← Chapters

အခန်း (၃၁၁-၃၁၅)

Vol. 21 Ch. 311-315

အခန်း (၃၁၁-၃၁၅)

Vol. 21 Ch. 311-315

Chapter 311

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် မျက်တောင်မခတ်ဘဲ ရီဖုန်းကို စူးစိုက်၍ကြည့်နေဆဲပင်။

ဒေါသများက သူမ၏စိတ်နှလုံးသားအတွင်း၌ တလိမ့်လိမ့်ထနေသည်။

အကယ်၍ သူမ တွားသွားရမည် သို့မဟုတ် ဤနေရာ၌ သေဆုံးရမည်ဆိုလျှင်ပင် ရီဖုန်း၏ကျောပေါ်သို့မတက်ဟု ဆုံးဖြတ်ချက်ချထားသည်။

သို့ရာတွင် သူမ မျှော်လင့်မထားမိသည်မှာ ရီဖုန်းသည် သူမကို နှစ်ကြိမ်ထပ်မပြောတော့ဘဲ တုတ်တစ်ချောင်းကိုလွှဲ၍ သူမ၏ခေါင်းနောက်ကို ရိုက်လိုက်ခြင်းပင်။

သူမ၏ကျင့်ကြံဆင့်စွမ်းအားများ ပျောက်ကွယ်နေကာ အားနည်းနေသောကြောင့် သူမသည်ဘချက်ချင်းမူးဝေကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"သောက်ချေးပဲ...ပြဿနာရှာဖို့ပဲသိတယ်...ငါတို့အခု ဘယ်နေရာမှာရောက်နေတယ်ဆိုတာ သူ မသိဘူးလား"

ရီဖုန်းသည် အော်ငေါက်ကာ သူ၏လက်အတွင်းရှိတုတ်ကို အဝေးသို့လွှင့်ပစ်လိုက်သည်။ ထို့နောက် သူသည် အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးကို ဖမ်းဆုပ်၍ သူ၏ကျောပေါ်တင်ကာ ဤနေရာမှ ထွက်ခွာခဲ့တော့သည်။

လှိုဏ်ဂူတစ်ဂူအတွင်း၌....

မီးအလင်းရောင် တဖျတ်ဖျတ်တောက်ပနေသည်။

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် နောက်ဆုံးတွင် သတိလစ်မေ့မျောရာမှ နိုးထလာကာ ယခင်က မည်သို့ဖြစ်ပျက်ခဲ့သည်ကို ပြန်အမှတ်ရသွားသည်။ သူမ၏လှပသောမျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်သွားပေ၏။

သို့ရာတွင် သူမ၏မျက်လုံး ဖွင့်လိုက်သောအချိန်မှာပင် ရီဖုန်းသည် သူမ၏ဓားရှည်ကိုကိုင်ကာ သူမ၏လည်ပင်းပေါ်သို့ တင်ထားသည်ကို သူမ မြင်တွေ့လိုက်ရသည်။

"စကားပြောကြစို့"

ရီဖုန်းက သူမကိုငုံကြည့်ကာ ပြောဆိုသည်။

"ဘာပြောမှာလဲ"

သူမက အေးစက်စက်လေသံဖြင့် တုံ့ပြန်သည်။

"ပထမဆုံးအနေနဲ့ ငါက မင်းကို ရန်စချင်တဲ့သဘောမဟုတ်ဘူး...မင်းကို ရိုက်လိုက်တာက မလွှဲသာမရှောင်သာလို့ပဲ....ညအချိန်မှာ သားရဲတွေက နေရာအနှံ့သွားနေတာ....မင်းကြောင့်နဲ့ ငါပါ မသေချင်ဘူး"

ရီဖုန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"ဒါဆိုရင်လည်း နင် ငါ့ကို တစ်ယောက်တည်းထားခဲ့လို့ရတယ်လေ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက တည်ငြိမ်စွာ ပြောဆိုသည်။

"ငါ မင်းကို တစ်ယောက်တည်းထားခဲ့လို့ရတယ်...ဒါပေမယ့် ကျေးဇူးရှိရင် ပြန်ဆပ်ရမယ်လို့ ငါ ခံယူထားတယ်...အရင်က မင်း ငါ့ကို ကူညီပြီးတော့ ခြင်္သေ့ကြီးကို သတ်ပေးခဲ့တယ်....ဒါကြောင့် အတုံ့အလှည့်အနေနဲ့ ငါ မင်းကို ကယ်ခဲ့တာပဲ"

ရီဖုန်းက ပြောဆိုသည်။

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။

"တကယ်တော့....မင်းကိုကယ်ခဲ့တဲ့ကိစ္စကို ထားလိုက်တော့...အခု ငါတို့ လုံခြုံသွားပြီ....ငါတို့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်"

ရီဖုန်းက ပြောဆိုလိုက်သည်။

"ဒါကြောင့် ငါ မင်းကို ရိုက်ခဲ့လို့ မင်းမကျေမနပ်ဖြစ်နေရင်တောင် ငါ့ကိုမသတ်ဘူးလို့ မင်း ကတိပေးရမယ်...ဘာလို့လဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းရဲ့အသက်သခင်ကျေးဇူးရှင်ပဲ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် အနည်းငယ် တွေဝေသွားပေ၏။

ဤသေမျိုးသည် မုန်းတီးဖွယ်ကောင်းကာ သူမအား သူ့ကိုသတ်ချင်စိတ် မကြာခဏပေါက်စေသော်လည်း သူသည် သူမ၏အသက်ကို ကယ်တင်ခဲ့သည်ကိုမူ သူမ ဝန်ခံရပေမည်။

"ငါ နင့်ကို ကတိပေးတယ်"

သူမက ခေါင်းညိတ်ပြလေသည်။

"မင်း ကျိန်ဆိုရမယ်...အဆိပ်ပြင်းတဲ့ကျိန်ဆိုမှုတစ်ခုကို လုပ်ရမယ်...မင်းရဲ့ကျင့်ကြံဆင့် မင်းရဲ့တာအိုနှလုံးသား...မင်းရဲ့မိသားစုတစ်စုလုံးကို တိုင်တည်ပြီးတော့ ကျိန်ဆိုရမယ်"

ရီဖုန်းက ကျင့်ကြံသူများအတွက် သက်ရောက်မှုရှိမည်ဟု သူ တွေးတောမိသည့် အဆိပ်ပြင်းသောကျိန်ဆိုမှုများအားလုံးနီးပါးကို ဖြည့်စွက်ပြောဆိုလိုက်သည်။

"နင်...."

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေး ဒေါသူပုန်ထသွားသည်။

သို့ရာတွင် ရီဖုန်း၏ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ကို မြင်ချိန်တွင် သူမက အံ့တင်းတင်းကြိတ်ကာ သဘောတူညီလိုက်၏။

ထို့နောက် ရီဖုန်း၏ရှေ့တွင် သူမသည် သူ ပြောဆိုခဲ့သမျှ အဆိပ်ပြင်းသောကျိန်ဆိုမှုများအားလုံးကို ပြုလုပ်ခဲ့သည်။

"အရမ်းကောင်းတယ်"

ရီဖုန်းက စိတ်ကျေနပ်မှုစွာခေါင်းညိတ်ပြီး သူ၏လက်အတွင်းမှဓားရှည်ကို လွှင့်ပစ်ကာ မြေပြင်ပေါ်၌ထိုင်လိုက်သည်။

"နောက်ထပ် ဘာဆက်လုပ်မယ်ဆိုတာ ပြောကြစို့"

ရီဖုန်းက ပြောဆိုသည်။

"နင် ပြောပါ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက ရီဖုန်းကိုကြည့်ကာ ပြောဆိုလိုက်၏။

"ငါ မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်"

ရီဖုန်းက ပြောဆိုသည်။

"ပထမတစ်ခုက...ငါတို့နှစ်ယောက်ကြားမှာ ဘာအကြွေးမှမရှိတော့တာကြောင့် ငါတို့ လမ်းခွဲပြီးသွားကြမယ်...ဒါပေမယ့် ငါ မင်းကို ရှင်းရှင်းလင်းလင်း သိစေချင်တာက မင်းရဲ့ကျင့်ကြံဆင့် ချိပ်ပိတ်ခံထားရတာကြောင့် အခုချိန်မှာ မင်းက သာမာန်သေမျိုးတစ်ယောက်နဲ့ ဘာကွာခြားချက်မှမရှိဘူး...ပြီးတော့ မင်း ဒဏ်ရာရထားတာကြောင့် ကြာကြာတောင်ခံနိုင်မှာမဟုတ်ဘူး...ရေငတ်သေတာ ဒါမှမဟုတ် သားရဲတွေစားတာခံရပြီးတော့...."

"ရပြီ...အဲ့ဒီနေရာမှာတင် ရပ်လိုက်တော့"

ရီဖုန်းသည် သူမ မစင်များဖြစ်သွားလိမ့်မည်ဟူသောစကားကို ပြောတော့မည်အား သိရှိထားသဖြင့် သူမက အလျှင်အမြန် ကြားဖြတ်ဟန့်တားလိုက်သည်။

"ငါ့ကို ဒုတိယရွေးချယ်မှုကိုသာ ပြောပါတော့"

"ကောင်းပြီလေ....ဒုတိယတစ်ချက်က မင်း ငါ့ နောက်ကိုလိုက်ရမယ်...ဒါပေမယ့် ခုချိန်ကနေစပြီးတော့ မင်း ငါ့ရဲ့အစီအစဥ်တွေကို ချွင်းချက်မရှိ လိုက်နာရမယ်...ဘာမြည်တွန်တောက်တီးမှုမှ မလုပ်ရဘူး....ဘာငြင်းဆန်မှုမှ မလုပ်ရဘူး"

ရီဖုန်းက ပြောဆိုသည်။

"နင့်ရဲ့စကားကို ငါ့ကိုနားထောင်စေချင်တာလား...သေမျိုးလေးတစ်ယောက်ကများ"

သူမက မယုံနိုင်စွာ မေးမြန်းသည်။

"အမှန်ပဲ...ချွင်းချက်မရှိဘူး"

ရီဖုန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြကာ နံဘေးရှိဓားရှည်ကိုကောက်ယူပြီး ပြောဆိုသည်။

"ပြီးတော့ ခုချိန်ကနေစပြီး ဒီဓားကို ငါ ယာယီအသုံးပြုရလိမ့်မယ်....ငါ့ဆီမှာ သားရဲတွေနဲ့ရင်ဆိုင်ဖို့အတွက် လက်နက်ကောင်းတစ်ခုတော့ ရှိနေသင့်တယ်"

"နင် ဒီဓားကို ယာယီအသုံးပြုလို့ရတယ်....ဒါပေမယ့် နင့်ရဲ့စကားကို ငါ နားထောင်ရမယ်ဆိုတာက မဖြစ်နိုင်ဘူး"

သူမက အကြောက်အကန်ငြင်းဆန်သောအမူအယာဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်၏။

"ဒါဆိုရင် ဘာမှ ထပ်ပြီးညှိနှိုင်းနေစရာ မလိုတော့ဘူး...လမ်းခွဲကြစို့"

ရီဖုန်းက ပခုံးတွန့်ကာ ဓားရှည်ကို မြေပြင်ပေါ်သို့ပြန်ပစ်ချပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်တော့သည်။

"နင်...."

ထိုမြင်ကွင်းကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် အလွန်ဒေါသထွက်သွားသဖြင့် သူမ၏မျက်နှာ နီမြန်းသွားကာ သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူမသည် ရီဖုန်းကိုလိုအပ်နေကြောင်း သူမ ဝန်ခံရပေမည်။

အကယ်၍ ရီဖုန်းသာထွက်သွားပါက သူမ၏လက်ရှိအခြေအနေဖြင့် သူမ မရှုမလှ သေဆုံးသွားရပေမည်။

"ကောင်းပြီလေ...နင် ပြောတာကို ငါ သဘောတူတယ်"

နောက်ဆုံး၌ များစွာစဥ်းစားတွေးတောပြီးနောက် သူမသည် တွန့်ဆုတ်စွာဖြင့် အံ့တင်းတင်းကြိတ်ပြီး သဘောတူညီလိုက်ကာ သူမ၏ဒေါသမျက်နှာပေါ်တွင် မလိုလားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ငါ့ကို ပစ္စည်းတွေ ကောက်လိုက် ပြန်ချလိုက် ထပ်ခါထပ်ခါ လုပ်ခိုင်းနေမယ့်အစား အစောကြီးကတည်းက မင်း သဘောတူလိုက်ရင် အများကြီးပိုကောင်းလိမ့်မယ်"

ရီဖုန်းသည် သူမကို စိတ်ဆိုးမာန်ဆိုးတစ်ချက်ကြည့်ကာ မြေပြင်ပေါ်ရှိဓားရှည်ကို တဖန်ပြန်၍ကောက်ယူပြီး ထိုအရာကို စိတ်အားထက်သန်စွာဖြင့် ဂရုတစိုက် ကြည့်လိုက်သည်။

ဤဓားသည် မည်မျှအံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသည်ကို သူ မှတ်မိနေဆဲပင်။

ဓားချက်တစ်ချက်တည်းဖြင့်....

ဤအရာသည် ကြီးမားသောဓားအလင်းတန်းကြီးကို ဖန်တီးနိုင်ခဲ့လေ၏။

"စကားမစပ်....မင်းက သိုင်းဝိညာဥ်တစ်ယောက်ထက်တော့ ပိုပြီးအားကောင်းလောက်တယ်...ဟုတ်တယ်မလား"

ရီဖုန်းက ဓားရှည်ကို လေးစားကြည်ညိုစွာကြည့်ရင်း မေးမြန်းလိုက်သည်။

"သိုင်းဝိညာဥ်လား..."

အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ဇဝေဇဝါဖြစ်သွားပြီးနောက် ခေါင်းညိတ်ပြလေသည်။

"ဒါဆိုရင် မင်းက တကယ့်ကို ဆရာကြီးတစ်ယောက်ပဲ"

ရီဖုန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။

"ဒါပေမယ့် ငါ့ကို အထင်မသေးနဲ့နော်...ငါ အရင်က သိုင်းဝိညာဥ်တစ်ယောက်နဲ့ အချိန်တချို့အတူနေပြီးတော့ သူ့ရဲ့စွမ်းအားကို မျက်မြင်ကိုယ်တွေ့မြင်ဖူးတယ်....ငါတို့က မိတ်ဆွေတစ်ပိုင်းတွေလို့တောင် ပြောလို့ရတယ်"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် သူမ၏မျက်နှာကြောတင်းတင်းမျက်နှာကို တစ်ဖက်သို့လွှဲကာ သူမ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဒါနဲ့...အရင်က မင်း သားရဲတွေနဲ့တိုက်ခိုက်ခဲ့တာလို့ မင်း ပြောခဲ့တယ်...ဒီတောတောင်အကြားမှာ သားရဲတွေ တကယ်ကြီးရှိနေတာလား"

ရီဖုန်းသည် ရုတ်တရက် အရေးကြီးသောတစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် အလျှင်အမြန် မေးမြန်းလိုက်သည်။

"နင် ဘယ်သားရဲနဲ့မှ မဆုံခဲ့ဘူးလား"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက အံ့အားတသင့် တုံ့ပြန်မေးမြန်းသည်။

"မတွေ့လို့ပေါ့...မဟုတ်ရင် ငါက မင်းကို ဘာလို့မေးနေရမှာလဲ"

ရီဖုန်းက ချေပသည်။

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် ကြက်သေသေသွားကာ ထပ်မံ၍မေးမြန်းသည်။

"နင်က တောင်တစ်သိန်းနယ်မြေကိုဖြတ်ပြီး ပင်ကျင်းမြို့ကိုသွားမယ်လို့ ပြောထားတာကို ငါ မှတ်မိသေးတယ်...ဟုတ်တယ်မလား"

"ဟုတ်တယ်လေ"

ရီဖုန်းက ခေါင်းညိတ်ပြလိုက်၏။

"ဒါပေမယ့် လမ်းမကြီးကနေမသွားဘဲ...နင် ဘာလို့ ခုလိုလုပ်တာလဲ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက မေးမြန်းသည်။

"လမ်းမကြီးမှာ တောပုန်းဓားပြတွေအပြည့်ပဲ"

ရီဖုန်းက တုံ့ပြန်ပြောဆိုသည်။

"ဒါဆို နင်ဆိုလိုတာက...တောပုန်းဓားပြတွေကို ရှောင်ဖို့အတွက်...နင်က တောင်ပေါင်းတစ်သိန်းနယ်မြေကိုဖြတ်သွားဖို့ ဆုံးဖြတ်ခဲ့တာလား"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက ရီဖုန်းကို အံ့အားတသင့်ကြည့်လိုက်၏။

"အမှန်ပဲ...ငါ့ရဲ့အမြင်အရ ဒီတောတောင်တွေအကြားက လမ်းမကြီးထက် ပိုပြီးလုံခြုံတယ်"

ရီဖုန်းက အလျှင်အမြန် ခေါင်းညိတ်ပြလေသည်။

ရီဖုန်း၏စကားကိုကြားချိန်တွင် အဖြူရောင်ဝတ်စုံဝတ်မိန်းကလေး၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအမူအယာမျိုး ထင်ဟပ်လာသည်။ သူမကိုယ်သူမ ပြန်တွေးလိုက်မိသည်မှာ သူမသည် မည်သည်ကြောင့် ဤကဲ့သို့ငကြောင်တစ်ယောက်နှင့် တွေ့ဆုံရသနည်း။

တောင်ပေါင်းတစ်သိန်းနယ်မြေသည် တရားဝင်လမ်းမကြီးထက် ပို၍လုံခြုံသည်ဟု သူ အမှန်တကယ် တွေးထင်နေသလော....

Chapter 312

"စကားမစပ်....ဒီတောတောင်တွေကြားမှာ နတ်ဆိုးသားရဲတွေ တကယ်ရှိနေတယ်လို့တော့ မင်း ငါ့ကို ပြောတာလား"

ရီဖုန်းက မေးမြန်းသည်။

"ငါ ဆိုလိုတာက...လူတွေကိုစားတဲ့ကောင်တွေမျိုးလား"

"အမှန်ပဲ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက ခေါင်းညိတ်ပြသည်။

"ငါ ပေါ့ပေါ့ဆဆ ခန့်မှန်းခဲ့မိတယ်...တကယ်လို့ ဒီလောက်ထိ အန္တရာယ်များတယ်ဆိုတာကို ငါ သိခဲ့ရင်...ဒီတောတောင်ထဲကို လာခဲ့မိမှာမဟုတ်ဘူး"

ရီဖုန်းက ထိတ်လန့်တကြားပြောဆိုသည်။

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက သူ၏ခေါင်းကိုခါယမ်းကာ ဤသေမျိုးသည် ယခုချိန်မှာသာ တောင်ပေါင်းတစ်သိန်းနယ်မြေ အလွန်အန္တရာယ်များသည်ကို သိရှိသွားကြောင်း သူမ နားလည်သဘောပေါက်သွားသည်။

ထို့ထက်ပို၍ တစ်မူထူးခြားသည်မှာ ဤသေမျိုးသည် တောတောင်များအကြားတွင် ထိခိုက်ဒဏ်ရာအနာတရမရှိ သွားလာနိုင်ခဲ့ခြင်းပင်။

အရူးတစ်ယောက်ဖြစ်နေသဖြင့် ကံကောင်းနေသလောဟူသည်ကိုမူ ပြောနိုင်ရန်ခက်ခဲသည်။

"အား..."

ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် ရုတ်တရက် နာကျင်မှုကြောင့် သူမ၏မျက်နှာရှုံမဲ့သွားကာ သူမ၏နူးညံချောမွတ်သော ခြေထောက်ပေါ်၌ ဒဏ်ရာငယ်လေးတစ်ခု ထွက်ပေါ်လာသည်။

ရီဖုန်းသည် အလျှင်အမြန်အသိဝင်လာပြီး သူ၏လက်အတွင်းမှဓားကို ဝှေ့ယမ်းလိုက်၏။

ဝှစ်...

သူသည် မီတာဝက်ခန့်ရှည်ပြီး ခန္ဓာကိုယ်ပေါ်တွင် စိန်ပွင့်သဏ္ဍာန်အကွက်များပါသော မြွေတစ်ကောင်ကို နှစ်ပိုင်းခုတ်ပိုင်းလိုက်မိသည်။

"သောက်ချေးပဲ....ဒါက ကျားကွက်မြွေတစ်ကောင်ပဲ"

ရီဖုန်းသည် မြွေ၏ခေါင်းကို သူ့ဓားဖြင့်တို့ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

ထိုစကားကိုကြားချိန်တွင် အဖြူရောင်ဝတ်စုံဝတ်မိန်းကလေး၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

သူမသည် ယခင်က ဤမြွေအမျိုးအစားကို ကြားဖူးပြီးဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ဤမြွေကို နတ်ဆိုးသားရဲတစ်ကောင်ဟု ယူဆ၍မရသော်လည်း အလွန်အမင်း အဆိပ်ပြင်းထန်သည်။ အကယ်၍ သူမ၏ကျင့်ကြံဆင့်စွမ်းအားများရှိနေပါက ဤသည်မှာ ပြဿနာကြီးတစ်ရပ်မဟုတ်ချေ။ သို့ရာတွင် ယခုလက်ရှိချိန်၌....

သူမ၏မျက်နှာ ဖြူရော်သွားသည်။

ကံကြမ္မာဆိုးများသည် တစ်ခုတည်းလာလေ့မရှိချေ။

သူမ ထိတ်ထိတ်ပျာပျာဖြစ်နေစဥ်မှာပင် ရီဖုန်းသည် သူ၏ဝတ်စုံမှ အစတစ်စကိုစုတ်ဖြဲကာ သူမ၏ခြေထောက်ဒဏ်ရာအထက်တွင် တင်းတင်းကြပ်ကြပ် စည်းနှောင်လိုက်၏။

"နင် ဘာလုပ်တာလဲ"

သူမက အံ့အားတသင့် မေးမြန်းသည်။

"မလှုပ်နဲ့....စကားမပြောနဲ့...မဟုတ်ရင် အဆိပ်ပြန့်တာ ပိုပြီးမြန်သွားလိမ့်မယ်"

ရီဖုန်းက အလျင်စလို အမိန့်ပေးလေသည်။

ထို့နောက် သူသည် သူမ၏ဒဏ်ရာအနီးကို ဓားဖြင့်အနည်းငယ်လှီးဖြတ်ကာ သူ၏ပါးစပ်ကို ကပ်လိုက်သည်။

"မလုပ်နဲ့...."

ရီဖုန်းသည် မြွေဆိပ်ကိုစုပ်ထုတ်လိုသည်အား သူမ ချက်ချင်းနားလည်သဘောပေါက်သွားသဖြင့် သူမ၏ခြေထောက်ကို နောက်သို့ဆတ်ခနဲရုတ်လိုက်၏။

သို့ရာတွင် ရီဖုန်းသည် သူမ၏ခြေထောက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ တင်းမာခက်ထန်စွာပြောဆိုသည်။

"ငါ မင်းကို မလှုပ်နဲ့လို့ ပြောထားတယ်လေ...ငြိမ်ငြိမ်နေစမ်း"

သူ၏အော်ငေါက်မှုကြောင့် အဖြူရောင်ဝတ်စုံဝတ်မိန်းကလေး၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ကောင်းတယ်...

ဘယ်လောက်ထိ လွှမ်းမိုးနိုင်မှာလဲ...

တစ်ချိန်တည်းမှာပင် ရီဖုန်းသည် သူ၏လက်ဖြင့်ဆုပ်ကိုင်ထားသော သူမ၏ခြေထောက်မှ ဒဏ်ရာကို သူ့ပါးစပ်ဖြင့်ကပ်၍ မြွေဆိပ်များကို စုပ်ထုတ်လိုက်သည်။

ရီဖုန်း၏အလေးအနက်ထားသော မျက်နှာအမူအယာကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်မိန်းကလေး၏မျက်နှာပေါ်တွင် ရှုပ်ထွေးသောစိတ်ခံစားချက်တစ်ရပ် ထင်ဟပ်လာသည်။ သူမက စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်၏။

"တကယ်လို့ နင် ဒီလိုလုပ်မယ်ဆိုရင်...နင် သေသွားနိုင်တယ်"

သို့ရာတွင် ရီဖုန်းသည် အာရုံစူးစိုက်ပုံမရဘဲ သူမ၏စကားကိုမကြားသည့်အလား မြွေဆိပ်များကို ဆက်လက်၍စုပ်ထုတ်နေသည်။

ရီဖုန်းသည် လုံလောက်ပြီဟုခံစားရသော အချိန်မှသာ ရပ်တန့်လိုက်၏။

"မင်း ဘယ်လိုနေသေးလဲ"

ရီဖုန်းက အလျှင်အမြန် မေးမြန်းသည်။

"အရင်ထက် အများကြီးပိုကောင်းသွားပြီ...ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ အများကြီးမကျန်တော့ဘူးလို့ ငါ ခံစားမိတယ်...ငါ့မှာ ကျင့်ကြံဆင့်စွမ်းအား မရှိတော့ပေမယ့် ငါ့ရဲ့ရုပ်ခန္ဓာကိုယ်နဲ့ ဒီအဆိပ်တွေ အကုန်ကုန်သွားအောင် ချေဖျက်နိုင်တယ်"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက ပြောဆိုသည်။ ထို့နောက် သူမက ဆက်လက်ပြောဆိုသည်မှာ "ကျေးဇူးတင်ပါတယ်"

"ဒါက ကောင်းတယ်"

ရီဖုန်းက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ နောက်ထပ်အဝတ်စတစ်စကိုဆုတ်ဖြဲပြီး သူမ၏ဒဏ်ရာကို ဂရုတစိုက် စည်းပေးလိုက်၏။

ရီဖုန်းသည် သူမ၏ဒဏ်ရာကို သေချာစွာပတ်တီးစည်းပေးနေသည်ကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်မိန်းကလေး၏မျက်နှာအမူအယာ ဖော်ပြရန်မစွမ်းတော့သည်အထိ ရှုပ်ထွေးစပြုလာသည်။

ဤသေမျိုးသည် သူမကို နောက်ထပ်တစ်ကြိမ် ထပ်မံ၍ကယ်တင်ခဲ့မည်ဟု သူမ မျှော်လင့်မထားမိချေ။

"ကောင်းပြီလေ...မင်းရဲ့ဒဏ်ရာကိုလိမ်းဖို့ ငါ ဆေးပင်တချို့ သွားရှာလိုက်အုံးမယ်"

ရီဖုန်းသည် အဝတ်စကိုချည်နှောင်ပြီးနောက် အထုံးတစ်ခုထုံးကာ မတ်တတ်ထရပ်လိုက်သော်လည်း သူ၏ခြေထောက်များ ပျော့ခွေသွားသည်။ သူ၏အမြင်အာရုံ မှောင်မည်းသွားကာ သူ၏ခေါင်း ချာချာလည်သွားပြီး သူ လဲကျသွားတော့သည်။

"နင် ဘာဖြစ်တာလဲ"

ထိုမြင်ကွင်းကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်မိန်းကလေး၏မျက်နှာ ဖြူရော်သွားကာ သူမထံတွင်ရှိသမျှ ခွန်အားများအားလုံးကိုစုစည်းပြီး အလျင်စလိုရုန်းကန်ထံကာ ရီဖုန်းကို ပွေ့ဖက်လိုက်၏။

"နင် အဆင်ပြေလား...စကားပြောနိုင်ရဲ့လား"

"ငါ့ကို မခြောက်နဲ့"

"နင့်ကို စုပ်မထုတ်ဖို့ ငါ ပြောခဲ့တယ်လေ...တကယ်လို့ နင် အဲ့ဒီလိုလုပ်ရင် နင် သေရမယ်ဆိုတာ...ဒါပေမယ့် နင်က နားမထောင်ဘူး"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် ရီဖုန်းကို သူမ၏လက်အတွင်း၌ပွေ့ဖက်ကာ ရူးသွပ်လုနီးပါးဖြစ်နေပြီး မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

အတိတ်တွင် သာမာန်သေမျိုးတစ်ယောက်၏အသက်သည် အရေးမပါသဖြင့် သူမ ဂရုစိုက်နေမည်မဟုတ်ပေ။

သို့ရာတွင် ဤသေမျိုးသည် သူမကိုကယ်တင်ရန် ကြိုးစားရင်း အဆိပ်မိ၍ သေဆုံးရမည်ကို သူမတွေးတောမိချိန်တွင်....

ဤအချိန်အခိုက်အတန့်တွင် သူမ အမှန်တကယ် ထိတ်လန့်တုန်လှုပ်နေသည်။ သူမ၏မျက်လုံးများ သွေးနီရောင်သန်းနေပေ၏။

ရီဖုန်းသည် အချိန်တခဏခန့်နေပြီးနောက် ရုတ်တရက် မတ်တတ်ထရပ်လိုက်စဥ်တွင် သူ၏ဦးနှောက်သွေးကြောများ ပိတ်ဆို့သွားကာ အချိန်တခဏခန့် မူးဝေသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

ကံကောင်းထောက်မစွာဖြင့် ယခုချိန်တွင် သူ၏ခေါင်း တဖန်ပြန်၍ကြည်လင်သွားလေပြီ။

သို့ရာတွင် သူ၏ခန္ဓာကိုယ်ကို ခပ်ဖျော့ဖျော့မွှေူရနံတစ်ခုနှင့်အတူ နူးညံမှုတစ်ခုက ထိတွေ့နေသည်ကို သူ ခံစားမိသည်။

သူ၏မျက်လုံးကို အလျှင်အမြန်ဖွင့်ကြည့်လိုက်၏။

သူ မြင်လိုက်ရသည်မှာ ဖြူစင်ဝင်းပမှုပင်။

တစ်ချိန်တည်းမှာပင် လက်တစ်စုံဖြင့် သူ့အားတင်းတင်းကြပ်ကြပ် ဖက်ထားသဖြင့် သူ အသက်ရှုကြပ်သွားသော ခံစားချက်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"အား....ကျေးဇူးပြုပြီးတော့ မင်း ဖက်ထားတာကို နည်းနည်းလျှော့ပါအုံး...ငါ အသက်ရှုလို့မရတော့ဘူး"

ရီဖုန်းက အလျင်စလို အော်ဟစ်လိုက်သည်။

"နင် ဘာမှမဖြစ်ဘူး...နင် တကယ် ဘာမှမဖြစ်ဘူးလား...နင် ဘာမှမဖြစ်တာကိုမြင်ရတာ အရမ်းကောင်းတာပဲ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်ကာ သူမ၏လက်များဖြင့် ရီဖုန်းအားဆုပ်ကိုင်ထားမှုကို လွှက်ပေးလိုက်၏။

"ငါ တကယ်ဘာမှမဖြစ်ဘူး...အရင်ဆုံး ငါ မတ်တတ်ထရပ်ပြီး အသက်ရှုပါရစေအုံး"

ရီဖုန်းသည် အသက်ပြင်းပြင်းရှိုက်ကာ မတ်တတ်ထရပ်ပြီး အဓိပ္ပါယ်ပါသောအကြည့်ဖြင့် အဖြူရောင်ဝတ်မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။ ဤမိန်းကလေးကဲ့သို့ အထက်စီးဆန်သော ကျင့်ကြံသူတစ်ယောက်တွင် ယခုကဲ့သို့ သာမာန်လူတစ်ယောက်၏အပြုအမူမျိုးရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် အစောပိုင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ပြန်တွေးမိချိန်တွင် ရီဖုန်းသည် အနည်းငယ်ရှက်ရွံလာသကဲ့သို့ ခံစားမိလေ၏။ ထို့ကြောင့် သူက အလျှင်အမြန် ပြောဆိုလိုက်သည်။

"ဒီနေရာမှာ ခဏလောက်စောင့်နေအုံး....ငါ မင်းအတွက် ဆေးပင်တချို့ သွားရှာလိုက်အုံးမယ်"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် လှိုဏ်ဂူအတွင်းမှ ပြေးထွက်ခဲ့တော့သည်။

"သောက်ချေးပဲ....ဒီတောတောင်တွေကြားမှာ နတ်ဆိုးသားရဲတွေရှိတယ်ဆိုတာ ငါ ခုမှသိတယ်...ငါ အဲ့ဒီကောင်တွေထဲက တစ်ကောင်ကောင်နဲ့မတွေ့ရဖို့ မျှော်လင့်ရတာပဲ"

ရီဖုန်းသည် ညည်းတွားရင်း သူ၏ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ မိန်းကလေးအတွက် ဆေးပင်ရှာဖွေရန် တောအုပ်အတွင်းသို့ဝင်ပြီး ပျောက်ကွယ်သွားတော့သည်။

"အမ်....နောက်ထပ်လူသားတစ်ယောက်လား"

ထိုအချိန်မှာပင် မိုးကောင်းကင်ယံအတွင်း၌ မတ်တတ်ရပ်နေသောလူတစ်ယောက်က ရီဖုန်း၏တည်နေရာကို ရှာဖွေတွေ့ရှိသွားသည်။

ထိုလူ၏ခေါင်းထက်တွင် နွားရိုင်းဦးချိုတစ်စုံရှိကာ သူ၏နှာခေါင်းသည် သာမာန်လူများထက် များစွာပို၍ရှည်လျားသည်။

ဤလူသည် လူသားတစ်ယောက်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

"ဒီတောတောင်တွေအကြားမှာ လူသားတွေရှိနေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး...အခု ငါက လူသားတစ်ယောက်ကိုတွေ့မှတော့ သူ့ကို ကောင်းကောင်းကြီးရင်ဆိုင်ရမယ်"

သူသည် တီးတိုးရေရွတ်ပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ရီဖုန်း၏အနီးသို့ ချဥ်းကပ်သွားတော့သည်။

Chapter 313

"ဒီဓားကိုကြည့်ရတာ အရင်က ငါသတ်လိုက်တဲ့မိန်းမ အသုံးပြုတဲ့ဟာနဲ့ တူသလိုပဲ"

"ကြည့်ရတာတော့ ဒီလူက အဲ့ဒီမိန်းမနဲ့ ဆက်စပ်နေပုံရတယ်...ငါ သူ့ကို အလွတ်ပေးလို့မဖြစ်ဘူး"

မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက် သူသည် ရီဖုန်းကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူ၏မျက်နှာပေါ်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

သူ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်၏။

သူသည် မည်သည့်ကြိုတင်သတိပေးမှုများမလုပ်ဘဲ ရီဖုန်း၏အနီးသို့ချဥ်းကပ်သွားကာ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ဥပဒေသများ ရုတ်တရက်ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရသဖြင့် သူ အံ့အားသင့်သွားသည်။

သူသည် မူလက လူသားအသွင်ယူထားသော်လည်း ရုတ်တရက် သူ၏မူလအသွင်သို့ ပြန်လည်ရောက်ရှိသွားလေ၏။

"ဘာတွေဖြစ်နေတာလဲ"

သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

သို့ရာတွင် ဤအချိန်အခိုက်တွင် သူသည် လေးညှို့မှလွှတ်လိုက်သော မြှားတစ်စင်းအလား တိုက်ခိုက်မှုကို ပြုလုပ်ပြီးဖြစ်သဖြင့် သူ တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။

ထို့ပြင် သူ၏မူလအသွင်သို့ ပြောင်းလဲသွားခြင်းသည် သူ၏တိုက်ခိုက်ရေးစွမ်းအားကို သက်ရောက်စေခြင်းမရှိချေ။

အကြောင်းအရင်းမှာ မည်သည့်နတ်ဆိုးသားရဲအတွက်မဆို မူလအသွင်အပြင်သည် အားအကောင်းဆုံးပင်။

သူ၏နောက်ရှိမြေပြင် တုန်ခါသွားသည်ကို ခံစားမိသဖြင့် တဖြည်းဖြည်းအသိဝင်လာသော ရီဖုန်းသည် နောက်ဆုံး၌ ဧရာမသတ္တဝါကြီးတစ်ကောင် သူ့ထံတိုးဝင်လာသည်ကို မြင်တွေ့မိသည်။

"ကြီးလိုက်တဲ့ နွားရိုင်းကြီး"

ရီဖုန်းက အလွန်အမင်း အံ့အားသင့်သွားသည်။

ထိုအံ့အားသင့်မှုနှင့်အတူ သူ၏မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။

သူ့တပည့်၏အားနည်းမှုကို ဖြည့်တင်းပေးနိုင်သော တစ်စုံတစ်ခုကိုရှာဖွေရန် တွေးတောနေပြီး မကြာခင်မှာပင် တစ်စုံတစ်ခုက သူနှင့်ထိပ်တိုက်လာတိုးမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤှသို့ဖြစ်လာသောကြောင့် သူ ထိုအရာကို ကောင်းမွန်စွာ လက်ခံရပေမည်။

ရီဖုန်းသည် သူ့ထံတိုးဝင်လာသော နွားရိုင်းကြီးကိုကြည့်ကာ သူ၏နုတ်ခမ်းတွန့်ကွေးသွားပြီး နောက်ဆုတ်ခြင်းမပြုဘဲ သူ၏ဓားကိုမြှောက်လိုက်သည်။

"အခုကြည့်ကြည့်တော့မှ လူသားမျိုးနွယ်ရဲ့သေမျိုးလေးတစ်ယောက်ပါလား"

"တကယ့်ကို မောက်မာထောင်လွှားလွန်းတယ်"

ရီဖုန်းထံမှ အငွေ့အသက်နှင့် သူ ဓားကိုင်ထားပုံကိုကြည့်ပြီး နွားရိုင်းနတ်ဆိုးက ရီဖုန်းသည် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်မဟုတ်ဟု ချက်ချင်းသိရှိသွားသည်။

ဤသည်မှာ သူ့အား လူသားအပေါ် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်သွားစေသည်။

သို့ရာတွင် ဤအထင်သေးမှု မြင့်တက်လာစဥ်မှာပင် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီး နေရာ၌ တောင့်တင်းသွားသည်။

ထို့နောက် ကျယ်လောင်သောဘိုင်းခနဲမြည်သံကြီးနှင့်အတူ သူ မြေပြင်ပေါ်သို့လဲကျသွားကာ သူ၏မျက်လုံးအတွင်းတွင် ပြင်းထန်သောမယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားပေ၏။

ဤသေမျိုး....မည်သို့ ဖြစ်ပျက်သွားသနည်း....

မည်သည်ကြောင့် ဤသို့ဖြစ်နိုင်မည်နည်း....

သာမာန်ဓားတစ်လက်သည် မည်သည်ကြောင့် သူ၏ခုခံကာကွယ်မှုကို တိုက်ရိုက်ချိုးဖျက်သွားနိုင်ခဲ့သနည်း....

"ဟမ့်...ငါက မကျင့်ကြံနိုင်ဘူးဆိုပေမယ့် မင်းလိုနွားရိုင်းတစ်ကောင်ကို သတ်နိုင်တယ်"

ရီဖုန်းသည် ဓား၏စွမ်းအားကိုကြည့်ပြီးနောက် ဝမ်းသာပီတိဖြစ်နေသောမျက်နှာနှင့် ပြောဆိုသည်။

ဤစကားသည် မြေပြင်ပေါ်၌လဲကျနေသော ဧရာမနွားရိုင်းကြီး၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်သွားစေခဲ့သည်။

သူ၏အသက်စွမ်းအား လွင့်ပြယ်သွားခြင်းနှင့်အတူ သူ၏နောက်ဆုံးလက်ကျန်အသိစိတ်သည်လည်း ပျောက်ကွယ်သွားတော့သည်။

သူ အမဲသားလတ်လတ်ဆတ်ဆတ်တချို့ကို မည်သို့ချက်ပြုတ်ရမည်နည်း....

ထိုအတွေးနှင့်အတူ ရီဖုန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ လုပ်ဆောင်လိုက်၏။ သို့ရာတွင် သူ နွားရိုင်းသေအနီးသို့ ချဥ်းကပ်မိချိန်တွင် အလွန်စူးရှသောအနံ့ဆိုးရှိသည်ကို သူ အနံခံမိသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ထားလိုက်တော့....အနှစ်သာရကိုပဲယူတာပေါ့"

သူ၏ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ နွားရိုင်း၏အဖိုးတန်ဆုံးအစိတ်အပိုင်းကို ဖြတ်တောက်ကာ ထိုအရာကို သစ်ရွက်များဖြင့် ထုပ်ပိုးလေသည်။

သူ ထိုအရာကို ချိန်ဆကြည့်လိုက်သည်။

သောက်ချေးပဲ...ဒါက တော်တော်ကြီးတာပဲ...

ဤသည်မှာ သူနှင့်သူတပည့်အတွက် သန်မြန်စေသောဟင်းကောင်းတစ်ခွက်ဖြစ်လာစေရန် လုံလောက်ပေမည်။

ဓားမှသွေးများကိုသုတ်ပြီးနောက် သူသည် ကံကောင်းထောက်မစွာဖြင့် လိုအပ်သောဆေးပင်များကို အလျှင်အမြန်ရှာတွေ့သောကြောင့် ခူးဆွတ်ပြီး လှိုဏ်ဂူထံသို့ပြန်ခဲ့တော့သည်။

လှိုဏ်ဂူအတွင်း၌....

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် ပလ္လင်ခွေထိုင်နေကာ အနားယူနေသည့်အလား သူမ၏မျက်လုံးကို စုံမှိတ်ထားသည်။ သူမကို ကြည့်ရသည်မှာ အလွန်လှပချောမောပေ၏။

ရီဖုန်း ပြန်လာသည်ကို အာရုံခံမိသဖြင့် သူမ၏မျက်လုံးကို ဖွင့်လိုက်သည်။

သို့ရာတွင် သူမ၏အမူအယာ အနည်းငယ်မတည်မငြိမ်ဖြစ်နေကာ အစောပိုင်းက ဖြစ်ပျက်ခဲ့သော ကိစ္စများကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသောကြောင့် ရှက်ရွံနေမိသည်။

"ငါ ဆေးပင်တွေခူးပြီး ပြန်လာပြီ...ငါ မင်းကို ဆေးလိမ်းပေးပါရစေ"

ရီဖုန်းသည် စကားပြောဆိုရင်း သူ၏လက်တစ်ဖက်ဖြင့် ဆေးပင်များကိုချေလိုက်သည်။

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးသည် ငြင်းဆန်ရန်ရည်ရွယ်ပြီး သူမကိုယ်တိုင်ပြုလုပ်မည်ဟု ပြောဆိုလိုသဖြင့် သူမ၏ပါးစပ်ကိုဟလိုက်သော်လည်း မည်သည့်စကားတစ်ခွန်းမျှ ထွက်မလာချေ။

အကြောင်းအရင်းတချို့ကြောင့် သူမသည် ရီဖုန်း၏ဆူပူကြိမ်းမောင်းမှုကို ထိတ်လန့်ကြောက်ရွံနေမိသည်။

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးကို ဆေးလိမ်းပေးပြီးနောက် ရီဖုန်းသည် မီးမွှေးကာ တောယုန်တစ်ကောင်ကိုထုတ်ယူ၍ အသားကင်လုပ်ရန်ပြင်ဆင်လိုက်၏။

"ဒါက ဘာအတွက်လဲ"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက မေးမြန်းသည်။

"သာမာန်သေမျိုးတွေက အသက်ရှင်ဖို့အတွက် အစားစားဖို့လိုအပ်တာလား"

ရီဖုန်းက တုံ့ပြန်ပြောဆိုသည်။

"ဟုတ်တယ်...ငါတို့က တစ်ခုခုစားဖို့ လိုအပ်တယ်....သံကိုပုံသွင်းဖို့ မီးလိုအပ်သလိုပဲ ငါတို့ရဲ့ခန္ဓာကိုယ်အတွက် အထောက်အပံ့လိုအပ်တယ်"

"နင် ပြန်စဥ်းစားဖို့ ငါ နင့်ကို အကြံပေးချင်တယ်"

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက နူးညံညငါသာစွာဖြင့် သူ့အား သတိပေးသည်။

"ဒီအနံက အရာများစွာကို ဆွဲဆောင်နိုင်တယ်...နတ်ဆိုးသားရဲတွေတောင် ရောက်လာနိုင်တယ်"

"ဒါက အမှန်ပဲလား"

ရီဖုန်းက စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်၏။

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလေသည်။

သူမ၏တည်ကြည်လေးနက်သော အမူအယာကိုကြည့်ပြီး ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်။ သူသည် လမ်းတလျှောက်၌ သူ၏ကံကောင်းမှုကိုမှီခို၍ ချက်ပြုတ်စားသောက်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် နန်ရှားနယ်မြေအတွင်း၌ ဒေသထွက်စားကုန်အမြောက်အများကို သူ ဝယ်ယူခဲ့မိသည်။ အသားကင်ခြင်းသည် တစ်ခုတည်းသောရွေးချယ်စရာမဟုတ်သောကြောင့် ထိုအစားအစာများဖြင့် သူ၏ဗိုက်ကို ဖြည့်တင်းနိုင်ပေမည်။

"စကားမစပ်...မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"

ရီဖုန်းက မေးမြန်းသည်။

"ယွင်ယောင်ယောင်..."

အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးက တုံ့ပြန်ပြောဆိုသည်။

"အင်း...မိန်းကလေးယွင်ယောင်ယောင်..."

ရီဖုန်းက ခေါင်းညိတ်ပြပြီးနောက် မေးမြန်းသည်။

"ဒါနဲ့ မင်း ဘယ်လိုလုပ်ပြီးတော့ ဒဏ်ရာရလာတာလဲ"

"ဒါက ဆဋ္ဌမဘဝနတ်ဆိုးအင်ပါယာ နျူမိုကြောင့်ပဲ"

ယွင်ယောင်ယောင်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဆဋ္ဌမဘဝ နတ်ဆိုးအင်ပါယာလား"

ဤနာမည်ကိုကြားရသည်မှာ ကြီးကျယ်ခမ်းနားနေသောကြောင့် ရီဖုန်း မမေးမြန်းဘဲမနေနိုင်တော့ချေ။

"ဒါက သိုင်းဝိညာဥ်အဆင့်ထက် ပိုပြီးအစွမ်းထက်တာလား"

ယွင်ယောင်ယောင်သည် ရီဖုန်းကို မျက်စောင်းထိုးကြည့်လိုက်သည်။ ထို့နောက် သူမက ကူကယ်ရာမဲ့စွာ သူမ၏ခေါင်းကိုခါယမ်းလေသည်။

ဤသေမျိုး၏အမြင်၌ သိုင်းဝိညာဥ်အဆင့်သည် အစွမ်းထက်ဆုံးတည်ရှိမှုကြီး ဖြစ်နေနိုင်သည်။

"သိုင်းဝိညာဥ်တစ်ယောက်က သူ့ရဲ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်ထက်မပိုဘူး"

ယွင်ယောင်ယောင်က ရှင်းပြလေ၏။ ထို့နောက် သူမက တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ပြောဆိုသည်။

"ငါတို့အခုချိန်မှာ ဘာကိုမှပေါ့ပေါ့ဆဆမလုပ်ဘဲ သတိထားဖို့ ငါ အကြံပြုချင်တယ်....တကယ်လို့ ငါတို့လှုပ်ရှားချင်တယ်ဆိုရင် ငါ့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့အချိန်ထိ ငါတို့စောင့်သင့်တယ်"

"ဘာလို့လဲ"

ရီဖုန်းက မေးမြန်းသည်။

"ဒီတောတောင်တွေက နင်တွေးထားတာထက် အများကြီး ပိုရှုပ်ထွေးတယ်"

ယွင်ယောင်ယောင်က အလေးအနက်ထားသော မျက်နှာအမူအယာနှင့် ပြောဆိုလေ၏။

"ဒီတောတောင်တွေကြားမှာ အရင်ကတော့ ခုလိုမျိုးအစွမ်းထက်တဲ့ နတ်ဆိုးသားရဲတွေမရှိဘူး...အစကတော့ ဒီနေရာမှာ အစွမ်းထက်ဆုံးနတ်ဆိုးသားရဲက နတ်ဆိုးအရှင်အဆင့်ပဲ"

"ဒါပေမယ့် ဒီတောတောင်အကြားမှာ အင်မော်တယ်တစ်ယောက်ရဲ့ အမွေအနှစ်အကြွင်းအကျန်တစ်ခုရှိနေတယ်....တောင်ပေါင်းတစ်သိန်းနယ်မြေထဲကို အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရောက်လာတာက အဲ့ဒီအင်မော်တယ်ရဲ့အမွေအနှစ် ထွက်ပေါ်လာတော့မှာမလို့ပဲ"

"ငါ့ကိုဒဏ်ရာရစေခဲ့တဲ့ နတ်ဆိုးအင်ပါယာနျူမိုက ကုန်းမြေရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ အနောက်ဘက်နတ်ဆိုးတောအုပ်ကနေ ရောက်လာတာပဲ"

"ဒါဆို မင်းလည်းပဲ အဲ့ဒီအမွေအနှစ်ကြောင့် ဒီနေရာကို ရောက်လာတာလား"

ရီဖုန်းက မေးမြန်းသည်။

"အမှန်ပဲ"

ယွင်ယောင်ယောင်က ဝန်ခံလိုက်၏။

"အင်း...ဒါနဲ့ အနောက်ဘက်နတ်ဆိုးတောအုပ်က ဘယ်နေရာမှာရှိတာလဲ"

ရီဖုန်းက ဇဝေဇဝါဖြင့် မေးမြန်းသည်။

"ဒီကုန်းမြေကြီးကို မြောက်ပင်လယ်ဒေသ အနောက်ဘက်နတ်ဆိုးတောအုပ် တောင်ပိုင်းစွန့်ပစ်ကုန်းမြေ ဒုန်ရှန်းကျိုးနဲ့ဗဟိုကုန်းမြေဆိုပြီးတော့ ဒေသကြီးငါးခု ခွဲခြားထားတယ်"

ယွင်ယောင်ယောင်က ရီဖုန်းကို ရှင်းပြလေသည်။

"မြောက်ပင်လယ်က အခြေချနေထိုင်တဲ့သူ အနည်းစုပဲရှိတဲ့ အရမ်းအေးတဲ့ဒေသတစ်ခုပဲ"

"တောင်ပိုင်းစွန့်ပစ်ကုန်းမြေက လူနေကျဲပါးပြီးတော့ ခြောက်ကပ်တဲ့ဒေသဖြစ်ပေမယ့် အဲ့ဒ္နေရာက ထိပ်သီးကျင့်ကြံသူတွေက အရမ်းအစွမ်းထက်တယ်"

"အနောက်ဘက်နတ်ဆိုးတောအုပ်က နတ်ဆိုးသားရဲတွေ စုဝေးနေတဲ့နေရာတစ်ခုဖြစ်ပြီးတော့ သူတို့အတွက် သုခဘုံပဲ"

"ဒုန်ရှန်းကျိုးက လူဦးရေအများဆုံးနေထိုင်တဲ့နေရာဖြစ်ပေမယ့်...အဲ့ဒီနေရာမှာရှိတဲ့လူတွေရဲ့ စွမ်းအားတွေက မမျှတဘူး"

"ဗဟိုကုန်းမြေက ကုန်းမြေတစ်ခုလုံးရဲ့အားအကောင်းဆုံးဒေသဖြစ်ပြီးတော့ အင်မော်တယ်မြစ်ကုန်းမြေရဲ့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ အားလုံးနီးပါးက အဲ့ဒီနေရာမှာ စုဝေးနေကြတယ်"

ယွင်ယောင်ယောင်က ရီဖုန်းကို ဆက်လက်၍ရှင်းပြလေ၏။

ထိုစကားများကိုကြားပြီးနောက် ရီဖုန်းက ခေါင်းညိတ်လိုက်သည်။

အသက်ရှင်သန်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း ရီဖုန်းသည် ယခုမှသာ ကုန်းမြေတစ်ခုလုံးကို ဒေသကြီးများခွဲခြားထားကြောင်း သိရှိခဲ့ရသည်။

"အဲ့ဒီနျူမိုက အနောက်ဘက်နတ်ဆိုးတောအုပ်က လာတယ်ဆိုမှတော့ သူက တကယ့်ကို ကြောက်ဖို့ကောင်းမှာပဲ"

ရီဖုန်းက အလေးအနက်ထား၍ ပြောဆိုသည်။

"ငါ သူနဲ့မတွေ့ရဖို့ တကယ့်ကို မျှော်လင့်မိတယ်...မဟုတ်ရင် ငါ ဘယ်လိုမှ လွတ်လမ်းရှိမှာမဟုတ်ဘူး"

"တကယ်လို့ နင် သူနဲ့ တွေ့တယ်ဆိုရင်....."

ယွင်ယောင်ယောင်က ရီဖုန်းကိုကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ဒါဆိုရင်....နင့်ဘက်မှာ ကံကြမ္မာကောင်းရှိနေပါစေလို့ ဆုတောင်းရုံပဲရှိတယ်"

Chapter 314

ရီဖုန်းက ခါးသည်းစွာပြုံးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ တောတောင်များအကြား၌ အန္တရာယ်ရှိသည်ကို သိရှိပြီးနောက် ရီဖုန်းသည် ဤနေရာ၌သာ စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်၏။ သူသည် ယွင်ယောင်ယောင်၏ကျင့်ကြံဆင့်နယ်ပယ် ပြန်လည်ကောင်းမွန်လာသည်အထိ စောင့်ဆိုင်းကာ ဤတောတောင်အတွင်းမှ သူမနှင့်အတူထွက်ခွာသွားရန် ရည်ရွယ်ထားသည်။

ထိုသို့မဟုတ်ပါက သူတို့၏လက်ရှိအခြေအနေနှင့် ထိုနွားရိုင်းနတ်ဆိုးကို ရင်ဆိုင်ရန်မဆိုထားနှင့် အနည်းငယ်အားကောင်းသော နတ်ဆိုးသားရဲတစ်ကောင်ကို တွေ့ရလျှင်ပင် သူတို့ ခက်ခက်ခဲခဲရင်ဆိုင်ရပေမည်။

အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာကာ...

အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်သည် လှိုဏ်ဂူအတွင်း၌ သူတို့၏နေ့ရက်များကို အတူတကွဖြတ်သန်းခဲ့ကြသည်။

ယွင်ယောင်ယောင်သည် နေ့စဥ်နေ့တိုင်း ပလ္လင်ခွေပြီး ကျင့်ကြံကာ သူမ၏ခန္ဓာကိုယ်အတွင်းရှိ ချိပ်ပိတ်မှုများကို ချိုးဖျက်နိုင်ရန် ကြိုးစားနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ရီဖုန်းသည် သူတို့၏နေ့စဥ် အစားအစာနှင့်ရေတို့အတွက် တာဝန်ယူထားကာ ပျော်ရွှင်မြူးတူးစွာ အလုပ်ရှုပ်နေသည်။

"စကားပြောကြစို့"

တစ်ရက်တွင် ရီဖုန်းသည် အပြင်သို့ထပ်မံထွက်ရန် ပြင်ဆင်နေစဥ်တွင် သူသည် အချိန်တခဏခန့် တွေဝေစဥ်းစားနေပြီးနောက် ပလ္လင်ခွေထိုင်နေသော ယွင်ယောင်ယောင်၏ရှေ့သို့သွားကာ ပြောဆိုလိုက်၏။

"ပြောပါ..."

ယွင်ယောင်ယောင်က သူမ၏လှပသောမျက်လုံးတစ်စုံကိုဖွင့်ကာ ရီဖုန်းကို ကြည့်လေသည်။

"ငါက နည်းနည်းဆုံးရှုံးသလို ခံစားနေရတယ်...မင်းက ငါ့ကို တစ်ကြိမ်ပဲကယ်ခဲ့တာ....ဒါပေမယ့် ငါက မင်းကို အကြိမ်တွေအများကြီး ကယ်တင်ခဲ့တယ်....ငါက နေ့တိုင်း မင်းစားဖို့သောက်ဖို့အတွက်လည်း တာဝန်ယူရတယ်...ငါ အပြင်ထွက်တဲ့ အချိန်တိုင်း ငါ ဖျားနာမှာ နတ်ဆိုးသားရဲတွေနဲ့ ရင်ဆိုင်တွေ့မှာကို စိုးရိမ်ပူပန်နေရတယ်"

ရီဖုန်းက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"ကျင့်ကြံသူတစ်ယောက်ရဲ့မျက်နှာသာပေးမှုကို ရတာက နင့်အတွက် မလုံလောက်ဘူးလား"

ယွင်ယောင်ယောင်၏မျက်လုံးများတောက်ပလာကာ သူမက တုံ့ပြန်၍မေးမြန်းသည်။

"ဟမ့်...မင်းရဲ့မျက်နှာသာပေးမှုက ငါ့အတွက် ဘာကောင်းကျိုးရှိလို့လဲ....ဒါက အပြောသက်သက်ပဲရှိတာ"

ရီဖုန်းက ယွင်ယောင်ယောင်ကို မျက်စောင်းထိုးကာ ပြောဆိုသည်။

"ငါ့ကို လက်ဆုပ်လက်ကိုင်ပြစရာ တစ်ခုခုပေးပါ"

"နင်က ဘယ်လိုဟာမျိုးကို လိုချင်တာလဲ"

ယွင်ယောင်ယောင်က မေးမြန်းသည်။

"ငါက မင်းတို့ကျင့်ကြံသူတွေအသုံးပြုတဲ့ ပစ္စည်းတချို့ကို လိုချင်ခဲ့တယ်...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ငါ အဲ့ဒါတွေကို အသုံးပြုနိုင်မှာမဟုတ်ဘူး...ဒါကြောင့် မင်း ငါ့ကို ရွှေပြားတွေပဲပေးပါ"

ရီဖုန်းက ပြုံးဖြဲဖြဲနှင့် ပြောဆိုလေ၏။

"ငါကို ရွှေပြားတစ်သန်းရှစ်သိန်းပေးပါ...ဒါက အရမ်းများနေတယ်လို့တော့ ငါ မထင်ဘူး"

ယွင်ယောင်ယောင်က စိတ်ရှုပ်ထွေးသော မျက်နှာအမူအယာဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။ ထို့နောက် သူမက ပြောဆိုသည်။

"ကျင့်ကြံသူတစ်ယောက်ရဲ့မျက်နှာသာပေးမှုကို ငွေနဲ့ဝယ်လို့မရဘူးဆိုတာ နင် သိလား....ရွှေပြားတစ်သန်းရှစ်သိန်းက များတယ်ထင်ရပေမယ့် ငါတို့ကျင့်ကြံသူတွေအတွက် ဘာမှမဟုတ်ဘူး...ဒါ​ပေမယ့် နင်က ငါ့ရဲ့မျက်နှာသာပေးမှုအစား ရွှေပြားတွေကို တကယ်ကြီး တောင်းဆိုတာလား"

"အမှန်ပဲ....ငါ ရွှေပြားတွေပဲ လိုချင်တယ်"

ရီဖုန်းက အပြုံးများဝေဆာနေသောမျက်နှာနှင့် ပြောဆိုလိုက်၏။

ဤရွှေပြားပမာဏနှင့်ဆိုပါက နန်ရှားနယ်မြေအတွင်းတွင် သူကုန်ဆုံးခဲ့သော ရွှေပြားများကို ပြန်လည်ဖြည့်တင်းနိုင်မည်ဟု သူ တွေးတောခဲ့သည်။

သူ ပြန်ရောက်ချိန်တွင် သူ၏သိုင်းပညာခန်းမကို ပြုပြင်မွမ်းမံကာ ခြံဝန်းအတွင်း၌ နောက်မှီကုလားထိုင်အသစ်တစ်လုံးကို အစားထိုးရပေမည်။ အကယ်၍ သူ့ထံတွင် ​ငွေကြေးအပိုကျန်ရှိနေပါက အစေခံတစ်ယောက်ကို ငှားယမ်းနိုင်သည်။ ဤကဲ့သို့ ဘဝမျိုးနှင့်နေထိုင်ရပါက သူ့အတွက် လွန်စွာကောင်းမွန်ပေမည်။

"ကောင်းပြီလေ"

ယွင်ယောင်ယောင်က ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"ငါ နင်တောင်းတဲ့ ရွှေပြားတစ်သန်းကျော်ကို ပေးနိုင်တယ်...ဒါပေမယ့် အခု ငါ့မှာ ပါမလာဘူး....ငါတို့ အပြင်ထွက်ပြီးတဲ့အချိန်ကျရင် ငါ နင့်ကိုပေးမယ်"

"ဒါက အဆင်ပြေပါတယ်...ငါ့ကို ကြွေးမှီဝန်ခံချက်တစ်စောင်ရေးပေးပါ"

ရီဖုန်းက ဝမ်းသာအားရပြောဆိုကာ စာရွက်တစ်ရွက်နှင့်စုတ်တံတစ်ချောင်းကို ထုတ်ယူလိုက်သည်။

"ငါ ယွင်ယောင်ယောင်က ရီဖုန်းကို ရွှေပြားတစ်သန်းရှစ်သိန်း ပေးရမယ်...သက်သေခံအတွက် လက်မှတ်က...."

ရီဖုန်းက စာရွက်ပေါ်တွင် စာများရေးသားကာ အပြုံးနှင့်အတူ ယွင်ယောင်ယောင်၏ရှေ့၌ ချပေးလိုက်၏။

"ဒီနေရာမှာ မင်း လက်မှတ်ထိုးပေးပါ"

ယွင်ယောင်ယောင်၏မျက်နှာအမူအယာ ဟန်ဆောင်၍မရတော့သည်အထိ ပြောင်းလဲသွားသည်။

"ကောင်းပြီလေ"

ရီဖုန်း၏ အလျှော့မပေးသောအမူအယာကိုကြည့်ပြီး သူမက အံ့တင်းတင်းကြိတ်ကာ ခေါင်းညိတ်ပြလေသည်။ ရီဖုန်း၏အကြည့်အောက်တွင် သူမ၏နာမည်ကို ရေးထိုးပေးလိုက်သည်။

"ကောင်းတယ်"

ရီဖုန်းသည် ထိုကြွေးမှီစာချုပ်ကို ဂရုတစိုက်သိမ်းဆည်းကာ သူ၏အင်္ကျီလက်ကြားသို့ ထိုးသွင်းလိုက်သည်။ သူသည် ထိုအရာကို ဂရုတစိုက်ပွတ်သပ်ကြည့်ရန်လည်း မမေ့လျော့ခဲ့ချေ။

ကြွေးမှီဝန်ခံချက်ကို သိမ်းဆည်းပြီးနောက် ရီဖုန်းသည် ယွင်ယောင်ယောင်၏ဓားကိုယူကာ အစားအစာရှာဖွေရန်အတွက် ထွက်ခွာသွားတော့သည်။

သို့ရာတွင် သူ ရှာဖွေသမျှအရာအားလုံးသည် တောရိုင်းသစ်သီးများသာဖြစ်သည်။ သူသည် အသားကင်ရန် ကြိုးစားခဲ့ချိန်တွင် သားရဲနှစ်ကောင်ရောက်ရှိလာကတည်းက ထိတ်လန့်ကြောက်ရွံသွားသဖြင့် တလျှောက်လုံး သစ်သီးများကိုသာစား၍ သူ၏ဗိုက်ကို ဖြည့်တင်းခဲ့ရသည်။

ရီဖုန်း လှိုဏ်ဂူမှထွက်သွားပြီး မကြာမီမှာပင် ယွင်ယောင်ယောင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

သူမထံတွင် မည်သည့်ကျင့်ကြံဆင့်စွမ်းအားမျှ မရှိတော့သော်လည်း သူမ၏စူးရှသောအာရုံကြောင့် ဤလှိုဏ်ဂူနှင့်မနီးမဝေးတွင် နတ်ဆိုးသားရဲအမြောက်အများရှိနေသည်ကို အာရုံခံမိဆဲပင်။

ထို့ပြင် ဤနတ်ဆိုးသားရဲများသည် အတော်အသင့် သန်မာအားကောင်းပေ၏။

ဤသည်မှာ သူမကို အလွန်အမင်း စိုးရိမ်ပူပန်စေခဲ့သည်။

အကြောင်းအရင်းမှာ ဤအခြင်းအရာမှတဆင့် ပြင်ပသို့ထွက်သွားသော ရီဖုန်းသည် ထိုနတ်ဆိုးသားရဲများနှင့် မလွဲမသွေရင်ဆိုင်ကြုံတွေ့ရပေမည်။

"ငါ ဘာလုပ်သင့်လဲ"

သူမ၏လှပသောမျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။ သူမ၏ကျင့်ကြံဆင့် ချိပ်ပိတ်ခံထားရဆဲဖြစ်ကာ သူမ၏ပြင်ပဒဏ်ရာများ ပျောက်ကင်းခြင်းမရှိသေးသဖြင့် ရီဖုန်းကို ကယ်တင်ရန် နေနေသာသာ သူမ လမ်းလျှောက်နိုင်ရန်အတွက်ပင် အနည်းငယ်အားစိုက်နေရသည်။

ဤသေမျိုးသည် သူမအား အကြိမ်ပေါင်းများစွာ စိတ်အနှောက်အယှက်ပေးခဲ့သော်လည်း သူမသည် သူ့အား မနှစ်မျို့ခြင်းမျိုးမရှိချေ။

သို့ရာတွင် သူမ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေစဥ်မှာပင် ထိုနတ်ဆိုးသားရဲများ၏အရှိန်အဝါများ ပျောက်ကွယ်သွားသည်ကို သူမ ရုတ်တရက် သတိပြုလိုက်မိသည်။

"ဖြစ်နိုင်တော့ အဲ့ဒီသားရဲတွေ ထွက်သွားတာများလား...."

"ရီဖုန်းက ဒါဆို....."

ထိုအကြောင်းကိုတွေးတောရင်း သူမ၏စိတိနှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားသည်။

သူမ၏ဒဏ်ရာများ မပျောက်သေးသည်ကို လျစ်လျှူရှု၍ သူမသည် အတင်းအကြပ်မတ်တတ်ထရပ်ကာ လှိုဏ်ဂူဝင်ပေါက်ထံသို့ လျှောက်လှမ်းလိုက်သည်။

သို့ရာတွင် သူမ လှိုဏ်ဂူဝင်ပေါက်သို့ ရောက်ရှိစဥ်မှာပင် ရီဖုန်းသည် ဓားတစ်လက်ကိုကိုင်ဆောင်၍ ဆဲဆိုပြီးပြန်လာသည်ကို သူမ မြင်တွေ့မိသည်။

"သောက်သုံးမကျတဲ့ ဝက်တွေလိုကောင်တွေကများ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဝံ့တယ်....ငါ့ကို သက်သက်လွတ်စားတဲ့ကောင်လို့ သူတို့က ထင်နေကြတာလား....ငါကလည်း သိုင်းပညာကို လေ့ကျင့်ထားတဲ့သူတစ်ယောက်ပဲ"

"နင် မသေဘူးလား"

ရီဖုန်း ဘေးကင်းလုံခြုံနေသည်ကိုကြည့်ပြီး ယွင်ယောင်ယောင်သည် ကြက်သေသေသွားလေ၏။

"မင်း ဒါက ဘာသဘောလဲ"

"ငါ သေသွားဖို့ကို မင်းက မျှော်လင့်နေတာလား"

"မိန်းမတွေအားလုံးက ဒီလိုပဲ ရက်စက်ကြတာလား"

ရီဖုန်းက ယွင်ယောင်ယောင်ကိုကြည့်ကာ မေးမြန်းသည်။

"ငါဆိုလိုတာက အဲ့ဒီသဘောမဟုတ်ဘူး"

ယွင်ယောင်ယောင်က ပျာပျာသလဲ ရှင်းပြသည်။

"ငါက လှိုဏ်ဂူပြင်ပမှာ နတ်ဆိုးသားရဲတွေရဲ့ အရှိန်အဝါတွေကို အာရုံခံမိတယ်...ဒါကြောင့် ငါ တွေးလိုက်တာက နင်....."

"နတ်ဆိုးသားရဲတွေရဲ့ အရှိန်အဝါတွေလား"

ရီဖုန်း၏မျက်နှာအမူအယာ ထိတ်လန့်ကြောက်ရွံမှုသို့ ပြောင်းလဲသွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် ယွင်ယောင်ယောင်၏အနီးသို့ တိုးကပ်သွားကာ ထိတ်လန့်တကြားပြောဆိုလိုက်သည်။

"ငါ့ကို မခြောက်နဲ့"

"ဘာမှ စိတ်မပူပါနဲ့....သူတို့ရဲ့အရှိန်အဝါတွေ ပျောက်ကွယ်သွားပြီ....ဒါကြောင့် သူတို့ ထွက်သွားလောက်ပြီ"

ယွင်ယောင်ယောင်က ပြောဆိုသည်။ ထို့နောက် သူမသည် ရီဖုန်းကို ထပ်မံ၍ကြည့်ကာ မေးမြန်းလိုက်၏။

"ဒါပေမယ့် နင် ခုဏက သူတို့နဲ့ တကယ်မတွေ့ခဲ့ဘူးလား"

"မတွေ့ဘူး...ငါက လမ်းသွားရင်း မောက်မာရိုင်းစိုင်းနေတဲ့ တောကောင်ငယ်လေးတချို့ကိုတော့ သတ်ခဲ့တယ်"

ရီဖုန်းက ပြောဆိုသည်။

ယွင်ယောင်ယောင်သည် မယုံကြည်နိုင်ဖြစ်သွားလေ၏။ ဤသည်မှာ အဓိပ္ပါယ်မရှိချေ။

အစောပိုင်းက ထိုနတ်ဆိုးသားရဲများ ထုတ်လွှတ်ထားသော အရှိန်အဝါများကို အခြေခံကြည့်ပါက လှိုဏ်ဂူ၏ပြင်ပတွင်ရှိနေသော ရီဖုန်းကို သူတို့ သတိမပြုမိရန်မှာ မဖြစ်နိုင်ပေ။ သူတို့သည် ရီဖုန်းကို သေချာပေါက်တွေ့ရှိခဲ့သော်လည်း သူ့အားတိုက်ခိုက်ရမည့်အစား ထွက်သွားကြသည်မှာ မည်သည့်အဓိပ္ပါယ်မျိုးဖြစ်သနည်း။

"သူတို့ကို နင် မမြင်လိုက်ရဘူးဆိုတာ သေချာလား"

ယွင်ယောင်ယောင်က ထပ်မံ၍မေးမြန်းသည်။

"တကယ် မတွေ့ခဲ့ဘူး"

ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် အလျှင်အမြန်ပြောဆိုလိုက်၏။

"မင်းပြောတဲ့ နတ်ဆိုးသားရဲတွေက ငါ သတ်လိုက်တဲ့ တောကောင်ငယ်လေးတွေတော့ မဟုတ်လောက်ဘူးမလား"

ထိုစကားကိုကြားချိန်တွင်...

အေးစက်မှုများက ယွင်ယောင်ယောင်၏မျက်နှာပေါ်တွင် လွှမ်းခြုံသွားသည်။

ထိုနတ်ဆိုးသားရဲများ၏အရှိန်အဝါအရ အကဲဖြတ်ကြည့်ပါက အနိမ့်ဆုံးအနေဖြင့် နတ်ဆိုးအရှင်အဆင့်၌ရှိနေသည်။ မည်သည်ကြောင့် သူတို့သည် ရီဖုန်းကဲ့သို့ သာမာန်လူတစ်ယောက်၏သတ်ဖြတ်ခြင်းကို ခံရမည်နည်း။

"နင် အတွေးလွန်မနေနဲ့"

ယွင်ယောင်ယောင်သည် ရီဖုန်းကို မျက်စောင်းထိုးကြည့်ကာ လှိုဏ်ဂူအတွင်းသို့ ပြန်ဝင်သွားတော့သည်။

Chapter 315

"အမ်..."

"ဟုတ်သားပဲ"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။

ဤသည်မှာ အဓိပ္ပါယ်ရှိပေ၏။

နတ်ဆိုးသားရဲတစ်ကောင်သည် သူ အနည်းငယ်ခုတ်ပိုင်းရုံမျှဖြင့် လွယ်လင့်တကူ ပြတ်တောက်သွားသည်အထိ မည်သည်ကြောင့် အားနည်းနေနိုင်မည်နည်း။

လှိုဏ်ဂူအတွင်းသို့ဝင်ရောက်ပြီးနောက် ယွင်ယောင်ယောင်က သူ့ကို စောင့်ကြိုနေသည်။

ထို့နောက် သူမက ပြောဆိုသည်။

"ငါ နင့်ကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ်"

"အင်း....နောက်ဆုံးတော့ မင်း ငါ့ကို ငွေနည်းနည်းလောက် ပေးတော့မလို့လား"

ရီဖုန်းက သူမ၏နံဘေး၌ အလျှင်အမြန်ထိုင်ချကာ မေးမြန်းလိုက်၏။

ထိုစကားကိုကြားချိန်တွင်...

ယွင်ယောင်ယောင် လုံးလုံးလျားလျား ဆွံအသွားသည်။

သေမျိုးတစ်ယောက်သည် မည်သို့ပင်ဆိုစေကာမူ သေမျိုးသာဖြစ်ပြီး သူတို့၏အမြင်သည် နည်းပါးကျဥ်းမြောင်းကာ သူတို့၏မျက်လုံးအတွင်း၌ ငွေကြေးကိုသာမြင်သည်။

သူမတို့ကဲ့သို့ ကျင့်ကြံသူများအတွက်မူ ငွေကြေးဆိုသည်မှာ အဆင့်နိမ့်ဆုံးအရာပင်။

အနည်းငယ် အမြင်ကျယ်သော မည်သူမဆို ရွှေပြားတစ်သန်းရှစ်သိန်းအစား သူမထံမှ ဆေးလုံးများ သို့မဟုတ် တခြားအရာတစ်ခုခုကို တောင်းကြပေမည်။

အမှန်အားဖြင့်....

သူမသည် ဤကိစ္စအတွက်နှင့် သူ့ကို အထင်အမြင်သေးခြင်းမရှိချေ။

ဤသည်မှာ လူတိုင်းထံတွင် မတူကွဲပြားသောအမြင်များ ရှိရုံသက်သက်ပင်။

"အစကတော့ ငါ့ရဲ့ကျင်ကြံဆင့်နယ်ပယ်ကို အချိန်တိုအတွင်းမှာ ပြန်မရနိုင်လောက်ဘူးလို့ ငါ ထင်ခဲ့တာ...ဒါပေမယ့် အမျိုးအမည်မသိတဲ့ စွမ်းအားတချို့က ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာပြီးတော့ နွားရိုင်းနတ်ဆိုးရဲ့ချိပ်စည်းတံဆိပ်တွေကို တိုက်ခိုက်နေတယ်"

ယွင်ယောင်ယောင်က ပြောဆိုသည်။

"ဒါကြောင့် မနက်ဖြန်ကျရင် ငါ ချိပ်စည်းတံဆိပ်ကိုချိုးဖျက်ပြီးတော့ ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားကို ပြန်ရနိုင်ပြီ"

ရီဖုန်း၏မျက်လုံးများ တောက်ပသွားကာ သူက အလျှင်အမြန် ပြောဆိုလိုက်၏။

"ဒါက သေချာပေါက် သတင်းကောင်းတစ်ခုပဲ....မင်း အပြင်ကိုမြန်မြန်ထွက်နိုင်တာနဲ့...မင်း ရဲ့ငွေတွေကို မြန်မြန်ပေးရမယ်"

"နင် ငွေအကြောင်းပဲပြောနေတာကို ခဏရပ်ထားလို့ မရဘူးလား"

ယွင်ယောင်ယောင်၏မျက်နှာ အေးစက်တင်းမာသွားကာ သူမက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"တကယ်လို့ ငွေအကြောင်းမဟုတ်ရင်...မင်းက ငါ့ကို အချစ်အကြောင်း ပြောစေချင်တာလား"

ရီဖုန်းက မကျေမချမ်းဖြင့် ယွင်ယောင်ယောင်ကို စူးစူးဝါးဝါးကြည့်ကာ ဒေါသတကြီးပြောဆိုသည်။

ဤအချိန်အခိုက်အတန့်တွင် ယွင်ယောင်ယောင် ကြက်သေသေသွားသည်။

ဤှသေမျိုးနှင့် အချိန်အတော်ကြာရှိနေခြင်းဖြင့် ဒေါသသည် လူတစ်ယောက်ကို လက်တွေ့ကျကျ သတ်ဖြတ်နိုင်သည်ဟု သူမ သိရှိသွားသည့်တိုင် သူမသည် သူ့အပေါ် မည်သို့မျှ လုပ်ဆောင်နိုင်ခြင်းမရှိသေးချေ။

"ငါ့ကို ပိုပြီးဇဝေဇဝါဖြစ်စေတာက ငါ့ရဲ့ခန္ဓာကိုယ်ထဲကစွမ်းအားတွေ ဘယ်နေရာကရောက်လာတယ်ဆိုတာပဲ"

ယွင်ယောင်ယောင်က စကားလမ်းကြောင်းလွှဲကာ ပြောဆိုသည်။

"ဖြစ်နိုင်တာတော့ ငါ မင်းအတွက် စုဆောင်းပေးတဲ့ တောရိုင်းသစ်သီးတွေကများလား"

ရီဖုန်းက ထင်​ကြေးပေးသည်။

ယွင်ယောင်ယောင်က ခေါင်းခါပြလေသည်။

သူမသည် ဤတောရိုင်းသစ်သီးများကို ယခင်ကတည်းက မြင်တွေ့ဖူးပြီးဖြစ်သည်။ ထိုအရာများသည် သာမာန်သစ်သီးရိုင်းများသာဖြစ်လေရာ မည်သည်ကြောင့် ဤမျှထိကြီးမားသောစွမ်းအားမျိုး ပါဝင်နေနိုင်မည်နည်း။

"ဒါမှမဟုတ် မင်းကို ငါလိမ်းပေးတဲ့ ဆေးတွေကြောင့်လား...ငါက ဆေးဖော်စပ်တဲ့နေရာမှာ အရမ်းထူးချွန်တယ်"

ရီဖုန်းက ထပ်မံ၍ ပြောဆိုသည်။

ယွင်ယောင်ယောင်က ရီဖုန်းကို မျက်စောင်းထိုးလိုက်သည်။

ဤပြဿနာကို ရီဖုန်းနှင့်ဆွေးနွေးခြင်းသည် စကားလုံးဖြုန်းတီးခြင်းသာဖြစ်ကြောင်း သူမ နားလည်သဘောပေါက်သွားသည်။

"မနက်ဖြန်ကျရင်...ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားကိုရတာနဲ့ နင့်ကို ဒီတောတောင်တွေထဲကနေ ခေါ်ထုတ်သွားပေးမယ်"

သူမသည် ရီဖုန်းနှင့် ထပ်မံ၍စကားမပြောလိုတော့သဖြင့် သူမ၏လှပသောမျက်လုံးများကို တဖန်ပြန်မှိတ်ကာ ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားတော့သည်။

အချိန်တစ်ရက် အလွန်လျှင်မြန်စွာ ကုန်ဆုံးသွားလေပြီ။

ရီဖုန်းသည် တောအုပ်အတွင်း၌ သစ်သီးရိုင်းများကို စုဆောင်းနေစဥ်မှာပင် ရုတ်တရက် အလွန်ကြီးမားသော အရှိန်အဝါတစ်ရပ်က လှိုဏ်ဂူရှိနေရာအရပ်မှ ထွက်ပေါ်လာသည်။

အချိန်တခဏကြာပြီးနောက် လှိုဏ်ဂူအတွင်းမှ အလင်းတန်းတစ်တန်း ပျံ့လွင့်လာကာ ရီဖုန်း၏ခေါင်းထက်သို့ ရောက်ရှိလာသည်။

သူမသည် အလွန်မြင့်မားသော လေထုအတွင်း၌ လွတ်လပ်ပေါ့ပါးစွာ မတ်တတ်ရပ်နေသည်။

သူမ၏ခန္ဓာကိုယ်မှနေ၍ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေပေ၏။

"မင်းရဲ့ကျင့်ကြံမှုစွမ်းအားကို ပြန်ရသွားပြီလား"

ရီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။

သူမက အမူအယာကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြကာ သူမ၏နူးညံချောမွတ်သောလက်ကို ညင်သာစွာ ဆန့်တန်းလိုက်ရာ ရီဖုန်းထံမှဓားရှည်သည် သူမ၏လက်ထံသို့ အလိုအလျောက်ပျံသန်းသွားကာ သူမက ဆုပ်ကိုင်လိုက်၏။

"ဒီနေရာပတ်ဝန်းကျင်မှာ နတ်ဆိုးသားရဲတွေ တော်တော်များများရှိနေတယ်....ဒီနေရာက မလုံခြုံဘူး....ငါ နင့်ကို ဘေးကင်းလုံခြုံတဲ့နေရာတစ်နေရာဆီ အရင်ဆုံးခေါ်သွားပေးမယ်....ငါ ကိစ္စတချို့ ဖြေရှင်းပြီးရင် မင်းကို ဒီတောတောင်တွေကြားကနေ အပြင်ကို ခေါ်ထုတ်ပေးမယ်"

"ရတယ်လေ...ပြဿနာမရှိဘူး"

ရီဖုန်းက အလျှင်အမြန် အဖြေပေးလိုက်သည်။

"ဒါနဲ့...မင်းက ငါ့ကိုရော မင်းနဲ့အတူပျံသန်းဖို့ သယ်သွားမှာမဟုတ်လား"

"နင် ဘယ်လိုထင်လဲ"

ယွင်ယောင်ယောင်က ရီဖုန်းကို မျက်စောင်းထိုးလေသည်။

"ကောင်းပြီလေ...ငါ အဆင်သင့်ဖြစ်ပြီ"

ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုဖြန့်ကားကာ မေးမြန်းသည်။

"မင်းက ငါ့ကို ကုန်းပိုးမှာလား...ဒါမှမဟုတ် မင်းသမီးတစ်ပါးလို ပွေ့ချီမှာလား....ဘယ်လိုပဲဖြစ်ဖြစ် ငါက အဆင်ပြေပါတယ်"

"အရမ်းလှလှပပတွေ တွေးမနေစမ်းနဲ့"

ယွင်ယောင်ယောင်၏ပါးစပ် အထိန်းအကွပ်မဲ့စွာ မဲ့ရွဲ့သွားကာ သူမက အေးစက်စက်အော်ငေါက်လိုက်သည်။ ထို့နောက် သူမသည် လက်တစ်ဖက်ကိုဆန့်တန်း၍ ရီဖုန်း၏လက်ကိုဆုပ်ကိုင်ကာ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းလိုက်၏။

"နင် မကြောက်ဘူးလား"

ရီဖုန်း လေထုအလယ်၌ပျံသန်းနေသည်ကိုကြည့်ပြီး ယွင်ယောင်ယောင်သည် မမေးမြန်းဘဲမနေနိုင်တော့ချေ။

ရီဖုန်းက ခေါင်းခါပြလေသည်။

"နင် ကြောက်တယ်လို့ မခံစားရဘူးဆိုရင် အောက်ကရှုခင်းတွေကို ကြည့်ချင်လား"

ယွင်ယောင်ယောင်သည် မတုန်မလှုပ်ဖြစ်နေသော ရီဖုန်းကိုကြည့်ပြီး ထပ်မံ၍မေးမြန်းလိုက်သည်။

"ဒီနေရာမှာ ဘာကြည့်စရာရှိလို့လဲ"

ရီဖုန်းက ယွင်ယောင်ယောင်ကို မျက်စောင်းထိုးလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ၏အတိတ်ဘဝတွင် လေယာဥ်ပျံများပေါ် တွင် သူ ကြိမ်ဖန်များစွာ ထိုင်ခဲ့ဖူးသည်။

ယွင်ယောင်ယောင်သည် ဆွံ့အသွားလေ၏။

မကြာမီမှာပင် သူမသည် ရီဖုန်းကို တောင်ထိပ်တစ်ခုပေါ်၌ ချပေးလိုက်သည်။

"ဒီနေရာမှာနေပြီးတော့ ငါ့ကိုစောင့်နေအုံး...လျှောက်သွားမနေနဲ့....ငါ့ရဲ့ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့...ငါ နင့်ကို ဒီတောတောင်အကြားကနေ ခေါ်ထုတ်ပေးသွားမယ်"

ယွင်ယောင်ယောင်က ညွှန်ကြားလေသည်။

"မင်း ဘယ်သွားမလို့လဲ"

ရီဖုန်းက မေးမြန်းသည်။

"ငါ့ကိုဒဏ်ရာရအောင်လုပ်ခဲ့တဲ့ နွားရိုင်းနတ်ဆိုးနဲ့ငါ့အကြားမှာ ရန်ငြိုးတချို့ရှိနေတယ်...ဒါကြောင့် ငါ ဒီနေရာကထွက်မသွားခင် သူနဲ့ ရန်ငြိုးအဟောင်းအသစ် နှစ်ခုလုံးပေါင်းပြီး ဖြေရှင်းရမယ်"

ထိုစကားကို ပြောဆိုနေစဥ်တွင် ယွင်ယောင်ယောင်၏မျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းသွားကာ သူမ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။

"မင်း သူ့ကို အရင်က ရှုံးနိမ့်ခဲ့တာမဟုတ်ဘူးလား"

ရီဖုန်းက သံသယအပြည့်ဖြင့် မေးမြန်းသည်။

"အရင်တစ်ကြိမ်တုန်းက ငါ ပေါ့ဆသွားခဲ့လို့ ရှုံးခဲ့တာ....အခုချိန်မှာ ငါက သူ့ရဲ့နည်းလမ်းတွေကို သိသွားပြီ...ငါ သူ့ကို ရင်ဆိုင်ဖို့က အများကြီးလွယ်ကူသွားပြီ"

"ဒီနေရာမှာ ငြိမ်ငြိမ်နေခဲ့...ငါ သွားပြီ"

ထိုသို့ပြောဆိုပြီးနောက် ယွင်ယောင်ယောင်သည် သူမ၏ဓားကိုဆုပ်ကိုင်ကာ လေထုအတွင်း၌ပျံသန်းရင်း စူးရှသောမျက်လုံးတစ်စုံဖြင့် တောင်ပေါင်းတစ်သိန်းနယ်မြေကိုကြည့်ကာ နွားရိုင်းနတ်ဆိုး၏အရိပ်အယောင်ကို ရှာဖွေလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ....သူ့ရဲ့အရှိန်အဝါကို ငါ အလွယ်တကူ အာရုံခံလို့ရသင့်တယ်...ဘာလို့ ငါ သူ့ကို ရှာမတွေ့တာလဲ"

ပတ်ဝန်းကျင်နေရာတဝိုက်ကို ရှာဖွေပြီးနောက် ယွင်ယောင်ယောင်သည် မျက်မှောင်ကြုတ်ကာ လေထုအတွင်း၌ မတ်တတ်ရပ်လိုက်၏။

"ဒီလိုဆိုမှတော့....ငါ ဒီနည်းလမ်းတစ်ခုကိုပဲ လုပ်စရာကျန်တော့တယ်"

သူမ၏အကြည့် ရွေ့လျားသွားကာ နွားရိုင်းနတ်ဆိုးနှင့်သူမ ယခင်ကတိုက်ခိုက်ခဲ့သော တိုက်ပွဲနေရာသို့ ကျရောက်သွားသည်။

ဤနေရာရှိမြေပြင်တွင် မြောက်များစွာသော ကျင်းများ ချိုင့်များနှင့် ပြည့်နှက်နေသည်။

သစ်ပင်အမြောက်အများ ခါးလယ်မှနေ၍ ထက်ပိုင်းကျိုးနေသည်။

သူမသည် လေထုအတွင်းမှဆင်းသက်ကာ ယခင်တိုက်ပွဲမှ ယခုထိမပျက်ပြယ်သေးသော နွားရိုင်းနတ်ဆိုး၏အရှိန်အဝါ အကြွင်းအကျန်များကို အာရုံခံလိုက်သည်။

"နတ်ဘုရား ခြေရာခံခြင်း..."

ယွင်ယောင်ယောင်သည် သူမ၏မျက်လုံးကိုစုံမှိတ်ကာ ရှုပ်ထွေးပွေလီသော လက်စည်းတံဆိပ်အမြောက်အများကို ဖွဲ့စည်းလိုက်၏။

ထို့နောက် နွားရိုင်းနတ်ဆိုး၏အရှိန်အဝါမှတဆင့် သူမက စတင်၍ခြေရာခံလိုက်သည်။

နေရာတစ်နေရာသို့အရောက်တွင် ယွင်ယောင်ယောင် ရပ်တန့်သွားလေသည်။ ဤနေရာတွင် နွားရိုင်းနတ်ဆိုး၏အရှိန်အဝါများ အလွန်ထူထပ်သိပ်သည်းသည်။ ကြည့်ရသည်မှာ နွားရိုင်းနတ်ဆိုးသည် ဤနေရာ၌ အချိန်အတော်ကြာ ရှိနေခဲ့ပုံရသည်။

အချိန်အတိုင်းအတာတစ်ခုထိ ဤနေရာတွင် နေပြီးမှသာ နွားရိုင်းနတ်ဆိုး ထွက်ခွာသွားခြင်းဖြစ်ပေမည်။

ယွင်ယောင်ယောင်က ဆက်လက်၍ ခြေရာခံခဲ့သည်။

နောက်ဆုံး၌ ဤအရှိန်အဝါ၏အဆုံးနေရာသို့ ရောက်ရှိလာသည်။

"အမ်...."

"ဒီနေရာကို အရမ်းရင်းနှီးကျွမ်းဝင်နေသလိုပဲ"

သူမ၏လှပသောမျက်ခုံးကိုစုကျုံကာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်၏။ ဤနေရာသည် ယခင်က သူမနှင့်ရီဖုန်းနေခဲ့သော လှိုဏ်ဂူ၏အနီးတဝိုက်၌ ရှိနေသည်ကို သူမ မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။

"နွားရိုင်းနတ်ဆိုးက ငါတို့လှိုဏ်ဂူရဲ့ပြင်ပကို တကယ်ကြီးရောက်လာခဲ့မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ဒါပေမယ့် နွားရိုင်းနတ်ဆိုးရဲ့အရိပ်အယောင်တွေက ဒီနေရာအရောက်မှာ ပျောက်ကွယ်သွားပြီးတော့ သူ့ရဲ့အရှိန်အဝါလည်း ပျက်ပြယ်သွားတယ်....ဘာတွေဖြစ်သွားခဲ့တာလဲ"

သူမက မျက်မှောင်ကြုတ်လိုက်ကာ တစ်စုံတစ်ခု လွဲချော်နေသည်ကို ခံစားမိသည်။

ထိုအချိန်မှာပင် သူမ၏မြင်ကွင်းအတွင်းရှိ တစ်စုံတစ်ခုက သူမ၏စိတ်အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံး....

ဤအချိန်အခိုက်အတန့်တွင် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

သူမ၏ကိုယ်နေဟန်ထားကို ပြန်လည်ထိန်းသိမ်းပြီးနောက် သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာတစ်ရပ်ထင်ဟပ်နေဆဲဖြစ်ပြီး ထိုနေရာသို့ဦးတည်၍ ပျံသန်းလိုက်၏။

သူမ၏စိတ်အခြေအနေဖြင့်ပင် သူမရှေ့ရှိမြင်ကွင်းကို မြင်တွေ့ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် သူမ လေအေးတစ်ချက် ရှုရှိုက်လိုက်မိသည်။

Thank For Reading.

All Chapters