← Chapters

အခန်း (၃၁၆-၃၂၀)

Vol. 22 Ch. 316-320

အခန်း (၃၁၆-၃၂၀)

Vol. 22 Ch. 316-320

Chapter 316

မြေပြင်ပေါ်တွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အလောင်းတစ်လောင်းရှိနေသည်။

ယင်ကောင်များက ပတ်ဝန်းကျင်တွင် ပရမ်းပတာပျံသန်းနေကာ ထိုအလောင်းပေါ်တွင် လောက်ကောင်များလည်း တွယ်တက်နေသဖြင့် သေဆုံးထားသည်မှာ ရက်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်း သိသာထင်ရှားလှ၏။

ဤအလောင်းသည် သူမ အချိန်အတော်ကြာရှာဖွေနေခဲ့သော နွားရိုင်းနတ်ဆိုးဖြစ်နေသည်

ဤသည်မှာ ယွင်ယောင်ယောင်ကို အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်မသက် ဖြစ်သွားစေခဲ့သည်။

သူမတွေ့ရသည့်ကိစ္စကို သူမ မယုံကြည်နိုင်ချေ။

ဆဋ္ဌမဘဝသိုင်းအင်ပါယာ၏ကြီးမားသောခွန်အားဖြင့် မည်သည်ကြောင့် သူသည် ဤကဲ့သို့ သေဆုံးသွားရသနည်း။

တောရိုင်းသတ္တဝါလည်းမဟုတ် အဆင့်နိမ့်နတ်ဆိုးသားရဲလည်းမဟုတ်သော ဤတောတောင်အတွင်း၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်သည့် နတ်ဆိုးအင်ပါယာတစ်ကောင်သည် ဤကဲ့သို့ဖြစ်သွားရသလော....

သူမ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်တုန်လှုပ်မှုကိုဖိနှိပ်၍ သူမ၏လက်ဖြင့် သူမနှာခေါင်းကိုပိတ်ကာ စူးရှသောအကြည့်ဖြင့် နွားရိုင်းနတ်ဆိုး၏အလောင်းကို စစ်ဆေးလိုက်သည်။

သိသာထင်ရှားစွာပင်....

ဆဋ္ဌမဘဝနတ်ဆိုးအင်ပါယာ၏အသက် ဤနေရာတွင် မည်ကဲ့သို့နိဂုံးချုပ်ခဲ့ရသည်ကို သူမ ရှာဖွေဖော်ထုတ်လိုသည်။

သူမ ဤအလောင်းကိုသေချာမကြည့်ပါက သိရမည်မဟုတ်ချေ။

သို့ရာတွင် တစ်ချက်ကြည့်ရုံဖြင့် သူမ လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံသွားသည်။

နွားရိုင်းနတ်ဆိုး၏ခေါင်းပေါ်တွင် ထွင်းဖောက်ဝင်ရောက်သွားသော ဓားဒဏ်ရာတစ်ခုကို သူမ မြင်တွေ့မိသည်။ ဤဓားချက်သည် နွားရိုင်းနတ်ဆိုး၏ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ခုခံကာကွယ်မှုကိုချိုးဖျက်ကာ ဓားချက်တစ်ချက်တည်းဖြင့် သူ၏ခေါင်းအတွင်းရှိ နတ်ဆိုးအမြူတေကို နှစ်ခြမ်းခွဲလိုက်ခြင်းဖြစ်သည်။

ဟူး....

သူမ လေအေးတစ်ချက် ထပ်မံ၍ ရှိုက်သွင်းမိလေ၏။

ဤမြင်ကွင်းမှတဆင့် မည်သည့်တိုက်ပွဲအရိပ်အယောင်မျိုးမျှ ရှိမနေခဲ့သည်မှာ သိသာထင်ရှားသည်။ ဆိုလိုသည်မှာ ထိုလူသည် နွားရိုင်းနတ်ဆိုးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းပင်။

"ဒီလိုလုပ်နိုင်ဖို့အတွက် အဲ့ဒီဓားချက်က ဘယ်လောက်ထိ တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေနိုင်လဲ"

သူမသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်၏။

ရုတ်တရက် သူမ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။

နွားရိုင်းနတ်ဆိုး၏ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေကာ ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်ယူသွားခြင်းဖြစ်သည်ကို သတိပြုမိသဖြင့် သူမ ထိတ်လန့်တုန်လှုပ်သွားပေ၏။

"အဲ့ဒီလူက ဘယ်သူလဲ"

"အရမ်းရက်စက်တာပဲ"

"နွားရိုင်းနတ်ဆိုးကို သတ်လိုက်တာက ထားပါတော့...ဒါပေမယ့် သူက အလောင်းကိုတောင် မတော်တရော်လုပ်ခဲ့တယ်"

သူမသည် စိတ်ရှုပ်ထွေးသောအမူအယာဖြင့် နေရာမှာပင် အချိန်အကြာကြီး မတ်တတ်ရပ်နေမိသည်။

သူမသည် လက်စားချေရန်အတွက် နွားရိုင်းနတ်ဆိုးကို အပြင်းအထန်ရှာဖွေခဲ့သော်လည်း သူသည် ဤလောကကြီးအတွင်းမှ ထွက်ခွာသွားပြီးဖြစ်မည်ဟု သူမ မျှော်လင့်မထားမိချေ။

"ဟွန့်....ဆိုးသွမ်းယုတ်မာတဲ့အရာတွေကိုပဲ ကျူးလွန်ခဲ့တဲ့ကောင်...ဒါက နင် ဝဋ်လည်တာလို့ ယူဆနိုင်တယ်"

ယွင်ယောင်ယောင်က အေးစက်တင်းမာစွာပြောဆိုကာ သူမ၏လက်အတွင်း၌ဓားကိုဆုပ်ကိုင်၍ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် သူမ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်မှာပင် တခြားအရာတစ်ခုကို တွေ့မြင်မိသဖြင့် သူမ ထိတ်လန့်တုန်လှုပ်သွားသည်။

သူမ အလျင်စလိုကြည့်လိုက်ရာ မြေပြင်ပေါ်၌ တခြားနတ်ဆိုးသားရဲတစ်ကောင်၏အလောင်းရှိနေသည်ကို သူမ မြင်တွေ့မိလေ၏။

"ဒါက နောက်ထပ် နတ်ဆိုးသားရဲအရှင်တစ်ကောင်ရဲ့အလောင်းပဲ"

ယွင်ယောင်ယောင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

သို့ရာတွင် သူမသည် နောက်ထပ် ဒုတယ တတိယ စတုတ္ထမြောက် နတ်ဆိုးသားရဲအလောင်းများကို ထပ်မံ၍တွေ့ရှိရမည်ဟု သူမ မျှော်လင့်မထားမိချေ။

ဤသည်မှာ သူမကို အချိန်အတော်ကြာသည်အထိ စိတ်မတည်မငြိမ် ဖြစ်သွားစေခဲ့သည်။

အကြောင်းအရင်းမှာ သူမ ရေတွက်ကြည့်ရသလောက် ဤနေရာပတ်ဝန်းကျင်တွင် အဆင့်နိမ့်နတ်ဆိုးများမှနတ်ဆိုးအင်ပါယာအဆင့်ထိ နတ်ဆိုးသားရဲများ၏အလောင်းများ နှစ်ဆယ်သုံးဆယ်ခန့်ရှိနေသည်။

အမှန်အားဖြင့် ဤအသေကောင်များအကြားတွင် အစစ်အမှန် တောရိုင်းသတ္တဝါများလည်း အမြောက်အများပါဝင်နေသည်။

သို့ရာတွင် တောရိုင်းသတ္တဝါများဖြစ်စေ နတ်ဆိုးသားရဲများဖြစ်စေ သူတို့အားလုံးသည် ချွင်းချက်မရှိ ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းခံထားရသည်။

ဤကဲ့သို့နည်းလမ်းကြောင့် ယွင်ယောင်ယောင်၏ခန္ဓာကိုယ်တစ်ခုလုံးကို အထိန်းအကွပ်မဲ့စွာ အေးစက်သွားစေသည်။

"အဲ့ဒီလူက ဘယ်သူလဲ"

သူမသည် ကူကယ်ရာမဲ့စွာဖြင့် ထိုလူ မည်သူမည်ဝါဖြစ်သည်ကို ထပ်မံ၍ခန့်မှန်းလိုက်မိသည်။

သူ၏ခွန်အားသည် မည်မျှထိ အစွမ်းထက်နေသနည်း....

တောရိုင်းသတ္တဝါများမှ နတ်ဆိုးအင်ပါယာများအထိ ထိုလူ၏မျက်လုံးအတွင်းတွင် ပုရွက်ဆိတ်များဖြင့် ကွဲပြားခြားနားခြင်းမရှိဘဲ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။

အမှန်အားဖြင့် ယွင်ယောင်ယောင်ကို ထိတ်လန့်တုန်လှုပ်စေဆုံးအချက်မှာ ဤနတ်ဆိုးသားရဲများ သေဆုံးသည့်အချိန်ကို တွက်ဆကြည့်ပါက အနီးရှိလှိုဏ်ဂူအတွင်း၌ သူမ ရှိနေသောအချိန်ပင်။

ဤမျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် လှိုဏ်ဂူ၏ပြင်ပသို့ ရောက်လာသည့်တိုင် သူမ မည်သည့်အသံဗလံကိုမျှ မကြားခဲ့ရချေ။

ထိုအကြောင်းကိုတွေးတောရင်း....

တစ်စုံတစ်ခု လွဲချော်နေသည်ကို သူမ တွေးတောမိလေ၏။

ဤလျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ကျင့်ကြံသူသည် မည်သည်ကြောင့် သူမတို့ရှိနေခဲ့သော လှိုဏ်ဂူအနီးတဝိုက်ရှိ နတ်ဆိုးသားရဲများကိုသာ သတ်ဖြတ်ခဲ့သနည်း။ လှိုဏ်ဂူနှင့်ဝေးကွာသောနေရာများ၌ ဤကဲ့သို့ကိစ္စမျိုး ရှိမနေခဲ့ချေ။

ထို့ပြင် မည်သည်ကြောင့် သူသည် လှိုဏ်ဂူအတွင်းရှိ သူမနှင့်ရီဖုန်းကို လုံးလုံးလျားလျား လျစ်လျှူရှုထားခဲ့သနည်း....

သူ၏ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်သနည်း.....

ယွင်ယောင်ယောင်သည် မျက်မှောင်ကြုတ်ကာ နက်နဲစွာ စဥ်းစားတွေးတောလိုက်သည်။

ဤမျက်မြင်အချက်များအားလုံးအရ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ကျင့်ကြံသူသည် လှိုဏ်ဂူအတွင်းရှိ သူမနှင့်ရီဖုန်းကို ကာကွယ်ပေးနေပုံရသည်။

ရီဖုန်း....

သူမ၏စိတ်အတွင်းသို့ ရုတ်တရက် မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့်အလားပင်။

ဖြစ်နိုင်သည်မှာ ထိုလူသည်....

သူမနှင့် ရက်ပေါင်းများစွာကြာ အတူရှိနေခဲ့သော ရီဖုန်းဖြစ်နေသလော...

သူမ ထိုအကြောင်းကို တွေးတောနေစဥ်တွင် မယုံကြည်နိုင်မှုက သူမ၏မျက်နှာပေါ်တွင် ရေးထိုးထားသည့်အလား ထင်ဟပ်နေသည်။

သို့ရာတွင် သူမ မယုံကြည်နိုင်သည့်တိုင် ယခင်တွေ့ရှိချက်များအရ ဤသည်မှာ ရီဖုန်း ဖြစ်နိုငိချေများသည်။

အကြောင်းအရင်းမှာ အစကဏဦးမှစတင်၍ ရီဖုန်းနှင့်ပတ်သက်ပြီး ရှင်းမပြနိုင်သော ကိစ္စအမြောက်အများရှိနေသည်။

ဥပမာအနေဖြင့် သာမာန်သေမျိုးတစ်ယောက်သည် ဤတောကြီးမျက်မည်းအတွင်း၌ နတ်ဆိုးသားရဲတစ်ကောင်တစ်လေနှင့်မျှ ရင်ဆိုင်တွေ့ရခြင်းမရှိဘဲ ထိခိုက်အနာတရမရှိ သွားလာနိုင်သည့်အထိ ကံကောင်းမှုမျိုး သူ့ထံတွင် မည်သည်ကြောင့် ရှိနေနိုင်မည်နည်း။

ထို့ပြင် အစောပိုင်းက လှိုဏ်ဂူအတွင်း၌ ရီဖုန်းသည် နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်တွေ့ရတော့မည်ကို သူမ ရှင်းရှင်းလင်းလင်း အာရုံခံမိလေ၏။ သို့ရာတွင် ထိုနတ်ဆိုးသားရဲများ၏အရှိန်အဝါများ ရုတ်တရက် ပျောက်ကွယ်သွားကာ ရီဖုန်းကမူ ဘေးကင်းလုံခြုံစွာဖြင့် ပြန်ရောက်လာခဲ့သည်။

ဤအကြောင်းကို ဂရုတစိုက်တွေးတောရင်း....

ထိုလျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ကျင့်ကြံသူသည် ရီဖုန်းဖြစ်နေနိုင်သည်ဟူသော ဖြစ်နိုင်ချေ ပို၍ပို၍ကြီးမားလာသည်။

သူမကို ဤကိစ္စမှန်မမှန်ကို အတည်ပြုရန် အလွန်စိတ်အားထက်သန်နေသဖြင့် ရီဖုန်းနေသောနေရာသို့ဦးတည်၍ အရှိန်ကုန်မြှင့်ကာ ပျံသန်းခဲ့တော့သည်။

လမ်းတလျှောက်၌....

သူမသည် အချိန်တခဏခန့်ပင် ရပ်နားခြင်းမရှိဘဲ အလင်းတန်းတစ်တန်းအလား မိုးကောင်းကင်ယံကို ဖြတ်သန်းလာခဲ့သည်။

အလွန်လျှင်မြန်စွာဖြင့်....

သူမသည် ရီဖုန်းရှိနေခဲ့သော တောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာပေ၏။

သို့ရာတွင် သူမ အပြည့်အဝ မချဥ်းကပ်ရသေးမီ တောင်ပေါ်မှနေ၍ သွေးပျက်ဖွယ်အော်သံကြီး ထွက်ပေါ်လာသည်ကို သူမ ကြားလိုက်ရသည်။

"အား....ငါ့ကို ကယ်ပါဦး"

"ငါ အရမ်းကြောက်တယ်"

ထိုအော်သံများနှင့်အတူ ရီဖုန်းသည် အရူးတစ်ယောက်အလား ခုန်ဆွခုန်ဆွလုပ်နေကာ အဝေးတစ်နေရာသို့ အသည်းအသန် ခုန်ပေါက်သွားနေသည်ကို ယွင်ယောင်ယောင် မြင်တွေ့မိလေ၏။

"ဘာတွေဖြစ်နေတာလဲ"

ယွင်ယောင်ယောင်က အလျှင်အမြန်ပျံသန်းသွားကာ မေးမြန်းလိုက်သည်။

"ဝါး....အမကြီး....မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီ"

ယွင်ယောင်ယောင် ပြန်ရောက်လာသည်ကို မြင်တွေ့ချိန်တွင် ရီဖုန်းသည် ကယ်တင်ရှင်တွေ့သွားသည့်အလား သူမထံသို့အပြေးသွားကာ ထိတ်လန့်တကြား အော်ဟစ်လေသည်။

"အဲ့ဒီနေရာမှာ....အဲ့ဒီနေရာမှာ ပေါက်ဖတ်ကြီးတစ်ကောင်ရှိနေတယ်"

"ပေါက်ဖတ်လား"

ယွင်ယောင်ယောင်က ချက်ချင်းမျက်မှောင်ကြုတ်လိုက်၏။

"ဟုတ်တယ်....ငါ ကြောက်လွန်းလို့သေတော့မယ်"

ရီဖုန်းက ထိတ်လန့်တကြားအမူအယာဖြင့် ပြောဆိုကာ ယွင်ယောင်ယောင်၏နောက်သို့ဝင်၍ အကာအကွယ်ယူလိုက်သည်။

ယွင်ယောင်ယောင်သည် ပြောစရာစကားမဲ့သွားကာ သူမ၏လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဤနေရာငယ်လေးတဝိုက်ကို ရှင်းလင်းလေသည်။

"ဟူး...."

"အရမ်းကောင်းတာပဲ...."

"နောက်ဆုံးတော့ ဒါကို ဖြေရှင်းပြီးသွားပြီ"

ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် နောက်ဆုံး၌ ယွင်ယောင်ယောင်၏နောက်မှထွက်လာကာ သူ၏နဖူးပြင်ပေါ်ရှိ ဇောချွေးများကိုသုတ်ပြီး ထိတ်လန့်တုန်လှုပ်နေသောအသံဖြင့် ပြောဆိုသည်။

ရီဖုန်း၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ယွင်ယောင်ယောင်၏မျက်နှာပေါ်တွင် ဝေဖန်ပိုင်းခြားရခက်သော အမူအယာမျိုး ထင်ဟပ်လာသည်။

တစ်ချိန်တည်းမှာပင် သူမကိုယ်သူမ လှောင်ပြောင်သရော်လိုက်သည်။

ပေါက်ဖတ်တစ်ကောင်ကိုပင် ကြောက်နေသောလူကို နွားရိုင်းနတ်ဆိုးအား ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ကျင့်ကြံသူနှင့် တူညီသည်ဟု သူမ ယုံကြည်ခဲ့မိသည်ကို ပြန်တွေးကြည့်ချိန်တွင်.....

မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းနေသနည်း....

Chapter 317

ယွင်ယောင်ယောင်သည် သူမ၏ခေါင်းကို ခါယမ်းပြီးနောက် ရီဖုန်းကို စူးစမ်းလေ့လာသည့်အကြည့်ဖြင့်ကြည့်ကာ မေးမြန်းသည်။

"စကားမစပ်....အစောပိုင်းက ငါတို့လှိုဏ်ဂူထဲမှာရှိနေချိန်မှာ နင် ပုံမှန်မဟုတ်တာတစ်ခုခုကို သတိပြုမိလား"

"ပုံမှန်မဟုတ်တာလား"

ရီဖုန်းက ခေါင်းခါပြလေသည်။

"ဒါမှမဟုတ် နင် လူတစ်ယောက်ယောက်ကို တွေ့မိသေးလား"

ယွင်ယောင်ယောင်က ထပ်မံ၍မေးမြန်းသည်။

"မတွေ့ဘူး"

ရီဖုန်းက ထပ်မံ၍ခေါင်းခါပြလေ၏။

ထိုစကားကိုကြားချိန်တွင် ယွင်ယောင်ယောင်သည် ကူကယ်ရာမဲ့သွာဖြင့် သူမ၏နားသယ်စပ်ကိုပွတ်သပ်ကာ ရီဖုန်းကို တစ်ချက်ကြည့်ပြီး မေးမြန်းလိုက်သည်။

"နင်က သာမာန်သေမျိုးတစ်ယောက်လား ဒါမှမဟုတ် ကျင့်ကြံသူတစ်ယောက်လား"

"ဘာထဖောက်တာလဲ"

ရီဖုန်းက မျက်စောင်းထိုး၍ သူမကိုကြည့်လေသည်။

ဤမိန်းကလေးကိုကြည့်ရသည်မှာ အနည်းငယ် စိတ်လွတ်နေပုံရသည်။

"ထားလိုက်တော့"

ယွင်ယောင်ယောင်သည် ဤကိစ္စမျိုးကို ရီဖုန်းကဲ့သို့ သာမာန်သေမျိုးတစ်ယောက်နှင့် ပြောဆိုပါက ရောက်တတ်ရာရာ ရောက်ရှိသွားမည်ကို သိရှိသဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သောလူ၏အထောက်အထားကို သူမသည် နောက်ပိုင်းမှ တဖြည်းဖြည်းစုံစမ်းရပေမည်။

အမှန်အားဖြင့် လျှို့ဝှက်ဆန်းကြယ်သောလူသည် လှိုဏ်ဂူအနီး၌ လှုပ်ရှားခဲ့သည်မှာ သူမတို့နှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိဘဲ သူမ အတွေးလွန်နေခြင်းလည်းဖြစ်နိုင်သည်။

"သွားကြစို့....ငါ နင့်ကို ဒီတောတောင်အကြားကနေ အပြင်ကိုထုတ်ပေးမယ်"

ယွင်ယောင်ယောင်က ပြောဆိုကာ ရီဖုန်း၏လက်ကိုဆုပ်ကိုင်ကာ လေထုအတွင်းသို့ ပျံသန်းလိုက်သည်။

"မင်း အင်မော်တယ်ရဲ့အမွေအနှစ်နယ်မြေဆီကို မသွားတော့ဘူးလား"

လေထုအတွင်း၌ပျံသန်းရင်း ရီဖုန်းက ယွင်ယောင်ယောင်ကို မေးမြန်းသည်။

"အမွေအနှစ်နယ်မြေ ဘယ်ချိန်ပွင့်လာမလဲဆိုတာ မသေချာသေးဘူး...ဒါကြောင့် ငါ နင့်ကို အရင်ပို့ပြီးမှပြန်လာရင် အချိန်ကိုက်လောက်ပဲဖြစ်မှာပါ"

ယွင်ယောင်ယောင်က ပြောဆိုသည်။

"အော်...ဒါနဲ့...မင်း ငါ့ကိုပေးရမယ့်ငွေတွေ မေ့မသွားနဲ့အုံး"

ရီဖုန်းက ထပ်မံ၍ ပြောဆိုလေ၏။

ထိုစကားကိုကြားချိန်တွင် ယွင်ယောင်ယောင်၏လှပသောမျက်နှာလေး သုန်မှုန်သွားသည်။

"ငါက ဒါကိုပြောချင်လို့မဟုတ်ပါဘူး...ငါ့ကို ပေးဖို့ရှိတယ်ဆိုတာ သတိပေးရုံသက်သက်ပဲ"

ရီဖုန်းက ရယ်မော၍ပြောဆိုသည်။

"စကားမစပ်... အဲ့ဒီအင်မော်တယ်ရဲ့အမွေအနှစ်နယ်မြေဆိုတာ အင်မော်တယ်တစ်ပါးက ချန်ထားခဲ့တာလား"

"အင်း..."

ယွင်ယောင်ယောင်က ခေါင်းညိတ်ပြသည်။

"အဲ့ဒီထဲမှာ ပစ္စည်းကောင်းတွေ အများကြီးရှိနေနိုင်တယ်မဟုတ်လား"

ရီဖုန်းက ထပ်မံ၍ မေးမြန်းသည်။

"အမှန်ပဲ"

ယွင်ယောင်ယောင်က ရှင်းပြသည်။

"ငါတို့လိုကျင့်ကြံဆင့်နယ်ပယ်မျိုးကို ရောက်သွားတဲ့လူတွေအတွက် သာမာန်အခွင့်အရေးတွေက အများကြီးအသုံးမဝင်ဘူး...ဒီတစ်ကြိမ်တော့ အဲ့ဒီအမွေအနှစ်နယ်မြေထဲမှာ အင်မော်တယ်တစ်ယောက် ချန်ထားခဲ့တဲ့ အင်မော်တယ်အဆင့်ရတနာတွေ ရှိနေနိုင်တယ်"

"အင်မော်တယ်ရတနာတွေလား"

"ဟုတ်တယ်...ဒီအမွေအနှစ်နယ်မြေရဲ့ပိုင်ရှင်က မတက်လှမ်းရသေးတဲ့အချိန်မှာ သေမျိုးလောကထဲကိုဆင်းသက်လာတဲ့ အင်မော်တယ်လီယန်ဖြစ်နိုင်တယ်...ဒဏ္ဍာရီတွေအရတော့ သူ့ဆီမှာ ဖရိုဖရဲကောင်းကင်ကျောက်တိုင်လို့ခေါ်တဲ့ အင်မော်တယ်ရတနာရှိနေတယ်...ဒီကျောက်တိုင်က အင်မော်တယ်တွေကိုဖိနှိပ်နိုင်ပြီးတော့ နတ်ဆိုးတွေကိုသုတ်သင်နိုင်တယ်လို့ ဆိုကြတယ်...အဲ့ဒီကျောက်တိုင်ပေါ်မှာ အင်မော်တယ်နည်းစနစ်တချို့ကိုလည်း မှတ်တမ်းတင်ထားတယ်"

"အင်း..."

ရီဖုန်းက ခေါင်းညိတ်လိုက်၏။

ရီဖုန်း၏တုံ့ပြန်မှုကိုကြည့်ပြီး ယွင်ယောင်ယောင်က အနည်းငယ်အံ့အားသင့်သွားသည်။ သူ့အား စောင်းငဲ့၍ကြည့်ပြီးနောက် သူမက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"နင် ဒီဖရိုဖရဲကောင်းကင်ကျောက်တိုင်ရဲ့စွမ်းအားကို စိတ်မဝင်စားဘူးလား....ဒါမှမဟုတ် နင် အဲ့ဒါကို မလိုချင်ဘူးလား"

"အမ်..."

ရီဖုန်းက သူ၏ခေါင်းကိုကုတ်ကာ စိတ်အားထက်သန်စွာ ပြောဆိုသည်။

"တကယ်တော့ ငါ စိတ်မဝင်ဘူး အဲ့ဒါကို လိုလည်းမလိုချင်ဘူး"

ထိုစကားကိုကြားချိန်တွင် ယွင်ယောင်ယောင်၏နုတ်ခမ်း မဲ့ရွဲ့သွားသည်။

သူတို့နှစ်ယောက်သည် အလွန်အမင်းလျှင်မြန်သောအရှိန်ဖြင့် ပျံသန်းလာကာ လမ်းတလျှောက်၌ မြောက်မြားစွာသောတောင်များကို ဖြတ်ကျော်ခဲ့သည်။

သို့ရာတွင် ထိုအချိန်မှာပင် ထူးဆန်းသောအသံကြီးတစ်သံက

တောင်ပေါင်းတစ်သိန်းနယ်မြေတခွင်လုံးအနှံ့ ဖြတ်သန်း၍ မြည်ဟီးသွားသည်။

"ဘုန်း...."

ထိုအသံသည် ဧရာမခေါင်းလောင်းကြီးတစ်ခုကိုတီးခတ်လိုက်သံနှင့်တူညီကာ သူတို့၏နားစည်များ ကြေမွှပျက်စီးသွားတော့လုမတတ်ပင်။

တစ်ချိန်တည်းမှာပင် တောင်ပေါင်းတစ်သိန်းနယ်မြေအတွင်းရှိ နတ်ဆိုးသားရဲများအားလုံး ဖရိုဖရဲဖြစ်သွားသည်။

ထို့နောက် ရွှေရောင်အလင်းတန်းတစ်တန်းသည် မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး တောင်ပေါင်းတစ်သိန်းနယ်မြေတခွင်လုံးကို လွှမ်းခြုံသွားသည်။

"မကောင်းတော့ဘူး...အမွေအနှစ်နယ်မြေပွင့်လာပြီ...ဒါက အင်မော်တယ်တစ်ယောက်ရဲ့ထူးခြားတဲ့စွမ်းရည်ဖြစ်တဲ့ အဘက်ဘက်မှဖိနှိပ်ခြင်းပဲ"

ထိုရွှေရောင်အလင်းတန်းကို အာရုံခံမိချိန်တွင် ယွင်ယောင်ယောင်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

"အဘက်ဘက်မှဖိနှိပ်ခြင်းဆိုတာက ဘာကိုဆိုလိုတာလဲ"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။

"အဘက်ဘက်မှဖိနှိပ်ခြင်းဆိုတာက အင်မော်တယ်အဆင့်ရဲ့အောက်မှာရှိတဲ့ သက်ရှိတွေအားလုံးက ပုရွက်ဆိတ်တွေပဲ"

"အလွယ်ပြောရရင် နတ်ဆိုးသားရဲတွေနဲ့လူသားကျင့်ကြံသူတွေအားလုံး ဒီဖိနှိပ်မှုရဲ့အောက်မှာ သူတို့ရဲ့ကျင့်ကြံဆင့်တွေ လုံးလုံးလျားလျား ဆုံးရှုံးသွားရလိမ့်မယ် "

ယွင်ယောင်ယောင်က တည်ကြည်လေးနက်စွာပြောဆိုသည်။

"အမ်...."

"မင်း ဆိုလိုတာ ငါတို့က...."

"ပြုတ်ကျတော့မှာလား...."

ရီဖုန်း၏မျက်လုံး ပြူးကျယ်သွားသည်။

သူ၏အသံ လွင့်ပြယ်မသွားမီမှာပင် သိမ့်ခနဲခံစားချက်တစ်ခုနှင့်အတူ သူတို့နှစ်ယောက်လုံး အလွန်လျှင်မြန်သောအရှိန်ဖြင့် မြေပြင်ထံသို့ ထိုးကျသွားတော့သည်။

"ဒီအမြင့်ကနေပြုတ်ကျရင် နင် သေသွားမှာ သေချာပေါက်ပဲ...ငါ နင့်ကို ရေကန်ထဲပစ်ချလိုက်မယ်....ဒါက ငါ နောက်ဆုံးလုပ်ပေးနိုင်တဲ့အရာပဲ...နင် အသက်ရှင်မရှင်ဆိုတာက နင့်ပေါ်မှာပဲမူတည်တယ်"

ယွင်ယောင်ယောင်က ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအယာနှင့်အတူ အံ့တင်းတင်းကြိတ်ကာပြောဆိုသည်။

ထိုသို့​ပြောဆိုပြီးနောက် သူမသည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြုပြီး ရီဖုန်းကို အဝေးသို့လွင့်ထွက်သွားစေသည်။

"ဟေး....ဟေး....ငါ ရေမကူးတတ်ဘူး"

ရီဖုန်းက ဒေါသတကြီးအော်ဟစ်လိုက်၏။

ထို့ပြင် အကယ်၍ သူ ရေကူးတက်လျှင်ပင် ရေကန်အတွင်းသို့ ယခုချိန်၌ ပြုတ်ကျခြင်းမှာ သေလမ်းရှာခြင်းတစ်မျိုးသာဖြစ်သည်။

အကြောင်းအရင်းမှာ ခေါင်းလောင်းသံကြီး မြည်ဟီးပြီးနောက် တောင်ပေါင်းတစ်သိန်းနယ်မြေတခွင်လုံး မြေငလျှင်လှုပ်သည့်အလား ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ထို့ကြောင့် ယခင်က တည်ငြိမ်သော ရေမျက်နှာပြင်များသည် ပြင်းထန်စွာ လှိုင်းထန်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ဗွမ်း...

ရီဖုန်းသည် ရေကန်အတွင်းသို့ ပြုတ်ကျသွားလေ၏။

တစ်ချိန်တည်းမှာပင် ယွင်ယောင်ယောင်ကိုယ်တိုင်သည်လည်း မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားကာ ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။ ဤအဘက်ဘက်မှဖိနှိပ်ခြင်းစွမ်းအားအောက်တွင် သူမသည် သူမ၏ကျင့်ကြံဆင့်စွမ်းအားကို တစိုးတစိမျှ ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။

ဤကဲ့သို့အမြင့်မျိုးမှ ပြုတ်ကျသည့်တိုင် သူမ အသက်ရှင်နေရခြင်းမှာ သူမ၏ရုပ်ခန္ဓာကိုယ် ကြံခိုင်သန်မာစေရန် နေ့ရောညပါကျင့်ကြံခဲ့သော အကျိုးကြောင့်ပင်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေပြီ။

တောင်ပေါင်းတစ်သိန်းနယ်မြေသည်လည်း တဖြည်းဖြည်း ပြန်လည်တည်ငြိမ်စပြုလာသည်။

"သောက်ချေးပဲ"

"ဒါက ဘယ်လိုနေရာကြီးလဲ"

ရီဖုန်း၏မျက်နှာ သုန်မှုန်နေသည်။ ရေကန်အတွင်းသို့ ကျသွားပြီးနောက် သူသည် ရေစုပ်ဝဲတစ်ခု၏စုပ်ယူခြင်းကိုခံရကာ ဤနေရာ၌အဆုံးသတ်ခဲ့ရသည်။

ထို့နောက် သူသည် စမ်းတဝါးဝါးဖြင့် ပတ်ဝန်းကျင်ကို လေ့လာလိုက်ရာ အကွေ့အကောက်များပြီး ကြမ်းတမ်းသောလမ်းကြောင်းများက နေရာအနှံ့အပြား၌ ရှိနေသည်ကို သူ တွေ့ရှိလိုက်ရသည်။ ဤသည်မှာ သူ၏အတိတ်ဘဝမှ ဝင်္ကပါတစ်ခုနှင့်တူညီကာ ထိုလမ်းကြောင်းများတလျှောက်တွင် မီးအလင်းရောင်မှိတ်တုတ်မှိတ်တုတ်လင်းလက်နေခြင်းနှင့်အတူ သူ့အား ရင်တထိတ်ထိတ်ဖြစ်စေသောခံစားချက်မျိုး ရရှိစေသည်။

ထို့ပြင် ထိုလမ်းကြောင်းများမှနေ၍ တစ်ခါတစ်ရံ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

ဤသည်မှာ ရီဖုန်းကို အလွန်အမင်း စိတ်မသက်မသာဖြစ်စေသည်။

"သောက်ချေးပဲ...ဒီကြောင်တောင်တောင်နေရာကြီးကနေ ဘယ်ချိန်မှထွက်နိုင်မလဲမသိဘူး...ငါက ငါ့ကိုယ်ငါ ကာကွယ့်ဖို့အတွက် လက်နက်ကောင်းကောင်းတစ်ခုရှာထားတာ ပိုကောင်းလိမ့်မယ်"

ရီဖုန်းက စမ်းတဝါးဝါးသွားလာရင်း တွေးတောလိုက်၏။

မူလက သူ နန်ရှားနယ်မြေသို့ရောက်လာစဥ်တွင် လက်နက်တချို့ကို ယူဆောင်လာခဲ့သော်လည်း လမ်းတလျှောက်တွင် ထိုအရာများသည် မည်သည့်နေရာ၌ ထွက်ကျကျန်ခဲ့ကြောင်း သူ မသိတော့ချေ။ အကယ်၍ ယခုကဲ့သို့ဖြစ်လာမည်ကို သူ ကြိုသိခဲ့ပါက သူ ဓားတစ်လက်ကို ဆောင်ထားမိပေမည်။

ရီဖုန်းသည် ဖြည်းညှင်းစွာ စမ်းတဝါးဝါးသွားလာနေရင်း သူ၏မျက်လုံးများ တောက်ပသွားသည်။

အကြောင်းအရင်းမှာ ရှေ့တွင် အကွေ့အကောက်များသောလမ်းတစ်လမ်းမဟုတ်တော့ဘဲ ခန်းမကျယ်ကြီးတစ်ခု ဖြစ်နေသောကြောင့်ပင်။ ဤခန်းမကြီးကို လမ်းကြောင်းအမြောက်အများနှင့် ချိတ်တက်ထားကာ ရီဖုန်း လျှောက်လှမ်းလာသည်မှာ ထိုလမ်းကြောင်းများအနက်မှတစ်ခုဖြစ်သည်။

ထို့ပြင် ရီဖုန်း ခန်းမအတွင်းသို့ ဝင်လိုက်ချိန်တွင် ခန်းမ၏အဆုံးရှိ အနက်ရောင်နံရံပေါ်တွင် မျက်လုံးတစ်စုံ ရုတ်တရက်ထွက်ပေါ်လာကာ သူ့အား စူးစိုက်ပြီးကြည့်နေလေ၏။

"တစ်ယောက်ယောက်က ဒီနေရာကို မြန်မြန်ရှာတွေ့သွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"နောက်ထပ်ကတော့ ဒီခန်းမထဲမှာ တစ်လအတွင်း ငါ ခင်းကျင်းထားတဲ့ အတားအဆီးသုံးခုကို သူ ချိုးဖျက်နိုင်မလားဆိုတာ ငါ စောင့်ကြည့်ရမယ်"

"တကယ်လို့ သူက အဲ့ဒါတွေကို ချိုးဖျက်နိုင်ရင်...ငါက သူ့ရဲ့ခန္ဓာကိုယ်ကို မလိုလားပေမယ့် ယူရလိမ့်မယ်"

"မင်းက ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်တယ်"

နံရံအတွင်း၌ပုန်းအောင်းနေသောမျက်လုံးများသည် ထိုအကြောင်းကိုတွေးတောရင်း တဖျတ်ဖျတ်တောက်ပနေသည်။

သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အဖြူရောင်ဝတ်စုံဝတ်လူရွယ်သည် သူ့ထံသို့ဦးတည်၍ လျှောက်လှမ်းလာသည်ကို သူ ရုတ်တရက် မြင်တွေ့လိုက်ရသည်။

"ဒါက...."

"ဘယ်လိုဖြစ်သွားတာလဲ..."

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ငါ အတားအဆီးသုံးခုကို ခင်းကျင်းထားတာလေ...သူ ဘယ်လိုလုပ်ပြီး ဖြတ်ကျော်လာတာလဲ"

"ငါ အသက်ရှင်သန်နေချိန်တုန်းက ပြင်ဆင်ထားတဲ့ ငါ့ရဲ့ အဘက်ဘက်မှဖိနှိပ်ခြင်းစွမ်းအားက သူ့ရဲ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတာ မဟုတ်ဘူးလား...သူ့ဆီမှာ ဘာစွမ်းအားမှမရှိတော့ဘဲနဲ့ သူ ဘယ်လိုလုပ်နိုင်ခဲ့တာလဲ"

ထိုမျက်လုံး၏စိတ် တုန်လှုပ်ချောက်ချားကာ ယောက်ယပ်ခတ်သွားသည်။

သို့ရာတွင် သူ တည်ငြိမ်မှုမရသေးမီမှာပင် အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သူနှင့်နီးကပ်လာကာ အကြည့်ချင်းပင်ဆုံနေပြီဖြစ်ကြောင်း သူ မြင်တွေ့လိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင် မျက်လုံးနှစ်စုံသည် အချင်းချင်း ဆုံတွေ့မိလေ၏။

"သူ ငါ့ကို တွေ့သွားတာလား"

"မဖြစ်နိုင်ဘူး"

"သူ ငါ့ကို သတိထားမိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"

"သာမာန်မျက်လုံးတွေက ငါ့ကို မမြင်နိုင်ဘူး...ဒါက တိုက်ဆိုင်မှုသက်သက်ပဲဖြစ်မယ်"

သို့ရာတွင် သူ ထိုသို့တွေးတောနေစဥ်မှာပင် သူ့ထံသို့ လက်ညှိုးတစ်ချောင်း ထိုးလာသည်ကို သူ မြင်တွေ့မိသည်။

"ရိုး...ဒီပုလဲလုံးလေးတွေကိုကြည့်ရတာ တော်တော်လှတာပဲ...ဒါက တန်ဖိုးတော်တော်ကြီးလိမ့်မယ်"

ရီဖုန်းက တီးတိုးရေရွတ်လိုက်သည်။

ထိုသို့ပြောဆိုပြီးနောက် သူသည် ထိုပုလဲလုံးနှစ်လုံးအနက်မှတစ်လုံးကို တိုက်ရိုက်ကော်ထုတ်လိုက်၏။

Chapter 318

"အူး...သောက်ချေးပဲ...သောက်ချေးပဲ"

အမှောင်ထုအတွင်း၌....

ထိုပုလဲကိုကော်ထုတ်ခံရပြီးနောက် စိတ်ဝိညာဥ်၏ပါးစပ်မှနေ၍ နှလုံးကွဲကြေလုမတတ်ညည်းတွားသံကြီး ထွက်ပေါ်လာသည်။

ဤပုလဲနှစ်လုံးသည် သူ၏အစစ်အမှန်မျက်လုံးများမဟုတ်သော်လည်း အထူးပစ္စည်းတစ်ခုနှင့် ထိုအရာများကို နံရံများအတွင်း၌မြှုပ်နှံ့ထားကာ လေ့လာစူးစမ်းရန်အတွက် သူ၏နတ်ဘုရားစိတ်ဝိညာဥ်အမျှင်တန်းနှစ်ခုနှင့် ချိတ်ဆက်ထားသည်။

သို့ရာတွင် ရီဖုန်းသည် ဤပုလဲကို ကော်ထုတ်လိုက်သောကြောင့် ထိုအရာတွင်တွယ်ကပ်နေသော သူ၏နတ်ဘုရားစိတ်ဝိညာဥ်အမျှင်တန်းကို ဖျက်ဆီးလိုက်သည်နှင့်ညီမျှသည်။

ဤသည်မှာ သူ၏သေလုဆဲဆဲစိတ်ဝိညာဥ်အခြေအနေကို ပို၍ဆိုးရွားသွားစေသည်။

သို့ရာတွင် ထိုအဖြူရောင်ဝတ်စုံဝတ် ကောင်စုတ်လေးသည် ပုလဲတစ်လုံးကို ကော်ထုတ်ပြီးသည့်တိုင် တင်းတိမ်ခြင်း မရှိသေးမည်ဟု သူ မျှော်လင့်မထားမခြေ။ သူသည် အလေးနက်ထားသော မျက်နှာအမူအယာဖြင့် နောက်တစ်လုံးကို ကော်ထုတ်လေသည်။

ဤမြင်ကွင်းကိုကြည့်ပြီး....

သူ၏သွားများ ယားယံလာသည်အထိ ဤအဖြူရောင်ဝတ်စုံဝတ်လူငယ်ကို မုန်းတီးသွားသည်။

သူစောင့်ကြည့်နေစဥ်မှာပင် လက်ဝါးကြီး တစတစ ပို၍ကြီးမားလာသည်ကို သူ မြင်တွေ့လိုက်ရသည်။

ထို့နောက်....

ကော်ထုတ်ခံလိုက်ရလေပြီ။

"အား...."

"သောက်ချေးလူသား...ရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့ကောင်...မင်းရဲ့ဘိုးဘေးတွေထိ ယီးပဲ"

"သောက်ချေးပဲ..."

"ဒီနေရာမှာ ဘာတွေကမောက်ကမ ဖြစ်နေတာလဲ....နံရံပေါ်မှာ ငါ အသက်ရှင်နေတုန်းက အတားအဆီးတစ်ခု သေချာခင်းကျင်းထားခဲ့တယ်....ဖိနှိပ်ခြင်းစွမ်းအားနဲ့ဖိနှိပ်ခံထားရတဲ့ လူသားတွေမ​ပြောနဲ့ အင်မော်တယ်နယ်ပယ်အောက်မှာ အစွမ်းထက်ဆုံးကျင့်ကြံသူတောင် ငါ့ရဲ့အတားအဆီးကို ထွင်းဖောက်မြင်နိုင်မှာ မဟုတ်ဘူး...သူက ဘယ်လိုလုပ်ပြီးတော့ ဒါကို ထွင်းဖောက်မြင်သွားတာလဲ"

"ဒါလေးတွေကိုကြည့်ရတာ မဆိုးဘူး"

ရီဖုန်းသည် ပုလဲနှစ်လုံးကို သူ၏လက်ဝါးပေါ်တင်ကာ ဂရုတစိုက် စူးစမ်းလေ့လာလိုက်၏။

"ဒီလောက်လှတဲ့ပုလဲလုံးတွေက တစ်လုံးကို ရွှေပြားဆယ်ပြားလောက်တော့ တန်လိမ့်မယ်"

"အရမ်းပျော်ဖို့ကောင်းတာပဲ"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက ပုလဲနှစ်လုံးကို ဂရုတစိုက်သိမ်းဆည်းလိုက်သည်။

သူ၏မျက်နှာပေါ်တွင် အလွန်အမင်းစိတ်ကျေနပ်နေသော အမူအယာမျိုး ထင်ဟပ်နေသည်။

မည်သို့ပင်ဆိုစေကာမူ ပုလဲတစ်လုံးသည် ရွှေပြားဆယ်ပြားတန်သဖြင့် ပုလဲနှစ်လုံးသည် ရွှေပြားနှစ်ဆယ်ပြားတန်ပေရာ အမဲသားခေါက်ဆွဲပွဲနှစ်ဆယ်နှင့် ညီမျှသည်။

ရွှေပြားနည်းနည်းတန်လျှင်ပင် သူ့အတွက် အနည်းငယ်အရေးပါပေ၏။

ရီဖုန်း မသိရှိသည်မှာ သူ၏ခေါင်းထက်ရှိ လေထုအတွင်းတွင် အရိပ်တစ်ရိပ် ရုတ်တရက်ထွက်ပေါ်လာခြင်းပင်။

ထိုအရိပ်၏မျက်နှာသည် မနှစ်မျို့ဖွယ်ကောင်းပေ၏။

သူ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုမီးတောက်များတောက်ပနေကာ ရီဖုန်းကို စူးစိုက်၍ကြည့်နေသည်။

သို့ရာတွင် ရီဖုန်းသည် ပုလဲတစ်လုံးကို ရွှေပြားဆယ်ပြားနှင့်ရောင်းချနိုင်မည်ဟု ပြောဆိုသည်ကို သူ ကြားချိန်တွင် ပုံရိပ်ယောင်ကြီး၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာလုနီးပါးပင်။

ရွှေပြားဆယ်ပြားဆိုတာက ဘာလဲ....

ဤပုလဲတစ်စုံ၏တန်ဖိုးကို အကယ်၍ နန်ရှားနယ်မြေတစ်ခုလုံးကိုရောင်းချ၍ ပေးချေမည်ဆိုလျှင်ပင် လုံလောက်မည်မဟုတ်ချေ။

ဤလူငယ်သည် သူ၏ရတနာကို မည်သည်ကြောင့် နှိမ့်ချ၍ပြောဆိုနေသနည်း။ မည်မျှထိ စိတ်အနှောက်အယှက်ဖွယ်ပေးသော ကိစ္စဖြစ်သနည်း။

"ရွံရှာစက်ဆုပ်ဖို့ကောင်းပြီး အမြင်ကျဥ်းတဲ့ကောင်...ငါ ခင်းကျင်းထားတဲ့ အတားအဆီးတွေကို မင်း ဘယ်လိုလျစ်လျှူရှုနိုင်ခဲ့တာလဲဆိုတာ ငါ ဂရုမစိုက်တော့ဘူး...ဒါပေမယ့် အခုချိန်မှာတော့ မင်းရဲ့အမှားအတွက် မင်းရဲ့အသက်ကို ပေးဆပ်ရမယ်"

ထိုအရိပ်သည် ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်၏။

ထို့နောက် သူ၏လက်သည်းများကိုဆန့်တန်းကာ ကြီးမားသောပုံရိပ်ယောင်ကြီးအသွင် ပြောင်းလဲသွားပြီး ရီဖုန်းထံဦးတည်၍ ခုန်အုပ်လိုက်သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင်...

ထိုအရာသည် ရီဖုန်း၏နောက်သို့ ရောက်ရှိလာကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဖော်ထုတ်လိုက်သည်။

ရီဖုန်းသည် ဤကိစ္စကို လုံးလုံးလျားလျား သတိမပြုမိချေ။ ထက်ရှသောလက်သည်းများသည် သူ၏လည်ပင်းကို ထိတွေ့မိလုဆဲဆဲအခြေအနေမျိုးသို့ ရောက်ရှိလာလေပြီ။

"ဘူ...."

ထိုအချိန်မှာပင် ထူးဆန်းသော အသံတစ်သံနှင့်အတူ အခိုးအငွေ့တစ်ခုက ရီဖုန်း၏နောက်မှ ထွက်ပေါ်လာသည်။

တိုက်ခိုက်နေသောပုံရိပ်ယောင်သည် ထိုအခိုးအငွေ့နှင့် ထိပ်တိုက်ရင်ဆိုင်မိလေ၏။

"အား..."

လေဟာနယ်အတွင်းတွင်ရှိနေသော ပုံရိပ်ယောင်ထံမှနေ၍ မပွင့်တပွင့်အော်သံကြီး ထွက်ပေါ်လာသည်။ ဤအခိုးအငွေ့ကြောင့် သူ၏ပုံစံ ပျက်စီးလုနီးပါးဖြစ်သွားကာ သူ၏ယခုလက်ရှိ သိပ်သည်းနေသောအခြေအနေကို ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ချေ။

ထို့ပြင် သူ၏ပုံရိပ်ယောင်သည် ယခင်ထက် များစွာပို၍အားနည်းသွားသည်။

"ဟူး..."

"သောက်ချေးပဲ...လှိုဏ်ဂူထဲမှာနေတုန်းက ငါ မုန်လာဥတွေ အများကြီးစားထားမိတယ်...ငါ လေလည်ဖို့ကို အချိန်အကြာကြီး အောင့်ထားရတာ...အခုမှပဲ ဒါကိုထုတ်လို့ရတော့တယ်"

ရီဖုန်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

သူသည် သူ၏လက်နှစ်ဖက်ဖြင့် သူဗိုက်ကိုဖိကာ အလွန်အမင်း သက်တောင့်သက်သာရှိသွားသကဲ့သို့ ခံစားရသည်။

"အား...အား...."

"ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"

သို့ရာတွင် ထောင့်တစ်ထောင့်၌ကုပ်နေသော ပုံရိပ်ယောင်သည် ရီဖုန်း၏စကားကိုကြားချိန်တွင် သူ မယုံကြည်နိုင်မှုကြောင့် ရူးသွပ်စွာအော်ဟစ်ကြုံးဝါးလိုက်ကာ ဘဝနှင့်ပတ်သတ်၍ အလွန်အမင်းသံသယဝင်လာခဲ့သည်။

သူ သေဆုံးပြီးနောက် ပြန်လည်ရှင်သန်လာစေရန်အလို့ငှာ သူ၏မြင့်မြတ်သော နတ်ဘုရားစိတ်ဝိညာဥ်ကိုထိန်းသိမ်း၍ ကြိုတင်ပြင်ဆင်မှုအမြောက်အများကို တိတ်တဆိတ်ပြုလုပ်ခဲ့ပေ၏။

အချိန်၏ရှည်လျားသောမြစ်ရေစီးကြောင်းအတွင်းတွင် သူ၏နတ်ဘုရားစိတ်ဝိညာဥ်မှစွမ်းအားများ မျောပါသွားမှုကို လျှော့ချရန် သူ၏စိတ်ဝိညာဥ်သည် အမှောင်ထုအတွင်း၌သာ အမြဲတစေပုန်းအောင်းနေခဲ့ရသည်။ ထိုမျက်လုံးတစ်စုံကိုဖန်တီးရန်အတွက်ပင် တန်ကြေးကြီးကြီးပေးဆပ်ခဲ့ရကာ နတ်ဘုရားစိတ်ဝိညာဥ်မှစွမ်းအားကို လွန်ကဲစွာအသုံးချမှုမဖြစ်စေရန်အတွက် သူ၏စိတ်ဝိညာဥ် အသုံးပြုမှုကို များစွာလျှော့ချခဲ့ရသည်။

သူ မျှော်လင့်မထားသောအရာမှာ သူ ဂရုတစိုက်ထိန်းသိမ်းထားသော နတ်ဘုရားစိတ်ဝိညာဥ်စွမ်းအားများသည် အစောပိုင်းက အခိုးအငွေ့ကြောင့် တစ်ဝက်နီးပါးလွင့်ပြယ်သွားကာ သူ၏ခန္ဓာကိုယ်ကို အလွန်ကြည်လင်ပြီး အားနည်းမှုများဖြင့် ပြည့်နှက်သွားစေခြင်းပင်။

ထို့ထက်ပို၍ သူ့အား စိတ်အနှောက်အယှက်ပေးနိုင်ဆုံးအရာမှာ ယခုကြည့်ကြည့်တော့မှ ဤအရာသည် သောက်ရေးမပါသောလေလည်ခြင်းဖြစ်နေသလော....

"မင်း ဘယ်သူပဲဖြစ်နေနေ ငါ မင်းကိုသေစေချင်ရင်...မင်း သေရမယ်"

သူက နာကျည်းမုန်းတီးစွာဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။

သူ၏မျက်လုံးအတွင်း၌ ပြင်းထန်သောမီးတောင်များ လောင်ကျွမ်းနေသည့်အလား တဖျတ်ဖျတ်တောက်ပနေသည်။

သူ၏လက်ကိုတစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ မြွေနက်တစ်ကောင်သည် ကြမ်းပြင်ပေါ်၌ထွက်ပေါ်လာကာ လျှာကိုပြူတစ်ပြူတစ်လုပ်နေသဖြင့် လူအများအား ထိတ်လန့်ကြောက်ရွံစေသော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

"ဟေးခွန်....အဲ့ဒီလူသားကိုသတ်လိုက်စမ်း...ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကို ထိခိုက်အနာတရမဖြစ်စေနဲ့...ငါ ခန္ဓာကိုယ်အပိုင်စီးဖို့အတွက် ချန်ထားပေးစမ်း"

ပုံရိပ်ယောင်က အသံနက်ကြီးဖြင့် အမိန့်ပေးသည်။

မြွေနက်သည် လျှာကိုပြူတစ်ပြူတစ်လုပ်ကာ ရီဖုန်းထံသို့ဦးတည်၍ ဖြည်းညှင်းစွာ တွားသွားလေသည်။

ဟေးခွန်၏လှုပ်ရှားမှုကိုကြည့်ပြီး ပုံရိပ်ယောင်၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးများဖြင့် ပြည့်နှက်နေသည်။

သူ၏အဘက်ဘက်မှဖိနှိပ်ခြင်းစွမ်းအားတွင် မည်သည့်အမှားအယွင်းဖြစ်နေသည်ကို သူ မသိရှိသော်လည်း ဤလူသည် သူ၏အတားအဆီးများကို တစ်ခုပြီးတစ်ခု ကျော်လွှားခဲ့သည့်တိုင် သူ ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းမရှိချေ။

အကြောင်းအရင်းမှာ ဟေးခွန်သည် သာမာန်မြွေတစ်ကောင်မဟုတ်ဘဲ သူ အသက်ရှင်သန်နေစဥ်တွင် အင်မော်တယ်နယ်မြေမှခေါ်ဆောင်လာသော မြွေတစ်ကောင်ဖြစ်နေသောကြောင့်ပင်။

နာမည်အတိုင်းပင် ဟေးခွန်သည် အင်မော်တယ်အဆင့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်။

အင်မော်တယ်မြစ်ကုန်းမြေအတွင်းတွင် ဟေးခွန်သည် စည်းမျဥ်းဥပဒေသများကြောင့် အားနည်းသွားသော်လည်း ဤကုန်းမြေတခွင်လုံးတွင် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ခုအဖြစ် ရှိနေဆဲပင်။

ဟေးခွန် လှုပ်ရှားမှုပြုလုပ်သည်နှင့်...

ဤလူသားထံတွင် အသက်ရှင်သန်နိုင်မည့်အခွင့်အရေး တစိုးတစိမျှ ရှိမည်မဟုတ်ချေ။

ထိုလူသား သေဆုံးသွားသော အချိန်အခိုက်အတန့်တွင် သူ ခန္ဓာကိုယ်အပိုင်စီးရန်အတွက် အချိန်ကောင်းပင်။

ဤအချိန်ကျပါက လေလည်ခြင်းကြောင့် သူ၏နတ်ဘုရားစိတ်ဝိညာဥ်စွမ်းအားများ လွင့်ပြယ်သွားခြင်းသည် ထပ်မံ၍အရေးပါမည်မဟုတ်တော့ချေ။

ထို့နောက်....

သူသည် ပြန်လည်မွေးဖွားနိုင်ကာ ပင်မကုန်းမြေ၌ ပြန်လည်ထွက်ပေါ်လာပြီး ကုန်းမြေတစ်ခုလုံးကို သူ၏ခြေထောက်အောက်၌ နင်းချေထားနိုင်ပေမည်။

ထိုအကြောင်းကိုတွေးတောရင်း...

ပုံရိပ်ယောင်၏စိတ်နှလုံးသားအတွင်းမှ ဂုဏ်ယူဝင့်ကြွားမှုများ ပို၍ပို၍ကြီးထွားလာသည်။

ထိုအကြောင်းကို တွေးတောရင်း....

ဤကိစ္စသည် ဟာကွက်မရှိချောမွေ့ကာ မည်သည့်လွဲချော်မှုမျိုးမျှရှိမည်မဟုတ်ချေ။

ဟေးခွန်သည် လျှာကိုပြူတစ်ပြူတစ်လုပ်ကာ သူ၏အနားသို့ ဖြည်းညှင်းစွာချဥ်းကပ်လာသည်အား ရီဖုန်း သတိပြုမိခြင်းမရှိပေ။

နောက်ဆုံး၌....

ဟေးခွန်သည် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်ညွှတ်ကိုင်းကာ ပြင်းထန်စွာခုန်ပေါက်၍ ရှေ့သို့ပျံသန်းသွားသည်။

လေထုအတွင်း၌ သူ၏ပါးစပ်ကိုကျယ်လောင်စွာဖွင့်ဟကာ ရီဖုန်း၏လည်ပင်းကို ပစ်မှတ်ထား၍ တိုက်ခိုက်လိုက်၏။

"အောင်မြင်ပြီ"

ထိုမြင်ကွင်းကိုကြည့်ပြီး ပုံရိပ်ယောင်၏စိတ်နှလုံးသားအတွင်း၌ အလွန်ဝမ်းသာပျော်ရွှင်သွားသည်။

အကြောင်းအရင်းမှာ ဟေးခွန်၏တိုက်ခိုက်မှုကို အင်မော်တယ်မြစ်ကုန်းမြေအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ ရှောင်တိမ်းနိုင်မည်မဟုတ်ချေ။

Chapter 319

သို့ရာတွင်....

ဟေးခွန်၏လျှပ်ပြက်သကဲ့သို့လျှင်မြန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ရီဖုန်းသည် နံဘေးဘက်သို့တိမ်းရှောင်ကာ တစ်ချိန်တည်းမှာပင် ဟေးခွန်းကို သူ၏လက်ဖြင့် ဆုပ်ကိုင်ထားမည်ဟု ရှယင် မျှော်လင့်မထားမိချေ။

"အား...."

"ကြီးလိုက်တဲ့မြွေ...."

ရီဖုန်းသည် ဟေးခွန်ကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ တစ်ချိန်တည်းမှာပင် အံ့အားတသင့်ရေရွတ်လိုက်၏။

ထိုမြင်ကွင်းကိုကြည့်ပြီး လီယန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ သူ၏မျက်လုံးများ ရှေ့သို့ကျွတ်ထွက်တော့လုမတတ်ပင်။

မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း....

မည်သို့ ဖြစ်လာခဲ့သနည်း....

နိမ့်ကျသောနယ်မြေမှ အဆင့်နိမ့်လူသားတစ်ယောက်သည် ဟေးခွန်၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ရုံသာမက ဟေးခွန်ကို ဖမ်းဆုပ်နိုင်ခဲ့သလော....

ဤသည်မှာ သူ၏စိတ်အတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ လှိုင်းထန်သွားစေသည်။

တစ်ခုသိထားရမည်မှာ အတိတ်တွင် အင်မော်တယ်နယ်မြေ၏အင်မော်တယ်များပင် ဟေးခွန်၏ပါးစပ်အောက်၌ သေကြေပျက်စီးခဲ့ရသည်။ သာမာန်အင်မော်တယ်များပင်လျှင် ဟေးခွန်၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည်မဟုတ်လေရာ မည်သည်ကြောင့် သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ရှောင်တိမ်းနိုင်ခဲ့သနည်း။

ဤသည်မှာ သူ့အား ထိတ်လန့်ကြောက်ရွံမှုနှင့် တုန်လှုပ်ချောက်ချားမှုကို မည်သည်ကြောင့် မခံစားရစေဘဲနေမည်နည်း။

သို့ရာတွင် ရီဖုန်း၏နောက်ထပ်လွှတ်ခနဲပြောလိုက်သော စကားတစ်ခွန်းသည် လီယန်ကို မိုးကြိုးဖြင့်ရိုက်ခတ်လိုက်သည့်အလားပင်။

"ငါ့ရဲ့ပါးစပ်က အခုလတ်တလောမှာ အသားနဲ့ ဝေးနေတာ....ဒီမြွေကိုကြည့်ရတာ အသားပေါမယ့်ပုံပဲ...ငါ စားဖို့အတွက် လုံလောက်နိုင်တယ်"

ရီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက်....

ရီဖုန်းသည် သူ၏လက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းကာ ဟေးခွန်၏ခေါင်းကို မြေပြင်နှင့်ရိုက်နှက်ပြီး သတိလစ်မေ့မျောသွားစေသည်။

ပုန်းအောင်းနေသောလီယန်သည် ဟေးခွန်၏အရှိန်အဝါ ပျောက်ကွယ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိကာ သူတို့နှစ်ယောက်ကြားမှ ဆက်သွယ်မှုသည်လည်း ပျောက်ကွယ်သွားလေပြီ။

သူနှင့် နှစ်ပေါင်းများစွာကြာ အတူနေထိုင်ခဲ့သော သူ၏အရည်အချင်းအရှိဆုံး လက်အောက်ငယ်သားသည်....

ဤကဲ့သို့ ထွက်သွားခဲ့ရသလော......

လီယန် ထိတ်လန့်တကြားဖြစ်နေစဥ်မှာပင် ရီဖုန်းသည် သူ၏သိုလှောင်လက်စွပ်အတွင်းမှ အိုးတစ်လုံးနှင့်ပန်းကန်လုံးတစ်လုံးကို ထုတ်ယူလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက် လီယန်၏ရှေ့တွင် ရီဖုန်းသည် အိုးအတွင်းသို့ရေထည့်၍ သူ၏သိုလှောင်အိတ်အတွင်း၌ ကြိုတင်ပြင်ဆင်ထားသော ထင်းတချို့ကိုထုတ်ကာ မီးမွှေးလိုက်၏။

ရီဖုန်းထံတွင် ဓားမြှောင်ပါမလာသောကြောင့် သူသည် ပန်းကန်လုံးများအနက်မှ တစ်လုံးကိုခွဲ၍ ဟေးခွန်ကိုဖျက်ရန်အတွက် ထက်ရှသောအသွားကို အသုံးပြုလိုက်သည်။

အရေခွံခွာခြင်း အသားလှီးခြင်းနှင့် ချက်ပြုတ်ခြင်းတို့ကို ရီဖုန်းက တရစပ်လုပ်ဆောင်သွားသည်။

ဤသည်က ကျွမ်းကျင်သူတစ်ယောက်၏လက်ရာဖြစ်​သည်မှာ သိသာထင်ရှားသည်။

ဟင်းခတ်အမွှေးအကြိုင်တချို့ကိုခတ်ပြီးနောက် မကြာခင်မှာပင် ခပ်ဖျော့ဖျော့ရနံ့က အိုးအပေါ်၌ ရစ်ဝဲလာသည်။

ရီဖုန်းသည် ဟင်းကျက်ပြီဟုခံစားရချိန်၌ သူသည်

ပန်းကန်လုံးကြီးတစ်လုံးကိုထုတ်ယူကာ ယောက်ချိုနှင့် ခပ်ထည့်လိုက်သည်။

"ဖူး...."

"ဒီစွပ်ပြုတ်က အရမ်းလတ်ဆတ်တာပဲ"

"ဒါကိုစားဖို့ ငါ မအောင့်နိုင်တော့တဲ့အထိ အရမ်းအရသာရှိတယ်....ဒါက ငါ့ရဲ့စိတ် ချမ်းမြေ့သွားသလို ခံစားရစေတယ်"

ရီဖုန်းကိုကြည့်ရသည်မှာ အလွန်အမင်း စိတ်ကျေနပ်နေပုံရသည်။

သူနှင့် နှစ်ပေါင်းများစွာကြာ အတူနေခဲ့သော ဟေးခွန်သည် တခြားသူတစ်ယောက်၏ဟင်းလျာဖြစ်သွားသည်ကိုကြည့်ပြီး လီယန်၏နှလုံးသွေးများ ယိုစီးလုမတက် ကြေကွဲဝမ်းနည်းနေသည်။ သို့ရာတွင် သူသည် အနည်းငယ်မျှ လှုပ်ရှားဝံ့ခြင်းမရှိဘဲ ထောင့်တစ်နေရာ၌ ကုပ်နေဆဲပင်။

နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်နေထိုင်ခဲ့သူဖြစ်သဖြင့် သူ့ရှေ့ရှိ အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် မွန်းစတားအိုကြီးတစ်ကောင်ဖြစ်သည်ကို သူ ယခု ရှင်းရှင်းလင်းလင်း သိရှိသွားလေပြီ။

ထိုသို့မဟုတ်ပါက...

သူသည် မည်သည့်နည်းဖြင့် အင်မော်တယ်အဆင့်တွင်ရှိသော တားမြစ်ချက်များကို လျစ်လျှူရှုထားနိုင်မည်နည်း။

ထို့ပြင် မည်သည်ကြောင့် သူသည် ဟေးခွန်၏တိုက်ခိုက်မှုကို လွယ်လင့်တကူရှောင်တိမ်းကာ ဟေးခွန်ကို ရိက္ခာဟင်းလျာကဲ့သို့ပင် ဆက်ဆံနိုင်မည်နည်း။

ယခုကြည့်ကြည့်တော့မှ သူ၏ဘက်ပေါင်းစုံဖိနှိပ်ခြင်းစွမ်းအားတွင် မည်သည့်ပြဿနာမျှမရှိခဲ့ချေ။

အမှန်အားဖြင့် သူ၏ဘက်ပေါင်းစုံဖိနှိပ်ခြင်းစွမ်းအားသည် သူ့ရှေ့ရှိလူငယ်ကို အနည်းငယ်မျှ သက်ရောက်မှုမရှိခြင်းပင်။

ထိုအကြောင်းကိုတွေးတောရင်း လီယန်သည် အော်ဟစ်ငိုကြွေးလုမတတ် ဖြစ်သွားခဲ့သည်။

သူ၏စိတ်နှလုံးသားအတွင်း၌ စိတ်ပျက်အားငယ်ခြင်းများနှင့် ပြည့်နှက်နေသည်။

သူသည် ဤနေရာ၌ အရည်အချင်းရှိသောဂျူနီယာတစ်ယောက်၏ခန္ဓာကိုယ်ကို အပိုင်စီးလိုသဖြင့် စောင့်ဆိုင်းနေခြင်းဖြစ်သော်လည်း ဤကဲ့သို့မွန်းစတားအိုကြီးတစ်ကောင်ကို ဆွဲဆောင်မိမည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် ဤမွန်းစတားအိုကြီးသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်လာသည်ကို သူ အနည်းငယ်မျှ တွေးတောနိုင်စွမ်းမရှိချေ။

သူ မေးမြန်းရန်မဆိုထားနှင့် စကားပင်​မပြောဆိုဝံ့ပေ။

သူသည် ထောင့်တစ်နေရာ၌ကုပ်နေကာ သူ၏စိတ်ဝိညာဥ်မှအရှိန်အဝါကို အဆုံးစွန်ဆုံးအဆင့်ထိ ဖုံးကွယ်ထားကာ ဤမွန်းစတားအိုကြီး သူ့အားသတိမပြုမိစေရန် ရင်တထိတ်ထိတ်ဖြင့် မျှော်လင့်နေမိသည်။

"နောက်ထပ်ပန်းကန်တစ်လုံး ထပ်သောက်အုံးမယ်"

ရီဖုန်းက ကသောကမျော စားနေလေ၏။

စွပ်ပြုတ်ပန်းကန်လုံးတစ်လုံး ကုန်သွားပြီးနောက် သူ နောက်တစ်ပန်းကန် ဆက်စားလိုက်သည်။

"ဂေ့...."

လေချဥ်တစ်ချက်တက်ပြီးနောက် ရီဖုန်းသည် ယခင်က သူ စုဆောင်းထားသော သစ်သီးတချို့ကိုထုတ်ယူကာ အချိုပွဲအဖြစ်စားလေသည်။

သစ်သီးတချို့ သူ၏အစာအိမ်အတွင်းသို့ ရောက်ရှိသွားပြီးနောက် ရီဖုန်းကိုကြည့်ရသည်မှာ စိတ်ကျေနပ်သွားပုံရသည်။

"သက်တောင့်သက်သာရှိလိုက်တာ...."

"အရမ်းပင်ပန်းတာပဲ....အရင်ဆုံး တစ်မှေးလောက်အိပ်လိုက်အုံးမယ်"

ရီဖုန်းသည် ပျင်းရိငြီးငွေ့စွာအကြောဆန့်ကာ အိုးကိုဖုံး၍ အနီးရှိနံရံတစ်ခုကိုမှီ၍လဲလျောင်းကာ သူ နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။

"ဝါး...ဝါး..."

"ဆရာကြီး...မအိပ်ပါနဲ့...မြန်မြန်လေး ထွက်သွားပါတော့....ငါ့ကို ဒီလိုမျိုးမလုပ်ပါနဲ့"

ရီဖုန်း အိပ်မောကျနေသည်ကိုကြည့်ပြီး ထောင့်တစ်နေရာ၌ကုပ်နေသော လီယန်သည် မျက်ရည်များကျတော့လုမတက် ထိတ်လန့်တုန်လှုပ်နေသည်။

သူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်သန်လာခဲ့သူဖြစ်သော်လည်း ယခုချိန်၌ ဤမွန်းစတားအိုကြီး၏ရှေ့တွင် သူ့အတွက် အချိန်အခိုက်အတန့်တိုင်းသည် ရှည်လျားသကဲ့သို့ ခံစားမိလေ၏။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေပြီ။

လီယန်၏စိတ် ပြိုလဲလုဆဲဆဲအချိန်တွင် ရီဖုန်း၏မျက်လုံးများပွင့်လာကာ မတ်တတ်ထရပ်လိုက်၏။

"ဟူး....ငါ စွပ်ပြုတ်တွေအများကြီး သောက်လိုက်မိတာပဲ"

ရီဖုန်းက သုန်မှုန်မှုများပြည့်နှက်နေသောမျက်နှာနှင့် ညည်းတွားလိုက်သည်။

ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသည်ကိုကြည့်ပြီး သူ၏ဘောင်းဘီမှကြိုးကိုဖြည်ကာ ထောင့်တစ်နေရာသို့ လျှောက်လှမ်းသွားလေသည်။

"အီး....."

ထိုမြင်ကွင်းကိုကြည့်ပြီး ထောင့်တစ်နေရာ၌ရှိနေသော လီယန်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

ဤမွန်းစတားအိုကြီးသည် သူ့ထံသို့ အမှန်တကယ် လျှောက်လှမ်းလာသလော...

သူ ဘာလုပ်မလို့လဲ....သူက ငါ့ကိုတွေ့သွားပြီးတော့ သတ်တော့မလို့လား....

သူ၏စိတ်နှလုံးသား တုန်လှုပ်ချောက်ချားနေသည်။

နောက်ဆုံး၌ ဆီးများက ရေစီးကြောင်းတစ်ကြောင်းအလား ကျဆင်းလာသည်။

ဝါး...

မလုပ်နဲ့....

မလုပ်ပါနဲ့...

ဆရာကြီး....

ငါ မှားသွားပါတယ်....

ငါက မင်းရဲ့ခန္ဓာကိုယ်ကို အပိုင်စီးဖို့ ထပ်ပြီးမကြိုးစားရဲတော့ပါဘူး...

လီယန်၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ သူ၏စိတ်အတွင်းမှနေ၍ အဆက်မပြတ် ညည်းတွားနေမိသည်။ သူ၏စိတ်ဝိညာဥ်သည် ယခင်ထက်ပို၍ ကြည်လင်သွားကာ အလွန်ထိခိုက်ပျက်စီးမှုကို ခံစားခဲ့ရသည်မှာ သိသာထင်ရှားလှ၏။

အပေါ့သွားပြီးနောက်....

ရီဖုန်း၏ခန္ဓာကိုယ် တုန်ရီသွားကာ အိုးဆီသို့ ပြန်သွားလိုက်သည်။

အိုးအတွင်း၌ မြွေသားစွပ်ပြုတ်တစ်ဝက်ခန့် ကျန်သေးသည်ကိုကြည့်ပြီး ရီဖုန်းက ထပ်မံ၍ ဖြည်းညှင်းစွာ သောက်လိုက်၏။

စွပ်ပြုတ်ရည်တစ်ငုံ....

အသားတစ်ကိုက်...

ရီဖုန်းသည် အချိန်တစ်နာရီခန့်ကြာမှသာ စိတ်ကျေနပ်သွားပုံဖြင့် အိုးကိုပြန်လည်သိမ်းဆည်းပြီး မတ်တတ်ထရပ်ကာ အကြောဆန့်လေသည်။

ထောင့်တစ်နေရာ၌ သေလုမျောပါးဖြစ်နေသော လီယန်သည် ပြူးကျယ်နေသော မျက်လုံးတစ်စုံဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။

ဆရာကြီး...

မင်း စွပ်ပြုတ်သောက်ပြီးပြီ အပေါ့လည်းသွားပြီးပြီလေ...ဒါတောင် မင်း ခုထိ ထွက်မသွားသေးဘူးလား...

သို့ရာတွင် သူ အံ့အားသင့်သွားရသည်မှာ ရီဖုန်းထံတွင် ထွက်ခွာသွားရန် အနည်းငယ်မျှ ရည်ရွယ်ချက်ရှိပုံမရဘဲ ခန်းမအတွင်း၌ စိမ်ပြေနပြေ လျှောက်ကြည့်နေခြင်းပင်။

ဝါး....

အိုး နတ်ဘုရားများ....

ဘယ်ချိန်ထိ မင်း ငါ့ကို ဒီလိုမျိုး နှိပ်စက်ညှင်းပန်းနေမှာလဲ...

ကျေးဇူးပြုပြီးတော့....

ငါ့ရဲ့ဟေးခွန်ကို မင်းစားပစ်တာလည်း မြွေခေါင်းပဲကျန်တော့တယ်....မင်း ဘာလို့ ခုထိထွက်မသွားသေးတာလဲ...

"ဟူး....ဒီလောက်ကြီးတဲ့ ခန်းမထဲမှာ...ငါ ဘာလို့ သင့်တော်တဲ့လက်နက်တစ်ခုတောင် ရှာမတွေ့တာလဲ"

ပတ်ဝန်းကျင်ကို လှည့်ပတ်လျှောက်သွားပြီးနောက် ဗလာဟင်းလင်းဖြစ်နေသော ခန်းမကြီးကိုကြည့်ကာ ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်၏။

"သောက်ချေးပဲ...အနည်းဆုံးတော့ ငါ့ကိုယ်ငါ ခုခံကာကွယ်ဖို့အတွက် အနည်းဆုံး ငါ့ကို အုတ်ခဲတစ်လုံးလောက်တော့ ပေးသင့်တယ်လေ"

ရီဖုန်း၏အသံကိုကြားချိန်တွင် ထောင့်တစ်နေရာ၌ကုပ်နေသော လီယန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

ဤလူ၏စကားများအတွင်းတွင် အဓိပ္ပါယ်တစ်ခု ပါဝင်နေပေ၏။

Chapter 320

ဤစကားတစ်ခွန်းသည် သူ့အား တိုက်ရိုက်ပြောနေပုံရသည်။

ဤသည်မှာ အမှန်ပင်။

တိကျသေချာစွာပင် ဤလူသည် သူ၏တည်ရှိမှုကို ယခင်ကတည်းက ရှာတွေ့ပြီးဖြစ်ပေမည်။

အစပထမ၌ လေလည်ခြင်း...

ထို့နောက် ဆီးသွားခြင်း...

ယခု ဤစကားလုံးများ....

ဤလူသည် သူ၏တည်ရှိနေမှုကိုသိရှိနေပေမည်။ ထို့နောက် သူ၏လာရင်းရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြင့် အရာအားလုံးကို သူသိရှိပြီးဖြစ်ကြောင်း သိသာထင်ရှားစွာသက်သေပြနေခဲ့သည်။ ယခုကြည့်ကြည့်တော့မှ သူသည် ဖရိုဖရဲကောင်းကင်ကျောက်တိုင်အတွက် ရောက်ရှိလာခြင်း ဖြစ်ပေ၏။

ဒါပေမယ့် မင်း သောက်ရေးမပါဘူး....

တကယ်လို့ မင်း ဖရိုဖရဲကောင်းကင်ကျောက်တိုင်ကို လိုချင်တယ်ဆိုရင်....မင်း ပြောလိုက်ရုံနဲ့...ငါ မင်းကို ပေးမှာပေါ့...ဘာလို့ ဒါကို နောက်ကျမှပြောပြီး ငါ့ကို သေအောင်ညှင်းပန်းနှိပ်စက်နေတာလဲ...

သူ နာကျင်ကြေကွဲစွာမြည်တမ်းကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ခန်းမကြီး၏အထက်၌ မျောလွင့်နေကာ မလှုပ်မယှက်ငြိမ်သက်နေသော အနက်ရောင်ကျောက်တိုင် ညင်သာစွာတုန်ခါလာသည်။

ထို့နောက် ထိုအရာသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။

"အမ်...."

ရီဖုန်းသည် မြေပြင်ပေါ်မှ အနက်ရောင်အမိုးအုတ်ကြွပ်ပြားကို လှည့်ကြည့်ပြီးနောက် အနည်းငယ်အံ့အားသင့်သွားသည်။

အုတ်ခဲတစ်ခဲသည် အမှန်တကယ်ကို မျက်နှာကျက်မှပြုတ်ကျလာသည်ထိ သူ ကံကောင်းမည်ဟု မျှော်လင့်မထားမိချေ။

သူသည် ထိုနေရာသို့လျှောက်လှမ်းသွားကာ အုန်ခဲကို ကောက်ယူလိုက်၏။

ဤအကြောင်းကိုပြောရလျှင် ထိုအရာကိုကိုင်ရသည်မှာ သူ့အတွက် အလွန်သက်တောင့်သက်သာရှိသည်။

"အရမ်းကောင်းတယ်"

ရီဖုန်းသည် အုတ်ခဲကို သူ၏လက်အတွင်း၌ ချိန်ဆကြည့်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့ကိုယ်သူ ခုခံကာကွယ်နိုင်ရန်အတွက် မည်သည့်အရာမျှမရှိသည်ထက် တစ်ခုခုရှိနေသည်မှာ ပို၍ကောင်းမွန်သည်။

ရီဖုန်း စိတ်ကျေနပ်သွားပုံရသည်ကိုကြည့်ပြီး ထောင့်တစ်နေရာ၌ရှိနေသော လီယန်သည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ဤဖရိုဖရဲကောင်းကင်ကျောက်တိုင်သည် အဖိုးတန်သော်လည်း သူ၏အသက်ထက် အဖိုးထိုက်တန်ခြင်းမရှိချေ။

သူသည် စိတ်ဝိညာဥ်အဆင့်သာ ကြွင်းကျန်တော့သဖြင့် နောက်ဆုံးမှီခိုရာဖြစ်သော ဤအခြေအနေကို သူ အလွန်တန်ဖိုးထားသည်။

ပင်မခန်းမနှင့်ချိတ်ဆက်ထားသည့် မရေမတွက်နိုင်သော လမ်းကြောင်းများကိုကြည့်ပြီး ရီဖုန်းသည် ကြုံရာကျပန်းလမ်းကြောင်းတစ်ခုကိုရွေးချယ်ကာ တိုးဝင်ခဲ့တော့သည်။

ရီဖုန်း ထွက်ခွာသွားသည်ကိုကြည့်ပြီး ထောင့်နစ်နေရာ၌ကုပ်နေသော လီယန်သည် နောက်ဆုံး၌ စိတ်သက်သာရာရသွားကာ သူ၏မျက်နှာပေါ်တွင် ဘေးကပ်ဆိုးမှအသက်ရှင်သန်နိုင်ခဲ့သည့် အမူအယာမျိုး ထင်ဟပ်နေသည်။

"ဒါက ဘယ်လိုမကောင်းဆိုးရွားနေရာမျိုးလဲ"

အကွေ့အကောက်များပြီး ကြမ်းတမ်းသောလမ်းကြောင်းအတွင်း၌ လျှောက်လှမ်းရင်း ရီဖုန်း၏မျက်နှာ ရှုံမဲ့သွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။ အချိန်အတော်ကြာသည်အထိ လျှောက်လှမ်းပြီးသည့်တိုင် သူ မည်သည့်နေရာသို့သွားရမည်ကို မသိသေးချေ။

"ဘုန်း...ဘုန်း...."

ထိုအချိန်မှာပင် ရှေ့မှနေ၍ လက်နက်အချင်းချင်းထိခတ်နေသော အသံများကို သူ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

ရီဖုန်း၏မျက်လုံးများ တောက်ပသွားကာ သူသည် အသံထွက်ပေါ်နေသောနေရာထံသို့ အလျှင်အမြန် အပြေးသွားလိုက်သည်။

ရှေ့ရှိ လမ်းကြောင်းအတွင်း၌ လူရိပ်နှစ်ရိပ် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို သူ မြင်တွေ့မိသည်။

ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုအပြီးတွင် ထိုလူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ရန်လိုစွာဖြင့် စူးစူးဝါးဝါးစိုက်ကြည့်နေကြလေ၏။

တိုက်ခိုက်နေသူနှစ်ယောက်သည် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ပင်။

အမျိုးသမီးသည် အလွန်အမင်းလှပသောမျက်နှာရှိကာ အရပ်ရှည်ပြီး သုံးပေခန့်ရှည်သည့်ထက်ရှသောဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။

သူမသည် ယွင်ယောင်ယောင်ပင်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် သူမ၏မျက်နှာ တည်ကြည်လေးနက်နေပြီး သူမ၏နုတ်ခမ်းထောင့်များမှ သွေးစတချို့ယိုစီးကျနေကာ သူမ ဒဏ်ရာရရှိထားသည်မှာ သိသာထင်ရှားသည်။

တစ်ဖက်လူသည် မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်ပင်။

ထိုလူထံတွင် နှာတံကောက်ကောက်ရှိပြီး လက်သည်းရှည်ကြီးနှစ်ဖက်ကို ဝှေ့ယမ်းနေကာ တစ်ချက်ကြည့်မိရုံဖြင့်ပင် ယုတ်မာကောက်ကျစ်သောစရိုက်ရှိသူဖြစ်ကြောင်း သိရှိနိုင်သည်။

"ယွင်ယောင်ယောင်...တကယ်လို့ ငါတို့ တခြားနေရာမှာသာတွေ့ရင် ငါ မင်းကို အလွယ်တကူရိုက်နှက်နိုင်မှာမဟုတ်ဘူး...ဒါပေမယ့် အခုချိန်မှာ ငါတို့နှစ်ယောက်လုံး ကျင့်ကြံဆင့်အခြေခံတွေ ဆုံးရှုံးထားတယ်.....ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုခွန်အားသက်သက်ကို မှီခိုရမယ်ဆိုရင် မင်းက ဘယ်လိုနည်းနဲ့မှ ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"

နှာခေါင်းကောက်နှင့်လူကြီးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မင်း မြန်မြန်လေး အရှုံးပေးလိုက်ဖို့ ငါ မင်းကို အကြံပြုချင်တယ်"

ယွင်ယောင်ယောင်သည် စိတ်ပျက်အားငယ်နေပုံရသော်လည်း နတ်ဆိုးအိုကြီးယန်၏ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် ယိမ်းယိုင်သွားခြင်းမရှိဘဲ သူမ၏လက်အတွင်းရှိဓားရှည်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ အေးစက်စက်လေသံဖြင့် တုံ့ပြန်လိုက်၏။

"နတ်ဆိုးအိုကြီးယန်...အရေးမပါတဲ့စကားတွေ ပြောမနေစမ်းနဲ့...တကယ်လို့ နင် တိုက်ခိုက်ချင်တယ်ဆိုရင်လည်း မြန်မြန်လုပ်စမ်း"

"ကြည့်ရတာတော့ မင်းက ငါ့ရဲ့ကြင်နာမှုကို အသိအမှတ်မပြုပုံပဲ....ဒီအချိန်မျိုးရောက်နေတာတောင် မင်းက ကြမ်းကြမ်းတမ်းတမ်း လုပ်နေတုန်းပဲ"

နတ်ဆိုးအိုကြီးယန်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"မင်း သိထားရမှာက ဒီနေရာမျိုးမှာ ဘာသက်ရှိလူသားမှရှိမနေဘူး...မင်းကို ဘယ်သူမှ ကယ်တင်နိုင်မှာမဟုတ်ဘူး"

"တိတ်စမ်း"

"ငါက လူမဟုတ်ဘူးလို့ ဘယ်ကောင်ပြောတာလဲ"

သို့ရာတွင် အသံ ကျရောက်လာသည်နှင့် တပြိုင်နက် သူ၏နောက်မှ အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကန်ချက်တစ်ချက်က သူ၏ကျောပေါ်ကျရောက်လာပေ၏။

ဤရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့် နတ်ဆိုးအိုကြီးယန် ထိတ်လန့်တုန်လှုပ်သွားသည်။

သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူ နောက်သို့ အလျှင်အမြန်လှည့်ကြည့်လိုက်ရာ သူ့နောက်၌ အုတ်ခဲတစ်လုံးကိုင်ထားသော လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်ကို သူ တွေ့မြင်မိသည်။

စိတ်ပျက်အားငယ်နေသော ယွင်ယောင်ယောင်သည်လည်း ဤကဲ့သို့ဆိုးရွားသော အခြေအနေမျိုးသို့ရောက်နေသော သူမကိုကယ်တင်ရန် တစ်စုံတစ်ယောက် ရောက်လာသည်ကို တွေ့မြင်မိသဖြင့် သူမသည်လည်း အံ့အားသင့်သွားသည်။

သူမ၏အံ့အားသင့်နေသောအကြည့်သည် ထိုနေရာသို့ ကျရောက်သွားပေ၏။

အကြည့်တစ်ချက်ဖြင့်ပင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

ဤရင်းနှီးသောပုံရိပ်....

ဤသည်မှာ ယခင်က သူမနှင့် နေ့ရောညပါအတူရှိနေခဲ့သည့် သေမျိုးမဟုတ်လော....

ယခင်က ရီဖုန်း၏သေရေးရှင်ရေးကို သူမ စိုးရိမ်ပူပန်နေခဲ့ကာ သူသည် ဘေးကင်းလုံခြုံစွာရှိနေမည်ဟု သူမ မျှော်လင့်မထားမိချေ။

"နင် အဆင်ပြေတယ်လား...ငါ အရမ်းဝမ်းသာတာပဲ"

သူမက ဝမ်းမြောက်ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

"ဒါဆိုရင် မင်းတို့အချင်းချင်း သိနေကြတာလား"

နတ်ဆိုးအိုကြီးယန်သည် ယွင်ယောင်ယောင်၏အသံကိုကြားချိန်တွင် သူသည် မှုန်တေတေမျက်နှာနှင့် ရီဖုန်းကိုစူးစိုက်ကြည့်ကာ အော်ငေါက်လိုက်၏။

"ကောင်လေး...တကယ်လို့ မင်းတို့အချင်းချင်းသိနေတယ်ဆိုရင်တောင်...ငါတို့ရဲ့ကိစ္စတွေကြားမှာ ဝင်မစွက်ဖက်ဖို့ ငါ မင်းကို သတိပေးချင်တယ်...မဟုတ်ရင် ငါ မင်းကို မြှုပ်နှံ့စရာမြေမရှိဘဲ သေသွားအောင်လုပ်ရလိမ့်မယ်"

ထိုစကားကိုကြားချိန်တွင်....

ယွင်ယောင်ယောင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

သူမသည် ရီဖုန်းကို အလျှင်အမြန် လက်ဟန်ခြေဟန်ပြလိုက်၏။

သူမသည် ရီဖုန်းအားထွက်သွားရန် အရိပ်အမြွတ်ပြနေခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။

သူမ၏အမြင်အရ နတ်ဆိုးအိုကြီးယန်သည် သေမျိုးဖြစ်သော ရီဖုန်းမှ ရန်စစော်ကားနိုင်သည့် တည်ရှိမှုကြီးတစ်ခုမဟုတ်ချေ။

ရီဖုန်းသည် အသက်ရှင်သန်နေသဖြင့် သူမသည် သူ့အား အန္တရာယ်အတွင်းသို့ ဝင်ရောက်လာစေလိုခြင်းမရှိပေ။

သို့ရာတွင် ရီဖုန်းသည် အလွန်ခိုင်မာသောလေသံဖြင့် ပြောဆိုလိုက်ခြင်းကြောင့် သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားသည်။

"ငါ ထွက်မသွားဘူး....ငါက ဒီကိစ္စထဲမှာ ပါဝင်ပတ်သက်ရလိမ့်မယ်"

ရီဖုန်း၏စကားများကြောင့် သူတို့နှစ်ယောက်လုံး မယုံကြည်နိုင်ဖြစ်သွားသည်။

ယွင်ယောင်ယောင်၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။ ဤသေမျိုးသည် နတ်ဆိုးအိုကြီးယန်ကို ရန်စဝံ့သည်အထိ အတင့်ရဲမည်ဟု သူမ မျှော်လင့်မထားမိချေ။

ထို့ပြင် နတ်ဆိုးအိုကြီးယန်၏မျက်လုံးအတွင်း၌ ထူထပ်သိပ်သည်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် တဖျတ်ဖျတ်တောက်ပနေသည်။

ဤခွေးမသားလေးသည် သူ၏ခြိမ်းခြောက်မှုကို လျစ်လျှူရှုထားဝံ့မည်ဟု သူ မျှော်လင့်မထားမိချေ။

"ခွေးမသားလေး...မင်း သေချင်နေတာလား"

ဒေါသများမြင့်တက်လာခြင်းနှင့်အတူ သူ၏လက်သည်းရှည်ကြီးများကို ရီဖုန်းထံဦးတည်၍ ရွေ့လျားလိုက်၏။

"သတိထား..."

ယွင်ယောင်ယောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့ရာတွင် သူမ၏အသံ ကျရောက်သွားချိန်မှာပင် ရီဖုန်းသည် နတ်ဆိုးအိုကြီးယန်၏တိုက်ခိုက်မှုကို လွယ်လင့်တကူရှောင်ရှားလေသည်။ ထို့နောက် သူသည် အုတ်ခဲဖြင့် နတ်ဆိုးအိုကြီးယန်၏ခေါင်းကို ရိုက်လိုက်သည်။

ကျင့်ကြံဆင့်နယ်ပယ်၏ခုခံကာကွယ်မှုမရှိသဖြင့် နတ်ဆိုးအိုကြီးယန်၏ခေါင်းကွဲသွားကာ သွေးများဖြာခနဲကျလာသည်။ သူ၏မျက်လုံးအတွင်း၌ ကြယ်တာရာများကို မြင်တွေ့လိုက်ရပြီး သူ နေရာမှာပင် ဆန့်ငင်ဆန့်ငင်ဖြစ်နေလေ၏။

ဤမြင်ကွင်းသည်....

ယွင်ယောင်ယောင်သည် မယုံကြည်နိုင်မှုကြောင့် သူမ၏နီမြန်းသောနုတ်ခမ်းများကို သူမ၏လက်ဖြင့်ဖုံးအုပ်ကာ ရီဖုန်းအား မယုံကြည်နိုင်စွာဖြင့် စူးစိုက်၍ကြည့်မိသွားစေသည်။

ဤသေမျိုး....

သူသည် အလွန်ရက်စက်ပေ၏။

သူသည် နတ်ဆိုးအိုကြီးယန်၏ခေါင်းကို အုတ်ခဲဖြင့် အမှန်တကယ်ရိုက်လိုက်သလော....

သူ မည်သို့ပြုလုပ်လိုက်သနည်း....

တစ်ခုသိထားရမည်မှာ ကျင့်ကြံသူများထံတွင် သူတို့၏ကျင့်ကြံဆင့်အခြေခံများ ဆုံးရှုံးနေသည့်တိုင် သူတို့ထံတွင် တိုက်ပွဲအတွေ့အကြုံ အမြောက်အများရှိနေသည်။ ထို့ပြင် သူတို့၏ရုပ်ပိုင်းဆိုင်ရာခွန်အားကို သာမာန်သေမျိုးများ ယှဥ်ပြိုင်၍ရမည်မဟုတ်ချေ။

သို့ရာတွင် နတ်ဆိုးအိုကြီးယန်သည် သေမျိုးတစ်ယောက်ထံမှ အုတ်ခဲဖြင့်ရိုက်နှက်ခြင်းကို ခံလိုက်ရသည်ဟူသောကိစ္စသည် အမှန်တကယ်ကို မယုံကြည်နိုင်ဖွယ်ကောင်းပေ၏။

နတ်ဆိုးအိုကြီးယန်သည် သူ၏ခေါင်းကိုဆုပ်ကိုင်ကာ သူ ဤသို့ရိုက်နှက်ခံရမည်ဟု မျှော်လင့်မထားမိချေ။ သူသည် ချက်ချင်းဆိုသလိုပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ခွေးမသားလေး...ငါ ဘယ်သူလဲဆိုတာ မင်းသိလား...ငါက ကျုံးကျိုးကုန်းမြေရဲ့ နတ်ဆိုးအကြီးအကဲယန်ပဲ...မင်းက ငါ့ကို ထိခိုက်ဒဏ်ရာရအောင်လုပ်ဝံ့တယ်...မင်း သေရမှာကို မကြောက်ဘူးလား"

"ပါးစပ်ပိတ်ထားစမ်း"

သို့ရာတွင် သူအံ့အားသင့်သွားရသည်မှာ ရီဖုန်းသည် စိတ်မရှည်စွာ တုံ့ပြန်အော်ဟစ်ပြီး သူ၏ခေါင်းကို အုတ်ခဲဖြင့် ထပ်မံ၍ရိုက်နှက်လိုက်ခြင်းပင်။

ဤမြင်ကွင်းကြောင့်...

ယွင်ယောင်ယောင်၏မျက်ခွံများကို ခုန်ထွက်သွားတော့လုမတတ် တဆတ်ဆတ်တုန်ရီသွားသည်။

သူမသည် ရှေ့သို့အလျှင်အမြန်ပြေးသွားကာ စိုးရိမ်ပူပန်တကြီးပြောဆိုသည်။

"နင် ပြဿနာကြီးရှာလိုက်ပြီ...အဲ့ဒီလူက သိုင်းအင်ပါယာတစ်ယောက်ဖြစ်ပြီးတော့ ကျုံးကျိုးကုန်းမြေမှာ အစွမ်းထက်တဲ့နောက်ခံအင်အားရှိတဲ့ လူတစ်ယောက်လည်းဖြစ်တယ်...နင်က သူ့ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့မှတော့ သူ နင်ကို သေချာပေါက်အလွတ်ပေးမှာမဟုတ်ဘူး....အဲ့ဒီအချိန်ကျရင် ငါတောင် နင့်ကိုကာကွယ်ပေးဖို့ ခက်ခဲလိမ့်မယ်"

"အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လဲ"

ရီဖုန်းသည် ဒယီးဒယိုင်ဖြစ်နေသော နတ်ဆိုးအိုကြီးယန်ကိုကြည့်ပြီး နောက်ထပ်အုတ်ခဲရိုက်ချက်တစ်ချက်ဖြင့် သတိလစ်မေ့မျောသွားစေကာ ဖြည်းညှင်းစွာပြောဆိုလိုက်၏။

"မင်းပြောတဲ့ အဘက်ဘက်မှဖိနှိပ်ခြင်းစွမ်းအားအောက်မှာ ကျင့်ကြံသူတွေနဲ့သေမျိုးတွေအကြား ဘာကွာခြားချက်ရှိတော့လို့လဲ....မင်းတို့အားလုံး အားနည်းနေကြတာပဲမဟုတ်လား"

ယွင်ယောင်ယောင်သည် နေရာမှာပင် ကြက်သေသေသွားလေ၏။

သို့ရာတွင် သေမျိုးတစ်ယောက်ဖြစ်သော ရီဖုန်းသည် သိုင်းအင်ပါယာတစ်ယောက်ကို ဤကဲ့သို့ရိုက်နှက်နေသည်မှာ မသင့်လျော်ဟု သူမ ခံစားနေရဆဲပင်။ ထို့ကြောင့် သူမက ထပ်မံ၍ ပျာပျာသလဲ ပြောဆိုလိုက်သည်။

"ဒီနေရာမှာတော့ ငါတို့ဆီမှာ ကျင့်ကြံဆင့်စွမ်းအားမရှိဘူးဆိုတာအမှန်ပဲ...

ဒါပေမယ့် ငါတို့ ဒီနေရာကထွက်သွားပြီးရင် ဘယ်လိုလုပ်မလဲ...သူ လက်စားချေမှာကို နင် မကြောက်ဘူးလား"

"ဒါဆိုရင် ငါ အခု သူ့ကိုသေအောင်ရိုက်သတ်လိုက်မယ်"

ရီဖုန်းက သူ့လက်အတွင်းရှိအုတ်ခဲကိုချိန်ဆကာ ပြောဆိုသည်။

ယွင်ယောင်ယောင် ထပ်မံ၍ ကြက်သေသေသွားသည်။

ရီဖုန်း၏စကားလုံးများနှင့်ရင်ဆိုင်ရချိန်တွင် သူမထံမှ တုံ့ပြန်ရန်စကားလုံး ကင်းမဲ့နေသည်။

သို့ရာတွင် သူ ပြောဆိုသွားသည်မှာ အမှန်တရားဖြစ်ကြောင်း သူမ ဝန်ခံရပေမည်။

သို့ရာတွင် ဤစကားများသည် သေမျိုးတစ်ယောက်၏ပါးစပ်မှထွက်လာသဖြင့် အစစ်အမှန်မဟုတ်ဟု သူမ ခံစားနေရဆဲပင်။

သူမ မမျှော်လင့်ထားဆုံးအရာမှာ ရီဖုန်းသည် ထိုအတွေးကို လက်တွေ့အကောင်အထည်ဖော်လိုက်ခြင်းပင်။

သူသည် သူမ၏လက်အတွင်းမှဓားကို ဆတ်ခနဲဆွဲယူကာ နတ်ဆိုးအိုကြီးယန်၏ရင်ဘတ်ကို ထိုးစိုက်လိုက်၏။

ပြတ်သားပြီး အကျိုးသက်ရောက်မှုရှိကာ....

မည်သည့်တုံ့ဆိုင်းမှုမျိုးမျှမရှိချေ။

အသက်ကင်းမဲ့သွားသော နတ်ဆိုးအိုကြီးယန်ကိုကြည့်ပြီး ယွင်ယောင်ယောင်သည် ထိတ်လန့်တုန်လှုပ်နေရာမှ အသိစိတ်ပြန်ဝင်လာစေရန် အချိန်အတော်ကြာယူလိုက်ရသည်။

ဤသေမျိုး ရီဖုန်းသည်....

သူမရှေ့၌ သိုင်းအင်ပါယာတစ်ယောက်ကို အမှန်တကယ်သတ်ဖြတ်လိုက်သလော...

အကယ်၍ ဤသတင်းသာပျံ့နှံ့သွားပါက အင်မော်တယ်မြစ်ကုန်းမြေတခွင်လုံး အုတ်အော်သောင်းနင်းဖြစ်သွားပေမည်။

သိုင်းအင်ပါယာအဆင့်ထိ ကျင့်ကြံထားသော နတ်ဆိုးအိုကြီးယန်သည် သေမျိုးတစ်ယောက်၏လက်ချက်ဖြင့် သေဆုံးရမည်ဟု သူ၏ဘဝတွင် တစ်ကြိမ်တစ်ခါမျှ တွေးတောကြည့်ဖူးမည်မဟုတ်ချေ။

"မင်း ဘာလို့ ခုထိတွေဝေနေတာလဲ....တိုက်ပွဲအကျိုးအမြတ်တွေကို မြန်မြန်မယူသေးဘူးလား"

ရီဖုန်းက သူမကို မျက်စောင်းထိုးကြည့်ကာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ယွင်ယောင်ယောင်သည် အသိဝင်လာကာ နတ်ဆိုးအိုကြီးယန်၏လက်မှ သိုလှောင်လက်စွပ်ကိုချွတ်လိုက်၏။

ထိုသိုလှောင်လက်စွပ်ကိုဖွင့်ကြည့်လိုက်စဥ်တွင် အတွင်း၌ အမျိုးအစားစုံလင်သောရတနာများဖြင့် တောက်ပနေသောကြောင့် ယွင်ယောင်ယောင်၏စိတ်အခြေအနေနှင့်ပင် ထိတ်လန့်တုန်လှုပ်သွားသည်။

"အင်း....ငါက သူ့ကိုသတ်လိုက်တဲ့လူဖြစ်နေတာကြောင့် စည်းမျဥ်းအရဆိုရင် ဒီပစ္စည်းတွေက ငါ့ရဲ့အပိုင်ပဲ"

"ဒါပေမယ့် ကျင့်ကြံသူတစ်ယောက်ရဲ့ပစ္စည်းကို ငါ အသုံးပြုလို့မရဘူး...ဒါကြောင့်....."

သူ၏နှာခေါင်းကိုပွတ်သပ်ကာ ရီဖုန်းက စုတ်တံနှင့်စာရွက်ကို တဖန်ထပ်၍ ထုတ်ယူလိုက်သည်။

"နောက်ထပ် ကြွေးမှီဝန်ခံချက်တစ်ခု ထပ်ရေးကြရအောင်"

"အမ်...."

"အရာအားလုံးကို မင်း ယူလိုက်...ငါ့ကို နောက်ထပ်ရွှေပြားတစ်သန်းပဲ ထပ်ပေးပါ...အဆင်ပြေလား"

"ငါ...ဘာ....ရွှေပြားတစ်သန်းလား"

"မင်းတို့ကျင့်ကြံသူတွေရဲ့ပစ္စည်းတွေက အဲ့ဒီလောက်တောင် အဖိုးမတန်ဘူးလား"

"မဟုတ်ဘူး...ငါ ဆိုလိုတာက..."

"ဒါဆိုရင်ကောင်းပြီ...ရွှေပြားတစ်သန်းဆိုရပြီ"

ရီဖုန်းသည် ကြွေးမှီဝန်ခံချက်ကို သေသပ်စွာရေးကာ တွေဝေနေဆဲဖြစ်သော ယွင်ယောင်ယောင်ကို စာရွက်ပေါ်၌ လက်ဗွေနှိပ်ခိုင်းလိုက်သည်။ ထို့အချိန်မှသာ သူသည် စိတ်ကျေနပ်မှုရသွားကာ ကြွေးမှီဝန်ခံချက်ကို သိမ်းဆည်းလိုက်၏။

"မှတ်ထားအုံး...အခုချိန်မှာ မင်း ငါ့ကိုပေးရမှာ ရွှေပြား၂သန်းနဲ့၈သိန်းရှိပြီ"

All Chapters