အခန်း (၃၂၁-၃၂၅)
Vol. 22 Ch. 321-325
Chapter 321
သူမ၏လက်အတွင်းရှိ သိုလှောင်လက်စွပ်ကိုကြည့်ပြီး ယွင်ယောင်ယောင်သည် ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းစွာ တစ်ချက်ရယ်မောလိုက်မိသည်။
ဤသေမျိုး...
သူသည် သူမကို ရယ်ရမည်လော ငိုရမည်လော မသိအောင် လုပ်ဆောင်နိုင်သူပင်။
ရွှေပြားတစ်သန်းကို ခဏဘေးဖယ်ထားကြပါစို့။ နတ်ဆိုးအိုကြီးယန်၏သိုလှောင်အိတ်အတွင်းရှိ မည်သည့်ပစ္စည်းတစ်ခုမဆို စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းမက ထိုက်တန်သည်။
သို့ရာတွင် ရီဖုန်း၏ လျှင်မြန်ပြီးဆုံးဖြတ်ချက်ဖြတ်သားသော စိတ်နေစိတ်ထားသည် သူမကံ့သို့ သိုင်းအင်ပါယာတစ်ယောက်ကိုပင် အရှက်ရစေခဲ့သည်။
သူမအတွက်ပင် နတ်ဆိုးအိုကြီးယန်ကဲ့သို့ တစ်စုံတစ်ယောက်ကို သတ်ဖြတ်သည်မှာ သူမအား စိုးရိမ်ကြောင့်ကြမှုများစွာကို ပေးစွမ်းနိုင်ပေ၏။ သို့ရာတွင် ဤသေမျိုးသည် မျက်တောင်တစ်ချက်မခတ်ဘဲ ယင်ကောင်တစ်ကောင်ကို ရိုက်သတ်သည့်အလား နတ်ဆိုးအိုကြီးယန်ကို သတ်ဖြတ်ခဲ့သည်။
ထိုအကြောင်းကိုတွေးတောကြည့်ပါက သိုင်းအင်ပါယာဟူသော သူမ၏အဆင့်အတန်းသည် သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေသော ဝက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်မဟုတ်လော....
"ဒါနဲ့ ငါ့ကို ပြောပြပေးပါလား...ငါတို့ကျင့်ကြံသူတွေက ကျင့်ကြံခြင်းအခြေခံ ဆုံးရှုံးထားတယ်ဆိုရင်တောင် ငါတို့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားက သေမျိုးတွေကို အနိုင်ယူနိုင်တာကျော်နေတယ်...နင်က ဘယ်လိုနည်းနဲ့ နတ်ဆိုးအိုကြီးယန်ကို အနိုင်ယူခဲ့နိုင်တာလဲ"
ယွင်ယောင်ယောင်သည် သူမအား ဇဝေဇဝါဖြစ်စေသောအချက်ကို မေးမြန်းခြင်းမပြုဘဲ မနေနိုင်တော့ချေ။
"အော် အဲ့ဒါလား...ဟဲ ဟဲ...."
ရီဖုန်းက သူ၏ခေါင်းကိုကုတ်ကာ ပြုံးဖြဲဖြဲနှင့် ပြောဆိုသည်။
"ငါ့မှာ ဘာကျင့်ကြံဆင့်အခြေခံမှ မရှိဘူးဆိုပေမယ့် ငါက လက်သီးနဲ့ခြေသိုင်းပညာရပ်တွေမှာ ကျွမ်းကျင်မှုတချို့ကို ပိုင်ဆိုင်ထားတယ်"
"လက်သီးနဲ့ခြေသိုင်းပညာရပ်တွေမှာ ကျွမ်းကျင်မှုတချို့ရှိတာလား"
ယွင်ယောင်ယောင်က နုတ်ခမ်းစူလိုက်သည်။
သူမသည် ဤကိစ္စကိုယုံကြည်ရန် အလွန်ခက်ခဲနေဆဲပင်။
လက်သီးနှင့်ခြေသိုင်းပညာရပ်တို့တွင် ကျွမ်းကျင်မှုတချို့ ရှိသည်ဆိုသည့်တိုင် နတ်ဆိုးအိုကြီးယန်ကို လွယ်လင့်တကူ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
မငြင်းဆန်နိုင်သောအချက်မှာ ရီဖုန်းထံတွင် မည်သည့်ကျင့်ကြံဆင့်အခြေခံမျှရှိမနေသည်ကို ဘေးဖယ်ထားကာ အကယ်၍ သူ့ထံတွင် သူမ မသိနိုင်သည့် လျှို့ဝှက်စွမ်းအားများကို ပိုင်ဆိုင်ထားလျှင်ပင် ဤနေရာသည် အဘက်ဘက်မှဖိနှိပ်ခြင်းစွမ်းအားအောက်၌ ရှိနေဆဲပင်။ ထို့ကြောင့် ရီဖုန်း၏လက်သီးနှင့်ခြေသိုင်းနည်းစနစ်တို့သည် မယုံကြည်နိုင်လောက်အောင် ကျွမ်းကျင်သောအဆင့်၌ ရှိနေသည်ဟုသာ သူမ ကောက်ချက်ချနိုင်သည်။
သို့ရာတွင် သူမ ယုံကြည်လက်ခံနိုင်ရန်ခက်ခဲသောအချက်တစ်ချက်ရှိနေသည်။ ရီဖုန်းသည် နတ်ဆိုးအိုကြီးယန်ကို သာမာန်ကာလျှံကာ အုတ်ခဲနှင့်ရိုက်သတ်နိုင်ခဲ့သဖြင့် သူမထံ၌ ယခုချိန်တွင် ရီဖုန်းအားဆန့်ကျင်ရန် အခွင့်အရေးမရှိတော့ချေ။
တခြားစကားပြောင်းဆိုရလျှင်....
ယခုလက်ရှိချိန်တွင် ရီဖုန်းသည် သူမထက် ပို၍သန်မာအားကောင်းပေ၏။
ထို့ပြင် သူမသည် ဤသေမျိုးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ထပ်မံ၍ဖြစ်သွားပြန်လေပြီ။
သို့ရာတွင် ယခင်ကလည်း အလားတူအခြေအနေမျိုးကို ဖြတ်ကျော်ပြီးဖြစ်သဖြင့် ဤတစ်ကြိမ်တွင် ထိုကိစ္စကိုလက်ခံရန် သူမအတွက် မခက်ခဲတော့ချေ။
"ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
သူမက ရီဖုန်းကိုကြည့်ကာ မေးမြန်းလိုက်သည်။ သူမ၏မသိစိတ်မှနေ၍ သူ့ကို ခေါင်းဆောင်အဖြစ် ယူဆထားပြီးဖြစ်သည်။
"ငါတို့ ဘယ်နေရာကို အတိအကျရောက်နေတာလဲဆိုတာ အရင်ဆုံးဖော်ထုတ်ရမယ်"
ရီဖုန်းက တုံ့ပြန်သည်။
"တကယ်လို့ ငါ ခန့်မှန်းတာမှန်မယ်ဆိုရင် ငါတို့က ရှေးဟောင်းအင်မော်တယ်ကျင့်ကြံသူ ချန်ထားခဲ့တဲ့ အမွေအနှစ်နယ်မြေထဲကို ရောက်နေတာပဲ"
ယွင်ယောင်ယောင်က မျက်မှောင်ကြုတ်လိုက်သည်။
"အမ်...."
ရီဖုန်းက အနည်းငယ်အံ့အားသင့်သွားကာ အလျှင်အမြန် မေးမြန်းလိုက်၏။
"အဲ့ဒီအင်မော်တယ်က ကြီးကျယ်ခမ်းနားတဲ့ ရတနာတွေအများကြီးကို ချန်ထားခဲ့တယ်လို့ မင်းပြောခဲ့တာ ငါ မှတ်မိနေသေးတယ်...ဒါက ငါတို့ ရတနာရှာပုံတော်ဖွင့်ဖို့ ရောက်လာတာလို့ ဆိုလိုတာမဟုတ်လား"
"နင့်ကိုယ်နင် အထင်ကြီးမနေစမ်းနဲ့"
ယွင့်ယောင်ယောင်သည် သည်းမခံနိုင်တော့ဘဲ ရီဖုန်းကိုမျက်စောင်းထိုးကာ တုံ့ပြန်ပြောဆိုသည်။
"အဘက်ဘက်မှဖိနှိပ်ခြင်းစွမ်းအားအောက်မှာ...ငါတို့ဆီမှာ ဘာကျင့်ကြံဆင့်စွမ်းအားမှ မရှိတော့တာကြောင့် အသက်ရှင်သန်နိုင်တာကပဲ တော်တော်လေးကံကောင်းနေပြီ..ရတနာတွေကို လုယက်နိုင်ဖို့အတွေးက စိတ်ကူးယဥ်မှုတစ်ခုထက် ဘာမှမပိုဘူး...အဲ့ဒီရတနာတွေကိုကာကွယ်မယ့် တားမြစ်ဝင်္ကပါတွေနဲ့ အစောင့်အရှောက်သားရဲတွေရှိနေမှာ သံသယဝင်စရာမရှိဘူး...ဒါကြောင့် ဒီအခြေအနေတွေရဲ့အောက်မှာ ဘယ်ရတနာကိုမဆို အလွယ်တကူရယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ငါတို့ရဲ့ထိပ်သီးဦးစားပေး အစီအစဥ်က ဒီနေရာကနေ ထွက်သွားနိုင်မယ့် လမ်းတစ်လမ်းကိုရှာဖို့ပဲ"
"ငါ သိပြီ"
ရီဖုန်းသည် သူ၏လက်အတွင်းရှိအုတ်ခဲကို ချိန်ဆရင်း ယွင်ယောင်ယောင်၏ရှေ့မှဦးဆောင်၍ ထွက်ပေါက်တစ်ခုကို စတင်၍ရှာဖွေခဲ့တော့သည်။
ဤထွက်ပေါက်ရှာမှုကို အချိန်အတော်ကြာ ပြုလုပ်ပြီးနောက်...
"အဲ့ဒီနေရာမှာ ဘယ်သူလဲ"
ထိုအချိန်မှာပင် ရီဖုန်းသည် ရှေ့ရှိလမ်းကြောင်းအတွင်း၌ လူရိပ်လူယောင်တချို့ကို တွေ့မြင်မိသဖြင့် လှမ်းအော်လိုက်သည်။
ထို့နောက် ထိုလမ်းကြောင်းအတွင်းမှနေ၍ လူသုံးယောက်ထွက်လာသည်။
တစ်ယောက်သည် လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားသော လူငယ်တစ်ယောက်ပင်။
တခြားနှစ်ယောက်သည် လူအိုကြီးများဖြစ်ပေ၏။
"အိုး...ဒါက မိန်းကလေးယွင်မဟုတ်လား"
ထိုလူငယ်သည် ယွင်ယောင်ယောင်ကို မြင်တွေ့ချိန်တွင် အံ့အားတသင့် အော်ဟစ်လေသည်။
ယွင်ယောင်ယောင်သည်လည်း ထပ်တူထပ်မျှ အံ့အားသင့်သွားသည်။
အကြောင်းအရင်းမှာ သူမရှေ့ရှိလူသုံးယောက်သည် သာမာန်လူများ မဟုတ်ကြသောကြောင့်ပင်။ လူငယ်သည် ဒုန်ရှန်းကျိုးမှ ကူးဝူနျန်ဖြစ်ကာ ဆဋ္ဌမဘဝသိုင်းအင်ပါယာကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားသည်။ သူ၏လက်အတွင်းရှိ လှံရှည်အပေါ်ကျွမ်းကျင်မှုကြောင့် လူနည်းစုကသာ သူ့ကိုယှဥ်ပြိုင်နိုင်စွမ်းရှိသည်။
လူအိုကြီးနှစ်ယောက်ကမူ နတ်ဆိုးအိုကြီးယန်နှင့် နှိုင်းယှဥ်နိုင်သော တည်ရှိမှုကြီးများပင်။ သသတို့သည် ဗဟိုကုန်းမြေမှရောက်လာသည့် ထင်ရှားကျော်ကြားသော အစွမ်းထက်ကျင့်ကြံသူများဖြစ်ကာ ယင်ယန်အကြီးအကဲများဟု လူသိများသည်။ တစ်ယောက်သည် ပဉ္စမဘဝသိုင်းအင်ပါယာအဆင့်တွင်ရှိကာ တခြားတစ်ယောက်သည် ဆဋ္ဌမဘဝသိုင်းအင်ပါယာအဆင့်တွင်ရှိသည်။
"နင်တို့အားလုံး ဘယ်လိုလုပ်ပြီး အတူတူရှိနေတာလဲ"
ယွင်ယောင်ယောင်က မေးမြန်းလိုက်၏။
"ငါတို့က မတော်တဆဆုံစည်းခဲ့ကြပြီးတော့ အဖွဲ့ဖွဲ့ပြီးသွားဖို့ဆုံးဖြတ်ခဲ့တယ်...လူအရေအတွက်အရလည်း အင်အားတိုးစေတယ်လေ...တစ်ယောက်တည်းသွားလာတာက ဒီဖိနှိပ်ချုပ်ချယ်ခြင်းစွမ်းအား သက်ရောက်နေတဲ့နေရာမှာ သေလမ်းရှာနေတာပဲဖြစ်သွားလိမ့်မယ်"
ကူးဝူနျန်က ရယ်မောရင်းပြောဆိုသည်။
သူ၏စကားကိုကြားချိန်တွင် ယွင်ယောင်ယောင်က ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
ကူးဝူနျန်ပြောဆိုသည်မှာ အမှန်တကယ်ကို ကျိုးကြောင်းဆီလျော်ပေ၏။
"မိန်းကလေးယွင်...ဒီလိုဆိုရင်ရော...အခု ငါတို့တွေ ဆုံမိကြမှတော့ အတူတူဆက်သွားကြမလား...လူအရေအတွက်များတာက ပိုပြီးဘေးကင်းလုံခြုံသွားနိုင်တဲ့အပြင် ငါတို့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို ဖြေရှင်းတဲ့နေရာမှာလည်း ပိုပြီးလွယ်ကူသွားလိမ့်မယ်"
ကူးဝူနျန်က အကြံပြုသည်။
"ငါက ရတနာတွေရှာဖွေဖို့ ရည်ရွယ်ချက်မရှိတော့ဘူး...ငါတို့တွေက လမ်းကြောင်းမတူမှာကို ငါ စိုးရိမ်မိတယ်"
ယွင်ယောင်ယောင်က တုံ့ပြန်အဖြေပေးသည်။
"မိန်းကလေးယွင်က နောက်နေပြန်ပြီ...ငါတို့ကလည်း အပြင်ထွက်နိုင်မယ့် လမ်းတစ်လမ်းကို ရှာနေတာပါ....ဒီနေရာမှာ ငါတို့ရဲ့ကျင့်ကြံဆင့်အခြေခံတွေ ဖိနှိပ်ခံထားရတာကြောင့် ရတနာတွေကိုရဖို့ထက် ငါတို့ရဲ့အသက်တွေကို ထိန်းသိမ်းထားနိုင်ဖို့က ဦးစားပေးအချက်ပဲ"
ကူးဝူနျန်က ရယ်မောရင်း ပြောဆိုသည်။
ယွင်ယောင်ယောင်က ခေါင်းတစ်ချက် ညိတ်ပြလေ၏။
ကြည့်ရသည်မှာ သူတို့သည် မည်သည့်နေရာ၌ရှိနေသည်ကို နားလည်သဘောပေါက်ထားပုံပင်။
ကျင့်ကြံဆင့်နိမ့်ပါးသူတချို့သည် ရတနာများအတွက် သူတို့၏အသက်နှင့်ရင်း၍ စွန့်စားကောင်းစွန့်စားနိုင်သည်။ သို့ရာတွင် သူတို့၏အဆင့်သို့ ရောက်ရှိသွားသော တည်ရှိမှုများသည် မည်သည့်ရတနာထက်မဆို သူတို့၏အသက်ကို ပို၍တန်ဖိုးထားသည်။
"ဒါဆိုရင် ငါတို့ အတူတူသွားကြမယ်မဟုတ်လား"
ကူးဝူနျန်က အပြုံးနှင့် မေးမြန်းသည်။
"ဒါက..."
ယွင်ယောင်ယောင်၏မျက်နှာပေါ်တွင် တွေဝေတုံ့ဆိုင်းခြင်းများနှင့် ပြည့်နှက်နေဆဲဖြစ်ကာ သူမက ရီဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
ယွင်ယောင်ယောင်ထံမှ ဤမသိမသာလှုပ်ရှားမှုသည် ကူးဝူနျန်၏သတိပြုမှုအောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။
သူ၏စိတ်အတွင်းမှနေ၍ ယွင်ယောင်ယောင်၏ဆုံးဖြတ်ချက်ကို အဟန့်အတားဖြစ်စေသောလူငယ်သည် မည်သူမည်ဝါဖြစ်သည်ကို မှန်းဆနေမိလေ၏။
"ဒီက ညီအကိုရဲ့နာမည်ကို ငါ မေးလို့ရမလား"
ကူးဝူနျန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ မေးမြန်းသည်။
"ငါ့ရဲ့နာမည်က ရီဖုန်း..."
ရီဖုန်းကလည်း အလားတူလက်ဟန်သင်္ကေတဖြင့် တုံ့ပြန်သည်။
"ရီဖုန်း...."
ကူးဝူနျန်သည် ဦးနှောက်ခြောက်အောင် စဥ်းစားခဲ့သော်လည်း ဤကဲ့သို့နာမည်နှင့် ထင်ရှားကျော်ကြားသူတစ်ယောက်ကို သူ ကြားဖူးခြင်းမရှိချေ။ ထို့ပြင် ဤနေရာတွင် လူတိုင်း၏ကျင့်ကြံဆင့်အခြေခံများ ပျောက်ကွယ်နေသဖြင့် ရီဖုန်း၏အစစ်အမှန် ကျင့်ကြံဆင့်နယ်ပယ်ကို သူ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိတော့ချေ။
"မင်းတို့နှစ်ယောက်က ငါတို့နဲ့အတူ ထွက်ပေါက်ရှာဖို့ အတူသွားကြမလား"
ကူးဝူနျန်က ထပ်မံ၍မေးမြန်းသည်။
ယွင်ယောင်ယောင်က ရီဖုန်းကို မျက်စတစ်ချက်ပစ်လိုက်သည်။
ရီဖုန်းသည် နောက်ဆုံး၌ ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။
ကူးဝူနျန်၏နုတ်ခမ်းထောင့် မြင့်တက်သွားကာ ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူတို့ငါးယောက်သည် အတူတကွပေါင်းစည်း၍ ထွက်ပေါက်ရှာရန်အတွက် ခရီးဆက်ခဲ့ကြတော့သည်။
အချိန်များ တရွေ့ရွေ့ဖြတ်သန်းသွားကာ....
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လဝက်ခန့် ကုန်လွန်သွားလေပြီ။
ယခုထိတိုင် လူငါးယောက်သည် ဝင်္ကပါအတွင်း၌ လှည့်လည်သွားလာနေသည့်အလား လျှောက်လှမ်းနေကာ ထွက်ပေါက်ကိုရှာမတွေ့သေးချေ။
သူတို့၏ကျင့်ကြံဆင့်အခြေခံများ ပျောက်ကွယ်နေသောကြောင့် သူတို့၏အစားမစားဘဲနေနိုင်သောစွမ်းရည်သည်လည်း ပျက်ပြယ်သွားလေပြီ။ သူတို့သည် သာမာန်လူများထက် ပို၍သန်မာသော်လည်း လဝက်ခန့်လှည့်လည်သွားလာနေရခြင်းကြောင့် သိသာထင်ရှားသောဆုံးရှုံးမှုများရှိလာကာ မျက်ကွင်းများကျလာပြီး ဘိုသီဘတ်သီဖြစ်လာကြလေ၏။
ဤခရီးတလျှောက်၌ ရီဖုန်းသည် ကူးဝူနျန်နှင့် ခင်မင်ရင်းနှီးစပြုလာသည်။
ထို့ပြင် သူသည် ရီဖုန်း၏သေမျိုးဟူသော အဆင့်အတန်းကိုလည်း သိရှိသွားလေ၏။
ကူးဝူနျန်သည် ဤကိစ္စကို ဖွင့်ဟပြောဆိုလိုက်ချိန်မှစ၍ ယင်ယန်အကြီးအကဲများသည် ရီဖုန်းကို စကားတစ်ခွန်းမျှမပြောတော့ဘဲ သူ့အားကြည့်သော သူတို့၏မျက်လုံးများအတွင်းတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
"ရက်တွေအများကြီး လှည့်ပတ်ပြီး သွားလာနေပေမယ့်....ငါတို့က ဒီနေရာကိုပဲ ပြန်ရောက်လာပြီးတော့ အဆုံးသတ်ရပြန်ပြီ"
ရှေ့ဆုံးမှဦးဆောင်သွားနေသော ကူးဝူနျန်သည် ဤအချိန်အခိုက်အတန့်တွင် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။
တခြားသူများသည်လည်း သူ၏အကြည့်အတိုင်း ကြည့်လိုက်ကြသည်။
အမှန်တကယ်ကိုပင်....
သူတို့သည် လမ်းကြောင်းများကို ပထမဆုံးဖြတ်သွားခဲ့သောနေရာသို့ ပြန်လည်ရောက်ရှိနေပေ၏။ ဆိုလိုသည်မှာ လွန်ခဲ့သောလဝက်တွင် သူတို့သွားလာခဲ့သမျှသည် အချည်းနှီးပင်။
သူတို့သည် ကျင့်ကြံဆင့်မြင့်မားသော တည်ရှိမှုကြီးများဖြစ်သည့်တိုင် ဤအချိန်အခိုက်အတန့်တွင် စိတ်ပိုင်းဆိုင်ရာ ကြီးကြီးမားမားယိုယွင်းလာကာ ဆာလောင်မွတ်သိပ်မှုဝေဒနာသည်လည်း တစတစပို၍ပြင်းထန်လာသည်။
ဆန့်ကျင်ဘက်အနေဖြင့် ရီဖုန်းသည် တစ်စုံတစ်ခုကို တွက်ဆမိပြီးဖြစ်ပုံဖြင့် သူ၏မျက်လုံးများ တောက်ပသွားသည်။
သူသည် အချိန်တခဏခန့် စဥ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။
"အားလုံးပဲ....ငါ့ရဲ့ဦးဆောင်မှုနောက်ကိုလိုက်ကြမလား...ငါ့မှာ ဒါကို ဖြေရှင်းနိုင်တဲ့အဖြေတစ်ခုရှိတယ်"
ထိုစကားကိုကြားချိန်တွင် လူတိုင်း၏မျက်လုံးအကြည့်များက ရီဖုန်းထံသို့ ရောက်ရှိလာသည်။
"ဟမ့်...."
ယင်ယန်အကြီးအကဲများသည် သရော်တော်တော် နှာတစ်ချက်မှုတ်ကာ ရီဖုန်း၏စကားကို ဟာသပြက်လုံးတစ်ခုဟုသာ သဘောထားသည်မှာ သိသာထင်ရှားသည်။
"ညီအကိုရီဖုန်း...ဒါပေမယ့် မင်းက သေမျိုးတစ်ယောက်လေ....ငါတို့တောင်မှ ထွက်ပေါက်တစ်ခုရှာဖို့ကို ကျရှုံးနေတာ...မင်းမှာ ဘယ်လိုအဖြေမျိုး ရှိနိုင်မှာလဲ"
ကူးဝူနျန်က သံသယမျက်လုံးဖြင့် ရီဖုန်းကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ဒါက အဖြေတစ်ခုဟုတ်မဟုတ် ငါ သေချာမပြောနိုင်ဘူး...ဒါပေမယ့် ဒီအတိုင်းစမ်းတဝါးဝါးသွားနေမယ့်အစား တကယ်လို့ မင်းတို့ ငါ့ကိုယုံကြည်ရင် ငါ့နောက်ကို လိုက်ခဲ့နိုင်တယ်....မဟုတ်ရင် ငါတစ်ယောက်တည်း ထွက်သွားတော့မယ်"
ရီဖုန်းက တည်ငြိမ်စွာ တုံ့ပြန်အဖြေပေးသည်။
အကြောင်းအရင်းမှာ သူတို့၏လက်ရှိတည်နေရာနှင့် ယခင်က သူ မြွေသားစွပ်ပြုတ်လုပ်ခဲ့သောခန်းမသည် များစွာကွာဝေးခြင်းမရှိချေ။ အကယ်၍ သူ မှန်ကန်စွာ မှတ်မိနိုင်ပါက ထိုနေရာသို့ပြန်သွားသောလမ်းကို ရှာဖွေနိုင်မည်ဟု သူ ယုံကြည်ချက်ရှိသည်။
ယခုချိန်၌ ပြန်လည်၍တွေးတောကြည့်ချိန်တွင် ဤခန်းမနှင့်ပတ်သက်၍ ထူးခြားချက်တစ်စုံတစ်ခု ရှိနေပုံရသည်။
ဤရက်များအားလုံးအတွင်းတွင် သူတို့ လှည့်လည်သွားလာနေခဲ့သည့်တိုင် ထိုခန်းမကဲ့သို့နေရာမျိုးကို သူ မတွေ့ရှိခဲ့ရချေ။ ဤအချက်မှတဆင့် ထိုအရာ၏တစ်မူထူးခြားချက်ကို ပြောဆိုနိုင်သည်။ ဤနေရာမှလွတ်မြောက်နိုင်သော သော့ချက်သည် ထိုခန်းမထံတွင်ရှိနေမည်ဟု ရီဖုန်းက ခန့်မှန်းမိသည်။
ရီဖုန်းသည် တခြားသူများကိုစောင့်ကြည့်ကာ သူတို့၏တုံ့ပြန်မှုကို စောင့်ဆိုင်းလိုက်၏။
သို့ရာတွင် မည်သူကမျှ စကားတစ်ခွန်းမဆိုချေ။
ရီဖုန်းက ခေါင်းတစ်ချက်ညိတ်ကာ သူ၏ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ၏နံဘေးရှိ ယွင်ယောင်ယောင်က နောက်ဆုံး၌ တိတ်ဆိတ်ငြိမ်သက်မှုကို ချိုးဖျက်လိုက်သည်။
"ငါ နင်နဲ့အတူသွားမယ်"
သူမက ထုတ်ပြန်ကြေငြာသည်။
"ကောင်းပြီလေ..."
ရီဖုန်းက ယွင်ယောင်ယောင်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
"မိန်းကလေးယွင်....မင်း တကယ်ကို မလုပ်သင့်ဘူး...."
ကူးဝူနျန်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ငါတို့ သွားခဲ့တဲ့လမ်းမှာ နတ်ဆိုးသားရဲတွေအများကြီးကို ဖြတ်ကျော်ခဲ့ရတယ်....ငါတို့ရဲ့ကျင့်ကြံဆင့်အခြေခံတွေ ဖိနှိပ်ခံထားရတဲ့အချိန်မှာ လူအရေအတွက်နည်းနည်းနဲ့ သွားလာတာက ပိုပြီးစွန့်စားရာကျသွားလိမ့်မယ်"
ယွင်ယောင်ယောင်သည် အချိန်တခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူမ၏ခေါင်းကိုမော့ကာ တုံ့ပြန်သည်။
"ဒါက အဆင်ပြေတယ်...ငါ့ရဲ့ကံကြမ္မာကို သူနဲ့အတူထားဖို့ ငါ ရွေးချယ်လိုက်ပြီ"
သူမသည် ထိုသို့ပြောဆိုပြီးနောက် သူမ၏မျက်လုံးအကြည့်က ရီဖုန်းထံသို့ ရွေ့လျားသွားသည်။
ဤသေမျိုးသည် သူမကို အကြိမ်များစွာ စိတ်အနှောက်အယှက်ပေးခဲ့သော်လည်း သူ၏နံဘေးတွင်နေပါက ရှင်းမပြနိုင်သောလုံခြုံစိတ်ချမှုမျိုးကို သူမ ခံစားရသည်ကိုမူ ဝန်ခံရပေမည်။
သိုင်းအင်ပါယာတစ်ယောက်သည် သေမျိုးတစ်ယောက်၏နံဘေးတွင် နေထိုင်ခြင်းဖြင့် လုံခြုံမှုကိုခံစားရစေသည်ဟူသည်မှာ ပြက်ရယ်ပြုချင်စဖွယ်ဖြစ်သော်လည်း ဤသည်မှာ ငြင်းဆန်၍မရသောအမှန်တရားပင်။
"ဒါဆိုရင် ငါက ဘာလုပ်ရမှာလဲ"
ကူးဝူနျန်၏မျက်နှာရှုံမဲ့သွားကာ သူက မေးမြန်းလိုက်သည်။
"နင် ငါတို့နဲ့အတူလိုက်ခဲ့ဖို့ ငါ အကြံပြုချင်တယ်"
ယွင်ယောင်ယောင်က ကူးဝူချန်ကို တစ်ချက်ကြည့်ကာ အချိန်တခဏခန့် စဥ်းစားတွေးတောပြီးနောက် သူမက ထပ်မံ၍ပြောဆိုသည်။
"ငါ့ကို ယုံပါ...ငါ နင့်ကို လမ်းမှားအောင်လုပ်မှာမဟုတ်ဘူး"
ယွင်ယောင်ယောင်၏တည်ကြည်လေးနက်သော မျက်နှာအမူအယာကိုကြည့်ပြီး ကူးဝူနျန်က အံ့တင်းတင်းကြိတ်ကာ ခေါင်းညိတ်လိုက်၏။
"ဟမ့်...."
သို့ရာတွင် ယင်ယန်အကြီးအကဲများကမူ အေးစက်စက်နှာတစ်ချက်မှုတ်ကာ ထွက်ခွာသွားရန်အတွက် နောက်သို့ချာခနဲလှည့်လိုက်ကြသည်။
"ဟေး အကြီးအကဲတို့...ငါတို့ အတူတူသွားရအောင်လေ....ဒီလမ်းမှာ အစုအဖွဲ့နဲ့သွားတာက ပိုပြီးအဆင်ပြေလိမ့်မယ်"
ကူးဝူနျမ်က အော်ဟစ်လိုက်သည်။
"မြင့်မြတ်တဲ့ သိုင်းအင်ပါယာတွေက မျှော်လင့်ချက်တွေကို သေမျိုးတစ်ယောက်ပေါ် ပုံအပ်ထားတယ်...ဒီထက်ရယ်စရာကောင်းတဲ့ ပြက်လုံးမျိုးကို ငါတို့ ရှာနိုင်တော့မှာမဟုတ်ဘူး"
ယင်ယန်အကြီးအကဲနှစ်ယောက်က အထင်အမြင်သေးစွာ ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ်....ငါတို့ညီအကိုနှစ်ယောက်ကတော့ ဒီလိုမျိုးရူးသွပ်မိုက်မဲတဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး"
Chapter 322
ထိုသို့ပြောဆိုပြီးနောက် ယင်ယန်အကြီးအကဲနှစ်ယောက်သည် အထင်အမြင်သေးသော မျက်နှာအမူအယာများနှင့်အတူ ထွက်ခွာသွားတော့သည်။
ရီဖုန်း၏မျက်နှာ သုန်မှုန်သွားသည်။
"ဒီသက်ကျားအိုကြီးနှစ်ယောက်က ဘာအသုံးကျတာရှိလို့ ဒီလောက်ထိ မောက်မာနေတာလဲ"
သူ့အား သေမျိုးဟု အဆက်မပြတ်ခေါ်ကာ သူတို့ကိုယ်သူတို့ အဆင့်အတန်းမြင့်မားသူများအဖြစ် လေကြီးနေကြသည်။ အကယ်၍ သူသည် စွမ်းအားတချို့ ထိန်ချန်ထားရန် ကြိုးစားနေခြင်းကြောင့်သာမဟုတ်ပါက သူသည် သူတို့ကို အုတ်ခဲဖြင့် တစ်ချက်စီခန့် ထုနှက်မိပေမည်။
လမ်းခွဲခဲ့ကြပြီးနောက် ရီဖုန်းသည် ယွင်ယောင်ယောင် ကူးဝူနျန်တို့နှင့်အတူ ခရီးစတင်ခဲ့တော့သည်။
သို့ရာတွင် ကူးဝမ်နျန်၏စိတ်နှလုံးသား မငြိမ်မသက်ဖြစ်နေဆဲပင်။
သူသည် ယင်ယန်အကြီးအကဲနှစ်ယောက်ကဲ့သို့ ရီဖုန်းအပေါ် အထင်အမြင်သေးရာကျသော်လည်း သိုင်းအင်ပါယာတစ်ယောက်အနေဖြင့် အနာဂတ်မျှော်လင့်ချက်များကို သေမျိုးတစ်ယောက်အပေါ် ပုံချထားခြင်းမှာ အဆင်အခြင်မဲ့ရာကျသည်။
"မိန်းကလေးယွင်...ငါတို့ သူ့ကို ယုံလို့ရပါ့မလား"
ကူးဝူနျန်သည် ယွင်ယောင်ယောင်၏နံဘေးသို့ လျှောက်လှမ်းသွားကာ သူ၏လေသံကိုနှိမ့်၍ မေးမြန်းလိုက်၏။
"ငါ အရမ်းမသေချာပေမယ့်...ဟိုလူအိုကြီးနှစ်ယောက်ထက်တော့ ငါ သူ့ကို ပိုယုံတယ်"
ယွင်ယောင်ယောင်က တည်ကြည်လေးနက်စွာ တုံ့ပြန်ပြောဆိုသည်။
အမှန်အားဖြင့် သူမ၏စိတ်ခံစားချက်များသည်လည်း အနည်းငယ်ရှုပ်ထွေးနေသည်။
သိုင်းအင်ပါယာ....
အင်မော်တယ်မြစ်ကုန်းမြေ၏ အထွတ်အထိပ်အဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် သူတို့ထံတွင် ကိုယ်ပိုင်မာန်မာနများရှိသည်။
သူမ၏မျှော်လင့်ချက်များကို သေမျိုးတစ်ယောက်အပေါ်တွင် ထပ်ခါတလဲလဲ ပုံအပ်ထားရမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ဖူးချေ။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာကာ....
အချိန်ခုနစ်ရက် ကုန်ဆုံးသွားလေပြီ။
ဤခုနစ်ရက်အတွင်းတွင် သူတို့သုံးယောက်သည် အလွန်အမင်းအားနည်းစပြုလာပေ၏။
"ငါ ထပ်ပြီးတောင့်မခံနိုင်တော့ဘူး"
ကွေ့ဝူနျန်က ပြောဆိုသည်။ သူသည် သူ၏လှံရှည်ကို မြေပြင်ပေါ်တွင်ထောက်၍မှီနေကာ သူ၏ခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်နေသည်။
"ဟုတ်တယ်...ရီဖုန်း...ခဏလောက် အနားယူကြစို့"
ယွင်ယောင်ယောင်၏မျက်နှာသည်လည်း ဖြူရော်နေကာ ရှေ့မှဦးဆောင်သွားနေသော ရီဖုန်းကိုကြည့်ပြီး ပြောဆိုလိုက်၏။
သူတို့ထံတွင် ကျင့်ကြံဆင့်စွမ်းအားများ မရှိသည့်တိုင် သာမာန်သေမျိုးများထက် ပို၍အားကောင်းသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သို့ရာတွင် သူတို့၏ခန္ဓာကိုယ်များအတွက် မည်သည့်ထောက်ပံမှုမျိုးမျှမရှိသဖြင့် သူတို့ ထပ်မံ၍တောင့်မခံနိုင်တော့ချေ။
"ကောင်းပြီလေ...ဆယ့်ငါးမိနစ်လောက် နားကြစို့"
ရှေ့မှဦးဆောင်သွားနေသော ရီဖုန်းက ခေါင်းညိတ်လိုက်သည်။
သူသည် မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်ထားလေ၏။ ဤလမ်းခရီးတွင် တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် ကျင့်ကြံဆင့်ဖိနှိပ်ခံထားရသော နတ်ဆိုးသားရဲများကို ရံဖန်ရံခါတွေ့ကြုံရကာ အနည်းဆုံးအနေဖြင့် သူတို့၏စားနပ်ရိက္ခာအတွက် ပူပန်စရာလိုမည်မဟုတ်ဟု သူ မျှော်လင့်ခဲ့သည်။
သို့ရာတွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် သူတို့သည် သက်ရှိတစ်ကောင်တစ်လေကိုမျှ ရင်ဆိုင်ကြုံတွေ့ရခြင်းမရှိချေ။
သူတို့ရှေ့၌ ထွက်ပေါ်လာသည်မှာ လမ်းကြောင်းအချိုးအကွေ့များ ကျောက်နံရံများသာဖြစ်ပြီး သူတို့၏စိတ်ကို ညှင်းပန်းနှိပ်စက်နေသည့်အလားပင်။
သူတို့အတွက် တစ်ခုတည်းသော စိတ်ဖြေသိမ့်စရာမှာ သူတို့ထံတွင် သောက်သုံးရန်ရေအလုံအလောက်ရှိနေခြင်းပင်။ သို့ရာတွင် သူတို့ထံတွင် အစားအစာရှိမနေပါက သူတို့ ကြာရှည်တောင့်ခံနိုင်တော့မည်မဟုတ်ချေ။
"ငါတို့ ဆက်သွားကြရအောင်"
ရီဖုန်းသည် ဆယ့်ငါးမိနစ်ပြည့်ပြီးနောက် သူတို့အားကြည့်ကာ ပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်တွင် အိပ်မောကျလုဆဲဆဲလူနှစ်ယောက်သည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ကျောင်းတော်သားတစ်ယောက်၏အရှိန်အဝါမျိုးရှိနေသော သူတို့ရှေ့ရှိပုံရိပ်ကိုကြည့်ကာ သူတို့၏မျက်နှာများပေါ်တွင် ခါးသည်းသောအမူအယာမျိုး ထင်ဟပ်လာသည်။ သူတို့၏မျက်လုံးအကြည့်များတွင် ဝေခွဲရခက်မှုများနှင့် ပြည့်နှက်နေပေ၏။
သူတို့ နားမလည်နိုင်ချေ။
သိုင်းအင်ပါယာများဖြစ်သော သူတို့နှစ်ယောက်သည် ပြိုလဲကျလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေသော်လည်း သေမျိုးတစ်ယောက်ဖြစ်သောရီဖုန်းထံတွင် မည်သည်ကြောင့် အလွန်ကောင်းမွန်သောသက်လုံရှိနေသနည်း။
အထူးသဖြင့် ကူးဝူနျန်သည် သူ၏ခြောက်ကပ်နေသောလျှာကိုထုတ်ကာ ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။
"ညီအကိုရီ...ငါ့မှာ တကယ့်ကို ဘာခွန်အားမှမကျန်တော့ဘူး...မင်းတို့နှစ်ယောက် ရှေ့ကသွားကြပါလား"
"တကယ်လို့ မင်း မသွားဘူးဆိုရင်....မင်း ဒီနေရာမှာပဲ သေသွားလိမ့်မယ်"
ရီဖုန်းက ကူးဝူနျန်ကိုကြည့်ကာ အလေးအနက်ထားသောအမူအယာဖြင့် ပြောဆိုလိုက်၏။
ဤနေရာတွင် လဲလျောင်းနေသည်မှာ သက်တောင့်သက်သာရှိသည်ကို သူ သိရှိသော်လည်း သူတို့သည် တစ်ကြိမ်အိပ်မောကျသွားပါက ပြန်လည်၍နိုးထနိုင်တော့မည်မဟုတ်ချေ။
"ဒါပေမယ့် အခု ငါ့မှာ ဘာခွန်အားမှ တကယ်မကျန်တော့ဘူး"
ကူဝူနျန်က မကြည်မသာမျက်နှာအမူအယာနှင့် ပြောဆိုသည်။
"မင်းတို့နှစ်ယောက်လုံး မတ်တတ်ထရပ်ပြီး ဆက်သွားကြရအောင် ...ခုချိန်ကနေစပြီး နောက်ထပ်နေ့တစ်ဝက်ကြာရင် ငါတို့မှာ စားစရာတစ်ခုခု ရှိလာစေရမယ်လို့ ငါ ကတိပေးတယ်"
ရီဖုန်းက အခိုင်အမာ ပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်တွင် ယွင်ယောင်ယောင်နှင့်ကူဝမ်နျန်တို့နှစ်ယောက်လုံး၏မျက်လုံးများတောက်ပသွားကာ သူတို့သည် မယုံကြည်နိုင်စွာဖြင့် ရီဖုန်းကိုကြည့်လိုက်ကြ၏။
"ငါ ကတိပေးတယ်"
ရီဖုန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလေသည်။
ထိုစကားကိုကြားချိန်တွင် ကူးဝူနျန်နှင့်ယွင်ယောင်ယောင်တို့သည် မည်သည့်နေရာမျှ ခွန်အားများ ထွက်လာမှန်းမသိရဘဲ မတ်တတ်ထရပ်ကာ ရီဖုန်းနှင့်အတူ ခရီးဆက်ခဲ့ကြတော့သည်။
ထို့နောက် နေ့တစ်ဝက်ကုန်ဆုံးသွားချိန်တွင်.....
ကူးဝူနျန်နှင့်ယွင်ယောင်ယောင်တို့ လဲကျလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။ ရီဖုန်းသည် ရပ်တန့်ကာ သူ၏အိတ်ကပ်အတွင်းမှ အမဲခြောက်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
ထို့နောက် သူသည် ထိုအမဲခြောက်ကို သုံးပိုင်း အညီအမျှပိုင်းလိုက်၏။
"ညီအကိုရီ...မင်းမှာ အမဲခြောက်တွေရှိသေးလား"
ကူးဝူနျန်၏မျက်လုံးများ တောက်ပလာကာ သူသည် စိတ်အားထက်သန်စွာဖြင့် အမဲခြောက်ကိုယူပြီး အငမ်းမရဝါးမျိုလိုက်သည်။ သူ၏နံဘေးရှိ ယွင်ယောင်ယောင်သည်လည်း သူမ၏အမူအယာကို ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ချေ။
အမဲခြောက်ကိုစားသုံးပြီးနောက် သူတို့၏အခြေအနေ သိသိသာသာ တိုးတက်လာသည်။
"ညီအကိုရီ...မင်း ဒီအမဲခြောက်ကို ဘယ်နေထာကနေရခဲ့တာလဲ"
ကူးဝူနျန်က ထပ်မံ၍ အလျင်စလိုမေးမြန်းသည်။
"ဒါက ငါ အရင်က သိမ်းထားခဲ့တာ...ဒါပေမယ့် အခုချိန်မှာ အများကြီးမကျန်တော့ဘူး"
ရီဖုန်းက နောက်ထပ်အမဲခြောက်တစ်ချောင်းကို ထပ်မံ၍ထုတ်ယူကာ ပြောဆိုသည်။
"ဒါက နောက်ဆုံးကျန်တဲ့တစ်ခုပဲ"
ကူဝူနျန်သည် အမဲခြောက်ကိုကြည့်ကာ သူ၏နုတ်ခမ်းကိုလျှာဖြင့်သပ်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် ပြောဆိုလိုက်သည်။
"ညီအကိုရီ...မင်းက အရမ်းတော်တာပဲ...ဒီအမဲခြောက်တစ်ချောင်းနဲ့ဆိုရင် ငါတို့ ရက်နည်းနည်းလောက် ထပ်ပြီးတောင့်ခံနိုင်လိမ့်မယ်"
ယွင်ယောင်ယောင်ကလည်း ရီဖုန်းကို စောင်းငဲ့၍ကြည့်လေသည်။
သူမ၏လှပသောမျက်နှာလေးပေါ်တွင် မျှော်လင့်ချက်အလင်းရောင်တစ်ရပ် ထင်ဟပ်လာသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာကာ....
ရက်ပေါင်းများစွာ ထပ်မံ၍ ကြာမြင့်သွားလေပြီ။
သို့ရာတွင် သူတို့သည် မဟာခန်းမထံသို့ ပြန်မရောက်သေးချေ။
"ဒီတစ်ကြိမ်မှာတော့ ငါတို့မှာ ဘာအစားအစာမှ မကျန်တော့ဘူး...သောက်ချေး နတ်ဆိုးသားရဲတွေကလည်း...ခုကျမှ တစ်ကောင်တစ်လေတောင် ရှာမတွေ့ဘူး...လက်လျှော့လိုက်ကြစို့"
ကူးဝူနျန်သည် သူ၏လေးလံသောခြေလှမ်းများကို တရွတ်တိုက်ဆွဲကာ စိတ်ပျက်အားငယ်သောလေသံဖြင့် ပြောဆိုသည်။
သူ၏နောက်မှ ယွင်ယောင်ယောင်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေကာ အလွန်အမင်း စိတ်အခြေအနေမကောင်းသည်မှာ သိသာထင်ရှားလှ၏။
"မလိုတော့ဘူး...ငါတို့ ရည်မှန်းထားတဲ့နေရာကို ရောက်လုနီးပါးပဲ"
ရီဖုန်းက သူတို့နှစ်ယောက်ကိုကြည့်၍ ပြောဆိုသည်။
"တကယ်လား"
သူတို့နှစ်ယောက်သည် တပြိုင်နက်တည်းဆိုသလိုနီးပါး ရီဖုန်းကို ကြည့်လိုက်ကြသည်။
ရီဖုန်းက တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြကာ သူတို့နှစ်ယောက်ကိုဦးဆောင်၍ ရှေ့သို့ဆက်သွားလိုက်သည်။
နေ့ဝက်ခန့်ကြာသည့်တိုင် သူတို့သည် ရီဖုန်းပြောဆိုသော ရည်မှန်းချက်နေရာသို့ မရောက်ရှိသေးချေ။
ကူးဝူနျန်နှင့်ယွင်ယောင်ယောင်တို့သည် ထပ်မံ၍ တောင့်မခံနိုင်တော့ဘဲ သူတို့၏အကြွင်းမဲ့အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။
"ငါ ထပ်ပြီးမသွားနိုင်တော့ဘူး"
ကူးဝူနျန်သည် ဖြူရော်နေသောမျက်နှာနှင့် မြေပြင်ပေါ်၌ဒူးတစ်ဝက်ထောက်ကာ ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။
ယွင်ယောင်ယောင်ထံတွင်လည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသောအမူအယာမျိုးရှိနေသည်။
"နောက်ထပ် နေ့တစ်ဝက်လောက်ဆိုရင်...ငါတို့ ရည်မှန်းထားတဲ့နေရာကို သေချာပေါက်ရောက်ပြီ"
ရီဖုန်းက ရေတစ်ငုံသောက်ရင်း ပြတ်ပြတ်သားသား ပြောဆိုသည်။
"ညီအကိုရီ...ငါ မင်းကို ထပ်မယုံတော့ဘူး....ငါ တကယ်ကို ဆက်မသွားနိုင်တော့ဘူး"
ကူးဝူနျန်က သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"ငါ မင်းကို အပြစ်မတင်ဘူး...တကယ်လို့ မင်း ဆက်ပြီးလမ်းလျှောက်နိုင်ရင် မင်းဟာမင်းပဲသွားပါ"
ယွင်ယောင်ယောင်ကလည်း နုတ်ခမ်းစူကာ သူမ၏ခေါင်းကိုမော့၍ ပြောဆိုသည်။
"ဒါဆိုရင် နင့်ဟာနင်ပဲသွားတော့"
"ဒီတစ်ကြိမ်မှာ ငါ နင်တို့ကို မလိမ်ဘူး...ဒီနေရာရောက်တဲ့အချိန်မှာ ငါ လမ်းမှတ်မိသွားပြီ...နေ့တစ်ဝက်လောက် ဆက်လျှောက်လိုက်တာနဲ့ ငါတို့ရောက်ပြီ"
ရီဖုန်းက အခိုင်အမာ ပြောဆိုလေသည်။
"တကယ်လား"
သူတို့နှစ်ယောက်လုံး မယုံသင်္ကာဖြင့် ရီဖုန်းကို ကြည့်လိုက်ကြသည်။
"တကယ်လား..."
"ငါ့နောက်ကို လိုက်ခဲ့ပါ....တကယ်လို့ နောက်ထပ်နေ့ဝက်ကြာလို့မှ ငါတို့ရဲ့ရည်မှန်းချက်နေရာကို မရောက်သေးဘူးဆိုရင် မင်းတို့ လက်လျှော့အရှုံးပေးလို့ရတယ်"
ရီဖုန်းက ပြောဆိုသည်။
သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ထို့နောက် သူတို့က အံ့တင်းတင်းကြိတ်လိုက်သည်။
ကောင်းပြီလေ....
သူတို့ နောက်ထပ်နေ့တစ်ဝက်ခန့် ထပ်မံ၍တောင့်ခံရပေမည်။
အကယ်၍ ရီဖုန်း၏စကား မှားယွင်းပါက အများဆုံးအနေဖြင့် သူတို့ မသေဆုံးမီ နေ့တစ်ဝက်ခန့် ပိုပြီးဒုက္ခခံရရုံသာရှိသည်။
ထို့ကြောင့်....
ရီဖုန်း၏သွေးဆောင်ဖြားယောင်းမှုအောက်တွင် သူတို့သည် နေ့တစ်ဝက်ပြီး နောက်ထပ်နေ့တစ်ဝက်ဖြင့် ခရီးဆက်ခဲ့ကြသည်။
နှစ်ရက်ကြာပြီးနောက် သူတို့နှစ်ယောက်လုံးသည် အလွန့်အလွန်ဆာလောင်မွတ်သိပ်ခြင်းကြောင့် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"ညီအကိုရီ....ငါ မင်းကို ထပ်ပြီးမယုံတော့ဘူး...ဒီနေ့ ငါ နောက်ထပ်ခြေတစ်လှမ်းတောင် ဆက်လှမ်းမှာမဟုတ်ဘူး"
ကူးဝူနျန်က မကျေမနပ်မှုများ အထင်းသားထင်ဟပ်နေသောမျက်နှာနှင့် ပြောဆိုသည်။
"မင်းရော ဘယ်လိုလဲ"
ရီဖုန်းက ယွင်ယောင်ယောင်ကိုကြည့်ကာ ပြောဆိုသည်။
ယွင်ယောင်ယောင်၏မျက်နှာသည် ညှိုးနွမ်းနေကာ သူမ၏ခေါင်းကိုခါယမ်းပြီး လက်လျှော့အရှုံးပေးရန် အဆင်သင့်ဖြစ်နေပုံပင်။
သို့ရာတွင် ရီဖုန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ကြည့်ကြအုံး...အဲ့ဒါက ဘာလဲ"
ရီဖုန်းက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး အလျှင်အမြန် ကြည့်လိုက်ကြ၏။
သူတို့သည် ကြီးကျယ်ခမ်းနားသောခန်းမကြီးတစ်ခုရှေ့၌ မတ်တတ်ရပ်နေသည်ကို သူတို့နှစ်ယောက်လုံး တွေ့မြင်လိုက်ရသည်။
ဤခန်းမကြီး ထွက်ပေါ်လာမှုသည် သူတို့အား မျှော်လင့်ချက်များနှင့် ပြည့်နှက်သွားစေကာ သူတို့၏ယခင်စိတ်ပျက်ညှိုးငယ်မှုများအားလုံး ပျက်ပြယ်သွားလေပြီ။
ကျောက်နံရံများအပ တခြားမည်သည့်အရာကိုမျှမတွေ့ခဲ့ရဘဲ ရက်ပေါင်းများစွာကြာအောင် လျှောက်လှမ်းခဲ့ရသော သူတို့အတွက် ဤခန်းမကြီးကို မြင်တွေ့ရသည်မှာ အလွန်အမင်းထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။
"သွားကြစို့...ငါနဲ့အတူအထဲဝင်ပြီး တစ်ချက်ကြည့်ကြရအောင်"
"ဒီခန်းမက လမ်းကြောင်းတွေအများကြီးနဲ့ ချိတ်ဆက်ထားတယ်....ဒီအထဲမှာ ထွက်လမ်းအတွက် အခွင့်အရေးတစ်ခုရှိမယ်လို့ ငါ ယုံကြည်တယ်"
ရီဖုန်းက ပြောဆိုလိုက်၏။
ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြကာ သူတို့၏မောပန်းနွမ်းနယ်မှုများ ဆာလောင်မှုများကို မေ့လျော့သွားပြီး ရီဖုန်း၏နောက်မှလိုက်၍ ခန်းမအတွင်းသို့ ဝင်ခဲ့ကြတော့သည်။
"အဲ့ဒီမွန်းစတားအိုကြီးရဲ့သေးက ငါ့ရဲ့စိတ်ဝိညာဥ်ကို ကြေမွှပျက်စီးသွားလုနီးပါးပဲ...ငါ့ရဲ့စိတ်ဝိညာဥ်အခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ ငါ ရက်တော်တော်ကြာကြာ အချိန်ယူရလိမ့်မယ်"
အမှောင်ထုအတွင်း၌....
လီယန်၏မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။
"ဒါပေမယ့် အရင်နဲ့နှိုင်းယှဥ်ရင် ငါ အများကြီးအားနည်းသွားပြီ....ငါ နောက်ထပ်နှစ်နည်းနည်းတောင် တောင့်မခံနိုင်မှာကို ငါ စိုးရိမ်မိတယ်"
"ဒါကြောင့် ဒီအခြေအနေတွေရဲ့အောက်မှာ ငါ ခန္ဓာကိုယ်အပိုင်စီးမယ့် လိုအပ်ချက်တွေကို နှိမ့်ချမှရတော့မယ်"
"ဝင်္ကပါရဲ့စမ်းသပ်မှုကို ငါ ပယ်ဖျက်လိုက်တော့မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် ခန်းမအတွင်းရှိ အတားအဆီးဝင်္ကပါများကို ပြန်ရုတ်သိမ်းလိုက်၏။
"နောက်ထပ်ကတော့....ဒီနေရာကို တစ်ယောက်ယောက်ဝင်လာတာနဲ့...ငါ သူ့ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးမယ်"
လီယန်၏မျက်လုံးအတွင်း၌ မျှော်လင့်ချက်အလင်းရောင်တစ်ရပ် ပြန်လည်ထွက်ပေါ်လာသည်။
မည်သို့ပင်ဆိုစေကာမူ အဘက်ဘက်မှဖိနှိပ်ခြင်းစွမ်းအားအောက်တွင် ဤနေရာသို့ရောက်လာသော မည်သူမဆို သူတို့၏ဇွဲလုံလဖြင့် ဖြတ်သန်းလာနိုင်ခဲ့သော သူတို့၏အရည်အချင်းကိုပြသပြီးဖြစ်သည်။
အကယ်၍ သူတို့သည် ဇွဲလုံလကိုမှီခို၍မဟုတ်ဘဲ ကံကောင်းမှုကြောင့် ရောက်လာသည်ဆိုလျှင်လည်း သူတို့ထံ၌ ကံကြမ္မာကောင်းရှိခြင်းကို ညွှန်ပြနေခြင်းပင်။
ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ သူသည် ဆိုးရွားသောလူတစ်ယောက်၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမည်မဟုတ်ချေ။
"အမ်..."
"လှုပ်ရှားမှုတချို့ ရှိနေသလိုပဲ"
"တစ်ယောက်ယောက် ရောက်လာတာလား...."
"ဟား....ဟား ...ဟား...."
"ကြည့်ရတာတော့ ငါ တကယ်ကို ကံကောင်းတော့မယ့်ပုံပဲ...ငါ့ရဲ့လိုအပ်ချက်တွေကို နှိမ့်ချလိုက်ရုံပဲရှိသေးတယ်....တစ်ယောက်ယောက်က ငါရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီ"
"ဒီလိုဆိုမှတော့...ငါ ထပ်ပြီးမစောင့်တော့ဘူး"
သူ၏စိတ်အတွင်း၌ အော်ဟစ်ကြုံးဝါးပြီးနောက် လီယင်သည် ခန်းမအတွင်း၌ မမြင်နိုင်သော ပုံရိပ်ယောင်တစ်ခုအဖြစ် အသွင်ပြောင်းကာ အသစ်ဝင်ရောက်လာသူထံသို့ဦးတည်၍ တိုးဝင်လိုက်သည်။
အရင်ဆုံး ရိုက်ရမည်...သူ ပြင်းပြင်းထန်ထန် ရိုက်ရပေမည်။
ထိုအသစ်ရောက်ရှိလာသူကို တုံ့ပြန်ရန် မည်သည့်အခွင့်အရေးမျှမပေးဘဲ သူ လျှင်မြန်စွာ ခန္ဓာကိုယ်အပိုင်စီးရပေမည်။
Chapter 323
လီယန်၏စိတ်ဝိညာဥ်မျက်နှာပေါ်တွင် အပြုံးများနှင့်ပြည့်နှက်နေသည်။ သူသည် အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲကာ ဝင်ပေါက်သို့ တဟုန်ထိုးပြေးသွားလိုက်သော်လည်း ရှေ့ဆုံးမှလျှောက်လှမ်းဝင်လာသော ရီဖုန်းနှင့် ထိပ်တိုက်ရင်ဆိုင်မိလေသည်။
"သောက်ပလုပ်တုတ်...."
ဤမျက်နှာသည်.....
ထိုမျက်နှာသည် သူ၏မျက်လုံးရှေ့၌ ပို၍ပို၍ ကြီးမားလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
"ဒါက သူပဲ..."
ဤအချိန်အခိုက်အတန့်တွင် သူ၏မျက်နှာပေါ်ရှိ အပြုံးများ တောင့်တင်းသွားကာ သူ၏မိခင်သေသွားသည့်အလား ရှုံမဲ့သွားသည်။
"ငါ့ရဲ့အရှင်...."
"ဘိုးဘေး..."
"မင်း ဘာလို့ပြန်လာတာလဲ"
"ကျေးဇူးပြုပြီးတော့ ငါ့ကို ခုလိုမျိုးမကျီစားပါနဲ့တော့"
"ငါက အင်မော်တယ်ငယ်လေးတစ်ယောက်ပါ...ငါ မင်းကို ဖရိုဖရဲကောင်းကင်ကျောက်တိုင်ကို ပေးပြီးပြီလေ...ဟေးခွန်ကိုလည်း မင်း စားလိုက်ပြီ....မင်း ငါ့ဆီကနေ ဘာတွေထပ်ပြီး လိုချင်သေးတာလဲ"
အကယ်၍ သူသည် စိတ်ဝိညာဥ်အခြေအနေဖြင့် ရှိနေခြင်းကြောင့်သာမဟုတ်ပါက ယခုချိန်တွင် သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျနေလောက်လေပြီ။
ထို့ကြောင့် သူသည် ရှေ့သို့တဟုန်ထိုးပြေးသွားနေရာမှ လေထုအတွင်း၌ ဆန့်ကျင်ဘက်ပြန်လှည့်ပြေးလိုက်သည်။
ဤကိုယ်နေဟန်ထားကို....
တိမ်နှင့်ရေများ စီးဆင်းနေသည့်အလား အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဟု ပြောဆိုနိုင်သည်။
ထို့နောက် သူသည် ထောင့်တစ်နေရာ၌ ကျုံကျုံလေးနေကာ အနည်းငယ်မျှပင် မလှုပ်ရှားဝံ့ချေ။
"ဒီခန်းမ...."
"ဒါက အင်မော်တယ်ရဲ့အမွေအနှစ်ရှိတဲ့ ဗဟိုချက်နေရာမဟုတ်လား"
ခန်းမအတွင်းသို့ဝင်ရောက်ရင်း ကူးဝူနျန်နှင့်ယွင်ယောင်ယောင်တို့သည် သူတို့၏ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်လိုက်၏။
သို့ရာတွင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးသည့်တိုင် သူတို့သည် ခန်းမအတွင်း၌ မည်သည့်အရာကိုမျှ ရှာတွေ့ခြင်းမရှိချေ။
"ဒါက မင်းတို့ပြောတဲ့ ဗဟိုချက်နေရာ မဖြစ်နိုင်လောက်ဘူး...ဟုတ်တယ်မလား....မဟုတ်ရင် ဒီနေရာက ဘာလို့ဒီလောက်ထိ ရိုးရှင်းနေမှာလဲ"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
ထိုစကားကိုကြားချိန်တွင် ကူးဝူနျန်နှင့်ယွင်ယောင်ယောင်တို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။
ထိုစကားကိုကြားချိန်တွင် လီယန်သည် အော်ဟစ်ငိုယိုတော့လုမတတ်ပင်။
အရှင်...ဒီခန်းမရဲ့ အစောင့်အကြပ်အင်မော်တယ်သားရဲကို မင်း စားလိုက်ပြီလေ....
အစွမ်းထက်ဆုံး အင်မော်တယ်ရတနာဖြစ်တဲ့ ဖရိုဖရဲကောင်းကင်ကျောက်တိုင်ကို မင်းရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားတယ်လေ...
တန်ဖိုးအရှိဆုံးပုလဲလုံးတစ်စုံကိုလည်း မင်း ကော်ထုတ်ပြီး ယူသွားပြီလေ...
အရှင်...မင်းက ဘာကို ထပ်လိုချင်သေးတာလဲ.....
"ထားလိုက်တော့....ငါတို့ အရင်ဆုံး ထွက်လမ်းကိုပဲ အမြန်ဆုံးရှာကြရအောင်"
ရီဖုန်းသည် ယွင်ယောင်ယောင်တို့ကိုညွှန်ကြားကာ ခန်းမဝန်းကျင်တွင် စက်ယန္တရားများရှိမရှိ စစ်ဆေးရင်း လမ်းကြောင်းတစ်ကြောင်းစီကိုလည်း စတင်၍ကြည့်ရှုလိုက်သည်။
"သောက်ချေးပဲ....ထွက်လမ်းလား"
ထောင့်တစ်နေရာ၌ပုန်းအောင်းနေသော လီယန်သည် ထိတ်လန့်တုန်လှုပ်ကာ တောင့်တင်းသွားသည်။
မင်းက ခုထိ ထွက်လမ်းကို မသိသေးတာလား...မင်း ဘယ်နည်းလမ်းကိုပဲသုံးသုံး ထွက်သွားလို့ရတယ် မဟုတ်ဘူးလား....
တကယ်လို့ မင်းက ဂျူနီယာတွေရဲ့ရှေ့မှာ ဟန်ရေးပြချင်နေတယ်ဆိုရင်လည်း မင်းဟာမင်း လုပ်လို့မရဘူးလား...အနည်းဆုံးတော့ ငါ့ကို ဒီကိစ္စထဲ ဆွဲမထည့်သင့်ဘူး....
ကျေးဇူးပြုပြီး....
မင်း ထွက်သွားပါတော့....
ငါ မင်းကို အပြင်ပို့ပေးမယ်...ဒါဆိုရင် အဆင်ပြေသွားပြီ မဟုတ်လား....
လီယန်သည် တုန်ရီနေကာ သူ၏စိတ်အတွင်းမှနေ၍ ညည်းတွားလိုက်၏။ သူ၏စိတ် လှုပ်ရှားသွားခြင်းနှင့်အတူ ခန်းမတစ်ခုလုံးမှနေ၍ ရုတ်တရက် ကျယ်လောင်သောအသံကြီးမြည်ဟီးလာသည်။
ထို့နောက် သူတို့သည် မြေအောက်အတွင်း၌ မရေမတွက်နိုင်သောကျောက်တံခါးများ ရွေ့လျားသွားသည့်အသံများကို ကြားလိုက်ရသည်။
ထို့နောက် ရီဖုန်းတို့လူစု၏အကြည့်များအောက်တွင် ခန်းမနှင့်ချိတ်ဆက်ထားသည့် လမ်းကြောင်းအမြောက်အများပိတ်သွားကာ လမ်းကြောင်းတစ်ခုသာ ကျန်ခဲ့တော့သည်။
"ဒါက ဘာလဲ"
ရီဖုန်းသည် ထိုလမ်းကြောင်းထံသို့ ချက်ချင်းလျှောက်လှမ်းသွားကာ သူ၏လက်ဝါးကိုမြှောက်၍ ဂရုတစိုက်အာရုံခံကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ဒီနေရာမှာ လေတိုက်ခတ်မှုကို ခံစားလို့ရတယ်...ဒါက ထွက်ပေါက်ပဲဖြစ်မယ်"
ထိုစကားကိုကြားချိန်တွင် တခြားနှစ်ယောက်၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ဒါဆိုရင် မြန်မြန်သွားကြစို့"
"အမှန်ပဲ"
လူသုံးယောက်လုံး၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက်အလင်းရောင်များ တောက်ပနေကာ သူတို့သည် လမ်းကြောင်းအတွင်းသို့ ဂရုတစိုက် ခြေချလိုက်ကြသည်။
ရီဖုန်းတို့လူစု ထွက်ခွာသွားသည်ကိုကြည့်ပြီး ထောင့်တစ်နေရာ၌ကုပ်နေသော လီယန်သည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
သို့ရာတွင် သူ စိတ်သက်သာရာရသွားစဥ်မှာပင် ထိုလမ်းကြောင်းအတွင်းမှနေ၍ အေးအေးလူလူပြောဆိုလိုက်သံတစ်သံကို သူ ကြားလိုက်ရသည်။
"မင်းတို့နှစ်ယောက် အရင်သွားနှင့်ကြအုံး...ငါ လုပ်စရာတစ်ခုရှိလို့ ပြန်သွားလိုက်အုံးမယ်...ခဏနေရင် ငါ နောက်ကနေ လိုက်လာခဲ့မယ်"
ရီဖုန်းသည် ယွင်ယောင်ယောင်တို့နှစ်ယောက်ကိုပြောဆိုကာ ခန်းမထံသို့ ပြန်လည်၍လျှောက်လှမ်းခဲ့သည်။
"သောက်ချေးပဲ..."
ထိုမြင်ကွင်းကိုကြည့်ပြီး လီယန်၏စိတ်နှလုံးသားသည် သူ၏လည်မျိုမှ ခုန်ထွက်သွားတော့လုမတက် ထိတ်လန့်တုန်လှုပ်သွားသည်။
သူ တဖန်ပြန်၍ ရောက်လာပြန်လေပြီ။
သူ မည်သည့်အရာကိုလုပ်ဆောင်ရန် ကြံရွယ်နေသနည်း...
သူ ထွက်မသွားခင် ငါ့ကို သတ်မလို့များလား....
လီယန် တွေးတောနေစဥ်မှာပင်.....
ရှူး....
ဆီးများဖြာကျလာခြင်းနှင့်အတူ လီယန်၏စိတ်ဝိညာဥ်ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
အူး...
အရမ်း အရှက်ခွဲလွန်းတယ်....
ဆီးမိုးတွေ ထပ်ပြီးရွာလာပြန်ပြီ....
သူ ဒါကို တကယ်ကြီး နှစ်ကြိမ်တောင်လုပ်ခဲ့တယ်..
"ငါ အောင့်ထားခဲ့ရတာ အချိန်အတော်ကြာသွားပြီ"
ရီဖုန်းက ညည်းတွားလိုက်သည်။ ဤနေရာတွင် အစောပိုင်းက ယွင်ယောင်ယောင်ရှိနေခြင်းကြောင့် သူ အပေါ့သွားရန် မသင့်တော်ခဲ့ချေ။ ယခုချိန်တွင် သူ ချုပ်တီးထားသမျှကို လွှတ်ချလိုက်သဖြင့် သူ၏စိတ် ပေါ့ပါးလန်းဆန်းသွားလေပြီ။
ရီဖုန်းသည် သူ၏ခန္ဓာကိုယ်ကိုခါယမ်းပြီးနောက် ဘောင်းဘီကို ပြန်ဆွဲတင်ကာ ထွက်ခွာခဲ့တော့သည်။
သူတို့သုံးယောက်သည် ဆက်လက်၍ လျှောက်လှမ်းခဲ့ကြလေ၏။
ယခုလက်ရှိဥမင်လှိုဏ်ခေါင်းသည် တစ်ခုတည်းကျန်ရှိသောလမ်းကြောင်းပင်။ ဤလမ်းကြောင်းအတွင်းသို့ ရှေ့ဆက်သွားမိသည်နှင့်အမျှ လမ်းကြောင်းအမြောက်အများ ခွဲဖြာသွားခြင်းမျိုးမရှိတော့ချေ။ ရံဖန်ရံခါ၌ ခပ်သဲ့သဲ့လေတိုက်ခတ်သံများကို သူတို့ အာရုံခံမိလေရာ ဤလမ်းကြောင်းသည် အင်မော်တယ်အမွေအနှစ်နယ်မြေ၏ထွက်ပေါက်ဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။
သို့ရာတွင်....
မြေအောက်ဥမင်လှိုဏ်ခေါင်းများသည် အလွန်ကျယ်ပြန့်ရှည်လျားပေ၏။ သူတို့သည် ထွက်လမ်းကိုရှာတွေ့သည့်တိုင် လျှင်မြန်စွာထွက်သွားနိုင်မည်ဟု ဆိုလိုခြင်းမဟုတ်ချေ။
ထို့ပြင် အချိန်အတော်ကြာမြင့်လာသဖြင့် သူတို့လူစုသည် လုံးလုံးလျားလျား ပင်ပန်းနွမ်းနယ်စပြုလာလေပြီ။ မည်သည့်ထောက်ပံ့မှုမျှ မရှိသောကြောင့် ကျင့်ကြံဆင့်အခြေခံ ပျောက်ကွယ်နေသော ကူးဝူနျန်နှင့်ယွင်ယောင်ယောင်တို့သည် ထပ်မံ၍ လမ်းမလျှောက်နိုင်ကြတော့ချေ။
သူတို့သည် မြေပြင်ပေါ်သို့လဲကျသွားကာ ချည့်နဲ့အားပျော့နေသည်။
"လဲမကျသွားနဲ့...ငါတို့ မကြာခင် အပြင်ကိုထွက်နိုင်တော့မယ်"
ရီဖုန်းသည် သူတို့နှစ်ယောက်ကိုတွဲထူကာ ရေအနည်းငယ်စီတိုက်ပြီး နှစ်သိမ့်စကားပြောဆိုလိုက်၏။
"ညီအကိုရီ...ငါ တကယ်ကို ထပ်ပြီးမတောင့်ခံနိုင်တော့ဘူး"
ကူးဝူနျန်၏မျက်နှာသည် သေလုမတက်ဖြူဖျော့နေကာ သူ စကားပြောဆိုစဥ်တွင် လေသံယဲ့ယဲ့သာ ထွက်နိုင်တော့သည်။
"ငါလည်း အတူတူပဲ....ငါ ထပ်ပြီးတောင့်မခံနိုင်တော့ဘူး"
ယွင်ယောင်ယောင်သည်လည်း မြေပြင်ပေါ်သို့ပျော့ခွေကျသွားကာ သူမ၏မျက်နှာပေါ်တွင် လုံးလုံးလျားလျား သွေးရောင်ကင်းမဲ့နေသည်။
"ဟူး...."
"မင်းတို့ကျင့်ကြံသူတွေက မင်းတို့ရဲ့စွမ်းအားတွေမရှိတော့ရင်...မင်းတို့ရဲ့ခန္ဓာကိုယ်တွေက ဒီလောက်ထိအားနည်းတာလား....အသုံးကိုမကျဘူး"
သူတို့နှစ်ယောက်ကိုကြည့်ပြီး ရီဖုန်းက မကျေမနပ်ပြောဆိုလိုက်သည်။
ရီဖုန်း၏စကားလုံးများကြောင့် ယွင်ယောင်ယောင်နှင့်ကူးဝူနျန်တို့၏မျက်နှာများ ရှုံမဲ့သွားသည်။
သေမျိုးတစ်ယောက်ဖြစ်တဲ့ မင်းရဲ့ရုပ်ခန္ဓာကိုယ်ကသာ တစ်မူထူးခြားနေတယ်ဆိုတာ အသိသာကြီးလေ.....
ရီဖုန်းသည် သူတို့ထက်ပို၍ သန်မာအားကောင်းသော နက်နဲသိမ်မွေ့သည့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဟုပင် သူတို့ သံသယဝင်နေကြသည်။
သို့ရာတွင် သူတို့၏လက်ရှိအခြေအနေဖြင့် ဤကိစ္စကို များစွာစူးစမ်းလေ့လာလိုခြင်းမရှိချေ။
"ဒါဆိုရင်လည်း ကောင်းပြီလေ"
"ကြည့်ရတာတော့ ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့တဲ့ပုံပဲ"
ထိုလူနှစ်ယောက်ကိုစောင်းငဲ့ကြည့်ရင်း ရီဖုန်းက ကူကယ်ရာမဲ့စွာ ပြောဆိုသည်။
"တကယ်တော့ ငါ့မှာ အမဲခြောက်တစ်ချောင်းကျန်သေးတယ်"
"သောက်ချေးပဲ"
ယခင်က သေလုမျောပါးဖြစ်နေသော ကူးဝူနျန်သည် အားအင်သစ်များ ဖြည့်တင်းလိုက်သည့်အလား ရုတ်တရက် အော်ဟစ်လိုက်သည်။
ယွင်ယောင်ယောင်သည်လည်း မယုံကြည်နိုင်သောအကြည့်ဖြင့် ရီဖုန်းကိုကြည့်လိုက်၏။
"စားကြတော့"
ရီဖုန်းသည် ထိုအမဲခြောက်ကို သုံးပိုင်းအညီအမျှပိုင်းကာ ခွဲဝေပေးလေသည်။
သူတို့နှစ်ယောက်သည် ထိုအမဲခြောက်ကိုယူငာ အငမ်းမရ ဝါးမျိုလိုက်တော့သည်။
ထိုအရာကိုစားပြီးနောက် သူတို့နှစ်ယောက်၏အခြေအနေ များစွာပို၍ ကောင်းမွန်သွားသည်။
"ညီအကိုရီ...မင်းမှာ အမဲခြောက် ကျန်နေသေးတာတောင်...ငါတို့ကို ဘာလို့ အရင်ကထုတ်မပေးတာလဲ"
ကူးဝူနျန်က မအောင့်အည်းနိုင်တော့ဘဲ မေးမြန်းလိုက်၏။
ယွင်ယောင်ယောင်ကလည်း ရီဖုန်းကို ကြည့်နေလေသည်။
"တကယ်လို့ ငါ ဒါကို အရင်ကတည်းက ထုတ်ပေးလိုက်ရင်...ဒီအမဲခြောက်ကို စားလို့ကုန်သွားတာ အချိန်အတော်ကြာနေလောက်ပြီ...ဒါဆိုရင် ငါတို့ ခုချိန်ထိ တောင့်ခံနိုင်မှာလား"
ရီဖုန်းက တုံ့ပြန်အဖြေပေးသည်။
"အရမ်းတော်တယ်"
ထိုစကားကိုကြားချိန်တွင် ကူးဝူနျန်သည် လေးစားကြည်ညိုသည့်အနေဖြင့် သူ၏လက်မကိုထောင်ကာ ချီးမွမ်းလိုက်သည်။
ဤကဲ့သို့ အလွန်အမင်းဆာလောင်မွတ်သိပ်မှုကို တောင့်ခံနိုင်ရန် ရီဖုန်းထံတွင် သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်စွမ်းလည်းရှိသည်။
ကူးဝူနျန်သည် အကယ်၍ ရီဖုန်းနေရာတွင် သူသာ ဖြစ်နေပါက ဤကဲ့သို့လုပ်ဆောင်နိုင်မည်မဟုတ်ဟု သူ ဝန်ခံသည်။
သူသည် ထိုအမဲခြောက်ကို ယခင်ကတည်းက ထုတ်ယူစားသောက်ပြီးဖြစ်ပေမည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် သူတို့သည် ဤအခြေအနေမျိုးထိလည်း တောင့်ခံနိုင်ခဲ့မည်မဟုတ်ဟု ဆိုလိုသည်။
ယွင်ယောင်ယောင်သည် အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ရီဖုန်းကို စောင်းငဲ့၍ကြည့်လိုက်သည်။
ဤသည်မှာ...
ယောက်ျားတစ်ယောက်၏ အစစ်အမှန်အရည်အချင်းပင်။
သူ၏လုပ်ဆောင်ချက်များသည် အမြဲတစေ သူမ၏မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။
ဤခရီးစဥ်ကို ပြန်လည်တွေးတောကြည့်ပါက သူတို့သည် စိတ်ပျက်အားငယ်မှုများအကြားသို့ နစ်မြုပ်သွားကာ ထပ်မံ၍တောင့်မခံနိုင်တော့သည့်အချိန်တိုင်း ရီဖုန်းသည် သူတို့ကို မျှော်လင့်ချက်အသစ်တစ်ခု ပေးခဲ့လေ၏။
"စားသောက်ပြီးရင်..ငါတို့ ရှေ့ဆက်သွားကြစို့"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
ထို့နောက် သူသည် ရှေ့မှဦးဆောင်ကာ ဆက်လက်၍ လျှောက်လှမ်းသွားတော့သည်။
"မိန်းကလေးယွင်....ငါ့ရဲ့အရင်ရွေးချယ်မှုအတွက် ငါ ကံကောင်းတယ်လို့ ခံစားရတယ်"
ကူးဝူနျန်သည် အလွန်စိတ်ကျေနပ်နေသော မျက်နှာအမူအယာနှင့် ပြောဆိုသည်။
"အမှန်ပဲ...ငါလည်း အရမ်းကံကောင်းတယ်လို့ ခံစားမိတယ်"
ရှေ့မှဦးဆောင်သွားနေသော အဖြူရောင်ဝတ်စုံဝတ်လူငယ်ကိုကြည့်ပြီး ယွင်ယောင်ယောင်သည် နူးညံညင်သာစွာ တီးတိုးရေရွတ်ကာ အတွေးများအကြား၌ နစ်မြောသွားသည်။
အလွန်အံ့အားသင့်ဖွယ်ကောင်းသော သေမျိုးတစ်ယောက်....
ဤလူသည် သူမ၏အသက်ကို အကြိမ်များစွာကယ်တင်ခဲ့ကာ သူမ အသက်ဆက်ရှင်နိုင်ရန် မျှော်လင့်ချက်ကိုလည်း ကြိမ်ဖန်များစွာ ပေးအပ်ခဲ့သည်။
ဤသည်ကြောင့် ကျင့်ကြံဆင့်အခြေခံပျောက်ကွယ်နေခဲ့သော သိုင်းအင်ပါယာတစ်ယောက်ဖြစ်သော သူမအနေဖြင့် တစ်စုံတစ်ယောက်အပေါ် မှီခိုအားထားလိုစိတ် ခံစားမိစေသည့် ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့သည်။
နောက်ထပ်နှစ်ရက်ခန့် လမ်းလျှောက်ပြီးနောက်....
"ကယ်ပါ...."
"ကယ်ကြပါ...."
ခပ်ယဲ့ယဲ့အကူအညီတောင်းခံသံများက သူတို့၏ရှေ့မှ ထွက်ပေါ်လာသည်။
သူတို့သုံးယောက်သည် ရှေ့သို့အလျှင်အမြန်လျှောက်လှမ်းသွားပြီး တစ်ချက်ကြည့်လိုက်ရာ မြေပြင်ပေါ်၌ အားအင်ချည့်နဲ့စွာဖြင့်လဲကျနေသော လူနှစ်ယောက်ကို တွေ့မြင်လိုက်ရသည်။ ထိုလူနှစ်ယောက်သည် လွန်ခဲ့သောလဝက်ခန့်က သူတို့နှင့် လမ်းခွဲသွားခဲ့သော ယင်ယန်အကြီးအကဲနှစ်ယောက်ပင်။
သူတို့သည် မည်သည်ကြောင့် ဤနေရာသို့ရောက်ရှိနေသည်ကို ရှင်းရှင်းလင်းလင်းမသိနိုင်သော်လည်း သူတို့၏လက်ရှိအခြေအနေသည် ငတ်မွတ်ခေါင်းပါးမှုကြောင့် အရိုးပေါ်အရည်တင်ဖြစ်နေကာ သူတို့၏မျက်နှာများသည် စက္ကူကဲ့သို့ ဖြူရော်နေပေ၏။
ရီဖုန်းတို့လူစုကိုကြည့်ပြီး သူတို့နှစ်ယောက်သည် ရုန်းကန်၍မတ်တတ်ထရပ်ကာ သူတို့၏လက်များကိုဆန့်တန်း၍ အော်ဟစ်လိုက်ကြသည်။
"ကယ်ပါ....ငါတို့ကို ကယ်ပါ..."
ယွင်ယောင်ယောင်နှင့်ကူးဝူနျန်တို့သည် မတုန်မလှုပ်ဖြစ်နေကာ မေးမြန်းလိုသောအကြည့်များဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။
သိသာထင်ရှားစွာပင်...
ယခုချိန်တွင် သူတို့သည် ရီဖုန်းကို သူတို့၏ခေါင်းဆောင်အဖြစ် ယူဆထားကြသည်။
"ကောင်စုတ်လေး....ငါတို့ကို မြန်မြန်ကယ်စမ်း"
ယွင်ယောင်ယောင်နှင့်ကူးဝူနျန်တို့ မလှုပ်မယှက်ရှိနေသည်ကိုကြည့်ပြီး ယင်ယန်အကြီးအကဲနှစ်ယောက်၏အကြည့်က ရီဖုန်းထံသို့ အလျှင်အမြန် ရွှေ့ပြောင်းသွားသည်။
"ငါက ဘာလို့ မင်းတို့ကို ကယ်ရမှာလဲ"
ရီဖုန်းက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
သူသည် ယခင်က ဤသက်ကျားအိုကြီးနှစ်ယောက် သူ့အပေါ်ထားရှိသော သဘောထားကို မမေ့လျော့ချေ။
"ငါတို့က ဗဟိုကုန်းမြေက ကျင့်ကြံသူတွေပဲ...တကယ်လို့ မင်း ငါတို့ကို မကယ်ဘူးဆိုရင်...ငါတို့ အပြင်ကိုထွက်နိုင်တာနဲ့ မင်းရဲ့အရိုးတွေကို အမှုန့်ကြိတ်ပစ်မယ်"
သူတို့နှစ်ယောက်သည် ရီဖုန်းကို ခြိမ်းခြောက်လိုက်ကြ၏။
ရီဖုန်းသည် သေမျိုးတစ်ယောက်ဖြစ်သဖြင့် ကျင့်ကြံသူများဖြစ်သော သူတို့ကို သေချာပေါက် ထိတ်လန့်ကြောက်ရွံနေမည်ဟု သူတို့ယူဆထားသည်။
"ဟား...ဟား...ဟား..."
သို့ရာတွင်....
ရီဖုန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလေသည်။
ထို့နောက် သူ၏လက်ကိုဆန့်တန်းကာ သူသည် အနည်းငယ်ခန့်အာရုံခံပြီး တီးတိုးရေရွတ်လိုက်သည်။
"ဒီနေရာက ထွက်ပေါက်နဲ့ တော်တော်လေးနီးကပ်နေပြီ...ငါက ထပ်ပြီး ထိန်းသိမ်းထားစရာမလိုတော့ဘူး....ဒါကြောင့် ငါတို့ရဲ့စိတ်နှလုံးသားစေရာအတိုင်း အရသာခံလိုက်ကြစို့"
ထိုသို့ပြောဆိုရင်း ရီဖုန်းသည် နောက်ထပ်အမဲခြောက်သုံးချောင်းကို ထုတ်ယူလိုက်သည်။
"သောက်ချေးပဲ....မင်း..."
ကူးဝူနျန်သည် အံ့အားသင့်တုန်လှုပ်ကာ တောင့်တင်းသွားသည်။
ယွင်ယောင်ယောင်သည်လည်း ကြက်သေသေသွားလေ၏။
"စားကြ...မင်းတို့ ဆန္ဒရှိသလို စားကြတော့...ပြီးရင် အိမ်ကို ပျော်ပျော်ရွှင်ရွှင်ပြန်ကြမယ်"
ရီဖုန်းက အပြုံးနှင့်ပြောဆိုကာ အမဲခြောက်ကို အကိုက်ကြီးကြီးကိုက်၍ ဝါးမျိုလိုက်သည်။
ထို့နောက် သူသည် အဖိုးအိုနှစ်ယောက်ကို တစ်ချက်ပင်စောင်းငဲ့ကြည့်ခြင်းမပြုဘဲ တိုက်ရိုက်ထွက်ခွာခဲ့တော့သည်။
ဤမြင်ကွင်းကြောင့် ယင်ယန်အကြီးအကဲနှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားကာ သူတို့၏ပါးစပ်များမှ သွားရည်များယိုစီးကျနေပြီး တောင်းပန်တိုးလျှိုးသောအကြည့်ဖြင့် ယွင်ယောင်ယောင်နှင့်ကူးဝူနျန်တို့ကို ကြည့်လိုက်သည်။
သူတို့အား စားစရာတစ်ခုခုပေးရန် အသနားခံတောင်းဆိုနေသည်မှာ သိသာထင်ရှားလှ၏။
"ဟမ့်...."
"စားချင်တာလား"
"နည်းနည်းလေးတောင် မကျွေးဘူး"
ကူးဝူနျန်သည် သူ၏မျက်ခုံးကိုပင့်၍ ထိုလူအ်ုကြီးနှစ်ယောက်ကိုကြည့်ကာ အမဲခြောက်ကို သူ၏ပါးစပ်ဖြင့်ကိုက်ဖြတ်စားသောက်ပြီး ရီဖုန်း၏နောက်သို့ အပြေးလိုက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ပါးစပ်၌ဝေ့နေသောဆီများကို ပြောင်စင်အောင်သုတ်လိုက်သဖြင့် လူအိုကြီးနှစ်ယောက်သည် သေလုမတတ် ဒေါသထွက်နေကြလေ၏။
"ဒါက နင်တို့အပြစ်နဲ့ နင်တို့ပဲ"
ယွင်ယောင်ယောင်သည်လည်း အေးစက်တင်းမာစွာဖြင့် ထိုအကြီးအကဲနှစ်ယောက်ကိုကြည့်ကာ ရီဖုန်းကိုအမှီလိုက်ရန်အတွက် ခြေလှမ်းကျဲကြီးများဖြင့် သူတို့၏ရှေ့မှ ဖြတ်လျှောက်ခဲ့တော့သည်။
Chapter 324
"မင်းတို့...."
"မသွားနဲ့....မသွားပါနဲ့အုံး"
"ငါတို့ မှားသွားပါတယ်...ကျေးဇူးပြုပြီးတော့...ငါတို့ ခုဏကလိုစကားမျိုး မပြောသင့်ဘူး...ကျေးဇူးပြုပြီးတော့ ငါတို့ကို နောက်ထပ်အခွင့်အရေးတစ်ခုလောက် ထပ်ပေးပါ"
ရီဖုန်းတို့လူစု အမှန်တကယ်ထွက်ခွာသွားသည်ကိုကြည့်ပြီး ယင်ယန်အကြီးအကဲနှစ်ယောက်သည် မြေပြင်ပေါ်၌ဝပ်တွားကာ အသနားခံတောင်းပန်လိုက်ကြ၏။
သို့ရာတွင်....
မည်သူကမျှ သူတို့၏သေရေးရှင်ရေးကို ဂရုမစိုက်တော့ချေ။
ရှေးဆိုရိုးအတိုင်းပြောဆိုရလျှင် သူတို့ စိုက်ပျိုးသည့်အပင်ကို သူတို့ ပြန်ရိတ်သိမ်းရခြင်းပင်။ ဤကိစ္စသည်လည်း ထိုဆိုရိုးအတိုင်း အတိအကျဖြစ်သည်။
မဟာခန်းမအတွင်း၌...
"အား....."
အာခေါင်ခြစ်အော်ဟစ်သံများ အဆုံးမရှိ ထွက်ပေါ်နေသည်။
"သောက်ချေး....သောက်ချေးပဲ...ငါ့ရဲ့စိတ်ဝိညာဥ်က ပျောက်ကွယ်လုမတတ် ကြည်လင်နေပြီ....တကယ်လို့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ငါက နောက်ထပ်တစ်နှစ်တောင် တောင့်ခံနိုင်တော့မှာမဟုတ်ဘူး"
ထိုအကြောင်းကိုတွေးတောရင်း လီယန်သည် သေသည်ထက်ဆိုးရွားသော ဝေဒနာကို ခံစားရနေရလေ၏။
သူသည် နှစ်ပေါင်းများစွာ အကွက်ချကြံစည်ကာ သူ၏အစီအစဥ်များကို ကောင်းမွန်စွာအသုံးချနိုင်ခဲ့သည်။ သို့ရာတွင် အဆုံးသတ်၌ သူသည် ဆီးနှစ်ငုံသောက်လိုက်ရခြင်းကြောင့် အရာအားလုံး ပျက်စီးသွားခဲ့ရလေပြီ။
မုန်းစရာကောင်းလိုက်တာ...
သို့ရာတွင် ထိုလူ၏တုန်လှုပ်ချောက်ချားဖွယ်ကောင်းပုံကို ပြန်တွေးမိချိန်တွင် သူ ဒေါသထွက်ဝံ့ရန်မဆိုထားနှင့် စကားပင်မပြောဝံ့ချေ။
"မဟုတ်ဘူး...ငါ သေမှာကိုတော့ ထိုင်စောင့်နေလို့မဖြစ်ဘူး...ငါ ခုချက်ချင်း ခန္ဓာကိုယ်အပိုင်စီးဖို့အတွက် တစ်ယောက်ယောက်ကိုရှာရမယ်"
"ဘယ်သောက်ရေးမပါတဲ့ စမ်းသပ်မှုမှ ထပ်မလိုတော့ဘူး...လူသားဖြစ်နေသရွေ့ရပြီ"
သူသည် အံ့တင်းတင်းကြိတ်ကာ အလွန်အမင်းဝန်လေးစွာဖြင့် ဆုံးဖြတ်ချက်ချပြီးနောက် သူ ခန္ဓာကိုယ်အပိုင်စီးမည့်ပစ်မှတ်အတွက် လိုအပ်ချက်များ ထပ်မံ၍နိမ့်ပါးသွားလေပြီ။
ယခုချိန်၌ မည်သည့်လိုအပ်ချက်မျိုးမျှ မရှိတော့ချေ။
လီယန်သည် စိတ်ပိုင်းဖြတ်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် အကြွင်းအကျန်ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားကာ ရီဖုန်းတို့လူစု ထွက်ခွာသွားသော လမ်းကြောင်းအတွင်းသို့ အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားသွားတော့သည်။
မကြာမီမှာပင်...
လီယန်သည် နောက်ဆုံး၌ ယင်ယန်အကြီးအကဲနှစ်ယောက်ရှိနေသောနေရာသို့ ရောက်ရှိသွားသည်။
ယင်ယန်အကြီးအကဲနှစ်ယောက်၏သေလုဆဲဆဲ ပုံပန်းသွင်ပြင်များကို မြင်တွေ့ချိန်တွင် သူ၏မျက်နှာတပြင်လုံး သုန်မှုန်သွားသည်။
"သောက်ချေးပဲ..."
"အင်မော်တယ်မြစ်ကုန်းမြေကလူတွေ သေမှာကို တော်တော်လေး ကြောက်ကြတာပဲ...ဂုဏ်သိက္ခာကြီးမားတဲ့ အင်မော်တယ်တစ်ယောက်ရဲ့အမွေအနှစ်နယ်မြေကို လူတွေအများကြီး ဝင်လာမယ်လို့ ငါ ထင်ခဲ့တာ....ခုကျတော့ ဆရာကြီးနောက်က လူနှစ်ယောက်ကို ထည့်မတွက်ရင်...ကျန်တာက မင်းတို့ သက်ကျားအိုကြီးနှစ်ကောင်ပဲလား"
သို့ရာတွင် သူ့ထံ၌ ထပ်မံ၍ရွေးချယ်စရာမရှိတော့ချေ။ လီယန်သည် သူ့၏စိတ်ဝိညာဥ်ကိုထုတ်ဖော်ကာ ထိုလူနှစ်ယောက်၏ခေါင်းများထက်၌ မတ်တတ်ရပ်ပြီး ခန္ဓာကိုယ်အပိုင်စီးရန် ပြင်ဆင်လိုက်တော့သည်။
ထို့နောက် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် အားပျော့ပြီးနုံးခွေနေသော လူနှစ်ယောက်သည် နိုးထလာပေ၏။
"အင်မော်တယ်လား"
"ဒါက အင်မော်တယ်လီယန်မဟုတ်လား"
လေထုအတွင်း၌ မျောလွင့်နေသော ပုံရိပ်ယောင်ကြီးကိုကြည့်ပြီး ယင်ယန်အကြီးအကဲနှစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ သူတို့သည် မြေပြင်ပေါ်၌ဒူးထောက်ကာ ရိုသေလေးစားစွာဖြင့် သူတို့၏ခေါင်းများကို ငုံလိုက်ကြပြီး သူတို့ ကယ်တင်ခံရပြီဟု တွေးတောနေကြလေ၏။
သူတို့ မမျှော်လင့်ထားသောအရာမှာ သူတို့နှစ်ယောက် အရိုအသေပြုနေသော အင်မော်တယ်လီယန်သည် ရုတ်တရက် သူ၏လက်ကိုမြှောက်ကာ သူတို့နှစ်ယောက်အားကြည့်ပြီး မှော်မန္တန်များကို ရွတ်ဆိုလိုက်ခြင်းပင်။
တစ်ယောက်၏ကံကြမ္မာကို လုယက်ကာ....
တခြားတစ်ယောက်၏ခန္ဓာကိုယ်ကို လုယက်ခဲ့သည်။
"ဒါက..."
"ငါတို့ရဲ့ခန္ဓာကိုယ်တွေကို အပိုင်စီးနေတာလား"
"အား...မလုပ်နဲ့...အင်မော်တယ်လီယန်...ဘာလို့ ငါတို့ရဲ့ခန္ဓာကိုယ်တွေကို အပိုင်စီးနေတာလဲ"
သူတို့နှစ်ယောက်ထံမှနေ၍ ထိတ်လန့်ကြောက်ရွံနေသောအသံများ ထွက်ပေါ်လာကာ တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်နေသောမျက်နှာများဖြင့် မေးမြန်းလိုက်ကြ၏။
"ဟမ့်...ငါက ဒီအင်မော်တယ် အမွေအနှစ်နယ်မြေကိုဖန်တီးဖို့ အင်အားတွေအများကြီး စိုက်ထုတ်ခဲ့ရတယ်...မင်းတို့လိုအမှိုက်ကောင်တွေအတွက် ကံကြမ္မာကောင်းကြီးရအောင် ငါက လုပ်ပေးမယ်လို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား"
"ငါက သူတော်စင်တစ်ပါးမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင်....
ယင်ယန်အကြီးအကဲနှစ်ယောက်၏စိတ်နှလုံးသားများ လေးလံသွားသည်။
အင်မော်တယ်အမွေအနှစ်ဟုခေါ်ဆိုသော ဤနေရာသည် ကံကြမ္မာကောင်းရရှိနိုင်မည့် နေရာတစ်ခုမဟုတ်ဘဲ လီယန်သည် ခန္ဓာကိုယ်အပိုင်စီးမည့် ပစ်မှတ်ကိုရွေးချယ်ရန် စီစဥ်ထားသောနေရာဖြစ်ကြောင်း သူတို့ နားလည်သဘောပေါက်သွားသည်။
"ဖြစ်နိုင်တာတော့ ငါတို့နှစ်ယောက်က မင်း ခန္ဓာကိုယ်အပိုင်စီးမယ့် ပစ်မှတ်တွေအဖြစ် ရွေးချယ်ခံရတာလား"
သူတို့နှစ်ယောက်ထံတွင် ခါးသည်းသောအနူအယာမျိုးရှိနေကာ မလိုလားသောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့လိုအမှိုက်ကောင်တွေက ထိုက်တန်တယ်လို့ မင်းတို့ ထင်နေကြတာလား"
လီယန်က သူတို့ကို အော်ငေါက်လိုက်၏။
ဤှသက်ကျားအိုကြီးများသည် ယခုကဲ့သို့ပြောဆိုဝံ့သော သူတို့ကိုယ်သူတို့ အထင်ကြီးမှုမျိုး မည်သည့်နေရာက ရရှိလာသည်ကို သူ အမှန်တကယ်မသိရှိချေ။
အကယ်၍ သူ့ထံတွင် ရွေးချယ်စရာမရှိတော့သော အချက်ကြောင့်သာမဟုတ်ပါက သူသည် သူတို့ကို တစ်ချက်ပင်စောင်းငဲ့ကြည့်မည်မဟုတ်ချေ။
"စီနီယာ...စီနီယာအင်မော်တယ်....ငါတို့ပြောတာကို နားထောင်ပါအုံး...ဒီတစ်ကြိမ် ဒီနေရာကိုဝင်လာတဲ့လူတွေအကြားမှာ ငါတို့ထက်အရည်အချင်းရှိတဲ့ ပါရမီရှင်တချို့ရှိနေတယ်...ပြီးတော့ သူတို့ရဲ့ ကံကြမ္မာကောင်းတွေက ငါတို့ထက် ပိုပြီးမြင့်မားတယ်"
အကြီးအကဲတစ်ယောက်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားကာ သူက အလျှင်အမြန်ပြောဆိုသည်။
"ငါတို့ရဲ့ခန္ဓာကိုယ်တွေကို အပိုင်စီးတာက စီနီယာအတွက် တကယ်ကိုမထိုက်တန်ပါဘူး"
"ဟုတ်တယ်...ဟုတ်တယ် ..ရှေ့ကသွားတဲ့ လူသုံးယောက်ကိုပဲကြည့်...အထူးသဖြင့် ခေါင်းဆောင်ဖြစ်တဲ့ အဖြူရောင်ဝတ်စုံဝတ်လူငယ်ဆိုရင် စီနီယာ ခန္ဓာကိုယ်အပိုင်စီးဖို့အတွက် အသင့်တော်ဆုံးပစ်မှတ်ပဲ"
တခြားအကြီးအကဲတစ်ယောက်၏မျက်လုံးအတွင်းတွင်လည်း ယုတ်မာကောက်ကျစ်သောအလင်းရောင်များ ထင်ဟပ်နေကာ သူက အလျှင်အမြန်ထောက်ခံပြောဆိုသည်။
သူတို့နှစ်ယောက်သည် အလွန်အတိုင်အဖောက်ညီပေ၏။
သူတို့သည် အသက်ရှင်သန်နိုင်ချေမရှိသည်ကို သိရှိထားသဖြင့် ရီဖုန်းတို့လူစုကိုပါ အတူတကွသေဆုံးရန် ဆွဲသွင်းလိုသည်မှာ သိသာထင်ရှားသည်။
အထူးသဖြင့် ထိုသေမျိုးရီဖုန်း....
မုန်းတီးဖွယ်အကောင်းဆုံးလူပင်။
အကယ်၍ ရီဖုန်းသည် ငရဲကြီးဆယ့်ရှစ်ထပ်တွင် ဝေဒနာခံစားရပါက အကောင်းဆုံးဖြစ်ပေမည်။
သို့ရာတွင် လီယန်၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
ပုံရိပ်ယောင်လက်ဝါးတစ်ဖက် ရုတ်တရက် ကျစ်လစ်သိပ်သည်းလာကာ သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သည်။
"စီနီယာ...ဘာလို့ ငါတို့ကိုရိုက်တာလဲ"
"ငါ မင်းတို့ကို ဘာလို့ရိုက်တယ်လို့ မင်းတို့ထင်လဲ"
လီယန်၏အသံက ရေခဲတမျှ အေးစက်တင်းမာနေသည်။
"ငါ့ရဲ့ပိုင်နက်တယ်မြေထဲကို....ဘယ်လိုလူစားမျိုးတွေ ဝင်လာတယ်ဆိုတာ ငါ မသိဘဲနေမှာလား"
"ဒါဆိုရင် ဘာလို့လဲ"
သူတို့နှစ်ယောက်ထံတွင် ကြောင်စီစီမျက်နှာအမူအယာမျိုးရှိနေသည်။
"ကောင်းပြီလေ....ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က ငါ့ရဲ့ခန္ဓာကိုယ်အပိုင်စီးတာကို ခံရတော့မှာဆိုတော့ ငါ မင်းတို့ကို ပြောပြလိုက်မယ်....အဲ့ဒီအဖြူရောင်ဝတ်စုံဝတ်လူငယ်ကို ငါ နည်းနည်းလေးတောင် ရန်မစဝံ့ဘူး...သူ့ရဲ့စွမ်းအားက ငါ့ရဲ့အထွတ်အထိပ်အခြေအနေထက် အဆပေါင်းထောင်သောင်းချီ ပိုပြီးသန်မာအားကောင်းတယ်"
သို့ရာတွင် ယင်ယန်အကြီးအကဲနှစ်ယောက်သည် လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။
အဖြူရောင်ဝတ်စုံဝတ်လူငယ်ဆိုသည်မှာ...
ရီဖုန်း မဟုတ်လော....
လီယန်ပင်လျှင် ရီဖုန်းကို ရန်စဝံ့ခြင်းမရှိကာ သူသည် လီယန်၏အထွတ်အထိပ်အခြေအနေကထက် အဆပေါင်းထောင်သောင်းချီ၍ အားကောင်းသန်မာသလော....
ဤကိစ္စ၏ဆိုလိုရင်းသည်....
အား...
သူတို့နှစ်ယောက် အသက်ပင်မရှုနိုင်တော့ချေ။
သူတို့အထင်အမြင်သေးခဲ့သော လူသည် သေမျိုးတစ်ယောက်မဟုတ်ဘဲ အလွန်စွမ်းအားကြီးသော အင်မော်တယ်တစ်ယောက် ဖြစ်နေသလော...
ထို့ပြင် လီယန်၏အထွတ်အထိပ်အဆင့်ထက် အဆပေါင်းထောင်သောင်းချီ၍ အစွမ်းထက်သော အင်မော်တယ်တစ်ယောက် ဖြစ်နေသလော....
"ဟမ့်...မဟုတ်ရင်...ငါ့မှာသာ ကောင်းမွန်တဲ့ရွေးချယ်စရာတွေရှိနေရင်...မင်းတို့လိုသက်ကျားအိုနှစ်ကောင်ကို ငါက ဘာလို့ရွေးချယ်ရမှာလဲ"
လီယန်က မှုန်တေတေအသံနှင့်ပြောဆိုသည်။
"အပိုစကားတွေပြောနေတာ တော်သင့်ပြီ....အခုက မင်းတို့နှစ်ယောက် သေဖို့အချိန်ပဲ"
ထိုသို့ပြောဆိုပြီးနောက်...
လီယန်သည် သူ့စိတ်ဝိညာဥ်မှစွမ်းအားများကိုနှိုးဆွကာ ထိုလူနှစ်ယောက်ပေါ်သို့ သူ၏နောက်ဆုံး အပိုင်စီးမှုကို ဖြန့်ကျက်လိုက်တော့သည်။
နောက်ဆုံး၌ သူတို့၏နောင်တရနေပြီး မလိုလားသော မျက်နှာအမူအယာများအကြားတွင် သူတို့၏ခန္ဓာကိုယ်နှင့်ကံကြမ္မာတို့သည် လီယန်၏တဖြည်းဖြည်းအပိုင်စီးခြင်းကို ခံလိုက်ရလေပြီ။
"ဟူး...ငါ အရမ်းနမော်နမဲ့နိုင်သွားတယ်"
"ငါက တစ်ရက်အတွင်းမှာ ဒီနေရာကနေ ထွက်နိုင်မယ်လို့ ထင်ခဲ့တာ...အခုကြည့်ရသလောက်တော့ နှစ်ရက် သုံးရက်လောက် ကြာအုံးမယ့်ပုံပဲ"
ဥမင်လှိုဏ်ခေါင်းအတွင်း၌ ရှေ့ဆုံးမှလျှောက်လှမ်းနေသော ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ထိုသို့ပြောဆိုပြီးနောက်....
ရီဖုန်းသည် မြေပြင်ပေါ်သို့ဘုန်းခနဲ ဖင်ထိုင်ချလိုက်၏။
"ဆက်ပြီး တောင့်ခံထားကြစို့ ..ဒါက ဘယ်လောက်ကြာအုံးမယ်ဆိုတာ ငါတို့ မသိနိုင်ဘူးလေ"
ယွင်ယောင်ယောင်က နူးညံညင်သာစွာ ပြောဆိုသည်။
"အမှန်ပဲ....မြန်မြန်သွက်သွက် လျှောက်ကြစို့...ငါတို့ ဒီနေရာကနေ မြန်မြန်ထွက်နိုင်လေလေ ငါတို့စိတ်သက်သာရာရလေလေပဲ"
ကူးဝူနျန်ကလည်း ပြောဆိုလေသည်။
"ဟူး....လူတွေက ဘာလို့ဒီလောက်ထိ ပြင်းပြင်းထန်ထန် ကြိုးစားနေကြတာလဲ"
ရီဖုန်းက ပျင်းရိငြီးငွေ့စွာဖြင့် သူ၏ခေါင်းကိုကုတ်ကာ သက်ပြင်းရှိုက်လိုက်သည်။
တခြားလူနှစ်ယောက်၏မျက်နှာများ သုန်မှုန်သွားသည်။
အစောပိုင်းက သူခိုးများကို လိုက်ဖမ်းသည့်အလား သူတို့ကို မြန်မြန်သွားရန် တိုက်တွန်းနေသူမှာ မည်သူဖြစ်သနည်း။ ထို့နောက် ယခုချိန်တွင် သူ့ထံ၌ ဤသို့ပြောဆိုရန် အချိန်များ မည်သည့်နေရာမှ ရရှိလာသနည်း။
သို့ရာတွင် စောဒကတက်ခြင်းကိုဘေးချိတ်၍ ယွင်ယောင်ယောင်သည် ရီဖုန်း၏နံဘေးသို့ လျှောက်လှမ်းသွားလိုက်၏။ ထို့နောက် သူမ၏နူးညံချောမွတ်သောလက်နှစ်ဖက်ဖြင့် ရီဖုန်း၏လက်မောင်းကိုဆုပ်ကိုင်ကာ သူ့အားတွဲထူရန် ကြိုးပမ်းလိုက်သည်။
"နည်းနည်းလောက် ထပ်ပြီးတောင့်ခံထားပါအုံး...ငါတို့ အပြင်ရောက်မှ အနားယူကြရအောင်...ငါတို့မှာ စားစရာလည်းကုန်နေပြီလေ"
ယွင်ယောင်ယောင်က နူးညံညင်သာစွာ အားပေးစကားပြောဆိုသည်။
"အမှန်ပဲ...မြန်မြန် ဆက်သွားကြစို့"
ကူးဝူနျန်ကလည်း လျှောက်လှမ်းလာကာ ရီဖုန်း၏တခြားလက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"ငါတို့ မနေ့က အမဲခြောက်တွေ နည်းနည်းလျှော့စားခဲ့သင့်တယ်....ကြည့်ရတာတော့ ငါတို့ ထွက်ပေါက်ကိုမရောက်ခင် ဆာလောင်မွတ်သိပ်တာကို ထပ်ပြီးခံစားရမယ့်ပုံပဲ"
"တကယ်တော့...."
ရီဖုန်းက သူ၏ခေါင်းကိုကုတ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။
"အစားအစာအတွက်ဆိုရင်....ငါ့မှာ နည်းနည်းတော့ကျန်သေးတယ်..."
ထိုစကားကိုပြောဆိုရင်း...
ရီဖုန်းသည် သူ၏အဝတ်အစားများကို ဟိုစမ်းသည်စမ်းလုပ်ကာ ထုတ်ယူလိုက်သည်မှာ အမဲခြောက်သုံးချောင်း မြေပဲတစ်ထုပ်နှင့် ဝိုင်တစ်ခရားပင် ပါဝင်နေသည်။
"မင်း...သောက်ရေးမပါဘူး..."
ထိုအခြင်းအရာကိုကြည့်ပြီး ကူးဝူနျန်ထံမှ ဆဲဆိုသံများ ပွင့်အံ့ထွက်လာကာ သူက တုန်ရီနေသောလက်ဖြင့် ရီဖုန်းကို လက်ညှိုးထိုးလိုက်သည်။
"မင်း...မင်းမှာ ဘယ်လောက်အများကြီး ထပ်ရှိသေးလဲ"
Chapter 325
ယွင်ယောင်ယောင်၏စူးစူးဝါးဝါးအကြည့်ကလည်း ရီဖုန်းထံသို့ ဝေ့ခနဲကျရောက်လာသည်။
"အများကြီးတော့ မရှိဘူး"
ရီဖုန်းက သူ၏လက်၌ဝတ်ထားသော သိုလှောင်လက်စွပ်ကိုလှည့်ကာ သူ၏မျက်နှာတပြင်လုံးပေါ်၌ အပြုံးများဝေဆာနေသည်။
"တကယ်လို့ ငါတို့ ပုံမှန်အတိုင်းစားသွားမယ်ဆိုရင် လူသုံးယောက် အနှစ်နှစ်ဆယ်စားဖို့အတွက် လုံလောက်တယ်...ငါတို့ အရင်ရက်တွေက စားခဲ့တဲ့ပုံစံအတိုင်း ရက်နည်းနည်းကြာမှတစ်ခါ ချွေတာစားမယ်ဆိုရင်တော့ ငါ အသက်အိုမင်းပြီး သေဆုံးသွားတဲ့အချိန်ထိခံလောက်တယ်"
ရီဖုန်းထံတွင် သိုလှောင်လက်စွပ်ရှိနေသည်ကို သူတို့သိရှိထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သာမာန်သေမျိုးတစ်ယောက်သည် ဤအရာကို မည်သည့်နေရာမှရရှိခဲ့သည်ကို သူတို့ မသိရှိသော်လည်း ဤသည်မှာ ကျင့်ကြံသူများအနေဖြင့် သိနားလည်မှုဖြင့် ဖွင့်ဟမမေးမြန်းသင့်သော ကိစ္စတစ်ခုဖြစ်နေသည်။
ရီဖုန်း အသက်အိုမင်းပြီးသေသွားသည်အထိ စားနပ်ရိက္ခာ ကြာရှည်ခံနိုင်သည်ဟူသော စကားကိုကြားချိန်တွင် ယွင်ယောင်ယောင်တို့နှစ်ယောက်သည် သူ့ကိုနေရာမှာပင် သတ်ဖြတ်ပစ်လိုစိတ်များ တဖွားဖွားပေါက်လာသည်။
"မင်း...မင်းမှာ ဒီလောက်ထိ စားစရာအများကြီးရှိနေတာတောင်...ငါတို့ကို စောစောထုတ်မပေးဘဲ...ငါတို့ကို သေလုမျောပါးငတ်အောင်ထားပြီးမှ တစ်ကြိမ်ကိုနည်းနည်းချင်းစီ ထုတ်ပေးခဲ့တာလား"
ကူးဝူနျန်က ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဘေးဒုက္ခမရောက်ခင် ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးမဟုတ်လား"
ရီဖုန်းက ကူးဝူနျန်ကို မျက်စောင်းထိုးကြည့်ကာ စိတ်မရှည်စွာပြောဆိုသည်။
"တကယ်လို့ ငါတို့ ဒီထဲမှာပိတ်မိနေပြီးတော့ ထွက်လမ်းရှာမတွေ့တဲ့ ကိစ္စမျိုးဖြစ်လာမယ်ဆိုရင်....ငါက အထဲမှာ အိုမင်းပြီးသေဆုံးရရင်တောင် ဒါက လှောင်ပိတ်ခံထားရသလိုမျိုး ဖြစ်နေတယ်ဆိုပေမယ့်...ခေါင်းမာမာနဲ့အသက်ဆက်ရှင်နေတာက လက်လျှော့တာထက် ပိုကောင်းတယ်မဟုတ်လား"
"မင်း...."
"စကားပြောနေတာကို ရပ်လိုက်စမ်း"
ရီဖုန်း၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ကူးဝူနျန်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူသည် ဒေါသနှင့်ရယ်ချင်စိတ် နှစ်မျိုးစလုံးကို ခံစားနေရလေ၏။ နောက်ဆုံးတွင် သူသည် ရီဖုန်း၏လက်အတွင်းမှ အမဲသားခြောက်တစ်ချောင်းကိုဆွဲယူကာ အငမ်းမရဝါးမျိုလိုက်တော့သည်။
"နင် ဒီလောက်စားစရာတွေအများကြီးကို ဘယ်နေရာကနေရလာတယ်ဆိုတာ ငါ တကယ်ကိုမသိတော့ဘူး"
ယွင်ယောင်ယောင်က သူမ၏ခေါင်းကိုခါယမ်းကာ ဒေါသတကြီးမေးမြန်းသည်။
"ငါ နန်ရှားကနေထွက်လာချိန်တုန်းက...ငါ့ရဲ့မိတ်ဆွေအိုကြီးတစ်ယောက်ကို ဒေသခံစားကုန်တွေ မှာခဲ့တယ်...ဒါကြောင့် သူက ငါ့အတွက် အများကြီးပြင်ဆင်ပေးထားခဲ့တယ်"
ရီဖုန်းက ရယ်မောရင်းရှင်းပြသည်။
"ဒါပေမယ့် ပြောရမယ်ဆိုရင်...ငါ့ရဲ့မိတ်ဆွေအိုကြီးက အရမ်းဖော်ရွေတယ်...ငါ စားဖို့မလုံလောက်မှာကို သူ စိုးရိမ်နေတုန်းပဲ"
သူတို့နှစ်ယောက်လုံး ဆွံ့အသွားသည်။
သူတို့သည် ရီဖုန်း၏စကားများကို ထပ်မံ၍နားထောင်လိုစိတ်မရှိတော့ချေ။
ဤအစားတစ်နပ်အတောအတွင်း၌ သူတို့သုံးယောက်လုံး ဗိုက်ပြည့်တင်းအောင် စားလိုက်ကြသည်။
ရီဖုန်းထံတွင် စားစရာအများကြီးသိမ်းဆည်းထားသည်ကို သိရှိပြီးနောက် ယွင်ယောင်ယောင်တို့နှစ်ယောက်သည် အနည်းငယ်ဗိုက်ဆာသည်ဟု ခံစားရချိန်တိုင်း သူ့ထံမှ အစားအစာများ တောင်းခံကြလေ၏။
နောက်ဆုံးတွင် သုံးရက်ကြာပြီးနောက် သူတို့သုံးယောက်သည် အင်မော်တယ်အမွေအနှစ်နယ်မြေ၏ပြင်ပသို့ ထွက်လာနိုင်ခဲ့သည်။
နေ့အလင်းရောင်ကို တဖန်ပြန်၍ မြင်တွေ့ရလေပြီ။
"ဟူး...အင်မော်တယ်အမွေအနှစ်နယ်မြေကနေ ထွက်လာပြီးတော့...ဝမ်ဝမ်တောင်ရဲ့အစွန်အဖျားကို ရောက်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ကူးဝူနျန်က စိတ်ခံစားချက်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။
"အမှန်ပဲ...ဒီနေရာက ပင်ကျင်းမြို့နဲ့ သိပ်မဝေးတော့ဘူး"
ရီဖုန်းကလည်း သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဘေးကပ်ဆိုးကြီးကနေ အသက်ရှင်လွတ်မြောက်လာရတဲ့ ခံစားချက်က အရမ်းကောင်းတာပဲ"
ယွင်ယောင်ယောင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူမ၏မျက်လုံးကို ညင်သာစွာမှိတ်၍ သူမ၏နံဘေးပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို အာရုံခံလိုက်သည်။
အချိန်ကြာရှည်စွာ ရပ်နားခြင်းမပြုဘဲ သူတို့သုံးယောက်သည် အလျှင်အမြန် ခရီးဆက်ခဲ့ကြသည်။
နေ့ဝက်ခန့်ကြာပြီးနောက် သူတို့သုံးယောက်သည် အဘက်ဘက်မှဖိနှိပ်ခြင်းစွမ်းအား သက်ရောက်နေသောနယ်မြေမှ ထွက်လာနိုင်ခဲ့ကာ ကူးဝူနျန်နှင့်ယွင်ယောင်ယောင်တို့၏ကျင့်ကြံဆင့်စွမ်းအားများ ပြန်လည်ရရှိသွားလေပြီ။
"ညီအကိုရီ...အခုကြည့်ကြည့်တော့မှ မင်းက တကယ့်ကို သာမာန်သေမျိုးတစ်ယောက်ပဲ...အရင်ကတော့ ငါ ဒါကို တော်တော်လေးမယုံနိုင်ခဲ့ဘူး"
ကူးဝူနျန်သည် ရီဖုန်းကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မယုံကြည်နိုင်စွာ ပြောဆိုသည်။
"မင်းက ငါလိမ်နေတာလို့ စွပ်စွဲချင်တာလား"
ရီဖုန်းက စိတ်မရှည်သောအကြည့်ဖြင့် ကူးဝူနျန်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
"အမှန်အတိုင်းပြောရရင်....ညီအကိုရီ ငါ့ရဲ့ဘဝမှာ သာမာန်သေမျိုးတစ်ယောက်ကိုမပြောနဲ့ ကျင့်ကြံခြင်းလောကမှာတောင် ငါ ကြည်ညိုလေးစားတဲ့သူဆိုလို့ လူနည်းစုပဲရှိတယ်...မင်းက ငါ ကြည်ညိုလေးစားရတဲ့ ပထမဆုံးသေမျိုးပဲ"
"ပြီးတော့ ငါ ဝန်ခံချင်တာက....ဒီတစ်ကြိမ်မှာ မင်းသာ မရှိခဲ့ရင်...ငါ ကူးဝမ်နျန်က ဒီအင်မော်တယ်အမွေအနှစ်နယ်မြေထဲမှာ သေကြေပျက်စီးသွားလောက်ပြီ"
"ကျေးဇူးတင်ပါတယ်"
ကူးဝူနျန်သည် အလွန်အမင်း ရိုးသားစွာဖြင့် ရီဖုန်းကို အနည်းငယ်ဦးညွှတ်အရိုအသေပြုလိုက်၏။
တစ်ခုသိထားရမည်မှာ မာန်မာနကြီးမားသော သိုင်းအင်ပါယာတစ်ယောက်သည် သာမာန်သေမျိုးတစ်ယောက်ကို ရိုးသားစွာ ဦးညွှတ်အရိုအသေပြုခြင်းမှတဆင့် ကူးဝူနျန်၏မျက်လုံးအတွင်းရှိ ရီဖုန်း၏အဆင့်အတန်းကို ပြသရန်လုံလောက်သည်။
"ဒါက ဘာကျေးဇူးတင်စရာရှိလို့လဲ"
ရီဖုန်းက ရယ်မောရင်း ပြောဆိုသည်။
"ဒါပေမယ့်...."
"အမ်...."
"လှိုဏ်ဂူထဲမှာ မင်းတို့နှစ်ယောက် ငါ့ဆီကနေ အများကြီးစားခဲ့ကြတယ်လေ.. ငါတို့ စာရင်းမရှင်းသင့်ဘူးလား"
ထိုစကားကိုကြားချိန်တွင် ကူးဝူနျန်သည် နေရာမှာပင် တောင့်တင်းသွားလေ၏။
ယွင်ယောင်ယောင်၏လှပသောမျက်နှာလေးသည်လည်း သိသိသာသာ သုန်မှုန်သွားသည်။
ဒီကောင်စုတ်...ဘာလို့ သူ ဒီလောက်ထိ ဒေါသထွက်စရာ ကောင်းနေတာလဲ....
သူတို့သည် သူ့အား ကျေးဇူးသိတက်စပြုလာစဥ်မှာပင် သူသည် ငွေကြေးအကြောင်းကို စတင်၍ပြောဆိုလာခဲ့သည်။
"အင်း...ကျေးဇူးပြုပြီးတော့ ခဏလောက်စောင့်ကြပါအုံး...ငါ တွက်လိုက်အုံးမယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ တုတ်တစ်ချောင်းကိုအသုံးပြု၍ စာရင်းတွက်ချက်နေတော့သည်။
"တွက်နေတာကို ရပ်လိုက်တော့...ငါ နင့်ကို ရွှေပြားတစ်သန်းထပ်ပေးမယ်"
ယွင်ယောင်ယောင်က ဒေါသတကြီး ပြောဆိူလိုက်၏။
"ယိုး....သူကြွယ်မကြီးပဲ...အရမ်းချမ်းသာကြွယ်ဝတဲ့ မိန်းကလေးပဲ"
ရီဖုန်းက ဝမ်းသာပီတိဖြစ်စွာ အော်ဟစ်လိုက်သည်။
ထို့နောက် သူသည် ကူးဝူနျန်ကိုကြည့်ကာ ပြုံးဖြဲဖြဲနှင့်ပြောဆိုသည်။
"ဒါဆိုရင် ညီအကိုဝူနျန်ကရော ဘယ်လိုလဲ"
"အဟမ်း....ဒါက ကြီးကြီးမားမား တစ်ခုခုဖြစ်မယ်လို့ ငါ ထင်နေခဲ့တာ....ရွှေပြားလေးတွေပဲလား...တိုက်တိုက်ဆိုင်ဆိုင်နဲ့ ငါ့မှာ ရွှေပြား သုံးသန်း ငါးသန်းလောက် သိမ်းထားတာရှိတယ်....နောက်ကျရင် ငါ ဒါတွေအားလုံး မင်းဆီကို ပို့လိုက်မယ်"
ကူးဝူနျန်က ရက်ရက်ရောရော ပြောဆိုသည်။
"အဟက်...ဒါဆို မင်းက တကယ့်ကို သူကြွယ်ကြီးတစ်ယောက်ပဲ"
ရီဖုန်းက ချက်ချင်းဆိုသလိုပင် ကူးဝူနျန်ကို ဝက်ဝံကြီးတစ်ကောင်အလား ပွေ့ဖက်လိုက်၏။
"ကောင်းပြီလေ ညီအကိုရီ...ငါ အရင်ဆုံး ဒုန်ရှန်းကျိုးကို ပြန်ပြီးတော့ ကိစ္စလေးတချို့ကို သွားဖြေရှင်းလိုက်အုံးမယ်...ငါ့ရဲ့ကိစ္စတွေ လုပ်ပြီးတာနဲ့ ငွေတွေယူလာပြီး မင်းကို လာရှာမယ်"
ကူးဝူနျန်က ပြောဆိုသည်။
"ကြားရတာ ဝမ်းသာပါတယ်...လမ်းခရီးမှာ ဘေးရန်ကင်းရှင်းပါ...ငါက မင်းလာမယ့်အချိန်ကို အမြဲတမ်းကြိုဆိုနေမှာပါ"
ရီဖုန်းက ရယ်မောပြီး ပြောဆိုလိုက်သည်။
"မိန်းကလေးယွင်ကို နှုတ်ဆက်ပါတယ်"
ကူးဝူနျန်သည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ သူတို့နှစ်ယောက်ကို နှုတ်ဆက်ကာ မိုးကောင်းကင်ယံအတွင်းသို့ခုန်တက်ပြီး အဝေးသို့ လျှင်မြန်စွာပျံသန်းသွားတော့သည်။
"ဟူး...."
ကူးဝူနျန်၏ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ပြီး ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ဖြည်းညှင်းစွာပြောဆိုသည်။
"ဒါကိုကြည့်ရင် ဂုဏ်သိက္ခာသမာဓိနဲ့ပြည့်စုံတဲ့သူလို့ ခေါ်လို့ရတယ်....ညီအကိုဝူနျန်မှာ ဒီလိုအကျင့်သိက္ခာမျိုးရှိနေမှတော့ နောင်တစ်ချိန်မှာ ကိစ္စကြီးတွေကို အောင်မြင်နိုင်မယ့် လူတစ်ယောက်ဖြစ်လာမှာ သေချာတယ်"
ရီဖုန်း၏အဓိပ္ပါယ်ပါသော စကားများကိုကြားချိန်တွင် ယွင်ယောင်ယောင်၏နုတ်ခမ်း မဲ့ရွဲ့သွားသည်။
သို့ရာတွင် သူမသည် ရုတ်တရက် အော်ဟစ်ရယ်မောလိုက်၏။
"မင်း ဘာရယ်တာလဲ"
ရီဖုန်းက ဇဝေဇဝါဖြင့် မေးမြန်းသည်။
"ငါက နင့်ကြောင့်ရယ်တာလေ...သာမာန်သေမျိုးတစ်ယောက်ဖြစ်တဲ့ နင်က တကယ့်ကို တော်တော်လေး ချစ်ဖို့ကောင်းတာပဲ"
ယွင်ယောင်ယောင်၏နီမြန်းသောနုတ်ခမ်းနှစ်လွှာ မြင့်တက်သွားပြီး သူမက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ဘာ...."
ရီဖုန်း၏မျက်နှာပေါ်တွင် အံ့အားသင့်တုန်လှုပ်သွားသော အရိပ်အယောင်များ လွှမ်းခြုံသွားတော့သည်။
"ဟွန့် ထားလိုက်တော့...ငါ နင့်ကို ဒီတောတောင်တွေထဲကနေ အရင်ဆုံး အပြင်ထုတ်ပေးမယ်"
ယွင်ယောင်ယောင်သည် ရီဖုန်း၏လက်ကို ဖမ်းဆုပ်ကာ လေထုအတွင်းမှ ပျံသန်းခဲ့သည်။
မကြာမီမှာပင် သူတို့သည် ဝမ်ဝမ်တောင်၏နယ်နိမိတ်မှကျော်လွန်ကာ ပင်ကျင်းမြို့၏အစွန်အဖျားတစ်နေရာသို့ ရောက်ရှိလာပေ၏။
"ငါလည်း ဒုန်ရှန်းကျိုးမှာ လုပ်စရာကိစ္စလေးတွေ ရှိနေတုန်းပဲ...ငါ နင့်ကို ဒီနေရာထိပဲ လိုက်ပို့နိုင်မယ်"
မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက် ယွင်ယောင်ယောင်က နူးညံညင်သာစွာပြောဆိုသည်။
"ကောင်းပြီလေ...လမ်းခရီးမှာ ဘေးရန်ကင်းရှင်းပါစေ....ငါလည်း ခရီးထွက်လာတာကြာပြီဆိုတော့ အခု ပြန်ဖို့အချိန်ကျပြီ"
ရီဖုန်းက ယွင်ယောင်ယောင်ကို ခေါင်းညိတ်ပြလိုက်သည်။
နှုတ်ဆက်စကားပြောဆိုပြီးနောက် ရီဖုန်းသည် ပင်ကျင်းမြို့ထံသို့ဦးတည်၍ လျှောက်လှမ်းခဲ့တော့သည်။
ရီဖုန်း၏ထွက်ခွာသွားသောနောက်ကျောပြင်ကို စောင့်ကြည့်ရင်း သူသည် တစ်ခေါက်ပင်ပြန်လှည့်ကြည့်မလာသည်ကိုမြင်သော ယွင်ယောင်ယောင်သည် သူမ၏ပါးစပ်ကိုဟလိုက်သော်လည်း သူမ ပြောလိုသောစကားလုံးများ ထွက်မလာတော့ချေ။
အဆုံးသတ်၌ သူမတို့နှစ်ယောက်သည် တူညီသောလမ်းကြောင်းကို လျှောက်လှမ်းနေသူများမဟုတ်ချေ။
ဟူး...
သူမက သက်ပြင်းတစ်ချက်ရှိုက်ကာ ထွက်ခွာသွားရန်အတွက် နောက်သို့လှည့်လိုက်သည်။
သို့ရာတွင် သူမ နောက်သို့လှည့်လိုက်ချိန်၌ အစောပိုင်းက ထွက်ခွာသွားခဲ့သော ရီဖုန်းသည် ရုတ်တရက် နောက်သို့ပြန်လှည့်ကြည့်သည်ကို သူမ မြင်တွေ့မိလေ၏။
သူမ၏မျက်လုံးများ တောက်ပသွားသည်။ သူမ၏ထွက်ခွာသွားလုဆဲဆဲ ခြေလှမ်းများကို ဆတ်ခနဲရပ်တန့်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူမ၏မျက်လုံးများ ရွှန်းစိုတောက်ပနေကာ သူမ၏လှပသောမျက်နှာလေးပေါ်တွင် ဝမ်းသာပီတိဖြစ်မှုများ မဖုံးကွယ်နိုင်လောက်အောင် ထင်ဟပ်နေသည်။ သူမ၏စိတ်နှလုံးသားအတွင်းတွင်လည်း မျှော်လင့်စောင့်စားမှုများ ကြီးစိုးနေပေ၏။
"အစ်မကြီး...ငါ့ကိုပေးရမယ့်အကြွေးကို မမေ့နဲ့အုံးနော်"
ရီဖုန်းက အော်ဟစ်လိုက်သည်။
"အမ်...."
"ဟွန့်..."
ယွင်ယောင်ယောင်သည် သူမ၏စိတ်နှလုံးသားအား ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသဖြင့် လုံးလုံးလျားလျား သတိလက်လွတ်ဖြစ်သွားကာ ဒေါသကြောင့် သူမကိုယ်သူမ ထိန်းချုပ်နိုင်မှု လွတ်ကင်းသွားလုမတတ်ပင်။
သူမ၏ခြေထောက်အောက်မှမြေပြင်သည် မရေမတွက်နိုင်သော အက်ကွဲကြောင်းများအဖြစ် ကွဲထွက်သွားခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိအပူချိန် ရုတ်ချည်းမြင့်တက်လာကာ သူမ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။