အခန်း (၃၆၁-၃၆၅)
Vol. 25 Ch. 361-365
Chapter 361
"ဒါက...."
"အင်မော်တယ်လမ်းကြောင်း....ဒါက တကယ့်ကို အင်မော်တယ်လမ်းကြောင်းတွေပဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
လုပမ်ဝေသည် ဝံပုလွေပေါက်လေးခုနစ်ကောင်ကို နေရာမှာပင် အင်မော်တယ်များဖြစ်အောင် ပြုလုပ်ပေးမည်ဟု ပြောဆိုချိန်၌ သူတို့သည် လူကြီးတစ်ယောက်မှ ကလေးများကိုကျီစားကာ ရယ်စရာပြောဆိုခြင်းဟုသာ သူတို့အားလုံး တွေးထင်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏အမြင်အရ ဤသည်မှာ လုံးလုံးလျားလျား မဖြစ်နိုင်သောကိစ္စပင်။
ဝံပုလွေပေါက်လေးခုနှစ်ကောင်သည် သာလွန်ထူးကဲသော ပါရမီများနှင့်မွေးဖွားလာကာ နတ်ဆိုးဘုရင်နယ်ပယ်ခွန်အားကို ပိုင်ဆိုင်ထားကြသော်လည်း သူတို့သည် အင်မော်တယ်နယ်မြေနှင့် များစွာအလှမ်းကွာဟသည်။
သူတို့၏အသိအမြင်များကို တိုက်ရိုက်ချိုးဖျက်လိုက်သည့်ကိစ္စမှာ မျက်တောင်တစ်ခတ်စာအချိန်၌ အင်မော်တယ်လမ်းကြောင်း ကျရောက်လာခြင်းပင်။
အင်မော်တယ်လမ်းကြောင်း၏ လွှမ်းခြုံမှုအောက်တွင် လူအားလုံး၏ရှေ့၌ ဝံပုလွေပေါက်လေးခုနစ်ကောင်၏ခွန်အားများ အလျှင်အမြန် မြင့်တက်လာသည်။
နတ်ဆိုးဘုရင်...
နတ်ဆိုးဧကရာဇ်....
နတ်ဆိုးဘိုးဘေး....
နတ်ဆိုးအရှင်....
နတ်ဆိုးသူတော်စင်....
နတ်ဆိုးအင်ပါယာ....
ထို့နောက် ပထမဘဝနတ်ဆိုးအင်ပါယာအဆင့်မှ ဒဿမဘဝနတ်ဆိုးအင်ပါယာအဆင့်ထိ တိုက်ရိုက်တက်လှမ်းသွားခဲ့လေပြီ။
ထို့ပြင် ဒဿမဘဝနတ်ဆိုးအင်ပါယာများ ဖြစ်ပြီးနောက် အင်မော်တယ်လမ်းကြောင်းကို လက်ခံရရှိကာ သူတို့သည် နတ်ဆိုးအင်မော်တယ်နယ်ပယ်သို့ အပြည့်အဝတက်လှမ်းသွားကြလေ၏။
ဤကဲ့သို့ မြင်ကွင်းသည်....
လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို လုံးလုံးလျားလျား ကြက်သေသေသွားစေခဲ့သည်။
အချိန်တခဏကြာသည်အထိ သူတို့သည် အသက်ရှုရန်ခက်ခဲနေပြီး ကြက်သေသေနေကာ ပါးစပ်အဟောင်းသားဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။
ဤသည်မှာ သူတို့၏အသိအမြင်များကို လုံးလုံးလျားလျားရိုက်ချိုးကာ သူတို့၏စိတ်ကူးများကို ဆန်းသစ်သွားစေသည်။
နှစ်ထောင်ပေါင်းများစွာကြာအောင် အပတ်တကုတ် ကျင့်ကြံခဲ့သော အောင်းကျုံးတို့သည် နတ်ဘုရားအသားချောင်း၏အကူအညီဖြင့်ပင် နတ်ဆိုးအရှင်နယ်ပယ်သို့သာ ရောက်ရှိနိုင်ခဲ့ပေ၏။
သို့ရာတွင် ဝံပုလွေပေါက်လေးခုနစ်ကောင်သည် တစ်လတင်းတင်း မပြည့်သေးမီမှာပင် အင်မော်တယ်နယ်ပယ်သို့ တိုက်ရိုက်တက်လှမ်းသွားလေပြီ။
ဤသည်မှာ မည်ကဲ့သို့မှော်ပညာမျိုး ဖြစ်သနည်း....
တခြားတစ်ဖက်တွင် လီဘီသည် ပြူးကျော်နေသောမျက်လုံးများဖြင့် ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေသည်။
သူမရှေ့ရှိမြင်ကွင်းသည် သူမကို ထိတ်လန့်တုန်လှုပ်စေသည့်အပြင် သူမ၏မျက်နှာကို ပါးဖြတ်ရိုက်သည့်အလားပင်။
အထူးသဖြင့် ယခင်က သူမ ပြောဆိုခဲ့သည့် ဤဝံပုလွေပေါက်လေးခုနစ်ကောင်ကို ကောင်းမွန်စွာလေ့ကျင့်သင်ကြားပေးရန် အနောက်ဘက်နတ်ဆိုးတောအုပ်သို့ ခေါ်ဆောင်သွားမည်ဟူသောစကားကို သူမ ပြန်အမှတ်ရမိချိန်တွင် အက်ကွဲကြောင်းတစ်ကြောင်းရှာ၍ သူမ ပုန်းအောင်းနိုင်ရန်ကိုသာ ဆုတောင်းနေမိသည်။
အနောက်ဘက်နတ်ဆိုးတောအုပ်မှ သူတို့၏ကျင့်ကြံခြင်းနှင့် နှိုင်းယှဥ်ပါက ဤတစ်ယောက်၏နည်းလမ်းများသည် အလွန်မှော်ဆန်ပေ၏။
အနောက်ဘက်နတ်ဆိုးတောအုပ်၏ခေါင်းဆောင်သုံးယောက်သည် ပြင်းပြင်းထန်ထန်ကျင့်ကြံကာ ကောင်းကင်နှင့်မြေပြင်အကြားမှ ရတနာအမြောက်အများကို စားပြီးမှသာ ဤအဆင့်သို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိထားရပေမည်။
ဤတစ်ယောက်သည်မှာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အင်မော်တယ်ခုနစ်ယောက်ကို ဖန်တီးပေးနိုင်ပေ၏။
ဤှသည်မှာ သူတို့ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ခြင်းမှာ အလဟဿဖြစ်နေပြီး ယခုမှ ဝမ်းဗိုက်အတွင်းမှ ထွက်လာသည်မှာ မကြာမြင့်သေးသော သားပေါက်ကလေးများကိုပင် ယှဥ်ပြိုင်နိုင်ခြင်းမရှိသည်နှင့် အလားတူပေသည်။
ဟူး....
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များအားလုံး အနက်ရောင်ဝတ်စုံဝတ်လူသည် အစစ်အမှန်ဆရာကြီးတစ်ယောက်ဖြစ်နေကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ် ရှာဖွေတွေ့ရှိလိုက်ရသည်။
"ဟား...ဟား...ဟား...."
"ငါ့ရဲ့ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်က ဒီနေ့ကနေစပြီးတော့ မြင့်တက်သွားပြီ"
အောင်းကျုံးသည် ရုတ်တရက် မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး လက်သီးလက်မောင်းတန်းလိုက်သည်။ ထို့နောက် သူသည် အောင်းချင်၏မိခင်ကို ပွေ့ဖက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"မိန်းမ...ငါ တကယ်ကို အရမ်းစိတ်လှုပ်ရှားတာပဲ....ဒါတွေအားလုံးက မင်း ငါ့ကိုမွေးပေးခဲ့တဲ့ သားလေးကြောင့်ပဲ"
"ငါဆုံးဖြတ်လိုက်ပြီ...ငါ ပြန်ရောက်တာနဲ့...ငါတို့နှစ်ယောက် ကောင်းကောင်းလေးချစ်ပွဲဝင်ကြမယ်...ပြီးတော့ ချင်အာလိုမျိုး အလားအလာရှိတဲ့ သားလေးတစ်ယောက် ရှိအောင်လုပ်ပြီးတော့ ငါတို့ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်အတွက် နောက်ထပ်မျှော်လင့်ချက်ရောင်ခြည်တစ်ခု တောက်ပစေရမယ်"
"ဟား...ဟား...ဟား..."
စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီးနောက် အောင်းကျုံးသည် စိတ်အားထက်သန်စွာဖြင့် လုပမ်ဝေထံသို့ လျှောက်လှမ်းသွားကာ ပြောဆိုသည်။
"ဆရာကြီး...မင်းက တကယ့်ကို အရမ်းထူးချွန်တာပဲ"
"အမှန်ပဲ...အမှန်ပဲ"
"ဆရာကြီးရဲ့အစွမ်းအစကို အကြိမ်ရေအများကြီးကြားရတာထက် တစ်ကြိမ်မြင်တွေ့လိုက်ရတာ ပိုပြီးကောင်းတယ်"
"ဆရာကြီးက တကယ့်ကို အရမ်းအစွမ်းထက်တာပဲ"
"တကယ်လို့ ငါသာ ဒီဘဝမှာ ဆရာကြီးလိုဖြစ်နိုင်ရင် အရမ်းကောင်းမှာပဲ...ဆရာကြီးက အရမ်းကို လေးစားကြည်ညိုစရာကောင်းတယ်"
"ဟုတ်တယ်...ခုဏက ဆရာကြီးက သူ့ရဲ့လက်ကိုဆန့်တန်းပြီး မိုးကောင်းကင်ယံကို ဆွဲဆုပ်လိုက်တာနဲ့ အင်မော်တယ်လမ်းကြောင်းကို အတင်းအကြပ် ဆွဲချနိုင်ခဲ့တယ်...ဒါက အရမ်းကို ကြီးကျယ်ခမ်းနားတာပဲ"
ကောင်းကင်ဝါးမျို နတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များထံမှနေ၍ လေးစားကြည်ညိုစွာ ပြောဆိုနေသောအသံများ ထွက်ပေါ်လာသည်။
အထူးသဖြင့် နတ်ဆိုးဝံပုလွေအပျိုမတချို့သည် ရွှန်းလဲ့တောက်ပနေသောအကြည့်များဖြင့် လုပမ်ဝေကို စိတ်ဝင်တစားကြည့်နေကြလေ၏။
"ဟား ဟား ဟား..."
"မင်းတို့က အရမ်းကြင်နာတတ်တာပဲ...အရမ်းကြင်နာတတ်တာပဲ"
ထိုချီးမွမ်းစကားများကိုကြားချိန်တွင် လုပမ်ဝေသည် ရင်ကော့ကာ နှိမ့်ချချင်ယောင်ဆောင်ပြီး ပြောဆိုသည်။
"တကယ်တော့ ငါက မင်းတို့ပြောသလောက် အစွမ်းမထက်ပါဘူး....ဒီကောင်ပေါက်လေးခုနစ်ကောင် တက်လှမ်းနိုင်ဖို့အတွက် ငါ့ရဲ့စွမ်းအားတွေအများကြီး ကုန်ဆုံးသွားခဲ့တယ်...ငါ ပြန်ကောင်းလာဖို့အတွက် တစ်ညလောက်ကောင်းကောင်းအနားယူရမယ်လို့ ငါ ထင်တယ်"
လုပမ်ဝေ၏စကားများသည် လက်ရှိနေရာတွင်ရှိနေသူများကို အသက်ရှုမွန်းကြပ်သွားစေသည်။
ဤစွမ်းအားကုန်ဆုံးမှုသည်...
အမှန်တကယ်ကို လွန်စွာကြီးမားပေ၏။
သို့ရာတွင် အောင်းကျုံးသည် ထိုစကားများ၏အစစ်အမှန်အဓိပ္ပါယ်ကို ရိပ်စားမိသဖြင့် စိတ်အေးအေးထားရန်အကြည့်ဖြင့် လုပမ်ဝေကိုကြည့်ကာ သူ၏ရင်ဘတ်ကိုပုတ်၍ ပြောဆိုသည်။
"စိတ်မပူပါနဲ့...ဘာမှ စိတ်မပူပါနဲ့...ငါ အားလုံးစီစဥ်လိုက်မယ်"
အောင်းကျုံးသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် အောင်းချင်ကို မေးမြန်းလိုက်သည်။
"အင်း...စကားမစပ်...ချင်အာ...ဒီဆရာကြီးက မင်းအရင်ကပြောခဲ့တဲ့ ပြိုင်ဘက်ကင်းဆရာကြီးပဲဖြစ်မယ်...ဟုတ်တယ်မလား"
ထိုစကားကိုကြားချိန်တွင် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်၏တခြားမျိုးနွယ်ဝင်များကလည်း လှမ်းကြည့်ကြလေသည်။
"အဖေ...အဓိပ္ပါယ်မရှိတဲ့စကားတွေ ဘာလို့ပြောနေတာလဲ"
အောင်းချင်က မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"ဒါက ကျွန်တော်ရဲ့အကိုကြီး...အရှင်သခင်က သက်သက်ရှိတယ်...သူတို့က မတူဘူး"
"ဒါက အမှန်ပဲ...ငါက သခင်ရဲ့အစေခံတစ်ယောက်ပါ...သခင်ရဲ့ထိပ်သီးလက်ပါးစေ ဆန်ကုန်မြေလေးလုပမ်ဝေပါ"
နံဘေးတစ်ဖက်တွင်ရှိနေသော လုပမ်ဝေကလည်း ပြောဆိုလေ၏။
"ဘာ...."
လက်ရှိနေရာတွင်ရှိနေသူများအားလုံး တဖန်ထပ်၍ ထိတ်လန့်တုန်လှုပ်သွားသည်။
တခြားပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် ရှိနေသေးသလော....
သူတို့၏စိတ်အာရုံကို ပို၍ဖမ်းစားနိုင်သောအချက်မှာ သူ၏လက်ဗလာသက်သက်ဖြင့် အင်မော်တယ်များကို ဖန်တီးနိုင်ခဲ့သော ဤဆန်ကုန်မြေလေးသည် ထိုလူ၏လက်ပါးစေအစေခံသက်သက်ဖြစ်သည်ဟု ပြောင်ပြောင်တင်းတင်း ဝန်ခံခဲ့သောအချက်ပင်။
အကယ်၍ အစေခံတစ်ယောက်သည်ပင် လက်ဗလာသက်သက်ဖြင့် အင်မော်တယ်များဖြစ်စေသော စွမ်းအားမျိုးရှိပါက အစစ်အမှန် ပြိုင်ဘက်ကင်းဆရာကြီးသည် မည်မျှထိကြောက်မက်ဖွယ်ကောင်းသနည်း။
မသိစိတ်မှနေ၍ ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များအားလုံးသည် ထိုပြိုင်ဘက်ကင်းဆရာကြီး၏ပုံပန်းသွင်ပြင်ကို မျှော်လင့်တောင့်တခြင်းများနှင့် ပြည့်နှက်နေတော့သည်။
သို့ရာတွင် လီဘီကမူ ထိုသို့တွေးတောခြင်းမရှိချေ။
သူမ ပြန်လည်တွေးတောကြည့်မိစဥ်တွင် အကယ်၍ ထိုလူသည် လက်သီးတစ်ချက်ဖြင့် အင်မော်တယ်နယ်မြေ အတားအဆီးကို ချိုးဖျက်ခဲ့သည်အား သူတို့ မြင်တွေ့ရပါက ထိုသို့တွေးတောကြတော့မည်မဟုတ်ပေ။
"အာ့ဝု...အာ့ဝု...ဖေဖေကြီးကို ကျေးဇူးတင်ပါတယ်"
ထိုအချိန်မှာပင် ဝံပုလွေပေါက်လေးခုနစ်ကောင်သည် စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရအော်ဟစ်ကာ သူတို့သည် ညလေညှင်းကင်းခြေမျှားကို ကြည့်လိုက်ကြ၏။
"တတိယဦးလေး....ဦးလေးရဲ့အကြေးခွံတွေက အရမ်းလှတာပဲ"
"ဟုတ်တယ်...ဟုတ်တယ်...စတုတ္ထဦးလေးရဲ့ဗိုက်ကြွက်သားတွေက အရမ်းသန်မာတာပဲ"
"ကျွန်တော်တို့ ကစားချင်တယ်....ကျွန်တော်တို့ ကစားချင်တယ်"
"တော်လိုက်တဲ့ ကလေးတွေ...မင်းတို့ရဲ့အမြင်အာရုံတွေက အရမ်းကောင်းတာပဲ...မင်းတို့က တတိယဦးလေးရဲ့အကြေးခွံတွေကို အရမ်းသဘောကျနေမှတော့...တတိယဦးလေးက မင်းတို့နဲ့ကစားပေးမယ်"
"ဝုန်း....."
ညလေညှင်းကင်းခြေမျှား၏စကားသံ ကျရောက်သွားခြင်းနှင့်အတူ သူ့ထံမှနေ၍ ကြီးမားသောအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။ ထို့နောက် သူသည် ကျန်းတစ်သောင်းကျော်ရှည်လျားသော ကင်းခြေမျှားကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ လွင်ပြင်ပေါ်၌မတ်တတ်ရပ်ကာ တိမ်တိုက်များအကြားသို့ တန်းတန်းမတ်မတ်တိုးဝင်သွားသည်။
"ကောင်ပေါက်လေးတွေ လာခဲ့ကြ...တတိယဦးလေးရဲ့ခေါင်းပေါကို တက်ခဲ့ကြ....ငါ မင်းတို့ကို သည်းထိပ်ရင်ဖိုလျှောစီးခိုင်းမယ်"
ကင်းခြေမျှား၏ခန္ဓာကိုယ် လှုပ်ရှားသွားကာ မြင့်မားစွာ တွန့်လိမ်ပြီး ရှုပ်ထွေးသောလမ်းကြောင်းပုံစံ ရစ်ခွေကာ ဝံပုလွေပေါက်လေးများကို သူ၏အကြေးခွံများတလျှောက် လျှောစီးခွင့်ပြုလိုက်သည်။ အန္တရာယ်တစ်စုံတစ်ရာမဖြစ်စေရန် သူတို့နှင့်ပေတစ်ရာပတ်လည်ကိုမူ ဂရုတစိုက်ကာကွယ်ပေးထားလေ၏။
"အာ့ ဟား ဟား ဟား..."
"အရမ်းပျော်ဖို့ကောင်းတာပဲ"
ဝံပုလွေပေါက်လေးများသည် အကြေးခွံများတလျှောက် တစ်ကောင်ပြီးတစ်ကောင် လျှောချကာ နူးညံပြီးပျော်ရွှင်သောအသံများ ထွက်ပေါ်နေသည်။ ထို့နောက် သူတို့သည် ကင်းခြေမျှား၏ခေါင်းထက်သို့ တဖန်ပြန်တက်ကာ ထပ်မံ၍ လျှောစီးကြသည်။
"ဘုန်း...."
ထိုအချိန်မှာပင် ကျယ်လောင်သောဆူညံသံတစ်သံနှင့်အတူ ဝက်ဝံနက်ကြီးသည် ရုတ်တရက် ကြီးထွားလာကာ သူ၏ခန္ဓာကိုယ်သည် လွင်ပြင်တစ်ဝက်ခန့် ကြီးထွားသွားကာ မြေပြင်ပေါ်တွင်ပက်လက်လဲလျောင်းပြီး သူ၏ဗိုက်ကိုပုတ်၍ အော်ဟစ်လိုက်၏။
"ကောင်ပေါက်လေးတွေ...ငါ မင်းတို့ကို ကစားနည်းအသစ်တွေပြမယ်"
"မြန်မြန်ခုန်ဆင်းခဲ့ကြတော့"
ဝံပုလွေပေါက်လေးများ၏မျက်လုံးများ တောက်ပသွားကာ ညလေညှင်းကင်းခြေမျှား၏ခေါင်းထိပ်တွင် မတ်တတ်ရပ်၍ မြင့်မားသောတိမ်တိုက်များအကြားမှ အောက်သို့ခုန်ချလိုက်သည်။
ဝက်ဝံနက်ကြီး၏ဝမ်းဗိုက်ကြွက်သားပေါ် ကျသွားပြီးနောက် သူတို့သည် အထက်သို့ တဖန်ပြန်၍ ကန်ထွက်လာသည်။
ဤအချိန်အခိုက်အတန့်တွင် ဝံပုလွေပေါက်လေးများ ပျော်ရွှင်မြူးတူးစွာ ဆော့ကစားနေသော ရယ်မောသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
သို့ရာတွင်....
နံဘေးတွင်ရှိနေသော ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များနှင့်လီဘီတို့သည် တုန်လှုပ်ချောက်ချားနေကြလေ၏။
သောက်ချေးပဲ...
ဤသည်မှာ အပျော်ဆော့ကစားနေခြင်းဖြစ်သော်လည်း ဝက်ဝံနက်ကြီးနှင့်ကင်းခြေမျှားတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများသည် သူတို့အား လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံစေသည်။
သို့ရာတွင် ဤဝံပုလွေပေါက်လေးခုနစ်ကောင်သည် အမှန်တကယ်ကို အလိုလိုက်ခံနေရလေပြီ။
ဤဦးလေးသုံးယောက်ရှိနေခြင်းကြောင့် အင်မော်တယ်မြစ်ကုန်းမြေတခွင်လုံးတွင် သူတို့အား မည်သူက ရန်စစော်ကားဝံ့မည်နည်း။
"သားလေး....မင်းက အရမ်းထူးချွန်တာပဲ"
"မင်းရဲ့အဖေမှာက ဝံပုလွေမျိုးနွယ်တွေပဲ မိတ်ဆွေအဖြစ်ရှိတာ....သူတို့တွေက မင်းရဲ့ညီအကိုတွေကို ဘယ်လိုမှမမှီနိုင်ဘူး...မင်းကို ငါ အရမ်းချီးကျူးတာပဲ"
အောင်းကျုံးသည် ဖိအားအရှိန်အဝါများကို ခက်ခက်ခဲခဲတောင့်ခံကာ အောင်းချင်ကို လက်မထောင်ပြလိုက်သည်။
အင်မော်တယ်နယ်မြေ...
အစိမ်းရောင်ကျောက်စိမ်း အင်မော်တယ်ကုန်းမြေ၌....
အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေ၏ အရှင်သခင် ဆုရွှမ်ကျင်းသည် အဓိကထိုင်ခုံနေရာ၌ထိုင်နေကာ မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားသည်။
သူ၏နံဘေးပတ်ဝန်းကျင်တွင် တုတ်ခိုင်သန်မာသောသက်ရှိအမြောက်အများ မတ်တတ်ရပ်နေကာ သူတို့အကြားတွင် နတ်ဆိုးသားရဲများ လူသားများနှင့် လူဘီလူးကြီးများပါဝင်သည်။
အင်မော်တယ်နယ်မြေအတွင်း၌ အင်မော်တယ်မြစ်ကုန်းမြေကဲ့သို့ လူသားများနှင့်နတ်ဆိုးသားရဲများအကြားတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများမရှိချေ။ ဤနေရာတွင် ခွန်အားသည်သာ အရာရာဖြစ်ကာ ကျယ်ပြန့်သောနယ်မြေအတွင်းတွင် အောက်ဘုံအသီးသီးမှခတက်လှမ်းလာသူများရှိသဖြင့် မြောက်မြားစွာသောမျိုးနွယ်များ စုဝေးနေသည်။
ထို့ကြောင့် ဆုရွှမ်ကျင်း၏နံဘေးတွင် မတ်တတ်ရပ်နေသော လူသားများနှင့်နတ်ဆိုးသားရဲများအားလုံးသည် သူ၏စွမ်းဆောင်နိုင်သော စစ်ဗိုလ်ချုပ်များဖြစ်သည်။
"ဟေးယု အောက်ဘုံကိုဆင်းသွားတာ အချိန်အတော်ကြာနေပြီ...ဘာလို့ ခုထိ ဘာသတင်းမှ မကြားရသေးတာလဲ"
သူက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
"အရှင်...ဟေးယုက အမြဲတမ်း ထူးထူးဆန်းဆန်းတွေ ပြုမူတတ်တယ်...ဖြစ်နိုင်တာတော့ သူက အောက်ဘုံကို သွားစုံစမ်းမယ်လို့ အယောင်ပြပြီးတော့ အရှင့်ကိုသစ္စာဖောက်ပြီး တခြားနယ်မြေကို ပူးပေါင်းသွားတာများလား"
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ခန့်မှန်းပြောဆိုသည်။
"ဒါက မဖြစ်နိုင်ဘူး"
ဆုရွှမ်ကျွင်းက သူ၏လက်ကို ယုံကြည်ချက်အခိုင်အမာရှိစွာဖြင့် ဝှေ့ယမ်းကာ ပြောဆိုလိုက်၏။
"ဟေးယုက ငါရဲ့နောက်ကိုလိုက်တာ နှစ်တစ်သောင်းကျော်နေပြီ...ငါတို့ကြားမှာ အရမ်းကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်...ငါက သူ့ကို အမြဲတမ်း ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်....အထူးတလည်ပြောရရင် သူက အသားစိမ်းစားရတာကိုကြိုက်တာ ငါသိတယ်...ဒါကြောင့် ငါ သူ့ကို နေ့တိုင်း အင်မော်တယ်သားရဲတွေရဲ့အသားတွေကို ကျွေးခဲ့တယ်....ဒါကြောင့် သူ အချိန်ယူပြီးဖြေရှင်းဖို့လိုတဲ့ မတော်တဆကိစ္စတစ်ခုခုကို ကြုံတွေ့နေတာပဲဖြစ်မယ်"
ကောင်းကင်ဝါးမျို နတ်ဆိုးဝံပုလွေမျိုးနွယ်၏လွင်ပြင်၌....
"အကိုကြီး...ငါက အင်မော်တယ်နယ်မြေကလာပြီးတော့ အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေ အရှင်သခင်ရဲ့လူယုံဆိုပေမယ့်...ငါ့မှာ ရွေးချယ်စရာမရှိဘဲ ဖိအားပေးခံခဲ့ရတာပါ"
ဟေးယုသည် လုပမ်ဝေ၏ရှေ့၌ ဒူးထောက်ကာ သူ၏စိတ်အတွင်းရှိစကားများကို ဖွင့်ဟပြောဆိုနေခဲ့သည်။
"အဲ့ဒီခွေးမသားအိုကြီးက ငါ့ကို လူသားတစ်ယောက်လို မဆက်ဆံဘူး...မဟုတ်သေးဘူး...ငှက်တစ်ကောင်လိုတောင် မဆက်ဆံခဲ့တာ...သောက်ရေးမပါဆုံးကိစ္စကတော့ သူက ငါ့ကို နှစ်တစ်သောင်းကျော်လုံး နေ့တိုင်း အသားစိမ်းတွေကျွေးခဲ့တာပဲ...ငါက အော့အန်မိတော့လုမတက်ပဲ....ငါက အရှင်ဆန်ကုန်မြေလေးလို ဝိုင်အရက်သောက်ပြီးတော့ ချက်ပြုတ်ထားတာတွေကို စားချင်တယ်"
"ဒါကြောင့် အကိုကြီးက ငါ့ကိုယုံကြည်ပေးပါ...ငါက အဲ့ဒီခွေးမသားအိုကြီးကို ကိစ္စတွေပျက်စီးနိုင်မယ့် ဘာသတင်းကိုမှ ပြန်ပို့မှာမဟုတ်ဘူး ..ငါက အဲ့ဒီခွေးမသားရဲ့လက်ခုပ်တွင်းကနေ လွတ်မြောက်ချင်ရုံလေးပဲ"
"ဒါကြောင့် အကိုကြီးက ငါ့ရဲ့သစ္စာစောင့်သိမှုကို သံသယမရှိပါနဲ့"
"ငါက ရိုးရိုးသားသားနဲ့ ငါ့ရဲ့နှလုံးသားအောက်ခြေက စကားတွေကို ပြောတာပါ...မင်းက ငါ့ကိုမသတ်သရွေ့....ငါက မင်းရဲ့လက်အောက်မှာနေပြီးတော့ မင်း ငါ့ကိုလုပ်စေချင်တဲ့ ဘယ်အရာကိုမဆို လုပ်ပေးပါ့မယ်"
Chapter 362
ယေးယု၏နှုတ်မှနေ၍ ရိုးသားပွင့်လင်းစွာ ပြောဆိုနေသောစကားများ အဆက်မပြတ်ထွက်ပေါ်လာသည်။
အစပထမတွင် သူ၏အသက်ကိုကယ်တင်နိုင်ရန်အလို့ငှာ ဝတ်ကျေတန်းကျေပြောဆိုရုံသက်သက်ဖြစ်သော်လည်း သူ၏ချဲ့ကားပြောဆိုနေသောစကားများအတွင်းတွင် ရိုးသားမှုများ ထက်ဝက်ခန့်ပါလာလေပြီ။
အကြောင်းအရင်းမှာ သူ၏စိတ်နှလုံးသားအတွင်းတွင် အလွန်ရှင်းလင်းစွာသိထားသောကြောင့်ပင်။
ဤလုပမ်ဝေ ကြောက်မက်ဖွယ်ကောင်းသောရီဖုန်းတို့နှင့် နှိုင်းယှဥ်ပါက အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေ၏အရှင်သခင်သည် မည်သည့်အဆင့်၌ ရှိနေနိုင်မည်နည်း....
အနည်းဆုံးအနေဖြင့် ဆုရွှမ်ကျင်းသည် လက်ဗလာသက်သက်ဖြင့် အင်မော်တယ်များကို ဖန်တီးနိုင်မည်မဟုတ်ချေ။
သူ အချိန်အတော်ကြာ ဂရုတစိုက်တွေးတောပြီးနောက် အင်မော်တယ်သားရဲအသားများသည် ထပ်မံ၍ဆွဲဆောင်နိုင်မှုမရှိတော့ကြောင်း သူ ခံစားမိလေ၏။
ဤဆန်ကုန်မြေလေးနှင့်ကြောက်မက်ဖွယ်လူသား၏ နောက်သို့လိုက်သည်မှာ သူ့အတွက် ပို၍ကြီးကျယ်ခမ်းနားသောဘဝကို ရရှိနိုင်ပေမည်။
"သြော်...မင်းက ငါ့နောက်ကို လိုက်ချင်တာလား"
လုပမ်ဝေသည် သူ၏နှလုံးသားကို ထုတ်ပေးလုမတတ် ပြောဆိုနေသော ဟေးယုကိုကြည့်ကာ မမေးမြန်းဘဲ မနေနိုင်တော့ချေ။
"ဟုတ်ပါတယ်...အကိုကြီးရဲ့နောက်ကို ငါလိုက်ချင်တယ်...ကျေးဇူးပြုပြီးတော့ ငါ့ကို မင်းရဲ့ညီငယ်လေးအနေနဲ့ လက်ခံပေးပါလား"
ဟေးယုက အပြစ်ကင်းစင်သောလေသံဖြင့် ပြေုဆိုသည်။
"မရဘူး...မင်းက အရည်အချင်းမမီဘူး"
လုပမ်ဝေက မောက်မာထောင်လွှားစွာ ပြောဆိုလိုက်၏။
ယေးယု၏စိတ်နှလုံးသား လေးလံသွားကာ သူ၏မျက်နှာအမူအယာ အလွန်အမင်းညှိုးငယ်သွားသည်။
သို့ရာတွင် ထိုအချိန်မှာပင် လုပမ်ဝေ ထပ်မံပြောဆိုလိုက်သောစကားများသည် သူ့အား မျှော်လင့်ချက်အလင်းရောင် ပြန်လည်ရရှိသွားစေသည်။
"ဒါပေမယ့်...မင်းက ငါ့ရဲ့ညီလေးဖြစ်ဖို့ အရည်အချင်းမမှီဘူးဆိုပေမယ့်...မင်းက အရှင်ရဲ့ဂိုဏ်းက အနောက်ဘက်တောင်ထဲမှာ ငှက်တစ်ကောင်အနေနဲ့ နေလို့ရတယ်"
လုပမ်ဝေက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်....
ဟေးယုသည် အလွန်ပျော်ရွှင်သွားလေ၏။
သူသည် အစွမ်းထက်သောလူနောက်သို့ လိုက်နိုင်သရွေ့ မည်သူကို ဂရုစိုက်နေရမည်နည်း။
ထို့ပြင် အနက်ဘက်တောင်ဟူသည်မှာ ထိုကျွန်းပေါ်၌တည်ရှိမည်ဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
ဤကျွန်းသည် အင်မော်တယ်မြစ်ဥပဒေသများ၏ဥပဒေသစွမ်းအားများနှင့် တသီးတခြားတည်ရှိသော နေရာတစ်နေရာဖြစ်ကာ အနာဂတ်တွင် ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းကိုလည်း သူ ကောင်းစွာသိရှိပေ၏။
အကယ်၍ ဤနေရာသည် နောင်အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာပါက သူသည် ဤကျွန်းသားများအနက်မှ တစ်ယောက်ဖြစ်လာမည်မဟုတ်လော။
ဤဆန်ကုန်မြေလေးနှင့်လူသားဆရာကြီးတို့သည် သူ့အား အသိအမှတ်ပြုသည့် နေ့ရက်မျိုးသို့ရောက်ရှိလာကာ သူ့အား တစ်စုံတစ်ခု ချီးမြှင့်ပါက အလွန်အံ့အားသင့်ဖွယ်ကောင်းမည်မဟုတ်လော....
"ငါ ဆန္ဒရှိတယ်...ငါ ဆန္ဒရှိပါတယ်"
ဟေးယုက ပျာပျာသလဲ ပြောဆိုသည်။
"ဒါပေမယ့် လိုအပ်ချက်တွေတော့ရှိတယ်"
လုပမ်ဝေက ထပ်မံ၍ ပြောဆိုလေသည်။
"အရှင်...ကျေးဇူးပြုပြီးတော့ ငါ့ကိုပြောပါ"
ဟေးယုက ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"မင်းလိုမျိုးအဆင့်မှာရှိတဲ့ နတ်ဆိုးသားရဲတွေကို မင်း ရှာပေးရမယ်"
လုပမ်ဝေက ပြောဆိုသည်။
"ဘာလို့လဲဆိုတော့ သခင်က ငါတို့ထွက်မလာခင် အနောက်ဘက်တောင်ထဲမှာ ထားဖို့အတွက် သားရဲတွေဖမ်းလာဖို့ ငါတို့ကို အမိန့်ပေးလိုက်တယ်"
"ငါနဲ့အဆင့်တူတဲ့ သားရဲတွေ ထပ်ရှာရမှာလား"
ဟေးယု၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားကာ သူက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"အရှင်...ငါ အဲ့ဒီကိစ္စကို လုပ်ပေးနိုင်တယ်....ဒါပေမယ့် အဲ့ဒီတစ်စုရောက်လာရင် သံကြိုးတွေနဲ့နှစ်လလောက် ချည်နှောင်ထားပေးမယ်လို့ ကတိပေးဖို့...ငါက အရှင်ကို တောင်းဆိုပါရစေ"
"ရန်ငြိုးရန်စတွေ ရှိနေတာလား"
လုပမ်ဝေ၏မျက်ခုံး မြင့်တက်သွားကာ မေးမြန်းသည်။
"အမှန်ပဲ...ရန်ငြိုးရန်စတစ်ခု ရှိနေတယ်"
ဟေးယုသည် ထိုကိစ္စကိုဖုံးကွယ်ထားခြင်းမရှိဘဲ ခေါင်းညိတ်ပြလေ၏။
"တကယ်လို မင်းနဲ့အဲ့ဒီကောင်တွေကြားမှာ ရန်ငြိုးရန်စရှိတယ်ဆိုရင်...မင်း ဘာလို့ သူတို့ကို ဒီနေရာဆီခေါ်လာမှာလဲ"
လုပမ်ဝေက ထပ်မံ၍မေးမြန်းသည်။
"ဒါက အရှင် ဘာမှမစိုးရိမ်ပါနဲ့...ငါ့မှာ နည်းလမ်းတွေရှိပါတယ်...အဆိုးဆုံးအနေနဲ့ကတော့ ငါ့ရဲ့ဆိုးသွမ်းတဲ့အရည်အချင်းတွေကို ထုတ်ပြနိုင်လိမ့်မယ်"
ဟေးယုက စပ်ဖြဲဖြဲနှင့် ပြောဆိုသည်။
"အရည်အချင်းတွေလား"
လုပမ်ဝေသည် ဟေးယုကို အသိအမှတ်ပြုသည့်အနေဖြင့်ကြည့်ကာ ခေါင်းညိတ်ပြလေ၏။
"မင်းက သူတို့ကို ဒီနေရာဆီခေါ်လာပေးမယ့် တာဝန်ကိုကျေပွန်သရွေ့...နောင်အနာဂတ်မှာ မင်းက အနောက်ဘက်တောင်ရဲ့အရှင်သခင် ဖြစ်လာလိမ့်မယ်"
ဟေးယု၏မျက်လုံးများ တောက်ပသွားသည်။
သူသည် ချက်ချင်းဆိုသလိုပင် ဒူးတစ်ဖက်ထောက်လိုက်သည်။
"အရှင့်ရဲ့အသိအမှတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်"
"သွားတော့ .."
လုပမ်ဝေက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ဟေးယုသည် ခေါင်းညိတ်ပြပြီးနောက် ကျယ်လောင်စွာအော်ဟစ်ကာ သူ၏တောင်ပံများကိုဖြန့်ပြီး မူတောင်ထံသို့ဦးတည်၍ ပျံသန်းသွားတော့သည်။
မလှမ်းမကမ်းတစ်နေရာတွင်...
အောင်းချင်သည် ကျောက်ဆောင်တစ်ခုကိုမှီ၍ စိမ်ပြေနပြေလဲလျောင်းနေကာ ဝံပုလွေပေါက်လေးခုနစ်ကောင် ဆော့ကစားနေသည်ကို စောင့်ကြည့်နေလေ၏။
"အကိုခွေး...ဘယ်လိုလဲ...မနေ့ညက မင်းတို့နှစ်ယောက် ဒချိကြသေးလား"
ထိုအချိန်မှာပင် ညလေညှင်းကင်းခြေမျှား ရောက်ရှိလာကာ မေးမြန်းသည်။
"ဟေး အကိုတို့...ဒချိတယ်ဆိုတာကဘာလဲ...ဒါက ပျော်စရာကောင်းလား...ငါ့ကိုလည်း မင်းတို့နဲ့အတူ ခေါ်သွားပေးပါလား"
ထိုအချိန်မှာပင် ဝက်ဝံနက်ကြီးသည် ရူးကြောင်ကြောင်အပြုံးနှင့် အပြေးရောက်လာကာ သူ၏ခေါင်းကိုကုတ်၍ မေးမြန်းသည်။
"ထွက်သွားစမ်း...ကလေးတွေက ဝေးဝေးသွားနေစမ်း"
ခွေးသည် ဝက်ဝံနက်ကြီးကို စူးစူးဝါးဝါးကြည့်ကာ မောက်မာဝံ့ကြွားသောအမူအယာဖြင့်ဘညလေညှင်းဘက်သို့လှည့်ကာ ပြောဆိုလိုက်သည်။
"မင်းရဲ့အကိုခွေးက ဘယ်လိုကောင်စားမျိုးမလို့လဲ...ငါ အကြိမ်အနည်းငယ်လောက် ဒချိခဲ့တယ်"
"ဒါက အမှန်ပဲလား"
ညလေညှင်းကင်းခြေမျှားက သံသယဝင်နေသောလေသံဖြင့် ပြောဆိုသည်။
"ငါတော့ ဒီလိုမထင်ဘူး...ကြည့်ရတာတော့ မင်းတို့နှစ်ယောက် ဘာမှလုပ်ခဲ့တဲ့ပုံမရှိဘူး...သူက မင်းရှိနေတာ ရှိမနေတာကို ဂရုစိုက်ပုံတောင်မရဘူး"
"အဓိပ္ပါယ်မရှိတာတွေ...သူက ငါ့ရှေ့မှာ နာခံရို့ကျိုးတယ်"
ခွေးက မောက်မာဝံ့ကြွားစွာ ပြောဆိုလိုက်၏။
သို့ရာတွင် ညလေညှင်းကင်းခြေမျှားသည် မယုံကြည်နိုင်ဖြစ်နေဆဲပင်။ ထို့ကြောင့် သူက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"အကိုခွေး...ငါ ဒါကို မယုံကြည်နိုင်သေးဘူး....ဒါမှမဟုတ် မင်းက မရီးကိုခေါ်ပြီးတော့ ငါ့ရှေ့မှာ ဖက်ပြပါလား"
"မင်း...ကောင်းပြီလေ"
ခွေးသည် သွားများယားယံလာသည်အထိ အလွန်စိတ်အနှောက်အယှက်ဖြစ်သွားသည်။ သူသည် မလှမ်းမကမ်းတွင်ရှိနေသော အောင်းချင်းချိန်ကိုကြည့်ကာ သူသည် အချိန်အတော်ကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် ဟန်ဆောင်ပန်ဆောင်ဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။
"မိန်းမ....ဒီနေရာကိုလာခဲ့အုံး"
အောင်းချင်းချိန်၏အနီရောင်နှုတ်ခမ်းလေးများ လှုပ်ရှားသွားကာ အမှတ်တမဲ့ဖြင့် အောင်းချင်ထံသို့ ခြေလှမ်းနှစ်လှမ်းခန့် တိုးကပ်သွားလိုက်မိသည်။
သူမ၏မျက်နှာပေါ်တွင် တွေဝေနေသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သူမတို့နှစ်ယောက်သည် အမှန်အားဖြင့် တစ်ယောက်နှင့်တစ်ယောက်ပြောဆိုရန် စကားများစွာမရှိချေ။ အတိတ်တွင် သူမတို့နှစ်ယောက်အကြား၌ ရန်ကြွေးများစွာရှိခဲ့သဖြင့် သူမတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မည်ကဲ့သို့မျက်နှာချင်းဆိုင်ရမည်ကို မသိကြတော့ချေ။
"မင်းရဲ့ယောက်ျားခေါ်နေတာကို မင်း မကြားဘူးလား"
ညလေညှင်းကင်းခြေမျှား စောင့်ကြည့်နေသည်ကိုမြင်သဖြင့် အောင်းချင်သည် သူ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ အံ့တင်းတင်းကြိတ်၍ အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် လက်တစ်ဖက်ကိုဆန့်တန်း၍ အောင်းချင်းချိန်ကို သူ၏ရင်ခွင်အတွင်းသို့ ဆွဲသွင်းလိုက်၏။
ထို့နောက် သူသည် ဂုဏ်ယူဝင့်ကြွားသော အမူအယာဖြင့် ညလေညှင်းကို မျက်စပစ်လေသည်။
"တော်လိုက်တာ"
ညလေညှင်းကင်းခြေမျှားက ပြုံးဖြဲဖြဲဖြင့်ပြောဆိုကာ ဥာဏ်ကောင်းစွာဖြင့် အဝေးသို့ တွားသွား၍ထွက်သွားတော့သည်။
ထို့နောက် သူက လုပမ်ဝေထံသို့သွားကာ ပြောဆိုသည်။
"အကိုကြီး...မင်း ငါ့ကို ပေးတဲ့တာဝန် လုပ်ပြီးသွားပြီ"
လုပမ်ဝေက ပြုံးဖြဲဖြဲလုပ်ကာ အောင်းချင်နှင့်အောင်းချင်းချိန်တို့ကို တစ်ချက်ပြန်ကြည့်ကာ အေးအေးလူလူလေသံဖြင့် ပြောဆိုလေ၏။
"ဒီနုံအတဲ့ခွေးက မိန်းမနဲ့တွေ့ရမှာကိုတောင် ရှက်နေတယ်...အရမ်းဟန်ဆောင်ကောင်းတာပဲ...ငါတို့ညီအကိုတွေကပဲ သူ့ကို အဆင့်တက်ပေးရတော့မယ်"
"ဒါက အမှန်ပဲ....အကိုကြီးက အရမ်းဥာဏ်ကောင်းတာပဲ"
ညလေညှင်းကင်းခြေမျှားက မြှောက်ပင့်ချီးမွမ်းသည်။
"သူတို့ကို လွှတ်ထားလိုက်တော့"
လုပမ်ဝေက ပြောဆိုကာ သူ၏ခေါင်းကို တစ်ဖက်သို့လှည့်လိုက်သည်။
ညလေညှင်းကင်းခြေမျှား ထွက်ခွာသွားပြီးနောက် အောင်းချင်ချိန်သည် အောင်းချင်၏လက်မောင်းအကြားမှ အလျှင်အမြန် ရုန်းထွက်လေသည်။
သူမ ထွက်ခွာသွားတော့မည့်အချ်န်မှာပင် အောင်းချင်က ရုတ်တရက် အော်ဟစ်လိုက်၏။
"ခဏလေး...."
"အင်း..."
အောင်းချင်းချိန်သည် ဇဝေဇဝါဖြစ်နေသောအမူအယာဖြင့် အောင်းချင်ကို ပြန်လှည့်ကြည့်သည်။
"ငါတို့ကြားက ခြားနားမှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှာပြီးတော့ အတိတ်ကကိစ္စတွေကို သင်ပုန်းချေကြမလား"
အောင်းချင်က ပြောဆိုသည်။
အောင်းချင်းချိန်သည် အံ့အားသင့်သွားသောအမူအယာဖြင့် အောင်းချင်ကိုကြည့်ကာ မေးမြန်းသည်။
"အတိတ်မှာတုန်းက ငါ နင့်အပေါ် လုပ်ခဲ့တာတွေကို....နင် မနာကျည်းဘူးလား"
"တကယ်တော့ ငါ အများကြီးတွေးတောခဲ့ပြီးပြီ....ဒါပေမယ့် ပြီးခဲ့တဲ့ကိစ္စတွေက ဖြစ်ပြီးသွားခဲ့ပြီ...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကလေးတွေရဲ့အမေပဲလေ... ပြီးတော့ ငါကလည်း တစ်ချိန်က မင်းအပေါ်မှာ ခံစားချက်တွေ ရှိခဲ့ဖူးတယ်...."
အောင်းချင်က လွမ်းမောတသစွာ ပြောဆိုသည်။
"ဒါကြောင့် ငါတို့ကိုယ်တိုင်အတွက်ရော ကလေးတွေအတွက်ပါ ငါတို့ကြားက အာဃာတတွေကို စွန့်လွှက်လိုက်ကြရအောင်"
ထိုသို့ပြောဆိုပြီးနောက် အောင်းချင်သည် အဝေး၌ရှိနေသော ဝံပုလွေပေါက်လေးခုနစ်ကောင်ကို ကြည့်လိုက်၏။
"နင် တကယ်ပြောတာလား"
အောင်းချင်းချိန်က မေးမြန်းသည်။
"အမှန်ပဲ"
အောင်းချင်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြသည်။
အောင်းချင်၏ပြတ်သားသောအကြည့်ကို မြင်တွေ့ချိန်တွင် အောင်းချင်းချိန်သည် သူမ၏ခေါင်းကိုမော့လိုက်ကာ သူမ၏မျက်လုံးများ နီမြန်းနေသည်။
ယခုချိန်တွင် အတိတ်အကြောင်းမပြောဘဲ နေကြပါစို့။ အမှန်အားဖြင့် သူမသည် ယခုလတ်တလော အချိန်ကာလများအတွင်းတွင် အမှန်တကယ်ကို အားတင်း၍ နေထိုင်ခဲ့ရသည်။
မျိုးနွယ်ဝင်များ၏ မထီမဲ့မြင်ပြုခံရခြင်း အတိတ်မှရန်ငြိုးများ အောင်းချင်နှင့်မျက်နှာချင်းဆိုင်ရသောဖိအားစသည်တို့ကြောင့် သူမ၏စိတ်နှလုံးသားအတွင်းရှိ အရှက်တရားကို သူမကို တစ်ချိန်လုံး ညှင်းပန်းနှိပ်စက်နေခဲ့သည်။
အနီရောင်နေမင်းမျိုးနွယ်စု ပျက်စီးသွားချိန်တွင် သူမကိုယ်သူမ အဆုံးသတ်ရန် ရည်ရွယ်ခဲ့သော်လည်း သူမ၏ဝမ်းဗိုက်အတွင်းရှိကလေးများက ထိုသို့မလုပ်ရန် သူမကိုဟန့်တားခဲ့သည်။
ထို့ကြောင့် သူမသည် ယခုချိန်၌ ဓားများကို ထွန်သွားများအဖြစ်ပြောင်းလဲကာ ကောင်းကောင်းမွန်မွန် ရှင်သန်လိုခြင်းမရှိဘဲနေမည်နည်း။
ထို့ပြင် ယခင်က မျိုးနွယ်မှနှင်ထုတ်ခံရသော အမှိုက်ကောင်အောင်းချင်သည် အတိတ်မှလူစားမျိုးမဟုတ်တော့ချေ။
သူသည် အရာအားလုံးကို ထမ်းပိုးနိုင်ကာ သူမ သူ့ကိုအားကိုးအားထားပြုနိုင်သည့်အပြင် ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်ဝင်တစ်စုလုံးကိုပင် ထောက်ပံ့ပေးနိုင်သူ ဖြစ်နေလေပြီ။
ခြေတစ်လှမ်းနောက်ဆုတ်ကြည့်ပါက အကယ်၍ သူမသည် အတိတ်မှဂုဏ်ယူဝင့်ကြွားရသော သူတော်စင်မိန်းမပျို အောင်းချင်းချိန် ဖြစ်နေဆဲဆိုလျှင်ပင် အောင်းချင်သည် သူမ၏စိတ်အတွင်းရှိ စံပြပုဂ္ဂိုလ်နှင့် တူညီနေသည်မဟုတ်လော။
"အင်း...."
သူမသည် မျက်ရည်များကိုသုတ်ကာ သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ဒါနဲ့...နင် ခုဏကပြောခဲ့တဲ့ ငါတို့ကြားက ခြားနားမှုတွေကို ဖြေရှင်းဖို့နည်းလမ်းရှာမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"
သူမက ထပ်မံ၍ မေးမြန်းသည်။
"ဒါ...ဒါက..."
အောင်းချင်သည် ရှက်ကိုးရှက်ကန်းဖြင့် သူ၏ခေါင်းကိုကုတ်ကာ မသိစိတ်မှနေ၍ သူ၏ခြေထောက်နှစ်ဖက်ကြားကို ဖုံးအုပ်လိုက်သည်။
အောင်းချင်းချိန်သည် ခေါင်းငုံပြီး တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမ၏မျက်နှာ ရုတ်တရက်နီမြန်းသွားကာ စိတ်ဆိုးမာန်ဆိုးဖြင့် အောင်းချင်ကိုကြည့်လေသည်။
"ဒါဆိုရင် နင် အခု ဒါကဘာသဘောလဲ"
"အမ်...."
"ဒါက ခုဏက ငါ မင်းနဲ့ ထိတွေ့ပွတ်သပ်မိလို့ မတော်တဆ ဖြစ်သွားတာပါ"
အောင်းချင်က ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြသည်။
"ဒါပေမယ့် မင်း ဘာမှစိတ်မပူပါနဲ့...ဒါက အလုပ်ဖြစ်မှာပါ...ဘာလို့လဲဆိုရင် ငါ့ရဲ့အကိုကြီးက ငါ့ကို သွန်သင်ထားတယ်...သူပြောတာက ငါတို့ တစ်ကြိမ်လောက်ဒချိလိုက်မယ်ဆိုရင် ငါတို့ကြားက နာကျည်းမုန်းတီးမှုတွေအားလုံး ပျောက်သွားလိမ့်မယ်တဲ့"
အောင်းချင်းချိန်သည် ရှက်ရွံစွာဖြင့် သူမ၏ခေါင်းကို အချိန်အတော်ကြာငုံထားပြီးနောက် တီးတိုးပြောဆိုသည်။
"ကောင်းပြီလေ...အဲ့ဒါက ဘယ်အချိန်လဲ...အခုလား"
"အမ်...အခုချက်ချင်းလား"
အောင်းချင်သည် တွေဝေတုံ့ဆိုင်းစွာဖြင့် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ ပြောဆိုလိုက်၏။
"ဒီလိုကြီးကျတော့...ဒါက သိပ်မကောင်းဘူးလေ...ဟုတ်တယ်မလား"
"နင် စီစဥ်လေ...ငါက နင်ရဲ့စကားကို နားထောင်မယ်"
အောင်းချင်းချိန်သည် သူမ၏ခေါင်းကိုငုံကာ ရှက်သွေးဖြာနေသောအမူအယာဖြင့် ပြောဆိုသည်။
"ကောင်းပြီလေ"
အောင်းချင်းချိန် ဤသို့ပြုမူနေသည်ကိုကြည့်ပြီး အောင်းချင်၏နှလုံးသား ကဆုန်စိုင်းခုန်ပေါက်သွားသည်။ သူက အံ့တင်းတင်းကြိတ်ကာ သဘောတူညီလိုက်၏။
ထို့နောက် သူသည် အောင်းချင်းချိန်ကို ကျောက်ဆောင်တစ်ခု၏နောက်သို့ ဆွဲခေါ်သွားလေသည်။
"အရမ်းကြီး အလျင်လိုမနေနဲ့...ပြီးတော့ နင် အရင်ဆုံး အသွင်ပြောင်းသင့်တယ်မဟုတ်လား"
"မင်း အသွင်ပြောင်းလိုက်လေ"
"မရဘူး...နင်ပဲပြောင်းရမယ်"
"မရဘူး...မင်းရဲ့ယောက်ျားက ဒါကို ပိုအားရတယ်"
"ကောင်းပြီ...ကောင်းပြီလေ..."
အောင်းချင်၏ဘဝ အထွတ်အထိပ်သို့ ရောက်ရှိနေစဥ်တွင် ဟေးယုသည်လည်း နောက်ဆုံး၌ အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
"အရှင်...မင်းရဲ့အချစ်ဆုံးငယ်သား ဟေးယု ပြန်လာပါပြီ....ငါ မင်းကို အရမ်းလွမ်းတာပဲ"
Chapter 363
ဟေးယုက ရိုသေလေးစားစွာဖြင့် ဆုရွှမ်ကျင်းကို ဦးညွှတ်အရိုအသေပြုလိုက်၏။
ဆုရွှမ်ကျင်းသည် ဟေးယုကို မြင်တွေ့ချိန်တွင် သူသည် အောက်ရှိလူများကို စူးစူးဝါးဝါးစိုက်ကြည့်ကာ ပြောဆိုသည်။
"မင်းတို့မှာ ဘာပြောစရာ ရှိသေးလဲ...ဟေးယုက ငါ့ကို သစ္စာဖောက်သွားပြီလို့ ဘယ်ကောင်က ပြောအုံးမှာလဲ"
ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူတို့၏ခေါင်းများကို ငုံလိုက်ကြသည်။
"ဟေးယုက ငါ့အပေါ် အကြွင်းမဲ့သစ္စာရှိတယ်လို့ ငါ ပြောခဲ့တယ်မဟုတ်လား...အခုချိန်ကစပြီး သူ့ကို သွားပုပ်လေလွင့်ပြောဝံ့တဲ့ ဘယ်ကောင်မဆို ငါ့ရဲ့ အစိမ်းရောင်အင်မော်တယ်ကုန်းမြေကနေ ထွက်သွားရမယ်"
ဆုရွှမ်ကျင်းက ပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက် ဆုရွှမ်ကျင်းသည် ဟေးယုကိုကြည့်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ နူးညံညင်သာသော အားလှိုင်းတစ်ရပ် ထွက်ပေါ်လာကာ ဒူးထောက်နေသောဟေးယုကို ထူမလိုက်၏။
"ကုန်းမြေအရှင်ကို ကျေးဇူးတင်ပါတယ်"
ဟေးယုက ရိုသေလေးစားစွာ ပြောဆိုသည်။
"ငါ့ကိုယုံကြည်ပေးတဲ့အတွက်လည်း အရှင့်ကို ကျေးဇူးတင်ပါတယ်...ငါက ငါတို့ရဲ့အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေ ပိုပြီးကြီးကျယ်ခမ်းနားလာအောင် ကြိုးကြိုးစားစားဆောင်ရွက်ပါ့မယ်"
"ဟား...ဟား...ဟား..."
ဆုရွှမ်ကျင်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလေ၏။
"ငါက မင်းနဲ့ပတ်သက်ပြီးတော့ စိတ်ချပြီးသားပါ...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါနဲ့အတူ နှစ်ပေါင်းတစ်သောင်းကျော် နေခဲ့တာလေ...တခြား ဘယ်သူမဆို ငါ့ကိုသစ္စာဖောက်သွားနိုင်တယ်...ဒါပေမယ့် မင်းကတော့ မဖြစ်နိုင်ဘူး"
"ဒါပေမယ့် အဓိကအကြောင်းအရာကို ပြန်သွားကြစို့...ဒီတစ်ကြိမ်မှာ သေမျိုးလောကနေ မင်း ပြန်လာတာ ဘာလို့ ဒီလောက်ထိ အရမ်းကြာနေတာလဲ"
"ဖြစ်နိုင်တာတော့ မင်း သတိထားဖို့လိုတဲ့ ကိစ္စတချို့နဲ့ ရင်ဆိုင်တွေ့ခဲ့တာများလား"
"ဒါက အမှန်ပဲ...အင်မော်တယ်မြစ်ကုန်းမြေမှာ ကြီးမားတဲ့အပြောင်းအလဲတွေ တကယ်ဖြစ်သွားခဲ့တယ်"
ဟေးယုက မျက်မှောင်ကြုတ်ကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒါကြောင့် ဒီတစ်ကြိမ် ငါပြန်လာတာက...အကူအညီတောင်းခံဖို့အတွက်ပဲ"
"သြော်..ဝက်ခြံနဲ့တူတဲ့ အောက်ဘုံလိုနေရာမျိုးမှာ ဘယ်လိုအပြောင်းအလဲမျိုးတွေဖြစ်နေလို့...မင်းလို ရွှေအင်မော်တယ်တစ်ယောက်ကတောင် မဖြေရှင်းနိုင်ဘဲ အကူအညီတောင်းဖို့အတွက် ပြန်လာရတာလဲ"
ဆုရွှမ်ကျင်းသည် မယုံကြည်နိုင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်၏။
ခန်းမအတွင်းရှိ တခြားအစွမ်းထက်သက်ရှိများသည်လည်း ဟေးယုကို လှမ်းကြည့်လိုက်ကြသည်။
"အရှင်....မင်းလည်း သိထားတာပဲ...အတိတ်က အင်မော်တယ်မြစ်ကုန်းမြေက အမှီအခိုကင်းမဲ့တဲ့ဘုံတစ်ခုပဲ...အဲ့ဒီဘုံရဲ့အဆင့်က အခုအချိန်ကာလထက် အများကြီးပိုပြီးမြင့်မားတယ်"
ဟေးယုက ဆက်လက်၍ ပြောဆိုသည်။
"နောက်ပိုင်းကျမှ အင်မော်တယ်မြစ်ကုန်းမြေမှာ အငြင်းပွားမှုတွေဖြစ်ပွားပြီးတော့ ထိပ်တန်းအဆင့်မဟာစစ်ပွဲကြီးတွေနဲ့ ကြုံခဲ့ရတာကြောင့် အဲ့ဒီဘုံရဲ့ဥပဒေသတော်တော်များများ ပျက်စီးသွားခဲ့တယ်...ဒါကြောင့် အခုလိုနိမ့်ပါးတဲ့အဆင့်မျိုးထိ ယုတ်လျော့သွားတာပဲ"
"ဒါက အမှန်ပဲ...အင်မော်တယ်မြစ်ကုန်းမြေမှာ အဲ့ဒီလိုမျိုး သမိုင်းကြောင်းတစ်ခုရှိတယ်"
ဆုရွှမ်ကျွင်းက ခေါင်းညိတ်ပြကာ မေးမြန်းသည်။
"ဒါပေမယ့် အဲ့ဒီအချိန်တုန်းက အဖြစ်အပျက်တွေနဲ့ ခုကိစ္စက ဘာဆိုင်လို့လဲ"
"ဒါက တိုက်ရိုက်ကို ပတ်သက်နေတယ်....ဒီမတော်တဆမှုရဲ့ရင်းမြစ်က အင်မော်တယ်မြစ်ကုန်းမြေအတွင်းက စစ်မြေပြင်ရဲ့အပျက်အစီးတွေမှာ တည်ရှိနေတယ်"
"အဲ့ဒီအပျက်အစီးနယ်မြေထဲမှာ အစွမ်းထက်တဲ့သက်ရှိတွေအများကြီး သေဆုံးခဲ့ရတာကြောင့်....နှစ်ပေါင်းများစွာ ကြာမြင့်လာတဲ့အချိန်မှာ ကွယ်လွန်သူတွေရဲ့အစွမ်းထက်စိတ်ဝိညာဥ်တွေ စုဝေးပြီးတော့ မသေမျိုး အမျိုးအစားအသစ်တစ်ခု မွေးဖွားလာတယ်"
"အဲ့ဒီမသေမျိုးတွေရဲ့ခွန်အားက အင်မော်တယ်မြစ်ကုန်းမြေရဲ့ဥပဒေသတွေကို ချိုးဖျက်ခဲ့ပြီးတော့....အင်မော်တယ်လမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ အရှင့်ရဲ့ချိပ်စည်းတံဆိပ်ကိုလည်း ကျိုးပျက်သွားစေခဲ့တယ်"
"ငါ အဲ့ဒီနေရာကို စူးစမ်းလေ့လာနေတဲ့အချိန်မှာ ...အဲ့ဒီအပျက်အစီးနယ်မြေက မသေမျိုးတွေရဲ့ ဝိုင်းရံတိုက်ခိုက်တာကို ခံရတယ်...ငါ တစ်ယောက်တည်းနဲ့ အစွမ်းထက်တဲ့မသေမျိုးရှစ်ယောက်ကို ခုနစ်ရက်ခုနစ်ညတိုင်တိုင် ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်...ငါ အဲ့ဒီနေရာမှာ သေသွားလုမတတ်ဖြစ်ခဲ့တာ အကြိမ်ပေါင်းမနည်းဘူး"
"ဒါပေမယ့် အဲ့ဒီချိန်မှာ ငါ တွေးလိုက်မိတာက ငါ သေလို့မရဘူး...ငါက အရှင်ပေးအပ်လိုက်တဲ့ အရေးကြီးတာဝန်တစ်ရပ်ကို ထမ်းဆောင်နေတာ...ငါက အရှင်ဆီကို ပြန်လာပြီးတော့ သတင်းပို့မှရမယ်...မဟုတ်ရင် အဲ့ဒီမသေမျိုးတွေရဲ့ခွန်အား ပိုပြီးကြီးထွားလာမယ်ဆိုရင် အရှင့်အတွက် ပြဿနာကြီးတစ်ခုဖြစ်လာမှာ သေချာပေါက်ပဲ"
"ဒါကြောင့် အဲ့ဒီယုံကြည်ချက်နဲ့...ငါက အသက်ရှင်သန်နိုင်အောင် တောင့်ခံခဲ့ပြီးတော့....နောက်ဆုံးမှာ အထူးနည်းလမ်းတစ်ခုကို အသုံးပြုပြီး ထွက်ပြေးလာခဲ့တာပဲ"
ဟေးယုက တည်ကြည်လေးနက်သောမျက်နှာအမူအယာဖြင့် ရှင်းပြသည်။
သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲမှုများနှင့် သူသည် သေရေးရှင်ရေးကို ကြုံတွေ့လာသည့်အလား ထိတ်လန့်ကြောက်ရွံမှုများ ရစ်ဝဲနေသောအမူအယာမျိုး ထင်ဟပ်နေသည်။
သူ့ကို ဤပုံစံဖြင့် မြင်တွေ့ရသောကြောင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် သူ့ကို မယုံကြည်ဘဲမနေနိုင်တော့ကာ ထိုနေရာတွင် သူတို့ရှိနေခဲ့သည့်အလား ခံစားမိလေ၏။ သူတို့သည် ဟေးယုအစား ကူကယ်ရာမဲ့စွာ ဇောချွေးများပြန်လာကြသည်။
"မင်းက ငါတို့အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေအတွက် တကယ့်ကို ပင်ပင်ပန်းပန်းကြိုးစားခဲ့တာပဲ...ကျေးဇူးတင်ပါတယ်"
ဆုရွှမ်ကျင်းက ဟေးယု၏ပခုံးကိုပုတ်ကာ ချီးမွမ်းစကားပြောဆိုသည်။
"မင်း ကောင်းကောင်းအနားယူပြီးတော့...ကောင်းကောင်းစား ကောင်းကောင်းအိပ်ပါ...တခြားဘာကိုမှ မစိုးရိမ်နဲ့တော့...အင်မော်တယ်မြစ်ကုန်းမြေရဲ့ကိစ္စကို ငါ ဖြေရှင်းလိုက်မယ်"
သို့ရာတွင် ဟေးယုက ကမန်းကတန်း ငြင်းဆိုလိုက်သည်။
"မရဘူး"
ဟေးယုက အလျှော့မပေးသောလေသံဖြင့် ပြောဆိုသည်။
"အရှင်...မင်းက တခြားအရေးကိစ္စတွေနဲ့တင် အရမ်းအလုပ်များနေပြီ...ဘယ်လိုလုပ်ပြီးတော့ ဒီကိစ္စကို မင်းကိုယ်တိုင် ဖြေရှင်းမှာလဲ...ငါ့ကို စစ်ကူတချို့ပဲထည့်ပေးပါ...ငါက သူတို့ကို ခေါ်ပြီးတာနဲ့ အင်မော်တယ်မြစ်ကုန်းမြေကို ပြန်သွားပြီးတော့ မင်းအတွက် လျှို့ဝှက်အန္တရာယ်ဖြစ်လာနိုင်တဲ့ကိစ္စကို ဖြေရှင်းပေးမယ်"
"မင်း...."
ဟေးယု၏စကားများကိုကြားချိန်တွင် ဆုရွှမ်ကျင်းသည် အလွန်အမင်း ဝမ်းသာပီတိဖြစ်သွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဟူး...မင်းလို ထိပ်သီးစစ်ဗိုလ်ချုပ်တစ်ယောက်ရှိတာ ငါ ဆုရွှမ်ကျင်းနဲ့ အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေအတွက် ကောင်းချီးတစ်ခုပဲ"
ထို့နောက် သူသည် တခြားသူများကို ထပ်မံ၍စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။
"ရွှေအင်မော်တယ်ဟေးယုကို ကြည့်ကြအုံး...ပြီးရင် မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်စမ်း...မင်းတို့ မရှက်ကြဘူးလား"
"ဟေးယုက ငါတို့အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေအတွက် ကြိုးစားပမ်းစား ဆောင်ရွက်နေတဲ့အချိန်မှာ....မင်းတို့က သူ့ကို အပုပ်ချနေကြတယ်...မင်းတို့ အေးအေးဆေးဆေး အနားယူပြီး နေနိုင်ကြတယ်မဟုတ်လား"
ဆုရွှမ်ကျင်း၏စကားများကိုကြားချိန်တွင် လူတိုင်းသည် ရှက်ရွံစွာဖြင့် သူတို့၏ခေါင်းများကိုငုံထားကာ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ကြချေ။
"ဟေးယု..."
"ဟုတ်ကဲ့ပါ အရှင်..."
"မင်းက ငါတို့အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေအပေါ် သစ္စာစောင့်သိမှုကို ပြသခဲ့တာကြောင့်...မသေမျိုးတွေရဲ့ခြိမ်းခြောက်လာနိုင်မှုကို ဖြေရှင်းဖို့အတွက် ငါ့ရဲ့ကုန်းမြေထဲက မင်းလိုချင်တဲ့ ဘယ့်သူကိုမဆို ခေါ်သွားဖို့ ငါ မင်းကို အမိန့်လွှဲအပ်လိုက်ပြီ"
"ဟုတ်ကဲ့...ငါက ဒီတာဝန်ကို သေချာပေါက် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပါ့မယ်"
"ဒါပေမယ့် ငါ ထွက်မသွားခင်....ငါ့မှာ တောင်းဆိုချက်နှစ်ခုရှိတယ်"
ဟေးယုက ပြောဆိုသည်။
"ဆက်ပြောပါ...တကယ်လို့ မင်းမှာ အခက်အခဲတစ်ခုခုရှိနေရင်လည်း ငါ့ကိုပြောပါ...ငါ အဲ့ဒါတွေကို မင်းအတွက် ဖြေရှင်းပေးမယ်"
ဆုရွှမ်ကျွင်းက ရက်ရက်ရောရော ပြောဆိုလေ၏။
"ငါ တွေးထားတာက...သူတို့အားလုံးကို အမြစ်ပြတ်သုတ်သင်ဖို့အတွက်....တစ်ခုခုနဲ့ သူတို့ကိုမျှားခေါ်ပြီးတော့ ခြုံခိုတိုက်ခိုက်ရမယ်"
"ဒါကြောင့် ငါက ငါးစာအနေနဲ့ အင်မော်တယ်ဆေးလုံးတချို့လိုအပ်တယ်....ဒါပေမယ့် အရှင် ဘာမှမစိုးရိမ်ပါနဲ့...ဒီဆေးလုံးတွေကို ငါးစာအနေနဲ့ပဲ အသုံးပြုမှာပါ...ငါ အသုံးပြုမှာ မဟုတ်ဘူး"
ဟေးယုက ပြောဆိုသည်။
"အင်မော်တယ်ဆေးလုံးတွေလား"
ဆုရွှမ်ကျင်းသည် မျက်မှောင်ကြုတ်လိုက်သော်လည်း အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် သဘောတူညီလိုက်သည်။
"အရှင့်ကို ကျေးဇူးတင်ပါတယ်"
ဟေးယု၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။ ထို့နောက် သူက ဆက်လက်၍ ပြောဆိုသည်။
"အဲ့ဒီမသေမျိုးတွေက စိတ်ဝိညာဥ်တွေဖြစ်တာကြောင့် သူတို့ကို တိုက်ရိုက်သတ်ဖြတ်ဖို့ အရမ်းခက်ခဲတယ်....ဒါကြောင့် ငါက အရှင်ရဲ့မှော်လက်နက်ဖြစ်တဲ့ စိတ်ဝိညာဥ်စုပ်ယူခြင်းဓားကို ငှားရမ်းချင်ပါတယ်"
"စိတ်ဝိညာဥ်စုပ်ယူခြင်းဓားနဲ့ဆိုရင်...ငါတို့က သူတို့ကို အလွယ်လေးသတ်နိုင်လိမ့်မယ်....ပြီးတော့ သူတို့ရဲ့စိတ်ဝိညာဥ်တွေကို စုပ်ယူပြီးတဲ့နောက်မှာ ဓားရဲ့စွမ်းအားလည်း အများကြီးမြင့်တက်သွားလိမ့်မယ်"
ဤတစ်ကြိမ်တွင်မူ ဆုရွှမ်ကျင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
အင်မော်တယ်ဆေးလုံးများသည်ပင် အဖိုးတန်ရှားပါးသော ရတနာများပင်။ ကုန်းမြေအရှင်ဖြစ်သည့်တိုင် သူ့ထံတွင် အမြောက်အများမရှိချေ။
သို့ရာတွင် သူသည် ဟေးယုကို ကတိပေးပြီးလေပြီ။
စိတ်ဝိညာဥ်စုပ်ယူခြင်းဓားသည်မူ အခြေအနေ ကွဲပြားခြားနားလေ၏။
ဤသည်မှာ သူ၏အကန့်အသတ်ရှိသော ရတနာများအကြားမှ အစွမ်းထက်ဆုံးမှော်ရတနာဖြစ်ပြီး သူ၏အနီးမှ တစ်ကြိမ်တစ်ခါမျှ ဝေးကွာသွားခဲ့ဖူးခြင်းမရှိချေ။
သို့ရာတွင် သူသည် သစ္စာရှိသောဟေးယုကို တစ်ချက်ပြန်ကြည့်ပြီးနောက် အံ့တင်းတင်းကြိတ်ကာ သဘောတူညီလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏လက်အောက်ငယ်သားသည် အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေအတွက် များစွာအကျိုးဆောင်ခဲ့သူပင်။ အကယ်၍ သူ ဤမှော်လက်နက်ကို ငှားရန်းရန် ငြင်းဆန်လိုက်ပါက လူအများသည် သူ့အား စိတ်ပျက်သွားပေမည်။
"အရှင့်ကို ကျေးဇူးတင်ပါတယ်"
ဟေးယုသည် အလွန်ပျော်ရွှင်သွားလေ၏။
အင်မော်တယ်ဆေးလုံးများနှင့် စိတ်ဝိညာဥ်စုပ်ယူခြင်းဓားကို ရယူပြီးနောက် ဟေးယုသည် သားရဲစစ်သည်တစ်စုကို ချက်ချင်းရွေးချယ်ကာ အောက်ဘုံသို့ ပြန်လည်ဆင်းသက်ခဲ့တော့သည်။
Chapter 364
"ကလေးတွေကတော့ ကြည့်ရတာ ဒုက္ခရောက်တော့မယ့်ပုံပဲ"
အောင်းချင်းချိန်သည် စိုးရိမ်သောကရောက်နေသောမျက်နှာနှင့် နံဘေးရှိ အောင်းချင်ကိုကြည့်ကာ ပြောဆိုသည်။
"ဘာဖြစ်လို့လဲ"
အောင်းချင်က ပျာပျာသလဲ မေးမြန်းသည်။
"သူတို့က မိုင်ထောင်ချီဝေးကွာတဲ့နေရာကိုသွားပြီးတော့...ဂိုဏ်းတစ်ဂိုဏ်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်...ပြီးတော့ သူတို့က တစ်ရက်စီ အလှည့်ကျဂိုဏ်းချုပ်လုပ်ပြီးတော့ ဒုန်ရှန်းကျိုးနယ်မြေထဲက တခြားနေရာဆီကို ပြေးသွားကြတယ်"
အောင်းချင်းချိန်က ပြောဆိုလေ၏။
"သြော်...ငါ့ရဲ့ကလေးဆိုးလေးတွေက ငါနဲ့ခပ်ဆင်ဆင်တူသားပဲ"
အောင်းချင်သည် ထိုစကားကိုကြားချိန်တွင် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ဝမ်းသာပီတိဖြစ်သွားကာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
"ဟွန့်...နင် နည်းနည်းလေးတောင် မစိုးရိမ်ဘူးလား...ကလေးတွေက အရမ်းငယ်သေးတယ်...တကယ်လို့ သူတို့က လူဆိုးတွေနဲ့ကြုံနေရရင် ဘယ်လိုလုပ်မလဲ"
အောင်းချင်းချိန်က သူမ၏နူးညံချောမွတ်သော ခြေထောက်ကိုဆောင့်ကာ ပြောဆိုသည်။ သူတို့ကြားရှိ အတားအဆီးကို ချိုးဖျက်ပြီးနောက် သူတို့နှစ်ယောက်၏ဆက်ဆံရေးသည် ယခင်နှင့်မတူညီတော့သည်မှာ သိသာထင်ရှားလှ၏။
ယခင်က မောက်မာဝံ့ကြွားသော အောင်းချင်းချိန်သည် ယခုချိန်တွင် အောင်းချင်၏ရှေ့၌ သူမ၏မိန်းမဆန်သောဘက်ခြမ်းကို ထုတ်ဖော်ပြသနေသည်။
"သူတို့အတွက် မင်း ဘာမှစိုးရိမ်မနေနဲ့...သူတို့ရဲ့အရည်အချင်းတွေကို မင်း မမြင်ဘူးလား...ဘယ်လူဆိုးက သတ္တိကောင်းပြီးတော့ ဒီလိုမျိုးသံမဏိပြားတစ်ချပ်ကို ကန်ကျောက်ဝံ့မှာလဲ"
အောင်းချင်က ရယ်မော၍ပြောဆိုသည်။
"ဆန့်ကျင်ဘက်အနေနဲ့...ငါတို့ရဲ့ ရွှတ်နောက်နောက်သားတွေက အင်မော်တယ်မြစ်ကုန်းမြေကြီးကို တစစီလုပ်မပစ်ရင်...မင်းနဲ့ငါ ကောင်းကင်ဘုံကို ကျေးဇူးတင်ရမယ်"
ထိုစကားကိုကြားချိန်တွင် အောင်းချင်းချိန်သည် နောက်ဆုံး၌ စိတ်ချလက်ချဖြစ်သွားကာ ခေါင်းညိတ်လိုက်၏။
ထိုအကြောင်းကို တွေးတောကြည့်ပါက အောင်းချင်၏စကားများသည် အမှန်ပင်။
အင်မော်တယ်ခုနစ်ယောက်...
ဤသည်မှာ အင်မော်တယ်မြစ်ကုန်းမြေကို အေးအေးလူလူ ဖြတ်သန်းသွားလာနေနိုင်သော စွမ်းအားဖြစ်သည်။
"ကောင်းပြီလေ...သူတို့ကို အပြင်မှာ ခဏလောက်တော့ ဆော့ကစားခွင့်ပြုလိုက်ပါ...မင်းက မျိုးနွယ်ထဲမှာနေပြီးတော့ ငါ မင်းကိုပေးထားတဲ့ဆေးလုံးတွေကို ကောင်းကောင်းစုပ်ယူသင့်တယ်....အဲ့ဒီဆေးလုံးအိတ်ကြီးတစ်အိတ်က မင်းရဲ့အရည်အချင်းတွေ သိသိသာသာတိုးလာဖို့ လုံလောက်မှာပါ"
အောင်းချင်က နူးညံညင်သာစွာ ပြောဆိုသည်။
"အချိန်ကျလာရင်...ငါက မင်းနဲ့ကလေးတွေကို အရှင့်ဆီ ခေါ်သွားမယ်"
"ငါတို့က ခုလောက်ထိ မြန်မြန်ဆန်ဆန်ကြီး ထွက်သွားရမှာလား"
အောင်းချင်းချိန်၏မျက်နှာပေါ်တွင် တွေဝေတုံ့ဆိုင်းနေသော အရိပ်အယောင်တချို့ ထင်ဟပ်နေသည်။
"တကယ်လို့ ငါတို့ အချိန်အကြာကြီး အဝေးမှာနေမယ်ဆိုရင်..အရှင် ဒေါသထွက်လိမ့်မယ်"
အောင်းချင်က ပြောဆိုသည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ"
အောင်းချင်းချိန်သည် သူမ၏ခေါင်းကိုငုံလိုက်ကာ တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ပျာပျာသလဲ ပြောဆိုလိုက်၏။
"သြော် ဒါနဲ့...နင့်ရဲ့အကို အောင်းထျဲက ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ရဲ့ထီးနန်းအရိုက်အရာကို အမြဲတမ်းလိုချင်တပ်မက်နေတယ်...တကယ်လို့ နင်က ထွက်သွားမယ်ဆိုရင် နင်က ထီးနန်းကို သူ့ဆီလွှဲပြောင်းပေးလိုက်တော့မလို့လား"
အောင်းချင်က အောင်းချင်ချိန်ကိုကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။
"နင် ဘာရယ်တာလဲ"
အောင်းချင်းချိန်က ဇဝေဇဝါဖြင့် မေးမြန်းသည်။
"မိန်းမ...မင်း အမြင်ကျယ်ကျယ်ထားစမ်းပါ"
အောင်းချင်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ငါက ကောင်းကင်ဝါးမျို နတ်ဆိုးဝံပုလွေမျိုးနွယ်ရဲ့ သေးငယ်တဲ့ထီးနန်းအရိုက်အရာကို ဂရုစိုက်နေအုံးမယ်လို့ မင်း ထင်နေတာလား"
"အောင်းထျဲကတော့...သူ့ဆန္ဒအတိုင်း လုပ်ပါစေ...တကယ်လို့ သူက ထီးနန်းကိုရသွားရင်တောင် ငါ ဂရုမစိုက်ဘူး"
အောင်းချင်းချိန်သည် အံ့အားသင့်တုန်လှုပ်မှုကြောင့် သူမ၏လျှာကို ကိုက်လိုက်သည်။
အောင်းချင်၏မတုန်မလှုပ် အမူအယာကိုကြည့်ပြီးနောက် သူမသည် သူ၏အမြင်ကို အမှီမလိုက်နိုင်တော့ကြောင်း သူမ ရှာဖွေတွေ့ရှိသွားသဖြင့် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။
သူမ၏ခင်ပွန်းကို ကောင်းကင်ဝါးမျို နတ်ဆိုးဝံပုလွေမျိုးနွယ်ဟူသော မျိုးနွယ်စုငယ်လေးမှ ထပ်မံ၍ချုပ်နှောင်ထားနိုင်မည် မဟုတ်တော့ချေ။
"စီနီယာ...ငါတို့အခု ထွက်ခွာကြတော့မလား"
ထိုအချိန်မှာပင် လီဘီက နှိမ့်ချရို့ကျိုးစွာဖြင့် လုပမ်ဝေကို မေးမြန်းသည်။
လွန်ခဲ့သောရက်အနည်းငယ်အကြာက သူမ၏ပိုင်ဆိုင်မှုများအားလုံးကိုရောင်းချကာ နည်းလမ်းမျိုးစုံဖြင့် အသနားခံတောင်းပန်ခဲ့သည့်အပြင် သူမသည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်၌ အလုပ်ကြမ်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ရသည်။ ထိုအချိန်မှသာ သူမအား အနောက်ဘက်တောင်သို့ ခေါ်ဆောင်သွားမည်ဟု လုပမ်ဝေက အင်တင်တင်ဖြင့် သဘောတူညီခဲ့သည်။
သူမ၏အရည်အချင်းသည် နိမ့်ပါးသော်လည်း သူမသည် သားရဲတစ်ကောင်ဖြစ်နေဆဲပင်။
"အင်း..."
လုပမ်ဝေက ခေါင်းညိတ်ပြပြီးနောက် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ကို နှုတ်ဆက်ကာ အောင်းချင် အောင်းချင်းချိန်နှင့် တခြားသူများကိုခေါ်ဆောင်၍ ထွက်ခွာခဲ့တော့သည်။
လွင်ပြင်၏တစ်ဖက်စွန်း၌...
ရှီးလင်တို့သုံးကောင်သည် မြေပြင်ပေါ်၌ဝပ်တွားနေကာ သူတို့၏မျက်နှာများပေါ်တွင် နာကျည်းမုန်းတီးသောအမူအယာများ ထင်ဟပ်နေသည်။
"အဲ့ဒီအနက်ရောင်ဝတ်ရုံဝတ်လူနဲ့...ကြောက်ဖို့ကောင်းတဲ့လူသားက အရမ်းနက်နဲသိမ်မွေ့တယ်...ဒါပေမယ့် ငါတို့က သူတို့ဆီမှာ ဘယ်တော့မှ လက်အောက်မခံနိုင်ဘူး"
"အမှန်ပဲ...သူတို့က ငါတို့ကို သူတို့ပြုသမျှနုစေချင်ကြတာ...ငါတို့က လုံးဝအညံ့မခံနိုင်ဘူး"
"ဒါပေမယ့် ငါတို့ ထွက်ပြေးဖို့အတွက် နည်းလမ်းတစ်ခုကို သေချာစဥ်းစားရလိမ့်မယ်"
"ဒုတိယအကို ပြောတာအမှန်ပဲ...ငါတို့ တစ်ခုခုလုပ်ဖို့ကို စဥ်းစားရမယ်"
နတ်ဆိုးသားရဲသုံးကောင်သည် ထိုအကြောင်းကိုစဥ်းစားတွေးတောနေရင်း ရုတ်တရက် ရှီးလင်၏မျက်လုံးများ တောက်ပသွားသည်။
"တကယ်လို့ ငါ အမှတ်ရတာ မှန်မယ်ဆိုရင်....လီဘီက ဒုန်ရှန်းကျိုးမှာ ရှိနေတယ်မဟုတ်လား"
ရှီးလင်က မေးမြန်းသည်။
ထိုစကားကိုကြားချိန်တွင် တခြားနတ်ဆိုးသားရဲနှစ်ကောင်၏မျက်လုံးများသည်လည်း ချက်ချင်းတောက်ပသွားပေ၏။
"ဒါက အမှန်ပဲ...အကိုကြီး...ငါတို့က လီဘီဆီကို သတင်းပေးပို့လိုက်မယ်ဆိုရင် သူက ငါတို့ကို လာကယ်လိမ့်မယ်"
Chapter 365
ကံကောင်းထောက်မစွာဖြင့် လုပမ်ဝေသည် သူတို့ကို အမှိုက်ကောင်များအဖြစ် အထင်အမြင်သေးနေသဖြင့် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ထံသို့ ခေါ်ဆောင်သွားခြင်းမပြုချေ။ ထို့ကြောင့် သူတို့အတွက် အခွင့်အရေးတစ်ခု ရှိနေခဲ့သည်။
နတ်ဆိုးအင်မော်တယ်သုံးကောင်သည် စိတ်ပိုင်းဖြတ်ပြီးနောက် စတင်၍ လှုပ်ရှားလိုက်တော့သည်။
သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များ ချိပ်ပိတ်ခံထားရကာ ဤနေရာတွင် သူတို့သည် အကန့်အသတ်ဖြင့်သာ လှုပ်ရှားနိုင်သော်လည်း နတ်ဆိုးသားရဲအချင်းချင်း ဆက်သွယ်နိုင်ရန်အတွက် သူတို့ထံတွင် ကိုယ်ပိုင်နည်းလမ်းများရှိသည်။
ရုတ်ချည်းဆိုသလိုပင်....
သူတို့သည် စွမ်းအားလှုပ်ခတ်မှုတချို့ကို ထုတ်လွှတ်လိုက်သည်။
သူတို့သည် အသေးစိတ်အချက်အလက်များကို ပေးပို့နိုင်ခြင်းမရှိသော်လည်း လီဘီသည် ဤစွမ်းအားလှုပ်ခတ်မှုများကို ခံစားမိသည်နှင့် သူတို့အား လာရောက်ကယ်တင်ပေလိမ့်မည်။
လမ်းတလျှောက်၌ အလျှင်အမြန်လျှောက်လှမ်းရင်း လီဘီသည် လုပမ်ဝေ၏ပခုံးကို မထိတထိရိုက်ပုတ်လိုက်သည်။
သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်း၌ ဇဝေဇဝါဖြစ်သွားလေ၏။
ဤှအရိုးစုသည် သူမ၏ရိုက်ပုတ်မှုမှ တစ်စုံတစ်ခုကို အမှန်တကယ် မခံစားမိသလော.....
ထိုအချိန်မှာပင် လီဘီသည် ရှီးလင်တို့နတ်ဆိုးအင်မော်တယ်သုံးကောင်၏ဆင့်ခေါ်မှုကို အာရုံခံမိသည်။
"အမ်..."
"ခေါင်းဆောင်အင်မော်တယ်သုံးကောင်က အစောကြီးကတည်းက အင်မော်တယ်နယ်မြေကို တက်လှမ်းသွားတာမဟုတ်လား...သူတို့က အခု ဘာလို့ ဒီနေရာကိုရောက်နေတာလဲ"
လီဘီ၏စိတ်နှလုံးသားအတွင်း၌ သံသယများဖြင့် ပြည့်နှက်သွားသည်။
ထို့ပြင် သူမသည် ရှီးလင်တို့နတ်ဆိုးအင်ပါယာသုံးကောင်ထံ သွားလိုလျှင်ပင် ယခုချိန်၌ သူမထံတွင် သူမ၏အရှင်သခင်ရှိနေလေပြီ။
အစောပိုင်းက သူမ၏ခြေလှမ်းများ အနည်းငယ်တုံ့ဆိုင်းသွားချိန်တွင် လုပမ်ဝေသည် သူမကို စူးစူးဝါးဝါး စိုက်ကြည့်နေလေ၏။ ထို့ကြောင့် သူမတစ်ယောက်တည်းဖယ်ခွာ၍ ရှီးလင်တို့ထံသွားရန်မှာ မဖြစ်နိုင်ချေ။
ထို့ပြင် လီဘီကိုယ်တိုင်သည်လည်း ထွက်ခွာသွားလိုခြင်းမရှိပေ။
ဟေးယုသည် လုပမ်ဝေ၏လက်အောက်သို့ဝင်ရောက်နိုင်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် သူမသည်လည်း ဤအခွင့်ရေးကို ခက်ခက်ခဲခဲ ရရှိထားခြင်းဖြစ်သောကြောင့် လက်လွှတ်လိုခြင်းမရှိချေ။
ထို့ကြောင့်....
သူမသည် ချက်ချင်းဆိုသလိုပင် နည်းလမ်းတစ်ခုကို စဥ်းစားတွေးတောလိုက်၏။
ထို့ကြောင့် သူမသည် သူတို့အား သွားရောက်၍မရှာဖွေနိုင်သောကြောင့် သူတို့သည် သူမထံသို့ လာရောက်တွေ့ဆုံနိုင်အောင်ပြုလုပ်ရန် ဆုံးဖြတ်လာသည်။ ထို့နောက် သူတို့သည်လည်း လုပမ်ဝေနှင့်ရီဖုန်းတို့နှစ်ယောက်ထံ သစ္စာထံနိုင်ပေမည်။
သူမ ထိုကိစ္စကို ပို၍တွေးတောမိလေလေ သူမ၏စိတ်နှလုံးသား ပို၍လှုပ်ရှားလာလေလေပင်။
လုပမ်ဝေသည် လက်ဗလာဖြင့် အင်မော်တယ်များကို ဖန်တီးနိုင်စွမ်းရှိသူဖြစ်ကာ ရီဖုန်းသည် လက်သီးတစ်ချက်တည်းဖြင့် အင်မော်တယ်နယ်မြေအတားအဆီးကို ကြေမွှပျက်စီးစေခဲ့သူဖြစ်ပြီစ ပို၍ပင်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။ ဤကဲ့သို့ အစွမ်းထက်တည်ရှိမှုကြီးများနှင့် နီးကပ်စွာနေနိုင်ပါက သူမသည် ဘဝ၏အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနိုင်ပေမည်။
လူအမြောက်အများ ဝမ်းမြောက်ပျော်ရွှင်ရသည်မှာ လူတစ်ယောက်တည်း ဝမ်းမြောက်ပျော်ရွှင်ရသည်ထက် ပို၍ကောင်းမွန်သည်။
နတ်ဆိုးအင်မော်တယ်သုံးကောင်ကို သူမနှင့်အတူ သစ္စာခံရန်အတွက် ဆွဲခေါ်နိုင်ပါက သူမတို့အားလုံးအတွက် တော်ဝင်လမ်းကြောင်း ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့်....
သူမသည် အနောက်ဘက်နတ်ဆိုးတောအုပ်၏ ထူးခြားသောနည်းစနစ်တစ်ခုကို ချက်ချင်းအသုံးပြုကာ စွမ်းအားလှုပ်ခတ်မှုများကို ပျံ့နှံ့သွားစေသည်။
ထို့ပြင် သူမ ထုတ်လွှတ်လိုက်သော စွမ်းအားလှုပ်ခတ်မှုများသည် အဆက်မပြတ်ဖြစ်ကာ သူမ၏တည်နေရာအတိအကျကို နတ်ဆိုးအင်မော်တယ်သုံးကောင် သိရှိနိုင်ပြီး သူမအား အလျှင်အမြန် လာရောက်ရှာဖွေရန် ရည်ရွယ်ထားသည်။
"ဟား...ဟား..."
"ငါ လီဘီရဲ့စွမ်းအားလှုပ်ခတ်မှုကို အာရုံခံမိတယ်...သူက ဒီနေရာကို အပြေးလာနေပြီ"
အဝေးတစ်နေရာ၌....
ရှီးလင်တို့သုံးကောင်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြ၏။
"ဒါကအမှန်ပဲ အကိုကြီး...ငါလည်း အာရုံခံမိတယ်"
ရှီးမြောင်သည်လည်း စိတ်လှုပ်ရှားသွားကာ စွမ်းအားလှုပ်ခတ်မှုလှိုင်းများကို အဆက်မပြတ်ဖြန့်ကျက်ပြီး လီဘီကို သူတို့၏တည်နေရာအတိအကျကို သိရှိနိုင်ရန် ညွှန်ပြလိုက်သည်။
စွမ်းအားလှုပ်ခတ်မှုများကို အချိန်အတော်ကြာသည်အထိ အဆက်မပြတ် ထုတ်လွှတ်ပြီးနောက် နတ်ဆိုးအင်မော်တယ်သုံးကောင်သည် စိတ်မရှည်တော့ချေ။
"အင်း...နတ်ဆိုးအင်မော်တယ်သုံးကောင်က ရှေ့မနီးမဝေးနေရာမှာ ရှိနေတာပဲ...သူတို့က ငါ့ကို ကြိုစောင့်နေတာပဲဖြစ်မယ်"
ရှီးမြောင်နှင့်တခြားသူများ၏ အဆက်မပြတ်စွမ်းအားလှုပ်ခတ်မှုများကို အာရုံခံမိချိန်တွင် လီဘီသည် ခေါင်းညိတ်လိုက်ကာ သူမ၏စိတ်နှလုံးသားအတွင်းရှိ စိတ်လှုပ်ရှားမှုများ ပို၍ကြီးထွားလာသည်။
သူမတို့ဆုံတွေ့ချိန်တွင် သူမသည် လုပမ်ဝေ၏ရှေ့တွင် နတ်ဆိုးအင်မော်တယ်သုံးကောင်အတွက် စကားကောင်းများပြောဆိုကာ ရတနာတချို့ ပေးအပ်လိုက်ပါက သူတို့သည်လည်း သစ္စာခံနိုင်မည်မဟုတ်လော...
ဤအကြောင်းများကို တွေးတောမိရုံဖြင့် သူမ ပီတိဖြာသွားသည်။
နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ဤကဲ့သို့ ကြီးမားသောအခွင့်အရေးတစ်ခုကို သူတို့ထံ ဆောင်ကျဥ်းပေးသည့်အတွက် သူမအား ကျေးဇူးတင်ကြမည်မှာ သေချာပေါက်ပင်။
လီဘီသည် သူတို့နှင့်တွေ့ဆုံရန် မစောင့်ဆိုင်းနိုင်တော့ချေ။
လုပမ်ဝေတို့အုပ်စုသည် လွင်ပြင်တလျှောက် ဖြည်းညှင်းစွာ လျှောက်လှမ်းလာရင်း ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနေကြသည်။ လီဘီသည် ငွေကြေး၏အကျိုးကျေးဇူးများနှင့် ဤနေရာမှမိန်းကလေးများ၏နူးညံညင်သာမှုတို့ကို သူတို့အား ရှင်းပြနေလေ၏။
နောက်ဆုံး၌ အချိန်နာရီဝက်ခန့်ကြာပြီးနောက် လီဘီနှင့်နတ်ဆိုးအင်မော်တယ်သုံးကောင်တို့သည် တစတစ ပို၍နီးကပ်လာလေပြီ။
"သူ ဒီနေရာကိုရောက်လာပြီ"
"လီဘီက ငါတို့ရဲ့ရှေ့မှာ...သိပ်မဝေးတော့ဘူး"
"ဒါက အမှန်ပဲ...ငါတို့ ကယ်တင်ခံရတော့မယ်"
ရှီးလင်တို့သုံးကောင်သည် စိတ်အားထက်သန်စွာဖြင့် သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။
သူတို့သည် မျက်ရည်များစီးကျလာသည်အထိ စိတ်လှုပ်ရှားနေကြလေ၏။
ယခင်အချိန်ကာလများအတွင်းတွင် သူတို့သည် နတ်ဆိုးအင်မော်တယ်များကဲ့သို့ ဆက်ဆံခြင်းမခံရချေ။
သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များ ချိပ်ပိတ်ခြင်းခံထားရကာ သူတို့၏ဂုဏ်သိက္ခာကိုနင်းချေခံရပြီး သူတို့အား အမှိုက်ကောင်များဟုပင် ခေါ်ဆိုခြင်းခံရသည်။
ကံကောင်းထောက်မစွာဖြင့်...
သူတို့ အကျဥ်းသားဖြစ်ခဲ့သောနေ့ရက်များ အဆုံးသတ်တော့ပေမည်။
လွတ်လပ်မှုက သူတို့ကို လက်ယပ်ခေါ်နေလေပြီ။
ထို့နောက် သူတို့သုံးယောက်သည် မျှော်လင့်စောင့်စားနေသော မျက်လုံးအကြည့်များဖြင့် လီဘီ၏စွမ်းအားလှုပ်ခတ်မှုများ ထွက်ပေါ်လာသောနေရာကို မျက်လုံးအပြူးသားဖြင့် စူးစိုက်၍ကြည့်လိုက်ကြသည်။
နောက်ဆုံး၌...
လီဘီ၏ပုံရိပ်သည် သူတို့၏မျက်လုံးများရှေ့၌ ထွက်ပေါ်လာသည်။ နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
"လီဘီ....ဒီနေရာကိုလာခဲ့...ငါတို့ ဒီနေရာမှာရှိတယ်"