← Chapters

အခန်း (၃၄၆-၃၅၀)

Vol. 24 Ch. 346-350

အခန်း (၃၄၆-၃၅၀)

Vol. 24 Ch. 346-350

Chapter 346

"ကောင်းပြီလေ"

ရီဖုန်းက သဘောတူညီလိုက်သည်။

ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် ဝမ်းသာပီတိဖြစ်သွားကာ သူတို့၏မျက်နှာများ ဝင်းလက်တောက်ပသွားသည်။

"ဒါပေမယ့် အခုချက်ချင်းတော့ ငါ မင်းတို့ကို ဆိုင်ဖွင့်ခွင့် မပြုနိုင်သေးဘူး"

ရီဖုန်းက ဖြည့်စွက်ပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ်...ကျွန်းပေါ်မှာ လူမရှိသေးတာကြောင့် မင်းတို့ စီးပွားရေးလုပ်လို့ရမှာမဟုတ်ဘူး...အခုချိန်မှာတော့ ငါ့ရဲ့ဂိုဏ်းမှာ မင်းတို့က ရာထူးကြိုယူထားရမယ်...အဲ့ဒီနေရာမှာ လူတွေများလာတော့မှ မင်းတို့ဆိုင်ဖွင့်မယ့်ကိစ္စကို ထပ်ပြီးတိုင်ပင်ဆွေးနွေးကြတာပေါ့"

ဤသဘောတူညီချက်ကို ပြုလုပ်လိုက်သော အကြောင်းအရင်းမှာ ရီဖုန်းသည် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရန်နှင့်တည်ဆောင်ရန်အတွက် အရာများစွာလိုအပ်ကြောင်း သိရှိထားသောကြောင့်ပင်။

ဤသက်ကျားအိုကြီးတစ်စုသည် လွတ်လပ်ကာ အပေးအယူသဘောတရားကိုလည်း သိနားလည်ထားကြသည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ သူတို့အား လစာများစွာပေးရန်မလိုအပ်ပဲ လွယ်ကူစွာစေခိုင်းနိုင်ခြင်းပင်။

သူတို့အား သူ ကောင်းကောင်းမွန်မွန် အသုံးချနိုင်ပေမည်။

"ဥပမာပြောရရင် အဖွားကျန်း....မင်းက ချက်ပြုတ်တက်တာကြောင့် ဂိုဏ်းရဲ့မီးဖိုချောင်ကို တာဝန်ယူရမယ်"

"ပြီးတော့ မင်း...မင်းက ဂိုဏ်းတံခါးကို စောင့်ကြပ်ရမယ်"

"ကျန်တဲ့လူတွေက....ကျွန်းပတ်လည်မှာ လှေလှော်ခတ်ပေးရတယ်....ဒါက အခုလတ်တလောအချိန်မှာ ကမ်းစပ်နဲ့ကျွန်းကို အကူးအသန်းလုပ်နိုင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းဖြစ်နေတာကြောင့် လိုအပ်တယ်"

ရီဖုန်းက ညွှန်ကြားလိုက်၏။

"ပြဿနာမရှိဘူး"

သူတို့က အလျှင်အမြန် သဘောတူညီလိုက်ကြသည်။

"ငါတို့လိုလူအိုကြီးတွေအတွက် စားသောက်စရာရှိရင်ကိုပဲ စိတ်ကျေနပ်ပြီ"

အရာအားလုံးကို စီမံပြီးနောက်...

သူတို့လူစုသည် ကျွန်းငယ်လေးဆီသို့ဦးတည်၍ ထွက်ခွာခဲ့တော့သည်။

"ငါ ပြန်လာပြီ"

"ဒီကျွန်းက အခုချိန်ကနေစပြီးတော့ ငါ ရီဖုန်းရဲ့အပိုင်ပဲ...ဒီချိန်ကနေစပြီးတော့ ဒီနေရာမှာရှိတဲ့ အရာရာတိုင်း ငါ အမိန့်ပေးသလိုဖြစ်ရမယ်...ဟား ဟား ဟား...."

သူတို့သည် ကျွန်းပေါ်သို့ ခြေချမိသည်နှင့် ရီဖုန်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သို့ရာတွင် သူ၏အသံ ပျက်ပြယ်သွားသည်နှင့်.....

ကျွန်းငယ်လေး၏အထက်ရှိ တိမ်တိုက်များ ရုတ်တရက် တဝုန်းဝုန်းထလာကာ ထူးခြားသောဥပဒေသတစ်ရပ်က ဤကျွန်းငယ်လေးကိုဗဟိုပြုကာ ရေအိုင်အပါအဝင် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ပိုင်နက်နယ်မြေတစ်ခုအလား လွှမ်းခြုံသွားသည်။

"ဒါက ဘာလဲ"

ဤမြင်ကွင်းကြောင့် လက်ရှိနေရာတွင်ရှိနေသော လူအိုကြီးများနှင့်တည်ဆောက်ရေးလုပ်သားများအားလုံး၏ မျက်နှာများပေါ်တွင် ထူးဆန်းသောမျက်နှာအမူအယာများ ထင်ဟပ်လာသည်။

"ကြည့်ရတာတော့ ဆရာကြီးရဲ့ကျင့်ကြံဆင့်နယ်ပယ်က...အရင်က ငါတို့ခန့်မှန်းထားတာထက် ကျော်လွန်နေပုံပဲ"

"စကားတစ်ခွန်းတည်းနဲ့ သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာငယ်လေးကို တည်ထောင်နိုင်တယ်...ကျွတ် ကျွတ်...ဒီလိုနည်းလမ်းမျိုး....."

"ဒါက အမှန်ပဲ....ဒီပိုင်နက်နယ်မြေထဲမှာ ဥပဒေသတွေ လုံးလုံးလျားလျား ပြောင်းလဲသွားပြီ....ကြည့်ရတာတော့ ဒီနေရာမှာ ငါ ပျံသန်းနိုင်မယ့်ပုံမရဘူး"

"ဟုတ်တယ်...ငါ့ရဲ့ကျင့်ကြံဆင့်တောင် ဖိနှိပ်ခံထားရတယ်"

"ပိုပြီးထူးဆန်းတာက ငါ အင်မော်တယ်နယ်မြေရဲ့ဆင့်ခေါ်မှုကို ထပ်ပြီးအာရုံခံလို့မရတော့ဘူး...ကြည့်ရတာတော့ ငါက အနည်းဆုံးတစ်နှစ်အတွင်းမှာ အဲ့ဒီနေရာကိုသွားဖို့ မလိုလောက်ဘူး"

"အမှန်ပဲ...ကြည့်ရတာတော့ ငါတို့က ဆရာကြီးရဲ့ဘေးမှာနေနေသရွေ့...အင်မော်တယ်နယ်မြေကို သွားရမယ့်ကိစ္စကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ တွေးပူနေစရာမလိုလောက်ဘူး"

"ကြည့်ရတာတော့ ဒီနေရာက အင်မော်တယ်နယ်မြေနဲ့အင်မော်တယ်မြစ်ကုန်းမြေတို့ရဲ့ ဥပဒေသတွေက စီမံပိုင်ခွင့်ကို လုံးလုံးလျားလျား ကျော်လွန်သွားတဲ့ပုံရတယ်"

"ဟမ့်....မင်းတို့လူအိုကြီးတွေ အစကတော့ အင်မော်တယ်နယ်မြေကိုသွားဖို့ တွေးနေကြတာမဟုတ်လား"

"သောက်ရေးမပါတာ မပြောနဲ့...ငါက ဆရာကြီးရဲ့ဘေးကနေ ထွက်ခွာပြီးတော့ အင်မော်တယ်နယ်မြေကိုသွားဖို့ ဘယ်တုန်းက စဥ်းစားဖူးလို့လဲ"

"မင်းတို့လူအိုကြီးတွေ နောက်ကနေပြီး ဘာတွေပွစိပွစိ လုပ်နေကြတာလဲ"

ထိုအချိန်မှာပင် ရှေ့မှဦးဆောင်၍ လျှောက်လှမ်းနေသော ရီဖုန်းက မေးမြန်းလိုက်သည်။

"ဘာမှမဟုတ်ပါဘူး ဆရာကြီး"

လူအုပ်ကြီးသည် အလျှင်အမြန် တိတ်ဆိတ်ငြိမ်သက်သွားကာ ရီဖုန်း၏နောက်သို့ အမှီလိုက်လိုက်ကြ၏။

"မင်းတို့ကို ငါ ဒီကျွန်းရဲ့နေရာအနှံ့ကို အရင်လိုက်ပြမယ်"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

လူတိုင်းသည် ခေါင်းညိတ်ပြကာ ရီဖုန်း၏နောက်သို့ လိုက်ပါခဲ့ကြတော့သည်။

ကျွန်းငယ်တလျှောက်ကို ပတ်ကြည့်ပြီးနောက် ရီဖုန်းက စာရွက်တစ်ရွက်ပေါ်တွင် မူကြမ်းအစီအစဥ်များကို စတင်၍ရေးဆွဲလိုက်၏။

"ကြည့်ရအုံး...ဒါက ငါ့ရဲ့ကဏဦးအစီအစဥ်တွေပဲ"

"ကျွန်းရဲ့မြောက်ဘက်ခြမ်းက တောတောင်တွေက ငါတို့ဂိုဏ်းရဲ့အနောက်ဘက်တောင်ပဲ...ငါက အဲ့ဒီနေရာမှာ သားရဲတချို့ကိုထားမယ်...ဒီသားရဲတွေက အရမ်းအန္တရာယ်မများဘူးဆိုပေမယ့် မင်းတို့ လူအိုကြီးတွေကို အဲ့ဒီနေရာဆီ ငါ မသွားစေချင်ဘူး"

ရီဖုန်းက သတိပေးလေသည်။

သူတို့သည် ထိုစကားကိုကြားချိန်တွင် နားလည်သဘောပေါက်သည့်အနေဖြင့် အလျှင်အမြန်ခေါင်းညိတ်ပြလိုက်ကြသည်။

မည်သူကမျှ ရီဖုန်း၏စကားကို မငြင်းဆန်ဝံ့ချေ။

သူတို့အတွက်မူ ဤသားရဲငယ်ဟူသောအကောင်များသည် အန္တရာယ်ပေးနိုင်မည့်ပုံရှိသည်။

"ငါတို့ရဲ့ပင်မဂိုဏ်းနေရာကို အနောက်ဘက်တောင်ရဲ့ဘေးမှာ တည်ထောင်မယ်"

ရီဖုန်းက စာရွက်ပေါ်တွင် နေရာတစ်နေရာကို ရေးဆွဲလိုက်၏။

"ပြီးတော့ ဒီနေရာက ဂိုဏ်းတံခါး...လေ့ကျင့်ရေးကွင်းပြင်....နားနေဆောင်...စာကြည့်ဆောင်...."

သူသည် တခြားနေရာများကိုလည်း တစ်ခုပြီးတစ်ခု သတ်မှတ်လိုက်သည်။

လူတိုင်းသည် တလျှောက်လုံး ခေါင်းညိတ်နေကြသည်။

"နောက်ထပ်ကတော့...ငါက လူတိုင်းကို တာဝန်တွေခွဲပေးမယ်"

ရီဖုန်းက ပြောဆိုကာ လူအိုကြီးများကို ကြည့်လိုက်သည်။

"ကျေးဇူးပြုပြီး ငါတို့ကို ညွှန်ကြားပေးပါ ဆရာကြီး"

"အင်း...ငါက အရမ်းကြီးမားတဲ့ သစ်ပင်တစ်ပင်လိုအပ်တယ်....ဒါပေမယ့် ဘယ်နေရာမှာရှာရမှန်း ငါ မသိဘူး....မင်းတို့အားလုံးက ဝါရင့်တဲ့လူတွေဖြစ်တာကြောင့် လူနှစ်ယောက်လောက်က ငါ့ကိုကူညီပြီး တစ်ပင်လောက်ရှာပေးနိုင်မလား"

ရီဖုန်းက အမိန့်ပေးသည်။

သူသည် သူ၏ဂိုဏ်းအတွက် ထိုကဲ့သို့သစ်ပင်တစ်ပင်ကို လိုချင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တပည့်အယောက်တစ်ရာကို လှည့်စားနိုင်ရေးသည် သူ၏အဓိကပန်းတိုင်ဖြစ်လေရာ အလွန်ဟိတ်ဟန်ကောင်းသောအရာမျိုးရှိနေရန် လိုအပ်သည်။

ထို့ကြောင့် ဂိုဏ်း၏လေ့ကျင့်ရေးကွင်းပြင်အလယ်၌ နဂါးရုပ်ကြီးတစ်ရုပ်ကို ထွင်းထုထားရပေမည်။

ထို့ကြောင့် ဤကဲ့သို့ကြီးမားသောပန်းပုရုပ်ကြီး ထွင်းထုရန် သင့်လျော်သောအရွယ်အစားရှိသည့် သစ်ပင်တစ်ပင်ရရှိရန်လိုအပ်သည်။

"ဆရာကြီး....ကျွန်တော်တို့က ဘယ်လိုသစ်ပင်မျိုးကို ရှာပေးရမှာလဲ"

လူအိုကြီးနှစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလေ၏။

"အင်း...ငါက ဒါကို ပန်းပုထုဖို့ ရည်ရွယ်ထားတာကြောင့် အရည်အသွေးကောင်းဖို့ သေချာပေါက်လိုအပ်တယ်"

ရီဖုန်းက တုံ့ပြန်အဖြေပေးသည်။

"သစ်အမျိုးအစားအတွက်ကတော့...မင်းတို့အားလုံးလည်း အရင်က ငါ့ရဲ့ပန်းပုရုပ်တွေကို မြင်ဖူးတာပဲ...ငါ့ရဲ့စံနှုန်းကို မင်းတို့ နားလည်သဘောပေါက်မှာပါ...မဟုတ်ဘူးလား"

"မင်းရဲ့စံနှုန်း....."

လူအိုကြီးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏မျက်နှာများပေါ်တွင် ဖိအားများနှင့်ပြည့်နှက်နေသည်။

"ငါတို့က ဆရာကြီးရဲ့စံနှုန်းနဲ့ မှီလောက်တဲ့ သစ်ပင်တစ်ပင်ရဲ့တည်နေရာကို သိထားပေမယ့်....အဲ့ဒါကိုရဖို့ တော်တော်လေးခက်ခဲမှာကို ငါတို့စိုးရိမ်မိတယ်...."

"ဒါက သစ်ပင်လေးတစ်ပင်ပဲလေ...ငါ မင်းတို့နှစ်ယောက်ကို ယုံတယ်"

ရီဖုန်းက ရှင်းရှင်းလင်းလင်း ပြောဆိုသည်။

"ပြီးတော့ တကယ်လို့ အခက်အခဲတွေ ရှိနေတယ်ဆိုရင် ငွေပဲလိုလို တခြားဘာပဲလိုလို....အဲ့ဒါကိုရဖို့ ဘာမဆိုလုပ်ဆောင်ရမယ်....ဘာမှမစိုးရိမ်နဲ့...ငါ မင်းတို့နှစ်ယောက်ကို ထောက်ပံပေးမယ်"

ထိုစကားကိုကြားချိန်တွင် ဖိအားအောက်သို့ကျရောက်နေသော လူအိုကြီးနှစ်ယောက်သည် ရုတ်တရက် ယုံကြည်ချက်ပြန်လည်ရရှိသွားသည်။

"ငါတို့ နားလည်ပြီ...ဆရာကြီးက ငါတို့ရဲ့နောက်မှာ ရှိနေမှတော့..ငါတို့က ဘယ်လိုတန်ကြေးကိုပဲ ပေးဆပ်ရပါစေ အဲ့ဒီအပင်ကို ရအောင်ယူခဲ့မယ်"

"အရမ်းကောင်းတယ်"

ရီဖုန်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြကာ သူ၏အကြည့်ကို ယဲ့ပေတို့လူစုထံ ရွှေ့ပြောင်းလိုက်၏။

"ဆရာကြီး...ကျေးဇူးပြုပြီးတော့ ငါတို့ကို ညွှန်ကြားပေးပါ"

ယဲ့ပေတို့လူစုသည် အလျှင်အမြန်ရှေ့သို့တိုးကာ ရီဖုန်း၏ညွှန်ကြားချက်ကို ရိုသေလေးစားစွာဖြင့် စောင့်ဆိုင်းလိုက်ကြသည်။

"ပွင့်ပွင့်လင်းလင်းပြောရရင်....မင်းတို့ရှာလာတဲ့သူတွေက ကြံ့ခိုင်ပုံမရဘူး"

ရီဖုန်းက စဥ်းစားတွေးတောရင်း တွန့်ဆုတ်စွာဖြင့် ဖွင့်ဟပြောဆိုလိုက်သည်။

အဓိကအားဖြင့် ထိုလူများအနက်မှအများစုသည် ခွန်အားမရှိပုံရသော သက်ကျားအိုကြီးများဖြစ်နေသည်။ သူတို့၏လုပ်ငန်းစွမ်းဆောင်ရည်နှင့်ပတ်သက်၍ သူ အမှန်တကယ်ကို စိုးရိမ်ပူပန်နေမိသည်။

"ကြံခိုင်ပုံမရတာလား"

ယဲ့ပေတို့သုံးယောက်၏မျက်နှာများပေါ်တွင် ကမောက်ကမအမူအယာများ ထင်ဟပ်နေသည်။

ဤလူများအနက်မှ တစ်ယောက်ချင်းစီသည် အနိမ့်ဆုံး သိုင်းအရှင်နယ်ပယ်၌ရှိနေကာ ဂိုဏ်းများမှဂိုဏ်းချုပ်များနှင့်အကြီးအကဲများကို သူတို့ဆွဲခေါ်လာခြင်းဖြစ်သည်။ မည်သည်ကြောင့် ဤလူများသည် ကြံ့ခိုင်ပုံမရဟု ဆိုလိုက်သနည်း။

အုတ်ခဲများဖြင့်တည်ဆောင်ရမည့် အဆောက်အအုံအတွက်ပင် ဆရာကြီး၏စံနှုန်းများသည် အလွန်မြင့်မားနေသလော....

"တကယ်တော့ ငါက မင်းတို့ရဲ့အကဲခတ်မှုကို ယုံကြည်နေတုန်းပဲ....သူတို့က ဒီကိုရောက်လာပြီဆိုမှတော့ သူတို့လုပ်နိုင်သရွေ့ သူတို့ နေနိုင်တယ်...ဒါပေမယ့် လူအင်အားက ခုထိမလုံလောက်သေးဘူး...ဒါကြောင့် မင်းတို့ နောက်တစ်သုတ်အလုပ်သမားတွေခေါ်ရင် ပိုပြီးသန်မာအားကောင်းဖို့လိုအပ်တယ်"

ရီဖုန်းက ပြောဆိုသည်။

"ပိုပြီးအားကောင်းရမယ်ဆိုတာ....ဥပမာ​ပေးနိုင်မလား...."

ယဲ့ပေက ဂရုတစိုက် အရဲကိုး၍ မေးမြန်းလေသည်။

"ဥပမာအနေနဲ့လား..."

"အဲ့ဒီနေရာက လူငယ်လေးတွေနဲ့ သက်တူရွယ်တူလောက်ဆိုရင်ရပြီ"

ရီဖုန်း၏အကြည့်သည် ပင်ကျင်းမြို့မှနေ၍ ကျွန်းပေါ်သို့ရောက်လာသော လူငယ်တချို့အနက်မှ တစ်ယောက်ဖြစ်သည့် တည်းခိုခန်းတစ်ခုမှ စားပွဲထိုးတစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။

ထိုလူငယ်သည် တုတ်ခိုင်သန်မာကာ အလုပ်ကြိုးစားမည့်ပုံရှိသည်။ ထို့ကြောင့် သူ၏ရုပ်ခန္ဓာကိုယ်မျိုးကို စံညွှန်းအဖြစ်သတ်မှတ်၍ လူသစ်ခေါ်ယူသည်မှာ ပြီးပြည့်စုံသောကိစ္စဖြစ်ပေမည်။

ယဲ့ပေတို့သုံးယောက်သည် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြ၏။

ဤစံနှုန်းသည်....

"ဘာလဲ....အရမ်းခက်ခဲနေလို့လား"

ရီဖုန်းက ယဲ့ပေတို့ကိုကြည့်ကာ မေးမြန်းသည်။

"မဟုတ်ဘူး....ဘာအခက်အခဲမှ မရှိပါဘူး"

သူတို့သည် သံမဏိကဲ့သို့ တောင့်တင်းသောမျက်နှာများနှင့် ခေါင်းညိတ်လိုက်ကြသည်။ ရီဖုန်း၏တောင်းဆိုချက် မည်သို့ပင်ရှိနေပါစေ သူတို့သည် အင်အားကုန်စိုက်ထုတ်၍ ဖြည့်ဆည်းပေးရန် သဘောတူညီထားပြီးလေပြီ။

"ပြီးတော့....ငါ ညွှန်ကြားဖို့လိုအပ်တဲ့ ကိစ္စတစ်ခုရှိသေးတယ်"

ရီဖုန်းက ယဲ့ပေတို့လူစုကိုကြည့်ကာ ထပ်မံ၍ပြောဆိုသည်။

"ဆရာကြီးရဲ့အမိန့်ကို ငါတို့ စောင့်နေတာပါ"

သူတို့အားလုံး ရိုသေလေးစားစွာ တုံ့ပြန်လိုက်သည်။

"ငါတို့ကျွန်းရဲ့နံဘေးပတ်လည်က လမ်းပန်းဆက်ဆံရေး အဆင်မပြေတာကြောင့် တည်ဆောက်ရေးပစ္စည်းအများစုကို သယ်ဖို့ခက်ခဲတယ်...ပြီးတော့ ဒီနေရာမှာ ဒေသခံတည်ဆောက်ရေးပစ္စည်းတွေ တော်တော်လေးရှားပါးတာကြောင့်...ငါက တည်ဆောက်ရေးလုပ်ငန်းမှာ ဖူလုံစေဖို့အတွက်..အုတ်ကို ဘယ်လိုထုတ်လုပ်ရမယ်ဆိုတာ မင်းတို့ကို သင်ပေးဖို့ ရည်ရွယ်ထားတယ်"

"ငါတို့က ကိုယ်တိုင်ကိုယ်ကျ အုတ်လုပ်ရမှာလား"

သူတို့သည် ဇဝေဇဝါဖြင့် ရီဖုန်းကို ကြည့်လိုက်ကြ၏။

"အမှန်ပဲ..အုတ်ကို မင်းတို့ကိုယ်တိုင် လုပ်ရမယ်...ငါ မင်းတို့ကို အုတ်လုပ်နည်းလုပ်ငန်းစဥ်ကို အတိုချုပ်ပြီး သင်ပေးမယ်"

ရီဖုန်းက အတည်ပြုသည်။

"ဒါပေမယ့် အုတ်တွေ မထုတ်လုပ်ခင်မှာ...ငါက ကုန်ချောအတွက် စံနှုန်းကို ငါ ချပြပေးမယ်"

"ဘာလို့လဲဆိုရင်....မင်းတို့အားလုံးက ငါ့အတွက် အလုပ်လုပ်နေမှတော့...ညံ့ဖျင်းတဲ့လက်ရာတွေကို ငါ မလိုချင်ဘူး...ဒါကြောင့် မင်းတို့ ထုတ်လုပ်တဲ့ အုတ်တွေက ဒီလိုအရည်အသွေးအဆင့်မှာ ရှိနေရမယ်"

ထိုစကားနှင့်အတူ ရီဖုန်းသည် သူ၏အင်္ကျီလက်အတွင်းမှ အုတ်ခဲတစ်လုံးကိုထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

Chapter 347

ထိုမြင်ကွင်းကိုကြည့်ပြီး...

လက်ရှိနေရာတွင်ရှိနေသူများ၏ မျက်လုံးအကြည့်များအားလုံး ထိုအုတ်ခဲပေါ်သို့ စူးစိုက်၍ကျရောက်သွားသည်။

"ဟူး...."

ချွင်းချက်မရှိ သူတို့အားလုံး တညီတညွတ်တည်း ပင့်သက်ရှိုက်လိုက်ကြသည်။

ဤအုတ်ခဲမှ ထွက်ပေါ်နေသော ရှေးဟောင်းအရှိန်အဝါများမှတဆင့် အင်မော်တယ်အဆင့်ပစ္စည်းတစ်ခုဖြစ်ကြောင်း သူတို့ ချက်ချင်းသိရှိလိုက်ရသည်။

ရီဖုန်း၏နောက်သို့ အချိန်ကြာမြင့်စွာ လိုက်ခဲ့သူများဖြစ်သဖြင့် သူ ဤကဲ့သို့အင်မော်တယ်အဆင့်ပစ္စည်းတစ်ခုကို ထုတ်ယူနိုင်ခြင်းကို သူတို့အံ့အားသင့်ခြင်းမရှိချေ။

သို့ရာတွင် ဂိုဏ်းတည်ဆောက်ရာတွင် အသုံးပြုမည့် အုတ်ချပ်တိုင်းကို ဤစံနှုန်းအတိုင်း သတ်မှတ်ထားသည်ဆိုပါက သူတို့အတွက် လွန်စွာမြင့်မားပေသည်။

အင်မော်တယ်နယ်မြေအတွင်းရှိ အင်မော်တယ်နန်းတော်များ၌ပင် ဤကဲ့သို့တည်ဆောက်နိုင်သည့် ဘဏ္ဍာရေးစွမ်းအားမျိုးရှိမည်မဟုတ်ချေ။

"လူအိုကြီးကျိုး...သွားကြစို့...ဆရာကြီးအတွက် မြန်မြန်သစ်သွားရှာကြရအောင်"

လူအိုကြီးချင်သည် ဆတ်ခနဲမတ်တတ်ထရပ်ကာ လူအိုကြီးကျိုးကို တိုက်တွန်းနှိုးဆော်လိုက်၏။

"အမ်.. ကောင်းပြီလေ...ငါတို့ ခုချက်ချင်း သွားကြရအောင်"

လူအိုကြီးကျိုးကလည်း ပျာပျာသလဲမတ်တတ်ထရပ်ကာ သဘောတူညီလိုက်သည်။

ရီဖုန်းသည် သူတို့အားပေးအပ်သည့် တာဝန်နှင့်ပတ်သက်၍ အလွန်ခက်ခဲသည်ဟု သူတို့ ခံစားနေရဆဲပင်။ သို့ရာတွင် ယဲ့ပေတို့လူစု၏တာဝန်နှင့် နှိုင်းယှဥ်ပါက ဤသည်မှာ အလွယ်ပြောရလျှင် ကလေးကစားစရာ ဖြစ်သွားလေပြီ။

လူအိုကြီးနှစ်ယောက်သည် စာနာသနားသောအကြည့်ဖြင့် ယဲ့ပေတို့လူစုကို စောင်းငဲ့၍ကြည့်ကာ အလျှင်အမြန်ထွက်ခွာသွားတော့သည်။

"ကောင်းပြီလေ...မင်း ဒီလူစုကို ခေါ်ပြီးတော့ အုတ်ဖိုတည်ဆောက်ပြီး အုတ်လုပ်ဖို့ ငါ့နောက်ကို လိုက်ခဲ့တော့....လူအိုကြီးကွမ်....မင်းတို့နှစ်ယောက်က ငါ ခုဏကပြောထားတဲ့ စံနှုန်းအတိုင်း အလုပ်သမားတွေ သွားရှာခဲ့ပါ"

ရီဖုန်းက အမိန့်ပေးသည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ဖြည့်စွက်၍ ပြောဆိုလိုက်၏။

"မှတ်ထားကြအုံး...သူတို့က သန်မာအားကောင်းရမယ့်အပြင်...အသက်လည်း အရမ်းကြီးလို့မရဘူး"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ယဲ့ပေတို့လူစုကိုခေါ်ဆောင်ကာ အုတ်ဖိုတည်ဆောက်ရန်အတွက် နေရာတစ်နေရာကို ရှာဖွေလိုက်တော့သည်။

ဤနေရာ၌ မတ်တတ်ရပ်၍ကျန်ခဲ့သော ကွမ်ယွင်ဖန်းနှင့်ဟန်ထန်းကြွယ်တို့၏မျက်နှာများပေါ်တွင် ကမောက်ကမအမူအယာများက ရေးထိုးထားသည့်အလားပင်။

အလုပ်သမားများသည် သန်မာအားကောင်းရမည်။

ထို့ပြင် သူတို့သည် အသက်ကြီး၍မရချေ။

သူတို့သည် ထိုစကားကိုတီးတိုးရေရွတ်ကာ စားပွဲထိုးကောင်လေးကိုကြည့်ပြီး အပြုံးနှင့်လျှောက်လှမ်းသွားကာ သူ့အား နံဘေးတစ်ဖက်သို့ ဆွဲခေါ်လိုက်၏။

"ကောင်လေး...စကားနည်းနည်းလောက်ပြောကြစို့"

လူအိုကြီးနှစ်ယောက်က မချိုမချဥ်အပြုံးနှင့် ပြောဆိုသည်။

စားပွဲထိုးကောင်လေးသည် ဇဝေဇဝါအမူအယာဖြင့် သူတို့နှစ်ယောက် ဆွဲခေါ်သောနေရာသို့ လိုက်လာသည်။

"အဟမ်း...ကောင်လေး...အခု မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က ဘယ်အဆင့်မှာရှိနေလဲဆိုတာ ငါတို့ မေးလို့ရမလား"

လူအိုကြီးနှစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့်မေးမြန်းကာ စားပွဲထိုးကောင်လေး၏အဖြေကို စောင့်ဆိုင်းလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ရီဖုန်း၏စကားများအရ အလုပ်သမားအသစ်များ ခေါ်ယူရမည့်စံနှုန်းသည် ဤကောင်လေးပေါ်တွင် အခြေခံသည်။

ထို့ကြောင့် ဤကောင်လေးတွင် မည်သည့်ကျင့်ကြံဆင့်နယ်ပယ်မျိုး ရှိနေသည်ဖြစ်စေ သူတို့ခေါ်ယူရမည့် အလုပ်သမားအသစ်များတွင် ရှိနေရန်လိုအပ်သည့် ကျင့်ကြံဆင့်နယ်ပယ်ဟု ယူဆရပေမည်။

"စီနီယာနှစ်ယောက်ကို ပြောပြရတာက ပြဿနာမရှိပါဘူး...ဒါပေမယ့် ကျွန်တော်ကို မလှောင်ကြနဲ့နော်....ဒါလေးပါပဲ"

စားပွဲထိုးကောင်လေးသည် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် သူ၏နှာခေါင်းကိုပွတ်သပ်ကာ တုံ့ပြန်ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ကွမ်ယွင်ဖန်းသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်၏။

ကြည့်ရသည်မှာ ဤကောင်လေး၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်မြင့်မားမည့်ပုံမရချေ။

အကယ်၍ ဤသို့သောကိစ္စမျိုးသာဖြစ်လာပါက သူတို့၏ဖိအားများ အလွန်အမင်း လျော့ကျသွားပေမည်။ သူတို့သည် အလုပ်သမားအသစ်များ ခေါ်ယူရာတွင် အသက်အရွယ်လိုအပ်ချက်ကို ကိုက်ညီစေရန်သာ လိုအပ်တော့သည်။

ထို့နောက် ကွမ်ယွင်ဖန်းက ပျာပျာသလဲ အာမခံချက်ပေးလိုက်သည်။

"ကောင်လေး ဘာမှစိတ်မပူနဲ့....ငါတို့က မင်းကို လုံးဝမလှောင်ဘူး..မင်း ဆက်ပြောပါ"

"ကောင်းပြီလေ....ဒါဆိုရင်လည်း...."

စားပွဲထိုးကောင်လေးသည် ရှက်ရွံမှုအပြည့်ဖြင့် ခေါင်းညိတ်ပြကာ ရှက်ကိုးရှက်ကန်းနှင့်ပြောဆိုသည်။

"ဒီနိမ့်ကျတဲ့လူက ဆရာကြီးနောက်ကို တစ်နှစ်ခွဲလောက် လိုက်ပြီးတဲ့အချိန်မှာ သိုင်းဘုရင်အဆင့်ကနေ ဆဋ္ဌမဘဝသိုင်းအင်ပါယာအဆင့်ကိုပဲ တက်လှမ်းနိုင်ခဲ့တယ်...ပွင့်ပွင့်လင်းလင်းပြောထရင် ကျွန်တော်က အသုံးမကျတဲ့ လူတစ်ယောက်ပဲ"

"ဆဋ္ဌမ...."

"ဆဋ္ဌမဘဝ....သိုင်း...သိုင်းအင်ပါယာအဆင့်မှာပဲ ရှိသေးတာ..."

ထိုစကားကိုကြားချိန်တွင် ကွမ်ယွင်ဖန်းသည် သတိလက်လွတ်ဖြစ်သွားကာ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာတော့လုမတတ်ပင်။ ဟန်ထန်းကြွယ်သည် ပို၍ပင်ကံဆိုးကာ ခြေချော်ပြီး ခေါင်းငိုက်စိုက်ဖြင့် ရေအိုင်အတွင်းသို့ ပြုတ်ကျသွားသည်။

"အိုး...စီနီယာ...."

စားပွဲထိုးကောင်လေးသည် ဟန်ထန်းကြွယ်ကို အလျှင်အမြန်ဆွဲတင်လေ၏။

ဟန်ထန်းကြွယ်သည် သူ၏ရုပ်ပျက်ဆင်းပျက်အခြေအနေနှင့်ပတ်သက်ပြီး ဂရုမစိုက်နိုင်ချေ။ သူ၏မျက်လုံးများ ပြူးကျယ်နေကာ စားပွဲထိုးကောင်လေးကို စူးစိုက်ကြည့်ပြီး တုန်ရီနေသောနှုတ်ခမ်းများဖြင့် မေးမြန်းလိုက်သည်။

"မင်း ခုဏပြောလိုက်တာ....ဘယ်...ဘယ်...ဘယ်ကျင့်ကြံဆင့်နယ်ပယ် မင်းမှာ ရှိနေတာလဲ"

"ဆဋ္ဌမဘဝ သိုင်းအင်ပါယာ....မပြောပလောက်တဲ့ ဆဋ္ဌမဘဝ သိုင်းအင်ပါယာအဆင့်မှာပါ"

စားပွဲထိုးကောင်လေးက တုံ့ပြန်ပြောဆိုသည်။

အတည်ပြုချက်ကို ထပ်မံ၍ရရှိပြီးနောက် ဟန်ထန်းကြွယ်သည် သူ သေဆုံးသင့်နေပြီဟု ခံစားမိလေ၏။

ဤသည်မှာ သူတို့ အလုပ်သမားအသစ်ခေါ်ယူရမည့်စံနှုန်းသည် ငယ်ရွယ်ရမည်သာမက အနည်းဆုံး ဆဋ္ဌမဘဝသိုင်းအင်ပါယာ ကျင့်ကြံဆင့်နယ်ပယ်၌ ရှိနေရမည်ဟု ဆိုလိုသည်မဟုတ်လော။

ရှီး....

အကယ်၍ သူတို့သည် အင်မော်တယ်မြစ်ကုန်းမြေအနှံ့ ရှာဖွေလျှင်ပင် ဤသတ်မှတ်ချက်ကို ပြည့်မီသော လူအမြောက်အများ ရှိမည်မဟုတ်ချေ။

ထို့ပြင် အကယ်၍ ထိုကဲ့သို့လူစားများ ရှိနေလျှင်ပင် သူတို့သည် မည်သည့်နည်းဖြင့် ဆွဲခေါ်ရမည်နည်း။

တစ်ခုသိထားရမည်မှာ ဤကျင့်ကြံဆင့်သို့ရောက်ရှိသွားသော မည်သူမဆို အလွန်ကြီးကျယ်ခမ်းနားသော ပါရမီရှင်များပင်။

ဤတာဝန်သည် အလွန်ခက်ခဲပေ၏။

"စီနီယာတို့...ကျွန်တော် အရင်က ပြောထားတယ်လေ....ကျွန်တော်ရဲ့ကျင့်ကြံဆင့်က နည်းနည်းတော့နိမ့်တယ်....ဒါကြောင့် ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို မလှောင်ကြပါနဲ့"

စားပွဲထိုးကောင်လေးက အပြစ်ကင်းစင်သောလေသံဖြင့် ပြောဆိုသည်။

"အင်..အင်း...နည်းနည်းနိမ့်တာလား...."

ကွမ်ယွင်ဖန်းနှင့်ဟန်ထန်းကြွယ်တို့သည် မကျေမချမ်းဖြစ်သွားကာ ဤအချိန်အခိုက်အတန့်တွင် စားပွဲထိုးကောင်လေးကို ရိုက်နှက်လိုစိတ်များ တဖွားဖွားပေါက်လာသည်။ သူတို့သည် ဤမျှထိဒေါသထွက်ဖွယ်ကောင်းသော တစ်စုံတစ်ယောက်နှင့် တစ်ကြိမ်တစ်ခါမျှ ဆုံတွေ့ဖူးခြင်းမရှိချေ။

သို့ရာတွင် သူတို့ တခြားမည်သည့်အရာအား လုပ်ဆောင်နိုင်မည်နည်း။ ဆဋ္ဌမဘဝသိုင်းအင်ပါယာများဆိုလျှင်ပင် မည်မျှထိခက်ခဲနေပါစေ သူတို့ အကောင်းဆုံးကြိုးစား၍ ဆောင်ရွက်ရပေမည်။

"ချင်...အရမ်းပျင်းစရာကောင်းတာပဲ"

ရေအိုင်နံဘေးတွင် လုပမ်ဝေသည် ပလ္လင်ခွေထိုင်နေလေ၏။ သူ၏ပါးစပ်၌ မြက်ပင်တစ်ပင်ကို တွဲလောင်းချထားကာ မြေပြင်ပေါ်၌လဲလျောင်းပြီး ပျင်းရိငြီးငွေ့စွာ ပြောဆိုလိုက်သည်။

"အမှန်ပဲ...အရမ်းပျင်းစရာကောင်းတယ်"

ခွေးသည် သူ၏နောက်ခြေတစ်ဖက်ကိုမြှောက်ကာ သစ်ပင်တစ်ပင်၏အောက်ခြေ၌ သေးပန်းနေရင်း တုံ့ပြန်ပြောဆိုသည်။

"ဟေး အကိုကြီးတို့...ငါတို့ ဒီငှက်ကိုခေါ်ပြီး လမ်းလျှောက်ထွက်ရင် မကောင်းဘူးလား"

ကင်းခြေမျှားသည် မြက်ပင်အမြစ်များကြားမှ တွားသွားထွက်လာကာ ပြုံးဖြဲဖြဲနှင့်အကြံပြုသည်။

"ဒီမျိုးမစစ်တဲ့ အူကြောင်ကြောင်ငှက်နဲ့ လမ်းလျှောက်ထွက်လို့ ဘာရမှာလဲ"

လုပမ်ဝေသည် အနောက်ဘက်နတ်ဆိုးတောအုပ်မှ နတ်ဆိုးအင်ပါယာသုံးကောင်နှင့်အတူ ချည်နှောင်ထားခြင်းခံရသော ငှက်နက်ကို အထင်အမြင်သေးစွာဖြင့် စောင်းငဲ့၍ကြည့်လိုက်သည်။

သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိပြုမိသွားလေ၏။

သူ၏ပါးစပ်အတွင်းရှိ မြက်ပင်ကိုထွေးထုတ်ကာ ငုတ်တုတ်ထထိုင်ပြီး အဝေးတစ်နေရာသို့ကြည့်လိုက်သည်။

အနီးရှိ ကျောက်ဆောင်နံရံမှအက်ကွဲကြောင်းအတွင်းတွင် ညပ်နေသော သိသိသာသာကြီးမားသည့် အနက်ရောင်တင်ပါးနှစ်ဖက်သည် အဆက်မပြတ်လှုပ်ယမ်းနေပေ၏။

"ဝါး....ဝါး...ဒီကျွန်းပေါ်မှာ ဘာတွေဖြစ်နေတာလဲ"

"ငါက ချစ်ဖို့ကောင်းတဲ့ ဝက်ဝံငယ်လေးတစ်ကောင်ပါ...ဝါး...ဝါး...နေရာတိုင်းမှာ ကြောက်ဖို့ကောင်းတဲ့သက်ရှိတွေ အများကြီးရှိနေတယ်...ငါ့ကို ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်မပြုကြဘူး"

"သူတို့ ငါ့ကို မမြင်လောက်ပါဘူး"

"သူတို့ ငါ့ကို မြင်မှာမဟုတ်ဘူး...ဘုရား ဘုရား...သူတို့ ငါ့ကို မမြင်ပါစေနဲ့"

ဝက်ဝံနက်ကြီးသည် သူ၏ခေါင်းကို အက်ကွဲကြောင်းအတွင်းသို့ ထိုးသိပ်သွင်းထားကာ ပြင်ပသို့ထွက်နေသော သူ၏တင်ပါးများ တုန်ရီနေပြီး သူက စိတ်ပျက်လက်ပျက်ဖြင့် ဆုတောင်းနေသည်။

သူ ရေရွတ်နေစဥ်မှာပင် ရုတ်တရက် ကန်ချက်တစ်ချက် ပျံ့လွင့်လာပြီး သူ၏တင်ပါးကို ထိမိလေ၏။

"အား..."

ဝက်ဝံနက်ကြီးသည် ထိတ်လန့်တကြားခုန်ပေါက်ကာ ကြောက်မက်ဖွယ်တည်ရှိမှုကြီးတချို့က သူ၏မြင်ကွင်းအတွင်းသို့ ချက်ချင်းဝင်ရောက်လာသည်။

"အား...."

"မကပ်နဲ့....ငါ့...ငါ့အနားကို မကပ်ကြနဲ့"

"ငါက အရမ်းအစွမ်းထက်တာနော်....ဂရုစိုက်နေကြစမ်း...မဟုတ်ရင် ငါ မင်းတို့အားလုံးကို ဖျစ်ညှစ်သတ်ပစ်မယ်"

"ဂါး...."

"ဂရား...."

ထိတ်လန့်တကြား ပြောဆိုနေရင်း ဝက်ဝံနက်ကြီးသည် ခြိမ်းခြောက်လိုဟန်ဖြင့် ရက်စက်ကြမ်းကြုတ်သောအမူအယာများကို ပြုလုပ်လိုက်သည်။

သူသည် သူတို့အား ထိတ်လန့်ကြောက်ရွံအောင် မလုပ်နိုင်သည်ကိုကြည့်ပြီး သူ၏သတ္တိများ ချက်ချင်းပျက်ပြယ်သွားကာ သူ၏ရင်ဘတ်ကိုဆုပ်ကိုင်ပြီး မြေပြင်ပေါ်သို့ လှဲချလိုက်၏။

"အကိုကြီး....အကိုကြီးတို့...."

"ငါက ဘာအန္တရာယ်မှမပေးနိုင်တဲ့ ဝက်ဝံငယ်လေးပါ"

"ငါ မှားသွားပါတယ်...မလာကြပါနဲ့....အီး...ငါ ထပ်ပြီးတောင့်မခံနိုင်တော့ဘူး....ငါ မရတော့ဘူး...ငါ သေတော့မယ်...ငါ သေတော့မှာ....."

ထိုသို့ပြောဆိုပြီးနောက် သူ၏လျှာကိုထုတ်ကာ မြေပြင်ပေါ်၌ မလှုပ်မယှက် လဲလျောင်းနေတော့သည်။

"အိုး...."

"ကျွမ်းကျင်ပညာရှင်လား...."

"ငါ ညလေညှင်းကင်းခြေမျှားရဲ့ဘဝမှာ အရင်က ဒီနယ်ပယ်အတွင်းမှာ ဘယ်သူကိုမှ မလေးစားဖူးဘူး....မင်းက ပထမဆုံးပဲ"

ဤမြင်ကွင်းကိုကြည့်ပြီး ညလေညှင်းကင်းခြေမျှားသည် ခွေး၏ခေါင်းထိပ်မှထွက်လာကာ ချက်ချင်းဆိုသလိုပင် ချီးမွမ်းလိုက်သည်။

Chapter 348

"ချင်...သူ့ကို သွားဖမ်းလိုက်စမ်း"

လုပမ်ဝေက သူ၏လက်ကိုဝှေ့ယမ်းကာ အေးအေးလူလူပြောဆိုသည်။

"ဟုတ်ကဲ့ အကိုကြီး"

အောင်းချင်က တုံ့ပြန်ကာ သေဟန်ဆောင်နေသော ဝက်ဝံနက်ကြီးထံသို့ လျှောက်လှမ်းသွားလေသည်။

"ဟေး အရူးကောင်...မြန်မြန်ထစမ်း...ငါ့အကိုကြီးရဲ့ရှေ့မှာ သေချင်ယောင်ဆောင်တာက အသုံးမဝင်ဘူး"

အောင်းချင်က မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။

"ဒါက အမှန်ပဲ...ငါ မင်းကို လေးစားပေမယ့် ငါ့အကိုကြီးရဲ့ရှေ့မှာ သေဟန်ဆောင်တာက တကယ်အသုံးမဝင်ဘူး...တကယ်လို့ သူက မင်းကို အသက်ရှင်စေချင်ရင် မင်း ရှင်ရမယ်...သူက မင်းကိုသေစေချင်ရင် မင်း သေရမယ်"

ထိုအချိန်မှာပင် ညလေညှင်းကင်းခြေမျှားက အော်ဟစ်၍ပြောဆိုလိုက်၏။

"ဝါး...ငါ မှားသွားတယ်...ငါ မှားပါတယ်..ငါ အခုထပြီ"

ဝက်ဝံနက်ကြီးသည် လူးလဲထကာ ဒူးထောက်ပြီး မျက်ရည်စက်လက်ဖြင့် အသနားခံတောင်းပန်လေသည်။

"ကျေးဇူးပြုပြီးတော့ မြင့်မြတ်တဲ့စီနီယာတွေက ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ"

"မင်းကို အသက်ချမ်းသာပေးရမှာလား...ဟမ့်...ငါတို့ကို ပြောစမ်း...မင်း ဒီနေရာမှာ ဘာလို့ပုန်းနေတာလဲ"

အောင်းချင်က တင်းမာခက်ထန်စွာ မေးမြန်းသည်။

ဤစကားသည် တုန်ရီနေသော ဝက်ဝံနက်ကြီးကို ချက်ချင်းတုန်လှုပ်ချောက်ချားသွားစေသည်။

တုန်တုန်ရီရီဖြင့် သူက ကပျာကယာ ပြောဆိုသည်။

"အကိုကြီးတို့....ငါ မှားသွားပါတယ်...တကယ်တော့ ငါက ဒီနေရာမှာ ချိပ်ပိတ်ခံထားရတဲ့ ဝက်ဝံငယ်လေးတစ်ကောင်ပါ....ငါက လူသားတွေနဲ့တိရစ္ဆာန်တွေကို အန္တရာယ်မပြုဘဲ...မြက်ပင်ကိုစား နှင်းရည်ကိုသောက်ပြီး အသက်ရှင်သန်နေတာပါ...ငါက အကိုကြီးတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အရှိန်အဝါတွေနဲ့ အကိုကြီးတွေရဲ့ခေါင်းတွေပေါ်မှာ တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းတွေကို မြင်တဲ့ချိန်မှာ....အကိုကြီးတို့က သာမာန်မဟုတ်တဲ့သက်ရှိတွေဆိုတာ ငါ သိသွားတယ်...ဒါကြောင့် အကိုကြီးတို့ကို အပြစ်ပြုမိမှာကြောက်တာကြောင့် ငါ ဒီနေရာမှာ ပုန်းအောင်းနေတာပါ...ဒါပေမယ့် ငါ့ကို မတော်တဆ ရှာတွေ့သွားကြမယ်လို့ ဘယ်သူက ထင်မိမှာလဲ"

"အမ်....မင်းက စိတ်ဝင်စားဖို့ကောင်းအောင် ပြောတတ်သားပဲ"

အောင်းချင်၏မျက်ခုံးများ မြင့်တက်သွားကာ ပြောဆိုသည်။

"ဒါဆိုရင်....ငါတို့ကို ပြောစမ်း...ငါတို့က ဘယ်လိုမျိုး သာမာန်မဟုတ်တဲ့သက်ရှိမျိုးလဲ"

"အကိုကြီးတို့ကို ပြောပြပါ့မယ်"

သူက ညလေညှင်းကင်းခြေမျှားကိုကြည့်ကာ ဆက်လက်၍ပြောဆိုသည်။

"ဥပမာပြောရရင် ဒီတစ်ယောက်က အကောင်သေးပေမယ့်...သူ့ရဲ့မျက်လုံးထဲက လိမ္မာပါးနပ်မှုတွေကိုကြည့်ရင် သူက ဥာဏ်ကောင်းတဲ့နည်းဗျူဟာရှင်တစ်ယောက်ဆိုတာ ထင်ရှားတယ်"

"ဒီတစ်ယောက်ကတော့...."

သူ၏အကြည့်သည် အောင်းချင်ထံသို့ ရွှေ့ပြောင်းလာကာ ပြောဆိုလေ၏။

"ဒီတစ်ယောက်မှာ တင်းမာခက်ထန်တဲ့မျက်နှာအမူအယာနဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အပြုအမူတွေရှိတယ်...ဒါကြောင့် သူက အဖွဲ့မှာ အရေးပါတဲ့နေရာကို ဆုပ်ကိုင်ထားတဲ့သူပဲဖြစ်မယ်"

"နောက်ဆုံးတစ်ယောက်ကတော့..."

သူသည် လုပမ်ဝေကိုကြည့်ကာ သူ၏အသံ ရပ်တန့်သွားသည်။

"မင်း မြန်မြန်ပြောစမ်း"

လုပမ်ဝေ၏မျက်ခုံးများ မြင့်တက်သွားကာ သူ၏နားကို တဖျတ်ဖျတ်လှုပ်ခတ်လိုက်၏။

"ဒီအကိုကြီးက တကယ့်ကို သာလွန်ထူးကဲတယ်...ခေါင်းဆောင်တစ်ယောက်ရဲ့ အငွေ့အသက်မျိုးနဲ့ သူက အဖွဲ့အတွင်းမှာ အဓိကလူဖြစ်ပြီးတော့ အဆုံးအဖြတ်ပေးနိုင်တဲ့သူဆိုတာ သံသယဝင်စရာမရှိဘူး....ပြီးတော့ သူက ထူးခြားတဲ့ဆွဲဆောင်နိုင်မှုနဲ့အတူ ချောမောခန့်ညားပြီးတော့ တင့်တယ်တဲ့မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားတယ်"

"တကယ်လို့ ဒီအချက်တွေအားလုံးကို ဘေးဖယ်ထားရင်တောင် သူ့ရဲ့ဝတ်စုံက ကြော့မော့နေတယ်...ဒီအနက်ရောင်ဝတ်စုံက ရေအိုင်ကလေညင်းလေးတွေအောက်မှာ သာလွန်တဲ့အရှိန်အဝါမျိုး ထွက်ပေါ်နေပြီးတော့ တခြားသူတွေရဲ့စိတ်နှလုံးသားထဲမှာ သူ့ကို အရိုအသေပြုချင်တဲ့စိတ်မျိုး ပေါက်ဖွားစေတယ်"

"ငါ ပြောဖို့တော့ မတန်ပါဘူး...ငါ့ရဲ့အောက်မှာ သေးငယ်တဲ့ညီငယ်လေး တွဲလောင်းကျနေလို့သာ....မဟုတ်ရင် ငါက ဒီအပြစ်အနာအဆာကင်းမဲ့တဲ့ပုဂ္ဂိုလ်ကို ချစ်သွားမိမှာသေချာတယ်"

ဝက်ဝံနက်ကြီးသည် သူ၏စိတ်မှခံစားနေရသော စကားလုံးများကို ဖွင့်ဟပြောဆိုနေသည့်အလား လှိုက်လှိုက်လှဲလှဲ ပြောဆိုနေသည်။

"နားထောင်စမ်း...."

"သူပြောတာကို နားထောင်ကြစမ်း"

"သူက ငါတို့ရဲ့အကြောင်းကို အတိုချုပ်ပြီးတော့ လှလှပပလေး ပြောသွားနိုင်တယ်"

ဝက်ဝံနက်ကြီး၏စကား ကျရောက်လာသည်နှင့် လုပမ်ဝေက ချက်ချင်းဆိုသလိုပင် ချီးမွမ်းလိုက်သည်။

"အမှန်ပဲ...ဒီအတိုချုပ်ပြောသွားတာက တော်တော်လေးကောင်းတယ်"

အောင်းချင်ကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလေသည်။ ဝက်ဝံနက်ကြီးကိုကြည့်သော သူ၏အကြည့်သည် များစွာပို၍နူးညံညင်သာသွားပေ၏။

"ဟုတ်တယ်....ငါတောင် ဒါမျိုးမပြောတက်ဘူး...သူက အကိုကြီးရဲ့အရည်အချင်းတွေကို အတိုချုပ်ပြီးပြောသွားတာ ပြီးပြည့်စုံတယ်"

ကင်းခြေမျှားက ထောက်ခံလိုက်သည်။ ထို့နောက် သူက လုပမ်ဝေ၏ရှေ့သို့ တွားသွားကာ ပြောဆိုသည်။

"အကိုကြီး....ဒီလိုအလားအလာရှိတဲ့ကောင်တစ်ကောင်ကို တွေ့ဖို့ဆိုတာ မလွယ်ဘူး...ငါတို့ သူ့ကို ခေါ်ထားကြမလား"

"ဒါက အမှန်ပဲ အကိုကြီး....ငါလည်း ဒီလိုပဲ ခံစားမိတယ်....ဒီဝက်ဝံလေးမှာ အလားအလာရှိတယ်"

အောင်းချင်က ဝင်ရောက်ပြောဆိုလေ၏။

"အော်...မင်းတို့နှစ်ယောက်လုံးက အဲ့ဒီလို ခံစားရတာလား"

လုပမ်ဝေက အောင်းချင်နှင့်ကင်းခြေမျှားကို စောင်းငဲ့ကြည့်ကာ ပြောဆိုသည်။

"ဒီလိုဆိုမှတော့ ဒီဝက်ဝံလေးကို ခေါ်ထားကြစို့"

ထိုစကားကိုကြားချိန်တွင် အောင်းချင်နှင့်ညလေညှင်းတို့ ဝမ်းသာပီတိဖြစ်သွားသည်။ သူတို့သည် ဝက်ဝံနက်ကြီးနှင့် အကြည့်ချင်းဖလှယ်ကာ အော်ဟစ်လိုက်သည်။

"ဝက်ဝံလေး...ငါတို့ရဲ့အကိုကြီးကို မြန်မြန်ကျေးဇူးမတင်သေးဘူးလား"

Chapter 349

"ဘာကို...."

ဝက်ဝံနက်ကြီးသည် ကြက်သေသေသွားကာ မည်ကဲ့သို့တုံ့ပြန်ရမည်ကို မသိတော့ချေ။

"ဝက်ဝံအရူးကောင်...ခုဏကတော့ မင်းက အရမ်းလိမ္မာပါးနပ်နေပြီးတော့...အခုကျ နားမလည်တော့ဘူးလား"

ကင်းခြေမျှားက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုသည်။

"ငါ့ရဲ့အကိုကြီးက မင်းကို သူ့ရဲ့လက်အောက်ငယ်သားအဖြစ် လက်ခံလိုက်ပြီ...မင်းဘဝရဲ့အထွတ်အထိပ်အခြေအနေကို မင်း ရောက်သွားပြီ"

"ဒါက အမှန်ပဲ...ဘာလို့ အကိုကြီးကို မင်း မြန်မြန်အရိုအသေမပြုသေးတာလဲ"

ကင်းခြေမျှားသည် နံဘေးဘက်မှနေ၍ တိုက်တွန်းနှိုးဆော်လိုက်၏။

"တကယ်လား..."

ဝက်ဝံနက်ကြီးက ပျော်ရွှင်စွာ အော်ဟစ်လေသည်။

သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

အစောပိုင်းက သူ ပြောဆိုခဲ့သည်မှာ ရုတ်တရက်ရလာသောအတွေးကြောင့် သူ၏အသက်ကို ကယ်တင်နိုင်ရုံသက်သက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဤကဲ့သို့ ဝမ်းမြောက်ဖွယ်အံ့အားသင့်မှုတစ်ခုကို ရရှိမည်ဟု သူ မျှော်လင့်မထားမိချေ။

အကယ်၍ သူသည် ဤကောင်များ၏နောက်သို့လိုက်နိုင်ပါက ဤကျွန်းပေါ်တွင် စိုးရိမ်ပူပန်စရာ ရှိတော့မည်မဟုတ်ချေ။

အကြောင်းအရင်းမှာ နတ်ဆိုးသားရဲများအကြားတွင် သူ့ထံ၌ ထူးခြားသောအရည်အချင်းတစ်ခုရှိနေခြင်းပင်။

ထိုပါရမီမှာ သူသည် အန္တရာယ်သက်ရောက်နိုင်မှုနှင့် အစွမ်းထက်သောအရာများအပေါ် အာရုံခံနိုင်စွမ်း မြင့်မားခြင်းပင်။

ထို့ကြောင့် ယခင်က ဝူချန်အန်း ထို့နောက် ရီဖုန်းနှင့် ယခုတွေ့ရသော လုပမ်ဝေတို့အပေါ် သူတို့၏စွမ်းအားအတိအကျကို သူ မသိရှိသော်လည်း သူ့အား သက်ရောက်လာနိုင်သော ခြိမ်းခြောက်မှုကို ကြိုတင်ရိပ်စားမိသည်။

ထို့ပြင် ယခုလက်ရှိချိန်တွင် သူ့ရှေ့မှ လုပမ်ဝေထံမှ သူ့အားပေးစွမ်းနိုင်သော ခြိမ်းခြောက်နိုင်မှုသည် လွန်စွာကြီးမားပေ၏။ ဤသည်မှာ လုပမ်ဝေထံတွင် အလွန်အမင်းအားကောင်းသော ခွန်အားရှိသည်ဟု အဓိပ္ပါယ်သက်ရောက်သည်။

"အကိုကြီးကို အရိုအသေပြုပါတယ်"

အသိဝင်လာပြီးနောက် ဝက်ဝံနက်ကြီးသည် မြေပြင်ပေါ်၌ ချက်ချင်းဒူးထောက်ကာ သူ၏တင်ပါးကိုကွေးပြီး အော်ဟစ်လိုက်သည်။

"အကိုကြီးက ကောင်းချီးအဖြာဖြာနဲ့ပြည့်စုံပြီးတော့ နှစ်ပေါင်းထောင်နဲ့ချီပြီး အသက်ရှည်ပါစေ"

"မဆိုးဘူး....အရမ်းလိမ္မာတဲ့ဝက်ဝံလေးပဲ"

လုပမ်ဝေက ဝက်ဝံနက်ကြီးကို လက်ယပ်ခေါ်ကာ ချီးမွမ်းစကားပြောဆိုသည်။

"အခုချိန်ကစပြီးတော့....ငွေမက်တဲ့လူတစ်ယောက်နဲ့ မြေပြင်ပေါ်မှာလဲလျောင်းနေတဲ့ ခရုတစ်ကောင်ကလွဲပြီးတော့...ဒီလောကကြီးထဲက တခြားဘယ်အရာကိုမှ မင်း ကြောက်စရာမလိုဘူး"

"ငွေမက်တဲ့လူတစ်ယောက်နဲ့ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ခရုတစ်ကောင်လား...."

ဝက်ဝံနက်ကြီးက ခေါင်းညိတ်ပြကာ ထိုကိစ္စကို မှတ်သားထားလေသည်။

"အဟမ်း....အဟမ်း...."

ထိုအချိန်မှာပင် သူ၏နံဘေးရှိ ကင်းခြေမျှားနှင့်ခွေးထံမှနေ၍ ချောင်းဟန့်သံနှစ်သံ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဝက်ဝံနက်ကြီးသည် အလျှင်အမြန်အသိဝင်လာကာ သူတို့နှစ်ကောင်ဘက်သို့လှည့်ပြီး အော်ဟစ်လိုက်၏။

"ဒုတိယအကိုကို အရိုအသေပြုပါတယ်...တတိယအကိုကို အရိုအသေပြုပါတယ်"

"ကောင်းတယ်...အရမ်းကောင်းတယ်"

"မင်း ငါတို့နောက်ကိုလိုက်တဲ့ ခုချိန်ကနေစပြီးတော့ မွှေးကြိုင်ပြီး အရသာရှိတဲ့ဟင်းလျာတွေနဲ့ အစပ်ချောင်းတွေကို စားရမယ်...မင်းရဲ့ကျန်နေတဲ့ ဘဝသက်တမ်းတလျှောက်လုံးမှာ မင်းကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာမဟုတ်ဘူး"

ကင်းခြေမျှားနှင့်ခွေးတို့သည် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် သူတို့၏ခေါင်းများကိုမော့ကာ ပြောဆိုသည်။

ထိုအချိန်မှာပင် ခွေး၏နဖူးပေါ်မှ အမှတ်အသား ရုတ်တရက် လင်းလက်တောက်ပသွားသည်။

သူသည် အဝေးတစ်နေရာဆီသို့ ကြည့်လိုက်၏။

"ချင်....ဘာကိစ္စရှိလို့လဲ"

လုပမ်ဝေက မေးမြန်းသည်။

"အကိုကြီး....ကြည့်ရတာတော့ ငါ့ရဲ့မျိုးနွယ်က တစ်ယောက်ယောက် ငါ့ကိုလာရှာပြီးတော့ ဒီနေရာနဲ့ မနီးမဝေးမှာရောက်နေပုံပဲ"

ခွေးက ပြောဆိုသည်။

"သြော်...ဒါဆိုရင်လည်း သွားလေ...သွားတော့..."

လုပမ်ဝေက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ခွေးထွက်ခွာသွားပြီးနောက် သူသည် မြေပြင်ပေါ်သို့ အေးအေးလူလူ လှဲချလိုက်၏။

"ဝက်ဝံလေး...မင်းမှာ ပျော်စရာကောင်းတဲ့ ကိစ္စလေးတွေမရှိဘူးလား...မင်းရဲ့အကိုကြီးကို နည်းနည်းလောက် ပြောပြပါလား"

လုပမ်ဝေက သာမာန်ကာလျှံကာ ပြောဆိုသည်။

"အကိုကြီး...ငါက ဒီကျွန်းပေါ်မှာ ချိပ်ပိတ်ခံထားရတာ အချိန်အတော်ကြာနေပြီ...ရှင်းရှင်းပြောရရင် ငါက ဒီကျွန်းကနေ ထွက်သွားလို့မရဘူး...ပျော်စရာဆိုတာ ဘာလဲဆိုတာကိုတောင် ငါ မသိတော့ဘူး"

ဝက်ဝံနက်ကြီးက အပြေးလာကာ လုပမ်ဝေ၏ခြေထောက်ကို နှိပ်နယ်ပေးရင်း သူ၏ခေါင်းကိုငုံ၍ ပြောဆိုသည်။

"သြော်....မင်းကို ဒီကျွန်းပေါ်မှာ ချိပ်ပိတ်ထားဝံ့တဲ့သူက ဘယ်သူလဲ"

လုပမ်ဝေက ချက်ချင်းမေးမြန်းလိုက်သည်။

"ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းလောက်တုန်းက ဖြစ်ခဲ့တာပါ....လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသောင်းလောက်တုန်းက ငါ့ကို အရင်ကချိပ်ပိတ်ခဲ့တဲ့ လူတစ်စုလုံး အသက်တွေအိုမင်းပြီး သေဆုံးသွားပြီလို့ ငါ့ရဲ့မျိုးဆက်တွေက ငါ့ကိုလာပြောခဲ့တယ်"

ဝက်ဝံနက်ကြီးက စပ်ဖြဲဖြဲအမူအယာနှင့် ရယ်မောရင်း ပြောဆိုသည်။

"အတိတ်တုန်းကတော့ သူတို့က ငါ့ကို မသတ်နိုင်လို့ ဒီနေရာမှာ ချိပ်ပိတ်ခဲ့တာပဲ"

ထိုစကားကိုကြားချိန်တွင် လုပမ်ဝေ ထိတ်လန့်တုန်လှုပ်သွားသည်။

သိထားရမည့် အရေးအကြီးဆုံးအချက်မှာ အင်မော်တယ်မြစ်ကုန်းမြေပေါ်၌ သိုင်းအင်ပါယာတစ်ယောက်၏ ဘဝသက်တမ်းပင်လျှင် နှစ်သောင်းနှင့်ချီခန့်သာရှိသည်။ အကယ်၍ နတ်ဆိုးသားရဲများ၏သက်တမ်းသည် ပို၍ရှည်လျားသည်ဆိုလျှင်ပင် အကန့်အသတ်ရှိပေ၏။

သို့ရာတွင် ဝက်ဝံနက်ကြီးသည် ဤကျွန်းပေါ်၌ နှစ်ပေါင်းတစ်သိန်းကျော် ချိပ်ပိတ်ခံထားရသည်။ ဤသည်မှာ လုံးလုံးလျားလျား မယုံကြည်နိုင်ဖွယ် ကိစ္စတစ်ရပ်ပင်။

"မင်းက ဒီလောက်ထိ အချိန်ကြာနေတာတောင်...ဘာလို့ ခုထိ မသေသေးတာလဲ"

လုပမ်ဝေက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"ဘာလို့လည်းဆိုတာ ငါ မသိဘူး...ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ငါက နှစ်တစ်သန်းကျော် အသက်ရှင်နေထိုင်ပြီးပြီ...ခုထိ ငါ့ရဲ့သက်တမ်းက မကုန်သေးဘူး...ပြီးတော့ ငါ့ကို ရိုက်နှက်ရင်လည်း ငါ မသေနိုင်ဘူး"

ဝက်ဝံနက်ကြီးက သူ၏ခေါင်းကိုကုတ်ကာ ပြုံးဖြဲဖြဲနှင့်ပြောဆိုသည်။

"ဒါကြောင့် အတိတ်တုန်းက ငါ့ရဲ့ရန်သူတွေက ငါ့ကို မသတ်နိုင်တာကြောင့် ဒီနေရာမှာ ချိပ်ပိတ်ထားခဲ့တာပဲ"

ထိုသို့ပြောဆိုပြီးနောက် သူက အလျင်စလို ဖြည့်စွက်ပြောဆိုလေ၏။

"တကယ်တော့ မင်းကတော့ ချွင်းချက်ပဲ...အကိုကြီး...တကယ်လို့ မင်းကသာ ငါ့ကို သတ်ချင်ရင် ငါ သေသွားနိုင်တယ်လို့ ခံစားမိတယ်"

"မင်းက နည်းနည်းတော့ အသိရှိသားပဲ"

လုပမ်ဝေက သူ၏မေးကို အနည်းငယ်မော့ကာ ချီးမွမ်းလိုက်သည်။

"ဟုတ်ကဲ့...ဟုတ်ကဲ့...."

ဝက်ဝံနက်ကြီးက အပြုံးနှင့်ပြောဆိုသည်။

"ဒါပေမယ့် အကိုကြီးအပြင်...အခုလတ်တလောမှာ ငါ လူနှစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်...သူတို့ထဲက ဘယ်တစ်ယောက်မဆို ငါ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိတယ်....တစ်ယောက်ကတော့ ငါ့ကိုသတ်နိုင်ပါ့မလားဆိုတာ မသေချာဘူး...တခြားတစ်ယောက်ကတော့ ကြောက်ဖို့အရမ်းကောင်းတယ်...သူက ငါ့ကို သတ်နိုင်မှာ သေချာပေါက်ပဲ"

"မင်းပြောတဲ့တစ်ယောက်က ငါ့ရဲ့အရှင်သခင်ပဲဖြစ်မယ်"

လုပမ်ဝေက ပြောဆိုသည်။

"ဒါက ငါ ပြောခဲ့တဲ့ ငွေမက်တဲ့လူပဲ...ဘယ်လိုပဲဖြစ်ဖြစ် မင်း သူ့ကို ရန်မစသင့်ဘူး...တကယ်လို့ မင်း သူ့ကို ရန်သွားစရင်...ကောင်းကင်ဘုံတောင် မင်းကို ကယ်နိုင်မှာမဟုတ်ဘူး"

"ဒါဆိုရင် အဲ့ဒီလူက အကိုကြီးရဲ့အရှင်သခင်ပေါ့...အံ့အားသင့်စရာ မရှိတော့ဘူး...အံ့အားသင့်စရာမရှိတော့ဘူး"

ဝက်ဝံနက်ကြီးက ပင့်သက်ရှိုက်လိုက်၏။

သို့ရာတွင် ထိုသို့ဖြစ်လေလေ စိတ်အေးမှုကို သူ ပို၍ခံစားရလေလေပင်။

ဤသည်မှာ သူ၏အသက်ကိုခြိမ်းခြောက်နိုင်သော လူနှစ်ယောက်လုံး၏လက်အောက်သို့ သူ ရောက်သွားပြီဟု ဆိုလိုသည်မဟုတ်လော....

"အကိုကြီး...အကိုကြီး....ပြဿနာကြီးတက်ပြီ"

ထိုအချိန်မှာပင် အစောပိုင်းက ပြင်ပသို့ထွက်သွားသောခွေးသည် ထိတ်ထိတ်ပျာပျာနှင့် ပြန်ရောက်လာကာ သူ၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။

"ဘာဖြစ်လာတာလဲ...ချင်...မင်း ဘာလို့ဒီလောက်ထိ အထိတ်တလန့်ဖြစ်လာတာလဲ"

မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုပမ်ဝေက အောင်းချင်ကိုစောင်းငဲ့ကြည့်ကာ မေးမြန်းသည်။

"အကိုကြီး...အခု ငါ့မှာ သားသမီးတွေရှိသွားပြီ"

အောင်းချင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဘာ...."

ထိုစကားကိုကြားချိန်တွင် လုပမ်ဝေသည် ဆတ်ခနဲ ခုန်ထလိုက်၏။

Chapter 350

လုပမ်ဝေသည် ကြောင်စီစီမျက်လုံးများဖြင့် ခွေးကိုကြည့်လိုက်၏။

"မင်းမှာ တကယ့်ကို သားတစ်ယောက်ရှိနေတာလား"

"မဟုတ်ဘူး...တစ်ယောက်တည်းမဟုတ်ဘူး"

ခွေးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းမော့ကာ အလျှင်အမြန် ရှင်းပြသည်။

"တစ်သိုက်ကြီးပဲ"

"ဘာ..."

"တစ်သိုက်လား"

လုပမ်ဝေသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် အောင်းချင်ကိုကြည့်ကာ မေးမြန်းသည်။

"မင်းက ငါနဲ့ နေ့တိုင်းအတူရှိနေတာလေ...ဘယ်နေရာကနေ သားတစ်သိုက်ရလာတာလဲ"

"ကံကြမ္မာအရလို့ ပြောရမလား....အဲ့ဒီအချိန်တုန်းက အရှင်က ငါ့ကို အောင်းချင်းချိန်နဲ့ အတင်းအကြပ် မိတ်လိုက်ခိုင်းခဲ့တယ်...ပြီးတော့ သူ ပြန်သွားတဲ့နောက်မှာ...."

ခွေးက ရှင်းပြသည်။

"ငါ သိပြီ"

လုပမ်ဝေက ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"ဒီလိုဆိုမှတော့ ငါ လုပမ်ဝေမှာ အခု တူတွေရသွားပြီလို့ ဆိုလိုတာမဟုတ်လား"

"ဟား ဟား ဟား...ပျော်စရာကြီး...အရမ်းပျော်စရာကောင်းတယ်"

လုပမ်ဝေက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"အကိုကြီးကို ဂုဏ်ပြုပါတယ်....ဒုတိယအကိုကို ဂုဏ်ပြုပါတယ်"

ဝက်ဝံနက်ကြီးနှင့်ညလေညှင်းကင်းခြေမျှားတို့သည် အလျှင်အမြန် ဂုဏ်ပြုစကားပြောဆိုလိုက်ကြ၏။

"ဟား ဟား ဟား...ပျော်ရွှင်မှုကို ဝေမျှခံစားကြတာပေါ့...ပျော်ရွှင်မှုကို ဝေမျှကြတာပေါ့...ဘယ်လိုပဲဖြစ်ဖြစ် သူတို့က မင်းတို့ရဲ့တူတွေပဲ မဟုတ်လား"

လုပမ်ဝေက ကျယ်လောင်စွာ ပြောဆိုသည်။

"ဟုတ်တယ်...ဟုတ်တယ်...သူတို့က ငါတို့ရဲ့တူတွေပဲ...ပျော်ရွှင်မှုကို ဝေမျှခံစားကြတာပေါ့...ဟား ဟား ဟား...ငါတို့အားလုံးမှာ တူတွေရှိသွားပြီ"

ဝက်ဝံနက်ကြီးနှင့်ကင်းခြေမျှားတို့သည်လည်း စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်သည်။

အထူးသဖြင့် ဝက်ဝံနက်ကြီးပင်....

သူသည် အစောပိုင်းက သေရမည်ကို ထိတ်လန့်ကြောက်ရွံနေရသော်လည်း ယခုချိန်တွင် အကိုကြီး၏အသိအမှတ်ပြုမှုကို ခံရရုံသာမက ဦးလေးတစ်ယောက်ဘဝသို့လည်း တိုက်ရိုက်ရောက်ရှိသွားလေပြီ။

"အကိုကြီး...တတိယနဲ့စတုတ္တညီလေးတို့...ဒါက ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုမလို့လား"

သူတို့၏စိတ်လှုပ်ရှားနေသော အမူအယာများကိုကြည့်ပြီး ခွေးက ခါးသည်းသောအမူအယာနှင့်ပြောဆိုသည်။

"ငါက ဘာလို့ မပျော်တာလဲ...အဲ့ဒီအစား စိတ်ရှုပ်စရာလို့တောင် ခံစားရတယ်"

"သြော်....ဒါကို အလွယ်လေးလက်ခံလိုက်စမ်းပါ"

လုပမ်ဝေက ရှေ့သို့တိုးသွားပြီး ခွေးကိုပုတ်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"လူအများစုက ဒီကိစ္စကို ကြုံတွေ့ရတာပဲ...မင်းလည်း ဒီခြေလှမ်းအတိုင်း ဆက်လျှောက်ပေါ့...အနောက်ဘက်ခြံဝန်းထဲက ခရုကြီးကို မင်း သိတယ်မလား"

"အင်း...."

ခွေးက ဇဝေဇဝါအမူအယာဖြင့် လုပမ်ဝေကို မော့ကြည့်သည်။

"အဲ့ဒီအချိန်တုန်းက သူလည်း ဒီလိုပဲ...ဒါပေမယ့် မင်းထက် အခြေအနေပိုဆိုးတယ်....သူ့ရဲ့မိန်းမ မွေးလိုက်တာ တစ်လောကလုံးစာလောက်ရှိတဲ့ အကောင်သန်းသုံးရာအပြည့်ပဲ...ဒါပေမယ့် သူက ဒီအတိုင်းဖြတ်ကျော်သွားတာပဲလေ"

"ဒါကြောင့် ဒီကိစ္စကို လွယ်လွယ်လေး လက်ခံလိုက်တော့...မင်း လက်ခံလိုက်စမ်းပါ"

လုပမ်ဝေက နူးညံညင်သာစွာ နှစ်သိမ့်ပေးသည်။

"အင်း...ကောင်းပြီလေ...ဒါဆိုရင် ငါက ဒီသားတစ်သိုက်ကို အသိအမှတ်ပြုရမှာလား"

ခွေးက မေးမြန်းသည်။

"သူတို့ကို အသိအမှတ်ပြုရမှာပေါ့...မင်း သူတို့ကို အသိအမှတ်ပြုလိုက်တာနဲ့ မင်းမှာ မျိုးဆက်တွေ ရှိလာမှာ...ဘာလို့ သူတို့ကို အသိအမှတ်မပြုဘဲ နေရမှာလဲ"

လုပမ်ဝေက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဒီလိုဆိုမှတော့ ငါက ကောင်းကင်ဝါးမျို နတ်ဆိုးဝံပုလွေမျိုးနွယ်ကို တစ်ခေါက်လောက် ပြန်သွားရလိမ့်မယ်"

ခွေးက ပြောဆိုသည်။

"ခုဏက မျိုးနွယ်စုက လူတွေရောက်လာပြီးတော့...ငါ့ရဲ့သားတစ်သိုက် မွေးတဲ့အချိန်မှာ ကောင်းကင်နဲ့မြေပြင်ရဲ့ သဘာဝလွန်ပုံရိပ်တွေ ထွက်ပေါ်လာတာကြောင့်....အနောက်နတ်ဆိုးတောအုပ်က နတ်ဆိုးသားရဲတွေက သူတို့ကို ခေါ်သွားချင်နေတယ်လို့ ငါ့ကို ပြောခဲ့တယ်"

"သောက်ရေးမပါတာ...အနောက်ဘက်နတ်ဆိုးတောအုပ်က ကောင်တွေက ငါ့ရဲ့တူတွေကို ခေါ်သွားချင်နေတာလား"

လုပမ်ဝေ၏အသံ မကြည်မသာဖြစ်သွားကာ သူက မေးမြန်းလိုက်၏။

"အဲ့ဒီကောင်က....ငါ့ရဲ့သားတွေမှာ သာလွန်ထူးကဲတဲ့ အရည်အချင်းတွေရှိတာကြောင့်...သူတို့ကို မျိုးနွယ်စုမှာဆက်ထားရင် အမှိုက်တွေပဲဖြစ်သွားလိမ့်မယ်....ဒါကြောင့် အနောက်ဘက်နတ်ဆိုးတောအုပ်ကိုခေါ်သွားရင် သူတို့ကို ပိုပြီးကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးနိုင်မယ်လို့ ပြောခဲ့တယ်"

ခွေးက ရှင်းပြသည်။

"သောက်ရေးမပါတာ...."

"စုတ်ပြတ်နေတဲ့ အနောက်ဘက်နတ်ဆိုးတောအုပ်မှာ တီကောင်နဲ့ပိုးမွှားတွေပဲရှိတယ်...သူတို့မှာ ငါ့ရဲ့တူတွေကိုသင်ပေးဖို့ ဘာအရည်အချင်းတွေ ရှိနေလို့လဲ"

လုပမ်ဝေက ဒေါသတကြီး ပြောဆိုသည်။

"သွားကြစို့...အဲ့ဒီအနောက်ဘက်နတ်ဆိုးတောအုပ်ကကောင်တွေကို သွားသတ်ရအောင်...ပြီးတာနဲ့ ငါ့ရဲ့တူတွေကို ပြန်ခေါ်လာရမယ်...ငါတို့ကိုယ်တိုင် သူတို့ကို ပြုစုပျိုးထောင်မယ်"

"အမှန်ပဲ...ငါတို့ရဲ့တူတွေကို သင်ကြားပေးဖို့ အဲ့ဒီအနောက်ဘက်နတ်ဆိုးတောအုပ်ကကောင်တွေမှာ ဘာအရည်အချင်းရှိမှာလဲ...အခုချက်ချင်း ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်ဆီ သွားကြစို့"

ညလေညှင်းကင်းခြေမျှားက သူ၏ခေါင်းကိုမော့ကာ အော်ဟစ်လိုက်သည်။

ညီအကိုတစ်သိုက် အော်ဟစ်နေစဥ်မှာပင် ရီဖုန်းသည် အဝေးမှနေ၍ သူတို့ကို လှမ်းကြည့်လေ၏။

ထိုမြင်ကွင်းကိုကြည့်ပြီး ကင်းခြေမျှားက အလျှင်အမြန်လှဲချလိုက်သည်။

ဝက်ဝံနက်ကြီး၏ခန္ဓာကိုယ် အောက်သို့ညွတ်ကိုင်းကာ တုန်ရီသွားသည်။

သို့ရာတွင် ရီဖုန်းသည် သူတို့ကို သာမာန်ကာလျှံကာ မျက်စောင်းထိုးကြည့်ရုံသက်သက်ပင်။

သူသည် ဤကင်းခြေမျှားရှိနေသည်ကို သိရှိထားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် သူ ကျင့်သားရနေလေပြီ။

တွားသွားကောင်တစ်ကောင် ပိုရှိလာခြင်းသာဖြစ်သဖြင့် ဤကိစ္စကို သူ ဂရုမစိုက်ချေ။

မည်သို့ပင်ဆိုစေကာမူ ဤချေးထုပ်အရိုးစုသည် သတ္တဝါများနှင့် ဆော့ကစားရသည်ကို ကြိုက်နှစ်သက်ကြောင်း သူ ရှင်းရှင်းလင်းလင်းသိရှိထားသည်။

"အပြင်ထွက်ကြမလို့လား"

ရီဖုန်းက သူတို့ကိုကြည့်ကာ ​မေးမြန်းသည်။

"ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့"

လုပမ်ဝေသည် ကြက်အစာကောက်သည့်အလား ခေါင်းညိတ်လိုက်၏။

"သွားကြလေ"

ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် အနီး၌ချည်နှောင်ထားသော တောရိုင်းသားရဲများကို ကြည့်လိုက်သည်။

"ဒါပေမယ့် မင်း အပြင်ထွက်နေတဲ့အချိန်မှာ သူတို့ကိုလည်းခေါ်သွားပြီး စောင့်ကြည့်ထားအုံး"

ထိုမြင်ကွင်းကိုကြည့်ပြီး လုပမ်ဝေ၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။

သူက အလျှင်အမြန် ခေါင်းညိတ်လိုက်၏။

"ဟုတ်ကဲ့"

ထွက်ခွာသွားသော ရီဖုန်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား ရုတ်တရက် နောက်သို့ပြန်လှည့်ကြည့်ကာ ပြောဆိုသည်။

"မင်းတို့အချိန်ကျရင်...ငါ့ကို ကူညီပြီးတော့.....သူတို့တွေနဲ့တူတဲ့ တောရိုင်းသားရဲတွေ ဖမ်းလာခဲ့အုံး"

All Chapters