← Chapters

အခန်း (၃၇၆-၃၈၀)

Vol. 26 Ch. 376-380

အခန်း (၃၇၆-၃၈၀)

Vol. 26 Ch. 376-380

Chapter 376

"ငါ မင်းကို သေချာပေါက်လာရှာမယ်"

ရေအိုင်နံဘေး၌ ရုပ်ထုကို လှေပေါ်သို့တင်ပြီးနောက် ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ကာ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

"ဖြစ်နိုင်တာတော့ မင်းက ခြေထောက်ပေါက်ပြီးတော့ မင်းဟာမင်း ပျံထွက်သွားတာများလား"

ရီဖုန်းသည် ညည်းတွားကာ လွန်ခဲ့သောနှစ်ရက်ခန့်က သူ မတော်တဆကျပျောက်ခဲ့သည့် ငွေအိတ်နှင့်ပတ်သတ်ပြီး ကူကယ်ရာမဲ့စွာဖြင့် စဥ်းစားတွေးတောနေမိသည်။

ပတ်ဝန်းကျင်တွင် လှည့်ပတ်ရှာဖွေပြီးသည့်တိုင် ထိုအရာကိုရှာမတွေ့သဖြင့် ရီဖုန်းသည် ဘုန်းတော်ကြီးခွန်ပန်နှင့်အတူ ဝန်လေးစွာဖြင့် လှေကို ကမ်းကပ်ခဲ့တော့သည်။

"ဒကာတော်...ဒီနေရာမှာ ဂိုဏ်းတည်ထောင်မယ်ဆိုတာက တကယ့်ကို အထင်ကြီးစရာပဲ"

ကျွန်းပေါ်သို့ဆင်းသက်ပြီးနောက် ဘုန်းတော်ကြီးခွန်ပန်၏နူးညံညင်သာသောအသံ ထွက်ပေါ်လာသည်။

"ဟုတ်တာပေါ့"

ရီဖုန်းသည် စိတ်ကျေနပ်စွာဖြင့်ပြုံးကာ မြေပြင်ပေါ်ရှိ အုတ်ခဲတစ်လုံးကိုကောက်ယူပြီး သူ၏လက်အတွင်း၌ချိန်ဆကာ ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုသည်။

"ကြည့်အုံး..ဒီလိုအရည်အသွေးရှိတဲ့ အုတ်ခဲမျိုးကို မင်း အရင်က ဘယ်တုန်းကမှ မြင်ဖူးမှာမဟုတ်ဘူးလို့ ငါ အာမခံနိုင်တယ်"

"ဒါက အုတ်ခဲတစ်ခဲလား"

ရီဖုန်း၏လက်အတွင်းရှိ အုတ်ခဲကိုကြည့်ပြီး ခွန်ပန်၏မျက်နှာပေါ်တွင် ယခင်ကရှိနေသည့် နူးညံသိမ်မွေ့သောအပြုံး ပျောက်ကွယ်သွားကာ သူ၏မျက်ခုံးများ မြင့်တက်သွားသည်။

"ဟုတ်တာပေါ့...ဒါမျိုး တခြားဘယ်နေရာမှာ ရှိနိုင်ပါ့မလဲ...ဒါက ထောင့်ချိုးတွေများပြီးတော့ အစွန်းတွေလည်း အများကြီးပဲ"

ရီဖုန်းက ထူးဆန်းသောအကြည့်ဖြင့် ဘုန်းတော်ကြီးခွန်ပန်ကို တစ်ချက်ကြည့်လိုက်၏။

"အင်း...."

ဘုန်းတော်ကြီးခွန်ပန်သည် အချိန်တခဏခန့် ဆွံ့အသွားပြီးနောက် သူက အနည်းငယ်စဥ်းစားတွေးတောကာ မေးမြန်းသည်။

"ဒါဆိုရင်...မင်း ဒီအုတ်ခဲနဲ့ ဘာလုပ်ဖို့ စီစဥ်ထားတာလဲ"

"မင်းပြောနေတာကိုလည်း မင်း ပြန်ကြည့်အုံး"

ရီဖုန်းက ဘုန်းတော်ကြီးခွန်ပန်ကို မျက်စောင်းထိုးကြည့်ကာ အရွှန်းဖောက်လိုက်သည်။

"ဒီအုတ်ခဲကို ဘယ်နေရာမှာသုံးမှာလဲလို့ မင်းက မေးတယ်...ဒါက နံရံတွေတည်ဆောက်တဲ့နေရာမှာ သုံးဖို့ပဲလေ...မင်းက ဝါးစားဖို့ အကြံပေးချင်တာလား"

"မင်းပြောတာက ဒါနဲ့ နံရံတွေတည်ဆောက်မှာလား"

ဘုန်းတော်ကြီးခွန်ပန်၏ နူးညံသိမ်မွေ့သောမျက်နှာသည် ဟန်မဆောင်နိုင်လောက်အောင် ရှုံမဲ့သွားကာ သူက ထပ်မံ၍မေးမြန်းသည်။

"ဒါဆိုရင်...မင်းမှာ ဒီအုတ်ခဲမျိုး ဘယ်လောက်များများရှိနေလဲ"

"ငါ့မှာ ရှိတာပေါ့...အုတ်ခဲတစ်လုံးတည်းနဲ့ နံရံတစ်ခုကို တည်ဆောက်လို့ရမလား...ဒါကြောင့် မင်း အဲ့ဒီနေရာကိုကြည့်လိုက်...အပုံလိုက်ရှိနေတယ်"

ရီဖုန်းက အဝေးတစ်နေရာသို့ တစ်ချက်ကြည့်ကာ ပြောဆိုသည်။

"ဒါတင်မကဘူး...သူတို့က အဲ့ဒီနေရာမှာ အုတ်တွေ ထပ်လုပ်နေကြတုန်းပဲ"

ထိုစကားကိုကြားချိန်တွင် ဘုန်းတော်ကြီးခွန်ပန်က လှမ်းကြည့်လိုက်သည်။

သူ၏ပါးစပ်သည် အထိန်းအကွပ်မဲ့စွာ ရှုံမဲ့သွားလေ၏။

တိကျသေချာစွာပင် ထိုနေရာတွင် ကြီးမားသောအုတ်ပုံကြီးတစ်ပုံရှိနေသည်။

သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ မည်သည့်မျက်နှာအမူအယာမျိုး ပြုလုပ်ရမည်ကို မသိတော့ချေ။ အချိန်အတော်ကြာပြီးနောက် သူက ပြောဆိုသည်။

"ဒကာလေး....မင်းမှာ ပစ္စည်းကောင်းတွေ ရှိနေတာပဲ"

"မင်းက ငါ့ကို မြှောက်ပြောနေပြန်ပြီ"

ရီဖုန်းက နှိမ့်ချသည့်အပြုံးမျိုးဖြင့် ပြောဆိုလေ၏။

"တကယ်တော့...ဒီအုတ်ခဲတွေရဲ့အရည်အသွေးက ငါ မျှော်လင့်ထားတာထက်တော့ နည်းနည်းနိမ့်နေတယ်...ဒါပေမယ့် ဒါတွေက တခြားအုတ်ခဲတွေထက်တော့ ပိုကောင်းတယ်...ငါတို့မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ ငါတို့ အကောင်းဆုံးဖြစ်အောင် လုပ်ရတာပဲလေ"

"အော်မီ‌‌တာဖော"

ဘုန်းတော်ကြီးခွန်ပန်သည် သူ၏လက်နှစ်ဖက်ကို အတူတကွပူးကပ်ကာ ဤကိစ္စကို ရီဖုန်းနှင့်ဆက်လက်၍ ပြောဆိုလိုပုံမရတော့ချေ။ ထို့ကြောင့် သူသည် စကားလမ်းကြောင်းပြောင်းကာ နူးညံညင်သာစွာပြောဆိုသည်။

"ဒကာလေးရဲ့နေရာကို ငါလာခဲ့တာ ဆွမ်းတစ်နပ်လာရောက်အလှူခံတာပါ....မင်းငါ့ကို ကူညီပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်"

"ဆွမ်းတစ်နပ်အတွက်ကတော့ ပြဿနာမရှိပါဘူး...ဒါပေမယ့် ရုတ်တရက်ကြီး ငါ့မှာ မင်းနဲ့ဆွေးနွေးစရာ ကိစ္စတစ်ခုရှိလာတယ်"

ရီဖုန်းသည် ရုတ်တရက်တစ်စုံတစ်ခုကိုအမှတ်ရသွားကာ အလျင်အမြန်ပြောဆိုသည်။

"ကျေးဇူးပြုပြီးတော့ ဆက်ပြောပါ...ဒကာလေး"

ဘုန်းတော်ကြီးခွန်ပန်က နူးညံ့သိမ်မွေ့စွာမေးမြန်းသည်။

"ဆရာတော်...မင်းကဘယ်နေရာကလာတာလဲ...မင်းကဘယ်ဘုရားကျောင်းကလဲ"

ရီဖုန်းကမေးမြန်းလိုက်၏။

"ဒီနွမ်းပါးတဲ့ ဘုန်းတော်ကြီးက နေရာအတည်တကျမရှိတဲ့ ဘုန်းတော်ကြီးတစ်ပါးပါ...လောကကြီးထဲမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေတဲ့ အထီးကျန်ဘုန်းတော်ကြီးတစ်ပါးပါပဲ"

ခွန်ပန်က ရှင်းပြသည်။

"အိုး ငါသိပြီ"

ထိုသို့ပြောဆိုရင်း ရီဖုန်း၏မျက်နှာပေါ်ရှိ အပြုံးပို၍ပို၍ ပီပြင်ထင်ရှားလာသည်။ သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ ပြုံးဖြဲဖြဲဖြင့်ပြောဆိုလိုက်၏။

"အခုလိုမျိုး ဖရိုဖရဲအချိန်ကာလတွေမှာသင့်လျော်တဲ့ ဆွမ်းတနပ်စားရဖို့ အရမ်းခက်ခဲတယ်...မင်းလိုမျိုးဘုန်းတော်ကြီးတစ်ပါးက တစ်ခါတစ်ရံမှာ ဆာလောင်မှုကို ခံစားရမယ်ဆိုတာ ငါ တွေးကြည့်လို့ရတယ်..နောက်ထပ်ဆွမ်းတစ်နပ်ကို ဘယ်ချိန်မှစားရမယ်ဆိုတာ မသိနိုင်ဘူးလေ...ဟုတ်တယ်မလား"

"ဒကာလေး...မင်းကဘာကိုဆိုလိုချင်တာလဲ"

ဘုန်းတော်ကြီးက သူ၏ခေါင်းကိုမော့ကာ ရီဖုန်းကိုကြည့်လိုက်သည်။

"လူသားတွေမှာ သနားကြင်နာမှုရှိသင့်တယ်လို့ ငါယုံကြည်တယ်...မင်းလို မြင့်မြတ်တဲ့ဘုန်းတော်ကြီးတပါးက အစားအစာနဲ့နေစရာလိုအပ်ချက်ရှိနေတယ်ဆိုတာ ငါသိရပြီးမှတော့တကယ်လို့ ငါကမကူညီမိဘူးဆိုရင် ငါ့ရဲ့စိတ်ထဲမှာနေလို့ကောင်းမှာမဟုတ်ဘူး"

ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏အတွေးများကို ထုတ်ဖော်ပြောဆိုသည်။

"ဒါကြောင့်တွေးတောထားတာက...ငါက ဒီကျွန်းငယ်လေးပေါ်မှာ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ဖို့ ရည်ရွယ်ထားတာကြောင့်...မင်းက မြင့်မြတ်တဲ့ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ ငါတို့နဲ့အတူ လာနေပါလား"

"အဲဒီလိုလုပ်မယ်ဆိုရင် မင်းကဆွမ်းစားရဖို့အတွက် လှည့်ပတ်ပြီးရှာဖွေနေစရာမလိုတော့ဘူး...ဒါက နှစ်ဖက်စလုံးအတွက် ကောင်းတဲ့အခြေအနေပဲလေ....မဟုတ်ဘူးလား"

ရီဖုန်းက ဖြည့်စွက်၍ပြောဆိုကာ သူ၏မျက်ခုံးကိုပင့်၍ ဘုန်းတော်ကြီးခွန်ပန်ကို ကြည့်လိုက်သည်။

"မင်းရဲ့သနားကြင်နာတဲ့ ကမ်းလှမ်းမှုကို ငါအသိအမှတ်ပြုပါတယ်...ဒါပေမဲ့ ငါက ဘဝကိုစိတ်အေးလက်အေး ဖြတ်သန်းချင်သေးတယ်"

ဘုန်းတော်ကြီးခွန်ပန်က အပြုံးတစ်ခုနှင့်အတူယဉ်ကျေးသိမ်မွေ့စွာ ငြင်းပယ်သည်။

ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည်မျက်မှောင်ကြုတ်လိုက်၏။

သောက်ချေးပဲ....

သူသည် ဤဘုန်းတော်ကြီးကိုလှည့်ဖျား၍ ဂိုဏ်းအတွင်းသို့ ဝင်စေကာ သူ့၏ပထမဆုံးတပည့်တစ်ယောက်ဖြစ်လာစေရန် ရည်ရွယ်ထားသည်။ သို့ရာတွင် ကြည့်ရသည်မှာဘုန်းတော်ကြီးသည်သူ၏ထောင်ချောက်အတွင်းသို့ ကျရောက်လာမည့်ပုံမရချေ။

မဟုတ်သေး...သူ ဤကဲ့သို့ အဆုံးသတ်ရန်ခွင့်မပြုနိုင်ချေ။

ဟွာရှ(တရုတ်နိုင်ငံ)၏ ဂုဏ်ယူဝင်ကြွားဖွယ်ကောင်းသော လူတစ်ယောက်အနေဖြင့် သူသည်သူလုပ်ဆောင်လိုသောအရာများကို အစဉ်အမြဲမရမက လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် သူလက်လျှော့အရှုံးမပေးနိုင်​ချေ။

"ငါ့ကိုပြောစမ်းပါ...ဘယ်လိုလုပ်မှ မင်းဒီနေရာမှာနေမှာလဲ"

ရီဖုန်းသည် ဟန်ဆောင်ပန်ဆောင်ပြောဆိုနေခြင်းကိုစွန့်လွှတ်ကာ သူ့၏အစစ်အမှန်ကိုရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

"ဒကာလေး...မင်းကိုယ်မင်း ဖိအားမပေးပါနဲ့"

ခွန်ပန်ဘုန်းတော်ကြီးက နူးညံ့ညင်သာစွာတုံ့ပြန်သည်။

"တကယ်လို့ မင်း ငါ့ကိုနေစေချင်တယ်ဆိုရင် ငါ့ကို အကြောင်းပြချက်တစ်ခုပေးနိုင်ရမယ်...ဒါမှမဟုတ် ဒီမှာနေဖို့အတွက် ငါ အားတက်သရောရှိစေမယ့်အရာတစ်ခုခုပေါ့"

ဘုန်းတော်ကြီးခွန်ပန်ကာဆက်လက်၍ပြောဆိုလေ၏။

"ကောင်းပြီလေ"

ရီဖုန်းက သဘောတူညီကာ အလျင်စလိုပြောဆိုသည်။

"မင်း ဒီမှာနေမယ်ဆိုတာနဲ့ ငါ မင်းအတွက် ကျွန်းပေါ်မှာ ဘုရားကျောင်းလေးတစ်ခုကိုတည်ဆောက်ပေးမယ်"

ဘုန်းတော်ကြီးခွန်ပန်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဒါဆိုရင် ငါက အပ်ချုပ်သမားတစ်ယောက်ကိုရှာပြီးတော့ မင်းအတွက်ဘုန်းတော်ကြီးတစ်ပါးရဲ့သင်္ကန်းမျိုးကို ပြင်ဆင်ပေးမယ်...ဒါဆိုရင်မင်းက မြင့်မြတ်တဲ့ဘုန်းတော်ကြီးတစ်ပါးလိုဝတ်ဆင်နိုင်လိမ့်မယ်"

ရီဖုန်းက ထပ်မံ၍ကမ်းလှမ်းသည်။

သို့ရာတွင် ဘုန်းတော်ကြီးခွန်ပန်သည်သူ၏ခေါင်းကို ခါယမ်းနေဆဲဖြစ်ကာ ရီဖုန်း၏ကမ်းလှမ်းချက်များကြောင့် စိတ်လှုပ်ရှားသွားပုံမရှိချေ။

ရီဖုန်းသည် အနည်းငယ်စိုးရိမ်ပူပန်စပြုလာကာ ပြောဆိုသည်။

"ဒီလိုဆိုရင်ရော...ငါက မင်းအတွက် ဘုရားကျောင်းတစ်​ကျောင်း ဆောက်ပေးမယ့်အပြင် ...အဲဒီနေရာမှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုထားပြီးတော့ မင်းအတွက် လှူဖွယ်ဝတ္ထုတွေရအောင် စီမံပေးမယ်"

ရီဖုန်းအံ့အားသင့်သွားသည်မှာ ဘုန်းတော်ကြီးခွန်ပန်သည် ပြုံးရယ်ကာ သူ့၏ခေါင်းကိုဆက်လက်၍ ခါယမ်းနေခြင်းပင်။ သူသည် ရီဖုန်း၏ကမ်းလှမ်းချက်များအနက် တစ်စုံတစ်ခုကိုမျှ စိတ်ဝင်စားသောအရိပ်အယောင်မရှိချေ။

ရီဖုန်းသည် သူ့၏စိတ်အတွင်းမှ ကြိတ်၍ကျိန်ဆဲလိုက်၏။

ဤဘုန်းတော်ကြီးသည် အမှန်တကယ်ကိုထူးခြားသည်။ သူသည် ကမ်းလှမ်းချက်များအားလုံးကို ငြင်းပယ်ခဲ့သည်။ ဤသည်ကြောင့် ရီဖုန်းသည်နောက်ထပ် မည်သည့်အရာအား ဆက်လုပ်ရမည်ကိုမသိတော့ချေ။

သူ တွေးတောမိသမျှ အရာရာတိုင်းကို သူ ကတိပေးပြီးလေပြီ။ သူသည် ဤဘုန်းတော်ကြီးအတွက် မိန်းမတစ်ယောက် ခေါ်ဆောင်ပေးရန် လိုအပ်နေသလော။

Chapter 377

အမှန်အားဖြင့်...

သူ မိန်းမတစ်ယောက်ဖြင့် ကမ်းလှမ်းမည်ဟူသည်မှာ မဖြစ်နိုင်ချေ။ ဤမြင့်မြတ်သောဘုန်းတော်ကြီးသည် ဘုရားကျောင်းနှင့်ကမ်းလှမ်းသည်ကိုပင် လှည့်မကြည့်လေရာ မည်သည့်နည်းဖြင့် သူသည် မိန်းမတစ်ယောက်ကြောင့် စိတ်လှုပ်ရှားမည်နည်း။

ထို့နောက်...

ရီဖုန်းသည် ပို၍ပို၍မက်မောဖွယ်ကောင်းသောအခြေအနေများနှင့် ကမ်းလှမ်းခဲ့သော်လည်း ဤဘုန်းတော်ကြီးသည် မလှုပ်မယှက် တည်ငြိမ်နေဆဲပင်။

ရီဖုန်းသည် နောက်ဆုံး၌ လက်လျှော့အရှုံးပေးလိုက်လေပြီ။

ဤသည်မှာ အစစ်အမှန် မြင့်မြတ်သောဘုန်းတော်ကြီးတစ်ပါး၏ပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

သူသည် လောကီလောကအတွင်း၌ လှည့်လည်သွားလာနေသော်လည်း ရောထွေးပတ်သတ်ခြင်းမရှိချေ။ လောကီအသုံးအဆောင်ပစ္စည်းများအားလုံးသည် သူ၏မျက်လုံးအတွင်းသို့ဝင်ရောက်နိုင်ခြင်းမရှိသော ဖုန်မှုန့်ကဲ့သို့ အသေးအမွှားအရာများပင်။

ထားလိုက်တော့...ထားလိုက်တော့...

ရီဖုန်းသည် အစွန်းအထင်းမရှိဘဲ နောက်ကျိသောရေအတွင်းမှ ထွက်လာသည့် ဤမြင့်မြတ်သောဘုန်းတော်ကြီး၏ အတွေးများကိုတွန်းလှန်ရန် အကြံအစည်ကို လက်လျှော့အရှုံးပေးလိုက်တော့သည်။

အကယ်၍ သူခေါင်းမာနေပါက သူ့၏အပြစ်များသာ တိုးလာမည်မဟုတ်လော...

"အော်မိတာဖော"

ရီဖုန်းသည် ဆရာတော်ခွန်ပန်ကို စားသောက်ဖွယ်ရာတချို့ရှိနေသော ကျွန်းပေါ်ရှိသောက်စားသောက်ဆိုင်ထံသို့ ခေါ်သွားခဲ့သည်။

ထို့နောက် ရီဖုန်းသည် ခွန်ပန်ကို ထိုင်ရန်ပြောဆိုကာ သတ်သတ်လွတ်ဟင်းလျာတစ်ပွဲကိုတစ်စုံတစ်ယောက်အား ယူဆောင်လာခိုင်းလိုက်သည်။

"ဒကာလေးကို ကျေးဇူးတင်ပါတယ်"

ခွန်ပန်က အပြုံးနှင့်ပြောဆိုသည်။

"ဒါက ဘာမှမဟုတ်ပါဘူး...ဆရာတော်သုံးဆောင်ပါ"

ရီဖုန်းက သူ၏လက်ကို သာမန်ကာလျှံကာ ဝှေ့ရမ်းလိုက်၏။

"တကယ်တော့ ဒီနေရာကမဆိုးပါဘူး...ဒကာလေး...ဒါက ငါ...."

သူ၏လက်အတွင်းရှိ ဟင်းပန်းကန်ကို တချက်ကြည့်ပြီးနောက် ခွန်ပန်က နူးညံ့ညင်သာစွာရှင်းပြသည်။

"ငါက ဒီနေရာမှာနေဖို့ တွန်းအားတစ်ခုမရှိရုံလေးပါပဲ"

"ထပ်ပြီးမပြောပါနဲ့တော့...ငါနားလည်ပါတယ်"

ရီဖုန်းက တည်ငြိမ်စွာပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ထိုကိစ္စကိုစဉ်းစားပြီးလေပြီ။ အစောပိုင်းက သူသည်ကမ်းလှမ်းမှုများကို လွယ်လင့်တကူ ပြုလုပ်ခဲ့မိလေ၏။ ထိုဘုရားကျောင်းနှင့်ဗုဒ္ဓရုပ်တုတည်ဆောက်မည့် ရွှေပြားများကို သူမည်သည့်နေရာမျှထုတ်ယူရမည့်နည်း။

ခွန်ပန်သဘောမတူသည်မှာ ကောင်းမွန်ပေသည်။ ထိုသို့မဟုတ်ပါက ရီဖုန်းသည် သူ၏အူများ အစိမ်းရောင်သို့ပြောင်းလဲသည်အထိနောင်တရနေရပေမည်။

တပည့်တစ်ယောက်ကို ဤကဲ့သို့ခေါ်ယူရပါကအကယ်၍ သူ့ထံတွင် တပည့်တစ်ရာရှိလာသည့်တိုင် ရီဖုန်းသည် ပျော်ရွှင်မှုကိုခံစားရတော့မည်မဟုတ်ချေ။

အချိန်တခဏကြာပြီးနောက် ခွန်ပန်က မတ်တတ်ထရပ်လိုက်သည်။

"ဒကာလေး...ဒီနွမ်းပါးတဲ့ဘုန်းတော်ကြီးက ထွက်သွားပါတော့မယ်"

ခွန်ပန်သည် သူ့လက်ဝါးနှစ်ဖက်ကိုအတူတကွပူးကပ်ကာ နူးညံညင်သာစွာပြောဆိုသည်။

"ဘေးရန်ကင်းတဲ့ လမ်းခရီးဖြစ်ပါစေ"

ရေဖုန်းသည် မတ်တပ်ထရပ်ကာ ဘုန်းတော်ကြီးခွန်ပန်ကိုပို့ဆောင်ရန်အတွက် ဟန်ပြင်လိုက်သည်။

"ကျေးဇူးပြုပြီးတော့ ဒကာလေး နေခဲ့ပါတော့...ငါ့ဟာငါပဲ ဆက်သွားလိုက်ပါမယ်"

ခွန်ပန်က နူးညံ့သိမ်မွေ့စွာပြောဆိုသည်။

"ကောင်းပြီလေ...ဒါဆိုရင်လည်း ငါမင်းကို လိုက်မပို့တော့ဘူး...မင်းဟာမင်းပဲသွားလိုက်ပါ...ကမ်းစပ်မှာလှေတွေရှိနေတယ်"

ရီဖုန်းသည်လည်း ကိန်းကြီးခန်းကြီးလုပ်၍ မတ်တပ်ရပ်မနေတော့ဘဲ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

ခွန်ပန်က ရီဖုန်းကို ခေါင်းညိတ်ပြကာ မတ်တပ်ထရပ်ပြီး ထွက်ခွာသွားတော့သည်။

"ဒီ ဘုန်းတော်ကြီး...."

"ခုဏက သူ ဗိုက်ဆာနေတယ်လို့ ပြောခဲ့တယ်...ဒါပေမဲ့ တစ်လုတ်တောင် ကောင်းကောင်းစားမသွားဘူး...ဘယ်လောက်တောင်ထူးဆန်းလိုက်လဲ"

ရီဖုန်းသည် ခွန်ပန်ချခဲ့သော ပန်းကန်လုံးနှင့်တူတစ်စုံကို မြင်တွေ့ချိန်တွင် ကူကယ်ရာမဲစွာဖြင့်ညည်းတွားလိုက်သည်။

သို့ရာတွင် ထိုကိစ္စကို သူ့၏စိတ်နှလုံးသားအတွင်း၌ များစွာအလေးအနက်မထားခဲ့ချေ။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က ပျောက်ဆုံးသွားခဲ့သော သူ့၏ငွေအိတ်ကိုသာ ကျွန်းပေါ်၌ လှည့်ပတ်ပြီး ဆက်လက်၍ရှာဖွေနေခဲ့သည်။

ခွန်ပန်၏ခြေလှမ်းများပေါ့ပါးနေကာ သူ၏မျက်နှာပေါ်တွင် အမြဲတစေ နူးညံ့သိမ်မွေ့သော ခပ်ဖျော့ဖျော့အပြုံးတခုရှိနေသည်။

သူ၏နူးညံ့သိမ်မွေ့သောအကြည့်ဖြင့်ပတ်ဝန်းကျင်ကိုဝေဝိုက်ကြည့်ကာ မည်သူမျှမရှိသည်ကိုမြင်တွေ့ချိန်တွင် သူ၏လက်ဝါးကသူ၏ခါးထံသို့ ဖြည်းညင်းစွာလျောကျသွားသည်။

ရုတ်ချည်းဆိုသလိုပင် ကြက်ခြေထောက်တစ်ချောင်းကို သူဆွဲထုတ်လိုက်သည်။

"ဒီကြက်ခြေထောက်တစ်ချောင်းရလာတာကံကောင်းလို့ပဲ"

ခွန်ပန်သည် နူးညံညင်သာစွာ တီးတိုးရေရွတ်သည်။ သူသည် စိတ်ခံစားမှုအပြည့်နှင့် ထိုကြက်ခြေထောက်ကိုလောဘတကြီး စတင်၍ ကိုက်စားလိုက်၏။

အချိန်တခဏကြာပြီးနောက်...

သူသည် ထိုကြက်ခြေထောက်မှအသားများကိုဝါးစား၍ပြီးသွားလေပြီ။

အရိုးကိုလွှင့်ပစ်ပြီးနောက်ဘသူ၏အကြည့်သည်ပတ်ဝန်းကျင်နေရာတဝိုက်သို့ ထပ်မံ၍ကျရောက်သွားသည်။

လူအမြောက်အများသည် သူ၏မြင်ကွင်းအတွင်းသို့ဝင်ရောက်လာပေ၏။

ပထမဆုံးအကြည်တချက်တွင် သူ့၏စိတ်အာရုံသည် မိန်းမအိုကြီးချမ်းပေါ်သို့ ကျရောက်သွားသည်။

အား...

သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ဒုတိယအကြည့်တွင် သူ၏စိတ်အာရုံသည် ရေအိုင်နံဘေး၌ရေခပ်နေသော မိန်းမကြီးတယောက်ထံသို့ရောက်ရှိသွားသည်။ ဂျင်နှစ်ရာခန့်လေးသော သူမ၏ခန္ဓာကိုယ်ကိုကြည့်ကာ ခွန်ပန်က လေချဥ်တပ်လိုက်၏။

ထို့နောက်သူ၏အမြင်အာရုံသည် ကျွန်းပေါ်ရတခြားမိန်းမအနည်းစုပေါ်သို့ ကျရောက်သွားပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် သူ့ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းလိုက်သည်။

အော်မီတောဖော...

"အရမ်းကောင်းတယ်...အရမ်းကောင်းတယ်"

"ဒီနေရာမှာ ငါတရားပြနိုင်မယ့် ယုတ်ညံ့တဲ့အရာတချို့ရှိနေမယ်လို့ ငါထင်ခဲ့တာ...ကြည့်ရတာတော့ ငါဆုတောင်းတာများသွားတဲ့ပုံပဲ..ဒီနေရာမှာ ငါ့အတွက်ဘာမှမရှိဘူး...တကယ်ကိုဘာမှ ရှိမနေဘူး"

သူသည်ခံစားချက်အပြည့်ဖြင့်;သက်ပြင်းရှိုက်ကာ ထွက်ခွာသွားရန် နောက်သို့လှည့်လေသည်။

သို့ရာတွင် ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက်သူ၏ခန္ဓာကိုယ်ကို ရုတ်တရက်ရပ်တန့်လိုက်၏။

ဟမ်...

အံ့အားသင့်မှုကြောင့် သူ၏မျက်လုံးများပြူးကျယ်သွားကာ ရှေ့ရှိ သစ်ပင်တစ်ပင်အောက်၌ ထိုင်နေသော ကျုံးချင်ကို ကြောင်စီစီမျက်လုံးများဖြင့်ကြည့်လိုက်သည်။

ဟူး....

"ဆရာသခင်ပေးတဲ့ ဒီရုပ်ပြစာအုပ်က တကယ့်ကို နတ်ဘုရားရတနာပဲ"

"တကယ်လို့ ငါကဒီပုံစံမျိုးနဲ့သာ မုန့်ထင်နဲ့နေလိုက်မယ်ဆိုရင်...."

ကျုံးချင်၏စိတ်သည် သူ့၏လက်အတွင်း ရုပ်ပြစာအုပ်ထံတွင်သာ လုံးလုံးလျားလျားနစ်မြုပ်နေသည်။ သူ၏မျက်နှာလေး နီမြန်းနေကာ ရံဖန်ရံခါ၌ သူ၏ခေါင်းကိုမော့ကာ တွေဝေနေပြီး ရံဖန်ရံခါ၌ သူ၏ဘောင်းဘီခွကြားကိုကြည့်ရန် သူ၏ခေါင်းကို အောက်ကိုငုံလိုက်၏။

သူ၏နောက်တွင် သူ့လက်အတွင်းရှိစာအုပ်ကို စူးစိုက်၍ကြည့်နေသော ဘုန်းတော်ကြီးတပါးရှိနေသည်ကို သူ သတိမပြုမိချေ။

ရတနာပဲ...ဒါကတကယ့်ကိုရတနာတစ်ပါးပဲ...

လောကကြီးထဲမှာ ဒီလိုပစ္စည်းကောင်းမျိုး ရှိနေမယ်လို့ ငါမျှော်လင့်မထားမိဘူး..အထူးသဖြင့်ဒီထဲကပုံစံတွေ...ဒါကတစ်စုံတစ်ယောက်ကိုအလင်းပြပြီးတော့ ကြိုးစားကြည့်ဖို့အတွက်တွန်းအားကိုမြင့်တက်စေနိုင်တယ်"

သူ၏မျက်လုံးအတွင်း၌ ရုပ်ပြစာအုပ်အတွင်းမှ ရုပ်ပုံများကို မြင်ယောင်နေကာ ခွန်ပန်သည်အလွန်အမင်းစိတ်လှုပ်ရှားနေသည်။

ထို့နောက် တည်ကြည်လေးနက်သောအသံတစ်သံက သူ့နှုတ်မှ ထွက်ပေါ်လာသည်။

"ဒကာလေး...မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုးအန္တရာယ်ရှိတဲ့အရာတွေကိုဘာလို့လုပ်ချင်တာလဲ"

ခွန်ပန်က ဖြောင့်မတ်မှန်ကန်သောလေသံဖြင့်ပြောဆိုသည်။

ကျုံးချင်သည် အလွန်အမင်းထိတ်လန့်ကြောက်ရွံ့သွားပေ၏။

သူသည် ထိတ်လန့်တကြားမတ်တပ်ထရပ်လိုက်ပြီးနောက် ကြည့်လိုက်ရာ မည်သည့်နေရာမှထွက်ပေါ်လာမှန်း မသိရသောခွန်ပန်ကို မြင်တွေ့လိုက်ရသည်။

"ငါ...ငါ..."

ကျုံးချင်သည့်အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားကာ ရှက်ရွံ့မှုကြောင့် သူ့၏မျက်နှာ နီမြန်းသွားသည်။

"ဟူး..မင်းကအသက်ငယ်သေးတယ်...ဒီလိုအရာမျိုးတွေက မင်းရဲ့ ကိုယ်စိတ်နှစ်ပါးလုံးကိုညစ်ညမ်းသွားစေနိုင်တယ်...ဒီလိုအန္တရာယ်ပေးနိုင်တယ်ပစ္စည်းမျိုး ငါ့ရဲ့အမြင်အာရုံထဲကိုဝင်လာမှတော့ ဒါကို ငါဖျက်ဆီးပစ်ရမယ်"

ဖြောင့်မတ်မှန်ကန်ပြီး ကြီးကျယ်ခမ်းနားသောအသံက ခွန်ပန်၏ပါးစပ်မှ ထွက်ပေါ်လာသည်။

"ငါဒါကိုဖျက်ဆီးလိုက်မယ်...မင်း ထွက်သွားတော့""

ခွန်ပန်က ကျုံးချင်၏လက်အတွင်းမှ စာအုပ်ကိုယူကာ သူ့လက်ကို ဝှေ့ယမ်း၍ပြောဆိုသည်။

"ကောင်းပြီလေ"

ဤကိစ္စကို တွေးတောကြည့်ပါက အလွန်ရှက်ရွံ့ဖွယ်ကောင်းနေသောကြောင့် ကျုံးချင်သည်သူ၏မျက်နှာကိုပင် မပြဝံ့တော့ချေ။ သူသည် နီမြန်းနေသောမျက်နှာဖြင့် အလျင်စလိုပြေးထွက်ခဲ့တော့သည်။

"ဖျက်ဆီးရမယ်"

ခွန်ပန်သည် သူ၏မျက်လုံးထောင့်ဖြင့် ကျုံးချင် အဝေးသို့ထွက်ပြေးသွားသည်ကို စောင့်ကြည့်ရင်း သူ၏နှုတ်မှ ရေရွတ်လိုက်သည်။

သူ၏စကားသံအဆုံးသတ်သွားပြီးနောက် သူသည်စာအုပ်ကိုဖွင့်လိုက်၏။

ကျွတ်...ကျွတ်...

ဒီလိုနတ်ဆိုးဆန်တဲ့အရာမျိုး...ဒါကအရမ်းတုန်လှုပ်ချောက်ချားဖို့ ကောင်းတာပဲ...ဒါက ငါ့ရဲ့မျှော်လင့်ချက်ထက် အများကြီးကျော်လွန်နေတယ်"

"ကြည့်ရတာတော့ငါက နေရာတစ်နေရာရှာပြီးတော့ ဒါကိုဂရုတစိုက်သန့်စင်ပြီး ဖျက်ဆီးရမယ့်ပုံပဲ"

ထိုသို့ပြောဆိုပြီးနောက် သူသည်စာအုပ်ကိုပိတ်လိုက်ကာ သူ၏ပုံရိပ် ပျောက်ကွယ်သွားတော့သည်။

မကြာမီမှာ သူသည် ကျွန်းပေါ်ရှိအရိပ်ရသောနေရာတနေရာ၌ ပျင်းရိငြီးငွေ့စွာ လဲလျောင်းလိုက်၏။ ထို့နောက်သူ၏လက်ညှိုးကို တံတွေးစွတ်ကာ သူသည် ရုပ်ပြစာအုပ်ကို တစ်ဖန်ပြန်ဖွင့်လိုက်တော့သည်။

Chapter 378

"ရှူး...ဖောက်...ဖောက်....ဖောက်..."

ဤနေ့တွင်....

မီးရှူးမီးပန်းဖောက်သံများ ကျွန်းငယ်လေးပေါ်မှနေ၍ ထွက်ပေါ်လာသည်။

ယနေ့သည် အရေးကြီးသောနေ့တစ်နေ့ပင်။ ကျွန်းငယ်လေးပေါ်တွင် တည်ဆောက်မှုကိုတရားဝင်စတင်သောနေ့ ဖြစ်သည်။

ဟန်ထန်းကြွယ်နှင့်ကွမ်ယွင်ဖန်းတို့ လူအိုကြီးနှစ်ယောက်သည် နံရံများတည်ဆောက်ရန်အတွက်အလုပ်သမားအသစ်တစ်သုတ်ကိုထပ်မံ၍ဖိတ်ခေါ်နိုင်ခဲ့သည်။ ထိုမျှသာမက ရီဖုန်းသည်သူ၏အုတ်ဖိုမှနေ၍ အဆင့်မြင့်အရည်အသွေးရှိသော အုတ်ခဲများစွာကို ပြုလုပ်နိုင်ခဲ့လေ၏။

အချိန်မကြာမီမှာပင် ကျွန်းပေါ်၌ သူ၏ဂိုဏ်းကိုတည်ထောင်နိုင်မည်ဟု သူယုံကြည်သည်။

သူ၏နံဘေးတွင် ဟန်ထန်းကြွယ်နှင့်ကွမ်ယွင်ဖန်းတို့သည် မုတ်ဆိတ်များကိုပွတ်သပ်ကာ ခေါင်းမော့ရင်ကော့၍ မတ်တပ်ရပ်နေကြသည်။

သူတို့၏နောက်တွင် အကန့်အသတ်မရှိသောအင်အားစိုက်ထုတ်မှုများကိုပြုလုပ်၍ အင်မော်တယ်မြစ်ကုန်းမြေအနှံ့ သူတို့ရှာဖွေခဲ့သောအစွမ်းထက်ကျင့်ကြံသူများရှိနေသည်။

ထိုလူများအကြားရှိ အားအနည်းဆုံးသူသည်ဆဋ္ဌမဘဝသိုင်းအင်ပါယာအဆင့်တွင် ရှိနေသည်။

သူတို့သည် ထိုလူများ ဤနေရာသို့လာရောက်ရန် မည်မျှထိသွေးဆောင်ဖျားယောင်းခဲ့ပြီး မည်မျှထိကျမ်းသစ္စာကျိန်ဆိုမှုများကို သူတို့ပြုလုပ်ခဲ့ရကာ မည်မျှထိ စိတ်ရှည်ရှည်နှင့်ချော့မော့ခဲ့ရသည်ကိုကောင်းကင်ဘုံသာ သိရှိပေမည်။

ယနေ့တွင် နောက်ဆုံး၌ သူတို့၏ခေါင်းများကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် မော်ကြွားနေနိုင်သောအချိန်သို့ရောက်ရှိလာလေပြီ။

မြေပြင်ပေါ်ရှိ အုတ်ခဲပုံကြီးကို ထိုလူတစ်စု စူးစိုက်ကြည့်နေသည်ကိုတွေ့ရပြီးနောက် သူတို့သည် ယခုချိန်မှစ၍ နာခံရို့ကျိုးသောသူများဖြစ်လာတော့မည်မှာ သိသာထင်ရှားလှ၏။

အနာဂတ်တွင် ဤကျွန်းပေါ်၌ ထိုလူများသည်စကားပြောဆိုချိန်တွင် သူတို့၏မျက်နှာများကိုကြည့်နေရပေမည်။

'မင်းတို့က အပြင်မှာ သိုင်းအင်ပါယာတွေဖြစ်နေရင်လည်း ဘာဖြစ်လဲ...ဒီနေရာမှာမင်းတို့ကငါတို့ရဲ့အမိန့်ကို နာခံရမယ်'

'ငါတို့လူအိုကြီးနှစ်ယောက်က...ဆရာကြီးခန့်အပ်ထားတဲ့လူတွေပဲ...ဘယ်ကောင်က အမိန့်ကိုမလေးမစားလုပ်ဝံ့လဲ'

"မင်းတို့ကိုကြည့်ရတာ အရမ်းစိတ်လှုပ်ရှားနေပုံပဲ....လောကကြီးကိုမင်းတို့တစ်ခါမှာမမြင်ဖူးဘူးလား"

ဟန်ထန်းကြွယ်သည် သူ့၏နောက်ရှိ တည်ဆောက်ရေးအလုပ်သမားများဖြစ်သော သိုင်းအင်ပါယာတစ်စုကို အော်ငေါက်လိုက်သည်။

"ဒါကအမှန်ပဲ...မင်းတို့အမိန့်ကိုနာခံရမယ်ဆိုတာနားလည်ကြလား"

"ဒါက မင်းတို့လာခဲ့တဲ့နေရာတွေနဲ့မတူဘူး....ဒီနေရာမှာအရာအားလုံးကို မင်းတို့ သတိကြီးစွာထားပြီးတော့ လုပ်ဆောင်ရမယ်"

ကွမ်ယွင်ဖန်းကလည်း သံယောင်လိုက်ကာသူ၏လက်ကိုသူနောက်သို့ပစ်၍ လူတိုင်းကိုစူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။

ကျင့်ကြံဆင့်နယ်ပယ်နိမ့်သောလူနှစ်ယောက်၏အော်ငေါက်ခြင်းကို ရင်ဆိုင်ရသော်လည်း သိုင်းအင်ပါယာများအားလုံးသည်သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြသည်။

သူတို့သည် စဉ်းစားဆင်ခြင်ဉာဏ်မရှိသူများ မဟုတ်ချေ။ ဤအုတ်ပုံကြီးသာမက ကျွန်းပေါ်၌ သာမန်ကာလျှံကာ လမ်းလျှောက်နေသော လူတိုင်းသည် သူတို့၏စိတ်ဝိညာဉ်များကိုတုန်လှုပ်ချောက်ချားစေသည်။

ဤကဲ့သို့အခြေအနေမျိုးအတွင်းတွင် မည်သူကအဆင်အခြင်မဲ့စွာ လုပ်ဆောင်မည်နည်း....

သို့ရာတွင် သူတို့၏မျက်လုံးများအတွင်းရှိ ပြင်းထန်သော စိတ်အားထက်သန်မှုများကိုဖုံးကွယ်ထား၍ မရချေ။ လေးကြိုးမှထွက်လာတော့မည့် မြှားတစ်စင်းအလား သူတို့၏ခြေထောက်များကို နောက်သို့ထောက်ထားကာ အုတ်ခဲများကို စတင်ရွေ့လျားရန်အတွက်စောင့်ဆိုင်းနေကြသည်။

"ကောင်းပြီလေ ....အလုပ်စကြစို့"

ရီဖုန်းက အော်ဟစ်ကာ ရိုးရှင်းသောဖွင့်ပွဲကိုကျင်းပပြီးနောက် ဆောက်လုပ်မှုကိုတရားဝင်စတင်ခဲ့တော့သည်။

ဘုန်း...ဘုန်း...ဘုန်း...

သူ၏အသံကျရောက်သွားသည်နှင့် ခြေလှမ်းသံများက ဒီရေအလားထွက်ပေါ်လာသည်။

တည်ဆောက်ရေးအလုပ်သမားတစ်စုသည်ရူးသွပ်နေသည့်အလား အုတ်ပုံကြီးထံသို့အပြေးသွားကြလေ၏။

ဒီအုတ်ခဲတွေက...

"အား...ဒါတွေက"

"အရမ်းကောင်းတာပဲ"

"ဟား ဟား ဟား ဟား"

သူတို့သည် ကျယ်လောင်စွာ အော်ဟစ်မောနေကြလေ၏။ တချို့သည် အုတ်ခဲများကို ပွေ့ဖက်ကာ ပြင်းပြင်းထန်ထန် နမ်းရှုံနေကြသည်။ တချို့သည် ဝံပုလွေရိုင်းများအလား အုတ်ခဲများ၏အထက်၌ ခုန်ပေါက်နေသည်။

"ဒီတည်ဆောက်ရေးအလုပ်သမားတွေက အရမ်းကိုစိတ်အားထက်သန်တာပဲ"

ရီဖုန်းက မယုံကြည်နိုင်စွာဖြင့် ပြောဆိုသည်။

သို့သော် မကြာမီမှာပင် စိတ်ကျေနပ်သောအပြုံးတစ်ခုက သူ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။

ဤနေရာရှိ တချို့အရာများသည်သူ၏ယခင်ကမ္ဘာလောကထက် များစွာသာလွန်သည်ကို သူဝန်ခံရပေမည်။ ဖြူစင်မှု ကိုယ်ကျင့်တရား အလုပ်အပေါ် သူတို့၏စိတ်အားထက်သန်မှု အစရှိသဖြင့်....

ဤတည်ဆောက်ရေးလုပ်သမားများကို ဥပမာယူ၍ ကြည့်ကြပါစို့။ သူတို့၏အလုပ်အပေါ် စိတ်အားထက်သန်မှုသည် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။

သူတို့သည်အလုပ်စတင်သည်နှင့် ရူးသွပ်စွာလုပ်ကိုင်ကြပြီး အုတ်ခဲများကိုရွှေ့ပြောင်းကာနံရံများကို တည်ဆောက်နေကြသည်။

သူတို့၏အစီအစဉ်များအပေါ် ဆရာကြီးစိတ်ကြေနပ်မှုရသွားသည်ကိုကြည့်ပြီး ဟန်ထန်းကြွယ်နှင့်ကွမ်ယွင်ဖန်းတို့သည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြလေ၏။

"ဒါပေမဲ့ငါတို့နှစ်ယောက်ကဒီကျွန်းပေါ်မှာအသုံးမကျဆုံးလူတွေပဲ"

ဟန်ထန်းကြွယ်က ညည်းတွားလိုက်သည်။

"ဒါကအမှန်ပဲ...ငါတို့ကအသုံးမကျဆုံးပဲ"

ကွမ်ယွင်ဖန်းကလည်း ဝမ်းနည်းကြေကွဲသောလေသံဖြင့် ဖြည်းညှင်းစွာပြောဆိုသည်။

"ငါ မင်းရဲ့တပည့်ကို မနာလိုအဖြစ်ဆုံးပဲ...ဆရာကြီးရဲ့ကူညီမှုနဲ့ သူက အင်မော်တယ်အဆင့်ရှိတဲ့ အုတ်ခဲတွေအများကြီးကို သန့်စင်နိုင်ခဲ့တယ်...သူ့ရဲ့အနာဂတ်က အကန့်အသတ်ရှိမှာမဟုတ်ဘူး"

"အဟွတ်...ဒါက သူ့ရဲ့ကံကြမ္မာကောင်းကြီးပဲ....ငါတို့လည်းပဲ မကြာခင်မှာ ဆရာကြီးဆီကနေ ကံကြမ္မာကောင်းတစ်ချို့ကို ရလာနိုင်ဖို့ငါမျှော်လင့်တယ်"

ဟန်ထန်းကြွယ်က ပြောဆိုလေ၏။

"အလျင်လိုမနေပါနဲ့...အချိန်ကျလာရင် ငါတို့လည်း ကံကြမ္မာကောင်းတချို့ကို လက်ခံရရှိမှာသေချာတယ်"

ကွမ်ယွင်ဖန်းက သတိပေးလိုက်သည်။

ဟန်ထန်းကြွယ်သည် သူ၏ခေါင်းကိုငုံကာ ထပ်မံ၍စကားပြောဆိုခြင်းမပြုတော့ဘဲ နာခံရို့ကျိုးစွာဖြင့် ခေါင်းညိတ်ပြသည်။

"ဟေး...မင်းတို့ လူအိုကြီးနှစ်ယောက်သကြားလုံးတချို့ လိုချင်ကြလား"

ရီဖုန်းက လူအိုကြီးနှစ်ယောက်ကိုအော်ခေါ်လိုက်၏။

သူတို့နှစ်ယောက်သည် သူတို့၏ခေါင်းများကိုအလျင်အမြန်မော့ကာ ဇဝေဇဝါဖြင့် ရီဖုန်းကိုကြည့်လိုက်ကြသည်။

"ရော့...ငါ့မှာ သကြားလုံးတချို့ရှိနေတယ်"

ရှိဖုန်းက ထိုလူအိုကြီးနှစ်ယောက်၏ဇဝေဇဝါအကြည့်များကို လျစ်လျူရှုကာ သူတို့ထံသို့ဆေးလုံးနှစ်လုံးပစ်ပေးလိုက်သည်။

ဤသည်မှာ ဟေးယုသည် မည်သည့်နေရာမှရရှိလာမှန်းမသိရသော ဓားမြှောင်တိုတစ်ချောင်းနှင့်အတူ သူ့အားပေးအပ်ခဲ့သောအရာများပင်။

သူသည် ထိုဆေးလုံးများအနက်မှ တစ်လုံးကိုစမ်းသပ်စားကြည့်ခဲ့သော်လည်း ချဥ်သောအရသာကိုသာ ခံစားရသည်။

သို့ရာတွင် ဤဆေးလုံးများကို လွှတ်ပစ်လိုက်ပါက အလဟဿဖြစ်သွားမည်ဖြစ်သောကြောင့်လူအိုကြီးနှစ်ယောက်ကို သူပေးလိုက်သည်ကပို၍ကောင်းမွန်ပေမည်။

ဓားမြှောင်အတွက်ကမူ...

ရီဖုန်းသည် ထိုအရာကိုယူဆောင်ထားလေ၏။ ထိုဓားမြှောင်သည် တန်ဖိုးကြီးမားပုံမရဘဲ ဟေးယုသည် အမှိုက်ပုံတစ်ပုံမှ ကောက်ယူလာပုံရသည်။ သူသည် ထိုဓားမြှောင်ကို အိတ်ကပ်အတွင်းသို့ထည့်ကာ ထွက်ခွာခဲ့တော့သည်။

ရီဖုန်းပစ်ပေးလိုက်သော ဆေးလုံးများကိုကမန်းကတမ်းဖမ်းယူပြီးနောက် လူအိုကြီးနှစ်ယောက်သည် နေရာမှာပင်ကြက်သေသေသွားလေ၏။ စိတ်လှုပ်ရှားမှုကြောင့် သူတို့၏မျက်လုံးများတောက်ပနေသည်။

"ဒီလောက်တောင် ပေါကြွယ်ဝတဲ့ဆေးစွမ်းအားမျိုး...."

"ဒီဆေးလုံး ဒါကတခြားဆေးလုံးမဖြစ်နိုင်ဘူး...အင်မော်တယ်အဆင့် ဆေးလုံးပဲဖြစ်မယ်"

"ငါတို့က ဆရာကြီးကိုစိတ်ပါလက်ပါ ကူညီပေးနေသရွေ့...သူက ငါတို့အပေါ် တွန့်တိုနေမှာမဟုတ်ဘူးဆိုတာ ငါသိတယ်"

လူအိုကြီးနှစ်ယောက်သည် ထွက်ခွာသွားသောရီဖုန်း၏နောက်ကျောပြင်ကိုကြည့်ကာ ဦးညွတ်အရိုအသေပြုလိုက်ကြ၏။

ရီဖုန်းသည် ယဲ့ပေကို သူ၏အလုပ်မှ အနားယူရန်ပြောဆိုကာ သိုင်းပညာခန်းမမှ ပစ္စည်းများကိုကူညီ၍ရွှေ့ပြောင်းခိုင်းခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည်ယခုအချိန်၌ ကျွန်းငယ်လေးပေါ်သို့ လုံးလုံးလျားလျားပြောင်းရွှေ့ပြီးလေပြီ။ ထို့ကြောင့် ရီဖုန်းသည်နေ့စဉ်အသုံးဆောင်ပစ္စည်းများနှင့် သူကြိုက်နှစ်သက်သောအရာတချို့ကို ဤနေရာသို့ယူဆောင်လိုသည်။

သိုင်းပညာခန်းမသည် သိုင်းပညာခန်းမအဖြစ်ဆက်လက်၍တည်ရှိနေဆဲပင်။ သူ့ထံတွင်အချိန်တချို့အားလပ်ပါက ထိုနေရာသို့ ရံဖန်ရံခါ၌ ပြန်၍နေထိုင်ရပေမည်။

ရီဖုန်းသည် ယဲ့ပေလူစုကိုဦးဆောင်၍ နှစ်ရက်သုံးရက်ခန့် ခေါက်တုံ့ခေါက်ပြန်သယ်ဆောင်ပြီးနောက် သိုင်းပညာခန်းမမှ ပစ္စည်းအမြောက်အများကို ရွှေ့ပြောင်းပြီးလေပြီ။

ဤနေရာတွင် အရာအားလုံးကို သပ်သပ်ရပ်ရပ်ပုံ၍ထားရှိပါက အမြောက်အ​များရှိပုံမရ​ချေ။

သို့ရာတွင် ပစ္စည်းတစ်မျိုးစီကိုကြည့်ပြီးနောက်သောက်ရေးမပါလောက်အောင် များပြားနေကာအစုလိုက်အပုံလိုက်ကြီး ဖြစ်နေလေ၏။

ထို့ကြောင့် ရီဖုန်းယူဆောင်လာသော သိုင်းပညာခန်းမမှ ပစ္စည်းများကို ကျွန်းငယ်လေးပေါ်ရှိမြေကွက်လပ်များ သစ်ပင်များအောက်နှင့်ကျောက်တုံးများပေါ်၌ နေရာချထားရတော့သည်။

ဥပမာအနေဖြင့် သူ၏စာအုပ်များ ခြံဝန်းအတွင်းမှနောက်မှီကုလားထိုင် ယပ်တောင်များ ထီးများနှင့်တခြားတိုလီမိုလီပစ္စည်းမျိုးစုံသည် အကန့်အသတ်မရှိချေ။

အင်မော်တယ်နယ်မြေ၌...

ဟေယုနှင့်တွေ့ဆုံပြီးသည့်နေ့မှစတင်၍ ဆုရွှမ်ကျွင်းသည် တံခါးပိတ်ကျင့်ကြံမှု ပြုလုပ်နေခဲ့သည်။

သူသည် တံခါးပိတ်ကျင့်ကြံမှု ပြုလုပ်နေသည်ဟုပြောဆိုခဲ့သော်လည်း အမှန်အားဖြင့် သူပုန်းအောင်းနေခြင်းပင်။

ဤနေရာတွင် သူ နေ့စဉ်နေ့တိုင်း ပုန်းအောင်းနေရသည်ကို သူသည်းခံနိုင်ရန် အလွန်ခက်ခဲကာအဆက်မပြတ် စိုးရိမ်ပူပန်နေရသည်။

သို့ရာတွင်ရုတ်တရက်တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူ တွေးတောမိသွားသည်။

လှေလှော်နေတဲ့လူအိုကြီးနဲ့ ဘုန်းတော်ကြီးက ဒီလောကကြီးမှာ မတည်ရှိသင့်တော့ဘူးမဟုတ်လား....

သူတို့ရဲ့သရုပ်မှန်တွေက ငါ့ရဲ့ခန့်မှန်းချက်သက်သက်ပဲ....ဘာသက်သေအထောက်အထားမှမရှိဘူး...

ဒါကြောင့် အဲဒီလှေလှော်သမားနဲ့ဘုန်းတော်ကြီးက ငါ့ခန့်မှန်းထားတဲ့သူတွေမဟုတ်ဘူးဆိုရင် အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ရီဖုန်းကလည်း ငါတွေးထင်ထားသလိုမျိုး အရမ်းတုန်လှုပ်ဖို့ကောင်းမှာမဟုတ်ဘူး"

သူသည် ခန်းမအတွင်း၌ ခေါက်တုံ့ခေါက်ပြန်လျှောက်လှမ်းလိုက်သည်။

ထိုအကြောင်းကိုသူပို၍စဉ်းစားတွေးတောမိလေလေ ထိုအချိန်တုန်းက သူအကြောက်လွန်သွားသည်ဟု ခံစားရလေလေပင်။

ထို့နောက် သူက ခေါင်းကိုမော့လိုက်၏။

သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကြီးမားသောဆုံးဖြတ်ချက်တစ်ခုကိုပြုလုပ်လိုက်သည်။

ငါ အဲဒီကျွန်းကိုထပ်သွားပြီးတော့ သေချာစုံစမ်းရမယ်....

Chapter 379

သူ ကိုယ်တိုင်ကိုယ်ကျ ဆင်းကြည့်လိုသောအကြောင်းအရင်းမှာ သူသည် ဤကဲ့သို့စိုးရိမ်သောကများဖြင့် အချိန်ကြာမြင့်စွာနေလိုခြင်းမရှိဘဲ သူ၏စိတ်ငြိမ်းချမ်းမှုကိုရှာဖွေလိုသောကြောင့်ပင်။

အကယ်၍ ရီဖုန်းသည် သူခန့်မှန်းထားသလောက် အစွမ်းထက်ခြင်းမရှိပါက သူ၏ဘဝကိုလွတ်လွတ်လပ်လပ်နေနိုင်သည့်အပြင် လက်စားချေရန်အတွက် နည်းလမ်းများစွာကိုရှာဖွေနိုင်ပေမည်။

အမှန်အားဖြင့် သူသည် စိတ်လိုက်မာန်ပါလုပ်ဆောင်ခြင်းမပြုချေ။

မည်သို့ပင်ဆိုစေကာမူ အရာအားလုံးကို သူအတိအကျ ပြောဆို၍မရပေ။

သူသည် အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေအတွင်းရှိ အကျဉ်းထောင်သို့သွားကာ ကြိုးတိုက်အတွင်းမှ သေမိန့်ကျထားသောအကျဉ်းသားတချို့ကို ကြည့်လိုက်သည်။ ထို့နောက် သူသည်အကျဉ်းသားတစ်ယောက်ကိုရွေးချယ်ကာ သူ၏သီးသန့်အခန်းအတွင်းသို့ ခေါ်ဆောင်ခဲ့သည်။

အချိန်တစ်ခဏအကြာတွင် သူသည် မှော်မန္တန်များကိုရွတ်ဆိုကာ လက်စည်းသင်္ကေတအမြောက်အများကို အဆက်မပြတ်ပြုလုပ်ခဲ့သည်။

ထိုကြိုးမိန့်ကျအကျဥ်းသားထံမှနေ၍ သွေးပျက်ဖွယ် အော်သံနက်ကြီးများထွက်ပေါ်လာကာသူ၏စိတ်ဝိညာဉ် တိုက်ရိုက်ဆွဲထုတ်ခြင်းခံလိုက်ရသည်။

ထိုစိတ်ဝိညာဥ်ကို ဆွဲထုတ်ခြင်းခံရပြီးနောက် ကြိုးမိန့်ကျအကျဥ်းသားသည် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့လဲကျနေကာ မျက်လုံးများပြူးကျယ်နေသော အလောင်းတစ်လောင်းဘဝသို့ ရောက်ရှိသွားတော့သည်။

"သိပ်သည်းစမ်း..."

တိုးညှင်းသောအသံတစ်သံနှင့်အတူ သွေးတစ်စက်သည် ဆုရွှမ်ကျင်း၏လက်ချောင်းထိပ်မှနေ၍ ထိုစိတ်ဝိညာဉ်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

ထိုသွေးစက်သည်ပြန့်ကြဲကာ စိတ်ဝိညာဉ်ကိုလွမ်းခြုံသွားသည်။ ကြိုးမိန့်​ကျအကျဉ်းသား၏ နောက်ဆုံးလက်ကျန်အသိစိတ်အနည်းငယ်သည် လုံးလုံးလျားလျားပယ်ဖျက်ခြင်းခံလိုက်ရလေ၏။

ဆုရွှမ်ကျွင်းသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတချက်ရှိုက်လိုက်သည်။ စိတ်ကျေနပ်မှုရရှိသွားသောအပြုံးတစ်ခုက သူ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ဤစိတ်ဝိညာဉ်သည် သူ၏သွေးအနှစ်သာရစွမ်းအားကြောင့်သူ၏ထိန်းချုပ်မှုအောက်သို့ အပြည့်အဝရောက်ရှိသွားလေပြီ။

တစ်ချိန်တည်းမှာပင် ထိုစိတ်ဝိညာဉ်သည် ထွင်းဖောက်၍မြင်ရသည်အထိ ကြည်လင်သွားသည်။ အတိအကျပြောဆိုရလျှင် ဤသည်မှာ မြင်တွေ့နိုင်ခြင်းမရှိဘဲ ထိတွေ့ကိုင်တွယ်၍မရ သို့မဟုတ် ရိပ်မိနိုင်ခြင်းလည်းမရှိသော အလွန်နက်နဲသိပ်မွေ့မှုသည့် အရာတစ်ခုအဖြစ်သို့ရောက်ရှိသွားလေပြီ။

အလွန်အစွမ်းထက်သော ကျင့်ကြံသူများအတွက်ပင် ချွင်းချက်မရှိချေ။

အကယ်၍အဆိုးဆုံးကိစ္စဖြစ်လာလျှင်ပင် သူ ကိုယ်လွတ်ရုန်းထွက်နိုင်သည်။

အကြောင်းအရင်းမှာ ဤသည်က သူ၏စိတ်ဝိညာဥ်မဟုတ်ချေ။ အကယ်၍ သူ၏ရန်သူသည် မိုးထိလုမတတ်မြင့်မားသော စွမ်းအားမျိုးရှိနေလျှင်ပင် ဤကြိုးမိန့်​ကျအကျဉ်းသားကိုသာ တွေ့ပေမည်။

သို့ရာတွင် ကြိုးမိန့်​ကျအကျဉ်းသားသည်သေဆုံးပြီးဖြစ်သည်။

ဤအစီအစဉ်သည် အာမခံနှစ်ထပ်ရှိခြင်းနှင့်အတူ အပြစ်အနာအဆာကင်းမဲ့သည်။

အမှန်အားဖြင့် ဤစိတ်ဝိညာဉ်ခန္ဓာကိုယ်သည်လည်း အနည်းငယ်မျှ အားနည်းခြင်းမရှိချေ။

ပထမဦးစွာ ထိုစိတ်ဝိညာဉ်၏ခွန်အားသည်အလွန်သန်မာ အားကောင်းခြင်းမရှိဘဲ သိုင်းအင်ပါယာနယ်ပယ်၌သာရှိသည်။ သို့ရာတွင် ဆုရွှမ်ကျွင်းသည် တိုက်ခိုက်ရန်သွားခြင်း မဟုတ်ချေ။ သူသည် စုံစမ်းစစ်ဆေးရန်သက်သက်သွားခြင်းပင်။ ထို့ကြောင့် သိုင်းအင်ပါယာတစ်ယောက်၏ခွန်အားဖြင့် လုံလောက်ပေ၏။

ဒုတိယအနေဖြင့် စိတ်ဝိညာဉ်ခန္ဓာကိုယ်၏အားနည်းချက်သည် တစ်ရက်သာအသက်ရှင်သန်နိုင်ခြင်းဖြစ်သည်။

သို့ရာတွင် ဆုရွှမ်ကျွင်းအတွက် ကျွန်းငယ်လေး၏အသေးစိတ်အချက်အလက်များကိုဖော်ထုတ်နိုင်ရန် အချိန်ကာလတစ်ရက်သည်လုံလောက်ပေ၏။

"ကျွတ်...ကျွတ်...""

ဆုရွှမ်ကျွင်းက ဝမ်းသာပီတိဖြစ်စွာဖြင့် ပြုံးလိုက်သည်။

"မင်းတို့က ဘယ်လိုလူစားမျိုးတွေလဲဆိုတာ ငါအတိအကျ ကြည့်ရသေးတာပေါ့"

ထိုသို့ပြောဆိုပြီးနောက် သူ၏မျက်လုံးကိုစုံမှိတ်လိုက်သည်။ သူ၏စိတ် ရွေ့လျားသွားခြင်းနှင့်အတူ စိတ်ဝိညာဉ်သည် အင်မော်တယ်မြစ်ကုကုန်းမြေအတွင်းမှ ပင်ကျင်းမြို့ပြင်ပတွင်ရှိသည် ကျွန်းငယ်လေးထံသို့ဦးတည်၍ပျံသန်းသွားတော့သည်။

ရေအိုင်နံဘေးရှိ မြက်ခင်းပြင်ပေါ်တွင် လုပမ်ဝေရှိနေကာ ကောက်ရိုးဦးထုပ်တစ်လုံးကို ဆောင်းထားသည်။ သူသည် မလှမ်းမကမ်းတွင် ခုန်ပေါက်နေသော ခွေးနှင့်ဝက်ဝံကို ပျင်းရိငြီးငွေ့စွာဖြင့်ကြည့်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် ဝက်ဝံနှင့်ခွေးသည်တစ်ယောက်နှင့်တစ်ယောက် ဟန်ပြတိုက်ခိုက်နေကြသည်။

" ဟီးဟီး..ဟားဟား"

"ငါတိုက်ခိုက်တယ်"

"ငါက ရှောင်တယ်"

ဤအချိန်တွင် ဝက်ဝံနှင့်ခွေးသည် မင်းလာငါသွားဟူသောပုံစံမျိုးနှင့် တိုက်ခိုက်နေကြသည်။

"ထပ်လာပြီနော်"

"ငါ့ကိုကြည့်စမ်း..မက်မွန်သီးခူးဆွတ်လက်"

ခွေးသည် မြေပြင်ပေါ်၌ဝပ်ကာ ဝက်ဝံနက်၏ပေါင်းခွကြားသို့ တိုးဝင်သွားသည်။

"ငါ့ဖင်ကြီးကိုပဲ စားလိုက်တော့"

နောက်ထပ်အချိန်အခိုက်အတန့်တွင် ကျယ်လောင်သော တုန်ခါသံကြီး မြည်ဟီးလာသည်။ ဝက်ဝံလက်ဝါးကြီးက မြေပြင်ပေါ်သို့​ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။ ကီလိုဂရမ် မည်မျှလေးသည်မှန်းမသိရသော သူ့၏ခန္ဓာကိုယ်ကြီးသည် မိုးကောင်းကင်အတွင်းသို့ ပျံ့သန်းသွားကာ ခွေးထံသို့ဦးတည်၍ထိုင်ချလိုက်၏။

ထိုအချိန်မှာပင် ညင်သာသောလေညင်းတစ်ရပ်က ရေအိုင်နံဘေး၌ ဖြတ်သန်းတိုက်ခတ်လာသည်။

ဆုရွှမ်ကျွင် ထိန်းချုပ်ထားသောစိတ်ဝိညာဥ်သည် ရေအိုင်၏နံဘေးသို့ဆင်းသက်လာလေပြီ။

သူ၏လက်များကို နောက်သို့ပစ်ထားကာသူ၏ခေါင်းကိုအနည်းငယ်မော့၍ အဝေးတစ်နေရှိ ကျွန်းငယ်လေးထံသို့ စူးရှစွာကြည့်လိုက်သည်။

"နောက်ဆုံးတော့...ငါ ဒီနေရာကိုရောက်ပြီ""

"ဒီတကြိမ် ဒီနေရာကိုရောက်လာမှတော့ မင်းတို့တွေကနဂါးလား ဒါမှမဟုတ် ကျားလားဆိုတာကို ငါ ရအောင်ဖော်ထုတ်ရမယ်"

သူ၏နှုတ်ခမ်းထောင့် ဖြည်းညှင်းစွာ တွန့်ကွေးသွားကာ ယုံကြည်ချက်အခိုင်အမာရှိသော အသံတစ်သံထွက်ပေါ်လာသည်။ ထို့နောက် စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် ကျွန်းထံသို့ဦးတည်၍ပြန်သန်းသွားလေ၏။

ရုတ်တရက်....

စူးရှသောအသံတစ်သံက ရေအိုင်နံဘေးမှနေ၍ ထွက်ပေါ်လာသည်။

"ငါ့ဖင်ကြီးကို စားလိုက်စမ်း"

ထိုအသံနှင့်အတူ လေပြင်းတစ်ရပ်တိုက်ခတ်လာသည်။

ဆုရွှမ်ကျွင်းက မျက်မှောင်ကြုတ်လိုက်၏။

သူသည် ကောင်းကင်ထံသို့ အလျှင်အမြန်တစ်ချက်ကြည့်ပြီးနောက် သူ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။

ဝဖြိုးသော ဝက်ဝံ့ကြီးတစ်ကောင်သည်မိုးကောင်းကင်ယံမှ ဆင်းသက်လာကာ သူ့ထံသို့ဦးတည်၍ တန်းတန်းမတ်မတ် ထိုင်ချလေသည်။

ဘုန်း...

သီးသန့်ခန်းအတွင်း၌ထိုင်နေသော ဆုရွှမ်ကျွင်းသည် ဘုန်းခနဲအသံတစ်သံကိုသာ ကြားလိုက်ရသည်။ ထို့နောက် သူ၏မျက်လုံးရှေ့ရှိ အရာရာတိုင်း မှောင်မည်းသွားကာ သူ မည်သည့်အရာကိုမျှမမြင်နိုင်တော့ချေ။

တချိန်တည်းမှာပင်သူနှင့်စိတ်ဝိညာဥ်အကြားရှိ ဆက်သွယ်မှု လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။

သောက်ချေးပဲ...သောက်ချေးပဲ...

ဆုရွှမ်ကျွင်း၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားကာ သူက ဒေါသတကြီးကျိန်ဆဲလိုက်၏။

သူသည် ဤစိတ်ဝိညာဉ်ကိုဖန်တီးရန်အတွက်သွေးအနှစ်သာရကို အသုံးပြုခဲ့ရကာ ပြဿနာအမြောက်အများကို ဖြတ်သန်းခဲ့ရသည်။ သူသည် ကျွန်း၏ပတ်ဝန်းကျင်ကို ကောင်းမွန်စွာလှည့်ပတ်ကြည့်လိုခဲ့သည်။ သို့ရာတွင် မမျှော်လင့်ဘဲ သူ ထိုနေရာသို့ရောက်ရှိသည်နှင့် ခြေလှမ်းတလှမ်းမျှမလှမ်းရသေးမီမှာပင် ဝက်ဝံကြီး၏တင်ပါးဖြင့် ထိုင်ချခံရခြင်းကြောင့် စိတ်ဝိညာဥ် သေဆုံးသွားခဲ့သည်။

ဤသည်မှာ အမှန်တကယ်ကိုအလွန်ဒေါသထွက်ဖွယ်ရာပင်။

"ရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့ဝက်ဝံနတ်ဆိုး..နိမ့်ကျတဲ့ဝက်ဝံနတ်ဆိုး...အဲဒီကျွန်းပေါ်မှာ အရမ်းအစွမ်းထက်တဲ့လူ တစ်ယောက်မှမရှိဘူးဆိုတာငါအတည်ပြုပြီးတာနဲ့...ငါမင်းကို အရင်ဆုံးသတ်မယ်"

သူသည် လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ အံ့တင်းတင်းကြိတ်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူ၏စိတ်ပြန်လည်တည်ငြိမ်သွားသဖြင့် ကြိုးတိုက်သို့ထပ်မံသွားကာ နောက်ထပ်ကြိုးမိန့်ကျအကျဉ်းသားတစ်ယောက်ကို သူ၏သီးသန့်ခန်းအတွင်းသို့ ခေါ်ဆောင်ခဲ့သည်။

ဤသည်မှာ အမှန်ပင်။

ယခင် ကျရှုံးမှုသည် ကျွန်းငယ်လေးသို့သွားရန် သူ၏စိတ်ဓာတ်ကို ပျက်ပြားသွားစေခြင်းမရှိချေ။

အကြောင်းရင်းမှာ သူ၏အမြင်အရ ယခင်ကျရှုံးမှုသည် သူ့၏ကံဆိုးမှုကြောင့်ပင်။ သူ ထိုနေရာသို့ကူးပြောင်းသွားစဉ်၌ ခွေးနှင့်ဝက်ဝံတို့၏ဟန်ပြတိုက်ခိုက်ပွဲနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ဝက်ဝံ၏ကြီးမားသောတင်ပါးဖြင့်ထိုင်ချခံရကာ ထိုစိတ်ဝိညာဥ် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

သူ၏မျက်နှာအလွန်သုန်မှုန်နေသော်လည်း သူ့ထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် ထိုအချက်ကိုလက်ခံရပေမည်။

ထို့ကြောင့် သူသည် တူညီသောနည်းလမ်းကိုအသုံးပြုကာ နောက်ထပ်စိတ်ဝိညာဥ်တစ်ကောင်ကိုသန့်စင်၍ ကျွန်းငယ်လေးထံသို့ပြန်လာခဲ့တော့သည်။

တူညီသောကံကြမ္မာမျိုး ထပ်ဖြစ်ပြန်လေပြီ။

နောက်ထပ်ကြိုးမိန့်ကျအကျဉ်းသားတစ်ယောက် ထပ်မံ၍သေဆုံးသွားခဲ့သည်။ တန်ကြေးအဖြစ် သူသည် သွေးအနှစ်သာရနောက်ထပ်တစ်စက်ကိုအသုံးပြုကာ စိတ်ဝိညာဉ်တစ်ကောင်ကို နောက်ထပ်ဆယ်နာရီခန့်အကြာတွင် ထပ်မံစေလွှတ်ခဲ့သည်။

နောက်ဆုံးတစ်ကြိမ်မှဖြစ်ရပ်မျိုးကို ရှောင်ကြဉ်နိုင်ရန်အတွက် သူသည် ဤတစ်ကြိမ်တွင် ကြိုးမိန့်ကျအကျဉ်းသားများအနက်မှ အနည်းငယ်ပို၍အားကောင်းသော အကျဉ်းသားတစ်ယောက်ကိုအထူးသီးသန့်ရွေးချယ်ခဲ့သည်။ သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ခွန်အားရှိသော စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို အသုံးပြုခဲ့လေ၏။

ဤနည်းလမ်းဖြင့် အကယ်၍ သူသည် တင်ပါးရိုက်ချက်ဖြင့် ထပ်မံ၍ရင်ဆိုင်ကြုံတွေ့ရလျှင်ပင် အနည်းဆုံးအနေဖြင့် ရှောင်ရှားရန်အချိန်ရရှိပေမည်။

"ဒီတကြိမ်တော့ ငါက...ကျွန်းပေါ်ကို ရအောင်သွားနိုင်ရမယ်"

"ငါ အောင်မြင်မှုရမှာ သေချာတယ်"

အခိုင်အမာယုံကြည်ချက်များနှင့် ပြည့်နှက်နေသောအသံတစ်သံ မြည်ဟီးလာခြင်းနှင့်အတူသူ၏စိတ်ရွေ့လျားသွားကာ စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် ကျွန်းငယ်လေးထံသို့ ထပ်မံ၍ ထွက်ခွာခဲ့တော့သည်။

Chapter 380

ဖျောက်...ဖျောက်....

ဤအချိန်အခိုက်အတန့်သည် မနက်စောစောအချိန်ဖြစ်ပေ၏။

မိုးဖွဲလေးများသည် ပင်ကျင်းမြို့ပေါ်၌ ရွာသွန်းနေကာ မိုးရေစက်များကြောင့် ရေအိုင်မျက်နှာပြင်ပေါ်၌ လှိုင်းဂယက်များထွက်ပေါ်လာသည်။

ပါးလွှာသောမြူခိုးများသည် ရေအိုင်မျက်နှာပြင်ပေါ်၌ မျောလွင့်နေကာ ဝေဝါးပြီးမထင်မရှားဖြစ်နေသဖြင့် တိတ်ဆိတ်ငြိမ်သက်သောခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

"အား...ငါရဲ့နောက်မှီကုလားထိုင် ငါရဲ့နောက်မှီကုလားထိုင်"

"ပြီးတော့...ငါ့ရဲ့စာအုပ်..ငါ့ရဲ့အဖိုးတန်စာအုပ်တွေ"

ရီဖုန်းသည် သူ၏ခေါင်းကို သူ့လက်နှစ်ဖက်ဖြင့်အုပ်ကာ ဗလုံးဗထွေးဆဲဆိုရင်း မိုးရေအတွင်းသို့ ပြေးထွက်လိုက်သည်။ သူသည် စိုစွက်နေသော ပစ္စည်းများကိုကြည့်ပြီး ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာ သုန်မှုန်သွားသည်။

ဤပစ္စည်းများကို သိုင်းပညာခန်းမမှ သယ်ဆောင်လာပြီးနောက် ပြင်ပ၌ ဤအတိုင်းထားခဲ့မိသော်လည်း မိုးရွာသွန်းမည်ဟု သူ မျှော်လင့်မထားမိချေ။

အမှန်အားဖြင့် ဤပစ္စည်းများကို သူ၏သိုလှောင်လက်စွပ်အတွင်း၌ သိမ်းဆည်း၍ရသော်လည်း သူသည် ထိုအရာကို ထုတ်ဖော်ပြသလိုခြင်းမရှိချေ။

ထို့ပြင် ပင်ကျန်းမြို့နှင့် လီတစ်ရာခန့်ဝေးကွာသော တခြားမြို့ငယ်တစ်မြို့တွင် တစ်စုံတစ်ယောက်သည် သိုလှောင်အိတ်ကို ကောက်တွေ့ပြီးနောက် ကျင့်ကြံသူတစ်ယောက်၏သတ်ဖြတ်ခြင်းကိုခံလိုက်ရကြောင်း မကြာသေးမီက တစ်စုံတစ်ဦးပြောသည်ကို သူကြားခဲ့ဖူးသည်။

ဤကိစ္စကြောင့် သူသည် ရက်ပေါင်းများစွာအိပ်မပျော်နိုင်ဘဲ သူ့ထံတွင် သိုလှောင်လက်စွပ်တစ်ကွင်းရှိနေသည်ဟူသော စကားတစ်ခွန်း ထွက်ပေါ်လာမည်ကို သူ စိုးရိမ်နေမိသည်။

"မြန်မြန်လုပ်ကြ...အုတ် ဘိလပ်မြေနဲ့ သဲတွေကို ဖုံးဖို့ ဆီစိမ်ပိတ်ကို သုံးကြစမ်း"

ရီဖုန်းက အလုပ်သမားများကို အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့"

လူများအားလုံး တုံ့ပြန်လိုက်ကြကာ ရီဖုန်း၏အမိန့်ကိုလိုက်နာပြီး မိုးရေများအတွင်းသို့ ပြေးထွက်လိုက်ကြ၏။

ဤလူများအားလုံး ထွက်သွားပြီးနောက် ရီဖုန်းသည် သူ့လက်ပေါ်ရှိ သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။ သူ၏ကိုယ်ပိုင်ပစ္စည်းများဖြစ်သည့် နောက်မှီကုလားထိုင် ထီး စာအုပ်များ ဗီရိုနှင့်တခြားတိုလီမိုလီများ အားလုံးကို တစ်နေရာတည်းတွင်ပုံကာ လက်စွပ်အတွင်းသို့ ထည့်သွင်းလိုက်၏။

ထိုသို့လုပ်ဆောင်ပြီးနောက် ရီဖုန်းသည် ထီးတစ်လက်ကိုကိုင်၍ ကျွန်းငယ်လေးပေါ်ရှိ မြေကွက်လပ်ဆီသို့ လျှောက်လှမ်းသွားကာ လူတိုင်းကို တစ်နေရာတည်း၌ စုစည်းစေသည်။

"ဆရာကြီး...ဘာအမိန့်ပေးစရာရှိလို့လဲ"

ဆယ်နှင့်ချီသောလူများသည် ရီဖုန်းကိုကြည့်ကာ သူထံမှညွှန်ကြားချက်ကို ရိုသေလေးစားစွာ စောင့်နေကြသည်။

"အင်း....မင်းတို့အားလုံး ခုလတ်တလောအချိန်အတွင်းမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်... ငါ အရမ်းစိတ်ကျေနပ်တယ်"

ရီဖုန်းက ခေါင်းညိတ်ပြသည်။

"မင်းက အရမ်းကြင်နာလွန်းနေပြီ...ဆရာကြီး မင်းအတွက် အလုပ်လုပ်ပေးရတာ ငါတို့ရဲ့တာဝန်ပါပဲ"

လူများအားလုံးထံမှ တလေးတစားပြောဆိုသံများက ပဲ့တင်ထပ်နေသည်။

"အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး...မင်းတို့အားလုံးကို ငါ ပြောစရာတစ်ခုရှိလို့ ခေါ်လိုက်တာ....ရာသီဥတုကိုကြည့်ရတာ ဒီနေ့အတွက် အလုပ်တွေ လုပ်လို့ရမယ့်ပုံမပေါ်ဘူး...မင်းတို့အားလုံးရဲ့ စွမ်းဆောင်ရည်ကိုတွေးတောပြီး တော့ ငါက မင်းတို့ကို အပြင်ခေါ်သွားပြီး စားကောင်းတာလေးတွေသွားစားဖို့ စီစဉ်ထားတယ်"

ရီဖုန်းက ကျယ်လောင်စွာပြောဆိုသည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီး"

လူတိုင်းသည် သူ့ကို ဦးညွှတ်အရိုအသေပြုကာ ကျေးဇူးတင်စကားများ အားပါးတရပြောဆိုလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့အားလုံး၏မျက်နှာများတွင် အလွန်စိတ်လှုပ်ရှားနေသည့် အမူအယာများ ထွက်ပေါ်လာကာအထူးသဖြင့် မကြာသေးမီကမှ ရောက်လာသော အလုပ်သမားများပင်။ သူတို့သည် ဟန်ထန်းကြွယ်နှင့်ကွမ်ယွင်ဖန်းတို့အနီးတွင် ဝိုင်းဖွဲ့ကာ အော်ဟစ်ဆူညံနေကြလေ၏။

"အရှင်ကွမ်...ဆရာကြီးက ငါတို့ကို အခွင့်အရေးပေးနေတာလား"

"အမှန်ပဲ.... ဆရာကြီးက မင်းတို့ရဲ့ စွမ်းဆောင်ရည်တွေအတွက် အရမ်းစိတ်ကျေနပ်နေတယ်"

"သူက ငါတို့ကို အခွင့်အရေးပေးတာပေါ့"

စိတ်အားထက်သန်သောအသံများ အဆက်မပြတ် ထွက်ပေါ်နေကာ.....

ဤသိုင်းအင်ပါယာတစ်စုသည် သူတို့၏အနီးတစ်ဝိုက်တွင် သကြားလုံးတောင်းနေသည့် ကလေးငယ်များကဲ့သို့ ပြုမူနေခြင်းကို မြင်တွေ့ရချိန်တွင် ကွမ်ယွင်ဖန်းနှင့်ဟန်ထန်းကြွယ်တို့သည် အလွန်အမင်းဂုဏ်ယူဝမ်းမြောက်ကာ စိတ်ကျေနပ်နေသည်။

ယခင်က သိုင်းအင်ပါယာများကို သူတို့၏ မျက်လုံးများအတွင်းတွင် မြင့်မြတ်သောတည်ရှိမှုများဟု ထင်ခဲ့ကြလေ၏။ သို့ရာတွင် ယခုချိန်၌ ထိုလူအားလုံးသည် သူတို့၏ တုံ့ပြန်မှုများကို စောင့်ကြည့်နေကြပြီး မျက်နှာသာရရန်အတွက် လက်ဆောင်များကိုပင် ပေးအပ်ခဲ့သည်။

အမှန်အားဖြင့် ရီဖုန်းပေးခဲ့သော ဆေးပြားများကြောင့် သူတို့နှစ်ဦးသည်လည်း အဆင့်များစွာခုန်တက်ကာ သိုင်းအင်ပါယာနယ်ပယ်သို့ တိုက်ရိုက်တက်လှမ်းပြီးလေပြီ။

"မင်းတို့က စိတ်ရှည်စရာမကောင်းတဲ့လူတွေပဲ....ရုတ်ရုတ်ရုတ်ရုတ် မလုပ်ကြစမ်းနဲ့"

"မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်ကြအုံး"

ကွမ်ယွင်ဖန်းသည် မောက်မာဝံ့ကြွားစွာဖြင့် သူ့၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ကာ သတိပေးလိုက်၏။

"အရှင်ကွမ်...ငါတို့က စိတ်ပူနေလို့ပါ"

နဝမဘဝ သိုင်းအင်ပါယာတစ်ယောက်သည် ကွမ်ယွင်ဖန်းအတွက် ထီးတစ်လက်ကို ကိုင်ဆောင်လာသည်။

"ဟုတ်တယ်...ဆရာကြီးပေးမယ့် အခွင့်အရေးကိုရင်ဆိုင်ရတဲ့အချိန်မှာ ငါတို့က ဘယ်လိုလုပ်ပြီးတော့ အေးအေးဆေးဆေးနေနိုင်မှာလဲ"

နောက်ထပ် အဋ္ဌမဘဝသိုင်းအင်ပါယာတစ်ယောက်သည် ရှေ့သို့တိုးလာကာ ကွမ်ယွင်ဖန်း၏ပခုံးများကို နှိပ်နယ်ရင်း သံယောင်လိုက်သည်။

တခြားသူများကလည်း မျှော်လင့်စောင့်စားသောအကြည့်ဖြင့် ကြည့်နေကြလေ၏။

"မင်းတို့က အရမ်းစကားများတာပဲ...အချိန်ကျလာရင် မင်းတို့ရဲ့အလှည့်က အလိုလိုရောက်လာလိမ့်မယ်"

ကွမ်ယွင်ဖန်းက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"အမှန်ပဲ"

"စကားနည်းနည်းပြောပြီး အလုပ်ပိုလုပ်ကြစမ်း"

ဟန်ထန်းကြွယ်ကလည်း ရောက်ရှိလာကာ သူတို့ကို အော်ငေါက်လိုက်၏။

ထိုစကားများကိုကြားချိန်တွင် သိုင်းအင်ပါယာများအားလုံး ခေါင်းငုံ့ထားကာ ထပ်မံ၍စကားမဆိုဝံ့တော့ချေ။

"ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းရဲ့ပေါင်ဖုန်းစားသောက်ဆိုင်ကို သွားကြရအောင်...လူအိုကြီးကျိုး သူတို့ကို ဦးဆောင်ပြီးတော့ အဲဒီနေရာကို ခေါ်သွားပါ"

ရီဖုန်းက အမိန့်ပေးသည်။

"ငါတို့ သိပါပြီ"

"ငါ့နောက်ကို လိုက်ခဲ့ကြတော့"

လူအိုကြီးကျိုးသည် လူများကို ဝါးဖောင်များပေါ်သို့တင်၍ ခေါ်ဆောင်ကာ ပင်ကျင်းမြို့ထံသို့ ကြီးကျယ်ခမ်းနားသော လူစုလူဝေးနှင့် ထွက်ခွာခဲ့တော့သည်။

နောက်ဆုံး၌ကျန်ခဲ့သော ရီဖုန်းသည် လုပမ်ဝေနှင့်အတူ အနောက်ဘက်တောင်ထံသို့ သွားခဲ့သည်။

အမှန်အားဖြင့် ရီဖုန်းသည် ခက်ခက်ခဲခဲဖမ်းမိခဲ့သော သားရဲများကို မေ့လျော့ခြင်းမရှိချေ။

အနောက်ဘက်တောင်သို့ ရောက်ချိန်တွင် သံကြိုးများဖြင့် ချည်နှောင်ထားသော သားရဲဆယ်ကောင်ကျော်ကို ချောက်ကမ်းပါးအောက်ခြေမှာဆွဲတင်လိုက်သည်။ ထို့နောက် သူသည် သူတို့ကို ပြင်ပ၌ တဖန်ပြန်၍ချည်နှောင်လိုက်၏။

အနည်းဆုံးအနေဖြင့် ဤနေရာသည် လေနှင့်မိုးဒဏ်မှ ကင်းလွတ်နိုင်ပေမည်။

ထို့ပြင် ရီဖုန်းသည် သူတို့ကို နေရာသစ်တစ်ခုထံပြောင်းရွှေ့ရန်အတွက် ဤနေရာသို့လာခဲ့ခြင်းမဟုတ်ချေ။

သူ့၏အကြည့်များသည် သားရဲများအပေါ် စူးစမ်းသောအမူအယာမျိုးဖြင့် ဖုံးလွှမ်းသွားသည်။

"ဝေါင်း"

"ဂါး"

"ရှီး"

ပြဿနာများ၏ လက်သည်တရားခံဖြစ်သောရီဖုန်းကို ထပ်မံ၍မြင်တွေ့ရချိန်တွင် အင်မော်တယ်နယ်မြေမှ ကြောက်စရာကောင်းသော သားရဲများသည် ချက်ချင်းဆိုသလိုပင် ပြင်းထန်သော ပုံပန်းသွင်ပြင်ကို ထုတ်ဖော်ပြသလိုက်ကြ၏။ သူတို့သည် ချွန်ထက်သောသွားများ ဖြဲဟကာ ရီဖုန်းကိုကြည့်၍ ဟိန်းဟောက်လိုက်ကြသည်။

သူတို့၏ပုံပန်းသွင်ပြင်များသည် ရီဖုန်း၏အသွေးအသားကို ဝါးမျိုလိုကြောင်း ပြသနေခြင်းပင်။

"ဒီသုံးကောင်က...."

"သူတို့ရဲ့ စရိုက်သဘာဝက ရက်စက်ကြမ်းကြုတ်တယ်...သူတို့ကို ယဉ်ပါးအောင်လုပ်ဖို့ ခက်ခဲလိမ့်မယ်...သူတို့ရဲ့အသွင်အပြင်ကိုကြည့်ရင် သူတို့က အတိတ်မှာ လူတော်တော်များများကို နာကျင်အောင်လုပ်ခဲ့တဲ့ ကောင်တွေပဲဖြစ်မယ်"

ရီဖုန်းက စကားတစ်ခွန်းပြောကာ ညွှန်ကြားပြီးနောက် လုပမ်ဝေကို လက်ဝှေ့ယမ်းပြလေသည်။

လုပမ်ဝေက ခေါင်းညိတ်ပြကာ သားရဲသုံးကောင်ကို ခွေးများအလားဖမ်းဆီးကာ ရီဖုန်းနှင့်အတူ ပင်ကျင်းမြို့ထံ လိုက်ပါသွားခဲ့သည်။

မိုးဖွဲဖွဲလေးကျနေကာ....

ရေအိုင်ကမ်းစပ်အထက်ရှိ လေဟာနယ်အတွင်းတွင် လေလှိုင်းတစ်ခုဖြတ်သန်းသွားသည်။

ထို့နောက် စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခု ဆင်းသက်လာပေ၏။

"ဒီတစ်ခါတော့ ဒီကျွန်းလေးကို ငါ သေသေချာချာ စူးစမ်းလေ့လာရမယ်"

"အဲဒီနေရာမှာ ဘယ်လိုလူမျိုးတွေရှိနေလဲ ..သူတို့ရဲ့ခွန်အားတွေက ဘယ်လောက်လဲ...သူတို့မှာ ဘယ်လို ရတနာမျိုးတွေ ရှိနေလဲ...အားလုံးကို ငါ သိနိုင်ရမယ်"

အဝေးမှကျွန်းငယ်လေးထံ လှမ်းကြည့်ရင်း ဆုရွှမ်ကျွင်းထံမှနေ၍ ယုံကြည်မှုများပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် သူ၏စိတ်ဝိညာဉ် လှုပ်ခတ်သွားကာ ရေအိုင်ကိုဖြတ်၍ ကျွန်းထံသို့ လျှောက်လှမ်းသွားခဲ့သည်။

သို့ရာတွင် ကျွန်းပေါ်သို့ရောက်ပြီးနောက် နံဘေးပတ်ဝန်းကျင်ကို သူ လှည့်ပတ်ကြည့်ကာ ချက်ချင်းဆိုသလိုပင် သူ အံ့အားသင့်သွားသည်။

လူတွေ ဘယ်မှာလဲ....

သူတို့အားလုံး...ဘယ်ရောက်သွားတာလဲ....

All Chapters