← Chapters

အခန်း (၃၆၆-၃၇၀)

Vol. 25 Ch. 366-370

အခန်း (၃၆၆-၃၇၀)

Vol. 25 Ch. 366-370

Chapter 366

ခဏလေး...

နတ်ဆိုးအင်မော်တယ်သုံးကောင်သည် အော်ဟစ်ပြီးနောက် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ရုတ်တရက် သိနားလည်သွားသည်။

အကြောင်းအရင်းမှာ ယခုရောက်ရှိလာသူသည် ရွှေရောင်ကျားသစ်မလီဘီတစ်ကောင်တည်း မဟုတ်သောကြောင့်ပင်။

လီဘီနှင့်အတူ ရှိနေသူများမှာ.....

သူတို့သည် ရောက်ရှိလာသူများ၏ပုံပန်းသွင်ပြင်များကို ရှင်းရှင်းလင်းလင်းမြင်တွေ့ချိန်တွင် နတ်ဆိုးအင်မော်တယ်သုံးကောင်၏မျက်လုံးများ ပြူးကျယ်သွားသည်။

အား...

ကယောင်ကတမ်းအော်သံများက သူတို့၏ပါးစပ်များမှ ထွက်ပေါ်လာသည်။

လီဘီနှင့်အတူ ပါလာသူသည် ချေးထုပ်လုပမ်ဝေဖြစ်နေမည်ဟု သူတို့မျှော်လင့်မထားမိကြချေ။

ရုတ်ချည်းဆိုသလိုပင်...

နတ်ဆိုးအင်မော်တယ်သုံးကောင်၏စိတ်နှလုံးသားများသည် ချောက်နက်ကြီးအတွင်းသို့ ကျသွားသည့်အလား လေးလံသွားပေ၏။

သူတို့သည် တုန်လှုပ်ချောက်ချားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။

ထိုအချိန်ကျမှသာ ရွှေရောင်ကျားသစ်မလီဘီကို ဝံပုလွေပေါက်လေးခုနစ်ကောင်အား ခေါ်ဆောင်ရန်အတွက် ကောင်းကင်ဝါးမျို နတ်ဆိုးဝံပုလွေမျိုးနွယ်ထံ စေလွှတ်လိုက်သူများမှာ သူတို့ဖြစ်ကြောင်း ပြန်လည်အမှတ်ရသွားသည်။

ထို့ပြင် ယခုလက်ရှိနေရာသည် ကောင်းကင်ဝါးမျို နတ်ဆိုးဝံပုလွေမျိုးနွယ်၏ပိုင်နက်နယ်မြေအတွင်း၌ ရှိနေသည်မဟုတ်လော....

ထို့ကြောင့် လီဘီသည်လည်း ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်၏ ပိုင်နက်နယ်မြေအတွင်း၌ ဖမ်းဆီးခံရခြင်းဖြစ်ပေမည်။

သူတို့အား အံ့အားသင့်စေသောအချက်မှာ လီဘီသည် ဖမ်းဆီးခံထားရပုံရသော်လည်း သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် ချိပ်ပိတ်ခြင်းမခံရဘဲ အကောင်းပကတိရှိနေခြင်းပင်။

ရှီးလင်သည် ဤကိစ္စအတွက် အကြောင်းအရင်းကို အလျှင်အမြန် ရှာဖွေဖော်ထုတ်နိုင်ခဲ့လေ၏။

ထို့ကြောင့် သူက အလျင်စလို ပြောဆိုလိုက်သည်။

"ဒီကလေးလီဘီက ငယ်ငယ်ကတည်းက လိမ္မာပါးနပ်တယ်...သူက လုပမ်ဝေရဲ့ဖမ်းဆီးတာကို ခံရပြီးတဲ့နောက်မှာ ယာယီအညံ့ခံထားတာပဲဖြစ်မယ်....လုပမ်ဝေ သတိပေါ့လျော့သွားတဲ့အချိန်ကိုစောင့်ပြီးတော့ သူက အခွင့်ကောင်းရှာပြီး ထွက်ပြေးမလို့ပဲဖြစ်မယ်"

"အကိုကြီးပြောတာအမှန်ပဲ"

ရှီးမြောင်ကလည်း ထောက်ခံလိုက်သည်။

"ကြည့်ရတာတော့ လီဘီရဲ့အခြေအနေက ငါတို့ထက် အများကြီးပိုကောင်းပုံပဲ...သူက ဘယ်လိုဟန်ဆောင်ရမလဲဆိုတာကို သိတယ်...ငါတို့ကတော့ အရမ်းရူးသွပ်မိုက်မဲခဲ့တာကြောင့် ခုလိုမျိုးအဆုံးသတ်ရတာပဲ"

"အကိုကြီးနဲ့ဒုတိယအကိုတို့...ဘာမှစိုးရိမ်ပူပန်နေစရာမလိုတော့ဘူး"

ရှီးတုက နှစ်သိမ့်စကား ပြောဆိုသည်။

"လီဘီရဲ့ဟန်ဆောင်မှုက ငါတို့အတွက် အခွင့်အရေးတစ်ခုပဲ...သူ့ဆီမှာ ကျင့်ကြံဆင့်စွမ်းအားတွေ ရှိနေသရွေ့...ငါတို့ရဲ့အချုပ်အနှောင်တွေကို ဖယ်ရှားပေးဖို့ သူ့ဆီမှာ အခွင့်အရေးရှိနေတုန်းပဲ...ဒါကြောင့် အရာရာတိုင်းကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးက ငါတို့ဆီမှာရှိနေတယ်"

"တတိယညီလေးပြောတာအမှန်ပဲ...နောက်ကျရင် ငါတို့က လီဘီနဲ့ပူးပေါင်းဆောင်ရွက်ရုံပဲ"

ရှီးလင်က ပြောဆိုသည်။

"ဒါပေမယ့် ငါတို့ အခုချက်ချင်း လီဘီကို ခေါ်လို့မဖြစ်ဘူး...မဟုတ်ရင် လုပမ်ဝေက လီဘီရဲ့ကျင့်ကြံဆင့်ကို ချိပ်ပိတ်လိုက်လိမ့်မယ်"

"ဟုတ်တယ်...ဟုတ်တယ်...ဟုတ်တယ်...လီဘီ ဆက်ပြီးဖုံးကွယ်ထားနိုင်သရွေ့..ငါတို့ကိုကူညီပြီးတော့ ချိပ်ပိတ်ခံထားရတာတွေကို ချိုးဖျက်ပေးနိုင်မယ့်အခွင့်အရေး သူ့ဆီမှာ ရှိနေမှာပဲ"

"လီဘီ ဆက်ပြီးဖုံးကွယ်ထားနိုင်ပြီးတော့ ဘာကိုမှ ထုတ်ဖော်မခံရဖို့ ငါ မျှော်လင့်တယ်"

နတ်ဆိုးအင်မော်တယ်သုံးကောင်သည် သူတို့၏စိတ်နှလုံးသားအတွင်း၌ ဗလောင်ဆူနေသော အတွေးများနှင့်အတူ တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် လီဘီကို အချက်ပြလိုက်ကြ၏။

လီဘီသည် နတ်ဆိုးအင်မော်တယ်သုံးကောင်ကို မြင်တွေ့ချိန်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။

အကြောင်းအရင်းမှာ လုပမ်ဝေတို့လူစုထံမှနေ၍ အနောက်ဘက်တောင်အတွင်းသို့ ပြန်ခေါ်သွားရန် နတ်ဆိုးသုံးကောင်ကို ဤနေရာ၌ ချိပ်ပိတ်ထားကြောင်း သူမ ကြားသိပြီးဖြစ်သောကြောင့်ပင်။

ဤနတ်ဆိုးသားရဲသုံး​ကောင်သည် သူမတို့တောအုပ်၏ခေါင်းဆောင်သုံးယောက်ဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။

သို့ရာတွင် လီဘီသည် ဤကိစ္စကို အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိဘဲ အလွန်အမင်းစိတ်လှုပ်ရှားနေသည်။

အကြောင်းအရင်းမှာ သူမ၏အမြင်အရ ဤသည်မှာ ကောင်းမွန်သောကိစ္စတစ်ရပ်ပင်။

အလွန်အမင်း ကောင်းမွန်သောကိစ္စပင်။

သူမသည် နတ်ဆိုးအင်ပါယာသုံးကောင်ကို သူမနှင့်အတူ သစ္စာခံရန် တောင်းဆိုလိုခဲ့သည်။ ယခုကြည့်ရသလောက် ဤသို့ပြုလုပ်ရန် လုံးလုံးလျားလျား လိုအပ်သည့်ပုံမရချေ။

သူမ ပို၍မျှော်လင့်မထားမိသောအချက်မှာ ခေါင်းဆောင်သုံးယောက်သည် ဤအခွင့်အရေးကြီးကို သူမထက်စောစွာ ရရှိထားပြီး လုပမ်ဝေ၏အမိန့်အောက်သို့ ကျရောက်ပြီးဖြစ်နေခြင်းပင်။

ထို့ကြောင့်...

နတ်ဆိုးသားရဲလေးကောင်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

ကွဲပြားခြားနားသော အတွေးများနှင့်....

"ကြည့်ရတာတော့ လီဘီက ငါတို့ရဲ့ရည်ရွယ်ချက်ကို နားလည်ပုံပဲ...သူက အရမ်းလိမ္မာပါးနပ်တယ်"

ရှီးလင်တို့သုံးကောင်သည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။

"ကြည့်ရတာတော့ ခေါင်းဆောင်သုံးယောက်မှာ ငါနဲ့တူတဲ့ အတွေးမျိုးရှိနေပုံပဲ...လုပမ်ဝေနဲ့ဆရာကြီးရီတို့နောက်ကို လိုက်တာက ကြီးမားတဲ့အခွင့်အရေးကြီးပဲ"

လီဘီသည်လည်း ကူကယ်ရာမဲ့စွာ သက်ပြင်းရှိုက်လိုက်၏။

နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် ထပ်မံ၍ကြည့်လိုက်ကြသည်။

သူတို့၏မျက်လုံးများအတွင်း၌ အလင်းတန်းများတောက်ပနေကာ သူတို့က တိတ်တဆိတ်ခေါင်းညိတ်လိုက်ကြသည်။

"သြော်...."

ထိုအချိန်မှာပင် လုပမ်ဝေသည် အဝေးတစ်နေရာကိုလှမ်းမျှော်ကြည့်ကာ ဖြည်းညှင်းစွာပြောဆိုသည်။

"ဟေးယုက တော်တော်လေးစွမ်းဆောင်နိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"အမှန်ပဲ...ကြည့်ရတာတော့ သူက အများကြီးခေါ်လာပုံပဲ"

အောင်းချင်ကလည်း အဝေးရှိ မိုးကောင်းကင်ယံထံကြည့်ကာ သဘောတူညီလိုက်သည်။

"အဲ့ဒီနေရာကိုသွားပြီး တစ်ချက်ကြည့်ကြစို့"

လုပမ်ဝေက ပြောဆိုပြီးနောက် လီဘီကိုကြည့်ကာ အမိန့်ပေးလိုက်၏။

"မင်း...အဲ့ဒီကောင်သုံးကောင်ကို စောင့်ကြည့်ထားစမ်း...ငါတို့ မကြာခင်ပြန်လာမယ်"

ထိုသို့ပြောဆိုပြီးနောက် လုပမ်ဝေတို့ညီအကိုလေးယောက်သည် အဝေးသို့ ပျံသန်းသွားတော့သည်။

လုပမ်ဝေတို့ ပျံသန်းသွားသည်ကိုကြည့်ပြီး ရှီးလင်တို့သုံးကောင်သည် အလွန်စိတ်လှုပ်ရှားသွားကာ ခုန်ပေါက်မိတော့လုမတတ်ပင်။

လီဘီ၏စွမ်းဆောင်ရည်မှာ လွန်စွာကောင်းမွန်သည်။

သူမသည် ဟန်ဆောင်နေရင်း လုပမ်ဝေ၏ယုံကြည်ချက်ကို အလျှင်အမြန် ရရှိခဲ့လေ၏။

အလွန်ကောင်းမွန်သော ပါရမီအရည်အချင်းပင်။

ဤသည်မှာ သူတို့အတွက် အရာရာတိုင်းကို ပြောင်းပြန်လှန်နိုင်သော အခွင့်အရေးကြီးဖြစ်သည်။

သူတို့သုံးယောက်ကို စောင့်ကြည့်နေသော လီဘီကိုကြည့်ပြီး ရှီးလင်က အော်ဟစ်လိုက်သည်။

"လီဘီ....ဟန်ဆောင်နေတာကို ရပ်လိုက်တော့...ငါတို့ကိုကူညီပြီးတော့ ချိပ်ပိတ်ထားတာတွေကို ဖယ်ရှားပေးစမ်း...အရိုးစုကောင်ရဲ့လက်ခုပ်တွင်းကနေ ငါတို့ ထွက်ပြေးရမယ်"

Chapter 367

လီဘီသည် ရှီးလင်တို့နတ်ဆိုးအင်မော်တယ်သုံးကောင်ကိုကြည့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ခေါင်းဆောင်ကြီးတို့....ငါ့မှာ ဒီချိပ်ပိတ်ထားမှုကို ချိုးဖျက်ပေးနိုင်တဲ့ အရည်အချင်းမျိုးမရှိဘူး....တကယ်လို့ ငါ့မှာ အဲ့ဒီအရည်အချင်းမျိုး ရှိနေရင်တောင် ငါက နင်တို့ကိုကူညီပြီးတော့ ချိုးဖျက်ပေးမှာမဟုတ်ဘူး"

"ဘာလို့လဲ"

ရှီးလင်က ဇဝေဇဝါဖြင့် မေးမြန်းသည်။

ယခုချိန်၌ လုပမ်ဝေတို့လူစု ထွက်ခွာသွားပြီဖြစ်ရာ ဤသည်မှာ နတ်ဘုရားများမှပေးအပ်သော အခွင့်အရေးကောင်းကြီးပင်။

"ဘာလို့လဲဆိုရင် ငါက နင်တို့ကိုကူညီပြီးတော့ ချိပ်ပိတ်ထားတာတွေကို ဖယ်ရှားပေးလိုက်မယ်ဆိုရင် အရှင်လု စိတ်ဆိုးသွားမှာမလို့ပဲ"

လီဘီက ပြောဆိုသည်။

ရှီးလင်တို့နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ကြက်သေသေသွားလေ၏။

ရှီးလင်က ကူကယ်ရာမဲ့စွာဖြင့် ရယ်မောကာ ပြောဆိုသည်။

"လီဘီ...ဒါက စနောက်နေရမယ့် အချိန်မဟုတ်ဘူး...ငါတို့ကို ကူညီပြီးတော့ ချိပ်ပိတ်ထားတာကို မြန်မြန်လေး ဖယ်ရှားပေးစမ်းပါ"

"အမှန်ပဲ...အမှန်ပဲ...လီဘီ....မင်းက အခွင့်အရေးရဖို့အတွက် အဲ့ဒီအရိုးစုရဲ့ရှေ့မှာ ဟန်ဆောင်နေတာမဟုတ်လား....မင်းက အဲ့ဒီအရိုးစုရဲ့လက်အောက်ငယ်သား တကယ်ဖြစ်သွားတာတော့ မဟုတ်လောက်ပါဘူး"

"အချိန်ကုန်တာမြန်တယ်...ချိပ်ပိတ်ထားတာကို မြန်မြန်ဖယ်ရှားပေးစမ်းပါ...မဟုတ်ရင် အဲ့ဒီအရိုးစုကောင် ပြန်လာတာနဲ့ ငါတို့ထွက်သွားလို့ရမှာ မဟုတ်ဘူး"

အနီးရှိ ရှီးမြောင်နှင့်ရှီးတုတို့က တိုက်တွန်းနှိုးဆော်လေသည်။

သို့ရာတွင်...

လီဘီသည် မျက်မှောင်ကြုတ်၍ ရှီးလင်တို့သုံးကောင်ကိုကြည့်ကာ ဖြူရော်နေသောမျက်နှာနှင့် မေးမြန်းသည်။

"ဒါဆိုရင် ခေါင်းဆောင်ကြီးတို့ အခုပြောနေတာတွေရဲ့ အဓိပ္ပါယ်က....နင်တို့က ရိုးရိုးသားသားနဲ့အညံ့ခံခဲ့တာ မဟုတ်ဘူးပေါ့"

"ဟုတ်တယ်လေ...ငါတို့က အညံ့မခံနိုင်ဘူး"

"အမှန်ပဲ...အဲ့ဒီအရိုးစုကောင်နဲ့အဲ့ဒီလူသားက ငါတို့ထက် နည်းနည်းလေးပိုပြီး သန်မာအားကောင်းနေတာနဲ့ပဲ....ငါတို့က ဘာလို့ အညံ့ခံရမှာလဲ"

"ဟုတ်တယ်...ငါတို့က သူ ဖမ်းဆီးတာကို ခံခဲ့ရတယ်...သူ့ရဲ့ချုပ်နှောင်ထားမှုကို ငါတို့ ခံခဲ့ရတယ်...ဒါပေမယ့် သူက ငါတို့ရဲ့ခန္ဓာကိုယ်တွေကိုပဲ ထိန်းချုပ်လို့ရမယ်...ငါတို့ရဲ့စိတ်နှလုံးသားကို မရနိုင်ဘူး"

"ငါတို့ အညံ့ခံဖို့ဆိုတာ မဖြစ်နိုင်ဘူး...ငါတို့ သေသွားမယ်ဆိုရင်တောင် လုံးဝမဖြစ်နိုင်ဘူး"

"ငါတို့က အနောက်ဘက်နတ်ဆိုးတောအုပ်ရဲ့ခေါင်းဆောင် နတ်ဆိုးအင်မော်တယ်တွေ....ငါတို့လို ဂုဏ်သိက္ခာမြင့်မားတဲ့သူတွေက ဘယ်လိုလုပ်ပြီးတော့ နိမ့်ကျတဲ့အရိုးစုတစ်ကောင်ရဲ့လက်အောက်မှာ အညံ့ခံနိုင်မှာလဲ"

ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးအင်ပါယာသုံးကောင်၏မျက်နှာများ နီမြန်းနေကာ ခိုင်မာပြတ်သားသောအသံများဖြင့် ပြောဆိုလိုက်ကြသည်။

"ခေါင်းဆောင်တို့သုံးယောက်က ခုလိုမျိုး တကယ်ကြီး တွေးတောထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လီဘီက ဖြူရော်နေသောမျက်နှာနှင့် ပြောဆိုသည်။

"အရင်ကတော့ ခေါင်းဆောင်သုံးယောက်က ငါ့လိုမျိုး စိတ်ပါလက်ပါနဲ့ အညံ့ခံခဲ့တာလို့ ငါ ထင်ထားခဲ့တယ်"

လီဘီ၏စကားများကိုကြားချိန်တွင် နတ်ဆိုးအင်မော်တယ်သုံးကောင်လုံး အံ့အားသင့်တုန်လှုပ်သွားသည်။

"လီဘီ...မင်း...."

"မင်း...မင်း...မင်း တကယ့်ကို..."

ဤအချိန်အခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေကာ လီဘီကို လက်ညှိုးထိုး၍ နာကျင်ကြွေကွဲစွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

လုပမ်ဝေ၏ရှေ့ရှိ လီဘီ၏အပြုအမူများသည် ဟန်ဆောင်နေခြင်းမဟုတ်ဘဲ အစစ်အမှန်ဖြစ်နေမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

"မင်းက ငါတို့ကို တကယ်ကြီး စိတ်ပျက်စေခဲ့တာပဲ"

"ဒါက အမှန်ပဲ..ငါတို့က ဘယ်သူတွေမလို့လဲ...အနောက်ဘက်နတ်ဆိုးတောအုပ်ရဲ့နတ်ဆိုးအင်မော်တယ်တွေလေ...တစ်ယောက်ယောက် စေခိုင်းတာကို လုပ်ရမယ့်သူမျိုးတွေလား"

နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ချက်ချင်းဆိုသလိုပင် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။

သူတို့၏စိတ်နှလုံးသားများအတွင်းရှိ တုန်လှုပ်ချောက်ချားမှုများသည် အချိန်အတော်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိချေ။

သူတို့ အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ရကာ တစ်ခုတည်းသော ဝှက်ဖဲလည်းဖြစ်သည့် လီဘီသည် တစ်ဖက်လူများ၏နောက်လိုက်ဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

ထိုမြင်ကွင်းကိုကြည့်ပြီး...

လီဘီက စိုးရိမ်ပူပန်စွာဖြင့် အလျှင်အမြန်ရှင်းပြသည်။

"ခေါင်းဆောင်ကြီးတို့....ငါ ဒီကိစ္စကို သေချာစဥ်းစားပြီးပြီ...ငါက နင်တို့ကို ငါနဲ့အတူအညံ့ခံဖို့ စိတ်ရင်းနဲ့ တောင်းပန်ပါရစေ"

"ဟမ့်..."

"မင်း ဘာစကားမှထပ်ပြောနေစရာမလိုဘူး...လမ်းကြောင်းမတူတဲ့သူတွေက အတူပူးပေါင်းပြီး ဆောင်ရွက်လို့မရဘူး"

ရှီးလင်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"ဒါက အမှန်ပဲ...ငါတို့ အညံ့ခံဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ရှီးမြောင်နှင့်ရှီးတုတို့ထံမှ ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်သောအသံများ ထွက်ပေါ်လာသည်။

"ခေါင်းဆောင်တို့သုံးယောက်က အရမ်းမှားနေပြီ"

လီဘီက စိတ်အားထက်သန်စွာဖြင့် ပြောဆိုသည်။

"ဒါက ငါတို့ အနောက်ဘက်နတ်ဆိုးတောအုပ်အတွက် အခွင့်အရေးတစ်ခုဖြစ်ပြီးတော့...ခေါင်းဆောင်တို့သုံးယောက်အတွက်လည်း နတ်ဘုရားတွေက ပေးအပ်တဲ့ မဟာအခွင့်အရေးကြီးပဲ...ဘာလို့ ဒါကို နင်တို့က ဖမ်းဆုပ်မထားရုံတင်မကဘူး...ဘာလို့ နင်တို့ရဲ့လက်နဲ့တွန်းထုတ်နေကြတာလဲ"

"ဘာသောက်ရေးမပါတဲ့ အခွင့်အရေးလဲ"

ရှီးလင်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"အဲ့ဒီအရိုးစုနဲ့လူသားက တကယ့်ကို ကြောက်ဖို့ကောင်းအောင် သန်မာအားကောင်းရင် ကောင်းလိမ့်မယ်...ဒါပေမယ့် သူတို့က ဘယ်လောက်ထိ သန်မာအားကောင်းနိုင်မှာမလို့လဲ...ပြီးတော့ သူတို့က ငါတို့ကို ဘာအခွင့်အရေးတွေ ပေးနိုင်မှာမလို့လဲ"

ထိုစကားကိုကြားချိန်တွင် လီဘီက စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအယာဖြင့် တုံ့ပြန်သည်။

"ခေါင်းဆောင်တို့ကို ကြည့်ရတာ...သူတို့ရဲ့ခွန်အားနဲ့ပတ်သတ်ပြီးတော့ ဘာမှသိသေးပုံမရဘူး"

"ဘာမှမသိဘူးဆိုတာ မင်း ဘာကိုဆိုလိုတာလဲ"

"သန်မာအားကောင်းတာကိုလား"

"ဒါပေမယ့် သူတို့က ဘယ်လောက်ထိ သန်မာအားကောင်းနိုင်မှာမလို့လဲ"

"ဒါက အမှန်ပဲ....ဒီလောက်လေးသန်မာအားကောင်းရုံနဲ့...မိုးကောင်းကင်ကို ချိုးဖျက်နိုင်မှာလား....ငါတို့ရဲ့အနောက်ဘက်နတ်ဆိုးတောအုပ်အတွက် နတ်ဆိုးအင်မော်တယ်တွေ ထပ်ပြီးဖြည့်ပေးနိုင်မှာမလို့လား"

ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးအင်မော်တယ်သုံးကောင်သည် မထီမဲ့မြင်ပြုပြီး အေးစက်စက်အော်ဟစ်ကာ သူတို့၏မျက်နှာများပေါ်တွင် ဘယ်သောအခါမျှ အရှုံးပေးမည်မဟုတ်ဟူသော အမူအယာမျိုး ထင်ဟပ်နေသည်။

Chapter 368

နတ်ဆိုးအင်မော်တယ်သုံးကောင်၏စိတ်နေသဘောထားနှင့် ပြက်ရယ်ပြုမှုတို့ကို ရင်ဆိုင်ရချိန်တွင် လီဘီသည် အလွန်လေးနက်သောစကားများကို ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

"ခေါင်းဆောင်သုံးယောက် ပြောသွားတာတွေက တကယ့်ကို အမှန်တွေပဲ"

"သူတို့က မိုးကောင်းကင်ကို ချိုးဖျက်နိုင်တယ်....ပြီးတော့ သူတို့က လက်ဗလာသက်သက်နဲ့ အင်မော်တယ်တွေကို ဖန်တီးနိုင်တယ်"

ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးအင်ပါယာသုံးကောင်လုံး ကြက်သေသေသွားသည်။

သူတို့သည် လီဘီကိုကြည့်ကာ တပြိုင်နက်တည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။

"ဟား...ဟား...ဟား...."

"လီဘီ...လီဘီ...မင်းက တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတာပဲ...မင်းက အနောက်ဘက်နတ်ဆိုးတောအုပ်ကို သစ္စာဖောက်ရုံတင်မကဘူး...ငါတို့ နတ်ဆိုးသားရဲမျိုးနွယ်တွေရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်...အဲ့ဒီအပြင်ကို မင်းက ငါတို့ကို လှည့်စားဖို့အတွက် ခုလိုကြွားဝါတဲ့စကားမျိုးတွေကို ပြောဆိုဝံ့တယ်"

"ငါတို့ ထွက်လာခဲ့တုန်းက...မင်းကို အနောက်ဘက်နတ်ဆိုးတောအုပ်ရဲ့ဆက်ခံသူအဖြစ် ထုတ်ပြန်ကြေငြာခဲ့တယ်"

"ငါတို့ မျက်လုံးကန်းသွားခဲ့တယ်...ငါတို့ မျက်လုံးကန်းသွားခဲ့မိတယ်"

"မဟုတ်ဘူး....ငါ ကြွားဝါပြောနေတာ မဟုတ်ဘူး...ငါ နင်တို့ကို မလိမ်ဘူး"

လီဘီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"ဟမ့်..."

နတ်ဆိုးအင်မော်တယ်သုံးကောင်သည် အထင်အမြင်သေးမှုအပြည့်ဖြင့် သူမကိုငုံကြည့်ကာ အသံနက်ကြီးဖြင့် ပြောဆိုသည်။

"ဒါဆိုရင် ငါတို့ကို ပြောပြစမ်း...သူတို့က မိုးကောင်းကင်ကို ဘယ်လိုဖျက်ဆီးခဲ့ပြီးတော့ သူတို့ရဲ့လက်ဗလာသက်သက်နဲ့ အင်မော်တယ်တွေကို ဘယ်လိုမျိုး ဖန်တီးခဲ့တာလဲ"

နတ်ဆိုးအင်မော်တယ်သုံးကောင်သည် မေးခွန်းထုတ်လိုသော မျက်လုံးအကြည့်များဖြင့် လီဘီကို စူးစိုက်၍ကြည့်လိုက်ကြသည်။

လီဘီသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိချေ။

လုပမ်ဝေသည် လက်တစ်ဖက်တည်းဖြင့် မိုးကောင်းကင်ယံကို ဆွဲဆုပ်ပြီး အင်မော်တယ်လမ်းကြောင်းကို ဆင့်ခေါ်ကာ ဝံပုလွေပေါက်လေးခုနစ်ကောင်ကို အင်မော်တယ်များအဖြစ်သို့ အတင်းအကြပ်မြှင့်တင်ပေးခဲ့သည့်ကိစ္စကို သူမက သူတို့အား ပြောပြလိုက်သည်။

ထို့နောက် ရီဖုန်းသည် လက်သီးတစ်ချက်တည်းဖြင့် အင်မော်တယ်နယ်မြေ၏အတားအဆီးကို ချိုးဖျက်ခဲ့သည့်ကိစ္စကိုလည်း သူမက သူတို့အား ပြောဆိုလိုက်၏။

“ဟား…ဟား…ဟား… လီဘိ မင်းက သူတို့ရဲ့လှည့်စားတာကို တကယ်ကြီးခံနေရတာပဲ...မင်းက ဒီလိုမျိုးအလိမ်အညာတွေကိုတောင် အသေးစိတ်ကျကျ ဖော်ပြနိုင်ပြီးတော့...အဲ့ဒီကိစ္စတွေကို မင်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသလိုမျိုး လုပ်ကြံပြောဆိုနိုင်တယ်"

ရှီးလင်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဒါက အမှန်ပဲ...မင်းက အဲ့ဒီကိစ္စတွေကို မင်းကိုယ်တိုင် မြင်ခဲ့ရသလိုမျိုး...ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြီး ပြောနေခဲ့တယ်"

ရှီး​တုကလည်း ထောက်ခံလိုက်သည်။

"ခေါင်းဆောင်ရှီးတု ပြောတာအမှန်ပဲ...ငါက အဲ့ဒီကိစ္စတွေကို ငါ့ရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်"

လီဘီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဟမ့်...."

သို့ရာတွင် လီဘီသည် သူတို့၏တုံ့ပြန်မှုအနေဖြင့် အေးစက်စက်နှာတစ်ချက်မှုတ်သံကိုသာ ရရှိခဲ့သည်။

လက်သီးတစ်ချက်တည်းဖြင့် မိုးကောင်းကင်ကိုဖျက်ဆီးခြင်း....

လက်ဗလာသက်သက်ဖြင့် အင်မော်တယ်များကို ဖန်တီးခြင်း....

အဓိပ္ပါယ်မဲ့သော သောက်ရေးမပါသည့်အ ရာများပင်။

အရူးတစ်ယောက်ကသာ ဤစိတ်ကူးယဥ်ဆန်သောစကားများကို ယုံကြည်ပေမည်။

နက်ရှိုင်းသောတောအုပ်အတွင်း၌ ဟေးယုသည် မတူကွဲပြားသောဝတ်စုံများ ဝတ်ဆင်ထားသော လူဆယ်ယောက်ကျော်နှင့် အတူရှိနေသည်။ ထိုလူများအကြားတွင် အမျိုးသားနှင့်အမျိုးသမီးများပါဝင်ကာ တစ်ယောက်ချင်းစီ၏ကိုယ်နေဟန်ထားသည် ကွဲပြားခြားနားပေ၏။

သို့ရာတွင် ချွင်းချက်မရှိဘဲ သူတို့အားလုံးထံမှနေ၍ အားကောင်းသောအရှိန်အဝါများ ထွက်ပေါ်နေသည်။

သူတို့သည် အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေမှ ဟေးယုခေါ်ဆောင်လာသော နတ်ဆိုးအင်မော်တယ်များပင်။

"ဟေးယု....မင်း ကုန်းမြေအရှင်ကို လှည့်စားနေတာလား"

"ဒါက အမှန်ပဲ...မင်းပြောတဲ့ မသေမျိုးတွေက ဘယ်နေရာမှာလဲ...ငါတို့ကို မြန်မြန်ပြောစမ်း...မင်းက တခြားရည်ရွယ်ချက်တွေနဲ့ အရှင့်ဆီက အင်မော်တယ်ဆေးလုံးတွေနဲ့ စိတ်ဝိညာဥ်စုပ်ယူခြင်းဓားကို ယူလာတာမဟုတ်လား"

"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

"တကယ်လို့ မင်း လှည့်စားမှုတစ်ခုခု လုပ်ဝံ့မယ်ဆိုရင် ငါတို့ ပြန်ရောက်သွားတာနဲ့ အရှင်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"

ဤအချိန်တွင် သူတို့အားလုံးသည် စွပ်စွဲပြစ်တင်သောစကားများဖြင့် ဟေးယုကို နားပူနားဆာလုပ်နေကြသည်။

သူတို့သည် အစကဏဦးကတည်းက ဟေးယုကို သဘောကျနှစ်ခြိုက်ခြင်းမရှိချေ။ သူတို့အနက်မှအများစုသည် ဟေးယုထက် ခွန်အားနှင့်အရည်အချင်းအရာတွင် ပို၍သန်မာအားကောင်းပေ၏။

သို့ရာတွင် ဟေးယုသည် သူ၏လျှာစောင်းထက်မှုကို မှီခိုအားထား၍ အကျိုးကျေးဇူးအရဆုံးသူဖြစ်နေခဲ့သည်။

ဤအချိန်တွင် သူသည် သူတို့အားဦးဆောင်လာသူ ဖြစ်နေသောကြောင့် သူတို့အားလုံး ပို၍ပင်မခံချိမခံသာ ဖြစ်နေကြလေ၏။

သို့ရာတွင် သူတို့၏မေးခွန်းများနှင့်ရင်ဆိုင်ရသည့်တိုင် ဟေးယုသည် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။

"မင်းတို့ ဘာတွေအော်ဟစ်နေကြတာလဲ...ဒီနေရာမှာ လိမ်လိမ်မာမာနေကြစမ်း...မင်းတို့ရဲ့ပေါက်ကရစကားတွေနဲ့ ငါ့ကို နားငြီးအောင်မလုပ်ကြနဲ့"

ဟေးယုက မောက်မာထောင်လွှားစွာဖြင့် အော်ဟစ်လိုက်၏။

"ပြီးတော့ အဲ့ဒီခွေးအိုကြီးဆုရွှမ်ကျွင်းအကြောင်းကို ငါ့ရှေ့မှာ မပြောစမ်းနဲ့...ငါ ဒီနေရာမှာ သူ့အကြောင်းကို မကြားချင်ဘူး"

"ဘာ...."

"မင်း..."

"မင်းက အရှင့်ကိုတောင် ခုလိုမျိုး ဆဲဆိုဝံ့တာလား....မင်း သေချင်နေတာလား"

ဟေးယု၏စကားများကြောင့် သူတို့အားလုံး ဒေါသူပုန်ထသွားကြသည်။

သူတို့သည် အစွမ်းထက်သော အရှိန်အဝါများကိုထုတ်ဖော်ကာ ဟေးယုကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြ၏။

သို့ရာတွင် ဟေးယုသည် သူတို့ကို တစ်ချက်ပင်စောင်းငဲ့ကြည့်ဖြင်းမပြုချေ။ သူသည် အပြုံးဖြင့် မိုးကောင်းကင်ယံတစ်နေရာသို့ကြည့်ပြီးနောက် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။

"ဟေးယုက အရှင်လု....အရှင်ခွေး...အရှင်ကင်းခြေမျှားနဲ့ အရှင်ဝက်ဝံနက်တို့ကို အရိုအသေပြုပါတယ်"

မကြာမီမှာပင် လုပမ်ဝေတို့တစ်စုသည် ဟေးယုတို့၏ရှေ့သို့ ရောက်ရှိသွားလေ၏။

ထိုမြင်ကွင်းကိုကြည့်ပြီး အင်မော်တယ်နယ်မြေမှ နတ်ဆိုးအင်မော်တယ်များ၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။

"ငါ အခုသိပြီ...မင်းက အရှင့်ကို သစ္စာဖောက်လိုက်ပြီပဲ"

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ သစ္စာမဲ့ပြီးတော့ အရှင့်ကို သစ္စာဖောက်ဝံ့တာလဲ...မင်း သေမှာကို မကြောက်ဘူးလား"

သို့ရာတွင် ဟေးယုသည် သူတို့ကို လုံးလုံးလျားလျားလျစ်လျှူရှုထားကာ လုပမ်ဝေကိုကြည့်၍ ပြောဆိုသည်။

"အရှင်ဆန်ကုန်မြေလေး....မင်းရဲ့လက်အောက်ငယ်သားက မင်းကို စိတ်ပျက်စေခြင်းမရှိဘဲနဲ့ တာဝန်ကိုပြီးမြောက်အောင်ဆောင်ရွက်ပြီးတော့ ပြန်လာပါပြီ"

"သြော်....ဒါနဲ့..."

"ဆေးလုံးလေးတချို့နဲ့ အင်မော်တယ်လက်နက်လေးတစ်ခု ရှိနေသေးတယ်...ဒါက အရှင်တို့နဲ့ အရှင်တို့ရဲ့နောက်ကွယ်က သခင်အတွက်ဆက်သဖို့ ငါက အပိုအနေနဲ့ ယူလာတာပါ"

ထိုစကားကိုပြောဆိုရင်း ဟေးယုသည် သူ၏သိုလှောင်လက်စွပ်အတွင်းမှ သလင်းကျောက်ကဲ့သို့ကြည်လင်သော ကျောက်စိမ်းပုလင်းတစ်လုံးနှင့် စွမ်းအားလှုပ်ခတ်မှုများ ဖြာထွက်နေသော အနက်ရောင်ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။

ဤဓားမြှောင်ပေါ်တွင် အစွမ်းထက်သော တည်ရှိမှုကြီးများ၏စိတ်ဝိညာဥ်များကို ချိပ်ပိတ်ထားသည့် ချိပ်စည်းတံဆိပ်များ ရှိနေသည်။

ဤသည်မှာ စိတ်ဝိညာဥ်စုပ်ယူခြင်းဓားပင်။

"ကျေးဇူးပြုပြီးတော့ အရှင်က ဒါကို ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါ"

ဟေးယုက ရိုသေလေးစားစွာဖြင့် ထိုအရာများကို လက်ကမ်းပေးလေသည်။

"ဘာ...."

ဤမြင်ကွင်းကြောင့် နတ်ဆိုးအင်ပါယာများ၏ စိတ်နှလုံးသားများ ဗလောင်ဆူသွားသည်။

"မင်းက တခြားသူတွေကိုပေးဖို့အတွက်....အရှင့်ကိုလှည့်စားပြီး အင်မော်တယ်ဆေးလုံးတွေနဲ့စိတ်ဝိညာဥ်စုပ်ယူခြင်းဓားကို ယူလာဝံ့တယ်"

"သစ္စာဖောက်..."

"မင်း သေသင့်တယ်...ကောင်းကင်ဘုံက မိုးကြိုးလှိုင်းငါးလှိုင်းနဲ့ မင်းကို ရိုက်ခတ်ပါစေ"

"မင်းက စဥ်းတောင်မစဥ်းစားရဲတဲ့ ပြစ်ဒဏ်မျိုးကို ခံရသင့်တယ်"

"အရှင်က မင်းကို သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး....မင်းက မြေပြင်ပေါ်မှာဖြစ်ဖြစ် မိုးကောင်းကင်ယံမှာဖြစ်ဖြစ် ခြေချစရာ နေရာရှာတွေ့မှာမဟုတ်ဘူး"

ဒေါသတကြီးကျိန်ဆဲသံများက လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။

သို့ရာတွင် ဟေးယုသည် မထီမဲ့မြင်ပြုသည့်အလား သူ၏နားရွက်များကို လှုပ်ခတ်လိုက်သည်။

ထို့နောက် သူသည် လုပမ်ဝေ၏အနီးသို့ ချဥ်းကပ်သွားကာ အကြောက်အလန့်ကင်းမဲ့စွာဖြင့် မောက်မာထောင်လွှားစွာ ပြောဆိုသည်။

"အရှင်လု....ငါ့ရဲ့နောက်က အဲ့ဒီကောင်တွေက မင်း ငါ့ကိုခေါ်လာဖို့ အမိန့်ပေးထားတဲ့ နတ်ဆိုးသားရဲတွေပါ...သူတို့တွေက တစ်ချိန်လုံး တကျည်ကျည်နားပူနေတာ...ကျေးဇူးပြုပြီးတော့ သူတို့အားလုံးကို မြန်မြန်လေးသတ်ပေးပါ"

Chapter 369

"ဘာအရှင်လဲ"

"အောက်ဘုံက အသေးအမွှားလေးတွေကများ...သူတို့ကိုယ်သူတို့ နတ်ဘုရားတွေလို ဟန်ဆောင်ပြီးတော့ ငါတို့အားလုံးကို တစ်ချက်တည်းနဲ့ဖျက်ဆီးမယ်လို့ ပြောဝံ့တယ်"

"ဒါက တကယ့်ကို ရယ်စရာကောင်းတာပဲ"

ဟေးယု၏စကားများကြောင့် လက်ရှိနေရာတွင်ရှိနေသော နတ်ဆိုးအင်မော်တယ်များထံမှနေ၍ ကျယ်လောင်သောရယ်မောသံများ ပွင့်အံ့ထွက်လာသည်။

အထူးသဖြင့် ဤနတ်ဆိုးအင်မော်တယ်များအနက်မှ တိမ်တိုက်ဆင်ဟုအမည်ရသော တစ်ကောင်ပင်။ သူသည် သူ၏ဧရာမဆင်ခန္ဓာကိုယ်ကြီးနှင့်အကန့်အသတ်မရှိသောခွန်အားကို အမှီပြုကာ အဆင့်တူအတွင်းတွင် သူ့အားယှဥ်ပြိုင်နိုင်သူဟူ၍ အနည်းစုသာရှိသည်။ ထို့ကြောင့် သူသည် ဟေးယုကို အနည်းငယ်မျှ အလေးအနက်မထားချေ။

ဤအချိန်အခိုက်အတန့်တွင် သူက အေးစက်တင်းမာသောလေသံဖြင့် ပြောင်ပြောင်တင်းတင်း လှောင်ပြောင်သရော်လိုက်၏။

"ဟေးယု...ယေးယု...အစကတော့ မင်းက ရည်မှန်းချက်အရမ်းကြီးပြီးတော့ ကုန်းမြေအရှင်ကို သစ္စာဖောက်ခဲ့တာလို့ ငါ ထင်ခဲ့တာ...မင်းရဲ့အမြင်အာရုံတွေက ဒီလောက်ထိကန်းပြီးတော့...ဒီလိုနိမ့်ကျတဲ့ကောင်မျိုးတွေကိုတောင် မစူးစမ်းနိုင်ဘဲဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"တကယ့်ကိုပဲ...."

"ငါတို့က ကုန်းမြေအရှင်အတွက် အကျိုးဆောင်ပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖွေနေခဲ့တာ...အဲ့ဒီလိုအချိန်မှာ မင်းက ခုလိုမျိုး သေးငယ်တဲ့လှည့်ကွက်တွေကို လုပ်ဆောင်ခဲ့တယ်...ဒီလိုဆိုမှတော့ ငါတို့က မင်းကိုဖမ်းဆီးပြီးတော့ စိတ်ဝိညာဥ်စုပ်ယူခြင်းဓားနဲ့အတူ ကုန်းမြေအရှင်ဆီ ပြန်ခေါ်သွားရလိမ့်မယ်"

သို့ရာတွင် တိမ်တိုက်ဆင်နှင့်တခြားနတ်ဆိုးအင်ပါယာများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ဟေးယုသည် လုပမ်ဝေ၏နောက်၌ မတ်တတ်ရပ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"တိမ်တိုက်ဆင်...မင်းလို ဟောင်ဖွာဖွာပဲပြောဝံ့တဲ့ ပုရွက်ဆိတ်တစ်ကောင်ကများ...မင်းက ဒီနေရာမှာ မဆင်မခြင်ပြောလို့ရမယ်လို့ ထင်နေတာလား....လာခဲ့စမ်း...မင်းမှာ သတ္တိရှိရင် ဒီနေရာကိုလာခဲ့လေ...ငါ ဟေးယုက ဒီနေရာမှာ မတ်တတ်ရပ်ပြီးတော့ မင်းကို စောင့်နေမယ်...တကယ်လို့ မင်း ငါ့ရဲ့အမွှေးတစ်ချောင်းကိုထိနိုင်ရင်...ငါက မင်းရဲ့မျိုးရိုးနာမည်ကို ပြောင်းလိုက်မယ်"

ဟေးယု၏မောက်မာထောင်လွှားသော အမူအယာကြောင့် တိမ်တိုက်ဆင်သည် ချက်ချင်းဒေါသူပုန်ထသွားလေ၏။

"ဝုန်း...."

သူသည် ရုတ်တရက် ကြီးမားသောခန္ဓာကိုယ်ကြီးအဖြစ်သို့ အသွင်ပြောင်းလဲလိုက်သည်။ သူ၏ဧရာမခန္ဓာကိုယ်ကြီးသည် တိမ်တိုက်များအတွင်းထိ ထိုးဖောက်ဝင်ရောက်နေပေ၏။ အလွန်မြင့်မားသောနေရာမှနေ၍ သူက ဟေးယုကို ငုံကြည့်လိုက်သည်။

"ဟေးယု..မင်း ငါ့ကို ခုလိုမျိုး ရန်စစော်ကားခဲ့မှတော့...ငါ့ရဲ့တိုက်ခိုက်မှုကို မင်း ခံယူရမယ်...ဒီနေရာကိုထွက်လာပြီးတော့ အသေခံစမ်း"

တိမ်တိုက်ဆင်၏အသံ မြည်ဟိန်းလာကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

တိမ်တိုက်ဆင်၏ကြီးမားသောအရှိန်အဝါကို ခံစားမိချိန်တွင် ဟေးယု၏ခေါင်း မူးနောက်နောက်ဖြစ်သွားကာ သူ၏မျက်နှာပေါ်တွင် စိတ်မအေးမှုများဖြင့် ပြည့်နှက်သွားသည်။ သူသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်၏။

"မင်း...မင်း ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး...ဘာလို့လဲဆိုရင် ငါ့ဘက်မှာ အရှင်လု ရှိနေလို့လဲ...အရှင်လုက လက်သီးတစ်ချက်တည်းနဲ့ မင်းကို မုန့်မုန့်ညက်ညက်ကျေအောင် ဖျက်ဆီးပစ်နိုင်တယ်"

ထိုသို့ပြောဆိုပြီးနောက် သူ၏ခန္ဓာကိုယ်ကိုကျုံကာ လုပမ်ဝေ၏နောက်သို့ တိုးဝင်လိုက်သည်။

"သြော်..."

တိမ်တိုက်ဆင်က လုပမ်ဝေကို ခက်ထန်တင်းမာသောအကြည့်ဖြင့်ကြည့်ကာ အသံနက်ကြီးဖြင့် မေးမြန်းသည်။

"ဟေးယုက အခု မင်းဘက်ကို ကူး​သွားပြီးတော့...ခုလောက်ထိ အရမ်းချီးမွမ်းနေပုံထောက်ရင်...မင်းက အရမ်းအစွမ်းထက်တဲ့လူတစ်ယောက်များ ဖြစ်နေသလား"

"ငါ့ရဲ့အရှင်လုက အရမ်းအစွမ်းထက်တယ်...ခုဏက ငါပြောတာကို မင်း မကြားဘူးလား...သူက မင်းကို လက်သီးတစ်ချက်တည်းနဲ့ မုန့်မုန့်ညက်ညက်ကြေအောင် ဖျက်ဆီးပစ်နိုင်တယ်"

ယေးယုက လုပမ်ဝေ၏နောက်မှ ခေါင်းပြူထွက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဟား... ဟား...ဟား....လက်သီးတစ်ချက်တည်းနဲ့ ငါ့ကို မုန့်မုန့်ညက်ညက်ကြေအောင် ဖျက်ဆီးပစ်မယ်တဲ့လား"

တိမ်တိုက်ဆင်က အော်ဟစ်ရယ်မောလိုက်သည်။

တောင်တစ်လုံးစာ အရွယ်အစားရှိသည့် သူ၏ကြီးမားသောခြေထောက်ကြီးကို မြေပြင်ပေါ်သို့ဆောင့်ကာ သူက လုပမ်ဝေကိုကြည့်ပြီး လှောင်ပြောင်သရော်သည်။

"ဒါဆိုရင် မင်းက ငါ့ကို လက်သီးတစ်ချက်တည်းနဲ့ ငါ့ကို မုန့်မုန့်ညက်ညက်ကြေအောင် တကယ်ကြီးဖျက်ဆီးနိုင်မှာလား"

"တကယ်ဆိုရင်တော့ မရဘူး...ငါ့ရဲ့လက်သီးတစ်ချက်နဲ့ မင်းကို သေချာပေါက် မုန့်မုန့်ညက်ညက်ကြေအောင် ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"

ပြပွဲကောင်းကိုစောင့်ကြည့်နေသော လုပမ်ဝေထံမှနေ၍ နောက်ဆုံး၌ စကားသံထွက်ပေါ်လာသည်။

"ဟား..ဟား...ဟား...ဟေးယုနဲ့ယှဥ်ရင် အနည်းဆုံးတော့ မင်းက အသိတရားရှိပုံပဲ"

တိမ်တိုက်ဆင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

သူ၏ထင်မြင်ချက်အရ ဤအရှင်လုဟူသောလူထံတွင် ခွန်အားများစွာ ရှိပုံမရချေ။ ဟေးယုသည် မည်သည်ကြောင့်အရူးထပြီး သူတို့ကို ရန်စစော်ကားဝံ့သူကို သူ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။

သို့ရာတွင် အစောပိုင်းက ခြိမ်းခြောက်စကားပြောဆိုပြီးနောက် အတိအကျသိရှိလိုက်သည်မှာ....

ဤလုပမ်ဝေသည် လူကြောက်တစ်ယောက်ပင်။

ထို့ပြင် ဟေးယု၏မျက်နှာအမူအယာသည်လည်း ပြောင်းလဲသွားပေ၏။

သူသည် စိုးရိမ်ပူပန်တကြီးဖြင့် လုပမ်ဝေကိုကြည့်ကာ အော်ဟစ်လိုက်သည်။

"အရှင်...မင်းရဲ့ခွန်အားက လက်သီးတစ်ချက်တည်းနဲ့ သူ့ကို မုန့်မုန့်ညက်ညက်ကြေအောင်လုပ်ဖို့ လုံလောက်တယ်ဆိုတာ အသိသာကြီးလေ....ဘာလို့ မင်းက မလုပ်နိုင်ဘူးလို့ ပြောရတာလဲ...အရှင်...မင်း ငါ့ကို မကျီစားပါနဲ့...ငါက အရှင့်ကိုယုံပြီးတော့ အားလုံးကို အလောင်းအစားလုပ်ထားခဲ့တာ..."

လုပမ်ဝေက ဟေးယုကိုလှည့်ကြည့်ကာ တုံ့ပြန်မေးမြန်းသည်။

"ငါက သူ့ကို လက်သီးတစ်ချက်တည်းနဲ့ မုန့်မုန့်ညက်ညက်ကြေအောင် လုပ်နိုင်တယ်လို့...ငါ ဘယ်ချိန်တုန်းက ပြောခဲ့တာလဲ"

"အမ်...အရှင်..."

ဟေးယုသည် ချက်ချင်းဆိုသလိုပင် စိုးရိမ်ပူပန်သွားသည်။

ဖြစ်နိုင်သည်မှာ လုပမ်ဝေသည် သူ စိတ်ကူးယဥ်တွေးတောထားသလောက် သန်မာအားကောင်းခြင်းမရှိသလော....

သို့ရာတွင် သူ၏လက်ဗလာသက်သက်ဖြင့် အင်မော်တယ်များကို ဖန်တီးနိုင်ခဲ့သည်ကို ပြန်လည်တွေးတောကြည့်ပါက တစ်စုံတစ်ခုလွဲချော်နေပြီမဟုတ်လော....

သို့ရာတွင် တိမ်တိုက်ဆင်တို့တစ်စုသည် သရော်တော်တော်အမူအယာများဖြင့် အော်ဟစ်ရယ်မောလိုက်ကြ၏။

"ဟေးယု...ယေးယု....အခုကြည့်ကြည့်တော့မှ မင်းရဲ့သခင်အသစ်က မင်းထင်ထားသလို အစွမ်းမထက်ဘူးပဲ"

"အမှန်ပဲ...ဟေးယု..မင်း ဘယ်လိုဖြစ်ပြီးတော့ စိတ်ရူးပေါက်သွားတာလဲ"

"မင်းရဲ့သခင်သစ်က တိမ်တိုက်ဆင်နဲ့ရင်ဆိုင်ရမှာကိုတောင် ကြောက်နေတယ်...တကယ်လို့ ကုန်းမြေအရှင်ကိုယ်တိုင် လှုပ်ရှားမယ်ဆိုရင်...ဖြစ်နိုင်တာတော့...."

သရော်တော်တော်အသံများသည် ဟေးယု၏နားအတွင်းသို့ လာရောက်ရိုက်ခတ်ကာ သူ့အား ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားစေသည်။

သူသည် ဤကိစ္စအား မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အစရှာမရဖြစ်နေစဥ်မှာပင် လုပမ်ဝေ၏လက်က ဟေးယု၏ပခုံးပေါ်သို့ ကျရောက်လာသည်။

"ငှက်ပေါက်လေး...မင်း ဘာလို့ကြောက်နေတာလဲ"

"မင်းက ငါ့ရဲ့နောက်လိုက်ဖြစ်နေပြီးတော့ သတ္တိမရှိဘူးလား...ဒီလိုအမှိုက်ကောင်တွေနဲ့ ရင်ဆိုင်ရတာကိုတောင် မင်းက ဘာလို့ ဒီလောက်ထိသတ္တိကြောင်နေတာလဲ"

"ပြီးတော့...ငါက မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချရလိမ့်မယ်...ငါက အဲ့ဒီအမှိုက်တွေအားလုံးကို လက်ညှိုးတစ်ချောင်းနဲ့ဖိသတ်နိုင်တာ အသိသာကြီးလေ...ဒီအမှိုက်ကို ငါက လက်သီးတစ်ချက်နဲ့ မုန့်မုန့်ညက်ညက်ကြေအောင် ဖျက်ဆီးနိုင်တယ်လို့ မင်းက ဘယ်လိုလုပ်ပြီးတော့ ပြောနိုင်တာလဲ"

"ငါ မင်းကို မေးမယ်....ဒါက ငါ့အတွက် အရမ်းရက်စက်ရာမကျဘူးလား"

"ဒီလိုပုံစံနဲ့...မင်းက ဘယ်လိုလုပ်ပြီးတော့ ငါတို့ဂိုဏ်း အနောက်ဘက်တောင်ရဲ့ အုပ်ချုပ်သူဖြစ်နိုင်မှာလဲ"

"ဟီး..ဟီး...."

လုပမ်ဝေ၏စကားလုံးများကြောင့် ဟေးယုက ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ သူ၏မျက်လုံးများတောက်ပသွားကာ သူက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ဒါဆိုရင် အရှင်...ဒါက ငါ လုပ်သင့်တာလား...."

"ဟုတ်တယ်"

"ဒါက အမှန်ပဲ"

လုပမ်ဝေက ဟေးယု၏တင်ပါးကို တစ်ချက်ကန်ကျောက်ကာ အော်ဟစ်လေသည်။

"မင်း ခေါင်းမော့ ရင်ကော့ပြီး...တင်ပါးကိုလည်းမြှောက်ထားစမ်း"

"ခြေတစ်လှမ်း ရှေ့တိုးပြီးတော့ အဲ့ဒီပုရွက်ဆိတ်ကောင်တွေကိုကြည့်ပြီး အော်လိုက်စမ်း...သူတို့အားလုံးက အမှိုက်...အသုံးမကျတဲ့ အမှိုက်ကောင်တွေပဲ"

သူ၏နောက်တွင် ကျောထောက်နောက်ခံအဖြစ် လုပမ်ဝေရှိနေသောကြောင့် ဟေးယုသည် ​ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ခြေနှစ်လှမ်းတက်ကာ 'အမှိုက်ကောင်တွေ'ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဤသည်မှာ နတ်ဆိုးအင်မော်တယ်များအားလုံး၏ဒေါသများကို လောင်စာထည့်ပေးလိုက်သည့်အလားပင်။

လုပမ်ဝေသည် သူတို့အား ပြဿနာရှာဝံ့သည့်အပြင် ဤကဲ့သို့တရားလွန်သောစကားများကို ပြောဆိုဝံ့မည်ဟု သူတို့မျှော်လင့်မထားမိကြချေ။

သူတို့သည် အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေ၏ လက်ရွေးစင်ကျင့်ကြံသူများ ဖြစ်လေရာ မည်သည့်အချိန်ကစ၍ တစ်စုံတစ်ယောက်သည် သူတို့အား နှိမ့်ချပြောဆိုနိုင်သွားသနည်း။

ဤအချိန်အခိုက်အတန့်တွင် သူတို့ တစ်ယောက်ချင်းစီထံမှနေ၍ ကြီးမားကျယ်ပြန့်သော အရှိန်အဝါများ ပွင့်အံ့ထွက်လာသည်။ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသည့် စူးရှသောမျက်လုံးအကြည့်များသည် ဟေးယုနှင့်လုပမ်ဝေတို့ထံတွင် စူးစိုက်၍ကျရောက်နေပေ၏။

တစ်ချိန်တည်းမှာပင် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေထုအတွင်းတွင် အင်မော်တယ်စွမ်းအားများ ရောယှက်နေကာ ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုကိုဆင်နွှဲရန် ပြင်ဆင်ထားသည်မှာ သိသာထင်ရှားသည်။

ဤအချိန်အခိုက်အတန့်တွင်...

ဟေးယု၏ဦးရေပြား ကျိမ်းစက်သွားကာ...

သူ၏ခြေထောက်များ တုန်ရီနေသည်။

သူ အော်ဟစ်လိုက်ရသည်မှာ ဝမ်းသာပီတိဖြစ်ဖွယ်ဖြစ်သော်လည်း သူ ရင်ဆိုင်ရသောဖိအားမှာ အလွန်ကြီးမားနေသည်။

သူ ကူကယ်ရာမဲ့စွာဖြင့် လုပမ်ဝေကို ပြန်လှည့်ကြည့်ကာ တုန်ရီနေသောအသံဖြင့် မေးမြန်းလိုက်၏။

"အရှင်လု...ငါ.. ငါ...ငါ ဘာလုပ်ရမှာလဲ"

"မင်းက ဘာလို့ကြောက်နေတာလဲ....သူတို့က ပုရွက်ဆိတ်လေးတစ်သိုက်ပဲလေ"

"တကယ်လို့ သူတို့က မင်းကိုတိုက်ခိုက်ဝံ့ရင်....'လုပမ်ဝေက ချောမောခန့်ညားဆုံးလူပဲ'လို့ ကျယ်ကျယ်အော်ပြီး လက်သီးတစ်ချက်ထိုးလိုက်...မင်း သူတို့အားလုံးကို အနိုင်ယူနိုင်မယ်လို့ ငါ အာမခံတယ်"

ဤစကားများသည်....

နတ်ဆိုးအင်မော်တယ်၏ဒေါသများကို အမြင့်ဆုံးအဆင့်ထိရောက်အောင် ထပ်မံ၍ နှိုးဆွလိုက်သည့်အလားပင်။

ထပ်ခါတလဲလဲရန်စစော်ကားကာ မထီမဲ့မြင်ပြုခံရခြင်းကြောင့် လုပမ်ဝေနှင့်ဟေးယုအပေါ် သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် အထွတ်အထိပ်အဆင့်ထိ ပြင်းထန်နေလေပြီ။

နောက်ဆုံးတွင် အင်မော်တယ်စွမ်းအားများလှုပ်ခတ်မှုအကြားမှနေ၍ အလွန်ကြီးမားသော ရုန်းရင်းဆန်ခတ်နိုင်မှုကြီးက မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။

ဧရာမလက်ကြီးသည် တိမ်တိုက်များကိုဖြတ်၍ ပြန့်ကားလာသည်။

မိုးကောင်းကင်ယံကို ထောက်ကန်ထားသော တိုင်လုံးတစ်လုံးနှင့်တူသည့် ဧရာမဆင်ခြေထောက်ကြီးက အောက်သို့ဒေါင်လိုက်ကျဆင်းလာသည်။

ဤအချိန်တွင်...

မိုးကောင်းကင်အတွင်း၌ လောင်ကျွမ်းနေပြီး မြေပြင်တုန်ရီနေကာ လေဟာနယ်အတွင်း၌ လှိုင်းဂယက်များထလာပြီး ဖရိုဖရဲတွန့်လိမ်နေလေ၏။

ဤကဲ့သို့ကြီးမားသော ဖိအားအရှိန်အဝါအောက်တွင် ဟေးယုသည် ထိတ်လန့်ကြောက်ရွံကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

သူသည် လုပမ်ဝေ၏ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"လုပမ်ဝေက ချောမောခန့်ညားဆုံးလူပဲ"

ထို့နောက် သူက အံ့တင်းတင်းကြိတ်ကာ လေထုအတွင်းသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

ထိုမြင်ကွင်းကိုကြည့်ပြီး တိမ်တိုက်ဆင်၏နှုတ်မှနေ၍ သရော်တော်တော်စကားသံတစ်သံ ထွက်ပေါ်လာသည်။

"ရယ်စရာကောင်းလိုက်တာ"

"လူပြက်နှစ်ယောက် တန်းတစ်တန်းပေါ်မှာ ခုန်ပေါက်နေသလိုပဲ...အောက်ဘုံရဲ့နိမ့်ကျတဲ့ကောင်တွေ...ဒီလိုကလေးကစားကွက်တွေနဲ့ကတော့....မင်းတို့က ဒီလိုမျိုးပေါက်ကရအော်ဟစ်ရုံနဲ့ အင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားကို စိန်ခေါ်နိုင်မယ်လို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား"

"ဒီနေ့ ငါက မင်းတို့နှစ်ယောက်ကို တိုက်ရိုက်တရားစီရင်ပေးမယ်"

Chapter 370

တိမ်တိုက်ဆင်၏အသံ ကျရောက်လာသောအချိန်မှာပင် ဟေးယု၏လက်သီးချက်က သူ့ထံတိုးဝင်လာသည်။

"ပိုးကောင်လေးတစ်ကောင်ကများ....."

အေးစက်စက်အပြုံးတစ်ခုက သူ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသော်လည်း သူ၏စကားအဆုံးမသတ်သေးမီမှာပင် ဟေးယု၏လက်သီးချက်မှစွမ်းအားသည် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်ကို ခံစားမိသဖြင့် သူ ထိတ်လန့်တုန်လှုပ်သွားသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ဒါက ဘယ်လိုဖြစ်တာလဲ"

တိမ်တိုက်ဆင်၏မျက်လုံး ရုတ်တရက်ပြူးကျယ်သွားကာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

မည်သည်ကြောင့် ဟေးယု၏လက်မှနေ၍ ဤကဲ့သို့စွမ်းအားမျိုး ထွက်ပေါ်လာသနည်း။

သို့ရာတွင် သူ များစွာစဥ်းစားတွေးတောနေရန် အချိန်မရှိတော့ချေ။ ထိုလက်သီးချက်သည် အလွန်အစွမ်းထက်ကာ ဆွေးမြည့်နေသောသစ်သားတုံးကို ဖြိုခွဲလိုက်သည့်အလား သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

"ဘုန်း...."

ကြီးမားသောခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ ကြီးမားသောကျင်းနက်ကြီးတစ်ခု ထွက်ပေါ်လာပြီး တိမ်တိုက်ဆင်သည် အတွင်း၌ သတိလစ်မေ့မျောနေလေ၏။

"ဒါက..."

"တိမ်တိုက်ဆင်က တကယ်ကြီး ရှုံးနိမ့်သွားတာလား"

ဤအချိန်အခိုက်အတန့်တွင် တခြားနတ်ဆိုးအင်မော်တယ်များ၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားကာ သူတို့ထံမှနေ၍ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

"ဟား....ဟား....ဟား..."

သို့ရာတွင် ဟေးယုသည် ခါးထောက်ကာ မောက်မာထောင်လွှားစွာ ရယ်မောလိုက်၏။

သူ၏လက်သီးချက်ကိုကြည့်ပြီး သူ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

ဤစွမ်းအား....

သူ အလောင်းအစားလုပ်ခဲ့သည်မှာ မှန်သွားလေပြီ။

ထိုသို့မဟုတ်ပါက ဤဘဝတွင် သူသည် ဤကဲ့သို့စွမ်းအားမျိုးကို ထုတ်ဖော်အသုံးပြုနိုင်ရန်မှာ မဖြစ်နိုင်ချေ။

"မြင့်မြတ်တဲ့အရှင်လု..ငါက ဒီစွမ်းအားမျိုးကို ဆက်ပြီးအသုံးပြုလို့ရမရဆိုတာ ငါ မေးပါရစေ"

"ရတာပေါ့..."

"မင်း ကျယ်ကျယ်အော်လေလေ...စွမ်းအား ပိုကြီးလေလေပဲ"

လုပမ်ဝေက သူ၏ခေါင်းကိုခပ်မြင့်မြင့်မော့၍ မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။

"ဟား...ဟား...ဟား...ကျေးဇူးတင်ပါတယ်...အရှင့်ကို ကျေးဇူးတင်ပါတယ်...ဒီနားပူနားဆာလုပ်တဲ့ ပုရွက်ဆိတ်တွေကို ငါ ဘယ်လိုဖြေရှင်းမယ်ဆိုတာ အရှင်က ဘေးကနေစောင့်ကြည့်ပေးပါ"

ဟေးယုက ထပ်မံ၍ရယ်မောကာ သူ့ဘဝ၏အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားသည့်အလား ခံစားမိလေ၏။

ထို့နောက် သူ၏ခန္ဓာကိုယ် ရှေ့သို့ပြင်းထန်စွာ ပြေးထွက်သွားသည်။

တစ်ချိန်တည်းမှာပင် 'လုပမ်ဝေက ချောမောခန့်ညားဆုံးသူပဲ'ဟူသောအသံက လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။

မကြာမီမှာပင် နတ်ဆိုးသားရဲမျိုးနွယ်များ၏ အမြဲတစေ အထင်အမြင်သေးခြင်းခံရသော ဟေးယုသည် စစ်နတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားကာ သိုးအုပ်အတွင်းသို့ဝင်သွားသော ဝံပုလွေတစ်ကောင်အလား သူတို့ကို လက်သီးတစ်ချက်စီ ထိုးနှက်လိုက်၏။

မကြာမီမှာပင် ဟေးယုသည် သူတို့အားလုံးကို မြေပြင်ပေါ်၌ သတိလစ်မေ့မျောသွားသည်အထိ ထိုးနှက်နိုင်ခဲ့ကာ သူတို့၏မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားစေသည်။

"ဒေါင်..."

"သူတို့ကို ချည်နှောင်လိုက်စမ်း...ဒီကောင်တွေကို အရှင့်အတွက် လက်ဆောင်ပေးဖို့ ခေါ်သွားရမယ်"

လုပမ်ဝေသည် သံကြိုးများကို မြေပြင်ပေါ်သို့ပစ်ချကာ အမိန့်ပေးလိုက်သည်။

ဟေးယုက ပြုံးရယ်ကာ ထိုသံကြိုးများကို ကောက်ယူလိုက်၏။

သူသည် သတိလစ်မေ့မျောနေသော နတ်ဆိုးအင်မော်တယ်များကို သံကြိုးများနှင့်ချည်နှောင်ကာ ကျွန်းထံသို့ ဆွဲခေါ်ခဲ့တော့သည်။

နောက်တစ်နေ့မနက်တွင်...

လုပမ်ဝေတို့သည် အနောက်ဘက်နတ်ဆိုးတောအုပ်မှနတ်ဆိုးအင်မော်တယ်များနှင့် အင်မော်တယ်နယ်မြေမှ သတိလစ်မေ့မျောနေသော နတ်ဆိုးအင်မော်တယ်များကို ခေါ်ဆောင်ကာ ကျွန်း၏ပြင်ပသို့ ရောက်ရှိနေလေပြီ။

ဤတစ်ကြိမ်တွင် ရိတ်သိမ်းနိုင်မှုသည် အလွန်ပမင်းကြီးမားပေ၏။

"လီဘီ...မင်းက ငါတို့ကို သစ္စာဖောက်ခဲ့မှတော့....ငါတို့ မင်းဆီကနေ ဘာမှ ထပ်ပြီးမမျှော်လင့်တော့ဘူး...ဒါပေမယ့် အတိတ်ကအချိန်တွေကို ထောက်ပြီးတော့ မင်း အခွင့်ကောင်းတစ်ခုရှာပြီး ငါတို့ကိုလွှတ်ပေးပါ...ငါတို့ကြားက ရင်းနှီးမှုကို ပျက်ပြယ်မသွားစေချင်ဘူး"

ဤကျွန်းသို့ သူတို့ တဖန်ပြန်၍ရောက်ရှိလာချိန်တွင် ရှီးလင်တို့သုံးကောင်၏မျက်နှာပေါ်တွင် မလိုလားသော အမူအယာမျိုးထင်ဟပ်လာသည်။ သူတို့သည် လီဘီကိုမော့ကြည့်ကာ သူတို့၏အသံများကို ပေးပို့လိုက်ကြသည်။

"ခေါင်းဆောင်ကြီးတို့...ငါ ဒီလို မလုပ်ပေးနိုင်ဘူး"

လီဘီက အလေးအနက်ထားသောလေသံဖြင့် တုံ့ပြန်၍ အသံပေးပို့သည်။

"ငါ့ကိုယုံကြည်ပါ...ဒါက အနောက်ဘက်နတ်ဆိုးတောအုပ်အတွက်ရော နင်တို့အတွက်ရော အခွင့်အရေးကောင်းကြီးပဲ"

"ဟမ့်...သူတို့က မင်းကို ဘယ်လိုမျိုး လှည့်စားတတ်တဲ့အဆိပ်မျိုးတွေ ကျွေးထားလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး"

လီဘီ၏ဖျောင့်ဖျမှုနှင့် ရင်ဆိုင်ရသည့်တိုင် ရှီးလင်တို့သုံးကောင်သည် အထင်အမြင်သေးဟန်ဖြင့် နှာတစ်ချက်မှုတ်ကာ စွပ်စွဲပြစ်တင်လိုက်၏။

"သူတို့ ဘယ်လောက်ပဲ သန်မာအားကောင်းနေပါစေ...မင်းအတွက် ဘာအကျိုးရှိလို့လဲ"

"သူတို့က လက်သီးတစ်ချက်တည်းနဲ့ မိုးကောင်းကင်ကို ချိုးဖျက်နိုင်ပြီးတော့ လက်ဗလာနဲ့အင်မော်တယ်တွေကို ဖန်တီးနိုင်တယ်လို့ မင်းပြောခဲ့တယ်...ဒါတွေအားလုံးက အဓိပ္ပါယ်မရှိတာတွေဘဲ"

သို့ရာတွင် သူတို့၏အသံ အဆုံးသတ်သွားသောအချိန်မှာပင်...

လုပမ်ဝေက ရုတ်တရက် ခြေလှမ်းကျဲကြီးများဖြင့် လီဘီ၏နံဘေးသို့ ရောက်ရှိလာသည်။

"လီဘီ....ခုလတ်တလောမှာ မင်းရဲ့လုပ်ဆောင်ချက်တွေက အရမ်းကောင်းတယ်"

လုပမ်ဝေက အသိအမှတ်ပြုသည့်အကြည့်ဖြင့်ကြည့်ကာ ဖြည်းညှင်းစွာပြောဆိုသည်။

"ဒီဆန်ကုန်မြေလေးက မင်းကို အဆင့်မြှင့်တင်ပေးမယ်"

ထိုစကားကို ပြောဆိုရင်း....

သူ၏လက်ဝါးကိုဝှေ့ယမ်းကာ မိုးကောင်းကင်ယံအတွင်းရှိ လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။

အင်မော်တယ်လမ်းကြောင်း ကျရောက်လာကာ လီဘီကိုလွှမ်းခြုံသွားပြီး အနောက်ဘက်နတ်ဆိုးတောအုပ်မှနတ်ဆိုးအင်မော်တယ်သုံးကောင်၏ရှေ့တွင် သူမ၏စွမ်းအားများကို တိုက်ရိုက်မြင့်တက်သွားစေသည်။

သတ္တမဘဝသိုင်းအင်ပါယာ....

အဋ္ဌမဘဝ သိုင်းအင်ပါယာ...

နဝမဘဝ သိုင်းအင်ပါယာ...

နောက်ဆုံး၌ သူမသည် အင်မော်တယ်အဖြစ်သို့ တိုက်ရိုက်ရောက်ရှိသွားလေပြီ။

ဤမြင်ကွင်းကြောင့်...

အစောပိုင်းက အထင်အမြင်သေးနေခဲ့သော နတ်ဆိုးအင်ပါယာသုံးကောင်သည် နေရာမှာပင် တောင့်တင်းသွားလေ၏။

သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ....

လက်ဗလာဖြင့် အင်မော်တယ်ဖြစ်သွားစေခြင်းမဟုတ်လော...

မည်သည်ကြောင့် ဤသို့ဖြစ်နိုင်မည်နည်း....

နတ်ဆိုးအင်မော်တယ်သုံးယောက်က ဤသည်မှာ အလွန်အမင်း လက်တွေ့မဆန်ဟု ခံစားနေရသည်။ သူတို့သည် သူတို့၏မျက်လုံးများကိုပွတ်သပ်ကာ ဂရုတစိုက်ကြည့်လိုက်ကြသည်။ လီဘီ၏အရှိန်အဝါသည် သူတို့ထက် ပို၍ပင်အားကောင်းနေသည်ကို သူတို့ ရှာဖွေတွေ့ရှိမိလေ၏။

သောက်ချေးပဲ...

သူသည် အမှန်တကယ်ကို လက်ဗလာသက်သက်ဖြင့် အင်မော်တယ်များကို ဖန်တီးနိုင်သလော...

လုပမ်ဝေ၏နည်းလမ်းများအောက်တွင် သူတို့၏စိတ်များ တုန်လှုပ်ချောက်ချားနေစဥ်မှာပင်....

အဝေးရှိလမ်းကျဥ်းလေးတစ်ခုအတွင်းမှနေ၍ ပုံရိပ်တစ်ခု ရွေ့လျားလာသည်။

ရေအိုင်အတွင်းရှိ ဝါးဖောင်ပေါ်တွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက် အေးအေးလူလူမတ်တတ်ရပ်နေကာ ပျင်းရိငြီးငွေ့စွာအကြောဆန့်ပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လေသည်။

"နောက်ထပ်နေ့သစ်တစ်ရက်...ကောင်းမွန်တဲ့စွမ်းအားအပြည့်...ပျော်ရွှင်တဲ့စိတ်ခံစားချက်နဲ့...ရည်မှန်းချက်ပန်းတိုင်အသစ်ကို...ရီဖုန်း..မင်း လုပ်ရမယ်...မင်း လုပ်နိုင်တယ်"

"အိုး...အမှန်ပဲ"

တက်ကြွသောအသံတစ်သံနှင့် အတူယှဥ်တွဲ၍ လက်သီးပုံရိပ်ယောင်တစ်ခုက မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။

All Chapters