲသောအရည်အချင်းများကို အမှန်တကယ်ပိုင်ဆိုင်ထားပါက သူမ နားလည်ပေးနိုင်သော်လည်း သူသည် သာမာန်သေမျိုးတစ်ယောက်သက်သက်ပင်....
သူမ ထွက်သွားမည်ဟု ပြောဆိုချိန်မှာပင် ဟွမ်ဝူကျင်းသည် သူမနောက်သို့လိုက်လာရန် စိတ်မဝင်စားခဲ့ချေ။
မည်သည်ကြောင့် သာမာန်သေမျိုးတစ်ယောက်သည် သူမထက်ပို၍ သူ့အတွက်အရေးကြီးနေသနည်း....
ဤအချိန်အခိုက်အတန့်တွင်....
သူမ ထိုအကြောင်းကို ပို၍တွေးတောမိလေလေ ပို၍ဒေါသထွက်လာလေလေပင်။
"ကောင်းပြီလေ...ဟွမ်ဝူကျင်း...ငါ နင့်ကို ထပ်ပြီးလာမရှာတော့ဘူး"
ခြံဝန်းအတွင်းတွင်ရှိနေသော ဟွမ်ဝူကျင်းသည် သူမအား အနည်းငယ်မျှပင် အရေးမစိုက်သည်ကို မြင်တွေ့ချိန်တွင် သူမသည် ဒေါသတကြီးဖြင့် ခြေထောက်ဆောင့်ကာ ထွက်ခွာခဲ့တော့သည်။
ထိုအချိန်မှာပင် ခြံဝန်းအတွင်းမှနေ၍ ဇီသာတေးသံတစ်သံ မျောလွင့်လာသည်။
Chapter 295
သူမ၏နားအတွင်းသို့ ဇီသာတေးသံ ဝင်ရောက်လာချိန်တွင် ဒေါသတကြီးထွက်ခွာလာခဲ့သော မုန့်လီရှင်းသည် ကြက်သေသေသွားလေ၏။
"ဒါက ဘာလဲ..."
"မဟာတာအိုရဲ့စွမ်းအားက ဘယ်လိုဖြစ်ပြီး ရှိနေတာလဲ"
သူမ၏မျက်လုံးများပြူးကျယ်သွားကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ တုန်ရီသွားသည်။
သူမ၏မျက်လုံးအတွင်းတွင် နက်ရှိုင်းသောမယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
ဤဖရိုဖရဲနယ်မြေအတွင်းတွင် မုန့်လီရှင်းသည် သူမ၏ဇီသာစွမ်းရည်ကြောင့် လူသိများကျော်ကြားပြီး ဇီသာဧကရီလီရှင်းဟူသောအမည်ကို ရရှိထားသည်။ ထို့ကြောင့် ဤဇီသာတေးသံ သူမ၏နားအတွင်းသို့ ဝင်ရောက်လာချိန်တွင် တေးသံအတွင်း၌ရောယှက်နေသည့် မဟာတာအို၏ပြင်းထန်သောစွမ်းအားကို သူမ အာရုံခံမိသည်။
မဟာတာအို၏စွမ်းအား....
ဤသည်မှာ သိုင်းအင်ပါယာများအားလုံး ရရှိနိုင်ရန် အိမ်မက်မက်နေသော တစ်စုံတစ်ခုပင်။
အကြောင်းအရင်းမှာ သိုင်းအင်ပါယာတစ်ယောက်သည် ဆက်လက်၍တိုးတက်စေရန်အတွက် သူ တက်လှမ်းမည့်လမ်းကြောင်းကို ရွေးချယ်ရန်လိုအပ်သည်။ ဤလမ်းကြောင်းအတိုင်း အထက်သို့လျှောက်လှမ်းမှသာ အင်မော်တယ်တစ်ယောက်ဖြစ်နိုင်သော အခွင့်အရေးတစ်ခုကို ရရှိပေမည်။
ယခုချိန်၌ အင်မော်တယ်လမ်းကြောင်း ပြတ်တောက်နေသော်လည်း ထိုအကျဥ်းအကျပ်အခြေအနေသို့မရောက်မီ လူအမြောက်အများသည် သူတို့၏စိတ်အားထက်သန်ရာလမ်းကြောင်းကို ရှာဖွေနေကြဆဲပင်။
ကျင့်ကြံသူအများစုသည် သိုင်းပညာလမ်းကြောင်းကိုသာ ရွေးချယ်ကြသော်လည်း တခြားလူများသည် သူတို့၏ပါရမီများအပေါ်မှီခို၍ ဇီသာ သို့မဟုတ် ပန်းချီ အစရှိသဖြင့် တခြားကျင့်ကြံခြင်းလမ်းကြောင်းများကို ရှာဖွေကြဆဲပင်။
သူတို့သည် မည်ကဲ့သို့လမ်းကြောင်းကို ရွေးချယ်ကြပါစေ သိုင်းအင်ပါယာနယ်ပယ်သို့ရောက်ရှိသည်နှင့် သူတို့ ထပ်မံ၍တိုးတက်စေရန်အတွက် မဟာတာအို၏စွမ်းအားကို လေ့လာဆင်ခြင်နိုင်ရန် မရှိမဖြစ်လိုအပ်သည်။
မဟာတာအို၏စွမ်းအားကို လုံလောက်စွာ လေ့လာဆင်ခြင်ထားခြင်းမရှိပါက သူတို့၏လက်ရှိနယ်ပယ်အား ချိုးဖျက်ရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် မဟာတာအို၏စွမ်းအားကို လေ့လာဆင်ခြင်နိုင်ရန် မလွယ်ကူချေ။ ထိုအရာကို အနည်းငယ်မျှ နားလည်သဘောပေါက်လျှင်ပင် အလွန်ကြီးမားသောအခွင့်အရေးကို ရရှိနိုင်သည်။
သို့ရာတွင် မဟာတာအို၏စွမ်းအားကို တိုက်ရိုက်ထုတ်ဖော်ပြီး ဇီသာတေးသံအတွင်းသို့ရောယှက်လိုက်ခြင်း...ဤကဲ့သို့ထိတ်လန့်တုန်လှုပ်ဖွယ်ကိစ္စမျိုးသည် မုန့်လီရှင်း လုံးလုံးလျားလျား မမြင်ဖူး မကြားဖူးသောအရာပင်။
အတိုချုပ်ပြောရလျှင် ဤသည်မှာ သူမ နားလည်သဘောပေါက်နိုင်သောအဆင့်ထက် များစွာပို၍ ကျော်လွန်နေသည်။
သူမသည် လေအေးတစ်ချက် ရှိုက်သွင်းမိလေ၏။
အကယ်၍ သူမသည် ဤနှစ်များအတွင်းတွင် လေ့လာဆင်ခြင်ခဲ့သော မဟာတာအို၏စွမ်းအားကို ယခုလက်ရှိ တစ်စုံတစ်ယောက်မှတီးခတ်နေသော ဇီသာတေးသံနှင့် နှိုင်းယှဥ်ကြည့်ပါက ပင်လယ်ပြင်အတွင်းမှ သဲမှုန်တစ်မှုန်စာပမာဏသာရှိပေမည်။
အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ ဤမျှထိအစွမ်းထက်သော တစ်စုံတစ်ယောက်ရှိနေအုံးမည်ဟု သူမ မျှော်လင့်မထားမိချေ။
သူမအား ပို၍မယုံကြည်နိုင်ဖြစ်စေသောအချက်မှာ ထိုဇီသာတေးသံသည် အစောပိုင်းက သူမ ထွက်ခွာလာခဲ့သော ခြံဝန်းအတွင်းမှ ထွက်ပေါ်နေခြင်းပင်။
ဟွမ်ဝူကျင်း...သူ့အကြောင်းကို သူမ ကောင်းစွာသိရှိပေ၏။
ထို့ပြင် ခွေးသူတောင်းစားအိုကြီး ယင်ရှန်းဖူကမူ ထည့်တွက်ရန်ပင်မလိုချေ။
ထို့ကြောင့် ယခုချိန်၌ ဇီသာကိုတီးခတ်နေသူသည် ပကတိအတိုင်းရှင်းလင်းနေလေပြီ။
သူမ၏ခြေလှမ်းများ ယိမ်းယိုင်သွားကာ သူမ၏မျက်နှာ ဖြူရော်သွားသည်။ သူမသည် ဥာဏ်တိမ်ပြီး ပြဿနာကြီးတစ်ခု ပြုလုပ်ခဲ့မိသည်ကို သူမ ချက်ချင်းသိနားလည်သွားလေပြီ။
ဟွမ်ဝူကျင်း ပြောဆိုခဲ့သမျှစကားများအားလုံး အမှန်ဖြစ်နေခဲ့သည်။
ဤမျှထိစွမ်းဆောင်နိုင်သော တစ်စုံတစ်ယောက်သည် အနည်းဆုံးအနေဖြင့် အင်မော်တယ်တစ်ယောက်သာဖြစ်ပေမည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် သူမ များစွာစဥ်းစားတွေးတောနေရန် အချိန်မရှိတော့ချေ။ သူမသည် နားစွင့်ကာ ဇီသာတေးသံကို ဂရုတစိုက်နားထောင်ပြီး အတွင်းရှိ မဟာတာအိုစွမ်းအားကို ခံစားလိုက်သည်။ အကြောင်းအရင်းမှာ ဤစွမ်းအားသည် သူမအတွက် များစွာအရေးကြီးသောကြောင့်ပင်။
သို့ရာတွင် အကွာအဝေးကြောင့် ဇီသာတေးသံသည် ခပ်သဲ့သဲ့သာ သူမထံသို့ရောက်ရှိလာပေ၏။
ထိုအကြောင်းကိုတွေးတောရင်း သူမ၏ခန္ဓာကိုယ်ကို ရွေ့လျားကာ ခြံဝန်းအတွင်းသို့ အလျှင်အမြန်ပြန်သွားလိုက်၏။
ခြံဝန်းအတွင်း၌....
ဟွမ်ဝူကျင်းသည်လည်း ထိတ်လန့်တုန်လှုပ်ကာ ကြက်သေသေနေသည်။
အကြောင်းအရင်းမှာ သူသည်လည်း ဇီသာတေးသံအတွင်းမှနေ၍ မဟာတာအို၏စွမ်းအားကို စစ်မှန်စွာနှင့်ရှင်းလင်းပြတ်သားစွာ ခံစားမိသောကြောင့်ပင်။ သူ့အား ပို၍ထိတ်လန့်တုန်လှုပ်စေသည်မှာ ဤစွမ်းအားသည် ဇီသာတာအိုအတွက်ဖြစ်သော်လည်း သူ၏စိတ်အခြေအနေအပေါ် အတိုင်းအတာတစ်ခုထိ လွှမ်းမိုးနိုင်သဖြင့် သူ့အတွက် အနည်းငယ်အသုံးဝင်သည်။
သူ၏မျက်လုံးကိုစုံမှိတ်ကာ ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို လျစ်လျှူရှုထားသော ယင်ရှန်းဖူသည်လည်း သူ၏မျက်လုံးများကိုဖွင့်ကာ အနည်းငယ်အံ့အားသင့်သွားပုံဖြင့် ရီဖုန်းကိုကြည့်လိုက်၏။
သို့ရာတွင် မကြာမီမှာပင် သူ၏မျက်လုံးများကိုပြန်မှိတ်ကာ သူ၏နံဘေးပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသမျှ အရာရာတိုင်းကို လုံးလုံးလျားလျား လျစ်လျှူရှုထားတော့သည်။
ဤအချိန်အခိုက်အတန့်တွင် မုန့်လီရှင်းသည် နောက်ဆုံး၌ ခြံဝန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာလေပြီ။
ယခုချိန်၌ ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော ဇီသာတေးသံသည် သူမ၏နားအတွင်းသို့ ဝင်ရောက်လာသည်။ ဤသည်မှာ သူမကို တေးသံတွင်း၌ နစ်မျောသွားခြင်းအဆင့်သို့ ချက်ချင်းခေါ်ဆောင်သွားနိုင်ခဲ့သည်။
အထူးသဖြင့် တေးသံအတွင်း၌ရောယှက်နေသော မဟာတာအို၏ထူထပ်သိပ်သည်းသောစွမ်းအားများသည် သူမထံသို့ တိုးဝင်လာပေ၏။
ဤသည်မှာ သူမကို အလွန်အမင်းစိတ်လှုပ်ရှားသွားစေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။
အကြောင်းအရင်းမှာ သူမသည် အတားအဆီးတစ်ခု၌ ပိတ်မိနေသည်မှာ အချိန်အလွန်ကြာမြင့်နေပြီဖြစ်သောကြောင့်ပင်။ ဤအဆင့်တွင် သူမ ပိတ်မိနေပြီး ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခြင်း မရှိတော့ချေ။
ထို့ကြောင့် ယခုချိန်၌ သူမရှေ့ရှိ မဟာတာအို၏စွမ်းအားသည် သူမ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန်အတွက် သော့ချက်ဖြစ်နေသည်။
"ရောက်လုနီးပါးပဲ...."
"နည်းနည်းပဲလိုတော့တယ်..."
မုန့်လီရှင်းသည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူမ ကာလကြာရှည်စွာစောင့်ဆိုင်းနေခဲ့ရသည့် အချိန်အခိုက်အတန့်သည် နောက်ဆုံး၌ ရောက်ရှိလာတော့မည်ကို တိတ်တဆိတ်မျှော်လင့်နေမိသည်။
သို့သော် ထိုအချိန်မှာပင်....
ဇီသာတေးသံ ရုတ်တရက် ရပ်တန့်သွားသည်။
အရေးကြီးအချိန်အခိုက်အတန့်တွင်ရှိနေသော မုန့်လီရှင်းသည် အံ့အားသင့်တုန်လှုပ်သွားကာ ရုန်တရက်နိုးထလာပြီး သေလုမတက်ဖြူရော်နေသောမျက်နှာနှင့် အော်ဟစ်လိုက်၏။
"ဘာလို့ ရပ်လိုက်တာလဲ"
သူမသည် မသိစိတ်မှနေ၍ အော်ဟစ်လိုက်မိစဥ်မှာပင် သူမ၏အကြည့်သည် ရီဖုန်း၏အဓိပ္ပါယ်ပါသောမျက်လုံးတစ်စုံဖြင့် ဆုံစည်းမိသည်။
'နားထောင်ချင်တာလား'
'ငါက မင်းကို နားထောင်ခွင့်မပြုဘူး'
ရီဖုန်းသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏လက်များကို ဇီသာပေါ်မှ ပြန်ရုတ်သိမ်းပြီး စားပွဲထံသို့ ပြန်သွားလေသည်။
ဤအမျိုးသမီး အလျှင်အမြန်အပြေးပြန်လာသည့်ပုံစံကို ကြည့်ခြင်းအားဖြင့် သူမသည် ဇီသာကိုမြတ်နိုးသူတစ်ယောက်ဖြစ်ကြောင်း ရီဖုန်းက ခန့်မှန်းမိသည်။
'မင်း နားထောင်ရတာကို မြတ်နိုးရင်...ငါက မင်းကို နားထောင်ခွင့်မပြုနိုင်ဘူး...ခုဏက မင်း ထွက်သွားပြီးပြီလေ'
မည်သို့ပင်ဆိုစေကာမူ သူသည် အစောပိုင်းက သူ့အား နှိမ့်ချဆက်ဆံခဲ့သော သူမ၏စိတ်နေသဘောထားကို မေ့လျော့ခြင်းမရှိချေ။
သူမ၏စကားလုံးများသည် သူ့အား အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေပေ၏။
ယောက်ျားသားများသည် အငြိုးအတေးမထားရဟု မည်သည့်ငရဲက ဆိုထားသနည်း..
ငါ ထားတယ်...
တကယ်လို့ မင်းက ငါ့ကို မျက်နှာသာမပေးရင် ငါကလည်း မင်းကို မျက်နှာသာပေးမှာမဟုတ်ဘူး...
ဟွမ်ဝူကျင်း၏မျက်နှာကို ထောက်ထားခဲ့သည့်တိုင် ရီဖုန်းသည် ဤနည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့သည်။ အကြောင်းအရင်းမှာ သူမသည် သူ့အပေါ်တွင် သူမ၏သဘောထားကို ဖော်ပြရာ၌ ဟွမ်ဝူကျင်း၏မျက်နှာကို သူမ ထောက်ထားခဲ့ခြင်းမရှိသောကြောင့်ပင်။