အခန်း (၃၄၁-၃၄၅)
Vol. 23 Ch. 341-345
Chapter 341
ထိုလူများ အမှန်တကယ်ထွက်ခွာသွားသည်ကိုကြည့်ပြီး ယဲ့ပေတို့သုံးယောက်သည် စိုးရိမ်ပူပန်သွားပေ၏။ ယဲ့ပေ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"တကယ်လို့ မင်းတို့ထွက်သွားရင်...မင်းတို့ နောင်တရစေရမယ်လို့ ငါ အာမခံတယ်"
"ဟမ့်...."
"တကယ်လို့ အဲ့ဒီလူက မင်းတို့ပြောသလို အစွမ်းထက်တယ်ဆိုရင်တောင်...ငါတို့က ဆက်ပြီးစောင့်ဖို့ စိတ်မရှည်တော့ဘူး"
"ဒါက အမှန်ပဲ...ဒါကြောင့် ငါတို့က နောင်တရနေစရာ ဘာအကြောင်းမှမရှိဘူး"
သူတို့အားလုံး၏မျက်နှာများ သုန်မှုန်နေသည်။
သူတို့သည် ယဲ့ပေတို့သုံးယောက်၏စကားများကို ထပ်မံ၍နားမထောင်တော့ချေ။
သူတို့၏အဆင့်အတန်းများဖြင့် မိုင်ပေါင်းထောင်နှင့်ချီဝေးကွာသောနေရာမှ ဤနေရာအစုတ်အပြတ်သို့ အပြေးလာခဲ့ပြီး ချက်ချင်းလှည့်မပြန်ခဲ့သည်ကပင် ယဲ့ပေတို့သုံးယောက်ကို အလွန်သည်းခံခဲ့ရာကျနေလေပြီ။
ထို့ကြောင့် တချို့လူများသည် လေထုအတွင်းမှပျံသန်းကာ ထွက်ခွာသွားတော့သည်။
သိုင်းပညာခန်းမ၏နောက်၌...
ရီဖုန်းသည် ကျယ်ဝန်းသောမြေကွက်လပ်ကို လှည့်ပတ်၍ကြည့်လိုက်၏။
ဤမြေကွက်သည် မူလက ဝူယုံဟုန်တို့ လူအိုကြီးတစ်စု သီးနှံများစိုက်ပျိုးရန် ခုတ်ထွင်ရှင်းလင်းထားခြင်းဖြစ်သည်။ ယခုလက်ရှိချိန်၌ သူ ဂိုဏ်းတည်ထောင်တော့မည်ဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရန်ကိစ္စကို ဘေးဖယ်ထားရပေမည်။
"အဲ့ဒီလူအိုကြီးတွေ ဘာလုပ်နေလဲဆိုတာ ငါ သိချင်မိတယ်...သူတို့က အိမ်ကပြဿနာလေးတွေ သွားပြီးဖြေရှင်းမယ်လို့ပဲ ပြောခဲ့တာ....ဒါပေမယ့် အချိန်အတော်ကြာနေတာတောင် သူတို့က ခုထိပြန်မရောက်သေးဘူး"
ရီဖုန်းက သက်ပြင်းရှိုက်ကာ သူ၏အင်္ကျီလက်အကြားတွင်ဝှက်ထားသော သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။
ဤလက်စွပ်ကို သူ၏လက်အတွင်း၌ဝတ်ထားရမည့်အစား သူ၏အင်္ကျီလက်အတွင်း၌ သိမ်းဆည်းထားသောအကြောင်းအရင်းမှာ အဖိုးတန်ပစ္စည်းများကို ပိုင်ဆိုင်ထားခြင်းသည် အပြစ်တစ်ခုဖြစ်လာနိုင်ကြောင်း ရီဖုန်း နားလည်သဘောပေါက်ထားသောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သိုလှောင်လက်စွပ်တစ်ကွင်းပင်။ တစ်စုံတစ်ယောက်သည် သူ့အား ချမ်းသာကြွယ်ဝသည်ဟုတွေးထင်ကာ လုယက်ရန် ကြိုးစားပါက သူ ဒုက္ခတွေ့နိုင်သည်။
ထို့ကြောင့် သူ သိုသိုသိပ်သိပ်နေကာ ဤလက်စွပ်ကို သူ၏အင်္ကျီလက်အတွင်း၌ သိမ်းဆည်းထားသည်မှာ အကောင်းဆုံးနည်းလမ်းပင်။
"ငါ မင်းတို့ကို အပြင်ထုတ်ပေးမယ်...မဟုတ်ရင် တကယ်လို့ မင်းတို့သာ အသက်ရှုကြပ်ပြီးသေသွားရင် ငါ အင်အားစိုက်ထုတ်တာတွေအားလုံး အလဟဿဖြစ်သွားလိမ့်မယ်"
ရီဖုန်းသည် သိုလှောင်လက်စွပ်ကိုဖွင့်ကာ သူ ဖမ်းဆီးလာသော သားရဲလေးကောင်ကို လွှတ်ပေးလိုက်၏။
ဤသားရဲများအကြားတွင် ကြီးမားသော ငှက်နက်ကြီးတစ်ကောင်ရှိနေသည်။
ကြံ့တစ်ကောင်အရွယ်အစားခန့်ရှိသော ယူနီကွန်းတစ်ကောင်လည်း ပါဝင်ပေ၏။
ထို့ပြင် သမင်တစ်ကောင်နှင့်အနည်းငယ်တူညီသော်လည်း ခွေးတစ်ကောင်၏ခေါင်းမျိုးရှိသော သားရဲတစ်ကောင်ရှိသည်။
နောက်ဆုံးတစ်ကောင်သည် များစွာပို၍ ကြည့်ရဆိုးသည်။ ဤအရာသည် ခွေးတစ်ကောင်နှင့်ဝံပုလွေတစ်ကောင်အကြားမှ တစ်စုံတစ်ခုပင်။
မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည် ဤသားရဲလေးကောင်အနက်မှ မည်သည့်တစ်ကောင်ကိုမဆို နာမည်မခေါ်တတ်ချေ။
သို့ရာတွင် မည်သူက ဂရုစိုက်နေမည်နည်း။
ဤသားရဲများ၏ဟိန်းဟောက်သံများသည် လူအများအား ခြိမ်းခြောက်နိုင်ရန်အထိ ကျယ်လောင်နေရန်သာ အဓိကကျသည်။
"တပည့်...တပည့်လေး"
ရီဖုန်းက အော်ဟစ်လိုက်၏။
"ငါ့ရဲ့ပန်းပဲဖိုဆီကနေ သံကြိုးနည်းနည်းလောက် ယူပေးစမ်း"
"ဟုတ်ကဲ့ ဆရာ...ကျွန်တော် ယူခဲ့မယ်"
သိုင်းပညာခန်းမ၏အတွင်းမှနေ၍ ကျုံးချင်က တုံ့ပြန်ပြောဆိုသည်။ မကြာမီမှာပင် သူသည် ထူထဲသောသံကြိုးကြီးများကို တရွတ်တိုက်ဆွဲကာ အပြေးရောက်လာသည်။
"သူတို့ကို ချည်လိုက်စမ်း"
ရီဖုန်းက အမိန့်ပေးလေ၏။
"ဟုတ်ကဲ့ပါ ဆရာသခင်"
ကျုံးချင်သည် အမိန့်ကိုနာခံကာ ထိုသံကြိုးကြီးများကိုအသုံးပြု၍ သားရဲလေးကောင်ကို ချည်နှောင်လိုက်သည်။
ကျုံးချင်သည် သူတို့အား သံကြိုးဖြင့်ချည်နှောင်ပြီးနောက် အချိန်တခဏအကြာမှာပင် သားရဲလေးကောင် နိုးထလာကြသည်။
ရှေးဦးစွာ သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့အား သံကြိုးများဖြင့် ချည်နှောင်ခြင်းခံထားရသည်ကို သူတို့ သိရှိသွားချိန်တွင် ချက်ချင်းဆိုသလို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ဝေါင်း...."
"ရှူး...."
"ဂီး..."
"ဝူး..."
မတူကွဲပြားသော အသံလေးသံက လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ထို့နောက်...
ထိုသားရဲလေးကောင်၏ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော ကြီးမားသည့်စွမ်းအားအရှိန်အဝါလေးရပ်ကြောင့် လူအများသည် ချမ်းစိမ့်ပြီးတုန်ရီသောခံစားချက်မျိုး ရရှိလေ၏။
အထူးသဖြင့် စူးရှရှငှက်အော်သံသည် တစ်စုံတစ်ယောက်အား သူ၏ရင်ဘတ်ကို တူဖြင့်ထုနှက်လိုက်သကဲ့သို့ ခံစားရစေကာ အသက်ရှုမွန်းကြပ်သွားစေသည်။
ဤအချိန်အခိုက်အတန့်တွင်....
ပင်ကျင်းမြို့အတွင်းရှိ လူများသည် ထိုအသံထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်ကြ၏။
"ဒီလောက်တောင်အစွမ်းထက်တဲ့ အရှိန်အဝါတွေ...ကျွတ်...ကျွတ်...ဒါတွေက နတ်ဆိုးအင်ပါယာအဆင့် သားရဲတွေပဲဖြစ်မယ်"
"ဒါက အမှန်ပဲ....နတ်ဆိုးအင်ပါယာတွေတောင် ဆရာကြီးရဲ့အဆိပ်ပြင်းတဲ့လက်တွေအောက်က မလွတ်မြောက်နိုင်ဘူး"
"ဒီတစ်ကြိမ်မှာ ဆရာကြီးက သူတို့ကို သတ်စားမှာလား....ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်တွေအဖြစ် မွေးထားမှာလားဆိုတာ ငါ သိချင်မိတယ်"
"မင်းတို့အားလုံး ဘာလို့အတင်းအဖျင်းတွေ ပြောနေကြတာလဲ...မင်းရဲ့တို့ဟူးကိုပဲ ရောင်းနေလိုက်စမ်း...မင်း ဒီနေရာမှာနေလာတာ နှစ်တွေအများကြီးရှိနေပြီ...ဒီလိုကိစ္စမျိုးက ထူးဆန်းနေလို့လား...ဒါမှမဟုတ် အလေးအနက်ထားစရာလိုလို့လား"
"အမှန်ပဲ....အေးအေးဆေးဆေး နေကြရအောင်"
ဝိုင်းဖွဲ့၍ ဆူညံစွာစကားပြောဆိုနေကြသော လူအိုကြီးများနှင့်မိန်းမကြီးများ လူစုခွဲသွားကြသည်။ တို့ဟူးရောင်းသူက တို့ဟူးဆက်ရောင်းနေကာ မျက်နှာချေရောင်းသူက မျက်နှာချေဆက်ရောင်းနေလေ၏။
သို့ရာတွင်...
ထိုအသံများကိုကြားရကာ ပျံ့နှံ့လာသော အရှိန်အဝါများကို အာရုံခံမိပြီးနောက် ယဲ့ပေတို့သုံးယောက်ကိုချန်ထားကာ ထွက်ခွာလာခဲ့သော လူများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
သူတို့၏စွမ်းအားများဖြင့် သူတို့ကိုယ်သူတို့တည်ငြိမ်အောင် ဖိနှိပ်လိုက်ကြပြီးနောက် သူတို့သည် ထိတ်လန့်တကြားဖြင့် နောက်သို့ပြန်လှည့်ကြည့်လိုက်ကြသည်။
"ဘာတွေဖြစ်နေတာလဲ"
"အစောပိုင်းက ထွက်ပေါ်လာတဲ့ အရှိန်အဝါတွေနဲ့ဟိန်းဟောက်သံတွေက ဘယ်လိုဖြစ်တာလဲ"
ထိတ်လန့်တုန်လှုပ်သော မျက်နှာအမူအယာများဖြင့် သူတို့သည် ယဲ့ပေတို့ထံ အပြေးပြန်လာကာ တစ်ယောက်ပြီးတစ်ယောက် မေးခွန်းထုတ်လေသည်။
"ဟမ့်..."
"ဘာတွေဖြစ်နေတာလဲဆိုတာ မင်းတို့က သိချင်သေးတာလား"
"ဒါက ဆရာကြီးရဲ့နည်းလမ်းတွေကလွဲပြီးတော့ တခြားဘာဖြစ်နိုင်သေးလို့လဲ"
ထိုလူစုပြန်လာသည်ကိုကြည့်ပြီး ယဲ့ပေတို့သုံးယောက်သည် ခေါင်းမော့ရင်ကော့ကာ သူတို့၏မျက်နှာများပေါ်တွင် မောက်မာဝံ့ကြွားသောအမူအယာများ ထင်ဟပ်နေသည်။
သူတို့ ဤသို့ဖြစ်လာမည်ကို သိရှိထားပြီးလေပြီ။
ဆရာကြီးသည် သူ၏စွမ်းအားအနည်းငယ်ကို ထုတ်ဖော်လိုက်ရုံမျှဖြင့် ဤခွေးမသားများအားလုံး လေးဘက်ထောက်၍ ပြန်ရောက်လာခဲ့ကြသည်။
ထိုစကားကိုကြားချိန်တွင်....
လူတစ်စုသည် အကြည့်ခြင်းဖလှယ်လိုက်ကြ၏။
သူတို့၏မျက်နှာအမူအယာများ အနည်းငယ်ရှုံမဲ့နေသည်။
သူတို့သည် အစောပိုင်းက ဤလူကို လျှော့တွက်ခဲ့မိသည်။ သူသည် အမှန်တကယ်ကို ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် ဖြစ်နေနိုင်ပေ၏။
အကြောင်းအရင်းမှာ အစောပိုင်းက သူတို့အာရုံခံမိသောအရှိန်အဝါသည် အမှန်တကယ် အလွန်အစွမ်းထက်သောကြောင့်ပင်။
ထိုအရှိန်အဝါသည် အလွန်အစွမ်းထက်သဖြင့် သူတို့သည် သိုင်းအရှင်နယ်ပယ်၌ရှိနေသည့်တိုင် အသက်ရှုနိုင်ခြင်းမရှိခဲ့ချေ။
ထို့ကြောင့် သူတို့သည် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို အတိအကျသိရှိလိုသောကြောင့် ရီဖုန်းထံ အပြေးပြန်လာခြင်းဖြစ်သည်။
"ဟေး...ဟေး...မင်းတို့လူအိုကြီးတွေ ငြိမ်ငြိမ်ရပ်နေကြစမ်းပါ...ဆရာသခင်ကို အနှောက်အယှက်မဖြစ်စေနဲ့"
ယဲ့ပေတို့သုံးယောက်သည် ထိုလူများနောက်သို့ပြေးလိုက်ကာ အလျှင်အမြန် ဟန့်တားလိုက်ကြ၏။
ဤအချိန်အခိုက်အတန့်တွင်....
နတ်ဆိုးသားရဲလေးကောင်သည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအပြည့်ဖြင့် ရီဖုန်းကို စူးစူးဝါးဝါးစိုက်ကြည့်နေကြပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုနိုင်ရန် ဆုတောင်းနေကြသည်။
ယခုလက်ရှိချိန်တွင် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များကို လုံးလုံးလျားလျား ဖိနှိပ်ခံထားရသည်အား သူတို့ရှာဖွေတွေ့ရှိမိသဖြင့် ပို၍ပင်လက်မခံနိုင်ဖြစ်သွားကြသည်။ သူတို့သည် မည်သည့်နည်းလမ်းကိုမျှ ထုတ်ဖော်အသုံးမပြုနိုင်သည့်အပြင် သူတို့၏ပါးစပ်များကိုဟ၍ စကားတစ်ခွန်းကိုပင် ပြောဆိုနိုင်ခြင်းမရှိချေ။
အထူးသဖြင့် အင်မော်တယ်နယ်မြေမှ ဆင်းသက်လာသော ငှက်နက်ပင်။ သူသည် ပြင်းပြင်းထန်ထန် ရုန်းကန်နေလေ၏။
အင်မော်တယ်နယ်မြေ၏ အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေမှ မဟာနတ်ဆိုးတစ်ကောင်ဖြစ်သော သူ ငှက်နက်ကြီးသည် ဤအောက်ဘုံသို့ဆင်းသက်လာပြီးနောက် သံကြိုးများဖြင့် ချည်နှောင်ထားခြင်း ခံခဲ့ရသည်။ ဤကိစ္စကို မည်သည့်နည်းဖြင့် သူ သည်းခံနိုင်မည်နည်း။
အရှက်ခွဲခံရခြင်း....
အကြွင်းမဲ့ အရှက်ခွဲခံရခြင်းပင်.....
သူ၏တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ လွတ်မြောက်နိုင်ရန်ကြိုးပမ်းလိုက်သော်လည်း သံကြိုးကြီးများသည် သူ့အားတင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားသဖြင့် သူ မည်သို့မျှ ထွက်ပြေးနိုင်ခြင်းမရှိချေ။
"ဝေါင်း...."
"ရှူး...."
"ဂီး..."
"ဝူး..."
သားရဲလေးကောင်၏အမျက်ဒေါသကို သယ်ဆောင်လာသော ဒေါသတကြီးဟိန်းဟောက်သံလေးသံ ထပ်မံ၍ထွက်ပေါ်လာသည်။
သို့ရာတွင်....
သူတို့၏နှလုံးများ ကွဲကြေလုမတက် ကြေကွဲဝမ်းနည်းသွားစေသောအရာမှာ ဤလူသားသည် သူတို့၏ဟိန်းဟောက်သံများနှင့် ရင်ဆိုင်ရသည့်တိုင် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံမှုမရှိခြင်းပင်။
ဆန့်ကျင်ဘက်အနေဖြင့်...
သူသည် သူတို့၏ရှေ့၌ ပျော်ရွှင်မြူးတူးစွာ ခုန်ပေါက်နေလေ၏။
ထို့နောက် သူသည် အားရဝမ်းသာအော်ဟစ်လိုက်သည်။
"ကောင်းတယ်...အရမ်းကောင်းတယ်"
"သူတို့ရဲ့ဟိန်းဟောက်သံတွေက အရမ်းကောင်းတာပဲ"
"မင်းတို့ကို ငါ ဖမ်းလာတာ အလကားမဖြစ်တော့ဘူး...ငါ ကြားရအောင် မင်းတို့ နည်းနည်းလောက် ထပ်အော်ကြစမ်းပါ"
ရီဖုန်းက ဝမ်းသာပီတိဖြစ်နေသော အမူအယာဖြင့် စိတ်လှုပ်ရှားစွာပြောဆိုသည်။
ရန်စစော်ကားခြင်း....
ဗြောင်ကျကျ ရန်စစော်ကားခြင်းပင်။
သားရဲလေးကောင်၏အမျက်ဒေါသများသည် မိုးထိလုမတတ်မြင့်မားနေကာ ဟိန်းဟောက်သံများ ဆက်လက်၍ထွက်ပေါ်နေပြီး သူတို့၏အရှိန်အဝါများသည် တစ်လှိုင်းပြီးတစ်လှိုင်း ပွင့်အံ့ထွက်နေပေ၏။
ဤမြင်ကွင်းကို တရကြမ်းပြေးဝင်လာသော ယဲ့ပေတို့လူစု မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။
သားရဲသုံးကောင်၏အစစ်အမှန်ပုံစံများကို မြင်တွေ့ရသည့်အပြင် အလွန်အမင်း ကြီးမားသောအရှိန်အဝါများကို အာရုံခံမိသဖြင့် ဖြစ်နိုင်သည်မှာ ဤသားရဲများသည်......
ဟူး....
အနောက်နတ်ဆိုးတောအုပ်မှ နတ်ဆိုးအင်မော်တယ်သုံးကောင်မဟုတ်လော...
ရုတ်ချည်းဆိုသလိုပင်..
သူတို့သည် နေရာမှာပင် အမြစ်တွယ်နေသည့်အလား တောင့်တင်းသွားပေ၏။
သူတို့သည် လုံးလုံးလျားလျား ကြက်သေသေနေကြကာ သူတို့၏မျက်လုံးအိမ်များ ကျွတ်ထွက်တော့လုမတတ်ပင်။
ဤကုန်းမြေသည် အလွန်ကြီးမားကျယ်ပြန့်သော်လည်း အထွတ်အထိပ်အဆင့်သို့ရောက်ရှိသူများမှာ အနည်းစုသာရှိသည်။ အင်မော်တယ်လမ်းကြောင်းကို ရရှိသူများသည် ဖီးနစ်ငှက်မွှေးနှင့်ချီလင်ဦးချိုထက်ပင် ပို၍ရှားပါးပေ၏။
ထို့ကြောင့် နတ်ဆိုးဖြစ်စေ လူသားဖြစ်စေ အင်မော်တယ်များသည် အင်မော်တယ်မြစ်ကုန်းမြေ၏သမိုင်းစဥ်တလျှောက်၌ မှတ်တမ်းတင်ထားခံရသော တည်ရှိမှုကြီးများဖြစ်သည်။
ထို့ကြောင့် သူတို့သည် မကြာသေးမီကမှ အင်မော်တယ်များဖြစ်လာကာ အနောက်ဘက်နတ်ဆိုးတောအုပ်ကိုအုပ်ချုပ်ခဲ့သော ဤနတ်ဆိုးသားရဲသုံးကောင်ကို မြင်တွေ့ချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤနတ်ဆိုးသားရဲများသည် နယ်မြေအတားအဆီးကိုဖြတ်ကျော်၍ အင်မော်တယ်နယ်မြေသို့ တက်လှမ်းသွားပြီမဟုတ်လော...
မည်သည်ကြောင့် သူတို့ ဤနေရာသို့ ရောက်ရှိလာသနည်း...
ထို့ပြင် သူတို့သည် ချုပ်နှောင်ခြင်းခံထားရသလော....
ထို့ပြင် တခြားငှက်နက်ကြီးကို သူတို့မသိရှိသော်လည်း သူ၏အရှိန်အဝါအရ နတ်ဆိုးအင်မော်တယ်သုံးကောင်းထက်ပင် ပို၍အစွမ်းထက်ပုံရသည်။
ဟူး.....
ဤကဲ့သို့ လောကကြီးတခွင်လုံး တုန်လှုပ်ချောက်ချားသွားစေမည့်မြင်ကွင်းသည် မည်သည်ကြောင့် ဖြစ်ပေါ်လာသနည်း။
ထိုလူစုမိန်းမောတွေဝေနေသည်ကိုကြည့်ပြီး သူတို့သည် ဤှသားရဲများကို ထိတ်လန့်ကြောက်ရွံနေခြင်းဖြစ်မည်ဟု ရီဖုန်းက တွေးထင်မိသည်။ ထို့ကြောင့် သူက အပြုံးနှင့် အလျှင်အမြန်ရှင်းပြလိုက်၏။
"ဘာမှ မကြောက်ကြနဲ့...ဒါက ငါ တောင်ပေါ်ကနေ ကြုံရာကျပန်းဖမ်းလာခဲ့တဲ့ သားရဲလေးတချို့ပါ...ဒီသားရဲတွေကို ချုပ်နှောင်ထားတာကြောင့် သူတို့က ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင် လုပ်နိုင်မှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင်....
လူတစ်စုလုံး ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားသည်။
ကြုံရာကျပန်းဖမ်းလာသော....
သားရဲများ...
ဟူး.....
ဤသည်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ မောက်မာထောင်လွှားမှုမျိုးမဟုတ်လော....
Chapter 342
ရုတ်ချည်းဆိုသလိုပင် လူတိုင်း အသိစိတ်ပြန်ဝင်လာကြသည်။
ယဲ့ပေတို့သုံးယောက်သည် လိမ်ညာခြင်းမရှိချေ။ ကြည့်ရသည်မှာ သူတို့ရှေ့ရှိလူငယ်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ဖြစ်ပေမည်။
ထိုသို့မဟုတ်ပါက အနောက်ဘက်တောအုပ်မှ နတ်ဆိုးအင်မော်တယ်သုံးကောင်သည် မည်သည့်နည်းဖြင့် သူ၏အကျဥ်းသားဖြစ်လာမည်နည်း။
"အင်း...."
"ဒါက တည်ဆောက်မယ့်ပုံစံပဲ"
"ငါ အရင်က ဒါကိုပြောထားခဲ့ပြီးပြီ....မင်းတို့ဟာမင်းတို့ ကြည့်လိုက်ကြတော့"
တောရိုင်းသားရဲလေးကောင်ကို ချုပ်နှောင်ပြီးနောက် ရီဖုန်းက ယဲ့ပေတို့လူစုကို ညွှန်ကြားလိုက်သည်။
"ကောင်းပါပြီ...ဆရာကြီး...မင်း လုပ်စရာရှိတာ သွားလုပ်ပါ...ငါက သူတို့ကို အရင်ကြည့်ခိုင်းလိုက်မယ်"
ယဲ့ပေတို့သုံးယောက်က ရိုသေလေးစားစွာ တုံ့ပြန်ပြောဆိုသည်။
ရီဖုန်းက ခေါင်းညိတ်ပြလိုက်၏။ သူသည် ယဲ့ပေတို့ကို မည်ကဲ့သို့ပြုလုပ်ရမည်အား ရှင်းပြပြီးဖြစ်သဖြင့် သူ ဤနေရာ၌ဆက်နေရန် မလိုတော့ချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် အစောပိုင်းကမှ တောတောင်အတွင်းမှ ပြန်လာခြင်းဖြစ်သောကြောင့် အနည်းငယ်ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသည်။
"ဆရာကြီးကို နှုတ်ဆက်ပါတယ်"
လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် ချွင်းချက်မရှိ ရီဖုန်းကိုဦးညွှတ်အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြသည်။
ရီဖုန်း ထွက်ခွာသွားပြီးနောက် ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များနှင့်အကြီးအကဲများသည် ယဲ့ပေတို့သုံးယောက်အနီးသို့ ဝိုင်းအုံလာသည်။
"ဟီး ဟီး...သူရဲကောင်းလေးယဲ့"
"ညီအကိုဟန်..."
"ညီအကိုကွမ်...."
"အဟွတ်...အဟွတ်...ခုဏက ငါတို့ နည်းနည်းစိတ်မြန်လက်မြန်ဖြစ်သွားတယ်...ကျေးဇူးပြုပြီးတော့ ဒါကို စိတ်ထဲမထားပါနဲ့"
သူတို့အနက်မှတစ်ယောက်ပြီးတစ်ယောက်သည် မျက်နှာချိုသွေးသောအပြုံးများဖြင့် ယဲ့ပေတို့သုံးယောက်ကိုကြည့်ကာ ပြောဆိုသည်။
ထိုစကားများကိုကြားချိန်တွင် ယဲ့ပေတို့သုံးယောက်သည် လှောင်ပြောင်သရော်လိုက်ကြ၏။
သူတို့၏မျက်နှာများပေါ်တွင် အထင်အမြင်သေးသော မျက်နှာအမူအယာများရှိနေသည်။
ရွဲ့စောင်းစောင်းလေသံဖြင့် ယဲ့ပေက ပြောဆိုသည်။
"စိတ်ထဲမထားပါဘူး...မင်းတို့ စိတ်မြန်လက်မြန်ဖြစ်တာက ငါတို့နဲ့ ဘာမှမဆိုင်ဘူး...မင်းတို့ လာတာသွားတာက မင်းတို့ရဲ့လွတ်လပ်ခွင့်ပဲလေ...မင်းတို့ ခုဏက ထွက်သွားချင်နေတာမလား....သွားကြလေ...ငါတို့က မင်းတို့ကို ဟန့်တားမှာမဟုတ်ဘူး"
"အိုး သူရဲကောင်းလေးယဲ့...ဒါက ဘယ်လိုစကားမျိုးတွေလဲ...ငါတို့က ခုဏက မျက်လုံးကန်းပြီးတော့ မောက်မာထောင်လွှားမိရုံလေးပါ"
"ဟုတ်တယ်...ဟုတ်တယ်...ငါတို့က စိတ်မြန်လက်မြန် ဖြစ်သွားမိတာပါ...စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတာ..."
"အမှန်ပဲ....ဒါက ငါတို့ရဲ့အမှားပါ...ကျေးဇူးပြုပြီးတော့ ဒါကို စိတ်ထဲမထားကြပါနဲ့...မင်းတို့သုံးယောက်က သဘောထားကြီးပြီးတော့ မင်းတို့ကိုယ်မင်းတို့ ငါတို့ရဲ့အဆင့်ထိ မနှိမ့်ချလိုက်ပါနဲ့"
"ဟုတ်တယ်....ပြောရမယ်ဆိုရင် မင်းတို့သုံးယောက်အတွက် ငါတို့ထန်းဟွာဂိုဏ်းရဲ့ဆေးပညာရှင်တွေ သန့်စင်ထားတဲ့ ဆေးလုံးတချို့ရှိနေတယ်...ဒီဆေးလုံးတွေကို မင်းတို့လက်ခံပေးဖို့ ငါ မျှော်လင့်တယ်"
"ဒါက စိတ်ဝိညာဥ်ဆေးပင်တချို့ပါ...ငါ မင်းတို့သုံးယောက်ကို လက်ဆောင်ပေးချင်နေတာ အချိန်အတော်ကြာနေပြီ...ကျေးဇူးပြုပြီးတော့ ဒါတွေကို လက်ခံပေးပါ"
"အကိုကွမ်း....လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်လောက်တုန်းက....တိမ်တိုက်လျှို့ဝှက်နယ်မြေထဲမှာ ငါတို့က ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာလေ....မင်း မှတ်မိသေးလား"
"ဟုတ်တယ်...ဟုတ်တယ်...အကိုဟန်ထန်းနဲ့ငါ့အကြားမှာရှိတဲ့ ဆက်ဆံရေးက သာမာန်မဟုတ်ဘူးလေ....အတိတ်တုန်းက မင်းရဲ့ငယ်ချစ်ဦးက ငါ့ဦးလေးရဲ့ ဝမ်းကွဲအဒေါ်ရဲ့ သမီးပဲ...ပြောရမယ်ဆိုရင် ငါတို့က သွေးဝေးဆွေမျိုးတွေတော်စပ်တယ်"
ဤအချိန်တခဏတွင် ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များနှင့်အကြီးအကဲများသည် အမျိုးမျိုးသောမြှောက်လုံးပင့်လုံးများနှင့် ယဲ့ပေတို့လူစုကို မြှောက်ပင့်ခယနေကြသည်။
တချို့က မြှောက်ပင့်ပြောဆိုသည်။ တချို့သည် ရက်ရောစွာဖြင့် သူတို့ပိုင်ဆိုင်သောရတနာများကို ထုတ်ပေးလေ၏။
လူတချို့ကမူ သူတို့နှင့် သွေးအနည်းငယ်သာတော်စပ်သည့် အလွန်အလွန်သွေးဝေးသောဆွေမျိုးများနှင့် ဆွေမျိုးစပ်နေကြသည်။
ဤကောက်ကျစ်သောလူအိုကြီးများသည် အလွန်လိမ္မာပါးနပ်ကာ နတ်ဆိုးအင်မော်တယ်များကို ချုပ်နှောင်ထားနိုင်သည့် ဆရာကြီးတစ်ယောက်၏တည်ရှိမှုသည် မည်သည့်အရာအားဆိုလိုသည်ကို နားလည်သဘောပေါက်သည်မှာ သိသာထင်ရှားလှ၏။
ထို့ကြောင့် သူတို့ကို အလုပ်ကြမ်းလုပ်ဆောင်ရန် တောင်းဆိုခြင်းကို မဆိုထားနှင့် မိလ္လာများသယိဆောင်ရန်ဆိုလျှင်ပင် ဤနေရာ၌ဆက်နေရန် သူတို့ ဆန္ဒရှိသည်။
"အရှက်မရှိတဲ့ သက်ကျားအိုကြီးတွေ..."
ယဲ့ပေတို့လူစုသည် မှုန်တေတေမျက်နှာများဖြင့် ထိုလူများကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြသည်။
ဤလူများသည် အရေထူစွာဖြင့် ပြုံးပြကြလေ၏။ သူတို့ထံတွင် ထွက်မသွားတော့မည့် ပုံပန်းသွင်ပြင်မျိုးရှိနေသည်။
"ထားလိုက်တော့...မင်းတို့အားလုံး ဒီနေရာမှာ ဆက်နေလို့ရတယ်...ဒါပေမယ့် အရင်က ငါ ပြောထားတဲ့စည်းမျဥ်းတွေကို မင်းတို့ မှတ်ထားကြပါ...မင်းတို့အားလုံးက ဒါတွေကို စိတ်ထဲထားဖို့ ငါ မျှော်လင့်တယ်...တကယ်လို့ တစ်ယောက်ယောက်က ဆရာကြီးကို အပြစ်ပြုမယ်ဆိုရင်...ငါတို့ ပြန်လှည့်ကြည့်မှာမဟုတ်တဲ့အတွက် အပြစ်မတင်ကြနဲ့"
ဟန်ထန်းကြွယ်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဘာမှမစိုးရိမ်နဲ့...ငါတို့က ဒီစည်းမျဥ်းတွေကို အတိအကျ လိုက်နာမှာပါ"
လူအုပ်ကြီးသည် သူတို့၏ရင်ဘတ်များကိုပုတ်ကာ အာမခံလိုက်ကြသည်။
ဤသို့ဖြင့် ရီဖုန်း၏ဂိုဏ်းတည်ဆောက်ရန်အတွက် အလုပ်သမားပထမဆုံးတစ်သုတ်သည် နောက်ဆုံး၌ အခြေတကျဖြစ်သွားလေပြီ။
သိုင်းပညာခန်းမအတွင်း၌...
မတွေ့ရသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော လုချင်ရှန်းနှင့်ကျူးယွင်တို့ ရောက်ရှိနေသည်။
"လူအိုကြီး...မင်းက အရမ်းယဥ်ကျေးနေတုန်းပဲ"
ရီဖုန်းက အပြုံးနှင့်ပြောဆိုကာ လုချင်ရှန်းယူဆောင်လာသော ပစ္စည်းများကို လက်ခံလိုက်၏။
"ဒါက ငါ လုပ်သင့်တဲ့ကိစ္စပါ"
လုချင်ရှန်းက တုံ့ပြန်ပြောဆိုကာ သူတို့နှစ်ယောက်လုံး ပြုံးလိုက်ကြသည်။
"ကျေးဇူးပြုပြီးတော့ ထိုင်ကြပါဦး"
"ငါ့မှာ မင်းတို့ကိုမေးစရာ ကိစ္စတချို့ရှိနေတယ်"
ရီဖုန်းက ပြောဆိုသည်။
"အင်း...ဒါက ဒီလိုပါ....ငါက အပျော်သဘောအနေနဲ့ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ဖို့ စီစဥ်ထားတယ်....ဒါပေမယ့် ငါ စဥ်းစားရမယ့် ကိစ္စတွေအများကြီးရှိနေတယ်....ငါက မင်းတို့ဆီကနေ အကူအညီနဲ့လမ်းညွှန်မှုတွေ တောင်းခံချင်တယ်...ငါ့ရဲ့သံသယတွေကို ရှင်းလင်းသွားအောင် မင်းတို့ ကူညီပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်"
"ဆရာကြီးရီက ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ချင်တာလား"
လုချင်ရှန်းနှင့်ကျူးယွင်တို့သည် ထိတ်လန့်တုန်လှုပ်သွားကာ ချက်ချင်းမတ်တတ်ထရပ်လိုက်ကြသည်။
ဤသတင်းသည် သူတို့အတွက် အလွန်ထိတ်လန့်တကြားဖြစ်ဖွယ်ရာပင်။
"လန့်မသွားနဲ့...လန့်မသွားကြပါနဲ့"
သူတို့၏တုံ့ပြန်မှုကိုကြည့်ပြီး ရီဖုန်းသည် သူ၏လက်များကို အောက်သို့နှိမ့်ကာ သူ၏မျက်နှာအမူအယာသည် ရှက်ကိုးရှက်ကန်းဖြစ်နေလေ၏။
"မင်းတို့ သိတဲ့အတိုင်းပဲ...ငါက သာမာန်သေမျိုးတစ်ယောက်လေ...ဒါကြောင့် ငါက ဒါကို အပျော်သဘောလုပ်တာထက်မပိုဘူး...မင်းတို့က ငါ့ထက် ပိုပြီးနားလည်မယ်လို့ ငါ ထင်တယ်...ဒါကြောင့် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရမယ့် လုပ်ထုံးလုပ်နည်းတွေ မင်းတို့ကို ငါ မေးချင်တယ်"
လုချင်ရှန်းနှင့်ကျူးယွင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
ဤလူသည် လူစိတ်ဝင်စားမည့်ကိစ္စများကို မည်ကဲ့သို့ပြုလုပ်ရမည်ကို အမှန်တကယ်သိရှိနေကာ ဂိုဏ်းတစ်ဂိုဏ်းကိုပင် တည်ထောင်လိုခဲ့သည်။
အကယ်၍ ရီဖုန်းက သူသည် သာမာန်သေမျိုးတစ်ယောက်ဟု ထပ်ခါတလဲလဲ သတိပေးနေခြင်းမရှိပါက သူသည် သူ၏ကျင့်ကြံဆင့်ကို ဖိနှိပ်ထားရန် မကြံရွယ်တော့ဘဲ နာမည်ကျော်ကြားလိုနေသည်ဟု သူတို့ တွေးထင်မိပေမည်။
သို့ရာတွင် သာမာန်သေမျိုးတစ်ယောက်အဖြစ်နှင့် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်မည်ဟူသည်မှာ အထင်ကြီးဖွယ်ရာပင်။ ဤလုပ်ဆောင်ချက်သည် အလွန်ထူးခြားပေ၏။
တစ်ချိန်တည်းမှာပင် ဆရာကြီးရီသည် သူတို့နှင့်ပတ်သက်သည့် အရာအားလုံးကို သိနေပုံရကာ သူတို့၏သရုပ်မှန်များကို ကောင်းစွာသိရှိပြီးဖြစ်ပေမည်။ ဤသည်ကြောင့်သာ သူသည် သူတို့်ထံမှ အကြံဥာဏ်တောင်းခံခြင်းဖြစ်ပေမည်။
ထို့ကြောင့်....
သူတို့သည် ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန်အတွက် လုပ်ထုံးလုပ်နည်းများကို အသေးစိတ်ကျကျ ရှင်းပြလိုက်ကြသည်။
"ငါ သိပြီ"
ရီဖုန်းက ခေါင်းညိတ်ပြကာ နောက်မှီကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း စဥ်းစားတွေးတောလိုက်၏။
လုချင်ရှန်းနှင့်ကျူးယွင်တို့ ပြောဆိုခဲ့သော လိုအပ်ချက်များအကြားတွင် သူ့အား ခေါင်းခဲစေသော အချက်နှစ်ချက်ရှိနေသည်။
ပထမအချက်မှာ....
ဂိုဏ်း၏တည်နေရာပင်။
စည်းကမ်းချက်မှာ ပိုင်ရှင်မဲ့မြေကို ရွေးချယ်ရပေမည်။ အကယ်၍ သူသည် တခြားဂိုဏ်း၏စီရင်ပိုင်ခွင့်နယ်မြေအတွင်း၌ သူ၏ဂိုဏ်းကို တည်ထောင်ပါက ထိုဂိုဏ်း၏အခွင့်အာဏာကို စိန်ခေါ်သကဲ့သို့ ဖြစ်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ထို့ပြင် သူ သိသလောက်ဆိုလျှင် သူသည် ယခုလက်ရှိတွင် ချင်ရှန်းဂိုဏ်း၏ပိုင်နက်နယ်မြေအတွင်း၌ ရှိနေလေ၏။
ချင်ရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်ဘိုးဘေးတို့နှင့် ပတ်သက်သောအကြောင်းများကို သူ လူအမြောက်အများထံမှ ကြားသိခဲ့ဖူးသည်။
ချင်ရှန်းဂိုဏ်းချုပ်သည် သွေးဆူသောစိတ်နေသဘောထားရှိကာ လူသတ်ရာတွင် မျက်တောင်တစ်ချက်မခတ်သူပင်။
ဘိုးဘေးကြီးကမူ ပို၍ပင်စိတ်ရူးပေါက်လွယ်သူဖြစ်ကာ မိန်းကလေးငယ်များကို သဘောကျတတ်သူဖြစ်ပြီး သူ၏လက်အတွင်းတွင် မိန်းကလေးတချို့ ခံစားခဲ့ရကြောင်း သူ ကြားသိခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူနှစ်ယောက်လုံးသည် လူကောင်းများဖြစ်ပုံမရချေ။
ထိုအကြောင်းကိုတွေးတောရင်း သူသည် ကူကယ်ရာမဲ့စွာဖြင့် လုချင်ရှန်းနှင့်ကျူးယွင်တို့ကို ကြည့်လိုက်၏။
ကံကောင်းထောက်မစွာဖြင့်...
သူသည် ဤလူနှစ်ယောက်ကို ကြိုတင်မေးမြန်းခဲ့မိသည်။
သို့ရာတွင် အကြောင်းအရင်းတချို့ကြောင့် ရီဖုန်း၏အကြည့်ကို တုံ့ပြန်သည့်အနေဖြင့် လုချင်ရှန်းနှင့်ကျူးယွင်တို့သည် သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ ရှင်းမပြနိုင်သော ထိတ်လန့်ကြောက်ရွံမှုကို ခံစားမိသည်။
သို့ရာတွင် ဒုတိယပြဿနာသည် ရီဖုန်းကို ပို၍ခေါင်းခဲနိုင်စွမ်းရှိသော ကိစ္စပင်။
ဤသည်မှာ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန်အတွက် အရည်အချင်းပင်။
ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ခြင်းသည် ပေါ့ပေါ့တန်တန် ပြုလုပ်၍ရသော တစ်စုံတစ်ခုမဟုတ်ချေ။ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန်အတွက် အရည်အချင်းပြည့်မီရန်လိုအပ်သည်။ ဤအရည်အချင်းမှာ ဂိုဏ်းတစ်ဂိုဏ်းသည် ဂိုဏ်းပေါင်းစုံမဟာမိတ်၏အသိအမှတ်ပြုမှုကို ရရှိထားရန်လိုအပ်ခြင်းပင်။ ဤဂိုဏ်းပေါင်းစုံမဟာမိတ်သည် ဒုန်ရှန်းကျိုးအတွင်းရှိ ဂိုဏ်းအမြောက်အများ စုစည်းထားသော အဖွဲ့အစည်းဖြစ်သည်။ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန်အတွက် အသိအမှတ်ပြုခံရခြင်းနှင့်ခွင့်ပြုချက်တို့မရှိပါက ထိုဂိုဏ်းကို ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့မှ ဖျက်သိမ်းရန်အမိန့်ပေးပေမည်။
သို့ရာတွင် ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန်အတွက် အရည်အချင်းပြည့်မီရန် အလိုအပ်ဆုံးအခြေအနေတစ်ရပ်မှာ ပထမဆုံးအနေဖြင့်
ဂိုဏ်းချုပ်၏ကျင့်ကြံဆင့်နယ်ပယ်ပင်။
ဤသည်မှာ ရီဖုန်းအတွက် ကြီးမားသောအခက်အခဲကြီးဖြစ်ပေ၏။ သူသည် ကျင့်ကြံဆင့်စွမ်းအားကို မည်သည့်နေရာမှ ရရှိနိုင်မည်နည်း။
သူ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရခြင်း၏ရည်ရွယ်ချက်မှာ စနစ်မှပေးအပ်သောတာဝန်ကို ပြီးမြောက်အောင်ပြုလုပ်၍ သူ ကျင့်ကြံနိုင်ရန်ပင်။
အကယ်၍ သူ့ထံတွင်သာ ကျင့်ကြံနိုင်စွမ်းရှိနေပါက မည်သည်ကြောင့် သူ ပင်ပန်းဆင်းရဲခံ၍ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမည်နည်း။
ကံကောင်းထောက်မစွာဖြင့် တခြားညှိနှိုင်းချက်တစ်ခုရှိနေမှာ...ထိုဂိုဏ်းချုပ်လုပ်မည့်သူသည် ဂိုဏ်းတစ်ဂိုဏ်း၌ ဝင်ရောက်ဖူးသော အတိတ်မှတ်တမ်းရှိနေခြင်းပင်။ ဤသည်မှာ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းရည်ကို တစ်စိတ်တစ်ပိုင်းကိုယ်စားပြုခြင်းဟု ယူဆနိုင်သည်။
သို့ရာတွင် ဤသည်မှာလည်း ရီဖုန်းကို ကြီးမားစွာအကျပ်ရိုက်စေမှုကြီးဖြစ်နေဆဲပင်။
သူ၏အရည်အချင်းကို စနစ်ကပင် ဆန်းစစ်နိုင်စွမ်းမရှိဟု ဆုံးဖြတ်လေရာ မည်သည့်ဂိုဏ်းက သူ့ကို လက်ခံမည်နည်း။
ဤှသည်မှာ သူ့အတွက် ခေါင်းခဲစရာပင်။
သို့ရာတွင် သူ ကျင့်ကြံနိုင်ရန်အလို့ငှာ ဤကိစ္စကို သူ လက်လျှော့အရှုံးပေးမည်မဟုတ်ချေ။
ဒုန်ရှန်းကျိုးအတွင်း၌ သေးငယ်သောဂိုဏ်းငယ်များ အမြောက်အများရှိသည်ဟု သူ ကြားသိထားသည်။ ကြည့်ရသည်မှာ သူ အချိန်တချို့ယူ၍ သူ၏ကံကိုစမ်းသပ်ရန် ကြိုးစားရပေမည်။
အကယ်၍ တိုက်ဆိုင်မှုတစ်ရပ်ကြောင့် ကြောင်းကျိုးမမြင်သောဂိုဏ်းတစ်ဂိုဏ်းသည် သူ့အား လက်ခံလိုက်ပါက ထိုနေရာ၌ အချိန်တစ်လခန့်နေပြီး သူ ထွက်ခွာခဲ့နိုင်သည်။ ထိုဂိုဏ်း၏တပည့်ဟူသော အဆင့်အတန်းကို သူ ရရှိသွားပါက ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန်အတွက် အရည်အချင်းပြည့်မီသွားလေပြီ။
Chapter 343
လုချင်ရှန်းနှင့်ကျူးယွင်တို့ထံမှ ဂိုဏ်းတည်ထောင်ရန် အခြေအနေများကို သိရှိရပြီးနောက် ရီဖုန်းသည် ယဲ့ပေတို့၏တည်ဆောက်ရေးအဖွဲ့ကို စောင့်ဆိုင်းခိုင်းရုံသာ တတ်နိုင်တော့သည်။
နောက်တစ်နေ့....
နံနက်စောစော၌...
ရီဖုန်းသည် အပြင်သို့ ထွက်ခဲ့လေ၏။
ပင်ကျင်းမြို့သည် ချင်ရှန်းဂိုဏ်း၏ပိုင်နက်နယ်မြေအတွင်း၌ရှိသဖြင့် သူ၏ဂိုဏ်းကို မြို့အတွင်း၌ မည်သို့မျှ ဆက်လက်တည်ဆောက်၍ ရမည်မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် ရီဖုန်းသည် ယမန်နေ့ညတစ်ညလုံး မြေပုံကို လေ့လာဆန်းစစ်ပြီးနောက် ဂိုဏ်း၏တည်နေရာအတွက် အကြမ်းဖျင်းနေရာတစ်ခုကို သတ်မှတ်နိုင်ခဲ့သည်။
ပင်ကျင်းမြို့နှင့်မူတောင်ပရဝုဏ်အနီးတွင် ကြီးမားသော ရေချိုအိုင်ကြီးတစ်အိုင်ရှိသည်။ ဤရေချိုအိုင်ကြီးသည် မြေပုံအရကြည့်ပါက အင်မော်တယ်မြစ်ကုန်းမြေတခွင်လုံးတွင် အကြီးဆုံးရေချိုအိုင်ဖြစ်ပုံရသည်။
သာမာန်အားဖြင့် မည်သူမျှ ဤနေရာသို့လာရောက်ခြင်းမပြုသည့်အပြင် မည်သည့်ဂိုဏ်းအင်အားစု၏နယ်မြေများနှင့်မျှ မသက်ဆိုင်ချေ။
ဤရေချိုအိုင်ကြီး၏အလယ်၌ ကျွန်းငယ်တစ်ခုရှိသည်ဟု မြေပုံပေါ်၌ မှတ်သားထားသည်။ ရီဖုန်းသည် ထိုကျွန်းငယ်ပေါ်၌ ဂိုဏ်းတည်ထောင်ရန် ရည်ရွယ်ထားပေ၏။
ယနေ့တွင် သူ ထိုနေရာသို့သွားရောက်၍ နယ်မြေစစ်ဆေးမှုများ ပြုလုပ်ရပေမည်။
မကြာမီမှာပင် ရီဖုန်းသည် သူ၏ရည်မှန်းချက်နေရာသို့ ရောက်ရှိလာခဲ့သည်။
အကြည့်တစ်ချက်ဖြင့်...
ရီဖုန်းသည် ဤနေရာကို သဘောကျနှစ်ခြိုက်သွားလေ၏။
လှိုင်းထနေသောရေမျက်နှာပြင် ရေအိုင်ကိုဖြတ်သန်းတိုက်ခတ်လာသော လေပြည်လေညှင်းတို့က လူအများအား သက်တောင့်သက်သာရှိမှုနှင့်ပျော်ရွှင်မှု ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
ကျွန်းငယ်လေးသည် ရေအိုင်၏အလယ်၌ရှိကာ ရေများအဘက်ဘက်မှ ဝိုင်းရံနေသည်။
အဝေးမှကြည့်ပါက ဤကျွန်းသည် အလွန်ကြီးခြင်းသေးခြင်းမရှိချေ။ ကျွန်း၏အရှေ့ခြမ်းတွင် ပြန့်ပြူးသောမြေကွက်လပ်ရှိပြီး အနောက်ခြမ်းတွင် သစ်တောအုပ်ငယ်တစ်ခုရှိသည်။
ဤသစ်တောအုပ်တည်ရှိခြင်းသည် ရီဖုန်းကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။
အကြောင်းအရင်းမှာ လူများကိုလှည့်စားရန် အနောက်ဘက်ခြံဝန်းကိုဖန်တီးမည့် သူ၏မူလရည်ရွယ်ချက်နှင့် အံ့ဝင်ခွင်ကျဖြစ်နေသောကြောင့်ပင်။
ထို့ထက်ပို၍ အရေးအကြီးဆုံးမှာ ဤကဲ့သို့လဝေးလံခေါင်သီသောနေရာတွင် ဂိုဏ်းတည်ထောင်ခြင်းကြောင့် တခြားဂိုဏ်းများသည် သူ၏ဂိုဏ်းအား မျက်စေ့ကျလာမည်ကို စိုးရိမ်ရန်မလိုသဖြင့် လုံခြုံရေးအလွန်အမင်းစိတ်ချရသည်။
မည်သို့ပင်ဆိုစေကာမူ...
သူသည် ဂိုဏ်းကို ကြီးထွားအောင်မြင်အောင် ပြုလုပ်ရန် ရည်ရွယ်ထားခြင်းမရှိချေ။ သူသည် စနစ်မှပေးအပ်ထားသော တာဝန်ကို ပြီးမြောက်စေလိုရုံသက်သက်ပင်။
ရီဖုန်းသည် သူ၏တံစဥ်နှင့်ပစ္စည်းကိရိယာများကိုထုတ်ယူကာ ဝါးဖောင်တစ်ခုပြုလုပ်ပြီးနောက် လှော်ခတ်၍ ကျွန်းငယ်လေးထံသို့သွားလိုက်၏။
သို့ရာတွင်....
ရီဖုန်း၏ဝါးဖောင် ကမ်းစပ်သို့ ရောက်ရှိစဥ်မှာပင် ဖြူရော်ရော်ပုံရိပ်တစ်ခုက ကျွန်းပေါ်မှပြေးထွက်လာသည်။
ထိုလူ၏အဝတ်အစားများ စုတ်ပြတ်နေကာ ဒဏ်ရာအပြင်းအထန်ရရှိထားသည်မှာ သိသာထင်ရှားလှ၏။ သူ၏မျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်နေသောအမူအယာကို ကြည့်ခြင်းအားဖြင့် သူ့၏နောက်သို့ တစ်စုံတစ်ခုမှ လိုက်လံဖမ်းဆီးနေပုံရသည်။
သို့ရာတွင် သူသည် ရီဖုန်းကိုမြင်တွေ့ချိန်တွင် သူ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။
သူသည် ဝါးဖောင်ထံသို့ တရကြမ်းပြေးလာကာ ရီဖုန်းကိုကြည့်၍ အော်ဟစ်လိုက်၏။
"ကောင်လေး...မင်း အခုချက်ချင်းလှေကိုလှော်ဖို့ ငါ မင်းကို အမိန့်ပေးတယ်"
ရီဖုန်းကိုအော်ဟစ်ရင်း သူသည် နောက်သို့ပြန်လှည့်ကြည့်ကာ ညည်းတွားလေသည်။
"အဲ့ဒီကောင်က ရေကြောက်တော့ ဒီကျွန်းကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး...ငါ ရေထဲကိုရောက်တာနဲ့...သူ ငါ့ကို ထိခိုက်နာကျင်အောင် လုပ်နိုင်တော့မှာမဟုတ်ဘူး"
ဤလူ၏ဗလုံးဗထွေး စကားသံအပြင် သူ၏ဒဏ်ရာရထားသော ပုံပန်းသွင်ပြင်ကြောင့် ရီဖုန်းသည် အချိန်တခဏခန့် ကြက်သေသေသွားသည်။
ရီဖုန်းသည် မမေးမြန်းဘဲ မနေနိုင်တော့ချေ။
"မင်း ဘာဖြစ်လာတာလဲ"
"အသုံးမကျတဲ့သေမျိုးကောင်...ငါ မင်းကို စကားပြောခိုင်းလို့လား"
ထိုလူငယ်သည် ရီဖုန်းကိုခြေဆုံးခေါင်းဆုံးကြည့်ကာ သေမျိုးတစ်ယောက်ဖြစ်သည်ကို သိရှိသွားပြီးနောက် သူက ခက်ထန်တင်းမာစွာ အော်ငေါက်လိုက်သည်။
"တကယ်လို့ မင်း ငါ့ရဲ့အမိန့်ကို နားမထောင်ဘူးဆိုရင်...ငါ မင်းကို သတ်ပစ်လိုက်မယ်"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ချက်ချင်းဆိုသလိုပင် စနစ်၏ဆန်းစစ်ခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းလိုက်၏။
"ဒင်...."
"စမ်းသပ်ပစ်မှတ်...လီယန်းယွမ်"
"ပါရမီအရည်အချင်း...သာလွန်အမှိုက်အဆင့်"
စနစ်၏အသံကိုကြားချိန်တွင် ရီဖုန်းသည် ဤလူ၏အချက်အလက်များကို ချက်ချင်းသိရှိလိုက်ရသည်။
သောက်ချေးပဲ..
ဤသည်မှာ ထူးချွန်သောလူတစ်ယောက်ဟု သူ ထင်ခဲ့သော်လည်း သာလွန်အမှိုက်အဆင့်သာရှိသော အရူးတစ်ယောက်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
"မင်းအမေ ငါယိုးပဲ"
ရီဖုန်း၏မျက်နှာသုန်မှုန်သွားပြီး သူသည် လီယန်းယွမ်ကို ခြေထောက်တစ်ဖက်ဖြင့် ဝါးဖောင်ပေါ်မှကန်ချလိုက်ရာ "ဗွမ်း"ခနဲမြည်သံနှင့်အတူ ရေအိုင်အတွင်းသို့ ကျသွားတော့သည်။
"အား..."
"သောက်ချေးပဲ..."
"သေမျိးကောင်...မင်းလို သေမျိုးကောင်က...ဒီလိုမျိုးလုပ်ဝံ့တာလား"
လီယန်းယွမ်သည် ရေအတွင်း၌ ယက်ကန်ယက်ကန်ဖြစ်နေကာ သူက မယုံကြည်နိုင်စွာဖြင့် ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်၏
ဤသောက်ရေးမပါသော သေမျိုးကောင်သည် သူ့အား ဝါးဖောင်ပေါ်မှ ခြေတစ်ချက်ဖြင့်ကန်ချဝံ့သောသတ္တိမျိုး မည်သည့်နေရာမှ ရရှိလာသနည်း။
"ခုထိ အော်ဟစ်နေတုန်းပဲလား"
ရီဖုန်းသည် ဝါးဖောင်ကိုလှော်ခတ်သော ထိုးဝါးဖြင့် လီယန်းယွမ်၏နဖူးကို ရိုက်လိုက်သည်။
"အား...မင်း...သောက်ချေးပဲ...သောက်ချေးပဲ"
"သေမျိုးတစ်ယောက်ကများ...ငါ့ကို ခုလိုမျိုး ရိုက်နှက်ဝံ့တယ်...တကယ်လို့ ငါ ဒဏ်ရာရထားပြီးတော့ ကျင့်ကြံဆင့်စွမ်းအားတွေကို ထုတ်မသုံးနိုင်တာကြောင့်သာမဟုတ်ရင် ငါ မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်တယ်"
ရေအတွင်း၌ ယက်ကန်ယက်ကန်ဖြစ်နေသော လီယန်းယွမ်သည် ရီဖုန်းကိုကြည့်ကာ ရုန့်ရင်းကြမ်းတမ်းသောစကားများဖြင့် ဆဲဆိုလေသည်။
"မင်း စောင့်နေစမ်း"
ရီဖုန်းက လက်ခလယ်ထောင်ပြကာ သူ၏မျက်နှာပေါ်တွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
သာလွန်အဆင့်ပါရမီသာရှိသော အမှိုက်ကောင်တစ်ကောင်သည် မြို့အတွင်းရှိ လူအိုကြီးတချို့ထက်ပင် ပို၍ဆိုးရွားနေပေရာ သူသည် ထိုလူ့အပေါ် အမှန်တကယ် အထင်အမြင်သေးပေ၏။
ဤလူ ဝါးဖောင်ကိုခိုးယူခြင်းမှ ကာကွယ်ရန်အတွက် ရီဖုန်းသည် ဝါးဖောင်ကို သေချာစွာချည်နှောင်ပြီးနောက် ကျွန်းငယ်ပေါ်သို့တက်ကာ လှည့်ပတ်၍ကြည့်လိုက်တော့သည်။
"ငါ ဒီကျွန်းကို အရမ်းသဘောကျတယ်"
"ဒီနေရာမှာ တောတောင်တွေ ရေတွေရှိတယ်...တကယ်လို့ ငါက အမဲလိုက်ချင်တယ်ဆိုရင်လည်း မူတောင်က ဘေးမှာရှိတယ်...ငါးစားချင်တယ်ဆိုရင် မြေကြီးပေါ်မှာထိုင်ပြီး ငါးမျှားရုံပဲ....ငါ ပင်ကျင်းမြို့ကိုပြန်ချင်တယ်ဆိုရင် အချိန်ခဏလေးနဲ့ ပြန်ရောက်နိုင်တယ်"
"ဟား....ဟား....ဟား.."
"အခုချိန်ကနေစပြီးတော့ ဒီကျွန်းငယ်လေးက ငါ့ရဲ့အပိုင်ဖြစ်သွားပြီလို့ ငါ ကြေငြာလိုက်ပြီ"
ရီဖုန်းသည် ကျွန်းငယ်လေး၏အမြင့်ဆုံးနေရာမှနေ၍ သူ၏လက်နှစ်ဖက်ကိုဖြန့်ကားကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
မြေအောက်မှနေ၍...
လူရိပ်တစ်ရိပ် တိုးထွက်လာသည်။
သူ၏မျက်နှာပေါ်တွင် စိတ်ပျက်ညှိုးငယ်ခြင်းများနှင့် ပြည့်နှက်နေသည်။
"အစကတော့ ငါ့ရဲ့လက်ရှိကျင့်ကြံဆင့်နဲ့...အင်မော်တယ်မြစ်ကုန်းမြေမှာ ဘာစိုးရိမ်ပူပန်စရာမှမရှိဘဲ ဘေးကင်းကင်းနဲ့ နေနိုင်မယ်လို့ ငါ ထင်ခဲ့တာ....ဘာလို့လဲဆိုရင် ဒီကုန်းမြေရဲ့အားအကောင်းဆုံးလူတွေတောင် ငါ့ရဲ့အသက်ကို အပုံတစ်သန်းပုံရင်တစ်ပုံလောက်ပဲ ခြိမ်းခြောက်နိုင်လို့ပဲ"
"ဒါပေမယ့် သောက်ရေးမပါတဲ့ ဘယ်အရူးက ဆေးစားမှားပြီး လက်ယားလိုက်တယ်ဆိုတာ ငါ မသိဘူး....သူက မိုးကောင်းကင်ရဲ့အတားအဆီးကိုတောင် ချိုးဖျက်ပြီးတော့ လူတွေကို အတင်းအကြပ် အင်မော်တယ်နယ်မြေဆီ ဝင်ရောက်စေခဲ့တယ်"
"တကယ်လို့ ငါသာ အမြော်အမြင်နည်းပြီးတော့ ကျင့်ကြံဆင့်ချိုးဖျက်တာကို မရပ်လိုက်ဘူးဆိုရင်...ငါလည်းပဲ ကြောက်ဖို့ကောင်းတဲ့ အင်မော်တယ်နယ်မြေကို သွားရလိမ့်မယ်"
"ကံကောင်းထောက်မစွာနဲ့ ငါက ဒီကျွန်းကို ရှာတွေ့ခဲ့တယ်"
"ဒီကျွန်းပေါ်က ပျားငယ်လေးတွေ ကြွက်တွေကနေစပြီးတော့ တောဝက်တွေ ယုန်တွေအထိ ငါက ကောင်းကောင်းမိတ်ဖွဲ့ထားနိုင်တယ်...ဒီကျွန်းပေါ်မှာ ချိပ်ပိတ်ခံထားရတဲ့ အားအကောင်းဆုံးကောင်တောင် ငါ့အသက်ရဲ့ သန်းတစ်ရာပုံတစ်ပုံလောက်ကိုပဲ ခြိမ်းခြောက်နိုင်တယ်...ပြီးတော့ သူ တည်ရှိနေတာကြောင့် တခြားလူစိမ်းတွေကို မောင်းထုတ်နိုင်တယ်...ခုဏကတင် ငတုံးတစ်ကောင်ကို မောင်းထုတ်လိုက်ပြီ"
"ပြောရမယ်ဆိုရင် ဒီကျွန်းက ငါ့အတွက် အကြွင်းမဲ့လုံခြုံတယ်"
"ငါက ဒီကျွန်းပေါ်မှာ နှစ်တစ်သောင်းလောက် ပုန်းအောင်းနေရမယ်...နှစ်တစ်သောင်းပြည့်တာနဲ့ ငါက နောက်ဆုံးကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်ပြီးတော့ အားအကောင်းဆုံးအခြေအနေနဲ့ အင်မော်တယ်နယ်မြေကို ဝင်ရောက်နိုင်မယ်"
"ဒါကြောင့် ခုချိန်ကနေစပြီးတော့ ဒီကျွန်းက ငါ ဝူချန်အန်းရဲ့အိမ်ပဲ"
ရှားပါးစွာ လုံခြုံဘေးကင်းမှုကိုရလိုက်သဖြင့် ဝူချန်အန်းက ပျော်ရွှင်စွာအော်ဟစ်လိုက်၏။
သို့ရာတွင်...
သူ၏အသံ ကျရောက်သွားလုဆဲဆဲအချိန်မှာပင် ကျယ်လောင်သော အော်သံတစ်သံက ကျွန်း၏မြင့်မားသောနေရာမှ ထွက်ပေါ်လာသည်။
"ဟား....ဟား....ဟား.."
"အခုချိန်ကနေစပြီးတော့ ဒီကျွန်းငယ်လေးက ငါ့ရဲ့အပိုင်ဖြစ်သွားပြီလို့ ငါ ကြေငြာလိုက်ပြီ"
ဝူချန်အန်း၏နားအတွင်းသို့ ထိုအသံဝင်ရောက်လာချိန်တွင် သူသည် နေရာမှာပင် မတ်တတ်ရပ်ကာ ကြက်သေသေသွားသည်။
"ဘာ...."
"ဥသြငှက်တစ်ကောင်က ငှက်ကျားရဲ့အသိုက်ကို အပိုင်စီးချင်တာလား"
Chapter 344
"သူ တကယ်ပဲ ကျွန်းကို ဒီလိုအပိုင်စီးတော့မလို့လား"
ဝူချန်အန်းသည် ချက်ချင်းဆိုသလိုပင် မပျော်မရွှင်ဖြစ်သွားလေ၏။
သူသည် သူ၏ကျင့်ကြံဆင့်ကိုအသုံးပြုကာ အဝေးမှနေ၍ ရီဖုန်းကို စူးစမ်းလေ့လာလိုက်သည်။
"အမ်...သေမျိုးတစ်ယောက်လား"
သူသည် မတ်တတ်ထရပ်ကာ လှုပ်ရှားရန်အဆင်သင့်ပြင်ဆင်လေသည်။ သူ၏နေရာကို သိမ်းပိုက်လိုသောသေမျိုးအား သူ သင်ခန်းစာပေးရပေမည်။
သို့ရာတွင် သူ မတ်တတ်ထရပ်ပြီးပြီးခြင်းမှာပင် ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏မေးစေ့ကိုပွတ်သပ်ကာ စဥ်းစားတွေးတောလိုက်၏။
"မဟုတ်ဘူး...ဒါက မကောင်းသေးဘူး"
"သူက ငါ့ကိုခြိမ်းခြောက်နိုင်စွမ်းမရှိတဲ့ သေမျိုးတစ်ယောက်ဆိုပေမယ့်....ငါက ကံကြမ္မာကို ခံယူရလိမ့်မယ်"
"တကယ်လို့ ဒီလူ့မှာ အရမ်းထူးချွန်တဲ့သားတစ်ယောက် ရှိနေပြီးတော့...သူ့ရဲ့အဖေသေပြီး နောင်နှစ်ပေါင်းတစ်သောင်းကျော်မှာ ငါ့ကိုလက်စားလာချေရင် ဘယ်လိုလုပ်မလဲ"
"ဒါမှမဟုတ် ...သူသေသွားပြီးတဲ့နောက်မှာ...တခြားကမ္ဘာလောကက တစ်စုံတစ်ယောက်က သူ့ရဲ့ခန္ဓာကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ နှစ်သုံးဆယ်လောက်ကြာရင် ပြန်လာပြီးတော့ လက်စားချေနေမလား"
ထိုအကြောင်းကိုတွေးတောရင်း သူ၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားသောအမူအယာမျိုး ထင်ဟပ်လာသည်။
"ဒါက ကံကောင်းလို့သာပဲ"
"ကံကောင်းပြီးတော့ ငါက မလှုပ်ရှားခဲ့မိဘူး"
သူသည် လှုပ်ရှားမှုမပြုခဲ့မိသည့်အတွက် တိတ်တဆိတ် ဝမ်းသာပျော်ရွှင်သွားသည်။ ထိုသို့မဟုတ်ပါက သူ့အား သေစေနိုင်သော ဘေးအန္တရာယ်ကြီးကို သူ ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။
"ကိစ္စက ဒီလိုဖြစ်လာမှတော့ ငါက တိုက်ရိုက်တိုက်ခိုက်လို့မရဘူး....ဒီသေမျိုးကို ကျွန်းပေါ်မှာချိပ်ပိတ်ခံထားရတဲ့အကောင်ဆီကို မသိမသာခေါ်သွားရမယ်...သူက ဒီကျူးကျော်လာသူကို ဖြေရှင်းနိုင်မယ်လို့ ငါ ယုံကြည်တယ်"
"ဒါက ကံကြမ္မာရိုက်ခတ်မှုဒဏ်တချို့ကို ခံရနိုင်တယ်ဆိုပေမယ့် အနည်းဆုံးတော့ ငါ့အတွက် အန္တရာယ်မများဘူး"
"ဒါပေမယ့် သေမျိုး....မင်း ငါ့ကို အပြစ်တင်လို့မရဘူး....ငါ့ရဲ့နေရာကိုအပိုင်စီးဖို့ မင်းကို ဘယ်သူက တောင်းဆိုထားလို့လဲ"
ထိုအတွေးနှင့်အတူ သူသည် ရီဖုန်း၏စိတ်အာရုံကိုဆွဲဆောင်နိုင်ရန်အတွက် ဆူညံသံတချို့ကို ပြုလုပ်လိုက်၏။
ထိုအသံများကိုကြားချိန်တွင် ဝူချန်အန်း မျှော်လင့်ထားသည့်အတိုင်း ရီဖုန်းက စိတ်ဝင်စားသွားသည်။
မည်သို့ပင်ဆိုစေကာမူ ဤကျွန်းသည် အနာဂတ်တွင် သူ၏ပင်မအခြေစိုက်စခန်းဖြစ်လာမည့်နေရာပင်။ သူသည် ဤကျွန်းပေါ်တွင် မည်သည့်သားရဲများ အန္တရာယ်များရှိနေသည်ကို ရှာဖွေဖော်ထုတ်ထားရပေမည်။
ထို့ကြောင့်....
ရီဖုန်းသည် အသံများထွက်ပေါ်လာသည့်နေရာသို့ ဂရုတစိုက် လျှောက်လှမ်းသွားလိုက်သည်။
"ဒီသေမျိုးက ငါ မျှော်လင့်ထားသလိုပဲ....ငါးစာ လာဟပ်ပြီ"
ဝူချန်အန်းသည် စိတ်ကျေနပ်စွာဖြင့် တွေးတောလိုက်၏။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာကာ ဝူချန်အန်းသည် ကျွန်း၏တစ်ဝက်ကိုဖြတ်သန်းကာ ရီဖုန်းကိုမျှားခေါ်လာပြီး နောက်ဆုံး၌ သူ၏ရည်မှန်းချက်ပန်းတိုင်နေရာသို့ ရောက်ရှိလာလေပြီ။
"တာဝန် ပြီးမြောက်ပြီ"
"အဲ့ဒီကောင်က သူ့အတွက် ငါ ဒီလိုမျိုး အစားကောင်းတစ်နပ်ကို သူ့အတွက်ခေါ်လာတာကို သိသွားရင်...ချိပ်စည်းတံဆိပ်ကြောင့် ဒီကျွန်းကနေ ထွက်သွားလို့မရတဲ့သူက ငါ့ကို ကျေးဇူးတင်နေမှာ သေချာတယ်"
"ဒါဆိုရင် သူနဲ့ငါအကြားမှာ ဆက်ဆံရေးတိုးတက်လာပြီးတော့....သူ ငါ့ကို ရန်ပြုလာနိုင်တဲ့ အပုံတစ်ရာပုံရင်တစ်ပုံက လုံးလုံးလျားလျား ပျောက်ကွယ်သွားနိုင်တယ်"
"ဒါက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်နိုင်တာပဲ"
ဝူချန်အန်း၏မျက်နှာသည် ပျော်ရွှင်မှုကြောင့် ဝင်းလက်တောက်ပနေပေ၏။
ထို့နောက် သူသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ချောက်ကမ်းပါးစွန်းထံဦးတည်၍ ပျံသန်းလိုက်သည်။
ချောက်ကမ်းပါး၏အောက်ခြေတွင် ဝက်ဝံနက်ကြီးတစ်ကောင်သည် ကွေးကောက်ကာ ပြင်းပြင်းထန်ထန် တုန်ရီနေသည်။
"ဂတ်....ဂတ်....."
သူ၏သွားများတုန်ရီနေကာ တဂတ်ဂတ်ရိုက်သံများပင် ကြို့ကြားကြို့ကြား ထွက်ပေါ်နေသည်။
"အိုး ဘုရားရေ ..ငါ ဒီလိုဖြစ်ဖို့ ဘယ်လိုအပြစ်တွေကို ကျူးလွန်ခဲ့မိလို့လဲ....အရင်ကလည်း လူကြောင်တစ်ယောက် ရောက်လာခဲ့တာ ငါ့ကို အချိန်အတော်ကြာတဲ့အထိ ထိတ်လန့်ကြောက်ရွံစေခဲ့တယ်...ငါက အချိန်အတော်ကြာတဲ့အထိ ငါ့ရဲ့လှိုဏ်ဂူကနေ ထွက်မသွားရဲဘူး...ဒါက ထားလိုက်တော့...အနည်းဆုံးတော့ ငါက ဒီငကြောင်နဲ့ အဆက်အဆံနည်းနည်းလုပ်လို့ရသေးတယ်"
"ဒါပေမယ့် သောက်ရေးမပါတာက....နောက်ထပ်အရူးကောင်တစ်ကောင် ထပ်ရောက်လာတယ်"
"ဒီအရူးကောင်က မိုးကောင်းကင်ကိုတောင် ဖီဆန်နေတဲ့ကောင်ပဲ"
"ခုဏက ငါ သူ့ကို ရေကန်ဘေးကနေ ချောင်းကြည့်လိုက်တဲ့အချိန်မှာ....ငါ့ရဲ့မူလပုံစံကို ပြန်ပြောင်းသွားပြီးတော့ ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားကို နည်းနည်းလေးတောင် ထုတ်မသုံးနိုင်တော့ဘူး"
"လောကကြီးထဲမှာ ဒီလောက်ထိ တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့လူမျိုး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ....ပြီးတော့ ငါက သူ့ဆီ ဘာလို့ပြေးသွားမိတာလဲ....ငါက ဒီကျွန်းပေါ်မှာ ချိပ်ပိတ်ခံထားရတဲ့ အပြစ်မဲ့ဝက်ဝံငယ်လေးတစ်ကောင်ပါ...အနှောက်အယှက် မပြုကြပါနဲ့"
"ကံကောင်းထောက်မပြီးတော့...ငါက ဒီနေရာမှာ ပုန်းအောင်းပြီး အပြင်ကိုမထွက်သရွေ့...သူ ငါ့ကို ရှာတွေ့မှာမဟုတ်ဘူး"
သူ ဗလုံးဗထွေးရေရွတ်ကာ စိတ်သက်သာရာရသွားပုံဖြင့် တိတ်တဆိတ်ကျိတ်၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ထိုအချိန်မှာပင် အရှိန်အဟုန်ပြင်းပြင်းဖြင့် ပျံသန်းလာသော ဝူချန်အန်းသည် သူ၏နံဘေး၌ဆင်းသက်ကာ သူ၏ပခုံးကိုပုတ်လိုက်သည်။
ဝက်ဝံနက်ကြီး၏ခန္ဓာကိုယ်တုန်ရီသွားကာ နောက်သို့ပြန်လှည့်ကြည့်ပြီးနောက် ဝူချန်အန်းကို မြင်တွေ့ချိန်တွင် သူ ချက်ချင်းစိတ်သက်သာရာရသွားသည်။
ဤလူကြောင်သည် သူ့အား လှိုဏ်ဂူအတွင်းမှ လဝက်ခန့်မထွက်ဝံ့သည်အထိ ထိတ်လန့်ကြောက်ရွံစေခဲ့သော်လည်း အနည်းဆုံးအနေဖြင့် ဤလူကြောင်သည် ဆက်ဆံရန်ကျိုးကြောင်းဆီလျော်ကာ သူ့ကို ထိခိုက်နာကျင်စေရန် ရည်ရွယ်ထားပုံမရချေ။
"မင်း...မင်း ဒီနေရာကို ဘာလာလုပ်တာလဲ"
ဝက်ဝံနက်ကြီးက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
"မိတ်ဆွေကြီး....စိတ်မလှုပ်ရှားပါနဲ့...ငါတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့အတူနေထိုင်မယ်လို့ ငါ ပြောထားတယ်လေ .. မင်း ငါ့ကိုမထိရင် ငါလည်း မင်းကိုမထိဘူး...ငါ မရိုးမသားလုပ်မှာကို မင်း စိုးရိမ်နေရင် တစ်ချက်ကြည့်လိုက်အုံး...ဒီနေ့ ငါ့ရဲ့ရိုးသားမှုကိုပြဖို့အတွက် မင်းဆီကို သားကောင်ကြီးတစ်ကောင် ငါ ခေါ်လာတယ်"
ဝူချန်အန်းက အပြုံးနှင့်ပြောဆိုသည်။ ထို့နောက် သူက အဝေးတစ်နေရာထံသို့ လက်ညှိုးညွှန်ပြလိုက်၏။
"အဲ့ဒီနေရာကို ကြည့်လိုက်စမ်း...ငါက မင်းအတွက် သားကောင်တစ်ကောင် ခေါ်လာတယ်...မဆိုးဘူးမလား...ဟမ်...ဒါက ကောင်းမွန်ပြီးတော့ နူးညံတယ်"
ထိုစကားကိုကြားချိန်တွင် ဝက်ဝံနက်ကြီးသည် အဝေးသို့ လှမ်းမျှော်ကြည့်လေသည်။
ထိုနေရာတွင် ပတ်ဝန်းကျင်ကို ဟိုကြည့်သဘ်ကြည့်လုပ်နေသော အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက် ဖြည်းညှင်းစွာလျှောက်လှမ်းနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဟူး....
"အိုး ဒီကြောင်စီစီငကြောင်ကတော့..."
"ငါ သူ့စီကနေ မနည်းလွတ်အောင် ထွက်ပြေးလာတာ...ဒါပေမယ့် မင်းက သူ့ကို ငါ့ဆီခေါ်လာတာလား"
ဝက်ဝံနက်ကြီးသည် ပင့်သက်ရှိုက်လိုက်ကာ သူသည် အော်ဟစ်ငိုကြွေးတော့လုမတတ်ပင်။
ဤနံနက်ခင်းတွင် သူသည် တခြားလူသားတစ်ယောက်ကို မောင်းထုတ်စဥ်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသောဤလူကို သူ အမှတ်မထင် မြင်တွေ့လိုက်ရသည်။
ပင်ကိုအားဖြင့်ဖိနှိပ်ခံရခြင်းကြောင့် သူ၏ဘောင်းဘီအတွင်းမှ ဆီးများထွက်ကျလုမတတ် ထိတ်လန့်ကြောက်ရွံသွားခဲ့သည်။
သူသည် တမနက်ခင်းလုံး ဤနေရာ၌ဝပ်တွားနေကာ သူ၏အငွေ့အသက်ကို အနိမ့်ဆုံးထိဖိနှိပ်ထားပြီး သူ၏ခေါင်းကိုပင် ပြူမကြည့်ဝံ့ချေ။ သူသည် ဤလူသားကို ကြုံတွေ့ရရန် ထိတ်လန့်ကြောက်ရွံနေခဲ့သည်။
သို့ရာတွင် ဝူချန်အန်းသည် ဤလူသားကို သူ့ထံသို့ လမ်းပြခေါ်ဆောင်လာခဲ့လေ၏။
"မင်း...မင်း...."
"ဝါး...."
"လူသားတွေ မကောင်းဘူးဆိုတာ ငါ သိတယ်....ငါ မင်းကို မကျေနပ်ဘူး"
ဝက်ဝံနက်ကြီးက ဒေါသတကြီးဖြင့် ဝူချန်အန်းကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။ သူသည် တိုက်ခိုက်လိုသော်လည်း အနိုင်ရမည့်ပုံမရှိသောကြောင့် ရက်စက်ကြမ်းကြုတ်စွာခြိမ်းခြောက်ကာ သူ၏ခေါင်းကို သူ့လက်ဖြင့်အုပ်၍ ထွက်ပြေးသွားတော့သည်။
ထွက်ပြေးသွားသော ဝက်ဝံနက်ကြီးကိုကြည့်ပြီး ဝူချန်အန်းသည် နေရာမှာပင် ဆွံအကာ ကြက်သေသေသွားသည်။
သို့ရာတွင် မကြာမီမှာပင် သူ နားလည်သဘောပေါက်သွားလေ၏။
သူ့၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်။
ဤလူသား၏ပုံပန်းသွင်ပြင်ဖြင့် ဝက်ဝံနက်ကြီး အဝေးသို့ထွက်ပြေးသွားစေရန် ခြိမ်းခြောက်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ....
ဤလူသားသည် အလွန်အစွမ်းထက်နေသလော.....
"သောက်ချေးပဲ"
"တကယ်လို့ ငါ ပုန်းလျှိုးကွယ်လျှိုးလုပ်တဲ့ ကိစ္စတွေကိုသာ သူ သိသွားရင်....."
"ငါက သတိလက်လွတ် မဆင်မခြင်နဲ့ ရန်သူဖွဲ့ပြီးတော့ ငါ့ကိုယ်ငါ ကြီးမားတဲ့ဒုက္ခတွင်းထဲ ဆွဲသွင်းခဲ့မိတယ်"
"ငါ ဘာလုပ်သင့်လဲ....ငါ ဘာလုပ်သင့်လဲ"
ဝူချန်အန်းသည် စိုးရိမ်ပူပန်နေကာ သူ၏နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ ယိုစီးကျနေသည်။
ထို့နောက် အံ့တင်းတင်းကြိတ်ကာ သူက အေးစက်တင်းမာစွာဖြင့် တီးတိုးရေရွတ်လိုက်၏။
"ငါ အပြင်ထွက်ပြီးတော့...ဒီလူကို ငါကိုယ်တိုင်သတ်ပစ်ရမယ်"
သူ့အတွက် ဤသည်မှာ အကောင်းဆုံးအဖြေဖြစ်ပုံရသည်။
ထိုအချိန်မှာပင် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်နေသော ရီဖုန်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံရှိသည်။ သူသည် သိုလှောင်လက်စွပ်ကိုထုတ်ယူကာ ဖွင့်လိုက်၏။
ရုတ်ချည်းဆိုသလိုပင်။
သားရဲကြီးလေးကောင်ကို ရီဖုန်းက လွှတ်ပေးလိုက်သည်။
သူသည် သူတို့အား သိုလှောင်လက်စွပ်အတွင်း၌ သိမ်းဆည်းထားရခြင်းမှာ သူတို့ကိုချည်နှောင်ထားရန်အတွက် တခြားနေရာမရှိသောကြောင့်ပင်။ အကယ်၍ သူသည် သူတို့ကို သိုင်းပညာခန်းမ၌ လွှတ်ထားပါက လူအများ ထိတ်လန့်တကြားဖြစ်သွားမည်ကို သူ စိုးရိမ်မိသည်။
"ထွက်လာပြီးတော့ လေကောင်းလေသန့်ရှုကြဦး"
ရီဖုန်းက တီးတိုးပြောဆိုသည်။
သားရဲလေးကောင်သည် နာကျည်းမုန်းတီးမှုများပြည့်နှက်နေသောအကြည့်ဖြင့် ရီဖုန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြ၏။
သို့ရာတွင် ရီဖုန်းသည် သူတို့ကို လုံးလုံးလျားလျား လျစ်လျှူရှုထားကာ ကျွန်းငယ်လေး၏ပတ်ဝန်းကျင်ကို ဆက်လက်၍ လေ့လာဆန်းစစ်လိုက်သည်။
သို့ရာတွင်....
ရီဖုန်းကို တိုက်ခိုက်ရန်ဟန်ပြင်နေသည့် ဝူချန်အန်း၏ခန္ဓာကိုယ် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ သူ၏ခန္ဓာကိုယ်ကို မြေကြီးအတွင်းသို့ ချက်ချင်းငုပ်လျှိုးလိုက်ကာ သူ၏ပြူထွက်နေသောခေါင်းသာ ကျန်ခဲ့တော့သည်။
"ရှီး...."
"ဒီသားရဲလေးကောင်အကြားမှာ သုံးကောင်က ငါ့ရဲ့အသက်ကို တစ်ရာပုံဆယ်ပုံလောက် ခြိမ်းခြောက်နိုင်ပြီးတော့ တစ်ကောင်ကတောင် ငါ့ရဲ့အသက်ကို ရာနှုန်းပြည့်ခြိမ်းခြောက်နိုင်တယ်"
"ပြီးတော့ ဒီသားရဲလေးကောင်ကို ထိန်းချုပ်နိုင်တဲ့အထိ အစွမ်းထက်တဲ့ တစ်စုံတစ်ယောက်ကလည်း ငါ့ရဲ့အသက်ကို ရာနှုန်းပြည့်ခြိမ်းခြောက်နိုင်လိမ့်မယ်"
"ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ...အခုကြည့်ကြည့်တော့မှ သူက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူပဲ"
ဝူချန်အန်း၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူသည် ဤကဲ့သို့ သေစေနိုင်သောခြိမ်းခြောက်မှုမျိုးကို အနည်းငယ်မျှလက်ခံနိုင်စွမ်းမရှိချေ။
သူသည် အမှားအယွင်းတစ်ခုကြောင့် ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ်ဘေးဒုက္ခကြီးကို ရန်စမိမည်ဟု သူ မျှော်လင့်မထားမိချေ။
"ဆရာကြီး...ငါက မင်းကို ရန်စချင်တာ မဟုတ်ပါဘူး...ငါ မင်းကို ဝက်ဝံရဲ့အစာအဖြစ် တကယ့်ကို မျှားခေါ်မလာသင့်ဘူး..ငါ မှားတယ်....ငါ မှားသွားပါတယ် ...ကျေးဇူးပြုပြီးတော့ ငါ့ကို ပြဿနာမရှာပါနဲ့...ငါ မင်းကို တောင်းပန်ပါတယ်"
သူသည် မျှော်လင့်ချက်တစ်ခုကိုဖက်တွယ်၍ ဆုတောင်းနေမိသည်မှာ ဤဆရာကြီးသည် သူ၏လျှို့ဝှက်လုပ်ဆောင်ချက်များအားလုံးကို သိမနေစေရန်ပင်။ ထိုသို့ဆိုပါက သူ့အတွက် မည်သည့်ပြဿနာမျှ ရှိလာမည်မဟုတ်ချေ။
ဤအချိန်အခိုက်အတန့်မှာပင် ပတ်ဝန်းကျင်ကို ငေးမောကြည့်နေသောရီဖုန်းက ရုတ်တရက် သူ၏နှုတ်ခမ်းကို စူပုတ်လိုက်သည်။
"ပုန်းနေတဲ့ သတ္တဝါလေး....ငါ မင်းကို ဖြည်းဖြည်းချင်းဖမ်းပြမယ်....ဘယ်လိုပဲဖြစ်ဖြစ် ဒီကျွန်းပေါ်မှာ မင်း ငါ့ရဲ့လက်ထဲကနေ ဘယ်လိုမှပြေးလွတ်မှာမဟုတ်ဘူး"
ရီဖုန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ရေရွတ်လိုက်၏။ သူ အချိန်အတော်ကြာ လိုက်လံဖမ်းဆီးနေသည့် မည်သည့်အရာမှန်းမသေချာသော သတ္တဝါလေးသည် ဤနေရာအရောက်တွင် ပျောက်ကွယ်သွားခဲ့သည်။
သို့ရာတွင် ဤသည်မှာ ကိစ္စမရှိချေ။
သူတို့သည် ဤကျွန်းပေါ်၌ လှောင်ပိတ်ခံထားရသောကြောင့် ထိုအရာသည် မည်ကဲ့သို့သတ္တဝါမျိုးဖြစ်သည်ကို အနှေးနှင့်အမြန် သူ သိရှိရပေမည်။
သို့ရာတွင်....
ထိုစကားကိုကြားချိန်တွင် ဝူချန်အန်းသည် သူ၏နှလုံးသား သူ့လည်ချောင်းအတွင်းမှ ခုန်ထွက်သွားလုမတက် ခံစားလိုက်ရကာ သူ၏စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုများ ပြိုလဲသွားတော့လုမတတ်ပင်။
ဤစကားများသည်....
သူ့အား ရည်ညွှန်းနေသည်မဟုတ်လော....
ယခုကြည့်ကြည့်တော့မှ ဤဆရာကြီးသည် လမ်းတလျှောက်လုံး သူ၏တည်ရှိမှုနှင့် သူ လျှို့ဝှက်လုပ်ဆောင်ခဲ့သော အရာများအားလုံးကို သိရှိပြီးဖြစ်ပေမည်။
ဤဆရာကြီး မတိုက်ခိုက်ခဲ့သည် တစ်ခုတည်းသောအကြောင်းအရင်းမှာ အလျင်လိုခြင်းမရှိဘဲ သူ့အား တဖြည်းဖြည်းညှင်းပန်းနှိပ်စက်လို၍မဟုတ်လော....
"မဟုတ်ဘူး...မဟုတ်သေးဘူး....ငါ တွေးရမယ်....ဒီအကျပ်အတည်းကနေ ဘယ်လိုလွတ်အောင်လုပ်ရမလဲဆိုတာ ငါ တွေးရမယ်"
"ဝူချန်အန်း....မင်းက သာမာန်ကျင့်ကြံသူတစ်ယောက်မဟုတ်ဘူး....မင်းရဲ့တွေးခေါ်နိုင်စွမ်းက ဒီလောကကြီးထဲမှာရှိတဲ့ တခြားဘယ်သူ့ထက်မဆို သာလွန်တယ်...မင်းက ဒီခြိမ်းခြောက်မှုကို အမြစ်ပြတ်ဖယ်ရှားနိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေရမယ်"
ဝူချန်အန်းသည် အကြံဥာဏ်ရရှိရန်အတွက် သူ၏ဦးနှောက်များ ခြောက်ခမ်းတော့လုမတတ် စဥ်းစားတွေးတောလိုက်၏။
အဝေးတစ်နေရာတွင်ရှိနေသော ရီဖုန်းသည် ရေအိုင်ကိုကြည့်ကာ တစ်စုံတစ်ခုကို အမှတ်ရသွားပုံရှိသည်။
အတိတ်ဘဝတွင် သူ၏ဇာတိမြို့၌ ဤကဲ့သို့တူညီသော ရေအိုင်တစ်အိုင်ရှိသည်။ သူသည် လှေလှော်ခတ်ပြီး သူ၏မိဘအိမ်သို့မပြန်မီ ကလေးဘာသာဘာဝအလျောက် သူ၏သူငယ်ချင်းများနှင့် ထိုရေအိုင်အတွင်း၌ ရေကူးလေ့ရှိသည်။
ကူးပြောင်းလာပြီးနောက် သူသည် တာဝန်များကို ပြီးမြောက်အောင်မြင်ခြင်း သို့မဟုတ် ကျင့်ကြံဆင့်နယ်ပယ် အထွတ်အထိပ်သို့ရောက်ရှိသွားခြင်းတို့ကြောင့် သူ၏စွမ်းအားကိုအသုံးချကာ မူလကမ္ဘာလောကသို့ပြန်သွားနိုင်မည်ဟု တွေးထင်ခဲ့သည်။
သို့ရာတွင်....
အချိန်အတော်ကြာသည့်တိုင် သူသည် အသုံးမကျသည့်အမှိုက်ကောင်ဖြစ်နေကာ အောင်မြင်မှုတစ်ခုမျှ မရှိခဲ့ချေ။
"ဟူး...ကူးပြောင်းလာသူတစ်ယောက်ဖြစ်ပြီးတော့ ဒီလိုအရှုံးမျိုး....."
"အရင်က ငါ ပင်ကျင်းမြို့မှာ လမ်းလျှောက်နေရပြီးတော့...အခု ဒီကျွန်းပေါ်ရောက်တော့လည်း လမ်းလျှောက်နေရတယ်"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
ဤကဲ့သို့ ဝေးလံခေါင်သီသောနေရာမျိုး၌ သူ၏ဂိုဏ်းကို တည်ထောင်ရသော အကြောင်းပြချက်မှာ သူ မဖြေရှင်းနိုင်မည့် ပြဿနာများကို ရှောင်ကြဥ်လိုသောကြောင့်ပင်။
သူသည် တာဝန်ပြီးမြောက်ရန်ကိုသာ မျှော်လင့်ထားကာ စနစ်သည် သူ၏စွမ်းအားများကို မြှင့်တင်ပေးပါက သူ လေထုအတွင်း၌ ပျံသန်းနိုင်ပေမည်။
"ဘာ...."
အမှောင်ထုအတွင်း၌ ပုန်းအောင်းနေသော ဝူချန်အန်းသည် ရီဖုန်း၏စကားကိုကြားချိန်တွင် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံနေသည်။
ဤကဲ့သို့ထိတ်လန့်ကြောက်ရွံမှုမျိုးသည် သူ့အား သေဘေးကို ပြေးတွေ့ရသည်ထက် များစွာပို၍ ကြောက်ရွံမှုပြင်းထန်စေသည်။
ဤအဖြူရောင်ဝတ်စုံဝတ်လူသည်....
သူ၏အကြီးမားဆုံးလျှို့ဝှက်ချက်ကို တိုက်ရိုက်ထုတ်ဖော်ပြောဆိုလိုက်၏။
ထို့ပြင် သူ့အား ဗြောင်ကျကျ လှောင်ပြောင်သရော်ခဲ့သည်။
အကြောင်းအရင်းမှာ...
ထိုလူပြောဆိုသည့် ကူးပြောင်းသူဖြစ်ကာ ပင်ကျင်းမြို့မှနေ၍ ဤကျွန်းငယ်လေးသို့ လမ်းလျှောက်လာသူမှာ သူမှတပါး တခြားသူမဟုတ်ချေ။
Chapter 345
ကူးပြောင်းသူဟူသော သူ၏အကြီးမားဆုံးဝှက်ဖဲသည် ထိုလူ၏နှုတ်မှ ထွက်ပေါ်လာမည်ဟု ဝူချန်အန်း မျှော်လင့်မထားမိချေ။
ဤလူသည် သူ၏လုပ်ရပ်များအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားပုံပင်။
ဤကိစ္စများအားလုံးကို သိနေရန်မှာ သာမာန်လူတစ်ယောက် လုပ်ဆောင်နိုင်သည့်အရာမျိုးမဟုတ်ချေ။ ဤလူသည် မိုးကောင်းကင်၏လျှို့ဝှက်ချက်များကို ထိုးထွင်းသိမြင်နိုင်သော အလွန်အစွမ်းထက်သည့် တည်ရှိမှုကြီးတစ်ခုပင်။
ဤလူ၏လက်အတွင်း၌ သူ၏အသက်အန္တရာယ်ရှိနိုင်မှုသည် သန်းတစ်ရာရာခိုင်နှုန်းထိ ရောက်ရှိနေလေပြီ။
ဤအချိန်အခိုက်အတန့်တွင်....
ဤအဖြူရောင်ဝတ်စုံဝတ်လူရှေ့တွင် သူသည် မြေကြီးအတွင်း၌ငုပ်လျှိုးနေသည့်တိုင် သူ့အား ကိုယ်လုံးတီးချွတ်ခံထားရသည့်အလား မည်သည့်လျှို့ဝှက်ချက်မှမရှိတော့ဟု ဝူချန်အန်းက ခံစားမိသည်။
ဝူချန်အန်း၏ခန္ဓာကိုယ်တစ်ခုလုံး ဇောချွေးများဖြင့် ရွှဲနစ်သွားတော့သည်။
သူ၏စိတ်အတွင်း၌ ရီဖုန်းသည် သူ့ရှေ့၌မတ်တတ်ရပ်ကာ သူ့အား ဓားတစ်လက်ဖြင့် ထိုးစိုက်နေသောမြင်ကွင်း ထွက်ပေါ်လာသည်။
အဖြူရောင်ဓားသည် ဝင်လာကာ သူ၏ခန္ဓာကိုယ်မှ ပြန်ထွက်ချိန်၌ အနီရောင်ပြောင်းသွားပြီး သူ ဝူချန်အန်း ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ရလေ၏။
သို့ရာတွင် ရီဖုန်း၏လက်အတွင်း၌ သေဆုံးရမည်ကို သူ စိုးရိမ်ပူပန်နေစဥ်မှာပင် ရီဖုန်းက ရုတ်တရက် ပျင်းရိငြီးငွေ့စွာသမ်းဝေကာ ပြောဆိုသည်။
"ငါ အရင်ဆုံး ထွက်သွားတော့မယ်...နောက်တစ်ကြိမ်ကျမှ မင်းနဲ့ငါ ထပ်တွေ့တာပေါ့"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ဝါးဖောင်ကိုလှော်ခတ်ကာ ကျွန်းမှ ထွက်ခွာသွားတော့သည်။
ရေအိုင်မျက်နှာပြင်ပေါ်ရှိ ဝါးဖောင်ပေါ်မှ တဖျတ်ဖျတ်လူးလွန့်နေသော အဖြူရောင်ဝတ်စုံကိုကြည့်ကာ အဓိပ္ပါယ်ပါဝင်သည့် ခွဲခွာခါနီး စကားလုံးများကို သူ တွေးတောမိစဥ်တွင်....
ဝူချန်အန်းသည် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားလေ၏။
ဤလူသည် သူ့အား သေဆုံးသည်အထိ ဆော့ကစားလိုသည်မှာ သိသာထင်ရှားသည်။
ထို့ပြင် 'နောက်တစ်ကြိမ်ကျမှ မင်းနဲ့ငါ ထပ်တွေ့ကြတာပေါ့'ဟူသော စကားသည်.....
ဤသည်မှာ ပေါ့ပေါ့တန်တန်ပြောဆိုသော အသေးအဖွဲစကားသာဖြစ်ပုံရသော်လည်း သူ ကြားရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။
သူ၏လက်ခုပ်အတွင်းမှ ဝူချန်အန်း လွတ်မြောက်နိုင်မည်မဟုတ်ဟု ဗြောင်ကျကျပြောဆိုခဲ့ခြင်းမဟုတ်လော...
"ဝါး....ဝါး...အကိုကြီး...."
"ငါ့ကို ဒီလိုမျိုး မကစားပါနဲ့...ငါက ပုန်းအောင်းဖို့ နေရာတစ်နေရာရှာပြီး အသက်ရှင်ချင်ရုံတင်ပါ...မင်းကို ရန်စစော်ကားဖို့ မရည်ရွယ်ပါဘူး...တကယ်လို့ ငါ အစောပိုင်းက အမှားလုပ်မိတယ်ဆိုရင်တောင် 'မောက်မာခြင်းက ပြစ်မှုတစ်ခုမဟုတ်ဘူး'ဆိုတဲ့ ဆိုရိုးစကားလိုပဲ...မင်း အရမ်းအစွမ်းထက်တယ်ဆိုတာ ငါ လုံးဝမသိခဲ့ဘူး"
ဝူချန်အန်းသည် ပူဆွေးဝမ်းနည်းသောမျက်နှာနှင့် ငိုကြွေးနေကာ သူ၏စိတ်ဓာတ် လုံးလုံးလျားလျားကျဆင်းသွားပြီး သူ မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားတော့သည်။
သူသည် မျက်မှောင်ကြုတ်ထားကာ ခါးသည်းသော မျက်နှာအမူအယာ ရှိနေလေ၏။ သူ၏ကံကြမ္မာသည် ရေးထိုးထားသည့်အလား သူ သေဆုံးသွားရသော မြင်ကွင်းအမျိုးမျိုးက သူ၏စိတ်အတွင်း၌ ထပ်ခါတလဲလဲ ထင်ဟပ်နေသည်။
ထိုအကြောင်းများကိုတွေးတောရင်း သူ ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။
"ဝါး....သေရတာ အရမ်းကြောက်ဖို့ကောင်းတယ်...ဒီလောက်ထိ ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုကို ငါ မလိုချင်ဘူး"
"ဒါက အမှန်ပဲ....ငါ မသေချင်ဘူး....ဘယ်လိုမှ သေလို့မဖြစ်ဘူး..."
သူသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုစကားများကို သူ၏နှုတ်မှ ထပ်ခါတလဲလဲရေရွတ်ကာ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး သူ့ကိုယ်သူ အားပေးလိုက်၏။
"ဝူချန်အန်း....လုပ်စမ်းပါ...မင်းက ကူးပြောင်းလာတဲ့သူတစ်ယောက်...မင်းမှာ ကံကြမ္မာကောင်းရှိတယ်...အဓိကဇာတ်ဆောင်ရဲ့ရောင်ဝါလည်း မင်းမှာရှိတယ်...မင်း လွယ်လွယ်နဲ့ ဘယ်လိုမှမသေနိုင်ဘူး....မင်းက သူ့လက်ထဲကနေလွတ်အောင် လုပ်နိုင်တယ်"
ရီဖုန်းအား မည်သည့်နေရာတွင်မျှ မမြင်ရတော့သောအချိန်တွင် ဝူချန်အန်း၏ခေါင်း မြေကြီးအတွင်းသို့ ငုပ်လျှိုးသွားသည်။
ထို့နောက် သူ၏အရှိန်နှုန်းကို အကန့်အသတ်ထိ ထုတ်ဖော်အသုံးပြု၍ ဤကျွန်းမှနေ၍ အဝေးသို့ လျှင်မြန်စွာ ထွက်ပြေးခဲ့တော့သည်။
တစ်ရက်ကြာပြီးနောက် သူသည် တောင်ပိုင်းပင်လယ်ကို ဖြတ်ကျော်လာခဲ့ကာ နောက်ဆုံး၌ မြေမှုန့်များပေကျံနေသောခန္ဓာကိုယ်ဖြင့် မြေပြင်အတွင်းမှ တွားသွား၍ထွက်လာခဲ့သည်။
"သူက ငါကို တစ်ခါတည်း မသတ်ခဲ့မှတော့...ငါ ထွက်ပြေးသွားမှာကို သူ မစိုးရိမ်ဘူးဆိုတာ သက်သေပြနေတာပဲ....ငါ သူ့လက်ကနေ ထွက်မပြေးနိုင်လောက်ဘူးလို့ သူ ယုံကြည်ထားတာပဲဖြစ်မယ်"
"ဒါပေမယ့် ဆက်စပ်ကြည့်မယ်ဆိုရင်...ဒါက ငါအရာရာတိုင်းကို ပြောင်းပြန်လှန်ပစ်ဖို့ အခွင့်အရေးရှိတဲ့ အချိန်ကာလပဲ...ငါ လုံးဝသတိလွတ်လို့မဖြစ်ဘူး...ဒီအခွင့်အရေးကို ငါ ကောင်းကောင်းဆုပ်ကိုင်ရမယ်"
"ဒါကြောင့် ဒီနေရာက အရမ်းဝေးကွာလာပြီဆိုပေမယ့်....အကြွင်းမဲ့ လုံခြုံဘေးကင်းပြီလို့ မဆိုနိုင်ဘူး"
ထိုအကြောင်းကိုတွေးတောရင်း သူသည် အံ့တင်းတင်းကြိတ်ကာ ရှုပ်ထွေးသော လက်ဟန်သင်္ကေတများကို ချက်ချင်းဖွဲ့စည်းလိုက်၏။
ထို့နောက် သူ၏သိုလှောင်လက်စွပ်အတွင်းမှနေ၍ အဝါရောင်အဆောင်လက်ဖွဲ့များကို တစ်ရွက်ပြီးတစ်ရွက် လျှင်မြန်စွာထုတ်ယူလေသည်။
"သက်ရှိအမြင်ဓာတ် အဆောင်လက်ဖွဲ့သန်းတစ်ရာ...ငါ့အတွက် အသွင်ပြောင်းလဲစမ်း"
နောက်ဆုံး၍ သူ၏လက်စည်းတံဆိပ် ကျရောက်သွားသည်နှင့် အဝါရောင်အဆောင်လက်ဖွဲ့ အစုလိုက်အပြုံလိုက်မှ တောက်ပသောအလင်းတန်းများ ဖြာထွက်လာကာ ဝူချန်အန်း၏ကိုယ်ပွားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒီသက်ရှိအမြင်ဓာတ် အဆောင်လက်ဖွဲ့က ပြောင်းလဲထားတဲ့ ကိုယ်ပွားတွေမှာ ငါ့ရဲ့အငွေ့အသက် ငါနဲ့တူတဲ့ပုံပန်းသွင်ပြင်ရှိတယ်...ဒါက လိမ်လည်မှုနဲ့အမှန်တရား ရောထွေးပြီးတော့ အဲ့ဒီလူရဲ့လက်ထဲကနေ ငါ လွတ်မြောက်အောင် ကူညီဖို့လုံလောက်တယ်"
"ပြန့်ကျဲသွားစမ်း"
သူ၏အသံနှင့်အတူ အဆောင်လက်ဖွဲ့များမှ အသွင်ပြောင်းထားသော ဝူချန်အန်း၏ကိုယ်ပွားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားလေ၏။
တချို့သည် မြေအောက်သို့ငုပ်လျှိုးပြီး တချို့သည် လေထုအတွင်းသို့ ပျံသန်းသွားသည်။ တချို့သည် ရေအတွင်း၌ ကူးခတ်သွားကာ တချို့ကမူ အနီးပတ်ဝန်းကျင်၌ ပုန်းအောင်းနေသည်။
ဤသည်မှာ ဝူချန်အန်းအသုံးပြုနိုင်သော စွမ်းအားအကုန်အစင်ဟု ယူဆနိုင်သည်။
ရက်အနည်းငယ်အတောအတွင်းတွင် ဝူချန်အန်း၏ကိုယ်ပွားများအားလုံးသည် ကုန်းမြေတခွင်လုံးအနှံ့ ပျံ့နှံ့သွားပေ၏။
ကိုယ်ပွားသန်းနှစ်ဆယ်ကျော်သည် ဒုန်ရှန်းကျိုးသို့သွားကာ တခြားကိုယ်ပွားသန်းနှစ်ဆယ်ကျော်သည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေသို့ ရောက်ရှိသွားသည်။ သူသည် အနောက်ဘက်နတ်ဆိုးတောအုပ်သို့လည်း ကိုယ်ပွားဆယ်သန်းကျော် မမေ့မလျော့စေလွှတ်ခဲ့ကာ ကြွင်းကျန်သော ကိုယ်ပွားသန်းလေးဆယ်ကျော်ကို မြောက်ပင်လယ်နယ်မြေနှင့် ဗဟိုကုန်းမြေတွင် ဖြန့်ကျက်ခဲ့သည်။
ထို့ကြောင့် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ဝူချန်အန်းသည် အင်မော်တယ်မြစ်ကုန်းမြေ၏လူဦးရေကို သန်းတစ်ရာမြင့်တက်သွားစေခဲ့သည်။
ဤသန်းတစ်ရာအနက်မှတချို့သည် လမ်းတလျှောက်၌ ကံအကြောင်းမလှ၍ သေဆုံးသွားခဲ့သော်လည်း အလွန်ကြီးမားသော မူလအရေအတွက်နှင့် နှိုင်းယှဥ်ပါက ဤဆုံးရှုံးမှုသည် မပြောပလောက်ချေ။
ထို့နောက် ဝူချန်အန်းသည် ကိုယ်ပွားသန်းတစ်ရာနှင့်ရောနှောကာ တောင်ပိုင်းစွန့်ပစ်ကုန်းမြေသို့ ရောက်ရှိသွားသည်။
"အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံးမှာ...တောင်ပိုင်းစွန့်ပစ်ကုန်းမြေက ဒုန်ရှန်းကျိုးနဲ့ အဝေးကွာဆုံးနေရာပဲ...ဒါကြောင့် အခုချိန်မှာ ဒီနေရာက တော်တော်လေး ဘေးကင်းလုံခြုံလိမ့်မယ်"
"တကယ်လို့ သူက ငါ့နောက်ကို တောင်ပိုင်းစွန့်ပစ်ကုန်းမြေထိ ခြေရာခံပြီးလိုက်လာရင်တောင်...ဒီနေရာမှာ ငါ့ရဲ့ကိုယ်ပွားသန်းနှစ်ဆယ်နီးပါးရှိနေတယ်....သူ ရောက်လာရင်တောင် ငါ့ရဲ့ခန္ဓာကိုယ်အစစ်ကိုရှာဖို့ သူ အချိန်အတော်ကြာ ယူရလိမ့်မယ်...ဒါက ငါ တုံ့ပြန်ဖို့ အချိန်လုံလောက်တယ်"
"အင်း...."
"နောက်ထပ်ကတော့...ငါက ပုန်းအောင်းဖို့ နေရာတစ်နေရာ ဆက်ရှာဖို့လိုအပ်တယ်...တကယ်လို့ တခြားလူတွေရဲ့စိတ်အာရုံကို မဆွဲဆောင်နိုင်ရင် အကောင်းဆုံးပဲ"
သူ ထိုအကြောင်းကို တွေးတောနေစဥ်မှာပင် အနီးရှိမြို့တစ်မြို့ရှိ ဂိုဏ်းတစ်ဂိုဏ်းမှ တပည့်များခေါ်ယူနေသည်ကို သူ မြင်တွေ့မိလေ၏။
"ဒီလိုဆိုမှတော့ ငါက ဒီဂိုဏ်းထဲကိုဝင်ပြီး တောက်တိုမည်ရ ဝင်လုပ်ရမယ်"
"ပြီးတော့ ဒီအဆင့်အတန်းနဲ့ဆိုရင် ငါ့ရဲ့နောက်ကြောင်းကို ဖုံးကွယ်ဖို့ အရမ်းကောင်းတယ်...ဒီလူရဲ့နည်းလမ်းတွေ ဘယ်လောက်ပဲအားကောင်းပြီးတော့ သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ...သူ ငါ့ကို ရှာနိုင်မှာမဟုတ်ဘူးလို့ ငါ လောင်းရဲတယ်"
ထို့နောက် သူ၏ကျင့်ကြံဆင့်ကိုဖုံးကွယ်ကာ တပည့်သစ်ခေါ်ယူနေသောနေရာသို့ ဦးတည်၍လျှောက်လှမ်းသွားလိုက်သည်။
ပင်ကျင်းမြို့..
ရီဖုန်းသည် ယဲ့ပေတို့လူစုကိုခေါ်ဆောင်ကာ ကျွန်းငယ်လေးထံဦးတည်၍ ထွက်ခွာခဲ့သည်။
"ဆရာကြီး...ဆရာကြီး....အား...."
ထိုအချိန်မှာပင် လူအိုကြီးများနှင့်မိန်းမအိုကြီးများတစ်သိုက်သည် အလျှင်အမြန်ပြေးလာကာ စိုးရိမ်ပူပန်သောမျက်နှာအမူအယာများနှင့် မေးမြန်းလေ၏။
"ဆရာကြီး...မင်းက ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ချင်ပြီးတော့ နေရာရွှေ့ပြောင်းတော့မယ်လို့ ငါတို့ကြားထားတယ်...ဒါက အမှန်ပဲလား"
"မင်းတို့အားလုံး ဒီကိစ္စကိုသိနေကြမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ရီဖုန်းက ရှက်ကိုးရှက်ကန်းအပြုံးနှင့်ပြောဆိုသည်။
သူ့ကဲ့သို့ သာမာန်သေမျိုးတစ်ယောက် ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်မည့်သတင်းသည် လျှင်မြန်စွာ ပျံ့နှံ့သွားမည်ဟု သူ မျှော်လင့်မထားမိချေ။ သူ ဤအကြောင်းကို တွေးတောမိချိန်တွင် အလွန်ရယ်ရွှင်ဖွယ်ကောင်းနေသည်။
သို့ရာတွင် သူတို့အားလုံးသည် သူ၏မိတ်ဆွေကြီးများဖြစ်နေသဖြင့် သူ ဤကိစ္စကိုဖုံးကွယ်မထားတော့ဘဲ အပြုံးနှင့်ပြောဆိုလိုက်သည်။
"အမှန်ပဲ...ငါ့မှာ အဲ့ဒီရည်ရွယ်ချက်ရှိနေတယ်"
လူအုပ်ကြီးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အလျှင်အမြန်ပြောဆိုသည်။
"ဆရာကြီး...ငါတို့က မင်းနောက်ကို လိုက်လာလို့ရမလား"
"ဟုတ်တယ်...ဟုတ်တယ်...ငါက မင်းရဲ့ဂိုဏ်းနားမှာ ဆေးရွက်ကြီးဆိုင်တစ်ဆိုင်ဖွင့်မယ်"
"အမှန်ပဲ....ငါကလည်း အဲ့ဒီနေရာမှာ အမဲသားခေါက်ဆွဲဆိုင် ဖွင့်ချင်တယ်"
"ငါက အဲ့ဒီမှာ တို့ဟူးရောင်းမယ်"
လူအုပ်ကြီးသည် မျှော်လင့်ချက်အပြည့်ဖြင့် ရီဖုန်းကို ကြည့်လိုက်ကြ၏။
"ဒါက...မဖြစ်နိုင်ဘူးလေ...အဲ့ဒီနေရာမှာ ဆိုင်တွေဖွင့်ရင် မင်းတို့ ဘယ်လိုလုပ် စီးပွားဖြစ်မှာလဲ"
ရီဖုန်းက ကူကယ်ရာမဲ့စွာ ပြောဆိုသည်။
"အိုး...ဆရာကြီး....မင်း ဘယ်လိုပြောလိုက်တာလဲ...မင်းရဲ့ဂိုဏ်း အောင်မြင်ကြီးထွားလာတာနဲ့ ငါတို့လည်း စီးပွားဖြစ်လာမှာ မဟုတ်ဘူးလား"
လူအိုကြီးတစ်ယောက်က ပြောဆိုလေ၏။
"အမှန်ပဲ...ဒါက အမှန်ပဲ...မြို့ထဲမှာ လူတွေအများကြီးရှိပေမယ့် ယှဥ်ပြိုင်မှုအရမ်းကြီးမားနယ်...ဒါကြောင့် ဆရာကြီးရဲ့နောက်ကို လိုက်ပြီးတော့ ဆရာကြီးရဲ့ဂိုဏ်းနားမှာ စီးပွားရေးလုပ်တာ ပိုကောင်းလိမ့်မယ်"
တစ်စုံတစ်ယောက်က သံယောင်လိုက်သည်။
"မင်းတို့အားလုံး တကယ်ကြီး ဒီလိုစဥ်းစားထားတာလား"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
လူအုပ်ကြီးက တညီတညွတ်တည်း ခေါင်းညိတ်ပြလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်း အနည်းငယ်တွေဝေသွားသည်။
အကြောင်းအရင်းမှာ အတွေးတစ်ခုက သူ၏စိတ်နှလုံးသားအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာသောကြောင့်ပင်။
သူ ဤနေရာသို့ ပထမဆုံးကူးပြောင်းလာစဥ်၌ သူ့ထံတွင် စိတ်ကူးတစ်ခုရှိသည်ကို သူ အမှတ်ရမိသည်။ ဤသည်မှာ သူ၏ကိုယ်ပိုင်စိတ်ကူးယဥ်လောကဖြစ်သော မြို့ငယ်လေးတစ်မြို့ကို တည်ထောင်ကာ ပြုပြင်မွမ်းမံလိုခြင်းပင်။
ယခုချိန်၌ ဤကျွန်းငယ်လေးအနီးတွင် ယခုကဲ့သို့ ကောင်းမွန်သော အိမ်နီးနားချင်းတစ်စု ရှိနေမည်မှာ သူ၏အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီနေမည်မဟုတ်လော။
ထို့ပြင် ယခုလက်ရှိချိန်တွင် သူ ဂိုဏ်းတည်ထောင်နိုင်ခြင်းမရှိ တပည့်များကို ခေါ်ယူနိုင်ခြင်းမရှိပါက သူ၏ကြွင်းကျန်သောဘဝတလျှောက်လုံး ကျင့်ကြံနိုင်တော့မည်မဟုတ်သဖြင့် ဤကျွန်းငယ်လေးကို အသုံးချရပေမည်။
ဤကျွန်းငယ်လေးကို သူ အုပ်ချုပ်သော အပန်းဖြေရွာလေးတစ်ရွာ သို့မဟုတ် မြို့ငယ်လေးတစ်မြို့အဖြစ် အကောင်အထည်ဖော်ရပေမည်။ သူသည် အိမ်များကိုငှားယမ်းကာ ဇနီးတစ်ယောက်ယူ၍ ရောင့်ရဲတင်းတိမ်သောဘဝဖြင့် အသက်ရှင်နေထိုင်ရပါက လွန်စွာကောင်းမွန်မည့်ပုံရသည်။
ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်း စိတ်လှုပ်ရှားသွားသည်။
Thank For Reading.