အခန်း (၃၅၆-၃၆၀)
Vol. 24 Ch. 356-360
Chapter 356
"ဟူး...ဒါက နည်းနည်းပဲလိုတော့တယ်"
ဟေးယုက သူ၏ခေါင်းကိုငုံပြီး ပြင်းထန်စွာအသက်ရှုထုတ်ကာ တိတ်တဆိတ်စိတ်သက်သာရာရသွားခဲ့သည်။
"ကံကောင်းပြီးတော့ ငါ အစောပိုင်းက တိုက်ရိုက်တိုက်ခိုက်မယ့်အစား မောက်မာဝံ့ကြွားချင်ယောင်ဆောင်ခဲ့မိတယ်...မဟုတ်ရင် ခုချိန် ငါ အဆုံးသတ်နေလောက်ပြီ"
အစောပိုင်းက သူ ထုတ်ဖော်အသုံးပြုခဲ့သော ဆက်တိုက်လှုပ်ရှားမှုများသည် ချောမွေ့ကာ အင်အားများစွာစိုက်ထုတ်ခဲ့ပုံမရချေ။ သို့ရာတွင် အမှန်အားဖြင့် သူ၏စိတ်အတွင်းတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေကာ သူ၏နှလုံး ကဆုန်စိုင်းခုန်ပေါက်နေသည်။
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ကြေမွပျက်စီးသွားစေသော လုပမ်ဝေ၏လက်ညှိုးတစ်ချောင်းနောက်ကွယ်မှစွမ်းအားကို ရှီးလင်တို့တစ်စု နားလည်သဘောပျောက်မည်မဟုတ်သော်လည်း ဟေးယုအတွက် သလင်းကျောက်ကဲ့သို့ ကြည်လင်ရှင်းလင်းပေ၏။
ဤကဲ့သို့လုပ်ဆောင်နိုင်ရန် လုပမ်ဝေ၏ခွန်အားသည် သူ့ထက် အနည်းဆုံးဆယ်ဆမက ပို၍သန်မာအားကောင်းနေရပေမည်။
ဖြစ်နိုင်သည်မှာ ဤထက်ပင် ပိုနေနိုင်သည်။
ဤကဲ့သို့ ထိပ်သီးဆရာကြီးတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူ ခုခံတိုက်ခိုက်နိုင်ရန် အနည်းငယ်မျှ အခွင့်အရေးရှိမည်မဟုတ်ချေ။
ထို့ကြောင့် အကြွင်းမဲ့စွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် မျက်နှာပျက်ရခြင်း သို့မဟုတ် အပေါင်းအဖော်များကို သစ္စာဖောက်ရခြင်းသည် မည်သို့အရေးပါနိုင်မည်နည်း။ အသက်ရှင်သန်နိုင်ရေးသည်သာ အရေးအကြီးဆုံးကိစ္စပင်။
သို့ရာတွင် ဟေးယု၏အပြုအမူသည် နတ်ဆိုးအင်မော်တယ်သုံးကောင်၏မျက်လုံးများအတွင်းသို့ ကျရောက်သွားချိန်၌ အလွန်အမင်း ဒေါသထွက်စရာကိစ္စ ဖြစ်သွားခဲ့သည်။ သူတို့သည် ဒဏ်ရာကိုယ်စီရရှိထားကာ သူတို့၏ပါးစပ်များမှ သွေးများယိုစီးကျနေပြီး နာကျည်းမုန်းတီးမှုများနှင့်မလိုလားမှုများ ပြည့်နှက်နေသော မျက်လုံးအကြည့်များဖြင့် ဟေးယုကို စူးစိုက်၍ကြည့်နေကြသည်။
ဤကဲ့သို့ ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးတွင် သူတို့ အလွန်ကြည်ညိုလေးစားရသော မြင့်မြတ်သည့်ဟေးယုသည် ဘက်ကူးပြောင်းကာ ကပ်ဖားတစ်ယောက်ဖြစ်သွားမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။
"ရွံဖို့ကောင်းလိုက်တာ"
"သစ္စာဖောက်..."
"သာကူးကောင်..."
နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများဖြင့် ဆဲဆိုလိုက်ကြ၏။
ဟေးယု၏မျက်နှာ နီမြန်းသွားကာ သူက ချေပပြောဆိုသည်။
"မင်းတို့နတ်ဆိုးသားရဲသုံးကောင်က ကောက်ကျစ်တဲ့ဝံပုလွေလို ကောင်မျိုးတွေပဲ...အခုချိန်မှာ မင်းတို့ရဲ့အကြံတွေပေါ်သွားတော့ ငါ့ကိုပါ မင်းတို့နဲ့အတူ ဆွဲချချင်နေတယ်...အရမ်းကို မလိုတမာစိတ်ကြီးတဲ့ကောင်တွေပဲ"
"အရှင်အရိုးစု...အရှင်ခွေး...အရှင်ကင်းခြေမျှား...အရှင်ဝက်ဝံနက်...ကျေးဇူးပြုပြီးတော့ ရှင်းရှင်းလင်းလင်း ကြည့်ပေးကြပါ...ဒီသစ္စာမဲ့တဲ့ကောင်တွေရဲ့ စကားကို မယုံပါနဲ့...ငါ့ရဲ့စိတ်နှလုံးသားက ကြည်လင်တယ်ဆိုတာ မိုးနဲ့မြေ သက်သေရှိပါတယ်"
"မင်း...မင်း..."
နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ဒေါသတရားကြောင့် သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာပေ၏။
"မင်းက အင်မော်တယ်နယ်မြေက သံတမန်ဖြစ်ပြီးတော့...သာမာန်အင်မော်တယ်တွေထက်သာတဲ့ ရွှေအင်မော်တယ်အဆင့်မှာ ရှိနေတာတောင် မင်းရဲ့ပါးစပ်က အလိမ်အညာတွေနဲ့ ပြည့်နှက်နေတယ်...မင်းက မြင့်မြတ်တဲ့ နတ်ဆိုးသားရဲတစ်ကောင်မဟုတ်ဘူး"
"အမှန်ပဲ...မင်းမှာ ဘာသစ္စာသမာဓိ ဘာတည်ကြည်မှုမှမရှိဘူး...မင်းက အင်မော်တယ်နယ်မြေကို ဂုဏ်သိက္ခာပျက်စေတဲ့အပြင် မင်းရဲ့အဆင့်အတန်းကိုလည်း မင်း ပြန်နှိမ့်ချနေတာပဲ"
ရှီးလင်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် ဟေးယုသည် ထိတ်လန့်တကြား ဖြစ်သွားလေ၏။
အကယ်၍ အရိုးစုကသာ သူ၏သရုပ်မှန်ကို ရှာဖွေဖော်ထုတ်သွားနိုင်ပါက သူ့အား အရှင်လတ်လတ်အရေခွံခွာမည် မဟုတ်လော....
ထိုအကြောင်းကိုတွေးတောရင်း ဟေးယု၏မျက်လုံးများ တောက်ပသွားကာ သူက ဖြောင့်မတ်မှန်ကန်ပုံဖြင့် ငြင်းခုံလေသည်။
"ပေါက်ကရစကားတွေ မပြောစမ်းနဲ့....ငါက အင်မော်တယ်နယ်မြေရဲ့သံတမန်လို့ ငါ ဘယ်ချိန်က ပြောခဲ့တာလဲ...ငါက အသက်ရှင်သန်ဖို့အတွက် နှင်းရည်ကိုသောက်သုံးပြီး မြက်တွေကိုစားနေရတဲ့ ဖန်းငှက်ငယ်လေးတစ်ကောင်ပဲ...ငါ့ကို မင်းတို့ မစွပ်စွဲကြနဲ့"
"မင်း...မင်း..."
နတ်ဆိုးအင်မော်တယ်သုံးယောက်သည် အလွန်အမင်းဒေါသထွက်ခြင်းကြောင့် သူတို့၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။
သို့ရာတွင် ခွေးချင်းခွေးချင်းကိုက်ကာ ငြင်းခုံနေသည်ကိုကြည့်ပြီး လုပမ်ဝေတို့တစ်စုသည် စိတ်မရှည်တော့ချေ။ လုပမ်ဝေက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"မင်းတို့အားလုံး ပေါက်ကရစကားတွေပြောနေတာတွေ တော်သင့်ပြီ...မင်းတို့ထဲက ဘယ်ကောင်မှ မကောင်းဘူး...တစ်ကောင်မှ မလွတ်စေရဘူး"
လုပမ်ဝေ၏စကားများကြောင့် ထိတ်လန့်ကြောက်ရွံသွားသော ဟေးယုသည် ချက်ချင်းဒူးထောက်လိုက်၏။ သူသည် ငိုရှိုက်ရင်း အသနားခံတောင်းပန်လေသည်။
"မြင့်မြတ်တဲ့အရှင်...မိုးနဲ့မြေကို သက်သေပြုပြီးတော့ ငါ့ရဲ့ရိုးသားမှုကို ကျိန်ဝံ့ပါတယ်"
ဖြောင်း....
လုပမ်ဝေသည် ဟေးယုကိုပါးရိုက်ကာ ဝက်ဝံနက်ကြီး၏တင်ပါးကို ကန်လိုက်သည်။
"စတုတ္ထညီလေး...မတ်တတ်ထတော့"
"အမ်....ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ဘယ်ရောက်သွားတာလဲ"
"ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ပျောက်သွားပြီလား...ငါ အဆင်ပြေသွားပြီလား"
ဝက်ဝံနက်ကြီးသည် မဝံ့မရဲဖြင့် သူ၏ခေါင်းကိုမော့ကြည့်ကာ ကြည်လင်သောမိုးကောင်းကင်ယံကို မြင်တွေ့ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လေသည်။
"ငါသာ ဒီနေရာမှာရှိနေရင် သေးငယ်တဲ့ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို မပြောနဲ့...တကယ်လို့ မိုးကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါ့ရဲ့လက်သီးတစ်ချက်နဲ့ ဖြေရှင်းနိုင်တယ်"
လုပမ်ဝေက ခေါင်းမော့ရင်ကော့ကာ ပြောဆိုသည်။
"အကိုကြီးကို ကျေးဇူးတင်ပါတယ်....အကိုကြီးက အရမ်းတော်တာပဲ"
ဝက်ဝံနက်ကြီး၏မျက်လုံးများအတွင်းတွင် မျက်ရည်များဖြင့် စိုစွတ်နေကာ သူက ခေါင်းညိတ်ပြပြီးနောက် မေးမြန်းသည်။
"အကိုကြီး...မင်းမှာ ငါ့ကို တစ်ခုခုအမိန့်ပေးစရာများရှိနေလား"
"သွား...အဲ့ဒီကောင်လေးကောင်ကို ပါးအချက်တစ်ရာစီ ဖြတ်ရိုက်လိုက်စမ်း"
လုပမ်ဝေက ဟေးယုတို့လေးယောက်ထံ လက်ညှိုးညွှန်ပြလိုက်သည်။
"ဒါက အဆင်ပြေပါ့မလား...."
ဝက်ဝံနက်ကြီးသည် မဝံ့မရဲဖြင့် သူ၏ထွားကျိုင်းသန်မာသော လက်ဝါးကိုမြှောက်လိုက်၏။
"မဟုတ်ဘူး...ဒါက လုံးဝအဆင်ပြေတယ်"
သို့ရာတွင် ဟေးယုက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လေသည်။
ဤသည်မှာ ပါးရိုက်ခံရရုံသက်သက်ဖြစ်ပြီး လုပမ်ဝေသည် သူ၏အသက်ကိုယူမည်ဟု အဓိပ္ပါယ်မသက်ရောက်တော့ချေ။
ထို့ကြောင့် ဤအကျပ်အတည်းမှ သူ၏အသက်ရှင်သန်ရန်အတွက် ပါးရိုက်ချက်တစ်ရာနှင့် ဖလှယ်ရမည်ဆိုသည်ကို သူ လက်သင့်ခံနိုင်သည်။
ထို့ပြင် ဝက်ဝံနက်ကြီးသည် ရူးကြောင်ကြောင်ပုံစံရှိကာ များစွာအစွမ်းထက်ပုံမရချေ။ သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့်ဆိုပါက ဤပါးရိုက်ချက်တစ်ရာသည် သူ့အား ကလိထိုးနေသကဲ့သို့သာ ဖြစ်သွားပေမည်။
မည်မျှထိ အံ့အားသင့်ဖွယ် ကံကောင်းမှုကြီးဖြစ်သနည်း....
ထို့ကြောင့် သူသည် ဝက်ဝံနက်ကြီးထံသို့ သူ့ပါးကိုထိုးပေးကာ အော်ဟစ်လိုက်သည်။
"ဒီနတ်ဆိုးသားရဲသုံးကောင်ရဲ့မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ကြိုမမြင်ခဲ့တာ ငါ့ရဲ့အပြစ်ပါ...ငါရဲ့အပြစ်က အရမ်းကြီးမားတာကြောင့် ဒီပါးအချက်တစ်ရာ အရိုက်ခံရဖို့ ထိုက်တန်တယ်...လာခဲ့...ငါ့ကို မြန်မြန်လာရိုက်ပါ"
"ဒါက တကယ်အဆင်ပြေရဲ့လား"
ဝက်ဝံနက်ကြီးသည် သူ၏ကြီးမားသောလက်ဝါးကြီးကို လှုပ်ခတ်ကာ ရိုက်ရန်အတွက် မဝံ့မရဲဖြစ်နေဆဲပင်။
"ဒါက အရှင်အရိုးစုရဲ့အမိန့်ပဲ...မင်းက ရိုက်ပြီး ငါက ဒါကို ခံယူရမယ်...လာခဲ့စမ်း...မင်း အားကုန်သာရိုက်စမ်းပါ"
ဟေးယုက ပျာပျာသလဲ ပြောဆိုသည်။
"ဒါဆိုရင် ငါ တကယ်ကို ပြင်းပြင်းထန်ထန် ရိုက်ရမှာလား"
ဝက်ဝံနက်ကြီးက မေးမြန်းသည်။
"ဟုတ်တယ်...ရိုက်စမ်းပါ...မင်း အားကုန်သုံးပြီးရိုက်စမ်း"
ယေးယုသည် သူ၏ပါးကို ပို၍နီးကပ်စွာထိုးပေးကာ လုပမ်ဝေ၏စိတ် ပြောင်းလဲသွားမည်ကိုစိုးရိမ်သဖြင့် မျက်နှာချိုသွေးသောအကြည့်ဖြင့် ကြည့်လိုက်၏။
"ကောင်းပြီလေ...စကြတာပေါ့"
ဟေးယု ခေါင်းမာနေသည်ကိုကြည့်ပြီး ဝက်ဝံနက်ကြီးသည် နောက်ဆုံး၌ သူ၏ထွားကျိုင်းသော လက်ဝါးကြီးကိုမြှောက်ကာ ဟေးယု၏ပါးပြင်ကို ရိုက်လိုက်သည်။
တိုးဝင်လာသော လက်ဝါးကြီးသည် ခွန်အားကင်းမဲ့နေပုံရခြင်းကြောင့် ဟေးယုက အနည်းငယ်စိတ်ပျက်သွားသကဲ့သို့ ခံစားမိသည်။
အကယ်၍ အရိုးစုသည် ဤရိုက်ချက်ကိုမြင်ပြီး စိတ်တိုင်းမကျဘဲ သူ့အားညှာတာပေးမည့်စိတ်ကူးကိုပြောင်းလဲကာ သူ့အားသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပါက အလွန်ကြောက်မက်ဖွယ်ကောင်းသွားပေမည်။
သူ စိတ်ဓာတ်ကျနေစဥ်မှာပင် ဝက်ဝံနက်ကြီး၏လက်ဝါးသည် နောက်ဆုံး၌ သူ၏ပါးပေါ်သို့ ကျရောက်လာပေ၏။
ဖြောင်း.....
Chapter 357
"အား...."
ဟေးယု၏သွေးပျက်ဖွယ်အော်သံကြီးသည် ချက်ချင်းဆိုသလိုပင် လွင်ပြင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
ဤပါးရိုက်ချက်သည် သူ၏စိတ်ဝိညာဥ်ကိုပင် တုန်ခါသွားစေခဲ့သည်။ သူ၏အူများ တွန့်ခေါက်သွားကာ သူသည် သေလုမျောပါး မြေပြင်ပေါ်သို့လဲကျသွားပြီး အဝေးသို့လွင့်ထွက်သွားတော့လုမတတ်ပင်။
အမှန်အားဖြင့်....
ဤဝက်ဝံနက်ကြီး၏ရိုက်ချက်သည် သူ့ကဲ့သို့ ရွှေအင်မော်တယ်တစ်ယောက်ပင် တောင့်မခံနိုင်သည်အထိ အလွန်ပြင်းထန်ကြောင်း သူ မယုံကြည်နိုင်ဖွယ် ရှာဖွေတွေ့ရှိလိုက်ရသည်။
ဤသည်မှာ မည်သို့မျှ ယုံကြည်နိုင်ဖွယ်မရှိချေ။
သူ တွေးတောနေစဥ်မှာပင် ဝက်ဝံနက်ကြီးသည် သူ့အားဆုပ်ကိုင်၍ တဖြောင်းဖြောင်းမြည်သံများနှင့်အတူ ပါးရိုက်လိုက်၏။
"ဖြောင်း...ဖြောင်း...ဖြောင်း......"
"အား...အား...အား....အား..."
ဟေးယု၏စူးရှရှအော်သံ ဆက်လက်၍ထွက်ပေါ်လာကာ သူ၏အမွှေးများ ပတ်ဝန်းကျင်၌ ပြန့်ကျဲနေသည်။
အရိုက်ခံနေရသော ဟေးယုသည် အငိုမျက်နှာနှင့် အားယူပြုံးကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် အော်ဟစ်လိုက်သည်။
"မင်းရဲ့အားက နည်းနည်းပြင်းနေတယ်....ငါ လွင့်ထွက်သွားတော့မှာမလို့ နည်းနည်းလျှော့ပါအုံး......"
သို့ရာတွင် သူ၏စကားသံ ဒုတိယပိုင်းသည် အနည်းငယ်ဗလုံးဗထွေးဖြစ်နေသဖြင့် ဝက်ဝံနက်ကြီး၏နားအတွင်း၌ ကွဲပြားခြားနားသောအဓိပ္ပါယ်မျိုးကို ကြားလိုက်ရသည်။
"ငါ့ရဲ့ခွန်အားကို နည်းနည်းပြင်းစေချင်သေးတာလား"
ဝက်ဝံနက်ကြီးသည် အနည်းငယ်နားမလည်နိုင်သောအမူအယာဖြင့် ဟေးယုကို ကြည့်လေသည်။ ဤကောင်သည် နာကျင်မှုတွင်သာယာသူတစ်ယောက်ဖြစ်မည်ဟု တွေးတောကာ သူ့ထံ၌ ရွေးချယ်စရာမရှိတော့သောကြောင့် တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
သူ၏ကြီးမားလေးလံသော ခန္ဓာကိုယ်ကြီးကို ရုတ်တရက် ခုန်ပေါက်ကာ ထွားကျိုင်းသန်မာသော လက်ကြီးကိုလွှဲ၍ ဟေးယုအား ပါးဖြတ်ရိုက်လိုက်သည်။
ဝက်ဝံနက်ကြီး နားလည်မှုလွဲသွားသည်ကို ဟေးယု သိနားလည်သွားချိန်တွင် သူသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို အာရုံခံမိသဖြင့် သူ၏စိတ်ဝိညာဥ် လွင့်သွားတော့လုမတတ် ထိတ်လန့်ကြောက်ရွံသွားသည်။
"မဟုတ်...မဟုတ်...မဟုတ်ဘူး...."
သူသည် တောင်ပံများကိုဝှေ့ယမ်းကာ ရှင်းပြရန်ကြိုးစားလိုက်သော်လည်း သူ မပြောဆိုနိုင်သေးမီမှာပင် ဝက်ဝံနက်ကြီး၏ပြင်းထန်သောရိုက်ချက်က သူ၏ပါးပြင်ပေါ်သို့ ကျရောက်လာသည်။
"အား...."
စူးရှသော အော်သံတစ်သံ...
ငှက်မွှေးများပြန့်ကျဲသွားကာ ဟေးယုသည် သတိလစ်မေ့မျောပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
အချိန်အတော်ကြာပြီးနောက် ဟေးယု၏ပါးအချက်တစ်ရာရိုက်ခံရခြင်း အဆုံးသတ်သွားလေပြီ။ ထို့နောက် တူညီသောဖြစ်ရပ်မျိုးက ရှီးလင်တို့သုံးကောင်ပေါ်သို့ ကျရောက်လာသည်။
အမောဆို့နေသော ဝက်ဝံနက်ကြီးသည် ရှီးလင်တို့သုံးကောင်အလှည့်သို့အရောက်တွင် အင်အားများစွာလျော့နည်းသွားကာ အလွန်အမင်းပြင်းထန်ခြင်းမရှိတော့ချေ။
သို့ရာတွင် ဝက်ဝံနက်ကြီး၏ခွန်အား လျော့နည်းသွားသော်လည်း ရှီးလင်တို့သုံးကောင်သည် ဟေးယုထက် များစွာပို၍ အားနည်းပေ၏။ ထို့ကြောင့် သူတို့သည် မျက်နှာများဖူးယောင်သည်အထိ ရိုက်နှက်ခြင်းခံရကာ သူတို့၏အသက်များ အကြိမ်ကြိမ်အခါခါ ထွက်သွားတော့လုမတတ်ပင်။
သို့ရာတွင် ဟေးယုနှင့်နှိုင်းယှဥ်ပါက....
ရှီးလင်တို့သုံးကောင်သည် များစွာပို၍ ကျောရိုးမာပုံရသည်။
သူတို့သည် အံ့တင်းတင်းကြိတ်ထားကာ မလိုလားမှုများပြည့်နှက်နေသော စူးရှရှမျက်လုံးတစ်စုံဖြင့် လုပမ်ဝေတို့တစ်စုကို စူးစိုက်၍ကြည့်နေကြသည်။
သူတို့သည် မည်သည့်နည်းနှင့်မျှ ဦးမညွှတ်နိုင်ချေ။
"အဲ့ဒီအမှိုက်ကောင်တွေကို ဂရုမစိုက်နဲ့တော့...ချင်ကောင်ငယ်လေးတွေကိုခေါ်ဖို့ သွားကြစို့"
လုပမ်ဝေက ပေါ့ပေါ့တန်တန်ပြောဆိုကာ ဟေးယုတို့တစ်သိုက်ကို လှည့်ကြည့်ခြင်းပင်မပြုဘဲ ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ထံ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလေသည်။
ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်....
ကောင်းကင်ဝါးမျိုဧကရာဇ်အောင်းကျုံးသည် သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် မတ်တတ်ရပ်နေသည်။ သူ၏နောက်တွင် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်မှ တခြားမျိုးနွယ်ဝင်များရှိနေကာ အဓိကရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်ရတော့မည့်အလားပင်။
ထို့ပြင် အောင်းကျုံး၏နောက်တွင် အလွန်အမင်းလှပသော ပြိုင်ဘက်ကင်းအလှလေးတစ်ယောက်သည် စိုးရိမ်ပူပန်သောမျက်နှာနှင့် ရှိနေသည်။
တခြားတစ်ဖက်ခြမ်းတွင် မလုံ့တလုံအဝတ်အစားများကို ဝတ်ဆင်ထားကာ အနည်းငယ်ညိုသောအသားအရည်ရှိပြီး အရပ်ရှည်သော မိန်းကလေးတစ်ယောက်သည် အရိုင်းဆန်သောအရှိန်အဝါကို ထုတ်ဖော်ထားလေ၏။ သူမသည် အနောက်ဘက်နတ်ဆိုးတောအုပ်မှ ရွှေရောင်ကျားသစ်မ လီဘီပင်။
ရွှေရောင်ကျားသစ်မလီဘီသည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်တစ်စုလုံးကို ကြီးမားသောအကျပ်အတည်းကြီးနှင့် ရင်ဆိုင်စေခဲ့သည်။
"ငါ နောက်တစ်ခေါက်ထပ်ပြောမယ်...ဝံပုလွေငယ်လေးခုနစ်ကောင်ကို လက်လွှဲပေးပြီးတော့ ငါ့ကိုခေါ်သွားခွင့်ပြုပါ...မဟုတ်ရင် နင်တို့ရဲ့မျိုးနွယ်ဆီမှာ ဆက်ထားလို့ကတော့ သူတို့ရဲ့ပါရမီအရည်အချင်းတွေက အလဟဿပဲဖြစ်သွားမှာ....နင်တို့က ငါ သူတို့ကို ခေါ်သွားခွင့်ပြုသရွေ့...ငါ နင်တို့ကို ကတိပေးနိုင်တာက သူတို့ကို ငါက အကောင်းဆုံးကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ ထောက်ပံ့ပေးမယ်လို့ ငါ ကတိပေးတယ်"
လီဘီက ပျင်းရိငြီးငွေ့သောလေသံဖြင့် ပြောဆိုသည်။
"ငါက နင်ပြောတာကို သဘောမတူနိုင်ဘူး"
အောင်းကျုံး စကားမပြောဆိုသေးမီမှာပင် သူ၏နောက်ရှိ ပြိုင်ဘက်ကင်းအလှလေးထံမှ အသံထွက်ပေါ်လာသည်။ သူမသည် အနီရောင်နေမင်းမျိုးနွယ်မှဖြစ်ကာ ဝံပုလွေလေးခုနစ်ကောင်၏မိခင်ဖြစ်သော အောင်းချင်းချိန်ပင်။
သူမ၏သဘောထားသည် အလွန်အမင်း ခိုင်မာပေ၏။
အကြောင်းအရင်းမှာ ဤနေရာသည် ဒုန်ရှန်းကျိုးဖြစ်ပြီး အနောက်ဘက်နတ်ဆိုးတောအုပ်သို့သွားရန် ကုန်းမြေတစ်ခုလုံးနီးပါးကို ဖြတ်သန်းသွားရမည်ကို သူမ သိရှိသောကြောင့်ပင်။
သူမ၏သားများသည် တစ်ကြိမ်ထွက်သွားပြီးသည်နှင့် ပြန်လာနိုင်တော့မည်မဟုတ်ချေ။
"ဒါက အမှန်ပဲ...ငါတို့လည်း သဘောမတူဘူး"
ထိုအခြင်းအရာကိုကြည့်ပြီး အောင်းကျုံးကလည်း တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဘာလို့လဲဆိုရင် ကလေးတွေရဲ့အဖေက သဘောတူမှာ မဟုတ်လို့ဘဲ...သူသာ ဒီနေရာမှာရှိနေရင် ဒီကလေးတွေကို မင်းတို့အနောက်ဘက်နတ်ဆိုးတောအုပ်က ပြုစုပျိုးထောင်ပေးစရာ မလိုဘူး"
"သြော်....ကလေးတွေရဲ့အဖေလား"
လီဘီ၏ခန္ဓာကိုယ်မှ အစွမ်းထက်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ သူမက ပျင်းရိငြီးငွေ့စွာ ပြောဆိုသည်။
"ဒီကလေးတွေရဲ့အဖေက ဘယ်လိုသားရဲမျိုးလဲဆိုတာ ငါ သိချင်မိတယ်...ပြီးတော့ မျိုးနွယ်စုငယ်လေးက နတ်ဆိုးသားရဲတစ်ကောင်မှာ ဘယ်လောက်ထိမြင့်မားတဲ့ အစွမ်းအစတွေရှိနေလို့....နင်တို့က ငါတို့အနောက်ဘက်နတ်ဆိုးတောအုပ်ရဲ့လေ့ကျင့်ပေးမှုကိုတောင် မလိုချင်တာလဲဆိုတာ ငါ ပိုပြီးသိချင်မိတယ်"
"ဟမ့်...ငါ မင်းကို အမှန်အတိုင်းပြောလိုက်မယ်...ငါ့ရဲ့သားက ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ရဲ့ လက်အောက်ငယ်သားပဲ"
အောင်းကျုံးက မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။
"ဟီး ဟီး...."
သို့ရာတွင် လီဘီထံမှ သရော်တော်တော်ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။
"ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ရဲ့ လက်အောက်ငယ်သားက အရမ်းအစွမ်းထက်တာပဲလား"
သူမက ခွန်းတုံ့ပြန်သည်။
ထိုစကားကိုပြောဆိုရင်း သူမ၏နတ်ဆိုးအင်ပါယာအရှိန်အဝါကို ရုတ်တရက်ထုတ်လွှတ်ကာ ကြီးမားသောဖိအားကို ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်တစ်စုလုံးပေါ်သို့ သက်ရောက်သွားစေသည်။
ဤဖိအားအရှိန်အဝါ၏အောက်တွင် အောင်းကျုံးသည် တည်ငြိမ်စွာမတ်တတ်ရပ်နိုင်ခြင်းမရှိတော့ဘဲ သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
ဤလီဘီသည် နတ်ဆိုးအင်ပါယာတစ်ကောင်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
အကယ်၍ အောင်းချင်ပြန်လာလျှင်ပင် ဤနတ်ဆိုးအင်ပါယာကို ဟန့်တားနိုင်စွမ်း ရှိမည်လော....
နတ်ဆိုးအင်ပါယာ၏ဖိအားအောက်တွင် အောင်းကျုံးသည် သူ၏ယုံကြည်ချက်များ ရုတ်တရက်ဆုံးရှုံးသွားသော်လည်း တည်ငြိမ်ချင်ယောင်ဆောင်၍ ပြောဆိုလိုက်၏။
"ငါ့ရဲ့သားက အရမ်းအစွမ်းထက်တယ်....သူက မင်းလောက် ကျင့်ကြံဆင့်မမြင့်မားဘူးဆိုရင်တောင်...မင်းနဲ့သိပ်မကွာလောက်ဘူးလို့ ငါ ယုံကြည်တယ်"
"ဟား ဟား ဟား..."
လီဘီသည် အကြည့်တစ်ချက်ဖြင့် အောင်းကျုံး၏ယုံကြည်ချက်များ ဆုံးရှုံးသွားသည်ကို ထွင်းဖောက်မြင်သွားကာ သူမက သူ့အား ထပ်မံ၍ဖိအားပေးလိုက်သည်။
"ဒီနေ့ ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်ဆိုတာ နင်တို့ကို ငါ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်...နင့်ရဲ့သားက ဘယ်သူဘယ်ဝါပဲဖြစ်နေနေ သူ ဒီနေရာမှာရှိမနေတာကို မပြောနဲ့...တကယ်လို့ သူ ဒီနေရာမှာ ရှိနေရင်တောင် ငါ့မှာ စကားတစ်ခွန်းပဲ ပြောစရာရှိတယ်"
"အဲ့ဒါက ငါ ဒီနေ့ ဝံပုလွေလေးခုနစ်ကောင်ကို မဖြစ်မနေ ခေါ်သွားရလိမ့်မယ်"
"နင်တို့ သဘောတူတူမတူတူ ရလဒ်က ပြောင်းလဲသွားမှာမဟုတ်ဘူး"
သူမ၏အသံတွင် ကြီးကျယ်ခမ်းနားမှုများနှင့် ပြည့်နှက်နေသည်။
သံသယဝင်ရန်အတွက် အခွင့်အရေးမရှိချေ။
ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်တစ်စုလုံးသည် ချေပနိုင်ခြင်းမရှိတော့ဘဲ အောင်းချင်းချိန်သည် သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားကာ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိတော့ချေ။
ထိုအချိန်မှာပင် မိုးကောင်းကင်ယံအတွင်းမှနေ၍ ကျယ်လောင်စွာအော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘယ်ခွေးမက ဒီနေရာကိုလာပြီးတော့ မြင့်မြတ်ချင်ယောင်ဆောင်နေတာလဲ...မင်းက ငါ့ရဲ့တူတွေကိုတောင် ခေါ်သွားချင်သေးတယ်...မင်း သေချင်နေတာလား"
Chapter 358
ထိုအသံကျရောက်လာချိန်တွင် လက်ရှိနေရာတွင် ရှိနေသူများအားလုံး အသံထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်ကြသည်။
သူတို့သည် အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်သည် အောင်းချင် ဝက်ဝံနက်တစ်ကောင် ကင်းခြေမျှားတစ်ကောင်တို့နှင့်အတူ မိုးကောင်းကင်ယံမှဆင်းသက်လာသည်ကို မြင်တွေ့မိလေ၏။
"သား..."
အောင်းကျုံးက အော်ဟစ်လိုက်သည်။
"ဒါက တတိယမင်းသားပဲ"
တစ်စုံတစ်ယောက်က ပြောဆိုသည်။
"တတိယမင်းသား ပြန်လာပြီ"
တခြားတစ်ယောက်က ပြောဆိုလေ၏။
ရောက်ရှိလာသူများကိုကြည့်ပြီး ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များအားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
တော်ဝင်မျိုးနွယ်နှင့်အနီရောင်နေမင်းမျိုးနွယ်စုအကြားရှိ နောက်ဆုံးတိုက်ပွဲအပြီး၌ အောင်းချင်သည် ပြန်မလာခဲ့သော်လည်း ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်အကြား၌ သူ၏အဆင့်အတန်းကို တည်ထောင်ပြီးလေပြီ။
ထို့ကြောင့် မျိုးနွယ်တစ်ခုလုံး အကျပ်အတည်းနှင့်ရင်ဆိုင်နေရကာ အစွမ်းအစမဲ့နေစဥ်တွင် အောင်းချင်၏ရောက်ရှိလာမှုသည် သူတို့အားလုံးအတွက် ကျောထောက်နောက်ခံတစ်ခု ရရှိသွားသည့်အလားပင်။
မျိုးနွယ်ဝင်များသည် အောင်းချင်ထံသို့သွားကာ ကြိုဆိုနှုတ်ဆက်ပြီး ရင်းနှီးဖော်ရွေစွာ စကားပြောဆိုလိုက်ကြ၏။
"အဖေ...အမေ...အကြီးအကဲတို့..."
အောင်းချင်သည်လည်း သူတို့အား နွေးထွေးစွာ တုံ့ပြန်နှုတ်ဆက်ကာ လုပမ်ဝေတို့နှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါက ကျွန်တော်ရဲ့အကိုကြီး...ဒါက တတိယညီလေး ညလေညှင်း...ပြီးတော့ စတုတ္ထညီလေး ဝက်ဝံနက်..."
"မင်းတိုကိုတွေ့ရတာ ဝမ်းသာပါတယ်"
အောင်းကျုံးက အောင်းချင်ခေါ်ဆောင်လာသူများကို ယဥ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်လေသည်။
သို့ရာတွင် အောင်းချင်းချိန်ထံ၌ ရှုပ်ထွေးသောအမူအယာမျိုးရှိနေကာ သူမ၏နုတ်ခမ်းကိုကိုက်ထားပြီး မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
တစ်ဖက်တွင် သူမသည် အောင်းချင် ပြန်လာခြင်းကြောင့် စိတ်အားတက်ကြွနေခဲ့သည်။ တခြားတစ်ဖက်တွင် သူမနှင့်အောင်းချင်အကြားရှိ ဆက်ဆံရေးသည် အလွန်ရှုပ်ထွေးသဖြင့် သူမသည် သူ့ကို မျက်နှာချင်းမဆိုင်ဝံ့ချေ။ အကယ်၍ ဝံပုလွေငယ်လေးများကြောင့်သာမဟုတ်ပါက သူမသည် အနီရောင်နေမင်းမျိုးနွယ်စု ပျက်စီးသွားစဥ်ကတည်းက သူမကိုယ်သူမ သတ်သေပြီးဖြစ်ပေမည်။
"ဟွန့် ...."
မျိုးနွယ်ဝင်များနှင့်အောင်းချင်တို့ အပြန်အလှန်နှုတ်ဆက်နေစဥ်မှာပင် ကြီးမားသောဖိအားအရှိန်အဝါတစ်ယောက်က ရွှေရောင်ကျားသစ်မလီဘီ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
ရုတ်ချည်းဆိုသလိုပင် အေးစက်စက်အသံတစ်သံက သူမ၏နှုတ်မှ ထွက်ပေါ်လာပေ၏။
"နင်တို့အားလုံးကိုကြည့်ရတာ အရမ်းမြူးကြွနေပုံပဲ...ဒါပေမယ့် နင်တို့ တစ်ခုခုကို မေ့နေတယ်မဟုတ်လား"
သူမ၏စကားများနှင့်အရှိန်အဝါသည် ဤနေရာပတ်ဝန်းကျင်တဝိုက်လုံးပေါ်သို့ သက်ရောက်သွားသည်။
ဤသည်မှာ အောင်းချင်၏ပြန်လာခြင်းကြောင့် ပျော်ရွှင်နေသော ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များကို လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိသွားစေသည်။ ရုတ်တရကမ အခြေအနေသည် တဖန်ပြန်၍ လေးလံထိုင်းမှိုင်းသွားကာ အောင်းချင် ပြန်ရောက်လာသော်လည်း အကျပ်အတည်းကို မဖြေရှင်းရသေးကြောင်း သူတို့ သိနားလည်သွားသည်။
ထို့ပြင် အောင်းချင်ထံတွင် ဤအကျပ်အတည်းကို ဖြေရှင်းနိုင်စွမ်း အမှန်တကယ် ရှိနိုင်မည်လော....
လီဘီထုတ်လွှတ်ထားသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါသည် စစ်မှန်ပေ၏။ အောင်းချင်သည် အနီရောင်နေမင်းမျိုးနွယ်စုကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း သူ၏အစစ်အမှန်ခွန်အားကို သူတို့ မသိရှိချေ။
မျိုးနွယ်ဝင်များအကြား၌ တိုင်ပင်ဆွေးနွေးနေသံများ ချက်ချင်းထွက်ပေါ်လာသည်။
"တတိယမင်းသားရဲ့အရှိန်အဝါကိုကြည့်ရတာ အရမ်းသန်မာအားကောင်းတဲ့ပုံမရဘူး"
"အမှန်ပဲ....သူက ရွှေရောင်ကျားသစ်မလီဘီအတွက် ပြိုင်ဘက်မဖြစ်နိုင်လောက်ဘူး"
"ငါတို့ အခု ဘာဆက်လုပ်သင့်လဲ"
မျိုးနွယ်ဝင်များအားလုံး အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။ သူတို့အနက်မှအများစုသည် အောင်းချင် ပြန်လာသည့်တိုင် သူတို့အတွက် မျှော်လင့်ချက်မဲ့နေဆဲဟု တွေးတောနေကြလေ၏။
ထို့ကြောင့် သူတို့သည် အလျှော့ပေးရန် စတင်၍ စဥ်းစားလိုက်ကြသည်။
သူတို့သည် ဝံပုလွေလေးခုနစ်ကောင်ကို လီဘီထံ လွှဲပြောင်းပေးရန် တွေးတောနေကြသည်။ မည်သို့ပင်ဆိုစေကာမူ အကောင်းဘက်မှကြည့်ပါက ဤသည်မှာ ဝံပုလွေလေးခုနစ်ကောင်အတွက် အမှန်တကယ်ကို ကောင်းမွန်သည့်အပြင် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်သည်လည်း အနောက်ဘက်နတ်ဆိုးတောအုပ်၏ကျောထောက်နောက်ခံကို ရရှိသွားပေမည်။
"မင်းကိုယ်မင်း ဘာထင်နေတာလဲ...ငါတို့ ဒီနေရာမှာ စကားပြောနေတာ...မင်းကို ဘယ်သူက စကားပြောခိုင်းလို့လဲ"
သို့ရာတွင် လီဘီ၏အရှိန်အဝါနှင့် ရင်ဆိုင်ရသည့်တိုင် လုပမ်ဝေသည် ဤကိစ္စကို သည်းခံခဲ့ခြင်းမရှိချေ။ သူသည် လက်ပိုက်ကာ သူမကို ချက်ချင်းအော်ငေါက်လိုက်၏။
လုပမ်ဝေ၏စကားများကြောင့် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များအားလုံး ထိတ်လန့်တကြားဖြစ်သွားသည်။
လီဘီသည် တစ်ချိန်လုံး မောက်မာထောင်လွှားနေခဲ့သော်လည်း အနည်းဆုံးအနေဖြင့် သူတို့အား အရှက်ရအောင်ပြုလုပ်ခဲ့ခြင်းမရှိချေ။
ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များသည် ဤကဲ့သို့ အစွမ်းထက်သောရန်သူတစ်ယောက်ကို ရန်စစော်ကားလိုခြင်းမရှိချေ။ လီဘီသည်လည်း ဝံပုလွေငယ်လေးများကို ခေါ်ဆောင်သွားလိုသဖြင့် နှစ်ဖက်လုံးသည် အပြန်အလှန်သိနားလည်မှုကို ထိန်းသိမ်းထားကာ စေ့စပ်ညှိနှိုင်းရန် အချက်တစ်ချက်ကို အမြဲထိန်ချန်ထားခဲ့သည်။
သို့ရာတွင် လုပမ်ဝေ၏စကားများသည် ထိုအချက်ကို ချိုးဖျက်လိုက်သည့်အလားပင်။
အနောက်ဘက်နတ်ဆိုးတောအုပ်မှ နတ်ဆိုးအင်ပါယာတစ်ကောင်သည် ဤကဲ့သို့ရန်စစော်ကားမှုမျိုးကို မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။
"တတိယမင်းသား...မင်းရဲ့အကိုကြီးကို စကားတွေ ထိန်းထိန်းသိမ်းသိမ်းပြောဖို့ ပြောပါအုံး"
"အမှန်ပဲ...သူက အင်ပါယာအဆင့် နတ်ဆိုးသားရဲတစ်ကောင်....သူ့ကို ဒီလိုမျိုးပြောတာက အဆင်အခြင်မဲ့ရာကျတယ်"
"ငါတို့ မင်းကိုပြန်လာဖို့ တောင်းဆိုခဲ့တဲ့ အဓိကအကြောင်းအရင်းက ဒီကိစ္စကို စေ့စပ်ညှိနှိုင်းပြီးတော့ ဖြေရှင်းနိုင်ဖို့ပဲ....ငါတို့ကို မျက်နှာပျက်ရအောင်မလုပ်ပါနဲ့..ပြီးတော့ အကြောင်းအရင်းမရှိဘဲနဲ့ မဟာရန်သူကြီးတစ်ယောက် ရှိမလာစေချင်ဘူး"
ရုတ်ချည်းဆိုသလိုပင် စိုးရိမ်ပူပန်တကြီးပြောဆိုသောအသံများက အောင်းချင်တို့၏နားများအတွင်းသို့ ဝင်ရောက်လာသည်။
Chapter 359
ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များသည် အလွန်အမင်း စိုးရိမ်ပူပန်နေကာ ရွှေရောင်ကျားသစ်မလီဘီ ဒေါသထွက်ပြီး တိုက်ခိုက်မည်ကို စိုးရိမ်ပူပန်နေကြသည်။
အောင်းချင်းချိန်သည် သူမ၏အနီရောင်နုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားကာ အောင်းချင်၏နောက်ကျောကိုကြည့်ပြီး နောက်ဆုံးတွင် သူမသည် ရှေ့သို့တိုးလိုက်၏။
"ဘာကိစ္စပဲရှိနေနေ...ငါ့ရဲ့ကလေးတွေကို သူ့ကိုခေါ်သွားခွင့်မပြုဖို့ နင့်ကိုငါ တောင်းပန်ပါရစေ...အဆင်ပြေရဲ့လား"
အောင်းချင်းချိန်၏မျက်လုံးအတွင်း၌ မျက်ရည်များစိုစွတ်နေကာ သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်၍ ပြောဆိုသည်။
မူလက အောင်းချင်ကို မည်ကဲ့သို့မျက်နှာချင်းဆိုင်ရမည်အား သူမ မသိရှိချေ။ သို့ရာတွင် သူမ၏ကလေးများအရေးနှင့် ပတ်သတ်လာသောကြောင့် သူမဘက်မှ စတင်၍စကားဆိုလိုက်ကာ သူမ၏လေသံတွင် တောင်းပန်တိုးလျှိုးမှုအရိပ်အယောင်များ ရောယှက်နေသည်။
အောင်းချင်သည် အလှည့်အပြောင်းတစ်ခုကို အမှန်တကယ်ဖြစ်စေနိုင်မည် ဟုတ်မဟုတ်ကို သူမ မသိရှိသော်လည်း သူသည် သူမ ယုံကြည်ရပြီးမှီခိုအားထားနိုင်သည့် တစ်ယောက်တည်းသောသူပင်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ကလေးများ၏မိခင်ဖြစ်ပေ၏။
အကယ်၍ လီဘီသည် ဝံပုလွေငယ်လေးများကို အမှန်တကယ် ခေါ်ဆောင်သွားပါက သူမနှင့်သူမ၏သားများသည် ဤဘဝအတွင်းတွင် အချင်းချင်း ထပ်မံ၍မဆုံတွေ့ရတော့မည်ကို သူမ သိရှိထားသည်။
အောင်းချင်သည်လည်း စိတ်ရှုပ်ထွေးစွာဖြင့် အောင်းချင်းချိန်ကို ကြည့်လိုက်သည်။
ထိုနေ့တုန်းက သိုင်းပညာခန်းမအတွင်း၌ သူသည် အောင်းချင်းချိန်၏ခန္ဓာကိုယ်ကို ရယူခဲ့သော်လည်း သူ၏စိတ်အခြေအနေသည် ယခင်နှင့်မတူညီတော့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သူသည် တစ်ချိန်က ရက်စက်သော အေးစက်စက်မိန်းမတစ်ယောက်အပေါ် လေးစားခြင်း သို့မဟုတ် အထင်သေးခြင်းစသည့် စိတ်ခံစားချက်မျိုးမရှိတော့ချေ။
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် သူမ၏မျက်လုံးအတွင်းမှ မျက်ရည်စများကိုကြည့်ပြီး အောင်းချင်၏စိတ်နှလုံးသား ရုတ်တရက် လှုပ်ရှားသွားကာ အနည်းငယ် နူးညံပျော့ပျောင်းသွားသည်။
"ဘာမှမစိုးရိမ်နဲ့"
သူက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် သူသည် တည်ငြိမ်သောအကြည့်ဖြင့် အောင်းချင်းချိန်ကို တစ်ချက်ကြည့်လိုက်သည်။
အောင်းချင်းချိန်သည် နုတ်ခမ်းကို ခပ်တင်းတင်းကိုက်ကာ အောင်းချင်၏နံဘေး၌ မတ်တတ်ရပ်လေသည်။ သူမ၏စိတ်နှလုံးသားအတွင်း၌ သူမ၏ကလေးများကို ဆက်၍ထိန်းထားနိုင်သော နည်းလမ်းတစ်ခု အောင်းချင်ထံ၌ အမှန်တကယ်ရှိနေစေရန် ဆုတောင်းနေမိသည်။
"သြော်...."
လီဘီက လုပမ်ဝေကို ကြည့်လိုက်သည်။
သူမ၏နတ်ဆိုးအင်ပါယာအရှိန်အဝါအောက်တွင် သူမအား ဤကဲ့သို့စကားပြောဆိုဝံ့မည့် တစ်စုံတစ်ယောက်ရှိနေမည်ဟု သူမ မျှော်လင့်မထားမိကြချေ။
သူမသည် ဝေခွဲရခက်စွာဖြင့် လုပမ်ဝေကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။
သူမသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို စုံစမ်းထောက်လှမ်းနိုင်ခြင်း မရှိသော်လည်း သူ့ကိုကြည့်ရသည်မှာ အနည်းငယ်မျှ ခြိမ်းခြောက်နိုင်စွမ်းရှိပုံမရချေ။
"ဒါဆိုရင် နင်က ဝံပုလွေလေးခုနစ်ကောင်ရဲ့အဖေလား"
လီဘီက လုပမ်ဝေကိုကြည့်ကာ မေးမြန်းသည်။
"ဒီအရှုံးသမားက သူတို့ရဲ့အဖေ မဟုတ်ဘူး"
လုပမ်ဝေက ခါးထောက်၍ လက်ပိုက်ကာ ပြောဆိုသည်။
"နင် မဟုတ်ဘူးလား"
လီဘီက မေးမြန်းသည်။
"ဒါက အမှန်ပဲ...သူက ငါ့ရဲ့အကိုကြီး....ငါက ကလေးတွေရဲ့အဖေပဲ"
အောင်းချင်က ခြေလှမ်းရှေ့တိုးကာ ရေခဲတမျှအေးစက်စက်အကြည့်ဖြင့် လီဘီကိုကြည့်ပြီး အသံနက်ကြီးဖြင့် ပြောဆိုသည်။
"နင်လား..ကောင်းပြီလေ...ငါ နင့်ရှေ့မှာ ထပ်ပြောလိုက်မယ်...နင် သဘောတူတူမတူတူ ငါ ဂရုမစိုက်ဘူး....ဒီနေ့ ငါ ရွှေရောင်ကျားသစ်မ လီဘီက အနောက်ဘက်တောအုပ်ရဲ့ကိုယ်စား ဝံပုလွေလေးခုနစ်ကောင်ကို ခေါ်သွားရလိမ့်မယ်...နင် နားလည်လား"
သူမ၏အသံတွင် စိတ်မရှည်မှုများနှင့် ပြည့်နှက်နေသည်။
အနောက်ဘက်နတ်ဆိုးတောအုပ်ကို ကိုယ်စားပြုသော သူမ၏အဆင့်အတန်းဖြင့် ဝံပုလွေလေးခုနစ်ကောင်ကိုခေါ်ဆောင်ရန် ဤဝေးလံခေါင်သီသောနေရာသို့ လာခဲ့သည်ကပင် လုံလောက်နေလေပြီ။ သို့ရာတွင် ယခုချိန်၌ ဤကဲ့သို့ပြဿနာအမြောက်အများနှင့် ကြုံတွေ့နေရသဖြင့် သူမ၏စိတ်ရှည်မှုများ ပျောက်ကွယ်စပြုလာသည်။
ထို့ကြောင့် သူမသည် ထိုစကားကိုပြောဆိုပြီးနောက် ကလေးများ၏ဖခင်ဖြစ်သော အောင်းချင်ကို ဝတ်ကျေတန်းကျေတစ်ချက်ကြည့်လိုက်၏။
သို့ရာတွင် ထိုအကြည့်တစ်ချက်ဖြင့်...
သူမ၏နှလုံးခုန်နှုန်း ရပ်တန့်သွားတော့လုမတတ်ပင်။
သူမ ရုတ်တရက် အမှတ်ရလိုက်သည်မှာ....
ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ထံ သူမ လာခဲ့သည့်လမ်းတွင် မြင်တွေ့ခဲ့ရသည့် တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းပင်။
ထို့ပြင် သူမအတွက် မမေ့လျော့နိုင်သော မြင်ကွင်းလည်းဖြစ်သည်။
ထိုနေ့တွင်...
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် မိုးကောင်းကင်ယံထံဦးတည်၍ လက်သီးတစ်ချက်ထိုးနှက်ကာ အင်မော်တယ်နယ်မြေ၏အတားအဆီးကို ချိုးဖျက်လိုက်သည်အား သူမ မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် အင်မော်တယ်နယ်မြေမှ ကောင်းချီးပေးမှုများသည် အင်မော်တယ်မြစ်ကုန်းမြေအတွင်းသို့ တဖန်ပြန်၍ စီးဝင်လာခဲ့လေ၏။
ထို့ပြင် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏နောက်၌ ခွေးအသွင်ရှိသော နတ်ဆိုးတစ်ကောင်ရှိနေသည်ကို သူမ အမှတ်ရမိလေ၏။
ထိုနတ်ဆိုးသားရဲသည် ယခုလက်ရှိ သူမရှေ့၌ရှိနေသော အောင်းချင်မဟုတ်လော....
ဝံပုလွေငယ်လေးများ၏ဖခင်သည် ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်၏လက်အောက်ငယ်သားဖြစ်သည်ဟူသော အောင်းကျုံး၏စကားနှင့် အရာအားလုံးသည် လိုက်ဖက်ညီနေသည်မဟုတ်လော....
ဆိိုလိုသည်မှာ ပြိုင်ဘက်ကင်းဆရာကြီးဆိုသူသည် အင်မော်တယ်နယ်မြေအတားအဆီးကိုဘလက်သီးဖြင့်ထိုးနှက်၍ ဖျက်ဆီးခဲ့သည့်ပုဂ္ဂိုလ်နှင့် တစ်ယောက်တည်းဖြစ်နေခြင်းပင်...
ထိုအကြောင်းကို တွေးတောရင်း.....
သူမသည် ထိတ်လန့်တကြားဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ သူမ၏ခန္ဓာကိုယ်မှ ဇောချွေးများယိုစီးကျလာသည်။
တစ်ချိန်တည်းမှာပင်...
သူမ၏ခြေထောက်များ ပျော့ခွေသွားကာ အမှတ်မထင် ဒူးထောက်လိုက်မိသည်။
တုန်လှုပ်ချောက်ချားမှုက သူမ၏ကျောရိုးတလျှောက် ဖြတ်ပြေးနေကာ သူမက ခေါင်းမော့လိုက်၏။ ယခင်က သူမ၏မောက်မာထောင်လွှားသော အမူအယာသည် ရုတ်တရက်ပြောင်းလဲသွားကာ သူမက အောင်းချင်ကိုကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။
"စကားမစပ်...ငါက ခုဏက စနောက်လိုက်တာပါ....နင်က ငါပြောတာကို ယုံနေတာလား"
ဤရုတ်တရက်အလှည့်အပြောင်းကြောင့် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များအကြားမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာစေခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ"
"သူ ဘာလို့ ဒီလိုလုပ်တာလဲ"
"နတ်ဆိုးအင်ပါယာတစ်ကောင်က ဘာလို့ ဒီလိုမျိုး ဒူးထောက်နေတာလဲ"
မျိုးနွယ်ဝင်များအားလုံး ကြက်သေသေသွားကြသည်။
လွန်ခဲ့သောအချိန်အခိုက်အတန့်က လွှမ်းမိုးချုပ်ကိုင်နေသော ရွှေရောင်ကျားသစ်မလီဘီသည် ရုတ်တရက်ကြီး ဤကဲ့သို့ပြုမူလိုက်မည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။
သူမသည် နတ်ဆိုးအင်ပါယာတစ်ယောက် မဟုတ်လော...
အထူးသဖြင့် အောင်းချင်းချိန်သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူမ၏အနီရောင်နုတ်ခမ်းနှစ်လွှာ ပွင့်ဟသွားကာ သူမသည် မယုံကြည်နိုင်စွာဖြင့် သူမ၏နံဘေးရှိ အောင်းချင်ကို ကြည့်လိုက်၏။
ယခုချိန်၌ သူမသည် အားနည်းနေပုံရသော်လည်း သူမသည် ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်၏ အစွမ်းထက်ကျင့်ကြံသူများအနက်မှ တစ်ယောက်ဖြစ်နေဆဲပင်။ ထို့ကြောင့် လီဘီသည် အောင်းချင်ကို တစ်ချက်ကြည့်ပြီးနောက် ဤကဲ့သို့ကြီးမားသော အလှည့်အပြောင်းကြီး ဖြစ်ပွားလာခဲ့သည်ကို သူမ သတိပြုမိသည်။
ဤသည်မှာ အမှန်ပင်...
တစ်ချက်ကြည့်ရုံမျှဖြင့်...
အဆင့်အတန်းမြင့်မားပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါရှိသည့် နတ်ဆိုးအင်ပါယာတစ်ကောင်ကို ခယဝပ်တွားသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ဤသည်မှာ....
မည်ကဲ့သို့စွမ်းအားမျိုး ဖြစ်သနည်း....
တခြားစကားပြောင်းဆိုရလျှင် သူမရှေ့ရှိ တစ်ချိန်က အသုံးမဝင်သောအမှိုက်ကောင်သည် အနီရောင်နေမင်းမျိုးနွယ်စု၏အကြံအစည်ကို တစ်နှစ်အတွင်း၌ သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ဖျက်ဆီးနိုင်ခဲ့သည်။ ထိုမျှသာမက သူသည် ယခုချိန်၌ တစ်ချက်ကြည့်ရုံမျှဖြင့် နတ်ဆိုးအင်ပါယာတစ်ယောက်ကို ထိတ်လန့်ကြောက်ရွံပြီး ဒူးထောက်သွားစေခဲ့သလော။
အောင်းချင်....
သူ မည်သည့်အရာများကို တွေ့ကြုံခဲ့ရသနည်း။
သူသည် မည်သည့်အပြောင်းအလဲများနှင့် ကြုံတွေ့ခဲ့ရသနည်း။
ဤအချိန်အခိုက်အတန့်တွင် တစ်ချိန်က သူမ အထင်အမြင်သေးခဲ့သော အမှိုက်ကောင်သည် တစ်နှစ်ကြာပြီးနောက် သူမ မော့ကြည့်ရသည့် တည်ရှိမှုကြီးတစ်ခု ဖြစ်သွားသည်ကို သူမ ဝန်ခံရပေမည်။
"မင်း ငါ့ကို မှတ်မိသေးတာ ကောင်းတယ်"
အောင်းချင်သည် လီဘီ၏အပြုအမှုကြောင့် အနည်းငယ်မျှ အံ့အားသင့်သွားခြင်းမရှိဘဲ သူက အေးအေးလူလူလေသံဖြင့် ပြောဆိုလိုက်၏။
"ငါ နင်နဲ့တစ်ကြိမ်တွေ့ခဲ့ဖူးတာကို ဘယ်လိုလုပ်ပြီးတော့ မေ့နိုင်မှာလဲ...ငါ မှတ်မိတယ်...ငါ သိပ်မှတ်မိတာပေါ့"
လီဘီ၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များရှိနေကာ သူမက ထိတ်လန့်ကြောက်ရွံစွာဖြင့် ပြောဆိုသည်။
"ဒါဆိုရင် ငါ့ရဲ့သားတွေကိစ္စက...."
အောင်းချင်၏အသံ တိမ်ဝင်သွားကာ မည်ကဲ့သို့ပြောဆိုရမည်ကို တွေဝေစဥ်းစားနေခဲ့သည်။
"ဒါကလား...ဟုတ်တာပေါ့...ဘယ်လိုလုပ်ပြီးတော့ ငါတို့အနောက်ဘက်နတ်ဆိုးတောအုပ်က အရှင့်ရဲ့သားတွေကို မြေတောင်မြှောက်ပေးဖို့ အရည်အချင်းရှိမှာလဲ....အရှင်ကိုယ်တိုင် သူတို့ကို ပြုစုပျိုးထောင်တာက ပိုပြီးသင့်တော်လိမ့်မယ်...အစောပိုင်းက ငါ့ရဲ့ရိုင်းပျတဲ့အပြုအမူတွေအတွက် ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ...."
လီဘီက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
ဤမြင်ကွင်းသည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များအားလုံးကို အကြွင်းမဲ့ ထိတ်လန့်တုန်လှုပ်သွားစေသည်။
"အရှင်တဲ့လား"
"ရွှေရောင်ကျားသစ်မလီဘီက တတိယမင်းသားကို အရှင်လို့ တကယ်ကြီးခေါ်ဆိုသုံးနှုန်းလိုက်တာလား"
"သူက နတ်ဆိုးအင်ပါယာတစ်ကောင်လေ"
"အင်း....ငါများ နားကြားမှားနေတာလား"
"တတိယမင်းသားရဲ့ကျင့်ကြံဆင့်က အခု ဘယ်အဆင့်ကို ရောက်နေတာပါလိမ့်"
မျိုးနွယ်ဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
အောင်းချင်းချိန်သည်လည်း ထိတ်လန့်တုန်လှုပ်နေရာမှ အချိန်အတော်ကြာသည်အထိ ပြန်လည်ကောင်းမွန်လာခြင်းမရှိချေ။ အကြောင်းအရင်းမှာ သူမရှေ့ရှိမြင်ကွင်းသည် သူမ၏ခန့်မှန်းချက်များကို အတည်ပြုနေသောကြောင့်ပင်။
အောင်းချင်သည် ယခုချိန်၌ သူမ မော့ကြည့်ရသောအဆင့်သို့ ရောက်ရှိသွားလေပြီ။
ဤသည်မှာ သူမကို ဖော်ပြရန်မစွမ်းသော ရှုပ်ထွေးသည့် ခံစားချက်များကို ရရှိစေသည်။
သူမသည်လည်း မာန်မာနထောင်လွှားသူတစ်ယောက်ပင်။ ယခင်က သူမသည် ရှုံးနိမ့်ခဲ့သည့်တိုင် သူမ၏စိတ်နှလုံးသားအတွင်း၌ ထိုအရှုံးကိုလက်ခံလိုခြင်းမရှိချေ။ သူမသည် အောင်းချင်ကို အသိအမှတ်ပြုလိုခြင်းမရှိဘဲ သူသည် သူမထက်များစွာထူးချွန်သူဟု တွေးထင်ထားခြင်းမရှိချေ။
သူမသည် သူနှင့် ကလေးများရခဲ့ပြီးနောက် အကျပ်အတည်းနှင့်တွေ့ရစဥ်တွင် သူတို့အား အောင်းချင်မှကာကွယ်ပေးနိုင်ရန်ကိုသာ သူမ မျှော်လင့်ခဲ့သည်။ သို့ရာတွင် ဤသည်မှာ အောင်းချင်ကို သူမ၏စိတ်နှလုံးသားအတွင်း၌ လက်ခံလိုက်ပြီဟု ဆိုလိုခြင်းမဟုတ်ချေ။
သို့ရာတွင် ယခုချိန်၌.....
သူမသည် ကူကယ်ရာမဲ့စွာဖြင့် အောင်းချင်ကို စောင်းငဲ့ကြည့်ကာ မသိစိတ်မှနေ၍ သူမ၏ခေါင်းကို အောက်သို့ငုံလိုက်၏။
Chapter 360
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များထံမှနေ၍ ဝမ်းသာအားရ ဟစ်ကြွေးသံများ ပွင့်အံ့ထွက်လာသည်။
အောင်းချင်သည် စကားအနည်းငယ် ပြောဆိုရုံမျှဖြင့် နတ်ဆိုးအင်ပါယာတစ်ယောက်ကို ထိတ်လန့်ကြောက်ရွံကာ ဒူးထောက်သွားစေခဲ့သည်။ ဤသည်မှာ သူတို့၏ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်သည် နတ်ဆိုးအင်ပါယာများကို ထပ်မံ၍ကြောက်ရွံနေရန် မလိုအပ်တော့ဟု ဆိုလိုခြင်းပင်။
အတိတ်တွင် ဤသည်မှာ သူတို့ စိတ်ကူးယဥ်တွေးတောကြည့်ဝံ့ခြင်းပင်မရှိသော ကိစ္စတစ်ခုဖြစ်ပေ၏။
ရွှေရောင်ကျားသစ်မလီဘီသည် မြေပြင်ပေါ်၌ဒူးထောက်ကာ အပြစ်ပေးခြင်းကိုခံယူရန် စောင့်ဆိုင်းနေခဲ့သည်။
သို့ရာတွင် လုပမ်ဝေတို့တစ်စုသည် သူမကို စောင်းငဲ့ကြည့်ခြင်းပင်မပြုချေ။ ထိုအစား သူတို့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြ၏။
"အာဝု....အာဝု..."
ထိုအချိန်မှာပင် သံပြိုင်အော်ဟစ်လိုက်သော အာဝုသံများ ထွက်ပေါ်လာသည်။ ဤနေရာတွင်ရှိနေသူများအားလုံး ကြည့်လိုက်ကြရာ ဝံပုလွေပေါက်လေးခုနစ်ကောင် ရွှင်မြူးစွာ ပြေးဝင်လာသည်ကို သူတို့ မြင်တွေ့မိလေ၏။
"အာဝု...အာ့ဝု...အဖေ ပြန်လာတယ်ဆို...ဘယ်တစ်ယောက်က အဖေလဲ"
ဝံပုလွေပေါက်လေးခုနစ်ကောင်သည် လူအုပ်အကြားသို့ရောက်ရှိသွားပြီး သူတို့၏ခေါင်းများကိုမော့ကာ ပစ်မှတ်ကို စူးစမ်းရှာဖွေနေကြသည်။
စိတ်အားတက်ကြွပြီး ပျော်မြူးနေသော ဝံပုလွေပေါက်လေးများကို မြင်တွေ့ချိန်တွင် မိဘမေတ္တာကြောင့် အောင်းချင်၏မျက်လုံးအကြည့်များ ချက်ချင်းနူးညံပျော့ပျောင်းသွားသည်။ သူသည် အချိန်တခဏခန့် အသိစိတ်လွတ်ကင်းသွားသည့်အလားပင်။
"သူတို့က....ငါ့ရဲ့ကလေးတွေလား"
အောင်းချင်က ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ တုန်ရီနေသောအသံဖြင့် မေးမြန်းလိုက်၏။
"ဟုတ်ပါတယ်...တတိယမင်းသား...သူတို့က မင်းရဲ့ကလေးတွေပါ"
"သူတို့က မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ ပါရမီတွေနဲ့ မွေးဖွားလာခဲ့ပြီးတော့ နတ်ဆိုးဘုရင်နယ်ပယ်ကို ရောက်နေပြီ...သူတို့က ထူးခြားတဲ့ ပါရမီရှင်တွေပါ"
ထိုစကားများကိုကြားချိန်၌ အောင်းချင်သည် ပို၍စိတ်လှုပ်ရှားစပြုလာသည်။
သို့ရာတွင် သူ စကားမပြောဆိုနိုင်သေးမီမှာပင် ဝံပုလွေပေါက်လေးခုနစ်ကောင်သည် သူ့ပေါ်သို့ ခုန်တက်လာကြ၏။
"အာ့ဝု...အာ့ဝု...အဖေ..."
ထိုဝံပုလွေပေါက်လေးများသည် အောင်းချင်၏မျက်နှာကိုနမ်းကာ သူတို့ ချစ်မြတ်နိုးရသော အဒေါ်ကြီးတစ်ယောက်အလား အားပါးတရပြုံးပြနေကြသည်။
"အမ်.. အဖေ သူတို့က ဘယ်သူတွေလဲ....ကျွန်တော်က သူတို့ကို အရင်က မမြင်ဖူးပါဘူး"
ဝံပုလွေပေါက်လေးတစ်ကောင်သည် လုပမ်ဝေ ဝက်ဝံနက်နှင့် ညလေးညှင်းကင်းခြေမျှားတို့ကိုကြည့်ကာ မေးမြန်းလေ၏။
"သြော်...ဒါက အဖေရဲ့ညီအကိုတွေပါ"
"ဒါက ငါ့ရဲ့အကိုကြီး...မင်းတို့က သူ့ကို ဖေဖေကြီးလို့ ခေါ်သင့်တယ်"
"သူက တတိယညီလေး...သူ့ကို တတိယဦးလေးလို့ခေါ်ရမယ်...ပြီးတော့ သူက မင်းတို့ရဲ့ စတုတ္ထဦးလေးပဲ"
အောင်းချင်သည် စိတ်ရှည်လက်ရှည်ဖြင့် ဝံပုလွေပေါက်လေးများကို မိတ်ဆက်ပေးလေသည်။
"အာ့ဝု....အာ့ဝု....ဖေဖေကြီး....တတိယဦးလေး...စတုတ္ထဦးလေး.."
ဝံပုလွေပေါက်လေးခုနစ်ကောင်သည် အကြောက်အလန့်ကင်းစွာဖြင့် လုပမ်ဝေတို့ထံ အပြေးသွားလေသည်။ အထူးသဖြင့် ဝံပုလွေပေါက်သုံး လေးကောင်သည် လုပမ်ဝေပေါ်သို့ တွယ်တက်နေကြလေ၏။
"ဖေဖေကြီး...ဖေဖေကြီးကိုကြည့်ရတာ အားအကောင်းဆုံးဖြစ်မယ့်ပုံပဲ...ကျွန်တော်တို့လို ဝံပုလွေပေါက်လေးတွေကို လက်ဆောင်လေးတစ်ခုခုလောက် ယူမလာခဲ့ဘူးလား"
"ဟုတ်တယ်...ဟုတ်တယ်...ကျွန်တော်လည်း လက်ဆောင်လိုချင်တယ်...ဖေဖေကြီးက ကျွန်တော်အတွက် လက်ဆောင်တွေပါလာတယ် မဟုတ်လား"
ဝံပုလွေပေါက်လေးများအားလုံး လုပမ်ဝေကို နားပူနားဆာ လုပ်နေကြသည်။
"ပါတာပေါ့....မင်းတို့အတွက် လက်ဆောင်တွေ ငါ့မှာရှိတယ်"
ခင်မင်ရင်းနှီးစွာတွယ်ကပ်နေသော ဝံပုလွေပေါက်လေးများကိုကြည့်ပြီး လုပမ်ဝေသည်လည်း သူတို့ကို အလွန်သဘောကျသွားသည်။ သူသည် အလျှင်အမြန်ခေါင်းညိတ်ပြလိုက်၏။
"ယေး....ဖေဖေကြီးမှာ လက်ဆောင်တွေပါလာတယ်....လာကြ...မြန်မြန်လာခဲ့ကြတော့"
လုပမ်ဝေထံတွင် လက်ဆောင်များပါလာသည်ဟုကြားချိန်တွင် ဝံပုလွေပေါက်လေးခုနစ်ကောင်လုံး သူ့အားဖက်တွယ်လိုက်ကြသည်။
"ကောင်းပြီလေ...အခု မင်းတို့အားလုံးတန်းစီတာ ပိုကောင်းလိမ့်မယ်"
လုပမ်ဝေက ပြောဆိုသည်။
ဝံပုလွေပေါက်လေးခုနစ်ကောင်သည် နာခံရို့ကျိုးစွာဖြင့်တန်းစီကာ မျှော်လင့်စောင့်စားနေသောအကြည့်များဖြင့် လုပမ်ဝေကို ကြည့်နေကြလေ၏။
"မကြာခင်မှာ မင်းတို့အတွက် လက်ဆောင်တွေကို မင်းတို့ ရတော့မယ်...ဒါပေမယ့် အရင်ဆုံး ငါ့မှာ မင်းတို့အတွက် မေးခွန်းတစ်ခုရှိတယ်"
လုပမ်ဝေသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်။
ဝံပုလွေပေါက်လေးများအားလုံး သိချင်စိတ်ပြင်းပြစွာဖြင့် သူ့ကို ကြည့်လိုက်ကြသည်။
"ငါ့ကိုပြောပြပါအုံး....ဒီလောကကြီးထဲမှာ ချောမောခန့်ညားဆုံးက ဘယ်သူလဲ"
လုပမ်ဝေက နူးညံညင်သာစွာ မေးမြန်းသည်။
ဝံပုလွေပေါက်လေးများသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သံပြိုင်အော်ဟစ်လိုက်ကြသည်။
"ဖေဖေကြီးပေါ့...ဖေဖေကြီးက ဒီလောကကြီးထဲမှာ ချောမောခန့်ညားဆုံးသူဖြစ်ပြီးတော့ နံပါတ်တစ်ဆွဲဆောင်မှုအရှိဆုံးယောက်ျားပဲ"
ဤအဖြေသည် လုပမ်ဝေ၏ပါးစပ်ကို နားရွက်သို့တက်ချိတ်သည်အထိ ပြုံးရယ်သွားစေသည်။
"မင်းတို့ငရှုပ်ကောင်လေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ...ငါက မင်းတို့ကို သေမျိုးလောကကနေ အင်မော်တယ်အဆင့်ကို ချက်ချင်းပို့ပေးမယ်"
လုပမ်ဝေသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူ၏လက်ဝါးကို မိုးကောင်းကင်ယံထံမြှောက်ကာ အောက်သို့ အတင်းအကြပ်ဆွဲချလိုက်သည်။
ဝှီး...
ဤအချိန်အခိုက်အတန့်တွင် တိမ်တိုက်များချာလပတ်လည်သွားကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။ အင်မော်တယ်စွမ်းအားများ ဒလဟောကျဆင်းလာကာ လွင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
Thank For Reading.