← Chapters

အခန်း (၃၃၆-၃၄၀)

Vol. 23 Ch. 336-340

အခန်း (၃၃၆-၃၄၀)

Vol. 23 Ch. 336-340

Chapter 336

"ခွေးလေး....သွားကြစို့"

တောကြီးမျက်မည်းအတွင်းသို့ ရောက်ရှိပြီးနောက် ရီဖုန်းသည် သိုလှောင်လက်စွပ်အတွင်းမှ ခွေးကိုလွှတ်ပေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ အမဲလိုက်ခြင်းတွင် ခွေးတစ်ကောင် အဖော်ရှိနေရန်လိုအပ်သည်။

ဝမ်ချိုင်သည် ဤခရီးစဉ်အတွင်းတွင် သူ့အတွက် ခရီးသွားဖော်တစ်ယောက်လည်းဖြစ်ပေ၏။

"ဝု....ဝု...."

ခွေး၏ဟောင်သံနှင့် အတူယှဉ်တွဲ၍ လူတစ်ယောက်နှင့်ခွေးတစ်ကောင်တို့သည် မူတောင်တန်း၏နက်ရှိုင်းသောနေရာသို့ ဝင်ရောက်ခဲ့တော့သည်။

မိုးကောင်းကင်ယံ၌....

တင့်တယ်လှပသော ပုံရိပ်တစ်ခု လျှင်မြန်စွာပျံသန်းနေသည်။

သူမထံတွင် ဆွဲဆောင်မှုရှိသော အလှအပမျိုးရှိကာ သာမာန်လူများနှင့် အလွန်ခြားနားသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် သိသာထင်ရှားသောအဆင်းလှမှုကို အမြင့်မားဆုံးအဆင့်ထိ ပိုင်ဆိုင်ထားပေ၏။

သို့ရာတွင် သူမ၏အလှသည် နူးညံသိမ်မွေ့သော အပျိုစင်တစ်ယောက်နှင့်မတူညီဘဲ အချုပ်အနှောင်ကင်းပြီး အရိုင်းဆန်သောအလှမျိုးဖြစ်ကာ မတူကွဲပြားသောဆွဲဆောင်မှုမျိုးကို ပေးစွမ်းနိုင်သည်။

"ဒီလိုသေးငယ်တဲ့နေရာမျိုးမှာ ကိုယ်ပိုင်လောကီသဘာဝလွန်ပုံရိပ်ကို ဖြစ်ပွားလာစေတဲ့ ကောင်းကင်ဝါးမျို နတ်ဆိုးဝံပုလွေတစ်ကောင် မွေးဖွားလာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"အခု ငါ ဒီနေရာမှာ ရောက်နေမှတော့...ဘာကိစ္စတွေပဲရှိနေနေ အဲ့ဒီဝံပုလွေငယ်လေးကို ငါ ခေါ်သွားရမယ်"

သူမ၏မျက်လုံးအတွင်းမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။

သူမသည် အရေးကြီးသောကိစ္စများကို လေ့လာဆင်ခြင်ရင်း အတွေးများအကြား၌ နစ်မြောနေသည်။

"အမ်..."

"ဒါက ဘာလဲ..."

ရုတ်တရက် သူမသည် တောတောင်အတွင်းရှိ မနီးမဝေးတစ်နေရာမှ တစ်မူထူးခြားသော အရှိန်အဝါတစ်ရပ်ကို အာရုံခံမိသဖြင့် သူမ၏မျက်လုံးများ တောက်ပသွားသည်။

ထိုအရှိန်အဝါကို သိသာထင်ရှားစွာ ထုတ်လွှတ်ထားခြင်းမရှိသော်လည်း နတ်ဆိုးသားရဲများ၏ပင်ကိုဗီဇအရ သူမ ထိုအရာကို အာရုံခံနိုင်စွမ်းရှိသည်။

"ဒီနတ်ဆိုးသားရဲရဲ့အရှိန်အဝါက နည်းနည်းတော့ ထူးဆန်းနေတယ်...ဒါက ဘယ်လိုသက်ရှိမျိုးလဲဆိုတာ ငါ ခွဲခြားမမြင်နိုင်ဘူး"

"ငါ တော်တော်သိချင်မိတယ်....အဲ့ဒါဘာလဲဆိုတာ ငါ တစ်ချက်လောက် သွားကြည့်မှရမယ်"

အချိန်တခဏခန့်စဥ်းစားတွေးတောပြီးနောက် သူမသည် လမ်းကြောင်းပြောင်းလဲကာ ပျံသန်းလိုက်၏။

သူမသည် အခြေအနေကို စူးစမ်းလေ့လာလိုသည်။

"ဝု....ဝု...."

ခွေးက ဟောင်လိုက်သည်။ ကြည့်ရသည်မှာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပုံပင်။

ရီဖုန်းသည် သူ၏လေးကို အဆင်သင့်ပြင်ကာ ဖမ်းဆီးရန်အတွက် အပြေးသွားလိုက်သည်။ သူ မြင်တွေ့လိုက်ရသည်မှာ ရှေ့ရှိခြုံပုတ်များအကြားတွင် လဲလျောင်းနေသော အဖြူရောင်အရိုးစုတစ်ခုပင်။

ထို့ပြင် ခွေး၏ပစ်မှတ်သည်လည်း ဤအရိုးစုဖြစ်ပေ၏။

"တော်လိုက်တဲ့ ကောင်လေး"

ရီဖုန်းက ခွေး၏ခေါင်းကိုပွတ်သပ်ကာ ချီးမွမ်းလိုက်သည်။ ထို့နောက် သူ၏အကြည့်က အရိုးစုထံသို့ တဖန်ပြန်၍ ကျရောက်သွားသည်။

ဤအရိုးစုနှင့်ပတ်သတ်၍ မည်သည့်ထူးခြားချက်မျိုးမျှ မရှိသော်လည်း ထိုအရာ၏လက်ချောင်းတွင်ရှိနေသော သိုလှောင်လက်စွပ်က သိသာထင်ရှားစွာ ပေါ်လွင်နေသည်။

ရီဖုန်းသည် ထိုအရာကို သိရှိပေ၏။

ဤကမ္ဘာလောကအတွင်း၌ လူချမ်းသာများနှင့်ကျင့်ကြံသူများသာ သိုလှောင်လက်စွပ်များကို ပိုင်ဆိုင်နိုင်သည်။

ရီဖုန်းက ထိုသိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်သည်။

"ဒီထဲမှာ ဘယ်လိုရတနာကောင်းလေးတွေ ရှိနေမလဲဆိုတာ ခန့်မှန်းကြည့်ရအောင်"

ရီဖုန်းက မျှော်လင့်နေသော အပြုံးတစ်ခုနှင့် ပြောဆိုသည်။

"ဝု....ဝု..."

ခွေးသည် ရီဖုန်း၏စကားကို တုံ့ပြန်သည့်အနေဖြင့် အကြိမ်ရေအနည်းငယ်ခန့်ဟောင်ကာ အဓ်ပ္ပါယ်ပါသောအကြည့်ဖြင့် နေရာတစ်နေရာထံသို့ကြည့်လိုက်၏။

သို့ရာတွင် ရီဖုန်းသည် ထိုနေရာကို လုံးလုံးလျားလျား လျစ်လျှူရှုထားသဖြင့် ခွေးသည်လည်း ထပ်မံ၍အာရုံမစိုက်တော့ချေ။

"ဟမ်...ငါ့ကို သတိပြုမိသွားတာလား"

အဝေးတွင်ရှိနေသော မိန်းကလေး၏မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားသည်။ ခွေး၏အဓိပ္ပါယ်ပါသောအကြည့်သည် သံသယဝင်ဖွယ်ကောင်းသည်ဟု သူမ ခံစားမိလေ၏။

သို့ရာတွင် မကြာမီမှာပင် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ငါ အတွေးလွန်နေပြီ...ဘယ်လိုလုပ်ပြီး ငါ့ကိုရှာတွေ့သွားနိုင်မှာလဲ....ဒါက တိုက်ဆိုင်မှုတစ်ခုပဲဖြစ်မယ်"

"ဒါပေမယ့် ဒီနတ်ဆိုးသားရဲက ဘာလို့ ခွေးတစ်ကောင်ရဲ့ပုံစံကို ယူထားပြီးတော့ သူ့ဆီမှာ နတ်ဆိုးသားရဲတစ်ကောင်ရဲ့အရှိန်အဝါ နည်းနည်းလေးတောင် ရှိမနေတာကို ငါ နားမလည်နိုင်ဘူး...အရမ်းထူးဆန်းတယ်"

"ဘယ်လိုပဲဖြစ်ဖြစ်...အရေးကြီးတဲ့အချက်က...နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီးတော့ ဘယ်လိုဖြစ်ပြီးတော့ သူ့ကိုယ်သူနှိမ့်ချပြီး လူသားတစ်ယောက်ကို အဖော်ပြုပေးနေတာလဲ"

ဤအကြောင်းကို စဥ်းစားတွေးတောပြီးနောက်...

သူမက မျက်မှောင်ကြုတ်လိုက်၏။

ဇဝေဇဝါဖြစ်နေကာ...

ဤနတ်ဆိုးသားရဲသည် ထိန်းချုပ်ခြင်းခံထားရသလော...

သူမ ထိုအကြောင်းကို ပို၍စဥ်းစားတွေးတောလေလေ ဤသည်မှာဖြစ်နိုင်ချေများသည်ဟု သူမ ပို၍ခံစားရလေလေပင်။

အကြောင်းအရင်းမှာ နတ်ဆိုးသားရဲများနှင့်လူသားများသည် အမြဲတစေဆန့်ကျင်ဘက်ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် နတ်ဆိုးသားရဲများသည် လူသားများနှင့် အတူယှဥ်တွဲနေလေ့မရှိချေ။

ဤအကြောင်းကြောင့်...

ဤနတ်ဆိုးသားရဲ ထိန်းချုပ်ခံထားရခြင်းဖြစ်သည်မှာ သိသာထင်ရှားနေသည်။

သူမ၏မျက်လုံးအတွင်း၌ ဒေါသများ မြင့်တက်လာသည်။

"နင် ဒီခွေးနတ်ဆိုးကိုထိန်းချုပ်ဖို့ ဘာနည်းလမ်းကိုပဲသုံးထားထား...ငါ့ရဲ့နတ်ဆိုးသားရဲမျိုူနွယ်တစ်ကောင်ကို မလျော်မကန်ဆက်ဆံခံနေရတာကို ငါ သည်းမခံနိုင်ဘူး...နိမ့်ကျတဲ့လူသား...နင် ဒီကိစ္စအတွက် နင့်ရဲ့အသက်နဲ့ပြန်ပေးဆပ်ရမယ်"

သူမ၏နတ်ဆိုးစွမ်းအားများ တဖြည်းဖြည်း ပွက်ပွက်ဆူလာသည်။

သူမသည် ဤလူသားကိုသတ်ဖြတ်ကာ ခွေးနတ်ဆိုးကို သူ၏ထိန်းချုပ်မှုအောက်မှ လွှတ်ပေးမည်ဟု ဆုံးဖြတ်လိုက်၏။

သို့ရာတွင်...

ထိုမိန်းကလေးသည် ရီဖုန်း၏အသက်ကို အဆုံးသတ်ပေးရန် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည့် အချိန်မှာပင် မလှမ်းမကမ်းရှိ ရီဖုန်းက သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။

အကြည့်တစ်ချက်ဖြင့်ပင် သူ ဝမ်းသာပီတိဖြစ်သွားသည်။

ရွှေပြားများ....

သောင်းနှင့်ချီသော ရွှေပြားများ....

ချက်ကောင်းကို ရိုက်ခတ်မိခြင်းပင်။

ဟား...ဟား...ဟား....

ရီဖုန်းအတွက် ဤကဲ့သို့အချိန်မျိုး၌ သောင်းနှင့်ချီသော ရွှေပြားများကိုရရှိခြင်းသည် သူ မျှော်လင့်မထားသော ကံကြမ္မာကောင်းတစ်ခုပင်။ ဤသည်မှာ သူ့အား အလွန်အမင်း ဝမ်းသာပီတိဖြစ်သွားစေသည်။

"ယိုး...ဟိုး..."

စိတ်လှုပ်ရှားမှုကြောင့် သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကာ မိုးကောင်းကင်ယံထံဦးတည်၍ ထိုးနှက်လိုက်သည်။

ဘုန်း...

သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရီဖုန်းထံတိုးဝင်လာသော မိန်းကလေးသည် လေထု၏အလယ်မှာပင် ရပ်တန့်သွားလေ၏။ သူမသည် ခေါင်းကိုဆတ်ခနဲမော့ကာ မိုးကောင်းကင်ယံကို ကြည့်လိုက်သည်။

"ဒီလက်သီး..."

"ဒီလက်သီးချက်က...."

သူမ၏မျက်လုံးများ ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသားဖြစ်နေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ခေါင်းအစခြေအဆုံး အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။

အကြောင်းအရင်းမှာ ဤလက်သီးချက်ကို သူမ အလွန်ရင်းနှီးကျွမ်းဝင်သောကြောင့်ပင်။

ဤသည်မှာ လွန်ခဲ့သော အချိန်တစ်ခုအတွင်း၌ မိုးကောင်းကင်ယံအတွင်း၌ ရုတ်တရက် ထင်ဟပ်လာသော လက်သီးချက်နှင့် တူညီနေသည်မဟုတ်လော....

ဤအချိန်အခိုက်အတန့်တွင်....

အင်မော်တယ်မြစ်ကုန်းမြေ အနှံ့အပြားမှ မွန်းစတားအိုကြီးအမြောက်အများ ထပ်မံ၍ထွက်ပေါ်လာကာ သူတို့၏မျက်လုံးအကြည့်များအားလုံး မိုးကောင်းကင်ယံထံသို့ စူးစိုက်၍ကျရောက်နေသည်။

"ဒီလက်သီးချက်..."

"ဒါက ထပ်ပြီးထွက်ပေါ်လာပြန်ပြီလား"

"ဒီလိုစွမ်းအားကြီးတဲ့ တိုက်ခိုက်မှုတစ်ခုက...ဘယ်လိုလုပ်ပြီး သေမျိုးလောကနဲ့သက်ဆိုင်လာတာလဲ"

"အင်မော်တယ်လမ်းကြောင်း ပြတ်တောက်သွားတာကြောင့်....ဒီလိုအဆင့် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်အသုံးပြုနိုင်တဲ့အထိ အရည်အချင်းရှိတဲ့လူတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ...ဖြစ်နိုင်တာတော့ ဒါက ကောင်းကင်ဘုံရဲ့သဘာဝလွန်ပုံရိပ်တချို့ပဲလား"

အင်မော်တယ်နယ်မြေ၌....

နယ်မြေအနှံ့အပြားမှ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများ စုဝေးနေကြသည်။

"ဒီလက်သီးချက် ပြန်ပြီးထွက်ပေါ်လာပြန်ပြီ"

တစ်စုံတစ်ယောက်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"အမှန်ပဲ....ဒီလက်သီးချက်က အရင်ထက်တောင် ပိုပြီးအားကောင်းလာတယ်...အရင်နေရာထက် သက်ရောက်မှုကျော်လွန်ပြီးတော့ မိုင်တစ်သောင်းပတ်လည် နယ်မြေတစ်ခုလုံးကို ပရမ်းပတာဖြစ်သွားစေခဲ့တယ်...ဒီတိုက်ခိုက်မှုကို ဗဟိုပြုပြီးတော့ မိုင်တစ်သောင်းပတ်လဘ် နယ်မြေတစ်ခုလုံးက ဘာမှမရှိခဲ့သလိုမျိုး ဗလာဟင်းလင်းဖြစ်သွားပြီ"

တခြားတစ်ယောက်က ဖြည့်စွက်ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏မျက်နှာများပေါ်တွင် ပြင်းထန်စွာအကျပ်ရိုက်သွားသော အမူအယာမျိုး ထင်ဟပ်လာသည်။

ဤလက်သီးချက်သည်...သတိပေးချက်တစ်ခုကို ထုတ်ပြန်ကြေငြာခြင်းမျိုး ဖြစ်နေသလော....

ထိုသို့မဟုတ်ပါက အမျိုးအမည်မသိရသော နယ်မြေတစ်ခုမှနေ၍ အင်မော်တယ်နယ်မြေကို ပစ်မှတ်ထားနေသော တိုက်ခိုက်မှုတစ်ခု၏ရှေ့ပြေးအရိပ်အယောင် ဖြစ်နေသလော....

ယခုချိန်တွင်....

သူတို့အားလုံးထံတွင် တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေပေ၏။

အကြောင်းအရင်းမှာ မကြာခဏဆိုသလို လျှို့ဝှက်နက်နဲပြီး ခန့်မှန်းရခက်သော တိုက်ခိုက်မှုမျိုး ထွက်ပေါ်လာခြင်းသည် သူတို့၏စိတ်နှလုံးသားအတွင်းမှ အကြောက်တရားများကို လှုံဆော်ပေးနေခြင်းကြောင့်ပင်။

မူတောင်ပရဝုဏ်အတွင်း၌....

ဤလက်သီးချက်ကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသော မိန်းကလေးသည် ရွှေရောင်ကျားသစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်၌ ပြားပြားဝပ်နေသည်။ သူမသည် တစိုးတစိမျှပင် မလှုပ်ရှားဝံ့ချေ။

ဤလက်သီးချက် မည်ကဲ့သို့ ထွက်ပေါ်လာသည်ကို မြင်တွေ့ရသော ကံကြမ္မာမျိုး သူမထံတွင်ရှိလာမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။

ထို့ထက်ပို၍ ရယ်ရွှင်ဖွယ်ကောင်းသည်မှာ သူမသည် တစ်ဖက်လူ၏အစစ်အမှန်စွမ်းအားကို သတိပြုမိခြင်းမရှိဘဲ သူ့အားတိုက်ခိုက်ရန် တွေးတောခဲ့သောကိစ္စပင်။

မကြာမီမှာပင် ခွေးနတ်ဆိုးသည် မည်သည်ကြောင့် ဤလူသား၏နောက်သို့ လိုလိုလားလား လိုက်နေသည်ကို သူမ နားလည်သဘောပေါက်သွားပေ၏။

သူမသည်လည်း ဤကဲ့သို့လိုက်ရန် အလွန်ဆန္ဒရှိကြောင်း သူမ ဝန်ခံရပေမည်။

သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်း၌ ဖရိုဖရဲအတွေးများ အဆုံးမရှိ မုန်တိုင်းထန်နေသည့်တိုင် သူမအား လွှမ်းခြုံထားသော ထိတ်လန့်ကြောက်ရွံစိတ်များသည် ပျက်ပြယ်သွားခြင်းမရှိဘဲ ကြွင်းကျန်နေဆဲပင်။

အကြောင်းအရင်းမှာ ဤရုတ်တရက်လက်သီးချက်၏နောက်ကွယ်တွင် သဟဇာတဖြစ်မှုနှင့် အကြောင်းအရင်းများ ရှိမနေခြင်းကြောင့်ပင်။

ဤသည်မှာ ထိုလူသားသည် သူမအား သတိပေးခြင်းနှင့်တူညီနေသည်။

သူမ ပို၍ တွေးတောဆင်ခြင်မိလေလေ သူမ ပို၍ထိတ်လန့်ကြောက်ရွံလာပေ၏။

အကယ်၍ ဤလူသားသာ အမှန်တကယ်ဒေါသထွက်လာပါက ဒဿမဘဝအင်ပါယာတစ်ယောက်ပင် သူ၏ဒေါသကို ဖြေဖျောက်ပေးနိုင်မည်မဟုတ်ချေ။

သို့ရာတွင် ရီဖုန်းသည် သူမအား အာရုံစိုက်ခြင်းမရှိဘဲ ထွက်ခွာသွားသည်ကိုကြည့်ပြီး စိတ်သက်သာရာရသွားမှုများက သူမ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

"ဟူး...."

"အရမ်းကြောက်ဖို့ကောင်းတာပဲ"

"ငါ ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဆီ အမြန်သွားပြီးတော့ ဝံပုလွေငယ်လေးကိုခေါ်ပြီး....ဒီနေရာကနေ အမြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်"

သေခြင်းမှပွတ်ကာသီကာ လွတ်မြောက်လာပြီးနောက် သူမက ခေါင်းမော့လိုက်၏။

ထို့နောက် သူမသည် လမ်းကြောင်းပြောင်းကာ ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်၏နေရာထံသို့ အလျှင်အမြန်ပျံသန်းခဲ့တော့သည်။

Chapter 337

မကြာမီမှာပင်...

အင်မော်တယ်မြစ်ကုန်းမြေ၏အထက်ရှိ မိုးကောင်းကင်ယံကို ချိုးဖျက်ခဲ့သော လက်သီးပုံရိပ်ယောင်သည် နောက်ဆုံး၌ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။

ထို့နောက် ဤမြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသော မွန်းစတားအိုကြီးများအားလုံး ထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် မိုးကောင်းကင်ယံကြီး ထူးထူးခြားခြား ပြောင်းလဲသွားခဲ့သည်။

လက်သီးပုံရိပ်ယောင် ချိုးဖျက်သွားခဲ့သော မိုးကောင်းကင်ယံနေရာမှနေ၍ လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ ပျံ့နှံ့သွားသည်။

မကြာမီမှာပင်....

ထိုစွမ်းအားသည် အင်မော်တယ်ကုန်းမြေတခွင်လုံးအနှံ့ ပြည့်နှက်သွားပေ၏။

သို့ရာတွင်....

သာမာန်လူများသည် ဤစွမ်းအားကို မခံစားနိုင်သော်လည်း အင်မော်တယ်မြစ်ကုန်းမြေအတွင်းရှိ မွန်းစတားအိုကြီးများအားလုံး စိတ်လှုပ်ရှားသွားကာ သူတို့၏မျက်လုံးများအတွင်းမှ မျက်ရည်များ ယိုစီးကျလာသည်။

"အင်မော်တယ်လမ်းကြောင်း...."

"ဒါက အင်မော်တယ်လမ်းကြောင်းပဲ..."

"အိုး ဘုရားရေ...ဒါက တကယ့်ကို အင်မော်တယ်လမ်းကြောင်းပဲ...နှစ်ပေါင်းသန်းနဲ့ချီပြီး ပြတ်တောက်နေခဲ့တဲ့ ငါတို့ အင်မော်တယ်မြစ်ကုန်းမြေရဲ့ အင်မော်တယ်လမ်းကြောင်း နောက်ဆုံးတော့ ပြန်ပွင့်သွားပြီ"

"ဟား....ဟား....ဟား...."

ဤအချိန်အခိုက်အတန့်တွင်....

မွန်းစတားအိုကြီး အမြောက်အများ ဝမ်းသာအားရ အော်ဟစ်ရယ်မောလိုက်ကြ၏။

အင်မော်တယ်လမ်းကြောင်း....

ဤသည်မှာ တက်လှမ်းရန်အတွက် လိုအပ်သောလမ်းကြောင်းပင်။

အတိတ်တွင် နဝမဘဝအင်ပါယာနယ်ပယ်မှ ဒဿမဘဝအင်ပါယာနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်သူတစ်ယောက်သည် အင်မော်တယ်လမ်းကြောင်းကို ရရှိနိုင်သည်။ အင်မော်တယ်လမ်းကြောင်းကိုရရှိပြီးနောက် ထိုလူသည် အင်မော်တယ်နယ်မြေသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီသွားကာ အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်သွားပြီဟု ယူဆနိုင်ပေ၏။

သို့ရာတွင် အမျိုးအမည်မသိရသော အကြောင်းအရင်းတချို့ကြောင့် အင်မော်တယ်မြစ်ကုန်းမြေ၏အထက်တွင် အတားအဆီးတစ်ခု ထွက်ပေါ်လာကာ အင်မော်တယ်လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားသွားသည်။

ထို့ကြောင့် နောက်ပိုင်းတွင် ဒဿမဘဝသိုင်းအင်ပါယာနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်လာသူများသည် အင်မော်တယ်လမ်းကြောင်း ပိတ်ဆို့နေသောကြောင့် အင်မော်တယ်များ ဖြစ်မလာတော့ချေ။

ထို့ကြောင့် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ ဒဿမဘဝသိုင်းအင်ပါယာနယ်ပယ်သို့ ရောက်ရှိလာသူများကို အတုအယောင်အင်မော်တယ်များဟု ခေါ်ဆိုသည်။

အတုအယောင်အင်မော်တယ်များနှင့် အစစ်အမှန်အင်မော်တယ်များကြား ကွာခြားချက်သည် အင်မော်တယ်လမ်းကြောင်းတစ်ခုသာဖြစ်သော်လည်း သူတို့၏စွမ်းအားကွာဟချက်သည် လွန်စွာကြီးမားပေ၏။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌....

အင်မော်တယ်လမ်းကြောင်း၏စွမ်းအား အင်မော်တယ်မြစ်ကုန်းမြေထံသို့ ပြန်လည်စီးဆင်းလာမှုနှင့်အတူ ဒဿမဘဝအင်ပါယာနယ်ပါယ်က မွန်းစတားအိုကြီးအမြောက်အများ ဤအချိန်အခိုက်အတန့်တွင် အင်မော်တယ်လမ်းကြောင်းကို ပြန်လည်ရရှိသွားခဲ့သည်။

သူတို့သည် ချက်ချင်းဆိုသလိုပင် အစစ်အမှန်အင်မော်တယ်များ ဖြစ်သွားကြလေပြီ။

"ငါ သိပြီ....အစောပိုင်းက လျှို့ဝှက်ဆန်းကြယ်တဲ့လက်သီးချက်က အင်မော်တယ်မြစ်ကုန်းမြေရဲ့အင်မော်တယ်လမ်းကြောင်းကို ပြန်ပွင့်သွားစေတာပဲဖြစ်မယ်"

"ဟား ဟား ဟား...ငါ အရင်ဆုံး ကျင့်ကြံဆင့်ချိုးဖျက်နိုင်ပြီ"

"ဟွန့်...ငါလည်း မင်းနောက်မှာ အကြာကြီးကျန်နေခဲ့မှာမဟုတ်ဘူး"

"ဟား...ဟား...ဟား...ဟား...."

"ဒါဆိုရင် ဒါက အင်မော်တယ်တစ်ယောက်ဖြစ်လာတဲ့ ခံစားချက်မျိုးပေါ့"

"ဒီလို အစွမ်းထက်တဲ့ခွန်အားမျိုး..."

"ငါက ငါ့ရဲ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်နိုင်လို့တောင် ခံစားမိတယ်"

ရုတ်ချည်းဆိုသလိုပင် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ အင်မော်တယ်အမြောက်အများ ထွက်ပေါ်လာသည်။

ဤနေ့သည်....

အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံးအတွက် အရူးအမူးပျော်ရွှင်ရသော နေ့တစ်နေ့ဖြစ်ခဲ့ပေ၏။

နေ့တစ်ဝက်ခန့်ကြာပြီးနောက်...

အင်မော်တယ်မြစ််ကုန်းမြေ၏ဗဟိုကုန်းမြေအတွင်း၌ ဆယ်နှင့်ချီသောလူများသည် မြင့်မားသောမျှော်စင်တစ်ခု၏ထိပ်၌ မတ်တတ်ရပ်နေကြသည်။ ဂိုဏ်းအင်အားစုအသီးသီးမှ မရေမတွက်နိုင်သောတပည့်များသည် ထိုလူများကို အားကျသောအကြည့်ဖြင့် မော့ကြည့်နေကြလေ၏။

ဤလူများ၏ရည်ရွယ်ချက်သည် အင်မော်တယ်နယ်မြေသို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်နိုင်ရန်ပင်။

"နတ်ဆိုးအိုကြီး...မင်းက နေ့ဝက်အတွင်းမှာ ထွက်သွားတော့မလို့လား...ဘာလို့ ရက်နည်းနည်းလောက် ထပ်မနေတာလဲ"

အင်မော်တယ်လမ်းကြောင်းကို ရရှိပြီးဖြစ်သော လူကြီးတစ်ယောက်က လူအိုကြီးတစ်ယောက်ကို မေးမြန်းလိုက်သည်။

"ငါက ဒဿမဘဝသိုင်းအင်ပါယာနယ်ပယ်မှာ ပိတ်မိနေတာ နှစ်ပေါင်းသုံးထောင်ကျော်နေပြီ....အင်မော်တယ်မြစ်ကုန်းမြေထဲမှာ ငါ တွယ်ငြိစရာ ဘာမှမကျန်တော့ဘူး....ငါ အင်မော်တယ်နယ်မြေကိုသွားဖို့ မစောင့်နိုင်တော့ဘူး"

လူအိုကြီးက စိတ်အားထက်သန်စွာ ပြောဆိုသည်။

"ငါ သိပြီ...မင်းက ဆန္ဒရှိသလို အသွားအပြန်လုပ်နိုင်တဲ့အတွက် ငါ တကယ်ကို မနာလိုဖြစ်မိတယ်...ငါ့အတွက်ကတော့ ငါ့ကိုချည်နှောင်ထားတဲ့အရာတွေ ရှိနေသေးတယ်"

လူလတ်ပိုင်းကြီးက သက်ပြင်းရှိုက်လိုက်သည်။ သူသည်လည်း ဤလူများနှင့်အတူ အင်မော်တယ်နယ်မြေသို့ ချက်ချင်းတက်လှမ်းလိုသည်မှာ သိသာထင်ရှားလှ၏။

"ညီငယ်လေး...ဒါက ကိစ္စကြီးတစ်ခုတော့ မဟုတ်ဘူး..ဘယ်လိုပဲဖြစ်ဖြစ် အများဆုံးတစ်နှစ်အတွင်းမှာ မင်း လာရမှာပါ"

လူအိုကြီးက ရယ်မောရင်းပြောဆိုသည်။

"ဒါက အမှန်ပဲ"

လူလတ်ပိုင်းကြီးက ခေါင်းညိတ်လိုက်သည်။

အင်မော်တယ်လမ်းကြောင်းကို ရရှိပြီးနောက် သူတို့သည် ယခင်က မသိရှိရသော အရာများစွာကို သင်ယူနိုင်ခဲ့သည်။

ဥပဒေသများ၏ကွဲပြားခြားနားသောစွမ်းအားကြောင့် သူတို့သည် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ အလွန်ကြာရှည်စွာနေ၍မရချေ။

အကယ်၍ သူတို့သည် ထွက်ခွာသွားခြင်းမရှိဘဲ တစ်နှစ်ထက်ပိုနေပါက အင်မော်တယ်မြစ်ကုန်းမြေ၏ဥပဒေသစွမ်းအားများမှ မောင်းထုတ်ခြင်းကိုသူတို့ခံရကာ သတ်ဖြတ်ခြင်းခံရပေမည်။

ထို့ကြောင့် သူတို့ ထွက်သွားလိုသည်ဖြစ်စေ ထွက်မသွားလိုသည်ဖြစ်စေ ဤကျင့်ကြံဆင့်နယ်ပယ်သို့ရောက်ရှိလာသော မည်သူမဆို တစ်နှစ်အတွင်း ဤနေရာမှ ထွက်ခွာသွားရပေမည်။

"ကောင်းပြီလေ...ငါတို့က နယ်မြေအတားအဆီးရဲ့တည်နေရာကို အာရုံခံမိပြီ...ငါတို့ အရင်ဆုံးသွားနှင့်တော့မယ်"

အဖိုးအိုက ပြောဆိုသည်။

သူတို့သည် နှုတ်ဆက်စကား ပြောဆိုပြီးနောက်....

အသစ်တက်လှမ်းမည့် ဆယ်နှင့်ချီသော အင်မော်တယ်များသည် အင်မော်တယ်မြစ်ကုန်းမြေ၏အရှေ့ခြမ်းမှ ဒုန်ရှန်းကျိုးနယ်မြေသို့ ထွက်ခွာခဲ့ကြတော့သည်။

သူတို့၏လက်ရှိစွမ်းအားဖြင့် အင်မော်တယ်မြစ်ကုန်းမြေကို ဖြတ်သန်းသွားရန်မှာ လွန်စွာလွယ်ကူသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် ဒုန်ရှန်းကျိုး၏တောင်ဘက်သဲသောင်ပြင်ထံသို့ ရောက်ရှိလာပေ၏။

ဤနေရာသည် မူတောင်ပရဝုဏ်အတွင်း၌ ပါဝင်သည်။

"နယ်မြေအတားအဆီးက ဒီလိုဝေးလံခေါင်သီတဲ့နေရာမျိုးမှာဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

သူတို့အနက်မှတစ်ယောက်က အံ့အားတသင့် ပြောဆိုသည်။

"ငါ သိပြီ....အင်မော်တယ်လမ်းကြောင်းကို မရရှိဘူးဆိုရင် ငါတို့တွေက နယ်မြေအတားအဆီးကို ဘယ်လိုမှအာရုံခံနိုင်မှာ မဟုတ်ဘူး...ဒါက သာမာန်တောင်တန်းတစ်ခုလိုပဲ ဖြစ်နေလိမ့်မယ်"

တခြားလူတစ်ယောက်က ပြောဆိုသည်။

"ကောင်းပြီလေ...အားလုံးပဲ...အခု တခြားကိစ္စတွေကို ဂရုမစိုက်ကြနဲ့တော့...အင်မော်တယ်နယ်မြေကို အတူသွားကြစို့"

တခြားလူအိုကြီးတစ်ယောက်က ပြောဆိုသည်။

"ဒါပေမယ့် မင်းတို့အားလုံးမှတ်ထားရမှာက အင်မော်တယ်နယ်မြေက ငါတို့အင်မော်တယ်နယ်မြေနဲ့မတူဘူး...အတိတ်မှာ ငါတို့အကြား ဘာရန်ငြိုးတွေပဲရှိခဲ့ပါစေ...ငါတို့ အင်မော်တယ်နယ်မြေကို ရောက်တဲ့အချိန်မှာ ငါတို့ရဲ့ပဋိပက္ခတွေကို ဘေးဖယ်ထားပြီးတော့ အတူပူးပေါင်းဆောင်ရွက်နိုင်ဖို့ ငါ မျှော်လင့်တယ်...မဟုတ်ရင် ငါတို့ အသက်ရှင်သန်နိုင်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်"

လူတိုင်းသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြ၏။

ထို့နောက် သူတို့သည် တောင်တန်းများကိုဖြတ်ကျော်ကာ ပျောက်ကွယ်သွားတော့သည်။

တောင်တန်းများအကြားရှိ နေရာတစ်နေရာမှ မမြင်နိုင်သော အတားအဆီးတစ်ခုကို ဖြတ်ကျော်ပြီးနောက် ထိုလူများအားလုံး ပျောက်ကွယ်သွားခဲ့သည်။

နောက်ရက်များအတွင်းတွင်...

အသစ်တက်လှမ်းမည့် အင်မော်တယ်များသည် နေ့စဥ်နေ့တိုင်း မူတောင်ပရဝုဏ်အတွင်းသို့ ရောက်ရှိလာကာ အင်မော်တယ်နယ်မြေသို့ဝင်ရောက်ရန် နယ်မြေအတားအဆီးကိုဖြတ်ကျော်ကြသည်။

အနောက်ဘက်နတ်ဆိုးတောအုပ်မှ နတ်ဆိုးသားရဲများသည်လည်း ချွင်းချက်မရှိချေ။

ဒဿမဘဝနတ်ဆိုးအင်ပါယာများသည် အင်မော်တယ်လမ်းကြောင်းကို လက်ခံရရှိပြီးနောက် နတ်ဆိုးအင်ပါယာများဖြစ်လာကြသည်။

ဤအချိန်အခိုက်အတန့်တွင် အနောက်ဘက်နတ်ဆိုးတောအုပ်၌ နတ်ဆိုးသားရဲများအားလုံးသည် ဤတောအုပ်ကိုအုပ်ချုပ်သော နတ်ဆိုးအင်မော်တယ်သုံးယောက်၏အမိန့်ကို နာခံနေကြလေ၏။

"ငါ့ရဲ့ကလေးတွေ...ငါတို့ ထွက်သွားပြီးတဲ့နောက်မှာ မင်းတို့က အနောက်ဘက်နတ်ဆိုးတောအုပ်ကို ကောင်းကောင်းကာကွယ်ရမယ်....ဘယ်လူသားကိုမှ ကျူးကျော်ခွင့်မပြုရဘူး"

လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသော ယူနီကွန်းလူကြီးတစ်ယောက်က အလေးအနက်ထားသောအသံဖြင့် ညွှန်ကြားလေ၏။ သူသည် ခေါင်းဆောင်သုံးယောက်အနက်မှတစ်ယောက်ပင်။

"ဟုတ်ကဲ့ပါ နတ်ဆိုးအင်မော်တယ်"

နတ်ဆိုးသားရဲများက တုံ့ပြန်လိုက်ကြသည်။

"ပြီးတော့...ငါတို့ထွက်သွားပြီးတဲ့နောက်မှာ...အနောက်ဘက်နတ်ဆိုးတောအုပ်ရဲ့ မြင့်မြတ်တဲ့အရှင်သခင်နေရာကို ကျားသစ်နတ်ဆိုးဧကရီဆီ လွှဲအပ်ခဲ့တယ်...သူက အခုချိန်မှာ အနောက်ဘက်နတ်ဆိုးတောအုပ်မှာ ရှိမနေပေမယ့်...သူ ပြန်ရောက်လာချိန်ကျရင် မင်းတို့က သူ့ရဲ့အမိန့်ကို နာခံရမယ်"

ယူနီကွန်းလူကြီးက ထပ်မံ၍ပြောဆိုသည်။

အစီအစဥ်များ ချမှတ်ပြီးနောက် နတ်ဆိုးအင်မော်တယ်သုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အနောက်ဘက်နတ်ဆိုးတောအုပ်မှနေ၍ ဒုန်ရှန်းကျိုးနယ်မြေရှိနယ်မြေအတားအဆီးထံသို့ဦးတည်၍ ထွက်ခွာခဲ့တော့သည်။

သူတို့သည် ဒဏ္ဍာရီလာအင်မော်တယ်နယ်မြေကို မျှော်လင့်တောင့်တနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း သိသာထင်ရှားလှ၏။

"ဒါက ဘယ်လိုငရဲမျိုးလဲ...ငါ ဒါကို ဘယ်လိုဖြေရှင်းရမလဲ"

မူတောင်အတွင်း၌ ရီဖုန်းသည် သစ်ပင်တစ်ပင်အောက်၌ထိုင်နေပြီး လေးနှင့်မြှားကိုကိုင်ထားကာ သူ၏မျက်နှာပေါ်၌ စိုးရိမ်ပူပန်သောအမူအယာမျိုးရှိနေသည်။

သူသည် လူများကို ခြောက်လှန့်ရန်အတွက် သူ၏ဂိုဏ်းရှိအနောက်ဘက်တောင်တွင်ထားရှိရန် တောရိုင်းတိရစ္ဆာန်တချို့ကိုဖမ်းဆီးလိုသဖြင့် ဤနေရာသို့ရောက်ရှိလာခြင်းဖြစ်သည်။ သို့ရာတွင် တောတောင်အကြား၌ ရက်ပေါင်းကြာမြင့်စွာအချိန်ကုန်ဆုံးခဲ့သည့်တိုင် တောဝက်များနှင့်ယုန်များကိုသာ သူ မြင်တွေ့ခဲ့ရသည်။ ဤသည်မှာ သူ၏စားနပ်ရိက္ခာအခြေအနေအတွက် ကောင်းမွန်သော်လည်း သူသည့် လူများကိုခြောက်လှန့်ရန် အသုံးပြုနိုင်သည့် ရက်စက်ကြမ်းကြုတ်သောသားရဲ တစ်ကောင်တစ်လေကိုမျှ မတွေ့ရချေ။

"ငါ အခု ဘာလုပ်သင့်လဲ"

ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ သူသည် အနောက်ဘက်တောင်အတွက် အစီအစဥ်ကို လက်လျှော့ရန်ပင် စဥ်းစားတွေးတောနေမိသည်။

ဤအချိန်အခိုက်အတန့်တွင် အနောက်ဘက်နတ်ဆိုးတောအုပ်မှ ထွက်ခွာလာသော နတ်ဆိုးအင်မော်တယ်သုံးယောက်သည် နောက်ဆုံး၌ နယ်မြေအတားအဆီးနှင့် မလှမ်းမကမ်းအကွာရှိ မူတောင်ပရဝုဏ်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

"ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း...ဒီနေရာကို ဖြတ်သန်းသွားတဲ့အချိန်မှာ ဂရုစိုက်ပြီး သတိမလပ်နေကြပါ"

ယူနီကွန်းလူကြီးက တခြားနှစ်ယောက်ကို ညွှန်ကြားလိုက်၏။

"ဟုတ်ကဲ့..."

တခြားနှစ်ယောက်က ခေါင်းညိတ်ပြလေသည်။

ထို့နောက် သူတို့သည် နယ်မြေအတားအဆီးထံသို့ ဂရုတစိုက် ချဥ်းကပ်လိုက်ကြသည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင် မမြင်နိုင်သောအားလှိုင်းတစ်ရပ်က လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူတို့၏နတ်ဆိုးအင်မော်တယ်ကျင့်ကြံဆင့်နှင့်ပင် ချက်ချင်းဖိနှိပ်ခံရသဖြင့် သူတို့၏မူလပုံပန်းသွင်ပြင်ပသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ..."

"ငါတို့က ခုထိ နယ်မြေအတားအဆီးကို ဖြတ်မသွားရသေးဘူးလေ...အင်မော်တယ်မြစ်ကုန်းမြေထဲမှာ ရှိနေတုန်းပဲ...ဘာလို့ ဒီလိုဖြစ်လာတာလဲ"

သူတို့သုံးယောက်သည် ထိတ်လန့်တုန်လှုပ်နေသောအမူအယာများဖြင့် ဆက်သွယ်ပြောဆိုလိုက်ကြကာ လုံးလုံးလျားလျား ဇဝေဇဝါဖြစ်နေကြသည်။

"ယို့...တောရိုင်းတိရစ္ဆာန်ကောင်ကြီးတွေပဲ...ငါ့အတွက် ပြည့်စုံသွားပြီ"

မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူတို့နားမလည်သေးမီမှာပင် အံ့အားတသင့်ရေရွတ်သံတစ်သံက မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။

နတ်ဆိုးအင်ပါယာသုံးကောင်သည် စောင်းငဲ့ကြည့်လိုက်ရာ သစ်ပင်တစ်ပင်အောက်၌မတ်တတ်ရပ်နေသော အဖြူရောင်ဝတ်စုံဝတ်လူသားတစ်ယောက်သည် သူတို့အားကြည့်ပြီး စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်ကို တွေ့မြင်မိလေ၏။

"သေမျိုးတစ်ယောက်လား"

နတ်ဆိုးအင်ပါယာသုံးယောက်သည် ချက်ချင်းဆိုသလိုပင် သူ၏အထောက်အထားကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။

သူတို့သည် အကြည့်ချင်းဖလှယ်ကာ ထိုသေမျိုးကို လုံးလုံးလျားလျား လျစ်လျှူရှုလိုက်သည်။

သူတို့ မမျှော်လင့်ထားသောအရာမှာ သစ်ကိုင်းများမှချွန်ထားသောမြှားသုံးစင်းသည် သူတို့ထံဦးတည်ကာ အလျှင်အမြန် တိုးဝင်လာခြင်းပင်။

Chapter 338

"ရူးသွပ်မိုက်မဲတဲ့လူသား...သေလမ်းကိုရှာနေတာပဲ"

နတ်ဆိုးအင်ပါယာသုံးယောက်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့က အထင်အမြင်သေးသောလေသံဖြင့် အော်ဟစ်လိုက်ကြသည်။

သူတို့၏အမြင်အရ မည်သည့်ကျင့်ကြံဆင့်မျှမရှိသော ဤသေမျိုးလူသားသည် ကောင်းကင်နှင့်မြေပြင်၏အတိမ်အနက်ကိုမသိရှိဘဲ အမှန်တကယ်ကို မောက်မာထောင်လွှားနေပေ၏။ ဤလူသားသည် သူတို့၏နယ်မြေအတွင်း၌ပင် အမဲလိုက်ဝံ့သည်။

ဤသည်မှာ သစ်ကိုင်းများမှချွန်ထားသော မြှားလေးသုံးစင်းပင်။ ဤအရာများသည် လွယ်လင့်တကူ ကြေမွှပျက်စီးသွားနိုင်သည်မဟုတ်လော။

"ကျိုးပျက်စမ်း"

နတ်ဆိုးအင်မော်တယ်သုံးယောက်အနက်မှတစ်ယောက်သည် သူ၏ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်ရာ သူ၏အရှိန်အဝါသည် မြှားသုံးစင်းကို ချက်ချင်းလွှမ်းခြုံသွားပေ၏။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏မျက်နှာအမူအယာ ရုတ်တရက်ပျက်ယွင်းသွားသည်။

သူ၏နတ်ဆိုးအင်မော်တယ်စွမ်းအားဖြင့် ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ထိုမြှားသုံးစင်းအပေါ် အနည်းငယ်မျှ သက်ရောက်ခြင်းမရှိချေ။

"ဘာတွေဖြစ်နေတာလဲ"

တခြားနတ်ဆိုးအင်ပါယာနှစ်ယောက်သည်လည်း မူမမှန်ကိုသတိပြုမိသွားသဖြင့် အနည်းငယ်မယုံကြည်နိုင် ဖြစ်သွားကြသည်။

ဤသည်မှာ အမှန်တကယ်ကို အလွန်ထူးဆန်းပေ၏။ နတ်ဆိုးအင်မော်တယ်တစ်ယောက်၏စွမ်းအားဖြင့် ဤသစ်ကိုင်းမြှားချွန်သုံးစင်းကို မဆိုထားနှင့် သိုင်းအင်ပါယာတစ်ယောက်ကိုပင် တိုက်ရိုက်ဖိနှိပ်နိုင်သည်။

မြှားချွန်များ တစတစနီးကပ်လာသည်ကိုကြည့်ပြီး သူတို့သုံးယောက်သည် နံဘေးဘက်သို့ ရှောင်တိမ်းလိုက်ကြ၏။

သို့ရာတွင် ထိုသို့ရှောင်တိမ်းလိုက်ခြင်းကြောင့် နတ်ဆိုးအင်ပါယာသုံးယောက်လုံး ပို၍မယုံကြည်နိုင်ဖြစ်သွားသည်။

အကြောင်းအရင်းမှာ ထိုကွေးကောက်တွန့်လိမ်နေသောမြှားသုံးစင်သည် သူတို့အပေါ်၌ လုံးလုံးလျားလျားချိပ်ပိတ်ထားခြင်းကြောင့်ပင်။

သူတို့ လွတ်မြောက်နိုင်ခြင်းမရှိချေ။

မည်သည်ကြောင့်နည်း...

မည်သည်ကြောင့် ဤသို့ဖြစ်လာရသနည်း....

သို့ရာတွင် သူတို့သုံးယောက်သည် ထိတ်ထိတ်ပျာပျာ ဖြစ်မသွားချေ။

မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူတို့အတိအကျ ဖော်ထုတ်နိုင်ခြင်းမရှိသော်လည်း ဤသည်မှာ သစ်ကိုင်းမြှားချွန်သုံးစင်းသက်သက်ပင်။ ဤအရာများသည် သူတို့အား အနည်းငယ်မျှ ခြိမ်းခြောက်နိုင်စွမ်းမရှိသည့်အပြင် သူတို့၏ခုခံကာကွယ်မှုများကို ချိုးဖျက်နိုင်မည်မဟုတ်ချေ။

သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် ဤကိစ္စအတွက် လုံးလုံးလျားလျားယုံကြည်ချက်ရှိသည်။

အမှန်အားဖြင့် အင်မော်တယ်မြစ်ကုန်းမြေတခွင်လုံးတွင် အင်မော်တယ်လမ်းကြောင်းရရှိထားသော တခြားသူများမှလွဲ၍ တခြားမည်သည့်အရာကမျှ သူတို့ကို ထိခိုက်နာကျင်အောင်လုပ်နိုင်မည်မဟုတ်ဟု သူတို့ အခိုင်အမာပြောဆိုဝံ့သည်။

နောက်ဆုံး၌...

သစ်ကိုင်းမြှားချွန်သုံးစင်းသည် သူတို့သုံးယောက်ပေါ်သို့ ကျရောက်လာလေပြီ။

သို့ရာတွင် သူတို့၏ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်မည်မဟုတ်သည့်အပြင် သူတို့အား မည်သည့်ထိခိုက်နာကျင်စေမှုမျှ ဖြစ်စေမည်မဟုတ်ဟု သူတို့တွေးထင်ခဲ့သော မြှားများသည် သူတို့မျှော်လင့်ထားသည်ထက် ထပ်မံ၍ ကျော်လွန်နေခဲ့သည်။

ဤမြှားများသည် သူတို့၏မာကျောသော ပြင်ပအရေပြားကိုထွင်းဖောက်ကာ သူတို့၏အသားအတွင်းသို့ တိုးဝင်လာပေ၏။

နတ်ဆိုးအင်ပါယာတစ်ယောက်၏တင်ပါးသို့ မြှားတစ်စင်းစိုက်ဝင်သွားသည်။

တခြားတစ်ယောက်၏ပခုံးသို့ မြှားတစ်စင်းထိမှန်သွားလေ၏။

နောက်ဆုံးတစ်ယောက်ဖြစ်သော ယူနီကွန်းသားရဲသည် အခံစားရဆုံးပင်။ မြှားသည် သူ၏ညီငယ်လေးကိုပွတ်သွားကာ သူ၏ပေါင်အတွင်းသို့စိုက်ဝင်သွားသည်။

"ဝေါင်း...."

"ဝေါင်း...."

"ဝေါင်း...."

ဒေါသတကြီးဟိန်းဟောက်သံသုံးသံက တောအုပ်တခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဤသည်မှာ အလွန်အမင်း ကျယ်လောင်စူးရှပေ၏။

ငှက်များနှင့်တောရိုင်းတိရစ္ဆာန်များ ထိတ်လန့်တကြား ထွက်ပြေးကြကာ နတ်ဆိုးသားရဲများအားလုံး ပြားပြားဝပ်နေကြသည်။

အင်မော်တယ်နယ်မြေသို့ ဝင်ရောက်တော့မည့် နတ်ဆိုးအင်ပါယာသုံးယောက်သည် သေမျိုးတစ်ယောက် ပစ်ခတ်သောမြှားများကြောင့် ဒဏ်ရာရရှိသွားလေရာ သူတို့သည် ဤကိစ္စကို မည်သည်ကြောင့် သည်းခံနိုင်မည်နည်း။

မည်သည့်မတော်တဆမှုကြောင့် ဤသို့ဖြစ်လာပါစေ ဤသေမျိုးသည် တန်ကြေးပြန်ပေးဆပ်ရပေမည်။

သို့ရာတွင် သူတို့ ပို၍မယုံကြည်နိုင်ဖြစ်သွားသည်မှာ သူတို့၏ဒေါသတကြီးဟိန်းဟောက်သံများနှင့် ရင်ဆိုင်ရသည့်တိုင် ဤသေမျိုးသည် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံသွားမှုမရှိခြင်းပင်။

အမှန်အားဖြင့် အပြုံးတစ်ခု....

ဤသေမျိုးသည် အပြုံးတစ်ခုနှင့်အတူ ရှေ့သို့လျှောက်လှမ်းလာကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

"ယိုး....ဒီဟိန်းဟောက်သံတွေက ငါ့ရဲ့စိတ်ကြိုက်ဖြစ်လောက်တဲ့အထိ ခံ့ညားတယ်"

ရီဖုန်းသည် ထိုစကားကို ပြောဆိုနေချိန်တွင် နတိဆိုးအင်ပါယာသုံးယောက်၏ဒေါသထွက်နေမှုကို လုံးလုံးလျားလျား လျစ်လျှူရှုထားသည်။

မထီမဲ့မြင်ပြုခြင်း..

ဤသည်မှာ သူတို့အား အလွန်အမင်း မထီမဲ့မြင်ပြုနေခြင်းပင်။

"သူ့ကို တစစီဆုတ်ဖြဲမယ်"

"သူ့ကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်မယ်"

ဒေါသမီးတောက်များက နတ်ဆိုးအင်ပါယာသုံးယောက်၏ စိတ်နှလုံးသားများအတွင်း၌ မြင့်တက်လာကာ ရီဖုန်းကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲရန်အတွက် သူတို့၏ကြီးမားသောပါးစပ်ကြီးများကို ဖွင့်ဟရန်ဟန်ပြင်လိုက်သည်။

သို့ရာတွင် ရုတ်တရက် သူတို့၏ခန္ဓာကိုယ်များ ပျော့ခွေနေကာ သူတို့၏အာရုံကြောများ ထိုင်းမှိုင်းနေသည်ကို ရှာဖွေတွေ့ရှိမိသည်။

ဤအချိန်အခိုက်အတန့်တွင် သူတို့၏ကျင့်ကြံဆင့်စွမ်းအားများကို ထိန်းချုပ်နိုင်မှု လုံးလုံးလျားလျား ပျောက်ကွယ်သွားကာ စွမ်းအားအနည်းငယ်ကိုမျှ ထုတ်ဖော်အသုံးပြုနိုင်စွမ်းမရှိတော့ချေ။

နောက်ဆုံး၌ သူတို့ထံတွင် တည်ငြိမ်စွာမတ်တတ်ရပ်ရန်ပင် ခွန်အားမကျန်ရှိတော့ဘဲ မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားတော့သည်။

နတ်ဆိုးအင်ပါယာသုံးယောက်လုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

ယနေ့တွင် သူတို့ ရင်ဆိုင်ရသောအရာသည် သူတို့အတွက် အမှန်တကယ်ကို ထူးဆန်းနေပေ၏။

သေမျိုးတစ်ယောက်မှ ပစ်ခတ်လိုက်သောမြှားများကို သူတို့ ရှောင်တိမ်းနိုင်စွမ်းမရှိသည့်အပြင် ထိုအရာများသည် သူတို့၏ခုခံကာကွယ်မှုများကို တိုက်ရိုက်ထွင်းဖောက်သွားခဲ့သည်။ ထို့ပြင် မြှားများကြောင့် သူတို့၏လှုပ်ရှားနိုင်စွမ်းသည် လုံးလုံးလျားလျား ကင်းမဲ့သွားခဲ့လေ၏။

ဤသည်မှာ သူတို့၏ယေဘုယျအသိအမြင်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည်။

သူတို့ ထိတ်လန့်တုန်လှုပ်နေစဥ်မှာပင် ဤကိစ္စများအားလုံး၏နောက်ကွယ်မှ လက်သည်တရားခံသည် အပြုံးနှင့်အတူ လျှောက်လှမ်းလာကာ သူတို့အား ငုံကြည့်နေသည်ကို တွေ့မြင်မိသည်။

ထို့နောက်....

တုတ်တစ်ချောင်းဖြင့် ပြင်းထန်စွာရိုက်လိုက်သော ရိုက်ချက်သုံးချက်က သူတို့ထံသို့ ကျရောက်လာသည်။

နတ်ဆိုးအင်ပါယာသုံးယောက်သည် မည်သို့ဖြစ်ပျက်သွားသည်ကို မဖော်ထုတ်နိုင်သေးမီမှာပင် သတိလစ်မေ့မျောသည်အထိ ရိုက်နှက်ခံရကာ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းခြင်း ခံလိုက်ရတော့သည်။

ဤသည်မှာ...

မိုင်ပေါင်းထောင်နှင့်ချီ၍ ဖြတ်သန်းလာကာ အင်မော်တယ်နယ်မြေအတွင်း၌ ပျော်ရွှင်စွာပြေးလွှားမည်ဟု စိတ်ပိုင်းဖြတ်ထားသော အနောက်ဘက်နတ်ဆိုးတောအုပ်မှ နတ်ဆိုးအင်ပါယာသုံးယောက်ပင်။

သို့ရာတွင် မိုးကောင်ယံအတွင်းမှ လေနှင့်တိမ်တိုက်များကို တိုင်းတာ၍မရချေ။

သူတို့သည် အင်မော်တယ်နယ်မြေ၏လေကို မရှုရှိုက်ရသေးမီ ရီဖုန်း၏ဖမ်းဆီးခြင်းကို ခံလိုက်ရလေပြီ။

အင်မော်တယ်နယ်မြေ...

ကောင်းကင်ဘုံအင်မော်တယ်နန်းတော်....

ဤသည်မှာ အင်မော်တယ်နယ်မြေကိုထိန်းချုပ်နိုင်သည့် အထွန်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားသော နေရာတစ်ခုပင်။

အကယ်၍ အင်မော်တယ်နယ်မြေသည် တိုင်းပြည်တစ်ပြည်ဆိုပါက ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သည် တော်ဝင်မြို့တော်ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်သည် အင်မော်တယ်နယ်မြေ၏မိုးကောင်းကင်တာအိုကို ပြသသည့်နေရာဟု လူတချို့က ပြောဆိုကြသည်။

အင်မော်တယ်နယ်မြေတစ်ခုလုံးကို အင်မော်တယ်ကုန်းမြေတစ်ရာ့ရှစ်ခုအဖြစ် ပိုင်းခြားထားသည်။ ဤကုန်းမြေတစ်ရာရှစ်ခုသည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်၏လက်အောက်၌ တည်ရှိသော်လည်း ဤကုန်းမြေများကို ထိန်းချုပ်ထားသူများသည် အုပ်ချုပ်သူအရှင်များပင်။

တစ်ဖက်တွင် သူတို့သည် ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကို ကိုယ်စားပြုကာ အင်မော်တယ်ကုန်းမြေများ၏ အရေးကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းရပြီး တခြားတစ်ဖက်တွင် အောက်ဘုံအမြောက်အများကို စီမံအုပ်ချုပ်ရသည်။

အင်မော်တယ်ကုန်းမြေ၏စုပေါင်းအင်အား ပို၍ကြီးမားလေလေ ပိုင်နက်နယ်မြေ ပို၍ကျယ်ဝန်းလေလေပင်။ ဤနယ်မြေတွင် အစွမ်းထက်ကျင့်ကြံသူများ ပို၍များပြားသည်နှင့်အမျှ စီမံအုပ်ချုပ်ရသည့် သက်ဆိုင်ရာအောက်ဘုံများ ပို၍များပြားသည်။

အစိမ်းရောင်ကျောက်စိမ်း အင်မော်တယ်ကုန်းမြေ....

ဤကုန်းမြေ၏စီရင်ပိုင်ခွင့်အောက်တွင် ရာနှင့်ချီသောအောက်ဘုံများ ရှိနေသည်။ ဤကုန်းမြေသည် အင်မော်တယ်ကုန်းမြေတစ်ရာ့ရှစ်ခုအကြားတွင် ထိပ်သီးအဆင့်တည်ရှိမှုတစ်ခု မဟုတ်သော်လည်း အားနည်းနေသည်ဟု မဆိုလိုချေ။

လူထွားကြီးတစ်ယောက်သည် အဓိကခေါင်းဆောင်နေရာ၌ထိုင်နေကာ သူ၏လက်အတွင်း၌ အသားစိမ်းတချို့ကိုကိုင်ထားပြီး သူ၏နံဘေးရှိ ငှက်နက်လေးကို အစာကျွေးနေလေ၏။

အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာတွင်ရှိနေပါက ထိုအသားစိမ်းတွင် ထူထပ်သိပ်သည်းသောစွမ်းအားများ ပါဝင်နေသည်ကို တွေ့မြင်မိပေမည်။ ဤအသား၏မူလပိုင်ရှင်သည် မသေဆုံးမီအချိန်၌ ကောင်းကင်အင်မော်တယ်အဆင့်တွင်ရှိနေကြောင်း သိရှိနိုင်ရန်လုံလောက်သည်။

အင်မော်တယ်နယ်မြေကို ကုန်းမြေများစွာခွဲခြားထားကာ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိသော်လည်း အများစုသည် သာမာန်အင်မော်တယ်များပင်။

ယေဘုယျအားဖြင့် အင်မော်တယ်များကို ကောင်းကင် မြေကမ္ဘာနှင့်လူသားဟူ၍ အဓိကအဆင့်ကြီးသုံးဆင့် ခွဲခြားထားသည်။

လူသားအင်မော်တယ်သည် အဆင့်နိမ့်ဆုံးနယ်ပယ်ပင်။ အောက်ဘုံများမှ တက်လှမ်းလာသူများသည် ဤနေရာသို့ရောက်ရှိချိန်တွင် လူသားအင်မော်တယ်များ ဖြစ်လာကြလေ၏။

မြေကမ္ဘာအင်မော်တယ်များသည် လူသားအင်မော်တယ်များ၏ တစ်ဆင့်မြင့်သောနယ်ပယ်တွင်ရှိသည်။

ကောင်းကင်အင်မော်တယ်များကမူ သာမာန်အင်မော်တယ်များအကြားတွင် အဆင့်မြင့်ဆုံးသူများဖြစ်သည်။

ထို့ကြောင့် ကောင်းကင်အင်မော်တယ်တစ်ယောက်၏အသွေးအသားကို ငှက်စာအဖြစ် အသုံးပြုနေခြင်းမှတဆင့် ဤလူ၏ကြောက်မက်ဖွယ်ကောင်းပုံကို ဖော်ပြရန်လုံလောက်သည်။

ချွင်းချက်မရှိ...

သူ့ထံတွင် အထူးအခွင့်အာဏာရှိနေလေ၏။

သူသည် အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေ၏အရှင်သခင် ဆုရွှမ်ကျွင်းဖြစ်ကာ သာမာန်အင်မော်တယ်အဆင့်ထက် အဆင့်တစ်ခုကျော်လွန်နေသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

"အရှင်....အရေးကြီးကိစ္စတစ်ခုကို သတင်းပို့ချင်ပါတယ်"

ဤအချိန်အခိုက်အတန့်တွင် သတင်းပို့ရန်အတွက် လက်အောက်ငယ်သားတစ်ယောက်ရောက်လာကာ ရိုသေလေးစားစွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။

"ဘာကိစ္စလဲ"

ဆုရွှမ်ကျွင်းသည် တည်ငြိမ်စွာဖြင့် ထိုလက်အောက်ငယ်သားကို တစ်ချက်စောင်းငဲ့ကြည့်ကာ သူ့ရှေ့ရှိ ငှက်နက်ကို ဆက်လက်၍အစာကျွေးနေသည်။

"အင်မော်တယ်မြစ်ကုန်းမြေလို့ခေါ်တဲ့ အောက်ဘုံကနေ အခုလတ်တလောမှာ တက်လှမ်းလာသူတွေ များလာပြီးတော့....ကျွန်တော်တို့ အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေထဲကို ဝင်ရောက်လာကြတယ်"

လက်အောက်ငယ်သားက သတင်းပို့လေ၏။

"အင်မော်တယ်မြစ်ကုန်းမြေလား"

ဆုရွှမ်ကျွင်းသည် သူ၏လက်အတွင်းရှိအသားစကို ဖြည်းညှင်းစွာ အောက်သို့ချကာ ရုတ်တရက် သူက မျက်မှောင်ကြုတ်လိုက်သည်။

"လွန်ခဲ့တဲ့ နှစ်သန်းပေါင်းရာနဲ့ချီအကြာတုန်းက စည်းကမ်းမလိုက်နာတဲ့ တက်လှမ်းလာသူတစ်ယောက်ကြောင့်...ငါက အဲ့ဒီနေရာကနေ တက်လှမ်းတာကို အပြီးတိုင်တားမြစ်ပြီး အပြစ်ပေးထားတာကို မှတ်မိနေတုန်းပဲ...ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီကုန်းမြေက တက်လှမ်းလာသူတွေ ရှိနေတာလဲ"

ဆုရွှမ်ကျွင်းက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။

"အရှင်....ဒါကြောင့် ကျွန်တော်က အရှင့်ဆီကိုလာပြီး သတင်းပို့တာပါ"

ထိုလက်အောက်ငယ်သားက ပြောဆိုသည်။

"ဘာလို့လဲဆိုတာ ကျွန်တော် မသိပေမယ့်....အဲ့ဒီအင်မော်တယ်မြစ်ကုန်းမြေက အင်မော်တယ်တွေရဲ့ကောင်းချီးပေးမှုကို ပြန်ရသွားပြီးတော့...တစ်စုံတစ်ယောက်ကြောင့် သဘာဝလွန်မတော်တဆမှုတစ်ခု ဖြစ်ပွားသွားခဲ့တယ်"

"သဘာဝလွန်မတော်တဆမှုတစ်ခု ဖြစ်သွားတာလား"

"အောက်ဘုံရဲ့နိမ့်ကျတဲ့သက်ရှိတွေက ငါ့ရဲ့စည်းတံဆိပ်ကို ချိုးဖျက်နိုင်မှာလား"

"သူတို့အတွက် ငါက မချိုးဖောက်အပ်တဲ့ မိုးကောင်းကင်ပဲ"

ဆုရွှမ်ကျွင်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောဆိုသည်။

"ဒါကြောင့် ဒါက တစ်စုံတစ်ယောက်ကြောင့်ဖြစ်လာတဲ့ မတော်တဆမှု မဖြစ်နိုင်ဘူး...ဒါပေမယ့် တခြားမတော်တဆကိစ္စရှိမရှိဆိုတာကိုတော့....ဘယ်သူသိနိုင်မှာလဲ....."

ထိုသို့ပြောဆိုရင်း သူသည် သူ့ရှေ့ရှိ ငှက်နက်ကြီးကို ကြည့်လိုက်၏။

ထို့နောက် သူက အမိန့်ပေးလေသည်။

"ဟေးယု...အင်မော်တယ်မြစ်ကုန်းမြေကို သွားပြီးတော့ ဘာတွေဖြစ်ခဲ့တာလည်းဆိုတာ စုံစမ်းစစ်ဆေးစမ်း...ပြီးရင် ငါ့ဆီပြန်လာပြီး သတင်းပို့ရမယ်"

Chapter 339

ငှက်နက်၏မောက်မာထောင်လွှားသောအော်သံ ထွက်ပေါ်လာပြီးနောက် အနက်ရောင်အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲကာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

မကြာမီမှာပင် သူသည် အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေနှင့် အင်မော်တယ်မြစ်ကုန်းမြေကြား အတားအဆီးနေရာသို့ ရောက်ရှိလာသည်။

ထိုအချိန်မှာပင် အင်မော်တယ်မြစ်ကုန်းမြေမှ အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်သည် အတားအဆီးကိုဖြတ်ကျော်ပြီး အင်မော်တယ်နယ်မြေအတွင်းသို့ ဝင်ရောက်လာကြပေ၏။

"အရှင်က မင်းတို့ နိမ့်ပါးတဲ့လူသားတွေကို အပြစ်ပေးတဲ့အနေနဲ့ တက်လှမ်းတာကို တားမြစ်ထားမှတော့...ဘာအပြောင်းအလဲတွေပဲဖြစ်နေနေ အင်မော်တယ်နယ်မြေကိုဝင်ရောက်ဖို့ မင်းတို့မှာ အရည်အချင်းမပြည့်မီဘူး"

အေးစက်ပြီးအထင်အမြင်သေးသောအကြည့်တစ်ချက်သည် အင်မော်တယ်မြစ်ကုန်းမြေမှ ကျင့်ကြံသူနှစ်ယောက်ထံ ကျရောက်သွားခြင်းနှင့်အတူ သူ၏ထက်ရှသောလက်သည်းများက ရုတ်တရက် လေထုကိုဖြတ်သန်းသွားသည်။

ဘုန်း...

သူတို့နှစ်ယောက်သည် အင်မော်တယ်မြစ်ကုန်းမြေ မည်ကဲ့သို့ပုံစံမျိုးရှိသည်ကို မမြင်တွေ့ရသေးမီမှာပင် အမှုန်အမွှားများအဖြစ်သို့ပြောင်းလဲကာ လွင့်စင်သွားလေပြီ။

ဟေးယုသည် ထိုလူများကို ဒုတိယတစ်ချက်ပင် စောင်းငဲ့ကြည့်ခြင်းမပြုချေ။ မည်သို့ပင်ဆိုစေကာမူ သူ၏မျက်လုံးများအတွင်း၌ ဤလူနှစ်ယောက်သည် ယခုမှအသစ်တက်လှမ်းလာသော လူသားအင်မော်တယ်များပင်။

ပုရွက်ဆိတ်ကဲ့သို့ တည်ရှိမှုများသည် သူ၏အာရုံစိုက်မှုကိုရရှိရန် အနည်းငယ်မျှ မထိုက်တန်ချေ။

သာမာန်အင်မော်တယ်များကို ထိတ်လန့်ကြောက်ရွံစေကာ သူတို့၏ခေါင်းများကိုဖော်ဝံ့မည်မဟုတ်သည့် မောက်မာထောင်လွှားသော အော်သံတစ်သံနှင့်အတူ ငှက်နက်သည် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး နယ်မြေနှစ်ခုကြားမှ အတားအဆီးကို ဖြတ်ကျော်လိုက်သည်။

အချိန်တခဏအကြာမှာပင် ဟေးယုသည် အင်မော်တယ်မြစ်ကုန်းမြေထံသို့ ရောက်ရှိသွားလေ၏။

"အရမ်းအားနည်းတာပဲ"

"ဒီလိုမျိုး အောက်ဘုံတစ်ခုကို ငါ့ရဲ့လက် တစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ အမြစ်ပြတ်သုတ်သင်လို့ရတယ်"

"အိုး...."

"ဒီမှာ တွားသွားကောင်လေးတစ်ကောင် ရှိနေတာပါလား"

အောက်သို့ငုံကြည့်ပြီးနောက် နတ်ဆိုးဘုရင်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်က သူ့အားစူးစိုက်၍ကြည့်နေသည်ကို သူ သတိပြုမိသွားသည်။

"မောက်မာထောင်လွှားပြီးတော့ မိုးနဲ့မြေရဲ့အတိမ်အနက်ကိုမသိတဲ့ တွားသွားကောင်လေးပဲ"

ဟေးယုသည် အထင်အမြင်သေးစွာ လှောင်ပြောင်သရော်ကာ သူ၏ထက်ရှသောနှုတ်သီးကို ဖြည်းညှင်းစွာဖွင့်ဟလိုက်၏။ ထို့နောက် တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ်ပါဝင်သည့် အလွန်ကျယ်လောင်သော ငှက်အော်သံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

သူ၏စူးရှသောအော်သံအောက်တွင် မူတောင်ပရဝုဏ်တစ်ခုလုံး ဖရိုဖရဲဖြစ်သွားသည်။

အဆင့်မြင့်နတ်ဆိုးသားရဲများဖြစ်စေ သာမာန်တောရိုင်းသားရဲများဖြစ်စေ သူတို့၏စိတ်ဝိညာဥ်များ တုန်ရီသွားခြင်းကို ခံစားရသည်။

ဤသည်မှာ အလွန်အမင်းကြီးမားသော စွမ်းအားအရှိန်အဝါတစ်ရပ်ပင်။

အောက်ရှိနတ်ဆိုးဘုရင်သည် မြေပြင်ပေါ်၌ ပြားပြားဝပ်နေကာ သူ၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။

"သောက်ချေးပဲ"

"ဘာလို့ ဒီလောက်ထိ ဆူညံနေတာလဲ"

သစ်ပင်တစ်ပင်၏အောက်၌ အနားယူခါစဖြစ်သောရီဖုန်းသည် သူ၏မျက်လုံးကိုဖွင့်ကာ မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် အော်ဟစ်လိုက်၏။

"ဟမ့်...."

"မင်းလို နိမ့်ပါးတဲ့တည်ရှိမှုလေးက ငါ့မျက်လုံးရှေ့မှာ ကိုးလိုးကန့်လန့် လုပ်ဝံ့နေတုန်းပဲလား"

ဟေးယုက သရော်တော်တော်အကြည့်ဖြင့် ပြားပြားဝပ်နေသော နတ်ဆိုးဘုရင်ကိုကြည့်လေသည်။

အထက်စီးမှနေ၍ ဖိအားအရှိန်အဝါတစ်ရပ်ကျရောက်လာခြင်းနှင့်အတူ ဟေးယု၏ပါးစပ်မှနေ၍ နောက်ထပ်စူးရှရှအော်သံတစ်သံ ထွက်ပေါ်လာသည်။

ထိုအော်သံအောက်တွင် မြေပြင်ပေါ်၌ပြားပြားဝပ်နေသော နတ်ဆိုးဘုရင်သည် နောက်ဆုံး၌ ထပ်မံ၍တောင့်မခံနိုင်တော့သဖြင့် သူ၏ခန္ဓာကိုယ်သည် သွေးမြူများအဖြစ်သို့ ပေါက်ကွဲသွားတော့သည်။

"ထပ်ပြီး အော်ပြန်ပြီလား"

အလွန်အမင်း ငိုက်မျဥ်းနေသော ရီဖုန်းသည် ချက်ချင်းဒေါသူပုန်ထသွားကာ သူ၏လေးနှင့်မြှားကိုဆုပ်ကိုင်၍ အသံထွက်ပေါ်လာသောနေရာသို့ တဟုန်ထိုးအပြေးသွားလိုက်သည်။

"ကောင်းတယ်...."

"မင်းက အော်ရတာကို တော်တော်လေးပျော်နေမှတော့...ငါက မင်းကို ဖမ်းဆီးပြီးတော့...မင်း စိတ်တိုင်းကျအော်ဖို့အတွက် ငါ့ရဲ့အနောက်ဘက်ခြံဝန်းထဲမှာ ပိတ်လှောင်ထားပေးမယ်"

"မင်းရဲ့အော်သံက တော်တော်လေးကျယ်တယ်...နေ့တိုင်း မင်း အကြိမ်အနည်းငယ်လောက်အော်ရုံနဲ့...ရူးသွပ်မိုက်မဲတဲ့ သာမာန်လူတွေက ငါ အစွမ်းထက်တဲ့နတ်ဆိုးသားရဲတစ်ကောင်ကို လှောင်ပိတ်ထားတာလို့ တွေးထင်ကြလိမ့်မယ်"

"ဒါက ကျောက်တုံးတစ်တုံးတည်းနဲ့ ငှက်နှစ်ကောင်ကို ပစ်ချနိုင်တာပဲ"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် လေထုအတွင်း၌ လှည့်ပတ်၍ပျံသန်းနေသော ငှက်နက်ကိုကြည့်ကာ သူ၏လေးကြိုးကိုဆွဲတင်၍ မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

ဟေးယုသည် သွေးမြူခိုးများအဖြစ်ပြောင်းလဲသွားသော နတ်ဆိုးဘုရင်ကို အထင်အမြင်သေးစွာဖြင့် ငုံကြည့်ပြီးနောက် ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် စူးရှသောအသံတစ်သံက ရုတ်တရက် မြည်ဟီးလာသည်။

နောက်ဆက်တွဲအနေဖြင့် သူ့ထံသို့ မြှားတစ်စင်းတိုးဝင်လာသည်ကို သူ မြင်တွေ့မိသည်။

"တစ်ယောက်ယောက်က ငါ့ကို တိုက်ခိုက်ဝံ့တာလား"

"ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"

"အောက်ဘုံက တိုက်ခိုက်မှုတစ်ခုက ငါ့ကိုဒဏ်ရာရစေမယ်လို့ သူတို့ တကယ်ကြီးထင်နေကြတာလား...တကယ်လို့ ငါ ဒီနေရာမှာ မလှုပ်မယှက် မတ်တတ်ရပ်နေရင်တောင် သူတို့က ငါ့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မှာမဟုတ်ဘူး"

သူသည် အေးစက်စက် လှောင်ပြောင်သရော်ကာ သူ့ထံတိုးဝင်လာသောမြှားကို သူ့အား ရိုက်ခတ်သွားခွင့်ပြုလိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏ခန္ဓာကိုယ်သည် လေထုအတွင်း၌ တောင့်တင်းကာ ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

တစ်ချိန်တည်းမှာပင် သူ၏မောက်မာထောင်လွှားသောခေါင်းကို မယုံကြည်နိုင်စွာငုံလိုက်ကာ ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ၏ထက်ရှသောနှုတ်သီး ကျယ်လောင်စွာပွင့်ဟနေသည်။

အကြောင်းအရင်းမှာ...

သူသည် ထိုမြှား၏ရိုက်ခတ်ခြင်းကို ခံလိုက်ရသောကြောင့်ပင်။

ဤမျှသာမက သူ၏ခုခံကာကွယ်မှုများအားလုံးကို ထွင်းဖောက်ကာ မြှားသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်လာပေ၏။

သွေးများ ယိုစီးကျလာသည်။

"ငါ ပေါ့ဆသွားတယ်...."

သူသည် နှုတ်သီးကိုဖွင့်ဟလိုက်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မည်သည့်ခွန်အားတစ်အောင်စမျှ မကျန်ရှိတော့ဘဲ ပျော့ခွေသွားကာ ဒဏ်ရာရထားသော ငှက်ငယ်တစ်ကောင်အလား မိုးကောင်းကင်ယံမှ ပြုတ်ကျလာသည်။

"ဘုန်း..."

သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် မြေပြင်နှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိကာ အသေးစားမြေငလျှင်တစ်ခုအလား မြေပြင်တပြင်လုံးတုန်ခါသွားသည်။

မြေပြင်ပေါ်၌လဲကျနေသော ဟေးယု၏မျက်လုံးများ ပြူးကျယ်နေကာ ပြင်းထန်သောထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် အစိမ်းရောင်ကျောက်စိမ်း အင်မော်တယ်ကုန်းမြေအရှင်သခင်နှင့် အတူနေထိုင်သည့် အင်မော်တယ်ကုန်းမြေမှ အင်မော်တယ်သားရဲဖြစ်ပါလျက်နှင့် မည်သည်ကြောင့် ဤကဲ့သို့အောက်ဘုံမျိုးတွင် သူ အောက်သို့ပြုတ်ကျလာခဲ့သနည်း။

မည်သို့ ဖြစ်ပျက်သွားသနည်း...

သူ အနည်းငယ်မျှ နားမလည်နိုင်သေးမီမှာပင် ပုံရိပ်တစ်ရိပ်က သူ့ထံဦးတည်၍ ဖြည်းညှင်းစွာလျှောက်လှမ်းလာသည်။

"ဒါက ငါ့ကို တိုက်ခိုက်ခဲ့တဲ့လူလား"

အောက်ဘုံမှနိမ့်ကျသော လူသားတစ်ယောက်သည် သူ့အား အမှန်တကယ်ကို တိုက်ခိုက်ဝံ့ပေ၏။

ထိုလူသည် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ဟေးယု၏စိတ်အတွင်း၌ ရီဖုန်းသည် သေလူတစ်ယောက် ဖြစ်သွားလေပြီ။

"သေစမ်း...."

ဟေးယုသည် အံ့တင်းတင်းကြိတ်၍ ဒေါသတကြီးဟိန်းဟောက်ရန်အတွက် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။

သို့ရာတွင် သူ၏နှုတ်သီး ဖွင့်ဟလိုက်သော အချိန်အခိုက်အတန့်မှာပင် တုတ်တစ်ချောင်းက သူ၏ခေါင်းထက်သို့ ကျရောက်လာသည်။

"ထပ်ပြီးအော်ပြန်ပြီလား...ဟမ်...ဒါက ပြီးကိုမပြီးနိုင်တော့ဘူး"

ရီဖုန်းသည် သုန်မှုန်နေသောမျက်နှာဖြင့် အော်ငေါက်ကာ နောက်ထပ်ရိုက်ချက်တစ်ချက်က ငှက်နက်ပေါ်သို့ ကျရောက်သွားသည်။

Chapter 340

ရုတ်တရက် ဟေးယုသည် သတိလစ်မေ့မျောကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။

ထို့နောက် သူသည် သိုလှောင်လက်စွပ်အတွင်းသို့ ရီဖုန်း၏ထည့်သွင်းခြင်းကို ခံလိုက်ရတော့သည်။

ဤသို့ဖြင့်...

တက်လှမ်းလာခြင်းကို စုံစမ်းစစ်ဆေးရန် စေလွှတ်ခြင်းခံရသော အင်မော်တယ်နယ်မြေမှ သံတမန်ကြီးသည် အင်မော်တယ်မြစ်ကုန်းမြေအတွင်းသို့ ဝင်ရောက်ပြီးနောက် အသက်နှစ်ရှိုက်စာပင်မပြည့်သေးမီ ဖမ်းဆီးခြင်းခံလိုက်ရလေပြီ။

"ဒီနေ့ ငါ အများကြီးရိတ်သိမ်းနိုင်ခဲ့တယ်...ဒီလိုမျိုး ကြီးမားတဲ့တောရိုင်းသားရဲလေးကောင်ကို လှောင်ပိတ်ထားနိုင်မှတော့...ငါက လူတော်တော်များများကို လှည့်စားနိုင်မှာ သေချာတယ်"

ရီဖုန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ သူ၏ကြီးမားသောရိတ်သိမ်းမှုကြီးနှင့်အတူ ပင်ကျင်းမြို့ထံဦးတည်၍ ပြန်လာခဲ့တော့သည်။

ပင်ကျင်းမြို့....

သိုင်းပညာခန်းမ၏တံခါးရှေ့၌...

ယဲ့ပေ ဟန်ထန်းကြွယ် ကွမ်ယွင်ဖန်းတို့နှင့်အတူ လူအယောက်နှစ်ဆယ်ခန့် ဤနေရာ၌ စုဝေးနေသည်။

ဤလူများ၏ကျင့်ကြံဆင့်နယ်ပယ်သည် အနိမ့်ဆုံးအနေဖြင့် သိုင်းအရှင်နယ်ပယ်၌ရှိနေလေ၏။

ဒုန်ရှန်းကျိုး၏ဂိုဏ်းအသီးသီးတွင် သူတို့သည် ဂိုဏ်းချုပ်များ သို့မဟုတ် အကြီးအကဲများဖြစ်ကာ အတိုချုပ်ပြောရလျှင် သူတို့၏အဆင့်အတန်းမှာ လွန်စွာမြင့်မားသည်။

ဤနေရာသို့ သူတို့ရောက်ရှိလာသည့် ရည်ရွယ်ချက်မှာ ယဲ့ပေတို့သုံးယောက်၏ဖိတ်ကြားချက်အရ ရီဖုန်း၏အိမ်၌ တည်ဆောက်ရေးလုပ်သားများအဖြစ် လုပ်ဆောင်ရန်ပင်။

သို့ရာတွင်...

ဤနေရာသို့ ရောက်ရှိလာပြီးနောက် ဟန်ထန်းကြွယ်၏စကားများနှင့် ပတ်သက်ပြီး သူတို့သည် အလွန်အမင်းသံသယဝင်လာကြကာ ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိကြတော့ချေ။

"ဟန်ထန်းကြွယ်...မင်း ငါတို့ကို ဒီနေရာဆီ ဘာလို့လှည့်စားပြီး ခေါ်လာတာလဲဆိုတာ...မင်း ရှင်းရှင်းလင်းလင်း ပြောတာပိုကောင်းလိမ့်မယ်"

လူအိုကြီးတစ်ယောက်က ဦးဆောင်၍ မေးခွန်းထုတ်လေသည်။

"မင်း ဘာကိစ္စကြောင့် ငါတို့ကို ဒီနေရာဆီခေါ်လာတာလဲ"

"ဒါက အမှန်ပဲ"

တခြားတစ်ယောက်ကလည်း ပြောဆိုသည်။

"မင်းက ငါတို့ကို အခွင့်အရေးကြီးတစ်ခုပေးမယ်လို့ ပြောခဲ့ပေမယ့်...ဒီစိတ်ပျက်စရာကောင်းတဲ့ မြို့ငယ်လေးဆီ ငါတို့ကို ခေါ်လာခဲ့တယ်...မင်း ဘာလုပ်ချင်နေတာလဲ"

"ဟုတ်တယ်...ဟုတ်တယ်....မြန်မြန်ရှင်းပြစမ်း...ငါတို့ရဲ့အဆင့်အတန်းတွေက မင်း သိမှာပါ...ငါတို့က ဂိုဏ်းချုပ်တွေ ဒါမှမဟုတ် အကြီးအကဲတွေပဲ...ငါတို့က အလုပ်များတဲ့လူတွေ...မင်းနဲ့ ယောင်ခြောက်ဆယ်လုပ်နေဖို့ အချိန်မရှိဘူး"

ရုတ်ချည်းဆိုသလိုပင်....

သံသယနှင့်ပြောဆိုသံများက လူအုပ်အကြားမှ ထွက်ပေါ်လာသည်။

"ဟူး....မင်းတို့က အရူးအိုကြီးတစ်သိုက်ပဲ...ငါက မင်းတို့ကို ဘာလို့လိမ်ရမှာလဲ"

ဟန်ထန်းကြွယ်က အလျှင်အမြန်ရှင်းပြသည်။

"ငါ မင်းတို့ကို အခွင့်အရေးကြီးတစ်ခု ပေးမယ်လို့ ပြောခဲ့မှတော့...ငါ မင်းတို့ကို သေချာပေါက်ပေးမှာပေါ့"

"အမှန်ပဲ....မင်းတို့ အေးအေးဆေးဆေးနဲ့ စောင့်နေကြစမ်းပါ"

ကွမ်ယွင်ဖန်းက ကြားဖြတ်ပြောဆိုသည်။

"တကယ်လို့ မင်းတို့တွေသာ ငါတို့ရဲ့မိတ်ဆွေတွေမဟုတ်ရင်...ဒီလိုအခွင့်အရေးကြီးကို မင်းတို့ ရမှာတောင်မဟုတ်ဘူး"

"လေလုံးထွားလိုက်တာ..."

"မင်းတို့နှစ်ယောက်က ခုထိလေလုံးထွားနေတုန်းပဲ"

"ငါတို့က မင်းတို့ကို မယုံကြည်သင့်ဘူးဆိုတာ ငါ သိပေမယ့်...ဒီနေရာမှာ အခွင့်အရေးတချို့တော့ ရှိမယ်လို့ ငါ ထင်ခဲ့တာ...ဒါပေမယ့် အခုကြည့်ကြည့်တော့မှ ခုလိုမျိုးစိတ်ပျက်ဖို့ကောင်းတဲ့ နေရာတစ်နေရာ ဖြစ်နေတယ်"

လူအများသည် ကွမ်ယွင်ဖန်းနှင့်ဟန်ထန်းကြွယ်တို့၏စကားများအပေါ် လှောင်ပြောင်သရော်လိုက်ကြကာ သူတို့၏သံသယများ ပို၍ပို၍ကြီးထွားလာသည်။

"မင်းတို့ကောင်တွေ ဘာဖြစ်နေကြတာလဲ...မင်းတို့ရဲ့အတွေးတွေကို ဘာလို့ ရှင်းရှင်းလင်းလင်း မထားနိုင်တာလဲ"

ကွမ်ယွင်ဖန်းက မှုန်တေတေလေသံဖြင့် ပြောဆိုလိုက်၏။

"ငါတို့က မင်းတို့ကို ဘာလို့လိမ်ရမှာလဲ"

"ကောင်းပြီလေ....မင်းက ငါတို့ကို မလိမ်ဘူးဆိုမှတော့...ဒါဆိုရင် ငါ မင်းကို မေးမယ်...မင်းပြောခဲ့တဲ့ ပြိုင်ဘက်ကင်းဆရာကြီးဆိုတာ အမှန်ရှိတာလား မရှိတာလား"

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ရှေ့သို့ခြေတစ်လှမ်းတိုးကာ မေးမြန်းသည်။

"ဒါက တကယ်ပဲလေ...ငါက မင်းတို့ကို လိမ်စရာလား"

ကွမ်ယွင်ဖန်းက တုံ့ပြန်ပြောဆိုသည်။

"မင်း ပြောတာအမှန်ဆိုရင်...ငါတို့ ယုံကြည်အောင် မင်း သက်သေတချို့ပြနိုင်ရမယ်လေ"

ထိုလူက ဆက်လက်၍ပြောဆိုလေ၏။

"အမ်..."

ကွမ်ယွင်ဖန်းသည် သူ၏ခေါင်းကိုကုတ်ကာ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိတော့ချေ။

သူသည် ရီဖုန်းနှင့်ပတ်သတ်သည့် သက်သေတစ်ခုခုကို မည်သည့်နည်းဖြင့် ထုတ်ပေးနိုင်မည်နည်း။

"ဟမ့်...ငါ ထင်တဲ့အတိုင်းပဲ...မင်းမှာ ဘာသက်သေမှမရှိဘူး"

"သွားကြစို့...ငါတို့ရဲ့ဂိုဏ်းတွေဆီ မြန်မြန်ပြန်ကြရအောင်"

"အမှန်ပဲ...ငါတို့က အစကတည်းက မလာခဲ့သင့်တာ...အခွင့်အရေးလို့ပြောပြီးတော့ ငါတို့ရဲ့အချိန်တွေကို ဖြုန်းနေတာပဲ"

ထိုမြင်ကွင်းကိုကြည့်ပြီး ဟန်ထန်းကြွယ်တို့လူစု၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် အလုပ်သမားများ ခေါ်ယူပေးမည်ဟု ရီဖုန်းကို သတိပေးပြီးလေပြီ။ ဤလူများကိုစုဝေးနိုင်ရန် သူတို့ အင်အားများစွာ စိုက်ထုတ်ခဲ့ရသည်။ အကယ်၍ ယခုချိန်တွင် ဤလူများထွက်သွားပါက သူတို့၏အင်အားစိုက်ထုတ်မှုများအားလုံး အလဟဿဖြစ်သွားရုံသာမက ရီဖုန်းသည်လည်း သူတို့အား စိတ်ပျက်သွားနိုင်သည်။ ဤသည်မှာ သူတို့အတွက် ပြဿနာကြီးတစ်ရပ်ပင်။

ထို့ကြောင့် ယဲ့ပေသည် သူတို့အားလုံးကိုဟန့်တားကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"အားလုံးပဲ..မင်းတို့ ဒီနေရာကို ရောက်လာပြီးမှတော့ ဘာလို့ ဒီလိုမျိုး အလျင်စလိုထွက်သွားကြမှာလဲ...ဆရာကြီး ပြန်လာတဲ့အချိန်ထိ မင်းတို့ စောင့်ကြပါလား...သူ့ကိုတစ်ချက်ကြည့်ပြီးတာနဲ့ အရာရာတိုင်းကို မင်းတို့ သိသွားမှာပဲ မဟုတ်ဘူးလား"

"ဒါက အမှန်ပဲ...ဆရာကြီးကို မင်းတို့ကိုယ်တိုင် မြင်တွေ့ပြီးရင်...ငါတို့က မင်းတို့ကိုမလိမ်ဘူးဆိုတာ မင်းတို့ သိသွားလိမ့်မယ်"

ဟန်ထန်းကြွယ်က အလျှင်အမြန် ကြားဖြတ်ပြောဆိုသည်။

ထိုစကားကို ကြားချိန်တွင်...

ထွက်ခွာသွားရန်ဟန်ပြင်နေသော လူများ၏မျက်နှာများပေါ်တွင် စဥ်းစားချင့်ချိန်နေသော အမူအယာများ ထင်ဟပ်လာသည်။

အချိန်အတော်ကြာပြီးနောက် သူတို့သည် အင်တင်တင်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။

"စောင့်ကြည့်ကြတာပေါ့...ဒါက ဘာထိခိုက်နစ်နာမှုမှ ရှိတာမှမဟုတ်တာ"

သူတို့အနက်မှတစ်ယောက်က ပြောဆိုသည်။

"ဒါပေမယ့်...ငါတို့က ဒီကိစ္စကို အရင်ဆုံးရှင်းအောင် ပြောထားမယ်...တကယ်လို့ မင်းတို့ပြောသလိုမဟုတ်ဘူးဆိုရင်...မင်းတို့ကို မျက်နှာသာမပေးတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့...ငါတို့ကြားက မိတ်ဆွေဆက်ဆံရေးလည်း ပြတ်တောက်ပြီ"

တခြားတစ်ယောက်က ထပ်မံ၍ပြောဆိုလိုက်သည်။

"ကောင်းပြီလေ"

ယဲ့ပေက ယုံကြည်ချက်ခိုင်မာစွာဖြင့် ပြုံးလိုက်၏။

"ဆရာကြီးရဲ့အရည်အချင်းတွေကို မင်းတို့ မျက်မြင်တွေ့ပြီးတာနဲ့...မင်းတို့ထဲကတစ်ယောက်မှာမှ ထွက်သွားမယ့်အတွေးမျိုး ရှိတော့မှာမဟုတ်ဘူးလို့ ငါ အာမခံတယ်....ဆန့်ကျင်ဘက်အနေနဲ့ မင်းတို့က ဒီနေရာမှာ ဆက်နေနိုင်အောင် ဘာဆက်လုပ်ရမလဲဆိုတာ ဦးနှောက်ခြောက်မတတ် စဥ်းစားနေကြလိမ့်မယ်"

အချိန်တခဏကြာ စောင့်ဆိုင်းပြီးနောက် လူရိပ်တစ်ရိပ်သည် ပြင်ပမှနေ၍ ဤနေရာသို့ တရွေ့ရွေ့ လျှောက်လှမ်းလာသည်။

"ဆရာကြီး ပြန်လာပြီ"

ယဲ့ပေသည် ခုန်ထလိုက်ကာ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ကွမ်ယွင်ဖန်းနှင့်ဟန်ထန်းကြွယ်တို့သည်လည်း ကွဲပြားခြားနားခြင်းမရှိဘဲ သူတို့၏မျက်လုံးများအတွင်း၌ ရူးသွပ်စွဲလမ်းမှုများကို ဖုံးကွယ်ထားနိုင်စွမ်းမရှိချေ။

"မင်းတို့ မှတ်ထားရမှာက....ဆရာကြီးက သာမာန်သေမျိုးတစ်ယောက်ရဲ့ဘဝကို အတွေ့အကြုံယူနေတာ....ဒါကြောင့် မင်းတို့ရဲ့ ကျင့်ကြံဆင့်စွမ်းအားကို လုံးဝထုတ်သုံးလို့မရဘူး...မဟုတ်ရင် ဒါက ဆရာကြီးရဲ့ရှေ့မှာ တားမြစ်ချက်ကို ချိုးဖောက်တာနဲ့အတူတူပဲ..မင်းတို့ နားလည်ကြလား"

သူတို့သုံးယောက်သည် တခြားလူများကို အလျှင်အမြန် သတိပေးလိုက်ကြ၏။

သူတို့၏သတိပေးချက်နှင့် ရင်ဆိုင်ရချိန်တွင် ကြွင်းကျန်သောလူများအားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ဤသုံးယောက်၏အပြုအမူကိုကြည့်ပြီး ဤကိစ္စတွင် အမှန်တရားတချို့ရှိနေနိုင်ဟုဟု သူတို့ တွေး ထင်မိသည်။

ဖြစ်နိုင်သည်မှာ...

ဤနေရာအစုတ်အပြတ်တွင် အလွန်အမင်းအစွမ်းထက်သော ဆရာကြီးတစ်ယောက် အမှန်တကယ် ပုန်းအောင်းနေသလော...

သူတို့၏သိချင်စိတ်ပြင်းပြမှုများ ရုတ်တရက် မြင့်တက်လာသည်။

ပြိုင်ဘက်ကင်းဆရာကြီးဟု ခေါ်ဆိုခံရသည့်အတိုင်း အမှန်တကယ် စွမ်းဆောင်နိုင်မှုရှိမရှိ သူတို့ တွေ့မြင်လိုကြသည်။

ထို့ကြောင့် သူတို့သည် ဟန်ထန်းကြွယ်တို့သုံးယောက်နှင့်အတူ ပြန်ရောက်လာသောရီဖုန်းကို ကြိုဆိုရန် ရှေ့သို့တိုးလိုက်ကြ၏။

"အိုး...မင်းတို့တွေ ရောက်နေတာလား"

ယဲ့ပေတို့သုံးယောက်ကို မြင်တွေ့ချိန်တွင် ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

"ဆရာကြီးကို နှုတ်ဆက်ပါတယ်"

သူတို့သုံးယောက်သည် အလျှင်အမြန် ဦးညွှတ်အရိုအသေပြုကာ အပြုံးနှင့်တုံ့ပြန်လိုက်ကြသည်။

"ဆရာကြီးကို သတင်းပို့ပါတယ်...ငါတို့က အလုပ်သမား ပထမဆုံးအသုတ်ကို စုဆောင်းပြီးပါပြီ"

ထိုစကားကိုပြောဆိုရင်း သူတို့သုံးယောက်သည် နောက်ရှိလူများကို အလျင်စလို သတိပေးလိုက်သည်။

"ဆရာကြီးကို ကောင်းကောင်းမွန်မွန် မြန်မြန်နှုတ်ဆက်ကြလေ"

သို့ရာတွင်....

သူတို့၏သတိပေးသံကိုကြားသည့်တိုင် ထိုလူများသည် အနည်းငယ်မျှ အရေးစိုက်ခြင်းမရှိချေ။

အကြောင်းအရင်းမှာ အစောပိုင်းက အချိန်တခဏအတွင်းတွင် သူတို့သည် ရီဖုန်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီးဖြစ်သောကြောင့်ပင်။

မည်သည့်ကျင့်ကြံဆင့် အခြေခံမျှမရှိဘဲ....

ရိုးရှင်းပြီး သာမာန်ဆန်နေသဖြင့်....

သူနှင့်ပတ်သတ်ပြီး ခေါင်းအစခြေအဆုံး သူတို့၏အမြင်အာရုံကို ဖမ်းစားနိုင်သောအရာဟူ၍ တစ်ခုမျှရှိမနေချေ။

ဤသည်မှာ ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် ဖြစ်သလော....

သူတို့ ဤကိစ္စကို အနည်းငယ်မျှ ယုံကြည်ခြင်းမရှိပေ။

ဤသည်မှာ ယဲ့ပေတို့သုံးယောက်ကို ဆိုးဆိုးရွားရွား ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ယဥ်ကျေးမှုအရ ဝတ်ကျေတန်းကျေခေါင်းညိတ်ပြသော လူတချို့မှလွဲ၍ အများစုထံတွင် မည်သည့်တုံ့ပြန်မှုမျိုးမျှမရှိချေ။

ကံကောင်းထောက်မစွာဖြင့်....

ရီဖုန်းသည် ဤကိစ္စကို အလေးအနက်ထားပုံမရသဖြင့် ယဲ့ပေတို့သုံးယောက် စိတ်သက်သာရာရသွားသည်။

ရီဖုန်းက အပြုံးနှင့် ပြောဆိုသည်။

"အရမ်းယဥ်ကျေးနေစရာမလိုပါဘူး...လာကြ...မင်းတို့ တည်ဆောက်ရေးလုပ်ငန်းခွင်ကိုကြည့်ရအောင် ငါ ခေါ်သွားပေးမယ်"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ရှေ့မှဦးဆောင်၍ သိုင်းပညာခန်းမ၏အနောက်ဘက်ထံသို့ လျှောက်လှမ်းသွားတော့သည်။

ရီဖုန်း ထွက်ခွာသွားသည်ကိုကြည့်ပြီး ယဲ့ပေတို့သုံးယောက်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ခြေဆောင့်လိုက်ကြကာ အနေအထိုင်မတက်သော လူများကို ဆူပူကြိမ်းမောင်းလိုက်ကြသည်။

"မင်းတို့အရူးအိုကြီးတွေက မင်းတို့လုပ်ရပ်တွေကောင်းတယ်လို့ ထင်နေကြတာလား"

"ဟမ့်...ငါတို့က တခြားဘာလုပ်ရမှာလဲ...မင်းတို့ပြောနေတဲ့တစ်ယောက်က ပြိုင်ဘက်ကင်းဆရာကြီးမဟုတ်ဘူးမလား"

"ဒါက အမှန်ပဲ....ဒါက မင်းတို့ ပြိုင်ဘက်ကင်းဆရာကြီးလို့ ခေါ်နေတဲ့လူလား"

သူတို့အားလုံးသည် အထင်အမြင်သေးစွာဖြင့် မထီမဲ့မြင် ပြောဆိုလိုက်ကြ၏။

သူတို့သည် ယဲ့ပေတို့သုံးယောက်၏စကားများကို အနည်းငယ်မျှ မယုံကြည်ကြချေ။

မည်သို့ပင်ဆိုစေကမူ သူတို့မြင်တွေ့ရသည့်အရာကိုသာ သူတို့ယုံကြည်သည်။

သူတို့သည် ရီဖုန်းနှင့်ပတ်သတ်၍ မည်သည့်မျက်စေ့ကျဖွယ်အချက်ကိုမျှ ရှာမတွေ့ချေ။

"မင်းတို့...မင်းတို့ကောင်တွေ...ဘာလို့ မင်းတို့ ဒီလောက်ထိ မောက်မာထောင်လွှားနေတာလဲ"

ဟန်ထန်းကြွယ်က အေးစက်စက်မျက်နှာနှင့်ပြောဆိုသည်။

"မင်းတို့က ဆရာကြီးကို ထွင်းဖောက်မြင်နိုင်မယ်လို့ ထင်နေကြတာလား...ငါ အာမခံတယ်...မင်းတို့ ဆွံ့အသွားတဲ့အထိ ထိတ်လန့်တုန်လှုပ်သွားစေမယ့် အချိန်အခိုက်အတန့်တစ်ခု ရှိကိုရှိလာစေရမယ်"

"တောင်းပန်ပါတယ်...ငါတို့မှာ မင်းနဲ့ကစားနေဖို့ အချိန်မရှိဘူး"

လူတစ်ယောက်က တုံ့ပြန်ပြောဆိုသည်။

"ဒါက အမှန်ပဲ....ငါတို့လို ဂိုဏ်းချုပ်တွေမှာ လုပ်စရာကိစ္စတွေ တောင်ပုံရာပုံရှိနေတယ်...ဒါကြောင့် ငါတို့ ထွက်သွားတော့မယ်"

"ငါတို့က မင်းတို့ကို အချိန်အကြာကြီး သည်းခံခဲ့ပြီးပြီ....ဒါက မင်းတို့အပေါ် စေတနာထားခဲ့တာလို့ ယူဆနိုင်တယ်...နှုတ်ဆက်ပါတယ်.."

"နှုတ်ဆက်ပါတယ်..."

All Chapters